Wednesday, April 18, 2012

တင်မောင်မြင့် ၏ နွေကန္တာ, အပိုင်း (၂၈) (ဇာတ်သိမ်း)

" ရော့ … မေမေ့အတွက် ၀ိုင်တစ်ခွက်၊ မေမေ သောက်ဖို့ လိုတယ်လေ "
" ဟုတ်တယ် သမီး၊ သိပ်လိုတာပေါ့၊ သနားပါတယ်ကွယ်၊ ညည်းရင်း အိပ်ပျော်သွားရှာတယ် "
" အင်းလေ ခံစားနေရမှာပေါ့၊ သမီးတို့ အိမ်ပြန်ကြရအောင်နော် "
" မေမေ တို့ နောက်ထပ် လာဖို့ လိုဦးမလား မသိဘူး "
အေမီလီ က ပခုံးတွန့်ပြီး -
" သူ တစ်ညလုံး အိပ်မှာပါ၊ နောက်ဆိုရင် ရော်ဂျာတစ်ယောက် ဘယ်အောက်တန်းစားနဲ့မှ ပတ်သက် ရဲတော့ မှာ မဟုတ်ဘူးနော် မေမေ "
ကိုဆက်ဖတ်ရန်...........

အခန်း (၂၀)

သားအဖနှစ်ယောက် တာဝန်တွေကို ခွဲယူထားကြသည်။  ဖီးလစ်က ၀ါဂွမ်းကဏ္ဍကို ကြီးကြပ်ပြီး ဒေးပစ် က ကြံခင်းနှင့် သကြားလုပ်ငန်းကို တာဝန်ယူသည်။ အေမီလီက ဒေးဗစ်နည်းတူ သကြား ကို စိတ်ဝင်စား သည်။
ကလေးတွေ ရလာပြီး အိမ်ထောင်တာဝန်ပိုလာသည့်တိုင် ကွင်းထဲသို့ မြင်းတစ်စီးဖြင့် မကြာ မကြာ ရောက်လာတတ်သည်။ ဒေးဗစ်နှင့် ရိတ်သိမ်းချိန်ကာလ အကြောင်းများကို ဆွေးနွေးသည်။ သည် အတွက် ဂျူးဒစ်ချွေးမလုပ်သူကို ပိုပြီးသဘောကျနေသည်။ ဒေးဗစ်က အ၀တ်အစားနှင့် အလှအပ လောက် ကိုသာ စိတ်ဝင်စားသည့် မိန်းမမျိုး ကို အထင်ကြီးတတ်သူမဟုတ်။ အေမီလီနှင့် အဖော်ရ သ ဖြင့်ဂျူးဒစ်ဝမ်းသာနေရ၏။

ဒေးဗစ် လက်ထပ်ပြီးမကြာခင် အနောက်ဘက်ကမ်းတွင် ကြံခင်းတွေ ထပ်ဝယ်လိုက်သည်။ ကပ္ပလီတွေ လှေတစ်စင်းအပြည့် တင်လွှတ်ပြီး အလုပ်လုပ်ခိုင်းသည်။ တစ်နေ့ တွင် ဒေးဗစ်နှင့် အေမီလီလှေကား ထစ်ထွင်ထိုင်ပြီး အနောက်ဘက်ကြံခင်း များ အကြောင်း ဆွေးနွေးနေကြ၏။ ဂျူးဒစ် က ထိုးလက်စဇာ ကိုကိုင်ပြီး ရောက်လာသည်။
အမေ အနားရောက် လာတော့ အေမီလီက-
"ဟိုဘက်ကမ်း မှာ လူဖြူအလုပ်ကြပ်တစ်ယောက် ထားဖိုးကောင်းပြီးလို့ သမီးက ဒေးဗစ်ကို ပြောနေ တာမေမေ၊ ကပ္ပလီတွေက ကြီးကြပ်မယ့်လူ မရှိရင် အလုပ်လုပ်တာ မဟုတ်ဘူး"
"ကိုယ် စဉ်းစားမိပါတယ်ကွာ၊ ဒါပေမဲ့ ဟိုဘက်ကမ်းက အခင်းတွေ အခြေအနေကောင်းနေ တယ်လေ၊ ဖေဖေက လူမည်အလုပ်ကြပ်တစ်ယောက် အစမ်းထားကြည့်မယ်ဆိုပြီး သကြားလုပ်ငန်းမှာ သိပ်အား ကိုး ရတဲ့ဆိုင်းခေါင်းဆောင် တစ်ယောက်ကို ပို့ထားတယ်"
"ဟုတ်လား၊ ဘယ်သူလဲ ဒေးဗစ်"

"ဘန်နီဆိုတဲ့ကောင်ပါ၊ ငယ်ပေမဲ့ အလုပ်သိပ်တော်တယ်၊ သူ့အမေက ကိုယ်တို့ငယ်ငယ်လေးတုန်း က အိမ်မကြီး မှာ အလုပ်လုပ်ဖူးတယ်၊ ခုတော့ သူ့ကိုကွင်းထဲမှာ ကလေးထိန်းကျောင်းဖွင့်ပြီး ကြီးကြပ် ခိုင်း ထားတယ်၊ ဘန်နီက သူများတွေထက် အသားဖြူတယ်၊ အသိဥာဏ်လည်း မြင့်တယ်"
အေမီလီ စဉ်းစဉ်း စားစား ခေါင်းညိတ်နေသည်။
"တခြား အလုပ်သမားတွေက သူ့ကို လေးစားတယ်ဆိုရင်တော့ မဆိုးပါဘူး"
"သူတိုက အလုပ်တွေ အချိန်မီတော့ ပြီးနေတာပဲ"
ဂျူးဒစ် အိမ်ထဲ ပြန်ဝင်ခဲ့သည်။ အခန်းထဲရောက်တော့ မှန်ရှေ့တွင် ရပ်ပြီး မှန်ကို လက်နှင့် ခေါက်နေ သည်။ အင်း...လက်စသတ်တော့ ဘန်နီဒီလို ဖြစ်နေပြီကိုး၊ ဘန်နီအကြောင်း နှစ်ပေါင်းများစွာ ပြည်ဖုံး ကားချထားခဲ့ သည်။

ဖီးလစ်ကလေး ငန်းဝါဖျား စဖြစ်တဲ့ နေ့ကတည်းက မတွေ့ ခဲ့ခြင်း ဖြစ် သည်။ ဒေဗစ် သူ့အကြောင်း ပြောနေသည်ကို ကြားတော့မှ ဘန်နီကု မမေ့သေးကြောင်းနှင့် ရင်ထဲတွင် မနာလို စိတ်ကလေး ကျန်ရှိ နေသေးကြောင်း ကိုယ့်ဘာသာကိုယ် သိလိုက်သည်။ လက်စသတ်တော့ ဟို ဘက်ကမ်း က ကြံခင်းကို ဘန်နီအတွက် ရည်စူးပြီး ဖီလစ်ဝယ်ခဲ့တာကိုး။ ဘာပဲဖြစ်ဖြစ် သူ ၀က်သစ်ချမြိုင်နှင့် ဝေးဝေးရောက်သွား သည့်အတွက် ၀မ်းသာရမည်ဖြစ်သည်။ သို့သော် ဂျူးဒစ် ၀မ်းမသာနိုင် ဘဲ ဖြစ်နေ၏။ အတိတ်တစ္ဆေ ခြောက်လုနဲ့ပြန်လေပြီ။
သို့သော် လည်း ဆိတ်ဆိတ်နေရမည် ဟူသည့်အသိကြောင့် တစ်ခွန်းတစ်ပါဒမျှ ၀င်မပြောခဲ့ပေ။ ဤသို့ ဖြင့် ဘန်နီနာမည်သည် တစ်နှစ်ကျော်ကျော် ပျောက်ကွယ်နေပြန်သည်။ သို့သော် တစနေ့ညနေ ညစာ ပိုင်း တွင် ဒေးဗစ်က သူ့အကြောင်းစ လာပြန်သည်။

"ဟိုဘက်ကမ်းက ကြံခင်းတွေကိစ္စ ဖေဖေ့ကိုပြောစရာရှိတယ်"
ဖီးလစ် က- "ဘာဖြစ်လို့လဲ သားရဲ့"
"ကြံခင်းတွေ အခြေအနေတော့ ကောင်းပါတယ်၊ ခုထိတော့ ဘာမှမဖြစ်သေးဘူး၊ ဒါပေမဲ့ ကျွန်တော် တို့ ပို့ထား တဲ့ ဘန်နီဆိုတဲ့ကောင် နည်းနည်းဗွေဖောက်နေတယ်၊ ဒီဘက်ကမ်း ပြန်ခေါ် ရင် ကောင်း မယ် ဖေဖေ" ဖီလစ် ဘာမှမပြောဘူး။ အေမီလီက ၀င်မေးသည်။
"သူက ဘာလိုက်လို့လဲဟင် ဒေးဗစ်"
ဂျူးဒစ်ခေါင်းငုံ့ ထားသည်။ ၀ိုင်ကို ငြိမ်ငြိမ်ကလေး ထိုင်သောနေ။
"ဒီကောင် ဒုက္ခပေးနေတယ်"
ဒေးဗစ်လေသံ က တိုတိုတုတ်တုတ်။ သူစကားဆက်သည်။

"ဒီကောင်က တော်တော့ တော်တြယ်၊ အသားလည်းတော်တော် လတ်တယ်၊ ဒီလိုကောင်မျိုးတွေ ဟာ ကွင်းထဲ မှာ အမြဲတမ်း ပြဿနာလုပ်တတ်တယ်၊ အဓိံပ္ပာယ်မရှိ စကားတွေ သူလျှောက်ပြောနေ တယ်၊ လူမည်းတွေဟာ သေကောင်းပေါင်းလဲ အလုပ်လုပ်ရပြီး ဘာမှပိုင်ခွင့် မရှိဘူးတဲ့၊ သူမြှောက်ထိုး ပင့်ကော်လုပ်တော့ ဟိုကောင်တွေ တဖြည်းဖြည်းနဲ့ လှုပ်လာကြတယ်"
"၀က်သစ်ချမြိုင် ဟာ ကပ္ပလီတွေကို သိပ်အလျှော့ပေးတာပဲလို့ လူတိုင်းပြောနေကြတာပဲ"
အေမီလီ က မကျေမချမ်း ၀င်ပြော၏။ ဒေးဗစ်စကားဆက်သည်။

"တို့လူတွေကသူတို့ဘ၀ သူတိုကကျေနပ်ကြတာပဲ၊ ဘန်နီလိုကောင်က စကားကြီး စကားကျယ်တွေ နဲ့ စည်းရုံး လို့ သူတိုက ရောယောင်နောက်လိုက်ဖြစ်ကုန်တာ၊ ဒီကောင် ဆက်ပြီး ပူညံ ပူညံ လုပ် ရင်တော့ ရောင်းထုတ်ပစ်လိုက်စေခင်တာပဲ၊ ဒီလိုကောင်မျိုးတွေ သူများ လက်ထဲ ရောက် မှ နောင်တရမယ်" ဂျူးဒစ် က ဘီစကစ်တစ်ချပ်ကို ခပ်သွက်သွက် ထောပတ်သုတ်သည်။
ဖီးလစ်ခုမှ အသံထွက်လာသည်။

"သူက ဘယ်လိုစကားမျိုးတွေ ပြောပြီး စည်းရုံးတာလဲ"
"သူတို့ကို လွတ်လပ်ခွင့် ပေးဖို့တို့၊ ကိုယ်ပိုင်မြေယာ ရဖိုကတို့တွေပေါ့ ဖေဖေ၊ ဘာမှ အဓိပ္ပာယ် မရှိပါ ဘူး၊ ဒါပေမဲ့ အန္တရာယ်တော့ရှိတယ်"
အေမီလီက ရယ်ပြီး-
"သီးစုံယိုဘူးလေ လှမ်းလိုက်စမ်းပါ ဒေးဗစ်၊ လူမည်းတစ်ယောက်ဟာ လွတ်လပ်ရေးတို့ ဘာတို့နဲ့ ပတ်သက်တဲ့ ဥပဒေတွေကို နားလည်လို့လားဟင်"
"ဘယ်ကလာ၊ အလကားပါ၊ လွတ်လပ်ရင် သူတို့အသားတွေ ဖြူလာမယ် ထင်နေကြလား မသိဘူး၊ ဘန်နီ ဟာ မွေးကတည်းက ကျွန်အဖြစ်နဲ့မွေးလာတာပဲ၊ ဒါပေမဲ့ သူကနေစရာရယ်၊ စားစရာရယ် ဟာ နေရောင်ခြည် လိုပဲ လူတိုင်း ရပိုင်ခွင့်ရှိတယ် တဲ့၊ ဖေဖေဘယ်လို သဘောရ သလဲ၊ ရောင်းပစ်လိုက် ပါဖေဖေရာ"
"ရောင်းတော့ မရောင်းချင်သေးဘူး၊ ဒီကိစ္စဖေဖေ ကြည့်ရှင်းပါ့မယ်၊ ဒီဘက်ကမ်းက ကြံတွေ ဘယ်လို အခြေအနေ ရှိလဲ ဒေးဗစ်"
ဖေ စကားလမ်းကြောင်း ပြောင်းသော်လည်း ဒေးဗစ်က အာရုံမပြောင်း။

"ဒါပေမဲ့ ကျွန်တော် သူတို့ ကြံခင်းထဲမှာ မသုံးချင်တော့ဘူး ဖေဖေ၊ ဖေဖေ့ဘက်ကို ပြန်ခေါ်ထားချင် ထား၊ ဒါမှ မဟုတ် တစ်ခုခု စီစဉ်ပေးပါ၊ ကျွန်တော် တာဝန်ယူရတဲ့ အပိုင်းမှာ ကျွန်တော်သြဇာညောင်းတဲ့ အလုပ်သမားမျိုး ပဲလိုချင်တယ်၊ ဖေဖေ့ဝါဂွမ်းဘက်ကို ပြန်ခေါ်ချင် ခေါ်ပေါ့၊ ၀ါဂွမ်းဘက်မှာလည်း သူ့ကို သုံးနိုင်တာပဲ"
ဖီးလစ် ငြိမ်နေသည်။ ခဏနေပြီး အေမီလီဝင်ဆွေးနွေးသည်။

"အေမီလီ က ကိုယ်ပိုင်လုပ်ငန်း လုပ်ရမယ်ဆိုရင်လည်း ဒီလိုကပြားတွေကို အကုန်ရောင်းထုတ်ပစ် မယ်၊ ဒါမှမဟုတ် အိမ်မှာ ခိုင်းဖို့ ခေါ်ထားမယ်၊ ကွင်းထဲမှာ သူတို့ ဘာမှ သိပ်အလုပ်မဖြစ်ဘူး၊ စကားပြော လည်းလေတစ်လုံး၊ မိုးတစ်လုံး နဲ့၊ သူတို့က အမြဲတမ်းပဲ သခင်တွေ နဲ့ သွေးသားစပ်သလိုလို"
"ကဲ တော်လောက်ပြီ အေလီလီ၊ ဒီအကြောင်း ဆက်ပြောနေလို့ ဘာမှအကြောင်းမထူးဘူး၊ ဖေဖေ ကြည့် လုပ်လိုက်မယ်လို့ ပြောပြီးပြီး မဟုတ်လား"
ချွေးမလုပ်သူ ကို ဖီးလစ်ဘယ်တုန်းကမှ လေသံမာမာ မပြောဖူးခဲ့။ သည်လိုလေသံကို ပထမဆုံး ကြားဖူး ခြင်းဖြစ် ၍ အေမီလီ မျက်နှာရဲတက်သွားသည်။ ဒေးဗစ်ကတော့ ရိုးနေပြီ။ သို့သော် ဒေးဗစ်ပင် လျှင် ဖခင်လုပ်သူကို နားမလည်နိုင်စွာ ကြည့်နေ၏။

"တောင်းပန်ပါတယ် ဖေဖေ၊ မဆိုင်ဘဲ ၀င်စွက်တဲ့သဘော မဟုတ်ပါဘူး"
ဖီးလစ် က အေမီလီ၏လက်ကို လှမ်းဆုပ်လိုက်ပြီး-
ဖေဖေ့ ကို ခွင့်လွတ်ပါ သမီးရယ်၊ နေပူလွန်းတော့ ခေါင်းတွေ နောက်ပြီး စိတ်တိုနေတယ်
ဂျူးဒစ် ညာစာပိုင်းတွင် ဣနြေ္ဒမပျက် စားသောက်သွားသည်။ ဘန်နီအကြောင်းကို တတ်နိုင်သမျှ မစဉ်းစား မိအောင် နေသည။် ကိုယ့်ကိုယ်ကိုယ် သတိပေးလိုက်သည်။ "ဘန်နီနဲ့ငါ ဘာမှမဆိုင်၊ ဖီးလစ် က ဘန်နီ့ဘက်က ရပ်လျှင်လည်း ငါအနေသာကြီး"
ဘန်နီ ကို ရောင်းမထုတ်ဘဲ ၀က်သစ်ချမြိုင်တွင် ဆက်ထားဖို့ ဆုံးဖြတ်ခြင်းမှာလည်း ဖီးလစ်ဘက်က မှန်သည်။ အချို့မြေပိုင်ရှင်များ၊ အလုပ်ကြပ်များသည် လူမည်းများကို လူလိုဆက်ဆံကြသည် မဟုတ်ပေ။
မိမိသဘော အရတော့ ဘန်နီကို လွတ်လပ်ခွင့် ပေးလိုက်စေချင်သည်။ သို့သော် ဖီးလစ် အနေဖြင့်မူ ပေးမည် မဟုတ်လော။ ကျွန်ဘ၀မှလွတ်မြောက်သွားကြသည့် လူမည်းများသည် ဒယ်အိုးထဲမှ မီးဖို ထဲ ခုန်ချသည့် ငါးပမာ ရှိနေကြ၏။ သခင်က လွတ်လပ်ခွင့် ပေးလိုက်သော်လည်း ဥပဒေ တွေနှင့် ပြန်ပြီး ချုပ်နှောင် ထားသဖြင့် သူတို့ခမျာ လူ့အခွင့်အရေးကို ဘာမျှမရကြရှာပေ။

ဘန်နီအကြောင်း တစ်ခွန်းမျှ မပြောဘဲ ရေငုံနှုတ်ပိတ်နေလိုက်၏။ ဒါကိုသိနေသည့် ဖီးလစ်က ဂျူးဒစ် ကို ကျေးဇူးတင်နေသည။် ဒေးဗစ်က ဘန်နီကို ဘယ်သူဘယ်ဝါမှန်း မသိ။ ဘန်နီကလည်း သူ့အဖေကို သူမသိ။ အကယ်၍ ဘန်နီ သူ့ဇာတ်မြစ်ကို သိသွားလျှင် ဒေးဗစ်မည်သို့ ရှိလေမည်လဲ။ သို့သော် ဒေးဗစ် သည် ဘန်နီ့ကိစ္စ ကို ရတက်မအေး ဖြစ်နေသည်။ ဇနီးလုပ်သူကို ပြောပုံ ကြည့်လေ။
"တစ်နေ့ တွင် အေနီလီ က မေးသည်"
"အဲဒီ ဘန်နီ ဆိုတဲ့ ကောင်ကို ဖေဖေဘာလုပ်ထားလဲဟင် ဒေးဗစ်"
"လိမ္မော်ခြံမှာ တာဝန်ချထားတယ်လေ၊ အဲဒီမှာ အလုပ်သိပ်ရှိတာမှ မဟုတ်တာ၊ ၀ါးခင်းထဲ ကူးပြီး ပေါက်တက်ကရတွေ လျှောက်ပြောနေဦးမှာပေါ့၊ ဖေဖေက ကိုယ်ပြောတာကို လက်မခံတာ ခက်တယ် ကွာ၊ ဒီလိုကောင်မျိုးက သက်သက်ဒုက္ခပေးဖို့ လူဖြစ်လာတာကွ၊ ကိုယ်သာ အဖေ့နေရာမှာ ရှိရင် ချက် ချင်း ပထုတ်ပစ်လိုက်ပြီး"

ဆက်နားမထောင်တော့ ဘဲ ဂျုးဒစ် အပြင်ထွက်သွားသည်။ ရင်ထဲမှ ဒေါသကို တခြားနေရာသို့ ထွက်ပေါက်ပေး လိုက်ရ၏။ အိမ်ရှေ့တံခါးမကြီးမှ တံခါးလက်ကိုင်ကို မတိုက်ဘဲ ထားသည့် ကောင်မလေး တွေကိုဆူပစ်လိုက်သည်။ ညစာပိုင်းကျတော့ ဒေးဗစ် က ဘန့်နီ အကြောင်း မစဘဲ နိုင်ငံ ရေးကိစ္စတွေ ပြောနေသဖြင့် ကျေးဇူးတင်ရသေးသည်။ ဘန့်နီအကြောင်း ကို ခေါင်းထဲ မှ မောင်းထုတ် ချင်သည် မဟုတ်လား။ တိုင်းရေး ပြည်ရေး ကိစ္စတွေကိုလည်း သိချင်နေသည်လေ။
ဒယ်လ်ရွိုင်း စိုက်ပျိုးရေးသမားများသည် နိုင်ငံရေးကို သိပ်စိတ်မ၀င်စားကြပေ။ နိုင်ငံရေးသည် ရာသီဥတု သဖွယ်ထိန်းလို့ရသည့် ကိစ္စမျိုးမဟုတ်ဘူး။ သူတို့ယူဆထားကြသည်။ ခုတော့ နိုင်ငံရေး နှင့်သူတို့၏ တိုးတက်ဖွဲ့ဖြိုးမူကိုဆက်နွယ်နေနိုင်ကြောင်း၊ နိုင်ငံရေးကြောင့် သူတို့လုပ်ငန်းတွေ နှောင့် နေးနိုင်ကြောင်း တဖြည်ဖြည်း သဘောပေါက်လာကြသည်။

ဒယ်လ်ရွိုင်း သည် လျင်မြန်သော အဟုန်ဖြင့် တိုးတက်ပြေင်းလဲနေ၏။ အမေရိကန်ပြည်ထောင်စုက လူဝီ စီယားနားပြည်နယ် ကို ၀ယ်လိုက်ပြီး ကတည်းက လူဦးရေ သိသိသာသာတိုးလာသည်။ သို့ သော်ဒယ်လ်ရွိုင်း သည် ဖလော်ရီဒါအနောက်ပိုင်း တိုက်နယ်တစ်ခုဖြစ်၏ အင်္ဂလိပ်လက်ထပ်က ခရိုင်အဆင့် အထိ ရှိခဲ့ဖုးသည်။ ထိုစဉ်က လူဝီစီယားနားပြည်နယ်နှင့် လုံးဝသီးခြားနေခဲ့သည်။ လူဝီစီး ယားနား ကို အမေရိကန်ပြည်ထောင်စုက ၀ယ်တော့အနောက်ဘက် ဖလ်ေရီဒါ ပါသည်၊ မပါသည်ကို ဘယ်သူ မှ မသိကြပေ။ သည်ကိစ္စ နားမရှင်းသဖြင့် ဂျူးဒစ်က ဖီးလစ်အား ရှင်းပြဖို့ ပြောသည်။
"ရယ်စရာတော့ ကောင်းတယ်ကွ၊ အမေရိကန်တွေက တို့တစ်တွေကို အမေရိကန်လို့ပဲ သဘောထား နေတယ်၊ စပိန်ဘုရင်ခံက ဒီမှာ ရုံးတက်နေတုန်း၊ ခုလောလောဆယ် တိုကလူတွေ အမေရိကန် တရား ဥပဒေအောက်မှာ နေရတာလား၊ စပိန်အုပ်ချုပ်မှုအောက်မှာလားဆိုတာလည်း ဘယ်သူမှ အတိအကျ မသိဘူး။ စိတ်လည်း မ၀င်စားကြဘူး"
ဖီးလစ်က ခပ်ပေါ့ပေါ့ရှင်းပြသည်။ သို့သော် ဒယ်လ်ရွိုင်းမြေပိုင်ရှင်တွေက သည်ကိစ္စအတွက် တစ်စုံ တစ်ခုထလုပ်မည်ဆိုတော့ ဂျူဒစ်အထိတ်တလန့်ဖြစ်သွားသည်။

နွေရာသီ၏ နောက်ဆုံး ရက်ကျန်နေ့တစ်နေ့ဖြစ်၏။ ဂျူးဒစ်လေသာဆောင်တွင် ထိုင်ပြီး အေမီလိုသား ကလေး ဆီဘက်စတိန် အတွက် ဆွယ်ထာထိုးနေသည်။ အေမီလီက အပေါ်ထပ်မှ ဆင်လာပြီး ရေးကြီး သုတ်ပျာနှင့် မေးလာသည်။
"မေမေ...အဲဒီလူကြီးတွေ အားလုံးကို ညစာကျွေးရမှာလား ဟင်"
ဂျူဒစ်က ချွေးမလုပ်သူဘက် လှည်ပြီး-
"ဘယ်လူကြီးတွေက အေမီလီ"
"သမီး အပေါ်ထပ်ကလှမ်းမြင်ရတယ်၊ အိမ်ရှေ့မှာ လာနေကြပြီ"
အေမီလီက အိမ်ရှေ့ဆီသို့ မေးထိုးပြသည်။ ဂျူးဒစ်လှမ်းကြည့်လိုက်၏ မြင်းကိုယ်စီနှင့် ၀င်လာသည့် လူအုပ်ကြီး ကို တွေ့ရသည်။ ရှေ့ဆုံးမှ ဖီလစ်နှင့် ဒေးဗစ်။ နောက်မှလူအုပ်က နှစ်ဆယ်ကျော် လောက် ရှိမည် ထင်သည်။

ဂျူးဒစ် မျက်လုံးပြူးသွားသည်။ ရာသီဥတု သာယာသောနေ့များတွင် ပိုပိုလိုလို အနည်းဆုံး ၁၀ယောက် စာလောက် အတွက် ညစာဝိုင်းကို အသင့်လုပ်ထားတတ်သည်။ ဖီးလစ်နှင့် ဒေးဗစ်တို့က ဧည့်သည်နှစ် ယောက် သုံးယောက်လောက်စီ ခေါ်လာတတ်သည် မဟုတ်လား။
သို့သော် သည်လူအုပ်ကြီးအတွက်တော့ ချက်ချင်းစီစဉ်ဖို့ မလွယ်လှပေ။ ချွေးမလုပ်သူကို လှမ်းပြော လိုက်သည်။
"ကောင်မလေးတွေ ကို ကြက်ဥမွှေကြော် လုပ်ခိုင်းလို့ ရပါတယ်။ ဒါပေမဲ့ ဒီလိုအုပ်လိုက်ကြီး မလာပြီး ၀ိုင်းဖွဲ့မယ် ဆိုရင်တော့ ကြိုပြောဖို့ ကောင်းတာပေါ့"
"အမျိုးသမီးတွေ မပါမေမေ၊ ပါတီလုပ်ဖို့ အစီအစဉ်မရှိဘူးနဲ့တူပါတယ်"
အေမီလီ က အယူခံဝင်သည်။ ဂျူးဒစ်ဧည့်သည်တွေကို နှုတ်ဆက်ဖို့ထသွားသည်။ လူအုပ်ထဲတွင် ပါစယ် တို့ ညီအစ်ကိုသုံးယောက်လည်း ပါသည်။ ပြီးတော့ လူဝစ်ဗဲလ်ကိုး၊ ရော်ဂျာူရှာရမီ၊ ခရစ္စတိုဖာ နှင့် ဂျူဟန် တို့ မိသားစု ထဲက အမျိုးသားအားလုံးပါသည။် ကားလ်ဟဲရော့နှင့် သူတို့ ညီအစ်ကို တစ်သိုက်က နောက်ဆုံးမှ။

ဖီးလစ်ကမြင်းပေါ်မှ ဆင်းရင်း-
"ဂျူးဒစ်ရေ..ဒီလူအုပ်ကို မင်းကျွေးနိုင်ပါ့မလား"
မကျေမနပ် ဖြစ်နေတာတွေ ဘယ်ရောက်ကုန်မှန်း မသိ၊ ဂျူးဒစ်ရယ်ပြီး ပြန်အော်ပြောလိုက်သည်။
"ရပါတယ်၊ ဟင်းချေးမများဘူးဆိုရင် ပြောတာနော်"
ဖီးလစ်က ထမင်းဆာလာသည့် ကလေးတစ်ယောက် မီးဖိုဆောင်ကို ၀င်တော့မည့်ပုံ၊ ဧည့်သည်တွေ ကိုနှုတ်ဆက် ဖို့၊ နေရာချထားဖို့ အေမီလီနှင့် တာဝန်လွှဲခဲ့ပြီး ဖီးလစ်ကို လှောကားရင်းသို့ ဆွဲခေါ်သွား သည်။
"ကဲ... ဘာတွေ ဖြစ်လာတာလဲ ပြောစမ်းပါဦး"
ဖီးလစ် က ဇနီးချောကို ငုံ့ကြည့်ပြီး ပြောသည်။

"စပိန်ဘုရင်ခံကို ကိုယ်တို့ မောင်းထုတ်ပစ်တော့မလို့လေ"
"ဘုရား..ဘုရား၊ ဘယ်လိုမောင်းထုတ်ကြမှာလဲဟင်"
ဖီးလစ်က ရယ်ပြီး နှင်တံနှင့် လက်တစ်ဖက်ကို ရိုက်ရင်း-
"ဒီည ပန်းခြံ ထဲမှာ လူစုမယ်၊ ပြီးတော့ သူ့နန်းတော်ကို သွားဝိုင်းပြီး ထွက်သွားခိုင်မယ်၊ ဒါပဲ"
နောက်ဘက်မှ အဖွဲ့သားတွေကို လှမ်းကြည့်ပြီး ဖီးလစ်ရယ်သည်။ ဆံပင်တွေ ဖြူစ ပြုလာသော် လည်းနိုပျိုဆဲ။ ဒေးဗစ်နှင့် ညီအစ်ကိုလာအောက်မေ့ရသည်။
အေမီလီက စိုးရိမ်တကြီး လေသံဖြင့်-
"အန္တရာယ် မများဘူးလား ဖေဖေ၊ နန်းတော်မှာ လက်နက်ကိုင်အစောင့်တွေနဲ့ မဟုတ်လား"
"ရှင်တို့က ဘာလို့ဝင်ရတာလဲ၊ အမေရိကန်အစိုးရ လုပ်ရမယ့်အလုပ် မဟုတ်လား"
ဒေးဗစ်ဝင်ပြောသည်။

"အမေရိကန်အစိုးရ လုပ်ရင် ခုနစ်နှစ်လောက်ကြာမှ မေမေရ၊ သူတို့က ကျွန်တော်တို့အရေးကို စိတ် ၀င်စား တာ မဟုတ်ဘူး၊ ဒါကြောင့် ကိုယ်ဘာသာကိုယ် လုပ်ကြရတာ၊ လူဝီစီးယားနား ဟာ ပြည်နယ်ကြီး တစ်ခု ဖြစ်လာတော့မယ်၊ မကြာခင် ပြည်ထောင်စုထဲကို ပြည်နယ်တစ်ခုအဖြစ် ၀င်ရ တော့မယ်၊ ကျွန်တော် တို့နယ်က လူဝီစီးယားနားထဲမှာ ရှိနေတာ၊ ဒါပေမဲ့ စပိန်ဘုရင်ခံက အခွံ အတုတ် တွေမှိန်းယူနေတယ်။ ဒါကိုအမေရိကန်တွေက မသိတာလား၊ မသိချင်ယောင်ဆောင်နေ တာလား၊ မသိဘူး။ အဲဒါတာကြောင့်...."
ဒေးဗစ် က အတွင်းအိတ်ထဲမှ စာရွက်တစ်ရွက်ကို ဆွဲထုတ်လိုက်သည်။
"ဒါကြောင့် ဒီအနောက်ဘက် ဖလော်ရီဒါ လွတ်လပ်ရေးကြေညာစာတမ်းကို ကျွန်တော် တို့ဘာသာ ရေး ရတာ"
ဂျူဒစ်လှေကားထစ်ပေါ်တွင် ချည်နဲ့စွာ ထိုင်ချလိုက်သည်။

"မင်းတို့ဟာတွေက ရယ်စရာလည်း ဖြစ်နေပါဦးမယ်ကွယ်"
ရော်ဂျာရှာရမီ ၀င်ရှင်းသည်။
"ဘယ်က ရယ်စရာဖြစ်ရမှာလဲ အန်တီဂျူးဒစ်၊ မနက်မိုးလင်းရင် ကျွန်တော်ထောင်ထဲ ရောင်ချင် ရောက်၊ မရောက်ရင် ကျွန်တော်တို့တစ်တွေ အနောက်ဖလောရီဒါ ပြည်နယ်သားတွေ ဖြစ်သွားပြီလေ"
"အဲဒီတော့မှ အမေရိကန်တွေ တို့ကို ဂရုစိုက်လာမှာ"ဟု ဖီးလစ်က နဂုံးချုပ်ပေးလိုက်သည်။

ညိုနေသော အေမီလီ့မျက်နှာကလေးကို ဂျူးဒစ်လှမ်းကြည့်လိုက်သည်။ ဂျူးဒစ်သည် ရင်တွေ တုန်နေပါ သည်။ သို့သော် သည်သားအ အကြောင်းကို အေမီလီထက် ပိုသိသည်လေ။ သူတို့နှစ်ယောက်စလုံး တစ်ပုံစံ တည်း။ ခပ်ကြမ်းကြမ်း ခပ်ရမ်းရမ်း လုပ်တော့မည်ဆိုလျှင် ဘယ်သူထားလို့မှ ရသည်မဟုတ်။ သည်တော့ သက်ပြင်းချကာ သတိဝီရိယနှင့် သွားကြဖို့သာမှာပြီး မီးဖိုဆောင်သို့ ၀င်ခဲ့သည်။
သူတို့ တစ်တွေ ကတိုက်ကရိုက် ညစာစားကြ၏။ အလွန်အမင်း တက်ကြွနေကြ၏။ ဂျူးဒစ် နားမလည် နိုင်အောင် ဖြစ်နေသည်။ အေမီလီက ငြိမ်ချက်သားကောင်းနေ၏။ သူတို့၏ တော်လှန်ရေးကို မမှု သလို ပုံစံဖြင့်။ သို့သော် သူတို့အားလုံး ထွက်သွားကြပြီး မြင်းခွာသံတွေ စဲသွားသည်နှင့် ဆီဘက်စတိန် လေး ၏ခေါင်းကိုပွတ်ပြီး မျက်ရည်ကျနေသည်ကို ဂျူးဒစ်မြင်လိုက်၏။ သားကလေးကို အိပ်ရာဝင် အနမ်းပေး ပြီးနှုတ်ဆက်ကာ အထိန်းလက်သို့ အပ်လိုက်သည်။

"သမီး ကြောက်တယ် မေမေ၊ သူတို့တစ်ခုခုဖြစ်ရင် ဒုက္ခပဲနော်"
နှစ်ယောက်သား ကျန်ခဲ့သည့် အခါတွင်မှ အေမီလီရင်ဖွင့်သည်။
ဂျူးဒစ် က အေမီလီ့လက်ကို ယုယစွာကိုင်ပြီး-
"စပိန်ဘုရင် က ဒီမှာဆက်နေစရာ ဘာမှအကြောင်းမရှိတော့ဘူး သမီးရဲ့"
"မေမေ ဘာဖြစ်လို့ ဒါလောက်တည်တည်ငြိမ်ငြိမ်နေနိုင်လဲဆိုတာ သမီးစဉ်းစားမရဘူး"
အေမီလီ တိုးတိုးလေးပြောနေသည်။

"မေမေလည် သမီးရဲ့ သတ္တိကို ချီးကျူးနေတာ"
"ဒါပေမဲ့ ရင်တွေတုန်နေပြီ မေမေရဲ့၊ ဒေးဗစ်ရှေ့မှာ ဣနြေ္ဒမျပက်ချင်လို့ မနည်းဟန်ဆောင်နေရတာ"
ဂျူးဒစ်ပြုံးသည်။
"သမီးအရွယ် တုန်းက မေမေ သမီးလောက် မရင့်ကျက်ခဲ့ပါဘူး ကွယ်" အေမီလီက ခပ်တိုးတိုး ရယ်ပြီး-
"ဒေးဗစ် က သမီးကို သတ္တိကောင်းတယ် ထင်နေတာ၊ သွားခါနီး ကပ်ပြောသွားသေးတယ် မေမေရဲ့၊ ခုလိုသွေးကောင်း တဲ့ မိန်းမမျိုးရတာသိပ်နိပ်တာပဲတဲ့၊ မာသာရှာရမီတော့ မျက်ရည်ထဲမှာ မျောကျန်ရစ် ခဲ့တယ်တဲ့လေ"
"သြော်..မာသာလား၊ သူကငိုမှပိုလှတာ သမီးရဲ့"

"မလှချင်နေပါစေ၊ ယောက်ျားရှေ့မှာတော့ မငိုချင်ပါဘူး၊ သူကို အပစ်အခတ်ခံ ရမှာတော့ သမီးတွေး ပြီးပူတယ် မေမေရယ်"
ထိုးလက်စ ဇာကို ဆွဲယူပြီး ဖယောင်းတိုင်နားတွင် သွားထိုင်သည်။ ခဏနေမှခေါင်းထောင်လာပြီး-
"မေမေ သမီးကို ကလေးတစ်ယောက်လို မနှစ်သိမ့်တာ ကျေးဇူးတင်ပါတယ်၊ သမီးက သူများ သနာ တာသိပ်မခံချင်တတ်ဘူးလေ"
ညည့်နက်လာပြီ။ သို့သော် သမီးယောက္ခမ နှစ်ယောက်လုံး အပ်ချင်စိတ်မရှိကြပေ။ အေမီလီက ဆီဘက်စတိန်လေးကို တစ်ချက်သွားကြည့်သည်။
"တိုင်းပြည်ကြီး ဘာဖြစ်နေနေ သူဂရုမစိုက်ဘူးမေမေ၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်နေပြီ"
ဂျူးဒစ်ကလည်း သူထိုးလက်စ ချည်လုံးနှင့်အပ်ကို ယူပြီး ဖယောင်းတိုင်နား သွားထိုင်သည်။ အေမီလီ ကိုဟန်ကိုယ့်ဖို့ ဟူသည့်သဘောဖြင့် ပြောထားရသော်လည်း နန်းတော်ကို သွားဝိုင်းကြသည့် လူစု အတွက်ရတက် မအေးနိုင်ပေ။ အိပ်ချင်စိတ်လည်း မရှိတော့။ နှစ်ယောက်သား စကားမပြောကြတော့ဘဲ ကိုယ့် အလုပ် ကိုယ်လုပ်နေကြသည်။ ဇာထိုးအပ်ကို ဆတ်ခနဲ ပစ်ချပြီး အေမီလီ ၀ုန်းခနဲ ထရပ်တော့ သန်းခေါင်ကျော်နေပြီ။

"ဘာသံတွေလဲ မေမေ"
"ဟင်..ဘာသံမှ မကြားပါလား"
ဂျူးဒစ်သည် လုပ်လက်စကို ရပ်ပြီး နားစွင့်ကြည့်လိုက်သည်။
"ဟော...ကြားလား၊ ဟိုအဝေးကြီးမှာ ဆူဆူညံညံ အသံတွေ"
ပြောပြောဆိုဆို အေမီလီ ပြတင်းပေါက်သို့ ထသွားသည်။ ဂျူဒစ်ထလိုက်သွား၏။ အရေးကြံလျှင် မိမိ က ရှေ့ကနေရမည်ကို သွားသတိရလိုက်သောကြောင့် ဖြစ်သည်။
"တိုက်ပွဲဖြစ်ရင် မြိုကထဲဘက်မှာ ဖြစ်မှာပေါ့သမီးရဲ့၊ ဒီဘက်မှာ ဘာမှဖြစ်နိုင်စရာအကြောင်းမရှိပါဘူး"
အေမီလီ က ဂျူးဒစ်၏ပခုံးကို လှမ်းဖက်လိုက်သည်။ ဂျူးဒစ်ပါးစပ်အဟောင်းသား ဖြစ်နေ၏။

ဟိုအဝေးကွင်းထဲ ဆီတွင် မီးရောင်တွေ တလက်လက်နှင့် လှုပ်လှုပ်ရွရွဖြစ်နေသည်ကို လှမ်းမြင် ရ၏။ အော်သံတွေလည်း သဲ့သဲ့ကြားနေရ၏။ မြင်ရသည့် မီးရောင်တွေမှာ စီစီတန်းတန်း မဟုတ်။ ပြန့်ကျဲချီ တက်နေပုံ ရသည်။ အေမီလီက သူ့လည်ပင်းသူ လက်တစ်ဖြင့် ဆုပ်လိုက်ပြီး-
"စစ်သားတွေ မဟုတ်ဘူးမေမေ"
နှစ်ယောက် သား ခန်းဆီးစကို ပြိုင်တူ ဆွဲပိတ်လိုက်သည။် ဂျူးဒစ်အလန့်တကြား နောက်ဆုတ်လိုက် ၏။ ခေါင်းထဲ တွင် စူးခနဲ ဖြစ်သွားသည်။ လက်ဖ၀ါးတွေ ချက်ချင်း ချွေးစို့လာ၏။
"အဲဒါ လူမည်းတွေ သမီး"
အေမီလီ နံရံကို အလန့်တကြား ကျောပေးကပ်လိုက်သည်။ တစ်ကိုယ်လုံး ဆတ်ဆတ်တုန်လာသည်။ ဂျူးဒစ်၏နှုတ် မှ ဆွံ့နေသူတစ်ဦး၏နှုတ်မှ ထွက်သလို စကားလုံးနှစ်ခု ထွက်လာသည်။

"ဘန်နီ"
ပြောပြော ဆိုဆို နောက်ဘက်လှေကားဆီသို့ ပြေးသွား၏ အပေါ်ထပ် ကလေးခန်းဆီ သို့တစ်ထစ် ကျော်ပြေးတက်သွားသည်။
ဂျူးဒစ် က နံရံမှ ကြိုးကို တအားဆွဲလှုပ်လိုက်၏။ အစေခံတန်းလျားဘက်တွင် ခေါင်းလောင်းသံတွေ ဆူညံ သွားသည်။ တုန်တုန်ယင်ယင်ဖြစ်နေသည့် ခန္ဓာကိုယ်ကို သတိနှင့် မနည်းထိန်းနေရ၏။
ဝက်သစ်ချမြိုင် သည် အနီးဆုံး ယာတောအိမ်များနှင့်ပင် မိုင်ပေါင်းများစွာ ဝေးလေသည်။ ကျွန်တွေပုန် ကန်ပြီးတစ်အိမ်သားလုံး လာသတ်သွားလျှင် မည်သူမှ သိလိုက်မည်မဟုတ်။ မနက်မိုးလင်းလို့ သူတို့ ပြန်လာမှအလောင်းတွေ တွေ့ကြရမည် ဖြစ်သည်။ ၀က်သစ်ချမြိုက်မှ လူမည်းများသည် အခြားယာ တောမှကျွန်များထက် ပို၍အခွင့်အရေး ရကြသဖြင့် သူတို့ဘ၀ သူတိုကကျေနပ်နေကြသူများ မဟုတ်လား။
သို့သော် ဘန်နီလို ဘ၀ကို မကျေနပ်သူတစ်ယောက်၏ ဦးဆောင်စည်းရုံးမှုကြောင့် သူတို့တစ်တွေ နားယောင် သွားကြခြင်း ဖြစ်မည်။ သခင်ယောက်ျားများ မရှိခိုက်ကို အခွင့်ကောင်းယူကာ ၀က်သစ် ချ မြိုင်ဆီသို့ သူတို့ချီတက်လာနေကြပြီ။ စနစ်တကျမဟုတ်၊ တစ်ယောက် တစ်ပေါက် အော်ဟစ်လာနေ ခြင်းဖြစ်၏။

ကြိုး ကို နောက်တစ်ခါ ဆွဲလှုပ်မည်အပြုတွင် ခရစ္စတင်းအပြေးရောက်လာသည်။ အိပ်ချင်မူးတူး ပုံစံဖြင့်။
"မမလေး ဘာဖြစ်တာလဲဟင်၊ မမလေးအိပ်ရာကို ပြင်ပေးပြီး ကျွန်မအိပ်တော့မလို့ လုပ်နေတာ"
"တို့ အလုပ်သမားကြားထဲမှာ ဘာတွေဖြစ်နေလဲ ခရစ္စတင်း၊ နင်ဘာကြားသလဲ"
"ရှင် မမလေး"
ခရစ္စတင်း၏မျက်လုံးကြီးတွေ ပြူးထွက်လာသည်။ ဂျူးဒစ်က ခန်းဆီးကိုဆွဲပြီး ကွင်းထဲဆီမှ မြင်ကွင်း ကိုပြလိုက်သည်။
"ဘုရား..ဘုရား...ကွင်းထဲ က ခွေးတွေ"
ခရစ္စတင်း ဒူးထောက် ထိုင်ချလိုက်သည်။ လက်နှစ်ဖက်ကိုမြှောက်ပြီး
"ကျွန်မ ဘုရား မှာ သစ္စာဆိုပါတယ် မမလေး၊ ကျွန်မ တို့ ဘာမှမသိပါဘူး၊ သူတို့နဲ့လည်း ကျွန်မတို့ လုံးဝ အဆက်အသွယ် မရှိပါဘူး၊ ကျွန်မပြောမိရင် သွေးအန်သေရ.."
"ဟဲ့...တော်စမ်း၊ အဓိပ္ပာယ်မရှိ၊ ကျိန်တွယ်မနေနဲ့၊ နင်ပြောတာ တကယ်မှန်ရင် နင်တို့ အကုန် သေကုန် လိမ့်မယ်၊ မြန်မြန်လုပ်"
ဆီဘက်စတိန်းလေးကို လက်ဆွဲပြီး ပြေးဆင်းလာသည့် အေမီလီဘယ်သို့ ချာခနဲလှည့်လိုက်သည်။ အငယ်မလေး ချီပြီး မမ်မီ ကနောက်မှ ကပိုကရိုနှင့်ပါလာသည်။

"ကလေးတွေ ကို မမ်မီလက်ထဲအပ်လိုက်သမီး၊ သူကြည့်ရှောင်တမ်းမယ်၊ မေမေပြောတဲ့အတိုင်း လုပ်စမ်း၊ ရော့သော့ တွဲ ယူသွား၊ သေနတ်ခန်းကို ပြေးဖွင့်၊ သမီးအတွက် တစ်လက်၊ မေမေ့အတွက် တစ်လက် ယူခဲ့"
ဆက်တိုက် အမိန့်ပေးပြီး လေသာဆောင်သို့ ပြေးထွက်ခဲ့သည။် သူတို့တစ်တွေ ၀က်သစ်ချမြိုင် အိမ်ကြီးနှင့် နီးသထက် နီးလာနေပြီ၊ လုပ်ငန်းခွင်အနှံ့ အားလုံးကြားနိုင်မည့် ခေါင်းလောင်းကြိုးကို ဂျူးဒစ် ဆွဲလှုပ်လိုက်သည်။
ခေါင်းလောင်းသံ များ အရပ်လေးမျက်နှာတွင် မြည်ဟိန်းထွက်ပေါ်လာသည်။ ဘန်နီ့နောက်လိုက် မဟုတ် သည့် လူမည်း အလုပ်သမားများ မျက်နှာဖြူ အလုပ်ကြပ်များကို တပ်လန့်နိုးလိုက်ခြင်း ဖြစ်၏။
အေမီလီ သေနတ်နှစ်လက်နှင့် ပြန်ရောက်လာသည်။
"သေနတ်ခန်း ကို သော့ပြန်ခတ်ခဲ့သလား သမီး"
"ဟုတ်ကဲ့ မေမေ"
"အေး..ဟုတ်ပြီး၊ ဒီအခန်း ကို သူတို့စီးမိရင် အားလုံး အသတ်ခံရမှာပဲ၊ သူတို့အထဲမှာ လက်နက်များ များ မပါနိုင်ဘူး၊ သမီးငှက်ပစ်ဖူးတယ်နော်၊ ဘာမှမဆန်းဘူး၊ အဲဒီင်္အတိုင်းပဲ၊ စိတ်ငြိမ်ငြိမ်ထား၊ ဒါမှ လက်ငြိမ် မယ်၊ မလိုအပ်ရင် မပစ်နဲ့၊ သိလား"

ကလေးတွေကို နောက်ထပ် ပွေ့ဖတ်နှုတ်ဆက်ပြီး အေမီလီမြင်းပေါ်တက်သည်။ အိမ်ဖော်တွေအား လုံးကိုးရိုး ကားရားနှင့် ကြောက်အားလန့်အားထွက်ပြေးကုန်ကြပြီ။ ဂျူးဒစ်အိမ်ထဲ တစ်ခေါက် ပြန်ဝင်သည်။ ဂျိုး၊ စီဇာရိုစသည့် စိတ်ချရသော အိမ်စေများနှင့် အလုပ်ကြပ်များ အတွက် သေနတ်တွေ ထုတ်ယူလာခဲ့သည်။ ပြီးမှ မြင်းပေါ်ကို လွှားခနဲ ခုန်တက်ပြီး လူမည်းသူပုန်တွေကို ရင်ဆိုင် ရင် ၀က်သစ် ချမြိုင်မုခ်ဝ ဆီသို့ ထွက်ခဲ့သည်။ ဂျူးဒစ်ကရှေ့ဆုံးမှ။
ခေါင်းဆောင်လုပ်သူ ဘန်နီနှင့် လူမည်း သူပုန်များသည် ၀က်သစ်ချမြိုင်ကို ကြက်ကလေး ငှက်ကလေး ဖမ်း သလို ဖမ်းဖို့ သပိတ်ဝင်အိမ်ဝင်ထွက်ြ်ပီး လာရောက်စီးနင်းကြခြင်း ဖြစ်သည်။ သခင်ယောက်ျား သားများ မရှိ၍ လက်နက်ကိုင် တုံ့ပြန်မှုကို သူတို့လုံးဝ မျှော်လင့်မထားကြပေ။

ခုလို မြင်းကိုယ်စီဖြင့် အိမ်စောင့်ခွေးတွေက သေနတ်နှင့် တုံ့ပြန်တိုက်ခိုက်သည့်အခါ သူတို တစ်တွေ ဒေါသအမျက်ခြောင်းခြောင်းထွက်ပြီး တရကြမ်းတိုးဝင်လာကြသည်။
သူတို့ အင်အားမှာ ၁၀၀ထက်ပိုမည် မဟုတ်ပေ။ မီးတုတ်တွေ တယမ်းယမ်းနှင့်။ သေနတ်သမား အနည်းငယ် ပါသည။် သို့သော်အများစုက ကြောက်စရာကောင်းလှသည့် ကြံခုတ်ဓားကြီးများ ကိုယ်စီ ကိုယ် လာကြသည်။ သည်ဓားများကို နေ့ပိုင်းတွင်သာ ကြံခုတ်ဖို့ထုတ်ပေးပြီး ညပိုင်းတွင် ပြန်သိမ်း ကာပစ္စည်းဂိုဒေါင် ထဲတွင် သော့ခတ်ထားရသည်။ ဘယ်သူပေါ့လျော့မှုကြောင့်သည် ဓားတွေသူတို့ လက်တွင်း သို့ ရောက်သွားခြင်းလဲ၊ ကြံခင်းတွေအလုပ်ကြပ်လုပ်သွားဖူးသည့် ဘန်နီမှလွဲ၍ ဘယ်သူမှ မဖြစ်နိုင်။
တပ်ဦးမှ မြင်းတစ်စီးဖြင့် အော်ဟစ်ချီတက်လာသည့် ဘန်နီကိုလှမ်းမြင်ရပြီ။ မီးတုတ်များ၏ အလင်းရောင် တွင် သေသေချာချာ တွေ့လိုက်၇ခြင်းဖြစ်သည်။ ဖီးလစ်နှင့်ပိုတူလာသည် ထင်၏။ အတွင်း ဘက် ခြံထောင့်တစ်နေရာမှ သေနတ်သံတွေ ထွက်ပေါ်လာပြီး အလုပ်ကြပ်များ၏ အသံကို ကြားလိုက်ရသည်။

"ဟေ့ကောင်တွေ၊ ရှေ့မတိုးနဲက၊ အားလုံး လက်နက်ချ"
နောက်ထပ် သေနတ်သံတွေ ဆက်တိုက်ထွက်ပေါ်လာပြန်သည်။ လူမည်းသူပုန်တွေ အတုံးအရုံးလဲ ကျကုန်သည်၊ အချို့ကဓားတွေ၊ သေနတ်တွေချပြီး ထွက်ပြေးကြ၏။
သည်ပွဲ ကို ဂျူးဒစ်သေသေချာချာ မမြင်လိုက်ရပေ။ ဘန်နီ တစ်ယောက်တည်းကို အာရုံစိုက်ကြည့်မိ နေသောကြောင့်ဖြစ်၏။ ဘန်နီကလည်း မိမိကို မြင်သွားပုံရသည်။ တည့်တည့်ကြီးပြေး လာနေ၏။ လက်တစ်ဖက်လျှင် သေနတ်နှင့်ဓားကို လွယ်လျက်။
"ဟိုမှာဟေ့ ကပြားကောင်ကို ဆော်ကြစမ်း"
အလုပ်ကြပ်တစ်ယောက် အောပြောသံ၊ သို့သော်သူတိုကနောက်ကျသွားပြီ၊ ဂျူးဒစ်က ချိန်ထားပြီး သား၊ လက်တွေထူးထူးခြားခြား ငြိမ်နေသည်။ သေနတ်မောင်းကို ဖြုတ်ချလိုက်၏။ ဘန်နီနောက်သို့ လန် သွားသည်။ သို့သော် မြင်းပေါ်မှမကျသေး၊ တွယ်ကပ်ထားသည်။ ဂျူးဒစ်နောက်တစ်ချက် ချိန်ပစ် လိုက် သည်။ ဘန်နီမြေပြင်ပေါ် သို့ ကားခနဲ ကျသွား၏။

"ဟာ ဟိုမှာကြည့်စမ်း မမလေး ပစ်ချလိုက်တာဟေ့"
မှောင်ရိပ်ထဲမှာ အော်သံတချို့ကို ဂျူးဒစ်မကြားတစ်ချက် ကြားတစ်ချက်ဖြစ်နေသည်။ အန္တရာယ်ကို လည်း မမြင်တော့။ သေနတ်ကိုမောင်းပြန်တင်ပြီး ရှုပ်ယှက်ခတ်နေသည့် တိုက်ပွဲထဲသို့ မြင်းနှင့်တိုး ၀င်သွားသည်။ ဘန်နီလဲကျနေသည့် နေရာအရောက်တွင် သူ့ကိုယ်ထဲသို့ နောက်ထပ်ကျည်ဆန် တစ်ထောင့် ပစ်သွင်းလိုက်၏။
ထိုစဉ်တွင် လူမည်းတစ်ယောက်ဓားကို ၀င်ပြီးပြေးဝင်လာသည်။ ဒူးခေါင်းတွင် ပူခနဲတစ်ချက် ခံစား လိုက် ရ၏။ ကြောက်မက်ဖွယ် ဓားသွားကြီးနှင့် မီးထုတ်တစ်ခုကို နောက်တစ်ကြီး အနီးကပ် တွေ့လိုက် ရပြန်၏။ ကိုယ်ဆီသို့ လာနေသော ဓားသွား ကို သေနတ်ဒင်နှင့် ဖြတ်ရိုက်ချလိုက် သည်။ ပြီးတော့ မြင်းပေါ် တွင် ထောင့်ထောင့်ကြီး ငြိမ်နေ ၏။ မြင်းကြီးဟီသံကို မကြားမိ။ လှုပ်လှုပ်ရှားရှား ခုန်ပေါက်နေ သည်ကို လည်း သတိမထားမိ။

သခင်မ၏ ဒူးခေါင်းက ဝေဒနာကို မြင်းကြီးက သူပါခံစားနေရသည့်နှယ်။ ထိုတဒင်္ဂတွင် အသိဥာဏ် အလျင်သည် ခေတ္တရပ်တန့်သွားသည် ထင်ရ၏။ စောစောကလေူးက ပြုမှုလုပ်ရှားမိသည့် အပြစ်မှ လွဲ၍ ဘာမှ မသိဘာမှ မမြင်။
သေနတ်သံတွေ နံဘေးတစ်ဝိုက်တွင် ဆူညံနေ၏။ သို့သော် နားထဲတွင် သဲ့သဲ့မျှသာ ကြားနေ၏။ အဝေးကြီး တွင် ပစ်ခတ်နေကြသည့်အလား။
မြင်းဇက်ကြိုးကိုတစ်စုံးတစ်ယောက်က လာဆွဲသည်ကိုသတိထားလိုက်မိ၏။ အမှောင်ထဲတွင် အသံတစ်သံ ကြားလိုက်သည်။
"ဟာ မမလေး ထိသွားပြီ၊ သတိလစ်နေတာ ထင်တယ်"
လက်စွဲတော် ဂျိုး၏အသံ ကျိုးမှာ ပိန်းကောကြီးနှင့် စုန်ဆင်းလာကတည်းက ဖီးလစ်နှင့်အတူ ပါလာ သည့်လူယုံတော်ကြီး ဖြစ်သည်။ သူ့အသံကို ကောင်းကောင်းကြီးမှတ်မိနေသည်။ မြင်းပေါ်မှဆွဲချပြီး ပွေ့ယူသွားသည်ကို အမှတ်ထားလိုက်မိ၏။ သည်နောက် တစ်လောကလုံး ညကဲ့သို့အမှောင်ကျသွား လေတော့သည်။

ဂျူးဒစ် ပြန်သတိရလာချိန်တွင် အောက်ပိုင်းတစ်ပိုင်းလုံး မခံနိုင်လောက်အောင် နာကျင်နေကြောင်း ပထမဆုံးသိလိုက်၏။ မျက်နှာကိုရေအေးဖြင့် ဆွတ်ဖျန်ပေးနေကြသည်။ တစ်ချက် ညည်းလိုက်၏။
"ဟော..မမ သတိရလာပြီ၊ မလှုပ်နဲ့ဦးနော် မေမေ၊ ဘာမှမဖြစ်ဘူး မေမေ နေကောင်းသွားမှာပါ"
အခန်းထဲကို ဂျူးဒစ်ဝေ့ကြည့်လိုက်သည်။ မနက်မိုးလင်းနေပြီ။ ကိုယ့်အခန်းကို ကိုယ်ပြန်ရောက်နေမှန်း သိလိုက်၏။ အိပ်ရာခင်းပေးတွင် သွေးကွက်ကြီးတစ်ကွက်၊ ဒေးဗစ်နှင့်ဖီလစ်အပြင် အေမီလီကပါ အခန်းထဲ တွင် ရှိနေကြ၏။ အေမီလီက ဂျူးဒစ်နဖူးပေါ်တွင် ရေအေးဝတ် တင်ပေးနေသည်။

"ကလေးတွေအားလုံး နေကောင်းရဲ့လား၊ ဘာမှမဖြစ်ဘူးနော်"
"ဂျူးဒစ်ပထမဆုံးမေးလိုက်သည့် မေးခွန်းဖြစ်သည်"
"နေကောင်းပါတယ်ကွယ်၊ သူတို့ ဘာမှမဖြစ်ကြပါဘူး"
ဖီးလစ်က ဂျူးဒစ်၏လက်ကို ဆုပ်နယ်ပြီး တယုတယပြောသည်။
"စကား သိပ်မပြောနဲ့ဦးနော်"
ဖီးလစ်က ခုတင်စွန်းတွင် ထိုင်နေသည်။ တစ်ဖက်သို့ ဂျူးဒစ်မျက်နှာလွှဲပြီင်္း မျက်လုံးတွေကို လက်မောင်း တစ်ဖက်နှင့် ပိတ်ထား လိုက်သည်။ သူ့သားကိုသတ်ခဲ့မိသည့် အဖြစ်ကို သတိရလိုက် ၍ ဖြစ်၏။ မြေကြီးပေါ် ၌ ညည်းလိုက်မိပြန်သည်။ အေမီလီ့အသံကို ကြားလိုက်၏။
"သိပ်နာနေတယ် ထင်တယ် ဒေးဗစ်၊ အိပ်ဆေးပေးရင် ခံနိုင်ပါ့မလား ဟင်"

" မရသေးဘူး ထင်တယ် "
ဒေးဗစ် ခုတင်နံဘေးတွင် ဒူးထောက်ထိုင်လိုက်သည်။
" မေမေ၊ မေမေက သိပ်သတ္တိကောင်းတာပဲ၊ ကျွန်တော်တို့အားလုံး မေမေ့အတွက် ဂုဏ်ယူလို့ မဆုံးနိုင်အောင် ဖြစ်နေကြတယ်၊ မေမေ တင်းခံလိုက်ဦးနော် "
" ငြိမ်ငြိမ်နေစမ်း ပါကွယ် "
ဂျူးဒစ် စိတ်မရှည်သလို ပြောလိုက်သည်။ ထိုတဒင်္ဂတွင် ခေါင်းထဲမှာ နောက်ကျုရီဝေနေ၏။ ရှုပ်ထွေးပွေလီနေ၏။ ထိုနေ့တစ်နေ့လုံး အဖျားဝင်နေပြီး သူတို့ကို မူးရီမူးဝေဖြင့်သာ မြင်တွေ့နေရ သည်။ သို့သော် နောက်တစ်နေ့တွင် ကြည်ကြည်လင်လင် ဖြစ်လာသည်။
အေမီလီနှင့် ဒေးဗစ်တို့ နှစ်ယောက်စလုံး အချိန်ပြည့် ပြုစုနေကြသည်။ မေမေ့ကြောင့် ၀က်သစ်ချမြိုင် နှင့် ကလေးတွေ မှဲ့တစ်ပေါက် မစွန်းခြင်းဖြစ်ကြောင်း သူတို့ အထပ်ထပ် အခါခါ ပြောမပြီးနိုင်အောင် ဖြစ်နေကြ သည်။ တိုတောင်း လှသော အချိန်အတွင်း ခုခံကာကွယ်ချိန် ရအောင် စီစဉ်ပုံ၊ သတ္တိရှိရှိ တိုက်ခိုက်ပုံ၊ ဘန်နီ ကျဆုံးပြီးမှ ငမည်းကောင်တွေ လန်ထွက်သွားကြပုံများ။

အိပ်ရာထဲ လဲနေစဉ်မှာပင် သားသမီးတွေ၊ မြေးတွေအပြင် မိတ်ဆွေ အပေါင်းအသင်းတွေ အားလုံး ရောက်လာကြပြီး ၀က်သစ်ချမြိုင်၏ မဟေသီကို ဂုဏ်ပြုစကား ဆိုကြ၏။ အရိုအသေ ပေးကြ၏။
ဂျူးဒစ် ၏ ၀က်သစ်ချမြိုင် တိုက်ပွဲသတင်းသည် သည်နယ်တရိုးတွင် ဟိုးလေးတကျော် ဖြစ်သွားလေ သည်။ ဘာကြောင့် သည်လောက်ပျံ့နှံ့သွားသည်ကို ဂျူးဒစ် နားမလည်နိုင်အောင် ဖြစ်နေ၏။ နေရာ တိုင်း မှာ သည်သတင်းကိုသာ ပြောနေကြ၏။
" အပျက်အစီး သိပ်မရှိဘူးတဲ့၊ လူမည်းသူပုန်တွေ နည်းနည်းပါးပါး ကျဆုံးတယ်၊ ၀က်သစ်ချမြိုင်က အလုပ်ကြပ်တချို့ ဒဏ်ရာရကြတယ်၊ ၀ါခင်းတချို့ အနင်းခံရလို့ ပျက်စီးသွားတယ်၊ ခေါင်းဆောင် ပိုင်းတွင် အဖမ်းခံလိုက်ရပြီး နောက်လိုက်တွေ နောင်တရနေကြတယ်၊ အားလုံးဟာ ဘန်နီ ဆိုတဲ့ ကောင်ရဲ့ လက်ချက်တွေချည်းပဲ၊ သူက မစားရ ၀ခမန်းတွေ ပြောပြီး စည်းရုံးတော့ ငမည်းကောင် တွေ အရူးထကြတာပေါ့၊ ဒါပေမဲ့ မြေးတွေနဲ့ နေရမယ့်အရွယ်မှာ ၀က်သစ်ချမြိုင်က ဂျူးဒစ်လန်းဟာ စစ်သည်တစ်ယောက်လို မြင်းတစ်စီးနဲ့ တိုက်ပွဲကို ကိုယ်တိုင် ဦးစီးပြီး သူပုန်ခေါင်းဆောင် ကို သတ္တိ ပြောင်ပြောင်နဲ့ ကိုယ်တိုင် ပစ်သတ်လိုက်တာတဲ့ "

သည်သတင်းတွေကို ဂျူးဒစ် ခါးသီးစွာ ကြားနေရသည်။ ကြာတော့ သည်းမခံနိုင်လာကာ သည် အကြောင်း ပြောမဆုံးအောင် ခံတွင်းတွေ့နေသူတွေကို ဂျူးဒစ် တောင်းပန်ရတော့သည်။
အေမီလီ ခြေရင်းတွင် ဇာထိုင်ထိုးရင်း အချိန်ပြည့် စောင့်ပေးသည်။ ဂျူးဒစ် ငြိမ်နေလျှင် အိပ်ပျော် သွားပြီ ထင်၏။ သို့သော် ဂျူးဒစ် အိပ်မပျော်နိုင်ပါ။
ထိုညက အဖြစ်ကို ခေါင်းအေးအေးနှင့် ပြန်တွေးကြည့်သည်။ ဆင်ခြင်တုံ တရားနှင့် လောကနီတိ တို့ကို ဘေးချိတ်ကာ စိတ်ကို လွှတ်ပေးလိုက်သည့်ည။
ဘန်နီ ကို မိမိအနေဖြင့် သတ်ဖို့ လို မလို ပြန်စဉ်းစားသည်။ ဘန်နီသေတော့ သေရမည်။ ၀က်သစ်ချ မြိုင် ဘက်တော်သား တစ်ယောက်ယောက်၏ လက်ချက်ဖြင့် မုချသေရမည်။ သို့သော် မိမိကိုယ်တိုင် သတ်လိုက်ခြင်း မှာ ဒေးဗစ် ၏ ကလေးများကို ကာကွယ်ခြင်းလား၊ သူ့ကို မုန်းလို့လား၊ ဂျူးဒစ် အဖြေ ရှာမရပေ။ ဘယ်တော့မှလည်း အဖြေထွက်မည် မထင်။ သည်အတွက် အရှက်ကြီး ရှက်နေမိသည်။ စိတ်ထဲ တွင် လေးလံနေ၏။ မည်သည့် ဝေဒနာနှင့်မှ မတူအောင် နင့်နဲစွာ ခံစားနေရသည်။ ပထမရက်ပိုင်း တွင် ဖီးလစ် ဘယ်ရောက်နေသည်ကို မမေးရဲလောက်အောင် ရင်ထဲလေးနေ၏။

အချင်းဖြစ်ပွားသည့်ညက သတိပြန်ရလာချိန်တွင် တွေ့ရပြီးနောက်ပိုင်း ဖီးလစ်ကို လုံးဝ မတွေ့ ရတော့ပေ။ မအောင့်နိုင်သည့်အဆုံး ဒေးဗစ်ကို မေးကြည့်ရတော့သည်။
" သားဖေဖေ ဘာို့ မေမေ့ဆီ မလာတာလဲဟင် "
" နည်းနည်း နေမကောင်းလို့ပါ မေမေ "
ဒေးဗစ်ဖြေပုံ မူမမှန်ဟု စိတ်ထဲ ထင်လိုက်သည်။ တုံ့နှေးနှေးနှင့်။
" ဟိုနေ့ညက ဖေဖေ နည်းနည်း အအေးမိသွားတယ်၊ ဒီအသက်ဒီအရွယ်နဲ့ သူ့ကို ကျွန်တော်တို့ ခေါ်သွားဖို့ မကောင်းဘူး " " ဘုရင်ခံ ကို မောင်းထုတ်ဖို့ကိစ္စသားတို့ အောင်မြင်ခဲ့ကြရဲ့လား "
" ဟုတ်ကဲ့၊ သူ စပိန်ကို ပြန်ရတော့မယ်၊ ကျွန်တော်တို့ ပြည်ထောင်စုထဲကို ၀င်ရတော့မယ်၊ လူဝီစီး ယားနားပြည်နယ် ထဲ ပါမယ်လေ "
ဒေးဗစ် က အမေ့ပါးနားကပ်ပြီး ထပ်ပြောသည်။

" ဖေဖေ့အတွက် မပူပါနဲ့ မေမေ "
" ကောင်းပါပြီကွယ်" လို့ ပြောလိုက်ရသော်လည်း အတွေးကမ္ဘာတွင် ချာချာလည်နေသည်။ ကျောထဲ စိမ့်သွား ၏။ ဂျူးဒစ်ရင်ထဲမှာ ခွင့်လွှတ်တတ်တဲ့ အသည်းနှလုံးမျိုး မရှိဘူးဆိုတာ သူ သိသွားပြီပေါ့နော်။
ထိုည တွင် တစ်ယောက်တည်း အိပ်ပါရစေတော့ဟု သားနှင့် ချွေးမကို တောင်းပန်ရသည်။ အဖျား လုံးဝ ကျသွားပြီဖြစ်သည်။ စောင့်မည့်သူ မရှိလျှင် ပို၍ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်မည်ထင်သည်။
သူတို့အားလုံး အိပ်ရာဝင်သွားကြလေပြီ။ ဂျူးဒစ် မျက်စိကြောင်နေသည်။ ဖီးလစ်အခန်းကို သွားချင်ပါ၏။ သို့သော် ခြေထောက်က လုံးဝ မထောက်နိုင်သေး။ မိမိနှင့် ဖီးလစ်တို့၏ အိမ်ထောင် ရေး ဘ၀ကို ပြန်ကြည့်မိသည်။ သုံးဆယ့်ခြောက်နှစ်လုံးလုံး အချစ်ခရီးလမ်းတစ်လျှောက်တွင် လက်တွဲ တိုက်ပွဲဝင်ခဲ့ကြ၏။ ယခုမူ မိမိအား သူ ခွင့်မလွှတ်နိုင်တော့ပြီ။ မိမိက သူ့ကို ရင်ထဲမှ ခွင့် မလွှတ်နိုင်ကြောင်း သူ နားလည်လာသဖြင့် သူ မိမိကို ခွင့်မလွှတ်နိုင်ခြင်းပါတကား။

သြော် … အစ်ကို၊ အစ်ကို၊ ဂျူးဒစ် ဒီလိုအခြေအနေ ရောက်နေချိန်မှာ အစ်ကို ဒါလောက် တင်းမာ သင့်သလားကွယ်၊ ဂျူးဒစ် တိတ်တိတ်ကလေး ကျိတ်ငိုသည်။ အာဃာတ ကြီးလွန်းသည်ဟု ဂျူးဒစ် ကို ထင်သွားပြီပေါ့။ နောက်ဆုံး ကျည်ဆန်တစ်တောင့်ဟာ မလိုအပ်သည့် ရက်စက်မှုလို့ အစ်ကို ထင်တယ်ပေါ့။ ဒါပေမဲ့ အဲဒီ တဒင်္ဂမှာ မလွှဲမရှောင်သာ ဖြစ်တတ်ကြတယ် ဆိုတာ အစ်ကို နားလည် သင့်ပါတယ်ကွယ်။
တံခါး ကို ဖြည်းဖြည်းကလေး ဖွင့်နေသံ ကြားရသည်။ သြော် … သည်ကလေး လင်မယားကလည်း တစ်ဒုက္ခ ပါလား။ ညကြီးသန်းခေါင်မှာ တစ်ခေါက် လာကြည့်ပြန်ပြီ ထင်ပါရဲ့။
" ဂျူးဒစ်ရေ "
ဟင် သူပါလား၊ သူ့အသံမှ သူ့အသံအစစ်။ သို့သော် တစ်မျိုးကြီး ဖြစ်နေသည် ထင်၏။

ညထွန်း ဖယောင်းတိုင်ငယ်၏ အလင်းရောင်ရေးရေးတွင် ည၀တ်ရုံထဲမှ သူ့ရုပ်သွင်ကို ၀ိုးတ၀ါး မြင်နေရသည်။ လည်ပင်းတွင် သိုးမွှေးတဘက်ကို သိုင်းပတ်ထား၏။
ခုတင်နံဘေး တွင် ဒူးထောက်ထိုင်ပြီး ဂျူးဒစ်ကို သိုင်းဖက်ကာ ပါးချင်းကပ်ထားသည်။ ပျော်လွန်းသဖြင့် ရုတ်တရက် ဂျူးဒစ် ဘာမှ သတိမထားမိ။ အတန်ကြာမှ -
" ဟင် … အစ်ကို အရမ်းဖျားနေတာပါလား၊ အစ်ကို့အသားတွေ ပူချစ်နေတာပဲကွယ် "
" အစ်ကို သိပါတယ် ဂျူးဒစ်ရယ်၊ ကလေးတွေ သိပ်ဆိုးတယ်ကွယ်၊ အစ်ကို့ကို လှုပ်ခွင့်တောင် မပေးကြ ဘူး၊ ထောင်သားတစ်ယောက်လို အစ်ကို ခိုးကြောင်ခိုးဝှက် ထွက်ခဲ့ရတယ်၊ အစ်ကိုလာလို့ မင်း နိုးသွားတာလားဟင် "
" ဟင့်အင်း၊ ဂျူးဒစ် မအိပ်သေးပါဘူး၊ အစ်ကို ဒါလောက်ဖျားနေမှန်းဂျူးဒစ် မသိဘူး အစ်ကိုရယ် "

ဂျူးဒစ် ရှိုက်ကာရှိုက်ကာ ငိုတော့၏။ ဖီးလစ်က ဇနီး၏ ပါးပြင်ပေါ်မှ မျက်ရည်တွေကို လက်နှင့် စမ်းပြီး -
" ဟင် မင်းကို သူတို့ မပြောကြဘူးလား၊ အစ်ကိုဖြင့် ရူးချင်နေတာပဲကွယ်၊ ခု ဘယ့်နှယ်နေလဲဟင် "
" နေကောင်းပါတယ်၊ ဒူးက ဒဏ်ရာပဲ ကျန်ပါတော့တယ်၊ အစ်ကို အိပ်ရာထဲက ထွက်လာဖို့ မကောင်းဘူးကွယ်၊ လာ ဒီမှာလှဲ၊ ဂျူးဒစ် စောင်လွှမ်းပေးမယ်နော် "
ခုတင်တိုင်ကို အားပြုပြီး သူ ထသည်။ သူ့လှုပ်ရှားပုံက အားရစရာ မရှိ။ ဂျူးဒစ်၏ နံဘေးတွင် လဲပြို ကျလာသလို လှဲချလိုက်သည်။ ဂျူးဒစ် ခဲရာခဲဆစ်နေရာပြင်ပေးသည်။ ဇနီးသည်ကို သူ့ရင်ခွင်ထဲ ဆွဲယူသည်။ သို့သော် သူ ထွေးပိုက်ပုံက လျော့ရဲလှ၏။

" အစ်ကို အိပ်ပျော်ပါ့မလားဟင် "
" အစ်ကို မအိပ်ချင်ဘူး၊ စကားပြောချင်တယ်၊ ပထမနေ့ လာကြည့်ပြီးကတည်းက အစ်ကို မင်းဆီ မရောက်တော့ဘူးနော်၊ စောစောပိုင်းက မထနိုင်လောက်အောင် အခြေအနေ မဆိုးသေးဘူး၊ အစ်ကို တောင်းပန်ပါတယ် ဂျူးဒစ်ရယ်၊ အစ်ကို ဘယ်လို နားခံသာအောင် ပြောရမလဲ မသိဘူး "
" ဒါဆို ဒါဆို သူ့ကို ဂျူးဒစ် သတ်လိုက်တဲ့အတွက် အစ်ကို ခွင့်လွှတ်တယ်ပေါ့ ဟုတ်လား "
ဂျူးဒစ် တိုးတိုးလေး မေးလိုက်သည်။

" တခြား လုပ်စရာမှ မရှိတော့တာဘဲ၊ မဟုတ်ဘူးလား "
" သူ မြေကြီးပေါ် လဲကျနေမှ ဂျူးဒစ် နောက်တစ်ချက် ထပ်ပစ်တာကိုရော အစ်ကို သိပြီးပြီလားဟင် "
" အင်း … သိပြီးပါပြီ "
" အဲဒီအတွက်ရော အစ်ကို ခွင့်လွှတ်နိုင်ရဲ့လား "
" ပထမတော့ အစ်ကို ခွင့်မလွှတ်ချင်ဘူး "
သူ့လေသံ က တိုးသည်ထက် တိုးလာသည်။ သိပ်မသဲကွဲချင်တော့။
" ဒါပေမဲ့ အစ်ကို နားလည်ပါပြီကွယ်၊ ဘာတတ်နိုင်မှာလဲ၊ ဘာမှ အကြောင်းမထူးတော့ဘူးလေ "
သူ့ဦးခေါင်း ကို ဂျူးဒစ် ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။

" အစ်ကို နားလိုက်ဦးနော်၊ မောနေမယ် "
သူ နားထောင်သည်။ ငြိမ်ငြိမ်ကလေး လှဲနေ၏။ ရင်ထဲ သိမ့်ခနဲအေးမြသွားသည်။ ဒီလို ပီတိသုခမျိုး ကို လူတိုင်း နားလည်နိုင်ပါမည်လား။ ပြုမှားမိသည့် ဒုစရိုက်မှုအတွက် ချစ်သူက ခွင့်လွှတ်လေ သောအခါ ရရှိ လိုက်သည့် နှစ်ဦး ထဲသာ သိသောစိတ်၏ ငြိမ်းချမ်းခြင်းမျိုး။
ဂျူးဒစ် ထ ထိုင်လိုက်သည်။ ကွဲကြေနေသည့် ခုံညင်းတစ်ဝိုက်တွင် စူးစူးဝါးဝါး တစ်ချက်နာသွား၏။
" အစ်ကို ….. "
တိုးတိုး ခေါ်ကြည့်သည်။ ဖီးလစ် မထူး။ အလန့်တကြား အော်ခေါ်လိုက်သည်။
" အစ်ကို … အစ်ကိုရေ "
ပြန် မထူးတော့။ နဖူးနှင့် ပါးပြင်ကို စမ်းကြည့်သည်။ မအေးသေးပါ။ သို့သော် စောစောကလောက် မပူတော့။ ပခုံးကို ကိုင်လှုပ်ပြီးနောက် ထပ်ခေါ်ပြန်သည်။ ဖီးလစ် မတုံ့ပြန်တော့။ ထိုစဉ် ဒေးဗစ် ပြေး ၀င် လာသည်။

" မေမေ ဘာဖြစ်တာလဲဟင်၊ ဟင် ဖေဖေ ဘာလို့ ဒီကို ရောက်နေတာလဲ "
အေမီလီ ကို ဒေးဗစ် အော်ခေါ်သည်။ ဖအေ့နံဘေးတွင် ဒူးထောက်ထိုင်သည်။ ဂျူးဒစ် ကျောက်ဆစ်ရုပ်လို ငြိမ်သွား၏။ သို့သော် ဒေးဗစ် ခေါင်းမော့လာတော့ နှုတ်မှ တစ်စုံတစ်ရာ ထွက် သွားကြောင်း ကိုယ့်ဘာသာ ကိုယ် ပြန်ကြားလိုက်သည်။
" သူ သူ သေသွားပြီလား ဟင် "
ဒေးဗစ် ခေါင်းညိတ်ပြီး မျက်နှာကို လက်ဝါးနှင့် အုပ်လိုက်သည်။ ပြီးတော့ ကလေးတစ်ယောက်လို ရှိုက်ကြီး တငင် ငိုကြွေးလေ၏။ ဂျူးဒစ်ခဏ ကြောင်ကြည့်နေသည်။ လည်ချောင်းထဲတွင် ဆို့နေသဖြင့် ဘာမျှ ပြောမထွက်။ နောက်ဆုံး မှ ခေါင်းအုံးတစ်လုံးကို ကောက်ကိုင်ပြီး မျက်နှာကို မြှုပ်ထားလိုက်သည်။
အတန်ကြာမှ အေမီလီ့ အသံကို ကြားရသည်။

" ဖေဖေ့အခြေအနေကို မေမေသိအောင် စောစောပြောထားသင့်တာပေါ့ ဒေးဗစ်ရယ်၊ ခုတော့ မေမေ ဘယ်လို လုပ်ပြီး ဖြေနိုင်ပါတော့မလဲ "
ဒေးဗစ် အမေ့ကို ဖက်ပြီး မချိတင်ကဲ ငိုသည်။ သားလုပ်သူ၏ ရင်ခွင်တွင် မျက်နှာအပ်ကာ ဂျူးဒစ် မျက်ရည်တွေ တသွင်သွင် စီးကျနေ၏။ သောက ဗျာပါရကြောင့် ကျသည့် မျက်ရည်များ မဟုတ်ပေ။ ယူကျုံးမရဖြစ်ပြီး ကျလာသည့် မျက်ရည်များမဟုတ်ပေ။
လောက အကျယ်ကြီးထဲတွင် အဖော်ကွဲကာ တစ်ကိုယ်တည်း ကျန်ခဲ့ပါပြီကော။ သက်ကြီး၇ွယ်အို ဘ၀ဖြင့် လောကသစ်ထဲတွင် စကားပြောဖော်မရှိဘဲ နှစ်လများစွာ အသက်  ရှင်သန် နေရဦး မှာပါလားဟူသည့် အထီးကျန်ဝေဒနာအသိကြောင့် တသွင်သွင် ကျဆင်းလာသော မျက်ရည်များဖြစ်လေ သည်။

အောက်ထပ် လေသာဆောင်တွင် ဖီးလစ်၏ အလောင်းကို တခမ်းတနား ပြင်ဆင်ထားသည်။ ၀က်သစ်ချမြိုင် လုပ်သားတွေ လာရောက် ဂါရ၀ပြုသည့်နေ့တွင် ဆိုဖာခုံရှည် တစ်ခုပေါ်၌ ဂျူးဒစ် လဲလျောင်းနေ သည်။
သူတို့တစ်တွေ အိမ်ရှေ့၌ စုဝေးနေကြပြီ။ အချို့က ခေါင်းငိုက်စိုက်ချလျက်။ အချို့က ကြေကွဲဖွယ်ရာ ဓမ္မတေးများ ကို သီကျူးလျက်။ သားသမီးတွေနှင့် မြေးတွေက ဂျူးဒစ်အနားတွင် ၀ိုင်း ၀ိုင်းလည်နေ ကြသည်။ လိုလေသေးမရှိ ပြုစုကြသည်။ ဆီဘက်စတိန်းကလေးက ဘွားအေ မျက်ရည်ကျလျှင် သုတ်ပေးဖို့ လက်ကိုင်ပ၀ါနှင့် အဆင်သင့် စောင့်နေသည်။ မြေးကလေး ကို ကျေးဇူးတင် စကား ပြောရသည်။
ဂျူးဒစ် မျက်ရည်မကျတော့ပေ။ အထီးကျန်ဘ၀ထဲတွင် တဖြည်းဖြည်းလွင့်မျောပါသွားနေလေပြီ ဟူသည့် အသိမှ လွဲ၍ ဘာမှ ခေါင်းထဲတွင် ထင်မလာပေ။
မြင်ကွင်းကိုကြည့်ပြီး ရင်ထဲမှ ပြောနေမိ၏။

အင်း … သူဟာ သူတို့တစ်တွေရဲ့ သခင်၊ သူတို့တစ်တွေရဲ့ ဖခင်။ သူ့ကို သူတို့ ချစ်ကြ သည်။ လေးစားကြသည်။ ထိုလူသည်ကား ငါ၏ ချစ်စွာသော ခင်ပွန်းလင်ပါတကား။ တို့ နှစ်ယောက် နှစ် ပေါင်းသုံးဆယ့်ခြောက်နှစ်တိုင်တိုင် အကြင်လင်မယား အဖြစ် ပေါင်းသင်းနေ ထိုင် လာသည့် အဖြစ်ကို သူတို့ နားလည်နိုင်ပါမည်လား။ ခုတော့ အပြီးအပိုင် ခွဲကြ ရတော့မည်။ သြော် … အစ်ကို အစ်ကို။
ခုတော့ ပန်းပွင့်ဖြူတွေ အောက်မှာ ငြိမ်ငြိမ်ကလေး လဲလျောင်းနေလေပြီ။
ဒေးဗစ် က အိမ်ရှေ့ထွက်ပြီး ခေါင်းလောင်းကြိုးကို ဆွဲလှုပ်လိုက်သည်။ အားလုံး ငြိမ်သွား၏။
" မင်းတို့အတွက် အဖေ့ အလောင်းကို ဂါရ၀မပြုခင် တစ်ခုပြောပါရစေ၊ ဒီနေ့က စပြီး ငြိမ်းငြိမ်း ချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် အလုပ်လုပ်ကြပါ။ ၀က်သစ်ချမြိုင်က ဘယ်အလုပ်သမားကိုမှ အလုပ်မဖြုတ်ဘူး၊ ဘယ်သူ့ကိုမျ တခြားကို ထုတ်မရောင်းဘူး၊ ငါတို့အဖေ ရှိစဉ်အတိုင်း ၀က်သစ်ချ မြိုင် ကို ဆက်လက် ထိန်းသိမ်းသွားကြမယ်၊ ကဲ … တန်းစီပြီး ၀င်ကြ "
ဒေးဗစ် က အခေါင်းနံဘေးကို ပြန်လာပြီး မတ်တတ်ရပ်သည်။

မျက်နှာဖြူအလုပ်ကြပ်များနှင့် သူတို့ မိသားစုတွေ ရှေ့ဆုံးမှ ၀င်လာကြသည်။ ဂျူးဒစ် လဲလျောင်း သည့် နေရာတွင် သူတို့ခြေလှမ်း တုံ့သွားကြသည်။ နှုတ်ဆက်စကား၊ ၀မ်းနည်း စကား ပြောကြသည်။ ဒေးဗစ်ကိုမူ လက်ဆွဲ နှုတ်ဆက်ပြီး ကျေးဇူးတင်စကား ပြောကြသည်။
ထို့နောက် ကပ္ပလီလုပ်သားတွေ အတန်းလိုက် ၀င်လာကြသည်။ သူတို့သခင်မကို ပထမ ဦးညွှတ် နှုတ်ဆက်ပြီးမှ သခင်ကြီး၏ အလောင်းဆီသို့ တရွေ့ရွေ့ လျှောက်သွားကြသည်။ သူတို့ ကိုယ်ပိုင် ပန်းခြံ မှ ခူးလာသည့် ပန်းပွင့်တွေကို သူတို့သခင်ကြီး၏ ကိုယ်ပေါ်တွင် တင်ခဲ့ကြသည်။
သူတို့ ၏ ဂါရ၀ပြု အခမ်းအမနားပြီးတော့ ဂျူးဒစ်ကို တွန်းလှည်းနှင့် အိမ်ထဲ ပြန်ပို့ကြသည်။ ဘုရားရှိခိုး ကျောင်းကို ဂျူးဒစ် မလိုက်နိုင်တော့။ ဧည့်ခန်းထဲတွင် လှဲပြီး နေခဲ့ရ၏။ ခရစ္စတင်းကို အနား တွင် ထားခဲ့သည်။

လိုက်မသွားဘဲ ဂျူးဒစ်က မျက်စိထဲတွင် အားလုံးမြင်နေပါသည်။ သူတို့တစ်တွေ ဖီးလစ်၏ အလောင်းကို စိန့်မာဂရက် ဘုရားရှိခိုးကျောင်းသို့ ယူသွားကြမည်။ မိမိနှင့် ဖီးလစ်တို့ ငယ်ရွယ်စဉ်က သစ်လုံးေ ကျာင်းကလေး။ ခုတော့ ဧရာမအုတ်တိုက်ကြီး ဖြစ်နေပြီ။
ပြီးတော့ သင်္ချိုင်းထဲမှ "လန်း" မြေကွက်တွင် လွန်ခဲ့သည့် ၁၇ နှစ်က သေဆုံးခဲ့သည့် ဖီးလစ်ကလေး၏ နံဘေး မှာ မေမြှုပ်ကြမည်။ သူ့ခေါင်းရင်းမှ ကျောက်ပြားတွင် သူတို့ ရေးထွင်းကြမည့် စာလုံးတွေကို စိတ်ထဲက မြင်ကြည့်လိုက်သည်။
ဖီးလစ်လန်း၊ ၁၇၄၄ ခုနှစ်၊ ဇွန်လ ခြောက်ရက်နေ့တွင် ဗြိတိသျှ ပိုင် တောင်ကာရိုလိုင်းနားပြည်နယ်တွင် မွေးဖွားပြီး ၁၈၁၀ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့တွင် လူဝီစီးယားနားပြည်နယ် ၀က်သစ်ချမြိုင်စံအိမ်တွင် ကွယ်လွန်အနိစ္စရောက်သည်။

ဖီးလစ် မပါဘဲ ၀က်သစ်ချမြိုင် စက်ယန္တရားကို စတင် လည်ပတ်လေသည်။ ဒေးဗစ်က ၀ါခင်းအလုပ်ကြပ် အားလုံိးု အစည်းအဝေး ခေါ်လိုက်၏။ ၀ါလုပ်ငန်းတွင် တာဝန်ခံအဖြစ်နှင့် သူ တစ်ခါမှ မလုပ်ဖူးသေး။ ထို့ကြောင့် သူတို့ထံမှ ပညာဆည်းပူးရဦးမည် ဖြစ်သည်။ သူတို့ပေးသည့် အချက်အလက်တွေ ကို လေ့လာရဦးမည်။
အသီးစောသည့် အခင်းတွေကို အလျင်ကောက်နိုင်ကြောင်း ဆွေးနွေးကြသည်။ ပြီးတော့ ၀ါကြိတ်စက်တွေ ကို ကြံ့ခိုင်ရေးလုပ်ဖို့ ကိစ္စလည်း ဆွေးနွေးကြသည်။ ဒေးဗစ်၏ ကြိုးစားမှုကြောင့် အလုပ်ခွင် မှ ဖီးလစ်၏ တာဝန်များကို အကြားအလပ်မရှိ မျှဝေယူနိုင်ကြသည်။ ထောင်စေ့စေ့ အစားထိုးနိုင် ခဲ့သည်။ သို့သော် ဂျူးဒစ် ၏ ရင်ထဲကိုကား မည်သည့်အရာနှင့်မျှ အစားထိုး၍ မရကြပေ။
သူတို့ မပြောသော်လည်း မိမိဒူးမှာ ပြန်ကောင်းလာနိုင်စရာ မရှိတော့ကြောင်း ဂျူးဒစ် တဖြည်းဖြည်း ရိပ်မိ လာသည်။ လုံးဝ မနာတော့ပေမဲ့ လမ်းလျှောက်၍ မရတော့ပေ။ တစ်သက်လုံး ခြေတစ်ဖက် ကျိုးဘ၀ဖြင့် ဇာတ်သိမ်း ရပေတော့မည်။ ဘယ်တော့မှ မြင်းစီးနိုင်တော့မည် မဟုတ်။

ကိစ္စမရှိပါ။ ဘာမျှ အရေးမကြီးပါ။ ဘာမှ မရှိတော့သည့် ဘ၀တွင် ဘာများ အရေးကြီးစရာ ရှိနိုင်ပါတော့ မည်လဲ။
ဒေးဗစ်နှင့် အေမီလီ က မအေကို ဘုရားတစ်ဆူ ဂူတစ်လုံးအမြတ်တနိုး ကိုးကွယ်သည်။ ကလေးတွေက ဦးညွှတ် အရိုအသေပြုပြီးမှ စကားပြောသည်။ ဂျူးဒစ်သည် ငွေရောင် သမ်းနေသည့် ဦးခေါင်းနှင့် ၀က်သစ်ချမြိုင် ၏ သမနိ အရှည်ဆုံး သခင်မကြီးအဖြစ် ဆက်လက် လှုပ်ရှားနေရသေးသည်။
မိုးဦးကျ စနေတစ်နေ့တွင် အေမီလီ ကို ခေါ်လိုက်သည်။ ကြိမ်လက်ကိုင်တုတ်ကိုနံဘေးချပြီး ဧရာမ ကုလားထိုင်ကြီး ထဲ တွင် သက်တောင့်သက်သာ ထိုင်နေ၏။

" ဘာများ ခိုင်းစရာရှိလဲ မေမေ "
" ဘာပါဦး သမီးရယ် "
အေမီလီ ရှေ့တိုး သွားသည်။ ဂျူးဒစ်က ခါးမှသော့တွဲကို ဖြုတ်ပြီး အေမီလီ့လက်ထဲ ထည့်လိုက် သည်။
" ရော့ … သော့တွေ၊ သမီး ယူထားတော့ "
အေမီလီ က သော့တွဲကို ဆုပ်ထားလိုက်သည်။ မိုးကုပ်စက်ဝိုင်းတစ်ခု၏ နောက်တွင် နောက်တစ်ခု ထပ်တွေ့ လိုက်ရသလို မျက်လုံးပြူးသွားသည်။ ခါးကို မတ်မတ်ဆန့်လိုက်တော့ အရပ်ပိုမြင့်လာသလို ထင် ရ၏။
" ကျေးဇူးတင်ပါတယ် မေမေ "
သမီး က လိမ္မာပါပေသည်။ သူ့ယောက်ျား၏ အမေကို အလကား မိန်းမကြီး၊ အာဏာကို တစ်သက်လုံး ဆုပ်ကိုင် ထားသည့် မိန်းမကြီးဟု သူဘယ်တော့မှ ထင်တော့မည် မဟုတ်ပေ။
" မေမေ့ လက်ထက်တုန်း ကလိုပဲ သမီး ၀က်သစ်ချမြိုင်ကို စီမံအုပ်ချုပ်ပါ့မယ် မေမေ "
" သမီး အောင်မြင်မှာ ပါကွယ်၊ သြော် … ဒါထက် မေမေ အောက်ထပ်ကို ရွှေ့ချင်တယ်၊ အိပ်ခန်းမကြီး ထဲက ပစ္စည်းတွေ နေ့လယ်ကျရင် ပြောင်းပေးပါလား၊ အောက်ထပ်က နောက်ဘက် စာကြည့်ခန်းကို အိပ်ခန်း လုပ်လိုက်မယ်လေ၊ ဒီဒူးနဲ့က တက်ရဆင်းရ မလွယ်ဘူးကွယ့်"

" ကောင်းပါပြီမေမေ၊ ကပ်လျက်အခန်း ကို မေမေ့ဧည့်ခန်း လုပ်လိုက်ရင်မကောင်းဘူးလား "
" အေးကွယ်၊ သာဓု … သာဓု "
အေမီလီ က သော့တွဲထဲမှ နှစ်ချောင်းကိုဖြုတ်ပြီး ဂျူးဒစ်လက်ထဲ ပြန်ထည့်ပေးသည်။
" ရော့ … မေမေ့အတွက် "
" သြော် … အေး ဟုတ်ပြီ၊ မေမေ့ အခန်းသော့တွေလား၊ ကျေးဇူးပါပဲ သမီးရယ် "
အေမီလီ ထွက်သွားတော့ ပြတင်းပေါက်မှ အပြင်သို့ ငေးကြည့်နေမိသည်။ ပန်းခြံထဲမှ ပန်းပွင့်တွေ။ ပြီးတော့ ရှုမဆုံးတော့သည့် ၀ါခင်းလွင်ပြင်။ ပိန်းကောလှေကြီးနဲ့ စုန်ဆင်းလာသည့် လယ်သမား မိသားစု မှ ကောင်မလေးကို မြင်ယောင်လာသည်။

ညနေခင်းမှာ တိတ်ဆိတ်ငြိမ်သက်နေ၏။ လူမည်းတို့၏ တေးဆိုသံ ကို သဲ့သဲ့မျှ ကြားနေရသည်။
" ၀ါပင်တွေကိုကွယ်
တို့လက်တွေနဲ့ စိုက်ခဲ့တယ်
အို အရှင့်ထံမှာ သစ္စာဆိုမယ်
ငါတို့တစ်တွေ သည်မြေပေါ်မှာ မွေးခဲ့တယ် "

သည်ကို ရောက်စက သစ်တောကြီးတွေကို ပြန်လည်မြင်ယောင်ကြည့်သည်။ ကောင်းကောင်း မမှတ် မိတော့။ သို့သော် မိမိဘ၀သက်တမ်း ကာလထဲတွင် တကယ်ဖြစ်ပျက် ပြောင်းလဲခဲ့သည်မှာ အမှန်ဖြစ် ၏။ နေခဲ့ရသည့် ကာလသည် တဒင်္ဂမျှသာပါကလား။ ခုတော့ အားလုံး ပြီးဆုံးခဲ့လေပြီ။ မယုံကြည်နိုင်စရာ အပြောင်းအလဲ များကို မြင်တွေ့ခဲ့ရပြီ။ သည်အပြောင်းအလဲများထဲတွင် မိမိသည် အဓိက ဇာတ်ဆောင် တစ်ဦးအဖြစ် ပါဝင်ခဲ့သည်။ ခုတော့ တာဝန်အားလုံး ပြီးဆုံးသည့် အချိန်ကို ရောက်ခဲ့ပြီဖြစ်ပါ၏။
ကြိမ်လုံး လက်ကိုင်ပေါ်တွင် လက်နှစ်ဖက် ပတ္တာဆက်ထားလိုက်၏။ အံ့သြစရာ ကောင်းလောက်အောင် လွတ်လပ်ပေါ့ပါးသွား၏။
ခြေထောက်တစ်ဖက် မသန်တော့သည်မှလွဲ၍ မိမိကျန်းမာရေး မှာ ဒေါင်ဒေါင်မြည်အောင်ကောင်းနေ ဆဲ။ နှစ်ပေါင်း များစွာ နေရဦးမည် ထင်သည်။ မိမိ မျိုးစေ့ချခဲ့သည့် ယဉ်ကျေးမှု အစဉ်အလာတို့ ဖူးပွင့်ဝေဆာချိန် ကို ခံစားရဦးမည်ထင်၏။

သို့သော် မိမိ ပျော်ရွှင်ခဲ့ဖူးသည့် ပျော်ရွှင်မှုမျိုးကိုတော့ သည်မှာဘက် ခေတ်တွင် ရနိုင်တော့မည် မထင်။
တစ်ပြိုင်တည်း တွင်ပင် ဟိုမှာဘက် ခေတ်က ခံစားခဲ့ရသည့် ဒုက္ခသုခများကိုလည်း သည်ဘက်ပိုင်း တွင် ခံစားစရာ အကြောင်း မရှိတော့ပေ။
မိမိ ၏ သားသမီးတွေ၊ မြေးမြစ်တွေက တစ်လှည့်ခံစား ခံစားကြလိမ့်ဦးမည်။
ဂျူးဒစ် ပြုံးလိုက်သည်။ အေးငြိမ်းသော အပြုံး၊ အောင်မြင်သော အပြုံး။ သော့တွဲကြီးကို လက်လွှဲ ပေးလိုက်ပြီး နောက် မှ ငြိမ်းချမ်းခြင်း၏ သဘောကို အပြည့်အ၀ ခံစား နားလည်ရခြင်းဖြစ်ကြောင်း သိလိုက်၏။

တင်မောင်မြင့်
၈-၃-၈၈
.

No comments: