Tuesday, May 1, 2012

အထောက်တော် လှအောင် ဘာသာပြန် ရဘက်ကာ, အပိုင်း (၄)

အခန်း(၄)

ဟောလီးဝုဒ်ဖဲကစားပြီး နောက်တစ်နေ့မနက် နိုးလာသောအခါတွင် မစ္စက်ဗန်ဟော့ပါး သည် လည်ချောင်းနာ လျက်ရှိသည်။ ကိုယ်အပူချိန်ကလည်း ဒီဂရီ ၁၀၂ ရှိနေသည်။ ထို့ကြောင့် သူ့ ဆရာဝန်ဆီ သို့ ကျွန်မ ဖုန်းလှမ်းဆက်ရသည်။ ဆရာဝန်က ချက်ချင်းရောက်လာပြီး စမ်းသပ်ကြည့် ကာ ထုံးစံအတိုင်း တုပ်ကွေးမိပြီဖြစ်ကြောင်း ပြောပါသည်။
"အိပ်ရာထဲမှာ အနားယူပါ။ ကျွန်တော်ထခိုင်ထပါ။ ခင်ဗျားရဲ့ နှလုံးခုန်သံကို ကျွန်တော် မကြိုက်ဘူး။ အတတ်နိုင် ဆုံး ငြိမ်ငြိမ်ကလေးမနေရင် ပြန်ကောင်းလာဖို့ မလွယ်ဘူး" ဟု ဆရာဝန် ကပြော သည်။ ပြီးတော့ ကျွန်မဘက်သို့ လှည့်လာသည်။ "မစ္စက်ဗန်ဟော့ပါး မှာ သူနာပြုဆရာမ ရှိ ပါတယ်။. သူ့ကို ခေါ်လိုက်ပါ။ ခင်ဗျားတစ်ယောက်တည်း မနိုင်မနင်းဖြစ်နေလိမ့်မယ်။ နှစ်ပတ် လောက် ဆိုရင် ကောင်း သွားမှာပါ"

အကောင်းပကတိ က သည်လိုဖြစ်သည်ဆိုတော့ တယ်ပြီး ဘဝင်မကျချင်။ ထို့ကြောင့် ကန့်ကွက်ဖို့ ကျွန်မ စဉ်းစား လိုက်မိသည်။ သို့သော်လည်း မစ္စက်ဗန်ဟော့ပါက ဆရာဝန်၏ အကြံ ပေးချက်ကို လက်ခံ လိုက်လေရာ ကျွန်မပင်လျှင် အံ့သြရတော့သည်။ သည်လို အပြောင်းအလဲက လေးမျိုးကို သူလိုချင် သည်ဟု ကျွန်မထင်မိပါသည်။ သူ နေမကောင်းသည့်အတွက် ဘေးလူများ ဗျာများ ကာ ပြုစုယုယကြသည်ကို ခံယူချင်ပုံရသည်။ လူတွေက သူ့ကို ဂရုဏာသက်ကြမည်။ မလာနိုင်သူများ ကလည်း စားရေးမေးကြမည်။ လူနာ စိတ်ကြည်လင်စေရန် ပေးပို့လိုက်သည့် ပန်း စည်းများရောက် လာမည်။ တကယ်ဆိုတော့ မွန်တီကာလို ကို သူငြီးငွေ့စပြုလာပြီ။

ယခုလို အိပ်ရာ ထဲမှာ အနားယူနေရတော့မည်ဆိုတော့ သူ့အဖို့ အပြောင်းအလဲ ကလေး တစ်မျိုး ဖြစ်သည်။
သူနာပြုဆရာမ က သူ့ကို ဆေးထိုးပေးလိမ့်မည်။ နှိပ်နှယ်ပေးလိမ့်မည်။ လိုအပ်သည့် ဓာတ် စား များ ကျွေး လိမ့်မည်။ သူနာပြုဆရာမလည်းရောက်လာသည်။ သူလည်း ပျော်သွားပါသည်။ ကိုယ်ပူချိန် လည်း ကျလာသည်။ အကောင်းဆုံးသော ညဝတ်အင်္ကျီကို သူ့ပခုံပေါ်မှာ ရစ်ပတ်ထား သည်။ ခေါင်းစွပ် ကိုလည်း ဖဲကြိုးများဖြင့် လှပစွာ ချည်နှောင်ပြီး ခေါင်းမှာ စွပ်ထားသည်။သူ သည်လို နာမကျန်းဖြစ်သည့် အတွက် ကျွန်မအနေဖြင့် ပူပင်သောက ဖြစ်လှသည် မဟုတ်ပါ။ ထို အကြောင်ကို တွေးမိပြန်တော့လည်း ကိုယ့်ဟာ ကိုယ်ပြန်ပြီး ရှက်မိပြန်ပါသည်။ ယနေ့ ညဦးပိုင်း တွင် ဧည့်ခံပွဲကလေးတစ်ခု ပြုလုပ်ရန် စီစဉ်ထားပြီး ဖြစ်သည်။ ထို့ကြောင့် သူ့မိတ်ဆွေများထံသို့ ဖုန်းဆက်ပြီး ဧည့်ခံပွဲဖျက်သိမ်းကြောင်း ကျွန်မ က အကြောင်းကြားပေးရသည်။ ယင်းသို့သော ဗာ ဟီရကိစ္စများ ပြီးစီးတော့မှ အောက်ထပ် စားသောက်ခန်း ရှိရာသို့ နေလယ်စာစားရန် ကျွန်မ ဆင်းခဲ့ နိုင်တော့သည်။

အခါတိုင်းနေလယ်စာ စားချိန်ထက် နာရီဝက်လောက် စောနေသေးသည်။ ထို့ကြောင့် စား သောက်ခန်း ထဲမှာ လူရှင်းနေလိမ့်မည်ထင်သည်။ သာမန်အားဖြင့် တစ်နာရီမထိုးမီ မည်သူမျှ နေ့ လယ်စာ ဆင်း စားလေ့ မရှိ။ ကျွန်မမျှော့်လင့်ထားသည့်အတိုင်း စားသောက်ခန်းထဲမှာ လူရှင်နေပါ သည်။ သို့သော်လည်း ကျွန်မတို့စားပွဲလေးမှ စားပွဲတွင်ကား သူ ထိုင်လျက်ရှိနေသည်။
မစ္စတာ ဒီဝင်းတား။
ကျွန်မ ဘယ်လိုမှထင်မထားဘဲ ယခုလို သူနှင့် ပက်ပင်းပါ တွေ့လိုက်ရတော့ ဘာဆက် လုပ်ရမည်ကို မသိနိုင်လောက်အောင် ဖြစ်သွားသည်။ ဆော့စ်အပယ်လ်မြို့ကို သူသွားနေပြီဟု ကျွန်မ ထင်ထားခဲ့မိ သည်။ သူလည်း ယခုလို စောစောစီးစီး နေလယ်စာ လာစားနေခြင်းမှာ ကျွန်မတို့နှင့် မဆုံမိအောင် ရှောင်တိမ်းနေခြင်းဖြစ်မည်ဟု မှန်းဆကြည့်မိပါသည်။ စားသောက်ခန်း ထဲသို့ တစ်ဝက်လောက် ခရီးပေါက်နေပြီ။ ထို့ကြောင့် နောက်ကြောင်းပြန်လှည့်ဖို့ မဖြစ်နိုင်တော့ ပါ။ မနေ့တုန်း က ဓာတ်လှေကားနားမှာ ခွဲခွာခဲ့ကြပြီးနောက် သူနှင့် ပြန်မဆုံခဲ့။ ယနေ့ နေလယ်စာ ကို စောစောစီးစီး လာစားသကဲ့သို့ မနေ့က ညစာကိုလည်း စောစောစီးစီးပင် သူလာစားလိမ့်မည်။ ထိုနည်း အားဖြင့် မစ္စက်ဗန်ဟော့ပါးနှင့် ကျွန်မကို လိမ်လိမ်မာမာလေး ရှောင်တိမ်းလိုက်ခြင်း ဖြစ်ပေ လိမ့်မည်။

ယခုလို သူနှင့် ပက်ပင်းပါ လာတိုးနေသည့်အတွက် ကျွန်မ ဘာလုပ်ရမှန်းမသိတော့ပါ။ သည့်ထက်ပိုပြီး ကျွန်မ၏ အသက်အရွယ် ကြီးရင့်နေမည်ဆိုလျှင် ဘယ်လောက်ကောင်း လိုက်လေမည်နည်း။ သက်သာရာ သက်သာကြောင်းအတွက် တစ်နည်းတစ်ဖုံတော့ အကြံ အဖန်လုပ်နိုင်ပေလိမ့်မည်။ ယခုတော့ မတတ်သာပြီ။ ကျွန်မသည် ဘယ်ကိုမျှ ငဲ့စောင်း မကြည့်တော့ဘဲ ရှေတည့်တည့်သို့သာ စိုက်ကြည့်ပြီး ကျွန်မ တို့စားပွဲရှိရာသို့ တန်းတန်းမတ် မတ် လာခဲ့ပါသည်။ သည်နေရာမှာပင် ကျွန်မ၏ မအူမလည်နိုင်မှုဒဏ် ကို ကျွန်မ ခံစားရပါ တောသည် ။
ကုလားထိုင်မှာ ထိုင်ပြီး လက်သုတ်ပုဝါဖြန့်လိုက်ရာ ပန်းအိုးကို တိုက်မိပြီး ပန်းအိုး လဲသွား တော့ သည်။ပန်းအိုးထဲမှ ရေးများစီးကျလာကာ ကျွန်မ၏ ပေါင်ပေါ်သို့ ဖိတ်စဉ်ကုန်တော့သည်။ စားပွဲခင်းလည်း ရွှဲ သွားပြီ။ စားပွဲထိုးသည် အခန်း၏ တစ်ခြားဘက်စွန်းမှာ ရောက်နေသည်။ ကျွန်မ ယခုလို ဒုက္ခရောက်နေ သည်ကို သူမမြင်။ သည်လိုဖြစ်ပြီး မျက်စိတစ်မှိတ်ကလေးအတွင်းမှာပင် မစ္စတာဒီဝင်းတားသည် ကျွန်မ အနားသို့ ရောက်လာလေတော့သည်။ သူ့လက်ထဲမှာလည်း လက်သုတ်ပုဝါ အခြောက်တစ်ထည်နှင့်။

"စားပွဲခင်း အစိုကြီးနဲ့ မင်း ထိုင်နေလို့ ဘယ်ဖြစ်မလဲ" ဟု သံပြတ်ဖြင့် ပြောသည်။ "အစား အသောက်လဲ ပျက်တော့ မှာပေါ့။ ကဲ.... အဲဒီနေရာက ထွက်တော့"
တစ်ဆက်တည်း မှာပင် စားပွဲခင်းမှ ရေများကို သူက သုတ်နေသည်။ သည်တော့မှ စားပွဲထိုး က လှမ်းမြင်ပြီး ချက်ချင်းရောက်လာသည်။
"ကျွန်မ စားနိုင်ပါတယ်ရှင်... ဘယ်လိုမှ အနှောင့်အယှက်မဖြစ်ပါဘူး။ ပြီးတော့ ကျွန်မ တစ်ယောက် တည်းပါ။"
တစ်ဆက်တည်းမှာပင် စားပွဲခင်းမှရေများကို သူက သုတ်နေသည်။ သည်တော့မှ စားပွဲထိုး က လှမ်းမြင်ပြီး ချက်ချင်း ရောက်လာသည်။
"ကျွန်မစားနိုင်ပါတယ်ရှင်... ဘယ်လိုမှ အနှောက်အယှက်မဖြစ်ပါဘူး။ ပြီးတော့ ကျွန်မ တစ် ယောက်တည်းပါ။"
သူက ဘာမျှပြန်မပြော။ စားပွဲထိုးက လဲပြိုနေသည့်ပန်းအိုးနှင့် ဖရိုဖရဲဖြစ်နေသော ပန်းများ ကို ဖယ်ရှားနေသည်။
"ထားလိုက်တော့ ငါ့စားပွဲမှာ တစ်နေရာထပ်ပြင်လိုက်။ မိန်းကလေးဟာ ငါနဲ့ အတူတူ နေ့လယ်စာ စားမယ်" ဟု သူကရုတ်တရက် ပြောချလိုက်သည်။

ကျွန်မ က စိတ်နောက်ကျိစွာ သူ့ကို မော့ကြည့်မိသည်။
"မလုပ်ပါနဲ့ရှင်။ ကျွန်မ စားလို့မဖြစ်ဘူးထင်ပါတယ်။"
"ဘာကြောင့် မဖြစ်နိုင်ရမှာလဲ.. "
ဆင်ခြေဆင်လက်တက် ဖို့ ကျွန်မ စဉ်းစားကြည့်မိပါသည်။ ကျွန်မနှင့်အတူတူ သူ နေ့လည် စာမစား လိုကြောင်း ကျွန်မစိတ်ထဲက အလိုလိုသိနေပါသည်။ တကယ်ဆိုတော့ လောကဝတ်အနေ ဖြင့် သူ ဖိတ်ခေါ်နေခြင်း သာ ဖြစ်သည်။ လက်ခံလိုက်လျှင် သူ အစားပျက်အောင် နှောက်ယှက်ရာ ကျတော့မည်။ ထို့ကြောင့်လည်း ခေါင်းမာမာနှင့် ငြင်းဖို့ အမှန်အတိုင်း ပြောဖို့ ကျွန်မ ဆုံးဖြတ် လိုက်ရတော့သည်။
"မလုပ်နဲ့ရှင်။ လောကဝတ်အရတော့ ကျွန်မကို ဖိတ်မနေပါနဲ့။ အခုအတိုင်းကိုပဲ ရှင်ဟာ ကျွန်မ အပေါ် မှာ ထောက်ထား စာနာနေပါပြီ။ စာပွဲခင်းကို စားပွဲထိုးက ရှင်းပေးလိုက်ရင် အားလုံ အဆင်ပြေသွားမှာပါ။" ဟု ကျွန်မ က သူ့ကို ပြန်တောင်းပန်နေမိသည်။

"လောကဝတ်စကားတွေ ကို ပြောနေတာမဟုတ်ပါဘူးကွယ်။ ကျုပ်နဲ့အတူတူလာပြီး ထမင်းစားစေ ချင်တာ အမှန်ပါ။ ပန်းအိုးကို မင်းမတိုက်မိရင်လည်း ကျုပ် ဒီစကားပြောမှာပါပဲ" သူ ကလည်း လူနာအမဲခြောက်တောင်း သလို မရမကသာခေါ်နေတော့သည်။ ကျွန်မ၏ မျက်နှာပေါ်မှာ သံသယ အရိပ်အယောင် များ ပေါ်သွာလိမ့်မည်ထင်သည်။ ထို့ကြောင့် သူက ပြုံးသည်။
"ကျုပ်ကို မင်းမယုံဘူး။ ကိစ္စမရှိပါဘူးလေ.. ကျုပ်နဲ့ အတူတူလာထိုင်ပါ။ စကားပြောချင် စိတ်မရှိရင် လည်း မပြောဘဲ နေကြတာပေါ့"ဟု သူက ဆက်ပြောသည်။
သူ့စားပွဲ မှာ ကျွန်မတို့ထိုင်လိုက်ကြသည်။ အစားအသောက်စာရင်းကို သူက လှမ်းပေး သည်။ ကျွန်မကြိုက်နှစ်သက်ရာ မှာယူစားသောင်နိုင်ရန် ဖြစ်သည်။ သူကတော့ ဘာမျှ မဖြစ်သ လို စားလက်စ များကို ဆက်စားနေသည်။

မျက်နှာလွဲခဲပစ် လုပ်တတ်သော အကျင့်သည် သူ့အတွက် သီးသန့်လို ဖြစ်နေသည်။ သည်လိုပဲ ဘာသာလဝါ ဆက်နေ သွားတော့မည်ကို ကျွန်မသိနေသည်။ နေ့လယ်စာစားနေ သည့် အချိန်တွင် စကား လုံးဝ မပြောတော့ဘဲ သူ နေပေတော့မည်။ သည်လိုဆိုလျှင်လည်း ဘာမျှအရေးမကြီးပါ။ ရာဇဝင်နှင့် ပတ်သက်သော မေးခွန်းများကို သူ မေးတော့မည် မဟုတ်ပါ။
"မင်း မိတ်ဆွေ အဘွားကြီး ဘာဖြစ်လို့လဲ" ဟု သူကမေးသည်။ တုပ်ကွေးမိနေ  ကြောင်း  ကျွန်မ က ပြန်ပြောပြသည်။ "စိတ်မကောင်းပါဘူးကွယ်" ဟု သူက ပြောသည်။ ပြီးတော့ ခဏကြာအောင် စကားဖြတ် ထားသည်။ "ကျုပ်ရေးပေးလိုက်တဲ့ စာတိုကလေးကို မင်း ရပါလိမ့်မယ်။ ကျုပ်ကိုယ်ကျုပ် အရှက်ကြီး ရှက်မိတယ်။ ကျုပ်လုပ်ပုံကိုင်ပုံတွေဟာ သိပ်ကို ယုတ်မာရက်စက်ရာကျသွားတယ်။ ဒီလိုဖြစ် ရတာလဲ အထီးကျန်ဘဝနဲ့ တစ်ကိုယ်တည်း နေလွန်းအားကြီးလို့ ဖြစ်ရတာပဲလို့ ဆိုပါရစေတော့ကွယ်။ ဒါကြောင့် ကျုပ် နဲ့ အခုလို ထမင်း အတူတူလာစားတဲ့အတွက် မင်းကို ကျေးဇူးတင်လို့မဆုံးတော့ပါဘူး"

"ရှင် ရက်စက်ရိုင်းစိုင်းခဲ့တယ်လို့တော့ မဆိုနိုင်ပါဘူး။ တကယ်လို့ ရက်စက်ရိုင်းစိုင်း တယ်ဆိုလဲ ဟိုအဘွားကြီး က နားမလည်ပါဘူး။ အမှန်တော့ အဘွားကြီးမှာ စပ်စု ချင်တဲ့စိတ်ပဲ ရှိပါတယ်။ လူတစ်ဖက်သား ကို စော်ကားမော်ကားလုပ်လိုတဲ့ သဘောမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အရေးကြီးတဲ့ ဘယ်လို လူမျိုးကိုမဆို သူ ဒီလိုပဲ တော်၏မတော်၏ မသိတော့ဘဲ ဇွတ်စပ်စုတော့တာပဲ "
"ကျုပ်တော့ သွေးနားထင်ရောက်တောမှာပါပဲ။ ကျုပ်ကို ဘာဖြစ်လို့ အရေးကြီးတဲ့လူ လို့ သူက သတ်မှတ် ရတာလဲ"
ခဏကြာအောင် ကျွန်မ တုံဆိုင်းဆိုင်း ဖြစ်နေမိသည်။
"ရှင်ပိုင် တဲ့ မန်ဒါလေစံအိမ်ကြီးကြောင့်လို့ ကျွန်မထင်ပါတယ်" ဟု နောက်ဆုံး တွင် ပြောချ လိုက်မိတော့သည်။

သူက ဘာမျှပြန်မဖြေ။ ကျွန်မမှာလည်း တားမြစ်ထားသည့် နေရာတစ်ခုအတွင်းသို့ ကျူးကျော် ဝင်ရောက်မိ သူလို မနေတတ်မထိုင်တတ် ဖြစ်သွားမိသည်။ သူပိုင်သည့် မန်ဒါလေစံ အိမ်ကြီးနှင့် ပတ်သက် လာလျှင် သူသည် အမြဲတမ်း နှုတ်ဆိတ်နေတတ်သည်။ ဘာကြောင့်များ သည်လိုဖြစ်နေရ ပါလိမ့်ဟု ကျွန်မ စဉ်းစားကြည့်နေမိသည်။ မန်ဒါလေစံအိမ်ကြီး အကြောင်းကို မြောက်များစွာသောလူတို့ ကြားဖူးကြ သည်။ ကျွန်မလည်း ကြားဖူးပါသည်။ သည်စံအိမ်ကြီးက သူနှင့် အခြားသူများအကြားတွင် အရံအတားကြီး တစ်ခုသဖွယ် ဘာကြောင့် ဖြစ်နေရသနည်း ဟု ကျွန်မစဉ်းစားနေမိသည်။
ခဏ ကြာအောင် ဘာစကားမျှ မဆက်ကြတော့ဘဲ တိတ်ဆိတ်စွာပင် ကျွန်မတို့ ဆက်လက် စားသောက်နေကြ သည်။

ကျေးရွာတစ်ရွာရှိ ဈေးဆိုင်ကလေးမှ တစ်ခါတုန်းက ကျွန်မ ဝယ်ခဲ့ဖူသော ပို့စကတ် ကလေးတစ်ခု အကြောင်းကို ပြန်စဉ်းစားနေမိသည်။ ကျွန်မ ကလေးဘဝတုန်းက အနောက်ပိုင်း သို့ ကျောင်းပိတ်ရက်အတွင်း အလည်သွားရင်း ထို ပို့စကတ်ကလေးတစ်ခုကို ဝယ်ခဲ့သည်။ အိမ်ကြီး တစ်ဆောင် ၏ ပုံကို စိုရွှန်းသည့် ဆေးရောင်စုံ များဖြင့် ရေးဆွဲထားသော ပို့စကတ်ဖြစ်သည်။ ပန်းချီကား တစ်ချပ်အနေဖြင့် အရောင်ပေးပုံ မကောင်းလှသော်လည်း အိမ်ကြီး၏အလှကိုမူ ထိခိုက်ခြင်းမရှပါ။ ကုန်းလျှောလှေကားထစ် များ ဆီသို့ မရောက်မီတွင် ကျောက်ခင်းလှေကားထစ်များ ရှိသည်။ မြက်ခင်းပြင် စိမ်းစိမ်းကြီးက ပင်လယ်ပြင်ဆီသို့ရောက်အောင် ဖြန့်ကျက်သွားသည်။ ထိုပို့စကတ် ကို နှစ်ပဲနိပေးခဲ့ရသည်။ ကျွန်မ၏ တစ်ပတ်စာ မုန့်ဖိုးတစ်ဝက်ဖြစ်သည်။ ပြီးတော့ ပါးရေနားရေ တွန့်နေသည့် ဆိုင်ရှင် အဘွားကြီးကို ထိုပို့စကတ်ထဲက အဆောက်အအုံကြီး အကြောင်း မေးကြည့်မိပါသည်။ ကျွန်မ ဗဟုသုတခေါင်းပါးပုံကိုကြည့်ပြီး အဘွားကြီး အံ့အားသင့် သွားပုံရသည်။
"မန်ဒါလေစံအိမ်ဆိုတာ အဲဒါပဲပေါ့"ဟု အဘွားကြီး၏ငေါ့တော့တော့ အဖြေကြောင့် စိတ်မသက်မသာဖြင့် စိတ်ထဲ မှ ထွက်လာခဲ့သည် ကို ယခု ပြန်လည်အမှတ်ရနေပါသေးသည်။ ယခုတိုင်အောင်လည်း မန်ဒါလေ စံအိမ်ကြီးအကြောင်းကို သည်မျှတက်ပိုပြီး ဘာမျှမသိသေး။

ထိုပို့စကတ်ကလေး ကို စာအုပ်တစ်အုပ်ကြားတွင် ကျွန်မ မေ့လျော့ထားခဲ့သည်မှာ အချိန်ကာလကြာညောင်း လှပါပြီ။ ထိုပို့စကတ်ကလေးကို သတိပြန်ရမိသည်နှင့် တစ်ပြိုင်တည်း ပစ္စတာဒီဝင်းတား ကို ကရုဏာပွားမိပါသည်။ မန်ဒါလေစံအိမ်ကြီးနှင့် ပတ်သက်လာလျှင် ဘာ ကြောင့် သူနှုတ်ဆိတ်နေရ သနည်း။ ထိုစံအိမ်အကြောင်း အမးခံရတိုင်း သူစိတ်ထိခိုက်သည့် ပုံ မျိုး ပေါက် သွားတတ်သည်။
သည်အိမ်ကြီးနှင့် ပတ်သက်ပြီး စိတ်ထိခိုက်စရာ အကြောင်းသူ့မှာ ရှိပေလိမ့်မည်။ သည်အကြောင်းကို လက်ခံ ဆွေးနွေးခြင်း မပြုနိုင်လောက်သည့် အဖြစ်အပျက်များ ရှိကောင်းရှိ လိမ့်မည်။ မန်ဒါလေ စံအိမ်ကြီး သို့ မစ္စက်ဗန်ဟော့ပါး  သွားရောက်လည်ပတ်စဉ်က အကြောင်း များကို ကျွန်မစိတ်ကူးဖြင့် ပုံဖော်ကြည့် မိနေသည်။ အိမ်ကြီးအတွင်းသို့ ၀င်ရောက်ကြည့်ရှုခွင့် ရရန် ၆ ပဲနီ ပေးကောင်းပေး ရပေလိမ့် မည်။ ပြီးတော့ တစ်ခန်းဝင် တစ်ခန်းထွက် ဘောက်ဆတ် ဘောက်ဆတ်ဖြင့် သူ လှည့်လည် သွားလာနေပေလိမ့်မည်။ သူ၏ အက်တက်တက်ရယ်သံများ က တိတ်ဆိတ်ခြင်းကို ချိုးဖျက်နေပေ လိမ့်မည်။ သူလည်း ကျွန်မကဲ့သို့ပင် မစ္စက်ဗန်ဟော့ပါး အကြောင်းကို စဉ်းစားနေပုံရသည်။ စကားပြန်နေကြရာ မှ အဘွားကြီးအကြောင်းကို သူက စတင် ပြောဆိုလိုက်သောကြောင့် ဖြစ်သည်။

"မင်းမိတ်ဆွေ အဘွားကြီးက မင်းထက် အများကြီး အသက်ကြီးပေတာပဲ။ မင်းနဲ့အမျိုး တော်သလား။ သူ့ကို သိတာကြာပြီလား"ဟု သူကမေးသည်။ ကျွန်မတို့နှစ်ယောက်နှင့် ပတ်သက်ပြီးသူ ဘာမျှ နားမလည်နိုင် ဘဲ ရှိနေပုံ ရပါသည်။
"သူဟာ ကျွန်မ ရဲ့ မိတ်ဆွေမဟုတ်ပါဘူး။ ကျွန်မရဲ့အလုပ်ရှင်ပါ။ သူ့အတွက် အဖော် သဟဲအဖြစ် ကျွန်မ ကို ငှားထားတာပါ။ တစ်နှစ် ကို ပေါင်ကိုးဆယ် လခပေးတယ်"ဟု ကျွန်မက ပြန်ပြောသည်။
"အင်း.... အဖော်သဟဲကို ပိုက်ဆံပေးပြီး ၀ယ်လို့ရတယ်ဆိုတာ ကျုပ်တော့ မသိဖူး ဘူး ရှေးခေတ်တုန်းကလိုပေါ့။ အရှေ့ဘက်နိုင်ငံတွေက ကျွန်ဈေးကွက်တွေနဲ့ တူလှတယ်နော်"
''အဖော်သဟဲ ဆိုတဲ့ အဓိပ္ပါယ်ကို အဘိဓာန်ထဲမှာ ကျွန်မရှာကြည့်ဖူးတယ်။ အဖော်သဟဲ ဆိုတာ 'အတွင်းသိ အပြင်သိ တရင်းတနှီးပေါင်းသင်းသူ' လို့ အနက်ပေးထားတာ တွေ့ဖူးတယ်''
"သူနဲ့မင်း ဟာ စရိုက်ချင်းတော့ သိပ်မတူလှဘူးနော်" ဟု သူကပြောသည်။

ပြီးတော့ သူကရယ်နေသည်။ သည်လိုရယ်လိုက်တော့ သူ့အမူအရာက တစ်မျိုး တစ်ဖုံ ပြောင်းလဲ သွားပါသည်။ ပိုမို နုပျိုလာသည်ဟု ထင်ရသည်။ စောစောတုန်းက မျက်နှာလွဲခဲပစ် လုပ်တတ်သည့် အမူအရာမျိုး လည်း လျော့ပါးသွားသည်ဟု ထင်ရသည်။
"ဘာဖြစ်လို့ ဒီအလုပ်ကို လုပ်တာလဲ"ဟု သူကမေးသည်။
"တစ်နှစ် ကို ပေါင်ကိုးဆယ်ဆိုတဲ့ငွေဟာ ကျွန်မအဖို့ အင်မတန်များတဲ့ငွေ ဖြစ်နေ ပြီလေ...."
"မင်းမှာ မိဘတွေမရှိဘူးလား"
"မရှိပါဘူး။ ဆုံးကုန်ကြပြီ"
"ကျွန်မအဖေဟာလဲ အင်မတန်ချစ်စရာကောင်းပြီး အင်မတန်လဲ ထူးခြားတဲ့ ပုဂ္ဂိုလ် တစ်ယောက်ပါ"
"သူ့အကြောင်း ပြောပြစမ်းပါ"

သောက်လက်စ ဖျော်ရည်ဖန်ခွက်ကို ကျော်ပြီးသူ့ကို ကျွန်မ လှမ်းကြည့်မိသည်။ ဖေဖေ့ အကြောင်း ကို ပြောပြဖို့ မလွယ်ကူလှပါ။ ပြောလေ့ပြောထ လည်း မရှိပါ။ ဖေဖေသည် ကျွန်မအ တွက် လျှို့ဝှက် ပစ္စည်းဖြစ်သည်။ မန်ဒါလေစံအိမ်ကြီးသည် မစ္စတာ ဒီဝင်းတား အတွက် သီး သန့်ပစ္စည်းဖြစ် သည်။ နောက်ပြီးတော့ မွန်တီကာလို အပန်းဖြေစခန်းရှိ ယခုလို စားသောက် ခန်းထဲမှာ ထိုင်ပြီး ဖေဖေ့အကြောင်း ကို ပြောပြလိုစိတ်လည်း ကျွန်မမှာမရှိပါ။
ထိုနေ့က နေ့လယ်စာစားပွဲအကြောင်းကို ကျွန်မယခု ပြန်ပြီး စဉ်းစားနေမိသည်။ တ ကယ်ဖြစ်ပျက်နေ သလိုမဟုတ်။ တစ်စုံတစ်ရာ ထူးခြားနေသလို ဖြစ်နေသည် ။စိတ်ထဲမှာလည်း ကြည်နူးချမ်းမြေ့သယောင် ထင်မှတ်နေ မိသည်။ လွန်ခဲ့သည့် ၂၄ နာရီတုန်းက မစ္စက်ဗန်ဟော့ ပါးနှင့်အတူ သည်နေရာမှာ ထိုင်ပြီး ကျောင်းထွက်စ ကျောင်းသူကလေး တစ်ယောက်လို ကျွန်မနေခဲ့သေးသည်။ ဗိုင်းကောင်းကျောက်ဖိ ကလေး နေနိုင်ခဲ့သေးသည်။ ကိုယ်နှုတ်နှလုံးကို ထိန်းသိမ်းပြီး နေနိုင်ခဲ့သေးသည်။

ယခုတော့ ကျွန်မမသိသည့် မျက်နှာစိမ်း ယောက်ျားသား တစ်ဦးကို ကျွန်မ၏ မိသားစုများအကြောင်း ဖွင်းဟပြောဆိုနေ မိချေပြီ။ ဘာကြောင့်သည်လို ထုတ်ဖော်ပြောဆို နေမိကြောင်း ကျွန်မမသိပါ။ တစ်ခုတော့ ရှိ ပါသည်။ ကျွန်မမြင်ခဲ့ဖူးသည့် 'မကြားမသိဖူးသော လူကြီးမင်း' ပန်းချီကားထဲမှ လူပုံ၏ မျက်လုံး များက သွားလေရာသို့ လိုက် ကြည့်နေသလို မစ္စတာဒီဝင်းတား၏ မျက်လုံးများကလည်း ကျွန်မ ကို တိုက်တွန်းနှိုးဆော်ပေး နေသောကြောင့် ယခုလို ဖွင့်ဟပြောဆိုနေမိခြင်း ဖြစ်နိုင်ပါသည်။

ရှက်တတ်သည့် စိတ်များသည် ကျွန်မ၏ ခန္ဓာကိုယ်တွင်းမှ ထွက်ပြေးလွင့်စဉ်သွား ကြပါပြီ။ ပင်ကိုအားဖြင့် ကျွန်မ သည် နှုတ်လျှာလေးသူဖြစ်သော်လည်း ယခုတော့ နှုတ်သွက် လျှာသွက်ဖြစ်နေပါပြီ။ ကလေးဘ၀တုန်းက ကျွန်မ၏ လျှို့ဝှက်ချက်ကလေးများ စိတ်ချမ်းသာမှု ကလေးများ၊ စိတ်ထိခိုက်ခဲ့ ရသည်များကိုပါ ဖွင့်ဟပြောဆိုနေမိပါသည်။ မလည်မ၀ယ်နှင့် ရှင်းပြ နေသော်လည်း ကျွန်မဆိုလို သည်များကို သူကောင်းစွာ သဘောပေါက် နားလည်သည်ဟု ကျွန်မထင်ပါသည်။ ဖေဖေ၏စရိုက်၊ ပုံပန်း သဏ္ဍာန်၊ ဖေဖေနှင့် မေမေတို့ အပြန်အလှန်ထား ရှိကြသည့် ချစ်ခြင်းမေတ္တာတရား၊ ဖေဖေသည် ရာသီဥတုကြမ်းတမ်း လှသည့် ဆောင်းရာသီ တစ်ခု တွင် အဆုတ်အအေးမိသည့် ရောဂါဖြသ့် ကွယ်လွန် ခဲ့ပုံ၊ ဖေဖေ့ကို အချစ်ကြီးချစ်သော မေမေသည်လည်း ရက်သတ္တငါးပတ်မျှ အကြာတွင် နောက်ချန် မနေရစ်တော့ဘဲ ဖေဖေ့နောက် သို့ ကောက်ကောက်ပါအောင် လိုက်သွားပုံများကိုပါ ကျွန်မပြောတတ် သလို ပြောပြနေမိပါ သည်။

စိတ်ဝိုးတ၀ါးဖြင့် စကားကို ခေတ္တရပ်ပြီး အသက်ရှူရပ်ထားမိခဲ့သည့် အကြောင်းက လေးများကိုပါ ကျွန်မ ပြန်လည် အမှတ်ရနေပါသေးသည်။ ထိုအချိန်တွင် စားသောက်ခန်းထဲ၌ လူတွေပြည့်လာပါပြီ။ စကားပြောသံ များဖြင့် ညံလာပါပြီ။ ဇွန်းသံ ပန်းကန်သံများကိုလည်း ကြားနေရပြီ။ တံခါးပေါက်ပေါ်မှ နာရီ ကို လှမ်းကြည့်လိုက်တော့ ၂ နာရီထိုးနေသည်ကို တွေ့ရ သည်။ သူနှင့် ကျွန်မ စကားထိုင်ပြောနေ သည်မှာ တစ်နာရီခွဲကြီးများတောင် ကြာမြင့်သွားချေ ပြီ။ သူနှင့် ကျွန်မဟု ဆိုရသော်လည်း တကယ်တမ်းပြောနေသူ ကတော့ ကျွန်မချည်း ဖြစ်ပါ သည်။
ထိုအချက် ကို သတိရလိုက်မိသည်နှင့် တစ်ပြိုင်တည်း ကျွန်မကိုယ်ကျွန်မ သတိနှင့် ပြန် ထိန်းလိုက် ရပါသည်။ လက်ဖ၀ါးများလည်း  ပူနွေးလာသည်။ မျက်နှာမှာလည်း ရှက်သွေးဖြာ လာပါသည်။ ထို့ကြောင့် မဆင်မခြင် အလောတကြီးပြောမိသည်များ အတွက် သူ့ကို တောင်း ပန်စကားဆိုရပါတော့သည်။ သို့သော် လည်း ကျွန်မ၏ တောင်းပန်စကားကို သူနားမထောင်ပါ။

"ကျုပ်တို့ နေ့လယ်စာ စပြီးစားကတည်းက မင်းကို ပြောခဲ့တယ် မဟုတ်လား။ မင်းနာ မည်ဟာ အင်မတန် ချစ်စရာကောင်းပြီး အင်မတန်လဲ ထူးခြားပေတယ်လို့... ကျုပ်ဆက်ပြောပါ ရစေဦး။ ဒီနာမည်ဟာ မင်းနဲ့တင် မဟုတ်ဘူး မင်းအဖေနဲ့လဲ အင်မတန် လိုပ်ပါပေတယ်။ ကျုပ် စိတ်မချမ်းသာခဲ့ရတာ တစ်နှစ်လောက်ရှိပါပြီ။ ဒီတစ်နှစ်အတွင်းမှာ အခုမင်းနဲ့ ထိုင်ပြီးနေရတဲ့ အတွက် စိတ်ချမ်းသာရတာမျိုး တစ်ခါ မှ မကြုံဖူးဘူး။ အခုတော့ ကျုပ်ရဲ့ အနေအထားကို မင်း ကပြောင်းပစ်လိုက်တာနဲ့ အတူတူပဲ။ ကျုပ်ဟာ စိတ်ပျက် အားငယ်ခဲ့ရတယ်။ အတွင်းကျိတ် တွေးပြီး ဆွေးနေခဲ့ရတယ်။ အဲဒီအားငယ်မှုနဲ့ အတွင်းကျိတ် ဆွေးခဲ့ရတာတွေဟာ တစ်နှစ် ပတ်လုံး ကျုပ်ကို အကြီးအကျယ် ဒုက္ခပေးခဲ့တာပါပဲ။"
သူ့ကို ကျွန်မ လှမ်းကြည့်လိုက်မိပါသည်။ မှန်သောစကားကို သူဆိုကြောင်း ကျွန်မ ယုံ ကြည်လိုက် ပါသည်။ သူပိုပြီး လွတ်လပ်လာပုံရသည်။ ခေတ်နှင့် လိုက်လျောညီထွေရှိလာ သည်။

လူသားပိုဆန် လာသည်။ အတိတ်၏ အရိပ်များ ဖုံးအုပ်ထားခြင်းမှ သူလွတ်မြောက်သွား ပုံရသည်။ ''မင်း စဉ်းစားကြည့်ပါကွယ်။ မင်းနဲ့ကျုပ်ဟာ တူညီတာတစ်ခုရှိနေတယ်။ ဘာလဲဆို တော့ အထီးကျန်ဖြစ်နေတဲ့ ဘ၀ပဲ။ လောကကြီးမှာ မင်းကလဲ တစ်ယောက်တည်း။ ကျုပ်ကလဲ တစ်ယောက်တည်း။ သြော်... မေ့လို့ ...မေ့လို့ ... ကျုပ်မှာ အစ်မတစ်ယောက်တော့ ရှပါရဲ့ ။ ဒါပေမဲ့ အတွေ့အဆုံ အဆက်အဆံ အင်မတန် နည်း ပါတယ်။ ပြီးတော့ ရှေးဆန်တဲ့ အဘွား တစ်ယောက်လည်း ရှိသေးတယ်။ ၀တ္တရားတစ်ခုအနေနဲ့ တစ်နှစ် မှာ သုံးကြိမ်လောက် သွား တွေ့ရတယ်။ ဘာပဲဖြစ်ဖြစ် သူတို့နှစ်ယောက်စလုံးဟာ ကျုပ်အတွက် အဖော်သဟဲ မဖြစ်ကြပေ ဘူး။ မစ္စက်ဗန်းဟော့ပါးကိုတော့ ကျုပ် ချီးကျူးစကား ပြောရတော့မယ်။ တစ်နှစ် ကို ပေါင်ကိုး ဆယ်လောက် နဲ့ မင်းလိုမိန်းကလေးမျိုးကို ရထားတာဟာ အင်မတန် အရတော်ပေ တာပဲ''
''ရှင်မေ့သွားပြန်ပြီ။ ရှင့်မှာက မန်ဒါလေစံအိမ်ကြီးနဲ့။ ကျွန်မက ခြေသလုံးအိမ်တိုင်''

ထိုစကား ကို ပြောချလိုက်မိသည်နှင့် တစ်ပြိုင်တည်း ချက်ချင်းပင် ကိုယ့်စကားအတွက် ကိုယ်စိတ် မချမ်းမသာ ဖြစ်ရပါတော့သည်။ ကျွန်မ၏ စကားကြောင့် သူ့မျက်လုံးထဲမှာ အသိရ ခက်သော လျှို့ဝှက် အမူအရာကလေးများ ပြန်ပေါ်လာပြန်သည်။ ကျွန်မလည်းစကားပြော မှားမိသည့်အတွက် စိတ် အနေကျဉ်းကျပ်မှု ကို ခံစားရတော့သည်။ သူက ခေါင်းငုံ့ပြီး စီးကရက် မီညှိနေသည်။ ချက်ချင်း အဖြေပြန် မပေး။

''ဟာလာဟင်းလင်းဖြစ်နေတဲ့ အိမ်တစ်ဆောင်ဟာ လူပြည့်ကျပ်နေတဲ့ ဟိုတယ်လိုပဲ အထီးကျန်နိုင် တာပါပဲ'' ဟူသော စကားကို နောက်ဆုံးတွင်မှ သူပြောချလိုက်သည်။
''ဟိုတယ် မှာ အထီးကျန်နိုင်တာက အိမ်တစ်ဆောင်မှာ အထီးကျန်နိုင်သလို ကိုယ်ရေး ကိုယ်တာနဲ့ သိပ်မဆိုင်ပေ ဘူး။ အိမ်မှာ အထီးကျန်နိုင်နေတယ် ဆိုတာက ကိုယ်ရေးကိုယ်တာ လေ''
သူတုံ့ဆိုင်းဆိုင်းဖြစ်နေသည်။ မန်ဒါလေစံအိမ်ကြီး အကြောင်းကို သူပြောပြပေတော့ မည်ဟု ထိုတခဏက ကျွန်မ တွေးထင်လိုက်မိပါသည်။ သို့သော်လည်း မပြောဖစ်အောင် တစ် စုံတစ်ရာကသူ့ကို ထိန်းချုပ် ထားလိုက်ပုံ ရသည်။  ဖွင့်ပြောလိုသည့် စိတ်ဆန္ဒကို တစ်စုံတစ်ရာ က အနိုင်ယူပြီး ထိန်းချုပ် သွားသည်ဟု ထင်မှန်ရသည်။ ထိုနည်းတူစွာပင် သူ၏စိတ်ဆန္ဒကို လည်း တစ်ချိန်တည်းမှာပင် ငြိမ်းသတ်ပစ်လိုက်သည် ထင်မှတ်ရသည်။

''အဘွားကြီး တုပ်ကွေးမိနေတော့ အဖော်သဟဲကလေး ရက်အားရသွားတာပေါ့နော်... ဒီလိုရက်အားရနေ တုန်းမှာ ဘာများလုပ်မယ်လို့ စိတ်ကူးထားပါသလဲ"
လေသံ မှန်မှန်နှင့် သူကဆက်ပြောသည်။ သူနှင့်ကျွန်မ ဘ၀တူဖြစ်ပါသည်ဆိုသည့် သဘောမျိုးလည်း ပါနေသည်။
မိုနာကို လမ်းထောင့်တစ်နေရာမှ ပြတင်းပေါက်ကျဉ်းကျဉ်းနှင့် အိမ်ကလေးကို ကျွန်မ သတိရလိုက်သည်။ ယနေ့ညနေ ၃နာရီထိုးလျှင် ပုံဆွဲစာအုပ် ယူကာ ထိုအိမ်ကလေးဆီသို့ သွားပြီး ပုံဆွဲဖို့ရှိနေသည်။ ထိုအကြောင်း ကို ပြောပြလိုက်မိသည်။ ပြီးတော့ ကျွန်မ ပြန်ရှက်နေ ပြန်သည်။ ပုံဆွဲသည်ဆိုသော်လည်း ကျွန်မ သည် ပန်းချီဆရာမကြီးမဟုတ်။ အနုပညာဗီဇဓာတ် ခံကောင်းသူလည်း မဟုတ်။
"ဒီလိုဆိုရင် ကျုပ် ကားမောင်းပြီး မင်းကို လိုက်ပို့ပေးမယ်လေ.."ဟု သူက ပြောသည်။ ကျွန်မ ဘယ်လိုပဲ ငြင်းငြင်း ရမည့်ပုံမျိုး လည်း မဟုတ်။

နေရာတကာတွင် လူတွင်ကျယ်မလုပ်ဖို့၊ ကိုယ့်ကိုယ်ကိုယ် ဖော်မသူတော်မလုပ်ဖို့ မစ္စက်ဗန်ဟော့ပါးက ကျွန်မ ကို မနေ့ကပင် ပြောခဲ့သေးသည်။ ထိုစကားများကို ပြေး၍ အမှတ် ရလိုက်မိပါသည်။ ကျွန်မကို မနေ့ ကပင် ပြောခဲ့သေးသည်။ ထိုစကားများကို ပြေး၍ အမှတ်ရ လိုက်မိပါသည်။ ကျွန်မ ကို မော်တော်ကားနှင့် လိုက်ပို့အောင် မိုနာကိုမှာ ပန်းချီသွားဆွဲမည်ဟု ရေလာမြောင်းပေး ဆွယ်တရား များ ဟောလိုက်မိလေပြီ လား။ သူက သည်အတိုင်းများ ထင် မှတ်သွားလေပြီလားဟု တွေးမိကာ ကျွန်မ မနေတတ် မထိုင်တတ် ဖြစ်သွားရပြန်ပါသည်။ မစ္စက်ဗန်ဟော့ပါးမှာ သည်လိုအကျင့်တွေ အများကြီး ရှိသည်။ အသားလို လို့ အရိုးတောင်း တတ်သည်။ ထို့ကြောင့် မစ္စက်ဗန်ဟော့ပါးနှင့် ကျွန်မကို သည်ပုတ် ထဲက သည်ပဲ၊ အတူတူနဲ့ အနူနူပါပဲဟု သဘောထားသွားမည်ကိုတော့ ကျွန်မ မလိုလားနိုင်ပါ။

သူနှင့် ကျွန်မ နေ့လယ်စာ အတူတူစားမိသည့်အတွက် ကျွန်မ၏ဂုဏ်သိက္ခာ မြင့်တက် လာသည်ကတော့ အမှန်ဖြစ် ပါသည်။ ထိုင်ရာမှ ကျွန်မတို့ ထလိုက်ကြတော့ ဟိုတယ်ပိုင်ရှင် သည် ကျွန်မ၏ ကုလားထိုင် ကို နောက် သို့ ဆွဲဖယ်ပေးရန် အူလျားဖားလျား ပြေးလာသည်။ အခါတိုင်း အမူအရာမျိုးမဟုတ်။ ဟိုတုန်း ကတော့ ကျွန်မ ကို ဖုတ်လေသည့်ငါးပိ ရှိလေသည်ဟု ပင် သဘောထားချင်မှ ထားပေလိမ့်မည်။
ယခုတော့ ခါးကို ညွှတ်ပြီး ပြုံးနှုတ်ဆက်သည်။ ကြမ်းပေါ်သို့ ကျသွားသည့် ကျွန်မ၏ လက်ကိုင်ပ၀ါကို တလေး တစား ကောက်ပေးသည်။

"နေ့လယ်စာ စားရတာ မြိန်ပါတယ်နော်"ဟုလည်း မေးဖြစ်အောင် မေးလိုက်သေး သည်။ တံခါးပေါက်နား မှာ ရပ်နေသည့် စားပွဲထိုးကလည်း ကျွန်မကို တလေးတစားနှင့် လှမ်း ကြည့်နေသည်။ မစ္စတာဒီဝင်းတား ကတော့ ဒါတွေ ကို ပုံမှန်အဖြစ်အပျက်တွေဟု မှတ်ယူပါလိမ့် မည်။ မနေ့တုန်းက အေးစက်နေသည့် ၀က်ပေါင်ခြောက် ဟင်းနှင့် ကျွန်မ ထမင်းစားခဲ့ရသည် ကိုမှ သူ မသိရှာဘဲကိုး။ ယခုလို ကြုံရပြန်တော့ ကျွန်မ ကိုယ်ကျွန်မ မကျေနပ်ချင်သလိုလို ဖြစ် လာမိသည်။ ဖေဖေ့ကိုလည်း သတိရလိုက်မိပြန်သည်။ သည်လို အပေါ်ယံ ဟန်ဆောင်တာ မျိုး တွေကို ဖေဖေတို့က မုန်းမှမုန်း။
"ဘာတွေများ စဉ်းစားနေသလဲဟင်.."
နားနေခန်း သို့ စင်္ကြံအတိုင်း လမ်းလျှောက်လာကြခိုက် ကျွန်မကို စူးစမ်းသလိုကြည့်ပြီး သူက မေးသည်။

"တစ်ခုခုကြောင့်များ စိတ်အနှောင့်အယှက် ဖြစ်သွားသလား"
ဟိုတယ် ပိုင်ရှင် အရေးတယူဆက်ဆံခြင်းသည် ကျွန်မအဖို့တော့ တွေးစရာများကို အစဖော်ပေးသလို ရှိနေတော့ သည်။ အ၀တ်ချုပ်သည့်အမျိုးသမီး ဘလေ့ဇ်အကြောင်းကို ကော်ဖီသောက်ရင်း ကျွန်မ ကပြောပြမိသည်။ မစ္စက်ဗန်ဟော့ပါးက အ၀တ်သုံးစုံဝယ်သည့် အတွက် ထိုအမျိုးသမီး အလွန်ပျော် သွားသည်။ ဘလေ့ဇ် ကို ဓာတ်လှေကားရှိရာသို့ ပြန်ပို့ရင်း သူ့အကြောင်းကိုပင် ကျွန်မ စဉ်းစားနေ ခဲ့မိကြောင်း၊ ဘလေ့ဇ် သည် သူ၏အပ်ချုပ်ဆိုင်ခန်း ကျဉ်းကျဉ်းကလေးအတွင်းမှာ အ၀တ်အထည်များကို ချုပ် လုပ်နေ လိမ့်မည်ဖြစ်ကြောင်း။ စက် ချုပ်သမ အဘွားကြီးကလည်း ပင်ပန်းနွမ်းနယ်သည့် မျက်လုံး များဖြင့် မမြင်ကိုးကန်း အပ်ချည် ထိုးနေလိမ့်မည်ဖြစ်ကြောင်း၊ ကြမ်းပြင်ပေါ်မှာလည်း ဖြတ်စ ညှပ်စ များ ပြန့်ကျဲနေလိမ့်မည်ဖြစ် ကြောင်း စသည်ဖြင့် ကျွန်မ စိတ်ကူးမိခဲ့သမျှများကို မစ္စတာဒီဝင်းတား အား ပြန်ပြောပြနေမိ သည်။

"ဟုတ်လား..မင်းစိတ်မှန်းကြည့်ထားတဲ့အတိုင်းရော မှန်နေသတဲ့လား.."ဟု သူက ပြုံး ပြီးမေးသည်။
"မသိပါဘူးရှင်..နောက်ထပ်လဲ ကျွန်မ ဘာမှမသိတော့ပါဘူး"
ပြီးတော့ ဓာတ်လှေကားကို ခလုတ်နှိပ်ပြီး ကျွန်မက ခေါ်ပေးကြောင်း၊ ထိုအချိန်တွင် အ၀တ်ချုပ်သည့် အဘွားကြီး ဘလေ့ဇ်က သူ့ပိုက်ဆံအိတ်ထဲမှာ မွှေနှောက်ရှာဖွေပြီး ဖရန့်ငွေ တစ်ရာတန်တစ်ရွက်ကို ကျွန်မ အား လှမ်းပေးကြောင်း၊ ဟောဒီမှာ ငွေတစ်ရာ..ဖောက်သည် တစ်ယောက်ကို အဒေါ့်ဆိုင်ခေါ် လာပေးတဲ့အတွက် ကော်မရှင်အဖြစ်နဲ့ ဒီငွေကို လက်ခံပါ နော်"ဟု လေသံကလေးဖြင့် ပြောကြောင်း၊ သည်လို ငွေပေးခံရသည့် အတွက် ကျွန်မ စိတ် အနှောင့် အယှက်ဖြစ်ရကြောင်း၊ ကျွန်မ က ငြင်းဆန်လိုက်သောအခါတွင် စက်ချုပ်သမကြီးက သူ့ ပခုံးများ ကို တွန့်လိုက်ကြောင်း၊ မင်းသဘောပေါ့လေ... ဒါပေမဲ့ ဒီလို ကော်မရှင်ပေးတယ် ဆိုတာ ထုံးစံ ပါပဲ။ ပိုက်ဆံမလိုချင်ဘဲ အ၀တ် တစ်စုံလောက် လိုချင်တာလဲ ဖြစ်ကောင်းဖြစ်လိမ့် မယ်။ ဒီလိုဆိုရင် ငါ့ဆိုင် ကိုသာ အချိန်မရွေး လာခဲ့ပါ။ တစ်ပြားတစ်ချပ် မှ ပေးစရာမလိုပါဘူး ကွယ်ဟု သူက ဆက်ပြောနေကြောင်း။

သည်အချိန် တုန်း က ဘာကြောင့်မှန်းမသိ။ ကျွန်မ နေမထိ ထိုင်မသာ ဖြစ်ခဲ့ရကြောင်း စိတ်မချမ်းမသာ လည်း ဖြစ်မိကြောင်း၊ ငယ်စဉ်တုန်းက မဖတ်ရဟု တားမြစ်ထားသည့်စာအုပ် ကို ကောက်ယူ လှန်လှောကြည့်မိပြီးသော အခါ တွင် ခံစားရသည့်စိတ်မျိုးနှင့်တူကြောင်း၊ လိပ်ပြာ မသန့်ဖြစ်နေ မိကြောင်း၊ သူ ပေးသည့်ငွေစက္ကူကို လှမ်းယူပြီး နားလည်သဘောပေါက်သည့် အပြုံးမျိုး ပြုံးပြရ မည်လော၊ သို့တည်းမဟုတ် သူ့အပ်ချုပ်ဆိုင်သို့သွားပြီး အ၀တ်တစ်ထည်ကို အလကား ယူရမည်လော စသည်ဖြင့် အတွေးပေါင်းစုံဖြင့် ချာချာလည်ခဲ့ရကြောင်းများ တသီ တတန်းကြီး ပြန်ပြောပြနေမိသည်။

သည်စကားတွေကြားသောအခါ သူ ရယ်မောပေလိမ့်မည်ဟု ကျွန်မထင်ပါသည်။ ဇာတ်လမ်းကလည်း ခပ်ကြောင်ကြောင် ပဲ မဟုတ်ပါလား။ ဘာကြောင့် သူ့ကို သည် အကြောင်း တွေ ပြန်ပြောင်းပြောပြနေ မိကြောင်း ကိုလည်း ကျွန်မကိုယ် ကျွန်မ မသိနားမ လည်နိုင်အောင် ဖြစ်ရလေတော့သည်။ သို့သော် လည်း သူက ကော်ဖီကိုမွှေရင်း ချင့်ချိန်ချိန်ဖြင့် စဉ်းစားနေ ပုံရ သည်။
"ဧရာမအမှားကြီးတစ်ခု ကို မင်း လုပ်ခဲ့မိပြီလို့ ကျုပ်ထင်တယ်"ဟု ခဏကြာတော့မှ သူ ပြန်ပြောသည်။
"ငွေတစ်ရာလက်မခံဘဲ ငြင်းလိုက်တာကို ဆိုလိုတာလား"ဟု မခံချိမခံသာဖြင့် ကျွန်မ က ပြန်မေးမိသည်။
"မဟုတ်ပါဘူးကွယ်။ ကိုယ့်စကားကို တလွဲချော်မတွေးလိုက်ပါနဲ့။ မစ္စက်ဗန်ဟော့ပါးနဲ့ တွေ့ပြီး ဒီအရပ် ကို မင်းရောက်လာတာဟာ အမှားတစ်ခုကို မင်းလုပ်ခဲ့တာပဲလို့ ကျုပ်ထင် တယ်။ မင်းဟာ ဒီလိုအလုပ်မျိုး နဲ့ မတန်ပါဘူး။ မင်းဟာ သိပ်ကို အသက်ငယ်သေးတယ်။ ပြီး တော့ စိတ်ဓာတ်ပျော့ညံ့ တယ်။

အပ်ချုပ်သမ ဘလေ့ဇ် နဲ့ သူပေးတဲ့ ကော်မရှင်ဆိုတာ ဘာမှ မပြောပလောက်ပါဘူး။ ဒီလို အဖြစ်မျိုးတွေ စောစောကတည်းက အများကြီး တွေ့ကြုံထားခဲ့ဖူး မို့ ကောင်းတယ်။ အဲဒီလို အတွေ့ အကြုံ ရှိ ထားခဲ့မယ် ဆိုရင် အခု အဖြစ်အပျက်ဟာ မင်းကို ဘယ်လိုမှ အနှောင့်အယှက် ဖြစ်စေတော့မှာ မဟုတ်ဘူး။ မင်းကိုယ်တိုင်လဲ သူတို့စရိုက်မျိုးကို လက်ခံကျင့်သုံးချင် ကျင့်သုံးလာမယ်။ ဒါမှ မဟုတ်ရင် လဲ အကျင့်စရိုက် မှာ အသန့်ရှင်းဆုံး နေ နိုင်အောင် ကြိုးပမ်းချင်လဲ ကြိုးပမ်းလိမ့်မယ်။ ဒါထက် ဒီအလုပ် ကို လက်ခံ ဖို့ ဘယ်သူကများ မင်းကို အကြံပေးလိုက်တာလဲဟင်.."
မေးရိုးမေးစဉ် အတိုင်း ကျွန်မကို မေးခွန်းများထုတ်နေသည်နှင့်ပင် တူသေးတော့သည်။ သည်လို အမေးခံ ရသည့် အတွက် ကျွန်မမှာလည်း မည်သို့မျှ စိတ်အနှောင့်အယှက်မဖြစ်မိ။ ကျွန်မ တို့သည် နှစ်ပေါင်းများစွာကတည်းက သိကျွမ်းရင်းနှီးလာကာ တစ်ယောက်အကြောင်း တစ်ယောက် ကောင်းကောင်း သိထားသူများ ပမာ၊ ပြီးတော့ နှစ်ပေါင်းများစွာ ကွဲသွားပြီးနောက် မှ ပြန်လည် တွေ့ဆုံကြရသူများလို ဖြစ်နေပါသည်။

"မင်း ရဲ့ ရှေ့ရေး နဲ့ပတ်သက်ပြီးတော့များ စဉ်းစားကြည့်ဖူးသလား။ ဒီအလုပ်ကို လုပ် နေရာ က နောက်ဆုံးတော့ ဘာဖြစ်မှာလဲ။ တကယ်လို့ မစ္စက်ဗန်ဟော့ပါးက သူ့ရဲ့ အဖော် သဟဲကလေး အပေါ် မှာ ငြီးငွေ့လာပြီဆိုရင် ဘာလုပ်မှာလဲ"ဟု သူက မေးပြန်ပါသည်။
ကျွန်မ ပြုံး လိုက်သည်။ အကယ်၍ သည်လိုဖြစ်လာလျှင်လည်း ဘာမျှ အရေးမကြီး ကြောင်း၊ တခြား မစ္စက်ဗန်ဟော့ပါး တွေ့ရှိနေဦးမည်သာဖြစ်ကြောင်း၊ နောက်ပြီးတော့ ကျွန်မ ၏အသက်က ငယ်သေးကြောင်း၊ ယုံကြည်ချက်အပြည့်ရှိကြောင်း၊ ခန္ဓာကိုယ်လည်း ကြံ့ခိုင် ကြောင်းများကို ကျွန်မက  ပြန်ပြောပြနေမိသည်။

သူ ပြောနေသည်များကို နားထောင်နေရင်းမှလည်း မဂ္ဂဇင်းကြီးများထဲမှ ကြော်ငြာများ ကို မြင်ယောင်နေမိပါသည်။ အခြေအနေနွမ်းပါးသည့် အမျိုးသမီးငယ်များကို လုံခြုံမှုပေးဖို့ မိတ်ဆွေဖြစ်အသင်း များက တောင်းဆိုကြသည့်အကြောင်း၊ ဘော်ဒါဆောင်များက ယာယီနေ ထိုင် ခွင့်ပေးမည် ဟု ကြော်ငြာသည့်အကြောင်းများကို စဉ်းစားကြည့်ရင်း ကျွန်မကိုယ်တိုင် ပုံဆွဲ စာအုပ် ကလေးကိုင်ပြီး မိမိလျှောက်ထားသည့် အလုပ်အတွက် ဘာအရည်အချင်းမှမရှိဘဲ အလုပ် ခန့်ထားရေး အေဂျင်စီ ၏ တင်းမာသောမေးခွန်းများကို ထစ်ထစ်ငေါ့ငေါ့ ဖြေ ဆို နေ ကြောင်း မြင်ကွင်းမျိုး ကို မြင်ယောင်နေမိသည်။ အပ်ချုပ်သမကြီး ဘလေ့ဖ်၏ ဆယ် ရာခိုင်နှုန်း ကော်မရှင်ကို လက်ခံလိုက်ခြင်းကပင် ခပ်ကောင်းကောင်းဟုလည်း စိတ်အမျှင်တန်းနေ မိပါ သည်။
"မင်းအသက် ဘယ်လောက်ရှိပြီလဲ"ဟု သူက မေးသည်။ ၂၁နှစ်ရှိပြီဖြစ်ကြောင်း ကျွန်မ ပြန်ပြောပြသော အခါ သူက ရယ်သည်။

"ဒီအသက်အရွယ်ရှိသူတွေရဲ့အကြောင်းကို ကျုပ် ကောင်းကောင်း သိသပေါ့။ အင်မတန် ခေါင်းမာ တယ်။ ဘေးအန္တရာယ်တွေ ထောင်ချီပြီးရှိနေတောင် မှ ကိုယ့်ရဲ့ရှေ့ရေးနဲ့ ပတ်သက် လာရင် ဘယ်တော့ မှ ကြောက်လန့်ရကောင်းမှန်း မသိကြဘူး။ ဘယ်လိုအရာမျိုးက မှ တားမထားနိုင်ဘူး။ ကဲ...ကျုပ် တို့ အ၀တ်အစား လဲချိန်တောင် ရတော့မှာမဟုတ်ဘူး။ အပေါ် ထပ်ကိုတက်ပြီး ဦးထုပ် ကလေး ဆောင်းလိုက်ဦးနော်။ ကျုပ် မော်တော်ကား သွားယူလိုက် မယ်"
ဓာတ်လှေကား ထဲသို့ ကျွန်မ၀င်သွားသည်ကို သူက လှမ်းကြည့်နေသည်။ ထိုအချိန်မှာ ပင် မနေ့က အဖြစ်အပျက် များကို ကျွန်မ ပြန်သတိရနေမိသည်။ ဓာတ်လှေကားအနီးမှာ မစ္စက် ဗန်ဟော့ပါးက လျှာ အရိုးမရှိ သလို ပြောနေခဲ့သည့်စကားများ။ သူကမူ လောက၀တ္တရား မပျက် အေးတိအေးစက်ဖြင့် ပြန်လည် ဆက်ဆံနေခဲ့သည့်အကြောင်းများ။

သူနှင့်ပတ်သက်ပြီး ကျွန်မ အဆုံးအဖြတ် မှားခဲ့ပါသည်။ သူ့ကို အသည်းနှလုံး မာကျောသူ၊ အေးတိအေးစက်နိုင်သူ၊ ထေ့ တတ်ငေါ့တတ်သူအဖြစ် ကျွန်မ သတ်မှတ်ခဲ့သည်။ တကယ် ကတော့ သည်လိုမဟုတ်ပါ။ သူနှင့် ကျွန်မ နှစ်ပေါင်းများစွာကတည်းက ပေါင်းသင်းလာခဲ့သူလို ကျွန်မ စိတ်ထဲမှာ ခံစားလာရ သည်။ ပြီးတော့ ကျွန်မတွင် ဘယ်တုန်းကမျှ မရှိခဲ့ဖူးသော အစ်ကိုတစ်ယောက် ကို ကောက်ရ လိုက်သလို ခံစားလာရသည်။
ထိုနေ့ မွန်းလွဲပိုင်းတုန်း က ကျွန်မ အလွန်တရာ စိတ်ချမ်းမြေ့နေခဲ့ပါသည်။ ထို အကြောင်းများကို ယခုကောင်းစွာ ပြန်လည်အမှတ်ရနေမိပါသည်။
ထိုနေ့မွန်းလွဲပိုင်း တုန်းက ကောင်းကင်ကြီးသည် တိမ်စိုင်တိမ်လိပ်များဖြင့် လှိုင်းလို တွန့်နေသည်။ ပင်လယ်ပြင်ကြီး ကလည်း လေပြည်လေညှင်းအောက်တွင် လှိုင်းဖွေးဖွေးနှင့် ရှိ နေသည်။

ကျွန်မ၏မျက်နှာကို လေပြည်လေညှင်းကလေးက တိုးဝှေ့ကလူ ကျီစယ်နေသည်။ ယခုပင် ခံစားနေရ သလို ပြန်လည် သတိရနေမိပါသည်။ ထိုစဉ်က ကျွန်မ၏ ရယ်မောသံ ကလေးများကိုလည်း ယခု ပင် ပြန်လည်ကြားယောင်နေမိပါသည်။ ကျွန်မရယ်တော့ သူလည်း ရယ်သည်။ သူ့ ရယ်သံကိုလည်း ယခုပင် ပြန်လည်ကြားယောင်နေပါသည်။
ထိုနေ့က ကျွန်မရောက်နေသည့် မွန်တီကာလိုသည် ယခင်က မွန်တီကာလလို မဟုတ်တော့ပြီ။ အစစ အရာရာ သာယာလှပနေသည့် မွန်တီကာလို အပန်းဖြေစခန်းဖြစ်နေပြီ။ ယခင်က မရှိခဲ့ဖူးသော အလှတရား များရှိနေပြီ။ အရာရာတို့က ကျွန်မစိတ်ချမ်းသာအောင် စွမ်း ဆောာင်နိုင်စွမ်းရှိနေကြပြီ။ သည်အလှအပ များသည် ယခင်ကလည်း ရှိကောင်းရှိခဲ့ပါလိမ့်မည်။ သို့သော် ကျွန်မ မမြင်တွေ့ခဲ့။ မြင်တွေ့နိုင်စွမ်းသော ဖန်တီးမှုမျိုးလည်း မရှိခဲ့။ ယခုတော့ အရာရာတို့ လှနေပြီ။ အရာရာ တို့ သာယာနေကြပြီ။

ဆိပ်ကမ်းကိုကြည့်လိုက်ပါဦး။ သက်ရှိသက်မဲ့ အရာအားလုံးတို့သည် ပျော်ရွှင်မြူးတူး စွာ ကကြိုးသီနေ သလို ရှိပါသည်။ စက္ကူလှေကလေးများလို လွင့်ပါးလှုပ်ရှားနေသည်။ သင်္ဘော သားများသည် ပင်လျှင် ခင်မင်စရာကောင်းနေပြီ။ သူတို့ မျက်နှာများကလည်း ပြုံးလို့ရွှင်လို့။ လေရူးကလေးလို ပျော်လို့ပါးလို့။ ဇိမ်ခံ ရွက်လှေတစ်စီးကို ကျွန်မတို့ ဖြတ်ကျော်လာခဲ့ကြ သည်။ မစ္စက်ဗန်ဟော့ပါးလို အမျိုးသမီးကြီး အနေဖြင့် အထင်ကြီးရပေမပေါ့။ ကြေးဝါဖြင့် ပြုလုပ်ထားသော ရွက်သင်္ဘော၏ အဆောင်အယောင် များသည် နေရောင်တွင် တပြောင် ပြောင် တညီးညီးရှိလေသည်။ သည်မြင်ကွင်းကို မြင်ရတော့ ကျွန်မတို့နှစ်ယောက်စလုံး ၀မ်းသာအားရစိတ်ဖြင့် လက်ဖြောက်များပင် တီးခတ်မိကြသည်။

ပြီးတော့ သူနှင့်ကျွန်မ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ကြသည်။ သည်လို ကြည့်ရင်း အပြန်အလှန် ရယ်မောမိကြပြန်သည်။ သည်တုန်းက ကျွန်မတို့နှစ်ယောက်၏ ပြိုင် တူ ရယ်မောသံ ကလေးများ ကို ယခုပင် ပြန်လည်ကြားယောင်နေမိပါသည်။ ထိုအချိန်က ကျွန်မ ၏ အ၀တ်အစားများ သည်လည်း အလွန်တရာ သက်တောင့်သက်သာ ရှိလှပါချေသည်။ ဖလန် နယ် ၀တ်စုံက ပိုခပ်ညံ့ညံ့ပင်။ စကတ် ကလည်း အရောင်ပြယ်လွင့်စပြုနေပြီ။ ဦးထုပ်၏ အနား သားများကလည်း ကျယ်ပြန့်လွန်း လှသည်။ ဦးထုပ်ကလည်း အကောင်းမဟုတ်။ အစုတ်ပင် ဖြစ်ပါ၏။ ဖိနပ်ကိုကြည့်ပါဦ။ အညံ့စား ခွာနိမ့်ဖိနပ်ဖြစ်သည်။ ပြုတ်ထွက်မသွားရလေအောင် တစ်ချောင်းတည်းသောသဲကြိုးဖြင့် ထိန်းထား ရသည်။ ပုံပန်းမကျလှသော လက်အိတ်အညံ့စား တစ်စုံကိုလည်း လက်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင် ထားမိသည်။

ကျွန်မသည် ထိုအချိန်တုန်းကလောက် တစ်ခါဖူးမျှ မနုပျိုခဲ့ဖူးပါ။ ထိုအချိန်ကလောက် လည်း မရင့်ကျက်ခဲ့ဖူးပါ။ မစ္စက်ဗန်ဟော့ပါးနှင့် သူ့တုပ်ကွေးရောဂါအကြောင်းကိုလည်း ကျွန်မ သတိ မရတော့ပြီ။ သူ့ဟောလီဝုဒ်ဖဲဝိုင်းနှင့် အရက်ပွဲများကိုလည်း မေ့ပစ်လိုက်ပြီ။ ထိုမျှမက အလွန်တရာ နုံချာနိမ့်ကျလှသော ကျွန်မ၏ ထိုစဉ်က လက်ရှိအခြေအနေကိုပင် ကျွန်မလုံးဝ သတိ မရနိုင်တော့ပြီ။
ဘာပဲဖြစ်ဖြစ် ကျွန်မသည် အရေးပါအရာရောက်သော မိန်းကလေးတစ်ယောက် ဖြစ် လာပြီ။ လူလားမြောက်ပြီဟုလည်း ဆိုနိုင်ပါသည်။ တစ်ချိန်တုန်းကတော့ ကျွန်မသည် ရှက် ကြောက်လွန်းသော စိတ်၏ဖိစီးနှိပ်စက်ခြင်းကို ခံစားခဲ့ရသည်။

ဧည့်ခန်းဆောင်၏ အပြင်ဘက် နားတွင် ယောင်ချာချာရပ်ကာ လက်ထဲက လက်ကိုင်ပ၀ါကို လုံးခြေ ကိုင်ရင်း အခန်းတွင်းမှ မသဲမကွဲစကားပြောသံများကို နားထောင်နေမိသယောင်။ ထိုစကားသံများ ထွက်ပေါ် လာရာ ဧည့်ခန်းဆောင်သည် မိမိနှင့် လားလားမျှ မသက်ဆိုင်သောကြောင့် အတွင်းသို့ ၀င်ရမည် ကို ပင် ရှိုးတိုးရှန့်တန့် ဖြစ်နေသယောင်။
ထိုနေ့ မွန်းလွဲပိုင်းက မစ္စတာ ဒီဝင်းတားနှင့်အတူ ကားစီးထွက်ခဲ့မိသည်နှင့် တစ်ပြိုင် တည်း အရှက် အကြောက် ကြီးလွန်းသည့် မိန်းကလေး၏ဘ၀ကား လေနှင့်အတူ လွင့်ပါး ပျောက်ကွယ် သွားပါတော့သည်။ သို့ကလို လေနှင့်အတူ လွင့်ပါးပျောက်ကွယ်သွားပြီဖြစ်သော မိန်းကလေး ကား သနားစရာ ပင် ကောင်းသေးတော့သည်။ ထိုဘ၀ ကို ပြန်လည်စဉ်းစားကြည့်မိ တော့လည်း စိတ်အားငယ် စရာ၊ စိတ်မချမ်းမြေ့ဖွယ်ရာ ပင် ကောင်းသေးတော့သည်။

လေရူးက မြူးချင်တိုင်းမြူးနေလေရာ ကျွန်မ ပန်းချီဆွဲဖို့ အခက်အခဲ တွေ့နေရတော့ သည်။ ကျောက်တုံး များ ခင်းထားသည့် ကွက်လပ်ကလေးတွင် နေရာယူပြီးဆွဲဖို့ ကြိုးစားသော် လည်း လေကထန်ချင်တိုင်း ထန်နေသဖြင့် အချည်းနှီးဖြစ်ရတော့သည်။ ထို့ကြောင့် မော်တော် ကားရှိရာ သို့ ပြန်လာပြီး ကျွန်မတို့ မောင်းထွက်ခဲ့ကြသည်။ ဘယ်ဆီဘယ်ဝယ်သို့ဦးတည်ပြီး မောင်းနေကြောင်း ကျွန်မ မသိပါ။ အလွန်ရှည်လျားသည့် မော်တော်ကားလမ်းတစ်ခုက တောင်ကုန်းများပေါ်သို့ တက် သွားသည်။ ထိုလမ်းအတိုင်း ကျွန်မတို့ မောင်းတက်လာကြ သည်။ လေထဲမှာ ငှက်တစ်ကောင်ပျံဝဲနေ သလို ကောင်းကင်မြင့် ဆီ သို့ ကျွန်မတို့ မောင်းတက် လာကြာခြင်း ဖြစ်ပါသည်။

တစ်ရာသီစာအတွက် မစ္စက်ဗန်ဟော့ပါး ငှားထားသည့် မော်တော်ကားနှင့် ယခု မော်တော်ကားမှာ ကွာလိုက်လေခြင်း ဟု ကျွန်မ တွေးနေမိပါသည်။ မစ္စက်ဗန်ဟော့ပါးငှားထား သည့် မော်တော်ကား က လေးထောင့်စပ်စပ် ပုံစံဟောင်းကြီး။ ဒိမ်မလာ အမျိုးအစား မော်တော် ကား။ မွန်းလွဲပိုင်း အချိန်များမှာ မင်တုန်အရပ်သို့ ထိုမော်တော်ကားဖြင့် ကျွန်မတို့ သွားလေ့ သွားထရှိပါသည်။ ထိုသို့ သွားသည့် အခါတိုင်း ကားမောင်းသူ၏ နောက်ကျောဘက်မှာ ကျွန်မ ထိုင်လေ့ရှိပါသည်။ ပတ်ဝန်းကျင်မှ ရှုခင်းများ ကိုကြည့်ရှုလိုလျှင် ခါးကိုဆန့်ကာ၊ လည်ပင်းကို ဆန့်ကာဖြင့် မော့မော့ကြည့်ရသည်။
ယခု မစ္စတာဒီဝင်းတား ၏ မော်တော်ကားကတော့ မာကျူရီနတ်သား၏ အတောင်ပံများ ကို တပ်ဆင်ထားသကဲ့သို့ ရှိပါသည်။ အမြင့်ကြီးဆီသို့ ကျွန်မတို့ တက်လာကြပြီ။ ကား မောင်း ကလည်း မြန်ပါပေ့။ အန္တရာယ်ဖြစ်လောက်အောင်ကို မြန်နေခြင်းဖြစ်ပါသည်။ သို့ကလို အန္တရာယ်ဖြစ်လောက်အောင် မြန်ဆန်နေခြင်းကိုပင် ကျွန်မက ကျေနပ်နှစ်သိမ့်နေမိပြန်ပါ သည်။ ဘာကြောင့် ဆို ကျွန်မအတွက် အသစ်အဆန်းတွေ ဖြစ်နေသည် မဟုတ်ပါလား။ ပြီး တော့ ကျွန်မ၏ အသက်အရွယ် ကလည်း ငယ်ရွယ်နုပျိုလှသည် မဟုတ်ပါလား။

ထိုနေ့က ကျယ်လောင်စွာ ရယ်မောနေမိသည်ကိုလည်း ပြန်လည် အမှတ်ရနေမိပါ သည်။ ကျွန်မ၏ ကျယ်လောင်သောရယ်မောသံများသည် လေနှင့်အတူ လွင့်မျောပါသွား သည်။ သူ့ကို ကျွန်မ လှမ်းကြည့်လိုက်မိပါသည်။ ရယ်မောရွှင်ပျခြင်း လုံးဝမရှိတော့ပါ။ အတိတ်ကြီး တိတ်နေပြန်သည်။ ပတ်ဝန်းကျင်လောကကြီးနှင့် ကင်းကွာနေဟန်တူပါသည်။ လျှို့ဝှက်ချက်များအတွင်းမှာ ရစ်ပတ်နှောင်ဖွဲ့ခြင်း ခံနေရ သလို မနေ့က အမူအရာအတိုင်း ပြန်ဖြစ်နေပြန်သည်။
ကျွန်မ တို့၏ မော်တော်ကားသည် ရှေ့ဆက်၍ တက်နိုင်စရာအကြောင်း မရှိတော့ပါ။ အမြင့်ဆုံးတောင်ထိပ် သို့ ကျွန်မတို့ ရောက်နေကြပါပြီ။ အောက်ကို ငုံ့ကြည့်လိုက်တော့ ကျွန်မတို့ တက်လာသည့် လမ်းကို အတိုင်းသား မြင်နေရသည်။ ချောက်ကမ်းပါးတွေဖြင့် မတ် စောက်လှပါဘိ။

သူက ကားရပ်လိုက်သည်။ ကားလမ်း၏အဆုံးမှာ မတ်စောက်သည့် ချောက်ကမ်းပါး ကြီး ရှိသည်။ ပေနှစ်ထောင်လောက်တော့ နက်ရှိုင်းပေလိမ့်မည်။ ကားပေါ်မှ ကျွန်မတို့ ဆင်းခဲ့ ကြသည်။ အောက်သို့ ငုံ့ကြည့်လိုက်မိသည်။ သည်တော့မှပင် ကျွန်မ၏စိတ်များ တည်ငြိမ်မှု ကို ရတော့ သည်။ ချောက်ကမ်းပါးနှုတ်ခမ်းနှင့် ကား၏အကွာအဝေးမှာ ကားအလျား၏ တစ်ဝက်မျှလောက်သာ ရှိချေတော့သည်။ ဇယားကွက်ရိုက်ထားသော တွန့်ကြေနေသည့် စက္ကူတစ်ရွက်လို ပင်လယ်ပြင်ကြီးက မိုးကုတ်စက်ဝိုင်း ဆီသို့ ဖြန့်ကျက်သွားသည်။ ပင်လယ် ကမ်းခြေတစ်လျှောက်မှာရှိနေသည့် အဖြူရောင် အိမ် များကို လိမ္မော်ရောင် တောက်နေသော နေရောင်အောက်မှာ ခရုခွံများ သဖွယ် မြင်တွေ့နေရသည်။ ကျွန်မ တို့ ရပ်နေကြသည့် တောင် ကုန်းပေါ်က နေရောင်ကတော့ သည်လို မဟုတ်။ ပတ်ဝန်းကျင်၏ တိတ်ဆိတ်ငြိမ်သက်မှု ကြောင့် တစ်မျိုးတစ်ဖုံ ပြောင်းလဲနေသည် ထင်ရ၏။ ဇာပါး ကလေးနှင့် လွှမ်းအုပ်ထားသလို လည်း မဟုတ်။ လေငြိမ်သွားသည်။ ထို့ကြောင့် ရုတ်ချည်း ဆိုသလိုပင် အအေးဓာတ်က လွန် ကဲလာသည်။

"ဒီနေရာကို ရှင် ကောင်းကောင်း သိနေသလိုပဲနော်...အရင်တုန်းက ရောက်ဖူးသလား ဟင်..."
သူ့ကို ကျွန်မ လှမ်းမေးမိသည်။ ကျွန်မ၏လေသံသည် အခါတိုင်းနှင့်မတူ။ ပေါ့ပျက် ပျက်လည်းနိုင် လှသည်။ ကျွန်မကို သူ ငုံ့ကြည့်သည်။ သို့သော်လည်း ကျွန်မကို မှတ်မိပုံမရ။ ကျွန်မနှင့် တကွ လောကကြီး ကိုပါ သူ မေ့နေပုံရပါသည်။ ကျွန်မ သိနိုင်စွမ်းမရှိသော အတွေး များကြားမှာ ၀င်္ကပါ လှည့်သလို သူ နစ်မျောနေပုံရပါသည်။ အိပ်ပျော်နေရင်း လမ်းလျှောက်နေ သည့်ပုံ မျိုးလည်း ပေါက်နေ ပါသည်။ ထိုအချိန်ပိုင်းကလေးအတွင်းမှာတော့ သူသည် သာမန် အနေအထားမျိုးမှာ မရှိတော့ ဟု ကျွန်မ ထင်မှတ်မိပါသည်။ အချို့သော သူများသည် သူတို့၏ အတွင်းစိတ်တစ်ခုခုက အမိန့်ပေးသည်ကို နာခံနေတတ်ကြသည် ဟု ကြားဖူးပါသည်။ မစ္စတာ ဒီဝင်းတားသည်လည်း ထိုသူများ ကဲ့သို့ ဖြစ်နေပုံရပါသည်။

"နောက်တောင်ကျနေပြီနော်...ကျွန်မတို့ ပြန်ကြရအောင်လား"ဟု အမှုမဲ့အမှတ်မဲ့ လေသံမျိုးဖြင့် ကျွန်မ က ဆက်ပြောပါသည်။ ရင်ထဲမှာ ဖုံးအုပ်ထားသည့်အနေဖြင့်လည်း ပြုံး လိုက်မိပါသည်။ သို့သော် အချည်းနှီး သာဖြစ်ပါသည်။ ကျွန်မ ဘာတွေခံစားနေရသည်ကို ကလေးငယ် တစ်ယောက် ကပင် ကောင်းစွာ ရိပ်ဖမ်းမိနိုင်ပါသည်။
အမှန်တော့ သူ့ကို ကျွန်မ လူကဲခတ်မှားခဲ့သည်။ တကယ်တမ်းဆိုလျှင် သူ့မှာ ဘာ အမှားမျှမရှိ။ ယခုလို ကျွန်မ ထပ်မံပြောဆိုလိုက်မိသည့်အတွက် အိပ်မက်ဆိုးထဲမှ သူ လွတ် မြောက်လာပုံရပါသည်။ တစ်ဆက်တည်း မှာပင် သူ သတိကင်းလွတ်သွားသည့်အတွက် ကျွန်မကို တောင်းပန် စကားဆိုနေပါသည်။ ထို့ကြောင့် ကျွန်မ၏မျက်နှာမှာ သွေးဆုတ်သွား သည်။ သည်အဖြစ်ကိုလည်း သူ သတိထား လိုက်မိပါသည်။

"အခုလိုလုပ်မိတာ ကိုယ့်ဟာကိုယ်တောင် ခွင့်မလွှတ်နိုင်စရာပဲ"ဟု ပြောရင်း ကျွန်မ၏ လက်ကိုကိုင်ကာ ကားဆီသို့ တွန်းပို့ပေးပါသည်။ ကားပေါ်ရောက်တော့ တံခါးကို သူက ဆောင့်ပိတ်ပေးလိုက်သည်။ "ဘာမှ မကြောက်နဲ့နော်။ ပြန်လှည့်ရတာက အမြင်ထက် ပိုလွယ် တယ်"ဟု သူက ပြောသော်လည်း ကျွန်မ မှာ မူးနောက်နောက်ကြီးဖြစ်လာတော့သည်။ ဖျားချင် သလို နာချင်သလိုလည်း ဖြစ်လာသည်။ ထို့ကြောင့် ထိုင်ခုံကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထား လိုက်မိသည်။ သူကတော့ ကားကို ညင်ညင်သာသာ ကလေး ပြန်ကွေ့နေသည်။ လာလမ်းကို ဦးပြန်တည်မိသည်အထိ အလွန်တရာ ညင်သာ စွာ ပြန်ကွေ့နေခြင်း ဖြစ်ပါသည်။

"ဒါထက် အလျင်တုန်းက ဒီနေရာကို ရှင် ရောက်ဖူးသလားဟင်..."ဟု သူ့ကို ထပ်မေး မိပြန်ပါသည်။ လမ်းကျဉ်းကလေး အတိုင်း မော်တော်ကားက ပြန်ဆင်းလာပြီမို့ စောစောက တင်းကျပ်နေသည့် စိတ်များ လျော့ပြေသွားပါသည်။
"ရောက်ဖူးတယ်"
ထိုမျှပြောပြီး သူ ခဏဆိုင်းနေသည်။ ပြီးတော့မှ ဆက်ပြောသည်။

"ဒါပေမဲ့ ပြန်မရောက်တာ နှစ်ပေါင်းတော်တော်ကြာပြီ။ ဒီအချိန်တွေ ကြားထဲမှာ ဘာ တွေ များ ပြောင်းလဲနေသလဲဆိုတာ ကြည့်ချင်လို့"
"ပြောင်းရော ပြောင်းလဲနေသလား"
"မပြောင်းဘူး။ ဘာမှ မပြောင်းလဲဘူး"
အတိတ်အကြောင်းများကို ပြန်ပြောင်းသတိရစေသည့် သည်လိုနေရာမျိုးသို့ ကျွန်မကို ခေါ်ပြီး ဘာကြောင့်များ သူ ပြန်ရောက်လာရပါလိမ့်ဟု စဉ်းစားနေမိပါသည်။ အတိတ်ကာလနှင့် ယခုပစ္စုပ္ပန်ကာလကြားတွင် နှစ်ပေါင်းမည်မျှ ကြာရှည်ခဲ့ပြီနည်း။ အတွေးအခေါ်နှင့် အမူအကျင့် တွေ မည်မျှ ကွဲလွဲခဲ့ပြီနည်း။ စိတ်နေသဘောထားတွေကော ဘယ်လောက် ခြားနားသွားပြီ နည်း။ ကျွန်မ မသိချင်ပါ။ ဘာကိုမျှ မသိချင်ပါ။ သူနှင့်အတူ သည်နေရာသို့ လိုက်မလာမိလျှင် ကောင်းလေစွဟုသာ စိတ်ကူးပေါက် မိပါတော့သည်။

အကွေ့အကောက်များသည့်လမ်းအတိုင်း ကျွန်မတို့ ဆင်းလာကြသည်။ စကားလည်း ဆက်မပြောမိ။ ကျနေပေါ် မှာ တိမ်ဆိုင်ကြီးက တန်းနေသည်။ လေကလည်း အေးစိမ့်ပြီး သန့် ရှင်းလတ်ဆတ်လှသည်။
မမျှော်လင့် ဘဲ ရုတ်ခြည်းဆိုသလိုပင် မန်ဒါလေ စံအိမ်ကြီးအကြောင်းကို ကောက်ကာ ငင်ကာ သူ ပြောလေတော့သည်။
သို့သော်လည်း မန်ဒါလေစံအိမ်ကြီးမှာ နေထိုင်ရသည့် သူ့ဘ၀အကြောင်း တစ်လုံး တစ်ပါဒမျှ မပါ။ သူ့ကိုယ်ရေးကိုယ်တာအကြောင်း တစ်ခွန်းမျှမပါ။
မန်ဒါလေစံအိမ်ကြီး၌ နွေဦးကာလဆိုလျှင် နေလုံးကြီးက မည်ကဲ့သို့ ၀င်သွားကြောင်း ပင်လယ်ပြင်ပေါ်တွင် မည်ပုံ အလင်းရောင်ဖြာကျနေကြောင်း၊ ထိုအခါမျိုးတွင် ပင်လယ်ပြင်ကြီး သည် ကျောက်သင်ပုန်းကဲ့သို့ ညိုမှောင်သမ်းနေကြောင်း၊ ရှည်လျားသည့် ဆောင်းရာသီ၏ အအေးဒဏ်ကြောင့် အေးမြနေတတ်ကြောင်း၊ ပင်လယ်ကွေ့အတွင်းသို့ ၀င်လာသည့်ရေလှိုင်း သံများ ကိုလည်း ကုန်းလျှောကလေးပေါ်မှနေ၍ ကြားနေရကြောင်း။

နှင်းပန်းတို့သည်လည်း အစွမ်းကုန်ပွင့်နေတတ်ကြောင်း၊ ညနေခင်း လေပြည်လေညှင်း ကလေးတွင် သဲသဲ လှုပ်လှုပ်ဖြစ်နေကြကြောင်း၊ ရိုးတန်ရှည်ရှည်များ၏ ထိပ်ဖျားတွင် ရွှေရောင် ဦးခေါင်းများ တပ်ဆင်ထား သကဲ့သို့ရှိကြောင်း၊ နှင်းပန်းများမှာ ဘယ်လောက်ပင်ခူးခူး လျော့ နည်းမသွားကြောင်း၊ စစ်တပ်ကြီး တစ်တပ်ကဲ့သို့ ကြံ့ကြံ့ခိုင်ကာ ပွင့်မြဲ ပွင့်နေကြကြောင်း။
ရောင်စုံဝေသည့် နွေဦးပန်းများကိုလည်း မြက်ခင်းပြင်၏အောက်ဘက် ကမ်းခြေတွင် စိုက်ပျိုး ထားကြောင်း၊ ယခုအချိန်လောက်ဆိုလျှင် ထိုပန်းများ တုံးစပြုပြီဖြစ်ကြောင်း၊ မိုးဦးကျ တွင်ပေါက်သည့် ပန်းဝါတစ်မျိုးကတော့ သက်ဆိုးရှည်လှကြောင်း၊ ပပ်ကြားအက်ကလေးရှိ လျှင်ပင် ပေါက်ရောက် ရှင်သန်နိုင်ကြောင်း၊ ခေါင်းလောင်းပြာပန်းများကမူ ယခုလိုရာသီတွင် မပွင့်သေးကြောင်း၊ အနည်းငယ် အချိန်စောနေသေးကြောင်း၊ သူတို့ ပွင့်ပြီဆိုလျှင် တစ်တော လုံး ကို ဖြန့်ကျက်ကာ မိုးကောင်းကင်ကြီးနှင့်ပင် အပြာချင်းအံတုနေတတ်ကြောင်း။

အဆိုပါ ခေါင်းလောင်းပြာပန်းများကို အိမ်တွင်းယူလာပြီး ပန်းအိုးထိုးခွင့်ကို ဘယ်တော့ မှ သူ ခွင့်မပြုကြောင်း၊ သူ့အရိုးက ပန်းအိုးထဲမှ ရေကို ပုပ်စေတတ်ကြောင်း၊ ထို့ကြောင့် ထို ခေါင်းလောင်းပြာပန်း ၏အလှကို ကြည့်ရှုလိုလျှင် တောတွင်းမှာ လမ်းလျှောက်ကြည့်ခြင်းက အကောင်း ဆုံးဖြစ်ကြောင်း၊ အကောင်းဆုံးအချိန်မှာလည်း နေမွန်းတည့်သည့်အချိန်ဖြစ် ကြောင်း၊ အနံ့ကမူ မီးခိုးနံ့လိုလို ခါးသက်သက်အနံ့မျိုးဖြစ်ကြောင်း၊ ထိုပန်းကို ခူးယူသူများ သည် သဘာဝအလှအပကို အဓမ္မ ဖျက်ဆီးခြင်းနှင့်တူကြောင်း၊ မန်ဒါလေစံအိမ်ကြီးတွင် ထို ပန်းမျိုးကို မခူးရန် သူ တားမြစ်ထားကြောင်း၊ ရံဖန်ရံခါ သူ မော်တော်ကားမောင်းသွားသည့် အခါမျိုးတွင် ခေါင်းလောင်းပြာပန်းစည်းကြီးများကို စက်ဘီးလက်ကိုင်ပေါ်တင်ကာ စက်ဘီးစီး နေသူများကိုလည်း တွေ့ရတတ်ကြောင်း။

မိုးဦးကျတွင် အလေ့ကျပေါက်တတ်သည့် ပန်းများလည်း မြောက်မြားစွာရှိကြောင်း၊ အချို့အိမ်များကမူ ယိုဗူးလွတ်တွင် ထည့်စိုက်ပြီး ပြတင်းပေါက်မှာ ထားတတ်ကြကြောင်း၊ ရေ မှန်မှန်လဲပေးမည်ဆိုလျှင် ရက်သတ္တတစ်ပတ်လောက် မနွမ်းဘဲ ခံနိုင်ကြောင်း မန်ဒါလေစံအိမ် ကြီးအတွင်းသို့မူ မည်သည့် တောပန်းရိုင်းကိုမျှ ယူလာခွင့်မပြုကြောင်း၊ အုတ်တံတိုင်း ကာရံ ထားသည့် ပန်းခြံထဲမှာ အထူး စိုက်ပျိုး ထားသော ပန်းပင်များသာရှိကြောင်း၊ နှင်းဆီပန်းများ လည်းပါဝင်ကြောင်း၊ နှင်းဆီပန်းကတော့ အပင် မှာ သည်အတိုင်းထားခြင်းထက်ခူးပြီး ပန်းအိုးထိုးခြင်းက ပို၍ မျက်စိပသာဒရှိကြောင်း၊ အပြင်ဘက်လေဟာပြင် တွင် မထင်ရှားခဲ့သည့် အရောင်နှင့်အနံ့တို့သည် ဧည့်ခန်းထဲမှာ ပန်းအိုး တစ်လုံးနှင့် အလှပြင်ထားသောအခါကျမှ ပေါ်ပေါက်လာတတ်ကြောင်း၊ နှင်းဆီပန်းများ အစွမ်းကုန် ပွင့်ပြီဆိုလျှင် ဆံပင်ဖရိုဖရဲနှင့် မိန်းမ တစ်ယောက်ကဲ့သို့ ပွယောင်းယောင်း ဖြစ်လာကြောင်း၊ ဧည့်ခန်း ထဲမှာ ထားမှ ချပ်ချပ်ရပ်ရပ် ရှိ ကြောင်း။
မန်ဒါလေစံအိမ်ကြီးတွင် တစ်နှစ်လျှင် ရှစ်လပတ်လုံး နှင်းဆီပန်းများကို ပန်းအိုးတွင် အလှထိုး ထားကြောင်း သူ အရှည်ကြီး ပြောပြနေပါသည်။

သရဖူပန်းများကို ကျွန်မကြိုက်မကြိုက်လည်း သူက မေးပါသေးသည်။ မြက်ခင်းပြင်၏ အစပ်တွင် သရဖူ ပန်းပင် တစ်ပင် စိုက်ပျိုးထားကြောင်း၊ သူ့ အိပ်ခန်းပြတင်းပေါက်မှနေ၍ သရဖူ ပန်းရနံ့များကို ရှူရှိုက်နိုင်ကြောင်း၊ လက်တွေ့သမားကျလှသော သူ့အစ်မကမူ မန်ဒါလေ စံအိမ်ကြီးတွင် ပန်းပေါင်းစုံ အနံ့ တို့ မွှေးထုံနေသည့်အတွက် အမြဲတမ်းဆိုသလို ကန့်ကွက် စကားပြောလေ့ရှိကြောင်း၊ ထိုပန်းရနံ့ များကြောင့် သူ့အဖို့ အရက်သောက်ရသလို မူးနောက် နောက် ဖြစ်လာလေ့ရှိကြောင်း၊ သူ့အစ်မပြောပြသည်မှာ မှန်ကြောင်း၊ သို့သော်လည်း သူက တော့ အရေးမစိုက်ခဲ့ကြောင်း၊ သို့ကလို ပန်းပေါင်းစုံ ရနံ့ကြောင့် မူးယစ်ယစ်ဖြစ်ရသည်ကို သူ နှစ်သက်ကြောင်း၊ တမာခါးပင်များကိုလည်း ပန်းအိုးဖြူတွင် ထိုးကာ အိမ်ထဲမှာ ထားလေ့ရှိ ကြောင်း၊ ပန်းရနံ့စူးစူးများက အိမ်ထဲမှာထုံပျံ့နေကြောင်း။

တောင်ကြားမှတစ်ဆင့် ပင်လယ်ကွေ့ဆီသို့ သွားရာလမ်းကလေး၏ ဘယ်ဘက် တွင် တောင်ဇလပ်ပန်းပင်ကြီးများကို စိုက်ပျိုးထားကြောင်း၊ မေလလို အချိန်မျိုးတွင် ညစာစားပြီး ထိုလမ်း အတိုင်း လျှောက်သွားပါက ချိုမြသည့် လေညှင်းကို ရှူရှိုက်ရမည်ဖြစ်ကြောင်း၊ ကြွေကျ နေသည့် ပန်းချပ် ပန်းလွှာ ကလေးများကို ကောက်ယူပြီး လက်နှင့်ခြေကြည့်မည်ဆိုလျှင် အလွန် တရာ ချိုမြသည့် အနံ့မျိုးကို ရမည်ဖြစ်ကြောင်း၊ တောင်ကြားကလေးမှ ထွက်လာသောအခါ တွင်မူ မူးဝေ ထိုင်းမှိုင်းသည့် ဝေဒနာကို ခံစားရမည်ဖြစ်ကြောင်း၊ ပင်လယ်ကမ်းခြေသို့ ရောက် သည်နှင့် တစ်ပြိုင်တည်း ငြိမ်နေသည့်ရေပြင်နှင့် လုံးဝပြောင်းလဲသွားသော ပတ်ဝန်းကျင် ကို တွေ့ရမည်ဖြစ်ကြောင်း၊ ချက်ချင်း အပြောင်းအလဲဖြစ်သွားသည်မှာ စိတ်ဝင်စားဖွယ် ကောင်း လှကြောင်း တသီကြီး သူ ပြောပြနေသည်။
ထိုသို့ပြောပြနေဆဲ မှာပင် ကျွန်မတို့ကားသည် မြို့ထဲသို့ ရောက်လာပြီဖြစ်ကြောင်း သတိထား လိုက်မိပါသည်။ နေ၀င်ဆည်းဆာချိန် ရောက်လာသည်ကိုပင် ကျွန်မ သတိမထား လိုက်မိပါ။ လမ်းမီးတွေ လည်း ထိန်ထိန်လင်းနေကြပြီ။ ပတ်ဝန်းကျင်၏ အသံမျိုးစုံကိုလည်း ကြားလိုက်ရပြီ။ ယင်းအသံမျိုးစုံ တို့က ကျွန်မ၏ အာရုံကြောများကို လာရောက် တိုက်ခိုက်ကြ လေတော့သည်။ မွန်တီကာလို၏ မီးရောင်များ သည် အရောင်မှိန်လွန်းလှသည်ဟုလည်း ကျွန်မ ၏စိတ်ထဲမှာ ခံစားလာရပါသည်။

ခဏကြာလျှင် ကျွန်မတို့တည်းခိုနေကြသည့် ဟိုတယ်သို့ ပြန်ရောက်ကြတော့မည်။ ထိုင်ခုံရှေ့က အံဆွဲထဲ မှာ ကျွန်မ၏လက်အိတ်ကို ရှာကြည့်ပါသည်။ တွေ့ပါသည်။ ပြီးတော့ စာအုပ်တစ်အုပ်ကိုလည်း လက်နှင့် သွားစမ်းမိသည်။ အဖုံးက ပါးပါးလျားလျား ဖြစ်သော ကြောင့် ကဗျာစာအုပ် ဖြစ်ရပေလိမ့်မည်။ ဟိုတယ်တံခါးပေါက်ရှေ့တွင် မော်တော်ကား အရှိန် လျှော့လိုက်စဉ် စာအုပ် ခေါင်းစဉ်ကို ဖတ်ဖို့ ကျွန်မ စူးစိုက်ကြည့်လိုက်မိသည်။
"ယူသွားလေ .. ဖတ်ချင်ရင် ဖတ်ကြည့်ပေါ့..." ဟု မစ္စတာဒီဝင်းတားက ပြောပါသည်။ ယခုပြောသည့် သူ့အသံသည် သာမန်လေသံမျိုးဖြစ်နေပြန်သည်။ မပြောင်းလဲတော့သလို ဖြစ်နေပြန်သည်။ ကျွန်မ တို့၏ မော်တော်ယာဉ်စီး ခရီးကလည်း ပြီးဆုံးသွားချေပြီ။ တည်းခိုနေ သည့် ဟိုတယ် သို့လည်း ပြန်ရောက်ကြပြီ။ ကိုယ်ဘဝ အနေအထားအမှန်သို့ ပြန်ရောက်ကြပြီ။ မန်ဒါလေစံအိမ်ကြီးနှင့် ကျွန်မတို့ည်ကားမိုင်ပေါင်း အထောင်အသောင်း ဝေးကွားသွားပြန်လေ တော့သည်။

ကျွန်မ အများကြီး ပျော်မြူးသွားပါသည်။ လက်အိတ်များနှင့်အတူ စာအုပ်ကို တင်းကျပ် စွာ ကိုင်ထားမိသည်။ သူ ပိုင်ဆိုင်သည့် ပစ္စည်းတစ်ခုခုကို ကျွန်မ တပ်မက်မိနေကြောင်းလည်း ခံစားရသည်။ ယခုဆိုလျှင် သူနှင့်အတူ နေလိုက်ရသည့် တစ်နေ့တာကား ကုန်ဆုံးလွန်မြောက် သွားပြီ မဟုတ်ပါလား။
"ကိုင်း ဆင်းသွားပေတော့။ ကျုပ်လဲ ကားသွားသိမ်းလိုက်ဦးမယ်၊ ဒီနေ့ညတော့ စားသောက်ခန်းထဲမှာ မင်းနဲ့ ကျုပ် တွေ့ရတော့မှာ မဟုတ်ဘူး။ ညစာ အပြင်ထွက်စားတော့ မယ်။ ဘာပဲဖြစ်ဖြစ် အခုလို ကျုပ်နဲ့ ကားလိုက်စီး တဲ့ အတွက် မင်းကို ကျေးဇူးတင်ပါတယ် ကွယ်"       
အယုယ ခံရသည့် ကလေးငယ်တစ်ယောက် အယုယခံရမှု ပြီးဆုံးသွားသောအခါတွင် စိတ်ပျက် အားငယ်ခြင်းကို ခံစားရလေသကဲ့သို့ ကျွန်မလည်း ခံစားရကာ ဟိုတယ် လှေကားထစ်များအတိုင်း တစ်ကိုယ်တည်း တက်ခဲ့ရလေတော့သည်။ သည်ကနေ့ မွန်းလွဲပိုင်း အချိန်၏ အတွေ့အကြုံကလေးများက ကျွန်မကို ဖျက်ဆီးလိုက်ပါပြီ။

အိပ်ချိန်သို့ရောက်ဖို့ အချိန်တွေ အများကြီးကျန်နေသေးသည်။ ထိုကျန်နေသေးသည့် အချိန်များတွင် ကျွန်မသည် အထီးကျန်ဘဝဖြင့် ဟာတိဟာတာဖြစ်နေရတော့မည်။ ညစာကိုလည်း ခြောက်သွေ့စွာ တစ်ကိုယ်တည်း စားရပေတော့မည်။ အပေါ်ထပ်က သူနာပြုဆရာ၏ စူးစမ်းလေ့လာသော အကြည့်များကိုလည်း ကျွန်မ ရင်ဆိုင်နိုင်စွမ်းမရှိပါ။ မစ္စက်ဗန်ဟော့ပါးကလည်း ခြောက်ကပ် ကပ် အက်တက်တက်အသံဖြင့် စစ်လားဆေးလား၊ မေးလားမြန်းလား လုပ်ကောင်းလုပ်ပေ လိမ့်မည်။ ဒါကိုလည်း ကျွန်မ ရင်ဆိုင်နိုင်စွမ်း မရှိပါ။ ထို့ကြောင့် ဧည့်ခန်းထောင့် တိုင်ကွယ် တစ်နေရာတွင် ထိုင်ချလိုက်ပြီး လက်ဖက်ရည် မှာလိုက်ရသည်။

စားပွဲထိုး ရောက်လာသည်။ သူ့ကိုကြည့်ရသည်မှာလည်း ထုံထိုင်းထိုင်း ဖြစ်နေသည်။ ကျွန်မတစ်ယောက်တည်း လာထိုင်နေသည့်အတွက် သူ့အနေနှင့်လည်း ပြိုးပြိုးပြာပြာ လုပ် စရာအကြောင်း မရှိတော့။ နောက်ပြီး ယခုအချိန်ကလည်း လက်ဖက်ရည်သောက်ချိန်မဟုတ် တော့။ ငါးနာရီခွဲပြီးနေပြီ။ ခဏကြာလျှင် အရက်သောက်ချိန် ရောက်တော့မည်။ ကျွန်မ၏ စိတ် ထဲမှာ ငြိုငြင်ချင် သလိုလို ဖြစ်လာသည်။ မကျေနိုင် မချမ်းနိုင်ဖြစ်ခြင်းထက် ပိုပါသည်။ ကုလား ထိုင် နောက်မှီပေါ်သို့ ကိုယ် ကို မှီချလိုက်ပြီး ကဗျာစာအုပ်ကလေးကို ဆွဲယူလိုက်သည်။ အ ကြိမ်ကြိမ် အဖန်ဖန် ကိုင်တွယ် ထားသောကြောင့် စာအုပ်က အနွမ်းကြီးနွမ်းနေပြီ။ စာအုပ်ကို ကိုင်လိုက်သည်ဆိုလျှင်ပင် တစ်နေရာမှ စာမျက်နှာတစ်ခုက အလိုလို ပွင့်သွားသည်။ ထိုစာ မျက်နှာကိုပင် အလီလီအလာလာ ဖွင့်ပြီး ဖတ်ထားသယောင်ရှိသည်။

    "ကိုယ့်စိတ်နှင့်ကိုယ်၊ မျက်ရည်စိုကာ၊
    သူလွတ်ရာသို့၊ များစွာနေ့ညပြေးခဲ့ပြီ။
    သူနှင့်ဝေးရာ ဝေးကမ္ဘာသို့၊
    နှစ်ပေါင်းများစွာ၊ ပြေးခဲ့ပြီ။
    သူလမ်းမသိရာ၊ ၀င်္ကပါသို့၊
    ဆင့်ကာဆင့်ကာ ပြေးခဲ့ပြီ။
    မရပ်မနား၊ ပြေးလွှားရင်းဖြင့်၊
    ကွင်းကာရှောင်ကာ ပုန်းခဲ့ပြီ။
    ကြီးမားထန်ပြင်း၊ စိုးရွံ့ခြင်းဖြင့်၊
    တက်ဆင်းလမ်းကြမ်း၊ ခြောက်ကမ်းပါးတွေ၊
    ပြေးလေရှောင်ပုန်း၊ မပြတ်ဖုန်းစိုင်းခဲ့သော်လည်း
    သူလေ...အရိပ်ပမာ၊ ပါခဲ့ပါပြီတည်း။"

    အ၀င်တံခါး သော့ပေါက်မှနေ၍ တစ်စုံတစ်ယောက်က ကျွန်မကို ချောင်းမြောင်းကြည့် ရှုနေသည်ဟု စိတ်ထဲမှာ အလိုလို ခံစားလာရသည်။ ထို့ကြောင့် ကဗျာစာအုပ်ကလေးကို ခိုး ကြောင်ခိုးဝှက်ဖြင့် ဘေးမှာ အသာချထားလိုက်မိသည်။
    ညနေတုန်းက ကျွန်မတို့ရောက်ခဲ့သည့် တောင်ကုန်းများပေါ်သို့ သွားဖြစ်အောင် မစ္စတာဒီဝင်းတားကို မည် သို့သော တန်ခိုးရှင်ကများ စေ့ဆော်တိုက်တွန်းလိုက်ပါလိမ့်ဟု ကျွန်မစဉ်းစားနေ မိသည်။ ပေနှစ်ထောင်လောက်နက်သည့် ချောက်ကမ်းပါးကြီးနှင့် ကား ကိုယ်ထည် အလျားတစ်ဝက်စာ မျှသာ လိုတော့သောနေရာသို့ သူ မောင်းသွားသည့် အကြောင်းကိုလည်း စဉ်းစားနေမိသည်။ သူ့မျက်နှာပေါ်မှာလည်း မည်သို့သော ခံစားချက်မျိုး မှ မရှိတော့လေပြီတကား။ သူ့စိတ်ထဲမှာ မည်သို့သော ခြေသံများကို ကြားနေရလေသနည်း။ မည်သို့သော တီးတိုးသံများကို ကြားနေရလေသနည်း။ ဘာတွေကို ပြန်ပြောင်းသတိရနေ သနည်း။ နောက်ပြီးတော့ သည်ကဗျာ စာအုပ်ကလေးကို သူ့ကားအံဆွဲထဲမှာ ဘာကြောင့် ထည့်သိမ်းထားရလေသနည်း။ တသီကြီး ကျွန်မ စဉ်းစားကြည့်နေမိသည်။

    အတိတ်အကြောင်းတွေနှင့် သူ့ကို ကင်းလွတ်စေချင်ပါသည်။ ကျွန်မ ကိုယ်တိုင်ပင် သူ နှင့် တစ်စုံ တစ်ရာ ပတ်သက်ချင်စိတ် ပေါ်ပေါက်လာပါသည်။ သို့သော်လည်း ကျွန်မကို ကြည့် ပါဦး။ နွမ်းပါးစုတ်ချာ လှသည့် အင်္ကျီနှင့် စကတ်နှင့်။ ပြီးတော့ အနားပြန့်ကျယ် လှသော ကျောင်းသူ ဦးထုပ် အညံ့စားကြီးနှင့်။
    လေးလံထုံထိုင်းလှသည့် စားပွဲထိုးက ကျွန်မအတွက် လက်ဖက်ရည် ယူလာပေးသည်။ ကျွန်မ ကလည်း ထောပတ်သုတ်ပေါင်မုန့် ကို အရသာခံမနေနိုင်တော့ဘဲ ထိုင်းမှိုင်းစွာ စား သောက်နေရင်း သူပြောပြသော မန်ဒါလေစံအိမ်ကြီး မှ တောင်ကြားကလေးဆီသို့ သွားသည့် လူသွားလမ်းကလေး အကြောင်းကို တွေးနေမိသည်။ သည်လို တွေးကြည့်နေရင်းမှာပင် တောင်ဇလပ်ပန်းနံ့များက ကျွန်မ၏ စိတ်အာရုံမှာ ကြိုင်သင်းလာသည်။ ပင်လယ်ကွေ့ကလေး ၏ ကမ်းခြေ မှ ကျောက်စရစ်ခဲ ဖြူဖြူကလေး များကိုလည်း မြင်ယောင်နေမိသည်။

    သည်အိမ်နှင့် သည်နေရာကို သူ ဒါလောက် ချစ်မြတ်နိုးနေပါသည်ဆိုလျှင် ဘာမျှ အနှစ်သာရမရှိသော မွန်တီကာလို သို့ သူ ဘာကြောင့် ရောက်လာသနည်း။ သည်ကိုလာဖို့ သူ့မှာ အစီအစဉ်မရှိကြောင်း၊ ကသောကမျော ထွက်လာခဲ့ခြင်းဖြစ်ကြောင်း မစ္စက်ဗန်ဟော့ပါး ကို သူပြောပြခဲ့သည်။ တန်ခိုးရှင် တစ်ဦးဦး၏ စေ့ဆော်ချက်အရ တောင်ကြားထဲက လူသွား လမ်းကလေးအတိုင်း သူ ပြေးလာနေသည့် ပုံကို ကျွန်မ၏စိတ်အာရုံထဲမှာ ပုံဖော်ကြည့်နေမိပါ သည်။
    ကဗျာစာအုပ်ကလေးကို ကျွန်မ ကောက်ယူလိုက်မိပြန်ပါသည်။ သည်တစ်ခါမှာတော့ စာအုပ်၏ အတွင်း မျက်နှာစာအဖွင့် စာရွက်နေရာက လန်နေပါသည်။ ထိုအပေါ်တွင် ရည်ညွှန်း ချက် ကလေး ရေးထားသဖြင့် ဖတ်ကြည့်မိသည်။

'မက်ဇ်သို့...မှ...ရဘက်ကာ၊ ၁၇ မေလ'

လက်ရေးက ခပ်စောင်းစောင်းဖြစ်သည်။ စာရေးသူက စိတ်မရှည်စွာဖြင့် ရေးထားပုံရသည်။ ကလောင်များမှ မင်သီးသောကြောင့် တစ်ဖက် ရေခံစက္ကူမှာပါသွားပြီး မင် အနည်းငယ် စွန်းနေ သည်ကို တွေ့ရသည်။ 'ရဘက်ကာ'ဟူသော နာမည်ကျတော့ မင်က လုံးဝ ပိုထူသွားသည်။ ထို့ကြောင့် စာလုံးများ အားလုံးထဲမှာ 'ရဘက်ကာ'ဆိုသောစာလုံးက နက်မှောင်ထင်ရှားနေ သည်။ 'ရကောက်'စာလုံးက ရှည်လျားလှလေရာ အခြားစာလုံးများ အားလုံး၏အပေါ်မှာ မိုးနေ သည်
စာအုပ်ကို ကမန်းကတန်းပိတ်ကာ လက်အိတ်များအောက်သို့ ထိုးသွင်းပြီး ဝေးဝေးမှာ ချထား လိုက်မိသည်။ ပြီးတော့ ဘေးက ကုလားထိုင်ပေါ်မှ ရုပ်စုံမဂ္ဂဇင်းတစ်စောင်ကို လှမ်းဆွဲယူကာ စာမျက်နှာများကို တောင်လှန် မြောက်လှန် လှပ်နေမိသည်။ ပြင်သစ်နိုင်ငံ လွှာမြစ်ကမ်းပေါ်ရှိ ဘလွှာ ရဲတိုက်ကြီး၏ လှပသော ဓာတ်ပုံများနှင့် ဆောင်းပါးကို ဖော်ပြထားသည်။ ထိုဆောင်းပါး ကို ကျွန်မဖတ်နေသည်မှာ မှန်ပါ၏။

ဓာတ်ပုံအညွှန်းများနှင့် ပုံစာများကို ဂဃနဏဖတ်နေသည် မှာ မှန်ပါ၏။ ဆုံးသွားသောအခါ စာလုံးကလေး တစ်လုံးကလေးကိုမျှပင် ကျွန်မနားလည် သဘောပေါက်ခြင်းမရှိတော့ပါ။ စာရွက်ပေါ်မှာရှိသည့် ရဲတိုက်ကြီး၏ ပုံကိုကြည့်နေရင်း ထိုရဲတိုက်ကြီးသည် မစ္စက်ဗန်ဟော့ပါး၏ မျက်နှာဖြစ်နေတော့သည်။ ဟိုတစ်နေ့ညနေ က ကျွန်မတို့စားပွဲနှင့် မလှမ်းမကမ်းမှာ ထိုင်နေသော မစ္စတာဒီဝင်းတားကို ကွက်ကြည့်ကွက် ကြည့်လုပ်နေသည့် မစ္စက်ဗန်ဟော့ပါး၏မျက်နှာ ဖြစ်နေသည်။ ပြီးတော့ သူပြောခဲ့သည့် စကား များ ကိုလည်း ပြန်လည်ကြားယောင်နေမိပါသည်။
''အလွန့်အလွန်ကို ကြေကွဲဝမ်းနည်းစရာကောင်းတဲ့ အဖြစ်ဆိုးကြီးပေါ့ကွယ်...သတင်းစာတွေ ကလဲ ဒီအကြောင်း နဲ့ပဲ ပြည့်နေတော့တယ်။ မစ္စတာဒီဝင်းတားဟာ ဒီအကြောင်းနဲ့ပတ်သက် ပြီး လုံးဝ မပြောတဲ့ အကြောင်း၊ သူ့ဇနီးရဲ့နာမည်ကလေးကိုတောင်မှ ထုတ်ဖော်မပြောတဲ့ အကြောင်း ရေးကြ တယ်။ သူ့ဇနီးက ရေနစ်ပြီး သေသွားတာလေ...သိတယ်မဟုတ်လား... မန်ဒါလေ စံအိမ်ကြီးနားက ပင်လယ်အော် ကလေး ထဲမှာနစ်ပြီး သေသွားတာ"

ဆက်ရန်
.

No comments: