သို့လျှင် အမှားနှင့်အမှန်ကို သိ၍တိတိကျကျ တွေးမိသည်မှာလည်း လူလိမ္မာကျောင်းသား ဘ၀ဖြင့် သာတွေးတော ဆင်ခြင်မိခြင်းဖြစ်ရာ လူလိမ္မာသည် ပို၍လိမ္မာရေး ကိုသာ ရှေ့ရှု စဉ်းစား ၍ လူမိုက် တို့သည်မူ အဘယ်ပုံတေရမိုက်ရမည်ဟူသည်၌သာ ပို၍စိတ်ဝင်စားတတ်၏။ ဤသည်မှာ ဓမ္မသာ ဟုငယ်ရွယ်သော အတာသည် ယခုသဘောမပေါက်နိုင်သေးသော်လည်း အသက်အရွယ် အ လျောက် တစ်နေ့နေ့ တွင်ကား ဤသဘောကို သူအမှန် ခေါက် မိမည်သာ ဖြစ်၏။ ကို ဆက်ဖတ်ရန်..........
အတာကလေးအား ကျောင်းပြန်အပ်ခဲ့ပြီးသည့်နောက် ၄ရက်မြောက်သောနေ့မှာပင် ခင်စိုးလှ တို့ နေထိုင်ရာလမ်းထဲသို့ ပြောင်းသွားကြတော့လျက် ထိုလမ်းထဲသို့ ရောက်ခွင့်ကြုံရသည်ကို အတာ့ စိတ်ထဲ၌ လည်း အတော်ကလေး ကြည်နူးသွားမိ၏။
ယခင် အတာတို့နေထိုင်ခဲ့သော မောင်ခိုင်လမ်း (ယခု ဗိုလ်ရွဲလမ်း)မှာ လမ်းအနေအားဖြင့် လူရည် သန့်များသာ နေထိုင်ကြသည်မှန်သော်လည်း ထိုလမ်း၏ ၀ဲယာဘက်ရှိ ၂၁၊ ၂၂၊ ၂၃၊ ၂၄ အစရှိ သည့် လမ်းတို့မှာ များသောအားဖြင့် ဆင်းရဲသား တရုတ်များဖြင့်သာ ပြည့်ကျပ်နေခဲ့သည့်အတိုင်း ဘိန်း၊ အရက်၊ အနီထောင်၊ လေးကောင်ဂျင်၊ ကော်ကင်း အစရှိသည့် လုပ်ငန်းဖြင့်သာ အသက် မွေးကြသော အရပ်ဖြစ်၏။
ဒုစရိတ် ပစ္စည်းထွန်းကားရာအရပ်ဖြစ်သည့် အလျောက်လည်း ထိုရပ်ကွက်တစ်ဝိုက်သည် ဒုစရိုက် သမားဖြင့်သာ အမြဲပြည့်နှက်နေ၏။ သူခိုး၊ ခါးပိုက်နှိုက်၊ တေလေ၊ ဘိန်းစား၊ အလစ်သမား တို့ ပေါက်ဖွားရာဒေသလည်း ဖြစ်ရာ လူနေအဆင့်အတန်း ညံ့သလောက် ရပ်ကွက်လည်း မသန့်၊ အလွန့် အလွန်ညစ်ပတ်ရှုတ်ပွေလှ၏။ (ဤသည်မှာ လွန်ခဲ့သော အနှစ်သုံးဆယ်လောက်က အခြေ အနေကို ဆိုလိုရင်းဖြစ်၏။)
နံနက်မိုးလင်း၍ အိမ်မှထွက်လိုက်သည်နှင့် ပြတင်းပေါက်များတွင် ၀ါလုံးများထုတ်၍ ရှုပ်ယှက်ခတ် အောင်လှန်းထားသည့် တရုတ်မဘောင်းဘီတန်း များဖြင့်သာ ပြည့်နှက်နေသည့် ရှုခင်းကိုတွေ့ ရပြီးဆူသံဆဲသံ၊ ရန်ဖြစ်သံ၊ ပုလိပ်လိုက်သံတို့ဖြင့်သာ အမြဲတစေ ညံနေသည်ကိုသာ ကြားရ တတ်သည့် ယခင်ရပ်ကွက်မှ ပြောင်းလာခဲ့သော အတာသည် ယနေ့နံနက် လက်ဖက်ရည်ဝယ် ရန်ဆင်းလာခဲ့ရာ၌ လမ်းပေါ်ခြေချမိသည်နှင့် အတာတွင် ယောင်ချာချာ ကလေး ငေးနေမိ၏။
ဆူသံပူသံဆို၌ ကလေးငိုသံပင် သဲ့သဲ့မကြားရ။ မည်သည့်ဘက်သို့ လှည့်၍ကြည့် လိုက် သည်ဖြစ် စေကျက်သရေအတိပြီးနေသာ ကုန်တိုက်၊ ဈေးဆိုင်တို့ဖြင့် သာမြိုင်နေသည် ကို တွေ့ရ၏။ လူကုံတံ လူရည်သန့်တို့ နေထိုင်ရာ အချက်အဆုံ ကုန်သည်ရပ်ကွက်ဖြစ်သည့်အတိုင်း သွားလာဝင် ထွက်နေကြ လူများသည်လည်း လူခန့်လူသန့်များသာ ဖြစ်သည်ကိုတွေ့ရ၏။
အတာလည်း အံသြသာယာသွားသော အမူအရာကလေးဖြင့် အထူးအဆန်းသဖွယ် ပတ်ချာလည် အနှံ့ ကျေနပ်အောင်ကြည့်နေပြီးမှ ကြည်ကြည်နူးနူး လမ်းတစ်ဖက်သို့ လက်ဖက်ရည်ဝယ်ရန် ကူးသွားတော့ ၏။ ၀ယ်ပြီး၍ ပြန်အလာ လမ်းလယ်သို့ မရောက်တရောက်တွင် ရုတ်တရက် ဘော လုံးလေး တစ်လုံးဝေ့လာသည်ကို တွေ့ရသည်နှင့် အတာသည် ချာခနဲ မော့ကြည့်လိုက်၏။
နှစ်ထပ်တိုက် တစ်လုံး၏ တစ်ခန်းသောဝရန်တာတွင် သုံးနှစ်ခန့်အရွယ် ကလေးငယ်တစ်ယောက် သည် ကျသွားသော ထိုဘော်လုံးကို လက်ညှိုးထိုးပြရင်း ငိုနေသည်ကို တွေ့ရသောကြောင့် အတာလည်း ပျာပျာသလဲ ပင် ဘောလုံးကို ကုန်းကော်လိုက်၏။
"ဟဲ့ကောင်လေးဘာလို့ယူတာလဲ၊ ဒါတို့ဘော်လုံး"ဟူသော အသံတစ်ခုပေါ်လာပြန်သည်နှင့် အတာ သည် ဘော်လုံးကလေးကိုင်လျက်ပင် မော့ကြည့်လိုက်၏။ စောစောကငိုနေသော ကလေး ငယ်၏ဘေး တွင်ပင် ဂါဝန်ပြာကလေးနှင့်ရပ်နေသော အတာနှင့်အရွယ်တူလောက် မိန်းကလေး ဖြူဖြူ တစ်ယောက် ကို တွေ့ရလျက်
"ထားခဲ့လေ၊ ဘောလုံးကို ဘာလို့ယူတာလဲ"
အဆိုပါ မိန်းကလေးသည် အတာမော့်ကြည့်လိုက်မှပင် မျက်နှာထားကလေး မောက်မောက်ဖြင့် သို့လျှင် ငေါက်ဆက်ဆက်ပြောလိုက်ပြန်သောကြောင့်
"နင် သေသေချာချာကြည့်ပြော၊ ငါကအကောင်းကောက်ပြီး အပေါ်ကိုပစ်တင်ပေးမလို့ နားလည်လား"
အတာ ကလည်း မခံ၊ ခပ်ထန်ထန်ကလေးပင် ပြန်ပြောလိုက်သည်၌ မိန်းကလေးတွင် ပို၍စိတ်ဆိုး သွားဟန်ဖြင့် "အမယ် နင်ကလားငါ့ကိုဒီလိုပြောတာဟင်"ဟု မိန်းကလေးကလည်း ကက်ကက် လန် ပြန်မေး လိုက်၏။
"ပြောတော့ဘာဖြစ်သလဲ၊ နင်အစက ကောင်းကောင်းပြောပါလား၊ ငါလဲကောင်းကောင်းပြောမှာ ပေါ့"
"ဘာလဲ မင်ကလူပါးဝလို့ ဟင်၊ မနေ့တစ်နေ့ကရောက်တဲ့ ကောင်လေးက"
"နင်ကကော ဘာလူပါးဝတာလဲ၊ အကြာကြီးက ရောက်နေတဲ့ ကောင်မလေးက၊ ဟင်"
ဤတွင် မိန်းကလေးလည်း နောက်ထပ်ဘာပြောရမည်မိသတော့သကဲ့သို့ အောက်နှုတ်ခမ်းပါးပါး ကို အပေါ်သွား ကလေးဖြင့် ဖိကိုက်၍မျက်လုံးအပြူးသားကြည့်နေပြီးမှ
"ထားခဲ့၊ ငါတို့ ဘော်လုံး"
ဤသို့ လှမ်းအော်လိုက်သည်နှင့် အတာလည်း မိန်းကလေးအား မဲ့ပြုံးနှင့်မခိုးမခန့်ကြည့်ရင်းက ပင်ကိုင်ထားသော ဘော်လုံးကိုအတော်ဝေးဝေးသို့ လွှင့်ပစ်လှည့်ထွက်သွားသောကြောင့် မိန်း က လေး တွင် အံတခဲခဲနှင့် မချင့်မရဲကြည့်ရင်း ကျန်ရစ်တော့၏။
အတာသည် ထိုမိန်းကလေး၏ အပြောအဆိုကို မုန်းသွားသောကြောင့်သာ ဘော်လုံးကိုလွှတ် ပစ်မိသော်လည်း အခြားတစ်စုံးတစ်ဦးက ကောက်သွားမည်ကိုမူ သူစိုးရိမ်မိဟန်တူ၏။ သို့နှင့်ပင် အပေါ်မတက်သေးဘဲ ဘော်လုံးလိမ့်သွားရာဆီသို့ မသိမသာကြည့်နေမိလျက် ထိုအထပ်မှ မိန်းကလေးငယ်ငယ်တစ်ယောက် ဆင်းကောက်ယူသွားမှပင် အတာလည်း အပေါ်ထပ်သို့ တက်ခဲ့တော့ ၏။
ထိုနေ့ညနေ ကျောင်းမှပြန်လာ၍ လမ်းထဲသို့ဝင်လိုက်သည်နှင့် အတာ့မျက်လုံးများသည် နံနက် က ဘုကျခဲ့သည့် အပေါ်ထပ်သို့ မသိမသာလှမ်းကြည့်မိ၏။ သို့သော်မည်သူကိုမျှ မတွေ့ ရသော ကြောင့်မျက်နှာကိုလွှဲလိုက်တော့မည် အပြုတွင် ရုတ်တရက်ထိုတိုက်လှေကာရင်းသို့ မော်တော် ကားတစ်စီး ဆိုက်လာ၏။
နံနက်ပိုင်းက ဘော်လုံးကိစ္စကြောင့် ကတောက်ကဆဖြစ်ခဲ့ရသော ဂါဝန်ပြာနှင့် မိန်းကလေး သည် လှေကားရှိရာ ပလက်ဖောင်းဘက်မှ မဆင်းဘဲ ကတ္တရာလမ်းဘက်ရှိ တံခါးကိုဖွင့်၍ ဆင်း ခဲ့သော ကြောင့် အခြားတစ်ဖက်မှ လျှောက်လာသူအတာနှင့် မျက်နှာချင်းဆိုင်မိသွားကြ၏။
မိန်းကလေးလည်း အတာ့ကိုမြင်လိုက်သည်နှင့် မျက်မှောင်ကလေးကျုံ့တဲ့ကာ ဖြုတ်ခနဲ ကိုယ်ကို လှည့်လိုက်၏။ အတာကမူ မည်သို့သောလက္ခဏာမျှမပြဘဲ ဣနြေ္ဒရရပင် လျှောက်လာပြီး သူ့အိမ်ပေါ်သူတက်ခဲ့၏။
ရေမိုးချိုး၍ ရေးစရာရှိသော ကျောင်းစာများပြီးသည်နှင့် အတာသည် ၀ရန်တာတွင်ရပ်ကာ ထိုထို ဤဤကြည့်ရင်း ရပ်ကွက်၏ သာယာခြင်းကိုတငေးတမော အရသာခံလျက်ရှိ၏။ သို့ တောင်ငေး မြောက်ကြည့်နှင့် ပီတိကလေးဖြစ်နေစဉ်မှာပင် မျက်နှာချင်းဆိုင် ခပ်စောင်းစောင်းရှိ တိုက် ၀ရန်တာ သို့ဂါဝန်ပြာမလေး ထွက်လာသည်ကိုတွေ့ရသည်၌ ဤတစ်ကြိမ်တွင်မူ အတာကပင် ဦးဦး ဖျားဖျား မျက်နှာကို ချာခနဲလှည့်ပစ်လိုက်၏။
သို့မျက်နှာကို လှည့်ပစ်လိုက်သည်နှင့်ပင် အတာ၏မျက်လုံးများသည် အတော်လှမ်းလှမ်း၌ ဘော် လုံးကစားနေကြသော ယောက်ျားကလေးတစ်သိုက်ဆီသို့ အာရုံစိုက်သွားကာ ကြာကြာပင် ကြည့် မနေတော့ဘဲ ချက်ချင်းဆိုသလို အိမ်ပေါ်မှ ဆင်းထွက်သွားတော့၏။
ဘော်လုံး ကန်နေကြသည့် ရှစ်ယောက်မျှသော ကလေးတစ်စုတွင် အတာ့ထက်အနည်းငယ်ကြီး သူ ဟူ၍ နှစ်ယောက်လောက်သာပါပြီး ကျန်လူငယ်များမှာမူ အတာနှင့် ရွယ်တူဖြစ်၏။ ၎င်းတို့ ကစားနေ ကြသည့် ပလက်ဖောင်းဘေးတွင် အတာရပ်၍ ကြည့်နေသည်မှာ ဆယ်မိနစ်သာသာပင် ရှိပြီဖြစ်သော် လည်း မည်သူကမျှ အတာ့အားကစားရန်မခေါ်။ သို့သော်အားလုံးလိုလိုပင် ဣနြေ္ဒရရ နှင့် ခါးထောက် ကြည့်နေသော အတာအား မိသိမသာ အကဲခတ်နေမိကြ၏။
နောက်လေးငါးမိနစ်အကြာတါင် တစ်ယောက်သော ကလေးကိုထမ်းစားလာခေါ်သွားသဖြင့် တစ်ဖက် သုံးယောက်နှင့် လေးယောက်ကစားရတော့မည့်ကဲ့သို့ မညီမမျှဖြစ်ကာ ရုတ်ရက်အက စား ရပ်သွားသည်နှင့် "ငါ ဒီဘက်က မပါရဘူးလားကွ"
အတာလည်း ၎င်းတို့အနီးတွင် သွားရပ်ကာ ခပ်ပြုံးပြုံးမေးလိုက်၏။ မည်သူမျှပင် ခေါင်းခါ ခေါင်း ညိတ် မလုပ်ဘဲ အတာအား တစ်ချက်သာလှည့်ကြည့်လျက် သူတို့ချင်းသာ ဆက်၍ဆွေးနွေးနေ ကြသောကြောင့် အတာက ဘာမျှ ထပ်မပြောတော့ဘဲ ပလက်ဖောင်းပေါ် ပြန်တက် ၍ စောစောက နေရာတွင်ပင် ရပ်နေလိုက်တော့၏။ နောက်ထိုလူငယ်များလည်း အခြားသော ကလေးငယ် တစ် ယောက်ကိုထည့်၍ ကစားရန်သဘောတူသွားကာ ဆက်လက် ကစားနေကြ၍ လေးငါးမိနစ်ပင် မရှိသေးမီ တောင်ဘက်ဆီမှ လူငယ်တစ်သိုက် သည် ဘော်လုံးကလေးတစ်လုံးပိုက်၍ လျှောက် လာကြကာလောလောဆယ် ကစားနေကြသည့် လူငယ်တစ်စု အနီးသို့ ရောက်သည်နှင့် ခပ်ကြီး ကြီးလူငယ်တစ်ယောက်က "ဟေ့ကောင်တွေ ဖယ်ကြ၊ ဒါတို့ ကစားတဲ့နေရာ"ဟု ခပ်မာမာပင် ပြောလိုက်သောကြောင့် ပထမ ကစားနေသည့်အစုလည်း သူ့ငါကြည့် ငါ့သူကြည့်ဖြစ် ကစားရပ်သွားကြတော့၏။
"သွားကြလေကွာ၊ မင်းတို့အပိုင်း မှာ မင်းတို့သွားကစားပါလားကွ၊ ဒီမှာဘာလို့ လာကစားရသလဲ" ဟု ဒုတိယအစု ၏ ခေါင်းဆောင်က သို့လျှင်ထပ်၍နှင်နေရုံသာမက တွန်းလားဖယ်လားပင် နိုင်လို မင်းထက် လုပ်လာသောကြောင့် ထိုဒုတိယအစုကို ကြောက်ရဟန်တူသော ပထမအစုမှ လူငယ် များလည်း ထိုနေရာ မှ ထွက်ခွာသွားကြတော့မည်ကဲ့သို့ ဖိနပ်ကလေးများချွတ်၍ စုပုံထားသည့် နေရာသို့ အသီးသီး ခြေလှမ်းပြင်လိုက်ကြစဉ်
"ဟေ့ကောင်တွေ လာကြ၊ မသွားနဲ့ ကစားသာ ကစား"ဟု ထိုလူငယ်နှစ်စု၏အလယ်တွင် ခပ်တည်တည် ရပ်ရင်း အတာကပြောလိုက်သောကြောင့် နှစ်ဖက်စလုံးပင် အတာ့ဆီသို့ မျက်လုံး ရောက် သွားကြတော့၏။
"ကစားသာ ကစားကွ၊ ဒီနေရာကို မင်းတို့အရင်ရောက်တာ မဟုတ်လား၊ မင်းတို့ပဲ ကစားပေါ့ ကွ၊ ဘာလို့ဖယ်ပေးရမှာလဲ မဖယ်နဲ့"
ဣနြေ္ဒရရ ပင် အတာကပြောလိုက်ပြန်သောကြောင့် ဒုတိယအစုမှ ခေါင်းဆောင်လည်း အတာ့အနီး သို့ကပ် လာကာ အတာ့င်္ကျိရင်ဘတ်ကို ဆတ်ခနဲ ဆုပ်ကိုင်ရင်း
"မင်းက ဘာလဲ"
"မင်းကကော ဘာလဲ"
အတာကလည်း သို့ပြန်မေးရင်း ထိုလူငယ်၏ လက်ကိုဖတ်ခနဲ ပုတ်ချလိုက်သဖြင့် ၎င်းလူငယ်တွင် ရုတ်ရက်ကြောင်သွား၏။ မျက်နှာကို ခပ်စောင်းစောင်းထားက မျက်နက်ကလေးများကို ထောင့် ကပ်လျက် မျက်တောင်မခတ် ကြည့်နေသော အတာ့အမူအရာ၌ ကြောက်စိတ်ဆို၍ အရိပ်မျှပင် မမြင်ရသည် တွင် "မင်း ဘယ်ကလဲ၊ မင်းနဲ့ဘာဆိုင်လို့ ၀င်ရှုပ်တာလဲကွ"ဟု မေးလိုက်သော ထိုလူငယ်၏ အသံသည် သိသိ သာသာ ပျော့်လာပြီ ဖြစ်၏။
"ငါလား၊ မနေ့က ဒီလမ်းထဲကို ပြောင်းလာတဲ့အကောင်ပဲ သိလား၊ ငါဝင်ရှုပ်တာ မဟုတ်ဘူးကွ၊ သူတို့က အရင်ရောက်လို့ ကစားနေတာ ဘာဖြစ်လို့ မင်းကမတရားဖယ်ခိုင်းရတာလဲ"
ထိုလူငယ် တွင် ရုတ်ရက်အဖြေမပေးနိုင်ဘဲ သူ့ဘက်သားများကို စစ်ကူခေါ်သည့် အမူအရာ မျိုး ဖြင့်လှည့်ကြည်လိုက်၏။ မည်သူမျှလှုပ်ဖော်မရ ၀င်ပြောမည့်လူလည်းမရှိ၊ အတာ့သတ္တိကို မလေး မစားလုပ်ဝံ့ကြဟန်မတူ "ဒါ တို့အမြဲကစားနေတဲ့ နေရာကွ" ယခုမှပင် ထိုလူငယ်က ထပ်ပြောပြန်သဖြင့်
"ဘာလဲကွ၊ ဒီနေရာမှ မင်းတို့ချည်းပဲ အမြဲကစားဖို့ ပိုက်ဆံပေးပြီး ၀ယ်ထားတာလား"
အတာမေးလိုက်ပုံ အချက်ပိုင်သလောက် ထိုလူငယ်ငိုင်သွား၏။ ထိုအခိုက်တွင် ဒုတိယအစုထဲမှ စူရတီ ကုလားကလေး တစ်ယောက်သည် ရုတ်ရက် အတာ့အနီးသို့ ကပ်လာသဖြင့် အတာက ဆတ်ခနဲ ဆောင့်တွန်းရင်းလက်သီးကလေး ပြင်လိုက်သည်နှင့်
"ဟေး မင်းကိုဘာမှမလုပ်ဘူးလေ၊ ဟိုဟာကောက်မလို့လေ"ဟု ထိုကုလားကလေး က ကြောက်ကြောက်ရွံ့ရွံ့ပြန်ပြောရင်း အတာ့ခြေထောက်အနီးရှိ စီးကရက်ဘူးခွံကလေးကို လက်ညှိုးထိုးပြလိုက် မှ အတာကပင် ကုန်းကောက်ပစ်ပေးလိုက်ပြီး
"ဒီနေရာ ကို မင်းတို့က အရင်ရောက်လို့ရှိရင် မင်းတို့ကစား၊ သူတို့ကဖယ်ခိုင်းရင်လဲ ငါမခံဘူး၊ သူတို့ကိုဆော်မှာပဲ၊ မတရားတာတော့ မလုပ်နဲ့"
ပထမအစုမှ လူငယ်များလည်း ထူးခြားသော အတာ့သတ္တိကိုလည်းကောင်း၊ တရားမျှတသော သူ့စကားကိုလည်းကောင်း အတော်ကလေးသဘောကျနေသော်လည်း ဒုတိယအစုကမူ အတာ၏ သတ္တိကောင်းပုံကိုသာ နှစ်သက်၍ သူတို့ကစားရန် နေရာမရတော့သည့်အတွက်မူ မကျေနပ် နိုင်ရှိနေ ကြသေး၏။
သို့နှင့် တစ်ယောက်နှင့်တစ်ယောက် အတန်ကြာ စောင်နေကြပြီးမှပင်
"မင်းတို့ဘယ်ကလဲ၊ ဒီလမ်းထဲကလား"
မနေ့က မှ ရောက်လာသော အတာကဤလိုမေးလိုက်သဖြင့် လူငယ်အားလုံးပင် တစ်ယောက်ကို တစ်ယောက်ကြည့် ၍ ပြုံးနေမိကြ၏။
"တို့ ဒီလမ်းထဲကပေါ့ကွ" ဟု ဒုတိယအစုခေါင်းဆောင်က ဖြေလိုက်သဖြင့် အတာလည်း ပထမအစု ဘက်မှ ခေါင်းဆောင်နှင့်တူသူကိုပါ ထိုအတိုင်းမေးလိုက်ပြန်၏။ အဖြေမှာ အတူတူ ပင် ဖြစ်နေသော ကြောင့်
"ဒီလိုဆိုလဲ ကိုယ့်တစ်လမ်းတဲသားချင်းပွဲကွာ၊ အတူတူကစားကြပါလား"ဟု ယခုပြောလိုက်သော အတာ့ အမူအရာ မှာ စောစောကကဲ့သို့တင်းတင်း မာမာမဟုတ်တော့ဘဲ လိုက်လျောဖော်ရွေသည့် အသွင်မျိုးဆောင်နေ၏။
အကယ်၍သာဤကိစ္စ၌ ထိုသူငယ်နှင့်အတာတို့တစ်ယောက်နှင့် တစ်ယောက်အရှုံးအနိုင် ဆုံး ဖြစ်တ်ကြသည်အထိ တင်းနေကြမည်ဆိုလျှင် ရှေ့အဖို့လည်း သင့်မြတ်ကြတော့မည် မဟုတ်ပေ။ ယခုအတာဤလိုပြောလိုက်ရာ၌ ယင်းသည့်ရှေ့ရေးကို တွေးမိ၍ပင်ဟုတ်ဟန်မတူသော်လည်း သူ့တွင်စုစုစည်းစည်းနှင့် ရင်းရင်းနှီးနှီး ညီညွတ်စေလိုသော သန္ဓေပါ စေတနာကောင်းကလေး ဖြစ်၏။ သို့အလျောက်လည်း ဤလိုညီညွတ်ရေးစကားမျိုးကို ပြေလိုက်ပြီးမှ
"ကဲ ဟေ့ကောင်တွေ လာကြကွ သူငယ်ချင်း၊ မင်းတို့ကောင်တွေလဲ ခေါ်ကွာနော၊ အားလုံးအတူ တူရောပြီး ကစားကြရအောင်"
အတာလည်း သူနှင့်ရင်ဆိုင်ရသူ တစ်ဖက်မှ ခေါင်းဆောင်ကိုပါ လည်ပင်း ဖက်ရင်း ပြုံးပြုံးရယ်ရယ် ပြောလိုကသောကြောင့် ထိုသူငယ်တွင်လည်း အတာအား အရှုံးပေးမည့် ဆဲဆဲတွင် ယခုကဲ့သို့ သိက္ခာမပျက်သော သင့်မြတ်မှုကို ရလိုက်သောကြောင့်လားမသိ။ အတာ့အကြံ ကိုခြွင်းချက်မရှိ လက်ခံကာ
"ဒါဖြင့် ကပ္ပတိန်နှစ်ယောက် အရင်ရွေးဟုတ်လား"
"အေးလေကွာ၊ ထုံးစံအတိုင်းလုပ်ပေါ့၊ မင်းတို့ချင်းရွေးကြ၊ ဟုတ်လား ငါနဲ့သူနဲ့ နာမည်သွားမှည့် မယ်"
အတာလည်း ပြောပြောဆိုဆိုပင် လက်လှမ်းမှီရာ တရုတ်ကပြားကလေးတစ်ယာက်ကို ဖက်၍ ငယ်သား သဖွယ် နာမည်မှည့်ရန် ထွက်သွားမည်ပြုသည်နှင့် ပထမအစုမှ လူငယ်များက အတား အားဝိုင်းဆွဲကာ
"ဟေ့ မင်းကတိုကပ္ပတိန်လုပ်ကွာ"ဟု တိုက်တိုက်တွန်းတွန်း ပြောကြသည်ကိုပင်
"ဟင့်အင်းကွာ၊ မင်းတို့ထဲက တစ်ယောက်ယောက်ကိုရွေးပေါ့၊ ငါ့လူသစ်ပဲဟာ"
သို့ငြင်းပယ်သည့်တိုင်အောင် မည်သူကမျှ လက်မခံဘဲ ဇွတ်အတင်း ကပ္ပတိန်ခန့်လိုက်သော ကြောင့် မနေ့ ကမှ လမ်းထဲရောက်လာသော အတာမှာ သူ၏မဟုတ်မခံစိတ်၊ ထက်မြက်သော သတ္တိ၊ လိုက်လျောဖော်ရွေ တတ်သည့် စိတ်ကောင်းကလေးများကြောင့် မိနစ်ပိုင်းလောက်အတွင်း မှာပင်ခေါင်းဆောင် အဖြစ်တင်မြှောက်ခြင်း ခံလိုက်ရတော့၏။
ဤလိုဖြင့် တစ်ဖက်နှစ် တစ်ဖက်အညီအမျှ လူခွဲလိုက်ရာတွင် တစ်ယောက်က ပိုနေ၏။ ပိုသော တစ်ယောက်မှာလည်း မရှိဆင်းရဲသားဟန်တူသော အင်္ကျိပင်မ၀တ်နိုင်ရှာသည့် တရုတ်ကလေး ဖြစ်၏။
"မင်းမပါနဲ့တော့ တစ်ယောက်ပိုနေတယ်၊ ဘေးကပဲထိုင်ကြည့်"ဟု သူတို့ချင်း ပြောလိုက်သော ကြောင့် ထိုတရုတ်ကလေးမှာ မျက်နှာငယ်ကလေးဖြင့် ပလက်ဖာင်းပေါ် တက်သွားစဉ်
"ဟေ့ ပါပါစေကွာ၊ သနားပါတယ်၊ သူလဲ ကစားချင်မှာပေါ့"ဟု အတာက ထောက်ခံချက်သွင်းလိုက် သည်ကို "လူမှမညီဘဲကွ"
"မညီ ဘာပြုလဲကွာ၊ အလကားကြေးကစားတာပဲ၊ ကဲမင်းတို့ဘက်က ထည့်ကစားကွာ၊ တို့ဘက် ကခြောက်ယောက် နဲ့ပဲ ကစားမယ်"
အတာ လည်း လူတစ်ဖက်သားအတွက် သူ့ဘက်မှပင် အနာခံ၍ ခွင့်ပြုလိုက်သောကြောင့် ထိုတ ရုတ် ကလေး မှာလည်း အတာအား အသည်းစွဲဖြစ်သွားလေတော့၏။
ထိုအစီအစဉ်အတိုင်း စတင်ကစားခဲ့ကြ၍ ဆယ်မိနစ်ခန့်အကြာတွင် အတာက ဘောလုံးယူအပြေး လူငယ်တစ်ဦး က နောက်မှနေ၍ ခြေဖမ်းချိန်လိုက်သောကြောင့် ပြေးနေသော အရှိန်ပြင်းသည်နှင့် အမျှ အတာတွင် ဒလိမ့်ခေါက်ကွေး လဲကျသွားတော့၏။
စောစောကပြခဲ့သော အတာ့သတ္တိအရှိန်အ၀ါကို လန့်၍လောမသိ၊ ခြေချိတ်သူ ကုလားကလေး လည်းအတာလဲကျသွားသည်ကို မြင်သည်နှင့် သူ့ဖိနပ်ကလေး သူကောက်၍ ရုတ်ရက် ထွက်ပြေး တော့မည်အပြုတွင် လူပိုသည်ဟု အပယ်ခံရသော တရုတ်ကလေးကနောက်မှနေ သိမ်းဖက် ကာ အတာလဲကျရာဆီသို့ ဆွဲခေါ်လာခဲ့၏။
"ဟေ့ အတာ ဒီကောင်ကွ၊ မင့်ကို ခြေထိုးတာ ဒီကုလားကွ၊ သူထွက်ပြေးမလို့"ဟု တရုတ်ကလေး ကပြောလိုက် သဖြင့် အတာလည်း ထိုကုလားကလေးကို ဆတ်ခနဲ မော့ကြည့်တဲ့ကာ
"မင်းမကောင်းဘူးကွာ၊ ဒီမှာကြည့်စမ်း"
အတာက သို့ပြောရင်း လက်ဝါးနှင့်ဖိအုပ်ထားသော ဒူးထိပ်တစ်နေရာကို ပြလိုက်၏။ ဤတွင်မှ ကုလားကလေး တွင် ပို၍ကြောက်လန့်သွား၏။ ငါးမူးစေ့ဝိုင်းခန့် အတာ့ဒူးတွင်အသားနီလန်၍ ရဲနေသည် ကိုတွေ့ရလျှင် တွေ့ရချင်းပင် ကုလားကလေး၌ တုန်းတုန်ခါခါ ဖြစ်သွားပြီး
"အတာ စိတ်မဆိုးပါနဲ့နော်၊ ငါလေ ငါတမင် လုပ်တာမဟုတ်ဘူးကွ"ဟု မပီကလာ ပီကလာနှင့် အတာ ထထိုး မည်ကို ကြောက်နေသည့်အလား ပြူးတူးပြဲတဲ တောင်းပန်နေ၏။
ဆက်ရန်
.

No comments:
Post a Comment