"တောက် တစ်ခါတည်းနဲ့ ငွေ လေးငါးဆယ်လောက် ရမယ်ဆိုရင် အကောင်းသား၊ ကြီးကြီးမေလို အထည်ဆိုင် ကလေးဖွင့်ဖို့ အရင်းရမှာပဲ"ဟူ၍ပင် လောဘရိပ်ကလေးဖြင့် စိတ်ထဲ မှ ရေရွတ်နေချေသေး ၏။
တစ်ဖန် သိမ်ကြီးဈေးတစ်ဝိုက်၌ သူခိုး ခါးပိုက်နှိုက်မိလျှင် မချိမဆံ့ ဝိုင်းရိုက်တတ်သည် ကို လည်းကောင်း သွေးသံရဲရဲနှင့် တစ်မျက်နှာလုံး ပေါက်ကွဲစုတ်ပြတ်သွားသည့် ခါးပိုက်နှိုက် အလစ်သမား များ ကိုလည်း ကောင်း၊ သူကိုယ်တိုင် မကြာခဏ မြင်ခဲ့ဖူး၏။ ဤသည်ကို စဉ်းစားမိပြန်သော အခါ၌လည်း သူ စော စောကတွေးခဲ့သော တစ်ချီတည်းနှင့် အရင်းအနှီး အမည်ဆိုက တစ်ကြိမ်လောက် နောက်ထပ် စွန့်စား လိုက်ချင်သည့်စိတ်ကူးကို အတာသည် မျက်လုံး အပြူးသားနှင့် စွန့်လွှတ် လိုက်မိပြန်၏။
သို့လျှင် အမျိုးမျိုး အမည်မည်ကို အပြန်အလှန်တွေးရင်း စိတ်မောရင်းနှင့်ပင် ထိုနေ့အဖို့ ညစာ ထမင်း ပင် မစားနိုင်တော့ဘဲ အတာကလေး အိပ်ပျော်သွားရှာတော့၏။ ကို ဆက်ဖတ်ရန်...........
"ဟေ့ အတာ ဘယ်လဲကွ"
နောက်တစ်နေ့ မိုးလင်းသည်နှင့် လမ်းထိပ်တွင် ဆုံမိကြရာမှ ဘခွေးက စတင် မေးမြန်းလိုက်သည်ကို
"တို့ အမေဆီ သွားမလို့ပါ"
"ဘယ့်နဲ့လဲ၊ ဒီနေ့ လုပ်ဦးပလား"
"ဘာကိုလဲကွ"ဟု အတာက ဘခွေး ဘာကိုဆိုလိုသည်ကို နားမလည်သည့် အမူအရာမျိုးဖြင့် မျက်နှာ ကလေး ကြုတ် ၍ မေးလိုက်သည်ကို
"မနေပကလိုလေကွာ၊ အလုပ်သစ်ပေါ့ကွာ"
"ဘြာ အလုပ်သစ်"
"အလုပ်သစ်ဆိုတာ အလစ်သုတ်ပေါ့ကွ၊ ဟဲ ဟဲ" ဟု ဘခွေးက တဟဲဟဲရယ်ရင်း ပြောလိုက်သည်နှင့် အတာ တွင် ရုတ်တရက် ငိုင်သွား၏။ ကြည့်ရသည်မှာ အတာ့စိတ်ထဲ၌ ချီတုံချတုံ ဖြစ်နေဟန်တူလျက်
"ဟာကွ မလုပ်ချင်ဘူး၊ မင့်ဟာမင်း သွားတော့၊ ငါ မလိုက်ဘူး"
ပြောပြောဆိုဆိုပင် အတာလည်း ခေါင်းတယမ်းယမ်းနှင့် ချာခနဲလှည့်ထွက်သွားတော့၏။ ခေါင်းငိုက် စိုက်နှင့် တစ်စုံတစ်ရာ စဉ်းစားရင်း လျှောက်လာခဲ့သော အတာလည်း သိမ်ကြီးဈေး ဘက် သို့ ဖြတ်ကူး တော့မည်ပြုပြီးမှ တစ်ခုခုကို တွေးမိသကဲ့သို့ တုံခနဲ ရပ်သွားကာ ယမန်နေ့က ဘခွေးနှင့် အလစ်သုတ် ခဲ့သည့်အဖြစ်ကို သတိရလာပြီး ဈေးဘက်သို့ပင် ဖြတ်မကူးဝံ့အောင် သူ့စိတ် သူ မလုံဖြစ်နေပြန်တော့၏။ သူလုပ်ခဲ့သည့် ယမန်နေ့က ကိစ္စအတွက်လည်း မှတ်မိသူ တစ်စုံ တစ်ယောက်တွေ့ သွားလျှင် အမှန်မုချ စွပ်စွဲပေတော့မည်ဟု တစိမ့်စိမ့်တွေးကာ ကျောတချမ်းချမ်း လန့်နေစဉ် "ဟဲ့ ကောင်လေး၊ မပြေးနဲ့ မိပြီ၊ မင်း"
ထိုအသံနှင့်အတူ တစ်စုံတစ်ယောက်သည် နောက်မှနေ၍ အတာ့ဇက်ကလေးကို ဆတ်ခနဲ ဆုပ်ကိုင် လိုက်သည်နှင့် အတာတွင် အသည်းရော အူပါ သွက်သွက်ခါမျှ တုန်သွားပြီး"
"ကျွန် ကျွန်တော် မဟုတ်ပါဘူး၊ ဘခွေး"
သို့ အထစ်ထစ် အငေါ့ငေါ့ပြောရင်း သမင်လည်ပြန် မော့ကြည့်လိုက်သည်နှင့် သူ စပ်ဆိုခဲ့သော သီချင်း ကို ကာရန်ညီ သွားအောင် ပြင်ပေးခဲ့ဖူးသည့် ဈေးထဲမှ စာရေးဖြစ်နေသည်ကို တွေ့ရမှ အလန့် ကလေး ပြေသွားတော့၏။
"ဟေ့ အတာ သိပ်လန့်သွားသလားကွ၊ ဟင်"
"အင်း၊ ဦးလေးကလဲ လန့်သွားတာပေါ့"
အတာ ဘာဖြေရမည် မသိအောင် ရုတ်တရက် ကြောင်နေပြီးမှ "ဟုတ်ပါဘူး ဟီး ဟီး၊ ကျွန်တော်က ဦးလေး ကို ဘခွေးဆိုတဲ့ ကျွန်တော့်သူငယ်ချင်း အောက်မေ့လို့ပါ"
"မင်း ခုတလော ကျောင်းပြေးနေတယ်ဆို၊ လာခဲ့ မိပြီ၊ မင့်အမေဆီ ခေါ်သွားမယ်"
"ဟာ၊ ကျွန်တော် ကျောင်းပြေးတာ မဟုတ်ပါဘူး၊ ကျောင်းထွက်လိုက်တာပါ ဦးလေးရဲ့၊ နှစ်လကျော်ပြီ"
"ဟေ ကျောင်းက ဘာလို့ထွက်လိုက်တာလဲ အတာ၊ ဒီလိုဆို မင်းတော့ တေလေ ကလေး ဖြစ်သွား တော့မှာပဲ" "ကျောင်းလခ မှ မပေးနိုင်ဘဲ ဦးလေးရဲ့"
ထိုစာရေးလည်း စိတ်မောသွားသလို အတာအား တွေကြည့်နေပြီးမှ
"အေး မင့်အမေကတော့ ခက်တာပါပဲကွာ၊ ၃၆ ကောင်တော့ နေ့တိုင်းထိုးနိုင်တယ်၊ ကျောင်းလခတော့ မပေးနိုင်ဘူး တဲ့လား"
အတာ ဘာမျှမဖြေ၊ ခေါင်းကလေးငုံ့ကာ လက်သည်းချင်းကုတ်နေ၏။
"အေးကွာ၊ မင်း ကျောင်းမနေရပေမဲ့ စာအုပ်တွေရှိတယ် မဟုတ်လား၊ အိမ်မှာပဲ ဖတ်ပေါ့ကွာ၊ ဂျပိုး ကလေးတွေ နဲ့ မပေါင်းနဲ့ကြားလား၊ မင်းပါ ဂျပိုးဖြစ်သွားမယ်၊ အေး တော်ကြာ ဂျပိုးလေးကနေပြီး သူခိုး လေးဖြစ်သွားရင် မကောင်းတော့ဘူးကွ၊ ကဲ ခု မင်း ဘာလုပ်နေတာလဲ ဒီမှာ"
"မေမေ့ဆီ သွားမလို့ပါ"
"ကဲ လာ"
ထိုစာရေးဖြစ်သူ ယုယုယယ ဖက်ခေါ်သွားမှ ထိတ်ထိတ်လန့်လန့်နှင့်ပင် ယောင်ချာချာ ပါသွားတော့၏။
မသိန်းမေ ကလည်း အတာ့ကို မြင်လိုက်သည်နှင့်ပင်
"အတော်ပဲ လာဦး အတာ၊ ကိုစိန့် ဆီသွားစမ်း၊ လိပ်ကလေးနဲ့ လိပ်ကြီး တစ်ဒိုင်တစ်မူးဖိုးစီ ထိုးခဲ့၊ ရော့"
မသိန်းမေ လည်း သို့ပြောရင်းပင် အိတ်ထဲမှ ရှိသမျှပိုက်ဆံအကုန် တစ်ပြားမကျန် နှိုက်ထုတ်ပြီး အတာ အား ပိုက်ဆံသုံးမတ်ပေး လိုက်၏။ ဤတွင် မသိန်းမေ လက်ထဲ၌ ပိုက်ဆံအကြွေနှစ်ပြားသာ ကျန်တော့ လျက် ထိုနှစ်ပြား ကို အိတ်ထဲပြန်ထည့်ရာမှ "ဟဲ့ကောင် မှတ်မိရဲ့လား၊ လိပ်ကြီးနဲ့ လိပ်ကလေးနော်"
"ဟုတ်ကဲ့"
ကိုစိန်ဆိုသူမှာ ၃၆ ကောင်မှာ စာရေးဖြစ်လျက် မသိန်းမေက ထိုကိုစိန်ဆိုသူထံ၌ ၃၆ ကောင် အမြဲထိုး ခိုင်းလေ့ ရှိခဲ့သည့်အတိုင်း အတာသည် ဤကိစ္စ၌ အတော်ကလေး ကျင်လည်နေပြီဖြစ်၏။ ဆယ်မိနစ်မျှ ပင်မကြာမီ အတာ ပြန်ရောက်လာပြီး ဖြတ်ပိုင်းကလေးတစ်ခုကို မသိန်းမေအား လှမ်းပေးလိုက်သည် နှင့်
"နင် နေဦးနော်၊ ဒေါ်ဒေါ်ရင် တို့ ထမင်းစားပြီးပလား မသိဘူး၊ ငါ သွားကြည့်ဦးမယ်"
ပြောပြောထထ မသိန်းမေ ထ၍သွားပြီးနောက် ချက်ချင်းလောက်ဆိုသလိုပင် မသိန်းမေလက်ထဲ၌ ထမင်းချိုင့်ကြီးတစ်ခုပါလာပြီး ရွှေဆိုင်ဘေးတွင် ချကာ မသိန်းမေသည် ထမင်းချိုင့်များကို တစ်ခုပြီးတစ် ခု ဖြုတ်နေ ၏။
ပုစွန်ခေါင်းနှစ်ခုပါသော ထမင်းချိုင့်တစ်ခုနှင့် အခြားသော ချိုင့်ဆင့်တစ်ခုထဲရှိ ပန်းကန်ကလေးတစ်ချပ် ထဲ၌မူ ကြက်အတောင်ပံ သုံးခု၊ ခြေထောက်ရိုးတစ်ခုကို တွေ့ရလျက် ငါးပိရေနှင့် သခွားသီး တို့စရာ အပြင် ချိုင့်တစ်ခု၌လည်း ချဉ်ပေါင်ဟင်းချို အနည်းငယ်ပါသေးသည်ကို တွေ့ရ၏။ ထမင်းကား လုံးလုံး မပါ။
"ကဲ အတာ ထမင်းသွားဝယ်ချည်၊ နှစ်ပြားဖိုးစီး နှစ်ထုပ်ပေးပါလို့ ပြော"
မသိန်းမေသည် စောစောကကျန်သော ရှိစုမဲ့စု ပိုက်ဆံနှစ်ပြားကို ထုတ်ပေးရင်း
"နှစ်ပြားကျန်တာ ညနေမှယူပါလို့ပြော"
အတာလည်း ရုတ်တရက်သော် တစ်စုံတစ်ရာ ပြောတော့မည်ဟန်ပြင်လိုက်သေး၏။ သို့သော် သူ ဘာမျှမပြောတော့ဘဲ ချက်ချင်းပင် ထထွက်လာပြီး မသိန်းမေ မမြင်နိုင်လောက်သည့်နေရာရောက် သည်နှင့် ခြေကုန်သုတ်၍ အိမ်ပြန်ကာ သူ့ငွေခြောက်ကျပ်ထဲမှ ဒင်္ဂါးတစ်ခု ယူဆင်းလာပြီး ထမင်းကို သူ့မေမေ အတွက် တစ်ပဲဖိုးတစ်ထုပ်နှင့် သူ့အတွက် နှစ်ပြားဖိုးပေါင်း ခြောက်ပြားဖိုးကို သူ့အင်္ဂါး တစ်ကျပ် နှင့်ပင် စိုက်ဝယ်ခဲ့၏။
"ဒီမှာ မေမေ ဒါက နှစ်ပြားဖိုး၊ ဒီ ထမင်းထုပ်ကတော့ မေမေ မဝမှာစိုးလို့ တစ်ပဲဖိုးဝယ်လာခဲ့တယ်၊ ပိုက်ဆံ လဲ အားလုံးပေးပြီးပြီ၊ ကျွန်တော် စုထားတဲ့ ပိုက်ဆံနဲ့ စိုက်ဝယ်ခဲ့တယ်"
"အေး ဒါဖြင့်ပြီးရော"
"ဘယ်ကရ တဲ့ ပိုက်ဆံနဲ့ စုထားတာလဲ"ဟူ၍ မမေးတော့သည်ကိုပင် အတာ ကျေးဇူးတင်မိသေး၏။
"ကဲ စား"
မသိန်းမေကား ဤမျှလောက်ပင် အလောင်းအစားနှင့် အကစားမက်သူ တစ်ယောက်ပါပေ။
၃၆ ကောင်ကို သုံးမတ်ဖိုး တစ်ထိုင်တည်းလောင်းလိုက်၏။ ဝါသနာကြောင့် လောင်းကစားကိုကား ထား ဦးတော့။ ယခုသော် ထမင်းဖိုးပင်မချန်ဘဲ ရှိသမျှအကုန် ကစားပစ်ပြီး ဝမ်းရေးအတွက်မူ အရှက် ကို သော်မှ မငဲ့တော့ဘဲ သူတစ်ထူးစားပြီးသည့် ဟင်းကျန်တောင်းကာ ထမင်းမျှသာဝယ်လျက် လွယ် သလို ကိစ္စပြီးလိုက်၏။
ထို့နောင် တအောင့်မျှမကြာတွင်ပင် အတာ ထပြန်ခဲ့၏။ လမ်းထိပ်သို့ရောက်သည်နှင့် ဘခွေးအပြင် အပိန်း ဆိုသော ဆယ့်လေးငါးနှစ်သားအရွယ် တရုတ်ကလေးတစ်ယောက်ကိုပါ ရင်ဆိုင်တွေ့လိုက်ရပြီး
"ဟေ့ အတာ၊ မင်း မနေ့က ငွေခြောက်ကျပ်တောင် ရတယ်ဆို၊ ဘခွေး ပြောတယ်"
ထိုသို့ အမေးခံလိုက်ရသည်နှင့် အတာ့တစ်မျက်နှာလုံး ဖြုန်းခနဲ နီရဲလာ၏။ ဒေါသကြောင့်မဟုတ်၊ အလွန့် အလွန် ရှက်သွားသောကြောင့်သာ ဖြစ်လျက်
"ငါ မသိဘူးကွ၊ ငါ ဘာမှသိတာမဟုတ်ဘူး၊ ဘခွေးက ငါ့ကိုလိမ်ခေါ်သွားပြီး"
"ဟေ့ကောင် အစကတော့ မင်း မသိဘူး၊ နောက်တော့ သိတာပဲ မဟုတ်လားကွ"
"အေးလေ နောက်မှ သိတာကိုး၊ ငါ ဘာတတ်နိုင်မှာလဲ"
"ဘာလဲ ကွ အတာ၊ မင်းက သူတော်ကောင်းကလေး ကျနေတာပဲ"
"ဟုတ်တယ်၊ ငါ သူတော်ကောင်းကွ၊ သူခိုး မဟုတ်ဘူး"
အတာ က မာမာကလေးပင် ပြောလိုက်၏။
"ဟား ဟား ဟား၊ သူတော်ကောင်းကလေး၊ ဒါကြောင့် ခိုးလို့ရတဲ့ ပိုက်ဆံခြောက်ကျပ် မင်း ယူသွား တာ ပေါ့ ဟုတ်လား၊ သူတော်ကောင်းကလေး"
အပိန်းဆိုသူ တရုတ်ကလေးလည်း သို့ပြောရင်းကပ် အတာ့မေးကလေးကို ဆွဲကိုင် လှုပ်ခါလိုက်သည် တိုင်အောင် အတာတွင် ဘာမျှမပြောနိုင်၊ အငုံ့သား ငိုင်ကျသွားတော့၏။
"အလကား မင်းကို ပြောင်တာပါကွ၊ လာ သွားရအောင်"ဟု အပိန်းက အတာ့လက်မောင်းကလေးကိုဆွဲ ရင်း ခေါ်နေသည်နှင့်
"ဘယ်ကိုလဲကွ"
"အလုပ်သစ်လေကွာ"ဟု ဘခွေးက ဝင်ထောက်လိုက်၏။ အပိန်းကလည်း
"ဟေ့ကောင်၊ ဒီနေ့ ငါ ပွပေါက်တစ်ခု တွေ့ထားတယ်ကွ သိလား၊ ဟန်ကျရင် တို့သုံးယောက် အနည်း ဆုံး တစ်ယောက်ကို နှစ်ဆယ် အစိတ်စီလောက်ရမှာကွ" ဟု ထပ်၍ ဆွယ်နေသည်ကို အတာက အပိန်း၏လက်ကို ပုတ်ချလိုက်ရင်း
"မလိုက်ဘူး၊ ငါ ဘယ်တော့မှ မလုပ်ဘူးကွ သိလား၊ မင်းတို့ဧာ မင်းတို့သွား၊ ငါ မလိုက်ဘူး"ဟု မျက်နှာ ထားတင်းတင်းနှင့် ငြင်းလိုက်သည်တွင်
"တကယ် ပြောတာလား မင်း ဟင်"
"ဟေ့ အပိန်း သွားကွာ၊ ငါ မလိုက်ဘူးဆို မလိုက်ဘူး"
"အေး ဒါဖြင့်ပြီးရော၊ နောက်တော့ မင်း ငါ့ကို စိတ်မဆိုးနဲ့၊ ဒါပဲ"
အတာသည် ထိုစကားကြောင့် ပါးစပ်အဟောင်းသားကလေး ကြောင်သွားရာမှ
"ဘာလဲကွ အပိန်း"
"မင်း ဒီနေ့ တို့နဲ့မလိုက်ရင်တော့ မနေ့က အထည်ထုပ်လစ်ပြေးတာရော၊ ငွေခြောက်ကျပ်ရတာပါ မင်း အမေကို သွားတိုင်မယ်"အတာလည်း ထိတ်လန့်တကြား မျက်လုံးပြူးသွားတော့၏။
"နောက်ပြီး ဒီလမ်းထဲမှာလဲ ငါ လျှောက်ပြောမယ်"
ထိုစကားသည် အတာအား ပို၍ပင် ချောက်ချားသွားစေတော့၏။ အကယ်၍သာ ဤစကားမျိုးကို ဘခွေး က ပြောခဲ့လျှင် နားရင်းပါးရင်း ပူအောင် ပိတ်ထိုးမိမည်ဖြစ်၏။ ယခုသော် သူ့ထက် သုံးလေးနှစ်ကြီးနေ သူ ဖြစ်နေသောကြောင့် မကြောက်ရသည်တိုင်အောင် ယှဉ်ပြိုင်က သူ အနိုင်ရရန် ခဲယဉ်းသည်ကို အတာ သိ၏။ နိုင် မနိုင် အပထား၍ ထိုးလားကြိတ်လား ဖြစ်ပြီးသည်၏။ အဆုံး၌ အပိန်းသည် ပို၍စိတ် ဆိုးကာ သူ့စကားအတိုင်း အတာ၏ခြောက်ကျပ်ကိစ္စကို လူတကာအား လျှောက်ပြောခဲ့သော် အတာ ကလေး ရှေ့ဆက်၍ မတွေး ဝံ့။ မည်သို့ကြံရမည်ကိုလည်း စဉ်းစားမရနိုင် ရှိနေစဉ်
"အေး၊ မင့်အကြောင်း ဘယ်သူမှ မပြောစေချင်ရင် တို့နဲ့လိုက်ခဲ့ ဟုတ်လား"
"ဟာကွာ"
အတာ့လေသံသည် သိသိသာသာ ပျော့လာပြီဖြစ်၏။
"လာပါကွ၊ မင်း ဘာမှမလုပ်ရဘူး၊ မင်းက ဒရဝမ်ကုလားတွေကို စောင့်ကြည့်ရုံပဲကြည့်နေ၊ ငါတို့လုပ် မယ်"
"ဘာလုပ်မှာတုံးကွ" "ဒီနေ့ သောကြာနေ့ မဟုတ်လားကွ၊ သိမ်ကြီးဈေးပေါ်က ကုလား အထည် တိုက်တွေ နေ့တစ်ဝက်ပိတ် ထားလိမ့်မယ်၊ အဲဒါ လာပါကွာ၊ ဟိုရောက်တော့ မင်း သိမှာပေါ့၊ မင်းက အပြင် ကစောင့်ရုံ စောင့်ရမှာပါ ကွ၊ လာပါ"
အပိန်းရော ဘခွေးကပါ မရမက ဆွဲခေါ်နေ၏။ အတာကမူ လုံးဝလိုက်လိုစိတ်မရှိ။ သို့သော် အပိန်း၏ ခြိမ်းခြောက်ထားမှုကိုလည်း တစ်ဖက်ကကြောက်ရသေးသည်တစ်ကြောင်း၊ ဘခွေးတို့စကားအရ သူ ကိုယ်တိုင်ကမူ ဘာမျှစွန့်စွန့်စားစားမလုပ်ရဘဲ စောင့်ရုံသာစောင့်ရမည်ဟု ဆိုထားသည် တစ်ကြောင်း ကြောင့် အတာတွင် မလိုက်ချင် လိုက်ချင်နှင့် အပိန်းတို့ခေါ်ရာ ပါခဲ့ရရှာတော့၏။
သို့သော်
"တကယ်လို့သာ အပိန်းပြောသလို ငွေနှစ်ဆယ်လောက် ရမယ်ဆိုရင် ငါ့ဆီရှိတဲ့ ငါးကျပ်နဲ့ဆိုရင် ငွေ အစိတ်ဖြစ်ရော၊ လင်မနစ်လုံချည် ဆယ်ထည်ကို ငါးကျပ်၊ အစိတ်ဖိုးဝယ်ရင် ငါး ငါးလီ နှစ်ဆယ့်ငါး၊ အင်း နှစ်ဆယ့်ငါးကျပ် ရမယ်၊ ဒီလိုဆို ကြီးကြီးမေလို ဆိုင်တစ်ဆိုင် ဖွင့်နိုင်တာပဲ"
ဤ သို့လည်း စိတ်ကူးယဉ်ကာ စိတ်ထဲတွင် ရွှင်သွားမိသေး၏။
အတာသည် ဈေးရောင်းဝါသနာပါ၏။ အထူးသဖြင့် သူ့ပစ္စည်း သူ့အပိုင် သူ့ဆိုင်အဖြစ်ကို မျှော်မှန်းခဲ့ သည်နှင့် အမျှ သူသည် ငွေအရင်းအနှီးကို တောင့်တ၏။ စောစောက အပိန်းတို့အကြံကို ကြောက်လန့် တကြား ငြင်းပယ်ခဲ့သလောက် ယခုကဲ့သို့ အရင်းအနှီးအဖြစ် တွေးမိသောအခါတွင်မူ အတာသည် မသိ မသာ စိတ်ပါလာ၏။
မကောင်းမှု ဒုစရိုက်ဟူသည် ပထမသာလျှင် ခက်ယောင်ရှိသော်လည်း စမိပြီဆိုက အရှက်ရော အကြောက်ပါ မသိမသာ ပျောက်သွားတတ်၏။ ခါးပိုက်နှိုက်စားသူတစ်ယောက်အဖို့၌ ထို့ထက်တစ်ဆင့် တက်၍ားပြတိုက်ရင် အလုပ်မှာ ခဲယဉ်းတော့သည်မဟုတ်။ ထို့အတူ သူခိုးကို အစောင့်အဖြစ် အကူ အညီပေးရမည့် အတာသည် ကြာသော် သူပါ ဝင်ခိုးရန် ဝန်လေးတော့မည် မဟုတ်။ လုပ်စရှိလျှင် တ ဖြည်းဖြည်း ရဲတင်းလာတော့မည်ဖြစ်ရာ ဤအတိုင်းသာဆိုပါက အတာကလေး၏ရှေ့ရေးကား ရင်လေး စရာပငါ။
"ဟဲ့ကောင်လေး အတာ ဘယ်လဲ"
အတာတို့သုံးယောက် ဈေးအပေါ်ထပ်သို့ တက်လာခဲ့ကြ၍ မှန်ဗီရိုပတ်လည်ရံထားသည့် ခံ့ထညလှ သော အဖိုးတန်အထည်ဆိုင်အနီးသို့ ရောက်လာသည်နှင့် သို့ ခေါ်လိုက်သော အသံသည် အတာ တို့ နောက်နားဆီမှ ပေါ်လာသောကြောင့် အတာရော ဘခွေးတို့ပါ ချာခနဲ လှည့်ကြည့်မိကြလျက်
"ဘယ်သွားမလို့လဲ ဦးလေး"
နောက်မှ လှမ်းခေါ်လိုက်သူမှာ နံနက်ကပင် သူ့အား အထိတ်တလန့် ဖြစ်စေခဲ့သော သီချင်းပြင်ပေး သည့် စာရေးဖြစ်နေသည် ကို တွေ့ရသည်နှင့် အတာက ရပ်စောင့်ရင်း မေးလိုက်သည်ကို
"ငါ မင့်ကို လိုက်ရှာနေတာပေါ့၊ မင်းအမေက ရှာခိုင်းလို့"
"ဟင်" "ဟင် လုပ်မနေနဲ့၊ လာ လိုက်ခဲ့"
ပြောပြောဆိုဆိုပင် စာရေးလည်း အတာ့လက်မောင်းကလေးကို ဆုပ်ကိုင်ဆွဲခေါ်သွားသောကြောင့် အပိန်းတို့နှစ်ယောက်သာ ထိုနေရာတွင် ကျန်ခဲ့တော့၏။
"မင်း အတော်မိုက်တဲ့ ကောင်လေးပါလား အတာ ဟင်၊ မနက်ကပဲ ငါ ပြောထားတယ်၊ ဂျပိုး ကလေး တွေနဲ့ မပေါင်းနဲ့လို့၊ မင်း ဒီကောင်လေးတွေနဲ့ ဘယ်သွားမလို့လဲ"
အတာ တွင် ရုတ်တရက် အဖြေရကြပ်သွား၏။
"အဲဒါ အလစ်သမားတွေကွ သိရဲ့လား၊ မနေ့က အထည်ထုပ်လစ်ပြေးတာ မင်းနဲ့ပါလာတဲ့ ပုပုကောင် ကလေးပေါ့"
ထိုစကား ကို ကြားလိုက်လျှင်ကြားလိုက်ချင်း အတာ့ကိုယ်ကလေးမှာ ဖြန်းခနဲ ကြက်သီးထသွားတော့၏။
"ဟုတ်လား ဦးလေး ဟင်၊ ဦးလေး ဘယ်လိုသိတာလဲ"
အတာလည်း အသံမတုန်အောင် မနည်းကြီးသတိထား၍ မေးလိုက်ရ၏။
"သိတာပေါ့ကွ၊ ငါတို့ဆိုင်ဘေးကပဲ ဒီကောင်လေး ဖြတ်ပြေးတာ၊ ငါတောင် ထလိုက်သေးတယ်၊ အတော်မြန် တဲ့ကောင်၊ ချက်ချင်း ဘယ်ရောက်သွားမှန်း မသိလိုက်ဘူး"
အတာလည်း အတန်ကြာ တွေနေပြီးမှ "ဒါဖြင့် ခုနတွေ့တော့ ဘာဖြစ်လို့ မဖမ်းလိုက်တာလဲ ဦးလေးက"
"ဘယ် ဒီလိုဖမ်းလို့ရမလဲကွ၊ သူ့လက်ထဲမှာ ခိုးသွားတဲ့ အထည်ထုပ်ပါ တစ်ခါတည်းမိမှ ဖမ်းလို့ရတယ်၊ ခုလို သူ ရောင်းစားပြီးရောပေါ့"
"အထုပ် ပါ တစ်ခါတည်းမိမှ" ဆိုသော စကားသည် အတာ့အား စောစောကထက်ပင် အသည်းရော အူပါ တုန်သွားစေတော့ ၏။
"မနေ့ကသာ မိလိုက်ရင်တော့ ဘယ်သက်သာမလဲကွာ၊ ဒီကောင်လေးတော့ ဖနောင့်နဲ့ ချည်း ဆောင့် ဆောင့် ပေါက်လိုက်မှာပဲ" အတာတွင် တစ်ကျောလုံး စိမ့်သွားပြန်၏။
ဆက်ရန်
.

No comments:
Post a Comment