Tuesday, May 29, 2012

အထောက်တော် လှအောင် ဘာသာပြန် ရဘက်ကာ, အပိုင်း (၂၃)

သူပြောသည်မှာ မှန်ပါသည်။ တကယ့်ကိုမှန်ပါသည်။ အလွန်ခင်မင်ဖွယ်ကောင်းသော ဖရင့်။ ကျွန်မ သူငယ်ချင်း။ ကျွန်မမိတ်ဆွေ။ ကျွန်မ၏မဟာမိတ်။ ကျွန်မ၏ဘက်တော်သား။ တကယ် ကတော့ ကျွန်မ သည် တစ်ကိုယ်ကောင်း ဆန်ခဲ့ခြင်းသာဖြစ်၏။ ကျွန်မ၏အားငယ်စိတ်များ အတွက် တစ်ကိုယ်ကောင်း ဆန်ခဲ့ခြင်း သာဖြစ်ပါသည်။
"ဒီအကြောင်းတွေ ရှင့် ကို ဟိုတုန်းကပြောခဲ့မိရင် သိပ်ကောင်းမှာပဲနော်... " 
ကို ဆက်ဖတ်ရန်........

"ပြောခဲ့ဖို့ကောင်းတာပေါ့ဗျာ။ ခင်ဗျားရဲ့ပူပင်သောကတွေကို စောစောကတည်းက ကျွန်တော်ပါ မျှဝေ ခံစားနိုင် တာပေါ့"
"ကျွန်မ ပျော်သွားပြီ။ သိပ်ကိုပျော်သွားပြီ။ ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ ကျွန်မအဖို့တော့ ရှင်လို မိတ်ဆွေ ကောင်း တစ်ယောက်ကို ရလိုက်တာပါပဲနော် ဖရင့်"
"သိပ်ဟုတ်တာပေါ့ဗျာ…"
ထူထဲသော သစ်ပင်ရိပ်များကို လွန်လာကြပြီ။ နေသာသည့်နေရာသို့ ကျွန်မ တို့ ရောက်လာ ကြသည်။ ခေါင်းပေါ်မှာ တောင်ဇလပ်ပင်ကြီးများက မိုးနေတော့ သည်။ တောင်ဇလပ်ပွင့် များ တုံးလုပြီ။ အရောင် ပင် ပြယ်လွင့်စပြုနေပြီ။ နောက်လဆိုလျှင် ပွင့်ဖတ် ကလေး များ တသောသော ကြွေကျတော့ မည်။ ဥယျာဉ်မှူးက တံမြက်စည်း တွင်တွင်လှဲကြရတော့မည်။ ခဏပန်း အလှ၊ တာရှည်မခံသည့် အလှပါ တကား။

"ဖရင့်… ဒီအကြောင်းတွေ နိဂုံးမချုပ်ခင် တစ်ခုမေးချင်တယ်။ ကျွန်မကို အမှန်အတိုင်းဖြေပါ့မယ်လို့ ကတိပေးနိုင်မလား"
သူ တန့် သွားသည်။ ကျွန်မကိုလည်း မယုံသင်္ကာသည့် အမူအရာမျိုးနှင့်ကြည့်နေသည်။
"ဒါကတော့ တရားမျှတရာမကျဘူး ထင်ပါတယ်။ ကျွန်တော် မဖြေနိုင်တဲ့ မေးခွန်းမျိုးမေးရင် ကျွန်တော် ဘယ်လို လုပ်ရမလဲ"
"မဟုတ်ပါဘူး။ မဖြေနိုင်တဲ့မေးခွန်းမျိုးကို မမေးပါဘူး။ ပုဂ္ဂိုလ်ရေး ထိခိုက်စေမယ့် မေးခွန်းမျိုးလဲ မဟုတ် ပါဘူး"
"ဒီလိုဆိုရင် ကောင်းပါပြီဗျာ။ ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားဖြေပါ့မယ်"
စံအိမ်ကြီးနား သို့ ကျွန်မတို့ ရောက်လာကြပြီ။ စံအိမ်ကြီးသည် လှပသောမြက်ခင်းများ၊ ပန်းခြံများ အလယ် မှာ လှပတည်ငြိမ်စွာ ရပ်တည်နေသည်။ မှန်ကူကွက်ပြတင်းပေါက် များပေါ် မှ နေရောင်ထိုးကျ နေသည်။ စာကြည့်ခန်း မီးခိုးခေါင်းတိုင်မှ မီးခိုးတန်းမျှင်မျှင်ကလေး ပြောသည်။

"ကျွန်မကို ပြောစမ်းပါ…" အသံကို အတည်ငြိမ်ဆုံးထားပြီး ကျွန်မ ပြောသည်။ ဘာမျှ မခံစားရ သည့် လေသံမျိုးဖြစ်သည်။ "ကျွန်မကို ပြောပြစမ်းပါ။ ရဘက်ကာဟာ သိပ်ကိုချောတာပဲလား…"
ဖရင့် က ဘာမျှမပြောသေးဘဲ ငြိမ်နေသည်။ သူ့မျက်နှာကို တစ်ဖက်သို့ လှည့်ထားသည်။ ဘယ်လိုအမူ အရာမျိုး ရှိနေသည်ကို ကျွန်မ မမြင်တွေ့ရပါ။  ပြီးတော့မှ သူ ဖြည်းဖြည်းကလေး ပြောသည်။
"ဟုတ်တယ်… ချောတယ်… ကျွန်တော့်တစ်သက် တွေ့မြင်ခဲ့ဖူးသမျှ မိန်းမအချောအလှတွေထဲမှာ ရဘက်ကာ အချောဆုံး အလှဆုံး ပဲလို့ ပြောရမှာဖြစ်ပါတယ်"
လှေကားထစ်များအတိုင်းတက်ပြီး ခန်းမတွင်းသို့ ဝင်ခဲ့ကြသည်။ ပြီးတော့ လက်ဖက်ရည်ပွဲ ယူလာ ရန် ခေါင်းလောင်းတီးလိုက်သည်။

အခန်း (၁၂)

မစ္စက်ဒင်ဗာနှင့် ကျွန်မ သိပ်မတွေ့ဖြစ်တော့။ သူသည် တတ်နိုင်သလောက် သူ့ဟာသူ ကြိုးစားနေ သည်။ ထုံးစံတစ်ရပ် အနေဖြင့်မူ နံနက်ခန်းသို့ ဖုန်းလှမ်းဆက်ပြီး တစ်နေ့စာ ဟင်းကျွေးဟင်းလျာ စာရင်း အတည်ပြုချက် ကိုတော့ တောင်းယူစမြဲဖြစ်သည်။ ကျွန်မတို့နှစ်ယောက်၏ ဆက်ဆံရေးမှာ ထိုမျှ လောက် သာရှိပါသည်။
ကျွန်မအတွက် ကိုယ်ပိုင်အခိုင်းအစေအဖြစ် ကလားရစ်ဆိုသော ကလေးမကလေးတစ်ယောက်ကို စီစဉ်ပေး သည်။ ကျွန်မတို့ မန်ဒါလေစံအိမ်ဝင်းကြီးထဲရှိ အလုပ်သမားတစ်ယောက်၏သမီးဖြစ်သည်။ ယခင် က အလုပ်မလုပ်ဖူးခဲ့။ လုပ်ငန်းကျွမ်းကျင်မှုမရှိသေးသော်လည်း စိတ်ကောင်းရှိသည်။ ယခင်က အလုပ် မလုပ်ဖူးခဲ့သည် ကိုပင် ကျေးဇူးတင်ရဦးတော့မလို ဖြစ်နေသည်။ လုပ်ငန်းတွင် ကျွမ်းကျင်နေပါ က အထင်သေး အမြင်သေး မျက်လုံးမျိုးဖြင့် ကျွန်မကို ကြည့်ပေဦးတော့မည်။

သည်အိမ်ကြီးထဲမှာ ကျွန်မကို ကြောက်ရွံ့ရိုသေသူ ဆိုလို့ သူ တစ်ယောက်ပဲရှိသည်။ သူ့အဖို့တော့ ကျွန်မ သည်သာ သခင်မဖြစ်သည်။ ကျွန်မသည်သာ အိမ်ကြီးရှင်ဖြစ်သည်။ ကျွန်မသည်သာ မစ္စက် ဒီဝင်းတားဖြစ်သည်။ အခြား အစေခံတွေ က ကျွန်မအကြောင်း အတင်းအဖျင်းများ ပြောကောင်းပြောကြ မည်ဖြစ်သော် လည်း သည်မိန်းကလေးကိုတော့ မဖျက်ဆီးနိုင်။ ကလားရစ်သည် မန်ဒါလေနှင့် ၁၅ မိုင် လောက်ဝေးသော အရပ်တွင် အဒေါ်တစ်ယောက်နှင့်အတူနေပြီး ကြီးပြင်ခဲ့ရသူဖြစ်သည်။ ထို့ကြောင့် လည်း မန်ဒါလေစံအိမ်ကြီး မှာ သူလည်း ကျွန်မကဲ့သို့ပင် လူသစ်ဖြစ်နေသည်။ မျက်နှာစိမ်းနေသည်။ ထို့ကြောင့်…
"ကလားရစ်ရေ… မမရဲ့ခြေအိတ်ကလေး စုတ်နေတာ ချုပ်လိုက်စမ်းပါကွယ်…"ဟု ပြောရန်လည်း ကျွန်မ အဖို့ ဝန်မလေးတော့ပြီ။

ပထမယာယီ အစေခံ အဲလစ်တုန်းကတော့ သည်လိုမဟုတ်။ ကောင်မက စိတ်ကြီးခပ်ဝင်ဝင်။ ထို့ကြောင့် လည်း အံဆွဲ ထဲမှာ ထည့်သိမ်းထားသော အတွင်းခံရှင်မီးအင်္ကျီနှင့် ညဝတ်အင်္ကျီများမှ အစုတ်အပြဲများ ကို သူ့အား ချုပ်လုပ်ဖာထေးခိုင်းမည့် အစား ကျွန်မ ကိုယ်တိုင်ပင် ချုပ်လုပ်ဖာထေးခဲ့ရပါသည်။
တစ်ခါတုန်း က ကျွန်မ၏အတွင်းခံရှင်မီးအင်္ကျီတစ်ထည်ကို သူ့လက်မောင်းပေါ်မှာ တင်ယူလာခဲ့ဖူး သည်။ ထိုသို့ ယူလာရင်း အနားတွင် အမျှင်ကလေးများ အနည်းငယ် ဖွာထွက်နေသည်ကို သေသေချာ ချာ သူ ကြည့်သေးသည်။ ထိုစဉ်က မြင်တွေ့ခဲ့ရသည့် သူ၏မျက်နှာအမူအရာကို ကျွန်မတစ်သက် တွင် မေ့နိုင်တော့ မည် မဟုတ်ပါ။ ကျွန်မ၏ရှင်မီးအင်္ကျီအနားဖွာနေသည်ကိုတွေ့တော့ သူ အလွန်တရာ တုန် လှုပ်ချောက်ချား သွားပုံရပါသည်။ အင်္ကျီစုတ်ကို သယ်ခိုင်းခြင်းမှာ သူ၏ဂုဏ်သိက္ခာကြီးကို အစော်ကား ခံလိုက် ရသလို ရှိချေသည်။

အတွင်းခံ အဝတ်အစားများနှင့်ပတ်သက်၍ ရေးကြီးခွင်ကျယ်လည်း ကျွန်မ သဘောမထားခဲ့ဖူးပါ။ အတွင်းခံ များဖြစ်သောကြောင့် သန့်ရှင်းသပ်ရပ်လျှင် လုံလောက်ပြီဟုသာ သဘောထားခဲ့ပါသည်။ အနားကလေး စုတ်နေသည့် အတွက် ဘာဖြစ်ရဦးမှာလဲ။ ဘယ်သူမြင်မှာလဲ။ သို့သော်လည်း အဲလစ်၏ မျက်နှာ အမူအရာက ကျွန်မကို သင်ခန်းစာပေးခဲ့ပါသည်။ ထို့ကြောင့် လန်ဒန်မြို့ရှိ ဆိုင်တစ်ဆိုင်သို့ ချက်ချင်း စာရေးပြီး အတွင်းခံအဝတ်အထည်အမျိုးမျိုးတို့၏ကတ်တလောက်များ လှမ်းတောင်းလိုက် သည်။

ထိုအချိန်မှာပင် အဲလစ်နေရာ တွင် ကလားရစ်နှင့် အစားထိုးဖို့ ဖြစ်လာတော့သည်။ ကျွန်မ၏ဝေယျာဝစ္စ လုပ်ငန်းများ ကို အဲလစ်အနေဖြင့် ဆက်လက် တာဝန်ယူလုပ်ကိုင်ပေးဖို့ မလိုတော့။ သည်တော့လည်း ကျွန်မ အဖို့ အတွင်းခံအဝတ်အစားများ လှမ်းမှာနေခြင်းအားဖြင့် အချိန်ကုန်ခံရန် မလို အပ်တော့။ ငွေ ဖြုန်းတီးနေရန် မလိုအပ်တော့။ သို့ဖြင့် အတွင်းခံ အထည်မျိုးစုံ ကတ်တလောက်လည်း အံဆွဲ ထဲမှာ ချောင်ထိုးထားခြင်း ခံခဲ့ရလေတော့သည်။ မည်သည့်အမှာစာမျှလည်း ရေးမပို့ဖြစ်တော့ပါ။
အခြားအစေခံ များကို အဲလစ်က သည်အကြောင်း ပြောပြပေလိမ့်မည်ဟု မကြာခဏ ကျွန်မ တွေးခဲ့မိပါ သည်။ နောက်ဘေးဆောင် မှာ သူတို့အစေခံတွေ စုမိကြပြီဆိုလျှင် ကျွန်မလို အိမ်ကြီးရှင်မက အနား ဖွာ နေသည့် ရှင်မီးအင်္ကျီကို ဝတ်သည့်အကြောင်းပြောရင်း တဝါးဝါးပွဲကျနေပေလိမ့်မည်။ ကျွန်မ၏ အတွင်း ခံအဝတ်အစားများအကြောင်း သည် သူတို့အဖို့ အလွန်တရာ အရေးကြီးနေပေလိမ့်မည်။ လင်မယား ကွာရှင်းပြတ်စဲ လိုမှုထက်ပင် သူတို့အတွက် အရေးကြီးနေပုံရသည်။

ဘယ်လိုပဲဖြစ်ဖြစ် အဲလစ်နေရာတွင် ဘာအတွေ့အကြုံမျှမရှိသေးသည် ကလားရစ်လိုမိန်းကလေးဖြင့် အစားထိုးပေး လိုက်သောကြောင့် ကျွန်မ ဝမ်းသာမိပါသည်။ ထိုအစီအစဉ်ကို မစ္စက်ဒင်ဗာ က ပြုလုပ်ခြင်း ဖြစ် သည်။ သဘောကတော့ ကျွန်မအဆင့်အတန်းနှင့် တန်ရာတန်ရာ ကိုယ်ပိုင်အစေခံ ကို ပေးခြင်းဖြစ် သည်။ ယခုမူ ကျွန်မကို မစ္စက်ဒင်ဗာ သဘောမကျနိုင်သည့်အကြောင်း၊ မကျေမချမ်းဖြစ်နေ သည့် အကြောင်းများကို ကျွန်မ သဘောပေါက်နားလည်လာနိုင်ပါပြီ။
တကယ်တော့ ကျွန်မကို လူပုဂ္ဂိုလ်တစ်ယောက်အနေဖြင့် မစ္စက်ဒင်ဗာ မုန်းတီးနေခြင်းမဖြစ်တန်ရာ။ ကျွန်မကိုယ်စားပြုနေ သည့် ဘဝကိုသာ မုန်းတီးနေခြင်းဖြစ်နိုင်ပါသည်။ ကျွန်မသည် ရဘက်ကာ ၏ နေရာ သို့ အစားထိုး ဝင်ရောက်လာသူမဟုတ်ပါလား။ ဟိုတလောက နေ့လယ်စာလာစားရင်း ဘီယက် ထရစ်ပြောသွားသည့် စကား ကိုတော့ ကျွန်မအနေဖြင့် အနည်းဆုံး သဘောပေါက်နားလည်ဖို့ကောင်းပါ သည်။

"ဒီအကြောင်းကို မင်း မသိသေးဘူးလား… သူက ရဘက်ကာကို သိပ်ချစ်တယ်လေ…"ဟု ပြောခဲံဖူး သည်။
ထိုအချိန်က ထိုစကားကိုကြားရသဖြင့် ကျွန်မ တုန်လှုပ်ခဲ့ဖူးပါသည်။ သည်လိုလည်း ကျွန်မ မျှော်လင့်မ ထားခဲ့မိရိုး အမှန်ပါ။ ပြန်စဉ်းစားလိုက်တော့လည်း မစ္စက်ဒင်ဗာကို ရွံ့တွန့်တွန့် ဖြစ်နေသည့် စိတ်များ လျော့ပါးစပြုလာပါသည်။ သူ့အတွက်လည်း ကျွန်မ စိတ်မကောင်းဖြစ်မိပါသည်။ သူ့စိတ်ထဲမှာ မည်သို့ မည်ပုံ ခံစားနေ ရမည်ဖြစ်ကြောင်း  ကျွန်မ စဉ်းစားကြည့်နိုင်စွမ်းရှိလာပါသည်။
ကျွန်မ ကို "မစ္စက်ဒီဝင်းတား"ဟု အခေါ်ခံရလေတိုင်း သူ အသည်းနာပေလိမ့်မည်။ မနက်ပိုင်းတွင် နံနက် ခန်းအတွင်း သို့ ဖုန်းဆက်ပြီး ဟင်းလျာစာရင်း အတည်ပြုချက်တောင်းသည့်အခါတိုင်း "ကောင်းပါပြီ မစ္စက်ဒင်ဗာ"ဟု ကျွန်မက ပြန်ပြောလေ့ရှိပါသည်။ သည်လိုပြောသံကို ကြားရသည့်အခါတိုင်း ယခင်က သူ့သခင်မ ရဘက်ကာ ၏အသံကို သူ အမှတ်ရပေလိမ့်မည်။ ကျွန်မ သွားလာလှုပ်ရှားနေသည်ကို မြင်ရ တိုင်း၊ တစ်စုံတစ်ရာ လုပ်ကိုင်နေသည်ကို မြင်ရတိုင်း သူ့သခင်မကို ပြန်လည်အမှတ်ရစရာ ဖြစ်နေပေ လိမ့်မည်။

ရဘက်ကာ ကို ကျွန်မ မသိပါ။ မမြင်ဖူးပါ။ သို့သော်လည်း မစ္စက်ဒင်ဗာကတော့ သူ လမ်းလျှောက်ပုံ၊ သူ စကားပြောပုံ၊ သူ ပြုံးပုံ၊ သူ့မျက်လုံးအရောင်၊ ဆံပင်ချည်နှောင်ထားပုံ စသည်များကို အသည်းစွဲအောင် မြင်နေခဲ့ ရပါသည်။ သည်တော့လည်း သူ့အနေဖြင့် မေ့နိုင်တော့မည်မဟုတ်ပါ။
အတိတ်က အကြောင်းတွေကို မေ့ပစ်လိုက်ဖို့ ဖရင့်ခရော်လေက ပြောပါသည်။ ကျွန်မလည်း မေ့ချင်ပါ သည်။ နံနက်ခန်း ထဲမှာ နေ့စဉ် ကျွန်မ ထိုင်သလို ဖရင့်က မထိုင်ဖူး။ ရဘက်ကာ အသုံးပြုခဲ့သည့် ကလောင်တံ များကို ကျွန်မ  ကိုင်တွယ်အသုံးပြုနေသလို ဖရင့်က မသုံးဖူး။ သည်အခန်းထဲမှာရှိနေသော ပစ္စည်း များကို နေ့စဉ် ကျွန်မ တွေ့မြင်နေရသလို ဖရင့်က မတွေ့မြင်နေရသလို ဖရင့်က မတွေ့မြင်ဖူး။
သည်အကြောင်းတွေကြောင့် မေ့ချင်ပါသော်လည်း မေ့ပစ်နိုင်ဖို့က မလွယ်။ ရဘက်ကာအကြောင်း မစဉ်းစားဘဲနေ ချင်ပါသည်။

ကျွန်မ စိတ်ချမ်းသာချင်ပါသည်။ မက်ဇင်မ်ကိုလည်း စိတ်ချမ်းသာအောင် ထားချင်ပါသည်။ ကျွန်မ တို့ နှစ်ယောက် လည်း ပျော်ရွှင်ချမ်းမြေ့စွာ နေလိုပါသည်။ ထိုအကြောင်းများမှ လွဲပြီး ဘာခံစားချက်မျှ ကျွန်မ၏အသည်းနှလုံး ထဲမှာ မရှိပါ။ သို့သော်လည်း ကျွန်မ၏အတွေးထဲသို့ ရဘက်ကာက ချဉ်းနင်း ဝင်ရောက်လာတာမျိုး၊ ကျွန်မ အိပ်မက်ထဲသို့ ရောက်လာတာမျိုးကျတော့ ဘာမျှ မတတ်နိုင်တော့ပါ။
မန်ဒါလေစံအိမ်ကြီးကို ကျွန်မပိုင်သည်ဟုလည်း စိတ်တုံးတုံးမချနိုင်ပါပြီ။ သည်အိမ်တွင် ဧည်သည့် တစ် ယောက်ဟုသာ မိမိကိုယ်မိမိ ပြန်လည်ခံစားနေရပါသည်။ အိမ်ရှင်မ အစစ်ဖြစ်လာမည့်နေ့ ကို စောင့်မျှော် နေရသလို ရှိပါသည်။ အချိန်တိုင်း၊ နာရီတိုင်း၊ ရက်တိုင်းသည် အတွေးများနှင့်သာ နပန်းလုံးနေ ရပါ သည်။
နွေရာသီ တစ်မနက်ခင်းတွင် ပန်းတမာတွေ တပွေ့တပိုက်ကြီးဖြင့် စာကြည့်ခန်းထဲသို့ ကျွန်မ ဝင်ခဲ့ပါ သည်။

"ဖရစ်… ဒီပန်းတွေထိုးဖို့ ပန်းအိုးရှည်ရှည်တစ်လုံးလောက် ဘယ်မှာရနိုင်မလဲဟင်… ပန်းအလှပြင်တဲ့ အခန်း ထဲက ပန်းအိုးတွေက သေးလွန်းနေတယ်"ဟု ကျွန်မက လှမ်းပြောပါသည်။
"စာကြည့်ခန်း ထဲမှာရှိတဲ့ ကျောက်ဖြူပန်းအိုးနဲ့ပဲ အမြဲတမ်း ပန်းတမာ ထိုးလေ့ရှိပါတယ် ဆရာကတော်"
"အို… ပျက်စီးမသွားနိုင်ဘူးလား… ကွဲသွားမှာပေါ့"
"ကွယ်လွန်သူ မစ္စက်ဒီဝင်းတားကတော့ အဲဒီကျောက်ဖြူပန်းအိုးနဲ့ပဲ ပန်းတမာတွေ ထိုးလေ့ရှိပါတယ် ဆရာကတော်" "သြော်… သြော်… ဟုတ်လား"
ထို့နောက် သလင်းကျောက်ဖြူပန်းအိုးကို ကျွန်မထံသို့ ယူလာပေးပါသည်။ ရေလည်း အသင့်ဖြည့်ထား ပြီးဖြစ် ပါသည်။ ပန်းတမာများကို ပန်းအိုးထဲသို့ တစ်ခက်ချင်းရွေးချယ်ပြီး ကျွန်မ ထည့်ပါသည်။ သင်းပျံ့ သည့်ရနံ့ များက အခန်းထဲမှာ ကြိုင်နေပါသည်။ ပန်းအိုးကို အလှပြင်နေရင်း ရဘက်ကာလဲ ဒါတွေ လုပ် ခဲ့မှာပဲ၊ ပန်းတမာတွေ ကို သူခူးလာပြီး အခု ငါ ပန်းအိုးထိုးနေသလို သူလဲ ထိုးနေမှာပဲ၊ ဒီပန်းအိုးဟာ ရဘက်ကာ ပိုင်တဲ့ ပန်းအိုး၊ ဒီပန်းတွေကလဲ သူ့ပန်းတွေဟု စိတ်ထဲမှာ တွေးနေပါသည်။

ပန်းအလှပြင်သည့် အခန်းထဲက ဗီရိုကြားထဲမှာလဲ ဦးထုပ်တစ်လုံးတွေ့ပါသည်။ ရဘက်ကာသည် ထိုဦး ထုပ်ကိုဆောင်း ကာ ပန်းတမာပင်များမှာ လူးလာခေါက်တုံ့ သွားနေပေလိမ့်မည်။ ယခု ကျွန်မကိုင်ထား သည့် ကတ်ကြေး ကိုလည်း ကိုင်ထားပေလိမ့်မည်။ တေးသွားတစ်ခုခုကိုလည်း ညည်းချင်ညည်းနေပေ လိမ့်မည်။ လေချွန်ချင်လျှင်လည်း ချွန်နေလိမ့်မည်။
"ဖရစ်… ဟောဟိုစားပွဲ နားက စာအုပ်စင်ကို ဒီဘက်ရွှေ့ပေးစမ်းပါ။ ကျွန်မ ပန်းအိုးတင်မလို့"
"မစ္စက်ဒီဝင်းတား ရှိတုန်းကတော့ ကျောက်ဖြူပန်းအိုးကို ဆိုဖာနောက် စားပွဲပေါ်မှာ တင်လေ့ရှိပါတယ် ဆရာကတော်" "သြော်… သြော်… ကောင်းပါပြီလေ…"

ကျွန်မ တုံဆိုင်းဆိုင်းဖြစ်နေမိပါသည်။ ပန်းအိုးကို လက်ထဲမှာ ကိုင်ထားပါသည်။ ဖရစ်၏မျက်နှာအမူ အရာ က တည်တည်ငြိမ်ငြိမ်ရှိသည်။ အကယ်၍ စာအုပ်စင်ပေါ်မှာပင် ပန်းအိုးကို ကျွန်မက တင်ချင်ပါ သည် ဆိုလျှင်လည်း ဖရစ်သည် ကျွန်မ၏အမိန့်ကိုနာခံကာ ချက်ချင်းရွှေ့ပေးရမည့်သူဖြစ်ပါသည်။
"ကောင်းပြီလေ… စားပွဲကြီးကြီးနဲ့ဆိုတော့ ပိုကြည့်ကောင်းသွားတာပေါ့"ဟု ပြောပြီး ဆိုဖာနောက်က စားပွဲ မှာ သွားတင်ထားမိပါသည်။
ကျွန်မ ကို လက်ဖွဲ့ပစ္စည်းပေးမည်ဟု ဘီယက်ထရစ်က ကတိပေးသွားပါသည်။ သူ့ကတိကို သူ မမေ့ပါ။ တစ်မနက်ခင်းတွင် ဧရာမပါဆယ်ထုပ်ကြီး ရောက်လာပါ သည်။ ရောဘတ်သည် ပင် လျှင် ကောင်းကောင်း မ မနိုင်ပါ။ နံနက်ခန်းထဲမှာထိုင်ပြီး တစ်နေ့စာ ဟင်းလျာစာရင်းကို ဖတ်နေခိုက်ဖြစ် ပါသည်။ ပါဆယ်ထုပ်များကို ကျွန်မ အလွန်မြတ်နိုးပါသည်။

သိလိုဇောဖြင့် ကြိုးများကို ကမန်းကတန်းဖြတ်ကာ စက္ကူပတ်များကို ခွာလိုက်ပါသည်။ စာအုပ်များဟု ထင်သည်။ ဖွင့်ကြည့်လိုက်တော့ ထင်သည့်အတိုင်း မှန်ပါသည်။ အလွန်ကြီးများသော စာအုပ်ကြီးလေးတွဲဖြစ်ပါသည်။ ခေါင်းစဉ်မှာ "ပန်းချီသမိုင်း။" ပထမ တွဲကြားထဲက စာရွက် ကလေးတစ်ရွက် ထွက်လာပါသည်။ (ညီမလေး ကြိုက်မည့်စာအုပ်မျိုး ဖြစ်လိမ့် မည် လို့ မျှော်လင့်ပါတယ်။    ။ချစ်တဲ့ ဘီယက်ထရစ်) ဟု ရေးထားပါသည်။
လန်ဒန်မြို့ ဝစ်မိုးလမ်းထဲမှာ စာအုပ်များကို သွားရွေးပြီး "မစ္စက်ဒီဝင်းတား၊ မန်ဒါလေစံအိမ်"ဟူသော လိပ်စာ အတိုင်း ပို့ပေးဖို့ပြောနေသည့် ဘီယက်ထရစ်၏ပုံကို ကျွန်မ မှန်းကြည့်နေမိပါသည်။ ဘီယက် ထရစ် သည် အလွန်ချစ်စရာကောင်းပါသည်။ ကျွန်မ  ပန်းချီဆွဲဝါသနာပါသည်ကို သိပြီး ကျွန်မအဖို့ အသုံး ဝင်နိုင်သည့် စာအုပ်ရနိုင်ရန် သူ သွားရောက်ရှာဖွေခဲ့ခြင်းဖြစ်မည်။

ဒါလောက်ကြီးမားသည့် စာအုပ်ကြီးများ ကို ဘယ်နားမှာ ထားရပါ့။ နေရာရှာကြည့်မိသည်။ ကျွန်မ ရှိနေ သော နံနက်ခန်းကလေးသည် အလွန်နူးညံ့လှပသည့် အခန်းကလေးဖြစ်ပါသည်။ ထို့ကြောင့် သည်မျှ ကြီးမားသော စာအုပ်ကြီးများနှင့် မလိုက်ဖက်ပါ။ ရှိစေတော့။ သည်အခန်းကလေးသည် ကျွန်မ ပိုင်သော အခန်းကလေးဖြစ်သည်။
စာရေးစားပွဲပေါ်မှာ စာအုပ်ကြီးလေးအုပ် ကို ထောင်တင်လိုက်သည်။ စာအုပ်ကြီးများက ယိမ်းယိုင်နေ သည်။ တစ်အုပ် ကို တစ်အုပ်လည်း တွန်းမိနေကြသည်။ နေရာတကျရှိ မရှိ ကြည့်ရန် နောက်သို့ အနည်း ငယ် ဆုတ်လိုက် မိသည်။ ကျွန်မဆုတ်သည်မှာ မြန်သောကြောင့် သူတို့အခြေအနေ ပိုဆိုးသွားပုံရပါ သည်။ အစွန်ဆုံးမှ စာအုပ်က ဒိုင်းကနဲ လဲကျသွားပါသည်။ စာအုပ်လဲကျသည့် အရှိန်ကြောင့် ကြွေထည် နှင့်ပြုလုပ်ထားသော မြားနတ်မောင်ရုပ်ကလေးမှာ ကြမ်းပေါ်သို့ ကျကွဲ သွားပါတော့ သည်။

အပြစ်တစ်ခုခု ကို ကျုးလွန်လိုက်မိသည့် ကလေးငယ်တစ်ယောက်ကဲ့သို့ တံခါးပေါက်ကို လှည့်ကြည့်မိပါ သည်။ ကြမ်းပေါ်မှာ ဒူးထောက်ထိုင်ချလိုက်သည်။ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားသည့် မြားနတ်မောင် ရုပ် ကြွေထည်စ ကလေးများကို ကောက်ယူလိုက်ပါသည်။ ထို့နောက် စာအိတ်တစ်အိတ်တွင်ထည့်ကာ စာရေးစားပွဲ အံဆွဲနောက်ထဲတွင် ဝှက်ထားလိုက်ပါသည်။ ထို့နောက် စာကြည့်ခန်းတွင်းသို့ သယ်ခဲ့ပါ သည်။ စာအုပ်စင်ပေါ် မှာ သူတို့ကို ထားရန် နေရာကလည်း အဆင်သင့်ရှိနေပါသည်။
မက်ဇင်မ်ရောက်လာသောအခါ ထိုစာအုပ်များကို ဂုဏ်ယူဝင့်ကြွားစွာ ကျွန်မက ပြသောအခါ သူက ရယ် ပါသည်။
"အတော်ချစ်စရာကောင်းတဲ့ ဘီးပဲ… သူနဲ့ပတ်သက်ပြီး မင်း အောင်ပွဲတစ်ခုရလိုက်တယ်လို့ ဆိုရမယ်၊ သူဟာ စာအုပ်ဟေ့ ဆိုရင် ဖွင့်တောင်ကြည့်ဖူးတာ မဟုတ်ဘူး"
"သူ ဘာများပြောဖူးသလဲ… ဟို… ဟို… ကျွန်မကို သူဘယ်လိုထင်သတဲ့လဲ" ဟု ကျွန်မက မေးပါသည်။

"သူတို့ ဒီမှာ နေ့လယ်စာလာစားတုန်းကလား… ဘာမှ ပြောမသွားဖြစ်ဘူး ထင်တယ်"
"ကျွန်မ ထင်တာက သူ စာလှမ်းရေးမလား၊ ဒါမှမဟုတ် တစ်ခုခုများ ပြောသွားမလားလို့"
"ကိုယ်တို့မိသားစုထဲမှာ အရေးတကြီးကိစ္စ မပေါ်သမျှ သူနဲ့ ကိုယ်နဲ့ စာရေးလေ့မရှိဘူး။ စာရေးတယ်ဆို တာ အလကား အချိန်ဖြုန်းနေတာပဲ"
သူ ပြောပုံက ကျွန်မဟာ သိပ်အရေးကြီးတဲ့သူမဟုတ်ဘူးဆိုတဲ့သဘောပေါ့။ တကယ်လို့ ကျွန်မက ဘီယက်ထရစ်ဖြစ်ပြီး မောင်တစ်ယောက်ရှိမည်ဆိုလျှင် ထိုမောင်ကလည်း လက်ထပ်မည်ဆိုလျှင် တစ်ခု ခုတော့ ပြောမိပါလိမ့်မည်။ ယခုတော့ ဘာမျှမပြောဘူးဟု ဆိုသည်။ သို့သော် အရေးမကြီးပါ။ ကျွန်မ အတွက် ဒုက္ခခံပြီး လန်ဒန်သို့သွားကာ ကျွန်မအတွက် စာအုပ်များ ဝယ်ခဲ့သည်။ ကျွန်မကို သဘောမကျ ဘူး ဆိုလျှင် သူ့အနေဖြင့် သည်လို ဒုက္ခခံနေစရာအကြောင်း မရှိပါ။

ကျွန်မ မှတ်မိသမျှ ပြန်ပြောရလျှင် နောက်တစ်နေ့မှာဖြစ်ပါသည်။ နေ့လယ်စာစားပြီးသောအခါ ကျွန်မ တို့ အတွက် ကော်ဖီကို စာကြည့်ခန်းထဲသို့ ဖရစ်က ယူလာပေးပါသည်။ မက်ဇင်မ်၏နောက်မှာရပ်ကာ ခဏစောင့်နေ ပါသည်။
"ဆရာနဲ့ ကျွန်တော် စကားပြောချင်ပါတယ်ခင်ဗျာ"
သတင်းစာ ဖတ်နေရာမှ မက်ဇင်မ်က မော့ကြည့်သည်။
"ဘာကိစ္စလဲ ဖရစ်"ဟု ပြန်မေးသည်။ အံ့အားသင့်သွားပုံလည်း ရသည်။ ဖရစ် မျက်နှာပျက်နေသည်။ ပူဆွေးကြေကွဲနေသည့် အမူအရာမျိုးဖြစ်သည်။ ထိုအမူအရာကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် သူ့ မိန်းမ များ သေသွားလို့လားဟု ကျွန်မ တွေးလိုက်မိပါသည်။

"ရောဘတ် ကိစ္စပါ ဆရာ…။ ရောဘတ်နဲ့ မစ္စက်ဒင်ဗာကြားမှာ စိတ်မချမ်းသာစရာ ကလေးတစ်ခုပေါ်နေ ပါတယ်။ ရောဘတ် လဲ အတော် စိတ်ထိခိုက်နေပါတယ်"
"ဘာဖြစ်တယ်…" မက်ဇင်မ်က လှမ်းမေးကာ ကျွန်မကို လှည့်ကြည့်သည်။ ကျွန်မက ကိုယ်ကိုကုန်းပြီး ဂျက်စ်ပါ ကို ပွတ်သပ်ပေးနေမိသည်။ ရှက်ကိုးရှက်ကန်းဖြစ်မိတိုင်း ပြုလုပ်လေ့ရှိသည့်အတိုင်း ဖြစ်ပါ သည်။
"ဟုတ်ပါတယ် ဆရာ။ နံနက်ခန်းထဲက အဖိုးတန်ပစ္စည်းတစ်ခုကို ရောဘတ်ခိုးတယ်လို့ မစ္စက်ဒင်ဗာက စွပ်စွဲ ပါတယ်။ ရောဘတ်ရဲ့တာဝန်က နံနက်ခန်းထဲကို ပန်းအိုးတွေယူလာပြီး နေရာချထားပေးဖို့ ဖြစ်ပါ တယ်။ ဒီနေ့မနက် ပန်းအိုးတွေချအပြီး နံနက်ခန်းထဲကို မစ္စက်ဒင်ဗာက ဝင်သွားတော့ ပစ္စည်း တစ်ခု ပျောက်နေတာ သတိထားမိပါတယ်။ မနေ့က မနက်ပိုင်းမှာ ရှိနေသေးတယ်လို့ မစ္စက်ဒင်ဗာ က ပြောပါ တယ်။ ဒါကြောင့် အဲဒီပစ္စည်းကို ရောဘတ်ယူသလား၊ ဒါမှမဟုတ် ကျကွဲလို့ အကွဲတွေကို ဝှက်ထားသ လားလို့ မစ္စက်ဒင်ဗာက မေးပါတယ်။ ရောဘတ်က နှစ်ခုစလုံးကို ငြင်းပါတယ်။ ကျွန်တော့် ဆီကို ရော ဘတ်ရောက်လာတဲ့အခါမှာ မျက်ရည်ကျမတတ်ဖြစ်နေပါပြီ။ နေ့လယ်စာ စားတုန်းက သူ့အလုပ်ထဲ မှာ စိတ်မဝင်စားတာကို ဆရာ သတိထားမိမှာပေါ့"

"အင်း… အင်း… ကျုပ်ကို ပန်းကန်မပေးဘဲ အာလူးကတ်တလိပ်တွေ ဘာလို့ လှမ်းပေးနေတာလဲလို့ စဉ်းစား မိသား။ ရောဘတ်ဟာ ဒါလောက် စိတ်ထိခိုက်လွယ်တယ်လို့  ကျွန်တော်မထင်ဘူး။ တခြား အိမ်ဖော် တစ်ယောက်ယောက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်"
"မဖြစ်နိုင်ပါဘူး ဆရာ။ အခန်းရှင်းဖို့ မိန်းကလေးမဝင်ခင် မစ္စက်ဒင်ဗာ ဝင်သွားတာ။ မနေ့က ဆရာ ကတော်ထွက်လာပြီးကတည်းက အဲဒီအခန်းထဲကို ဘယ်သူမှ မဝင်ရသေးဘူး၊ ပန်းအိုးယူပြီး ဝင်သွား တာ ရောဘတ် ဟာ ပထမဆုံးလူပဲ။ ဒီကိစ္စကြောင့် ရောဘတ်ရော ကျွန်တော်ပါ သိပ်ကို စိတ်မချမ်း မသာဖြစ်နေရပါတယ် ဆရာရယ်…"
"ဟုတ်တာပေါ့လေ… စိတ်မကောင်းစရာပဲ။ ဒီလိုဆိုရင် မစ္စက်ဒင်ဗာကို သွားခေါ်ခဲ့ပါ။ ကျွန်တော်တို့ အဖြေရှာကြ တာပေါ့၊ ဒါထက် ပျောက်သွားတာက ဘာပစ္စည်းလဲ…"
"ကြွေထည်နဲ့လုပ်ထားတဲ့ မြားနတ်မောင်ရုပ်ကလေးပါ ဆရာ။ စာရေးစားပွဲပေါ်မှာ တင်ထားတာပါ"

"အလို… ဘုရားရေ… အဲဒါဟာ ကျွန်တော်တို့ရဲ့ အဖိုးတန်ပစ္စည်းတစ်ခုပဲ မဟုတ်လား။ ဒါကို တွေ့ အောင် လုပ်ရမယ်။ မစ္စက်ဒင်ဗာကို ချက်ချင်းသွားခေါ်ခဲ့ပါ"
"အင်မတန် ကောင်းပါတယ် ဆရာ"
အခန်းထဲမှ ဖရစ် ထွက်သွားသည်။ ကျွန်မတို့နှစ်ယောက်တည်း ကျန်ခဲ့ပါသည်။
"သက်သက်မဲ့ အနှောင့်အယှက်တစ်ခု လာတွေ့နေရတယ်ကွာ… အဲဒီ မြားနတ်မောင်ရုပ်က အင်မတန် အဖိုး တန်တာ။ အခိုင်းအစေတွေကိစ္စမှာ ဘာလို့ဝင်ပါနေရမှန်းကို မသိဘူး။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ဘာဖြစ်လို့ ကိုယ့်ကို လာပြောနေကြမှန်းမသိဘူး။ ဒီကိစ္စမျိုးတွေ ဖြေရှင်းပေးရမှာ မင်းတာဝန်နော်"
ကျွန်မကို သူ မော့ကြည့်လိုက်ပါသည်။ ကျွန်မ မျက်နှာ ရဲရဲတောက်နေသည်။ ပူလည်း ပူလောင်လှပါသည်။

"ဒီကိစ္စ အစ်ကို့ကို ပြောပြမလို့ပါပဲ။ ဒါပေမဲ့ ကျွန်မ မေ့သွားတယ်။ အဲဒီ မြားနတ်မောင်ရုပ်ကလေးဟာ မနေ့ မနက်တုန်းက ကျွန်မကြောင့် ကွဲသွားတာပါ အစ်ကို"
"မင်းကြောင့် ကွဲသွားတယ်… ကောင်းပြီး။ ဒီအခန်းထဲမှာ ဖရစ်ရှိနေတုန်းက ဘာကြောင့် ဒီအကြောင်း ကို မပြောတာလဲ"
"ကျွန်မ မသိဘူး အစ်ကို…။ ကျွန်မ ဖွင့်မပြောရဲဘူး။ ကျွန်မကို အရူးလို့ ထင်သွားမှာ ကြောက်တယ်"
"အခုတော့ အရူးထက် ပိုဆိုးတဲ့သူလို့ မင်းကို ထင်တော့မှာပေါ့။ ဖရစ်နဲ့ မစ္စက်ဒင်ဗာကို မင်းကိုယ်တိုင် ရှင်းပြလိုက်ပါ" "အို… အို… မလုပ်ပါရစေနဲ့ အစ်ကိုရယ်… အစ်ကိုပဲ ပြောပြလိုက်ပါ။ ကျွန်မ အပေါ်ထပ်မှာ သွားနေပါရ စေ" "အဲဒီလို မမိုက်မဲနဲ့လေ…။ သူတို့ကို မင်း ကြောက်နေရတယ်လို့ လူတိုင်းက ထင်သွားတော့မှာပေါ့"

"သူတို့ကို ကျွန်မ တကယ်လဲ ကြောက်ပါတယ် အစ်ကို။ အို… အဲဒီလို မဟုတ်သေးပါဘူး။ ကြောက်တာ လဲ မဟုတ်ဘူး။ ဒါပေမဲ့…"
အခန်းတံခါးပွင့်သွားသည်။ ဖရစ်နှင့် မစ္စက်ဒင်ဗာ ဝင်လာသည်။ စိတ်လှုပ်ရှားစွာဖြင့် ကျွန်မ ကြည့်နေမိ သည်။ သူက ပခုံးနှစ်ဖက်ကို တွန့်လိုက်သည်။ နောက်ပြောင်သလို၊ ဒေါသဖြစ်သလိုပုံမျိုး။
"အားလုံး မှားကုန်ကြတာပါ မစ္စက်ဒင်ဗာ…။ မစ္စက်ဒီဝင်းတားကြောင့် မြားနတ်မောင်ရုပ်ကလေး ကွဲသွား တယ်။ ဒီအကြောင်းပြောပြဖို့ သူ မေ့နေတာပါ" မက်ဇင်မ်က ဆီးပြောသည်။
သူတို့က ကျွန်မ ကို လှမ်းကြည့်ကြသည်။ ကျွန်မသည် ကလေးငယ်ကလေးဖြစ်သွားပြန်ပြီ။ အပြစ်ကျူး လွန်မိသူ လိုလည်း မျက်နှာမှာ ရှက်သွေးဖြာနေသည်။

ဆက်ရန်
.

No comments: