" ညီမ နာမည်က "
" မနှင်းဖွေး ပါ အစ်ကို၊ နှင်းလို့ ခေါ်ကြပါတယ် "
" ဟေ့ နောက်မှ ဆက် မိတ်ဆက်ကြဟေ့၊ ဓာတ်ပုံ ရိုက်မယ် "
ကိုမြင့်မောင် ၏ အော်သံကြီး ထွက်လာပါသည်။ ကို ဆက်ဖတ်ရန်...........
မနှင်းဖွေး (၁)
" ဂေါ်ပါမောက္ခရောက်နေသဟေ့ "
မမသိန်းက မဲ့ကာ ရွံ့ကာ ပြောရင်း ၀င်လာသဖြင့် မနှင်းဖွေး ရယ်ကျဲကျဲနှင့် လက်ထဲက ဖတ်လက်စ စာအုပ် ကို ချလိုက်ရသည်။
မနှင်းဖွေးက အစိုးရအဆောင် မရသဖြင့် ဘ၀တူ တက္ကသိုလ် ကျောင်းသူတွေနှင့် ကမာရွတ် လှည်းတန်း၊ သုခလမ်းထဲ ရှိ အပြင်ဆောင်တစ်ခုတွင် ငှားနေရခြင်းဖြစ်ပါသည်။
" ကိုရဲဝင့် လား "
" ဟုတ်ပါ့ "
" မဂေါ်ရပါဘူး မမရယ်၊ ရိုးရိုး လာလည်တာပါ "
" ရိုးရိုး လာလည်တာ နေ့တိုင်းလာလို့ ရမလားဟဲ့၊ တကယ် မဂေါ်ဘူးပဲထား၊ သူ အဲသလို လာနေတော့ တကယ် ဂေါ်ချင်တဲ့သူတွေ ဘယ်လို လုပ်လာမလဲ၊ ညည်းအဲဒီတော့မှ ဘူပိတ်ရော၊ ငါကတော့ ဂေါ်တယ်ပဲ ထင်တယ်၊ ဒါကြောင့် ရှေးရုပ်ရှင် သီချင်းထဲက နာမည်ပေး တာ၊ နေ့စဉ် နေ့တိုင်း ဂေါ်လိုက်ရတာ ဂေါ်ပါမောက္ခလို့
" မမက အဲဒီကောင်ကို နှင်းနဲ့ သဘောမတူဘူး ထင်တယ် "
ဘေးက ကျောင်းသူတစ်ယောက်က ၀င်မေးတော့၊ မမသိန်း မျက်စောင်းလှည့်ထိုးသည်။
" ဟဲ့ တူစရာလား၊ ရုပ်ကလည်း ဆိုးသေးတယ်၊ စကားကြီး စကားကျယ်ကလည်း ပြောသေးတယ်၊ ဆင်း လည်း ဆင်းရဲသေးတယ်၊ ငါ့ညီမက အခုမှ ၁၇ နှစ်၊ လှလှပပ၊ နုနုထွတ်ထွတ်၊ ဒီကောင်သာ လာမရှုပ်ရင် ဟိုဧည့်ခန်းထဲမှာ ဆေးကကောင်တွေ၊ စက်မှု က ကောင်တွေ လျှံနေမှာ " " သူလည်း စက်မှုကပါပဲ မမရဲ့ " " ဘာစက်မှုလဲ၊ ပုံဆွဲတဲ့ စက်မှု၊ ရရင်တောင် ဘီအီးမရဘဲ ဘီအာ့ခ်ျရမှာ၊ ပြီးတော့ အူကြောင်ကြောင်နဲ့ "
မနှင်းဖွေး ပြုံး၍ ခေါင်းခါမိသည်။
" မမဟာလေ၊ လူတစ်ယောက်ကို မကြိုက်မိရင်၊ ဗိသုကာလည်း အင်ဂျင်နီယာပါပဲ မမရဲ့၊ နောင်တစ်နေ့ တိုင်းပြည်မှာ အဆောက်အအုံကြီးတွေ အများကြီး ဆောက်ဖြစ်ရင် ဗိသုကာက ကျန်တဲ့ လိုင်းတွေ ထက် တောင်ပေါ်ပြူလာ ဖြစ်ဦးမျာ၊ ပြီးတော့ ကိုရဲဝင့်က ဘာ အူကြောင်ကြောင် နိုင်လို့လဲ "
" သိချင် ရင် ထွက်သာ ကြည့်၊ မနေ့ကလာတော့ ခြေလျင်တောင်တက်ဝတ်စုံ အင်္ကျီအဟောင်းကြီးကို လုံ ချည် အစုတ်၊ လွယ်အိတ် အစုတ်နဲ့ ၀တ်လာတယ်၊ ဒီနေ့ကျတော့ ကျောကုန်းမှာ Wrangler ဆိုတဲ့ စာတန်း အပြည့်ပါတဲ့ အပေါစား ယိုးဒယား ဂျင်းအင်္ကျီအကျပ်နဲ့ ဂျင်းဘောင်းဘီကို ခေါင်းအကြီးကြီးပါတဲ့ ခါးပတ် ပတ်ထားတာ၊ တန်ဆောင်တိုင်မှာ တေးသရုပ်ဖော် ကမယ့်အတိုင်းပဲ " အခန်းထဲရှိ မိန်းကလေး အားလုံး ၀ိုင်းရယ်ကြတော့ မနှင်းဖွေးပါ ရှက်ရှက်နှင့် လိုက်ရယ်ရသည်။
" သနားပါတယ် မမရယ်၊ မိတဆိုး၊ တစ်ကောင်ကြွက်၊ အဖေကလည်း နောက် အိမ်ထောင်နဲ့၊ မိထွေးနဲ့ ကလည်း အဆင်ပြေတယ်လည်း မဟုတ်၊ မပြေဘူးလည်း မဟုတ်၊ ခပ်တန်းတန်းရယ်၊ ရင်းရင်းနှီးနှီး ခေါ်စရာပြော စရာ မိသားစုမှ မရှိတာ သူ့ခမျာ ခင်မိခင်ရာ ခင်ရှာမှာပေါ့၊ သူမို့လို့ အူကြောင်ကြောင် နိုင် ရုံနိုင် တာ၊ သူ့လို အခြေအနေမှာ ပျက်စီးသွားတဲ့ လူငယ်တွေ အများကြီး"
မနှင်းဖွေး က ချေပတော့ သရုပ်ပြဆရာမလေး ကေသွယ်က ခေါင်းတဆတ်ဆတ် ညိတ် ၍ ထောက်ခံသည်။
" နှင်း ပြောတာ ဟုတ်တယ်ဟဲ့၊ အမေရှိတော့ ချွဲလို့ နွဲ့လို့ရတဲ့ မိန်းမတစ်ယောက်ရှိနေတာ ယောက်ျား ကလေး တစ်ယောက် ရဲ့ စိတ်ကို သိပ်လုံခြုံစေတာ၊ အမေက တော်ရာ မတော်ရာလည်း တည့်မတ် ပေးလို့ ရတယ်။ အမေမရှိတဲ့ သားတစ်ယောက်ရဲ့ စိတ်ဟာ မျောနေတဲ့ ရေမှော်လိုပဲ၊ တွယ်ရာ မှီရာ ရှာနေရော၊ ဒါပေမဲ့ နှင်းရယ် " ကေသွယ်က မနှင်းဖွေးကို လှည့်ကြည့်သည်။
" အူကြောင်ကြောင်နိုင်တယ် ဆိုတာတော့ နှင်းလည်း ရိပ်တော့ ရိပ်မိတာပေါ့၊ ဟုတ်လား "
အားလုံး က ၀ိုင်းရယ်ကြတော့ မနှင်းဖွေး ရှက်ရှက်နှင့်" ဟာ မကေလည်း မကောင်းဘူး၊ သူများ အားနည်းချက်ကို "ဟုပြော၍ ဧည့်ခန်းဘက် ထွက်ခဲ့ပါတော့သည်။
သုခလမ်း အတွင်းရှိ ပလက်ဖောင်း အအေးဆိုင်ကလေးတွင်ပင် ထိုင်ဖြစ်ကြသည်။ သစ်ခွ ဖျော်ရည် တစ်ခွက်စီ မှာပြီးသည်နှင့် ရဲဝင့်က ခါးကြားက ပိုက်ဆံအိတ်ကို ထုတ်၍ ဖွင့်ကြည့်ပြီး ရယ်သည်။
" မန်းနီး ကတော့ ခရေးဇီးပဲ "
မနှင်းဖွေး က မျက်မှောင်ကြုတ်သည်။
" အဲဒါ ဘာပြောတာလဲ "
" မန်းနီး က ပိုက်ဆံ၊ ခရေးဇီးက ရူးတာ၊ ပေါင်းလိုက်တော့ ဘာ အဓိပ္ပာယ်မှ မရှိဘူး၊ ဒါပေမဲ့ တို့ ငှားနေတဲ့ အဆောင် က ကောင်တွေက ပိုက်ဆံပြတ်ရင် အဲသလိုပဲ ညည်းနေကျ "
မနှင်းဖွေးက သောက်လက်စ သစ်ခွ ဖျော်ရည်ခွက်ကို ချ၍ ပိုက်ဆံ အိတ်ကို ယူရင်း နှင်း ရှင်းလိုက်ပါ့မယ် ဟု ပြောတော့ ရဲဝင့် မျက်နှာမှာ အတော်ကြီးကို နေရ ထိုင်ရခက်သည့်ပုံပေါ်လာသည်။
" ဟာ မဟုတ်တာ၊ တို့ ခေါ်တာပဲ၊ တို့ရှင်းမှာပေါ့၊ ရယ်စရာ ပြောတာပါ "
မနှင်းဖွေး က ရယ်သည်။
" အားမနာပါနဲ့ ကိုရဲဝင့်ရဲ့၊ အဆောင်နေ ဘ၀တူချင်းပဲ၊ လကုန်ခါနီးရင် ပြတ်တတ်တာပေါ့၊ နှင်း နားလည် ပါ တယ် "
" ထားပါ "
ရဲဝင့်က အတင်း လုရှင်းလိုက်သည်။
" စိတ်မပူနဲ့၊ တို့က အလုပ်ရတော့မှာ "
မနှင်းဖွေး မျက်လုံး အ၀ိုင်းသား ဖြစ်သွားသည်။
" အလုပ် ဟုတ်လား၊ ကိုရဲဝင့်က ကျောင်းတက်တုန်း ဥစ္စာ "
" မိဘက နှင်းတို့လို ပြည့်စုံတာမှ မဟုတ်တာ နှင်းရယ်၊ ကျောင်းတက်ရင်လည်း အလုပ် လုပ်သင့် လုပ်ရမှာ ပေါ့၊ အခုကလည်း ညနေပိုင်းကလေးခဏပါပဲ၊ မိတ်ဆွေ တစ်ယောက် စက်ရုံမှာ နည်းနည်း ကြီးကြပ် ပေးရုံပါပဲ "
၁၉ နှစ်သား က " မိတ်ဆွေ" ဟု စကားကြီး စကားကျယ် သုံးနှုန်းသည်ကို အနည်းငယ် ပြုံးမိရင်းက မနှင်းဖွေး ပြန်မေးမိသည်။
" ဘာစက်ရုံလဲ "
" စက္ကူစက် "
မနှင်းဖွေး မျက်လုံးပြူးသွားပြန်သည်။
" စက္ကူစက်က စစ်တောင်းမှာ တစ်ခုပဲရှိတာ မဟုတ်လား "
ထိုစဉ်က ပုဂ္ဂလိက လုပ်ငန်းများ ခွင့်ပြုသေးသည့်ခေတ် မဟုတ်ပါ။ ဟုမ်းအင်ဒပ်စထရီ ခေါ် မိသားစု လက်မှု လုပ်ငန်းများလောက်ကိုသာ ပုဂ္ဂလိက ပြုလုပ်ခွင့် ပေးထားပါသည်။
ရဲဝင့်က အအေးသီးသွားအောင် ရယ်သည်။
" ကြံကြံ ဖန်ဖန် နှင်းရယ်၊ စစ်တောင်း စက္ကူစက်က ၀ါးကနေ စက္ကူအကောင်းစားတွေ ထုတ်တာ၊ တို့လုပ်မယ့် စက္ကူစက်က စက္ကူအဟောင်းတွေကနေ စက္ကူပြန်လုပ်တာ "
" စက္ကူ အဟောင်း ကနေ ဟုတ်လား "
" ဟုတ်တယ်၊ ရီဆိုင်ကယ်လို့ ခေါ်တယ်၊ ကမ္ဘာမှာ လုပ်နေတာတော့ကြာပြီ၊ ဒီမှာတော့ နှင်းတို့ အီကိုကပဲ အစ်ကိုကြီး တစ်ယောက် စလုပ်တာ တို့က သူ့ဆီမှာ အချိန်ပိုင်း ၀င်လုပ်ရင်း ပညာလည်း သင်မလို့"
" ဟို သတင်းစာ စက္ကူကို အကြော်ထုတ်တာမျိုးလား "
မနှင်းဖွေး က တွန့်တွန့်ဆုတ်ဆုတ် မေးတော့ ရဲဝင့်က ဟက်ဟက်ပက်ပက် ရယ်ပြန်သည်။
" ကြံကြံဖန်ဖန် နှင်းရယ်၊ သတင်းစာ စက္ကူ အကြော်ထုပ်တာက ဒီအတိုင်း ဖြဲသုံးတာ၊ ဘာစက် လိုမှာ တဲ့လဲ၊ အခုက အဲသလို စက္ကူတွေကို ဆေးတွေ ဖျက်ပစ်ပြီး ဖျော်ပစ်၊ ကြိတ်ပစ် လိုက်တာ၊ ပြီးတော့ စက္ကူ အသစ် အချပ်လိုက် ပြန်ထုတ်တာ၊ ဟုတ်တယ်၊ လောလောဆယ်တော့ ပစ္စည်းထုပ်တဲ့ အိတ်တွေ လုပ်တဲ့ စက္ကူ အကြမ်းလောက် ရမှာပေါ့၊ တဖြည်းဖြည်းနဲ့ နည်းပညာပိုင်းတိုးတက်လာပြီးရင် ၀တ္ထုစာအုပ်တွေ ပုံနှိပ် တဲ့ စက္ကူလောက်၊ အဲဒီကနေ ဆေးရောင်စုံ ပုံနှိပ်လို့ ရတဲ့ စက္ကူ အဆင့်လောက် အထိ တိုးတက်အောင် လုပ် သွားဖို့တော့ မှန်းထားကြတာပေါ့ "
မနှင်းဖွေး က ပခုံးတွန့်ပြသည်။
" ကောင်းတာပေါ့၊ တက္ကသိုလ် နှစ်လည် မဂ္ဂဇင်းလုပ်တဲ့ အစ်ကိုကြီးတွေ ပြောတာ ပုံနှိပ်ဖို့ စက္ကူက ရုံးတွေ အဆင့်ဆင့် လျှောက်ရတာတဲ့။ ကိုရဲဝင့်တို့ စက္ကူစက်တွေ အောင်မြင်လာရင် လွယ်လွယ် ၀ယ်လို့ ရလာ မှာ ပေါ့ "
" ဒါပေါ့ " " ဒါပေမယ့် ကျောင်းစာတွေ ထိခိုက်နေပါဦးမယ် ကိုရဲဝင့်ရယ် " ရဲဝင့်က ပခုံးတွန့်ပြသည်။
သို့သော် နောက် ၆ လ အကြာတွင် မထင်တာတွေ ဖြစ်လာပြန်သည်။
ရန်ကုန် ဘူတာကြီး တစ်ခုလုံး ကျောင်းပိတ်၍ ပြန်ကြမည့် တက္ကသိုလ် ကျောင်းသူ ကျောင်းသားများ ကြိတ် ကြိတ် တိုးနေသည်။
မနှင်းဖွေးနှင့် သူငယ်ချင်းတစ်ဦးပေါင်း မိန်းကလေး နှစ်ယောက်တို့ ဆင့်ထားသော သံသေတ္တာနှစ်လုံးကို မနိုင့်တနိုင် လေးဘီးကားပေါ်ကချ၍ သည်သေတ္တာ နှစ်လုံးနှင့် သည်လူအုပ်ကြီးကို ဘယ်လို ထိုးဖောက် ၀င်ရောက် ရပါမည်နည်းဟု တွေးရင်း အကြံအိုက်နေသည်။
" နှင်းရေ ဟေ့ နှင်း၊ ဒီမှာ "
အဝေး က လှမ်းခေါ်သံ ကြားရသဖြင့် လှမ်းကြည့်လိုက်တော့ လူအုပ်ကြီးထဲက ခေါင်းတစ်လုံးစာ ခုန်ခုန်၍ လက်မြှောက်ပြနေသော ရဲဝင့်နှင့် ဟန်ပိုတို့ကို တွေ့ရသည်။
" အောင်မယ်လေး၊ တော်ပါသေးရဲ့ "
ရဲဝင့်နှင့် ဟန်ပို တို့ လူအုပ်ထဲမှ တိုးဝှေ့၍ မနှင်းဖွေးတို့ အနးရောက်လာကြသည်။
" စင်္ကြံ ဘယ်လောက်လဲ နှင်း "
" တစ်ပဲ " " တော်သေးတာပေါ့။ လှေကားသာ ဒီသေတ္တာတွေနဲ့ တက်ရရင် ညည်းတို့တော့ ၀ိုင်း အရိုက်ခံ ရတော့မှာပဲ " ဟန်ပိုက ၀င်ညည်းတွားသဖြင့် စိတ်ညစ်သည့် ကြားက ရယ်ကြရသေးသည်။
" မန္တလေးကျတော့ ပြင်ဦးလွင်ကို ဘယ်လို ဆက်တက်မလဲ " ရဲဝင့်က ၀င်မေးသည်။
" ပါးပါးက မန္တလေးကို အိမ်က ကားနဲ့ ဆင်းကြိုမှာ "
" တော်သေးတာပေါ့ " ရဲဝင့်နှင့် ဟန်ပိုတို့ မနှင်းဖွေးတို့၏ သေတ္တာများကို ထူမ၍ ရထားပေါ်အရောက် လိုက်ပို့ ပေးကြသည်။ တက္ကသိုလ် ကျောင်းသူ ကျောင်းသားတွေက အများစု ဖြစ်နေသဖြင့် ဘူတာရုံ ၀န်ထမ်းများ ကလည်း သည်နေ့ အဖို့တော့ တွဲပေါ်အထိ လိုက်ပို့ခွင့်ပြုထားသည်။
" ကောင်မလေးတွေ တက်ထား၊ တက်ထား၊ ရထားထွက်ခါနီးမှ တက်ရင် ကိုယ့်လိုလူတွေ ပြုံးတိုးတာ နဲ့ တွေ့ဦးမယ်၊ ညည်းတို့ အပေါ်ရောက်တာ၊ မရောက်တာ ခေါင်းတွဲက မြင်ရတာ မဟုတ်ဘူး၊ စကား ပြောချင်ရင် ပြတင်းပေါက်က ပြန်လာခဲ့ "
ဟန်ပို က စိတ်ပူတတ်စွာ လောဆော်သဖြင့် မနှင်းဖွေးတို့ မိန်းကလေးနှစ်ဦး ရထားတွဲဗပါ် ရောက်သွား သည်။ ဟိုဘက်ခြမ်း ဖြစ်နေသော မနှင်းဖွေးက သည်ဘက်ခြမ်းက လူကို တောင်းပန်၍ ပြတင်းပေါက် ရှိရာ သို့ တိုးဝှေ့ထွက်ခဲ့ပြီး ရဲဝင့်ကို နှုတ်ဆက်သည်။
" ကိုရဲဝင့်ရော မင်းဘူး ပြန်မှာလား "
" ပြန်ရမှာပေါ့ နှင်းရဲ့၊ ကျောင်းက ဖွင့်ရက်မှ မသေချာသေးတာ၊ လောလောဆယ်တော့ ကိုတင်စိုးတို့ စက် မှာ ခဏ သွားခိုနေမလို့ "
" အလုပ်ကရော " ရဲဝင့်က ရယ်သည်။
" ဒီလို အချိန်မျိုး အလုပ်အပ်မယ့် လူ ဘယ်ရှိမှာလဲ၊ စက်လည်း ရပ်ထားရတာပေါ့ "
မနှင်းဖွေးက ဟုတ်သားပဲဟု ရေရွတ်သည်။ ဒါဆို ဘာလို့ မပြန်လဲဟုလည်း မေးသည်။
" ကားတွေ ခက်နေသေးလို့၊ မကွေး မင်းဘူးက နျင်းတို့ မန္တလေးလောက် ဘယ်လွယ်မလဲ၊ နည်းနည်း ချောင်သွားတော့မှ ပြန်မှာ "
မနှင်းဖွေး က ကျပ်ညပ်နေသော ရထားကို လှည့်ကြည့်၍ ဒါလား လွယ်တာ … ဟု ပြောရင်း ရယ်သည်။
" ဘာပဲဖြစ်ဖြစ် တော်သေးတာပေါ့၊ ကိုရဲဝင့်တို့ မပြန်သေးလို့ နှင်းတို့ကို အခုလို လာကူညီနိုင်တာ၊ ကိုရဲဝင့်ရော၊ ကိုဟန်ပိုရော ကျေးဇူးတင်ပါတယ်နော် "
ဟန်ပို က မဲ့ပြုံး ပြုံးသည်။
" ကျေးဇူး တင်ချင်ရင် တို့ကို ကျေးဇူးမတင်နဲ့၊ ၄၅ ကျပ်တန်ကို ကျေးဇူးတင် "
" အဲဒါ ဘာပြောတာလဲ "
" မသိလည်း နေဟေ့၊ ဟိုမှာ ရထားထွက်တော့မယ်တဲ့၊ တာ့တာ တာ့တာ "
" တာ့တာ တာ့တာ၊ ကိုရဲဝင့် တာ့တာ "
ရဲဝင့်နှင့် ဟန်ပို လက်ပြနှုတ်ဆက်နေကြစဉ် မနှင်းဖွေးပါသော ရထားကြီး တရွေ့ရွေ့ ထွက်ခွာသွားပါ သည်။
ရဲဝင့် (၃)
ရဲဝင့်က ခုတင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်၍ ရှေ့တူရူကို ငေးငိုင်နေစဉ် ဟန်ပိုက အခန်းထဲ ၀င်လာသည်။
" ဟေ့ကောင် ဟန်ပို၊ လာ လာ အတော်ပဲ "
" တော်ရင် ထမင်း လိုက်ကျွေး "
" ဘုရားရေ၊ ငါက မင်းဆီက ပိုက်ဆံချေးမလို့ စောင့်နေတာ "
ဟန်ပို က ဟက်ဟက်ပက်ပက် ရယ်သည်။
" ညနေပိုင်း ကလေး အလုပ်လုပ်တာနဲ့ ကိုတင်စိုးဆီက လခ ထောင်ကျော်ရနေတဲ့ကောင်က ငါ့လို ဘိုင် ကောင် ဆီက ချေးစရာလေးကွ၊ ညနေတောင် ထမင်းစားစရာ ပိုက်ဆံ မရှိတော့လို့ မင်းဆီက ကပ်စား မလို့ လာတာ မောင် "
" သေရောကွာ "
ရဲဝင့် က နဖူးကို လက်နှင့် ရိုက်သည်။
" ဘာလဲဟ "
" ဘာရမလဲကွာ။ ကိုတင်စိုး ပေးတဲ့ ပိုက်ဆံတွေ တစ်နေ့ အရင်းအနှီး ပြန်လုပ်ချင် လုပ်ရမှာ ဆိုပြီး သေတ္တာထဲ မှာ စုထားတာ ရာတန်ချည်းပဲ၊ အခု သုံးမရတော့ အိတ်ထဲမှာ ငါးကျပ်တောင် မရှိတော့ဘူး၊ နှင်းတို့က ဒီနေ့ ဘူတာဆင်းကြမှာ၊ အဲဒါ သွားလိုက်ပို့ပေးမလို့ဟာ၊ စီးစရာ ကားခမရှိလို့ မင်း လာရင် ပိုက်ဆံချေးမလို့ စောင့်နေတာဟ "
" မတတ်နိုင်ဘူး၊ ရည်းစားလည်း မဟုတ်၊ ပိုးတာလည်း မဟုတ်၊ မစားရအညှော်ခံသွားမွှန် မနေနဲ့တော့၊ ကိုင်ဇာ သီချင်း အလိုက်ကလေးနဲ့ မင်းလည်း ငမွဲ၊ ငါလည်း ငမွဲဆိုပြီး ဟိုရေအိုးစင်က ရေသောက်ပြီးသာ အိပ်ပေတော့ " ရဲဝင့် အိပ်ရာပေါ် စိတ်ပျက် လက်ပျက် လှဲချလိုက်သည်။ ဟန်ပိုလည်း အိပ်ရာခြေရင်း ဘက်တွင် ကန့်လန့်ဖြတ် ၀င်လှဲချမိသည်။
" အမေတို့များ တယ်ခက်ကွာ၊ သားကလေး အင်ဂျင်နီယာလောင်းကို ရွှေလက်စွပ်ကလေး တစ်ကွင်းတောင် လုပ်ပေးမထားဘူး၊ ရှိလို့ကတော့ ရွှေဈေး က လေးထောင်တောင် ဖြစ်သွား ပြီ ပြောတယ်၊ သွားပြောရုံပဲ " ဟန်ပိုက ညည်းတွားနေဆဲ …
ခေါင်းရင်း က ရဲဝင့် ရုတ်တရက် ပျာယီးပျာယာ လူးလဲထသံ ကြား၍ ခေါင်းထောင်ကြည့်တော့ ရဲဝင့် ခုတင် ပေါ် မှာ ဒူးထောက်ထိုင်ရင်းက ခေါင်းရင်း နံရံတွင် ကပ်ထားသော တစ်စုံတစ်ရာကို ကြိုးစားပမ်းစား ခွာနေ သည်ကို တွေ့ရသည်။
" ဘာလဲကွ ဟေ့ကောင် "
" ၄၅ ကျပ်တန် ကွ၊ ငါ ကိုတင်စိုးဆီမှာ အလုပ်မလုပ်ခင်တုန်းက လအလယ်ကောင်ကြီးမှာ ၄၅ ကျပ်တန် တစ်ရွက် တည်း ကျန်အောင် ဘိုင်ပြတ်ဖူးတယ်၊ အဲဒါ ကိုယ့်ကိုယ်ကိုယ် ဆုံးမတဲ့ အနေနဲ့ အဲဒီ ၄၅ ကျပ်တန် ကို သုံးမပစ်ဘဲ ခေါင်းရင်းမှာ ကပ်ထားပြီး တစိမ့်စိမ့် ကြည့်နေတာ၊ အခုတော့ သုံးစရာ ဒါပဲ ရှိ တော့တာ၊ ရပြီ " ရဲဝင့်က ၄၅ ကျပ်တန်ကို အိတ်ကပ်ထဲ ထည့်၍ ခုတင်ပေါ်မှ ကမန်းကတန်း ဆင်းပြီး ဆင်ကြယ်ဖိနပ် ကို စီး သည်။
" ဘူတာလား "
" အေး မင်းလည်း လိုက်ခဲ့ "
" ပြီးရင် ထမင်းကျွေး " " ကျွေးပါ့မယ်ကွာ၊ ငါ့မှာ စားစရာ ရှိရဲ့သားနဲ့၊ မင်း အငတ်ထားမလား၊ ဘယ်တုန်း က ရဲဝင့် အဲသလို စိတ် ဓာတ်ရှိဖူးသလဲ ပြော " " ပြောပေါ့ကွာ။ ၄၅ ကျပ်တန် တန်ခိုးက ကြီးတာကိုး "
သူငယ်ချင်း နှစ်ယောက်သား ရယ်၍ ဘူတာဆီသို့ သွားရန် ကားလမ်းဘက်သို့ ပြေးခဲ့ကြသည်။ နောက် တစ်ပတ်ခန့် အကြာ တွင် ရဲဝင့်လည်း မင်းဘူး ပြန်ရောက်လာသည်။ အဆင့်ဆင့် စီးခဲ့ရခြင်းဖြစ်၍ သည် တစ်ခါတော့ နေ့လယ်ကြီးရောက်လာခဲ့သည်။
အထက်တန်း ကျောင်းတွေလည်း ပိတ်ထားသဖြင့် ဆရာ ဦးအောင်ဝင့် အိမ်မှာပဲ ရှိနေ သည်။ ဒေါ်ခင်ခင်နှင့် သမီး စိမ်းဝေတို့က အပြင်သွားနေသတဲ့။
" ဖေဖေ တို့ အဆင်ပြေရဲ့လား "
ဦးအောင်ဝင့်က ရယ်သည်။
" သူများတွေက စီးပွားပျက်တာကွ၊ ဖေဖေ့မှာက ပျက်စရာ စီးပွားမှ မရှိတာ သားရယ်၊ ဘာထိခိုက် မှာတဲ့တုံး "
ရဲဝင့် လည်း လိုက်ရယ်မိသည်။ ဟုတ်ပ။ ကိုတင်စိုး ပေးထားသည့် ထောင်ဂဏန်း အနည်းငယ်မျှသော ပိုက်ဆံ ဆုံးရှုံးရသည်ကို သူ့မှာ တခုတ်တရ ညည်းနေရတာ၊ စီးပွားရေး လုပ်ငန်းရှင်များကြားလျှင် ဒေါပွ ကြဦး မည်။
ဦးအောင်ဝင့် က ရဲဝင့် ကို အိမ်စောင့်ထားခဲ့ ၍ ကျောင်းဘက် တစ်ချက် သွားကြည့်ဦးမည်ဟု ဆိုကာ ထွက် သွားသည်။
ရဲဝင့် က အိမ်ရှေ့ ဒန်းကလေးတွင် ထိုင်၍ စာဖတ်နေသည်။
စက်ဘီးသံ။ မိန်းကလေး ငယ်ငယ် ရယ်သံ။ စကားပြောသံ။
အသံ သဲ့သဲ့ တို့ကြောင့် အမြင့်တွင် ရှိနေသော ကတ္တရာလမ်းဘက် မော့ကြည့်မိသည်။
၁၄-၅-၆ နှစ် အရွယ် မိန်းကလေး နှစ်ဦး။
စက်ဘီး ကိုယ်စီ ကိုင်၍ ရပ်ရင်း စကား ပြောနေသည်။ နောက်တော့ တစ်ဦးက စက်ဘီးပေါ်တက်၍ စီးပြီး လက်ပြ ထွက်ခွာ သွားသည်။
တစ်ဦး က ကုန်းစောင်းကလေးအတိုင်း စက်ဘိးကို တွန်း၍ ဆင်းလာနေသည်။
စစ်ရောင် ဘလောက်စ် အင်္ကျီ ကလေးနှင့်။ ဆံပင်ကလေး ကျောဝဲရုံ မျှလောက်ကို နှစ်ဖက်ခွဲ၍ ချည်ပြီး ပခုံးတစ်ဖက်စီ မှာ ချထားသည်။ လုံချည်ကလေးက လေယာဉ်မောင်စ အပြာရောင် …. ပြောင် ။
မျက်တောင် တို့က ရှည်၍ ဖြောင့်စင်း နေသည်။ မျက်ခုံး ထူထူတို့က ထင်းနေသည်။ သနပ်ခါး မကူသော၊ ဆေးမခြယ်သော မျက်နှာကလေးက မဖြူမညို၊ ကွက်တိ အနေတော် ဖြစ်နေသော အသားလတ်လတ် ၏ ကြည်လင် သန့်စင်မှုကို လက်ဖ၀ါးပေါ် တင်ပြထားသလို ရှင်းနေအောင် မြင် ရစေသည်။ လှလိုက်တဲ့ မိန်းကလေး။
နောက် နှစ်နှစ်လောက်ဆိုလျှင် မင်းဘူးတစ်မြို့လုံး မသိသူ မရှိဖြစ်တော့မှာပဲ။ အခု ငယ်ငယ် ကလေးနှင့် တောင် သည်လောက် လှနေတာ။ စိမ်းဝေသူငယ်ချင်းလား မသိ။
အရွယ် မရောက်တရောက် မိန်းမလှကလေးက ရဲဝင့် ထိုင်နေရာ ဒန်းဆီသို့ တည့်တည့်လျှောက်လာ၍ စက်ဘီး ကို ဒေါက်ထောက်သည်။ ရဲဝင့်ကို ပြုံးပြသည်။
" စိမ်းဝေ မရှိဘူး သမီး ရဲ့၊ အပြင်သွားနေတယ်တဲ့ "
မိန်းကလေး က ပထမ ပါးစပ် အ၀ိုင်းသားကလေး ဖြစ်သွားသည်။ ပြီးတော့ ပြုံးစူစူ။ ပြီးတော့ မျက်စောင်း လှလှ တစ်ချက် ထိုးသည်။
" ကိုကို ဘယ်လို ဖြစ်နေတာလဲ၊ စိမ်းဝေလေ "
ဘုရားရေ ဒါ စိမ်းဝေတဲ့လား။
သည် တစ်ခါ ပါးစပ် အဟောင်းသား ဖြစ်သွားရတာက ရဲဝင့်ပါ။
စိမ်းဝေ (၂)
မျက်တွင်းနက်သဖြင့် သူငယ်ချင်းများက ရုပ်ဆိုးလိုက်တာဟု ကဲ့ရဲ့ခံရသော ကိုကို မျက်တွင်းက ပိုနက်လာ သည်။ အညာမှာ နေသော စိမ်းဝေ၏ အသားက မညိုဘဲ ရန်ကုန်မှာနေသော ကိုကို့အသားက ညို၍ ပြာ နေ သည်။
" ကိုကို အလုပ် လည်း လုပ်နေတယ်ဆို၊ အရမ်း ပင်ပန်းလားဟင် "
ကိုကို က ပြုံးသည်။
" စက္ကူစက် ဆိုပေမယ့် ကိုကိုက ကြီးကြပ်ရုံလောက်ပါပဲ၊ ဒါပေမဲ့ သွားစရာ လာစရာရှိရင် ရန်ကုန်က တစ် ခါ တစ်ခါ ထွက်တိုင်း ဒီမှာ မင်းဘူးနဲ့ မကွေးလောက် သွားရတာ "
" မြစ်ကူးရလို့လား " ကိုကိုက ရယ်သည်။
" ဒီကောင်မလေး ပေါက်ပေါက် ရှာရှာ၊ မြစ်တော့ ဘယ်ကူးရမလဲဟ၊ ဒါတောင် တစ်ခါတစ်ခါ သန်လျင် ဘက် အထိ သွားရင်တော့ သင်္ဘောစီးရသေးတယ်၊ အဲဒါက မပင်ပန်းပါဘူး၊ မစုမိ လိုက်တာ နာတာ "
စိမ်းဝေက မျက်မှောင်ကြုတ်သည်။
" ကိုကို က ဘာတွေ သုံးပစ်လို့လဲ "
ကိုကို က ရယ်ပြန်သည်။
" ဘာသုံးရမလဲဟ၊ ရာတန် ဖြစ်သွားတာ ပြောတာ၊ ဒါပေမဲ့ အခုပြန်တော့ နည်းနည်း လဲပေးတော့ ရပါ တယ်၊ ပြဿနာ က လုပ်ငန်းတွေ ရပ်နေတာ၊ ဒီတစ်ခါ ပြန်စရင်တော့ ကိုကိုလည်း စက်ကလေး တစ်လုံးလောက် ခွဲလုပ်ချင်သေးတယ်၊ ကိုတင်စိုး ကလည်း ကူညီမယ်တဲ့၊ ငွေလည်း ချေးမယ်၊ အခြေ အနေတွေ ပုံမှန် ပြန်ဖြစ်ရင် အဲဒါကလေး လုပ်ချင်သေးတယ် "
စိမ်းဝေ က နှုတ်ခမ်းကလေးစူသည်။
" ကိုကို့အသက်က ၁၉ တောင် မပြည့်သေးဘူး၊ ဘာလို့ ဒီလောက် ချမ်းသာချင်နေရတာလဲ၊ ကိုကို မိန်းမ ယူတော့မလို့လား "
ကိုကို က ရယ်၍ ဒန်းကလေးတွင် အတူ ထိုင်နေသော စိမ်းဝေ၏ ခေါင်းကို ဖွဖွ ပုတ်လိုက်သည်။
" မိန်းမ ယူဖို့ နေနေသာသာ ရည်းစားတောင် မထားဖူးသေးပါဘူးကွာ၊ ကိုကိုတို့ ဘ၀က ပြည့်စုံတာမှ မဟုတ်တာ၊ ဖေဖေက ကျတဲ့အရွယ် ရောက်နေပြီ၊ တစ်နေ့ကျရင် ဒီ အိမ်ထောင်စုကိုရော၊ စိမ်းဝေကိုပါ တာဝန် ယူနိုင်အောင် ကိုကို ကြိုးစားနေတာ " အပျိုပေါက် မလေး အသက်ရှူဖို့ မေ့သွားသည်။
" စိမ်းဝေကို တာဝန်ယူဖို့၊ အဲဒါ ဘာပြောတာလဲ " " ကျောင်းထားပေးဖို့လေ စိမ်းဝေရဲ့၊ စိမ်းဝေက ခုမှ ရှစ်တန်းပဲ ရှိသေးတာ " စိမ်းဝေ သက်ပြင်း ခိုးချသည်။ ကိုကိုက ရယ်ပြန်သည်။
" ပြောသာ ပြောရ၊ ဒီကောင်မလေး ငါ့အရင်တောင် အိမ်ထောင် ပြုချင်ပြုမှာ "
စိမ်းဝေ မျက်နှာကလေး နီသွားသည်။
" ကိုကိုကလည်း "
" ကိုကိုက မလည်းနဲ့ အခုပြော၊ အပေါ်တန်းက ကောင်တွေ စိမ်းဝေကို စာလိုက်ပေးနေကြပြီ မဟုတ်လား "
စိမ်းဝေ နှုတ်ခမ်း စူသည်။
" ကိုကို ကလည်း စိမ်းဝေက မယူပါဘူး "
စိမ်းဝေ တစ်ခု သတိရသွားသည်။
" နေပါဦး ကိုကို က ဘာလို့ စိမ်းဝေကို မမှတ်ရတာလဲ "
ကိုကို က ရှက်ကိုးရှက်ကန်းသာ ရယ်နေသည်။
" ပြောလေ၊ ဘာလို့ ကိုယ့်နှမကို မမှတ်မိရတာလဲလို့ "
" စိမ်းဝေက စိတ်ဆိုးနေတာလား "
" ဆိုးတာပေါ့ "
" ကဲပြော၊ အဲဒါဆို ဘာဝယ် ကျွေးရမလဲ "
စိမ်းဝေ က ပြုံးစူစူကလေး လုပ်ပြသည်။
" ဘာမှ ၀ယ်မကျွေးနဲ့၊ ရွှေစက်တော် လိုက်ပို့ "
" ဘယ်လို "
" ဟုတ်တယ် စိမ်းဝေက ကျောင်းက သူငယ်ချင်းတွေနဲ့ စုပြီး ရွှေစက်တော် သွားချင်တာ နှစ်တိုင်းပဲ ပူဆာလိုက်ရင် မေမေက မိန်းကလေးတွေချည်းပဲ အန္တရာယ် များတယ်တဲ့၊ သူစိမ်း ယောက်ျားကလေးတွေ နဲ့ လည်း မထည့်နိုင်ဘူးတဲ့၊ စိမ်းဝေက ကလေးပဲ ရှိသေးတဲ့ဟာကို မေမေက အပျိုကလေး ကျနေတာပဲ၊ စိတ်ပူနေ လိုက်တာ၊ အဲဒါ ကိုကို ပြန်ရောက်နေတဲ့ အခိုက်ဆိုရင်ကောလို့ မေးတော့၊ သွားတဲ့ "
ကိုကို က ဟက်ဟက်ပက်ပက် ရယ်သည်။
" စိမ်းဝေ ရယ်၊ အခု ရွှေစက်တော်က ဖွင့်လို့လား "
စိမ်းဝေ လျှာကလေး တစ်လစ် ထုတ်ပြသည်။
" ဟုတ်သားပဲ မဖွင့်သေးဘူး "
" ကဲ ဒါဆိုလည်း အန်တီခင့်ကို ခွင့်တောင်း သူငယ်ချင်းတွေကို ချိန်း၊ ကျောင်းတော်ရာကို လိုက်ပို့ပေးမယ် ဟုတ်လား " " ဟေး ဒါမှ တို့ကိုကိုကွ "
ကျောင်းတော်ရာ သွားဖို့ သူငယ်ချင်း တစ်ယောက်အိမ်မှ ကား စီစဉ်ပေးလိုက်သည်။ မောင်းမည့်သူတော့ ရှာတဲ့၊ ကိုကိုက သူမောင်းမည် ပြောတော့ စိမ်းဝေ အံ့သြရပြန်သည်။ အိမ်တွင် ကားမရှိသော ကိုကို ဘယ်လို ကားမောင်း သင်လိုက်ပါလိမ့်။
" ရန်ကုန် မှာ စက္ကူတင်တဲ့ ကုန်ကားတောင် မောင်းနေပါပြီ၊ စိမ်းဝေရယ် "
ကားက ဟိုင်းလပ်ကား၊ စိမ်းဝေက ခေါင်းခန်းမှာ ကိုကိုနှင့် မထိုင်ဘဲ နောက်မှာ သူငယ်ချင်းများနှင့် သွား ထိုင်ချင်သည် ပြောတော့ ငယ်ငယ်က ကိုကို့ကို အမြဲကဲ့ရဲ့နေကျ သူငယ်ချင်း နွယ်နွယ်က ငါတော့ ဖုန်ပေမှာကြောက်တယ်ဟု ပြောကာ ရှေ့မှာ သွားထိုင်သည်။
တစ်လမ်းလုံး ကိုကိုနှင့် အစဉ်မပြတ် စကားပြောနေသော နွယ်နွယ်ကို ကြည့်ကာ စိမ်းဝေရင်ထဲတွင် အစာ မကြေချင်။
စန္ဒကူးတော အလယ်တွင် အားလုံး အမောဖြေကြသော်လည်း သူတို့ မြင်ချင်သည့် ဘုရားဖူး ငါးကြီးများ ကိုတော့ မတွေ့ရ။
" ငါးကြီးတွေ မလာကြတော့ဘူးလား အဘ "
အနားမှ လူကြီးတစ်ယောက်ကို မေးကြည့်တော့ လူကြီးက ခေါင်းခါသည်။
" လာတဲ့ အခါလည်း လာတယ်ကွယ့်၊ အရင်ကနဲ့ စာရင် တော်တော် နည်းသွားပြီ၊ လူတွေကလည်း စည်း ကမ်း မရှိ၊ သီလမရှိကြတော့ဘူးကွယ့်၊ ငါးကြီးတွေကို အပြန်မှာ စောင့်စောင့်ဖမ်းကြတယ် "
လူ တစ်ယောက်စာလောက် ရှိနေသည့် ထူးဆန်းသည့် ငါးကြီးများကို ဘုရားတွင် ကပ်ထားသော ဓာတ်ပုံ များတွင်သာ ကြည့်ရသဖြင့် သူငယ်ချင်း တစ်သိုက် မပျော်ကြ။
ကိုကိုကတော့ အေးအေးဆေးဆေး သူတစ်ယောက်တည်း ဘုရားကို အကြာကြီး ရှိခိုးနေသည်။
" ယောင်းမရေ၊ နင့် အစ်ကိုက ငယ်ငယ်ကလောက်တော့ စကားပြောရင် မကြီးကျယ်တော့ဘူးဟ "
နွယ်နွယ် က စိမ်းဝေကို စတော့ စိမ်းဝေက အောင့်သက်သက်။
" ဘာလဲ ငယ်ငယ်ကလောက် မကြီးကျယ်တော့ဘူးဆိုတော့ နည်းနည်းတော့ ကြီးကျယ်တုန်းပဲလို့ နင်က ပြောချင်တာလား "
" ဒီလိုဟာ သူ တော်တာတွေတော့ မပြောတော့ဘူး၊ သူ ဘယ်လို ရုန်းကန်ရတယ်၊ ကြိုးစားနေ ရတယ်တွေတော့ လျှောက်ပြောနေတုန်းပဲ "
" အဲဒါ သူ တကယ် ရုန်းကန်ရလို့ ရုန်းကန်ရတယ် ပြောတာပဲ၊ နင်က ဘာလို့ ကြီးကျယ်တယ်လို့ ပြောရတာလဲ "
" ဟဲ့ လူ ဆိုတာ ကိုယ့်ဘ၀နဲ့ ကိုယ် ဒီလိုပဲ ရုန်းကန်ကြရတာပဲ၊ သူများတွေက သူ့လို လျှောက်ပြောမနေ ဘူးလေ "
" သူများတွေကမှ သူ့လောက် မရုန်းကန်ရတာ၊ ငါ့အစ်ကိုက သူ့သက်တူ ရွယ်တူ ယောက်ျားလေးတွေ အများစု ထက်တော့ ကိုယ့်ဘ၀ကို ကိုယ် နားလည်တယ်၊ ကိုယ့်အချိန်ကို ကိုယ် တန်ဖိုးထားတယ်၊ ဒါကြောင့် အချိန်ရှိသရွေ့ သူ့ဘ၀ တိုးတက်ရာ တိုးတက်ကြောင်းပဲ လုပ်နေတာ၊ ဒါပဲ အာရုံရှိတော့ စကားပြောလည်း ဒီစကားတွေပဲ ထွက်လာမှာပဲ၊ အဲဒါ ကြီးကျယ်တယ် ထင်ရင် နင် ဘာလို့ ဧည့်ထောက်ခံနေသေး လဲ၊ ငါ နောက်က ကြည့်နေတာ နင်တို့ စကားပြောတာ ရပ်တောင် မရပ်ဘူး "
နွယ်နွယ် ရုတ်တရက် ပါးစပ် အဟောင်းသားဖြစ်သွားပြီးမှ ရယ်သည်။
" ရယ်စရာ ပြောတာပါ ယောင်းမရယ်၊ သူ့အစ်ကိုဘက်က နာနေလိုက်တာ၊ သူပြောတာ နားထောင် လို့ ကောင်းပါတယ်၊ ငါက အပြန် တစ်လျှောက်လုံး ထပ် နားထောင်ဦးမှာ "
" မရဘူး "
" ဘာလို့ "
" နင်ပဲ ဖုန်ကြောက်တာ မဟုတ်ဘူး၊ ငါလည်း ကြောက်တာပဲ၊ အပြန်ကျရင် ငါ ရှေ့က ထိုင်မယ် "
နွယ်နွယ်က ဟက်ဟက်ပက်ပက်ရယ်။
" ဖုန်ကြောက် တာ မဟုတ်ပါဘူး ဟယ်၊ တွန့်တိုတာ ငါ သိပါတယ် "
" ဘာ ကို တွန့်တိုနေကြတာလဲ "
ရဲဝင့် အနား သို့ ရောက်လာပြီး ရုတ်တရက် မေးလိုက်သဖြင့် အားလုံး ရှက်ကိုးရှက်ကန်း ၀ိုင်းရယ်ကြ သည်။
အပြန်ခရီး တွင်တော့ စိမ်းဝေ ရှေ့က ထိုင်သည်။
" ကိုကို "
" ဟေ "
" နွယ်နွယ် နဲ့ ဘာတွေ ပြောလာကြတာလဲ "
ကိုကို က လှည့်ကြည့်၍ ရယ်သည်။
" ဘာတွေ ပြောလာမှန်းတောင် မမှတ်မိပါဘူးဟာ၊ ဘာဖြစ်လို့လဲ "
စိမ်းဝေ ရုတ်တရက် ဘာပြန်ပြောရမှန်းမသိ၊ ခဏနေမှ မေးသည်။
" ကိုကို နွယ်နွယ် က လှသလားဟင် "
ကိုကို က စိမ်းဝေမျက်နှာ ကလေးကို ငဲ့ကြည့်၍ပြုံးသည်။
" စိမ်းဝေရယ်၊ စိမ်းဝေ သူငယ်ချင်းတွေထဲမှာ စိမ်းဝေက လှသလားလို့ မေးရလောက်အောင်တော့ တစ်ယောက်မှ မပါပါဘူးဟာ "
" ရှင် "
ဒါက ဘာကို ဆိုလိုတာလဲ။ စိမ်းဝေကို သိပ်လှသည်ဟု ကိုကိုက ဆိုလိုတာလား။ စိမ်းဝေကို သိပ်လှ သည်ဟု ပြောသူတွေတော့ စိမ်းဝေ မကြာခဏ တွေ့ရဖူးပါသည်။ သို့သော် ဒါက ကိုကိုလေ၊ မောင်နှမ ချင်း သည်လို ပြောစရာမှမဟုတ်တာ။
ဘုရားရေ တကယ်တော့ ငါတို့ ဘာမှလည်း မတော်ကြပါလား။
စိမ်းဝေ ရှက်စနိုးနှင့် ခေါင်းငုံ့သွားပါသည်။
ကျောင်းတွေပြန်ဖွင့်တော့ ကိုကို ရန်ကုန်ပြန်သွားသည်။
တော်တော်နှင့် ဆုံဖို့ မလွယ်တော့ဟု တွေးမိသဖြင့် စိမ်းဝေရင်ထဲမှာ ဟာတာတာဖြစ်မိသည်။ သို့သော် ကိုကိုက တစ်နှစ်မပြည့်ခင်ပင် ပြန်ရောက်လာသည်။
ရွှေစက်တော် ရာသီပါ။ စိမ်းဝေကို ရွှေစက်တော် ပို့ပေးမယ်လို့တဲ့။ စိမ်းဝေအပေါ် မှတ်မှတ် သားသား ရှိသော ကိုကို့ကို ရင်ထဲက နွေးထွေးစွာ ကျေးဇူးတင်မိသည်။
သို့သော် စိမ်းဝေ ကံမကောင်းပါ။
မုန်းချောင်းရေ ရုတ်တရက် ပြိုကျ လျှံဆင်းလာသဖြင့် ရွှေစက်တော် ဘုရားပွဲ ပျက် သွားသည်။ သေသူ တေါလည်း ရှိသည်။ ဒဏ်ရာ ရသူတွေလည်း ရှိသည်။ စိမ်းဝေတို့ ရွှေစက်တော် မသွားဖြစ်တော့။
" မင်းဘူး ဆေးရုံမှာ အန်ကယ်စိုးတို့နဲ့ သွားတွေ့လိုက်ဦးမယ် "
ကိုကိုက ဖေဖေ့ကို ခွင့်တောင်းသည်။
" သူတို့ ဆရာဝန်တွေ ဘုရားပွဲက ဒဏ်ရာရလာတဲ့ လူနာတွေနဲ့ အလုပ်ရှုပ်နေတာ သားက ဘာသွားလုပ် မလို့လဲ "
" ဘာ ကူညီရမလဲ လို့ ဖေဖေ၊ သားတို့က မြို့ခံလူငယ်တွေ၊ ၀ိုင်းကူဖို့ တာဝန်ရှိတာပေါ့ "
" မင်းက ဆေးကုတတ်တာမှ မဟုတ်တာ "
" ဟိုပြေး သည်လွှား ခိုင်းလို့ ရတာပေါ့ ဖေဖေ၊ လိုတဲ့လူရှိရင် သား သွေးလည်း လှူခဲ့မယ် "
" သမီးလည်း လိုက်မယ် "
စိမ်းဝေ က ၀င်ပြောတော့ မေမေက မျက်စောင်းထိုးပြသည်။
" စိမ်းဝေ ကလေး က ကလေးနေရာ နေစမ်း "
" မေမေ ကလည်း "
ဖေဖေက ရယ်၍ "သူ့အစ်ကိုနဲ့ပဲကွယ်၊ သွားပါစေ၊ သားတို့ နောက်သာ မကျကြနဲ့" ဟုပြောသည်။
စိမ်းဝေ ကိုကိုနင်းသော စက်ဘီး နောက်ထိုင်ခုံမှာ ထိုင်၊ ကိုကို့ ခါးကို ကိုင်၍ ကျေနပ်စွာ လိုက်ပါသွား ပါသည်။
ဆက်ရန်
.

No comments:
Post a Comment