"မနေ့ကသာ မိလိုက်ရင်တော့ ဘယ်သက်သာမလဲကွာ၊ ဒီကောင်လေးတော့ ဖနောင့်နဲ့ ချည်း ဆောင့် ဆောင့် ပေါက်လိုက်မှာပဲ" အတာ တွင် တစ်ကျောလုံး စိမ့်သွားပြန်၏။ ကို ဆက်ဖတ်ရန်..................
"အဲဒီကောင်လေး လစ်ပြေးတဲ့အထုပ်ဟာ တောကလာတဲ့ အဘွားကြီးတစ်ယောက် ရဲ့အထုပ်ပေါ့ ကွ၊ ဘေးနားချပြီး ဆေးလိပ်ညှိနေတုန်း ဒီကောင်လေး သုတ်ပြေးတာပဲကွ၊ အဘွားကြီးလဲ ရှိတာလေး ကုန်ပါပြီ ဆိုပြီး ငိုလိုက်တာကွာ၊ သိပ်ကို သနားဖို့ကောင်းတာပဲ"
ထိုစကားကို အဆုံးသတ်လိုက်သည်နှင့် တစ်ပြိုင်တည်းလိုလိုပင် အတာလည်း ဝမ်းနည်းပန်းနည်းနှင့် မျက်ရည် ကလေး ရွှဲလာတော့၏။ စိတ်ထဲတွင်လည်း အတော်ကလေး ထိခိုက်သွားသည် ထင်ရ၏။
"မင်း အခု ဘယ်သွားမလို့လဲ အတာ"ဟု စာရေးဖြစ်သူက သူ့ဆိုင်အရောက်တွင် အတာအား မေးလိုက် သည်ကို "ဟင် ဦးလေးကပဲ မေမေ ခေါ်ခိုင်းလို့ဆို"
"ငါ အလကားပြောတာ၊ မင်း ဟိုကောင်လေးတွေနဲ့ လိုက်သွားမှာစိုးလို့ ညာပြီးခေါ်လာတာကွ၊ ကဲ သွား၊ မင့်အမေဆီ သွားချင်သွား၊ ဒါမှမဟုတ် အိမ်ပြန် စာဖတ်နေပေါ့ကွာ၊ ခုန ကောင်လေးတွေနဲ့ မပေါင်းနဲ့ နော် ကြားလား"
"ဟုတ်ကဲ့ ဦးလေး၊ ကျွန်တော် သွားတော့မယ်နော်"
အတာလည်း ထိုနေရာမှထွက်လာခဲ့ကာ သူ့မေမေရှိတတ်သော ဈေးအပြင်တန်းရှိ ဆိုင်များတွင် မယောင်မလည် လိုက်ရှာနေမိ၏။ သို့သော် ဘာအတွက် ရှာသည်ဟူ၍ ရည်ရွယ်ချက်မရှိ။ သူ့စိတ်ထဲ တွင် အသည်းတဖိုဖိုဖြင့် ကပိုကရိုဝေဒနာတစ်မျိုးကို မရေမရာ ဆိုးစွာ ခံစားနေရသကဲ့သို့ တရင်လုံး လေးနေ၏။
"အဘွားကြီးလဲ ရှိတာကလေး ကုန်ပါပြီဆိုပြီး ငိုလိုက်တာကွာ၊ သိပ်သနားဖို့ကောင်းတာပဲ"ဟူသော အသံသည် သူ့နားထဲမှ ယခုတိုင် မထွက်သေး။ မျက်စိထဲတွင်ပင် သို့ရှိုက်ကြီးတငင်နှင့် ငိုနေသော အဘွားကြီး တစ်ယောက်၏သဏ္ဍာန်ကို မှန်းဆ မြင်ယောင်နေမိ၏။
"ဟဲ့ အတာ လာဦး"
ဆိုင်တစ်ဆိုင်ရှေ့တွင် စောစောကအတွေးဖြင့် ငိုင်၍ ငေးနေရှာသော အတာအား ဖိနပ်ဆိုင်တစ်ဆိုင်မှ လှမ်းခေါ်လိုက်၏။
"လာ ကြီးကြီးကို ခြေသလုံးတစ်ချက် နှစ်ချက် နင်းပေးစမ်း"ဟု ပြောရင်း ခြေနှစ်ဖက်ဆင်းပေးလိုက် သည်ကို အတာကလည်း အဒေါ်ကြီး၏ပခုံးကိုကိုင်ကာ စိတ်မပါ့တပါ့နှင့် နင်းပေးနေခိုက်မှာပင် ဆူဆူ ညံညံအသံများနှင့်အတူ လူတစ်အုပ်သည် ခပ်လှမ်းလှမ်းဆီမှ လျှောက်လာကြသည်ကို တွေ့ရ၏။
"ဟဲ့ ဘာဖြစ်တာပါလိမ့်၊ အတာ ခဏဆင်းစမ်း"
အဒေါ်ကြီးလည်း ဆိုင်ပေါ်မှ ထရပ်ကာ ထိုလူစုစုဆီသို့ လှမ်းကြည့်နေ၏။ အတာသည်လည်း ကလေး တို့ ဝါသနာအတိုင်းပင် ထိုလူအုပ်ဆီသို့ပြေးသွားပြီး တိုးဝှေ့ကြည့်လိုက်သည်၌ ဘန်ကောက်နှင့်တူသော ပိုးလုံချည် အထပ်လိုက်ကိုင်ကာသည့် ဒရဝမ်ကုလားတစ်ယောက် ကို ရှေးဦးစွာမြင်ရပြီး နောက်နား၌မူ အခြားသော ဒရဝမ်သုံးလေးယောက်လက်ထဲ၌ မလူးသာမလွန့်သာနှင့် ရှုံ့ရှုံ့မဲ့မဲ့ပါလာသော အပိန်းနှင့် ဘခွေး တို့ကို တွေ့လိုက်ရသောကြောင့် အတာရင်ကလေးမှာ မာကျောသော အရာတစ်ခုခုနှင့် ထုလိုက် သလို ဒုခနဲ မြည်သွားသည် ထင်လိုက်ရ၏။
အပိန်း၏ ပါးစပ်တွင် သွေးများပေနေသည်ကိုလည်းကောင်း၊ ဘခွေး၏မျက်နှာ၌လည်း ဖူးရောင်နေသည် ကို လည်းကောင်း၊ မြင်မကောင်းအောင် တွေ့လိုက်ရပြန်သောကြောင့် အတာတွင် ပို၍ထိတ်လန့်သွား ၏။ မျက်လုံးတွေ လည်း ပြာဝေသွားကာ ဘာတွေမျှမမြင်ရတော့ဘဲ လူအုပ်နှင့်အတူ ရောညပ်၍ ဆယ့် လေးငါးပေလောက် ပါသွားပြီးမှ တစ်စုံတစ်ရာကို သတိရသလိုဖြင့် အတာတွင် မျက်လုံးကလေး ဝိုင်း သွား၏။
"ဘခွေးတို့က ငါ့ကို မြင်သွားရင်တော့ ငါပါ ပါတယ်ဆိုပြီး"
ချက်ချင်းပင် အတာလည်း လူအုပ်ထဲမှ တိုးဖယ်ထွက်ကာ အိမ်ရောက်သည်အထိ ဒုန်းပေါက် ၍ ပြေး တော့လေ၏။
"ဟင်း ငါ ကံကောင်းလို့၊ ဦးလေးသန်းမောင် ငါ့ကို လာခေါ်သွားလို့ပဲ၊ နို့မို့ဆိုရင်တော့ အပိန်းတို့လိုပဲ ငါ အရိုက်လဲ ခံရမယ်၊ ဂတ်တဲလဲ အပို့ခံရမယ်၊ ပြီးတော့ ထောင်ထဲမှာလဲ ငါ သွားနေရမှာ"
အတာ လည်း အထပ်ခိုးပေါ်ရှိ သူ့မေမေ၏မွေ့ရာလိပ်ကို မှီထိုင်ရင်း သို့လျှင် အသည်းတယားယားဖြင့် စဉ်းစားနေမိ၏။
"ထောင်ဆိုတာဟာတဲ့ အဖေထွန်းပြောဖူးတယ်၊ ကူလီလိုပဲ အလုပ်လုပ်ရတယ်တဲ့၊ ဘယ်သူနဲ့မှလည်း မတွေ့ရဘူး၊ အပြင်ကိုလဲ မထွက်ရဘူးတဲ့၊ ဒီလိုဆို ငါ မေမေတို့နဲ့ တွေ့ရတော့မှာ မဟုတ်ဘူး၊ ငါ့ ညီမလေးနဲ့လဲ"
အတာ သည် သို့တွေးရင်းပင် ကြက်သီးတဖြန်းဖြန်း ထနေတော့၏။ အပိန်းနှင့် ဘခွေးတို့အား ဖမ်းသွား စဉ် ဟိုလူက ဝင်ကန်လိုက် သည်လူက ဝင်တိုးလိုက်ဖြင့် နှစ်ယောက်စလုံး အရိုက်အနှက်ခံသွားရသည် ကိုလည်း မြင်ယောင်လာကာ လက်ကလေးများပင် တဆတ်ဆတ်ခါနေသည်အထိ ထိတ်လန့်နေ၏။
တစ်ဖန် ယမန်နေ့က အထည်တုပ်၊ နောက် တောမှ အဘွားကြီးစသည်ဖြင့် အစီအရီ တွေးနေမိပြန်၏။
"မယူဘူး၊ ငါ မယူတော့ဘူး၊ ဒီပိုက်ဆံတွေ ပြန်ပေးလိုက်မယ်၊ အဲဒီ အဘွားကြီးကို ငါ ပြန်ပေးမယ်"ဟု အသံ ထွက်အောင်ပင် ကယောင်ကတမ်း ရေရွတ်နေမိရာမှ ဆတ်ခနဲ ထရပ်လိုက်၏။
"အဲဒီ အဘွားကြီးကို ငါလဲ မမြင်ဘူးဖူး၊ သူ ဘယ်သူလဲ ဘယ်မှာနေတာလဲ ငါ မသိဘူး"
သို့လျှင် ဝမ်းထဲမှ ရေရွတ်ရင်း တွေးမိလိုက်သောကြောင့် အတာလည်း စိတ်ပျက်လက်ပျက်နှင့် ငိုင်သွား ပြန်တော့၏။ ရည်ရွယ်ချက် မရှိပါဘဲလျက်ပင် ထိုပိုက်ဆံများ ထည့်ထားသည့် သူ့ဖာကလေး ဆီသို့ ငေး သွားကာ ချက်ချင်းဆိုသလို စင်းနေသော အတာ့မျက်လုံးကလေးများသည် ရုတ်တရက် ဝိုင်း လာ၏။
သူ့ဖာကလေးသည် သူ ပိတ်ဖုံးထားခဲ့သည့်အတိုင်း သပ်သပ်ရပ်ရပ် မရှိတော့ဘဲ အဖုံးအံသည် တစ်မိုက် သာသာလောက် တစ်ဖက်ကို စောင်းနေ၏။ စွပ်ကျယ်အင်္ကျီ၏လက်တစ်ဖက်သည်လည်း ဖရိုဖရဲနှင့် အပြင် သို့ လွဲထွက်နေ၏။
ရုတ်ချည်းပင် အတာလည်း ဖာကလေးအနီးတွင် ထိုင်ကာ သူထည့်ထားသော ဒင်္ဂါးများကို မသင်္ကာ စိတ်ကလေးဖြင့် ရေးကြီးသုတ်ပျာ ခပ်လောလော လှန်ရှာလိုက်၏။ ဒင်္ဂါးနှင့်တူ၍ အဝိုင်းဖြူဖြူပင် မတွေ့ ရတော့ပေ။
ပထမသော် တစ်ဖက်ခန်းမှ တရုတ်လင်မယားပင် ခိုးလေသလောဟု သံသယဖြစ်မိကာ ထိုအခန်းဆီသို့ လှည့်ကြည့် လိုက်၏။ သော့ခတ်ထားသည်မှာ ရှစ်ရက်ခန့်ရှိခဲ့ပြီဖြစ်ပြီး ၎င်းတရုတ်လင်မယားသည် ထုံးစံ အတိုင်း အရောင်းအဝယ်အတွက် တောနယ်သို့ သွားနေကြသည်ကို တွေးမိမှ သူ့သံသယ ကလေး ပျောက် သွားကာ ပျာပျာသလဲ အောက်ထပ်သို့ ဆင်းလာခဲ့၏။
"ဒီနေ့ အိမ်ပေါ်ကို ဘယ်သူ တက်တာတွေ့သလဲ မမ ဟင်"
အတာက ပွဲကတော်ကြီး၏ ထမင်းချက်ဖြစ်သူ မိန်းမရွယ်တစ်ယောက်ကို တုန်တုန်လှုပ်လှုပ် မေးလိုက်မိ ၏။
"အေး စောစောကတော့ မင်းတို့အမေ တက်သွားတာပဲ၊ ဘာပြုလို့လဲ အတာ"
"ဘာမှမဖြစ်ပါဘူး၊ ဘယ်သူတက်သလဲ သိချင်လို့ပါ"
ချက်ချင်းပင် မီးဖိုထဲမှ လှည့်ထွက်လာပြီး အိမ်ပေါ်ပြန်တက်ခဲ့၏။ စိတ်ကလေးညစ်သွား၍လော မသိ။ မွေ့ရာပေါ် ကိုယ်လုံးပစ်ထိုင်ချလိုက်ရင်း
"ငါ့ ငွေငါးကျပ်တော့ ကုန်ပါပြီ"ဟူသော ရေရွတ်သံကလေးနှင့်အတူ အတာသည် တရှိုက်ငင်ငင် ဝမ်း နည်းနေ၏။
သို့လျှင် ညည်းညည်းညူညူ မြည်တမ်း၍ ငိုနေမိရာမှ တစ်စုံတစ်ရာကို သတိရသွားသလိုဖြင့် ရှိုက်သံ ကလေး ရပ်ကာ ကိုယ်ကလေးပါ ရုတ်တရက် မတ်လာ၏။
"ရှိတာကလေးတော့ ကုန်ပါပြီဆိုပြီး အဘွားကြီးလဲ ငိုလိုက်တာကွာ၊ သိပ် သနားဖို့ကောင်းတာပဲ"
ခပ်စောစော က သူ့ဦးလေးသန်းမောင် ပြောခဲ့သည့်စကားကို အတာ ချက်ချင်း သတိရလာ၏။ မျက်စိထဲ တွင်လည်း အဘွားကြီး ငိုနေဟန်ကို မြင်ယောင်လာကာ
"ခု မေမေ ယူသွားတဲ့ ပိုက်ဆံငါးကျပ်ဟာ အမှန်ကတော့ ငါ့ပိုက်ဆံအစစ်မဟုတ်ဘူး၊ ဟိုအဘွားကြီးရဲ့ အထည်ကို ခိုးရောင်းလို့ရတဲ့ပိုက်ဆံပဲ၊ ဒါတောင် ငါ ဒီလောက် နှမြောမိသေးရင် ဥစ္စာရှင်အဘွားကြီးဆို ဘယ်လောက် နှမြောလိုက်မလဲ"
အတာလည်း တဖြည်းဖြည်းနှင့် အမှန်တရားကို မြင်လာပြီဖြစ်၏။ အပိန်းနှင့် ဘခွေးတို့ ဒလဝမ်ကုလား များ လက်တွင် အရိုက်အနှက်ခံရင်း ပါသွားရသည်မှာ သူတစ်ထူးကို မတရားကြံ၍ လက်ငင်းဝဋ်ခံရ သွားရခြင်း ဖြစ်သည်ဟူ၍လည်းကောင်း၊ မသုံးရက် မစားရက်ဘဲ ကျစ်ကျစ်ပါအောင် ဝှက်ထားခဲ့သော သူ့ငွေငါးကျပ်မှာလည်း မတရားရသော ပိုက်ဆံဖြစ်၍ သူ့မေမေကပင် မတရားယူသွားခြင်းဖြစ်သည်ဟူ ၍လည်းကောင်း ဆရာမများ ပြောကြားဖူးသည့် သြဝါဒနှင့် ယှဉ်ကာ သို့လျှင် အတာ တွေးနေမိ၏။
"ငါ မတရားသဖြင့် ရတဲ့ပိုက်ဆံကို မေမေက မတရားသဖြင့်ဘဲ ယူသွားပြီ၊ ကြည့်၊ ဒီပိုက်ဆံဟာ မြင်း လောင်းတာနဲ့ ကုန်သွားဦးမှာပဲ"
ယခုမူ သူဝှက်ထားသော ငွေငါးကျပ် မရှိတော့သည်ကို စောစောကလောက် စိတ်ထိခိုက်ခြင်းမရှိတော့ ဘဲ အမှန်ကို မြင်လာကာ ဘုရားစင်ရှေ့သို့ ရုတ်တရက် ရွှေ့ထိုင်လိုက်ပြီး
"ဘုရားတပည့်တော် ဒီနေ့ကစပြီး မတရားတာ မမှန်တာကို ဘယ်တော့မှ မလုပ်တော့ပါဘူး ဘုရား"ဟု ဦးသုံးကြိမ်ချလိုက်ပြီး ဘုရားစင်မှ မဟာမြတ်မုနိရုပ်ပွားတော်ကို အတွေသား စိုက်ငေးနေမိ၏။ သူ့စိတ် ထဲတွင်လည်း မဟာမြတ်မုနိ ကိုယ်တော်သည် သူ့အား စိန်းစိန်းကြီး ကြည့်နေရာမှ တဖြည်းဖြည်း ပြုံး တော်မူလာသယောင်ယောင် ထင်လိုက်မိသည်နှင့်အမျှ အတာ့မျက်နှာကလေးသည်လည်း သိသိသာ သာ ကြည်လင် လာတော့၏။
ဤလိုနောင်တ တရားလေးရပြီးခဲ့သည့် နောက်တစ်နေ့မှစ၍ အတာသည် ယခင်ကျောင်းသား ဘ၀ နည်းတူ အမူအရာကလေး တည်ငြိမ်လာ၏။ အတာဆိုလျှင် အော့ကြောလန်အောင် မျက်စိ နောက်ခဲ့သော အရပ်ထဲ မှ လူကြီးများပင် အပြောင်းမြန်လှသည့် အတာ့အမူအရာကို လက်ဖျား တခါခါဖြစ်နေကြလျက်
"ဒီကောင်လေး ငြိမ်သွားမှပေါ့၊ ဟိုမျောက်ကောင်တွေမှ မရှိတော့ဘဲ"ဟူ၍လည်း အချို့က မှတ်ချက် ချလိုက်၏။
အမှန်စင်စစ်သော် အတာကိုယ်၌က သူ့ကိုယ်သူ ဆုံးမ၍ သူ့စိတ်ကိုသူပြင်ခဲ့၍ ယခုလိုတည်ငြိမ် သွားသည်ပင် ထားဦး၊ အထက်ပါစကားသည်လည်းမှန်သင့်သလောက် မှန်၏။ အကယ်တိ ယမန် နေ့ကသာအပိန်း တို့ အဖမ်းမခံခဲ့ရလျှင် တစ်နေ့ တစ်ချိန်ချိန်၌ အတာနှင့် တွေ့ကြ မည်ဖြစ်၏။ တွေ့လျှင်ခိုးသွားပစ်ရန်သော်လည်းကောင်း၊ အလစ်သုတ်ရန်၊ တစ်နေရရာ သွားခိုးကြရန်သော် လည်းကောင်း ချော့၍ဆွယ်လျှင် ဆွယ်မည်၊ ယမန်နေ့ ကကဲ့သို့ နိုင်ပေါက်နှင့် ခြောက်၍လည်း မရမကခေါ်ချင်ခေါ်မည်။ အတာသည် လည်း ကြောက်ကြောက်နှင့် လိုက်မိပေမည်။ တစ်ခေါက် က နှစ်ခေါက် ဆိုသော် ကြောက်၍လိုက်ရခြင်းမဟုတ်တော့ဘဲ ငွေရပေါက်ချောင်၍ လိုက်သည့် သ ဘောမျိုးဖြစ် လာမည် မှာတော့ သေချာ၏။
ယင်းသည်အဖြစ်မျိုးကို ရည်ညွှန်းတွေးဆကာပင် တံငါနားနီး တံငါဟု စာထုံးတစ်ခု ပြုခဲ့ဟန်တူ၏။
အတာကလေးတွင်ကား သူထားခဲ့ဖူးသော စိတ်ကောင်းကလေးတစ်ခုကြောင့် ကုသိုလ်ကံ ပင် ထောက်မလာ၍လော မပြောတတ်၊ လတ်တလောချင်းပင် အခြေအနေ သည် ပြောင်းလဲသွားရ တော့၏။ အပိန်းတို့ အဖမ်းအဆီး ခံရမည့်နေ့က ကြံကြံဖန်ဖန် ကံအားလျော်စွာ စာရေးဖြစ်သူ ဆွဲခေါ်သွားသဖြင့် အတာသက်သာခွင့်ရသွား၏။ ငွေခြောက်ကျပ် ဝေစုရသဖြင့် ပထမ အကြိမ်နှင့် ပင်အတာကလေး စိတ်ပါသလိုရှိခဲ့ပြီး နှစ်ကြိမ်အထိသာ အောင်မြင်ခဲ့မူ သူသည်အမှန်မုချ မကောင်းမူဘက်တွင် ဆက်လက်၍ ပျော်မွေ့သွားစရာရှိသော် အဖမ်းခံသွားရသဖြင့် အတာ့တွင် ပါအမှားနှင့် အမှန်ကိုအချိန်မီ သိခွင့်ရလိုက်၏။
ထိုမျှသာ အတာကံကောင်းသည်မဟုတ်။ ရုတ်ရက်ဆိုသလို ကိုထွန်းအောင် မမျှော်လင့် ဘဲ ရောက်လာသောကြောင့် အတာတွင်မျက်ရည်အပေါက်ပေါက် ကျမိသည်အထိဝမ်းသာအားရ ရှိသွားတော့ ၏။
"ကိုင်း၊ ပြီးခဲ့တာတွေကို ပြောမနေပါနဲ့တော့ မသိန်းမေရယ်"
သူ့အား မတိုင်ပင်ပဲ သွားရကောင်းလားဟု ရန်တွေ့နေသော မသိန်းမေလည်း ထ၍ပင် ထုတော့မ လောက်သူ့အတွင် အဘယ်မျှစိတ်ဒုက္ခရောက်ခဲ့ရသည်တို့ကို စီကာပတ်ကုံးပြောနေသည်နှင့် ကိုထွန်းအောင် က သို့ကလိုကရုဏာသံဖြင့် တားမြစ်ရင်း
"တကယ်တော့လဲ ကျုပ်ဘယ်ခွဲသွားချင်ပါ့မလဲဗျာ၊ ခုဟာက ခင်ဗျားတို့အတွက်ပဲ မဟုတ်လား၊ မသိန်းမေပြောပြောနေတဲ့ အရင်းအနှီးအတွက်ကြောင့် ကျုပ်ဇွတ်ထွက်သွားတာပဲ၊ ကျုပ် ၀င်ပြီး နှုတ်ဆက်မယ်တောင် ကြံမိသေးတယ်၊ ဒါပေမဲ့"
"ကျွန်မ တားမှာ စိုးလို့ မ၀င်တာမဟုတ်လား၊ စိတ်ချဇွတ်ဖျက်မှာပဲ"
"ကဲ ဒါတွေထားပါတော့လေ၊ ကျုပ်လဲအမှန်ဆိုရင် ခြောက်လအနည်းဆုံးလုပ်ရမဲ့ စည်းကမ်းနဲ့ လိုက်သွားတာကျုပ်မပျော်ဘူး၊ ဒီကိုပဲစိတ်ကရောက်နေတယ်၊ ဒါနဲကအတော်တောင်းပန်ပြီး ထွက်ခဲ့ ရသပေါ့၊ ခုကျုပ်မှာ ငွေနှစ်ရာလောက် ပါလာတယ်၊ အဲဒါအရောင်းအ၀ယ်တစ်ခုခုလုပ် ဖို့စဉ်းစားကြ ရအောင် ဟုတ်လား"
"အေးလေး၊ ရှင်က ဘာရောင်းရင် ကောင်းမယ်လို့ ထင်သလဲ"
"ခင်ဗျားပဲ စဉ်းစားပပေါ့ မသိန်းမေ၊ ရောင်းမှာက ခင်ဗျားရောင်းရမှာပဲ၊ ကျုပ်က အိမ်ကနေ ၀ိုင်းကူ လုပ်ပေး ရုံသာ တတ်နိုင်တာဆိုတော့"
"ကဲ ထမင်းရောင်းရရင် မကောင်းဘူးလား ကိုထွန်းအောင်၊ ရှင့်သဘောကကော"
"ဟာ သိပ်ကောင်းပေါ့၊ ဒါပေမဲ့ ထမင်းရောင်းတဲ့အလုပ်က ဗာဟီရသိပ်များတော့..."
"အလုပ်လုပ် တာပဲရှင် ကြောက်နေလို့ ဖြစ်မလား"
"ဒါဖြင့်လဲ လုပ်လေ၊ ကောင်းတော့ဖြင့် သိပ်ကောင်းတဲ့အလုပ်ပဲ၊ မြန်မြန်လဲ ပိုက်ဆံဖြစ် လွယ်တယ်၊ ကိုယ့်ဝမ်းရေး လဲ လုံးလုံးမပူရတော့ဘူးပေါ့"
သို့ မိဘနှစ်ပါး အားရ၀မ်းသာနှင့် ကြည်ကြည်ရွှင်ရွှင် ဤလိုတိုင်ပင်နေကြသည်ကို အတာသည် လည်တိုင် ကလေး အကော့သားနှင့်ခပ်မော့မော့ နားစွင့်နေရင်းကပင် ထမင်းဆိုင်တည်း ဟူသော ပေါ်မလာသေးသည့် အကောင်အထည်ကို မယောင်မလည်တွေးကာ ဟင်းကောင်းကောင်း နှင့် လွေး ရတော့ မည့် အခင်းကို အသာတငင်းငင်း စိတ်ကူးယဉ်နေတော့၏။
"ကဲဒီလိုဆိုရင် ဒီထပ်ခိုးကလေးနဲ့ ဖြစ်မှာမဟုတ် ကိုထွန်းအောင်ချက်ဖို့ပြုတ်ဖို့က နေရာကျယ် ကျယ်ဝန်းဝန်း နဲ့မှ ဖြစ်လိမ့်မယ်
"လာ မသိန်းမေ၊ ပြောနေကြာတယ်၊ အိမ်တစ်ခန်းလောက် လျှောက်ကြည့်ရအောင်"
ပြောပြောဆိုဆို ပြိုင်တူထကာ အိမ်အခန်းရှာရန်အတွက် ခပ်သွက်သွက် ဆင်းသွားကြတော့၏။ အတာ လည်း ကိုထွန်းအောင် ပစ်ပေးခဲ့သော မူးစေ့ကိုအသာချကာ ထ၍ပင် ကျွမ်းထိုးလိုက်မိ တော့၏။
ကိုထွန်းအောင် ၏ အစီအစဉ်တွင် ပထမအရေးအကြီးဆုံးသည် အတာ အား ကျောင်းပြန်အပ်ရန် ဖြစ်ည့်အတိုင်း နောက်တစ်နေ့နံနက်တွင် ရှစ်နာရီခွဲသည်နှင့် အတာ အားကျောင်း သို့ခေါ်သွား တော့၏။
"မင်းလဲ မကောင်းဘူး အတာ၊ တကယ်သို့သာ ကျောင်းလခမပေးတဲ့ အကြောင်းငါ့ဆီကို ရေးလိုက်ရင် ငါကြံဖန်ပြီး ပို့ပေးမှာပေါ့"
"ဟုတ်ကဲ့၊ အစတော့ ကျွန်တော်ရေးမလို့ပဲ၊ ဒါပေမဲ့"
အတာ က စကားကိုရှေ့မဆက်သေးဘဲ တွေတွေကလေးမော့ကြည့်နေသောကြောင့်
"ငါသိပါတယ်ကွာ၊ ငါ့မှာပိုက်ဆံမရှိဘူးဆိုတာ မင်းသိလို့ မရေးတာဟုတ်လား"
အတာ က မျက်နှာသေကလေးဖြင့် ခေါင်းညိတ်ပြလိုက်သည်တွင်
"အေး၊ မင်းအဲသလို လိမ္မာလေ ငါအသည်းကွဲလေ"
"ဗျာ"
အသည်းကွဲဆိုသော စကားကြောင့် သို့ရေရွတ်ရင်း စိတ်မကောင်းဖြစ်သွားသလို မော်ကြည့် လိုက်သည်နှင့် ကိုထွန်းအောင်လည်း အတာကလေး အဓိပ္ပာယ်ကောက် လွဲသွားပြီကို ချက်ချင်း သိလိုက် ၏။
"ဒီလိုပါကွ၊ စိတ်ညစ်လို့ အသည်းကွဲတာမျိုး မဟုတ်ဘူး၊ ဥပမာဆိုတော့ကွာ၊ မင်းစိတ်ညစ်ရင် ၀မ်းနည်း ရင် မျက်ရည်ကျတယ် မဟုတ်လား"
"ဟုတ်ကဲ့"
"နို့ ငါပြန်လာတာ မြင်တော့ကော ဘာလို့မျက်ရည်ကျသလဲ" အတာလည်း အတန်ကြာတွေနေ ပြီးမှာ "ဟာ ဟုတ်တယ်နော်၊ သိပ်ဝမ်းသာရင်လဲ မျက်ရည်ကျတယ်၊ တစ်မျိုးပဲ" "အေးအဲသလိုပဲ ပေါ့ကွာ၊ မင်းလိမ္မာ တာဟာ အသည်းကွဲမတတ်ဘဲလို့ ခုနပြောတာ အဲဒီအဓိပ္ပာယ်ကွ"
အကြောင်းတစ်ခုခုကြောင့်ပင် ဖြစ်ဟန်တူ၏။ အတာသည် ကြည်ကြည်လင်လင် ရွှင်နေရာမှ ရုတ် တရက် မျက်နှာကလေးညှိုးသွားကာ "ဟိုတလောတုန်းကလေ ကျွန်တော် ကျွန်တော် သိပ်မိုက် ခဲ့တာပဲသိလား၊ ကျွန်တော် အများကြီး ငရဲကြီးသွားပြီ"
အတာ့ စကားကြောင့် ကိုထွန်းအောင်တွင် အံ့အားတသင့် ငုံ့ကြည့်မိရာမှ "ဘာလဲ အတာ၊ မင်းဘာတွေ မိုက်ခဲလိုကလဲ" ဟုမေးလိုက်သည်နှင့် "ဟေ့ လန်ခြားဟိုး၊ ကျောင်းရောက်နေပြီ၊ ကျွန်တော် အိမ်ကျမှပဲ ပြောတော့မယ်နော်"
ကိုထွန်းအောင်တို့ ကျောင်းထဲဝင်လာသည်နှင့် အတာ့ကိုမြင်လိုက်သော သူငယ်ချင်းများလည်း အားရ ၀မ်းသာ ပြေးလာနှုတ်ဆက်နေကြသောကြောင့် အတာတွင်လည်း မျက်ရည် တလည်လည် ဖြင့်ပြန်လှန်ဖြေကြားရင် ဖက်လဲတကင်းဖြစ်နေတော့၏။
"ဟေ့ ကျော်ကျော်၊ မင်းတို့မမကော"ဟု အတာက အမှတ်တရမေးလိုက်သည်ကို
"အပေါ်ထပ် မှာကွ၊ တီချာကြီးအခန်းမှာ ခုပဲတက်သွားတယ်"
အကယ်၍ အတာ့ သဘောအတိုင်းသာ ခွင့်ပြုထားမည်ဆိုက တော်ရုံဖြင့် သူတို့ချင်း စကားပြတ် မည်မဟုတ် ဟု တွေးမိ၍လားမသိ၊ ကိုထွန်းအောင်လည်း ထိုအခိုက်မှာပင် အတာအားဆွဲခေါ်ကာ အပေါ်ထပ် သို့တက်လာခဲ့ရတော့၏။
အဆင်သင့်ပင် စာရေးစားပွဲအလယ်၌ ဇာချည်လုံး သိုးမွေးချည်ခင်များကိုထား၍ တစ်စုံတစ်ရာ တိုင်ပင်နေကြ ဟန်တူသော ကျောင်းအုပ်ဆရာမကြီးနှစ်ယောက်အပြင် ကျော်ကျော်တို့ မမ ကိုပါ တွေ့ရသောကြောင့် ကိုထွန်းအောင်လည်း တံခါးဝမှပင်ရပ်၍ အင်္ဂလိပ်ဘာသာဖြင့် နှုတ်ဆက် လိုက်၏။
ဆရာမကြီး ကလည်း ပြန်လှန်နှုတ်ဆက်လိုက်ရင် ၀င်လာရန်ဖိတ်ခေါ်လိုက်ပြီး စောစောက ကိုထွန်းအောင် ဆီတွင်သာ အာရုံစိုက်နေမိကြသောကြောင့် အတာကလေးကို မမြင်ဘဲ ယခုအနီး သို့ရောက် မှ သိလိုက်ရသည်နှင့်
"ဟလို ဟလို"ဟူသော အသံများသည် ဆရာမကြီး နှစ်ဦးစလုံးထံမှ အံ့အားတသင့် ထွက်ပေါ် လာ ပြီးအနီးသို့ ခေါ်ယူကာဖက်ယူက ဖက်၊ နမ်းသူက နမ်းဖြင့် အတော်ကလေး ၀မ်းမြောက်သွားသ လိုပြုမူနေကြတော့၏။
ဆရာမမှာမူ အတာ့အပေါ်၌ ခင်ခင်တွယ်တွယ်နှင့် တောင့်တောင့်တတ ရှိခဲ့ဖူးသည်မဟုတ်၍လော မပြောတတ်၊ ပထမသော် ယောင်ချာချာပင်ငေးကြည့်နေမိသေး၏။
တစ်ကြိမ်သော အခါက အတာ့အပေါ်တွင် မည်မျှလောက် စိတ်ထားကလေးကောက်ခဲ့သည်ဖြစ်စေ၊ ယခုလို ရက်ရှည်လများ ကွဲသွားရပြီးမှ ရုတ်ရက်ပြန်တွေ့လိုက်ရသည်၌ ဆရာမသည် သီးခြားကိန်း အောင်းနေသည့် ဆရာမတည်းဟူသည့်စိတ်ဓာတ်ဖြင့် အတာအားနှစ်နှစ်ခြိုက်ခြိုက် ကြီး ပြုံးပြလိုက် ၏။ဤသည့်အမူအရာကို ဆရာမကြီးတို့ကလည်း ကြည်နူးဝမ်းသာ အကဲခတ်လိုက်မိ၏။
ချက်ချင်းလောက် နီးနီးပင် ကိုထွန်းအောင်က အတာဤသို့ဖြစ်ရသည့် အကြောင်းရင်းကို သူကျောက်ထိုးကျောင်း တက်သည်ကအစ ယိုးဒယားရောက်သည်အထိ ရှင်းပြလိုက်၏။
"မနေ့က တစ်ချက်တီးလောက်မှ ကျွန်တော်ရန်ကုန်ရောက်ပါတယ်၊ ရောက်ရောက်ချင်းပဲ ဒီကလေး ကိစ္စ သိလိုက်ရတော့ အတော်ပဲ ယူကျုံးမရဖြစ်ခဲ့ရပါတယ်"
သူပြောလိုက်သော စကားနှင့်လျော်ညီစွာပင် ကိုထွန်းအောင်၌ မျက်ရည်မလည်အောင် အနိုင်နိုင် ထိန်းနေရသည့် အသွင် ပေါ်နေ၏။
"အင်းပေါ့လေ၊ စိတ်မကောင်းစရာပဲပေါ့၊ အတာ့မိဘမှာ ငွေကြေးကြပ်တည်းလို့သာ ကျောင်းလခ မမှန်တာပဲ လို့ ဆရာမကြီးနဲ့ ကျွန်မတို့တောင် တိုင်ပင်ဆွေးနွေးပြီး ချက်ချင်း စာရေး မေးမြန်းပါ သေးတယ်၊ အဲဒီတုန်းက အကျိုးအကြောင်းလာပြောခဲ့ရင် ဆရာမကြီးကလဲ ဇွတ်တောင်း မှာ မဟုတ်ပါဘူး တစ်နည်းနည်းနဲ့ ဖြစ်လာအောင် စီစဉ်ပေးမှာပါပဲ"
"ဟုတ်ပါတယ်၊ မနေ့ကပဲ သူ့အမေပြောပြပါသေးတယ်၊ သူ့အမေက စာမတတ်ဘူးဆရာမကြီး၊ ဒီတော့ စာရဲ့တန်ဖိုးကိုလဲ မသိသလို ဖြစ်နေတာပေါ့"
"မှန်ပါတယ်ဆရာမကြီး၊ ဒါကြောင့်ကျွန်တော်ချက်ချင်းပဲခေါ်လာခဲ့တာပါ၊ ကျွန်တော်ရှိနေ သမျှ တော့နောက်နောင်ကို ဒီလိုမဖြစ်စေရပါဘူး"
"၀မ်းသာတယ်၊ ကျွန်မအများကြီးဝမ်းသာပါတယ်၊ ဒီလိုအစစအရာရာတော်တဲ့ ကလေးတစ် ယောက်ကို အင်မတန် ဂရုစိုက်ပြီး မွေးပါနော်၊ စောင့်ရှောက်ပါ၊ ကောင်းကောင်းစောင့်ရှောက်ပါ၊ ကျွန်မတို့ အင်္ဂလိပ် လူမျိုးမမှာ ကလေးကိုသိပ်ဂရုစိုက်ပါတယ်၊ ဘာပြုလို့လဲဆိုရင် မိဘတိုင်း အုပ်ထိန်းသူတိုင်း ဆရာ ဆရာမတိုင်း ကလေးများကို အများကြီး ဂရုစိုက်ပြီး စောင့်ရှောက်မှ တိုင်းပြည်ကို အုပ်ချုပ်ဖို့ လူကောင်းကောင်း ရနိုင်ပါတယ်"
ပညာသင်ကြားရေး၌ စရိတ်ကြီးလေးလှသော ခေတ်ဖြစ်သည့်အတိုင်း အတာလေးအား ရှေ့နေ တစ်ယောက်ဖြစ်လာရေးအထိပင် ရဲရဲဝံ့ဝံ့မမှန်းနိုင်သော ကိုထွန်းအောင်မှာ သို့လျှင် ဆရာမ ကြီး ပြောလိုက်သည့် "တိုင်းပြည်အုပ်ချုပ်ဖို့ လူကောင်းကောင်းရနိုင်ပါတယ်"ဆိုသည့် စကားကြောင့် ကြက်သီး မွေးညင်းတောင် ထသွားလျက်
"ဒီလိုစိတ်ထားမျိုးကြောင့်လဲ ဒင်းတို့အင်္ဂလိပ်တွေ ကမ္ဘာမှာအကြီးဆုံး အင်ပါယာကြီးကို ချဲ့ထွင် အုပ်စိုးနေနိုင်တာပဲ"ဟူ၍ပင် စိတ်ထဲမှရေရွတ်နေမိ၏။
"အဲဒီတော့ ဦးထွန်းအောင် အတာလိုစိတ်ကောင်းရှိတဲ့ ကလေးတစ်ယောက်ဟာ နောက် ၂၅နှစ် လောက်ကြာလို့ ၀န်ကြီးတစ်ယောက်ဖြစ်လာမယ်ဆိုရင် တိုင်းပြည်အများကြီး ကောင်းမှာပဲ၊ ပညာကို အများကြီးပေးပါ၊ တက်နိုင်သလောက် များများပေးပါ။"
ထိုစကားကြောင့် ကိုထွန်းအောင်တွင် ပို၍ပင်ခေါင်းကြီးသွားတော့၏။ ကျောထဲတွင်စိမ့်ခနဲချမ်း သွား၏။
"ဟုတ်ကဲ့၊ ကျွန်တော်အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်"
"ခုလိုဆိုရင် အများကြီး ၀မ်းသာစရာပဲ၊ ဆရာမကြီးတို့ လူမျိုးဟာ ဒီလိုအားလုံးဘက်က တော်တဲ့ ကလေးကို အင်မတန် ဂရုစိုက်ပါတယ်၊ ကောင်းကောင်းနေပါတယ်၊ ဒါကြောင့်ဒီကလေးကို အားပေး တဲ့အနေ နဲ့ နောက်ပြီးတော့ကာ ကိုထွန်းအောင်တို့မှာ ငွေသိပ်မလွယ်ဘူးဆိုတဲ့အတွက် အရင်က ကျောင်းလခတွေ မယူပါဘူး"
"ဗျာ၊ ကျေးဇူးတင်လိုက်တာ ဆရာမကြီးရယ်၊ သိပ်ကျေးဇူးတင်တာပဲ"
"ခု ကျွန်မ တို့ ကျောင်းဖွင့်ထားတာဟာ ကလေးချစ်တတ်လို့ပါ၊ ကလေးတွေနဲ့နေရတာ ပျော်လို့ ပါ၊ ပိုက်ဆံကြောင့် မဟုတ်ပါဘူး၊ ပြီးတော့ကျွန်မက မြန်မာကိုချစ်တဲ့ အင်္ဂလိပ်မကြီးပါ ဦးထွန်းအောင်"
ပြောပြော ဆိုဆို ဆရာမကြီးက အညွတ်အနူးနှင့် မြူးရွှင်သွားသလို အသံထွက်အောင် ရယ်လိုက် သောကြောင့်အားလုံးပင် တပြုံးပြုံးစြဖ်သွားကြတော့၏။
အကယ်၍သာ ကျောင်းသားသစ်တစ်ယောက် လာအပ်သည့်ကိစ္စမျိုး ဖြစ်ခဲ့လျှင် (ဤလိုအချိန်၌ လက်ခံသည် ပင် ထားဘိဦး)ဤမျှလောက်အချိန်အကုန်ခံကာ ဤလိုလည်း ရင်းရင်းနှီးနှီး ရယ်ကာ မောကာရှိနေလိမ့်မည်မဟုတ်။ ယခုသော် စာတော်သည်၊ လိမ်မာသည်၊ စိတ်ကောင်း ရှိသည်ဟူ သောတော်၏ ဂုဏ်သတင်းကလေးများကြောင့် အတန်ကြာသည့်တိုင် အရေးတယူ ဆွေးနွေး နေမိကြ၏။
မြန်မာစကား မပီ့တပီနှင့်ပင် ပြောဆိုနေရာမှ ဆရာမကြီးသည် ရုတ်ရက်အားဖြင့် အင်္ဂလိပ်စကား သုံးကာ ခပ်ပြုံးပြုံး အမူအရာဖြင့်
"ခုဒီကလေး ကျောင်းမလာဘဲနေတာဟာ ကျောင်းလခအတွက်ကလွဲပြီး ဒီပြင်ဘာတွေ များ ပြောပါသေးသလဲ၊ ပွင့်ပွင့်လင်းလင်းသိပါရစေ"
ဆရာမကြီးသည် အနီးတွင်ထိုင်နေသော ကျော်ကျော့်မမအား မသိမသာပြုံးပြလိုက်ပြီးမှ သို့မေး လိုက်သည် ကို "ဘာမှ မပြောပါလား ဆရာမကြီးရဲ့"
"ဒီလိုလေ၊ ဆရာမကြီးဆိုလိုတာက ဒီကကျောင်းသူကျောင်းသား ဆရာမအစရှိတာတွေနဲ့ ပတ်သက်လို့ ဘာတစ်ခုမှ သဘောမကျတာရယ်လို့ မရှိခဲ့ပါဘူး၊ ပြောလဲ မပြောဖူးပါဘူး၊ ဘာဖြစ် လို့ပါလိမ့်"
"မဖြစ်ပါဘူး၊ ရှိခဲ့ရင်ဘာကို မကျေနပ်ဘူးဆိုတာ ကျွန်မတို့သိထားချင်လို့ပါပဲ"ဟု လက်ထောက် ဆရာမကြီး ၀င်ဖြေလိုက်ပြီးမှ အတာ့ဘက်သို့လှည့်ကာ
"ကဲ အတာ၊ ခုမင်းကျောင်းပြန်ရောက်လာပြီးနော်၊ ကောင်းပြီ၊ မင်းဘယ်အတန်းမှာ နေချင်သလဲ"
"အရင်အတန်း မှာပဲ နေမယ်တီချာလတ်၊ ဒီမမအတန်းမှာပဲ နေချင်ပါတယ်"
အတာသည်ယောင် ၍မျှပင် စဉ်းစားခြင်းမပြုဘဲ သူ့ဆရာမအားလက်ညှိုးကလေးညွှန်ကာ ပျာပျာ သလဲပြော လိုက်၏။
သူ့အားစိတ်ဆင်းရဲအောင် အမျိုးမျိုးပြုမူခဲ့သော်လည်း အတာသည်ဆရာမအပေါ်၌ အငြိုးမထား၊ အချစ် မပျက်၊ နှစ်သက်ခင်မင်လျက်ပင်ရှိသည်ကို ထိုအပြော ထိုအမူအရာဖြင့် ပြလိုက်၏။ ဤသည် ကိုသူ့ဆရာမ ကလည်း အရှက်ကလေးဖြင့်နှောကာ သဘောပေါက်သွား၏။ တစ်ဦးမေတ္တာ တစ်ဦး မှာဆိုသကဲ့ သို့ပင် မပျက်သောအတာ့မေတ္တာက ဆရာမသို့ကူးစက်သွားသည့်အတိုင်း ချက်ချင်း ပင်အတာကလေး အား လှမ်း၍ဆွဲတဲ့ပြီး အတာ့ပါးကလေးနှစ်ဖက်ကို သူ့လက်နုနုဖြင့် စုအုပ်ခါ ယမ်းရင်း အငမ်းမရကြည်နူးနေမိသလောက် ဆရာမကြီးနှစ်ယောက်တွင်ကား ပြောစရာပင်မရှိ။ သိသိသာသာ ရွှင်လန်း အားရ ရှိနေကြတော့၏။
နေ့လယ်ကျောင်းလွှတ်သည်ဆိုလျှင်ပင် အတာသည် သူ့ဝတ္တရားကို မမေ့ဆရာမအနီးသို့ စွေ့ ခနဲရောက် လာကာ
"မမ ဘာစားမလဲဟင်၊ ကျွန်တော်မှာပေးမယ်လေ"
သို့အတာ မေးနေခိုက်မှာပင် ချစ်အောင် ရောက်လာပြန်သောကြောင့်"ကဲ မောင်ချစ်အောင်၊ ဒီနေ့ တော့ အရင်ရောက်တဲ့လူကို ခိုင်းရမှာပဲ၊ မင်းသွားတော့၊ အတာကအရင်ရောက်တယ်"ဟု ချစ်အောင် ကို ကျေနပ်အောင်ပြောလိုက်ပြီးမှ အတာအား ၀မ်းသာဝမ်းနည်း ခွဲခြား၍မရသော အမူအရာဖြင့်တွေကြည့်နေပြီးမှ
"အတာ မင်းမမကို မမုန်းဘူးလားကွယ် ဟင်"ဟု မေးလိုက်သောကြောင့် အတာတွင်မျက်တောင် ကလေးတဖျတ်ဖျတ် ခတ်နေမိရာမှ
"ဟင် ကျွန်တော် ဘာလို့မုန်းရမှာလဲ၊ မမကို ကျွန်တော်ချစ်ပါတယ် မမရဲ့၊ ကျွန်တော်မမုန်း တတ်ပါဘူး"
ဤစကားကြောင့် ဆရာမတွင် တစ်ဖန်မသိမသာရှက်သွားရပြန်၏။ "ကဲမင်းက မမကိုချစ်တယ်၊ နို့ မမကကော မင့်ကိုချစ်သလား မုန်းသလား၊ မင်းဘယ်လိုထင်သလဲ အတာ"
"ဟို အရင်မမက ပြောတယ်၊ ဆရာမဆိုတာ ဘယ်ကလေးကိုမှ မမုန်းဘူးတဲ့၊ ဒါပေမဲ့ ပြောစကား နား မထောင်ရင် စာမကြိုးစားရင်တော့ စိတ်ဆိုးတယ်တဲ့၊ ဒီလိုဆို မမလဲ ကျွန်တော့်ကို ချစ်တယ် လို့ထင်တယ်၊ ဒါပေမဲ့"
အတာ လည်း စကားကို ရှေ့မဆက်ဘဲ ဆရာမအား မသိမသာမော်ကြည့်လိုက်သောကြောင့် "အင်း၊ ဒါပေမဲ့ ဘာဖြစ်သလဲ အတာ၊ ပြောမမကို မကြောက်နဲ့"ဟုအပြုံးနှင့် ခွင့်ပြုလိုက်မှ "ကျွန်တော့်ကို မမချစ်သားပဲ၊ ဒါပေမဲ့ ကျွန်တော့်ကြောင့် ကျော်ကျော်နဖူးပေါက်သွားလို့ မမ ကျွန်တော့်ကို စိတ်ဆိုးနေ တယ် ဟုတ်ဖူးလားဟင်"
ဆရာမအဖို့၌ ထိုစကားကြောင့် အဟောင်းသည် အသစ်ကဲ့သို့ ဖြစ်လာဟန်တူ၏။ မျက်နှာထား အမူအရာလည်း ပြောင်းသွားကာ
"ဒီမှာအတာ၊ မမ မင့်ကိုမမုန်းတော့ဘူး ဟုတ်လား၊ ကဲ မမဖို့ ဟို" ဆရာမသည် ဘာစားရကောင်း မည်ကို စဉ်းစားနေသလို တွေနေသည်နှင့်
"ကော်ပြန့်လိပ် စားပါလား မမဟင်၊ ကျွန်တော် သွားဝယ်ပေးမယ်"
"ဟေ့ ဒီမှာ ရလို့လား"
"၁၆ လမ်းထိပ်မှာရတယ်လေ"
ယခင်ဆရာမ အား ၀ယ်ပေးခဲ့သည့်နည်းတူ အတာလည်း အပြေးအလွှားသွားဝယ်ခဲ့၏။ တစ်မြန် နေ့က ထမင်းဝယ်ရင်း ဖျက်ခဲ့သော ငွေတစ်ကျပ်မှပိုသည့်အကြွေကို သူ့မေမေရန်ကြောင့် အိမ် တွင်မထားဝံ့တော့ ဘဲ သူ့အိတ်ထဲတွင်ပါလာခဲ့သည့်အတိုင်း ထိုပိုက်ဆံနှင့် အပေါင် ထားယူခဲ့ သည် နှင့်ယခင်ကကဲ့သို့ အင်္ကျိချွတ်၍မပေးခဲ့ရဘဲ ကိစ္စပြီးသွား၏။
အတာ သည် ယနေ့အဖို့၌ ရုတ်ရက်ဘ၀သစ်ရောက်ခဲ့ရသည့်ပမာ သာသာ ယာယာကြီး ပျော်နေ တော့၏။ အထူးသဖြင့်သူ့အား မကြည်မဖြူနှင့် ငြူစူခဲ့သော ဆရာမက ရယ်ကာ မောကာနှင့် စကားလက်ခံပြောလာသည့်အဖြစ်ကို အတာသည်နှစ်နှစ်ကာ ၀မ်းအသာဆုံးဖြစ်၏။
ညနေ ကျောင်းလွှတ်ရန် မိနစ်ပိုင်းမျှသာ လိုတော့သည့် အချိန်တွင်အတာသည် ခါတိုင်းနှင့်မတူ တလှုပ်တရွရွဖြင့် ဟိုထ သည်ထ လုပ်နေသောကြောင့်
"အတာ၊ လာဦးဒီကို"
အလွန်ကျိုးနွံသောအမူအရာဖြင့် အတာရောက်လျှင်ပင်
"မင်း ဘာထလုပ်နေတာလဲ၊ ဟိုသွားဒီသွားနဲ့ဟင်၊ အရင်လိုမင်းစည်းကမ်း၊ မသေ၀ပ်တော့ဘူး လား"
"မ မဟုတ်ပါဘူး၊ ကျွန်တော် ဆော့နေတာမဟုတ်ပါဘူး၊ ကောင်းပျက်ခဲ့တုန်းက စာတွေပြန်ကူး ချင်လို့မစွမ်းကြည်တို့ဆီမှာ စာအုပ်ငှားတာပါ မမ"
အပြစ်တင်စော သွားမိသော ဆရာမသည် ယခုမှပင် ချစ်ချင်ဖွယ်ရာသော အတာ့လုံ့လ ၀ီရိယကို စိတ်ထဲ မှ ချီးကျူးမိကာ
"အေး အေး၊ ဒါဖြင့်သွား"ဟု အတာအား ခပ်ပြုံးပြုံးခွင့်လွှတ်လိုက်၏။
အိမ်သို့ ပြန်ရောက်သည်ဆိုလျှင်ပင် အတာသည် ရောသော်လှဝအောင် မချိုးနိုင်၊ သူ့စိတ်ထဲတွင် ပြန်ကူးရမည့် ကျောင်းစာများကိုသာ စွဲလမ်းနေသည်နှင့် ရေသုတ်သုတ်ချိုးကာ စာကိုသာ အပြင်း ကူးရေးနေတော့၏။
သူနှင့် ရှေ့ဆင့်နောက်ဆင့်လောက် ရောက်လာသော ကိုထွန်းအောင်ကို်ပင် ဟက်ဟက်ပက်ပက် စကားမပြောနိုင်ဘဲ တကုတ်ကုတ်နှင့် ရေးနေသည်မှာ ၄နာရီမှသည် ည၇နာရီခွဲအထိ အတာမထ သေး၊ ရေးမြဲပင် ရှိနေသေးသောကြောင့်
"ဟေ့ အတာ၊ တော်ပါတော့လားကွ၊ တော်တော့ နက်ဖြန်မှဆက်ရေး"ဟု ခပ်ပြင်းပြင်းကလေး ငေါက်လိုက်မှ အတာလည်း အရေးရပ်တော့၏။
အတာကလေးထမင်းစားပြီး ပြန်လာသောအချိန်မှာ ရှစ်နာရီသာသာခန့် ရှိနေပြီဖြစ်၍ သူ့အိပ်ရာ သူအသာခင်း ၍ အစင်းသားလှဲချလိုက်၏။ ရုတ်တရက်မပျော်၊ အတော်ကြာသည့်တိုင်အောင် အတွေးကြော တွင် မျော်နေသေး၏။
အထူးသဖြင့် သူ၏တေလေဘ၀နှင့် ကျောင်းသားဘ၀ကို အမျိုးမျိုးနှိုင်းယှဉ်၍ တွေးနေမိ၏။
အပိန်း တို့နှင့်အတူ တိရစ္ဆာန်ရုံ၊ ကန်တော်ကြီး၊ ဗိုလ်တထောင်သင်္ဘောဆိပ်စသည်တို့ကို သွားလာ လတ်ပတ်ရာ ၌ တစ်ခါတစ်ရံဓာတ်ရထား၊ ဘတ်စ်ကားစသည် စီးသွားရာတွင် မည်သူကမျှ သူတို့တစ်သိုက် ကို အရေးမလုပ်၊ မျက်နှာသာလည်းမပေး၊ သူခိုး ခါးပိုက်နှိုက်ကလေးများကဲ့သို့ သဘောထားပြီး သူ့တို့ဝင်ထိုင်သည့် ခုံတန်းမှ ခရီးသည်များလည်း ကိုယ့်အိတ်ကို ဖုံးသူဖုံး၊ ပါလာသောပစ္စည်းကို ပေါင်ပေါ်ယူတင်လိုတင်ဖြင့် မသင်္ကာသလို ကြည့်တတ်ကြ၏။
ဈေးတန်း ထဲ သို့ရိုးရိုးတန်းတန်း လျှောက်သွားကြသည်ကိုပင် ဆိုင်ရှင်အပေါင်း တို့၏ မောင်းထုတ်အော်ငေါက် ခြင်းကိုခံရတတ်၏။ ဤကားတေလေဘ၀၏ အတာ့ကိုယ်တွေ့ များဖြစ်လျက်
ကျောင်းသားဘ၀ ကမူ တစ်ခါတစ်ရံ ကျောင်းနောက်ကျမည်စိုး၍ ဘတ်စ်ကားစီးသွားသော အချိန် နှင့်ကားထဲ ၌ လူပြည့်နေသောအခိုက် ကြုံကြိုက်နေသည့်တိုင်အောင်
"ဟဲ့ ကလေး၊ လာဦးလေးပေါင်ပေါ်ထိုင်"ဟူ၍လည်းကောင်း
"ဟေ့ဟေ့၊ ဟိုကလေးကိုဒီပို့လိုက်ပါကွယ်၊ အပေါက်ဝမှာမတော်လို့ လိမ့်ကျသွားမှဖြင့်လာ လာ၊ ဒေါ်ဒေါ့်ပေါင်ပေါ်ထိုင်" ဟူ၍ တစ်ဖုံ
"ငါ့မောင်ကလေး က ဘယ်ကျောင်းမှာနေသလဲ ဟင်၊ ဘယ်နှစ်တန်းရောက်ပလဲ"ဟူ၍ တစ်နည်း သို့လျှင် ရင်းနှီးနှီး ဖော်ဖော်ရွေရွေနှင့် အရေးတယူ ပြုစုကြသည်၊ ဂရုစိုက်ကြသည်ကို အတာ တွေးမိ လာ၏။ မည်သည့်နေရာပင်သွားသွား၊ ကျောင်းသားဆိုလျှင် တွေ့မြင်သူတိုင်းက ချစ်ခင် ကြသည် ကိုလည်း အတာသည် အကြိမ်ပေါင်းများစွာ ကိုယ်တွေ့ကြုံခဲ့ဖူးပြီး ဖြစ်သည့်အတိုင်း
ထိုမည်သော တေလေဘ၀နှင့် ကျောင်းသားဘ၀၏ ခြားနားချက်ကို ယခုမှပင် အကွက် လည် အောင်တွေးမိတော့၏။
စိတ်နေသဘောထားအားဖြင့် တွက်စစ်မိပြန်သည်၌လည်း အတာသည် တေလေဘ၀ကဆို လျှင်ဆော့နည်းမျိုးစုံဖြင့် ကမ်းကုန်အောင် ဆော့ခဲ့၏။
"ဟဲ့ ကောင်လေးတွေ သိပ်မဆော့ကြနဲ့ကွယ်"ဟု မျက်စိနောက်သူ လူကြီးသူမများက ဆုံးမကြ သည်ကိုပင်အတာသည် ရိုသေတတ်သည့်စိတ် ပျောက်ကာ ပြောင်နောက်၍ ပြေးလေ့ရှိခဲ့ဖူး၏။ မိုးသောသူနှင့် ပေါင်းခဲ့သော ကြောင့်လည်း မိုက်သောအလုပ်ဖြစ်သည့် ခိုပစ်၊ ငါးဖမ်းဖြင့် သူတစ်ထူး အသက် ကို ပရမ်းပတာ သတ်ခဲ့၏။
သို့လျှင် လူလိမ္မာကျောင်းသားနှင့် လူဆိုးလူတေ လူပေဘ၀တို့စိတ်ထား၊ ကိုယ်နှုတ် အမူအရာ နှင့်တကွပတ်ဝန်းကျင်၏ အရေးပေးလေးစားမှုခြင်းပါ အဘယ်မျှခြားနားသည်ကို ယခုမှပင် ဂဃနဏနှင့် ကွဲကွဲပြားပြား သဘောပေါက်တော့၏။
သို့လျှင် အမှားနှင့်အမှန်ကို သိ၍တိတိကျကျ တွေးမိသည်မှာလည်း လူလိမ္မာကျောင်းသားဘ၀ဖြင့် သာတွေးတော ဆင်ခြင်မိခြင်းဖြစ်ရာ လူလိမ္မာသည် ပို၍လိမ္မာရေးကိုသာ ရှေ့ရှုစဉ်းစား၍ လူမိုက် တို့သည်မူ အဘယ်ပုံတေရမိုက်ရမည်ဟူသည်၌သာ ပို၍စိတ်ဝင်စားတတ်၏။ ဤသည်မှာ ဓမ္မသာ ဟုငယ်ရွယ်သော အတာသည် ယခုသဘောမပေါက်နိုင်သေးသော်လည်း အသက်အရွယ် အ လျောက် တစ်နေ့နေ့ တွင်ကား ဤသဘောကိုသူအမှန် ခေါက်မိမည်သာ ဖြစ်၏။
ဆက်ရန်
.

No comments:
Post a Comment