Tuesday, May 22, 2012

တင်မောင်မြင့် ၏ ဒက်ဒီ, အပိုင်း (၁၇)

 ခြောက်လ အတွင်း ပထမဆုံး သူ့အိပ်ခန်းသို့ ဘင်ဂျမင် ပြန်လည်ရောက်ရှိခြင်းသည် အိမ်မှ အဖေ့ကို ပုန်ကန် ထွက်သွားပြီး ပြန်ရောက်သည့်အခါ သူကိုယ်တိုင် အဖေဖြစ်နေပြီ။ လောက၏ ဆန်းကျယ်ပုံ ကို အော်လီဗာ သုံးသပ်မိ၏။ အိပ်ခန်းဆီလျှောက် သွားရင်း မြေးကလေး အကြောင်း အော်လီဗာ စဉ်းစား လာသည်၊ သူ့အဖေ လို ဘ၀အခက်အခဲတွေ မတွေ့ ပါစေ နဲ့၊ ချောမွေ့ပြေပြစ်သော လမ်းကြောင်းပေါ် လျှောက်နိုင် ပါစေ ဟု ရင်ထဲမှ ဆုတောင်း လိုက်သည်။
ဘင်ဂျမင် ကမူ သူ့အိပ်ခန်းဟောင်းတွင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေပြီ။ သားကလေး အကြောင်းတွေး ရင်း အိပ်ပျော် သွားခြင်းဖြစ်၍ နှုတ်ခမ်းအစုံမှာ ပြုံးလျက်။
ကို ဆက်ဖတ်ရန်.....

အခန်း (၂၀)

ဆေးရုံကဆင်းသည့်နေ့တွင် သူတို့မိသားစုတို့ အော်လီဗာကားဖြင့် သွားကြိုပြီး ပိုချက်စတာရှိ သူတို့တိုက် ခန်းသို့ပို့ပေးသည်။ ပါချေ့စ်နေအိမ်တွင်နေဖို့ နားချသော်လည်း မအောင်မြင်။ ဆန္ဒရာ က နေချင်ပုံရ ၏။ ခေါင်း မာနေသူက ဘင်ဂျမင်ဖြစ်ဟန်ရှိ၏။
မိန်းမနှင့်ကလေးကို ဘယ်သူ့အကူအညီမှမယူဘဲ တာဝန်ယူနိုင်သည်ဆိုသည့် မာန ဘင်ဂျမင်တွင် အပြည့် ရှိနေ သည်။ အလုပ်မှ ရက်နားနှစ်ပတ်ယူပြီး အားလုံးနေသားတကျဖြစ်အောင် စီစဉ်၏။
သို့သော် အော်လီဗာ သူတို့ဆီဖုန်းဆက်တိုင်း ကလေးသံ စူးစူးဝါးဝါးကြား ရစမြဲ၊ နောက်တစ်ပတ် သူတို့ဆီ သွားတော့ ဆန္ဒရာ ကို စိတ်ပျက်ဖွယ်ရာ တွေ့ရသည်။ မျက်တွင်းက ဟောက်ပက်။ အသားအရည် က ဖြူဖပ်ဖြူရော။

ဘင်ဂျမင် ကိုယ်တိုင်လည်း ကလေးရခါစနှင့် လုံးဝမတူတော့။ သူ့နေရာတွင် တစ်ခြား တစ်ယောက် ရောက်နေ သည့် အလား။ အခန်းမှာ မြင်မကောင်းရှုမကောင်းလောက်အောင် ရှုပ်ယှက် ခတ်နေ ၏။
နောက်လေးရက် အကြာတွင် နယူးယောက်တိုက်ခန်းကို ညကြီးမင်းကြီး ဘင်ဂျမင်ဖုန်းဆက်သည်။ ချုပ်ရိုး က အနာရင်းပြီး အဖျားဝင်လာသဖြင့် ဆန္ဒရာကို ဆေးရုံတက်လိုက်ရသည်တဲ့။ ကလေးကို သူကိုယ်တိုင် ထိန်း နေရသည်တဲ့။  အဖေ့ဆီဖုန်းပြောရင်း ဘင်ဂျမင်မျက်ရည်တွေ ကျနေ သည်။ အော်လီဗာ အပြေးအလွှားရောက် သွားသည်။ ကလေးနှင့်သက်ဆိုင်သည့် ပစ္စည်းတွေသိမ်းဆည်းပြီး သူတို့ သား အဖနှစ်ယောက် စလုံး နယူးယောက်သို့ ခေါ်လာခဲ့၏။

" အဲလက်စ်ကလေး ကို အက်နက်ထိန်းပေးလိမ့်မယ်၊ သားအိပ်ရေးဝအောင် အိပ်လိုက် ဟုတ်လား "
သည်တစ်ခါ ဘင်ဂျမင် ငြင်းဆန်ခြင်းမပြုတော့။ လူမှာဘယ်တုန်းကမျှနှင့်မတူအောင် စုတ်ပြတ်နေပြီ။ အဖေ့ အရိပ်အာဝါသရောက်မှ သူ့ဒုက္ခတွေ လျှော့ပြေသွားကြသည်။ အားလုံးက ၀ိုင်းတာဝန်ယူကြသဖြင့် ဘင်ဂျမင် တစ်ယောက် ရင်ထဲပေါ့ပါးသွားသည်။
နောက်တစ်နေ့ ရုံးဆင်းချိန်တွင်သားအဖ နှစ်ယောက်စကားထိုင်ပြောဖြစ်ကြ၏။ စကားပြောသမျှ အဖေ လုပ်သူ ကငြိမ်ပြီး နားထောင်သည်။ ကလေးကနိုး၊ မိန်းမကဂျီတိုက်၊ အလုပ်အကိုင်က အဆင် မပြေ၊ ငွေရေး ကြေးရေးကလည်း ကျပ်တည်းလာ၏။

သည်တာဝန်တွေ အားလုံး မိမိတစ်ယောက်တည်း၏ ခေါင်းပေါ်ရောက်ကြောင်း တွေ့ရတော့ ဘင်ဂျမင် လန့် လာသည်။
မြေးကလေး ကို အော်လီဗာ ဘယ်၍ဘယ်မျှ ချစ်သည်ဖြစ်စေ၊ ကလေးယူမိသည့် သူတို့လင်မယားကို ကြည့်ပြီး စိတ်မကောင်းဖြစ်နေ၏။
" ခေါင်းအေးအေး နဲ့ စဉ်းစားချိန်တန်ပြီ ဘင်ဂျမင်၊ မင်းနဲ့ဆန္ဒရာလိုချင်တာ ဒီဘ၀မျိုးဟုတ်ရဲ့လား။ ဒီကလေး ကို တကယ် မင်းတို့ မွေးနိုင်ကြမှာလား။ ဒါထက် အရေးကြီးတာက မင်း ဘ၀အတွက် ဘာ ဆက်လုပ်မလဲ၊ တစ်သက်လုံးစပယ်ယာဘ၀ နဲ့ အရိုးထုတ်မှာလား၊ ဆန္ဒရာကကော "
သည်မေးခွန်း အားလုံး ဘင်ဂျမင်ကို လပေါင်းများစွာ ဒုက္ခပေးနေခြင်းဖြစ်သည်။ ခုတော့ အားလုံးကို လက်မြှောက် အရှုံးပေးလိုက်ပါပြီ။ အဖေ့ကိုဖွင့်ဟ ၀န်ခံချက်တွေ တစ်သီကြီးပေးလိုက်၏။
ဆန္ဒရာ ကို ဆက်မချစ်နိုင်တော့ပါ။ ချစ်ခဲ့သည်ကိုပင် ဟုတ်ရဲ့လားဟု ပြန်လည်သံသယဖြစ်နေ၏။ သည် မိန်းကလေးနှင့် ဘယ်လိုမှ ဆက်ပေါင်း၍ မဖြစ်နိုင်တော့။ သို့သော် ပြဿနာက သားကလေး သားကလေး ကို တော့ ချစ်သည်။

" ကျွန်တော့် ရင်သွေးဖေဖေ။ ကလေးကိုတော့ ကျွန်တော် မထားခဲ့နိုင်ဘူး။ မထားခဲ့ရက်ဘူး၊ ဒါပေမယ့် သူနဲ့ လဲ ဘယ်လို မှ ဆက်မနေနိုင်တော့ဘူး၊ သူ့ကိုထားခဲ့ရင် အဲလက်စ်ကိုပါ ထားခဲ့ရမှာ "
ဘင်ဂျမင် က ကလေးအမေဘ၀-ကို ခံယူရလောက်အောင် ဆန္ဒရာအရည်အချင်း မရှိပုံတွေကို အလေး အနက် ဆက်ပြောသည်။ ချစ်သူဘ၀တုန်းက သူ့တွင်ရှိလိမ့်မည်ဟု ထင်ထားသည်။ အရည်အချင်း တွေ တစ်ခုတစ်လေ မှ မရှိကြောင်း ခုမှသိရသည်တဲ့၊ ကလေးကို လုံးဝ ဂရုစိုက်ရမှန်းမသိဘဲ သူသက်တောင့် သက်သာ နေဖို့ပဲ သိသည်တဲ့။

" သူ့ခြေထောက်ပေါ် သူရပ်နိုင်တဲ့အထိ စောင့်ကြည့်ဖို့ ကောင်းတာပေါ့ ဘင်ဂျမင်၊ သူနဲ့အတူမနေဘဲ သူ့ကို ကူညီ ဖို့လဲ စဉ်းစားပေါ့၊ ဖေဖေအကူအညီပေးပါ့မယ်၊ ဘာမှ မပူနဲ့၊ လောလောဆယ် မင်း အနား ယူနေ လိုက်၊ ပြီးမှ ဖြည်းဖြည်း စဉ်းစားပြီး လုပ်စရာရှိတာ လုပ်ပေါ့ "
သို့သော် တကယ့်တကယ် စဉ်းစားလိုက်တော့ မိမိတာဝန်တွေချည်းပါလား၊ ဆန္ဒရာဆေးရုံ က ဆင်း သည်နှင့် ကလေးကိုခေါ်ပြီး ဘင်ဂျမင်ပြန်သွားသည်။ သူ့တာဝန်သူယူပါရစေဆိုပြီး သားကလေး ပိုက်ပြန်သွားတော့ အက်နက်ကပင် မျက်ရည်မဆည်နိုင်အောင် ဖြစ်ရသည်။ အော်လီဗာအဖို့ကား ဆိုဖွယ်ရာ မရှိပြီ။ ဒေါ်လာ ငါးထောင်ယူသွားဖို့ ပြောတော့ ဘင်ဂျမင်သည် ဖအေ့ကို ကျားတစ်ကောင်လို မာန်ဖီသည်။

သေတော့မှာပဲ၊ ဒါဆိုလဲ ဖေဖေက ချေးတဲ့ သဘောနဲ့ယူလေကွာ၊ မင်းတို့ သုံးယောက်စလုံး ငတ်နေတာ ကို အဖေလုပ်တဲ့လူက ဒီအတိုင်း လက်ပိုက်ကြည့်နေရမှာလား "
သည် အထိ ပြောတော့မှ ဘင်ဂျမင် လက်ခံသည်။ အမြန်ဆုံး သူပြန်ပေးမည့်အကြောင်း ကတိပေးပြီး ယူ သွားခြင်းဖြစ်၏။
နောက်နှစ်ပတ်ကြာတော့ အခြေအနေမှာ ပိုရှုပ်ထွေးလာသည်။ မမျှော်လင့်ဘဲနှင့် မိမိအား ကုမ္ပဏီက အခွင့် အရေး တစ်ခုပေးသည်။ လော့စ့် အိန်ဂျလိစ်ဌာနခွဲမှ ဌာနမှူးကင်ဆာရောဂါဖြင့် အခြေအနေဆိုးနေ ၍ သွားပေးရန် မေတ္တာရပ်ခံလာသည်။

တစ်ပတ် အတွင်း သွားရမယ်တဲ့။ ပို၍ အရေးကြီးသည်မှာ လော့စ်အိန်ဂျလိစ်ရုံးကို နယူးယောက် ရုံးချုပ်ကဲ့သို့ ဖွဲ့စည်းပံ့တိုးချဲ့ပြီး အဆင့်မြှင့်မည့်ကိစ္စဖြစ်၏။ အနောက်ကမ်းခြေလုပ်ငန်းရှင်များကို စည်းရုံးရန် ဟောလီးဝုဒ် တယ်လီဗေးရှင်းကုမ္ပဏီကြီးများနှင့် ပိုမိုနီးစပ်ရန် ရှေ့တစ်လှမ်းတိုးခြင်းဖြစ်သည်။
ကုမ္ပဏီချယ်ယာမင် က သည်လုပ်ငန်းနှင့် အသင့်တော်ဆုံးလူမှာ အော်လီဗာတစ်ဦးသာရှိကြောင်း ဆုံးဖြတ် သည်။
" ဟ … ဒုက္ခပါပဲ၊ ဘယ်ဖြစ်နိုင်မှာလဲ၊ ကျုပ်ကဒီမှာ အိမ်နဲ့ ယာနဲ့ ကလေးတွေနဲ့ အခြေကျနေပြီသားဗျ၊ ချက်ချင်းကျောင်းနှုတ်ပြီး မိုင်သုံးထောင်ကျော်ကို ဘယ်လိုလုပ်သွားနိုင်မှာလဲ "
ဘင်ဂျမင်နှင့် သူ့မိသားစု ကိစ္စကလည်း ရှိသေးသည်လေ။ ဒါတွေအားလုံးကို ကျောခိုင်းပြီး ဆာရာလို ထွက် သွား လို့ မဖြစ်နိုင်ပါ။
" ကျွန်တော် သေသေချာချာ ပြန်စဉ်းစားပါရစေဦးဗျာ "
ရရှိမည့် လစာနှင့် အခွင့်အရေးက ပြင်းရက်စရာမရှိ။

" သေသေချာချာ စဉ်းစားပါ အော်လီဗာ၊ ဒီလိုအခွင့်အရေးမျိုးဆိုတာ တစ်သက်မှာ နှစ်ခါမလာဘူးနော်၊ တစ်နေ့ မှာ အော်လီဗာ ချယ်ယာမင်ဖြစ်ဖို့ သေချာသွားပြီဆိုတာလဲ မမေ့နဲ့ "
ထိုည တွင် ဒက်ဖနီ သူ့ကို သေသေချာချာ ရှင်းပြသည်။ အော်လီဗာရုံးခန်းထဲတွင် နှစ်ယောက်တည်း ကျန်ရစ် ၏။ အားလုံးပြန်ကုန်ကြပြီ။
" ကလေးတွေ ကို ဘယ့်နှယ်လုပ်ခဲ့ရမှာတုန်း၊ အိမ်အတွက်ကော၊ အဖေလဲရှိသေးတယ် "
" ဟာ … အော်လီဗာကလဲ၊ အဖေကသူ့ ဘ၀သူနဲ့ ဖြစ်နေပြီပဲ။ သူ့ချစ်သူနဲ့သူ နေနေပြီပဲ၊ ဘင်ဂျမင်လဲ ဘာ ထူး လဲ၊ အော်လီဗာ ဒီမှာရှိရှိ၊ မရှိရှိ အချိန်တန်ရင် အနည်ထိုင်သွားမှာပဲ၊ သူက ဖအေတူပါ။ သူလုပ်စရာ ရှိတာ သူ့ဘာသာ သူလုပ်သွားမှာပါ။ မယ်လီဆာနဲ့ ဆမ်ကို ခေါ်သွားပေါ့၊ ဟိုမှာ သူတို့ ပိုတောင်ပျော်ဦးမယ်၊ နယူး ယောက်ကို ပြောင်းလာတုန်းကတောင် သူတို့ ပျော်ကြသေးတာပဲ "
" သေတော့မှပဲကွာ၊ အဲဒါက အခြေအနေတစ်မျိုးကွ ဒက်ဖနီရ၊ ပါချေ့စ်နယူးယောက် မိုင်သုံးဆယ်ပဲဝေး တာ၊ ခုဟာက မိုင်သုံးထောင်ခင်ဗျ "

" ပါချေ့စ်အိမ်ကို ရောင်းပြီး ဟိုမှာ အခြေချလိုက်ပေါ့၊ နောက်နှစ်နှစ်ဆို မယ်လီဆာကို ကောလိပ်ပို့ရမယ့် အတူတူ ဘာထူးလဲ၊ အဲဒီတော့လဲ ခွဲနေရမှာပဲ၊ ဒါဟာ ညင်းဖို့သင့်တဲ့ကိစ္စမဟုတ်ဘူး အော်လီဗာ "
" သေသေချာချာ စဉ်းစားရမယ် ဒက်ဖနီ၊ ကလေးတွေနဲ့ တိုင်ပင်ရဦးမယ်၊ သူတို့ ဘာပြောမလဲဆိုတာ နား ထောင် ရဦးမယ် "
သည်အကြောင်းပြောတော့ မောင်နှမနှစ်ယောက် အရမ်းအံ့သြနေကြသည်။ သို့သော် မိမိမျှော်လင့်ထား သလောက် အထိတ်တလန့်မဖြစ်ကြ။ တဖြည်းဖြည်း စဉ်းစားပြီး သဘောကျနေသည့် အရိပ်အယောင် များပင် ပြ လာသည်။ သူငယ်ချင်းတွေနှင့် ခွဲနေရမည်ကို စိတ်မကောင်းဖြစ်သော်လည်း လော့စ် အိန်ဂျလိစ် ဆိုသည့် နာမယ်က သူတို့ကို ရင်ခုန်စေဟန်တူ၏။
ဆမ်ကလေး က သူ့အမေနှင့် မကြာခဏ မတွေ့ရမှာလည်း စိုးရိမ်နေ သည်။ အော်လီဗာ က ကျောင်းပိတ်ရက် တိုင်းပြန်ပို့ပေးမည့်အကြောင်း ပြောတော့ သူတို့ ဇဝေဇ၀ါဖြစ်နေကြ၏။ ၀မ်းသာရ မလိုလို၊ ၀မ်းနည်းရမလိုလို။

ဤသို့ဖြင့် မတင်မကျဖြစ်ကာ တစ်ပတ်ကုန်သွား၏။ အဖြေပေးရမည့်နေ့ကို ရောက်ပြီ။ အော်လီဗာ အပြတ် မေးရတော့သည်။
" ကဲ … ရဲဘော်တို့၊ စဉ်းစားပြီးကြပြီလား၊ ကယ်လီဖိုးနီးယားကို လိုက်မှာလား၊ ဒီမှာနေရစ်မှာလား "
မောင်နှမနှစ်ယောက် တစ်ယောက်မျက်နှာ ကိုတစ်ယောက်လှမ်းကြည့်နေကြသည်။ မလိုက်ဘူး ဟု ပြောကြ မယ် ဟု အော်လီဗာ တွက်ထားသည်။
" သမီးတို့ လိုက်မယ် "
မယ်လီဆာအဖြေကို ကြားရတော့ အော်လီဗာ မျက်လုံးပြူးသွားသည်။ ဆမ်ကလေးကလည်း ထောက်ခံ သည်။
" သွားကြမယ်ဖေဖေ၊ တနင်္ဂနွေနေ့တိုင်း ဒစ္စနေဥယျာဉ်ကို သွားလည်မယ်နော် "
မောင်နှမနှစ်ယောက်ကို အော်လီဗာ ကြောင်ကြည့်နေသည်။

" ဟေ့ … တကယ်ပြောနေကြတာလား "
ပြိုင်တူ ခေါင်းညိတ် သည်။ အော်လီဗာအိမ်မက်မက်သလို ဖြစ်နေသည်။ ထိုနေ့တွင်ပင် အလုပ်ကို လက်ခံ ကြောင်း၊ အနောက်ကမ်းခြေကို သွားမည့်ကြောင်း သတင်းပို့လိုက်သည်။
တနင်္ဂနွေနေ့ တွင် နေဖို့ အိမ်ရှာရန်နှင့် ရုံးအဖွဲ့သားများနှင့် ဆွေးနွေးရန် ဆန်ဖရန်စစ္စကိုသို့ ထွက်ခဲ့သည်။ သုံးရက်နေပြီး နယူးယောက်သို့ ပြန်လာခဲ့၏။
သစ္စာရှိ လူယုံတော် အမျိုးသမီးကက်နက်က လိုက်မည်ဟု ဆို၍ အားလုံးဝမ်းသာနေကြ၏။ ပါချေ့စ်အိမ် ကို လောလောဆယ် မရောင်းဖို့ ဆုံးဖြတ်လိုက်သည်။ ဟိုမှာ အထိုင်ကျပြီဆိုမှ ရောင်းမည်။ အော်လီဗာဝန် အလေးဆုံး မှာ သည်ကိစ္စကို ဘင်ဂျမင်အား ပြောဖို့ဖြစ်၏။

သို့သော် တကယ့်တကယ် တွင် ထင်သလောက်မဆိုးဘဲ အော်လီဗာ့အတွက် စိတ်သက်သာရာပင် ရသွား သေး၏။ မိမိကိုယ်စား အိမ်ကို စောင့်ရှောက်ပေးဖို့ မေတ္တာရပ်ခံရာ လင်မယားနှစ်ယောက်စလုံး သဘော တူ ကြသည်။ ခုမှပင် သူတို့ ပြောင်းနေဖို့ အကြောင်းဆိုက်တော့၏။ အကူအညီပေးရာ မရောက်အောင် အတော် သတိထားပြောရ၏။
" ဖေဖေ ကျွန်တော် တို့ အနေအစားချောင်အောင် လုပ်ပေးတာတော့ မဟုတ်ပါဘူးနော် "
" မဟုတ် ရပါဘူးဗျာ၊ သားစဉ်းစားကြည့်လေ၊ ဒီအိမ်ကြီးကို လူမနေဘဲ ဒီအတိုင်းအကြာကြီး ပစ်ထား လို့ ဖြစ် မလား၊ နောက်တစ်ခု လုပ်နိုင်တာ ရှိသေးတယ် "
အော်လီဗာ ရင်တမမဖြင့် ဆက်ပြောသည်။

" ပါ့ချေ့စ်အိမ်မှာ သူတို့ သားအအမိ ကိုထားခဲ့၊ သားက ဖေဖေတို့နဲ့ လိုက်ခဲ့ပြီး ဟိုမှာ အလုပ်လုပ်ရင်ကော "ဘင်ဂျမင် ၀မ်းနည်းစွာ ခေါင်းရမ်းသည်။ သားကလေးကို ဆန္ဒရာ့လက်ထဲ ၀ကွက်မအပ်နိုင်ပါ။ လုံးဝ မဖြစ် နိုင်ပါ။
" ကျွန်တော် တို့အတွက် မပူပါနဲ့ဖေဖေ၊ အားလုံးအဆင်ပြေသွားမှာပါ။
ဘင်ဂျမင် အလုပ် တစ်ခု ထပ်ရသည်။ အဖေ့အိမ်တွင် နေရမည်ဆို၍ အိမ်လခကုန်စရာမလိုတော့။ ကုန်ကျ စရိတ် အပုံကြီး လျှော့သွားမည်။

အပြောင်းအလဲမှာ မြန်ဆန်လှသည်။ အပြေးအလွှားထုတ်ပိုးပြင်ဆင်ကြ၏။ ကတိုက် ကရိုက် နှုတ် ဆက်ကြ၏။ လေယာဉ်ကွင်း တွင် ကသောကမြောလက်ပြရင်း မျက်ရည် သုတ်ကြ ၏။ ကျေးဇူးတော်နေ့ မတိုင်ခင် ကယ်လီဖိုးနီးယား ပြည်နယ် လော့စ်အိန်ဂျလိစ်မြို့ကြီးဆီသို့ ဘ၀အသစ် တစ်ခု စတင်ရန် သား အဖ သုံးယောက် ထွက်ခဲ့ကြလေသည်။
လော့စ်အိန်ဂျလိစ်လေယာဉ် ကွင်းတွင် ဆင်းတော့ အော်လီဗာက မောင်နှမနှစ်ယောက်ကို လှမ်းကြည့် လိုက် သည်။ မိမိလုပ်ခဲ့ပုံ မှန်မှ မှန်ပါ့မလားဟူ၍လည်း ဝေခွဲမရဖြစ်နေ၏။
" ကဲ … အသင့်ပြင် "
စိတ်လှုပ်ရှား စွာဖြင့် သားနှင့်သမီးတပ်လှန့်လိုက်သည်။ ငှားထားသည့်အိမ်နှင့် ကားကို သူတို့သဘောကျမှ ကျပါ့ မလား။

အော်လီဗာ ငှားထားသည့် အိမ်ကြီးမှာ ရင်သပ်ရှုမောဖြစ်လောက်သည့် ဧရာမ အိမ်ကြီးဖြစ် ၏။ ရေကူးကန်မှာ ပါချေ့စ် အိမ်မှ ကန်ထက် နှစ်ဆလောက် ကြီးကျယ် သည်။ ရေနွေးကန် လည်း နဘေးတွင် ပါသေးသည်။ ပြီး တော့ ဒိုင်ဗင်ထိုးဖို့ စင်တွေက အဆင့်ဆင့်။ မွဲသွားသည့် ရုပ်ရှင်မင်းသား တစ်ဦး ၏ အိမ်ဖြစ်သည်။
တံဆာရွေးသည့်နေရာတွင် ဧရာမလှောင်အိမ်ကြီးနှင့် ယူထားသည့် အင်ဒီကို သွားရွေးကြသည်။ အက်နက် က ဦးထုပ်ကို ပြင်ဆောင်းရင်း ပြုံးနေသည်။ လာကြိုသည့် ဧရာမ ဇိမ်ခံကားကြီးကို ကြည့်ပြီး၊ မယ်လီဆာ တို့ မောင်နှမမျက်လုံးအပြူးသားဖြစ်နေသည်။ အင်ဒီလည်း လှောင်အိမ်ထဲမှ စိတ်လှုပ်ရှားနေ ပုံရ၏။ အမြီးတနံ့နံ့ နှင့် အော်လီဗာကတော့ သူတို့မောင်နှမကို အရိပ်တကြည့်ကြည့် အကဲခတ်နေဆဲ။ မိမိဆုံးဖြတ်ချက် မှန်မှ မှန်ရဲ့လားဟု သံသယရှိနေဆဲ။ အင်း … ခုထိတော့ အားလုံး ကျေနပ်နေပုံပဲ။

လီမိုစင်းကားကြီး၏ နောက်ခန်းတွင် သားအဖသုံးယောက် ၀င်ထိုင်ကြသည်။ ကလေးတွေ၏ လက်ကို တင်း တင်းဆုပ်လျက်။
" ဖေဖေ ငှားထားတဲ့ အိမ်ကြီးလည်း သားနဲ့ သမီးသဘောကျမယ်ထင်ပါတယ် "
" ကြိုက်မှာပေါ့ ဖေဖေရ "
ဆမ်က အပြင်သို့ ငေးရင်း ပြုံးပြုံးကလေးပြောသည်။ ကမ္ဘာသစ်ရှိရာသို့ အသွားလမ်းတွင် မယ်လီဆာ သည် ရုပ်ချည်း လူကြီး တစ်ယောက်ဖြစ်သွားသလိုထင်ရ၏။ ဘ၀သစ်ကို ရင်ဆိုင်ဖို့ အဖေစိုးရိမ်သလို၊ မဟုတ်ဘဲ သူတို့ပျော်နေကြသည်။ အနာဂတ်ကို တွေးပြီး စိုးရိမ်နေသူ က ဖေဖေ အော်လီဗာ တစ်ယောက်တည်း။

ဆက်ရန်
.

1 comment:

Anonymous said...

Long time no see!I am glad to see this post.
How about your Holidays Ma Ma?