အတာက သို့ပြောရင်း လက်ဝါးနှင့်ဖိအုပ်ထားသော ဒူးထိပ်တစ်နေရာကို ပြလိုက်၏။
ဤတွင်မှ ကုလားကလေး တွင် ပို၍ကြောက်လန့်သွား၏။ ငါးမူးစေ့ဝိုင်းခန့်
အတာ့ဒူးတွင်အသားနီလန်၍ ရဲနေသည် ကိုတွေ့ရ လျှင် တွေ့ရချင်းပင် ကုလားကလေး၌
တုန်းတုန်ခါခါ ဖြစ်သွားပြီး
"အတာ စိတ်မဆိုး ပါနဲ့နော်၊ ငါလေ ငါတမင် လုပ်တာမဟုတ်ဘူးကွ"ဟု မပီကလာ ပီကလာနှင့် အတာ ထထိုး မည်ကို ကြောက်နေသည့် အလား ပြူးတူးပြဲတဲ တောင်းပန်နေ၏။ ကို ဆက်ဖတ်ရန်

"ငါသိပါတယ်ကွာ၊ မင်းအသလွတ်ခြေချိတ်ပါ"
"အား မဟုတ်ပါဘူးလေ"
ပို၍ပင် တုန်တုန်လန့်လန့် ပြောလိုက်သည်နှင့်
"ဘာမဟုတ်ဘူးလဲ၊ မင်းဘောလုံးကန်ရင် အမြဲဒီလိုပဲ ခြေချိတ်တယ် တွန်းတယ်၊ ဟေ့အတာ ချကွာ"ဟု အခြားတစ်ယောက်က ၀င်ပြောလိုက်ပြန်သည်နှင့် "မချပါဘူးကွာ ကစားရင်းဖြစ်တာပဲ၊ အေးကွ၊ မင်းနောက်ကိုတော့ ဒီလိုမလုပ်နဲ့ကွာ၊ ဘောလုံးကန်ရင် ဘောလုံးကိုလုပေါ့၊ လူကိုလုပ် တာယောက်ျားမဟုတ်ဘူး၊ သိလား"
"အေး ငါနောက်မလုပ်ဘူးနော်"
အတာ့ဒဏ်ရာမှာ ဒူးတွင်သာမက တံတောင်ဆစ်တွင်လည်း ပွန်းသွားလေ၏။ သူဆက်၍ မကစား နိုင်တော့သဖြင့် ဘေးမှပင်ထိုင်ကြည့်တော့မည် ဖြစ်ကြောင်း ပြောရာတွင် အားလုံးက သဘောမ တူသူတို့လဲ မကစားတော့ပြီဟု ဆုံးဖြတ်ကာ အတာ့အနာတွက် တင်ချာ၊ အ၀တ်စုတ်၊ ဂွမ်းစသည် တို့ကို တာဝန်ခွဲ ၍ ယူလာကြပြီး အတာ့ဒဏ်ရာကို ရယ်ကာမောကာ သူနာပြုနေကြတော့၏။
ထိုလမ်းထဲရှိ လူငယ်အားလုံးပင် ပထမအနေဖြင့် အတာ့သတ္တိကို လေးစားခဲ့ကြ၏။ နောက်ဆက် တိုက်ဆိုသလိုပင် မတရားလျှင် မကြိုက်သော မဟုတ်မခံစိတ်ကို ပြခဲ့၏။ နေရာလုရသည့် အနှောင့် အယှက်ကို စည်းလုံးညီညွတ်မူဖြင့် ပြေလည်သွားစေခဲ့၏။ ဘောလုံးကပ္ပတိန် ရွေးရာ၌ လည်းခေါင်းဆောင် ကိုမူ အနိုက်အထက်မယူ၊ သူတို့က ဇွတ်အတင်း တင်မြှောက်မှသာ သဘောတူ လက်ခံခြင်းအားဖြင့် အနိုင်ကျင့်မှု ကင်းကြောင်း သက်သေပြခဲ့သည်။ သူမပါရ ငါမပါရ ဟူသောပြဿနာကိုလည်း ကိုယ်ချင်းစာ စိတ်ကလေးဖြင့် ဖြေရှင်းပေးခဲ့သညါ။
ယင်းသို့သော် စံပြလောက်သည့် စိတ်ကောင်းကလေးတို့ကြောင့်ပင် လူငယ်အားလုံးလိုလို အတာ ကလေး အား ထိုင်ရာမထ လေးစားချစ်ခင်သွားကြ၏။ ဒူးမှအနာကို ပျာပျာသလဲ ဆေးထည့် စည်းနှောင်၍ ကိစ္စအ၀၀ပြီးသည့်တိုင်အောင်လည်း လူငယ်တို့သည် အတာ့အနီးမှမခွာ၊ အတာကို ဗဟိုပြုလျက် ၀ိုင်းဖွဲ့ စုထိုင်ကာ အတာ၏နောက်ကြောင်းရာဇ၀င်ကို ခင်ခင်မင်မင်မင် မေးခွန်းထုတ် လျက်ရှိကြ၏။
အတာကလည်း သူလူမှန်းသူမှန်း သိသည့်အရွယကစ၍ ယနေ့အထိ ကြုံခဲ့တွေ့ခဲ့ရသော သူ့ဘ၀ ဇာတ်ကြောင်းကို မှတ်မိသလောက် ဖောက်သည်ချလျက်ရှိသည်ကို သူတို့ထိုင်နေရာအနီးမှ ဓာတ်တိုင် မီးပွင့် လာသည့် အထိပင် အားလုံးပင် မပျင်းမရိ နားထောင်နေကြ၏။
"ကဲကွာ ငါသွားတော့မယ်၊ ဒီမှာထိုင်ပြီး လေပန်းနေတာနဲ့ အိမ်မှာ မီးခွက်ထွန်းဖို့တောင် ငါမေ့ သွားပြီ" ဟု ပြောပြောဆိုဆို ထလိုက်သည်နှင့် "ဟေ့ အတာ၊ ညကျရင် လာပါဦးလားကွ၊ မင်းနဲ့ စကားပြောရတာ တို့ပျော်တယ်" မြန်မာသာမက တရုတ်ကုလားလေးများကပါ အတာအား ပွဲတောင်းလိုက်ကြပြန်၏။
"အေးကွာ၊ လာနိုင်လဲ လာခဲ့မယ်၊ ဒါပေမဲ့ ငါကကျောင်းစာတွေ သိပ်နောက်နေတယ်ကွ၊ ကျက်ရ ရေးရ ဦးမယ်"
နောက်တစ်နေ့ညနေ အတာကျောင်းမှ ပြန်လာသည်နှင့် လှေကားရင်းတွင် စုပြုံရပ်နေသော အရပ်ထဲမှ သူငယ်ချင်း များကို တွေ့ရပြီး
"ဟေ့ အတာ၊ လွယ်အိတ်ထားပြီး လာခဲ့ကွာနော်၊ ဘောလုံးကန်ရအောင်"ဟု ကြိုတ င် စောင့် ခေါ် နေကြတော့၏။
ထိုလူငယ်များ သည်လည်း အားလုံးလိုလိုပင် ကျောင်းသားများဖြစ်ကြပြီး ကိုယ်ပိုင်ကား၊ ကျောင်း ကား စသည်တို့ဖြင့် ပြန်ကြသောကြောင့် ခြေကျင်လျှောက်ပြန်ရသော အတာထက်အနည်းဆုံး နာရီဝက် ခန့်စော၍ ရောက်ကြ၏။ သို့အလျောက်လည်း နေ့စဉ်နေ့တိုင်း အတာပြန်မရောက်မီက ပင်လှေကား ရင်းတွင် ထိုင်သူထိုင်၊ ရပ်သူရပ်ဖြင့် အတာအား လည်တဆန့်ဆန့်မျှော်ကာ အတာရောက်လာသည်နှင့် မရအရ ဆွဲတတ်ပြန်သောကြောင့် အတာ တွင် ကျောင်းမှပြန်ရောက် ရောက်ချင်း ကျောင်းစာများ ကို ပြီးစီးအောင် ရေးလေ့ဖတ်လေ့ရှိသော သူ့မူကလေး တစ်ခု သည် ပင်ပျက်မှန်းမသိ ပျက်သွား ရတော့၏။ သို့ညနေတိုင်း တပျော်တပါး ကစားခဲ့ရသည်မှာ အတာက လေးအဖို ခြောက်ရက်မျှသာ အသက် ရှည်၏။ ယင်းသည့်နောက်ပိုင်း ရက်များ တွင်မူ သူ့မေမေ ထမင်းစ၍ရောင်းပြီဖြစ်သော ကြောင့် အတာတွင်ပါ အားလပ်ခွင့် မရနိုင်ရှိလာတော့၏။ ထမင်းချက် ရောင်းသော လုပ်ငန်းမှာ သာမန်အားဖြင့် မသိသာသော်လည်း လက်တွေ့ တွင်မူ အလွန့်အလွန် ကျယ်ဝန်းရှုပ်ထွေးသော လုပ်ငန်းတစ်ရပ်ဖြစ်၏။
ငါးမြင်းရင်းဆီပြန် ဟင်းတစ်ခွက်သည် အမြင်အားဖြင့်ဘာမျှမဟုတ်၊ မည်သူကမျှည်း များသော အားဖြင့် ခဲရာ ခဲဆစ် ဟု သဘောထား၍စားသောက်လေ့မရှိ။ သို့သော် ထိုငါးမြင်းရင်းဆီပြန် တစ်အိုး ဖြစ်လာရန်မှာ ဆီ၊ နနွင်း၊ ငရုတ်၊ ကြက်သွန်နီ၊ ဖြူ၊ ဆား၊ ငါးပိ၊ ချင်းစိမ်း၊ စပါးလင်၊ ကြက်သွန်မြိတ် အစရှိသည့် အမယ်မယ်သော ဟင်းခတ်များသာမက အဆီအငေါ်တဲ့အောင် အချိန် အဆ တတ်ရန် ကလည်း လိုသေး၏။ ဟင်းခတ် အမယ်တစ်မည်ဖြစ်သော ကြက်သွန်တစ်ခု တည်းက အဘယ်မျှလောက် ဗာဟီရများသည်ကိုကြည့်လျှင် ထိုကြက်သွန်ကို အလုံးအတိုင်း ထည့်လိုက်ရုံဖြင့် ကိစ္စပြီးသည် မဟုတ်။ ရှေးဦးစွာ အခွံကိုနွှာရသေး၏။ ထောင်းရသေး၏။ မညက် တညက်ထောင်းရည် လည်းရှိ၊ ညက်ညက်ထောင်း ရသည်လည်းရှိ၏။ ကြက်သွန်သာမဟုတ် ငါးခုတ်ရာ၌ပင် အတုံး လှအောင်နှင့် မလေအောင် ခုတ်တတ်ရသေး၏။ အခြားသော ငရုတ်၊ နံနံ စသည်တို့မှာလည်း ထို နည်းနှင်နှင် အနုစိတ်ရသေးသည်ဖြစ်ရာ ဟင်းတစ်အိုးမျှအတွက် ဤမျှ လောက်ဗာဟီရများနေမူ ဆယ်မျိုးဆယ်မည် ထက်မနည်း ချက်ပြုတ်ရသော ထမင်းဆိုင်လုပ်ငန်း၌ အလယ်မျှအလုပ်ရှုပ်မည်ကို မှန်းဆ ကြည့်ရန်သာ ရှိတော့၏။
သို့အလုပ်ရှုပ်သလောက်လည်း သုံးယောက်မျှသာရှိသော အတာတို့ မိသားတစ်စုမှာ သူ့တာဝန် သူထမ်း၍ နေ့စဉ်နှင့်အမျှ အားရသည်မရှိအောင် ပန်းနေကြရတော့၏။
ကိုထွန်းအောင် မှာလည်း သူတတ်မြောက်အောင်မြင်လာသော ကျောက်ထိုးပညာဖြင့် တစ်ဖက် တစ်လမ်း ၀င်ငွေ ရှာရန် မှာလည်း ပညာတတ် အလုပ်လက်မဲ့ အသင်းဟူ၍ပင် ဖွဲ့စည်းနေ ရသော ခေတ်ဖြစ် သည်နှင့် အညီ အလုပ်သည်လွယ်လွယ်ကူကူ မရ။ ရသောအလုပ်မှာလည်း ရန်ကုန်တွင် မဟုတ်၊ တောင်တန်း ဒေသ အစ ရှိ သည့် အစွန်အဖျားတောမြို့များတွင် သွားရောက်လုပ်ကိုင် ရမည်ဖြစ် ၍ အံမကိုက် ရှိနေသည်နှင့် ထမင်းဆိုင်ကိစ္စတွင်ပင် ၀ိုင်းဝန်းလုံးပမ်းနေတော့၏။
ကိုထွန်းအောင်၏ တာဝ်နသည်လည်း မသေးလှ။ အားသွန်ခွန်စိုက်လုပ်ရသည့် လေးလေးပင်ပင် ချီမချက်ပြုတ်ရသော အလုပ်ဟူသမျှလည်း သူ့တာဝန်ဖြစ်၏။သို့တိုင်အောင် လေးပြည်ဝင် ကြေး အိုးကြီးနှစ်လုံးကို ကိုယ်တိုင်မ ကိုယ်တိုင်ချ၍ ချက်ပြုတ် ငှဲ့နှပ်ပြီးလျှင် "ငါ့တာဝန် အေးပြီ"ဟု ထိုင်နေ၍မရ။ ကြက်သော်လည်း ၀င်ခုတ်ပေးတန်ပေးရ၏။ ဒန့်ဒလွန်သီးသော်လည်း ကူခြစ်တန် ခြစ်ပေးရ၏။
အတာ့တာဝန်သည်လည်း မငယ်။ အရွယ်နှင့် မလိုက်အောင် လုပ်ကိုင်ပေးရရှာ၏။ ညနေကျောင်း မှ ပြန်လာသည်နှင့် မသိန်းမေအသင့်ရေစိမ်ထားသော ငရုတ်သီးတပုံတခေါင်းကို လက်အံသေ မတ်ထောင်း ရ၏။ ပြီးလျှင် သုံးပိဿာနီးပါးမျှသော ကြက်သွန်ဖြူနီများကို တစ်ယောက်တည်း ဒိုင်ခံ ၍နွှာ ရ၏။ ဤကိစ္စပြီးလျှင် တစ်ဖန်အရံသင့်ပြုတ်ထားသော အမဲအူများကို ဓားတစ်စင်းကိုင်၍ အရိအရွဲများ ထိုင်ခြစ် ရသေး၏။ အတာစိတ်အညစ်ဆုံးကား ဖော့ချိတ်ပုစွန်ကို အခွံနွာရသော အလုပ်ဖြစ်၏။ တစ်ခါတစ်ခါ ပုစွန်အခွံနွှာ ရလျှင် နှစ်ပိဿခွဲသည် အနည်းဆုံးဖြစ်သောကြောင့် တညောင်းကြီး ထိုင်၍ နွှာရ၏. စိတ်ရောကိုယ်ပါ မအားရရုံမက အလွန်လည်းလက်ဝင် ပျင်းလဲ ပျင်းစရာ ကောင်းသောကြောင့် သူ့မေမေ ပုစွန်ဝယ်လာပြီဆိုလျှင် အတာ နှာခေါင်းရှုံ့တော့၏။
"ဟဲ့ကောင် အတာ ထလေ၊ လက်ဖက်ရည်သွားဝယ်ချည်"
ညင်ညင်သာသာ မဟုတ်၊ မထမချင်း ခြေနှင့်ကန်နိုးတတ်သော မသိန်း၏အသံသည် နံနက် ၄နာရီ ၄နာရီခွဲလောက် ဆိုလျှင် ကြားရပြီဖြစ်၏။ အတာတွင်လည်း အိပ်ရေးမ၀တ၀နှင့်ပင် ထ ရတော့ကာ ရှေးဦးစွာ လက်ဖက်ရည်ဝယ်ရ၏။ ပြီးလျှင် ဟင်းလျာအတွက်လိုအပ်သော ငရုတ်သီးစိမ်း၊ ခရမ်း ချဉ်သီး၊ နံနံပင် စသည်များကို ၀ယ်ထားသည်နှင့် မလောက်လျှင် အတာပြေးဝယ်ရ၏။ တစ်ခါ တစ်ရံ ချင်းစိမ်း၊ နနွင်း၊ ငံပြာရည် စသည်တို့မှာလည်း ရုတ်တရက်ကုန်သွားတတ်သောကြောင့် အတာ ပင်ပြေးရ၏။
ဤလိုဖြင့်မပြီးသေး။ ကြိုတင်လုပ်ထား၍ မဖြစ်သော ချင်ပေါင်ရွက်ခြွေ၊ အာလူးနွှာ၊ ဘဲဥအခွံချွတ် စသည်ဖြင့် လည်း ၀ိုင်းဝန်းကူညီရရှာသေး၏။ သူတို့မိသားစု သုံးယောက်စလုံးပင် ၈နာရီလောက် တွင်မှ အသက်ရှူပေါက် ကလေး ရကြတော့လျက် မသိန်းမေတွင်မူ အချက်အပြုတ်ကိစ္စသာ ပြီးသွားသည်။ သူ့တာဝန် ကား မကုန်သေး၊ ဈေးသွား၍ ရောင်းရဦးမည် ဖြစ်၏။
ခါတိုင်း ရှစ်နာရီလောက်တွင် ကျောင်းရောက်နေတတ်သော အတာသည် ယခု အစောဆုံး ကျောင်း ရောက်ချိန်မှာ ၉နာရီဖြစ်လျက် တစ်ခါတစ်ရံ ကျောင်းတက်ပြီးမှ အတာ ရောက် သွားတတ်၏။
"မမ ကျွန်တော် နောက်ကျသွားလို့ ခွင့်ခွှတ်ပါနော်"
ကျောင်းရောက် နောက်ကျတိုင်း အတာသည် ဆရာမအား ဤလိုခွင့်ပန်လေ့ရှိ၏။ ဆရာမလည်း ဒိုတိယ အကြိမ် အတာကျောင်းပြန်ရောက်ပြီး အတာ့အပေါ်တွင် အတော်ကလေး စိတ်ထားပြောင်း နေပြီဖြစ်၏။ သို့သော် အတာကလေး လိမ္မာသည်နှင့် ထေမိလောက်အောင်ကား နှစ်နှစ်ကာမရှိ လှသေး။
ဂဏန်းသင်္ချာ တွက်ပြီး၍ဖြစ်စေ ကူးခိုင်းသောစာများ ရေးပြီး၍ဖြစ်စေ ဆရာမထံ သို့ ပြရာ ၌ ကျော်ကျော်နှင့် အတာပြိုင်တူလိုရောက်လာတိုင်း ဆရာမသည် ကျော်ကျော့်နဖူးမှ အမာရွတ် ကို မြင်လိုက်သည်နှင့် အတာအား မျက်မှောင်တကြုတ်ကြုတ်နှင့် ကြည့်ကာ မသိမသာ အားဖြင့် ငြိုင်ြသည့်အသွင်သို့ ပြောင်းသွားတတ်၏။
သို့တိုင်အောင် လည်း အတာ့အပေါ်၌ ဤလိုတငြိုငြိုငြင်ငြင်ဖြစ်မိတတ်သည့် စိတ်ကိုဆရာမသည် တတ်နိုင် သလောက် ဖျောက်ဖျက်ပစ်သည့် လက္ခဏာကို သူအမြဲပြလေ့ရှိ၏။
ယနေ့လည်း ကျောင်းတက်၍ ဘုရားရှိခိုးပြီးချိန်လောက်မှ ရောက်လာသော အတာသည် ၀င်လျှင် ၀င်လာခြင်း ထုံစံအတိုင်း သူနောက်ကျရသည့်အကြောင်း ဆရာမကိုခွင့်ပန်လိုက်၏။ ယခင်က အတာ ကလေး ဤလိုခွင့်ပန်တိုင်း "အေးအေး"ပြုံးပြုံးရယ်ရယ်နှင့် ခွင့်လွှတ်တတ်သော ဆရာမ သည်ယနေ့မူ အတာ ၀င်လာချိန်၌ သူ့အနီးတွင်ရပ်နေသော ကျော်ကျော့်နဖူးမှအမာရွတ်ကို တစ်စုံ တစ်ရာသော ဆေးဖြင့်ပွတ်လူးနေသည်ကိုတွေ့ရ၏။
ထိုအခိုက် တွင် အတာရောက်လာပြီး ခါတိုင်းနည်းတူ ခွင့်ပန်လိုက်သည်ကို ဆရာမလည်း ဘာတစ် ခွန်းမှပြန်မပြော ဘဲ မျက်စောင်းခဲ၍ပင် ကြည့်လိုက်သောကြောင့် အတာတွင်လည်း ယောင်အမ်း အမ်းကလေးနှင့် ပင် လှမ်းထွက်သွားရရှာတော့၏။
ဤလိုမျက်နှာငယ်ကလေးဖြင့် လှည့်ထွက်သွားသော အတာ့အမူအရာကို သတိထားမိပြန်သော အခါ၌ လည်း ဆရာမတွင် စိတ်မကောင်းဖြစ်နေ၏။ ချက်ချင်းပင် မျက်နှာကလေး အညှိုးသားနှင့် ထိုင်နေသော အတာအား ဆရာမသည် အပြုံးကလေးဖြင့် လှမ်းခေါ်လိုက်၏။
"ခုတလော မင်း ခဏခဏ ကျောင်းနောက်ကျတယ်ပါလား၊ အတာဘာဖြစ်လို့လဲ"
ချိုချို ရွှင်ရွှင် မျက်နှာထားဖြင့် ဆရာမက မေးလိုက်သည်ကို အတာလည်း သူ့မေမေ ထမင်းရောင်း နေသည်ဖြစ်၍ ၀ိုင်းကူညီလုပ်ကိုင်ပေးနေရသောကြောင့် တစ်ခါတစ်ရံ နောက်ကျရသည်ကို အတာ က ရှင်းပြ၏။
"နို့ မမရောက်တိုင်း ကျောက်သင်ပုန်းကတော့ အမြဲပြောင်နေပါလားအတာ၊ ဘယ်သူသုတ်သလဲ ဒါဖြင့်"
"ကျွန်တော် ပဲ သုတ်ပါတယ်မမ၊ ညနေ ကျောင်းလွှတ်ပြီးရင် ကျောက်သင်ပုန်းကို ကျွန်တော် တစ်ခါထဲ သုတ်ထား ခဲ့ပါတယ်၊ မနက်ကျရင် နောက်ကျမှာစိုးလို့"
ဆရာမလည်း အတာ၏လာဘ်မြင်ပုံ၊ ၀တ္တရားသိတတ်ကျေပွန်ပုံကို ချီးကျူးသောအားဖြင့် အတာ့ လက်မောင်း ကလေးကို အသာအယာဆွဲလှုပ်လိုက်ရင်းက
"မင်း သိပ်တော် တဲ့ ကလေးပဲကိုးကွယ် ဟင်၊ အေး သွား သွား"
အတာလှည့်ထွက်သွားသည်နှင့်ပင် ဆရာမလည်း ဟင်းခနဲ သက်ပြင်ချကာ သူ့ကိုယ်သူ တစ်စုံ တစ်ရာ မကျေနပ်သလိုဖြင့် ဆရာမသည် သူ့ပေါင်သူထုရင်း တစ်ခုခုကိုတွေးမိသလို ငေးနေမိပြန် ၏။
"မကောင်းဘူး မကောင်းဘူး၊ နည်းနည်းမှကို မကောင်းဘူး၊ ဒီစိတ်ကို ငါဘယ်လိုလုပ်ပြီး ဖျောက် ရ မလဲ၊ တောက်"
ဆရာမသည် တက်တခေါက်ခေါက်နှင့် စိတ်ထဲမှ ရေရွတ်ရင်း အားမလို အားမရ သက်ပြင်းတချချ ဖြစ်နေတော့၏။ ဆရာမသည် သူ့မောင်ကလေးကျော်ကျော် အား အတော် ကလေး ချစ်မြတ်နိုးပုံရ ၏။ သို့အလျောက်လည်း ကျော်ကျော်တွင် ရရှိခဲ့သော နဖူးမှဒဏ်ရာအတွက် ရင်မသက်သာ ရှိ ခဲ့သည်မှာ ယခုအထိဖြစ်၏။
ဆရာမ အား ကြည့်ရသည်မှာ အလှအပကို အတော်ကလေး မြတ်နိုးဟန်တူ၏။ ထို့ကြောင့်ပင် "ငါ့မောင်လေး မင်းကြောင့် အရုပ်ဆိုးသွားပြီ"ဟု အတာအား ရွယ်တူချင်း ရန်တွေ့သလို အခင်း ဖြစ်ပွားစဉ်က ပြောခဲ့ဖူးသည်ဖြစ်ရာ ယခုအထိလည်း ဆရာမသည် ကျော်ကျော့်အမာရွတ်အတွက် စိတ်မသက်မသာ ရှိနေသေးဟန်တူကာ ပျောက်နေပြီဖြစ်သော ထိုဒဏ်ရာကိုပင် အဘယ်သဘော ဟူ၍မသိ။ နေ့ရှိသလောက် သတိရတိုင်း ကျော်ကျော်အား ခေါ်၍ဆေးလိမ်ပေးဆဲ ရှိနေသေး၏။ သို့ကျော်ကျော့် အမာရွတ်ကို ဆေးလိမ်းပေးတိုင်းလည်း အတာကလေးအား တစ်မျိုး မျက်နှာထား ဖြင့်လှမ်း၍ စောင်း၍ကြည့်နေတတ်သေး၏။ "ဒင်းကြောင့် ငါ့မောင်လေး ဒီလိုဖြစ်ရတယ်" ဟူသော အကျိတ်အခဲသည် ဆရာမ၌ အစွဲအလမ်းကြီးနေသေးဟန်လည်း တူ၏။
သို့သော်လည်း ဤစိတ်သည် မကောင်းမှန်း သူသိ၏။ သိ၍လည်း ဖျောက်၏။ အတော်ကြိုးစား၍ ပင်ထိုအငြိုးကိုဖျောက်၏။ မပျောက်၊ ဖျောက်၍လည်းမရ၊ မရတိုင်းလည်း သူ့ပေါင်သူထုကာ သူ့ကိုယ် လည်း မကျေမနပ်ဖြစ်နေတတ်၏။
အိပ်ချိန်သည်သာလျှင် အတာ၏အားလပ်ခွင့်ဟု ဆိုရမလောက်ပင် နေ့စာသင်၍ ညနေပြန်လာ သည်နှင့် သူ့တာဝန်သူထမ်းနေရပြီး ညဘက်တွင် စာကျက်၊ နံနက် ၄နာရီထ၊ မိဘကို ၀ိုင်းကူး ဖြင့် အတာတွင် နေ့ရက်ကိုပင် မမှတ်မိနိုင်အောင် ရှိခဲ့သည့်အတိုင် ဆရာမတောင်းမှပင် ကျောင်း လခကို သတိရတော့၏။
နောက်တစ်ကြိမ် ကျောင်းအပ်ပြီးစ ပထမလကမူ မသိန်းမေသည် ကျောင်းလခကို စိတ်လိုလက်ရ ကြည်ကြည်ဖြူဖြူ ပင် ပေးလိုက်၏။
မသိန်းမေ တွင်လည်း ထမင်းစရောင်းလျှင် ရောင်းခြင်းပင် အခြေအနေသိသိသာသာ တိုးတက်လာ ၏။ လက်မလည်နိုင်အောင် ရောင်းကောင်းခဲ့သည်နှင့် အမျှလည်း ၈နာရီတွင် ဆိုင်ထွက်သော မသိန်းမေ၏ ထမင်းဟင်းများသည် ၁၀နာရီခွဲသည်နှင့် တက်တက်စင် ပြောင်သွားတတ်၏။
"ကဲ မသိန်းမေ၊ ထမင်းတစ်ပွဲထည့်ဗျာ"
"ကုန်ပြီလေ"
"ဟင် ခုမှ ၁၀နာရီထောင် မရှိသေးဘူး၊ ကုန်နေပြီလား"
"ဒါကြောင့် ရှင်တို့ကိုအပြောသားပဲ၊ ၉နာရီကကျော်ရင် အာမမခံဘူးလို့"
မသိန်းမေ၏ ထမင်းဆိုင်သည် သို့ထိအောင်ပင် အရောင်းအ၀ယ်သွက်ခဲ့၏။ ဤသည်မှာလည်း ထိုဈေးတစ်ဝိုက်တွင် ထမင်းဆိုင်ရှားပါး၍ မသိန်းမေရောင်းကောင်းနေခြင်းမဟုတ်၊ အချက် အပြုတ် ကောင်း၍ အစပ်အဟပ် တည့်ပြီး လတ်လတ်ဆတ်ဆတ်လည်း ရှိသောကြောင့်သာ ထမင်း ဆိုင် ပေါင်းများစွာရှိသည်အနက်မှ မသိန်းမေတစ်ဦးသာ သွက်သွက် လက်လက် ရောင်း နေရခြင်းဖြစ် ၏။
"မသိန်းမေရဲ့ စိတ်ကို ကျုပ်တော့ဖြင့် ဘယ်လိုမှ အကဲခတ်လို့မရဘူး"
သို့လျှင် ကိုထွန်းအောင် ပြောခဲ့ဖူးသည့်အတိုင်း အမှန်ပင် သူ့စိတ်နားမလည်နိုင်အောင် ရှိရတော့၏။
မသိန်းမေသည် အ၀တ်အထည် အစရှိသည်တို့ကို ရောင်ချခဲ့ရာ၌ ပိုးသက္ကလတ်အတုများကို အစစ်ဟု လိမ်ရောင်း ခဲ့၏။ မတန်တဆအမြတ်ယူခဲ့သည်လည်း ရှိ၏။ သို့သော် အစား အသောက် နှင့်ပတ်သက်လာမူ သူ့တွင် စိတ်ကောင်းရှိ၏။ ယခင်ပါးစပါပွဲစားအဖြစ် စီးပွားရှာခဲ့စဉ် ကပင် ငွေ ကလေးရွင်လာပြီဆိုက အမျိုးမျိုး ချက်ပြုတ်၍ မိတ်သင်္ဂဟတို့အား တ၀ကြီးကျွေးတတ်ခဲ့၏။ သူလည်း ကောင်းမှ စားသကဲ့သို့ သူတစ်ထူးကိုလည်း (အတာမှလွဲရင်)အကောင်း ချည့်ကျွေးတတ် ၏။
ယခု ထမင်းသည်ဘ၀ရောက်သည်၌လည်း မသိန်းမေသည် ဟင်းချက်ရာတွင် အထည်ရောင်းစဉ် ကကဲ့ သို့ အမြတ်ကို များများစားလိုစိတ်မရှိ၊ သူကောင်းကောင်းစားတတ်သကဲ့သို့ပင် သူတစ်ထူး ကို လည်းကောင်းကောင်း စားစေလိုသော စေတနာဖြင့် ဝေေ၀ဆာဆာ ချက်လေ့ရှိ၏။
ဆီပြန်ဟင်းဆိုလျှင် မျက်နှာပြင်ထက်သို့ ဆီလက်နှစ်လုံးလောက်တက်နေမှ မသိန်းမေသဘောကျ ၏။ မသိန်းမေ ဆိုင်မှ ချဉ်ပေါင်ကြော်သည် အခြားသောထမင်းဆိုင်များကဲ့သို့ ကုလား ပုစွန်ခြောက် နှင့် ဆီပါရုံကြော် ထားသော ချဉ်ပေါင်ကြော်မျိုး မဟုတ်။ အစိုပုစွန်ခြောက်ကို နုပ်နိုပ်စင်းကာ ဆီနိုင်း ချင်းနှင့်ကြော်လေ့ ရှိ၏။
အခြားသော ထမင်းဆိုင်များက တို့စရာအဖြစ် အပေါစားငံပြာရည်ဖျော်နှင့် သခွားသီး ကိုသာ ပေးလေ့ရှိသော်လည်း မသိန်းမေကမူ ငါးပိရည်ကျိုကောင်းကောင်းကို အိမ်ထောင်းငရုတ်သီး မှုန့်ဖြူး လျက် ပုစွန်ခြောက်မှုန့်ကောင်းကောင်းပါစွက်ကာ အရသာမြက်သွားအောင် ပေးလေ့ရှိ၏။ တို့စရာအဖြစ်မူ သခွားသီးကိုသူလည်းမကြိုက်၊ တို့ရသည် လည်း မြိုးမြိုးမြက်မြက် မရှိသော ကြောင့်သခွားသီးနှင့် စာ လျှင် ဈေးသာပိုဝယ်ရသော ဟင်းရွက်စုံချည်ဖတ်ကို ကြိုက် သလောက် နိုက်စား ဟု ဗုံးပေါလအော စေတနာဒလဟောဖြင့် အခမဲ့ပေးတတ်၏။
ဤသို့သော သူတစ်ထူးအား ကောင်းကောင်းစားစေချင်သည့် စေတနာဖြင့် ချက်ပြုတ်ရောင်း ချခဲ့ သောကြောင့်လည်း မသိန်းမေတွင် ယခုလိုနာမည်ကောင်း၍ အရောင်းတွင်ကျယ်ခဲ့ခြင်းဖြစ်၏။
သို့ လက်မလည်နိုင်အောင် အရောင်းတွင်ကျယ်ခဲ့သည်နှင့်အမျှ ဘေးလူအမြင်တွင် အားရဖွယ်ရာ ကြီးဖြစ်သော်လည်း ကိုထွန်းအောင်၌မူ လှိုက်လှိုက်လှဲလှဲဝမ်းမသာနိုင်ရှိနေရှာ၏။ မသိန်းမေသည် ယခင်က ပိုက်ဆံရှိ ရှိသလို တစ်ကျပ်မှ နှစ်ကျပ်ဖိုးအထိ ၃၆ကောင်ထိုးပြီး ငါးကျပ်မှ ဆယ့်ငါးကျပ် ဖိုးအထိ အပတ်စဉ်မြင်းလောင်းလျက် ယခုမူ အရောင်းအ၀ယ်ဖြောင့်၍ ငွေကလေးတောင့်လာ သည့်နှင့်အမျှ လောင်းကစားမှုရေချိန်သည်လည်း သိသိသာသာ တက်လာတော့၏။ တစ်ခါတစ်ရံ လေးငါးကျပ်ဖိုးအထိ ၃၆ကောင်ထိုး၍ အစိတ်သုံးဆယ်ပင် အကုန်ခံမြင်းလောင်းနေပြီဖြစ်၏။
ရှေးနည်း အတိုင်းပင် မသိန်းမေ၌ စီးပွားကျပ်လျှင် အတာပါရော၍ အငတ်ခံရသော်လည်း မသိန်း မေ၌ ငွေကြေးချောင်လည်လာ မှု ကြောင့် အတာတွင် ဘာမျှအကျိုးခံစားခွင့်မရ။ ရှိသမျှသော အ၀တ် အစား ဟောင်းကလေးများနှင့်ပင် ကျောင်းတတ်နေရရှာ၏။
ကျောင်းလခပေးရမည့်ရက်ကို ရောက်လာပြန်ပြီဖြစ်၏။ ယနေ့သည် ၁၀ ရက်နေ့လည်းဖြစ်၊ ဆရာမ ကလည်း ယမန်နေ့က သတိပေးလိုက်သည်ဖြစ်သောကြောင့် ကျောင်းလခတောင်းရန် သတိပင် ရ သော်လည်း သူ့မေမေ ပန်းဖျားဖျားနေသောကြောင့် အတာတွင် အတောင်းရခက်နေ၏။
နေ့စဉ်ရက်ဆက် ပင်ပန်းမှုဒဏ်ကြောင့် မသိန်းမေ ပန်းဖျား ဖျားခဲ့သည့်နှစ်ရက်အတွင်း၌ အတာ သည် ရှစ်နာရီ ဆိုလျှင် ကျောင်းရောက်နေပြီဖြစ်၏။ ယနေ့လည်း မသိန်းမေ မသက်သာသေး၍ ဈေးမထွက်နိုင် ရှိနေသည့် အတိုင်း အတာတွင်လည်း အားလပ်ခွင့်ရနေကာ စောစောပင် ကျောင်း သို့ထွက်လာခဲ့၏။
အတာ ကျောင်းသို့ ရောက်သည်နှင့် စောလွန်းအားကြီးနေသည်ဖြစ်သောကြောင့် ကျောင်းသားဆို ၍ သူနှင့် ငါးတန်းမှ မိန်းကလေးတစ်ယောက်သာ ရှိသေး၏။ ရောက်ရောက်ချင်းပင် ဆရာမ၏စားပွဲ ကုလားထိုင် များကို သုတ်သင်ရှင်းလင်းကာ ပျင်းပျင်းရှိသည်နှင့် အတန်းထဲမှ ထွက်လာ၏။
အခန်းပြင်သို့ သုံးလေးလှမ်းမျှ လှမ်းမိလျှင်ပင် ခေါင်းပေါ်သို့ လွှစာမှုန့်များ၊ ကျလာသည်နှင့် အတာ လည်း လွတ်ရာ သို့ ခပ်သုတ်သုတ် ပြေးထွက်လာကာ အပေါ်ထပ်သို့ မော့ကြည့်လိုက်သည်၌ ပြတင်းပေါက်မှ ပျက်နေဟန် တူသော တံခါးရွက်များကို ပြင်နေသည့် တရုတ်လက်သမားတစ် ယောက်ကို တွေ့ရသဖြင့် အတာ လည်း အမှတ်မထင် ငေးကြည့်မိတော့၏။
"အမယ် ဒီနေ့တော့ တယ်စောပါလား အတာ"
ပျင်းပျင်းနှင့် ရပ်ကြည့်နေမိသည်မှာ အဘယ်မျှကြာသွားသည်မသိ၊ ထိုအသံကြားမှပင် ရုတ်တရက် လှည့်ကာ
"ဟုတ်ကဲ့ မမ၊ ကျွန်တော်တို့မေမေ နေမကောင်းလို့ ဆိုင်မထွက်နိုင်ဘူး၊ သုံးရက်ရှိပြီ"
"သြ သြ"
ထိုမျှသာ ရေရွတ်ရင်း ဆရာမလည်း အတန်းဘက်လှမ်းထွက်သွား၏။ ကျော်ကျော်မှာမူ အတာနှင့် အတူ ကျန်ရစ်ခဲ့သဖြင့် "ဟေ့ ကျော်ကျော်၊ မင်းတို့ကော ဒီနေ့ ဘာကြောင့် အစောကြီးလာတာလဲကွ"
"သိပါဘူးကွာ၊ မမကတော့ စာမေးပွဲအတွက် လုပ်စရာတွေရှိလို့လို့ ပြောတာပဲ"
ဤတွင်ပင် စကားပြတ်သွားကြကာ အတာ မော့ကြည့်နေမိသကဲ့သို့ပင် တရုတ်လက်သမား ရှိရာသို့ ကျော်ကျော်ပါ ရောယောင် ငေးမောလျက်ရှိ၏။
"ဒါနဲ့ကွာ၊ ငါ မင်း ကို မေးမလို့ဟာ မေ့မေ့နေတယ်၊ မင်းတို့မမက မင့်နဖူးက အမာရွတ်ကို ဘာတွေ လိမ်းလိမ်းပေး တာလဲကွ၊ ဟင် အနာလဲပျောက်နေပြီ မဟုတ်လား"
"အလကား ပါကွာ၊ ဒီအမာရွတ်ထင်နေတာ ပျောက်အောင်လို့တဲ့၊ ဘာတွေမှန်းလဲ မသိဘူးကွ၊ ငါ သိပ်စိတ်ညစ် တာပဲ၊ ပျောက်လဲ ပျောက်တာမဟုတ်ဘဲနဲ့"
"တစ်နေ့နေ့ တော့ ပျောက်ရင် ပျောက်မှာပေါ့ကွာ၊ လိမ်းပစေပေါ့၊ သူက အကောင်းလုပ်ပေးတာပဲ ကွာ"ဟု အတာ က ပြောရင်း ကျော်ကျော့်နဖူးမှ အမာရွတ်ကို စမ်းကိုင်ကြည့်ရှုနေမိ၏။
ဤသည့် အပြုအမူကို အတန်းထဲတွင် ထိုင်နေသော ဆရာမကလှမ်း၍ မြင်လိုက်သည်နှင့် ရုတ်တရက် မျက်နှာပျက် သွားကာ ပျာပျာသလဲ ထလာပြီး တံခါးဝတွင် ရပ်လိုက်ရာမှ
"ကျော်ကျော် လာခဲ့ ဒီကို၊ ဒီမှာလာထိုင်နေ နင့်ကို ငါ ဘာမှာထားသလဲ"ဟု မျက်နှာထားတင်းတင်း ဖြင့် သို့ ပြောရင်း လှမ်းခေါ်လိုက်သောကြောင့် ကျော်ကျော်လည်း အတာအား တစ်ချက်မျှပင် လှည့်ကြည့်ကာ ချာခနဲ ပြေးထွက်သွားတော့၏။
ဆရာမလည်း ကျော်ကျော်အနီးသို့ ရောက်လာသည်နှင့်
"နင့်ကို ငါ ဘယ်နှစ်ခါပြောရမလဲ ကျော်ကျော်၊ နင့်နဖူးကို နင်ပြန်စမ်းကြည့်စမ်း၊ တစ်ပြဲ က နှစ်ပြဲ ဖြစ်ချင် လို့လား၊ အတာနဲ့ သွားကစားတာ မင်း"
"မကစားပါဘူး မမ ရဲ့၊ ရပ်နေတာပါ"
"ဘာဖြစ်ဖြစ် သွား ထိုင်နေချည်"
ထိုစကားများ ကို အတာ လုံးဝမကြား။ မည်သို့သော အဓိပ္ပာယ်ဖြင့် ဆရာမက ကျော်ကျော်အား လှမ်းခေါ် လိုက်သည်ဟူ၍လည်း အတာ မသိ။ တရုတ်လက်သမား တံခါးပြင်တပ်နေသည်ကိုသာ တငေးတမော ကြည့်နေ၏။ တရုတ်လက်သမား လည်း တံခါးရွက်ကို လက်တစ်ဖက်ဖြင့်ထိန်းကာ အခြားလက်က ပတ္တာ တွင် ဝက်အူထည့်၍ လှည့်နေရာမှ ရုတ်တရက်ဆိုသလို ဝက်အူလှဲ့ချော်သွား ၏။ ဤတွင် တံခါးရွက်ပါ ပေါင်ပေါ်မှ လျှောသွားပြီး တစ်ဖက်သောလက်ထဲတွင် မနိုင်မနင်းဖြစ် သွားကာ ကြိုးနှင့်ချည်ယမ်း သလို တံခါးရွက်သည် ဘယ်ပြန်ညာပြန် ယိမ်းနေ၏။
"ဟာ ဟာ ကျတော့မယ် ကျတော့မယ်"
အတာ လည်း အသည်းတထိတ်ထိတ်နှင့် ကြည့်ရင်း သို့လျှင် ယောင်ယမ်းရေရွတ်နေမိ၏။ တရုတ် ကလည်း လုံ့လမလျှော့၊ စွမ်းအားရှိသလောက် ထိန်းရင်း အခြားလက်တစ်ဖက်ဖြင့်လည်း လှမ်း၍ ဆွဲနေ ၏။ ရဲရဲလည်း မကုန်းဝံ့၊ လူရော တံခါးရွက်ပါ အားလွန်ကျသွားမည်ကိုလည်း စိုးရိမ်ရသေး သောကြောင့် သတိနှင့်ပြုမူနေရ၏။ တံခါးရွက်မှာ အတော်ကလေး ထုထည်ကောင်းပြီး အနံ အလျားပါကြီးသောကြောင့် ဖွေးနေသော တရုတ်မှာ တစ်ကိုယ်လုံးနီနေသည်ကို ကြည့်ခြင်းအား ဖြင့် အဘယ် မျှ အပင်တပန်းနှင့် အားစိုက်ခွန်စိုက် ထိန်းနေရသည်ကို ခန့်မှန်းနိုင်၏။
"ဟာ ကျပြီ ကျပြီ"
အတာတွင်လည်း သို့ရေရွတ်ရင်း ရင်တလှပ်လှပ် ကြည့်နေရာမှပင် ရုတ်တရက် ဖြူဖြူသဏ္ဍာန်ကို ရိပ်ခနဲ မြင်လိုက်ရသောကြောင့် အတာ့မျက်လုံးများသည် သူ့အတန်းဆီသို့ ရောက်သွားကာ တံခါး ပေါက် မှ ထွက်လာသော သူ့ဆရာမကို တွေ့လိုက်ရသည်နှင့်
"မမ မမ အပေါ်မှာ"
အတာလည်း အော်အော်ပြေးပြေးနှင့် ဆရာမဆီသို့ ဦးတည်ပြေးသွားကာ ဆရာမ၏ဝမ်းဗိုက်ကို အားစိုက် ၍ ဆောင့်တွန်းလိုက်တော့၏။
ထိုအဖြစ်သည် လျှပ်ပြက်သလို လျင်မြန်လှတော့၏။ သို့နှင့် ဆရာမအား အတာ တွန်းလိုက်သော အားမှာ သာမန်မျှ သာဖြစ်သော်လည်း ပြေးလာသည့်အရှိန်က ကောင်းလွန်းသောကြောင့် ဆရာမ တွင် ကိုယ်ကို မထိန်းနိုင်တော့ဘဲ နောက်ဘက်သို့ ယိမ်းယိုင်ကာ လက်ထောက်လျက်သား ဖင်ထိုင် ကျလုလု အချိန် မှာပင် ဝုန်းခနဲမြည်ဟီးသွားသော အသံကြီးနှင့်အတူ အတာသည်လည်း ခွေလျက် သား ပုံကျ သွားတော့၏။
ချက်ချင်းပင် ကျောင်းသူကျောင်းသားအချို့ရော ဈေးသည်များပါ ထိုနေရာသို့ ရောက်လာကြ၏။ ဆရာမတွင်လည်း ဘာလုပ်ရမည်မသိ။ အငေးသားကြောင်၍ ကြည့်နေမိလျက် ပါတာနီသည် ကုလားကမူ အတာ့ ကိုယ်ပေါ်တွင် တစ်ဖက်စောင်းပိတင်နေသော တံခါးရွက်ကြီးကို မနိုင့်တနိုင်နှင့် မ၍ဖွယ်နေစဉ် ဒရဝမ်ရော လက်သမားပါ ရောက်လာပြီး အတာကလေးကိုယ်ပေါ်တွင် ပြန့်ကြဲနေ သော မှန်ကွဲ အစအနများကို ဖယ်ရှားကာ အသာအယာပွေ့ချီလိုက်သည်နှင့် စိတ်မကောင်းအောင် ရဲနေသော အတာ့ပါး မှ သွေးများသည် သမံတလင်းပေါ်သို့ တဲတောက်တောက် ကျလျက်ရှိ၏။
ယင်းသည့်အဖြစ် ကို တွေ့လိုက်ရသည်နှင့် ဆရာမလည်းမကြည့်ဝံ့ မမြင်ရက်သလို လက်ဝါးနှစ် ဖက်ဖြင့် မျက်နှာကို အုပ်ကာ ချာခနဲလှည့်ပစ်လိုက်မိရှာ၏။
ထိုအခိုက်မှာပင် ဆရာမကြီးနှစ်ယောက်စလုံး အထိတ်တလန့်ရောက်လာကာ သွေးထွက်သံယို ကိစ္စ ဆိုလျှင် သူသာ တာဝန်ယူ၍လုပ်လေ့ရှိသော တီချာလတ်လည်း အတာ့အနီးသို့ အပြေး ကလေး ကပ်လာကာ ဒဏ်ရာကြီးသည် ငယ်သည်ကို သိလို၍လောမသိ၊ သွေးအတိဖုံးနေသော အတာ့ပါးကလေး ကို လက်ညှိုးဖြင့်အသာ သပ်ကြည့်လိုက်သည်၌
"အိုး" ဟုပင် အထိတ်တလန့် ရေရွတ်မိလျက် သူ့လက်ညှိုးကိုပါ သူပြန်၍ ပွတ်သပ်ကြည့်လိုက်ရာ တွင် လက်မဝက် ခန့်ပြဲသွားသည်ကို တွေ့ရပြီး
"ဒီမှာ ဆေးထည့်လို့မဖြစ်ဘူး၊ ဒဏ်ရာကြီးပုံရတယ်၊ ပြီးတော့ အသားထဲမှာလဲ မှန်စိုက်နေတယ်" ဟု တီချာလတ် က အင်္ဂလိပ်ဘာသာဖြင့် လှမ်းပြောလိုက်သည်ကို ဆရာမကြီးကလည်း
"ကဲ ဒါဖြင့် ဆေးရုံပို့မှပေါ့၊ ဟုတ်လား၊ မတော်လို့ အသားထဲ မှန်စကျန်နေရင် ဒုက္ခဖြစ်မယ်"
သို့နှင် ၂ မိနစ်လောက်အတွင်းမှာပင် ဆရာမကြီး၏မော်တော်ကားရောက်လာကာ တီချာလတ်နှင့် အတူ ပွေ့တင်ခေါ်ဆောင် သွားသည်အထိ အတာကလေးတွင် သတိမရရှာသေး။
မော်တော်ကား ထွက်သွားသည်နှင့် ဆရာမကြီးလည်း တရုတ်လက်သမား ကို ခေါ်တင်သွား ကာ ဖြစ်ပျက်ပုံကို စစ်မေးလျက်ရှိ၏။
ကျောင်းသား ကျောင်းသူများလည်း (အတာတို့ အတန်းသာမက အားလုံးသော အတန်းသားတိုင်း ပင်) ဟိုနေရာ တစ်စု သည်နေရာတစ်စု ဝိုင်းဖွဲ့ကာ သူတို့ချစ်သော အတာကလေးအကြောင်းသာ လျှင် တဖျစ်တောက်တောက် ပြောဆိုနေကြ၏။
တစ်ခါက စိန်ရင်ထိုး ကျပျောက်သည်ကို အတာကောက်ရ၍ လာပြန်ပေးသဖြင့် ကျေးဇူးတင် ချစ်ခင်နေသော ၇ တန်း မှ မိန်းမပျိုတစ်ယောက်မှာမူ အတာ့သတင်းကို ကြားရသည်နှင့် ချက်ချင်း ပင် အတန်းပိုင် ဆရာမကို ခွင့်ပန်လျက် သူ့ကားနှင့်ဆေးရုံလိုက်သွား၏။
မုန့်စားတန်းတွင် လည်း ဈေးသည်အားလုံးပင် အတာ့ဖြစ်အင်ကိုသာ ထင်မြင်ချက်အမျိုးမျိုးပေးရင်း ရင်ထု မနာဖြစ်နေကြတော့၏။
ကျောင်းတက် ဘုရားရှိခိုးချိန်ရောက်၍ ငါးပါးသီလ ပြီးလုလုတွင် ကျောင်းအောက်ဆီမှ မော်တော် ကား ဟွန်းသံပေါ် လာသည်နှင့် ရုတ်တရက်ဆိုသလို ဘုရားရှိခိုးသံများ တိတ် သွား၏။ ကျောင်းသူ ကျောင်းသားအားလုံးလိုလိုပင် လှုပ်လှုပ်ရွရွ ဖြစ်သွား၏။
ထိုဟွန်းသံမှာ ဆရာမကြီး၏ကားဟွန်းသံဟူ၍ တစ်ကျောင်းလုံးပင် ကျက်မိနေပြီဖြစ်သည့်အတိုင်း ထို ကားပြန်လာလျှင် အတာပါလာမည်ဟူ၍လည်း အလိုလို သိထားကြသည့်အတိုင်း အဆိုပါ ဟွန်း သံပေါ်လာသည်နှင့် ပင် သူတို့စိတ်ဝင်စားနေသော အတာအတွက် ရုတ်တရက် အာရုံပြောင်းကာ ဤလို တိတ်ဆိတ် သွားခြင်း ဖြစ်ဟန်တူ၏။ ကျောင်းသူကျောင်းသားများသာမက တာဝန်ကျသော ဆရာမ သည်ပင် ထိုဟွန်းသံကြောင့် ပြတင်းပေါက်မှ ငုံ့ကြည့်မိပြီး ဘုရားရှိခိုးရပ်သွားသော ကလေး များကို သတိပေးရန် မေ့သွားတော့၏။
ချက်ချင်းဆိုသလို အတန်းကြီးသမားများက ရှေးဦးစွာထ၍ ဆရာမနည်းတူ ပြတင်းပေါက်အသီးသီး မှ အလုအယက် ငုံ့ကြည့်ကြ၏။ နောက်အငယ်တန်းများပါ ထလာကြလျက် ခန်းမကြီးတစ်ခုလုံး တရုန်းရုန်းဖြစ်သွားသောကြောင့် ယခုမှ ဆရာမတွင် သတိရလာပြီး
"ဟေး ထိုင်ကြ၊ အားလုံး ကိုယ့်နေရာကိုယ်ထိုင်ကြ"ဟု ကြိမ်လုံးကို ဆတ်ခနဲ တဖျတ်ဖျတ်ရိုက်ရင်း သတိပေး လိုက်ရတော့၏။ သို့တိုင်အောင် မငြိမ်ကြသေး။ ကြည့်ပြီးသူက ထိုင်သော်လည်း မမြင်ရ သေးသူ က ထကြည့်ပြန်၏။ ဆရာမကြီးလည်း ထိုထိုဆူညံသံများကြောင့် ဘုရားရှိခိုးခန်းသို့ ကူး လာရာ ၌ ယင်းအဖြစ်ကို မြင်လိုက်ရသည်တွင် တစ်ကျောင်းလုံးက အတာ့အပေါ်တွင် အဘယ်မျှ စိတ်ဝင်စား ၍ ကြင်နာမှုပွားနေသည်ကို ယခင်ကထက်ပို၍ အကဲခတ်မိသွား၏။
ထို့နောက် အားလုံးသော ကျောင်းသူကျောင်းသားများသည် ဆရာမကြီးကို မြင်လိုက်ရသည်နှင့် ကိုယ့်နေရာ ကိုယ်ပြန်ကာ မကြာမီ ငြိမ်ကျသွား၏။ သို့သော် ဆရာမကြီး၏အမူအရာတွင် သဘော မကျသည့် လက္ခဏာမပြ။ ပြုံးပြုံးရယ်ရယ်ပင် အားလုံးကိုကြည့်၍ ပြန်ဝင်သွားသည်၌ ဒရဝမ်၏ လက် တွင် ပွေ့ချီလျက်သာ ခွေခွေကလေးပါလာသော အတာကို တွေ့လိုက်ရသည်နှင့် ဆရာမ ကြီးလည်း သုတ်သုတ်ကပ်သွားကာ အတာ့၏တစ်ဖက်ပါးကလေးကို တယုတယကိုင်ရင်း
"ဘယ်နဲ့လဲ ကလေး၊ မင်း နေကောင်းတယ်နော်"
"ကောင်းပါတယ်၊ တီချာကြီး"
အတာကလည်း အပြုံးကလေးနှင့်ပင် ပြန်ဖြေ၏။
"ခေါင်းကော မူးသလား ကလေး"
"ဟင့်အင်း မမူးပါဘူး တီချာကြီး၊ ကျောက နည်းနည်းနာတယ်"
ဤတွင် အတာနှင့်အတူပါလာသော တီချာလတ်က အကယ်၍ တံခါးရွက်သည် အတာ့ပေါ်သို့သာ တည့်တည့်မတ်မတ်ကျမည်ဆိုပါက အသက်ကိုပင် ထိခိုက်သွားဖွယ်ရာရှိကြောင်း၊ ယခုမူ တံခါး သည် ကျောပေါ်သို့ရှပ်၍ ကျသွားသောကြောင့်သာ ပွန်းပဲ့ရုံ အရေပြားလန်သွားကြောင်း၊ သို့သော် အကျနာ သဖြင့် အတွင်းကြေကြေပြီး ညိုမဲဖူးရောင်နေသည်ကိုမူ ဂရုစိုက်ရန်လိုကြောင်း၊ တံခါးရွက် မှ မှန်စ စင်ပြီး စူးဝင်သွားသည့်ပါးမှ ဒဏ်ရာမှာလည်း အလျားတစ်လက်မခန့်ရှိ၍ အတွင်းသို့ လက်မဝက် ခန့်နက်ကြောင်း စုံစုံစေ့စေ့ပင် ရှင်းပြလိုက်၏။
သို့ တီချာလတ် ရှင်းပြနေသည်ကို ဂရုတစိုက် နားစွင့်နေသော အတာ့ဆရာမလည်း တီချာလတ် စကားဆုံးသည်နှင့် အတာ့အနီးသို့ကပ်လာကာ တစ်စုံတစ်ရာ ပြောလိုဟန်ပြနေသော်လည်း အသံ နှင့် စကားဟူ ၍ တစ်လုံးမျှထွက်မလာဘဲ နှုတ်ခမ်းသာလျှင် တရွရွလှုပ်နေ၏။
ထိုအခိုက်တွင် ဆရာမကြီးလည်း အတာ့အား ပွေ့ချီထားသော ဒရဝမ်၏လက်မောင်းတစ်ဖက်ကို ဆွဲကာ ဘုရားရှိခိုးခန်း ထဲသို့ ခေါ်လာသဖြင့် ဤတွင်မှ တစ်ကျောင်းလုံး ပို၍ လှုပ်လှုပ်ရှားရှား ဖြစ် သွားတော့၏။
"ဒီမှာ ကြည့်ကြ၊ အားလုံးထိုင်ပြီး ငြိမ်ငြိမ်ကြည့်ကြ၊ ဟောဒီမှာ မင်းတို့်ချစ်တဲ့အတာ ပြန်ရောက်လာ ပြီနော်၊ သူ ဘာမှမဖြစ်ဘူးကွဲ့၊ နည်းနည်းပါးပါးပဲ ထိသွားတယ်၊ ကဲ ကလေးတွေ မင်းတို့ အားလုံး ကျေနပ်ပြီမဟုတ်လား"
"ကျေနပ်ပါပြီ တီချာကြီး"
"အေး အေး ကောင်းပြီ၊ အခု ဒီကလေး ဘာကြောင့် ဒီလိုဖြစ်ရသလဲဆိုတာကို နက်ဖြန် ဘုရားရှိခိုး ပြီးတဲ့အချိန်မှာ တီချာကြီး ပြောပြမယ်"ဟူ၍ စကားကို အဆုံးသတ်ပြီးသည်နှင့် ဆရာမကြီးအခန်း ထဲ ပြန်ဝင် သွားတော့။
ကျောင်းအုပ်ဆရာမကြီးလည်း အသင့်ပြင်ထားသော စားပွဲလွတ်တစ်ခုတွင် အတာအား လှဲတင်စေ လိုက်ပြီးမှ တီချာလတ်ဘက်သို့လှည့်ကာ အတာအား ဆေးရုံခေါ်သွားသည်နှင့် တရုတ်လက် သမား အား မေးကြည့်ရာတွင် မတော်တဆဘက်မှ လွတ်ကျသွားသည်ဟူသော အဖြေကလွှဲ၍ အခြားဘာမျှ မသိဟု တရုတ်ကပြောကြောင်း၊ သို့ မေးနေစဉ်မှာပင် အတာ့ဆရာမ တက်လာပြီး ယခုကဲ့ သို့ ဖြစ်ရသည်မှာ တရုတ်အပြစ် လုံးလုံးမဟုတ်ကြောင်းနှင့် အမှန်ဖြစ်ပုံကို အတာ့ဆရာမ က ရှင်းပြခဲ့ သည်တို့ကိုပါ ဆရာမကြီးက ပြန်လည်ပြောပြရင်း စကားကို ခေတ္တရပ်၍ အတာ့ဆရာမ ဘက်သို့ လှည့်ကြည့်သည် ၌ ခပ်စောစောကပင် ငိုထားသောကြောင့်လား မသိ။ မျက်စိနှစ်ကွင်း စလုံးပင် ရဲရဲနီလျက် ရှိသည်ကို တွေ့ရ၏။ ယခုလည်း မျက်ရည်လည်ရွှဲနှင့် ဝမ်းနည်းသလို တွေနေ ရာမှ
"ဟုတ်တယ် တီချာလတ်၊ အမှန်ကတော့ တရုတ်အပြစ်မဟုတ်ပါဘူး"
အတာ့ဆရာမလည်း သို့လျှင် တုန်နေသာအသံဖြင့် စကားစလိုက်ပြီးမှ
"တရုတ်အပေါ်မှာ ဘာလုပ်နေတယ်တော့ ကျွန်မလဲ မသိဘူး၊ အတာ မော့ကြည့်နေတာကိုတော့ ကျွန်မ သတိထား မိတယ်၊ တအောင့်လောက်ကြတော့ ကျွန်မလဲ အပေါ်ထပ်ရုံးခန်းကို တက်ဦးမယ် ဆိုပြီး ထွက် အလာမှာ အတာက မမ မမ ဆိုပြီး တစ်ခါထဲပြေးလာရာက ကျွန်မကိုတွန်းပစ်လိုက် တာ ကျွန်မ တစ်ခါထဲ ဖင်ထိုင်ရက်လဲသွားပြီး"
"မမ မမ"
ရုတ်တရက် ခေါ်လိုက်သော အတာ့အသံကြောင့် အားလုံးပင် အတာရှိရာ စားပွဲကလေးဆီသို့ လှည့်ကြည့်မိ၏။
ပက်လက်ကလေးအိပ်နေရာမှ တံတောင်နှစ်ဖက်ထောက်ကာ အားယူ၍ထနေသော အတာ ကလေး၏ လှုပ်ရှားမှုကို မြင်လိုက်ရသည်နှင့် အတာ့ဆရာမလည်း အပြေးအလွှားထသွားကာ အတာ့ကိုယ်ကလေးကို ပျာပျာ သလဲ ဖေးကိုင်ရင်း
"ဘာလုပ်မလိုပလဲ အတာ၊ မထနဲ့လေ၊ ပြော၊ မင်း ဘာလိုချင်လို့လဲ ရေသောက်မလား၊ မမ ခတ် ပေးမယ်လေ"
အတာ ကမူ ခေါင်းကလေးတယမ်းယမ်းခါပြပြီးမှ သူ့ဆရာမအား မော့ကြည့်လိုက်၏။ မျက်လုံးထဲ တွင်လည်း မျက်ရည်အပြည့် ဝေနေသောကြောင့်
"ဘာဖြစ်သလဲ အတာ၊ မင်း မင်း ဘာဖြစ်လို့လဲ၊ အနာက နာလို့လား"
အတာက မဖြေ၊ ခေါင်းသာလျှင် တွင်တွန်ခါနေ၏။ ဆရာမကြီး နှစ်ယောက်တွင်လည်း ထိတ်ထိတ် ပျာပျာဖြစ် သွားကာ အတာ့အနီးသို့ ထလာပြီး တစ်စုံတစ်ရာ မေးတော့မည်အပြုတွင်မှ
"ကျွန်တော် ကျွန် ကျွန်တော်ကြောင့် မမ ငိုရတာ နှစ်ခါ နှစ်ခါရှိပြီ"
သို့လျှင် အတာသည် တုန်နေသော အသံကလေးဖြင့် စကားစလိုက်၏။ သို့သော် ဘာအဓိပ္ပာယ်ဟု မသိကြသေးသည်နှင့် အားလုံးပင် ရှေ့ဆက်လာမည့် စကားကို နားစွင့်နေမိကြစဉ်
"ဟို ဟိုတစ်ခါတုန်းကလဲ ကျွန်တော်ကြောင့် ကျွန်တော်ကြောင့် ကျော်ကျော် နဖူးပေါက်သွားလို့ မမ မမ ငိုတယ်၊ ခုလဲ"
အတာ့အသံ သည် ရုတ်တရက် တိမ်သွားပြန်၏။ ဤတွင် ဆရာမက တစ်စုံတစ်ရာပြောတော့မည် ဟန် ပြင်လိုက်သောကြောင့် တီချာလတ်က လက်ကုတ်၍
"သူ့စကားဆုံးအောင် စောင့်လိုက်ပါဦး၊ ဆက်ပြောပါစေ"ဟု ဆရာမအား အင်္ဂလိပ်စကားဖြင့် တား လိုက်ပြီးမှ
"နောက်ကောကွယ်၊ ကဲ ဆက်ပြောပါဦး" ဟု နဖူးကလေးကို သပ်၍ အားပေးလိုက်သည်နှင့်
"ခုလဲ ခုလဲ မမ ကျွန်တော်ကြောင့် ငိုရပြန်ပြီ၊ ကျွန်တော် ကျွန်တော်တွန်းပစ်လိုက်လို့ မမ လဲကျ သွားတယ်၊ မမ ရှက်သွားမှာပေါ့၊ အဲဒါ ကျွန်တော်"
စကားစ ဤတွင်ပြတ်သွား၏။ မသိမသာ အတာ့စကားတွင် ရှိုက်သံကလေးပါ နှောလာ၏။
"ပြောလေ ကလေး"
"အဲဒါလေ ကျော်ကျော်ဖြစ်တုန်းကလိုပဲ ကျွန်တော် မမကို မမကို တမင်တွန်းပစ်တာမဟုတ်ပါဘူး မမရယ်၊ ဘုရားစူးပါ၊ မိုးကြိုးပစ်၊ မတော်လို့ မတော်တဆ တွန်းမိလို့ မမလဲကျသွားတာပါနော်၊ ကျွန်တော် တို့ စိတ်မဆိုးပါနဲ့ မမရယ်၊ အရင်တစ်ခါလို စိတ်မဆိုးပါနဲ့၊ ကျွန်တော် ကျွန်တော် ရှိခိုး ပြီးတောင်းပန်ပါတယ်"
ပြောပြော ဆိုဆို လက်အုပ်ကလေးချီလိုက်သောကြောင့် ဆရာမတွင် တစ်ခါတည်း အသည်းခိုက် သွားတော့၏။ ချီထားသော အတာ့လက်အုပ်ကို တစ်ဖက်က စုကိုင်၍ အခြားလက်တစ်ဖက် က ကျော်ကလေးကိုပွေ့ကာ အတာ့ပါးကလေးကို သူ့နှာခေါင်းနှင့် မွှေ့နေပြီးမှ
"မမ ခွင့်လွှင့်ပါတယ် အတာရယ်၊ စိတ်လဲမဆိုးပါဘူး၊ ကျော်ကျော်ဖြစ်တုန်းကလဲ မတော်တဆ ဆိုတာ မမ ခုဖြေလို့ရပါပြီ"
ဆရာမတွင်လည်း မျက်ရည်တရွဲရွှဲနှင့် ၀မ်းနည်းပန်းနည်း ပြောနေမိ၏။
"ခုတစ်ခါတော့ မင်းတမင်တွန်းတာပါ အတာရယ်၊ မမသိပါတယ်၊ ဒါကြောင့်လဲ မမကံကောင်း သွားတာပေါ့"ဟု ဆရာမက ပွေ့ပွေ့ဖက်ဖက် ပြောလိုက်သည်ကို
"ဟင့်အင်း၊ ကျွန်တော် တမင်တွန်းတာမဟုတ်ရပါဘူး မမရယ်၊ ဘုရားစူးပါ"ဟု အတာက အသနား ခံသလို မျက်ရည်ကလေးတယိုယို ပြောနေပြန်သောကြောင့် ဆရာမလည်း အတာအဓိပ္ပာယ် မရှင်းမလင်းဖြစ်သွားပြီကို သတိရသည်နှင့်
"အေးပါ ငါ့မောင်ရယ်၊ ကျော်ကျော်ဖြစ်တုန်းက နဖူးပေါက်အောင်ဆိုပြီး တမင်လုပ်တာ မဟုတ် ဘူးနော်"
"မဟုတ်ပါဘူး"
"အေး ခုတစ်ခါတော့ မမခေါင်းပေါ်ကို တံခါးကြီးကျလာမှာစိုးလို့ အတာက မမကို တွန်းပြီး ဖယ်လိုက်တာ မဟုတ်လား"
"ဟုတ်ကဲ့" ဟု ဝန်ခံလိုက်ပြီးမှ ပျာပျာသလဲ လက်ကာရင်း
"ဒါပေမဲ့ ကျွန်တော် တမင်တွန်းတာ မဟုတ် မဟုတ်"
"အေးပါ မဟုတ်ပါဘူး၊ မမကို ထိမိမှာစိုးလို့ မင်းက တွန်းလိုက်တာ မမ မတော်တဆ လဲကျသွား တာ ဆိုပါတော့ကွယ် နော်"
ယခုမှပင် အတာကလေး ရေလည် ကျေနပ်သွားတော့၏။
"ဒီလို အဖက်ဖက် က ထူးခြားတဲ့ ကလေးမျိုးကို ဆရာမကြီးဖြင့် ဒီတစ်ခါပဲ တွေ့ဖူးသေးတယ်"
သို့လျှင် ဆရာမကြီးနှင့် တီချာလတ်တို့က အမြတ်တနိုး အင်္ဂလိပ်စကားဖြင့် ချီးကျူးလိုက်သည်ကို ဆရာမကလည်း အားကျမခံ
"ရှက်တော့ ရှက်စရာပါပဲ၊ ဒါပေမဲ့ မှန်တဲ့အတိုင်းဝန်ခံရရင် ကျွန်မမောင်ကလေး နဖူးကွဲပြီးကတည်း က သူ့ကြောင့်ဖြစ်ရတယ်ဆိုတဲ့ စိတ်ဟာလုံးလုံး ဖျောက်မရခဲ့ဖူး၊ မတော်တဆဆိုတဲ့ စကားကိုလဲ ကျွန်မ လက်မခံ နိုင်ခဲ့ဘူး၊ ခုတော့ ဒီကလေးကြောင့်ပဲ ကျွန်မ ကောင်းကောင်းကြီး သင်ခန်းစာရ သွားပါပြီ၊ မတော်တဆဖြစ်တတ် တဲ့ သဘောကိုလဲ ကျွန်မ ခြွင်းချက်မရှိ သဘောပေါက်လက်ခံနိုင် ပါပြီ၊ အဲဒါ ဒီကလေး ရဲ့ကျေးဇူးပါပဲ ဆရာမကြီး"
ဆရာမ လည်း ဝမ်းသာအယ်လဲ မျက်ရည်ကလေးတရွဲရွဲနှင့် ဝန်ခံရင်း အတာ့ခေါင်းကလေးကိုပင် အနူးအညွတ် ပွတ်နေမိတော့၏။
ဆက်ရန်

.
No comments:
Post a Comment