နောက်ပိုင်းနှစ်များတွင် အမုန်းခွန်အားကို ဇွတ်မွေးပြီး တင်းထားရပေမဲ့ ထိုနှစ်များ၏ ဟိုမှာဘက် တွင် အချစ်သည်း ခဲ့ကြသည့် အဖြစ်တွေကိုတော့ မိမိနှင့် ဒိုလားရက်စ် နှစ်ယောက်ထဲသာ သိကြ သည်လေ။ မျက်စိရှေ့ မှ သားကလေး ကျန်းမာလာဖို့ စိတ်ချရပြီဆိုရင်တော့ အင်း... ငြိမ်းချမ်းပျော်ရွှင် စရာကာလတစ်ခု ပြန်ပေါ်လာနိုင်ပါဦးမလား။ အမျက်တွေပြေခဲ့သည်မှာ ကြာ ပြီဖြစ်ကြောင်းနှင့် ရင်ထဲက အကြိမ်ကြိမ် ခွင့်လွှတ်ထား ခဲ့ပြီး ဖြစ်ကြောင်း ကိုတော့ ပြောဖြစ်အောင် ပြောရမည်။ သူ နားထောင်ချင်စိတ် ရှိမှရှိပါတော့ မလား။ ဒါပေမဲ့ ရော်ဂျာကိုတော့ သူ အသည်းစွဲ ချစ်ရှာသည်။ ရော်ဂျာ့အဖေ အနေဖြင့် တင်းမိ သမျှ အာဃာတ တွေ ကို ၀န်ချတောင်းပန်ပါမည် ဆိုရင်တော့ သူ ၀မ်းပန်းတသာ ခွင့်လွှတ် တန်ကောင်း ပါရဲ့။ သူ့သားကို သူ ငုံထားမတတ် ချစ်ရှာသည်မဟုတ်လား။ ကို ဆက်ဖတ်ရန်......
သူသာ ရောက်မလာရင် ရော်ဂျာ အသက်ရှင်ဖို့ မျှော်လင့်စရာ မမြင်တော့။ တစ်နေ့ကို အကြိမ် နှစ်ဆယ် အ၀တ် လဲပြီး တစ်ကိုယ်ရေသန့်ရှင်းရေးလုပ်ပေးသည်။ တက်သွားလျှင် အသက်မှန်မှန် ပြန်ရှူနိုင် အောင် လုပ်ပေး ဖို့ အသင့်ဖြစ်နေစေရန် တစ်ချိန်လုံး ရင်ခွင်ထဲတွင် ပွေ့ထားပေးသည်။
သစ်ဖြူတောကို ပြန်ရောက်လာကတည်းက ဒိုလားရက်စ် ဟုတ်တိပတ်တိ မအိပ်ရသေးပေ။ မျက်ကွင်းတွေ ညိုပြီး ချိုင့်နေသည်ကို ဖယောင်းတိုင် မီးရောင်တွင် အတိုင်းသား မြင်နေရ၏။
ရော်ဂျာက ရှုံ့မဲ့ကာ တစ်ချက်လွန့်ပြီး ခြုံထားသည့် စောင်ကို ဖယ်ပစ်ဖို့ ကြိုးစားသည်။ ကာလက် ပြန်လွှမ်းပေးရင်း-
'ကိုယ်အလှည့်ပေးပါဦး ဒိုလားရက်စ်ရယ်၊ မင်း ခဏနားပါဦးနော်'
ဒိုလားရက်စ် ခေါင်းယမ်းသည်။
'ကာလက် မလုပ်တတ်ပါဘူး၊ ကျွန်မက အတွေ့အကြုံ ရှိသွားပြီလေ၊ ရပ်ကွက်ထဲမှာ ပိုအဖြစ်များ တာ မဟုတ်လား၊ အင်း... နွေ နွေ သေမင်းတမန်နွေ'
ကာလကက ခုတင်ကိုပတ်ပြီး လျှောက်သွားသည်။ ဒိုလားရက်စ်၏ ပခုံးပေါ်သို့ လက်တင်လိုက်၏။
'သားက သိပ်ချောတာပဲနော်၊ ရေကာတာပေါ်မှာ ဂျူးဒစ်သားတွေနဲ့ သူ မြင်းစီးထွက်လာတာကို ကျွန်မ ခဏခဏတွေ့တယ်၊ သိပ်ကျက်သရေရှိတာပဲ'
ကာလက်က ဒိုလားရက်စ်၏ ပခုံးကို တင်းတင်းဆုပ်ကိုင်ပြီး-
'မင်းဆီက သူ့ကို ကိုယ် အတင်းလုယူခဲ့တာ ခွင့်လွှတ်ပါ ဒိုလားရက်စ်၊ ကိုယ် တောင်းပန်ပါတယ် နော်'
ကာလက်၏အသံမှာ မာတောင့်တောင့်ကြီး ဖြစ်နေသည်။ သည်လိုစကားမျိုးကို ဘယ်လို လေသံနှင့် ပြောရမှန်း သူ မသိပေ။ ပြီးတော့ သူ့စကားကို ဒိုလားရက်စ် ယုံပါ့မလားဟုလည်း သံသယ ဖြစ်နေသေး၏။ ရုတ်တရက် ဒိုလားရက်စ် ဘာမှပြန်မဖြေ။ ရော်ဂျာ့ လက်ကောက်ဝတ် ကို ကိုင်ပြီး သွေးစမ်းနေသည်။ သွေး ကြောကို စမ်းမိတော့ ခပ်တိုးတိုး ပြောသည်။
'အဖျားက ကျကို မကျသေးဘူး ကာလက်ရယ်၊ ခုလိုအဖြစ်နဲ့ ပြန်တွေ့ရတော့ ရင်ထဲမှာ မချိဘူး'
'ကိုယ်လက် သန့်စင်လိုက်ပါဦးလား ဒိုလားရက်စ်ရယ်၊ ကိုယ် ရေသန့်သန့် ယူပေးမယ်နော်'
ရေဇလုံ ထဲမှ ရေကို သွားသွန်ပြီး၊ ရေအေးအေးသန့်သန့်နှင့် လဲပြီး ပြန်ယူလာသည်။ ဒိုလားရက်စ်က လှမ်းယူပြီး စားပွဲပေါ် တင်ထားလိုက်၏။ ရော်ဂျာက ခေါင်းထောင်ထပြီး ကယောင် ကတမ်းတွေ ပြတ်တောင်း ပြတ်တောင်း ပြောနေသည်။
ဒိုလားရက်စ်က ပြတင်းပေါက်ဆီသို့ ၀ုန်းခနဲပြေးသွားပြီး ခန်းဆီးစထဲတွင် မျက်နှာဝှက်ကာ အသံမထွက်ဘဲ ရှိုက်ကြီးတငင် ငိုချလိုက်တော့၏။
ကာလကက နောက်မှ သွားရပ်ပြီး ဒိုလားရက်စ်ပခုံးကို သိုင်းဖက်ထားလိုက်သည်။ သို့သော် ဒိုလားရက်စ် က သူ့အနှစ်သိမ့် မခံလိုဟန်ဖြင့် အသာရုန်းထွက်လိုက်သည။ သစ်ဖြူတော သို့ ပြန်လာခဲ့ခြင်းမှာ ရော်ဂျာအတွက် သက်သက်ဖြစ်ပါသည်။ ရော်ဂျာ့အဖေအတွက် မဟုတ်ပါ။
ကာလက်လည်း သဘောပေါက်လိုက်ပါပြီ။ ခုတင်ဆီသို့ ပြန်လျှောက်သွားပြီး သားငယ်ကို ငုံ့ကြည့် သည်။ သားကလေး သည်တောင်ကို ကျော်မှ ကျော်နိုင်ပါ့မလား။
ဒိုလားရက်စ်က ဖွာလန်ကြဲနေသည့် ဆံပင်တွေကို နောက်သို့ပင့်တင်လိုက်ရင်း-
'ရေတကောင်းထဲ မှာ သောက်ရေမရှိတော့ဘူး ကာလက်၊ ရေငတ်လိုက်တာ၊ နည်းနည်းဖြည့်ပေးပါ လား ဟင်'
'ရမယ်လေ'
ကာလက် ရေတကောင်းယူပြီး ထွက်သွားသည်။ အိမ်နောက်ဘက် မိုးရေလှောင်ကန်ဆီသို့ ထွက်ခဲ့၏။ မီးဖိုဆောင် ထဲတွင် အစေခံ နှစ်ယောက်၊ သုံးယောက် ရှိနေကြသည်။ သို့သော် ကာလက် မခေါ်တော့ဘဲ သူကိုယ်တိုင် ရေခပ်သည်။ ပြေရာပြေကြောင်းများ ဖြစ်လေမလားဟူသည့် ရည်ရွယ်ချက်ဖြင့်။
ရေကန်အဖုံး ကို ဖွင့်ပြီး ရေတကောင်းကို နှစ်ခပ်လိုက်သည်။ မနက်ကမှ ထပ်ဖြည့်ထားသည့် မိုးရေ ဖြစ် ၍ ရေမှာ သန့်ရှင်းစင်ကြယ်သည်။ လေထုထဲမှ အညစ်အကြေးတွေ မ၀င်နိုင်ရန် မိုးတိတ်တိတ် ချင်း မိုးရေကန်အဖုံးများ ကို သူကိုယ်တိုင် ဆင်းပိတ်ခဲ့သည်။
ခန်းမထဲမှ စားပွဲပေါ်တွင် ရေတကောင်းကို ချထားခဲ့ပြီး ဒိုလားရက်စ်အတွက် ၀ိုင်တစ်ပုလင်းယူဖို့ ထွက်လာခဲ့၏။ သည်လိုကာလမျိုးတွင် ရေကို အထူးသတိထားပြီး သောက်ဖို့လိုသည်မဟုတ်လား။ စီထား သည့် ၀ိုင်ပုလင်းများထဲမှ အားအင်ဆုတ်ယုတ်နေသည့် အမျိုးသမီးများအတွက် အကောင်းဆုံး နိုင်ငံခြား ၀ိုင် တစ်ပုလင်း ယူလိုက်သည်။
ထမင်းစားခန်းဆီသို့ ဖန်ခွက်ယူရန် ကူးခဲ့သည်။ အပြင်တွင် ညသည် ပူလောင်စွာ မှောင်မိုက်လျက် ရှိသည်။ အမှောင်ထဲ တွင် ဒိုလားရက်စ်၏ ဘ၀ကို ပုံဖော်ကြည့်နေသည်။ သည်လောက်အောက်တန်း ကျသည့် ရပ်ကွက် တွင် အပ္ပဂျွန်းဆိုသူနှင့် ပေါင်းဖက်နေသည့် ဒိုးလားရက်စ်။
မိမိကသာ ရက်ရက်စက်စက် မောင်းမထုတ်ခဲ့လျှင် ရှာရမီမျိုး ကလေးတွေ ဖြစ်လာရမည့် မျိုးဆက် သွေး ကို အပ္ပဂျွန်းကလေးတွေ ဖြစ်သွားမည်မဟုတ်ပေ။ ပြီးတော့ တစ်သက်တွင် တစ်ခါသာ ချစ်ခဲ့ဖူး သည့် အချစ် ကို တစ်သက်လုံး ဆုံးရတော့မှာလား ဟူသည့် မရေမရာ ဝေဒနာကို ယခုလို ခံစားနေ ရမည် မဟုတ်။
အမှောင်ထဲကို ဘယ်မျှကြာအောင် ငေးကြည့်နေမိသည်မသိ။ နာရီထိုးသံကြားမှ သတိဝင်လာ သည်။ ၀ိုင်ပုလင်း ကို ချိုင်းတွင်ညှပ်ပြီး လက်တစ်ဖက်ဖြင့် ဖန်ခွက်နှင့်ရေတကောင်းကိုကိုင်၍ ခန်းမဆောင် ကို ဖြတ်လျှောက်သွားသည်။
ရော်ဂျာ့ အခန်း မှာ ငြိမ်သက်နေ၏။ ထူးဆန်းပါလား။ ရော်ဂျာသည် အိပ်ပျော်နေစဉ်တွင်ပင် ပါးစပ်မှ အသံမျိုးစုံ ထွက်ကာ ညည်းလျှင် ညည်း၊ မညည်းလျှင် ကယောင်ကတမ်းဖြစ်နေတတသည်။ နိုးနေလျှင် ဒိုလားရက်စ် က တွတ်တီးတွတ်တာ ပြောကာ ချော့မော့နေတတ်၏။
ရေတကောင်းကို ကြမ်းပြင်ပေါ်ချပြီး အသာတံခါးဖွင့်လိုက်သည်။ အသံမမြည်ဘဲ ပွင့်သွားသည်။ ကာလက် တစ်ကိုယ်လုံး အေးစက်တောင့်တင်းသွားသည်။ ရင်တွေ တဒိုင်းဒိုင်း ခုန်လာ၏။
တချိန် လုံး လူးပျံနေသည့် ရော်ဂျာ့ခန္ဓာကိုယ်တစ်ခုလုံး ငြိမ်သက်နေပြီ။ ဒိုလားရက်စ်က ခုတင်နံဘေး တွင် ဒူးထောက် လျက် မျက်နှာကို ခုတင်ဘောင်တွင် တင်ကာ လက်နှစ်ဖက်က ဦးခေါင်းပေါ်တွင် ပတ္တာ ဆက်ထား သည်။ ကာလက် ကြက်သေသေပြီး ရပ်နေ၏။ ရင်ထဲက အသည်းနှလုံးတွေ လည်ချောင်းဝ သို့ ဆောင့်တက်လာပြီး အသက်ရှူ ရပ်သွားပါစေတော့ဟုလည်း ဆုတောင်းလိုက်၏။ ဖန်ခွက်နှင့် ၀ိုင်းပုလင်း ကို စားပွဲပေါ်တင်ပြီး ခုတင်ဆီသို့ သုတ်ခြေတင်သွားသည်။ ဒိုလားရက်စ်ပခုံးပေါ် အသာ လက်တင်လိုက်သည်။
'ဒိုလားရက်စ်' ဒိုလားရက်စ် ဆတ်ခနဲ ခေါင်းထောင်ထလာသည်။ လက်တစ်ဖက်ဖြင့် ပါးစပ်ကိုပိတ်ပြီး 'ရှူး၊ တိုးတိုး' ဟု အချက်ပြသည်။ ပါးပြင်ပေါ်က မျက်ရည်စီးကြောင်းတွေက ဖယောင်းတိုင်မီးရောင်တွင် အထင်း သား။ ခုတင်မှ မျက်နှာလွှဲပြီး ကာလကက သူ့ကို ဆွဲထူလိုက်သည်။ ရပ်တည်နိုင်စွမ်း မရှိတော့ သလို ဒိုလားရက်စ် ယိုင်သွားသည်။ ကာလက် ဖမ်းထိန်းထားလိုက်ရ၏။
'ကာလက်'
ဒိုလားရက်စ်က အသံအောအောဖြင့် ခေါ်သည်။ အာတွေလေးနေ၏။
'ကာလက်...သားလေး သားလေး အဖျားကျသွားပြီ။ ခု အိပ်ပျော်နေတာ။ အို...အဖ ဘုရားသခင် ကျေးဇူးတော်တင်လှပါသည် အရှင်'
ကာလက် အယောင်ယောင် အမှားမှားဖြစ်ကာ ဒိုလားရက်စ်ကို လွှတ်ပေးလိုက်သည်။ ဒိုလားရက်စ် တစ်ဖက်သို့ ယိုင်သွားသည်။ ခုတင်တိုင်ကို လှမ်းဆွဲပြီး အားပြုထားလိုက်ရ၏။
ကာလက် ရော်ဂျာကို ငုံ့ကြည့်လိုက်သည်။ မယုံကြည်နိုင်အောင် ဖြစ်နေ၏။ ဇနီးဟောင်းကို ရင်ထဲမှ ကျေးဇူးတွေ တလှိုက်တလှဲ တင်နေမိ၏။ ရော်ဂျာ့နဖူးနှင့် လက်တွေကို စမ်းကြည့် သည်။ ချွေးကလေး အနည်းငယ်စို့ပြီး အေးနေပြီ။ အသက်ကို မှန်မှန်ရှူကာ ငြိမ်းငြိမ်းချမ်းချမ်း အိပ်ပျော် နေလေ သည်။
တဖက်သို့ ကာလက် လှည့်လိုက်၏။ စကားပြောတော့ ပြတ်တောင်း ပြတ်တောင်းဖြစ်ကာ ရှိုက်သံ စွက်နေသည်။
'သြော် ဒိုလားရက်စ် ရယ်၊ ကိုယ့်အချစ်ဆုံးရယ်၊ သားလေး မသေတော့ဘူးနော်၊ မင်းကြောင့် သားလေ သေတွင်းထဲက ထွက်လာပြီနော်၊ ကိုယ်တစ်ယောက်တည်းဆို ဘယ်လိုမှ ကယ်နိုင်မှာ မဟုတ်ဘူး'
ဒိုလားရက်စ် ခုတင်တိုင်ကို ကိုင်ပြီး မှီထားဆဲ။ ကာလက်က ပွေ့ယူမည် အပြုတွင် ရင်ဘတ်ကို ဆီးတွန်းပြီး-
'မထိနဲ့ ကာလက်၊ ကျွန်မကို မထိနဲ့နော်'
ဒိုလားရက်စ်အသံက သိပ်မသဲကွဲချင်တော့။ ကာလက် အလန့်တကြား သူ့ပခုံးကိုကိုင်ပြီး မီးရောင် ဘက်သို့ ဆွဲလှည့်လိုက်သည်။ ဘုရား...ဘုရား၊ သူ့နှုတ်ခမ်းတွေ နီရဲကာ ခြောက်ကပ်ဖူးရောင်နေပြီ။ မျက်လုံး တွေက သွေးရောင်အတိဖြစ်နေပါပြီလား။ သူ နောက်ထပ်တစ်စုံတစ်ရာပြောဖို့ ကြိုးစာသေးသည်။ သို့သော် လည်ချောင်းထဲတွင်ပင် စကားလုံးတွေ ရောထွေးပျောက် ကွယ်သွားကြတော့၏။ ဒူးညွှတ်ကျသွားသည်။ ကာလက် ဖမ်းဆွဲပြီး ရင်ခွင်ထဲတွင် တင်းတင်း ဖက်ထား လိုက်၏။
..................................................................................................................................
ခရစ္စတိုဖာသည် ဟင်းသီးဟင်းရွက် စိုက်ခင်းဆီသို့ လျှောက်လာခဲ့သည်။ သည်လောက် လေထုထဲ တွင် ရောဂါပိုးတွေ ထူပြောနေစဉ် အပြင်မထွက်သင့်ပေ။ သို့သော် ခရစ္စတိုဖာက အေးအေးဆေးဆေး စဉ်းစားချင် သဖြင့် ညမှောင်မှောင်တွင် ထွက်လာခဲ့ခြင်း ဖြစ်၏။ အိမ်ထဲမှာတော့ မစဉ်းစားချင်။
ဝက်သစ်ချမြိုင် စံအိမ်ကြီးသည် ကြောက်မက်ဖွယ် တိတ်ဆိတ်ငြိမ်သက်လျက်ရှိ၏။ ဒေးဗစ်မှာ ယခုထိ အခြေအနေ မကောင်းသေး။ သတိလစ်နေပြီး ကြမ်းချင် ထ ကြမ်းတတ်သည်။ စောစောကပဲ သူ့ကို ပွေ့ ထားသည့် မေမေ့အား ထိုးထည့်လိုက်သေးသည်။ မေမေ ခုတင်ပေါ်မှ လွင့်ကျသွားပြီး ကုလားထိုင် ခြေထောက်နှင့် ဆောင့်မိကာ ခေါင်းကွဲသွားသည်။ ဒဏ်ရာမသေးသဖြင့် အဖေက အတင်းအနား ယူခိုင်းပြီး အိပ်ခန်းထဲတွင် သိပ်ထားရသည်။
ခရစ္စတိုဖာသည် သစ်ငုတ်တိုတစ်ခုပေါ်တွင်ထိုင်ပြီး ဆေးတစ်ဆုံဖြည့်ကာ အေးအေးလူလူ သောက် သည်။ ဖေဖေက ဆေးတံသောက်ဖို့ ငယ်သေးသည် ဆိုပြီး မကြိုက်ချင်။ သို့သော် ဆေးတံ မီးခိုးကြောင့် ခြင်ကိုက်သက်သာသဖြင့် ခရစ္စတိုဖာသဘောကျသည်။
ဒေးဗစ် အကြောင်းက စပြီး စဉ်းစားသည်။ သူ အသက်မှ ရှင်နိုင်ပါတော့မလား။ အစ်ကိုလုပ်သူကို ခရစ္စတိုဖာ ချစ်သည်။ သူသေလျှင် ၀မ်းနည်းကြေကွဲရရုံမက တာဝန်တွေလည်း မိမိပခုံးပေါ် စုပြုံရောက် လာ တော့မည်။ ဒါဆိုရင်...။ ခရစ္စတိုဖာ မျက်မှောင်ကုတ်လိုက်၏။ ဒါဆိုရင် ၀က်သစ်ချမြိုင် နရသိန်တွင် တစ်ချိန် လုံး အကျဉ်းခံရပြီပေါ့။
ဆန်းတော့ဆန်းသည်။ သည်မျှ အပြောကျယ်လှသည့် ၀က်သစ်ချမြိုင် စိုက်ပျိုးရေးလုပ်ငန်းကြီးကို ခရစ္စတိုဖာ က အကျဉ်းစခန်းကြီး တစ်ခုအဖြစ်မြင်နေသည်။ ခရစ္စတိုဖာသည် အစ်ကိုနှင့် အဖေ လို မြေကြီး ကို ချစ်တတ်သူ မဟုတ်ပေ။ ရှုမျှော်မဆုံးသည့် စိုက်ခင်းတွေကိုရော၊ ပတ်ပတ်လည်မှ မရေတွက်နိုင် သည့် သစ်တောတွေကိုပါ လုံးဝ စိတ်မ၀င်စား။ မိဘလုပ်ငန်းတွင် အထုံပါရမီ နည်း လှသည်။ အစ်ကိုနှင့် အဖေလို မဲနယ်ခင်းကို တစ်ချက်ဝေ့ကြည့်ရုံဖြင့် အထွက်ကောင်းမည်၊ မကောင်းမည် ကို မမှန်းတတ်။ မိမိက ၀ါသနာ လည်း မပါ။
သို့သော် ဖီးလစ်ကလေးလည်း ဆုံးပြီ။ ဒေးဗစ်ပါ ကတိမ်းကပါးဖြစ်လျှင် တစ်ဦးတည်းသောသား တစ်ယောက် အနေဖြင့် မိမွေဖမွေ ဆက်ခံရာပေတော့မည်။ လုံးဝမလိုချင်ပါ။ စိတ်မ၀င်စားသည့် အလုပ် ကို မလုပ်ချင်ပါ။ မလုပ်ချင်ဘူး ပြောလျှင် သူတို့ ဘာတတ်နိုင်မည်လဲ။ ခရစ္စတိုဖာ စိတ်ချဉ်ပေါက်ပေါက်ဖြင့် တွေးနေ၏။ သူတို့ လောင်းရိပ်အောက်တွင် မနေချင်ပါ။
အဖေနှင့်အစ်ကို က အပင်တွေကို သက်ရှိသတ္တ၀ါတွေလို သဘောထားပြီး ချစ်တတ်ကြသူတွေ။ အပွေးမြင် အပင်သိသူတွေ။ အပင်မြင်လျှင် စိုက်ခင်း၏ အဆိုးအကောင်းကို ကြိုတင်ဟောကိန်း ထုတ်နိုင် သူ တွေ။ အပင်မြင်လျှင် စိုက်ခင်း၏ အဆိုးအကောင်းကို ကြိုတင်ဟောကိန်းထုတ်နိုင်သူတွေ။ အဖေလုပ်သူ က ၀က်သစ်ချမြိုင် မျိုးဆက်သွေးနှင့်အတူ ၀က်သစ်ချမြိုင်ရဲ့ အိမ်ရှေ့ဥပရာဇာတစ်ပါးလို မိမွေဖမွေ ကို ချစ်မြတ် နိုးသူ၊ ဂုဏ်ယူတတ်သူ။
ဒေးဗစ်သည် တကယ်လည်း ထက်မြက်သူတစ်ယောက်ဖြစ်ပါသည်။ ငယ်ငယ်ကတည်းက ကစားလျှင် သူ့ကို ဘယ်တော့မှ မနိုင်နိုင်။ သူက အမြဲတမ်း ခွန်အား ကောင်းနေမြဲ၊ ခေါင်းတစ်လုံး သာနေမြဲ။
ကစားနည်း တစ်မျိုးမျိုး အဖေက သင်ပေးလျှင် ဒေးဗစ်က အလျင်တတ်နေမြဲဖြစ်၏။ သည်အတွက် ဖေဖေ ဂုဏ်ယူ မဆုံး ဖြစ်နေတတ်သည်ကို မှတ်မိနေ၏။ ဒေးဗစ်သည် သစ်ရွက်ခြောက်တွေကို ပန်းကန် စောက်ထဲ သိပ်ထည့်၏။ မဲနယ်ပင်တွေကို စည်ထဲ ထည့်ပေါင်းတာတဲ့လေ။ သည်လို ကစားနည်း မျိုး ဖေဖေ မြင်သွားလျှင် သူ့သားကြီးကို ပြုံးကြည့်နေတတ်သည်။
ကပွဲဆောင်တွေကို စ ၀င်ရသည့် အရွယ် ရောက်ပြန်တော့လည်း ကောင်မလေးတွေက ဒေးဗစ်မှ ဒေးဗစ်ဖြစ်ကြပြန်သည်။ဒေးဗစ်သည် လူပျိုဖော်ဝင်စ အရွယ် ကတည်းက ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်ခဲ့ သည်။ အစ်ကို လုပ်သူကို ခရစ္စတိုဖာ မမုန်းပါ။ သို့သော် ငန်းဝါဖျားက မိမိကို ကွင်းရှောင်ပြီး သူ့ဆီရောက် သွားသည့် အတွက်တော့ ၀မ်းသာ သလိုလို ဖြစ်မိသည်အမှန်။
ဒေးဗစ် မဖျားခင်အချိန်က ၀က်သစ်ချမြိုင် စက်ယန္တရားသည် ပုံမှန်လည်ပတ်နေ ခဲ့၏။ ဖေဖေသည် မြေပိုင်ရှင်များ ၏ မဟာစိုက်ပျိုးလုပ်ငန်းကြီးများကို တန်းစီ ဇယားဆွဲလျက်ရှိသည်။ တစ်နေ့ တွင် ခရစ္စတိုဖာ ကိုခေါ်ပြီး မိဘလုပ်ငန်းတွင် စိတ်ဝင်စားမှု နည်းရမည်လား ဟု မြည်တွန်တောက်တီးလေသည်။
'သား ရင်ထဲမှာ ဘယ်လိုခံစားနေရတယ်ဆိုတာ ဖေဖေ သိပါတယ်။ သားက အငယ်ဖြစ်နေလို့ ၀က်သစ်ချမြိုင် ဟာ သားအတွက် အလကားပဲလို့ထင်နေတယ်မဟုတ်လား။ အဲဒီအတွက် သား ဘာမှ မပူနဲ့။ ဖေဖေကိုယ်တိုင် ညီအငယ်ဘ၀ကို ဖြတ်သန်းခဲ့ဖူးတယ်။ ဖေဖေ့သားတွေ လက်ထက်မှာ ဖေဖေ ငယ်ငယ် က ခံစားခဲ့ရသလို မခံစားစေရဘူး၊ စိတ်ချ။ သားအတွက် ဧကနှစ်ထောင်ခွဲပေးမယ်။ သားကြိုးစား မှုပေါ် မှာ မူတည်ပြီး နောက်ထပ် ၀ယ်နိုင်ရင် ဒေးဗစ်ကို မီလာမှာပဲ'
'ကျွန်တော် စိုက်ပျိုးရေးမလုပ်ချင်ဘူး ဖေဖေ'
ခရစ္စတိုဖာ က တုံးတိတိ ပြောချလိုက်သည်။ ဖီးလစ် ပါးစပ်အဟောင်းသား ဖြစ်သွား၏။ စ မိ လက်စ နှင့် ခရစ္စတိုဖာ ရင်ဖွင့်လေတော့သည်။
" ကပ္ပလီတွေကို မြှောက်ပင့်ခိုင်း၊ တစ်နေ့လာလည်း မဲနယ်၊ တစ်နေ့လာလည်း မဲနယ်။ ပြီးတော့ ဒုတိယ ခရစ်တော် ကို မျှော်သလို ကောင်းကင်ကို ကြည့်ကြည့်ပြီး မိုးကို မျှော်ရတဲ့ဒုက္ခ။ ကျွန်တော် အဲဒီအလုပ်ကို မုန်းတယ်ဖေဖေ "
သားအရင်းခေါက်ခေါက် တစ်ယောက်က မြေကြီးကို မုန်းသည် ဆိုသည့်အတွက် ဖီးလစ် နား မလည်နိုင်အောင် ဖြစ်သွားသည်။
" အလို … ဒါဖြင့် သား ဘာလုပ်ကိုင်စားမလဲ "
" သေသေချာချာတော့ မစဉ်းစားရသေးပါဘူး ဖေဖေ။ ဒါပေမဲ့ ဖေဖေရယ်၊ စိုက်ပျိုးရေးမလုပ်ဘဲ ချမ်းသာနေတဲ့ လူတွေ အများကြီး ရှိတာပဲ။ မစ္စတာပါစယ်ဆိုရင် ဆိပ်ကမ်းတွေ ဆောက်ပြီး ငှားစားနေ တယ်။ မစ္စတာဂျူဟန်က လှေတွေ စပ်ရောင်းနေတယ် "
ဧရာမ ပိန်းကောလှေကြီးတွေကို တည်ဆောက် ရောင်းဝယ်ရသည့် အလုပ်ကို ခရစ္စတိုဖာ အလွန်အမင်း စိတ်ဝင်စား လျက်ရှိသည်။ အလုပ်ရုံကြီးတွေ ကမ်းနားတွင် ဆောက်ပြီး လှေတွေ တစ်စင်းပြီးတစ်စင်း ထုတ် လုပ်မည်။ ကုန်သည်ကြီးတွေနှင့် အရောင်းအ၀ယ်စကား ပြောရမည်။ စာရင်းစာအုပ် အထူကြီးတွေ ထားပြီး မင်ရောင်အမျိုးမျိုးဖြင့် စာရင်းသွင်းရမည်။ ကိုယ့်အလုပ်ထဲတွင် ကိုယ်ပင် အရှင်သခင်။
တစ်သွေးတစ်သံ တစ်မိန့်။ ဘယ်သူ့သြဇာမှ နာခံစရာမလို။ မိုးကိုလည်း မျှော်စရာ မလို။ နေကိုလည်း မှုစရာ မရှိ။ လေဘယ်လောက်တိုက်တိုက် ကိုယ်နှင့်မဆိုင်။ ကြိုးစားလျှင် မကြီးပွားနိုင်စရာ ဘာမှမရှိပေ။ သို့သော် ဒေးဗစ် တစ်ခုခု ဖြစ်သွားလျှင် …။
ခရစ္စတိုဖာ က ၀ဲနေသော ခြင်တွေကို ဆေးတံမီးဖြင့် မှုတ်လိုက်သည်။ ဒေးဗစ် ကတိမ်း ကပါး ဖြစ်လျှင်တော့ ၀က်သစ်ချမြိုင် ၀န်ထုပ်ကြီးကို အဖေက ခေါင်းပေါ် တင်ပေးတော့မည် မုချ။ ဒုတိယဒေးဗစ် လုပ်ခိုင်းတော့မည်မှာ သေချာသည်။ မိမိက ဒုတိယသမား မဖြစ်လို။ ဒေးဗစ် တွင် ပါလာ သည့် လက္ခဏာတွေ မိမိတွင် မရှိ။ ဒီလိုတော့ နဖားကြိုး အထိုးမခံနိုင်ပါ။ တွေးရင်း တွေး ရင်း ခရစ္စတိုဖာ ဒေါပွလာသည်။ ညစ်နွမ်းသောစိတ်ဖြင့် အရုဏ်ဦး အလင်းရောင်ကို ငေးကြည့်နေ၏။
မိုးလင်းလာပုံက မြန်ဆန်လှသည်။ အိမ်ထဲသို့ ပြန်ဝင်ခဲ့၏။ ရေမိုးချိုးပြီး အစေခံတွေ ပြင် ပေးသည့် နံန်စာကို မိးဖိုဆောင်ထဲတွင်ပင် တစ်ယောက်တည်း စားလိုက်သည်။ ဂျိုးကိုခေါ်ပြီး မြင်းပြင်းခိုင်းရင်း အဖေနှင့် အမေမေးလျှင် မြို့ထဲ ထွက်သွားကြောင်း ပြောဖို့ မှာခဲ့၏။
မစ္စတာဂျူဟန် ၏ အိမ်ကြီးထဲသို့ တန်းဝင်ခဲ့သည်။ အလန်ဂျူဟန်ကို ဆိုက်ဆိုက် မြိုက်မြိုက် တွေ့ရ၏။ မစ္စက်ဂျူဟန် အကြောင်းမေးတော့ နာလန်ထစ ပြုနေပြီဖြစ်ကြောင်း ပြောသည်။ ခရစ္စ တိုဖာက မစ္စက်ဂျူဟန် အခန်းထဲထိ ၀င်ပြီး လူမမာမေးသည်။
မစ္စက်ဂျူဟန် သည် ဆိုဖာခုံရှည်ပေါ်တွင် ခေါင်းအုံးတွေ ပတ်လည်ဝိုင်းထားပြီး လျောင်းနေ၏။ အသားအရေ မှာ လုံးဝ ဖြူဖျော့ ခြောက်သွေ့နေ၏။ သည်မိန်းမကြီးကို ခရစ္စတိုဖာ လုံးဝ ကြည့်မရ။
သို့သော် အတတ်နိုင်ဆုံး ချိုသာယဉ်ကျေးပြနေရသည်။ မစ္စက်ဂျူဟန်က ခုလို ဂရုတစိုက် လာကြည့်ဖော် ရသည့် အတွက် ကျေးဇူးတင်ကြောင်း ပြောရင်း မိမိ လိမ္မာရေးခြားရှိပုံကို ဖွင့်ဟ ချီးကျူးနေသည်။
အဘွားကြီး အခြေအနေ ကောင်းနေကြောင်း တွေ့ရ၍ ခရစ္စတိုဖာ ၀မ်းသာနေသည်။ မစ္စ တာဂျူဟန်နှင့် အလုပ် အကြောင်း ပြောဖို့ ပိုပြီး အခွင့်အလမ်း သာမည်မဟုတ်လား။ လုပ်ငန်းတိုး ချဲ့မည်ဆိုလျှင် လက်ထောက် တစ်ယောက် လို မလို တီးခေါက်ကြည့်ပြီး -
" အဖေက ကျွန်တော့်ကို ဧက ၂၀၀၀ ခွဲပေးမယ်တဲ့ ဦးရဲ့။ ကျွန်တော်က စိုက်ပျိုးခင်းတွေ မယူဘဲ သစ်တောတွေ ယူမယ်လေ၊ ဦးရဲ့လုပ်ငန်းမှာ သစ်တွေ သုံးမကုန်တော့ဘူးပေါ့ "
" စာချုပ်စာတမ်း နဲ့တော့ လုပ်လို့မရသေးဘူး ခရစ္စတိုဖာ၊ မောင်က အသက်မှ မပြည့်သေး တာကို၊ ဒါပေမဲ့ မောင် က သိပ်စိတ်အားထက်သန် …. "
" ဟုတ်ကဲ့ ဦး၊ ကျွန်တော် သိပ်စိတ်ဝင်စားနေပါတယ် ခင်ဗျာ "
" မောင့်အဖေ သဘောတူမယ်ဆိုရင် စာရင်းအင်း လုပ်ငန်းတွေကစပြီး ဦး သင်ပေးပါ့မယ်။ လုပ်ငန်းကို တကယ် လေ့လာမယ်ဆိုရင်တော့ အောက်ခြေက စပြီး ၀င်ရမှာပဲ။ အင်း … ဒါပေမဲ့ မောင့်ဖေဖေက သူ့လို လူရဲ့သားတစ်ယောက်က စိုက်ပျိုးရေးမလုပ်ဘဲ တခြားမှာ အလုပ်သင် ၀င်လုပ်မယ်ဆိုတာ လက်ခံပါ့ မလား "
" သူ သဘောမတူလည်း စောင့်ရ လေးနှစ်ပေါ့ ဦး၊ နောက်လေးနှစ်ဆို ကျွန်တော် ၂၁ နှစ် ပြည့်ပြီလေ "
" မောင် က စာရင်းကိုင်အဖြစ်နဲ့ စရမယ်ဆိုရင် လက်ခံနိုင်ပါ့မလား "
" ရပါတယ် ဦး၊ ကျွန်တော် လုပ်မှာပါ "
အလန်ဂျူဟန် ယဲ့ယဲ့ပြုံးသည်။ အင်း … ဧက ၂၀၀၀ လက်ထဲ လာထည့်သည့် အခွင့် အရေးမျိုးကို သူ နေ့တိုင်း ရဟန် မတူဟု ခရစ္စတိုဖာ တွေးကြည့်နေ၏။ ၀က်သစ်ချမြိုင်တွင် လက်ရှိ သစ်တောဧက ဘယ်လောက် ကျန်သေးသည်ကို ခရစ္စတိုဖာ မသိပေ။ ဧက ၂၀၀၀ ပြည့်အောင် ဖေဖေ ဖြည့်ဝယ်ပေး မည့် မြေမှာလည်း အကောင်းဆုံးသစ်တွေ ပါမည့် သစ်တောမြေ ဖြစ်မည် မှာ မြေကြီးလက်ခတ်မလွဲဖြစ်ပါသည်။ သစ်တုံးတွေ ခုတ်လှဲပြီး တောရှင်း လိုက်လျှင် အကောင်းဆုံး စိုက်ခင်းတွေ ဖြစ်လာမည့် မြေကို ဖေဖေက တစ်ချက်ကြည့်ရုံဖြင့် သိတဲ့လူစားမျိုး မဟုတ်လား။
မစ္စတာဂျူဟန် က -
" ကောင်းပြီ ခရစ္စတိုဖာ၊ မောင့်အဖေ သဘောတူတယ်ဆိုရင် လက်ခံပါ့မယ်။ မဟုတ်ဘူး ဆိုရင်တော့ မောင် အသက်ပြည့်တဲ့နေ့အထိ စောင့်ပေါ့။ ဒါထက် စာရင်းအင်းနဲ့ ပတ်သက်လို့ မောင် ၀ါသနာ ပါရဲ့လား "
" ဟုတ်ကဲ့၊ ပါပါတယ် ခင်ဗျာ "
ဒေးဗစ် ထက် သာသည့် ဘာသာရပ်မှာ သူ့တွင် သင်္ချာတစ်မျိုးသာ ဖြစ်ကြောင်း ခရစ္စတိုဖာ သတိရနေ သည်။
" အေး၊ ဒါဖြင့် အလုပ်သင် ကန်ထရိုက်စာချုပ် တစ်ခါတည်းရေးလိုက်ကြရအောင်၊ ဒါပေမဲ့ သူ လက်မှတ် မထိုးမချင်း၊ ဒီစာချုပ်ဟာ ဘာမှ အသုံးမ၀င်ဘူးနော် ခရစ္စတိုဖာ၊ သူ သဘောမတူ လည်း လေးနှစ်စောင့်ပေါ့ ကွာ၊ ဟုတ်ပြီလား "
" ဟုတ်ကဲ့၊ ကျေးဇူးပါပဲ "
ခရစ္စတိုဖာ သည်မျှသာ ပြန်ပြောသည်။ ဒေးဗစ်လို ရွှန်းရွှန်းဝေအောင် သူ မပြောတတ်ပေ။
ဆက်ရန်
.

No comments:
Post a Comment