အေဂျင်စီကို အကြီးဆုံး လုပ်ငန်းရှင်ကြီးတစ်ဦး၏ ကြော်ငြာရအောင် လုပ်ပေးသဖြင့် ဆုကြေး မျက်မျက် ကလေး ရလိုက်ကြောင်း ဆာရာ့ကို မပြောရသေး။ ပြီးခဲ့သည့် တစ်ပတ်လုံး နှစ်ယောက် သား အလုပ်တွေ ရှုပ်နေကြသည်လေ။ ကို ဆက်ဖတ်ရန်..........
" အင်း … ဆိုပါတော့၊ ကိုယ့်မိန်းမ စိန်တစ်ဆင်စာလောက်တောင် ၀ယ်နိုင်မလားပဲ၊ ဒါမှမဟုတ် ဒီလို လုပ်မလား၊ ကလေးတွေ ကျောင်းပြန်ဖွင့်မှ နှစ်ယောက်တည်း လစ်မလား၊ အဘွားကြီးကို အိမ်မှာ ခဏနေပေး ဖို့ ကိုယ်ပြောမယ်လေ၊ ဘယ်လိုသဘောရသလဲ "
" အရမ်းပျော်စရာကောင်းမှာပဲ "
ဆာရာက လင်တော်မောင်ကို တအားဖက်ပြီး ပြောလိုက်သည်။ ကားသစ်ထဲ တွင် ရေမွှေးနံ့ နှင့် သားရေနံ့ ရောယှက်ဆွတ်ပျံ့နေ၏။
အက်စ်ပင် သို့ ကလေးတွေနှင့်အတူ ခရီးထွက်ဖြစ်သည်။ နောက်တစ်လအကြာတွင် ဂျမေကာသို့ တတိယ မင်္ဂလာခရီးထွက်ကြပြန်၏။ ပထမ မင်္ဂလာခရီးတုန်းက ဘာမျူဒါတွင် ထမင်းမေ့ ဟင်းမေ့ အပျော်ကျူးကြ ပုံ တွေကို စားမြုံ့ပြန်ကြ၏။
ယခု ဂျမေကာ ခရီးကလည်း ဟိုတုန်းကလိုပင် ပျော်စရာကောင်းနေဆဲဖြစ်ပါ၏။ ရေကူးလိုက်၊ ပင်လယ်ကမ်းခြေ တွင် နေစာလှုံလိုက်ဖြင့် မနက်တိုင်း တင်းနစ်ကစားသည်။ ညပိုင်းများတွင်မူ လူမနီး သူမနီး ကမ်းခြေ အိမ်ကလေးတစ်ဆောင်တွင် လွတ်လွတ်လပ်လပ် ငယ်မူပြန်ကြသည်။ သည် တစ်ခေါက် ပျော်ရပုံမှာ ပို၍ လေးနက်ကာ ပို၍ ရင်ခုန်ရသည်ဟု နှစ်ယောက်စလုံး ခံစားမိကြ၏။
ဂျမေကာမှ အပြန်တွင် နှစ်ယောက်သားပို၍ နုပျိုလန်းဆန်းကာ ကြည်နူးမဆုံးဖြစ်နေကြသည်။ အိမ်ထောင် သက် ၁၂ နှစ်မျှ ကြာခဲ့သည့်တိုင် မရိုးနိုင်ဘဲ သူ့ကို တိုး၍တိုး၍ ချစ်နေမိသည့်အတွက် ဆာရာ တစ်ယောက် ကိုယ့်ကိုယ်ကို အံ့သြနေသည်။ အော်လီဗာကလည်း ထိုနည်းနှင်နှင်ဖြစ်ကြောင်း ဆာရာ သိနေ၏။
ဂျမေကာမှပြန်ရောက်ပြီး နောက်တစ်နေ့တွင် နံနက်စာ စားနေရင်း အော်လီဗာတစ်ယောက် ရုံးသွားရမည် ကို မပျင်းစဖူးပျင်းကာ မိန်းမအနားက မခွဲနိုင်မခွာရက် ဖြစ်၏။ ကလေးတွေ ခေါင်းပေါ်ကိုကျော်ပြီး တစ်ယောက် တစ်ယောက် လှမ်းကြည့်နေ၏။ မပြောဘဲနှင့် သိသိနေသည့် မျက်လုံးများဆုံမိကြသည်။
မလိုင်၊ ကြက်ဥ၊ ပေါင်မုန့်နှင့် ၀က်ပေါင်ခြောက်ကို ခေါင်းမဖော်တမ်းလွေးရင်း ဘင်ဂျမင်က …
" အင်း … စားလို့သိပ်ကောင်းတာပဲ မေမေ၊ သားတို့က မေမေ ဂျမေကာမှာ အရမ်းပျော်လာလို့ အချက် အပြုတ် ကိစ္စတွေများ မေ့ကုန်ပြီလားလို့ " ဟု အရွှန်းဖောက်သည်။ ပြီးတော့ သူ့ဘာသာ သူ သဘောကျပြီး ပလုတ်ပလောင်းနှင့် ရယ်သည်။ မယ်လီဆာကလေးကလည်း လိုက်ရယ်နေသည်။ ငါးနှစ် သမီးအရွယ် မယ်လီဆာကလေးသည် အရှက် အကြောက်ကြီးပြီး ဘင်ဂျမင်လောက်မသွက်။ တစ်ဦးတည်းသော အစ်ကိုကြီးသည် အဖေပြီးလျှင် သူ့အတွက် အားကိုးရဆုံး သူရဲကောင်းကြီးဟု ထင်မှတ်နေ သည်။
ကလေးတွေ ကျောင်းကားကိုယ်စီဖြင့် ကျောင်းသို့ ထွက်သွားကြပြီ။ အော်လီဗာလည်း ဘူတာရုံသို့ ရထား အမီပြေး သွားပြီ။ ဆာရာတစ်ယောက် ဆောက်တည်ရာမရ ဖြစ်ကျန်ရစ်၏။
တစ်နေ့လုံး ယောင်နေ၏။ ဘာအလုပ်မှ မည်မည်ရရမပြီးလိုက်။ ဘယ်မှလည်း မထွက်ဖြစ်။ ပျော်စရာ ကောင်းလွန်း သည့် ခရီးမှ ပြန်ရောက်စမို့ ထင်ပါရဲ့လေ။
သို့သော် ဤသို့မဟုတ်ကြောင်း တဖြည်းဖြည်းသိလာသည်။ ရက်သတ္တပတ်ပေါင်း များစွာ နေမထိ ထိုင်မသာ ဖြစ်နေ၏။ တစ်နေကုန် အလုပ်တွေဖိလုပ်သည်။ ည ဆယ်နာရီထိုးသည်နှင့် ခပ်တိုးတိုး ကလေးဟောက်ကာ အိပ်ပျော်သွားတတ်သည်။
တနင်္ဂနွေတစ်မနက်ခင်းတွင် ငွေတောင်းခံလွှာတွေကို ရွေးထုတ်နေရင်း အော်လီ့ရှေ့တွင် ညည်းမိသည်။ ဘာလုပ်လုပ် စိတ်မပါ။ အားအင်ကုန်ခန်းသလိုဖြစ်ကာ အမြဲတမ်းပင်ပန်းနွမ်းနယ်နေသည်။
" အသက်ကြီး လာလို့ ထင်ပါတယ်နော် "
" သွေးအားနည်း သလားမသိဘူး၊ ဆရာဝန်ဆီ သွားဦးလေ "
အော်လီဗာ ဇွတ်သွားခိုင်းသဖြင့် တနင်းလာနေ့တွင် ဆေးခန်းသို့ လာခဲ့ရ၏။
အပြန်တွင် စိတ်ကူးရသဖြင့် သားနှင့်သမီးကို ကျောင်းမှဝင်ကြိုပြီး ပြန်လာသည်။ သည်နေ့တော့ နေလို့ကောင်းနေသလိုပဲ။
အော်လီဗာ က အိမ်ပြန်နောက်ကျမည့်အကြောင်း ဖုန်းဆက်ရင်း …
" ဆရာဝန် က ဘာတဲ့လဲဟင် "
" စိတ်ပဲထင်ပါရဲ့အော်လီရယ်၊ ဆေးခန်းကလဲ ပြန်လာရော ချက်ချင်းနေကောင်းသွားသလိုပဲ၊ ဘာမှ ထူးထူး ထွေထွေ မဖြစ်ပါဘူးတဲ့၊ သွေးစစ်ဖို့လဲ ဖောက်ယူထားလိုက်တယ် "
စိတ်ဓာတ် ကျစရာ၊ စိတ်ညစ်စရာတွေရှိလား၊ အော်လီနဲ့ကော အဆင်ပြေရဲ့လား စသည့် မိသားစုဆရာဝန် ၏ မေးခွန်းများအကြောင်းကို ထည့်မပြောတော့ပါ။
စိတ်ဓာတ်တွေ ကျနေခဲ့ခြင်းမှာ အားအင်ကုန်ခန်းပင်ပန်းနွမ်းနယ်နေခြင်းကြောင့် ဖြစ်ပါလိမ့်မည်။
ခုတော့ ဘာရောဂါမှမရှိကြောင်း သေချာပြီ။ ဟုတ်မှာပါ။ ဂျမေကာမှ ပြန်လာပြီးတော့ ငါးပေါင်တောင် တိုးလာ သေးသည်လေ။ စာအုပ်နှင့် မျက်နှာမခွာသည့်မိန်းမ ၀တ္ထုလည်းမဖတ်ဖြစ်တော့။ အချစ်နှင့် မျက်နှာ မခွာသည့်မိန်းမ ၀တ္ထုလည်းမဖတ်ဖြစ်တော့။ အချစ်နှစ်ပတ်လည်ခရီးမှ ပြန်ရောက်ကတည်းက အိပ်လိုက် စားလိုက်ချည်းမဟ်ုတ်လား။ အပတ်စဉ် ကစားနေကျ တင်းနစ်ကွင်းသို့လည်း မရောက်တော့။
ကစားဖော်တွေ က အတင်းခေါ်နေကြသည်။ ဤသို့ဖြင့် နောက်တစ်နေ့တွင် ကစားဦးမည်စိတ်ကူးကာ ရက် ကက်ကိုကိုင်ပြီး အိမ်မှထွက်ဖို့ပြင်သည်။ လူကတော့ ခပ်နုံးနုံးပင်။ ၀ရန်တာတွင် ဆရာဝန်နှင့် သွားတိုးသည်။ သူက အိမ်တိုင်ရာရောက် လိုက်လာသည်လေ။
" ဓာတ်ခွဲခန်းက အဖြေတွေရလို့ ဆရာဝန်လာတာဆာရာ၊ အားလုံးကောင်းတယ် သိလား၊ သွေးအား လဲ မနည်းဘူး "
" ဒါဖြင့် ဘာလို့ လူကောင်းလိုမဖြစ်ရတာလဲ ဆရာရယ် "
ဆရာဝန်ကရယ်ပြီး …
" ဆာရာ၊ ခုတလော မေ့တတ်နေတယ်ဟုတ်လား "
" ဆာရာ အဘွားကြီးဖြစ်နေပြီဆရာရဲ့ "
" သတင်းကောင်း တစ်ခု မကြားချင်ဘူးလား "
" ဘယ်လို သတင်းကောင်းလဲဆရာရဲ့ "
" ကလေး တစ်ယောက်ထပ်ရမယ် ဆိုတဲ့ သတင်းမျိုးပေါ့ "
ဆရာဝန် ကတော့ ဒေါ်လာတစ်သန်းတန် လက်ဆောင်ရမည့်သတင်းကို ကြေညာသည့်အလား ရွှင်ရွှင် မြူးမြူး။ ဆာရာမျာမူ လက်ထဲမှ ရက်ကက်လွတ်ကျပြီး မေ့မြောပြိုလဲမသွားအောင် မနည်းကြီး သတိထား လိုက်ရသည်။
" ဆရာနောက်နေတာလားဟင်၊ ကလေးတွေလဲကြီး … ဟာ သေတော့မှာပဲ၊ မဖြစ်နိုင်ပါဘူး "
နီးရာကုလားထိုင် တွင် အရုပ်ကြိုးပြတ်ထိုင်ချလိုက်၏။ မျက်ရည်မကျအောင် မနည်း ထိန်းထား ရ၏။ ဖြစ်နိုင်ပါ မည်လား။ သို့သော် သူပြောပုံက မှားနိုင်စရာအကြောင်းမရှိ။
သည်ပြဿနာနှင့် ရင်မဆိုင်ချင်မှန်း ကိုယ့်ကိုယ်ကို ချက်ချင်းသိလိုက်၏။ ပြီးခဲ့သည့်လက ဓမ္မတာ မပေါ်ခြင်း ကို ဆရာပြောသလို မေ့မေ့လျော့လျော့နေခဲ့ခြင်းမဟုတ်ပါ။ အားနည်းလွန်းနေသဖြင့် မဆင်းခြင်းဖြစ်မည်၊ ဒါမှမဟုတ် စောစောစီးစီး သွေးဆုံးခြင်းများလားဆိုပြီး ခပ်ပေါ့ပေါ့ နေခဲ့ခြင်းဖြစ်၏။
ခုတော့ ကိုယ်ဝန်ရှိနေပြီတဲ့။ အော်လီ့ကို မပြောဘဲထားဦးမည်။ သည်တစ်ကြိမ်တော့ သိပ်အလေးအနက် မထားတော့။ လုပ်ချင်တာလုပ်တော့မည်။
၁၉၇၉ ခုနှစ်ထဲရောက်နေပြီ။ ကလေးတွေလည်း ခြေနိုင်လက်နိုင်ဖြစ်ကုန်ပြီ။ ၃၂ နှစ်ထဲဝင်လာပြီမို့ တရားဝင် ကိုယ်ဝန်ဖျက်ချလို့ရပြီ။ သည်တစ်ခါတော့ အော်လီဗာ ကန့်ကွက်စရာ အကြောင်း မရှိတော့ ဘူးလေ။ ဘယ် နည်း နဲ့မှ နောက်ကလေးတစ်ယောက်မယူနိုင်ပါ။ ဘာပြုလို့ ကိုယ်ဝန်ရလာပါလိမ့်။
မကျေ မနပ်ပြန် စဉ်းစားမိ၏။ ဂျမေကာတွင် ရလာခြင်းဖြစ်မည်။ ဘာမျူဒါတုန်းကလိုလေ။ မင်္ဂလာခရီးတွေ ကို ခုမှပြန်ပြီး ကျိန်ဆဲမိတော့၏။
" နောက်ဆုံးဓမ္မတာပေါ်တဲ့ရက်မှတ်မိလား "
အပြေးအလွှားပြန်တွက်ပြီး ဆရာဝန်ကို ဖြေလိုက်သည်။ ဆေးပညာအရ ခန့်မှန်းရလျှင် ခြောက်ပတ်။ အရပ် စကားဖြင့် ပြောရလျှင် ကိုယ်ဝန်မှာ တစ်လရှိပြီ။ အပုံကြီးနုသေးသည်။ မဖြစ်နိုင်စရာအကြောင်းမရှိ။
အော်လီကိုမပြောဘဲ လုပ်၍ဖြစ်ပါမည်လား၊ သင့်ပါမည်လား၊ ဆရာဝန်ကိုလည်း မပြောဖို့ ဆုံးဖြတ် လိုက်၏။ အိုဂျီ တစ်ယောက်ယောက်ဆီသွားမည်လေ။
" ဂုဏ်ယူပါတယ် ဆာရာ၊ မင်းဟာ သိပ်ကံကောင်းတဲ့ မိန်းကလေးပဲ၊ အော်လီတော့ ဘယ်လောက် ပျော်လိုက်မလဲ "
" ဟုတ်တယ် ဆရာ၊ သူသိပ်ဝမ်းသာမှာ "
လှိုက်လှဲခြင်း မရှိသည့်လေသံဖြင့် အလိုက်သင့် ပြန်ပြောလိုက်သည်။ ဆရာဝန်ပြန်သွားသည်နှင့် ရင်းနှီးနေ သည့် သားဖွားမီးယပ်ပါရဂူတစ်ယောက်ဆီ ဖုန်းကောက်လှည့် သည်။ နောက်တစ်နေ့ တွင် တွေ့ဖို့ ချိန်း လိုက် ၏။
ပြီးတော့မှ တင်းနစ်ရိုက်ဖို့ သူငယ်ချင်းတွေ စောင့်နေကြောင်း သတိရသည်။ လုံးဝသွားချင်စိတ်မရှိတော့၊ သို့သော် သေသေချာချာချိန်းထားပြီးဖြစ်သည်။ မသွားလို့တော့ မကောင်း။
ကားစက်နှိုးမည့်ဆဲဆဲ နောက်ကြည့်မှန်ထဲတွင် မိမိမျက်နှာကို ရိပ်ခနဲလှမ်းမြင်လိုက်သည်။ မဖြစ်ဘူး၊ ဘယ်လိုမှ အဖြစ်မခံနိုင်ဘူး၊ လုံးဝ မတရားဘူး။
စာရေးဆရာမ တစ်ယောက်ဖြစ်ဖို့ ကြိုးစားရဦးမည်မဟုတ်လား။ ဘယ်တော့မှဖြစ်လာမှာလဲ။ ဖြစ်ကောဖြစ် လာဖို့ရှိသေး ရဲ့လား။
သာမန် အိမ်ရှင်မဘ၀နဲ့ အရိုးထုတ်ရတော့မည်ထင်ပါရဲ့။ တက္ကသိုလ်ကျောင်းသူ ဘ၀ကပင် မုန်းတီး စက်ဆုပ် ခဲ့သည့်ဘ၀။ ဘယ်သောအခါမှ မရောက်လိုသည့်ဘ၀။ ယခုတော့ သည်သံသရာဝဲသြဃထဲမှာ တလည် လည်ဖြစ်နေပြီကော။ အိမ်ရှင်မ ညစ်ညမ်းသည့် စကားလုံးတစ်လုံး နှုတ်မှ ထွက်သွားသည် အလား။ ပြီးတော့ နောက်ထပ်ကလေးတစ်ယောက်တဲ့။
ဘုရား … ဘုရား … အစေခံတွေ၊ သူနာပြုတွေနဲ့ လိုလေသေးမရှိ ပြုစုပေးမယ်ဆိုရင်ကော သည့်ထက် ကြီးကျယ် ခမ်းနားသည့် အိမ်ကြီးတစ်ဆောင်မှာဆိုရင်ကော ကလေးတွေ တစ်ယောက်တစ်ခန်းထားနိုင် သည့် အိမ်ကြီးမျိုး ဆိုပါတော့ …။
ဘာပဲပြောပြော ကလေးကတော့ ငယ်သံပါအောင် အော်ငိုမည်သာ။ ညလုံးပေါက်ငိုနေရင်ကော၊ ပြိးတော့ ရေချိုးပေး၊ အ၀တ်လဲ၊ နို့ဘူးတိုက်၊ သွားပေါက်လာချိန်တွင် မညီမညာတွေ ထွက်လာလျှင် သွားဆေးခန်း ပို့၊ အို … ဘယ်လို လုပ်ပြီး စာရေးချိန်ရတော့မှာလဲ၊ ဘယ်တော့မှ စာရေးဆရာမဖြစ်နိုင်တော့မည် မဟုတ်။ မမွေးသေးခင်ကပင် စိတ်အနှောင့်အယှက်ပေးနေနှင့်ပြီ မဟုတ်လား။ ဘယ်လိုမှ အဖြစ်မခံနိုင်ပါ။
ကားကို နောက်ဆုတ်ပြီး တအားမောင်းထွက်လာခဲ့သည်။ နောက် ဆယ်မိနစ်ကြာတော့ တင်းနစ်ကွင်း သို့ ရောက်သည်။ မျက်နှာ ဖြူဖပ်ဖြူရော်နှင့် ဖျားချင်သလိုလိုဖြစ်လာ၏။
အပေါင်းအသင်း များနှင့် အလိုက်အထိုက်စကားပြောနိုင်အောင် မနည်းကြိုးစားရသည်။ တော်ပါသေး၏။ ညတွင် အော်လီဗာအလုပ်များနေ၏ တော်တော်နှင့် အိမ်ပြန်မရောက်။ လုပ်ငန်းရှင်ကြီးတစ်ယောက်နှင့် အဆက်အသွယ် ထပ်ရပြန်ပြီတဲ့။ သူငွေတွေအများကြီးရဦးမည်ပေါ့။ ဒါတွေကိုလည်း ဆာရာ စိတ် မ၀င်စား တော့။ ဘ၀ဆုံးနေပြီပဲ။
လင်တော်မောင် ပြန်ရောက်တော့ ဆာရာအိပ်ပျော်နေပြီ။ နံနက်စာဝိုင်းတွင်ဆိုတော့ ညှိုးနေသည့် ချစ်ဇနီး ၏မျက်နှာ ကို အကဲခတ်ရင်း အော်လီဗာက နေလို့ကောင်းရဲ့လားဟုမေးသည်။ ခေါင်းကိုက်လို့ပါဟု ခပ်ပေါ့ ပေါ့ ပဲ ပြန်ပြောလိုက်၏။
" ဆရာဝန်ဆီ မှာ သွေးစစ်ထားတာတွေ ရပြီလားဟင်၊ ကိုယ်ပြောရဲပါတယ်ကွာ။ မင်းသွေးအားနည်းနေ တာပါ "
သူ့မျက်နှာတွင် အကြင်နာရိပ်များကို အထင်းသားတွေ့မြင်ရ၏။ သို့သော် ဆာရာ့ရင်ကို မခုန်စေတော့ဘဲ သူ့ ကြောင့် သူ့ကြောင့် ဟူသည့် အတွေးမျိုးဝင်လာပြီး မုန်းချင်သလိုလို ဖြစ်လာသည်။
" မသိရသေးပါဘူး "
အလိမ် မပေါ်အောင် ပန်းကန်တွေယူပြီး ဆေးကန်ဆီသို့ လှည့်ထွက်ခဲ့သည်။ ခဏနေတော့ သူ ရုံး သွားသည်။ ကလေးတွေလည်း ကျောင်းကားများပေါ်သို့ အလျှိုလျှိုတက်သွားကြသည်။
နောက်တစ်နာရီ အကြာတွင် ချိန်းထားသည့် သားဖွားမီးယပ်ပါရဂူဆီ ဆာရာရောက်နေပြီး။ အရေးထဲ ဆရာဝန် က လက်ပေါက်ကတ်နေသည်။ အော်လီသဘောတူရဲ့လား မေးနေသည်လေ။
" သူလား … အင်း … အဲ … "
သည်ဆရာဝန် ကို လိမ်ပြောဖို့မလွယ်။ တစ်ယောက်အကြောင်း တစ်ယောက် ချေးခါးအူမ သိသူတွေ။ သူ့ မျက်လုံး များနှင့် ရင်ဆိုင်လိုက်သည်။ ဆာရာ့မျက်လုံးအစုံတွင် အရောင်တစ်မျိုးလက်နေ၏။
" ဆာရာ သူ့ကို မပြောရသေးဘူး ဆရာ "
ဆရာဝန် အထိတ်တလန့် ဖြစ်သွားသည်။ သူတို့ အိမ်ထောင်ရေးကို ဆရာဝန် ကောင်းကောင်းသိသည်။ အလွန်ပျော်စရာ ကောင်း သည့် မိသားစု။ တစ်ဦးကိုတစ်ဦး အလွန်ပွင့်လင်းကြသည့် လင်မယား။
" ကလေးရှိတယ်ဆိုတာ မပြောတာလား၊ ကိုယ်ဝန်ဖျက်ဖို့ကို မပြောတာလား ဆာရာ "
" နှစ်ခုစလုံး ဆိုပါတော့ ဆရာ၊ ပြောဖို့လဲ အစီစဉ်မရှိပါဘူး "
ဆရာဝန် က ဆာရာ့ကို စိုက်ကြည့်ပြီး နားထောင်နေသည်။ ပြီးမှ မနှစ်မြို့သည့် အမူအရာဖြင့် ခေါင်းယမ်း သည်။
" မင်းမှားနေပြီ ထင်တယ် ဆာရာ၊ သူသိသင့်တယ်လေ၊ ဒီကလေးဟာ သူနဲ့လဲ ဆိုင်တာပဲ၊ ပြီးတော့ … "
ဆရာဝန် တုံ့ခနဲ ရပ်သွားသည်။ သူ့ခေါင်းထဲသို့ စိတ်မချမ်းသာစရာ အတွေးတစ်ခု ၀င်လာခြင်းကြောင့်ဖြစ် ၏။ မိမိ မသိသည့် ပြဿနာတွေများ ရှိနေဦးမည်လား။ မပြောနိုင်ဘူးလေ။
" ဒါထက် ကိုယ်ဝန် က " ဆာရာ ပြုံးပြုံးကလေးပြန်ဖြေသည်။
" ဟုတ်ပါတယ် ဆရာ၊ သူ့ကိုယ်ဝန်ပါ၊ ဆာရာမလိုချင်တော့လို့ပါ "
ဆာရာ က မလိုချင်ရခြင်း အကြောင်းများကို ရှင်းပြသည်။ ဆရာဝန်က ဘာမှ ဝေဖန်ချက်မပေးဘဲ ငြိမ် နားထောင်နေ ၏။ ပြီးမှ ပြန်စဉ်းစားဖို့ပြောသည်။ ဒုတိယအကြိမ် စဉ်းစားပြီးမှ သည် ဆုံးဖြတ်ချက် အတိုင်းပဲ ဆိုလျှင် လုပ်ပေးမည့်အကြောင်းပြောသည်။
" မင်းဟာ အရွယ်ကောင်းတုန်းပဲ ဆာရာ၊ ကလေးမယူရလောက်အောင် အသက်ကြီးသေးတာမှ မဟုတ်ဘဲ "
" ဆာရာ ကလေးမလိုချင်တော့ဘူး ဆရာ၊ ဆာရာလိုချင်တာက လွတ်လပ်မှုပဲ၊ နောက် ၁၁ နှစ်ဆိုရင် သား က ကောလိပ်ရောက်ပြီ၊ နောက်ထပ်နှစ်နှစ်ကြာရင် သမီးပါရောက်မှာ၊ ဒီကလေး ယူလိုက် ရင် နောက် အနှစ်နှစ်ဆယ် မှာ ဆာရာ ခြေချုပ်မိသွားရောပေါ့၊ ဒီအဖြစ်မျိုး ဆာရာ အရောက် မခံနိုင်တော့ ဘူးလေ "
အလွန် တစ်ကိုယ်ကောင်းဆန်သည့် ကိစ္စမှန်း သိပါ၏။ ကိုယ့်စကား ကိုယ့်နားကပင် လက်မခံချင်ပါ။ သို့သော် မတတ်နိုင်ပါပြီ။ သည်အတိုင်း ခံစားနေရပြီမဟုတ်လား။ ဤအရာကို မည်သူကမှ တားဆီးနိုင် လိမ့်မည် မဟုတ်တော့ပါ။
" အော်လီကကော မင်းနဲ့ အမြင်ချင်း တူပါ့မလား ဆာရာ "
ဆာရာ မေးခွန်းကို မဖြေသေးဘဲ အကြာကြီး ငိုင်နေသည်။ အော်လီက ကလေးရသလောက် လိုချင် သူဖြစ် ကြောင်းဆာရာမပြောချင်။
" သူနဲ့တော့ မဆွေးနွေးရသေးပါဘူး ဆရာ "
" ဆွေးနွေး လိုက်ပါဦးကွာ၊ ပြီးတော့ ဆရာတို့ ပြန်ဆုံကြတာပေါ့၊ စဉ်းစားချိန်တွေ ရှိပါသေးတယ် "
" အချိန်ယူ ဆိုရင်လဲ ယူပါ့မယ်ဆရာ၊ ဒါပေမယ့် ဆာရာ့ ဆုံးဖြတ်ချက်ကိုတော့ ပြင်မှာမဟုတ်ပါဘူး"
စိတ်တိုတိုနှင့် ထပြန်လာခဲ့၏။ ပြဿနာကို ဖြေရှင်းပေးရမည့်သူက ပြဿနာလုပ်နေခြင်းပါလား။ အိမ်ရောက် တော့ ထိုင်ငိုပစ်လိုက်၏။ ဆယ့်တစ်နာရီတွင် အော်လီဗာ ပြန်ရောက်လာတော့ ဆာရာ အိပ်ရာထဲရောက်နေပြီ။
" ဒီနေ့ ဘယ်လိုနေလဲဟင် ဆာရာ၊ သိပ်ပင်ပန်းနေသလိုပဲ "
သူ စိုးရိမ်တကြီးမေးသည်။ ဆာရာက လင်တော်မောင်ကို ကြေကွဲစွာ မော်ကြည့်သည်။
" ဒီနေ့ ကိုယ်တော့ အားလုံးအဆင်ပြေတယ် သိလား "
သူက ခုတင်စွန်းတွင် ၀င်ထိုင်ကာ လည်စည်းကိုလျှော့ရင်း ပြောသည်။ မျက်နှာ မှာ ပြုံး လျက် လေအဝှေ့တွင် ရွှေရောင်ဆံပင်တွေ လှုပ်ရှားနေ၏။ ရင်ခုန်စရာ ကောင်းလောက်အောင် ချောနေ ဆဲ၊ ချစ်ဖို့ကောင်းနေဆဲ။
မနာလိုချင်စရာပင်။ သူ့အတွက် လောကသည် နှလုံးမွေ့လျော် ပျော်ဖွယ်ရာအတိ ဖြစ်နေ၏။ သူ့ဘ၀က ရိုးစင်းရှင်သန် လွန်းသည်မဟုတ်လား။
သူလှုပ်ရှားနေပုံတွေကို ကြည့်လေ။ နေ့စဉ် ရုံးသွားသည်။ သူ စိတ်ဝင်စားသည့်အလုပ်ကို စိတ်ပါလက်ပါ လုပ်သည်။ တကယ့် ကမ္ဘာကြီးထဲတွင် တကယ့်လူသားတွေနှင့် နေ့စဉ် ထိတွေ့နေရသဖြင့် စိတ်ဝင်စား စရာ ကောင်းသည်။
မိမိကမူ တစ်နေ့လာလည်း သည်ကလေးတွေ၊ သည်အိမ်အလုပ်တွေ၊ သည်တင်းနစ်ကွင်းက မြင်နေကျ မျက်နှာတွေ။ တရားမျှတမှု ရှိသည် မထင်။
မျက်ဝန်းထဲ တွင် သည် မကျေနပ်ချက်များက အမြဲထင်ဟပ်လျက်။ ယောက်ျားကလေးဖြစ်ရလျှင် ဘယ်လောက် ကောင်းမလဲဟု မကြာခဏ တမ်းတဖူး၏။
ပြီးတော့ လည်း ဘာပြုလို့များ အလုပ်တစ်ခုခု င်မလုပ်ဘဲ အိမ်ရှင်မ လုပ်မိပါလိမ့်ဟု နောင်တရ၏။
ခုတော့ ကလေးနှစ်ယောက် အမေဘ၀ဖြင့် ဆင်ခြေဖုံးရပ်ကွက်တွင် မက်ဖူးသည့်အိပ်မက်များ ပျက်ပြယ် ကာ ပုံစံကျအိမ်ရှင်မတစ်ယောက် ဖြစ်နေပြီ။
ခု ကလေးတစ်ယောက် ထပ်ရှိနေပြန်ပြီတဲ့။ အို … မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး၊ ကိုယ့်ကိုယ်ကို အပြေးအလွှား သတိပေး လိုက်၏။ ကလေးက ဖျက်ချပစ်မှာပဲ။
" ဆာရာ … ဘာဖြစ်လို့လဲဟင်၊ သိပ်အနေဆိုးနေလား "
သူက ငုံ့နမ်း ရင်း စိုးရိမ်တကြီးမေးပြန်သည်။ ဇနီးသည်၏ အရိပ်အကဲကို အော်လီဗာ ကောင်းကောင်းသိပါ သည်။ သူ့မျက်ဝန်းထဲ မှ ဒေါသစွတ်နေသည့် သောကရိပ်ကိုလည်း အော်လီလှစ်ခနဲတွေ့လိုက်၏။
" ဘာမှ မဖြစ်ပါဘူး မောင်ရယ်၊ ပင်ပန်းသွားလို့ပါ "
" ကလေးတွေ အမေကြီးကို ဆိုးလို့လားဟင် "
" အို … မဟုတ်ပါဘူး၊ သူတို့နဲ့ဘာမှမဖြစ်ပါဘူး "
" ဒါဆို ဘာဖြစ်လို့လဲဟင် "
သူက ဇွတ်မေးသည်။
" သူကဇွတ်မေးသည်။
" ဘာမှ မဖြစ်ပါဘူးဆို "
ဆာရာ ညာပြောလိုက်သည်။
" မဟုတ်ပါဘူး "
သူ အင်္ကျီချွတ်ပြီး အနားတိုးလာသည်။
" ကိုယ့်ကို မညာနဲ့၊ မင်းတစ်ခုခုဖြစ်နေတယ် မဟုတ်လား ဆာရာ "
သူ့ကို ထိတ်လန့်တုန်လှုပ်မှု လွှ့မ်းမိုးသွားလေပြီ။ ရုံးမှ လုပ်ဖော်ကိုင်ဖက်တစ်ယောက် အကြောင်း ကို ပြေးသတိရလိုက်ခြင်းကြောင့် ဖြစ်၏။ လွန်ခဲ့သည့် ခြောက်လခန့်က အဖြစ်အပျက်။ မိန်းမလုပ်သူ ကင်ဆာ ဖြစ်နေကြောင်း ထုံးစံအတိုင်း နောက်ကျစွာသိသည်။ လပိုင်းအတွင်း ဆုံးသွားသည်။ ကလေး သုံးယောက် နှင့် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘဲ ယောင်လည်လည်ကျန်ရစ်၏။
ဆာရာ ကို ဆုံးရလျှင် သူ ဘယ်လိုမှရပ်တည်နိုင်မည် မဟုတ်ကြောင်း အော်လီသိနေ၏။ နှစ်ရှည်လများ ချစ်ခဲ့ရ သည့် ဇနီးချစ်သူဆာရာသည် သူ့ဘ၀ … " ဆေးခန်းမှာ စစ်ထားတဲ့အဖြေတွေ ရပြီလား၊ ရလောက်ရောပေါ့၊ ဘာလို့ ကိုယ့်ကို မပြောဘဲ ထားတာလဲ "
ဆရာဝန်ပြောသည့် အတိုင်း ပြောလိုက်မည် စိတ်ကူးသေးသည်။ သည်ကလေးဟာ သူ့ကလေးလေ၊ သူနဲ့ လည်းဆိုင် တာပဲ၊ ဟင့်အင်း … ဟင့်အင်း … မဖြစ်ဘူး၊ မပြောဘူး၊ ငယ်သံပါအောင် အော်လိုက်သည့် မိမိ၏ ဒုတိယ အသံကို ပြန်ကြားလိုက်၏။
" အားလုံး ကောင်းပါတယ်တဲ့ "
နှစ်ဦးသားကြားတွင် တစ်သက်လုံး မြတ်မြတ်နိုးနိုး ရှိခဲ့ကြသည့် သစ္စာတရားနှင့် ပွင့်လင်းမှုသည် ဆာရာ့ ရင်ထဲ တွင် လှိုင်းထလျက်ရှိသည်။
" ကောင်းတယ်ဆိုပါတော့လေ "
သည်လို ပြောလိုက်မိသည့်အတွက် နောင်တွင် ဆာရာတစ်ယောက် နောင်တကြီးစွာ ရလေသည်။
" ဘာအဓိပ္ပာယ်လဲ "
စူးစူးဝါးဝါး စိုက်ကြည့်ပြီး မေးလိုက်ခြင်းဖြစ်၏။ သူ့အသံတွေ တုန်နေသည်။ ပြီးတော့ ဆက်တိုက်မေးပြန် သည်။
" ပြောစမ်း၊ ဆရာဝန်က ဘာတွေပြောလဲ "
သူ ဘာကိုတွေးပြီး စိတ်ပူသွားကြောင်း ချက်ချင်းရိပ်မိလိုက်၏။ သည်လိုတော့လည်း ချစ်သူ မခံစားစေချင် ပါ။ ကလေးမလိုချင်သည်က တခြား၊ သူ့ကိုမြတ်နိုးကြင်နာမှုက ဆာရာ့နှလုံးသားထဲတွင် လျော့ ပါးသွားခြင်းမျိုးမှ မရှိတာ။
" ဘာတွေလျှောက်ပြီး တွေးပူနေရတာလဲ မောင်ရယ်၊ အဲ … ဒါမျိုးမဟုတ်ပါဘူး "
သူ့ ကို မှီနွဲ့ပြီး နမ်းရင်း ပြောလိုက်သည်။ သူက ပြန်ဖက်ထားသည်။ သူ တုန်တုန်ယင်ယင်ဖြစ်နေ၏။
" ဒါဖြင့် ဘာလဲ " ခပ်ဖြည်းဖြည်း သူ့ကို မော်ကြည့်သည်။ စိတ်ပျက်ခြင်းကြီးစွာဖြင့် တိုးတိုးကလေးပြော လိုက်သည်။ " ဆာရာ့မှာ ကိုယ်ဝန်ရှိနေပြီတဲ့ " ရုတ်တရက် တိတ်သွားသည်။ သို့သော် ဇနီးသည်၏ မျက်လုံးများနှင့်ဆုံတော့ ချက်ချင်းပင် အပြုံးပျက်သွား သည်။ ဆာရာ့အမူအရာမှာ ကင်ဆာဖြစ်သည်ကမှ ခံသာဦး မည် ဟူသည့် ပုံစံမျိုး။
" မနေ့ကမှသိတာပါ၊ ဆာရာသိပ်တုံးတာပဲ၊ ဂျမေကာမှာ ရလာတထင်တယ် "
ပြုံးချင်စိတ် ကို အော်လီမတားဆီးနိုင်တော့။ ထိုတဒင်္ဂတွင်တော့ ဆာရာက သူ့ကို ဆွဲရိုက်ပစ်လိုက်ချင်၏။
" ဟုတ်လား ကိုယ့်အပြစ် လဲ ပါပါတယ် ဆာရာ၊ အင်း … ဟုတ်မှာ၊ ဂျမေကာမှာလေ "
သူ့အသံ မှာ နူးညံ့ချိုသာပြီး နွေးထွေးလျသည်။ သို့သော် သူဆုပ်နယ်နေသည့် လက်နှစ်ဖက်ကို အသာရုပ်ပြီး ခေါင်းအုံးပေါ်သို့ လှဲချလိုက်၏။ သူနှင့် ဝေးနိုင်သမျှ ဝေးအောင် ရှောင်နေချင်သည့်အလား။ သူ့ကြောင့် … သူ့ကြောင့် ဖြစ်ရတာ။
" ဖျက်ချဖို့ စီစဉ်ပြီးပြီ "
" ဟင် … ဘယ်တုန်းက အဲဒီလို ဆုံးဖြတ်လိုက်တာလဲ "
" အဲဒီ သတင်းကြားပြီး စက္ကန့်သုံးဆယ်အတွင်းမှာ ဆုံးဖြတ်တာ၊ မဖြစ်နိုင်ဘူး အော်လီ၊ လုံးဝမဖြစ်နိုင်ဘူး "
" ဘာပြုလို့လဲဟင်၊ ကျန်းမာရေးကြောင့်လား "
ခပ်ဖြည်းဖြည်း ခေါင်းယမ်းသည်။ အကြီးအကျယ် စကားများရဦးမည်ဟု စိတ်ထဲက သိနေ၏။ သို့သော် သည်တစ်ကြိမ် ဆာရာ အရှုံးပေးတော့မည် မဟုတ်၊ ဘယ်နည်းနှင့်မျှ သည်ကလေးကို ဆာရာမွေးမည် ဟုတ်။
" ဆာရာ အသက်ကြီးပြီ အော်လီ၊ ပြီးတော့ သားနဲ့သမီး ဘက်ကကြည့်ရင်လဲ တရားမျှတမှု မရှိဘူး "
" ဟာကွာ၊ အဓိပ္ပာယ် မရှိတာ၊ ကိုယ်တို့ ပြောလိုက်ရင် ၀မ်းတောင်သာချင်သာကြဦးမှာ "
" ပြောစရာမလိုတော့ပါဘူး၊ ရက်ပိုင်းအတွင်း ပြီးသွားမယ့် ကိစ္စပဲ "
သူထပြီး အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်သည်။
" ဟုတ်လား၊ အဲဒီလောက် လွယ်လွယ်ကူကူ လုပ်သင့်လားဆာရာ၊ ကိုယ်တော့ နားမလည်ဘူး၊ မင်းမှာ ကလေး တစ်ခါရှိတိုင်း ဒီသောက်အဓိပ္ပာယ်မရှိ ကိုယ်ဝန်ဖျက်ဖို့ကိစ္စနဲ့ စကားများရတာချည်းပဲ "
" ဘယ်က သောက်အဓိပ္ပာယ်မရှိရမှာလဲ၊ ဆာရာ့အတွက် သိပ်ကိုအဓိပ္ပာယ်ရှိတာပေါ့၊ ဆာရာမှ ကလေး မလို ချင်တော့တာပဲ၊ ရှင်က နေ့စဉ်ရုံးသွားပြီး ရုံးမှာ ကိုယ်ပိုင်ဘ၀တစ်ခုရှိတယ်၊ ကျွန်မမှာက တစ်နေ့ လာလဲ ဒီအိမ်၊ ဒီကလေးတွေ၊ ဒီမိဘဆရာအသင်း၊ ဒီသံသရာမျာ နောက်ထပ် နှစ်နှစ်ဆယ် ထပ်မလည်နိုင်တော့ ဘူး အော်လီ၊ ခု ဆယ်နှစ်ကျိုးခဲ့ပြီ၊ ဆာရာ့ဆုံးဖြတ်ချက်ကို ဘယ်သူ့ကြောင့်မှ အပျက် မခံနိုင်ဘူး "
" ဒါဖြင့် မင်း ဘာဆက်လုပ်မလဲ၊ ဒီကလေးကို မင်းတကယ်သတ်ပစ်မယ်ပေါ့၊ ဟုတ်လား၊ ဘုရား … ဘုရား၊ ဒီမယ် ဆာရာ မင်းဟာ မြို့ကောင်းကျိုး၊ နိုင်ငံကောင်းကျိုးတွေသယ်ပိုးရင်း ကလေးတွေကို ထိန်းသိမ်း စောင့်ရှောက်ကြီးပြင်းစေခဲ့တဲ့ မိခင်ကောင်းတစ်ယောက်ပါ ဆာရာ၊ ကိုယ်သိပါတယ်၊ ရေမချိုး၊ ဆံပင် မညှပ်တဲ့ လူတွေထဲမှာနေပြီး ကဗျာတွေ ရေးလိုက်၊ ၀တ္ထုတွေရေးလိုက်နဲ့ မင်းရဲဘ၀ ကို မြှုပ်နှံထားချင် တယ်ဆိုတာလေ၊ ဟိုတုန်းကတော့ အဲဒီ စိတ်ကူးယဉ်လောကကို ကိုယ်လဲ မင်း အတွက် နည်းနည်း စိတ်ဝင် စားခဲ့ပါတယ်၊ ဒါပေမယ့် မင်းအရွယ်နဲ့ ဘ၀ဟာ အဲဒီအချိန်တွေ ကို ဖြတ်သန်းခဲ့ပြီးပြီ ဆာရာ၊ ကိုယ့်အသက် အရွယ်လဲ ပြန်ကြည့်ဦး "
" သိတယ် … သိတယ်၊ သိပ်သိတယ်၊ ကျွန်မ သူများတွေအတွက် အသက်ရှင်ပေးနေရင်း အသက်တွေ ကြီးလာတာကို သိတယ်၊ ဒါပေမယ့် တစ်သက်လုံး ဒီအတိုင်း ဘ၀အဆုံးမခံနိုင်ဘူး၊ ကျွန်မအတွက် ကျွန်မ အသက်ရှင် ဖို့လဲ အခွင့်အရေးရှိသင့်တယ်၊ ရှင် ဒါကို တစ်ခါမှ မစဉ်းစားမိဘူးလား အော်လီ၊ ကျွန်မဘက် ကလဲ ကြည့်ပါဦး၊ ဒီကမ္ဘာလောကကြီးထဲမှာ ကလေးတွေထက် အရေးကြီးတဲ့ကိစ္စတွေ အများ ကြီး ရှိသေးတယ် ဆိုတာရော ရှင်နားလည်ရဲ့လား၊ သတိကော ထားမိရဲ့လား "
" ကိုယ့်နားလည်တာကတော့ မင်းအတွက် ဒီထက် ငြိမ်းအေးတဲ့ဘ၀ဘယ်မှာမှ မရှိနိုင်ဘူးဆိုတာပဲ၊ ကိုယ်က တစ်ချိန်လုံး မြို့တက်ပြီး ကိုယ်စွမ်းရှိသမျှ ဥာဏ်စွမ်းရှိသမျှကုန်းရုန်းလုပ်နေချိန်မှာမင်းက သူငယ်ချင်းတွေ နဲ့ တင်းနစ်ရိုက်လိုက်၊ ကလေးတွေနဲ့ မုန့်ဖုတ်စားလိုက်နဲ့လေ၊ အဲဒါဟာ မင်းနဲ့အလိုက်ဆုံး ဘ၀ မဟုတ်လား၊ ဒီဘ၀မျိုးကို မင်း သည်းမခံနိုင်ဘူးဆိုတာမျိုးတော့ ကိုယ်တစ်သက်လုံး လက်ခံမှာ မဟုတ်ဘူး ဆာရာ၊ ကလေးတစ်ယောက်ထပ်ယူလို့လဲ မင်းဘ၀မှာ ဘာမှ ထူးခြားပြောင်းလဲသွားမှာ မဟုတ်ဘူး "
" လက်မခံဘူး ဟုတ်လား၊ လက်မခံရင် လဲသေလိုက် "
ရန်ပွဲမှာ နံနက်နှစ်နာရီတိုင်သွားသည်။ သို့သော် မပြီး။ နောက်တစ်ညသို့ ဆက်သည်။ ပြီးတော့ နောက်ည။ ပြီးနောက် ညပေါင်းများစွာ။ ဤသို့ဖြင့် စနေ၊ တနင်္ဂနွေ ရောက်သွားသည်။ နှစ်ဦးစလုံး၏ ပါးပြင်ပေါ်တွင် မျက်ရည် များစွာ။ တံခါးဆောင့်ပိတ်သံပေါင်းများစွာ။ ပြီးတော့ နားမခံသာသည့် အပြန်အလှန် စွပ်စွဲမှုပေါင်း များစွာ။ နောက်ဆုံးတွင် နှစ်ယောက်စလုံး အားအင်ကုန်ခန်းကာ ရန်ပွဲမိုး ရပ်စဲစပြုလာ သည်။ အော်လီဗာက လက်မြှောက်ပြီး လုပ်ချင်တာ လုပ်ပါ။ တည်ဆောက်ချင်တဲ့ ဘ၀မျိုး တည်ဆောက် ပါ။ သို့သော် ကလေးကို တော့ မွေးပေးပါဟု အနူးအညွတ် တောင်းပန်သည်။
ဆာရာ နှစ်ကြိမ်တိုင်တိုင် ထပ်ကြိုးစားသည်။ အစ်မလုပ်သူကို လှမ်းပြီး တိုင်ပင်ခါမှ ပိုဆိုးတော့သည်။ ဒုတိယ စစ်မျက်နှာကို ဆာရာ ရင်ဆိုင်ရပြန်၏။ လောကနီတိနှ့် မညီကြောင်း စာရိတ္တပျက်ပြားမှု မျိုး ဖြစ် ကြောင်းအပြင် ဆာရာကို စိတ်မှကောင်းရဲလားဟု စွပ်စွဲသည်။
ဤသို့ဖြင့် ရက်သတ္တပတ်ပေါင်းများစွာ မတင်မကျဖြစ်နေ သည်။ နှစ်ယောက် သား ခြေကုန်လက်ပန်း ကျကာ သွေးအေးအေးဖြင့် ပြန်စဉ်းစားကြသည်။ နောက်ဆုံး ကလေးဖျက် မချဖြစ်တော့။ သို့သော် သည် တစ်ယောက် ပြီးလျှင် ဆာရာ သားကြောဖြတ် ဖို့ အော်လီဗာ သဘောတူ လိုက်ရ၏။
အော်လီဗာ အနေဖြင့် ရွေးစရာလမ်းမရှိ၍ လက်ခံလိုက်ရခြင်းဖြစ်၏။ သည် ရန်ပွဲမျိုး နောက်တစ်ပွဲဖြစ် ရလျှင် အိမ်ထောင်ရေး ကိုပင် ထိခိုက်လာနိုင်စရာ ရှိသည်မဟုတ်လား။ အသက်လေးဆယ်ပြည့်မှတော့ ဘယ်နည်း နှင့်မျှ နောက်ကလေးယူတော့မည် မဟုတ်ကြောင်း ဆာရာက အခိုင်အမာ ပြောလိုက်သည်။
ရွေးကောက်ပွဲနေ့တွင် တတိယကလေးကို ဆာရာမျက်နှာမြင်သည်။ အော်လီဗာက ဆာရာ့ ခုတင်ဘေးတွင် ရပ်ပြီး အားပေးစကားပြောသည်။ ဗိုက်ထဲကထိုးနာတိုင်း အော်လီဗာ့အပေါ် ဆာရာ၏ အမုန်း ခွန်အားတွေ တိုး၍ တိုး၍လာနေ၏။ သည်အကြောင်းကိုလည်း ညည်းတွားရင်း ဆာရာ ထုတ်ပြောသည်။
လွန်ခဲ့ သည့် ရှစ်လလုံးလုံး သည်ကလေးမွေးလာလျှင်လည်း ဂရုစိုက်မည်မဟုတ်ကြောင်း ဆာရာက လင်တော်မောင်အား တဖွဖွ ကြိုတင်ကြေညာထားသည်။ သည်လိုပြောတိုင်း " ဒါဆိုလဲ မင်းအတွက်ကော ပေါင်းပြီး ကလေးကို နှစ်ယောက်စာ ချစ်ရမှာပေါ့ကွာ" ဟု အော်လီ က လေပြေထိုးလေ့ရှိသည်။
သားနှင့်သမီး ကလည်း နောက်တိုးကလေးကို မျှော်တလင့်လင့်ဖြင့် စိတ်လှုပ်ရှားနေကြ၏။ ရှစ်နှစ်သား အရွယ် ဘင်ဂျမင်အတွက် ညီလေးလား၊ ညီလေးလားနှင့် ရင်တွေခုန်နေသည်။ မယ်လီဆာ ကလေးမှာ ခြောက်နှစ်ပြည့်ပြီ။ ကစားစရာ အရုပ်ကလေးရတော့မည့်အလား အူမြူးနေ၏။ စိတ်ဓာတ် ကျနေသူ မှာ ဆာရာတစ်ယောက်တည်း။
ကလေး ဦးခေါင်းကလေး ပြူထွက်လာသည်ကို အော်လီဗာ တအံ့တသြကြည့်နေ၏။ ဤသို့ဖြင့် ဆမ်မြူရယ် ၀တ်ဆင် ဟု အနွတ္တသညာ ခေါ်စရာတွင်မည့်ကလေးငယ်သည် ၀ါးခနဲတစ်ချက်အော်ကာ အဖေကို တအံ့ တသြမော့ကြည့်ရင်း လူ့လောကထဲသို့ ၀င်ရောက်ခဲ့လေသည်။
ဆရာဝန်၊ ဆရာမတွေက ကလေးကို ပထမဦးဆုံး အော်လီဗာ့ လက်ထဲသို့ ထည့်ပေးကြသည်။ ပြီးမှ သားကလေးနှင့် ပတ်သက်၍ မိုက်မိုက်မဲမဲ ပြောဆိုခဲ့သည်များကို သတိရပြီး မျက်ရည်တွေတွေ ကျနေ သည့် ဆာရာနံဘေး သို့ အသာအယာချပေးသည်။
ဆံပင်တွေက အနက်ရောင်၊ မျက်လုံးက ဖအေတူ အစိမ်းရောင်၊ အသားအရေမှာ နို့နှစ်ရောင် ၀င်းလျက်။ မျက်လုံးအစုံတွင် ပညာဥာဏ်ကြီးမားမည့်ပုံ၊ ဟာသဥာဏ်ရွှင်မည့်ပုံကို အထင်းသားတွေ့ရ၏။
ဆမ်ကလေး မှာ မြင်မြင်ချင်း မချစ်ဘဲမနေနိုင်သည့် ကလေးမျိုးဖြစ်သည်။ ဆာရာသည် မုန်းဖို့ကြိုးစားရင်း ကြိုးစားရင်း သားကလေးကို အချစ်ကြီးချစ်မိတော့သည်။ ပူခြင်း ငိုခြင်းမရှိ။ မွေးကတည်းက အလွန်အေး ဆေးပြီး အမြဲပြုံးရယ်နေတတ်သည့် သားကလေး။ အားလုံးထဲတွင် အချစ်ဆုံး ကလေးဖြစ် လာတော့၏။
ဆမ်ကလေးကြီး လာလျှင် ဘာဖြစ်လာမည်။ ညာဖြစ်လာမည်ဟူသည့် မျှော်လင့်စကားများကို လင်တော်မောင် အား ဆာရာ မမောမပန်းပြောနေတတ်သည်။
ဆမ်ကလေး သည် အားလုံး ဖူးဖူးမှုတ်ထားခြင်းခံရသည့်ကလေးဖြစ်လာသည်။ ဆာရာ၊ အော်လီဗာနှင့် သူ့ အစ်ကို အစ်မများအပြင် အဘိုးအဘွားတို့၏ အသည်းကလေးဖြစ်လာ၏။ အိမ်၏ဆည်းလည်းကလေးဖြစ် လာ၏။ ဆာရာ တွေးတောကြောက်ရွံ့ခဲ့သည့် အနိဋ္ဌာရုံများနှင့် လုံးဝ ရင်မဆိုင်ရဘဲ ဆမ်ကလေးကြောင့် သူတို့ အိမ်ထောင်စုကလေးသည် ပို၍ ပြည့်စုံ၊ ပို၍စိုပြည်ခဲ့လေသည်။
ဆာရာ လုံးဝမပင်ပန်းရအောင် ကလေးထိန်းဖို့နှင့် အိမ်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ၀ါရင့် အမျိုးသမီး တစ် ယောက်ငှားလိုက်သည်။ ကလေးထိန်း အမျိုးသမီးသည် ဘင်ဂျမင်နှင့် မယ်လီဆာကလေးကိုလည်း ချစ် သည်။ အားလုံးနည်းတူ ဆမ်ကလေးကို မြင်မြင်ချင်း သူ့ရင်သွေးပမာ တွယ်တာချစ်ခင်မိတော့၏။
ပါးမို့မို့ နီနီကလေးနှစ်ဖက်မှာပြုံးလိုက်လျှင် ပို၍ နမ်းချင်စရာကောင်းသည်။ လက်မောင်းအိုး ကလေးတွေနှင့် ခြေထောက်ကလေးတွေက ပြည့်ပြည့်ဖြိုးဖြိုး ၀၀ကစ်ကစ်ကလေးတွေ။ ဖျစ်ချင် ညှစ်ချင်စရာ။
ရံဖန်ရံခါ ကလေးထိန်းအမျိုးသမီး အက်နက်၊ ဆာရာနှင့် အိမ်သားတွေ ကလေးမျက်နှာပေါ်တွင် အနမ်းချင်း ဆုံနေသဖြင့် ရယ်ကြမောကြရသည့်အခါ ဆမ်ကလေးက တခစ်ခစ်ရယ်ကာ သဘောကျနေ တတ်သည်။ အက်နက်ကို ဆာရာ သဘောကျသည်။ အရည်အချင်းရော၊ သဘောထားပါပြည့်ဝသည့် အမျိုးသမီးဖြစ်၏။
နံရံတွေ ပွင့်ထွက်မတတ်အောင် ငိုတတ်သည့် ဘင်ဂျမင်တုန်းက သူ့ကိုရလိုက်လျှင် ဘယ်လောက်ကောင်း လေမည်လဲ ဟုဆာရာ အကြိမ်ကြိမ်တွေးမိသည်။
သို့သော် ထိုစဉ်က သူတို့ လုံးဝမတတ်နိုင်ခဲ့ပါ။ ခုတော့ အခြေအနေအားလုံး ပြောင်းလဲခဲ့ပြီ။ အော်လီဗာ ကြိုတင် မှန်းဆသည့် အတိုင်း အရာရာတို့သည် အံ့သြစရာကောင်းလောက်အောင် ချောမွေ့ပြေပြစ်လျက် ရှိ ပါသည်။
နံနက်စာ၊ ညစာအတွက် ဆာရာ ဦးနှောက်မခြောက်ရတော့။ လျှော်ရေး၊ ဖွပ်ရေး၊ အိမ်သန့်ရှင်းရေးအတွက် လည်း မပူရတော့။ သန့်ရှင်းရေး အမျိုးသမီးတစ်ယောက်ကိုလည်း တစ်ပတ်နှစ်ကြိမ် ခေါ်ထားနိုင်ပြီ။
သည်လို သုခချမ်းသာဖြင့် ပြီးပြည့်စုံသည့်တွင် ဆမ်ကလေးသည် တကယ့်ကိုထူးခြားသည့် ကလေး တစ် ယောက်ဖြစ်လာတော့သည်။ အိမ်သူ အိမ်သားတိုင်း၏ဘ၀ကို သူကလေးက အလင်းရောင် ထိုးပေးနေ သည့်အလား ဆာရာ့အတွက် ဒုက္ခပေးမည့်ကလေးဖြစ်မလာဘဲ ဆမ်ကလေးသည် ဘင်ဂျမင်နှင့် ဆော့ လိုက်၊ မယ်လီဆာကလေးနှင့် ကစားလိုက်၊ အထိန်းတော် အက်နက်နှင့် ပျော်နေလိုက်၊ အော်လီဗာလက်ပေါ် တွင် မြူးနေလိုက်နှင့် မအေ့အတွက်ပင် အချိန် မပေးနိုင်လောက်အောင်ဖြစ်နေ၏။
ဤသို့ဖြင့် အချိန်တွေ ဘယ်လိုကုန်သွားမှန်း မသိလိုက်ဘဲ ဘင်ဂျမင်တစ်ယောက် ၁၇ နှစ်အရွယ်ရောက် ကာ အထက်တန်းကျောင်း၏ နောက်ဆုံးနှစ်သို့ တိုင်ခဲ့လေသည်။ မယ်လီဆာက ၁၅ နှစ်သမီး၊ သူငယ်ချင်း တွေနှင့် တယ်လီဖုန်းတစ်ခါပြောလျှင် မပြီးတော့။ မွေးကတည်းက ဘယ်သူ့ကိုမှ ဒုက္ခမပေးခဲ့သည့် ဆမ် ကလေးက ကိုးနှစ်သား။ သူ့အတွက် အမေဘာမှပူစရာမလို။ သူ့အလုပ်၊ သူ့တာဝန်၊ သူ့ကစားချိန်နှင့် ပုံမှန် လည်ပတ်နေပြီ။
သူ့ အတွက် မအေဘာမှ လှည့်ကြည့်စရာမလို၊ အားလုံးကို ခြုံကြည့်လိုက်လျှင် ဆာရာ့အဖို့ စာမရေးနိုင်စရာ အကြောင်းဘာမျှမရှိပေ။ တိတ်ဆိတ်နေသည့် လက်နှိပ်စက်နှင့် စာရွက်လွတ်များကိုပဲ အပြစ်ပြောရ မည် လား။ ကလေးတွေကြောင့် စာမရေးနိုင်ခြင်းမဟုတ်သည်ကတော့ သေချာနေပြီ။
တဖြောက်ဖြောက်ကျတင်းနေသည့် ဆီးနှင်းပွင့်ဖက်များကို ငေးမောရင်း အော်လီံကို ဘယ်လိုပြောရပါ့ဟု စဉ်းစားနေ၏။ စာအကြောင်း ပေအကြောင်း အော်လီမေးမည်ကို ဆာရာစိုးရိမ်နေ၏။ ဇနီးလုပ်သူ၏ စာပေ၀ါသနာ ကို သိသိသာသာ အော်လီအား ပေးလာခဲ့သည်မှာ နှစ်နှစ်ရှိပြီ။
တစ်ကြောင်းတစ်ပါဒ မျှ မစရသေးသည့် ၀တ္ထုရှည်ကြီးအကြောင်း ဆာရာမပြောလိုပေ။ အသက်လေးဆယ် တစ်နှစ်ပြည့်သည့်အချိန်တွင် မိမိသွေးတောကြောက်ရွံ့ခဲ့သည့် ဘ၀ထဲမှ ရုန်းထွက်၍ မရတော့ပြီဖြစ် ကြောင်း ဆာရာတစ်ယောက်လဲ နားလည်စပြုလာသည်။ ဘ၀ဆုံးပြီပေါ့။ စိတ်ထဲတွင် အရမ်းကြီး အိုစာသွားသလို ခံစားလိုက်ရ၏။ နောက်ထပ် ကလေးမရနိုင်တော့ပြီဖြစ်ကြောင်း လည်း သေချာနေပြီ။
ဆမ်ကလေးမွေးပြီးကတည်းက အော်လီ သဘောတူခွင့်ပြုချက်ဖြင့် သားကြော ကို ဖြတ်တောက် ထားခဲ့ပြီး ဖြစ်၏။
သည်လိုဘ၀မျိုး ကျပြန်တော့လည်း တစ်မျိုး တစ်ဖုံခံစားရပြန်၏။ တဖြည်းဖြည်းချင်း ခံစား နားလည် လာခြင်း မျိုး၊ ရှေ့သို့ မတိုးဘဲ ရပ်နေသည့်ဘ၀မျိုး။ သည်မှနေ၍ ဘယ်ဆီသို့မရွေ့လျားတော့သလို တန့်နေ သည့် အဖြစ်မျိုး။ လူမှုရေးဖောက်ပြန်မှုတစ်မျိုးအဖြစ်လည်း တစ်စတစ်စနားလည်လာ၏။
အသက်နှစ်ဆယ်အရွယ် က အိပ်မက်တို့သည် နှစ်များစွာကပင် လွင့်ပြယ်ကွယ်ပျောက်ခဲ့ရုံမက ထို အိပ်မက် တို့ သည်ပင် တကယ် မက်ခဲ့ဖူး သည့် အိပ်မက်ဟုတ်မဟုတ် သံသယဖြစ်လာ၏။
ဘယ်နည်းနှင့် မျှ စာရေးဆရာတစ်ယောက် ဖြစ်မလာနိုင်တော့ပြီ။ ၃၅ နှစ်အရွယ်တုန်းကလည်း စိုးရိမ်မှုကြောင့် ဘ၀ပျက်ပြီမှတ်ထင်ခဲ့ရ၏။ ၃၉ နှစ်တွင် သေမလောက်ဖြစ်ခဲ့ရသည်။ ယခု လေးဆယ့် တစ်နှစ် အရွယ်တွင်မူ ကြေကွဲမှုကို အနက်ရှိုင်းဆုံး ခံစားရလေ၏။
ဆက်ရန်
.

No comments:
Post a Comment