Tuesday, April 17, 2012

သာဓု ၏ အတာ, အပိုင်း (၃၄)

ဆရာမကြီးနှင့် တီချာလတ်တို့က အမြတ်တနိုး အင်္ဂလိပ်စကားဖြင့် ချီးကျူးလိုက်သည်ကို ဆရာမကလည်း အားကျမခံ "ရှက်တော့ ရှက်စရာပါပဲ၊ ဒါပေမဲ့ မှန်တဲ့အတိုင်းဝန်ခံရရင် ကျွန်မမောင်ကလေး နဖူးကွဲပြီး ကတည်း က သူ့ကြောင့်ဖြစ်ရတယ်ဆိုတဲ့ စိတ်ဟာ လုံးလုံး ဖျောက်မရခဲ့ဖူး၊ မတော်တဆ ဆိုတဲ့ စကားကိုလဲ ကျွန်မ လက်မခံ နိုင်ခဲ့ဘူး၊ ခုတော့ ဒီ ကလေးကြောင့် ပဲ ကျွန်မ ကောင်းကောင်းကြီး သင်ခန်းစာရ သွားပါပြီ၊ မတော်တဆဖြစ်တတ် တဲ့ သဘော ကိုလဲ ကျွန်မ ခြွင်းချက် မရှိ သဘောပေါက်လက်ခံနိုင် ပါပြီ၊ အဲဒါ ဒီကလေး ရဲ့ကျေးဇူး ပါပဲ ဆရာမကြီး"
ဆရာမ လည်း ဝမ်းသာအယ်လဲ မျက်ရည်ကလေးတရွဲရွဲနှင့် ဝန်ခံရင်း အတာ့ခေါင်းကလေးကိုပင် အနူး အညွတ် ပွတ်နေမိတော့၏။
ကို ဆက်ဖတ်ရန်...........

သို့ဖြစ်ပျက်ခဲ့ပြီးနောက် လေးရက်မြောက်သောနေ့မှပင် အတာ ကျောင်းတက်နိုင်တော့၏။ သူ့ဆရာမ လည်း အတာ့ကို မြင်လျှင်မြင်ချင်း ဖက်လဲတကင်းနှင့် ဆီးကြိုကာ ညင်ညင်သာသာ မေး ကလေး ကိုင်ပင့်ရင်း အနင့်သား စိတ်ထိခိုက်သလို ကြည့်နေပြီးမှ
"ဒဏ်ရာ က မနည်းပါပဲလား အတာရယ် ဟင်၊ မင်းမျက်နှာလေးလဲ အရုပ်ဆိုးသွားပြီ၊ အဲဒါ မမ ကြောင့် ငါ့မောင်လေး ဒီလိုဖြစ်ရတာ" ဟု ရင်ထုမနာ ပြောလိုက်သည်ကို "ဟုတ်ပါဘူး မမရယ်၊ မမကြောင့် ဘယ်ဟုတ် လို့လဲ၊ ဒါ မတော်တဆ ဖြစ်သွားတာပါ၊ မမရဲ့၊ မမ ကြောင့် ဟုတ်ပါဘူး"
"အေး မတော်တဆ၊ မင့် မတော်တဆက မမ အသည်းထဲစွဲသွားပြီ အတာ သိလား"

ဤတွင်လည်း အတာ အဓိပ္ပာယ်ကောက်ချော်သွား၍လော မသိ၊ မျက်နှာကလေး အငယ်သားနှင့် မော့ကြည့်နေသောကြောင့် ဆရာမကလည်း ရိပ်မိလိုက်သည့်အလား
"အဲဒီ မတော်တဆ ကို မမ ဘယ်တော့မှ မမေ့ဘူး အတာ၊ မင့်မတော်တဆကြောင့် မမ အသက် ချမ်းသာ ရာရသွားတာ သိလား၊ အတာ့ကိုလေ ဟောဒီ ငါ့မောင်လေးကေို မမ သိပ်ကျေးဇူးတင်တာ ပဲ"
အတာ့ ပါးကလေးနုနုကို တယုတယ ဆွဲခါရင်း ပြုံးပြုံးရယ်ရယ် ပြောလိုက်မှ အတာ့တွင်လည်း သဘောကျ သွားသလို ချစ်စရာကလေး ရွှင်လာလေတော့၏။
ထိုနေ့မှအစပြုလျက် ဆရာမလည်း အတာကို အသည်းစွဲသွားကာ အတာ အတာနှင့် တစ်တာ တည်း တာနေတော့ ၏။ အတာကလည်း နဂိုရှိရင်းစွဲအလိုက်သိတတ်မှုတွင် သူ့ဆရာမက သူ့ကို ချစ်လာပြီ ဟူသော ဝမ်းမြောက်မှုကလေးပါလျက် သွက်သွက်လက်လက် အကင်းပါးဖျတ်လတ်နေ ၏။ ဘာသာရပ် တစ်ခုသင်၍ ပြီးပြီဆိုလျှင် အာခြောက်နေသော ဆရာမထံ ရေတစ်ဖန်ခွက်ဖြင့် အတာရောက် လာတတ် ၏။ ဆရာမ ကလည်း ထို့အတူ အချိန်ရလျှင် ရသလောက် အတာအား သူ့ အနီးသို့ ခေါ်ကာ နောက်ကျနေ ခဲ့သော စာများကို စိတ်ရှည်လက်ရှည် သင်ပြပေးတတ်၏။

အတာကလေး ဒဏ်ရာကြောင့် နေမကောင်း၍ ကျောင်းသုံးရက်ပျက်ခဲ့စဉ်က ကျော်ကျော်တစ် လှည့် ချစ်အောင် တစ်ခါ ဆိုသလို မုန့်မှာခိုင်းရာတွင် ဘယ်သောအခါမျှ တစ်ကြိမ်တည်းဖြင့်မပြီးဘဲ သံပရာသီး ပါမလာ၍သော်လည်းကောင်း၊ ငရုတ်သီးမှုန့်မေ့လာ၍သော်လည်းကောင်း တစ်ခုခုကို အမြဲ ထပ်ယူခိုင်းရ၏။ တစ်ခါတစ်ရံ မုန့်ဟင်းခါးမှာခိုင်းရာတွင်ပင် ဇွန်းမေ့လာတတ်ကြသေး၏။
"အလကား ပဲ ကျော်ကျော် အသုံးမကျဘူး၊ ငါ့မောင်လေး အတာသာဆို ဘာခိုင်းခိုင်း နှစ်ခါ ပြန် မသွားရဘူး" ဟူ၍ သူအလွန်ချစ်သော ကျော်ကျော်ကိုပင် အတာနှင့်နှိုင်းယှဉ်၍ အပြစ်ဆို တတ်ချေ သေး၏။
ယနေ့သည် နောက်ဆုံးအဖြစ် သတ်မှတ်ထားသော ကျောင်းလခပေးရမည့်နေ့ထက်ပင် ကျော်လွန် လာသော်လည်း ဆရာမသည် ယောင်၍မျှသတိမပေး။ အတာကလေး စိတ်ညစ်သွားမည် စိုးဟန် တူ၏။
၅ ရက်နေ့တစ်ကြိမ် အတာ ကျောင်းလခတောင်းရာ၌
"သောက်ကျောင်းလခက ဒီလောက်ပဲ အရေးကြီးနေသလား ဟင်၊ စောစောစီးစီး ဈေးဦးတောင် မပေါက်သေးဘူး" ဟု မသိန်းမေက မျက်နှာထားဖြင့် ငေါက်လိုက်သောကြောင့် အတာတွင် နောက် ထပ် ဘာမျှ မပြောဝံ့ဘဲ အသာလှည့်ထွက်လာခဲ့ရ၏။ ထိုနေ့က မုန့်ဖိုးပင်မရခဲ့။ ကျောင်းလခတောင်း ၍ ဆူ ထားသော အရှိန်ကြောင့် မုန့်ဖိုးပင် ထပ်ပြောလျှင် သူ့ကျောသည် ဗြောတီးသလို အတီးခံရ မည် သိသောကြောင့် စကား ပင် မဟရဲခဲ့။

"တောက် ငါ မေ့သွားတယ်၊ မုန့်ဖိုး အရင်တောင်းပြီးမှ ကျောင်းလခကို ပြောရအကောင်းသား"ဟူ၍ လမ်း တစ်လျှောက်လုံး တဖျစ်တောက်တောက် ရေရွတ်နေခဲ့မိ၏။
၁၀ ရက်နေ့က နောက်တစ်ကြိမ်တောင်းရာ၌မူ ၅ ရက်နေ့ကထက်ပို၍ ဆိုးဝါးသောအဖြစ်ကို အတာ ကြုံလိုက်ရရှာ၏။ အတာလည်း မုန့်ဖိုးပိုက်ဆံရပြီးသည်နှင့်
"မေမေ ဒီနေ့ ကျောင်းလခ နောက်ဆုံး"ဟူသော စကားမှမဆုံးသေးမီပင် ဒေါသတကြီးနှင့် မသိန်း မေ ကောက်ပေါက်လိုက်သော ဇလုံပန်းကန်ကိုသာ အတာ ငုံ့၍ မရှောင်မိပါက နဖူးနှင့် ပါးစပ် တစ် နေရာရာ ကို "ခွပ်"ခနဲ ထိခိုက်စုတ်ပြဲသွားမည်မှာ သေချာ၏။

"နက်ဖြန် ဘာနေ့လဲ နင် မသိဘူးလား ဟင်"ဟု မသိန်းမေ မျက်လုံးအပြူးသားနှင့် မေးလိုက်မှ
"ကျွန်တော် မေ့သွားလို့ပါ မေမေ"ဟူသော တောင်းပန်သံနှင့် လှည့်ခဲ့ရပြန်၏။
မသိန်းမေ က မေးလိုက်သော "နက်ဖြန် ဘာနေ့လဲ"ဆိုသည်မှာ စနေနေ့ဖြစ်၏။ စနေနေ့တွင် သူ မြင်းပွဲ သွားလေ့ရှိသောကြောင့် ပိုက်ဆံတောင်းလျှင် မကြိုက်။ သို့ စနေနေ့ ပိုက်ဆံတောင်းလျှင် အကြွေးစကား လာပြောလျှင် မသိန်းမေ မကြိုက်သည်မှာ အခြားသူများအဖို့သာဖြစ်လျက် အတာ မူ သောကြာနေ့ ကိုပါ မြင်းပွဲအကြိုနေ့အဖြစ် ပိုက်ဆံတောင်း ဆင်ခြင်ရ၏။ ထိုသည်ကိုမေ့လျှင် ထိပ် ပေါက်ခေါင်းကွဲ မတတ်သောအပြစ်ဒဏ်ခံရမည်ကဲ့သို့ အတာတွင် သတိနှင့် အသိအမှတ်ပြုထားရ ၏။

"အတာ့ ကျောင်းလခပေးပြီးပလား မသိန်းမေ"ဟု ကိုထွန်းအောင်ကမေးလျှင်
"ပေးပြီးပါရော့လား၊ ၅ ရက်နေ့က" အတာကို ရှေ့တွင်ထား၍ မသိန်းမေ ဗြောင်လိမ်တတ်၏။ အတာကမူ ဘာမျှမပြောဝံ့။ ၅ ရက်နေ့အထိ ဆိုင်းမနေပါနဲ့ဗျာ၊ ပေးရမဲ့ အတူတူပဲ၊ တစ်ရက်နေ့ မှန်မှန်ပေးလိုက်ပါ၊ ကလေး မျက်နှာ ရှိတာပေါ့၊ ကျောင်းလခကို ဆရာမက ခဏခဏ တောင်းနေရတယ်ဆိုရင် မကောင်းတော့ ဘူး"
"စကားကို တိုတိုပြောစမ်းပါ ကိုထွန်းအောင်၊ လဆန်း ၁ ရက်နေ့တိုင်း ပေးလိုက်ပါဆို ပြီးတာပဲ မဟုတ်လား၊ ကဲ တော်တော်"
သူ ကြိုးပမ်းရှာဖွေခဲ့သော အရင်းအနှီးကြောင့်သာ ဤလို စီးပွားလမ်းဖြောင့်ခဲ့ရခြင်းပါတကား ဟူ၍ မသိန်းမေ သည် ကိုထွန်းအောင် ၏ အစီအမံကို လုံးဝနာခံလိမ့်မည်မဟုတ်။ မိန်းမတို့ သဘာဝ အတိုင်း ရပြီးဖြစ်သော အခွင့်အရေးကို သူလက်မလွှတ်လို။ ယခင် ကိုထွန်းအောင်အား အပေါ်စီးမှ ကိုင်၍ အနိုင် ယူထား သကဲ့ သို့ ယခုလည်း ကိုထွန်းအောင်အား အပေါ်စီးမှ ကိုင်၍ အနိုင်ယူထားသ  ကဲ့သို့ ယခုလည်း လင်သား အပေါ် အနိုင်ရသည့် မယားတစ်ယောက်အဖြစ်သာ အမြဲသြဇာလွှမ်းမိုး နေချေ၏။

အတာလည်း ကုန်ဆုံးခဲ့ပြီဖြစ်သောနေ့ရက်များနှင့်အမျှ အသိဉာဏ်ကလေးသည်လည်း တိုး၍ တိုး၍ တက်လာပြီဖြစ်ရာ မသိန်းမေ၏အပြုအမူအတွက် ကြာသော် သူ ရှက်လာ၏။ လူရှေ့ မရှောင် ဈေးလယ်ခေါင်သော ဘာသော မသိန်းမေ မတွေး။ မုန့်ဖိုးပိုက်ဆံကိုပင် တစ်ခါတစ်ရံ လွှတ်ပစ် ရင်း ပေတတ်ရုံသာမက "ဈေးဦးပေါက်ပေါက် မပေါက်ပေါက် ဒီမုန့်ဖိုးကတော့ ပေးရတာပဲ၊ အချိန် တန်တော့ သာ နင်တို့ သားမယားကို လုပ်ကျွေး ဟုတ်လား၊ ရော့"
ဤသို့လည်း လူတောထဲတွင် အဆဲအငေါက်နှင့် ပေါက်ဆတ်ဆတ် ပြောပြီးမှလည်း ပေးတတ်သေး ၏။

ဆိုခဲ့သည့်အတိုင်း အတာတွင် ကြာကြာအရှက်မခံနိုင်။ ကျောင်းလခနှင့် မုန့်ဖိုးကိစ္စ ရင်ဆိုင်ရတိုင်း ရင်တထိတ်ထိတ် တုန်ခဲ့ရသည်ကိုလည်းကောင်း၊ စိတ်ဆင်းရဲခြင်းဖြစ်ရသည်ကိုလည်းကောင်း ထိုထိုဒုက္ခ အပေါင်း ကို ရှောင်ရန် ယင်းသည် စိတ်၏ဆင်းရဲခြင်းမှလွတ်ရန် ဖြစ်နိုင်သည့် နည်းလမ်း ကို အတာ ရှာ ရတော့၏။ သူ့အဖို့ လွယ်လွယ်တွေ့သောနည်းမှာ ကျောင်းထွက်လိုက်ရန်မှအပ အခြားဘာမျှမမြင်။ သို့သော် တစ်ခါက ကျောင်းထွက်ခဲ့သည့်အမှားကို သူကိုယ်တွေ့ကြုံခဲ့ရဖူးပြီ ဖြစ်၍ ထိုအကြံကို ဆက် မတွေးဝံ့လောက်အောင်ပင် အတာ ကြောက်သွား၏။
မသိန်းမေ ၌ အဘယ်မျှ စီးပွားလမ်းဖြောင့်နေစေ၊ အတာတွင်ကား မုန့်ဖိုးမမှန်၊ တစ်ခါတစ်ရံတွင်
"သွား မုန့်ဖိုး ကို နင့်ရှိတဲ့ ပိုက်ဆံနဲ့ဝယ်စား၊ ပြန်လာမှ ငါပေးမယ်"

ဆူဆူအောင့်အောင့်နှင့် ငေါက်ငေါက်ငမ်းငမ်း ပြောခြင်းမဟုတ်၍ နားခံသာဖွယ်ပင်ဖြစ်သော်လည်း အတာ ၌ ကား အကြောင်းမထူး။ အတာ ပိုက်ဆံစုတတ်သည်ကိုသိ၍ ထိုပိုက်ဆံနှင့် စိုက်၍ ဝယ်စား ရန် အေးအေးလူလူ ပြောလိုက်စေကာမူလည်း ထိုပိုက်ဆံအတွက် ပြန်ပေးသည်ဟူ၍ မသိန်းမေ တွင် ထုံးစံ မရှိ။ အတာ ပိုက်ဆံစုတတ်ခြင်းသည်ပင် သူ့အလိမ္မာက သူ့ကိုပင် ပြန်၍နှိပ်စက်သလို စိတ်ပျက် ဖွယ်ဖြစ်နေပြန်၏။

တစ်နေ့သော် အတာသည် အလွန်ကောင်းသော အကြံတစ်ခုကို ရလာ၏။ ထိုအကြံမှာ သူ့အတန်း ထဲတွင်ပင် သူ့အတန်းသားများအား မုန့်ရောင်းခြင်းအားဖြင့် ဝင်ငွေရှာရန်ဖြစ်၏။
ထိုအကြံမှာ နံနက်ပိုင်းက ဆားငံသီးတစ်ထုပ် ဝယ်စားရာမှ ရလာသော အကြံဖြစ်၏။ အတာသည် ဆားငံသီးဆိုလျှင် အသေအလဲကြိုက်၏။ အတာ့လွတ်အိတ်ထဲတွင် ဆားငံသီးမပါသောနေ့ဟူ၍ မရှိသလောက်ပင်ဖြစ်သောကြောင့် ရာမာ၊ ချစ်အောင် အစရှိသော သူငယ်ချင်းများက အတာ့အား ဆားငံသီးသရဲဟူ၍ပင် နောက်ပြောင်ခေါ်လေ့ရှိကြ၏။
မှန်၏။ ဆားငံသီးသရဲဟု ခေါ်ရလောက်အောင်ပင် အတာ ဆားငံသီးကို စုံမက်၏။ သို့သော် ကျောင်းမှဆိုင်တွင် အတာ ဝယ်စားလေ့မရှိ။ မောင်ခိုင်လမ်း (ယခု ဗိုလ်ရွဲလမ်း) တွင် နေစဉ်ကတည်းက ထိုလမ်းထိပ်ရှိ တရုတ်ဆိုင်ကြီးများတွင်သာ ၀ယ်စားလေ့ ရှိ၏။ နှစ်ပြားဖိုး ၀ယ်လျှင် အလုံးနှစ်ဆယ်ခန့် ရ၏။ ပိုးစာသီး၊ ချင်းခြောက်၊ ကြဇုသီး၊ တွန်တိ အစရှိသော တရုတ်သီးနှံယို ဟူသမျှ ထိုဆိုင်ကြီး များတွင် ပေါပေါရ၏။

ယနေ့ အတာကျောင်းရောက်၍ ဆားငံသီးစားရန် လွယ်အိတ်နှိုက်လိုက်သည်တွင်မှ ဆားငံသီး ထုပ် မေ့လာသည်ကို သတိရတော့၏။ သတိရ၍ စားမည်ကြံသော အတာသည် ယခုမရှိမှ ပို၍ စားချင်လာ ၏။ သို့နှင့် ကျောင်းရှိ ဈေးဆိုင်မှပင် တစ်ပြားပေး၍ တစ်ထုပ်ဝယ်မိခဲ့ပြီးမှ အတာသည် ထို ပိုက်ဆံ တစ်ပြား ကို အတော်ကလေး နှမြောသွားမိ၏။ သူနှစ်ပြားဖိုးဝယ်က အလုံးနှစ်ဆယ်မျှရသော ဆားငံသီး မျိုး အတိုင်း ပင် ယခု တစ်ပြားဖိုး လေးလုံးသာ ရ၏။

"တောက် ငါမေ့လို့ ၀ယ်မိတယ်၊ ဟိုဆိုင်မှာ နှစ်ပြားဖိုးကို တစ်ခါတစ်လေ အလုံးနှစ်ဆယ် တောင် ကျော်သေး တယ်၊ ဒီမှာ တစ်ပြားလေးလုံးဆိုတော့"
အရောင်းအ၀ယ် ၀ါသနာအိုးလေးပီပီ ထိုပြဿနာကို အလီနှင့်တွက်ချက် နေမိ၏။
"ဟာ ဒီလို ဆို၊ နှစ်ပြားဖိုးရင်းရင် သုံးပြားတောင် မြတ်တာပေါ့၊ တစ်ပဲဖိုးဆို ခြောက်ပြား၊ တစ်မူးဖိုးဆို သုံးပဲမြတ်" ဤလို တွေးမိတွက်မိရာမှ အတာ မုန့်ရောင်းရန် အကြံရလာ၏။ သို့နှင့် နေ့လယ် မုန့်စား လွှတ်လျှင် လွှတ်ခြင်း ဆရာမကိစ္စ ဆောင်ရွက်ပေးပြီးသည်နှင့် အတာသည် ဆရာမအနီးသို့ ပြုံးစေ့စေ့ အမူအရာ ကလေးဖြင့် ကပ်လာသည်ကို
"ဘာလဲ မောင်လေး၊ ခုန စားချင်တာစား မမပေးမယ်ဆိုတော့ မစားဘူး၊ ခုတော့ မုန့်ဆာလာပြီ ထင်တယ်၊ ဟုတ်လား အတာ"

တစ်ခါက ကျောက်တံကျိုးသွားသဖြင့် ဤအမူအရာမျိုးပင်ပြ၍ ဆရာမထံ ပိုက်ဆံတစ်ပြား တောင်းခဲ့ဖူး သည်ကို အမှတ်ရသည့် အတိုင်း ဆရာမက သို့ မေးလိုက်သည်ကို "ဟုတ်ပါဘူး မမ၊ ကျွန်တော် မုန့်စားပြီး ပါပြီ" "ဒါဖြင့် ဘာပြောမလို့လဲ မင်း" "ဟို မိမိ ဗီရိုထဲမှာ ညနေညနေကျရင် ကျွန်တော့်ပစ္စည်း နည်းနည်း ထား သွားပါရစေလို့၊ အဲဒါ"
"နေပါဦးကွဲ့၊ ဘာပစ္စည်းလဲ၊ စာအုပ်တို့ဘာတို့လား၊ ဒီလိုဆိုမင်း အိမ်ပြန်တော့ ဘာနဲ့စာကျက်မလဲ၊ ဘာနဲ့ ရေး မလဲ"
အတာတွင် ကြံရာမရ အမှန်ဖွင့်ပြောမှပင် ပြီးတော့မည်ဖြစ်သည့်အတိုင်း "ဟုတ်ပါဘူး၊ ကျွန်တော်လေ ကျောင်း မှာ မုန့်ရောင်းမလို့၊ အဲဒါ"

အတာလည်း သူ့အကြံအစည်ကို တစ်လုံးမကျန် ပြောပြလိုက်သည်တွင်မှ ဆရာမ သဘောပေါက်သွား ကာ "အေး အဲသလို အတန်းထဲမှာ မုန့်ရောင်းတာကို တီချာကြီးသိရင် ဆူလိမ့်မယ်၊ ဒါပေမဲ့ မမ မပြောပါဘူး၊ မင်းကလဲ စာသင်ချိန်မှာ မရောင်းရဘူးနော်" "ဟုတ်ကဲ့၊ မုန့်စားလွှတ်မှပဲ ရောင်းပါ့မယ်"
"အေး အေး" အတာလည်း သူ့နေရာသူ သွားထိုင်၍ သူ့အကြံအတွက် ခွင့်ပြုချက်ရခဲ့သည်ကို ၀မ်းသာ အားရ ရှိနေ သလောက် ဆရာမတွင်မူ "ခုလို ကျွန်တော် မုန့်တွေဘာတွေရောင်းရင် ကျောင်းလခကို ကျွန်တော့်ဟာ ကျွန်တော် ပေးနိုင်မှာပဲ၊ မေမေ့ဆီတောင်းရတာ သိပ်စိတ်ညစ်ဖို့ ကောင်းတာပဲ မမရဲ့"
ကျောင်းလခပြဿနာ ကို မတတ်သာတော့သည့်အဆုံး၌ အတာလည်း တစ်လုံးမကျန် ထုတ်ပြောခဲ့ရ၏။ ဆရာမ တွင်လည်း ထိုစကားများကို ယနေ့တိုင် ကြားယောင်နေရာ၌ အတာကလေးအား လှမ်းကြည့်ရင်း စိတ်မကောင်းဖြစ်နေတော့၏။

ထိုနေ့ညနေ အိမ်ပြန်ရောက်သည်နှင့် အတာသည် လွယ်အိတ်ကလေးကို ထရံတွင် ချိတ်လိုက် ကာ နောက်ဖေးဘက် လှမ်းဝင်သည်နှင့် "ဟေ့ အတာ" ဟု ကိုထွန်းအောင်က လှမ်းခေါ် လိုက်သောကြောင့် အတာလည်း ၀ရန်တာသို့ ထွက်လာကာ ကိုထွန်းအောင် ကုလားထိုင်ဘေးတွင် ရပ်မိသည်နှင့် "ခုန မင့်သူငယ်ချင်းတွေ လာခေါ်တယ်၊ မင်း သွားကစားချည်တော့၊ သွား သွား" ဟု ကိုထွန်းအောင် က ပြောလိုက်သည်ကို "ဟင် ကျွန်တော် လုပ်စရာတွေ ရှိသေးတယ်လေ၊ ပြီးမှပဲ သွားကစားမယ်" "သွားပါကွာ၊ မင်းလုပ်ရမဲ့အလုပ်တွေ ငါအကုန်လုပ်ထားလိုက်ပါပြီကွ၊ ကဲ သွားကစား ချည်၊ မီးထွန်းချိန် တော့ ပြန်လာခဲ့"

ကိုထွန်းအောင် လည်း အတာ၏ ပင်ပန်းမှုကို မရှုစိမ့်နိုင်သည့်အတိုင်း တတ်နိုင်သလောက် အတာ့ တာဝန် ကို ကူ၍ ထမ်းပေးခဲ့၏။ သို့သော် နေ့စဉ်ကား သူ မလုပ်နိုင်။ နံနက်လေးနာရီထ၍ ချက်ပြုတ် လုပ်ကိုင်ပေး ရပြီး ၈နာရီလောက် မသိန်းမေ ဈေးထွက်သွားသည်နှင့် ညကပျက်ခဲ့သော အိပ်ရေး အတွက် တအောင့် တနား မှိန်းရသေး၏။ ၁၀နာရီသာသာလောက် မသိန်းမေ ဆိုင်သိမ်း၍ ပြန်ရောက် လာပြီဆိုလျှင်လည်း ဟင်းအိုး ဟူသမျှ သူပင် တိုက်ချွတ်ဆေးကြောရလေသေး၏။ ပြီးလျှင် နောက် တစ်နေ့အတွက် ၀ယ်လာသော အမဲအူ၊ ဆိတ်ကလီစာ၊ အသည်းအဆုတ်များကို ပြုတ်ရသေး၏။ အလုပ်နှင့်လက်နှင့်မပြတ် ဆိုသလို သူ့တာဝန်နှင့် သူပင် မနိုင် နိုင်အောင် ရှိနေသည့်အထဲမှ အတာ့ အတွက် ကြက်သွန်နွှာ၊ ငရုတ်သီးထောင်း စသည့်တို့ကိုမူ သူ ရံဖန်ရံခါသာ တတ်နိုင်၏။

ယနေ့မူ အတာ့အလုပ်ကို သူကူလုပ်ထားပြီး သို့လျှင် အကစားလွှတ်လိုက်သည်နှင့် အတာလည်း အူမြူး ခုန်ပေါက်နှင့် အောက်သို့ ဆင်းခဲ့ရာ၌ ရုတ်တရက် ဆိုသလို ဂါဝန်ကလေးတကားကားနှင့် အပြေး အလွှား တက် လာသော (ဘောလုံးကိစ္စနှင့် စကားများခဲ့ဖူးသည့်) မိန်းကလေးနှင့် လှေကားတစ်ဝက် လောက်တွင် မမျှော်လင့် ဘဲ ဆုံမိသွားတော့၏။ "ဖယ်လေ၊ ငါ အပေါ်တက်မလို့"
အတာက သူတက်လာသည်ကို မြင်လိုက်ကတည်းက ဘေးဖယ်၍ ရပ်နေပါလျက်နှင့် မိန်းကလေးက ထပ်၍ ဖယ်ခိုင်းနေပြန်သောကြောင့် "တက်ပါလား၊ နင့်ဟာနင်၊ ငါဘေးဖယ်နေတာပဲ ဥစ္စာ"

"ဖယ်ဦးနည်းနည်း၊ နင့်ကိုယ်နဲ့ ငါ့ဂါဝန်နဲ့ မလွတ်ဘူး" ဟု မိန်းကလေး က နှုတ်ခမ်းကလေး တစူစူ ပြော နေပြန်သည်နှင့် အတာတွင် ပို၍ အခံရခက်သွားကာ "ဒါဖြင့် နင့်ဂါဝန်ကားကားကြီးကို သွားပြန် ချွတ်ပြီး မြန်မာအ၀တ်အစားလဲ ၀တ်ခဲ့ပေါ့၊ ဒါမှမဟုတ်ရင် နင်ပြန်ဆင်း၊ ငါအောက်ကို ရောက်မှ နင်တစ်ယောက်ထဲ ပြန်တက်"
သို့လျှင် အတာက ခေါင်းကလေးငဲ့ကာ အရွံ့တိုက်၍ ပြောလိုက်မှ မိန်းကလေးလည်း "ဟင်း" ဟူသော ရေရွတ်သံနှင့်အတူ ဇိုးဇိုးဇောင့်ဇောင့်နှင့် ဆောင့်ဆောင့်အောင့်အောင့်ကလေး လှမ်းတက်ပြီး အတာတို့ နှင့် ဘေးချင်းကပ် တစ်ဖက်ခန်းသို့ လှမ်းဝင်သွား မှ အတာလည်း သဘောကျသလိုပြုံးရင်း သုတ်သုတ် ကလေးဆင်းလာခဲ့၏။

ကစားနေကျနေရာတွင် ဘော်လုံးကန်နေသူ လူငယ်တစ်သိုက်လည်း အတာ့ကို မြင်လိုက်သည်နှင့် ၀မ်းမြောက် ၀မ်းသာ ဆီးကြိုကြ၏။ တစ်နာရီနီးပါးလောက် အားရပါးရ ကစားပြီးကြသည်နှင့် ထုံးစံ အတိုင်း ပလက်ဖောင်းဘေး တွင် အတာတွင် ၀ိုင်းဖွဲ့ကာ စုရုံးထိုင်လိုက်ကြပြီး
"ကဲကွာ၊ ဟိုတစ်နေ့ကလို ရယ်စရာပြောပါဦးကွ" ဟု တစ်ယောက်သော သူငယ်ချင်းက ပွဲတောင်း လိုက်သည်ကို "အေး ပြောပါ့မယ်မောင်မောင်ရယ်၊ ဒါနဲ့ ဟိုတို့အိမ်ရှေ့က တရုတ်အင်္ကျီဆိုင် အပေါ်ထပ် မှာနေတဲ့ ဂါဝန် ပြာမကလေးကဟာ ဘယ်သူလဲကွ" ဟု အတာက မေးလိုက်သည်နှင့်
"ဟာ မင်းတို့နဲ့ လဲ မျက်နှာချင်းဆိုင်မှာ နေတယ်၊ မင်းရောက်တာလဲ နှစ်လသုံးလရှိနေပြီ၊ ဒါနဲ့တောင် သူ ဘယ်သူလဲ ဆိုတာ မသိသေးဘူးလားကွ၊ အတာ ဟင်"
ယခင် ဘော်လုံးကန်ရန် နေရာလုသည့်ကိစ္စနှင့် ပတ်သက်၍ အတာနှင့် ရင်ဆိုင်ခဲ့သူက ပြန်မေးလိုက် သဖြင့်  "ဘဆွေကလဲကွာ ငါမသိလို့ မေးတာပေါ့"

"အမယ်လေး၊ မင်းသာမသိတာ၊ ဒီလမ်းထဲမယ် ပေါ်ပြူလာအဖြစ်ဆုံးပေါ့ကွ၊ နာမည်က ခင်စိုးလှတဲ့၊ သူ့အဖေက"
"အေး သူ့အဖေတော့ ငါသိသားပဲ၊ ဟိုသိုးမွေးချည်တိုက်ရှင် မဟုတ်လား" အတာက လက်ညှိုးကလေး ညွှန်ကာ ခပ်လှမ်းလှမ်းရှိ ငွေနှင်းတောင် သိုးမွေးကို ပြရင်း ပြောလိုက်သောကြောင့်
"အေးပေါ့၊ အဲဒီတိုက်ရှင် ဦးလှဆောင် ဒေါ်ဒေါ်အေးရဲ့ သမီးပေါ့ကွ၊ ဆတ်ဆတ်ကြဲကလေးဆရာ၊ ယီးတီးယားတားတော့ သွားမလုပ်နဲ့၊ အားကြီး နှုတ်သီးကောင်းတယ်" ဟု ဘဆွေက သတိပေးသလို ပြောလိုက်သည်တွင်

"မင်း တော်တော်လျှာရှည်တဲ့အကောင်ပဲကွာ၊ သူ့နာမည် ခင်စိုးလှဆို ပြီးရောပေါ့ကွ၊ ဦးလှဆောင် ဒေါ်ဒေါ်အေး ရဲ့ သမီးဘာညာနဲ့ မင်္ဂလာဆောင်ဖိတ်စာ ရိုက်တာကျနေတာပဲ၊ တစ်ဦး တည်းသော ချစ်သမီးကလေး လို့ ဆက်လိုက်ပါဦးလားဟု တစ်ယောက်က ၀င် ၍ လှောင်လိုက် သောကြောင့် ၀ါးခ နဲ ပွဲကျသွားသေး၏။
"ပြောပါစေ မိုးမြင့်ရာ၊ ငါမသိလို့ သူက စုံစုံစိစိ ပြောတာပဲ၊ အေး အဲဒီ ခင်စိုးလှ နှုတ်သီးကောင်းတာ တော့ ငါသီပြီးပြီ ကွ" အတာလည်း သို့လျှင် ပဏာမခံလိုက်ပြီးမှ ဘော်လုံးကျစဉ်က ကိစ္စရော အခု လှေကားတွင် အခင်း များ ခဲ့ရသည့် အဖြစ်များကိုပါ အတာက ပြောပြလိုက်၏။
"နောက်ပြီး ငါ့ကိုမတွေ့နဲ့ တွေ့တာနဲ့ ရန်လုပ်တာပဲကွ၊ နှုတ်ခမ်းစူပြတာနဲ့ တံခါးကို ဂျိမ်းခနဲ ဆွဲပိတ်ရ တာ နဲ့၊ သိပ်လူဝါးဝ တာပဲ"

သို့ အတာပြောနေခိုက်မှာပင် ရုတ်တ်ရက်ဆိုသလို ထိုနေရာနှင့် မလှမ်းမကန်း၌ ဆီပုံးများ တင်လာ သော လက်တွန်းလှည်း တစ်စီး ဦးစိုက်မှောက်ကျသွားသည်ကို မြင်လိုက်ရသောကြောင့် အတာနှင့် တကွ ဆယ်ယောက် မျှသော လူငယ်တစ်သိုက်လည်း ထိုလှည်းမှောက်ရာသို့ ကတိုက်ကရိုက် ရောက် သွားကြတော့ ၏။ ရှေ့သို့စိုက်၍ မှောက်သွားခြင်းဖြစ်သောကြောင့် လှည်းရှေ့ တည့်တည့် လက်ကိုင် နှစ်ခုကြား မှ ဆွဲရသော ကုလားသည် မည်သို့မျှ မရုန်းသာ၊ တုတ်တစ်ချောင်းဖြင့် ညှပ်ထား သလို လှည်းအောက်တွင် ပိနေ၏။

ဤတွင် အခြားသာ လှည်းကုလားနှစ်ယောက်နှင့်အတူ အတာတို့ရော လမ်းသွားလမ်းလာများပါ ကုလား အပေါ်ပိနေ သည့် ဆီပုံများကို ဖယ်ပြီး ဦးစိုက်နေသော လှည်းကို လူအားဖြင့် ၀ိုင်းဝန်းချီမ၍ ထိုပိ နေသော ကုလားကို ဆွဲထုတ်လိုက်ရ၏။ ဖြစ်ပျက်သွားသည်မှာ သုံးမိနစ်မျှပင် မကြာသော်လည်း လှည်း အပိ ခံ ရသော ကုလားတွင်ကား မသက်သာလှ။ လှည်းအောက်မှဆွဲထုတ် ပြီးသည့်တိုင်အောင် နာရီဝက် သာသာလောက် သတိလစ်နေရှာ၏။ သို့နှင့် ကွမ်းရွက် ယူသူယူ၊ သွေးဆေးတောင်း သူတောင်း နှင့် ၀ိုင်းဝန်းနှာနှပ်ပေးကြသည်တွင်မှ အနည်းငယ် လူးလွန့်ဖော်ရလာ၏။ သို့တိုင် ကုလားမှာ လှည်းဆက် ၍ မတွန်းနိုင်။ လန်ခြားတစ်စီးဖြင့် သူ့လူများဖြင့် တင်ခေါ်သွားရ၏။

ဤတွင် အကြောင်းရင်းကို သိလိုသော အတာ က လှည်းစောင့်ကျန်ရစ်သူ ကုလားအား မေးကြည့် သည်တွင် ထိုကုလား က လှည်းဘီးအနီးရှိ အုတ်နီခဲတစ်လုံးကို လက်ညှိုးထိုးပြရင်း သူတို့ လှည်းကို တွန်းလာရာ မှ မော်တော်ကားတစ်စီး ဘေးဖယ်အရှောင်လိုက်တွင် ထိုအုတ်နီခဲကို အလယ်မှ ဆွဲသူ ကုလား က တက်နင်းမိသဖြင့် ခြေခေါက်ပြီး ဤသို့ လှည်းမှောက်သွားရကြောင်း၊ အဆိုပါ ကုလား က မြန်မာစကားဖြင့် ပီပီသသ ရှင်းပြ၏။
အဘယ်ကြောင့် ဟူ၍ မသိ။ ထိုကုလား စကားအဆုံးသတ်လိုက်သည်နှင့် အတာတွင် မျက်နှာကလေး သိသိသာသာ ညှိုးကျသွားတော့၏။ 

"လာကြကွာ" အတာ လည်း မျက်နှာထား မကြည်မသာနှင့်ပင် သူ့ကစားဖော်များအား မူလနေရာ သို့ ခေါ် သွားလျက် အသီးသီး ထိုင်မိကြသည်နှင့်
"အဲဒီကုလား လှည်းအပိခံရတာ ဘယ်သူ့အပြစ်လဲ သိလား" ဟု အတာက ၀မ်းနည်းသံကလေးဖြင့် ရုတ်တရက် မေးလိုက်သောကြောင့် အားလုံးပင် အံ့အားတသင့် ငေးကြည့်နေမိကြ၏။
"အဲဒါ တို့အပြစ် ကွ၊ တို့အားလုံးရဲ့ အပြစ်ပဲကွ၊ ငါလဲပါတယ်" သို့ပြောလိုက်မှ သူငယ်ချင်းအားလုံးတွင် ပို၍ ဦးနှောက်ရှုပ်သွားကြတော့၏။

"ခုန တို့တစ်တွေ ဘောလုံးကန်တော့ ဟို တိုက်ဆောက်နေတဲ့အုတ်ပုံက အုတ်နီခဲတွေယူပြီး ဂိုးတိုင်လို တစ်ဖက်နှစ်လုံး စီ ချကစားကြတယ် မဟုတ်လား"
"အေးလေ၊ အဲဒါနဲ့ တို့အပြစ်နဲ့ ဘာဆိုင်လို့လဲ အတာရ" ဟု ဘဆွေက မေးလိုက်သည်နှင့်
"ဆိုင်တယ်လေကွာ၊ အဲသလို အုတ်နီခဲတွေ ယူပြီး ဂိုးတိုင်လုပ်ရော၊ ကစားကြရော၊ ကစားပြီးတော့ တို့ ဒီအတိုင်းထားခဲ့တယ် မဟုတ်လား၊ ဒါကြောင့် အဲဒီ အုတ်နီခဲကို ကုလားတက်နင်းမိပြီး ခြေခေါက်သွား လို့ လှည်းလဲမှောက် သွားတာပေါ့ကွ၊ တကယ်လို့သာ ကစားပြီးပြီးချင်း အုတ်နီခဲတွေကို လမ်းလယ်ခေါင် မှာ မထားခဲ့ ဘဲ နေရာတကျ ပြန်သိမ်းခဲ့ရင်၊ ဒါမှမဟုတ် လမ်းဘေးလွတ်လွတ်မှာ ဖယ်ထားခဲ့ရင် ဒီကုလား နင်းမိမှာ မဟုတ်ဘူး၊ လှည်းလဲ မမှောက်ဘူး၊ ဒီကုလားလဲ ခုလိုဖြစ်မှာ မဟုတ်ဘူး"
အတာ ဤလိုရှင်းပြလိုက် မှ အားလုံးလိုလို မျက်နှာအိုကလေးတွေဖြင့် ငိုင်နေကြတော့၏။

"ခုဆိုကြည့်စမ်း၊ မင်းတို့မြင်တဲ့အတိုင်းပဲ လှည်းကုလား ဘယ်လောက်သနားဖို့ ကောင်းသလဲကွာနော်၊ နဲတဲ့ အလေးကြီး မဟုတ်ဘူးကွ၊ သူ့ကို ပိနေတာ ဆီပုံးတွေရော၊ လှည်းရော"
"အေးကွ၊ ကုလားမေ့နေတာ ကြည့်ပါလား" ဟု တရုတ်ကလေးတစ်ယောက်က ထောက်ခံလိုက်၏။
"ဒီကုလားတော့ နောက် လေးငါးဆယ်ရက်နဲ့ အလုပ်ပြန်လုပ်နိုင်ရန် ကံကောင်းပဲကွ၊ သိပ်သနား ဖို့ ကောင်းတာပဲ" အလွန် စိတ်ထိခိုက်သွားသော အမူအရာကလေးဖြင့် ပြောရင်း သို့ အဆုံးသတ် လိုက်သည်နှင့် "ဟုတ်တယ်ကွ အတာ၊ ခု မင်းပြောမှ ငါသတိရတယ်၊ ဟိုတစ်နေ့ကလဲ လမ်းလျှောက် လာတဲ့ အဘိုးကြီး တစ်ယောက် ဒီလိုပဲ တို့ပစ်ထားခဲ့တဲ့ အုတ်နီခဲကို ခလုတ်တိုက်မိလို့ ခြေသည်းကြီး လန်သွားတယ်ကွ၊ အတော်များတယ်" ဟု စိုးမြင့်က ၀င်ထောက်လိုက်၏။

"အရင် စနေနေ့ကကောကွ၊ တို့ဘောလုံးကန်နေတုန်း မဟုတ်လား၊ စက်ဘီးစီးလာတဲ့ လူ တစ်ယောက် လေ"
"အေးဆရာ၊ တို့ ဂိုးတိုင်းလုပ်ထားတဲ့ အုတ်ခဲကို တက်ကြိတ်မိတာ တစ်ခါတည်း ကျွမ်းကိုပစ်ပြီး လဲသွား တာပဲ" ဟူ၍ လည်း အလုအယက် ဇာတ်ကြောင်း ပြန်နေကြ၏။
"ကဲကွာ၊ တို့ကြောင့် သူများတွေ ဒုက္ခဖြစ်ရတာ မကောင်းဘူး မဟုတ်လား၊ တို့မှာလဲ အပြစ် ရှိတယ်၊ ဒီတော့ နောက်ကစားရင် အုတ်ခဲနဲ့ ဂိုးတိုင် မလုပ်ကြနဲ့တော့ကွာ၊ တို့ချွတ်ထားတဲ့ ဖိနပ်တွေကိုပဲ ဂိုးတိုင် လုပ်ကြ ရအောင်နော်"

"ဟာကွာ၊ ဒီလိုဆို မော်တော်ကားကြိတ်၊ လှည်းကြိတ်နဲ့ တို့ဖိနပ်တွေ ပျက်စီးကုန်မှာပေါ့ကွ" ဟု မောင်မောင် က ၀င်၍ ကန့်ကွက်လိုက်သည်နှင့်
"အေး ဒါလဲ ဟုတ်တာပဲကွ၊ အဲဒီတော့ ဒီလိုလုပ်ကွာ၊ အကောင်းဆုံးကတော့ ပန်းခြံထဲသွားကစားတာ အအေးဆုံး ပဲ၊ ကားတိုက်မှာလဲ မကြောက်ရတော့ဘူးပေါ့၊ တကယ်လို့ လမ်းထဲမှာပဲ ကစားရင်လဲ အုတ်နီခဲ နဲ့ ဂိုးတိုင်မလုပ်ကြနဲ့တော့ကွာ၊ စက္ကူစုတ်ဖြစ်ဖြစ် အမှိုက်တွေဖြစ်ဖြစ် စုပုံပြီး ဂိုးလုပ်လဲ ပြီးတာ ပါပဲကွာ၊ နော်"
"ဟုတ်တယ်ကွ၊ အဲ့ဒါ ကောင်းတယ်ကွ" ဟု ကျူလယာကုလားကလေး တစ်ယောက်က လှိုက်လှိုက် လှဲလှဲ ထောက်ခံလိုက်သကဲ့သို့ အားလုံးပင် ဤအတိုင်းသဘောတူလိုက်ကြ၏။
ထို့နောက် အတာလည်း ဘဆွေတို့၏ တိုက်တွန်းချက်အရ ရယ်စရာအဖြစ်ဖြင့် သူကိုယ်တိုင် ကြုံခဲ့ရ သော မြွေအလမ္ပာယ် ကိစ္စကို ဟန်နှင့် ပန်နှင့် ပြောပြနေသောကြောင့် အားလုံးပင် တ၀ါးဝါး ပွဲကျနေ တော့၏။

"ဟဲ့ကောင် အတာ" သို့ စကားပြောကောင်းနေခိုက် လန်ခြားတစ်စီးဖြင့် ဈေးဝယ်မှ ပြန်လာသော မသိန်းမေ က လှမ်းခေါ် သွားသဖြင့် အတာလည်း ခေါင်းတကုတ်ကုတ်နှင့် ထပြန်လာခဲ့ရတော့၏။

ကျောင်းသား အရွယ် ကလေးများအဖို့ တ်စနေ့လျှင် အနည်းဆုံး ဆယ်နာရီခန့် အိပ်ချိန်ရှိရမည်။ အိမ်ပြင်္ပ တစ်နေ့ သုံးနာရီ ကစားပေးရမည်။ နွားနို့တစ်ဖန်ခွက် နေ့စဉ်မှန်မှန်သောက်ရမည်။ ပန်းသီး၊ လိမ္မော်သီး၊ ငှက်ပျောသီး၊ ခရမ်းချဉ်သီး စသော လတ်ဆတ်သည့် သစ်သီးများ၊ ဆလတ်ရွက်၊ ဂေါ်ဖီထုပ်၊ မုံညှင်း အစ ရှိသော ဟင်းသီးဟင်းရွက်များကို နေ့စဉ်စားပေးရမည် အစရှိသဖြင့် ကျန်းမာရေး ဘက်ဆိုင်ရာ မှ ကျောင်းသူကျောင်းသားများ လိုက်နာကျင့်သုံးရန် အကြံပေးထား၏။

အတာသည် ကျောင်းသားတစ်ယောက်အနေဖြင့် ထိုအချက်အလက်များကို လိုက်နာနိုင်ခဲ့ပါသလော။ လုံးဝ မလိုက်နာနိုင်။ နွားနို့၊ သစ်သီးဝေး၍ မုန့်ဖိုးပင် မှန်မှန်မရ။ ပိုက်ဆံမကုန်ဘဲ ပြီးနိုင်သည့် အချက် နှစ်ချက်ဖြစ်သော တစ်နေ့ဆယ်နာရီအိပ်ရန်နှင့် အိမ်ပြင်တွင် သုံးနာရီကစားရန် ဆိုသည်တို့ကိုပင် အတာ လိုက်နာ ရန် အကျပ်ကျနေ၏။ကျောင်းမှ ပြန်ရောက်သည်နှင့် တာဝန်ရှိသမျှ လုပ်နေရပြီး ည ၁၀နာရီလောက် အထိ ကျောင်းစာ ကိစ္စဖြင့် အချိန်ကုန်ကာ နံနက်တွင် ၄နာရီ ထရပြန်၏။ သူ့အိပ်ချိန်မှာ ၆နာရီ သာရှိပြီး ကစားချိန်မှာမူ ကိုထွန်းအောင် ကူညီပါမှ နှစ်ရက်ခြား တစ်ကြိမ်လောက်မျှသာ ကစားရရှာ၏။
အတာ မှာလည်း ကလေးတစ်ယောက်မျှသာ ဖြစ်သည့်အတိုင်း အိပ်ရေးမ၀တ၀နှင့် ထရသည်လောက် သူ စိတ်ညစ်သည် မှာ အခြားမရှိ။ သို့သော် နံနက်လေးနာရီဆိုလျှင် ထရတော့၏။ မထလျှင်လည်း တံမြက်စည်းနှင့် ခြေထောက် တစ်ခုခုဖြင့် အရိုက်အကျောက် ခံရမည်မှာ သေချာ၏။

ယနေ့လည်း မသိန်းမေ နှိုးလိုက်သဖြင့် ကတိုက်ကရိုက် ထလာသော အတာ အိမ်သာထဲဝင်သွားသည် မှာ ဆယ်မိနစ် သာသာခန့် ကြာပြီဖြစ်လျက် ရုတ်တရက် ထွက်မလာနိုင်သည်နှင့်
"ဟဲ့ကောင် ဘာလုပ်နေတာလဲ အိမ်သာထဲမှာ၊ ခုထက်ထိ မပြီးသေးဘူးလား" ဟု မသိန်းမေ လှမ်းအော် လိုက် မှ အတာ တွင် အလန့်တကြား ထထွက်လာတော့၏။
အတာ ကမူ "အီးအီးပါနေလို့ပါ" ဟု အကြောင်းပြသော်လည်း အမှန်မှာ အိမ်သာထဲဝင်၍ အုတ်နံရံကို လက်နှစ်ဖက်ဖြင့် မှီကာ ထိုလက်ပေါ် နဖူးတင်ကာ တစ်မှေးလောက် အိပ်လိုက်ရရင်လည်း မနည်း ဟူသော အကြံဖြင့် တစ်ရေးတစ်မော မှိန်းနေခြင်းသာ ဖြစ်၏။

ယနေ့ ကျောင်းပိတ်၏။ သို့သော် အတာတွင် အားလပ်ခွင့်မရ။ မသိန်းမေနှင့်အတူ ဈေးသို့ လိုက်သွားပြီး ပန်းကန် ကူဆေးရ၏။ ရေခပ်ပေးရ၏။ ဈေးထဲမှ ထမင်းလာမှာလျှင် လိုက်ပို့ပေးရ၏။ နေ့လယ် ဆိုင်သိမ်း ပြန်ချိန်မှ ပင် အတာ သက်သာရာရတော့၏။
ကျောင်းပိတ်ရက်ဖြစ်သော ထိုစနေ တနင်္ဂနွေနှစ်ရက်တွင် ဆိုင်သိမ်းအပြန်မှ အားလပ်ခွင့်ကလေးရ သည်နှင့် အတာ လည်း သူစုထားသော ပိုက်ဆံကလေး ငါးမူးတစ်ပဲနှင့် တရုတ် ကုန်စုံဆိုင်သို့ ပြေးကာ ဆားငံသီး၊ ပိုးစားသီး အစရှိသော ချိုချဉ်သီး လေးငါးမျိုးကို တစ်မူးဖိုး တစ်ပဲဖိုး စသဖြင့် ၀ယ်လာခဲ့၏။ သတင်းစာ စက္ကူများဖြင့် တစ်ပြားတန် အထုပ်ကလေးများ ထုပ်ရာ၌လည်း သူ့ထံမှ ၀ယ်ချင်အောင် ဟူသော ရည်ရွယ်ချက်ဖြင့် ကုလားထံမှ တစ်ပြားဖိုး လေးလုံးသာရသော ဆားငံသီးကို အတာက ငါးလုံး ထုပ်၏။ ချင်းခြောက် ကိုလည်း ကုလားထက် ပိုပိုသာသာကလေး ထုပ်၏။

အားလုံး ပြီးစီးသော အခါတွင် မုန့်သေတ္တာပုံးအကြီးထဲသို့ တစ်ထုပ်စီ ရေတွက်၍ ထည့်လိုက်ရာ၌ ငါးမူးတစ်ပဲ မျှသာ အရင်းအနှီးပြုလိုက်သော အတာ ချိုချဉ်ထုပ်ကလေးမှာ စုစုပေါင်း တစ်ကျပ် သုံးမူးဖိုး အထိ ဖြစ်လာသည် ကို တွေ့ရသောကြောင့် "ဟာ ပွတာပဲ၊ ဒါ အားလုံးကုန်ရင် သုံးမတ်နဲ့ တစ်ပဲတောင် မြတ်မှာ" အတာလည်း ထ၍ပင် ကမိတော့မလောက် ၀မ်းသာလုံးဆို့နေရသည်နှင့် ထိုအထုပ်များထဲမှ သူစားမည့် အလျော့တွက်ကိုပင် ထည့်တွက်ရန် သတိမရနိုင် ဖြစ်နေတော့၏။
ယနေ့ သည် ကျောင်းသွားရမည်ဖြစ်သော တနင်းလာနေ့ (၀ါ) မုန့်စ၍ ရောင်းရတော့မည့်နေ့ ဖြစ်သည့် အတိုင်း အတာတွင် အတိုင်းထက်အလွန် ပျော်နေ၏။ သူ့ကြီးကြီးမေနှင့် လုံချည်ဝိုင်း ရောင်းရစဉ် က ပျော်ပုံမျိုးနှင့်ကား လုံးလုံးမတူ။ အရေအတွက် အရင်းအနှီးအားဖြင့် များသည် နည်းသည်ကို အရေး မထားနိုင်။ သူ့ပစ္စည်း သူ့ဆိုင်အဖြစ် ရောင်းရတော့မည်ကို တွေးမိသည်နှင့်အမျှ ယခင်ကထက် အဆပေါင်း များစွာ ပျော်နေ၏။

နာရီကိုသာ မကြာမကြာ ကြည့်နေမိ၏။ ၇နာရီပင် ခွဲနေလေပြီ။ သူ့ကိစ္စ သူ့တာဝန်ကား မပြီးပြတ်သေး။ သူ့ စိတ်တွင် စောစောကျောင်းသွား၍ စောစောရောင်းလိုက်ရက သူ့ချိုချဉ်ပုံးကလေး ပြုတ်ပြုတ်ပြုန်း သွားလိမ့်မည် ဟုလည်း ထင်မြင်ကာ စိတ်ကူးကလေးတယဉ်ယဉ် ရှိနေ၏။ သို့သော် သူ ၈နာရီခွဲ လောက်တွင် မှ သွားခွင့်ရမည် ဖြစ်၏။
လူသည် လိုလျှင် ကြံတတ်၏။ အသက်အရွယ်အလျောက် ငယ်လျှင် ငယ်သလို ကြံ၍ ကြီးလျှင် ကြီးသလို ကြံတတ်၏။ အချို့ အခါလည်ရွယ် ကလေးများပင် စားပွဲပေါ်မှ မုန့်ပုံးကို တံမြက်စည်းဖြင့် ထိုးချ တတ်သေးသည်ဖြစ်ရာ အတာသည်လည်း ကျောင်းသို့ စောစောသွားချင်နေသော လိုလားချက် ကလေး အတွက် အကြံဥာဏ်ထုတ်လျက် ရှိ၏။ မကြာမီပင် အတာလည်း ထမင်းအိုးငှဲ့ပြီးစ ချွေးတလုံး လုံးဖြင့် ထိုင်၍ အပန်းဖြေနေသော ကိုထွန်းအောင် အနီးသို့ ကပ်ကာ "ဒီနေ့လေ ကျောင်းမှာ ကျွန်တော်တို့ အတန်းကို ပညာအုပ်လာလိမ့်မယ်တဲ့၊ အဲဒါ ဆရာမ မှာလိုက် တယ်၊ စောစောလာခဲ့ ရမယ်တဲ့ မေမေ့ ကို ပြောပေးပါလားဟင်"
သို့လျှင် အတာက မျက်နှာငယ်ကလေးဖြင့် တောင်းတောင်းပန်ပန် ပြောလိုက်သောကြောင့် ကိုထွန်းအောင် လည်း ချက်ချင်းပင် မသိန်းမေအား အရေးဆို၍ လိုလားချက်ကို တောင်းပေးလိုက်၏။ သို့သော် လွယ်လွယ်ကူကူ မရ။

"ကဲ ကောင်လေးကို ခိုင်းစရာရှိတာ မှန်သမျှ ကျုပ်ကိုပြော၊ ကျုပ်အားလုံး လုပ်ပေးမယ် ကျေနပ်ပလား" ဟု မရမက ကိုထွန်းအောင် ၀န်ခံချက်ပေးလိုက်မှပင် အတာ သွားခွင့်ရတော့၏။
အတာ ကျောင်းရောက်၍ သူ့အတန်းထဲ ၀င်လိုက်လျှင်ပင် မမျှော်လင့်ဘဲ ရောက်နေသော သူ့ဆရာမ ကို တွေ့ရသည်နှင့် အံ့သြသွားသလို ကြည့်နေမိစဉ်
"ဘာလဲအတာ မမ အစောကြီးရောက်နေလို့ မင်း အံ့အားသင့်နေသလား၊ အေး အဲဒါ မင်းအတွက် တမင်ပဲ မမ စောစောလာတာ" ဟု ပြောလိုက်ပြီးမှ ထိပ်ဆုံး ခုံတန်းရှေ့ရှိ ထောင့်တစ်နေရာကို လက်ညှိုး ညွှန်ပြရင်း "ဟိုမှာ တွေ့လား အတာ၊ အဲဒီ စာပွဲနဲ့ ကုလားထိုင်ကို ငါးတန်းဆရာမဆီက မမ တောင်း ထားတယ်၊ မင်းဖို့"

ဆရာမ ညွှန်ပြသော စားပွဲနှင့် ကုလားထိုင်မှာ အတန်းကြီးသမာများအတွက်သာ ထားလေ့ရှိသော တစ်ယောက် ထိုင်စားပွဲကလေးများဖြစ်လျက် ထိုစားပွဲကို အတာထိုင်ချင်နေသည်မှာလည်း ကြာပြီဖြစ် သောကြောင့် ဣနြေ္ဒ ပင် မဆယ်နိုင်တော့ဘဲ စားပွဲကလေးဆီသို့ အပြေးလှမ်းသွားကာ ပတ္တာအံဖုံး ကို လှန်ကြည့်ရင်း အတော်ကလေး ပီတိဖြစ်နေတော့၏။ "သိပ်ကောင်းတာပဲ မမနော်၊ သော့ခတ်စရာလဲ ပါတယ် ဇိမ်ပဲ"

ဝမ်းသာအားရပြောနေရင်းကပင် အတာလည်း ဆရာမအနီးသို့ ကပ်လာကာ တစ်စုံ တစ်ရာ ပြောလိုဟန် ဖြင့် ပါးစပ်တပြင်ပြင် ဖြစ်နေ၏။ သူ့ပြောချင်သည်မှာ ဤစားပွဲကလေး ရသည့် အတွက် ဆရာမအား အဘယ်မျှ ကျေးဇူးတင်သည် ဟူ၍ပင် ဖြစ်သော်လည်း သူ့တွင် စကားလုံး ရှာမရ သလို မချင့်မရဲ ဖြစ်နေ ရှာ၏။
နောက်ဆုံး၌ အတာ ဘာမျှ မပြောတော့ဘဲ ဆတ်ခနဲထိုင်ကာ ဆရာမအား ဦးသုံးကြိမ်ချလိုက်တော့၏။ ဆရာမ တွင်လည်း သူတစ်ထူး၏ ကောင်းကျိုးကို ဆောင်ရွက်လိုက်ရသဖြင့် တစ်ဖက်းသား၌ အူမြူးသွား သလို သူသည်လည်း ကြည်ကြည်နူးနူး ၀မ်းမြောက်သွားကာ ထိုထိုအရသာကို မျက်ရည် တလည်လည် ဖြင့် ခံစားနေမိတော့။

ဆက်ရန်
.

No comments: