" အေး၊ ဒါဖြင့် အလုပ်သင် ကန်ထရိုက်စာချုပ် တစ်ခါတည်းရေးလိုက်ကြရအောင်၊ ဒါပေမဲ့ သူ လက်မှတ် မထိုးမချင်း၊ ဒီစာချုပ်ဟာ ဘာမှ အသုံးမ၀င်ဘူးနော် ခရစ္စတိုဖာ၊ သူ သဘောမတူ လည်း လေးနှစ်စောင့်ပေါ့ ကွာ၊ ဟုတ်ပြီလား "
" ဟုတ်ကဲ့၊ ကျေးဇူးပါပဲ "
ခရစ္စတိုဖာ သည်မျှသာ ပြန်ပြောသည်။ ဒေးဗစ်လို ရွှန်းရွှန်းဝေအောင် သူ မပြောတတ်ပေ။ ကို ဆက်ဖတ်ရန်..............
အခန်း (၁၆)
သုံးရက် အပြင်းအထန် ခံလိုက်ရပြီး ဒိုလားရက်စ် လောကကြီးကို စွန့်ခွာသွားလေသည်။ စောစော ကတည်း က ရောဂါဝင်နေပြီး သားဇောကြောင့် တင်းခံနေခြင်းများလားဟု ကာလက် သံသယဖြစ်နေ သည်။ ကြီးမားစွာ ရလိုက်သည့် နောင်တတရားကို ရင်မှာပိုက်ပြီး ဒိုလားရက်စ်၏ ကလေးများကို လိုက် ရှာသည်။ ခြောက်သွေ့အေးမြသည့် ရာသီကို ရောက်လာပြီဖြစ်၍ သည်နှစ်ရောဂါကပ်ဘေးမှာ အရှိန်လျော့ သွားလေပြီ။
သို့သော် အပ္ပဂျွန်းမိသားစုကို ခြေရာခံ၍ မရတော့ပေ။ ရပ်ကွက်မှ ပြောင်းရွှေ့သွားကြပြီး သည်ရပ်ကွက် တွင် လူအများစုမှာ ဇာတ်မြှုပ်ထားကြသူများဖြစ်၍ သည်နှစ်ရောဂါကပ်ဘေးမှာ အရှိန်လျော့သွားလေပြီ။
သို့သော် အပ္ပဂျွန်းမိသားစုကို ခြေရာခံ၍ မရတော့ပေ။ ရပ်ကွက်မှ ပြောင်းရွှေ့သွားကြပြီး သည်ရပ် ကွက်တွင် လူအများစုမှာ ဇာတ်မြှုပ်ထားကြသူများဖြစ်၍ တစ်ဦးနှင့်တစ်ဦး အဆက်အဆံလည်း နည်း လှသည်။ သူတို့သားအဖတွေ ဘယ်ပြောင်းသွားသည်ကို ဘယ်သူမှ မသိကြပေ။
ဒေးဗစ် နာလန်ထလာသည်နှင့် အလန်ဂျူဟန်၏ ကန်ထရိုက် စာချုပ်ကို ကိုင်ပြီး ခရစ္စတိုဖာ အဖေ နှင့် ရင် ဆိုင်သည်။ ဖီးလစ်က စာချုပ်အောက်မှ နေ့စွဲကို ကြည့်ပြီး -
" သြော် ငါ့သားက ဒီလောက်တောင် ဖြစ်နေတာကိုး "
" ခင်ဗျာ "
" ဒေးဗစ် သေမယ်ထင်ပြီး အလွတ်ရုန်းဖို့ ကြိုးစားတာပေါ့ ဟုတ်လား၊ ၀က်သစ်ချမြိုင်ကို မင်း ဒါလောက် မုန်းတီးနေ ရင် ဖေဖေ မတားပါဘူး "
ခရစ္စတိုဖာ အပြင်သို့ ငေးနေသည်။ မိမိအနေဖြင့် အတော်လေး နှလုံးသားမဲ့ရာ ရောက်နေကြောင်း ခရစ္စတိုဖာ သူ့ကိုယ်သူ သိလိုက်သည်။
" သူများဆီမှာ ပညာသင်ဘ၀နဲ့ ၀င်ရမှာ။ မင်း လွယ်မယ် ထင်သလား ခရစ္စတိုဖာ "
" ကိစ္စမရှိ ပါဘူး ဖေဖေ "
ဖီးလစ် ပြုံးသည်။ ပြီးမှ ခပ်ဆိုင်းဆိုင်း ပြောသည်။
" အေးလေ ၀မ်းသာစရာပေါ့။ မင်းအရွယ်နဲ့ ဘာလုပ်ရမယ်ဆိုတာ ပြတ်ပြတ်သားသား ဆုံးဖြတ်နိုင်လို့ပဲ။ တချို့ ဆိုရင် အသက်ကြီးတဲ့အထိ ဘာလုပ်ရမှန်းမသိဘဲ ဝေခွဲမရ ဖြစ်နေတတ် ကြတယ် "
ဖီးလစ်က ပြောပြောဆိုဆို ကလောင်ကို မင်အိုးထဲ စိုက်လိုက်ပြီး ခရစ္စတိုဖာ၏ လက်မှတ်အောက် မှ ရေးချလိုက်သည်။
ကျွန်ုပ်၏ သားဖြစ်သူ ခရစ္စတိုဖာလန်းအား အထက် စာချုပ်ပါ အချက်အလက်များအတိုင်း သူ၏ အသက် မပြည့်သေး မီ ကာလပိုင်းကို အလုပ်သင်အဖြစ် လုပ်ကိုင်ခြင်းအား ခွင့်ပြုကြောင်းအောက်တွင် လက်မှတ်ရေး ထိုးပါသည်။
ဖီးလစ်လန်း
" ကျွန်တော် မြို့ထဲကို ပြောင်းနေရလိမ့်မယ် ဖေဖေ။ ဒီကနေ နေ့တိုင်း အလုပ်ဆင်းဖို့ မလွယ်ဘူး။ မစ္စတာ ဂျူဟန် က သူ့အိမ်မှာ အခန်းတစ်ခန်းပေးမယ်တဲ့ "
" ကောင်းပြီလေ "
ဖီးလစ် သည်မျှသာ ပြန်ပြောသည်။
အကျိုး အကြောင်း ဇနီးလုပ်သူအား ပြန်ပြောတော့ ဂျူးဒစ် ဒေါပွလေတော့သည်။ သားကြီး ဒေးဗစ် က နေကောင်းစ ပြုလာသော်လည်း အမေလုပ်သူမှာ ရက်ရှည် ပင်ပန်းခဲ့၍ ယဲ့ယဲ့မျှသာ ကျန် တော့သည်။
ထိုထက် ဆိုးသည်မှာ ဖီးလစ်ကလေး မရှိကတည်းက အိမ်ကြီးမှာ ဟာလာဟင်းလင်းကြီး ဖြစ်နေခဲ့ သည်။ ခရစ္စဆိုဖာ က ထွက်သွားဦးမည်တဲ့။ ၀က်သစ်ချမြိုင်သည် ရိပ်သိမ်းပြီး ရိုးပြတ်များကို မီးရှို့ ထား သလို ခြောက်သွေ့နေတော့မည်။ သုသာန်တစပြင်လို တိတ်ဆိတ်နေတော့မည်။
ခရစ္စတိုဖာ သည် အလွန်အေးဆေးသည့် သားဖြစ်၏။ လူတော်ကလေးတစ်ယောက်လည်း ဖြစ်သည်။ အလွန် ယုံကြည် စိတ်ချရသည်။ သို့သော် အရွယ်လည်း မရောက်သေး။ ဘယ်လို ခွဲနိုင် ပါမည်လဲ။
" အို သူသွားချင်တိုင်း သွားလို့ ဘယ်ရမလဲ အစ်ကို၊ ဂျူးဒစ် မခွဲနိုင်ပါဘူး "
ဖီးလစ်က ပိုပြီး တည်တည်ငြိမ်ငြိမ် ရှိသည်။
" သူလုပ်ချင်တာ လုပ်ခွင့်ပေးလိုက်တာ ပိုကောင်းတယ် ဂျူးဒစ်၊ မဟုတ်ရင် အဖေနဲ့အမေ အပေါ်မှာ ကျေနပ်တော့မှာ မဟုတ်ဘူး။ အစ်ကိုလည်း ဘယ်စိတ်ကောင်းပါ့မလဲ။ သူများအိမ်မှာ စာရင်း ကိုင် အလုပ်သင်အဖြစ်နဲ့ သွားနေမလို့တဲ့။ သူနဲ့ဖြစ်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ သူ ဒါလောက် ပြင်းပြနေ ရင် စမ်းကြည့်ပေစေလေ "
" ဒါဆို ဘယ်တော့မှ ပြန်မလာတော့ဘူးပေါ့နော် "
ဂျူးဒစ်က တံခါးမှ သော့တွဲကို လက်နှင့်သပ်ရင်း စိတ်မသက်မသာဖြင့် မေးလိုက်သည်။ ဖီးလစ်က ပြုံးပြီး -
" ကိုယ်တော့ မထင်ဘူး။ သူ ဟိုမှာ နေကိုနေရတော့မယ်။ ပြန်လာချင်လို့လည်း မရတော့ဘူး။ ဒါပေမဲ့ ကိုယ် ပြောရဲ ပါတယ်၊ သူ မခံနိုင်ပါဘူး။ မယုံကြည့်နေ၊ သူ လန်ထွက်လာလိမ့်မယ်။ ကိုယ်လည်း သူ့အရွယ် တုန်းက အိမ်ပြေးဘ၀ ရောက်ခဲ့တာပဲ။ လုပ်ချင်တာ လုပ်ခွင့်မရလို့ အိမ်ပြေး ဖြစ်ရတာလေ။ ဒါကြောင့် ကိုယ့်ကလေးတွေ ကို ကိုယ့်လို မဖြစ်စေရဘူးလို့ ကိုယ်ဆုံးဖြတ်ထားတယ် ဂျူးဒစ် "
သည် အကြောင်းပြချက်ကြောင့် ဂျူးဒစ် ဘာမှ ဆက်မပြောနိုင်ဖြစ်သွားသည်။
သို့သော် မိဘတွေ အပေါ် ပြတ်ပြတ် တောင်းတောင်း လုပ်သွားသော သားငယ်ကိုကား ခွင့်မလွှတ် ချင်ပေ။
ဝက်သစ်ချမြိုင် စံအိမ်ကြီးသည် ပို၍ကြီးလာပြီး ပို၍ တိတ်ဆိတ်လာ၏။ သည်တော့မှ သားသမီး သံယောဇဉ် ဘယ်မျှကြီးကြောင်း ဂျူးဒစ် ကိုယ့်ကိုယ်ကိုယ် သတိထားမိတော့သည်။ ခုတော့ ဒေးဗစ်ကိုသာ မျက်စိအောက်က အပျောက်မခံနိုင်အောင် အရိပ်တကြည့် ကြည့် ပြုစုနေ လေသည်။ သည် တစ်ယောက်ကိုပါ ဆုံးရှုံးခံရလျှင် ဘ၀ပျက်တော့မည့်နှယ် အထိတ် တလန့် ဖြစ်နေရှာသည်။
ဒေးဗစ် တဖြည်းဖြည်းနှင့် လူကောင်းနီးပါး ပြန်ပြည့်လာသည်။ သို့သော် ဂျူးဒစ်က လူမမည်ကလေး တစ်ယောက် ကို ပြုစုသလို ပြုစုနေဆဲ။ ဖီးလစ် သတိပေးယူရသည်။
" ဂျူးဒစ်ရယ်၊ သူ ကလေးလေး မဟုတ်တော့ပါဘူး။ ဘာလို့ ဒါလောက် အဖြစ်သည်းနေတာလဲ၊ သူ ကြိုက်မယ် မထင်ဘူးနော် "
" အို ဘာလို့ မကြိုက်ရမှာလဲ၊ သားကြီးက အမေမှ အမေရှင့် "
" ဟုတ်ပါတယ်၊ ကိုယ် ၀မ်းသာပါတယ်။ ဒါပေမဲ့ ကိုယ်ပြောသမျှ မင့်သားဘက်က ၀င်ဝင်ပြီး ရှေ့နေ လိုက် တာတော့ မကောင်းဘူး။ ညကလည်း ဂျူဟန့်သားလေးနဲ့ ခွက်လှည့်သောက်နေတာ ကိုယ် ဟန့်မယ် လုပ်တော့ မင်း ၀င်တားတယ်။ ခုမှ နာလန်ထစ ရှိသေးတာ "
" အို သူ မူးမှ မမူးတာ "
" ဒါပေမဲ့ ၁၉ နှစ်မပြည့်ခင် အရက်စသောက်ရင် ပျက်စီးမှာပဲ။ ကိုယ်က ဘ၀နဲ့ရင်းပြီး တည်ဆောက် ခဲ့တဲ့ ဒီလုပ်ငန်းကြီး ကို ကိုယ့်တာဝန်ကိုယ် မသိတဲ့ ငမူးတစ်ယောက်ရဲ့ လက်ထဲမှာ ထားခဲ့ရမယ့် အဖြစ်ကို မင်း စဉ်းစားကြည့်လေ၊ ခုထိတော့ ဒေးဗစ်ဟာ မဆိုးသေးပါဘူး "
ဂျူးဒစ် က သားဘက်မှ အပြတ် ကာကွယ်ပြန်သည်။
" အို … ၀က်သစ်ချမြိုင် နဲ့ ပတ်သက်ပြီး အစ်ကို မပူပါနဲ့။ အလုပ်ကို သူ ဘယ်လောက် စိတ်ဝင်စားလဲ၊ ဘယ်လောက် မြတ်နိုးလဲ။ မိန်းကလေးတစ်ယောက်ကိုတောင် သူ့မြေကြီးလောက် ချစ်မှာ မဟုတ်ဘူး "
ဖီးလစ် ပြုံးသည်။ မှန်ပါသည်။ ဒေးဗစ်သည် အလုပ်ကို အလွန်ကြိုးစားသူ၊ မြတ်နိုးသူ ဖြစ်ပါသည်။ အဖေ တစ်ယောက် အနေဖြင့် ဂုဏ်လည်း ယူပါသည်။ သို့သော် တစ်ဖက်မှ အလုပ်ကြိုးစားသလောက် ခပ်ရမ်းရမ်း လုပ်တတ်သည့် ညဉ်ကလေးလည်း သူ့မှာရှိသည်။
ဇန်န၀ါရီလ ထဲတွင် ၀က်သစ်ချမြိုင်အတွက် စီမံကိန်းတစ်ခု ရေးဆွဲပြီး ဒေးဗစ် တင်ပြလာသည်။ လက်တွေ့မကျဘဲ ဖြစ်နိုင်ချေ နည်းသော်လည်း သုတေသနလုပ်ချင်သည့် စိတ်ဓာတ်ကို ဖီးလစ် သဘောကျနေ၏။ နယူးအော်လီယန်းကို ခရီးထွက်ခွင့် တောင်းသည်။ ဂျူးဒစ်က ကောင်းကောင်း မကျန်းမာသေး၍ မသွားသင့်ကြောင်း ကန့်ကွက်သည်။ သို့သော် သားလုပ်သူက မအေကို ကြည့်ရယ်ပြီး -
" မေမေက ကျွန်တော့်ကို တစ်သက်လုံး ဇွန်းနဲ့ ခွံ့ကျွေးနေတော့မှာလား "ဟု ထမင်းစား စားပွဲပေါ် ထိုင်ရင်း ခြေထောက် ကို လွှဲကာလွှဲကာ ပြောသည်။ ဆေးခင်းထဲမှ ပြန်လာသည့် ဖအေ့ကို လှမ်းပြုံးပြ လိုက်ပြီး -
" ဒီမယ် ဖေဖေ၊ ကျွန်တော် ဘိုရေးဆိုတဲ့ လူတစ်ယောက်ကို တွေ့ချင်နေတယ်။ နယူးအော်လီယန်း အထက်ပိုင်း က ခြံလုပ်ငန်းရှင်ကြီး တစ်ယောက်လေ။ သူက ကြံနဲ့ ပစ္စည်းတစ်မျိုး ထုတ်ဖို့ ကြိုးစား နေတယ်တဲ့ "
" ဒါပေမဲ့ သားရယ်၊ ကြံအကြောင်း သိချင်ရင် ဒီမှာ လေ့လာလည်း ရပါတယ်ကွယ်။ မေမေတို့ ကြံခင်းတွေ လည်း နောက်လလောက်ဆိုရင် ခုတ်တော့မှာပဲ။ ပြီးတော့ …. "
ဖီးလစ်က ဂျူးဒစ်စကားကို ဖြတ်ပြီး -
" ခဏလေး ဂျူးဒစ်၊ သူ ဆက်ပြောပါစေဦး၊ အဲဒီ ဘိုရေးက ဘာလဲ "
" ဒီလို ဖေဖေရ၊ ဘိုရေး ဆိုတဲ့လူက ကြံကို အရည်ညှစ်ပြီး အရည်ကနေ အမှုန့်ဖြစ်အောင် လုပ်နေ တယ်တဲ့ " ဒေးဗစ် စိတ်အားထက်သန်စွာ စကားဆက်သည်။
" သူ အရူးထတာ ဖြစ်ချင်ဖြစ်ပေစေ၊ ကျွန်တော် သွားလေ့လာချင်တယ်။ ကြံရည်တွေကို ကျိုပြီး အအေးခံ လိုက် ရင် သဲမှုန့်ကလေးတွေလို ဖြစ်သွားတယ်။ အဲဒီပစ္စည်းကို သကြားလို့ခေါ်တယ်တဲ့ ဖေဖေ။ အရမ်းချိုတာ ဆိုပဲ။ အိတ်ထဲထည့်ပြီး ပို့ရုံပဲလေ "
ဖီးလစ် က မယုံကြည်နိုင်သလို မျက်မှောင်ကုတ်နေစဉ် ဒေးဗစ်စကားဆက်သည်။
" ဖေဖေ စဉ်းစားကြည့်လေ၊ ကျွန်တော်တို့ အင်တိုက်အားတိုက် လုပ်နိုင်ရင် အမေရိကန် ပြည်နယ်တွေကိုရော၊ ဥရောပကိုပါ တင်ပို့နိုင်မယ်လေ။ ဘယ်ကိုဖြစ်ဖြစ် ပို့လို့ရပြီပေါ့။ ကျွန်တော် အဲဒီနည်း ကို သေသေချာချာလေ့လာမယ်။ ဖေဖေက ကျွန်တော့်ကို မြေတွေနဲ့ အလုပ်သမားတွေ ခွဲပေး "
" လောလောဆယ် အလုပ်ဖြစ်နေတဲ့ စိုက်ကွင်းတွေထဲက အလုပ်သမားတွေကို သားက ခွဲယူပြီး ကြံရည် ကျိုခိုင်းမယ် ဟုတ်လား၊ ပြီးတော့ အေးသွားရင် ဘာဖြစ်တယ်ဆိုလား၊ အဲဒီအမှုန့်တွေ …။ အင်း … စမ်းကြည့်သင့် ပါတယ်၊ တို့လည်း သီးနှံတစ်မျိုးမျိုး အစားထိုးဖို့ အစီအစဉ် ရှိနေတာပဲ "
ဖီးလစ် က သားဖြစ်သူ၏ အလောတကြီး စိတ်ကူးများကို သံသယ ရှိတတ်သော်လည်း ယခုစီမံကိန်း ကိုမူ စိတ်ဝင်စားနေသည်။
" မဲနယ်အစား စိုက်မှာလားဟင် "
ဂျူးဒစ် အားတက်သရော မေးလိုက်သည်။ နွေရောက်လျှင် မဲနယ်ပင်တွေ ဖိတ်ခေါ် သဖြင့် ရောက်လာကြသည့် နှံကောင်ဧည့်သည်တွေကို သတိတရ မေးလိုက်ခြင်းဖြစ်သည်။
ဖီးလစ် အဖြေကြောင့် ဂျူးဒစ် စိတ်ပျက်သွား၏။
" မဟုတ်ဘူး ဂျူးဒစ်၊ ဆေးပင်တွေကို အစားထိုးမှာ။ ကင်တတ်ကီမှာ ဆေးတွေ သိပ်ထွက်နေတယ်၊ အမျိုးအစားလည်း တို့ဆေးတွေထက် ပိုကောင်းတယ်။ ခုထိ ကင်တတ်ကီကလူတွေ တို့ဆေးဈေးကွက်ကို ၀င်မဖျက်သေးတာက နယူးအော်လီယန်းကို သူတို့ လာရာင်းရင် နိုင်ငံခြား ကုန်သွယ် ခွင့် ပေးရမှာ ကြောင့်လေ။ ဒါပေမဲ့ အမေရိကန်တွေက မြစ်ရိုးတစ်လျှောက်ကို အကောက်ခွန်မဲ့ ဆိပ်ကမ်းတွေ လုပ်ဖို့ ကြိုးစားကြတယ်။ အဲဒါ အောင်မြင်သွားရင် တို့ဆေးခင်းတွေကို ဓားနဲ့ လိုက်ယမ်း ပစ်ရုံပဲ။ ဘယ်လိုမှ သူတို့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး "
" ဒါပေမဲ့ သူတို့ဆီမှာ ကြံစိုက်လို့ မဖြစ်ဖို့က သေချာတယ်။ ကြံက နေရောင်ခြည် သိပ်လိုတယ်လေ။ ကင်တက်ကီ က သိပ်အေးတယ် ဆိုပဲ။ ကျွန်တော် လှေတစ်စင်း စီစဉ်လိုက်တော့မယ်နော် ဖေဖေ "
ဒေးဗစ်က မျှော်လင့်တကြီး ပြောလိုက်၏။
" လုပ်လေ၊ ဒါပေမဲ့ သား သိပ်ပြီး ဆန္ဒမစောနဲ့။ ကြံကနေ သကြားလို့ ခေါ်တဲ့ အမှုန့်ဖြစ်အောင် လုပ်မယ် ဆိုတာ သိပ်စိတ်ကူးယဉ်လွန်းအားကြီးတယ် ဒေးဗစ် "
သို့သော် ဒေးဗစ်ကို ဘယ်အရာကမှ တားဆီး၍ မရတော့။ နယူးအော်လီယန်းကို တစ်ချိုးတည်း လစ်တော့ ၏။ ဂျူးဒစ်ကမူ ကြံစိုက်စိုက် ဘာစိုက်စိုက် မဲနယ်ပင်တွေအစား စိုက်စေချင်သည်။ မဲနယ်ခင်း ထဲတွင် နေလာသည်မှာ အနှစ်နှစ်ဆယ် ရှိခဲ့ပြီဖြစ်သော်လည်း ခုထိ အသားမကျသေးပေ။ အိမ်ထဲ ကို နှံကောင်တွေ ၀င်လာလျှင် စိတ်ဂှုပ်ဆဲ။ ရေစည်ပိုင်းတွေထဲ ပိုးကောင်တွေ ကျလျှင် အော့ချင် အန်ချင် ဖြစ်နေဆဲ။ ရေစည်တစ်ဝိုက်တွင် ကျသေနေကြသည့် နှံကောင်တွေကို ယင်တလောင်းလောင်း အုံနေလျှင် ပလိပ်ရောဂါကို တွေးကြောက်နေဆဲ။
" ရိုးရာယဉ်ကျေးမှု ဖွံ့ဖြိုးရေးနဲ့ မဲနယ်ပင်တွေကို တစ်နေရာတည်းမှာ ရောနှောစိုက်ပျိုးလို့ မရနိုင်ပါ ဘူး" ဟု နွေရာသီရောက် ၍ အိမ်သန့်ရှင်းရေးလုပ်တိုင်း ဂျူးဒစ် ညည်းညူတတ်လေသည်။
ဒေးဗစ် ထွက်သွားပြီး တစ်လအကြာတွင် သီရိမြိုင်သို့ ဖီးလစ်တစ်ယောက်တည်း မြင်းတစ်စီးဖြင့် ထွက်လာ ခဲ့သည်။ ဝေါ်လ်တာပါစယ်အတွက် သူတို့မိသားစု ပူဆွေးသောက ရောက်နေဆဲအချိန် ဖြစ်၏။ တစ်ဆောင်းတွင်း လုံး ဂျာဗာစီကိုရော ကလေးများကိုပါ မတွေ့ရ၍ ဖီးလစ် လာခဲ့ခြင်းဖြစ် သည်။
ဖီးလစ် ကို မြင်တော့ ဂျာဗာစီ့သမီးလေး အေမီလီ ပန်းခြံထဲမှ ပြေးထွက်လာပြီး ကြိုသည်။ အေမီလီမှာ အငယ်ဆုံး မလေးဖြစ်သည်။ ရှစ်နှစ်ကိုးနှစ်သားရှိဦးမည်။ ဆံပင်နက်နက်နှင့် အမေတူ ကလေးဖြစ်၏။
" မင်္ဂလာပါ အေမီလီ၊ သမီးတို့ အိမ်သားတွေ နေကောင်းကြတယ်နော် "
အေမီလီကလေးက ဒူးညွှတ်အရိုအသေပြုရင်း -
" ဟုတ်ကဲ့ပါ အန်ကယ်ဖီးလစ်၊ နေကောင်းကြပါတယ်ရှင့် "
ဖီးလစ်လက်ကို လှမ်းဆွဲပြီး တစ်ချက်ရယ်သည်။
" ဒါပေမဲ့ အထဲမှာ ပွဲကြီးပွဲကောင်းပဲ အန်ကယ်ဖီးလစ် "
" ပွဲကြီးပွဲကောင်း ဟုတ်လား "
" ဟုတ်တယ် အန်ကယ်ဖီးလစ်၊ မေမေနဲ့ အစ်ကိုတွေနဲ့လေ "
ဖီးလစ် အံ့သြသွားသည်။ ဂျာဗာစီသည် အလွန်ညင်သာသည့် အမျိုးသမီးဖြစ်၏။ ဘာအတွက် သားတွေနှင့် ရန်ဖြစ်နေ ပါလိမ့်။
အေမီလီက လက်ကိုတွဲလျက် အိမ်ထဲ လှမ်းဝင်ပြီးခါမှ -
" အန်ကယ် ဟိုဘက် ဆက်သွားမှ ထင်တယ်၊ အပြန်မှ ၀င်မယ်နော်၊ သမီးမေမေကို ပြောလိုက်၊ ဒေးဗစ်ဆီက စာလာတယ်လို့၊ သမီးရဲ့ အစ်မ ဘာဘက်တီရော၊ သူ့ ကလေးတွေ ပါ နေကောင်းကြတယ်လို့ "
" မသွားပါနဲ့ အန်ကယ်ဖီးလစ်၊ ၀င်သွားပါ၊ မေမေက အန်ကယ်ဖီးလစ်နဲ့ တွေ့ချင်နေမှာပါ "
လှည့်ထွက်မည် အပြုတွင် လေသာဆောင်သို့ ဂျာဗာစီ ထွက်လာသည်။ လက်မြှောက်ပြပြီး -
" ဟင် ဖီးလစ်၊ လာလေ အထဲကို၊ အသံကြားလို့ ထွက်လာတာ၊ ဂျူးဒစ်ကော နေကောင်းရဲ့လားဟင် "
ဖီးလစ် အံ့သြသွားရပြန်သည်။ ဂျာဗာစီ၏ အမူအရာတွင် ဒေါသဟူ၍ မြူငွေ့မျှမရှိ။ ပြန်နှုတ်ဆက်ပြီး နယူးအော်လီယန်း မှ သမီးကြီး၏ သတင်းကို ပြောပြလိုက်သည်။ သားတွေနှင့် ရန်ဖြစ်နေသည် ဆိုလျှင် လည်း အရေးကြီးသည့် အကြောင်းအရာ မဖြစ်နိုင်ဟု ဖီးလစ် နားလည်လိုက်၏။ ဂျာဗာစီမှာ လွန်ခဲ့သည့် ခြောက်လက လင်ဆုံးခဲ့သည့် မုဆိုးမနှင့် လုံးဝမတူ။ သောက ၀တ်စုံကိုလည်း ဆင်မြန်းခြင်း မပြုတော့။ နှင်းဆီရောင်ဝတ်စုံ ကို ကြော့နေအောင် ဆင်မြန်းထား၏။ ဆံပင်ကို ပန်းနု ရောင်ဖဲကြိုးဖြင့် ချည်နှောင် ထုံးဖွဲ့ထားသည်။ တစ်စုံတစ်ခုကြောင့် ရင်တွင်းမှာ ကျိတ်ပျော်နေသည့် အလား မျက်နှာ တွင် သွေးရောင်ကလေး ရေးရေးထင်နေသည်။
" အင်း ဒေးဗစ်ကလေးက လိမ္မာလိုက်တာနော်၊ ဘာဘက်တီဆီ အရောက်သွားပြီး သတင်းပေးဖော် ရတယ်။ ကဲ … လာ ဖီးလစ်၊ ၀ိုင်သောက်သွားပါဦး။ ဂျာဗာစီမှာ စကားပြောဖော် ငတ်နေတာ ဖီးလစ်ရဲ့။ သားတွေ က မအေကို ၀ိုင်းချဲနေကြတယ်လေ "
ဂျာဗာစီက ရယ်ပြီး -
" အေမီလီ မပြောဘူးလား "
ဖီးလစ်က သူ့နောက်မှ လိုက်သွားရင်း ရယ်သည်။
" ပြောတယ် ပြောတယ်၊ အစ်ကိုတွေနဲ့ အမေနဲ့ ပွဲကြီးပွဲကောင်းပဲတဲ့ "
ဂျာဗာစီ က ဖီးလစ်၏ လက်ကိုဆွဲပြီး ခန်းဆီးလိုက်ကာကို ဆွဲဖွင့်လိုက်သည်။ သားနှစ်ယောက်၏ မျက်နှာတွေ မှာ နီမြန်းနေကြ၏။ မိုင်ပေါင်း ၁၀၀၀ ကျော်မှ ရောက်လာသည့် ခရီးသည်ကို ကြိုသလို သူတို့ ညီအစ်ကို ဖီးလစ်အား ကြိုဆိုနှုတ်ဆက်သည်။
" မနက်ဖြန် ဂျာဗာစီ လက်ထပ်တော့မယ် ဖီးလစ်၊ အဲဒါ ဂျော့နဲ့ ဟယ်ရီက အပြင်းအထန် ကန့်ကွက် နေကြတယ် "
ဂျာဗာစီက ဖန်ခွက်ထဲသို့ ၀ိုင်ငှဲ့ရင်းပြောသည်။ ဟယ်ရီက ဒေးဗစ်နှင့် ရွယ်တူ။ ဂျော့က နှစ်နှစ်ငယ် သည်။
" အန်ကယ်ဖီးလစ် ကို မေမေ အားလုံး ပြောပြလေ "
ဟယ်ရီက ဂျစ်ကန်ကန် အမူအရာဖြင့် ၀င်ထောက်သည်။ ဂျာဗာစီက လုံးဝ ဣနြေ္ဒမပျက်ဘဲ ဖီးလစ်ကို ဖန်ခွက်ကမ်းပေးရင်း -
" သားပဲ ဆက်ပြောပါကွယ် "
ဂျော့က -
" အန်ကယ်ဖီးလစ်၊ မေမေ့ကို နားဝင်အောင် ပြောပေးပါဦးဗျာ၊ အန်ကယ် စဉ်းစားကြည့်ပါ၊ မမြန်လွန်း ဘူးလားလို့ "
ဖန်ခွက်လှမ်းယူရင်း ဂျာဗာစီဘက် လှည့်ပြီး ဦးညွှန်လိုက်သည်။ ကြားရသည့် သတင်းကြောင့် ဖီးလစ် အံ့သြတန် သလောက် အံ့သြသွား၏။ သို့သော် သူ့သားတွေလောက်တော့ အထိတ်တလန့် မဖြစ်မိ။
" အင်း ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ဒီကိစ္စ အန်ကယ်နဲ့ မဆိုင်ဘူးကွ။ ဒါပေမဲ့ သားတို့ ပြောစေ ချင် လို့ ပြောရရင်တော့ သားတို့နဲ့လည်း မဆိုင်ဘူးကွယ့်"
ဂျာဗာစီ အသံထွက်အောင် ရယ်နေသည်။ ညီအစ်ကိုနှစ်ယောက် ချက်ချင်း တုံ့ပြန်ကြသည်။
" အန်ကယ်ဖီးလစ်၊ သူက မေမေ့ထက် ခြောက်နှစ်တောင် ငယ်တယ်ဗျ "
" ပြီးတော့ ခြူးတစ်ပြားမှ မရှိဘူးတဲ့ "
" ဖေဖေဆုံးတာကလည်း ဘာမှကြာသေးတာမဟုတ်ဘူး "
" အဲဒီလူက ဘာလဲ သိလား အန်ကယ်ဖီးလစ်၊ ဘာမှ ဟုတ်တိပတ်တိ အလုပ်မရှိဘူး၊ ပြဇာတ်ရူး ဂီတရူး "
" ကျွန်တော်တော့ မေမေ ရူးနေပြီ ထင်တာပဲ "
ဖီးလစ် မရယ် ဘဲ မနေနိုင်တော့ပေ။ သားတွေက ဒေါသူပုန်ထနေ၏။ ဂျာဗာစီက ဒါကို ပျော်စရာအဖြစ် ပြုံးလို့။ ဘာမှ နားလည်ဟန်မတသည့် အေမီလီကလေးက ရန်ပွဲကို ကြည့်ပြီး တခစ်ခစ် ရယ်နေသည်။
" သားတို့ကလဲကွယ်၊ ဘာလို့ အမှန်အတိုင်း မပြောကြတာလဲ၊ ကိစ္စမရှိဘူး၊ မေမေပဲ ဆက်ပြောမယ်၊ ဒီလို ဖီးလစ် "
" ပြောပါ ဂျာဗာစီ "
" လူချောလူခန့်တစ်ယောက် ကို ဂျာဗာစီ လက်ထပ်တော့မယ်။ သူ့နာမည် လူးဝစ်ဗဲလ်ကိုးတဲ့။ နယူးအော်လီယန်း က ရောက်လာတာ တစ်နှစ်ပဲ ရှိသေးတယ်။ ဟယ်ရီပြောသလို ခြူးတစ်ပြားမှ မရှိ တာတော့ မဟုတ်ပါဘူး၊ သူ့မှာ အနည်းအကျဉ်း ရှိပါတယ်။ သိပ်တော့ မများဘူးပေါ့။ သား တို့ ဖေဖေကလည်း ဂျာဗာစီ ဈေးဝယ်ထွက်တိုင်း သားတွေဆီမှာ လက်ဝါးဖြန့် တောင်း မနေရအောင် တော်တော်များများ ထားခဲ့တယ်လေ။ ဂျာဗာစီ လက်ထပ်ရင် ဒါတွေ ဆုံးရချေရဲ့ထင်လိ့ အနုပညာ သမား လူးဝစ်ကို ဂီတရူးဘွဲ့ပေးပြီး ကန့်ကွက်နေကြတာလေ ဖီးလစ်ရဲ့ "
သူ့အတွက် ၀ိုင်ငှဲ့ပြီး ကုလားထိုင်နောက်မှီကို တံတောင်ဆစ်နှင့် အားပြုကာ ဂျာဗီာ သောက်နေသည်။ နှင်းဆီသွေးရောင် ဖဲကြိုးကလေးသည် ဆံပင်နက်နက်တွင် တလက် လက် တောက်နေ၏။ တကယ့် သတို့သမီး တစ်ယောက်၏ အသွင်ကို ဆောင်နေ၏။ မနူးမနပ်အရွယ် သတို့သမီးငယ် ၏ အမူအရာမျိုး မဟုတ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ဖြင့် ဆန္ဒမှန်သမျှ တို့ ပြည့်ဝနေသည့် မိန်းမရွယ်တစ်ယောက်၏ အမူအရာ။ ယခင်က တစ်ခါမှ မတွေ့ဖူးသော လျှို့ဝှက် စွာ ပျော်ရွှင်နေသည့် သူ့မျက်နှာ။
ဂျာဗာစီသည် ယခင်က မပျော်ရွှင်ခဲ့သော မိန်းကလေးတစ်ယောက်တော့ မဟုတ်ပေ။ ဝေါ်လ်တာပါစယ် သည် လူရိုသေ ရှင်ရိုသေ လူရိုးလူဖြောင့် တစ်ယောက်၊ ၀တ္တရားကျေသည့် လင်သား တစ်ယောက်ဖြစ်သည်။ အလားတူ ဂျာဗာစီလည်း မယားဝတ်ကျေသည့် ဇနီးကောင်း တစ် ယောက် ဖြစ်ခဲ့ သည်။ သို့သော် အချစ်သည်းသည့် လက္ခဏာကတော့ သူတို့လင်မယား ကြားတွင် မရှိခဲ့။
ဖီးလစ်က ချာတိတ်နှစ်ယောက်ဘက်သို့ လှည့်ပြီး -
" သားတို့ မေမေကို သားတို့ နားလည်ဖို့ ကောင်းတာပေါ့ကွာ။ အခု မေမေ လက်ထပ်မှာက ပြင်သစ်လူမျိုးလေ။ အင်း … မင်းတို့ နားလည်နိုင်ပါ့မလားမသိဘူး။ ဒါပေမဲ့ အန်ကယ်ဖီးလစ် သာ မင်းတို့နေရာမှာဆိုရင် နားလည်နိုင်အောင် ကြိုးစားမှာပဲ "
" ကျေးဇူးတင်ပါတယ် ဖီးလစ် "
ဂျာဗာစီကလည်း သားတွေနှင့် မျက်နှာချင်း ဆိုင်လိုက်သည်။
" ဒီမယ် နားထောင်၊ ၂၂ နှစ်လုံး မေမေဟာ ဗိုင်းကောင်းကျောက်ဖိ အိမ်ရှင်မဘ၀နဲ့ မှဲ့တစ်ပေါက် မစွန်းအောင် နေခဲ့တယ်။ ကိုယ့်ဘ၀ကိုယ် ကျေနပ်ခဲ့တယ်။ ချိုသာတဲ့ ဇနိး၊ တာဝန်ကျေတဲ့ မိခင် ဘ၀တွေကို ငြီးငွေ့စွာ ဖြတ်သန်းခဲ့တယ်။ ခု လွတ်လပ်ပြီ။ မေမေ အချစ်သစ်တွေ့ပြီ။ ရူးတယ်လို့ ဆိုချင်ဆို၊ သတ္တိရှိတယ်၊ မှန်တယ်လို့ ပြောချင်ပြော၊ မနက်ဖြန်ကို လူးဝစ်ဗဲလ်ကိုးနဲ့ လက်ထပ်မယ်။ သားတို့ သူနဲ့ မျက်နှာချင်း မဆိုင်ချင်အောင် ဖြစ်နေရင်လည်း ဆိုင်ဖို့ မလိုဘူး။ မေမေတို့ မြို့ထဲမှာ အိမ်ငှားနေ မယ်။ ဘ၀မျာ ဒီတစ်ခါတော့ ဖြစ်သင့်တာ မဖြစ်စေဘဲ ဖြစ်ချင်တာကို မေမေ ဖြစ်အောင် လုပ်ယူတော့ မယ် "
ဂျာဗာစီ ပြောပြီးတော့ အားလုံး ငြိမ်နေကြသည်။ တင်းမာစွာ ငြိမ်သက်နေခြင်းမျိုး။ နောက်ဆုံး ဖီးလစ်ဆီမှ ခပ်တိုးတိုး အသံထွက်လာသည်။
" ဂုဏ်ယူပါတယ် ဂျာဗာစီ "
ဂျာဗာစီ ပြုံးသည်။ ဟယ်ရီနှင့် ဂျော့တို့နှစ်ယောက် ပြိုင်တူ သက်ပြင်းချကြသည်။ ဟယ်ရီက နောက်ဆုံး အနေဖြင့် ကန့်ကွက်သေးသည်။
" ထားပါလေ၊ ကျွန်တော်တို့က ကိုယ့်ကိုယ်ကိုယ် ထိန်းနိုင်တဲ့အရွယ်ရောက်နေပါပြီ။ အငယ်တွေ အတွက် ဘယ်လို စီစဉ်မလဲ "
" ဝေါ်လ်တာကလေး ကို နယူးအော်လီယန်းမှာ ဘော်ဒါထားလိုက်မယ်။ အေမီလီကတော့ သီရိမြိုင်မှာပဲ ဆက်နေနေ၊ မေမေနဲ့ လိုက်နေနေ ရတာပဲ "
ဖီးလစ်က ဧရာမ ကုလားထိုင်ကြီး တစ်လုံးထဲတွင် ခွေခွေကလေး ထိုင်နေသည့် အေမီလီကလေးကို ပြုံးကြည့်ပြီး မေးလိုက်သည်။
" ကဲ မစ္စအေမီလီ၊ သမီးကလေးက ဘယ်သူနဲ့ နေမလဲ "
" သမီး ဘယ်သူနဲ့ နေရမလဲဟင် "
အေမီလီက မျက်လုံးကလေး ကလယ်ကလယ်နှင့် ဖီးလစ်ကို ပြန်မေးနေသည်။
" မေမေနဲ့ နေရင် သမီး ပိုပျော်မှာပေါ့ကွယ် "
" ဒါဖြင့် မေမေနဲ့ နေမယ် "
ဂျာဗာစီ က သမီးငယ်ကို ငုံ့နမ်းလိုက်သည်။
" မေမေ ထင်သားပဲ "
ဂျာဗာစီ အလောသုံးဆယ် နောက်လင်ယူသည့် ကိစ္စသည် အမျိုးသမီး များ၏ နှုတ်ဖျား တွင် ရေပန်းစားလျက်ရှိ၏။ ဂျာဗာစီကမူ ဒါမျိုးကို အိမ်နောက်ဖေး သစ်တောထဲမှ သစ်ရွက်တွေ လေတိုးသံလောက်ပဲ သဘောထားလေသည်။
ဂျာဗာစီသည် မြို့ထဲတွင် အိမ်ကလေးတစ်လုံးငှားပြီး အမျိုးတူ ပြင်သစ် လင်ငယ်ကလေးနှင့် နှစ်ယောက် ထဲနေကာ ပျော်နေလေ၏။ ရက်သတ္တပေါင်းများစွာ တစ်လောကလုံးတွင် သူတို့နှစ် ယောက်တည်းရှိသလို တ၀ကြီးနေပြီးမှ တီးတိုးတီးတိုး သဖန်းပိုး လုပ်နေကြသော အပေါင်းအသင်း များကို ဖိတ်ပြီး ညစာကျွေးလေ သည်။
ဖိတ်သမျှ အားလုံးလာကြ၍ ဧည့်သည်တွေ စုံလင်လှသည်။ အသက် ၃၁ နှစ်တွင် အဘွားဘွဲ့ ခံယူ ထားသော ဂျာဗာစီကို အပိုင်ချိုင်သည့် ကိုရွှေပြင်သစ်ကြောင့် ဂျာဗာစီ တစ်ယောက် မကြာခင် သည်းကွဲ လိမ့်မည်ဟု နိမိတ်ဖတ်နေကြသည်။ တစ်ပြိုင်တည်းတွင် ဂျာဗာစီ့ယောက်ျား အသစ်စက် စက်ကလေး ကိုလည်း ကြည့်ချင်နေကြ၏။
လူးဝစ်ဗဲလ်ကိုးမှာ အသားညိုညို၊ အရပ်မြင့်မြင့်နှင့် အလွန်ရွှင်သူဖြစ်၏။ သူက နေပုံမှာ ကြမ်းနှင့် ခြေထောက် ထိသည် မထင်ရဘဲ လေထဲတွင် ၀ဲပျံနေသည်နှင့်တူ၏။ ဒုံမင်းလည်း ကျွမ်းကျွမ်း ကျင်ကျင် တီးနိုင်၏။ အဆိုလည်း ကောင်း၏။ ဧည့်သည်အားလုံး၏ အမြင်သည် ပါတီပွဲ အတွင်း မှာပင် ပြောင်းလဲသွားခဲ့လေသည်။
" ဂျာဗာစီက သိပ်စဉ်းစားတတ်ပါတယ်ကွယ်၊ သူ့ဘ၀ကို သူ ဘယ်ဖျက်ဆီးပါ့မလဲ၊ ကြည့်စမ်း … သူတို့ အိမ်ကလေးဟာ ဘယ်လောက်သာယာသလဲ "
ဂျာဗာစီက ဧည့်သည်တွေကို အပွင့်လင်းဆုံး ပြုံးပြီး -
" ရူးတယ်လို့ ဆိုချင် ဆိုကြလေ၊ ဒါပေမဲ့ လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်လောက် ကတည်းက ဒီလိုဖြစ်ခဲ့ ရမှာ။ ဒီလို မဖြစ်ခဲ့ဘဲ ဒီလိုဖြစ်ခဲ့လေဟန် ဆောင်နေရတဲ့ ဘ၀ဟာ ဘယ်လောက် အသုံးမကျလိုက်သလဲ "
လူးဝစ်ဗဲလ်ကိုး ကလည်း ဂျာဗာစီနှင့်အပြိုင် ပွင့်လင်းသည်။ နယူးအော်လီယန်းက နေပြီး လောင်း ကစားသမား မိဘများ ထားခဲ့သည့် ငွေကလေးမဖြစ်စလောက်နှင့် ရောက်လာခြင်းဖြစ်ကြောင်း၊ သည်ငွေကလေးဖြင့် ပါစယ်မိသားစုပိုင် ဆိပ်ကမ်းတွင် ကုန်သည်များအတွက် တည်းခိုခန်းတစ်ခု ဖွင့်ဖို့ ရည်ရွယ်ခဲ့ကြောင်း များကို အပိုအဆောင်းမပါ ပြောပြသည်။
ဝေါ်လ်တာပါစယ် ဆုံးတော့ သူ့လုပ်ငန်းနှင့် ဆက်နွှယ်နေသည့်ကိစ္စများ ဆွေးနွေးရန် သီရိမြိုင်သို့ လူးဝစ် လိုက် သွားသည်။ ဤတွင် ဂျာဗာစီနှင့် စတွေ့ခြင်းဖြစ်၏။ သောကရိပ် မထင်သော မုဆိုးမ အသစ်စက်စက် ကလေးကို လူးဝစ် မြင်မြင်ချင်း ချစ်မိတော့သည်။ နောက်တစ်ပတ်အကြာတွင် မစ္စက်စိန်ကလဲယားနှင့် ဂျူးဒစ်တို့ စကားစပ်မိကြသည်။ မစ္စက်စိန်ကလဲယားက သံသယမျက်လုံးများဖြင့် -
" သည်လိုလူမှာ အချစ်ရှိနိုင်ပါ့မလားကွယ် "
" လူးဝစ်က ဂျာဗာစီကို တကယ်မြတ်နိုးတာပါ "
ဟယ်ရီပါစယ်နှင့် ရည်ငံနေသည့် သမီးအတွက် မစ္စက်စိန်ကလဲယား ရတက်မအေးနိုင်ဖြစ်နေ၏။
" ကလေးတွေဆီက ပစ္စည်းတွေကို အတင်းယူပြီး ဒီသိုက်သမားလက်ထဲ ၀ကွက်အပ်တာ ဖြစ်မှာပေါ့ "
သီရိမြိုင်အိမ်ကြီး၏ စရိတ်ကို ဆိပ်ကမ်းမှရသည့် ၀င်ငွေတစ်ခုတည်းနှင့် ထိန်းထားဖို့ ညီအစ်ကိုနှစ်ယောက် အတော်ရုန်းကန်ရလိမ့်မည်ဟု ဂျူးဒစ် တွေးကြည့်နေမိသည်။
ဂျာဗာစီ ပါလာသည့် ငွေတွေနှင့် လူးဝစ် တည်းခိုခန်းကြီး ဆောက်နေပြီ။ ကြီးပွားတိုးတက်လာမည်မှာ မုချဖြစ်၍ ဂျူးဒစ် ၀မ်းသာနေသည်။ ဂျာဗာစီတစ်ယောက် အပျော်ဆုံး မိန်းမဖြစ်နေပြီ။ ဒယ်လ်ရွိုင်း အသိုက်အ၀န်းတွင် နောက်ဆုံးပေါ် ပုံစံသစ် ဂါဝန်နှင့် ခါးတိုဘော်ဒီကို ပထမဆုံး စ ၀တ်သူမှာ ဂျာဗာစီ ဖြစ်၏။
ကိုယ်ကာယ အလှ ပို၍ ပေါ်လွင်စေသည့် ပုံစံဖြစ်သည်။ ဂျာဗာစီ ၃၇ နှစ်ရှိပြီ။ သို့သော် ရွယ်တူ အမျိုးသမီး များနှင့် ယှဉ်လိုက်လျှင် ခြားနားချင်းတိုင်း ခြားနားနေတော့၏။
မကြာခင် ဂျာဗာစီအကြောင်း တီးတိုးတီးတိုး ဖြစ်လာကြပြန်သည်။
" ဒါတော့ လွန်တာပေါ့ကွယ်၊ ကိုယ်ကျပ်ခါးစည်း မ၀တ်တော့ဘူးတဲ့ "
ဂျူါ်ဒစ်က ဟုတ် မဟုတ် မေးကြည့်တော့ ဂျာဗာစီက ဒိုးဒိုး ဒေါက်ဒေါက် ဖြေသည်။
" အင်းလေ၊ မ၀တ်တော့ ဘာဖြစ်လဲ၊ ကိုယ့်မှာ ကလေးရှိနေပြီ ဂျူးဒစ်ရဲ့၊ ပြောပြလိုက်ပါကွယ်၊ မယုံရင် လာကြည့်နိုင် ပါတယ်လို့ "
ဂျူးဒစ် ရယ်သည်။ ဂျာဗာစီတစ်ယောက် သူ့ကိုယ်သူ သတိမထားမိဘဲ အပြော အဆို တွေ ပြင်သစ်ဆန် လာသည်။ လင်မယားနှစ်ယောက် ပြင်သစ်စကား ပဲ ပြောကြတော့ သည်လေ။
ဆက်ဖတ်ရန်
.

No comments:
Post a Comment