Tuesday, May 22, 2012

အထောက်တော် လှအောင် ဘာသာပြန် ရဘက်ကာ, အပိုင်း (၁၉)

ထိုအချိန်မှာပင် ငှက်အော်သံများကို စတင်ကြားရလေသည်။ ပထမဆုံး မြေလူးငှက်တစ်ကောင်က စ အော်သည်။ စမ်းရေစီးသံကလေးကြားမှ ငှက်အော်သံကို ကြားရတော့ ပတ်ဝန်းကျင်က ပို၍ သာယာ သွား သယောင် ထင်မှတ်ရသည်။ သူ့အော်သံကြားရတော့ ကျွန်မတို့နောက်ဘက် ရှိတောထဲ မှာ ပုန်းနေသော အခြားငှက်တစ်ကောင်က ပြန်ထူးသည်။ ခဏကြာတော့ ကျွန်မ တို့ပတ်လည်ရှိ ငြိမ်သက်နေသော လေထဲ မှာ ငှက်ပေါင်းစုံတို့၏ မဖိုခေါ်သံများ ပြည့်လျှမ်း သွားပါလေတော့ သည်။ ကို ဆက်ဖတ်ရန်.......

တောင်ကြားကလေးဆီ သို့ ကျွန်မတို့ ဆင်းလာခဲ့ကြသည်။ ပန်းပွင့်ကလေးများကလည်း ကျွန်မတို့ သွား လေရာရာ သို့ လိုက်လာသယောင် ထင်မှတ်ရသည်။ သည်အရပ် သည်ဒေသသည် ဒါလောက် သာယာ လိမ့်မည်ဖြစ်ကြောင်း ကျွန်မ မတွေးမိခဲ့ပါ။
ကောင်းကင်ကြီး ကလည်း ညို့မှိုင်းနေပြီ။ စောစောက အရောင်အဆင်းမျိုး မဟုတ်တော့။ သည်တောင် ကြား ထဲက တိတ်ဆိတ်ငြိမ်သက်မှုကို မှန်မှန်ကလေးရွာနေသော မိုးရေစက်များကလည်း ဖျက်ဆီး ပစ် နိုင်စွမ်းမရှိတော့ပြီ။ ငှက်အော်သံရယ်၊ မိုးရေစက်များ ပြုတ်ကျသံရယ်။ စမ်းရေစီးသံရယ်တို့မှာ အချင်း ချင်း လိုက်ဖက်ညီကာ ပတ်ဝန်းကျင်၏အလှကို ရုပ်လုံးကြွလာအောင် ပုံဖော်ပေးနေသလို ရှိဘိသည်။ အဇေလီယာပန်းပင် များကလည်း တစ်ပင်နှင့်တစ်ပင် ကိုင်းချင်းယှက်နေကြသည်။ သည် ပန်းပင်လယ် တောကြီးထဲမှာ ကျွန်မတို့ လမ်းလျှောက်လာကြသည်။

မိုးရေစက်ကလေးများသည် ပန်းပွင့်ကလေးများပေါ်မှတစ်ဆင့် ကျွန်မလက်ပေါ်သို့ ခုန်ဆင်းနေကြ သည်။ ကျွန်မ၏ခြေထောက်အောက်မှာလည်း ပန်းပွင့်ကြွေများ ပြည့်နေသည်။ မက်ဇင်မ်၏လက်ကို ကျွန်မ ဆွဲကိုင်လိုက်မိသည်။ စကားတော့ မပြောဖြစ်။ "ပျော်စရာတောင်ကြားကလေး"၏အလှက ကျွန်မကို ဖမ်းစားထားသလို ရှိသည်။ ကျွန်မတို့ကားမောင်းလာခဲ့သည်။ လမ်းကလေးနှင့်မတူ။ ကျွန်မ သိပြီးသားဖြစ်ခဲ့သည့် မန်ဒါလေစံအိမ်ကြီးနှင့်မတူ။
အရောင်တောက်လွန်းသည့် တောင်ဇလပ်ပန်းများကိုလည်း ကျွန်မ မေ့သွားပြီ။ ကြီးမားသည့် အိမ်ကြီး၊ တိတ်ဆိတ်နေ သည့် ခန်းမကြီး၊ အနောက်ဘက်ဆောင်၏တိတ်ဆိတ်မှုများ၊ အနောက်ဘက်ဆောင်၏ အခန်း များထဲမှာ ဖုန်မတက်စေရန် အဝတ်များနှင့် ဖုံးအုပ်ထားသည့်အိမ်ထောင်ပရိဘောကများ၊ ကျွန်မ မသိသော အခန်းများထဲမှာ ဦးတည်ရာမရှိ လျှောက်ခဲ့ရသည့်အဖြစ်များ၊ ကျွန်မ မပိုင်သော စာရေးစားပွဲ မှာ ထိုင်နေမိ သည်များ... အားလုံးကို ကျွန်မ မေ့သွားပါပြီ။

ယခု ကျွန်မတို့ရောက်နေကြသည့် နေရာကလေးနှင့်တော့ အကွာကြီး ကွာလှပါသည်။ ပျော်စရာတောင် ကြားထဲကို ရောက်နေရသည်မှာ သူတစ်ပါး၏ပိုင်နက်အတွင်းသို့ ရောက်နေမိသလိုလည်း မခံစားရ။ လူ သွားလမ်း ကလေးအဆုံးသို့ ကျွန်မတို့ရောက်လာကြသည်။ ကျွန်မတို့ခေါင်းပေါ်မှာ ပန်းတွေ ဖွေးဖွေး လှုပ်နေ သည်။ ပွင့်နေသော ပန်းကိုင်းများက နိမ့်လွန်းသောကြောင့် ခေါင်းငုံ့ပြီး လျှောက်ကြရသည်။
တစ်နေ ရာရောက်တော့ ကျွန်မကိုယ်ကို မတ်မတ်ရပ်လိုက်မိပါသည်။ ဆံပင်ပေါ်မှာ သီးနေသည့် မိုးရေ စက်များ ကို သပ်ချနေမိပါသည်။ နောက်ကို ပြန်လှည့်ကြည့်တော့ တောင်ကြားကလေးသည် မလှမ်းမ ကမ်းမှာ ကျန်ရစ်ခဲ့လေပြီ။ မွန်တီကာလို အပန်းဖြေစခန်းတုန်းက မက်ဇင်မ် ပြောပြခဲ့ဖူးသလို ကျွန်မတို့ သည် ကျောက်စရစ်ခဲရောပြွန်းသော ပင်လယ်ကမ်းစပ်မှာ ရပ်နေမိပြီဖြစ်ကြောင်း တွေ့ရပါတော့သည်။ ကျွန်မ တို့ ၏ရှေ့မှာ ပင်လယ်ပြင်။ ကျွန်မတို့၏နောက်မှာ သစ်တော။ ကျွန်မတို့အောက်တွင် ကျောက် စရစ်ခဲ များ ရောပြွန်းသည့် သဲသောင်ပြင်။

မြင်ကွင်းက သည်လို ဗြုန်းကနဲ ပြောင်းသွားသောကြောင့် ကျွန်မ အံ့အားအသင့်ကြီး သင့်နေမိသည်။ မက်ဇင်မ်က ကျွန်မ၏မျက်နှာပေါ်မှာ အံ့အားသင့်သည်အမူအရာကိုကြည့်ပြီး ပြုံးနေသည်။
"တုန်လှုပ် သွားသလား။ ဘယ်လိုလူမှာ ထင်မှာမဟုတ်ဘူး။ မြင်ကွင်းက ချက်ချင်းလက်ငင်း လုံးလုံးကြီး ပြောင်းသွားတယ်။ တစ်မျိုးကြီးဖြစ်မသွားဘူးလား"ဟု မက်ဇင်မ်က ကျွန်မ ကိုပြောရင်း ကျောက်ခဲ တစ် လုံးကို ကောက်ကာ ဂျက်စ်ပါအတွက် အဝေးသို့ လှမ်းပစ်ပေးသည်။ "လိုက်ကောက်စမ်း... ခွေးကောင် ကြီး"။ အဝေးသို့ရောက်သွားသည့် ကျောက်ခဲကိုရှာရန် ဂျက်စ်ပါ ပြေး ထွက် သွားသည်။ သူ့နားရွက်နှစ် ဖက်သည် လေထဲတွင် နောက်ဘက်သို့ပြန်ကပ်နေသည်။

ကျွန်မ တို့နှစ်ယောက်သည် စောစောတုန်းက တောထဲမှာ။ ပြီးတော့ ပျော်စရာ တောင်ကြားထဲမှာ။ ယခု ချက်ချင်းဆိုသလိုပင် ပင်လယ်ကမ်းခြေသို့ ရောက်လာပြီး ကျောက်စရစ်ခဲပြွမ်းသော သဲသောင်ပြင်ပေါ် မှာ ဆော့ကစားနေကြပြီ။ ကျောက်ခဲတွေကို ကောက်ပြီး ဟိုဟိုသည်သည်သို့ ပစ်ပေါက်ကြသည်။ ပင် လယ်ရေစပ်သို့ ဆင်းခဲ့သည်။ ကျောက်ဆောင်ငယ်များ အပြည့်ရှိနေသည်။ ကျောက်ပွင့်များလည်း ကပ် နေသည်။ မျောပါလာသည့် ပျဉ်ပြားကြီးတစ်ချပ်ကို ကျွန်မတို့လင်မယားနှစ်ယောက် ဆယ်ယူကာ ရေစပ်နှင့်ဝေးရာ သောင်ပြင်ပေါ်သို့ သယ်လာခဲ့သည်။
မက်ဇင်မ် က ကျွန်မကို လှည့်ကြည့်သည်။ အားပါးတရလည်း ရယ်နေသည်။ သူ့မျက်လုံးပေါ်သို့ ဖုံးအုပ် ကျလာသည့် ဆံပင်များကို လက်ဖြင့် သိမ်းသပ်ဖယ်ရှားပစ်နေသည်။ ကျွန်မကလည်း ပင်လယ်ရေစို သွားသော အင်္ကျီလက်ကို အပေါ်သို့လိပ်တင်နေသည်။ ပြီးတော့ ပတ်လည်သို့ လှည့်ကြည့်ကြသည်။ ဂျက်စ်ပါ ပျောက်သွားလေပြီ။ ကျွန်မတို့က အော်ခေါ်ကြသည်။ လေချွန်ပြီးတော့လည်း ခေါ်သည်။ သို့ သော် ပြန်ပေါ်မလာ။ လှိုင်းများက ကျောက်ဆောင်များကို တဝုန်းဝုန်း ပုတ်နေသည်။ ပင်လယ်ကွေ့ ကလေး ဆီသို့ ကျွန်မက စိုးရိမ်တကြီးဖြင့် လှမ်းကြည့်သည်။

"အရေးမကြီးပါဘူး။ ကိုယ်တို့ ပြန်တွေ့မှာပါ။ ရေထဲကျမသွားနိုင်ပါဘူး"ဟု မက်ဇင်မ်က ပြောသည်။ တစ်ဆက် တည်းလည်း ဂျက်စ်ပါကို သူ အော်ခေါ်နေသည်။
"ပျော်စရာတောင်ကြားထဲကိုများ သူ ပြန်သွားတာလား အစ်ကို"
"အခုန ကလေးတင် ဟောဟိုကျောက်ဆောင်နားမှာ ရှိနေသေးတယ်။ စင်ရော်အသေကောင်ကို နမ်း ကြည့်နေတာ တွေ့လိုက်ရသေးတယ်"ဟု မက်ဇင်မ်က ပြောသည်။
တောင်ကြားဆီ သို့ ကျွန်မတို့ ပြန်လျှောက်လာကြည့်သည်။ မက်ဇင်မ်က ဂျက်စ်ပါ၏နာမည်ကို တကြော် ကြော် အော်ခေါ်နေသည်။
ပင်လယ်ကမ်းခြေ ၏ညာဘက်ကျောက်ဆောင်များအလွန် ခပ်လှမ်းလှမ်းဆီမှ ဟောင်သံတစ်ချက် ကြား လိုက် မိသည်။ ခပ်ပြတ်ပြတ်နှင့် ခပ်ဆတ်ဆတ် ဟောင်လိုက်ခြင်းဖြစ်သည်။
"ဟော... ကြားတယ်မဟုတ်လား... ဟိုပေါ်ကိုတက်ပြီး ပြေးသွားတာထင်တယ်"
ကျွန်မက မက်ဇင်မ်ကို ပြန်ပြောရင်း ခွေးဟောင်သံကြားရာဘက်ရှိ ချောနေသော ကျောက်ဆောင်များ ပေါ်သို့ စတက်နေမိ သည်။

"ပြန်လာခဲ့" ဟု မက်ဇင်မ်က ခပ်ဆတ်ဆတ် ပြောသည်။
"အဲဒီဘက် ကို ကိုယ် မသွားချင်ဘူး။ အလကား ခွေးစုတ်... သူ့ကိုယ်သူ ထိန်းနိုင်တယ်"
ကျွန်မ တုံဆိုင်းဆိုင်းဖြစ်သွားမိသည်။ ကျောက်ဆောင်ပေါ်မှနေ၍လည်း ပြန်ငုံ့ကြည့်မိသည်။
"ရေထဲ ကျသွားရင် ဘယ်လိုလုပ်မလဲ...။ ခွေးကလေး သနားစရာပါ အစ်ကို။ ကျွန်မ သွားဖမ်း လာခဲ့မယ် နော်..."
ထိုသို့ပြောနေခိုက် မှာပင် ဂျက်စ်ပါ၏ဟောင်သံ ပေါ်လာပြန်သည်။ စောစောကထက်ပိုပြီး ဝေးသွားပုံရ သည်။
"ဟော... နားထောင်ပါဦး... ကျွန်မ သွားဖမ်းမှဖြစ်တော့မယ်။ ဟိုနေရာက ချော်ကျမသွားနိုင်ပါဘူး နော်။ လှိုင်းတွေ က သူ့ကို ပုတ်မထုတ်လိုက်နိုင်ပါဘူးနော်..."
"သူ ဘာမှ မဖြစ်ပါဘူး။ သူ့ဟာသူ နေပါစေလား။ သူ ပြန်ရမယ့်လမ်းကို သူ သိပါတယ်"ဟု မက်ဇင်မ်က စိတ် အနှောင့်အယှက်ဖြစ်သွားသည့် လေသံမျိုးဖြင့် ပြန်ပြောသည်။

ကျွန်မက မကြားချင်ယောင်ဆောင်လိုက်ပါသည်။ ပြီးတော့ ဂျက်စ်ပါရှိရာဘက်သို့ ဦးတည် ပြီး ကျောက် ဆောင် များပေါ် မှ ခက်ခက်ခဲခဲ လျှောက်လာခဲ့သည်။ ကြီးမား သည့် ကျောက်ဆောင်ကြီး များက မြင်ကွင်း ကို ကွယ်ထား လိုက် သလို ဖြစ် သွားသည်။ ရေစိုနေသည့် ကျောက်ဆောင်ပေါ်မှာ ကျွန်မ တစ်ချက် ချော် ပြီး ယိုင်သွားသည်။ သို့သော်လည်း ဂျက်စ်ပါရှိမည်ထင်ရာသို့ ကြိုးစားပြီး လိုက်မြဲ လိုက်နေမိသည်။

ဂျက်စ်ပါကို သည်အတိုင်း မျက်နှာလွဲခဲပစ်လုပ်လိုက်သည့်အတွက် မက်ဇင်မ်မှာ အကြင်နာတရားမရှိဟု ကျွန်မ တွေးနေမိပါသည်။ သူ့ကိုလည်း ကျွန်မ နား မလည်နိုင် ပါ။ ရှေ့ကမြင်ကွင်း ကိုကွယ်ထားသည့် ကျောက်ဆောင်ကြီးဘေးသို့ ရောက်လာသည်။ တစ်ဖက်ကို လှမ်းကြည့်လိုက်တော့ ပင်လယ် ကမ်းခြေ ကွေ့ကလေးတစ်ခု ကို တွေ့ရပြန်သည်။ သို့သော်လည်း စောစောက ကျွန်မတို့ ရှိခဲ့ကြ သည့် ကွေ့က လေးထက် ပိုကျယ်သည်။ ပင်လယ်အော်ကလေးနှင့် ဆက်နေ သည်။ ဗော်ဟာတစ်ခုလည်း ရှိသည်။ ကျောက်ဆောင်ကလေးများက မလှမ်းမကမ်းမှာ ဝိုင်းပတ်ထား သည်။ သဘာဝ ဆိပ်ကမ်း ကလေးသဖွယ် ဖြစ်သည်။ သို့သော်လည်း စောက်နက်သည်။ ကမ်းက လွန်လျှင်ပင် ရေက နက်ပုံ ရသည်။  သောင်ပြင်၏ တစ်ဖက် တွင် တောအုပ်နှင့် ဆက်နေသည်။ တောစပ်တွင် ရှည်မျောမျောနှင့် ခပ်ပုပု တိုက်ကလေး တစ် လုံးကို တွေ့ ရသည်။ တစ်ပိုင်း က လူနေအိမ်၊ တစ်ပိုင်း က လှေနှင့် မော်တော်ဘုတ် များထားရာ ဂိုဒေါင်။ ကျောက်တုံး များဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။

ကမ်းခြေမှာ ယောက်ျားတစ်ယောက်ရှိနေသည်။ တံငါသည် ဖြစ်ပေလိမ့်မည်။ ဘွတ်ဖိနပ်ရှည်စီးပြီး ဦး ထုပ်အဝိုင်းကြီးကြီးကို ဆောင်းထားသည်။ ဂျက်စ်ပါက သူ့ကို ပတ်ချာလှည့်ပြေးပြီး ဟောင်နေခြင်းဖြစ် သည်။ သို့သော် ထိုသူက လုံးဝအမှုမထား။ ခါးကိုင်းပြီး သဲပြင်ထဲမှာ တူးဆွနေသည်။
"ဂျက်စ်ပါ... ဂျက်စ်ပါ... ဒီကိုလာခဲ့" ဟု ကျွန်မက လှမ်းအော်ခေါ်သည်။
ခွေးကလေး က ကျွန်မကို လှည့်ကြည့်သည်။ အမြီးနန့်ပြသည်။ သို့သော်လည်း ကျွန်မစကားကို သူ နား မထောင်ပါ။ သောင်ပြင်ပေါ်မှာ အထီးကျန်ဖြစ်နေသူကိုသာ သဲကြီးမဲကြီး ဆက်ဟောင်နေသည်။
နောက်သို့ ကျွန်မ ပြန်လှည့်ကြည့်သည်။ မက်ဇင်မ်လိုက်လာသည့် အရိပ်အယောင်ကို မတွေ့ ရ။ ကျောက်ဆောင်ပေါ် မှနေ၍ သောင်ပြင်ပေါ်သို့ဆင်းလိုက်သည်။ ကျွန်မ ၏ခြေထောက်နှင့် ကျောက် စရစ်ခဲ များ ထိသွားသဖြင့် အသံမြည်သွားသည်။ ထိုသူက အသံကြားရာ ဘက် သို့ လှည့်ကြည့်သည်။ သူ့မျက် လုံးများက စိတ်မနှံ့သူ၏မျက်လုံးများနှင့် တူနေ သည်။ နှုတ်ခမ်းများကလည်း နီရဲစိုရွှဲနေသည်။ ကျွန်မကို သူ ပြုံးပြသည်။ သွားမရှိသည့် သွားဖုံး များ ပေါ်လာသည်။

"မင်္ဂလာပါ... ဒီနေရာက မကောင်းဘူးနော်"ဟု သူက ပြောသည်။
"မင်္ဂလာပါ... ဒီနေ့ ရာသီဥတု နည်းနည်းဆိုးသွားလို့ပါ"
သူ က ကျွန်မ ကို စိတ်ဝင်တစား စိုက်ကြည့်နေသည်။ တစ်လျှောက်လုံးလည်း ပြုံးနေသည်။
"ကျွန်တော် သဲဘလုတ်ကောင် တူးနေတာ။ ဒီနေရာမှာ တစ်ကောင်မှမရသေးဘူး။ မွန်းမတည့်ခင်က တည်းက တူးနေတာ"
"သြော်... ဟုတ်လား... တစ်ကောင်မှမရဘူးဆိုလို့ စိတ်မကောင်းပါဘူးရှင်"
"ဟုတ်ပါတယ်... ဒီနေရာမှာ သဲဘလုတ်ကောင် မရှိပါဘူး"
"လာခဲ့ ဂျက်စ်ပါ... အိမ်ပြန်ဖို့ နောက်ကျနေပြီ။ လာခဲ့"ဟု ဂျက်စ်ပါကို ကျွန်မ လှမ်းခေါ်သည်။

သို့သော်လည်း ဂျက်စ်ပါ ဒေါသတကြီးဖြစ်လာသည်။ ပင်လယ်ပြင်နှင့် ပင်လယ်လေကြောင့် သူ ဒေါသ ကြီးနေခြင်း လည်း ဖြစ်နိုင်သည်။ ကျွန်မ၏အနားသို့မကပ်ဘဲ ခွာပြေးသွားလေသည်။ ဆက်၍ လည်း ဟောင်နေသည်။ ပြီးတော့ သောင်ပြင်ပေါ်မှာ ဟိုဟိုဒီဒီသို့ ဦးတည်ရာမရှိဘဲ ပတ်ချာ လှည့်ပြေးနေ သည်။ ကျွန်မစကားကို သူ နားထောင်တော့မည်မဟုတ်ချေပြီ။ ကျွန်မမှာလည်း ကြိုးကမရှိ။ သဲဘလုတ် ဆက်တူးနေသည့် လူဘက်သို့ ကျွန်မ ပြန်လှည့်လိုက်သည်။
"ရှင့်မှာ ကြိုးတစ်ချောင်းလောက်များ မရှိဘူးလား"
"အာ..."
"ရှင့်မှာ ကြိုးတစ်ချောင်းလောက်များ မရှိဘူးလားလို့"
ကျွန်မက ထပ်ပြောသည်။
"ဒီနေရာမှ သဲဘလုတ်ကောင်မရှိဘူး" သူက ခေါင်းကို ခါယမ်းရင်း ပြန်ပြောသည်။ "မွန်းမတည့်ခင်က တည်းက ကျွန်တော် တူးနေတာ"ဟု သူက ကျွန်မဘက်သို့လှည့်ပြီး ခေါင်းညိတ်ပြသည်။ သူ၏ အပြာ ရောင်မျက်လုံးများကိုလည်း လက်ဖြင့် ပွတ်လိုက်သည်။

"ခွေးချည် ဖို့ ကြိုးတစ်ချောင်းလောက် လိုချင်တယ်။ ကျွန်မနောက်ကို သူ မလိုက်တော့ဘူး"
"အာ..."
သူက ထိုမျှသာပြောသည်။ ပြီးတော့ စိတ်မနှံ့သူတစ်ယောက်လို ပြုံးနေသည်။
"ကဲ... နေပေစေတော့။ အရေးမကြီးတော့ပါဘူး"
ကျွန်မ ကို သူက မရေမရာကြည့်နေသည်။ ပြီးတော့ ခါးကိုင်းပြီး ကျွန်မ၏ရင်ဘတ်ကို လက်နှင့်ပုတ် သည်။
"အဲဒီခွေး ကို ကျွန်တော်သိတယ်။ ဟိုအိမ်ကလာတဲ့ ခွေး..."
"ဟုတ်ပါတယ်။ သူ့ကို ကျွန်မ အခု ပြန်ခေါ်သွားချင်လို့"
"ဒါ ခင်ဗျားခွေးမှ မဟုတ်ဘဲ"
"မစ္စက်ဒီဝင်းတား ရဲ့ခွေးပါ" ဟု ကျွန်မက သိမ်သိမ်မွေ့မွေ့ ပြန်ပြောသည်။ "သူ့ကို ကျွန်မ အိမ်ပြန်ခေါ် သွားချင်တယ်"
"အာ..." ဒီစကားကိုပဲ သူ ထပ်ပြောပြန်သည်။

ဂျက်စ်ပါ ကို ကျွန်မ ထပ်ခေါ်ကြည့်သေးသည်။ သို့သော်လည်း ဂျက်စ်ပါကမူ လေတိုက်သဖြင့် လွင့်ပါ လာသော ငှက်တောင်တစ်ချောင်းနောက်သို့ပြေးလိုက်နေသည်။ လှေအိမ်ထဲမှာတော့ ကြိုးတစ်ချောင်း ချောင်း ရှိရမည်ဟု တွေးလိုက်မိသည်။ ထို့ကြောင့် သောင်ပြင်အဆုံးဆီသို့ တက်လာခဲ့မိ သည်။ တစ်ချိန် တုန်းက သည်အိမ်ကလေးအနီးတွင် ပန်းခြံတစ်ခု ရှိခဲ့ပေလိမ့်မည်။ ယခုတော့ မြက်ပင်များ ရှည်လျားစွာ ပေါက်ကာ ခွေးလှေးယားပင်များဖြင့် ရှုပ်ထွေးနေသည်။
ပြတင်းပေါက် များကို ပိတ်ထားသည်။ ထို့ကြောင့် တံခါးမကြီးကိုလည်း သော့ခတ်ထားမည်မှာ သံသယ ဖြစ်ဖွယ် မရှိတော့။  မျှော်လင့်ချက် များများစားစား မထားတော့ဘဲ တံခါးကန့်လန့်ကို ဆွဲမလိုက်မိသည်။ စစချင်း ကျပ်နေသော်လည်း တံခါးပွင့်သွားသဖြင့် အံ့အားသင့်မိသည်။ တံခါးဘောင်က နိမ့် လွန်းသော ကြောင့် ခေါင်းငုံ့ပြီး အထဲသို့ဝင်ခဲ့ရသည်။

လှေအိမ်များ၏ထုံးစံအတိုင်း အထဲမှာ ဖုန်တွေ၊ အမှိုက်သရိုက်တွေ၊ ကြိုးတွေ၊ လှော်တက်တွေ ကြမ်း ပေါ် မှာ ပြန့်ကျဲနေမည်ဟု ကျွန်မ မျှော်လင့်မိပါသည်။ အထဲသို့ တကယ်ဝင်သွားသောအခါ ဖုန်တွေ၊ အမှိုက်သရိုက်တွေ သာရှိပြီး ကြိုးလည်းမရှိ၊ တက်လည်း မရှိ။
အခန်းထဲ မှာ အိမ်ထောင်ပရိဘောဂတွေ အစုံအလင်ရှိနေသည်။ အခန်းထောင့်မှာ စားပွဲ၊ ကုလားထိုင် များ ရှိသည်။ နံရံနားမှာ ဆိုဖာခုတင်တစ်လုံးရှိသည်။ ပန်းကန်လုံးနှင့် အကဲခတ်မိသည်။ လောလော လတ်လတ် လူနေပုံမပေါ်။ မီးလင်းဖိုထဲမှာ မီးမရှိ။ မီးလင်းဖို အောက်ခံသံချောင်းများမှာ သံချေး တက် နေကြသည်။ ဖုန်များတင်နေသည့် ကြမ်းပေါ်တွင်လည်း ခြေရာမရှိ။ မှန်တင်ခုံပေါ်ရှိ ပန်းကန်များမှာ အပြာရောင် အစက်အပြောက်များ ထင်နေသည်။ အနံ့အသက်များကလည်း မကောင်း။ စာအုပ်စင် များ ပေါ်ရှိ သင်္ဘောပုံစံငယ်များတွင် ပင့်ကူအိမ်များ ယှက်လိမ်နေသည်။

မည်သူမျှ သည်နေရာမှာ မနေပါ။ မည်သူမျှလည်း သည်အထဲသို့မဝင်ပါ။ အဖွင့်အပိတ်မလုပ်သည်မှာ ကြာပြီဖြစ်သော တံခါးကလည်း ကျွန်မ ဖွင့်လိုက်သောအခါ အသံမြည်သွားသည်။ အမိုးပေါ်သို့ မိုးရေ စက်များကျသံ ကလည်း ကလိုင်တစ်ခုခုပေါ်သို့ ကျနေသည့်အသံမျိုး။ ဆိုဖာခုတင်မှာလည်း ကြွက်ကိုက် ရာ များ တွေ့ရသည်။ အိမ်ထဲမှာ စိုထိုင်းထိုင်းဖြစ်နေသည်။ အလင်းရောင်ကလည်းနည်းပါးလှသည်။
သည်နေရာ ကို ကျွန်မ သဘောမကျပါ။ သည်အထဲမှာ ဆက်နေချင်ပါ။ ခေါင်မိုးပေါ်သို့ မိုးရေစက် များကျ နေသည့် အသံကိုလည်း ကျွန်မ မကြိုက်ပါ။ မိုးရေစက်ကျသံများက အခန်းထဲမှာ ပဲ့တင် ထပ်နေပြန် သည်။ မီးလင်းဖိုလဲရှိ သံချေးတက်နေသော အောက်ခံ သံချောင်းများပေါ် သို့ လည်း ရေစက်များ ကျနေ သည်။

ကျွန်မ လိုချင်သည့် ကြိုးကိုရှာကြည့်ပါသည်။ ရနိုင်မည်ပုံ မမြင်ပါပြီ။ ဘာမျှရှိပုံမပေါ်။ အခန်း၏တစ်ဖက် စွန်း တွင် တံခါးတစ်ပေါက်ရှိသည်။ ထိုတံခါးဆီသို့ လျှောက်သွားပြီး ဖွင့်လိုက်မိသည်။ထိုအချိန်မှာပင် ကျွန်မ အနည်းငယ်ကြောက်လာသည်။ မမျှော်လင့်သည့် တစ်စုံတစ်ရာနှင့် ရင်ဆိုင်တိုးမိနိုင်သည်ဟု ထင် လာသည်။ မမြင်မတွေ့ချင်သော အရာတစ်ခုခု၊ ကျွန်မကို တစ်စုံတစ်ရာသောဒုက္ခကို ပေးနိုင်မည့် အရာ တစ်ခုခု၊ တုန်လှုပ်ချောက်ချားသွားစေမည့် အရာတစ်ခုခုနှင့် ပက်ပင်းတိုးနိုင်သည်ဟု ထင်လာမိ သည်။

ယင်းအတွေးသည် ဘာမျှအဓိပ္ပာယ်မရှိကြောင်း ကျွန်မ သိပါသည်။ ထို့ကြောင့် တံခါးကိုဖွင့်လိုက်သည်။ ထိုအခန်းကား လှေသိမ်းသည့်အခန်း ဖြစ်နေချေသည်။ ကျွန်မ မျှော်လင့်ထားသလိုပင် ကြိုးများ၊ လှော် တက်များ ကို တွေ့ရသည်။ ရွက်သုံးထည်၊ မီးဖိုရှေ့မှာ ကာထားသည့် သံပြားများ၊ ဝမ်းပြားလှေကလေး တစ်စီး၊ သင်္ဘော်ဆေးဗူးများကို တွေ့ရသည်။
စင်ပေါ်မှာ ကြိုးထုံးတစ်ထုံးကို တွေ့ရသည်။ သံချေးတက်နေသော ဓားတစ်ချောင်း ရှိသည်။ ဒါလောက် ဆိုလျှင် ဂျက်စ်ပါ အတွက် ကျွန်မ အလိုရှိသည်များ လုံလောက်ပါပြီ။ ဓားကိုယူပြီး ကြိုးထုံးမှ လိုသ လောက်အရှည်ကို ဖြတ်ယူလိုက်သည်။ ပြီးသည်နှင့် စောစောက အခန်း ထဲသို့ ပြန်ကူးလာခဲ့သည်။ ခေါင်မိုးပေါ် သို့ မိုးရေစက်များ ကျနေဆဲ၊ မီးလင်းဖိုအောက်ခံ သံချောင်း များပေါ် သို့လည်း ကျနေဆဲ။ အပြင်သို့ ဒရောသောပါးထွက်လာခဲ့မိသည်။ ပေကျံနေသည့် ပန်းကန်များ၊ ပင့်ကူအိမ် များ ကို ပြန်မ ကြည့်မိအောင်လည်း ကြိုးစားခဲ့ရသည်။

သောင်ပေါ်ကလူသည် သဲဘလုပ်မတူးတော့။ ကျွန်မကို စောင့်ပြီး အကဲခတ်နေသည်။
"ဂျက်စ်ပါ... လာစမ်း... လာစမ်းကွာ... လိမ္မာပါတယ်"
ဂျက်စ်ပါကို ကျွန်မ ဖမ်းလိုက်သည်။ သည်တစ်ခါတော့ အသာတကြည် အဖမ်းခံသည်။
"ဟိုအိမ်ထဲက ကြိုးရှာလို့ တွေ့လာတယ်"ဟု ကျွန်မက ထိုလူကို လှမ်းပြောလိုက်သည်။ သူက ဘာမျှ ပြန်မပြော။ ဂျက်စ်ပါ၏လည်ပင်းမှာ ကြိုးကို ခပ်လျော့လျော့ ချည်လိုက်သည်။
"ကဲ... သွားတော့မယ်နော်..."ဟု ကျွန်မက ဂျက်စ်ပါကို ကြိုးနှင့်ဆွဲခေါ်ယူရင်း ထိုလူကို လှမ်းနှုတ်ဆက် သည်။ သူက ခေါင်းညိတ်ပြသည်။ မျက်လုံးကျဉ်းကလေးများဖြင့်လည်း ကျွန်မကိုစိုက်ကြည့်နေသည်။
"ခင်ဗျား ဟိုအိမ်ထဲ ကို ဝင်သွားတာ ကျွန်တော် မြင်တယ်"ဟု သူက လှမ်းပြောသည်။

"ဟုတ်တယ်... ကိစ္စမရှိပါဘူး။ မစ္စတာဒီဝင်းတားက ဘယ်လိုမှမအောက်မေ့ပါဘူး"
"ဟိုအမျိုးသမီး က အခု ဒီအိမ်ထဲကို မဝင်တော့ဘူး"
"ဟုတ်တယ်... အခု မဝင်တော့ဘူး"
"အဲဒီအမျိုးသမီး ပင်လယ်ထဲမှာ မြုပ်သွားပြီ။ သူ ဘယ်တော့မှ ပြန်လာတော့မှ မဟုတ်ဘူး"
"မလာတော့ဘူး... သူ ဘယ်တော့မှ ပြန်မလာတော့ဘူး"ဟု ကျွန်မက အလိုက်သင့် ပြန်ပြောပါသည်။
"ကျွန်တော် ဒီအကြောင်း ဘာမှမပြောပါဘူးနော်"
"ဟုတ်ပါတယ်... ရှင် ဘာမှမပြောပါဘူး။ ဒီအတွက် မပူပါနဲ့"
သူသည် ခါးကိုင်းပြီး သဲဘလုပ်များ ဆက်တူးမြဲတူးနေပြန်သည်။ ပါးစပ်ကမူ ဗလုံးဗထွေးဖြင့် တစ်စုံတစ် ရာ ကို ရေရွတ်နေသည်။ သဲသောင်ပြင်အတိုင်း ကျွန်မ ဆက်လျှောက်လာခဲ့သည်။ ကျောက်ဆောင်များ အနီး သို့ ရောက်တော့ မက်ဇင်မ် ရပ်စောင့်နေသည်ကို တွေ့ရသည်။ သူကလက်နှစ်ဖက်ကို ဘောင်းဘီ အိတ်ထဲ မှာ ထည့်ထားသည်။

"ကျွန်မ စိတ်မကောင်းပါဘူး။ ဂျက်စ်ပါက ခေါ်မရလို့... ဒါကြောင့် ကြိုးလိုက်ရှာနေရတယ်"ဟု ကျွန်မက လှမ်းပြောသည်။
သူက တစ်ဖက်သို့လှည့်ပြီး တောအုပ်များဆီသို့ ရှေးရှုသွားသည်။
"ကျွန်မတို့ ဟိုကျောက်ဆောင်ဘက်က လှည့်ပြန်မှာ မဟုတ်ဘူးလား အစ်ကို"
"ဘာလုပ်မှာလဲ။ ဒီနေရာရောက်နေပြီပဲ"ဟု သူက တိုတိုပြတ်ပြတ် ပြန်ပြောသည်။
တိုက်ပုကလေးနားမှဖြတ်ပြီး တောတွင်းသို့ဝင်သည့် လူသွားလမ်းကလေးအတိုင်း ကျွန်မတို့ လျှောက် လာခဲ့ကြသည်။

"ကျွန်မ အချိန်နည်းနည်းကြာသွားတာ စိတ်မကောင်းပါဘူး အစ်ကိုရယ်... ဒါဟာ ဂျက်စ်ပါရဲ့အပြစ်ပါ... လူတစ်ယောက် ကို သူ သွားဟောင်နေလို့။ အဲဒီလူက ဘယ်သူလဲ ဟင်..."
"ဘင်းပဲ ဖြစ်ရမှာပေါ့။ ဘယ်လိုအန္တရာယ်မှ သူ မပေးဘူး။ သိပ် သနားစရာကောင်းတယ်။ သူ့အဖေက ဒီမှာ အလုပ် လုပ်ခဲ့ဖူးတယ်။ ဒီနားမှာပဲ နေတယ်။ အဲဒီကြိုး မင်း ဘယ်ကသွားရတာလဲ"
"သောင်ပြင်ပေါ်မှာရှိတဲ့ တိုက်ပုကလေး ထဲက သွားရှာလာတာ"
"တံခါးပွင့်နေ သလား"ဟု သူက မေးသည်။
"ဟုတ်တယ်...  ကျွန်မ တွန်းပြီးဖွင့်လိုက်တာ။ ကြိုးကိုတော့ တစ်ဖက်က အခန်းထဲမှာတွေ့တယ်။ ရွက် သုံးထည် နဲ့ ဝမ်းပြားလှေကလေးတစ်စီးပဲ တွေ့တယ်"
"သြော်... သြော်... ဒီလိုကိုး"ဟု သူက ခပ်ပြတ်ပြတ်ပြောပြန်သည်။

"အဲဒီတိုက်ပုကလေး ကို သော့ခတ်ထားရမှာ။ တံခါးတွေ ပွင့်နေစရာ အကြောင်းဘာမှမရှိဘူး"ဟု ခဏ ကြာမှ ဆက်ပြောသည်။
ကျွန်မ က ဘာမျှ ပြန်မပြောပါ။ ကျွန်မ ကိစ္စလည်း မဟုတ်ပါ။
"တံခါးပွင့်နေတယ်လို့ ဘင်းက ပြောသလား"
"မပြောပါဘူး။ ကျွန်မ မေးတာတွေလဲ တစ်ခုမှ သူ နားလည်ပုံမပေါ်ဘူး"
"သူ တကယ်ဖြစ်နေတာထက် ပိုပြီး ဆိုးနေတယ်ထင်အောင် အယောင်ဆောင်တတ်တယ်။ သူ ပြောချင် ရင် အင်မတန်ပြောတတ်တယ်။ အကင်းလဲ အင်မတန်ပါးတယ်။ တိုက်ပုကလေးထဲကို သူ ဝင်လိုက် ထွက်လိုက် အကြိမ်ကြိမ် လုပ်နေတယ်ထင်တယ်။ ပြီးတော့ ဒီလို ဝင်ထွက်နေတာ မင်းကို မသိစေချင် ဘူး"

"ကျွန်မကတော့ မထင်ဘူး အစ်ကို။ တိုက်ထဲမှာ လုံးဝမနေသလိုပဲ။ တို့ထိကိုင်တွယ်ထားပုံလဲ မရဘူး။ တစ်ခန်းလုံး ဖုန်တွေပြည့်နေတယ်။ ဘာခြေရာ လက်ရာမှလဲ မရှိဘူး။ အခန်းထဲမှာလဲ အရမ်းအေးနေ တယ်။ စာအုပ်တွေ ကုလားထိုင်တွေ ဆိုဖာတွေလဲ ပျက်စီးတော့မယ်။ တချို့ဟာတွေကို ကြွတ်တွေ ကိုက်ပစ် ထားတယ်"
မက်ဇင်မ်က ဘာမျှပြန်မပြောပါ။ ခြေလှမ်းကျဲကြီးများဖြင့် ဆက်လျှောက်နေသည်။ ကမ်းပါးကလည်း မတ်စောက်နေသည်။ သည်နေရာ သည်ပျော်စရာ တောင်ကြားကလေးနှင့် ကွာခြားလှပါသည်။ သစ် ပင်တွေက အရမ်းမှောင်ပြီး တစ်ပင်နှင့်တစ်ပင်။ နီးကပ်လွန်းလှသည်။ အဇေလီယာပန်းပင်များလည်း မရှိ။ သိပ်သည်းကျပ်ညပ်နေသော သစ်ကိုင်းများကြားမှ မိုးရေစက်များက ကျွန်မ၏မိုးကာအင်္ကျီကော် လာမှ တစ်ဆင့် လည်ပင်းပေါ်သို့ ကျလာသည်။ အလွန်တရာ အေးစက်လှသည်။ လက်အေးကြီးနှင့် ဆွဲ ကိုင်နေ သလို ခံစား ရသည်။ ကျောက်ဆောင်တွေပေါ် မှာ အလေ့အကျင့် မရှိဘဲ လျှောက်ခဲ့ မိသဖြင့် ခြေ ထောက်များလည်း ကျိန်းစပ်ကိုက်ခဲလာသည်။ ဂျက်စ်ပါက နောက်မှာ ကျန်ရစ်သည်။ သူ လည်း လျှာ တွဲလောင်းထွက်ကျနေသည်။

"ဂျက်စ်ပါ... မြန်မြန်လျှောက်စမ်း။ ဒီကောင် မြန်မြန်လျှောက်အောင် လုပ်စမ်း။ ကြိုးကိုဆွဲလေ... မဆွဲ နိုင် ဘူးလား။ ဘီယက်ထရစ်ပြောတာ မှန်တယ်။ ဒီကောင် သိပ်ဝနေပြီ"
"အစ်ကို က အရမ်းမြန်မြန်ကြီး လျှောက်နေတာကိုး... အစ်ကို့ကို မီအောင် ကျွန်မ တို့ မလိုက်နိုင်တော့ ဘူး"
"အဲဒီခွေးနောက် ကို လိုက်မသွားပါနဲ့လို့ ကိုယ် ပြောခဲ့တဲ့စကားကို မင်း နားထောင်ခဲ့ရင် အခုလောက်ဆို အိမ်ပြန်ရောက်နေပြီ။ ဂျက်စ်ပါက သူ့လမ်းကို သူ ကောင်းကောင်းသိတယ်။ ဘာဖြစ်လို့များ မင်း လိုက် သွားချင် ရသလဲဆိုတာ ကိုယ်တော့ မစဉ်းစားတတ်တော့ဘူး"

ဆက်ရန်
.

No comments: