Monday, April 16, 2012

တင်မောင်မြင့် ၏ နွေကန္တာ, အပိုင်း (၂၆)

" ဒါမျိုး နှစ်လုံး သုံးလုံးပဲ ၀ယ်နိုင်ဦး၊ မဲနယ်စိုက်သလောက် အလုပ်ဖြစ်နေပြီ။ ခုပေါက်ဈေးနဲ့ ဆိုရင် တစ်ဝက်လောက် ၀ါဂွမ်းတွဲစိုက်၊ ကျွန်တော်တော့ အလုပ်စချင်လှပြီ။ အင်း ကိုယ့်အိမ် ကိုယ်ပြန် ရောက် ရတာ ပျော်စရာကြီးပါလား " ကို ဆက်ဖတ်ရန်

အခန်း (၁၈)

ဝက်သစ်ချမြိုင်၏ မဲနယ်ခင်းကို ၀ါဂွမ်းနှင့် အစားထိုးနိုင်ခဲ့၍ နှံကောင်များရန်မှ ကင်းဝေးခဲ့ရ သည်။ ဒေးဗစ်၏ ၀ါဂွမ်းနှင့် အစေ့ထုတ်စက်သည် ထိထိရောက်ရောက် အလုပ်ဖြစ်လျက် ရှိပေပြီ။ ဒေးဗစ်သည် အလွန်အမြင်ကျယ်သည့် စိုက်ပျိုးရေး လုပ်ငန်းရှင် တစ် ဦးဖြစ်လေပြီ။ လှေတစ်စင်းဖြင့် ချာလက်စတန်အထိ ခရီးထွက်သည်။ ဖလော်ရီဒါသို့ ၀င်သည်။ ဟာဗာနာ အထိ သွားသည်။ မဲနယ်၏ အနာဂတ်ကို ကျူါ်ဘားမှာ ဒေးဗစ် ကြားခဲ့ခြင်းဖြစ်၏။ ပြန်ရောက် လျှင် ရောက်ချင်း အမေနှင့်  အဖေ ကို ဖောက်သည်ချသည်။

" ရွာတီမာလာတစ်ကျွန်းလုံး မဲနယ်ချည်း ဖိစိုက်နေကြလို့ တစ်ကမ္ဘာလုံးကိုတောင် အပြာရောင် ဆိုး နိုင်နေပြီတဲ့။ ဒါကြောင့် မဲနယ်ဈေးက ထိုးကျနေပြီ။ နောင်လည်း ဆက်ကျဦးမှာပဲ။ ဒါကြောင့် ကျွန်တော် တို့ ထွက်ပေါက်ဟာ ၀ါဂွမ်းပဲ။ ဒီလိုစက်မျိုး များများနဲ့ ကျွန်တော်တို့ ချလိုက်ရရင် ၀က်ဝက် ကွဲ သွားမယ်။ ခုဆိုရင် မြောက်ပိုင်းမှာ ၀ါမျိုးသန့် ပေါင် ၁၀၀ ကို အမေရိကန်ဒေါ်လာ ၂၅ ဒေါ်လာ ဖြစ်နေပြီတဲ့ "
အမေရိကန်ဒေါ်လာ ၏ တန်ကြေးကို ဂျူးဒစ် ဦးနှောက်ခြောက်ခံပြီး တွက်ကြည့်မနေတော့။ လူမျိုး ပေါင်းစုံ လှသည့် လူဝီစီးယားနားတွင် ငွေကြေးစနစ်ကလည်း စုံလှသည်။ ကြာတော့ မျက်စိလည် ချင် လာပြီ။

ဝါကြိတ်စက်ကတော့ သည်နယ်တစ်ရိုးတွင် ဟိုးလေးတကျော် ဖြစ်နေပြီ။ ၀ါဂွမ်းစိုင်တွေထဲမှ အစေ့တွေ ဒလဟော ထွက်ကျနေပုံကို လာကြည့်သူများနှင့် ၀က်သစ်ချမြိုင်သည် စည်ကားနေလေ သည်။
လာကြည့် သည့် ပရိသတ်တွေ ရင်သပ်ရှုမော ပြောဆိုနေကြသံများကို ဂျူးဒစ် ကြည်နူးစွာ နားထောင် နေတတ် သည်။
ကြံကြိတ်စက် တည်မလား၊ ၀ါကြိတ် ၀ယ်မလား ဟူသည့်လမ်းနှစ်သွယ်တွင် စိုက်ပျိုးရေး သမား များ တွေဝေနေကြသည်။ တစ်သက်လုံးဓားမဦးချ လုပ်စားလာသည့် မဲနယ်သည် ရုတ်ခြည်း ခေတ်မှိန် သွားလေပြီ။

ပထမနှစ်တွင် ဖီးလစ်က ဧက ၅၀၀ ၀ါဂွမ်း ထည့်စိုက်သည်။ ဒုတိယနှစ်တွင် ဧက ၁၀၀၀ အထိ တိုးချဲ့ သည်။ စက်ဖြင့် ၀ါကြိတ်ခြင်းမှာ အလွန်သန့်ရှင်းသည့် အလုပ်ဖြစ်သည်။ မဲနယ်အိုးကြီး တွေ ပေါင်းတင် တုန်းကလို ညစ်ပတ်ပေကျံခြင်း မရှိတော့ပေ။ ၀က်သစ်ချမြိုင်၏ ကျက်သရေ ကို ညှိုးနွမ်းစေသည့် နှံကောင်တွေလည်း မရှိတော့ပေ။ ကြံလုပ်ငန်းကိုလည်း အချိုးကျကျ တိုးခဲ့သည်။ ကြိတ်ဆုံ တွေ၊ ဂိုဒေါင်တွေ ကို အုတ်ဖြင့် အခိုင်အခံ့ဆောက်သည်။ လှေနံဓားထစ်ခေတ်ကို အမီ မလိုက်နိုင် သည့် တစ်လမ်းသွားသမားများမှ လွဲ၍ မဲနယ်ကို လုံးဝ စွန့်လွှတ်လိုက်ကြပြီ။
မြစ်ရိုးတစ်လျှောက် မြို့များတွင် သကြားနှင့် ၀ါဂွမ်းသည် နေ့ချင်းညချင်း တာစားလာလေတော့သည်။ လူးဝစ်ဗဲလ်ကိုး က ဂိုဒေါင် နှစ်လုံး ထပ်ဆောက်သည်။ ၀ါဂွမ်းဘေထုပ် များက နေရာ ယူသဖြင့် နောက်ထပ် ငါးလုံးထပ်ဆောက်ရပြန်သည်။

ပါစယ်မိသားစုကလည်း ဆိပ်ကမ်းနယ်မြေတွေ တိုးချဲ့ တည်ဆောက်သည်။ တည်းခိုခန်းများလည်း ထပ်တိုး ရတော့၏။ "ဂျူဟန်နှင့် လန်း" လှေတည်ဆောက်ရေး ကုမ္ပဏီလည်း နောက်တစ်နေရာတွင် စခန်း တစ်ခု ထပ်ဆောက်သည်။
သည်သတင်းတွေ ကို ကြားတော့ ဂျူးဒစ်က "ဂျူးဒစ်တော့ မယုံကြည်နိုင်လောက်အောင်ပဲ အစ်ကိုရယ်" ဟု တအံ့တသြ ပြောလေသည်။
ဖီးလစ် က ရယ်ပြီး သူ့လက်ကို ဆွဲယူလိုက်သည်။ ၀က်သစ်ချမြိုင်အိမ်ကြီးပြီးလို့ လာခေါ်သည့်နေ့က ကဲ့သို့ပင် လက်ဖ၀ါးနုနုကလေးကို အသာညှစ်ပြီး -
" ဒီလိုပဲ ဖြစ်ရမယ်လေ၊ ဒီမှာတင် ရပ်နေမှာမဟုတ်ဘူး ဂျူးဒစ်ရဲ့၊ နောင် ဒီ့ထက်ဒီ တိုးတက်လာဦး မယ်။ ဒါတွေကို အိပ်မက်မက်ပြီး တို့တစ်တွေ မြစ်ညာက စုန်ဆင်းခဲ့ကြတာ မဟုတ်လား "
စိုက်ခင်းမြေ ရှုခင်းတို့သည် နေ့ချင်းညချင်း ပြောင်းလဲခဲ့ပေပြီ။ ရှုမဆုံးတော့သည့် မဲနယ်ခင်းများ၊ သီးညှပ်အဖြစ် စိုက်သည့် ဆေးခင်းများကို လုံးဝမတွေ့ရတော့။ မိုင်ပေါင်းများစွာသော ၀ါခင်းများ၊ မိုးကုပ် စက်ဝိုင်းဆီ အထိ ဆက်စပ်နေမည် ထင်ရသော ကြံခင်းများ အစားဝင်လာလေပြီ။

မဲနယ်ပေါင်းအိုးကြီးတွေ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ကြ၏။ သူတို့နေရာတွင် ၀ါကြိတ်စက်တွေ၊ ၀ါဂွမ်းဂိုဒေါင်တွေ အစားဝင်လာကြသည်။ ထုပ်ပိုးပြီးသား ၀ါဂွမ်းဘေထုပ်များကို သယ်ရန် စောင့်ဆိုင်းနေကြ သည့် လှည်းတွေက အတန်းလိုက် အတန်းလိုက်။ ဆေးရွက်ကြီး ဂိုဒေါင် များသည် သကြားစက်များ ဖြစ်ကုန်ကြသည်။ ခေါင်းတိုင်များမှ နေ့ညမဟူ မီးခိုးတလူလူဖြင့်။
ဒယ်လ်ရွိုင်းမြို့ ကလေးမှာလည်း နေ့ချင်းညချင်း ပြောင်းလဲခဲ့လေပြီ။ အိမ်ကြီးတွေ အပြိုင်အဆိုင် ဆောက်ကြသည်။ လမ်းတွေ ချဲ့ထွင်ကြသည်။ နေရာတကာတွင် လွှစက်သံ၊ တူထုသံများဖြင့် ၂၄ နာရီပတ်လုံး အသက်ဝင်နေတတ်၏။

ဆိပ်ကမ်းများသည် အရောင်းအ၀ယ် ကောင်းလာသည်နှင့်အမျှ ကြက်ပျံမကျ စည်ကားလျက်ရှိ သည်။ ပွဲရုံတွေ၊ အရက်ဆိုင်တွေ၊ ကုန်တိုက်ကြီးတွေလည်း များသည်ထက် များလာသည်။ ဧရာမ ပိန်းကောကြီးများ သည် ဆိပ်ကမ်းတိုင်းတွင် ကြက်တောင်စိုက် စီတန်းလျက်ရှိ၏။ အချို့က လူသုံး ကုန် ပစ္စည်းတွေ ရောင်းဖို့ တင်လာကြပြီး၊ အချို့က ၀ါဂွမ်းထုပ်တွေသယ်ရန် စောင့်နေကြခြင်းဖြစ်၏။ အချို့လှေကြီးများ ကတော့ ထိတ်ထိတ်ကြဲ စိုက်ပျိုးရေး လုပ်ငန်းရှင်ကြီးများအတွက် သီးသန့်လာပို့ ရသော ၀ိုင်နှင့် ပရိဘောဂ လှေကြီးများဖြစ်သည်။
ဘယ်ကို ကြည့်လိုက်ကြည့်လိုက် စိတ်အားထက်သန်နေကြသည်ကို တွေ့ရ၏။ မြစ်ရိုးတစ်လျှောက် မြို့များ ၏ မဲနယ်ခေတ်တစ်ခေတ်သည် နိဂုံးကမ္ပတ်အဆုံးသတ်ခဲ့လေပြီ။ သို့သော် ၀ါဂွမ်းက အနာဂတ် အတွက် အာမခံချက် အပြည့်အ၀ ပေးသေးသည် မဟုတ်။ အတွေ့အကြုံက ဘယ်သူမှ များများစားစား မရှိကြသေး။

လမ်းဆုံ လမ်းခွတွင် ၀ါဂွမ်းမျိုးအကြောင်း၊ စိုက်ပျိုးချိန်ကာလများအကြောင်းကို လူတွေ ငြင်းခုံကြတုန်းဖြစ် ၏။ ဘယ်သူ့ ၀ါကြိတ်စက်က ပိုကောင်းပြီး ဘယ်သူ့ထက်သာကြောင်း၊ မစ္စက်ဟိုဒင်းက သူ့ထမင်းစားခန်း အတွက် ငွေသားစစ်စစ် ပစ္စည်းတွေ မှာထားပြီးဖြစ်ကြောင်းကို နေရာတကာတွင် ကြားနေရသည်။
စိတ်လှုပ်ရှားစရာ ကောင်းသော်လည်း ဂျူးဒစ်ကမူ သည်သတင်းများမှာ အောက်တန်းကျသည်ဟု ထင်သည်။ သည်ဂယက်တွေကို နကမ္ပတိ ပွဲကြည့်ပရိသတ်အဖြစ် ကြည့်နေချင်သည်။
သို့သော် သည်ပြောင်းလဲမှု ဒီလှိုင်းသည် မျက်ကွယ်ပြု၍ မရတော့ဘဲ ၀က်သစ်ချမြိုင် ပရိဝုဏ်အတွင်းသို့ တိုင်အောင် ရိုက်ခတ်လာလေတော့သည်။
" အိမ်အသစ် ပြင်ဆောက်ကြရအောင်" ဟု ဒေးဗစ်နှင့် ရီတာတို့ မောင်နှမက တစ်သံတည်း ထွက်ကာ တောင်းဆိုကြသည်။

ဂျူးဒစ် အထိတ်တလန့် ဖြစ်သွားသည်။
" ဟင် သားတို့ သမီးတို့ကလည်း ဒီအိမ်ကြီးက ဘာဖြစ်လို့လဲ"
ဂျးဒစ် ပတ်ပတ်လည်မှ ပန်းရောင်နံရံတွေကို ဝေ့ကြည့်လိုက်သည်။ ဘယ်လောက်လှသည့် ၀က်သစ်ချမြိုင်ပါလဲ။ အင်း … သားနဲ့ သမီးကတော့ သည်အိမ်ကြီးနှင့် မိမိ ဘယ်လောက် ဆက်နွယ် ပတ်သက်ခဲ့သည်ကို သိရှာကြမှာ မဟုတ်ဘူးပေါ့လေ။ ရီတာက ထုံးစံအတိုင်း ဒိုးဒိုးဒေါက် ဒေါက် ပြောနေ သည်။ ရီတာမှာ ၁၅ နှစ် ပြည့်ပြီဖြစ်ပြီး ဆံပင်နှင့် မျက်လုံးက အမေတူ အညိုရောင်။ ကိုယ်လုံး ကိုယ်ပေါက် ကလည်း ဂျူးဒစ်ငယ်ငယ်ကနှင့် တစ်ဖြတ်တည်း။
" ဒီခေတ် မှာ ဒီလို အိမ်ကြီးမျိုးတွေက သိပ်ရှေးဆန်သွားပြီ မေမေ။ တစ်ခါတည်း အိမ်ကလည်း ပုံတုံးကြီး၊ ကပ္ပလီ အိမ် ကျနေတာပဲ "
" အလို အခန်း ၁၆ ခန်းတောင် ပါတယ်လေ သမီးရဲ့ "
" ဟာ မေမေ ကလဲ၊ မီးခြစ်ဘူးလောက်ရှိတဲ့ အခန်းလေးတွေကို စကားထဲ ထည့်ပြောနေတယ်။ ပြီးတော့ ပန်းရောင်တွေ သုတ် ထားတော့ သမီးတို့ အကြိုက်နဲ့ တခြားစီ ဖြစ်နေတယ်။ ဘာလုပ်ရမှန်း ကိုမသိဘူး "

" ခု ဆောက်နေကြတဲ့ အိမ်တွေက စိုက်ပရပ်စ် ထင်းရှူးအိမ်တွေပါ သမီးရယ် "
ဖီးလစ် မနေနိုင်တော့၍ ၀င်ပြောခြင်းဖြစ်သည်။ ရီတာက အလျှော့မပေးဘဲ ဆက်ပြန်သည်။ သရော်တော်တော် ရယ်ပြီး -
" သမီးအထင်ပြောရရင် ဒီလိုအိမ်ကြီးတွေဟာ သူတို့ကိုယ်သူတို့ သိပ်အဟုတ်ကြီး ထင်နေ တဲ့ ရှေးလူကြီးတွေ အတွက် သာ ပြတိုက်အဖြစ်နဲ့ ထားဖို့ ကောင်းတော့တာပါ "
ဂျူးဒစ် က သည်တော့မှ ၀န်ခံစကားဆိုသည်။

" သမီးပြောတာ ဟုတ်တယ်လေ၊ မေမေနဲ့ ဖေဖေက ၀က်သစ်ချမြိုင်ရဲ့ သမိုင်းကို ထိန်းထားချင်တာပဲ "
" မေမေ နဲ့ ဖေဖေက ကျွန်တော်တို့ ပြောတာကို သဘောမပေါက်ဘဲကိုး "
ဒေးဗစ် က ညီမလုပ်သူဘက်က စစ်ကူဝင်ပေးသည်။
" လူတွေက ကျွန်တော်တို့ကို ဘယ်လိုပြောကြတယ် မှတ်လဲ၊ ၀က်သစ်ချမြိုင်ဟာ အစောဆုံး စိုက်ပျိုးရေး ခြံကြီးတဲ့၊ ကြံကနေ သကြားဖြစ်အောင် ပထမဆုံး လုပ်တာလည်း ၀က်သစ်ချမြိုင်ကတဲ့၊ ၀ါကြိတ်စက် စသုံး တာလည်း ၀က်သစ်ချမြိုင်ကပဲတဲ့၊ ၀က်သစ်ချမြိုင် အိမ်ကြီးကျတော့ အို … လူတွေက ကျွန်တော် တို့ကို ဒီလိုအိမ်ကြီးနဲ့ ဆက်နေလိမ့်မယ်လို့ မမျှော်လင့်ကြဘူး ဖေဖေ "
ထုတ်ဖော် ၀န်မခံသော်လည်း ဂျူးဒစ် မငြင်းဘဲ ငြိမ်နေလိုက်သည်။ ဒေးဗစ် ပြောသည်မှာ မှန်သည်။ ပတ်ဝန်းကျင် တစ်ခုလုံး ပုံစံသစ်နှင့် အိမ်သစ်တွေ အပူတပြင်း ဆောက်နေကြပြီ။ မဆောက်သေးသူ များ ကလည်း အိမ်ပုံစံတွေ ရွေးကြ၊ ပစ္စည်းတွေ စုကြနှင့် အလုပ်ရှုပ်နေကြပြီ။ ယာတောအိမ်ကြီးများ သည် နေ့ချင်း ညချင်း ခေတ်နောက်တွင် ကျန်နေရစ်ခဲ့ချေပြီ။
ထိုပြောင်းလဲမှုသဘောကို ဂျူးဒစ် နားလည်သော်လည်း သူတို့မောင်နှမ ပြောနေသည့် အိမ်သစ်စီမံ ကိန်း ကို မကျေမနပ်ဖြင့် နားထောင်နေသည်။

ဝက်သစ်ချမြိုင် ပရိဘောဂများသည် သူတို့ပြောသည့် နှစ်ထပ်လေသာဆောင် ခေတ်မီအိမ်မျိုးနှင့် မည်သို့ လိုက်ဖက် ပါမည်လဲ။ တည်ခင်းဧည့်ခံခဲ့သော ညစာစားပွဲ များစွာကြောင့် ချောမွတ်နေသည့် ထမင်း စားပွဲကြီး၊ ကြိမ်ကုလားထိုင်များနှင့် မိမိရင်သွေးကလေးများ အိပ်ခဲ့သည့် ကြိမ်ပုခက်ကြီး။ ဒါတွေ သည် ခေတ်မီ ခြံသူဌေးတစ်ယောက်၏ ခေတ်မီအိမ်ကြီးနှင့် မည်သို့ လိုက်ဖက်ပါမည်နည်း။
အိမ်သစ်ဆောက် ဖို့ အဆင်သင့်ဖြစ်ချိန်တွင် ဂျူးဒစ် အိမ်ကြီးထဲသို့ လျှောက်ကြည့်ရင်း ခန်းဆီးတွေ၊ ပရိဘောဂတွေ ကို တယုတယ ကိုင်ကြည့်နေသည်။ ခွဲခွာခါနီး မိတ်ဆွေတွေကို လိုက်လံနှုတ်ဆက် နေသည့် ပုံမျိုး။
" ဒါတွေကို ဘယ့်နှယ်လုပ်ကြမလဲဟင် "လို့ မေးတော့ ဒေးဗစ်က "လွှင့်ပစ်လိုက်ပေါ့ မေမေရာ" ဟု ဆိုသည်။
ဤတွင် ဖီးလစ် ၀င်ရှင်းပေးရတော့သည်။

" အိမ်ဖော်တွေအတွက် အစေခံတန်းလျားတွေ ဆောက်ရဦးမယ်လေ၊ အဲဒီမှာ အသုံးဝင်ပါလိမ့်မယ် "
" အင်း … အဲဒါ ကောင်းပါတယ် "ဟု ဂျူးဒစ် ထောက်ခံလိုက်သည်။ တော်ပါသေးရဲ့၊ အဖေနှင့် အမေ လျှောက်လှမ်း လာသည့် ခရီးကြမ်းနှင့် သည်ခရီးကြမ်းရဲ့ လက်ထက်ပွား ပစ္စည်းလေးတွေကို သား တို့ သမီး တို့ တန်ဖိုးထားရကောင်းမှန်း မသိကြပါကလား။
ဘာတတ်နိုင်မည် နည်း။ ခေတ်က ပြောင်းလဲလာတာကိုး။ အဟောင်းတွေကို စွန့်ပစ်ပြီး အသစ် အသစ် တို့ဖြင့် အစားထိုးနေသည့် ခေတ်ကိုး။
အိမ်သစ်ကြီးဆောက်ပြီးတော့ အဖြူရောင်ဆေးကို တစ်အိမ်လုံး ပိန်းနေအောင် သုတ်သည်။ ဧရာမ နှစ်ထပ်အိမ်ကြီးဖြစ်၏။ အိမ်ရှေ့တံခါးမကြီးမှ သော့အိမ်နှင့် တံခါးလက်ကိုင်မှာ ကြေးဝါရောင် ဖိတ်ဖိတ် တောက် လျက်။ တံခါးမကြီးမှ ၀င်သွားလျှင် ဧရာမ ခန်းမဆောင်ကြီးကို ပထမဆုံး တွေ့ရ သည်။

အပေါ်ထပ်တက် သည့် လှေကားအိမ်က ခန်းမဆောင်ကြီး ကျယ်ဝန်းမှုကို လုံးဝ မထိခိုက်ဘဲ သီးသီး ခြားခြား ရှိလေသည်။ လှေကားနှစ်ခုမှာ အ၀င်ဝတံခါးမကြီး၏ နံဘေးတွင် ကပ်လျက် ငါးကြင်းမြီး သဏ္ဍာန် တစ်ဖက်စီမှ အပေါ်ထပ် လေသာဆောင်သို့ ကွေ့တက်သွားသည်။
အပေါ်ထပ်ခန်းမရော၊ အောက်ထပ်ခန်းမပါ ရှေ့တံခါးမကြီးနောက်ဘက်အထိ တိုးလျှိုပေါက် အကျယ်ကြီးတွေဖြစ်သည်။ လေ၀င်လေထွက်ကို အသားပေးထားခြင်းဖြစ်၏။ ခန်းမဆောင်၏ တစ်ဖက်စီ ရှိ အခန်းများမှာ မှန်ပြတင်း အမြင့်ကြီးတွေ အပြည့်ဖောက်ထားသည်။
ခန်းဆီးအားလုံး ကိုလည်း အဖြူရောင်တွေချည်း သုံးထားသည်။ အိပ်ခန်းတိုင်းတွင် အလှပြင် မှန်တင် ခုံတွေနှင့်။ ကြည့်မှန် အနားဘောင်တွေက အရောင်တဖိတ်ဖိတ်။ ဖယောင်းတိုင်ခွက်တွေက အားလုံး နံရံကပ်တွေ။ အချို့က ဖန်သား။ အချို့က အရောင်တလက်လက် ထွက်နေသည့် သတ္တု ပန်းနွယ်တွေ။ နောက်ခံ ရောင်ပြန် အ၀ိုင်းတွေနှင့်။

ဧည့်ခန်းထဲတွင် ဂျူးဒစ်နှင့် ဖီးလစ်တို့၏ ပုံတူပန်းချီကားချပ်ကြီးများကို ချိတ်ထားသည်။ ၂၂ နှစ် သမီး အရွယ် က နယူးအော်လီယန်းတွင် ဂျူးဒစ် ဆွဲခိုင်းထားသည့် ဆီဆေးကားကြီးနှင့် ဒယ်လ်ရွိုင်းတွင် တစ်ဆောင်း လာခိုသည့် ပြင်သစ်ပန်းချီဆရာ ရေးပေးသွားသည့် ဖီးလစ်၏ ပုံတူ ပန်းချီကားချပ်ကြီးဖြစ်၏။
ဧည့်ခန်း ထဲမှ ပရိဘောဂအများစုမှာ ပြည်တွင်းဖြစ် များသော်လည်း ဆိုဖာနှင့် စားပွဲ များမှာ ပြင်သစ် ပြည်လုပ် နိုင်ငံခြားဖြစ်များဖြစ်သည်။ ဧည့်ခန်းထောင့် တွင်မူ ရှေးဟောင်း စန္ဒရားကြီးတစ်လုံး၊ ပြင်သစ်တော်လှန်ရေး လှိုင်းပုတ်ခတ်မှုကြောင့် လွင့်ထွက် လာသည့် အနွယ်တော်တစ်ဦးထံမှ ပြန်ဝယ်ထားလိုက်ခြင်းဖြစ်သည်။ စန္ဒရားကြီးမှာ ခေတ်မမီတော့ချေ။ သို့သော် ရီတာက သဘောကျ သည်။ စိတ်ဝင်တစား လေ့ကျင့်သည်။ မနားမနေ တီးသည်။ ဂျူးဒစ်က ငြိုငြင် လျှင် ဖီးလစ်က ကန့် ကွက်သည်။

" မင်း စဉ်းစားကြည့်လေ၊ မင်း လက်ထပ်တဲ့ အရွယ်ကိုတောင် သူ လွန်လာခဲ့ပြီ ဂျူးဒစ်၊ သမီးကို မင်း တစ်သက်လုံး ၀ှက်ထားနိုင်မယ် ထင်လား "
ဂျူးဒစ် သက်ပြင်းချပြီး ခေါင်းညိတ်လိုက်ရသည်။ စန္ဒရားခုံတွင် ရီတာ ထိုင်တီးနေလျှင် ရုပ်ပုံကားချပ် ထဲကလို အလွန်ကြည့်လို့ကောင်းသည်။ ရီတာ စန္ဒရားတီးလျှင် အိမ်လာလည်သည့် ကာလသားတွေ ငိုင်ကြည့်နေတတ်ကြသည်။ ပါရီမှ လူဝီစီးယားနားအထိ သယ်လာရလို့ အသံတချို့ ကြောင်နေသည်ကို သူတို့ ဘယ်သူမှ သတိ မထားမိကြ။
အိမ်နောက်ဘက် တွင် ဗိုင်းငင့် အပ်ချုပ် အခန်းများထားသည်။ အသင့်ချုပ်ပြီးသား အ၀တ်များကို ၀ယ်ဝတ်နေသည့် ခေတ်သို့ ရောက်လာသော်လည်း စောင်၊ ခြင်ထောင် စသည့် အိပ်ရာသုံး အထည် များကို မူ ဂျူးဒစ်ကိုယ်တိုင် ချုပ်လုပ်ပေးသည်။ ခန်းမတစ်ဖက်တွင် ပစ္စည်းသိုလှောင်ခန်းနှင့် ၀ိုင်ဗီရို များရှိသည်။

မီးဖိုဆောင်တစ်ခုလုံးကို အုတ်ဖြင့် ဆောက်ထားသည်။ မီးဘေး ထင်းဘေး မပူရတော့။ အိမ်နောက် ပိုင်းမှ မိုးရေလှောင် သည့် စဥ့်အိုးကြီးများကို ဆေးသုတ်ထားသည်။ အစေခံ တန်းလျားနှင့် အိမ်မကြီး ကို စကြံနှင့် ဆက်ထားသည်။ သူတို့အိမ်ကလေးများ ကိုလည်း ၀ရန်တာ ထည့်ပေးထားသည်။ တစ်နေ့တာ အလုပ်ပြီး လျှင် အပြင်ထွက်ထိုင်နိုင်ကြပြီ။
" ဘယ်အစေခံတန်းလျားမှ တို့လောက် မခမ်းနားဘူးဟေ့" ဟု အစေခံတွေ သူတို့အချင်းချင်း ဂုဏ်ယူ စွာ ပြောလေ့ ရှိသည်။ ဤသို့ဖြင့် ၀က်သစ်ချမြိုင်မှ အစေခံများသည် သခင်များနှင့် တန်းတူ နီးပါး နေကြရသည်ဟူသည့် သတင်းသည် ကပ္ပလီကျေးကျွန်များ ရပ်ကွက်တွင် ပျံ့နှံ့သွားလေသည်။

အပေါ်ထပ် တွင်မူ အားလုံး အိပ်ခန်းတွေချည်းဖြစ်၏။ စုစုပေါင်း ရှစ်ခန်း။ အစေခံများအတွက် အခန်း တစ်ခန်း သီးသန့် ပေးထားသည်။ ဒေးဗစ် အခန်းနှင့်ကပ်လျက် အခန်းထဲတွင် ဂွမ်းကပ်ဖုံး ကုလားထိုင် များနှင့် အိမ်တွင်းဖြစ် ဇာနားကွပ် စားပွဲခင်း လွှမ်းထားသည့် စားပွဲတစ်လုံး ရှိသည်။ ဒေးဗစ် မိန်းမယူလျှင် မိန်းကလေး အတွက် သီးသန့်ဧည့်ခန်း လုပ်ပေးထားခြင်းဖြစ်၏။
" ဒါလောက် ခမ်းနားတဲ့ အိမ်ကြီးကို ထားခဲ့ပြီး လက်ထပ်ဖို့တောင် စိတ်မကူးချင်တော့ဘူး "
ရီတာက မအေလုပ်သူရှေ့တွင် ပြောသည်။ ဂျူးဒစ် ပျာပျာသလဲဖြစ်သွား၏။

" အို … ဘာလို့ စိတ်ကူးရမှာလဲ၊ သမီး ငယ်ငယ်လေးပဲ ရှိသေးတာပဲ "
" မငယ်တော့ဘူး မေမေရဲ့၊ ၁၆ နှစ်ကြီးများတောင် ရှိနေပြီလေ "
မျက်လုံး ကို ပွတ်ရင်း ရီတာ ပြန်ချေသည်။ ညက မောင်နှမနှစ်ယောက်ကပွဲမှ အပြန်နောက်ကျကြ သည်။ သူ့ သမီး အေမီလီအတွက် ဂျာဗာစီက စီစဉ်ပေးသည့်ပွဲဖြစ်၏။ ရီတာတစ်ယောက် မနက်စာ စားဖို့ ထမင်းစားခန်း ထဲသို့ နောက်ကျပြီး ဆင်းလာသည်။

ဂျူးဒစ်က မချိပြုံး ပြုံးပြီး သမီးအတွက် ကော်ဖီငှဲ့ပေးသည်။ အိမ်ဖော်တစ်ယောက်က ဘီစကစ်နွေးတွေ လာချပေး သည်။ ကောင်မလေးပြန်ထွက်သွားမှ ရီတာ စကားဆက်သည်။
" မေမေ … သမီး လက်ဖွဲ့ပစ္စည်းတွေ အများကြီး ရမှာလားဟင် "
" သမီး လက်ထပ်မယ့် အမျိုးကောင်းသားက ချမ်းသာရင် အများကြီး ရမှာပေါ့ "
" ဟင့်အင်း၊ ဆင်းရဲတဲ့ လူ ကို သမီးက ရွေးယူမှာ "
ရီတာက ဂျစ်ကန်ကန်ပြောသည်။ သည်လို ဆန့်ကျင်ဘက် ပြောတတ်သည်မှာ သူ့အကျင့်။ သို့သော် ဂျူးဒစ် စိုးရိမ် သွားသည်။ သူ့စိတ်ထဲမှာ ရှိလို့များ သည်စကား ထွက်လာတာလား။
" ဒေးဗစ် ထက် အရင်လက်ထပ်မှ ထင်ပါရဲ့ မေမေရာ၊ သူက အရင်ဦးသွားရင် သူ့မိန်းမက သမီးထက် ဒီအိမ် မှာ အရေးပါလာတော့မှာ။ အလိုလို သမီး ရာထူးကျသွားလိမ့်မယ်။ ဒေးဗစ်ကလေး …. "
" ဒေးဗစ် က ဘာဖြစ်လဲ သမီး "

" ခုနောက်ပိုင်း အေမီလီပါစယ် နဲ့ ကပွဲတကာမှာ တွဲနေတယ်လေ။ မေမေ့သား အေမီလီကို ကြိုက်နေ ပါပြီ။ တခြားမိန်းကလေးတွေကို ဆက်ဆံတာနဲ့ လုံးဝ မတူဘူး၊ သိပ်ဂရုစိုက်တာပဲ၊ မေမေ သဘောတူ မလားဟင် "
" ဘာလို့ မတူရမှာလဲ သမီးရဲ့ "
ဂျူးဒစ်က ကော်ဖီအိုးကို လှမ်းယူပြီး သူ့အတွက် ငှဲ့သည်။ ဒေးဗစ်အိမ်က ထွက်မပြေးခင်ကဆိုလျှင် သည် သတင်းမျိုး ကြားရမည်ကို အလွန်စိုးရိမ်ခဲ့သည်။ ခုတော့ ၀မ်းသာနေ၏။ ဂျာဗာစီ သမီးနှင့်မို့ ပိုလို့ ၀မ်းသာ ရသေးသည်။ ဒေးဗစ်အပေါ် မတရားခဲ့ပုံတွေကို တွေးပြီး ကိုယ့်ကိုယ်ကိုယ် ဒေါပွမိ၏။
" အေမီလီ က တော်ပါတယ်၊ ဒါပေမဲ့ စကားတော့ နည်းတယ်၊ သမီး သူနဲ့ ခင်လားဟင် "
" သူနဲ့ ဘယ်သူမှ ခင်တယ် မထင်ပါဘူး။ သူက ဘယ်သူနဲ့မှ တရင်းတနှီး မနေဘူး မေမေ၊ အ၀တ်အစား ၀တ် တာတော့ သိပ်သေသပ်တာပဲ၊ ဒေးဗစ်နဲ့ လိုက်ပါတယ် "
ရီတာ က တခစ်ခစ်ရယ်ပြီး -
" မာသာစိန်ကလယား ကို ယောက်မ မတော်ရတော့မှာမို့ ၀မ်းသာလိုက်တာ "

ဂျူးဒစ်ပါ လိုက်ရယ်သည်။ ရော်ဂျာရှာရမီက ပြီးခဲ့သည့် လထဲတွင် မာသာနှင့် လက်ထပ်လိုက်သည်။ မာသာ က လှသော်လည်း မိဘအလိုလိုက်လွန်းသဖြင့် ဆိုးချင်သည်။
" သမီး ဒီစကား ကို တခြားမှာ မပြောရဘူးနော်။ ရော်ဂျာက သမီးအစ်ကိုဝမ်းကွဲ မဟုတ်လား၊ သမီး ယောက်မ ပဲပေါ့ "
" ဟုတ်ကဲ့ပါ မေမေ၊ အေမီလီက မာသာလောက် မလှပေမဲ့ မာသာလို မျက်ရည်မလွယ်ဘူး၊ မူရာမာယာ မများဘူး။ ခုတော့ မာသာ မျက်ရည်ကျစရာအကြောင်း မရှိတော့ဘူးလေ၊ မေမေ့တူ ရော်ဂျာ ဖူးဖူးမှုတ် ထားတာကိုး "
" ဟုတ်လား "
" ညနေကျရင် သမီး ကားလ်ဟဲရော့နဲ့ မြင်းစီးထွက်မယ်နော် မေမေ "
" ထွက်လေ၊ မာလီးဆာ ကို ခေါ်သွားနော်၊ ပြီးတော့ နေမ၀င်ခင် ပြန်လာခဲ့၊ သမီးသူငယ်ချင်းကို ညစာစား ဖို့ ဖိတ်ချင်ဖိတ်ခဲ့လေ "

" ဟုတ်ကဲ့မေမေ၊ မာလီးဆာကို မြင်းစီးစကတ် ကောင်းကောင်းလေး တစ်ထည်လောက် ချုပ်ပေးပါ ဦး မေမေ၊ သခင်မလေးရဲ့ အထိန်းတော်က စုတ်စုတ်ပြတ်ပြတ်နဲ့ဆိုရင် ဘယ်ကြည့်ကောင်း မလဲ မေမေရဲ့"
" သမီး မနှစ်က ချုပ် တဲ့ အစိမ်း ကို ပေးလိုက်လေ၊ မ၀တ်တော့ဘူး မဟုတ်လား "
" အင်း … ဟုတ်တယ်၊ အဲဒါကောင်းတယ်၊ သမီး ပေးလိုက်မယ်နော် "
ဓားနှင့် ခက်ရင်း ကို ချပြီး ထ သွားသည်။ အခန်းဝမှ ပြန်လှည့်ပြီး -
" သမီးလက်ထပ် ရင် စန္ဒရားကြီး ယူသွားလို့ရမလား မေမေ "
" ယူသွားပေါ့ သမီးရဲ့၊ သမီးစန္ဒရားပဲဥစ္စာ"
" ကျေးဇူးပဲ မေမေ "

ရီတာ ပြေးထွက်သွားသည်။ သမီးလုပ်သူ၏ နောက်ပိုင်းကိုကြည့်ပြီး ဂျူးဒစ် အတွေးနယ်ချဲ့ ကျန်ရစ် သည်။ ကားလ်ဟဲရော့ ကို လူဆင်းရဲစာရင်းသွင်းပြီး ရီတာ လက်ထပ်ဖြစ်လျှင် ဂျူးဒစ်အနေဖြင့် ကန့်ကွက် စရာ မရှိပေ။ ငယ်လွန်းသည့်အတွက်သာ စဉ်းစားစရာရှိသည်။
ဟဲရော့ မိသားစုမှာ အမေရိကန်တော်လှန်ရေးတွင် အင်္ဂလိပ်ဘက်တော်သားများအဖြစ် နေခဲ့၍ ဘ၀ ပျက်ကာ ပင်ဆယ်လ်ဗေးနီးယားမှ အင်္ဂလိပ်ပိုင် ဖလော်ရီဒါ အနောက်ပိုင်းသို့ ပြေးလာခဲ့ကြသူ များဖြစ်သည်။ အိမ်ကို အမေရိကန်သူပုန်များ မီးရှို့ဖျက်ဆီးခဲ့သဖြင့် အတွင်းပစ္စည်းကလေးများကို ယူခဲ့ပြီး ကျောကော့ ပြေးခဲ့ကြရသည်။
ပစ္စည်းများ ကို ထုခွဲရောင်းချပြီး သစ်တောမြေများဝယ်ကာ သစ်လုပ်ငန်းနှင့် မီးသွေးလုပ်ငန်း လုပ်ကိုင် လျက်ရှိသည်။ ကားလ်အမေ က ရှင်ပြုစဉ်က ရွှေထီးဆောင်းခဲ့ဖူးသည့် ပင်ဆယ်လ်ဗေးနီးယားဘ၀ကို စားမြုံ့ပြန် တတ်သည်။

ကားလ်ကိုယ်တိုင်ကမူ အလွန် အလုပ်ကြိုးစားသည့် လူငယ်တစ်ယောက်ဖြစ်၏။ အထည်ကြီးပျက် ဘ၀ဖြင့် ဘ၀မြင့်နေတတ်သူမျိုး မဟုတ်ပေ။ ရီတာ့ကို ပျော်အောင် ထားနိုင်မည့် လင်သား တစ် ယောက် ရေကာတာ ဆီသို့ မြင်းစီးထွက်သွားသည်ကို နောက်ဘက်မှ ငေးကြည့်နေမိ၏။ အရောင်လွင့်ပြယ်နေပြီဖြစ်သည့် ရီတာ့မြင်းစီးဝတ်စုံကို ၀တ်ထားသည့် မာလီးဆာက ခပ်လှမ်းလှမ်းမှ စီးလိုက် သွားသည်။ ကားလ်နှင့် ရီတာတို့ နှစ်ယောက်မျာ အလွန်လိုက်ဖက်သည့် စုံတွဲဖြစ်ကြောင်း ထိုညနေ တွင် ဂျူးဒစ် လင်တော်မောင်အား ပြောပြလိုက်သည်။
" မင်း အဲဒီလို ထင်တဲ့အတွက် ကိုယ် ၀မ်းသာပါတယ် ဂျူးဒစ်၊ ရီတာ့ကို စောင့်ရင်း ကားလ်နဲ့ကိုယ် ခဏ စကားပြောဖြစ်တယ်။ သူက သမီးကို လက်ထပ်ခွင့်တောင်းဖို့ ခွင့်ပြုပါတဲ့ "
ဂျူးဒစ် က ခန်းဆီးစကို ဆွဲလိမ်ရင်း ပြုံးသည်။

" သမီးကို သူ မပြောရသေးဘူးလို့ အစ်ကို ထင်သလား "
" ပြောရသေး ဟန် မတူဘူး။ ဒါပေမဲ့ သူပြောရင် ရမယ်လို့ သူ့စိတ်ထဲမှာ ယုံကြည်နေပုံပဲ "
" အစ်ကို သူ့ရှေ့ရေး ကို မေးကြည့်လိုက်သေးလား "
" မေးတာပေါ့၊ ကားလ်က ပွင့်လင်းပါတယ်၊ သူက သားအငယ်ဖြစ်လို့ မိဘဆီက ရစရာ များများမရှိ ပါဘူး တဲ့။ ပြီးတော့ သူတို့ပစ္စည်းတွေ သူပုန်ဖျက်ဆီးခံရတာလည်း သူ့အမေ ပြောသလောက် မဟုတ်ပါဘူးတဲ့။ ဒါပေမဲ့ ရီတာ ရမယ့် အစုနဲ့ သူ့လုပ်ငန်းကို ကောင်းကောင်း စ နိုင်ပါတယ်တဲ့လေ၊ မင်း ဘာတွေစဉ်းစားပြီး ငိုင်နေတာလဲ "
" ဒေးဗစ် အကြောင်းပါ "

" အေမီလီပါစယ်နဲ့လား၊ ဒီမနက်ပဲ ဖအေ့ကို မေးသွားသေးတယ်၊ ပထွေးနဲ့နေရတဲ့ သတို့သမီးကို ဘယ် လို တောင်းရမလဲတဲ့။ ပထွေးဆီမှာ တောင်းရမှာလား၊ မအေဆီမှာ တောင်းရမှာလား၊ ဒါမှ မဟုတ် အစ်ကိုကြီး ဆီမှာ တောင်းရမှာလားတဲ့။ အမေဆီမှာ တောင်းပါလို့ အစ်ကို ပြောလိုက်တယ်။ ပစ္စည်း ခွဲဝေပေးရေး ကိစ္စကျတော့ ဟယ်ရီပါစယ်နဲ့ ဆွေးနွေးတာပေါ့။ ဒေးဗစ် မိန်းမ ယူမယ်ဆိုလို့ ကိုယ်တော့ ၀မ်းသာနေ တယ် "
ဂျူးဒစ် သက်ပြင်းချသည်။
" အင်း … နှစ်မင်္ဂလာတောင် လုပ်ပေးရမှာ။ ဘယ်သူမှ မကျန်တော့ဘူးပေါ့ "
ဖီးလစ်က ရယ်ပြီး -
" ကောင်းတာပေါ့၊ တို့တစ်တွေ သိပ်မအိုခင် မြေးချီရတာပေါ့ "

ဂျူးဒစ် အသက်ရှူကျပ်သွားသည်။ ခေတ်တစ်ခေတ်ထဲကို သိသိသာသာ တိုးဝင်နေရခြင်းပါကလား။ ရက်စွဲရေးတာကို ကြည့်လေ။ သက္ကရာဇ်နေရာတွင် တစ်ခုနစ်က မစတော့ဘဲ တစ်ရှစ် ဖြစ်နေပြီ ။ ပြက္ခဒိန်နှင့် အတူ လိုက်၍ အရာအားလုံး ပြောင်းသွားသည့်အလား။
ကောလာ ဟလတွေက ဖြစ်နေသေးသည်။ လူဝီစီးယားနားကို စပိန်က ပြင်သစ်လက်ထဲ ပြန်အပ်မလိုလို ဘာလိုလို။ ဒီသတင်းကြောင့် ပြင်သစ်တွေ ပျော်နေကြ၏။ သူတို့တစ်တွေသည် စပိန်လက်အောက် တွင် နှစ်ပေါင်းများစွာ နေခဲ့ရသည့်တိုင် ပြင်သစ်အနွယ်များ ဖြစ်ကြသည်။ နပိုလီ ယံကို ကိုးကွယ်ကြသူ များဖြစ်သည်။

ဒီဇင်ဘာထဲတွင် ဆိပ်ကမ်း၌ ဂျာဗာစီနှင့် ဂျူးဒစ်တို့ လင်မယားသွားဆုံသည်။ အိမ်ဖော်ကောင်လေး တစ်ယောက် လိုချင်၍ ကျွန်ဈေးသို့ လာခဲ့ခြင်းဖြစ်ကြောင်း ပြောရင်း ဂျာဗာစီက ၀မ်းသာ အားရ လေသံဖြင့် -
" ဂျူးဒစ်ရေ၊ ကိုယ့်အလံတော်အောက်မှာ ကိုယ်နေရတော့မယ်တဲ့။ လူးဝစ်က စိတ်ညစ်နေတာ၊ စပိန်စကား ကို သူ ဘယ်လိုမှ သင်လို့ မတတ်ဘူးလေ "
ဖီးလစ် ပြုံးသည်။
" ဒါပေမဲ့ ကျွန်တော်တို့ ပြင်သစ်လက်အောက် ပြန်ရောက်ရင် ကြေညာချက်တွေကို မဖတ်တတ်လို့ဆိုပြီး မသိကျိုးကျွန်လုပ်လို့ မရတော့ဘူးနော် "
ဂျာဗာစီက သူနှင့်ယှဉ်စီးလာသည့် ဖီးလစ်နှင့် ဂျူးဒစ်ကို ပြုံးပြုံးကလေး ငဲ့ကြည့်ပြီး -
" မွန်ဆီယာနဲ့ မဒမ်တို့က အင်္ဂလိပ်ကိုလိုနီမှာ ကြီးပြင်းလာကြတာနော်။ ပန်းခြံတွေထဲမှာ ပြင်သစ် နှင်းပန်းတွေမြင်ရရင် ကျွန်မတို့ အောင့်သက်သက် ဖြစ်ရတယ်ဆိုတာ ဘယ် နားလည်နိုင်ပါ့မလဲ "
" ဒီတစ်ခါတော့ နှင်းပန်းတွေ အစား ရောင်စုံပန်းတွေ လာတော့မယ်ထင်တယ်။ တော်လှန်ရေးကာလ မဟုတ်လား "

" အင်း … ဂျာဗာစီလည်း ခုမှ အသက်ကြီးလာသလို ခံစားရတော့တယ်။ မနက်ကလည်း အေမီလီ ကြောင့် လူးဝစ် အလန့်တကြား ဖြစ်သွားသေးတယ်။ ပြင်သစ်လက်အောက်ရောက်တော့ ဘာဖြစ် လဲတဲ့၊ သမီးတို့ ဘာဖြစ်နေ ဖြစ်နေ ဘယ်သူက ဂရုစိုက်မှာလဲတဲ့။ အေမီလီတစ်ယောက်ဟာလေ သူ မမွေးခင်က ကိစ္စတွေ ကို ဘယ်တော့မှ စိတ်မ၀င်စားဘူး "
ဖီးလစ် က ရယ်ပြီး နောက်လိုက်သည်။
" ဒေးဗစ်နဲ့ အေမီလီကို အလံနှစ်ခုတင်ပြီး လက်ထပ်ပေးရမယ် ထင်တယ် "
" အို … ဖီးလစ်ကလဲ၊ စာချုပ်စာတမ်းတွေလည်း မပြီးသေးဘဲနဲ့၊ လောရန်ကော၊ ကဲ ဂျာဗာစီ သွားမှ ဖြစ်တော့မယ် "ဟု ရယ်ရယ်မောမော ပြန်ပြောသည်။
" မနက်ဖြန် ညစာဝိုင်းမှာ ဆုံမယ်နော် ဂျာဗာစီ "
ဂျူးဒစ် က လှမ်းပြောလိုက်သည်။ ဂျာဗာစီက -

" လာမှာပေါ့ကွယ်၊ လာမှာပေါ့" ဟု ပြောပြီး ဂျူးဒစ်လက်ကို နမ်းကာ နှုတ်ဆက်လိုက်သည်။ ဖီးလစ် နှင့် ဂျူးဒစ်တို့နှစ်ယောက် အထည်ဆိုင်များ ရှိရာသို့ ဆက်စီးလာခဲ့သည်။ ဆိုင်များတွင် ပိုးထည်တွေ၊ ချည်ထည် တွေ မျိုးစုံပြထား၏။ မင်းသမီးကလေးတစ်ပါးလို ဆင်ပေးရမည်ဟု ရီတာ က တောင်းဆို ထားသည်။ မနက်ဖြန် ညစာစားပွဲတွင် ကားလ်နှင့် စေ့စပ်ကြောင်းလမ်းတော့ မည်လေ။
ဂျူးဒစ်က သမီးအတွက် အလုပ်ရှုပ်နေ၍ နိုင်ငံရေးကိစ္စတွေကို လုံးဝ နားထောင်ချိန်မရဘဲ ဖြစ်နေ သည်။

သို့သော် နောက်တစ်နေ့တွင်လည်း မိုးလင်းသည်နှင့် နိုင်ငံရေးကိစ္စကို ပထမဆုံး ကြားရပြန် သည်။ မနက်စောစော ထပြီး ကြက်ဆင်ကောင်လုံးကြော် လုပ်ရန်အတွက် အဆာသွတ်ဖို့ မီးဖို ဆောင်ဘက်သို့ ထွက်လာခဲ့သည်။ ဒေးဗစ်နှင့် ဆုံတော့ လူဝီစီးယားနားကို ပြင်သစ်လက်ပြန်အပ်ဖို့ ကိစ္စပဲ စကားစသည်။ ဘယ်လိုသဘောရသလဲဟု ဂျူးဒစ်က မေးတော့ -
" ဘာမှ သဘောရစရာ မလိုဘူးလေ၊ သူတို့က ကျွန်တော်တို့ ဆန္ဒကို မယူဘဲ ဟိုလွှဲပေး သည်ပြောင်းပေး လုပ်ရင် သူတို့လုပ်သမျှ ကျွန်တော်တို့ လက်ခုပ်တီးပေးလိမ့်မယ်လို့ မမျှော်လင့် ကြနဲ့ပေါ့ "
ဒေးဗစ်က ရယ်ရယ်မောမောပြောပြီး မြင်းတစ်စီးဖြင့် မြို့ထဲ ထွက်သွားသည်။ ဂျူးဒစ် ရပ်ကျန်ရစ် သည်။ ဘယ်လောက် ပေါ့ပေါ့တွေးပြီး ပေါ့ပေါ့မြင်တတ်သည့် ဒေးဗစ်ပါပဲ။
ညနေပိုင်းတွင် ညစာအတွက် ပြင်ရဆင်ရ၊ အခန်းတိုင်းမှ မီးလင်းဖိုတွင် မီးပျိုးရနှင့် ဖတ်ဖတ်မောနေ သည်။ ဧည့်သည်တွေ တဖွဲဖွဲ ရောက်လာတော့လည်း ကြိုဆိုရ၊ သမီး ရီတာကို ပွဲထုတ်ရနှင့် ဂျူးဒစ် ယားလို့ မှ မကုတ်နိုင်တော့ပေ။

ရီတာ က ဂုဏ်ပြုချီးကျူးစကား ဆိုလာသူတိုင်းကို ဒူးညွှတ်အရိုအသေ ပြုသော်လည်း ကလေးစိတ် မကုန့်တကုန် မို့ ဧည့်သည်တွေ ပြောသည့် စကားများတွင် စိတ်ဝင်စားခြင်း မရှိလှပေ။
ရီတာလေး၏ စေ့စပ်ကြောင်းလမ်းပွဲတွင် လူတွေ စိတ်ဝင်စားနေသည်မှာ တခြားဖြစ်နေကြောင်း ဂျူးဒစ် သတိထား မိသည်။ ဂျူးဒစ်က လူးဝစ်ဗဲလ်ကိုးကို မေးကြည့်လိုက်သည်။
" ဘာတွေ ကျိတ်ဆွေးနွေးနေကြတာလဲ လူးဝစ် "
ဝိုင်ခွက်ကို နှုတ်ခမ်းဝမှ ဖယ်လိုက်ပြီး -
" အလို … မစ္စက်လန်း၊ မကြားသေးဘူးလား "
" ဘာများလဲဟင်၊ ဘာမှ မကြားပါလား "

" ဒီနေ့ နေ့လယ် ဆိုက်လာတဲ့ လှေတစ်စင်းနဲ့ သတင်းထူးပါလာတယ်လေ၊ လူဝီစီးယားနား ကို ပြင်သစ်လက် ပြန်အပ်တာက လူမြင်ကောင်းအောင် လုပ်တာတဲ့၊ တကယ်က အမေရိကန်ပြည်ထောင်စု ကို ရောင်းစားပြီးသားတဲ့ခင်ဗျ"
" ရှင် … ဘုရား ဘုရား၊ ဒါငြဖ့် ကျွန်မတို့ အမေရိကန်တွေ ဖြစ်သွားပြီပေါ့ ဟုတ်လား "
ဂျာဗာစီ အနားရောက်လာပြီး -
" နောက် မကြာခင် ဒတ်ခ်ျ ဖြစ်ဦးမလား မသိဘူး "
" နောက် ဘာသာတစ်မျိုးတော့ ထပ်မသင်ပါရစေနဲ့တော့ ခင်ဗျာ "
ဒေးဗစ်က အေမီလီကို အမြတ်တနိုး တွဲဝင်လာရင်း ၀င်အရွှန်းဖောက်သည်။ တစ်ဆက်တည်း -
" ဘာပြောပြော၊ အမေရိကန်က အင်္ဂလိပ်စကားပြောလို့ တော်သေးတယ်ဆိုရမယ်" ဟု ခပ်ရွှင်ရွှင် ဆက်ပြော သည်။

ဂျူးဒစ် သက်ပြင်းချသည်။
" အလေးအနက် ပြောကြစမ်းပါကွယ်၊ ဘယ်လောက်ကြာကြာကြီး အမေရိကန် လက်အောက်မှာ နေရမှာလဲ "
" ကျွန်တော်တော့ သိပ်ကြာမယ် မထင်ဘူး၊ သမိုင်းကို ပြန်ကြည့်လေ "
လူးဝစ်က သူ့အမြင်ကို ပြောပြသည်။ ဒေးဗစ်က ပခုံးတွန့်ပြီး -
" ရောင်းပစ်လိုက်တာ ဟုတ်လား၊ စာချုပ်စာတမ်းနဲ့ လွှဲပြောင်းပေးတာတောင် မဟုတ်ဘူးပေါ့ "
ရီတာနှင့် ကားလ် ရောက်လာသည်။ ကားလ်က မကျေမနပ်သံဖြင့် -
" ကျွန်တော့် မယ်တော်ကြီး ဒီအကြောင်းကြားရင် ဘယ်လိုနေမလဲ မသိဘူး"
ဂျူးဒစ်က -
" ကျွန်မတို့ကို ဘယ်လောက်နဲ့ ရောင်းလိုက်တာတဲ့လဲ "
" ဒေါ်လာ ၁၅ သန်းနဲ့လေ "

" အဲဒါက ဘယ်လောက်တန်သလဲဟင် "
" အဲဒါတော့ ကျွန်တော် သေသေချာချာ မတွတ်တတ်ဘူး မဒမ်။ ဒါပေမဲ့ မရေမတွက်နိုင်လောက်အောင် များပါတယ် "
ဤတွင် ရီတာက ၀င်ပြီး -
" ခရစ္စတိုဖာ ဘယ်မလဲဟင်၊ ငွေကြေးကိစ္စ သူပဲ ကျွမ်းတယ်၊ စီဇာရို "
ပြောပြောဆိုဆို အစေခံတစ်ယောက်ကို လှမ်းခေါ်လိုက်သည်။
" မစ္စတာခရစ္စတိုဖာကို သွားရှာစမ်း၊ ပြီးတော့ ဒီကိုခေါ်ခဲ့၊ အလုပ်ကိစ္စလို့ပြော၊ ဒါမှ ချက်ချင်း ပြေးလာမှာ "
ရီတာက အားလုံးကို ပြောင်စပ်စပ် ကြည့်ပြီး ပြောလိုက်သည်။ ဂျူးဒစ်က -
" ဘာပဲဖြစ်ဖြစ်လေ၊ ဒေါ်လာ ၁၅ သန်းတန်တဲ့ နိုင်ငံမှာ တို့ နေရတော့မှာပေါ့ "
ခရစ္စတိုဖာ ရောက်လာတော့ ရီတာ ကောက်မေးသည်။

" အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတက ဘယ်သူလဲ၊ ဒေါ်လာ ၁၅ သန်းက ဘယ်လောက်တန်သလဲ "
" သမ္မတ နာမည်က သောမတ်ဂျက်ဖာဆင်၊ ဒေါ်လာ ၁၅သန်းက ငွေသား ၄၃၃ တန် တန်ဖိုးနဲ့ ညီမျှ တယ်"
" ကြည့်စမ်း၊ မင်း ဒါတွေ ဘယ်လိုလုပ် သိနေလဲ ခရစ္စတိုဖာ "
ခရစ္စတိုဖာ ပြုံးသည်။

" လှေတွေမှာ လွှတ်တော်သတင်းတွေပါ ပါလာတတ်တယ်။ အမေရိကန် အောက်လွှတ်တော်မှာ ဒီကစ္စအကြီးအကျယ် စကားများကြတယ်တဲ့ခင်ဗျ။ သူတို့က လူဝီစီးယားနားကို ဒါလောက် မတန်ဘူးဆိုပြီး ကန့်ကွက်ကြတယ်တဲ့။ နယူးအင်္ဂလန် ဘာသာရေးခေါင်းဆောင် တစ်ယောက် ကတော့ မစ္စစ်စပီ မြစ်ဝှမ်းက နိုင်ငံခြားသားပိုင် ပြည်နယ်တွေနဲ့ မိစ္ဆာဒိဋ္ဌိတွေ ကြီးစိုးနေတဲ့ ဒေသတွေမှာ ကိုယ်ပိုင်အုပ်ချုပ်ရေး ပေးသင့်တယ်လို့ အဆိုတင်သွင်းတယ်တဲ့ "
" အင်း … အံ့သြစရာတွေချည်းပဲနော် "
ဂျူးဒစ်က ညည်းညည်းတွားတွား မှတ်ချက်ချသည်။ ရီတာကမူ -
" ရီတာဖြင့် ဘာမှ နားမလည်တော့ဘူး၊ ခေါင်းရှုပ်တယ်" ဟုဆိုသည်။

ခရစ္စတိုဖာက အိတ်ထဲမှ ကြေးပြားတစ်ပြားကို ထုတ်ပြီး -
" ဘာမှမရှုပ်ပါဘူး၊ ဒီမှာကြည့်၊ ဟောဒီ တို့သုံးနေတဲ့ ပိုက်ဆံတစ်ပြားက အမေရိကန် ငါးဆင့်လောက်နဲ့ ညီမျှတယ်၊ သူတို့ငွေကြေးစနစ်က ရှင်းပါတယ်၊ ဆင့် ၁၀၀ ကို တစ်ဒေါ်လာလေ၊ ဒါပါပဲ"
" တစ်ပြားကို ငါးဆင့်၊ ဆင့် ၁၀၀ မှာ တစ်ဒေါ်လာဆိုရင် အပါးပါး … ပိုက်ဆံတွေ ဘယ်ရေနိုင်တော့ မလဲ၊ အင်း … မပေးချင်တဲ့သူတွေကို အပြစ်မဆိုသာပါဘူး "
ရီတာက သူ့အမြင်ကို ၀င်ဆွေးနွေးသည်။
" ကားလ် "
ခပ်ကျယ်ကျယ် ခေါ်သံကြား၍ ကားလ်ဟဲရော့ လှည့်ကြည့်လိုက်သည်။ သူတို့ဆီ လျှောက်လာနေ သည့် မိခင်လုပ်သူကို တွေ့ရ၏။

" ဘာအဓိပ္ပာယ်လဲကွယ့်၊ လူဝီစီးယားနားကို အမေရိကန်လက်ထဲ ထိုးရောင်းလိုက်ပြီ ဆို "
ကားလ်က ရယ်ချင်စိတ်ကို မျိုချထားလိုက်သည်။ ကားလ်သည် ခပ်ရွှင်ရွှင် လူငယ်တစ်ယောက်ဖြစ် သည်။ နှာခေါင်းတွင် မှဲ့ခြောက်ကလေးတွေနှင့်။ ဆံပင်က ဘယ်လောက်ဖြီးဖြီး ထိုးထိုး ထောင် ထောင်။
" ဟုတ်တယ် မေမေ၊ ကျွန်တော်တို့ ခုပဲ ဒီအကြောင်း ပြောနေကြတာ "
" တို့က မိအေးနှစ်ခါနာပေါ့ကွယ်၊ ဒီလိုမှန်းသိရင် ပင်ဆယ်လ်ဗေးနီးယားက ဘာလို့ ပြောင်းလာမလဲ "
ဂျူးဒစ်က ရီတာ၏ ယောက္ခမကြီးကို လက်တွဲပြီး ဖြေသိမ့်စကားဆိုသည်။

" သိပ်ထူးခြားမှာ မဟုတ်ပါဘူးလေ၊ ဘာမှ မပူပါနဲ့၊ စစ်ရေးပြပွ အစစ်တွေ ကြည့်ရတာပေါ့ "
သို့သော် ဧည့်သည်တွေ ပြန်သွားကြပြီး ညလယ်စာဝိုင်းတွင် ဖီးလစ်အား တန်းပြီး မေးခွန်း ထုတ်တော့ သည်။
" လူဝီစီးယားနားမှာ အမေရိကန်လက်အောက် ရောက်ချင်တဲ့လူ ရှိမယ်လို့ အစ်ကို ထင်သလား။ စပိန်တွေကလည်း စပိန်လက်အောက်မှာပဲ နေချင်မှာပေါ့။ ပြင်သစ်တွေကလည်း ပြင်သစ်ဘုရင်ပဲ ပိုင်စေချင် မှာပေါ့။ ပြီးတော့ ဟဲရော့တို့လို လူတွေ "
" ပြီးတော့ တို့လို လူတွေပေါ့ကွာ "
ဖီးလစ်က ဖြတ်ပြောသည်။

" ဘယ်သူလာလာ ဂရုမစိုက်တဲ့ လူတွေလေ၊ ဘာပဲပြောပြော ခရစ္စတိုဖာ ပြောတာပဲ စိတ်ဝင်စား တယ်။ မြစ်ရိုးတစ်လျှောက် အရောင်းအ၀ယ် ပိုကောင်းလာမယ်တဲ့။ အမေရိကန်တွေက ခပ်ရမ်းရမ်း သမားတွေလေ "
ဂျူးဒစ်က စကားအဆက်အစပ် မရှိဘဲ -
" ကားလ်က ချက်ချင်း လက်ထပ်ချင်တယ်တဲ့။ ရီတာက ဧပြီလလောက်ထိ ဆွဲထားချင်သေးတယ်။ လိမ္မော်ပွင့် အစစ်ကလေးတွေကို ပန်ချင်လို့တဲ့လေ "
" ကောင်းပါတယ်၊ ဧပြီလအထိ ဆွဲထားပေစေ၊ အေမီလီကလည်း ဒေးဗစ်ကို ဇွန်လအထိ စောင့်ခိုင်းသတဲ့၊ ဒါမှ သစ္စာပန်းတွေကို သူ ပွေ့ရမှာတဲ့၊ ကဲ … စားကြစို့ "
ရီတာ စိတ်ကူးယဉ်ထားသည့်အတိုင်း လိမ္မော်ကလေးတွေပန်ပြီး နှင်းဆီဖြူပွင့်တွေနှင့် ပြင်ဆင် ထားသော ၀က်သစ်ချမြိုင် ခန်းမဆောင်ထဲတွင် လက်ထပ်ဖြစ်သည်။ ရီတာ့အတွက် ကားလ်က နေချင့်စဖွယ် အိမ်ကြီးတစ်ဆောင် ဆောက်ပေးသည်။ ရီတာက "ပန်းတွေ စိုက်ပြီးရင် သိပ်လှတဲ့ စံအိမ်ကြီး တစ်ဆောင် ဖြစ်လာမှာပါ " ဟု ယုံယုံကြည်ကြည် ထုတ်ပြောသည်။ သစ်လုပ်ငန်းနှင့် မီးသွေးလုပ်ငန်း က အောင်မြင်နေလေပြီ။ ကားလ်နှင့် ရီတာတို့ နှစ်ယောက် အနာဂတ်ကို ယုံကြည် နေကြသည့်အတွက် ဂျူးဒစ် ၀မ်းသာနေသည်။ ရီတာ သည်လည်း မျိုးဆက်သွေးတို့ကို ဆက်လက် ထိန်းသိမ်းနိုင်လိမ့်မည်ဟု ဂျူးဒစ် ယုံကြည်လိုက်၏။

ရီတာ လက်ထပ်ပြီး နှစ်လအကြာတွင် ဒေးဗစ် မင်္ဂလာဆောင်သည်။ ဒေးဗစ်နှင့် အေမီလီတို့နှစ် ယောက် နယူးအော်လီယန်းသို့ မင်္ဂလာခရီး ထွက်သွားကြလေသည်။ ဇူလိုင်လထဲရောက်မှ ပြန်လာကြသည်။ ဂျူးဒစ်က သူတို့ အခန်းထဲတွင် နှင်းဆီပန်းအိုးတွေ အသင့်ပြင်ထားပေးသည်။ အေမီလီ၏ သီးသန့် ဧည့်ခန်းထဲတွင်တော့ ဇီဇ၀ါပွင့်တွေ ပန်းကန်အမောက် ထည့်ထားပေးသည်။ ပန်းအိုးတွေ ပြင်ဆင်နေရင်း ၀က်သစ်ချမြိုင်အိမ်ကြီး တိတ်ဆိတ်လွန်းနေပုံကို ဂျူးဒစ် စဉ်းစားနေမိ သည်။ ဒေးဗစ် မင်္ဂလာဦးခရီး ထွက်သွားတော့ လင်ကိုယ်မယားနှစ်ယောက်ထဲ ကျန်ရစ်သည်။ နှစ် ယောက်ထဲ နေခဲ့ဖူးသည့် ကာလမှာ သစ်လုံးအိမ်ကလေးထဲတွင် နေခဲ့ရစဉ်က တစ်ချိန်သာ ရှိခဲ့သည်။

အေမီလီ အိမ်ရောက်လာပုံနှင့် လက်ထပ်ပြီးစ မိမိ သစ်လုံးအိမ်ကလေးသို့ လိုက်လာပုံကို ယှဉ်တွေးမိတော့ ဂုဏ်ယူချင်သလိုလို၊ ၀မ်းနည်းချင်သလိုလို မရေမရာ ခံစားရ၏။
သတို့သမီး စိတ်တိုင်းကျဖြစ်အောင် အပြင်အဆင် အမွမ်းအမံတို့ကို အသေးစိတ် လိုက်စိစစ် သည်။ အိမ်ရှေ့ ဥပစာတွင် ကြိုဆိုမည့်သူတွေ စုရုံးနေကြပြီ။ ရှေ့ဆုံးက ၀က်သစ်ချမြိုင်အိမ် ၀န်ထမ်းများ၊ သူတို့နောက်မှ တစ်ရက်အနားပေးထားသည့် ကွင်းလုပ်သားများနှင့် အလုပ်ကြပ်များ။ စုစုပေါင်း လူမည်းလုပ်သား သုံးလေးရာလောက်နှင့် အလုပ်ကြပ် ဆယ်ဦး။ အလုပ်ကြပ်များက သူတို့ မိသားစုတွေပါ ခေါ်လာကြသည်။ တစ်နေ့တွင် သူတို့ အရှင်သခင်ဖြစ်လာမည့် ဒေးဗစ်နှင့် အေမီလီ ကို အိမ်ရှေ့မင်းသားနှင့် အိမ်ရှေ့မင်းမိဖုရားအား ကြိုသလို ကြိုဆိုကြသည်။

ခြံဝဆီမှ ရထားသံကြားသည်နှင့် ဂျူးဒစ် အပေါ်ထပ် လသာဆောင်သို့ ပြေးတက်သွားပြီး မျှော် ကြည့်သည်။ ပြီးတော့ ပြန်ပြေးဆင်းလာသည်။ မြေညီထပ် လေသာဆောင်တွင် ဖီးလစ်၊ ကာလက်ရှာရမီ၊ ရော်ဂျာနှင့် သူ့ဇနီး မာသာ၊ ရီတာတို့စုံတွဲ၊ ခရစ္စတိုဖာနှင့် အော်ဒရေတို့ စုံစုံညီညီ စုဝေးသည်ကို တွေ့ရ၏။
" သူတို့ ရောက်လာကြပြီ အစ်ကို "
ဂျူးဒစ် က ဖီးလစ်ကို ကပ်ပြောလိုက်သည်။ ဖီးလစ် တံခါးဝဆီသို့ လျှောက်သွားပြီး ဧရာမခေါင်းလောင်းကြီး ၏ ကြိုးကို တအားဆွဲလှုပ်လိုက်သည်။ တစ်ကွင်းလုံးကြားရ သည့် ခေါင်း လောင်းသံ ည် ထွက်ပေါ်ခဲလှသည်။ အလွန့်အလွန် အရေးကြီးသည့် အခမ်းအနားမျိုး၊ အရေးပေါ် ကိစ္စမျိုး ရှိမှသာ အသံမြည်သည့် ခေါင်းလောင်းကြီး၊ ခေါင်းလောင်းထိုးသံကြားပြီဆိုလျှင် အလုပ်သမား အားလုံး အလုပ် ကို ချက်ချင်းရပ်ပြီး အိမ်မကြီးဆီသို့ ပြေးလာကြရသည်။

ခေါင်းလောင်းသံကြီး မြည်ဟည်းလာတော့ မာသာက နားကို ပိတ်လိုက်ပြီး " အို … လန့်လိုက်တာ "ဟု လေသံခပ်အုပ်အုပ်ဖြင့် ပြောသည်။ အိမ်ရှေ့တွင် စုရုံးနေကြသည့် လုပ်သားတွေ လှုပ်လှုပ်ရွရွ ဖြစ်သွားကြသည်။ ထိုင်နေသူတွေ အားလုံး ထ ရပ်လိုက်ကြသည်။
ဧည့်ခန်းထဲမှ တီးဝိုင်းက အကြိုတော်တေးသွားကို စတင် တိးမှုတ်လေသည်။ ဂီတသံသည် ဖြည်းဖြည်း ညင်ညင်ကလေး စတင်ထွက်ပေါ်လာ၏။ ဂျူးဒစ်က လှေကားထစ်တွင် ဖီးလစ်နှင့် မျက်နှာချင်း ဆိုင်ရပ်ပြီး စောင့်နေသည်။

ဝက်သစ်ချပင်များအလယ်မှ လမ်းအတိုင်း မောင်းဝင်လာသည့် ရထားပေါ်မှ ရထားထိန်းက ကိုယ် ရောင်ကိုယ်ဝါ တောက်ပစွာဖြင့် ကြိုဆိုနေသည့် ပရိသတ်ကိုကြည့်ပြီး သွားတွေ အဖွေးသားပေါ် အောင် ပြုံးလျက်။ အစေတော် နှစ်ဦးက ရထားတံခါးကို ပြေးဖွင့်ပေးသည်။
ဒေးဗစ် အလျင်ဆင်းလာသည်။ ဦးထိုပ်မြှောက်ပြီး သူ့အလုပ်သမားတွေကို ဦးစွာ နှုတ်ဆက် သည်။ အေမီလီ က ဒေးဗစ်လက်ကို လှမ်းကိုင်ပြီး ဆင်းလာသည်။
ရှက်ပြုံးကလေးပြုံးပြီး လူမည်းလုပ်သားတွေကို တစ်လှည့်၊ ၀က်သစ်ချမြိုင် စံအိမ်ကြီးကိုတစ်လှည့် ကြည့်နေ၏။ မယုံကြည်နိုင်သလို ဇဝေဇ၀ါ ဖြစ်သွားသည်။ အေမီလီမှာ ကိုယ်လုံးကိုယ်ထည် သွယ်လျလျနှင့် အချိုးကျ ပြေပြစ်ကာအလွန်ချစ်စဖွယ် တင့်တယ်သည့် မိန်းမငယ်တစ်ယောက် ဖြစ်၏။

အပြာရောင် ပိုးသားဂါဝန်ကြီးက ခြေမျက်စိအထိ ဖုံးလွှမ်းနေသည်။ လက်မောင်းတွင် ဇာပန်းဖောက် ထား၏။ ဦးထုပ်အနားနှစ်ဖက်မှ ကြိုးကို မေးတွင် ချည်ထားသည်။ လူမည်းတွေကို မျက်လုံးရွှဲကြီး များဖြင့် ရှက်ကိုးရှက်ကန်းကြည့်နေ၏။ ကျေနပ်အံ့သြနေပုံ။
ဒေးဗစ်က သူ့လက်ကို တင်းတင်းဆုပ်ထား၏။ ထွက်ပြေးသွားမည်ကို စိုးရိမ်နေသည့်အလား။ ဇနီး အသစ်ကလေးကို မြတ်နိုး ဂုဏ်ယူစွာ ကြည့်နေခိုက် ကြိုဆိုသူတွေကို တစ်ဦးချင်း မမြင်တော့ဘဲ ပရိသတ်ကြီးအဖြစ်သာ တစ်ပြေးတည်း မြင်တော့သည်။
" ကျက်သရေ မရှိဘူးလား ဟင် "
ဖီးလစ်က ဂျူးဒစ်ကို ကပ်ပြောလိုက်သည်။

" သားက အေမီလီကို သိပ်ချစ်တာ "
ဂျူးဒစ် တိုးတိုးကလေး ပြန်ပြော၏။
" အေမီလီ လန့်နေတယ်၊ တွေ့လား "
နောက်ဘက် မှ ကားလ်က ရီတာကို ပြောနေသံ။ ရီတာက -
" အို … လန့်တာပေါ့၊ မရှက်တတ်တဲ့ ရီတာတောင် အိမ်ပြန်လာတုန်းက လန့်သေးတာပဲ" ဟု ရင်တုန် ပန်းတုန် ပြန်ပြောသည်။
အိမ်စေ မိန်းကလေး တချို့က အေမီလီရှေ့ လမ်းတစ်လျှောက် ပန်းပွင့်တွေ ကြဲချနေသည်။ အချို့က "၀က်သစ်ချမြိုင်က ကြိုဆိုပါတယ် မလေး၊ ကြိုဆိုပါတယ် အစ်ကိုလေး " စသည်ဖြင့် အလုအယက် နှုတ်ဆက်ကြသည်။

အေမီလီက ဒေးဗစ်ကို ပြုံးပြီး မော်ကြည့်သည်။ ပြီးမှ နှစ်ယောက်သား လက်ချင်းချိတ်ကာ လူတန်း ကြီး အလယ် မှ အိမ်ကြီးဆီသို့ လျှောက်သါားသည်။ အချို့က "မင်္ဂလာပါ မလေးနဲ့ အစ်ကိုလေး "ဟု ၀ိုင်းအော်ကြ သည်။
အေမီလီ သဘောကျပြီး ရယ်သည်။ နှစ်ယောက်သား ချိတ်တွဲထားသည့် လက်များ ကို ဖြုတ်လိုက်ကြ၏။ ဒေးဗစ်က အင်္ကျီအိတ်ကို နှိုက်သည်။ အေမီလီက လက်ဝါးဖြန့်ခံသည်။ ပိုက်ဆံ အကြွေတွေ ကို အေမီလီက အလုပ်သမားများထဲသို့ ဖြန့်ကြဲလိုက်၏။
သူတို့ တစ်တွေ တပျော်တပါး အော်ဟစ် ကောင်းချီးပေးကာ အလုအယက် ကောက်ကြသည်။ အစေတော် တစ်ယောက် က ရထားပေါ်မှ အကြွေအိတ်ကို ပြေးယူပေးသည်။ ဒေးဗစ်က အိတ်ကို ဖွင့်ကာ အေမီလီရှေ့သို့ ထိုးပေး၏။ အေမီလီက စိတ်ကြိုက် နှိုက်ပြီး ထပ်ကြဲသည်။

ကပ္ပလီတွေ အလုအယက် ပိုက်ဆံကောက်ရင်း "မလေး သက်တော်ရာကျော် ရှည်ပါစေ၊ သားသမီး တွေ အများကြီး ရပါစေ "ဟု အော်ကြသည်။ အိမ်မကြီးဆီသို့ တရွေ့ရွေ့ လျှောက်လာနေသော သားနှင့် ချွေးမကို ကြည့်ပြီး ဂျူးဒစ် ခပ်တိုးတိုးကလေး ရယ်နေသည်။
လျေကားထစ်သို့ ရောက်သည့်အခါ ဖီးလစ်က ကြိုဆိုပြီး အေမီလီလက်ကို နမ်းသည်။
" ၀က်သစ်ချမြိုင်က ကြိုဆိုပါတယ် သမီးရယ် "
အေမီလီ တုန်ယင်လှိုက်လှဲစွာ ပြန်ပြောသည်။

" ကျေးဇူးတင်ပါတယ် ဖေဖေ "
အေမီလီက ဂျူးဒစ်ဘက်သို့ လှည့်လိုက်၏။ ဂျူးဒစ်က ချွေးမလေးကို ဖက်လိုက်သည်။
" သမီး အစစအရာရာ ပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုတောင်းပါတယ်ကွယ် "
" သမီး ကလည်း အဲဒီအတိုင်း ပြန်ဆုတောင်းပါ့မယ် မေမေ "
ဂျူးဒစ် က သော့တွဲကြီးထဲမှ သော့တွဲငယ်တစ်ခုကို ဖြုတ်ပြီး အေမီလီလက်သို့ အပ်သည်။
" ရော့ သမီးတို့ အခန်းတွေအတွက် "
အေမီလီက ပြုံးပြုံးကလေးနှင့် လှမ်းယူပြီး အခြား ဆွေမျိုးသားချင်းတွေကို နှုတ်ဆ်သည်။ အမျိုးသမီးတွေ ကို ပါးကလေး ထိုးပေးလိုက်၊ အမျိုးသားတွေကို လက်ကမ်းပေးလိုက်နှင့်။

ဂျူးဒစ်က ဒေးဗစ်၏ခါးကို သိုင်းဖက်ထားသည်။ ပန်းခြံထတွင် ကပ္ပလီတွေ တပျော်တပါး သီချင်း ဆိုနေကြ၏။ ဒေးဗစ်၏ နားနားကပ်ပြီး -
" မေမေ့ ချွေးမလေးက ဘယ်လောက် ချစ်စရာကောင်းသလဲ ကြည့်စမ်းသားတို့ ပျော်ကြမှာပါ "
" ဟုတ်ကဲ့၊ သား သိပါတယ်၊ ကျေးဇူးတင်ပါတယ် မေမေ "
ခန်းမဆောင်ကြီး၏ တံခါးဝသို့ သူတို့ ရောက်လာကြသည်။ ဖီးလစ်နှင့် ဂျူးဒစ်က ဆွဲဖွင့်ပေးလိုက်၏။ ဒေးဗစ်နှင့် အေမီလီ ခဏ တွေရပ်နေကြ၏။ ဘယ်လောက် ယဉ်ကျေးတဲ့ ကလေးတွေ ပါပဲ။ ဂျာဗာစီ သမိးကို မလိမ်မိုး မလိမ္မာကလေး ဟူ၍ ဘယ်သူ ပြောနိုင်ပါမည်လဲ။
ခန်းမဆောင် ထဲရောက်တော့ ဂျူးဒစ်က အားလုံးကို တစ်ချက် ပြန်ကြည့်လိုက်သည်။ အေမီလီက မျက်နှာကလေး ကို ဒေးဗစ်ဆီသို့ မော့ပေးလိုက်၏။ ထိုတဒင်္ဂတွင် ပျော်လွန်းသဖြင့် သူ့မျက်နှာကလေးနှင့် သူ့ကိုယ်နေဟန် မှာ အလှဆုံးဖြစ်နေသည်။ ဒေးဗစ်၏ လည်ပင်စကို သိုင်းဖက် လိုက်၏။ ဒေးဗစ်က သူ့ကိုယ်ကလေးကို ပွေ့ယူပြီး တံခါးပေါက်ကို ဖြတ်ကျော်လိုက်လေ သည်။

ဆက်ရန်
.

No comments: