သူ့မျက်လုံးများ ထဲမှာ ထင်ဟပ်နေသည့် အရောင်သည် ဒေါသရောင်လား၊ စပ်စုစူးစမ်းသည့် အရောင် လား ကျွန်မ သေသေချာချာ မဝေခွဲတတ်ပါ။ ကျွန်မ ကို မြင်လိုက် ရသည်နှင့် တစ်ပြိုင်တည်း သူ့ မျက်နှာ ပေါ်တွင် အမူအရာတစ်မျိုး ဖုံးလွှမ်းသွားသည် ကတော့ သေချာ ပါသည်။ စကားတစ်ခွန်းမျှ သူ မပြော သော်လည်း ကျွန်မသည် အပြစ်တစ်ခုခု ကို ကျူးလွန် လိုက်မိသလို ခံစားနေရသည်။ ရှက်လည်း ရှက် လှ ပါသည်။ ကျွန်မ၏မျက်နှာပေါ်မှာ လွှမ်း လာသည့် ရှက်သွေးကြောင့် သူတစ်ပါးပိုင်နက်အတွင်း ကျူး ကျော်ဝင်ရောက်မိသူ လိုဖြစ်နေကြောင်း ထင်ရှားပါသည်။ ကို ဆက်ဖတ်ရန်.....
"ကျွန်မ မျက်စိလည်နေပါတယ်ရှင်... ကျွန်မတို့အခန်းကို လိုက်ရှာနေတာ"ဟု ကျွန်မက စပြောမိသည်။
"အိမ် ရဲ့တစ်ဖက်ခြမ်း ကို ဆရာကတော်ရောက်နေပြီ။ ဒီဘက်ခြမ်းက အနောက်ဘက်ဆောင်"
"ဟုတ်... ဟုတ်ကဲ့... ကျွန်မ သိပါတယ်"
"အခန်း တစ်ခုခု ထဲကိုများ ဆရာကတော် ဝင်လိုက်မိသေးသလား"ဟု သူက ဆက်မေးပြန်ပါသည်။
"မဝင်ပါဘူး ရှင်... မဝင်ပါဘူး... တံခါးကလေးဖွင့်ကြည့်ရုံကလေး ကြည့်မိတာပါ။ အခန်းထဲကို ကျွန်မ မဝင်ပါဘူး။ အထဲမှာ မှောင်နေပါတယ်။ အိမ်ထောင်ပရိဘောကတွေကိုလဲ အဝတ်တွေနဲ့ ထုပ်ထားတာ တွေ့ရပါတယ်။ ကျွန်မ ဝမ်းနည်းပါတယ်ရှင်... တစ်ခုခုကို နှောင့်ယှက်ဖို့ ကျွန်မ လာတာ မဟုတ်ပါဘူး။ အဲဒီလိုစိတ်မျိုးလည်း မရှိပါဘူး။ ကျွန်မကို ယုံပါရှင်...။
ဒီအခန်းတွေ အားလုံးကို ရှင် ပိတ်ထားချင်လိမ့် မယ်လို့ ကျွန်မ ထင်ပါတယ်"
"အခန်းတွေ ကို ဖွင့်ထားစေချင်တယ်ဆိုရင် ကျွန်မ ဖွင့်ထားပေးပါ့မယ်။ ဆရာကတော် ဖြစ်စေချင်တာ ဘာမဆို ကျွန်မ ကိုပြောပြရင် ပြီးပါတယ်။ အခန်းတွေ အားလုံးမှာ ပစ္စည်းအပြည့်အစုံရှိပါတယ်။ အသုံးချ လို့လဲ ရပါတယ်"
"အို... မဟုတ်ပါဘူး... မဟုတ်ပါဘူး... ကျွန်မပြောတာက အဲဒီသဘောမျိုးမဟုတ်ပါဘူးရှင်"
"ဒါမှမဟုတ်ရင် ဒီအနောက်ဘက်ဆောင်ကြီးတစ်ခုလုံးကို လိုက်ပြစေချင်သလား"ဟု သူက မေးပြန်ပါ သည်။
ကျွန်မ က ခေါင်းခါပြလိုက်ပါသည်။
"မဟုတ်ပါဘူးရှင်... မပြပါနဲ့... ကျွန်မ အောက်ထပ်သို့ သွားပါတော့မယ်" ဟု ပြောရင်း လှေကားထစ် များ အတိုင်း ကျွန်မ ဆင်းလာခဲ့မိသည်။ သူကလည်း ကျွန်မဘေးမှ ဆင်းလိုက်လာသည်။ ကျွန်မက အကျဉ်းသား သူက ထောင်ဝါဒါနှင့်ပင် တူသေးတော့သည်။
"ဘယ်အချိန်ဖြစ်ဖြစ်ပေါ့... ဆရာကတော် ဘာမှလုပ်စရာမရှိလို့ ဒီဘက်ဆောင်က အခန်းတွေကိုကြည့် ချင်တယ် ဆိုရင် ကျွန်မကို ပြောပါ။ ကျွန်မ လိုက်ပြပေးပါ့မယ်"
သူ့စကားကြောင့် ကျွန်မ မနေတတ် မထိုင်တတ်ဖြစ်လာသည်။ ဘာကြောင့်မှန်းတော့ ကျွန်မ မသိပါ။
"ဖုန် မတက်အောင် အုပ်ထားတဲ့အဝတ်တွေကို ကျွန်မ ဖယ်ပစ်လိုက်ပါ့မယ်။ ဒါမှ ဒီအခန်းတွေကို အသုံး ပြုနေတဲ့ အခါတုန်းက ဘယ်လိုရှိခဲ့တယ်ဆိုတာ ဆရာကတော် သိနိုင်တယ်။ ဒါပေမဲ့ နံနက်ခန်း ထဲမှာ ဆရာကတော် စာရေးနေတယ်ထင်လို့ ကျွန်မ မပြောခဲ့တာပါ။ ဆရာကတော် လိုတာရှိရင် ကျွန်မ အခန်း ကို ဖုန်းဆက်လိုက်ပါ။ အခန်းတွေ အသင့်ဖြစ်အောင် ကျွန်မ ကြိုတင်ပြင်ဆင် ထားလိုက်နိုင် တာ ပေါ့။ အချိန်ကုန်လဲ သက်သာတာပေါ့"
လှေကားအတိုင်း ကျွန်မတို့ဆင်းလာကြသည်။ အောက်ကိုရောက်တော့ တံခါးတစ်ချပ်ကို သူက ဖွင့်ပေး သည်။ ပြီးတော့ ကျွန်မ ဝင်သာအောင် သူ့ကိုယ်သူ ဘေးဖယ်ပေးထားသည်။ သူ့မျက်လုံးများကမူ ကျွန်မကိုကြည့်ပြီး မေးခွန်းများထုတ်နေသယောင် ထင်မှတ်ရပါသည်။
"ရှင့်စေတနာကို ကျေးဇူးတင်ပါတယ် မစ္စက်ဒင်ဗာ။ ကြုံတဲ့အခါမှာ ကျွန်မ ပြောပါ့မယ်"
ကျွန်မတို့နှစ်ယောက်အတူ ထွက်ခဲ့ကြသည်။ ပင်မလှေကားကြီး၏ထိပ်သို့ရောက်လာကြောင်းတွေ့ရ သည်။
"ဘယ်လို လုပ်ပြီး ဆရာကတော် မျက်စိလည်သွားသလဆြိုတာ ကျွန်မစဉ်းစားမိတယ်။ အနောက်ဘက် ဆောင်ကိုသွား တဲ့ တံခါးတွေက ဒါတွေနဲ့ တခြားစီပဲ။ တစ်ပုံစီပဲ"
"ကျွန်မ ဒီဘက်က လာတာ မဟုတ်ဘူး"
"ဒါဖြင့် အိမ်နောက်ဖေးဘက်ကလာတာလား။ ကျောက်သားနဲ့လုပ်ထားတဲ့ စင်္ကြံဘက်ကလေ"
"ဟုတ်ပါတယ်။ ကျွန်မ အဲဒီစင်္ကြံအတိုင်း လိုက်လာမိတာပါ"ဟု ကျွန်မက သူ့မျက်လုံးများကို မကြည့်ဘဲ ပြန်ဖြေမိသည်။
သူက ကျွန်မကိုကြည့်မြဲကြည့်နေသည်။ ရုတ်တရက်ပေါ်လာသည့် ကြောက်ရွံ့စိတ်ကြောင့် နံနက်ခင်း ကို ကျောခိုင်းပြီး ဘာကြောင့် ထွက်ပြေးလာကြောင်း သူ့ကို ပြောပြလိမ့်မည် ဟု သူ မျှော်လင့်ထားပုံရ သည်။ ကျွန်မ ဖွင့်မပြောသော်လည်း ကျွန်မ ဘာဖြစ်ခဲ့သည်ကို သူ အတပ်သိနေပြီဟု ကျွန်မ ထင်ပါ သည်။ ကျွန်မ ကို သူ ချောင်းကြည့်ကောင်း ကြည့်နေခဲ့ပေလိမ့်မည်။
"မစ္စက်လေဒီ နဲ့ ဗိုလ်မှူးလေစီတို့ စောစောက ရောက်လာကြတယ်။ ၁၂ နာရီထိုးပြီးစတုန်းက။ သူတို့ မော်တော်ကားဝင်လာသံကို ကျွန်မ ကြားလိုက်ရတယ်"
"အို... ကျွန်မဖြင့် သတိတောင် မထားလိုက်မိဘူး"
"နံနက်ခန်း ထဲကို ဖရစ်က လိုက်ပို့ထားပြီးပြီနဲ့တူတယ်။ အခု ၁၂ နာရီတောင် ခွဲသွားပြီ။ ဆရာကတော် လမ်း သိပြီနော်။ ပြန်သွားတတ်ပြီမဟုတ်လား"
"သိပါပြီ မစ္စက်ဒင်ဗာ"
ကျွန်မ က ဧရာမလှေကားကြီးအတိုင်း ဆင်းပြီး ခန်းမကို ဖြတ်လျှောက်လာခဲ့သည်။ မစ္စက်ဒင်ဗာ သည် လှေကားထပ်မှာ ရပ်နေရင်း ကျွန်မကို အကဲခတ်ကြည့်နေမည်ဖြစ်ကြောင်း အတပ်သိပါသည်။
ကျွန်မသည် နံနက်ခန်းထဲသို့ ပြန်သွားပြီး မက်ဇင်မ်၏ အစ်မနှင့် ယောက်ဖ ကို တွေ့ရတော့မည်ဖြစ် ကြောင်း သိပါသည်။ အိပ်ခန်းထဲမှာ သွားပုန်းနေလို့ကတော့ မဖြစ်နိုင်ပြီ။ ခန်းမ ကို ဖြတ်လျှောက်လာ ရင်း နောက်ဘက်သို့ သမင်လည်ပြန် လှည့်ကြည့်မိသည်။ မစ္စက်ဒင်ဗာသည် ကင်းစောင့်နေ သည့် စစ် သားတစ်ယောက်လို လှေကားထိပ်မှာရပ်ပြီး ကျွန်မကို အကဲခတ်ကြည့်နေ ဆဲဖြစ်ကြောင်း မြင်တွေ့ရ သည်။
နံနက်ခင်း၏ တံခါးလက်ကိုင်ပေါ်မှာ လက်တင်ရင်း ခဏကြာအောင် ကျွန်မ ရပ်နေမိပါသည်။
အတွင်းမှ စကားပြောသံများကို နားထောင်နေမိသည်။ မက်ဇင်မ် ပြန်ရောက်နေပြီ။ ကျွန်မ အပေါ်ထပ် တက်နေ တုန်း ပြန်ရောက်လာတာဖြစ်မည်။ သူ့မန်နေဂျာကိုလည်း တစ်ပါတည်း ခေါ်လာလိမ့်မည်။ သည် လိုဆို လျှင်တော့ အခန်းထဲမှာ လူတွေကျပ်နေလိမ်မည်။ ကျွန်မစိတ်ထဲမှာ နေမထိ ထိုင် မသာကြီး ဖြစ်လာပြန် ပါ သည်။ အတွေ့အကြုံမရှိသော ကလေးငယ်တစ်ယောက်လို ဧည့်သည်တွေနှင့် လက်ဆွဲနှုတ်ဆက် သောအခါ မပြောတတ် မဆိုတတ်ဖြစ်ဦးတော့မည်။ တံခါးလက်ကိုင်ကိုလှည့်ပြီး ဖွင့်လိုက် သည်။ မြောက်မြားစွာသော လူမျက်နှာများကို မြင်တွေ့လိုက်ရသည်။ အားလုံးလည်း တိတ်ဆိတ် သွားသည်။
"ဟောဟိုမှာပေါ့ဗျာ... နောက်ဆုံးတော့ သူ ရောက်လာပါပြီ" ဟု မက်ဇင်မ်က ဆီးပြောသည်။ "နေစမ်း ပါဦး... မင်း ဘယ်သွားပုန်းနေတာလဲ... ရှာဖွေရေးအဖွဲ့ဖွဲ့ပြီး လိုက်ရှာခိုင်းရကောင်းမလားလို့ ကိုယ်တို့ စဉ်းစားနေကြ တာ။ ဟောဒါက ဘီယက်ထရစ်၊ သူက ဂျိုင်းလ်စ်... ဟောဟိုက ဖရင့်ခရော်လေ... အောက်ကိုကြည့်ဦး။ ခွေးတက်နင်းမိတော့မယ်"
ဘီယက်ထရစ် သည် အရပ်ထောင်ထောင်မောင်းမောင်း၊ ပခုံးကျယ်ကျယ်၊ အလွန်ခန့်ညားသည်။ မျက် လုံးနှင့် မေးရိုး များက မက်ဇင်မ်နှင့် တစ်ပုံတည်း တူညီလှသည်။ သို့သော်လည်း ကျွန်မ မှန်းဆကြည့် ထား သလို ဖျတ်လတ် သွက်လက်ပုံတော့ မရလှ။ ခွေးများကို စိတ်ရှည်လက်ရှည် ပြုစုယုယတတ်ပုံရ သည်။ မြင်းစီး ကျွမ်းကျင်ပြီး သေနတ်ပစ် လက်တည့်သည့်ပုံမျိုးဖြစ်သည်။ ကျွန်မကို သူ မနမ်းပါ။ လက် ကို တင်းတင်း ကျပ်ကျပ်ကြီး ဆုပ်ပြီး နှုတ်ဆက်သည်။ ကျွန်မ၏မျက်လုံးများကိုလည်း တည့်တည့်ကြီး စိုက်ကြည့်နေ သည်။ ပြီးတော့မှ မက်ဇင်မ်ဘက်သို့ လှည့်ပြောသည်။
"ငါ ထင်ထားတာနဲ့တော့ လုံးလုံးကြီးလွဲသွားပြီဟေ့... မင်း ရေးလိုက်တဲ့စာနဲ့လဲ ဘာမှမဆိုင်ပါလား..."
အားလုံး က ရယ်ကြသည်။ ကျွန်မလည်း ရောယောင်ရယ်မိပါသည်။ သည်လို ရယ်ခြင်းမှာ ကျွန်မကို ဆန့်ကျင်သည့် သဘောလား၊ ထောက်ခံသည့် သဘောလား ကျွန်မ မပြောတတ်ပါ။ ကျွန်မနှင့်ပတ်သက် ပြီး သူက ဘယ်လို ထင်ထားလို့လဲ။ မက်ဇင်မ်ကရော ကျွန်မနှင့်ပတ်သက်ပြီး ဘယ်လို စာရေးပြောထား သလဲ ဆိုသည်များ ကိုလည်း တစ်ဆက်တည်း တွေးကြည့်နေမိပါသည်။
"ဟောဒါက ဂျိုင်းလ်စ်..." မက်ဇင်မ်က ကျွန်မ၏လက်မောင်းကို ဆွဲခေါ်ပြီး မိတ်ဆက်ပေးသည်။ ဂျိုင်းလ်စ် က ကြီးမားသည့် သူ့လက်ဖဝါးကြီးများဖြင့် ဆွဲကိုင်နှုတ်ဆက်သည်။ သူ့မျက်လုံးများ ကလည်း ဖော်ရွေသော အပြုံးမျက်လုံးများဖြစ်ပါသည်။
"ဒီမှာ ဖရင့်ခရော်လေ..."
မက်ဇင်မ်၏ စကားအဆုံးတွင် သူ့မန်နေဂျာဘက်သို့ ကျွန်မ လှည့်လိုက်သည်။ မျက်နှာမှာ သွေးရောင်မရှိ ကိုယ်လုံး ကိုယ်ထည်က ပိန်ပိန်ပါးပါး။ စလုတ်က ကြီးကြီး။ ကျွန်မကို စိုက်ကြည့်နေသည့် သူ့မျက်လုံး များထဲ မှာ စိတ်သက်သာရာရာသွားသည့် အရိပ်အယောင်ကို မြင်ရသည်။ ဘာကြောင့် သည်အမူအရာ မျိုး ရှိနေရသနည်း။ ကျွန်မ စဉ်းစားချိန်မရတော့ပါ။ ကျွန်မအတွက် ရှယ်ရီအရက်ချိုကို ဖရစ်က ယူလာ ပေးသောကြောင့် ဖြစ်ပါသည်။ ဘီယက်ထရစ်က ကျွန်မကို စကားလှမ်းပြောသည်။
"မနေ့ည ကမှ မင်းတို့ပြန်ရောက်ကြတယ်လို့ မက်ဇင်မ်က မမကို ပြောပြတယ်။ မမတို့ကလဲ ကြိုမသိဘူး ကွယ်။ စောစောက သိထားရင် မင်းတို့ အခုလို ခရီးရောက်မဆိုက်ကြီးမှာ လာပြီး နှောင့်ယှက်မိမှာ မဟုတ်ပါဘူး။ ထားပါတော့လေ... မန်ဒါလေစံအိမ်ကြီးနဲ့ ပတ်သက်လို့ ငါ့ညီမ ဘယ်လိုထင်သလဲ"
"ဘာမှ ဟုတ္တိပတ္တိ ကျွန်မ မကြည့်ရသေးပါဘူးရှင်... လှတော့ သိပ်လှတာပဲ"ဟု ကျွန်မက ပြန်ဖြေလိုက် ပါသည်။
ကျွန်မ တင်ကူးမျှော်မှန်ထားသကဲ့သို့ပင် ကျွန်မကို ခြေဆုံးခေါင်းဆုံး အကဲခတ်ကြည့်နေပါသည်။ သို့သော် လည်း ခိုးကြောင်ခိုးဝှက်မဟုတ်။ ပြောင်ပြောင်ပင် အကဲခတ်ကြည့်နေခြင်းဖြစ်သည်။ မစ္စက် ဒင်ဗာကဲ့သို့ မနာ လိုသော၊ အဘိဇ္ဈပွားသော အကြည့်မျိုးမဟုတ်။ ရန်လိုသော အကြည့်မျိုးမဟုတ်။ သူ သည် မက်ဇင်မ်၏ အစ်မဖြစ်ပါသည်။ ထို့ကြောင့် ကျွန်မကို အကဲခတ်ကြည့်ဖို့ သူ့မှာ အခွင့်အရေးရှိပါ သည်။ မက်ဇင်မ် က ကျွန်မဘေးမှာလာရပ်ပြီး ကျွန်မ လက်ကို ဆုပ်ကိုင်ထားလိုက်သည်။ ကျွန်မကို အားတင်းပေး လိုက်ခြင်းဖြစ်ပါသည်။ ကျွန်မကိုယ်ကျွန်မ ယုံကြည်စိတ်များ ရှိလာအောင် ပြုလုပ်ပေး လိုက် ခြင်းဖြစ်ပါသည်။
"ငါ့မောင်လဲ အသားအရေတွေ တော်တော်ကောင်းလာတယ်"ဟု ဘီယက်ထရစ်က မက်ဇင်မ်ကို လှမ်း ပြောသည်။ "အလျင်တုန်းကလို အရိုးပေါ် အရေတင်မဟုတ်တော့ဘူး။ ကောင်းပါလေ့ကွယ်... သူ့ ကျန်း မာရေး ဒီလိုကောင်းလာတဲ့အတွက် ငါ့ညီမကို ကျေးဇူးတင်ရတော့မှာပဲ"ဟု ပြောရင်း ကျွန်မ ကိုလည်း ခေါင်းညိတ်ပြပါသည်။
"အမြဲတမ်း ကျွန်တော် ကျန်းမာပါတယ်ဗျာ။ တစ်သက်လုံး ဘယ်တုန်းကမှ နေထိုင်မကောင်းဘူးဆိုတာ မဖြစ်ဖူးပါဘူး။ ဘယ်သူမဆို ဂျိုင်းလ်စ်လောက် မဝရင် မကျန်းမာတဲ့ လူပဲလို့ အမြဲထင်နေတာ မဟုတ် လား"
"သွားစမ်းပါကွာ... လွန်ခဲ့တဲ့ ခြောက်လလောက်တုန်းက မင်း အသားအရေခြောက် ခန်းပြီး ဖြစ်ချင်တိုင်း ဖြစ်နေတာ မင်းကိုယ်တိုင်လဲ အသိသားပဲဟာ... မင်းကို မြင်လိုက်ရတုန်းက မမဖြင့် အကြီးအကျယ် တုန်လှုပ်သွားမိတယ်။ ဂျိုင်းလ်စ်... ကျွန်မ ပြောတာ ဟုတ်တယ်မှတ်လား... အရင် တစ်ခေါက် ကျွန်မတို့ လာတုန်းက မက်ဇင်မ်ဟာ ဘုံးဘုံးလဲတော့မယ့် အခြေအနေမျိုး မဟုတ်လား"
"အင်း... အမှန်အတိုင်းပြောရရင်တာ့ မင်း အသားအရေဟာ အများကြီးပြောင်းလဲသွားတယ်။ ခရီးထွက် သွား လိုက်တာ မင်းအဖို့ သိပ်ကောင်းသွားတာပေါ့။ သူ့အသားအရေ အများကြီး စိုပြည်လာတယ် မဟုတ်လား ခရော်လေ..." ဂျိုင်းလ်စ်ကလည်း သူ့မယားဘက် ခပ်ပါပါ။
ကျွန်မ၏ လက်ကိုကိုင်ထားသည့် မက်ဇင်မ်၏လက်မှ ကြွတ်သားများတင်းမာလာကြောင်း သတိထား လိုက်မိ ပါသည်။ ဒေါသမဖြစ်မိလေအောင် သူ့စိတ်ကိုသူ ချွန်းအုပ်ထားခြင်းဖြစ်ကြောင်း သိသာပါသည်။ သူ့ကျန်းမာရေးနှင့် ပတ်သက်ပြီး ဝေဖန်ပြောဆိုသည်ကို သူ လက်ခံချင်ပုံမရ။ ထိုမျှ မက ဒေါသဖြစ် အောင် ဆွပေး သလိုလည်း ဖြစ်နေသည်။ ဘီယက်ထရစ်အနေဖြင့် သည်စကားမျိုးကို မပြောသင့် ဟု ကျွန်မထင်ပါသည်။ ပြောမည်ဆိုလျှင်လည်း ပရိယာယ်ကြွယ်ဝဖို့ လိုပါသည်။
"နေပူဆာ ကောင်းကောင်းလှုံထားရလို့ မက်ဇင်မ် အသားတွေက ညိုလာတယ်။ ဗင်းနစ်မြို့မှာတုန်းက သူ မနက်စာ စားတာကို မြင်စေချင်တယ်။ လသာဆောင်ထွက်ပြီး နေရောင်အောက်မှာ စား တာလေ... နေလောင်ပြီး အသားညိုသွားရင် ပိုကြည့်ကောင်းလာတယ်လို့ သူက ထင်တယ်" ဟု ပြေရာပြေကြောင်း ဖြစ်အောင် ကျွန်မက လေပြေဝင်ထိုးလိုက်ရပါသည်။
အားလုံး က ဝိုင်းရယ်ကြသည်။ ပြီးတော့ ဖရင့်ခရော်လေက ကျွန်မကို လှမ်းပြောသည်။
"ဗင်းနစ်မြို့ မှာ တစ်နှစ်လုံးမှာ ဒီအချိန် နေလို့အကောင်းဆုံးပဲ မဟုတ်ပါလား မစ္စက်ဒီဝင်းတား"
"ဟုတ်ပါတယ် ရှင်။ ရာသီဥတုက သိပ်ကောင်းတာပဲ။ ရာသီဥတုဆိုးတာဆိုလို့ ကျွန်မတို့တစ်ရက်ပဲ ကြုံ ခဲ့ ရပါတယ်။ ဟုတ်တယ်နော်... မက်ဇင်မ်"
သည်လိုဖြင့်ပင် ကျွန်မတို့၏စကားဝိုင်းသည် သူ့ကျန်းမာရေးအကြောင်းမှ အခြားအကြောင်းများသို့ မသိ မသာ ကူးပြောင်းသွားပြီးဖြစ်တော့သည်။ အီတလီနိုင်ငံအကြောင်း ပြောကြသည်။
ရာသီဥတုအကြောင်း ပြောကြသည်။ စကားလမ်းကြောင်းပြောင်းသွားပြီ ဖြစ်သည့်အတွက် အားလုံး နေသာထိုင်သာရှိသွား ကြတော့သည်။ မက်ဇင်မ်၊ ဂျိုင်းလ်စ်နှင့် ဘီယာက်ထရစ်တို့က မက်ဇင်မ် ၏မော်တော်ကားကြောင်း ပြောနေကြသည်။ ဖရင့်ခရော်လေကမူ ဗင်းနစ်မြို့ရှိ ရေသွယ်မြောင်များထဲတွင် လက်နှင့်လှော် သည့် ဂွန်ဒိုလာလှေကလေးတွေ မရှိတော့ဘူးဆိုတာ ဟုတ်ပါသလား။ ယင်းလှေ ကလေးများနေရာတွင် မော် တော်ဘုတ်တွေ အစားထိုးလာသည်ဆိုခြင်းမှာ မှန်ပါသလားဟု ကျွန်မကို လှမ်းမေးနေ သည်။
တကယ်တော့ ဗင်းနစ်မြို့၏ရေသွယ်တူးမြောင်းတွေထဲမှာ ဂွန်ဒိုလာလှေကလေးတွေ ရှိ၊ မရှိ သို့တည်း မဟုတ် စက်တပ်မော်တော်တွေ အစားထိုးဝင်လာသည်ဆိုခြင်းမှာ မှန် မမှန် ဆိုသည်တို့သည် သူ့အနေ ဖြင့် ဘာမျှဂရုစိုက်စရာမရှိဟု ကျွန်မ ထင်ပါသည်။ အမှန်ကတော့ မက်ဇင်မ်၏ ကျန်းမာရေးအကြောင်း ဆက်မပြောဖြစ်အောင် စကားလမ်းကြောင်းကို ကျွန်မက ပြောင်းပေးလိုက်ရာ အဆင်ပြေချောမွေ့ သွား အောင် ဖရင့်ခရော်လေ က ကျွန်မကို ဝင်ကူညီလိုက်ခြင်းသာဖြစ်ပါသည်။ သူ့ကို ကျွန်မ အများကြီး ကျေးဇူးတင်လိုက်မိပါသည်။ ကျွနမ၏မဟာမိတ်အဖြစ်နှင့်လည်း ယူဆ လိုက်မိပါသည်။
"ဂျက်စ်ပါ ကို လေ့ကျင့်ခန်းလုပ်ပေးဖို့ လိုနေပြီ" ဘီယက်ထရစ်က ဂျက်စ်ပါကို ခြေထောက်နှင့်လှမ်းတို့ ရင်း ပြောသည်။
"ဒီခွေးက အရမ်းကာရော ဝနေပြီ။ သူ့အသက်က နှစ်နှစ်ပဲ ရှိသေးတယ်။ သူ့ကို ဘာ တွေကျွေးသလဲ မက်ဇင်မ်"
"မမ ကလဲဗျာ... မမခွေးတွေ နေသလို စားသလို သူလဲ တသဝေမယိမ်း နေတာစားတာပါပဲ။ တိရစ္ဆာန် တွေအကြောင်း မမ က ကျွန်တော့်ထက် ပိုသိတယ်ဆိုတဲ့ အပေါက်မျိုး မလုပ်စမ်းပါနဲ့"
"ဒီမှာ ယောက်ဖကြီး... မောင်ရင့်အိမ်ကနေပြီး နှစ်လလောက် ခရီးထွက်သွားနေတုန်း ဒီကောင်ကို ဘာတွေကျွေး လို့ ဘယ်လိုထားတယ်ဆိုတာ မင်း ဘယ်လိုလုပ်သိမလဲ။ ဖရစ်က သူနဲ့အတူတူ တစ်နေ့ ကို နှစ်ခါ ဂိတ်ဝရောက်အောင် လမ်းလျှောက်တယ်ဆိုတာမျိုးတော့ မပြောစမ်းပါနဲ့။ ဒီခွေးကို ကြည့်ရုံနဲ့ သူ မပြေးရတာ ရက်သတ္တပတ်ပေါင်း မနည်းတော့ဘူးဆိုတာ သေသေချာချာ ပြောရဲတယ်"
"အစာဝအောင် မကျွေးဘဲ အငတ်ထားတဲ့ ခင်ဗျားတို့ခွေးတွေနဲ့စာရင်တော့ ဒီကောင်ကြီးက သိပ်ဝနေ တော့တာပေါ့ဗျာ..."
"အံမာ... ဖေဖေါ်ဝါရီလ ခွေးပြိုင်ပွဲတုန်းက ငါ့ခွေးတစ်ကောင်ဟာ ပထမဆုနှစ်ဆုတောင် ရတယ်ဆိုတာ သိရင် မင်း ပြောမှာ မဟုတ်ဘူး"ဟု ဘီယက်ထရစ်က ခံပက်သည်။
မက်ဇင်မ်၏နှုတ်ခမ်းပေါ်တွင် အရေးအကြောင်းကလေးများ ပေါ်လာသည်ကို ကြည့်ခြင်းအားဖြင့် အခြေ အနေအနည်းငယ် ပြန်လည် တင်းမာလာကြောင်း ပြောနိုင်ပါသည်။ ညီအစ်ကို မောင်နှမ တွေ့ဆုံကြပြီ ဆိုလျှင် သည်အတိုင်းဖြစ်တတ်သလား။ ဘေးက ထိုင်နားထောင်နေသူများ နေမထိ ထိုင် မသာ ဖြစ် အောင်၊ မျက်နှာမထားတတ်အောင် အငြင်းပွားတတ်ကြသလားဟု ကျွန်မ တွေးကြည့်နေ မိပါသည်။ ယခုအချိန်မျိုးတွင် ဖရစ်ဝင်လာပြီး နေ့လယ်စာ အသင့်ပြင်ပြီးကြောင်းပြော လျှင် မည်မျှကောင်းခြိမ့် မည် နည်း။ သို့တည်းမဟုတ် ထမင်းစားဖို့ သတိပေးသည့် မောင်းထုသံပေါ်လာလျှင် မည်မျှ အဆင်ပြေခြိမ့် မည်နည်း။ မန်ဒါလေစံအိမ်ကြီးမှာ ဘာတွေဖြစ်ပျက်နေပြီကို ကျွန်မ မသိတော့ပြီ။
"မမတို့ အိမ်က ဒီကနေ ဘယ်လောက်ဝေးသလဲဟင်..." ကျွန်မက ဘီယက်ထရစ်ဘေးမှာ ဝင်ထိုင်ပြီး စကား လမ်းကြောင်း ပြောင်းကာ မေးလိုက်ရပြန်သည်။ "မမတို့ အစောကြီး ထလာကြရတာလား..."
"မိုင်ငါးဆယ် ပဲ ဝေးတယ် ညီမလေး... ဟိုဘက်ခရိုင်ထဲမှာ... ဟိုမှာ အမဲလိုက်ရတာ သိပ်ကောင်းတယ်။ မက်ဇင်မ် အချိန်ပေးနိုင်တဲ့ အခါမှာ ဟိုကို အလည်လာပြီး အေးအေးဆေးဆေးနေပါဦး။ ဂျိုင်းလ်စ်က မင်း ကို မြင်းပေါ် တင်ပေးလိမ့်မယ်လေ..."
"ကျွန်မ အမဲမလိုက်တတ်ပါဘူးရှင်... မြင်းစီးကတော့ ငယ်ငယ်တုန်းက သင်ဖူးတယ်။ ဒါပေမဲ့ သေသေ ချာချာ သင် ခဲ့ရတာ မဟုတ်ပါဘူး။ အခုဆိုရင် ဘာမှတောင် မမှတ်မိတော့ပါဘူး" ဟု ကျွန်မက ရိုးရိုး သားသား ပင် ဝန်ခံပြောဆိုလိုက်ပါသည်။
"အခု ပြန်သင်တာပေါ့ကွယ်... ဒီမှာနေပြီး မြင်းစီးတဲ့အလုပ်မှ မလုပ်ရလို့တော့ ငါ့ညီမ ဘာမှလုပ်စရာ မရှိတော့ ဘူး။ မင်း ပန်းချီဆွဲတယ်လို့တော့ မက်ဇင်မ်က ပြောတယ်။ အဲဒါလဲ သိပ်ကောင်းတာပေါ့။ ဒါပေ မဲ့ ကိုယ်လက် လှုပ်ရှားမှုတော့ မရှိဘူးနော်... မိုးရွာပြီး စိုစွတ်ထိုင်းမှိုင်းနေတဲ့နေ့မျိုးမှာ ဘာမှ လုပ်စရာ မရှိရင် မြင်းလျှောက်စီးနေမှာဖြစ်မှာ"
"ဒီမှာ မမ... ကျွန်တော်တို့က ခင်ဗျားတို့လို လေစိမ်းတိုက်ခံချင်နေတဲ့ သောက်ရူးတွေ မဟုတ်ဘူးဗျ။ မှတ်ထား..." ဟု မက်ဇင်မ်က လေသံမာမာနှင့် ဝင်ပြောလိုက်ပြန်ပါသည်။
"ငါ မင်း နဲ့ စကားပြောနေတာ မဟုတ်ဘူး။ ဝင်မပါနဲ့။ မင်းက မန်ဒါလေပန်းခြံထဲမှာ အချိန်ဖြုန်းနေရရင် ကို ကျေနပ်နေ တဲ့ အကောင်။ ခြေကလေး တစ်လှမ်းနှစ်လှမ်းတောင် လမ်းလျှောက်ချင်တဲ့ အကောင် မဟုတ်ဘူး"
"လမ်းလျှောက်တာ ကို ကျွန်မ သိပ်သဘောကျတာပဲ မမရယ်..."ဟု ကျွန်မက ကမန်းကတန်း ဝင်ဖာ လိုက်ရပြန်ပါသည်။ "ဒီမန်ဒါလေ မှာ လမ်းလျှောက်နေရလို့တော့ ကျွန်မ ဘယ်တော့မှ ငြီးငွေ့မှာ မဟုတ် ဘူး။ နောက်ပြီးတော့ နေသာတဲ့ရက်မှာလဲ ရေကူးနိုင်တာပေါ့"
"ညီမလေး... မင်းက အကောင်းဘက်က လှည့်တွေးတတ်တဲ့ သူကိုး... မမဖြင့် ဒီမှာ ဟုတ္တိပတ္တိ ရေကူး ခဲ့ဖူးတယ် ဆိုတာ မရှိပါဘူး။ ရေက သိပ်အေးတယ်။ ပြီးတော့ ကမ်းခြေကလဲ ကျောက်စရစ်ခဲတွေ များ လွန်းတယ်"
"ဒါတွေက အရေးမကြီးပါဘူး မမရယ်... ကျွန်မက ရေကူးတာကို သိပ် ဝါသနာကြီးတာ။ ရေစီးများ မသန်ဘူး ဆိုရင် အကြာကြီးကူးတာပဲ။ ဟို ပင်လယ်အော်ကလေးထဲမှာ ကူးရင် လုံခြုံပါတယ်နော်..."
မည်သူ ကမျှ ပြန်မဖြေပါ။ ကျွန်မ ဘာစကားပြောလိုက်မိသည်ဆိုခြင်းကို ချက်ချင်း သဘောပေါက်လိုက် မိပါတော့ သည်။ ကျွန်မ၏နှလုံးသွေးများ တဒိတ်ဒိတ်ခုန်လာသည်။ မျက်နှာပေါ်မှာလည်း မီးဟပ်ခံလိုက် ရ သလို သွေးရောင် ရဲလာသည်။ စိုးရိမ်ထိတ်လန့်စိတ်ကြောင့် ခါးကို ကုန်းချလိုက်ပြီး ဂျက်စ်ပါ၏နားရွက် ကို ပွတ်သပ်ပေးနေမိသည်။
"ဂျက်စ်ပါ ကို ရေကူးခိုင်းရင် ကောင်းမယ်။ ဒါမှ သူ အဝလျော့သွားမယ်"ဟု ဘီယက်ထရစ်က ပြောပါ သည်။ ပြီးတော့ သူ့စကားကို ခဏရပ်ထားသည်။ "ဒါပေမဲ့ ပင်လယ်အော်ထဲမှာ ကူးဖို့တော့ သူ့အတွက် သိပ် မလွယ်ဘူး။ ဟုတ်တယ်နော်... ဂျက်စ်ပါ..." ကျွန်မတို့နှစ်ယောက်တည်း တစ်ယောက်ကို တစ် ယောက် မကြည့်ကြတော့ဘဲ ဂျက်စ်ပါကိုသာ တစ်ပြိုင်တည်း ပွတ်သပ်ပေးနေမိကြသည်။
"ဆာလိုက်တာ ကွာ... နေ့လယ်စာကျွေးဖို့ကလဲ ဘာတွေဖြစ်နေကြသလဲ မသိဘူး"ဟု မက်ဇင်မ်က ပြော သည်။
"ဟိုမီးလင်းဖိုပေါ် က နာရီအတိုင်းဆိုရင်တော့ တစ်နာရီပဲ ရှိသေးတယ်" ဖရင့်ခရော်လက ဝင်ပြောသည်။
"အဲဒီနာရီက အမြဲတမ်း မြန်နေတာ"ဟု ဘီယက်ထရစ်က လှမ်းပြောသည်။
"အချိန်မှ မှန်လိုက်တာ လပေါင်းကို မနည်းတော့ဘူး။ တစ်စက္ကန့်တောင် မလွဲဘူး"ဟု မက်ဇင်မ် က ပြော ပြန်သည်။
ထိုအချိန်ကလေးမှာပင် တံခါးပွင့်လာပြီး ဖရစ်ဝင်လာကာ နေ့လယ်စာ အသင့်ပြင်ပြီးကြောင်း ပြော တော့ သည်။
"ငါကတော့ လက်ဆေးလိုက်ဦးမှဖြစ်မယ်" ဂျိုင်းလ်စ်က သူ့လက်များကို သူ ပြန်ကြည့်ရင်း ပြောသည်။
ကျွန်မ တို့အားလုံး ထိုင်ရာမှထကြသည်။ စိတ်သက်သာရာရသွားပြီး ဧည့်ခန်းကျယ်ကြီးကို ဖြတ်ကာ ထမင်းစားခန်း ဆီသို့ လာခဲ့ကြသည်။ ဘီယက်ထရစ်နှင့် ကျွန်မက အမျိုးသားများ ၏ရှေ့မလှမ်းမကမ်းမှ လျှောက်လာကြသည်။ ဘီယက်ထရစ်က ကျွန်မ၏လက်ကို ဆွဲကိုင်ထားသည်။
"အင်း... သိပ်ကို ခင်စရာကောင်းတဲ့ အဘိုးကြီး ဖရစ်... သူ့ကို ဘယ်အခါ ကြည့်လိုက်ကြည့်လိုက် ဒီ အတိုင်း ပဲ... သူ့ကိုမြင်ရရင် မမလဲ ကလေးလေး ပြန်ပြန်ဖြစ်သွားတယ်။ ညီမလေးကို ပြောရဦးမယ်... မမကို စိတ်မဆိုးနဲ့နော်... မင်းဟာ မမ မျှော်မှန်းထားတာထက် ပိုငယ်နေတယ်။ မင်းအသက် ၂၁ နှစ်ရှိ ပြီ ဆိုတာ ကိုတော့ မက်ဇင်မ်က ပြောတယ်။ ဒါပေမဲ့ မင်းဟာ တကယ့်ကလေးလေးအတိုင်းပဲ။ မမ ကို ပြောစမ်း... သူ့ကို မင်း သိပ်ချစ်တာပဲလား"
သည်မေးခွန်း ကို ကျွန်မ ဘယ်လိုဖြေရမှန်းမသိပါ။ ကြိုတင်စိတ်ကူးထားမိခြင်းလည်း မရှိပါ။ ကျွန်မ၏ မျက်နှာပေါ် က အံ့သြရိပ်ကို သူ မြင်တွေ့သွားပုံရပါသည်။ ထို့ကြောင့် သူက ခပ်သာသာကလေး တစ် ချက် ရယ်လိုက်ပြီး ကျွန်မ၏လက်ကို ဖျစ်လိုက်ပါသည်။
"ဘာမှမဖြေပါနဲ့ကွယ်... မင်း ဘယ်လိုခံစားသွားရတယ်ဆိုတာ မမ မြင်လိုက်ပါတယ်။ သူများကိစ္စ ကို တော့ မမက ဝင်စပ်စုချင်တတ်တယ်။ စိတ်မဆိုးနဲ့နော်... မက်ဇင်မ်ကို မမ သိပ် ချစ်တယ်။ တွေ့တဲ့အခါ မှာတော့ ခွေးနဲ့ကြောင် အတိုင်းပဲ။ တစ်စက်ကလေးမှ မျက်နှာကြော မတည့်ချင်ဘူး။ သူ့ကျန်းမာရေး ကောင်းလာတဲ့အတွက်တော့ ညီမလေးကိုကျေးဇူးတင်စကား ထပ်ပြောပါရစေ ဦး။ မနှစ်က ဒီအချိန် တုန်းကဆိုရင် သူ့ကျန်းမာရေးအတွက် မမတို့အားလုံးအစိုးရိမ်ကြီး စိုးရိမ်ခဲ့ကြ ရတာပေါ့ကွယ်... အင်း... ဇာတ်လမ်းကြီးတစ်ခုလုံးကိုလဲ မင်း သိထားပြီးရောပေါ့လေ..."
ထမင်းစားခန်း ထဲသို့ ကျွန်မတို့ ရောက်လာကြပြီ။ အစေခံများ ရှိနေသည်ကတစ်ကြောင်း၊ ကျန်လူများ လည်း အနားသို့ ရောက်လာကြသည်က တစ်ကြောင်းတို့ကြောင့် ဘီယက်ထရစ်က ဘာစကားမျှ ဆက် မပြောတော့ချေ။
သို့သော်လည်း ကုလားထိုင်မှာဝင်ထိုင်ပြီး လက်သုတ်ပဝါကို ဖြန့်ခင်းရင်း ကျွန်မ စဉ်းစားနေမိပါသည်။ ဇာတ်လမ်းကြီး တစ်ခုလုံးကို ကျွန်မ သိထားပြီးပြီဟု ဘီယက်ထရစ်က ထင်သည်။ အကယ်၍ ကျွန်မ ဘာမျှမသိကြောင်းကို သူသိလျှင် ဘယ်လိုများပြောလေ့မည်နည်း။ ကြေကွဲဖွယ်ဇာတ်လမ်းကြီးတစ်ခု ပင်လယ်အော် ကလေးထဲမှာ ဖြစ်ခဲ့သည့်အကြောင်း အသေးစိတ် ကျွန်မ မသိပါ။ မက်ဇင်မ်ကလည်း ကျွန်မ ကို ဘာမျှပြောမပြပါ။ ကျွန်မကလည်း မမေးပါ။
ထမင်းစားဝိုင်းမှာ ကျွန်မမျှော်လင့်ထားသည်ထက်ပိုပြီး အေးအေးချမ်းချမ်း ရှိသွားပါသည်။ အငြင်းအခုံ ကလေးတွေ နည်းနည်းပါးပါးတော့ ပေါ်လာပါသေးသည်။ သို့သော်လည်း ဘီယက်ထရစ်က ပါးပါးနပ် နပ် ပြန် လည်ပြောဆိုသောကြောင့် အဆင်ပြေသွားသည်။ သူတို့ မောင်နှမနှစ်ယောက်သည် မန်ဒါလေ အကြောင်း၊ ဘီယက်ထရစ်၏ပန်းခြံများအကြောင်း၊ မြင်းများအကြောင်း၊ သူတို့မိတ်ဆွေများ အကြောင်း ပြောနေကြသည်။ ကျွန်မ၏ဘယ်ဘက်ဘေးမှာထိုင်သည့် ဖရင့်ခရော်လေကမူ ကျွန်မ စိတ်ချမ်းသာမည့် အကြောင်းအရာများကိုသာ ရွေးချယ်ပြောနေသည်။ ဂျိုင်းလ်စ်ကတော့ စကားပြောဖို့ ထက် အစားကို သာ အာရုံစိုက်ပြီး ခေါင်းမဖော်တမ်း စားနေသည်။ ခဏကြာတော့မှ သည်ဝိုင်းထဲမှာ လူသစ်ဖြစ်သူ ကျွန်မလည်း ရှိနေကြောင်း သူ သတိရသွားပုံပေါ်သည်။ ထို့ကြောင့် ကျွန်မကို စကား လှမ်းပြောသည်။
"အလျင် ထမင်းချက်နဲ့ပဲ တူတယ်"ဟု ရောဘတ်က ဟင်းထပ်ထည့်ပေးခိုက်တွင် သူက ပြောသည်။ "အင်္ဂလန် တစ်တိုင်းတစ်ပြည်လုံးမှာ အကောင်းဆုံး ထမင်းဟင်းရနိုင်တဲ့ နေရာဆိုလို့ ဟောဒီ မန်ဒါလေ တစ်နေရာ ပဲ ကျန်တော့တယ်လို့ ဘီးကို မကြာခဏ ပြောပြရတယ်။ ဟောဒီဟင်းကလဲ အလျင်လက်ရာ ပဲ"
"အချိန်ကာလအားလျော်စွာ ထမင်းချက်တွေကို ကျွန်တော်တို့ လဲပစ်နေတာပဲ။ ဒါပေမဲ့ ထမင်းဟင်းစံ ချိန် ကိုတော့ ပျက်မသွားအောင် အမြဲထိန်းထားတယ်။ မစ္စက်ဒင်ဗာ က ဟင်းစပ်တွေ အားလုံးကို ထိန်း သိမ်း ထားတာ။ အစပ်တည့်အောင် ဘယ်လိုပြင်ပြီး ဘယ်လိုချက်ရမယ်ဆိုတာ ထမင်းချက်တွေကို အမြဲ ပြောပြတယ်" မက်ဇင်မ် က ဝင်ပြောသည်။
ဆက်ရန်
.

No comments:
Post a Comment