"ဒါဖြင့် မေမေ ထမင်းဆိုင်ပြုတ်သွားတာ ကျွန်တော့်ကြောင့်လား ဟင်၊ ဒီလိုဆို ကျွန်တော့်ကိုလဲ တစ် မြို့တစ်ရွာ ပို့ လိုက်ပါလား။ ကျွန်တော်" ကိုထွန်းအောင်လည်း အတာ့ပါးစပ်ကို ဆတ်ခနဲ လှမ်းပိတ် လိုက်ရာ မှ "မင်း ဘာတွေလျှောက်ပြောနေတာလဲ အတာ၊ တယ်ခက်တာပဲ ဟင်း"
အလွန့် အလွန် ထိခိုက်သွားသလို ခေါင်းတရမ်းရမ်းခါရင်း ညည်းနေပြီးမှ
"မင့်အမေ ထမင်းဆိုင်ပြုတ်တာက သူ မြင်းလောင်းလို့ကွ သိလား၊ မင့်ကြောင့်မဟုတ်ဘူး၊ ဟို တံငါ သည် လင်မယား ဟာ သူတို့ရဲ့ကလေးရဲ့အကုသိုလ်ကြောင့် ငါးကိုဖမ်းလို့မရဘူး၊ မင်းအမေ က ဒီလို မဟုတ်ဘဲ ပိုက်ဆံတွေ အများကြီးရှာလို့ရသားပဲ၊ မြင်းလောင်းပစ်လို့ကုန်တာ အတာရဲ့" ဤတွင်မှ မျက်ရည် တလည် လည်ဖြစ်နေသော အတာတွင် ကျေနပ်ပြုံး ပြုံးဖော်ရ လာတော့ ၏။ ကို ဆက်ဖတ်ရန်.........
ကိုထွန်းအောင် တွင်မူ အတန်ကြာသည်တိုင်အောင် စိတ်ထိခိုက်မှုမပြေသေးသလို တွေငေးနေမိပြီးမှ "ဒါနဲ့ ခုန ကံဆိုးတဲ့ကောင်လေးဟာလဲ ခွက်တစ်လုံးနဲ့ တစ်အိမ်ဝင်တစ်အိမ်ထွက် လျှောက်ပြီးတောင်းရ တာပေါ့ ကွယ်၊ ဒါပေမဲ့ ဘယ်သူမျှ သူ့ကို ထမင်းတစ်ဆုပ်တောင် မပေးကြဘူးတဲ့၊ ဒါနဲ့ အဲဒီကောင်လေး ဟာ သူများတွေ ကျန်လို့ လွှင့်ပစ်တဲ့ထမင်းတို့ ဘုရားဆွမ်းတော်တင်တို့ပဲ ကောက်ပြီး စားရသတဲ့၊ တစ် နေ့ တော့ အဲဒီမြို့ထဲကို ရှင်သာရိပုတ္တရာ ဆွမ်းခံဝင်တာနဲ့ကြုံလို့ ကျောင်းကိုခေါ်သွားသတဲ့၊ နောက် ရှင် ပြုပေးလိုက်တယ် ဆိုပါတော့ကွာ၊ အသက်နှစ်ဆယ်ပြည့်တော့လဲ ပဉ္စင်းခံပေးလိုက်တယ်၊ ဘွဲ့အမည် ကတော့ လောကတိဿမထေရ်တဲ့ မှတ်ထားနော်"
"ဟုတ်ကဲ့"
"အဲဒီလောကတိဿမထေရ်ဟာ ငယ်ငယ်ထဲက ခုနပြောသလို အငတ်ငတ် အပြတ်ပြတ်နဲ့ ကံဆိုးလာ တာဟာ ရှင်ပြုပြီးလဲ ကံမကောင်းသေးဘူးကွ၊ ပဉ္စင်းဘဝကနေ ရဟန္တာအဖြစ်ကိုရောက်တော့လဲ သူ ဆွမ်းခံရင် မရတာကများသတဲ့ကွ၊ ကုန်ကုန်ပြောမယ်ကွာ၊ သူနေတဲ့ ကျောင်းက ရဟန်းသံဃာတွေ အကုန် ပင့်ပြီး လှူကြတဲ့အခါမှာတောင် ဒီလောကတိဿမထေရ်ကို လှူရမဲ့အလှည့်ရောက်ရင် သူ့သပိတ် ထဲ မှာ ပြည့်နေ သလိုလို ထင်ရတာနဲ့ အလှူ့ရှင်တွေက သူ့သပိတ်ထဲ မထည့် မလှူကြဘူးတဲ့၊ အဲသလို ရဟန္တာ ဘဝရောက်နေ တာတောင် သူ့မှာ ဆွမ်းဝဝ မစားရရှာဘူးဆိုတာကို ရှင်သာရိပုတ္တရာက သိတော့ ဆွမ်းခဲဖွယ် ရအောင် ငါနဲ့လိုက်ခဲ့ဆိုပြီး အတူတူခေါ်သွားတော့လဲ ရှင်သာရိပုတ္တရာဆိုရင် အင်မတန်ကြည်ညိုပြီး သူထက်ငါဦး လှူတတ် လောင်းတတ်ကြတဲ့ မြို့သူမြို့သားတွေဟာ ခုနပြော တဲ့ လောကတိဿမထေရ်ပါတာနဲ့ပဲ လှူချင်စိတ်မရှိသလို ဖြစ်သွားကြသတဲ့"
"ကျွန်တော် ကံဆိုးသလို ပဲ လောကတိဿမထေရ်လဲ ကံဆိုးတယ်နော်"
အတာက မျက်နှာငယ်ကလေးဖြင့် ပြောလိုက်သောကြောင့် ကိုထွန်းအောင်လည်း ခေါင်းတရမ်းရမ်း ခါနေရာမှ
"နေစမ်းပါဦး ကွာ၊ မင်းက သူ့လောက် ကံမဆိုးပါဘူးကွ၊ ဆုံးအောင် နားထောင်စမ်းပါဦး၊ အဲဒါနဲ့ ရှင်သာရိပုတ္တရာ က ကဲ မင်း ငါ့ကျောင်းမှာပဲနေ၊ ငါ ဆွမ်းခံထွက်ပြီး ပို့ခိုင်းလိုက်မယ်လို့ တစ်ယောက်ထဲ ထွက် ဆွမ်းခံတော့ ရလိုက်တဲ့ ဆွမ်းခဲဖွယ်တွေဆိုတာကွာ မနည်းပါဘူးတဲ့၊ ဒါနဲ့ ရှင်သာရိပုတ္တရာက "ငါ့ကျောင်းမှာ ရှိတဲ့ လောကတိဿမထေရ်ဆီကို ဒီဆွမ်းခဲဖွယ်တွေ သွားပို့ချေပါ" လို့ လူတချို့ကို ပို့ ခိုင်း လိုက်သတဲ့၊ ဒါပေမဲ့ သွားပို့တဲ့လူတွေဟာ လမ်းတစ်ဝက်လဲရောက်နေရာ ဆွမ်း ဆွမ်းဟင်းနဲ့ ချိုချဉ် ခဲဖွယ်တွေ ဟာ အနံ့အရသာနဲ့ အင်မတန် ပြည့်စုံနေတာမို့ လောကတိဿမထေရ်ဆီ မပို့တော့ဘဲ အား လုံး သူတို့ စားသောက်ပစ်လိုက်မိကြသတဲ့"
"ဒါနဲ့လဲ သူ မစားရသေးဘူးပေါ့နော်"
"ဘယ်စားရမလဲကွ၊ အဲဒါ ရှင်သာရိပုတ္တရာလဲ ကျောင်းပြန်ရောက်လို့ မေးကြည့်တဲ့အခါမှာ ဘယ်သူမှလဲ လာ မပို့၊ စားလဲ မစားရသေးပါဘုရားလို့ လျှောက်တော့ ရှင်သာရိပုတ္တရာလဲ သူ့အကုသိုလ် တယ်ကြီးပါ လား လို့ စိတ်ထဲက ရေရွတ်ပြီး မွန်းလွဲဖို့ နဲနဲသာလိုတော့တာနဲ့ အဲဒါ မင်း နားလည်ရဲ့လား အတာ"
"ဟုတ်ကဲ့၊ ဘုန်းကြီးတွေဟာ ၁၂ နာရီကကျော်ရင် ဘာမှမစားရတော့ဘူး"
"အေး အဲသလို အချိန်ကလဲ နည်းနည်းသာ ကျန်တော့တာနဲ့ ရှင်သာရိပုတ္တရာလဲ ကောသလမင်းကြီးထံ ချက်ချင်း ဆွမ်းသွားရပ် သတဲ့၊ ဘုရင်ကြီးကလဲ အင်မတန် အရသာရှိတဲ့ စတုမဓူနဲ့ ဆွမ်းကို ကပ်လှူ လိုက်တာကို အမြန်ဆုံး ကျောင်းပြန်ပြီး လောကတိဿမထေရ်ကို "ကဲ စားလော့ ငါ့ရှင်" ဆိုပြီး ကိုယ် တိုင် သပိတ်ကို ပိုက်ပြီး ကျွေးမှပဲ လောကတိဿဟာ ဝဝလင်လင် ဘုဉ်းပေးရရှာသတဲ့၊ နောက် ချက် ချင်း ပဲ ပရိနိဗ္ဗာန်ပြုသွားသတဲ့"
"အဲဒါ ဟိုဘဝက သူများတွေကို မတရားလုပ်ခဲ့လို့ ဟုတ်လား ဟင်"
"အေး ဒါပေမဲ့ မတရားလုပ်တယ်ဆိုတာက အမျိုးမျိုးရှိတယ် အတာ၊ ခု အဲဒီမထေရ်ကြီးကတော့ ဟိုဘဝ က သူများစားတာ ကို မနာလိုတဲ့စိတ်နဲ့ ဖျက်ဆီးခဲ့လို့ ဒီဘဝမှာ ဒီလို အငတ်ငတ် အပြတ်ပြတ်နဲ့ ဒုက္ခ ရောက်ရတာကွ"
"ဟင် သူများကို မစားရအောင် နှောင့်ယှက်ခဲ့တဲ့လူက ဘာလို့ကောင်းရာမွန်ရာရောက်ရသလဲ၊ ဒါဖြင့် ငရဲ ကိုတော့ မရောက်ဘူး"
ထိုမေးကို ကိုထွန်းအောင် အလွန် သဘောကျသွား၏။
"ဒီလိုလေကွာ၊ အရင် တစ်ဘဝတုန်းက အဲဒီ မထေရ်မြတ်ကြီးဟာ ရဟန်းတစ်ပါး ဖြစ်ခဲ့ဖူးသတဲ့၊ အဲဒီ အခါမှာ ရဟန္တာတစ်ပါး ဒီမထေရ်ကြီးနေတဲ့ ရွာကိုရောက်လာတော့ သူ့ကျောင်းမှာပဲ တည်းခိုပါ၊ ဘယ် ကိုမှမသွားပါနဲ့ မသွားသရွေ့ကာလပတ်လုံး သူကပဲ ဆွမ်းလုပ်ကျွေးပါ့မယ်ဆိုပြီး အဲဒီရဟန္တာကို သူ့ရွာ ကျောင်း ခေါ်လာသတဲ့၊ ပထမတော့ ဒီလောကတိဿကပဲ ဆွမ်းတွေ ဘာတွေ တာဝန် ယူပြီး ကျွေးခဲ့ တာပေါ့ကွာ၊ နောက်တော့ ဧည့်သည်ရဟန်းက ရဟန္တာဖြစ်လို့ လူတွေက သိပ်ကြည်ညိုကြ သတဲ့။ သူဌေးသူကြွယ်တွေကလဲ အဲဒီရဟန္တာကိုသာ အရေးတကြီး ဖိတ်ကြတာနဲ့ လောကတိဿက မနာလို တာကိုးကွ၊ အဲဒါကို သူ မနာလိုဘူးပေါ့၊ ဒါနဲ့ ဒီရဟန္တာကို ကျောင်းမှာမနေနိုင်အောင် စကားမပြော ဘဲ ခပ်တန်းတန်း နေလိုက်သတဲ့၊ အရပ်ထဲမှာလဲ ဒီရဟန္တာဟာ အပျင်းထူတယ်၊ အအိပ်ကြီးတယ် စသဖြင့် ပေါ့ကွာ၊ လူတွေက ရဟန္တာကို အကြည်ညိုပျက်အောင် မဟုတ်မဟတ်လျှောက်ပြောပြန်ပါရော၊ ဒါကို ရဟန္တာက သိတာနဲ့ အင်း လောကတိဿတော့ ငါ ဒီမှာရှိနေရင် သူ့မှာ နေ့စဉ် အပြစ်ဖြစ်နေတော့ မှာပဲ ဆိုပြီး အရပ်တစ်ပါးကို ကြွသွားသတဲ့"
"ဒီလို မနာလိုစိတ်ရှိတာ မကောင်းဘူးနော်"
"ဘယ်ကောင်းမလဲကွ၊ အတိုချုပ်ကတော့ အဲဒီလို သူတစ်ထူးအပေါ် မနာလိုဝန်တိုတဲ့စိတ်ရယ် ဆွမ်း စားပင့်တဲ့ အခါမှာ ရဟန္တာကိုအသိမပေးဘဲ ချိန်ထားတဲ့အတွက် သူများရဲ့အစားအစာ ကို ပိတ်ပင်ဖျက် ဆီးရာရောက် တယ် မဟုတ်လား၊ အေး၊ အဲဒသလို အပြစ်တွေကြောင့် ဘဝပေါင်းများစွာမှာ သူဟာ အငတ်ငတ် အပြတ်ပြတ်ဖြစ်ခဲ့ပြီး နောက်ဆုံး ရှင်သာရိပုတ္တရာနဲ့ တွေ့တဲ့ဘဝကျမှ ဝဋ်ကျွတ်သွားတယ် ကွ၊ ဘယ်လောက်ကြောက်ဖို့ကောင်း သလဲ အတာ၊ ဟင်"
အတာလည်း ခေါင်းကလေး ညိတ်ရင်း အတန်ကြာတွေနေပြီးမှ
"အဲဒီ လောကတိဿ ဟာ သူတစ်ထူးကို မကောင်းကြံခဲ့ပြီး ဘာကြောင့် နိဗ္ဗာန်ရောက်သွားတာလဲ ဟင်"
"ပထမတော့ သူဟာ ရဟန္တာကို စေတနာနဲ့ပင့်ပြီး ကျောင်းမှာ နေရာထိုင်ခင်းပေးတယ်၊ ကျွေးမွေးတယ် မဟုတ်လား ကွ၊ နောက်မှ သူ့ထက်သာမှာစိုးလို့ မနာလိုဖြစ်တာ၊ အဲ့ဒီတော့ မကောင်းတဲ့ စိတ်ထား ကြောင့် ဘဝတိုင်းမှာ ဒုက္ခခံရတယ်။ နောက်ဆုံးကျတော့ ပထမက စေတနာနဲ့ ရဟန္တာ ကို နေရာထိုင် ခင်းပေးပြီး ကျွေးမွေးတဲ့ကောင်းမှုရယ်၊ သူ ကိုယ်တိုင်ကလဲ ရဟန်းအဖြစ်နဲ့ တရားအားထုတ်ခဲ့ တဲ့ ကောင်းမှုကြောင့် နောက်ဆုံးမှာ မဂ်ဖိုလ်နိဗ္ဗာန်ရောက်တာပေါ့ကွ၊ ရှင်းရဲ့လား"
"ဟုတ်ကဲ့၊ ဒီလိုဆို ကျွန်တော်လဲ ဟိုဘဝက သူများတွေရဲ့အစားအစာကို မတရားနှောင့်ယှက်ခဲ့လို့ မနာ လိုဝန်တို လို့ ဒီဘဝ မှာ မေမေကတောင် ကျွန်တော့်ကို မကျွေးချင်တာပေါ့နော်"
ကိုထွန်းအောင်ကမူ တိုက်ရိုက်အားဖြင့် "အေး"ဟု မပြောရက်သောကြောင့်လား မသိ။
"ဒါပေမဲ့လဲကွာ မင်းကတော့ တံငါသည်မိန်းမရဲ့ကလေးလောက် ကံမဆိုးပါဘူးကွာ နော်၊ တောင်းစားရ တဲ့ ဘဝမှမရောက်ဘဲ ဟုတ်ဘူးလား၊ အေး ဒီဘဝမှာတော့ မင်း လိမ်မာသားပဲ၊ သူများတွေအပေါ်မှာ မနာလိုစိတ် မထားနဲ့၊ ဝန်မတိုနဲ့၊ ဥပမာပေါ့ကွာ အတန်းထဲမှာ ကိုယ့်ထက် စာတော်ရမလား၊ ဆရာမက သူ့ကို ပိုချစ်ရမလားဆိုတဲ့ စိတ်မျိုးနဲ့မနာလိုမရှိနဲ့၊ ကိုယ်က အင်္ကျီလုံချည်ကောင်းကောင်း မဝတ်နိုင်လို့ သူများက အဖိုးတန် အဝတ်အစား ဝတ်နိုင်တာကိုလဲ ဝန်မတိုနဲ့ ဟုတ်လား"
"ဟာ ကျွန်တော် ဒီလို ဘယ်တော့မှ စိတ်မရှိဘူး"
အတာက ခေါင်းတခါခါနှင့် ငြင်းလိုက်၏။
"အေးပါကွာ၊ ငါလဲ သိပါတယ်၊ ခုနပြောတဲ့ လောကတိဿလို မင်း ဝဋ်ခံရတာ နောက်ဆုံးဘဝပဲလို့ ငါ ထင်တယ် သိလား၊ မကြာခင် မင်း ကောင်းစားတော့မယ်၊ ပညာကိုသာ ကြိုးစားနော်"
"ဟုတ်ကဲ့"
အတာလည်း တစ်စုံတစ်ရာ မေးလိုသည့် အမူအရာဖြင့် ငေးကြည့်နေပြန်သောကြောင့်
"ကဲ နောက်ထပ် မင်း ဘာသိချင်သေးသလဲ အတာ"
"ကျွန်တော် ခုဘဝမှာ ဒုက္ခအမျိုးမျိုးတွေ့ရတာဟာ ဟိုဘဝက သူများတွေ ကိုယ့်ထက်သာသွားတာ မနာလိုလို့ သူများတွေ မစားရအောင် မတရားလုပ်ခဲ့လို့ပဲ၊ ဟုတ်လား"
"အေးပေါ့၊ ဒါကြောင့်မို့ မသိန်းမေဟာ မင့်အမေအရင်းဖြစ်လျက်နဲ့ မင်းပြောသလို မင့်ကို မသဒ္ဓါ သလို ဖြစ်ခဲ့တယ်၊ တစ်ခါတစ်လေ ကျွေးချင်တဲ့စိတ်ရှိပေမဲ့ မေ့သွားလို့ဖြစ်စေ၊ မင့်ကို ကျွေးမဲ့အချိန်မှာ ဒိပြင် လူ ရောက်တဲ့အတွက် ကျွေးလိုက်ရလို့ဖြစ်စေ၊ တစ်နည်းနည်းနဲ့ မင့်ကို မကျွေးဖြစ်ဘဲ ပျက်ပျက် သွားတာလဲ ရှိတယ်ကွ၊ ငါ သေသေချာချာ သိတာပေါ့၊
မင့်အမေဟာ မင့်ကို မချစ်ဘူးလို့များ ဘယ်တော့မှ မထင်နဲ့ သိလား၊ မသိန်းမေဟာ မင့်ကို တကယ် ချစ်တာ၊ တစ်ခါတလေ တို့ မဂိုလမ်း (ယခု ရွှေဘုံသာလမ်း) သွားပြီး ဒန်ပေါက်ထမင်းတို့ ဘာတို့ သွားစားတဲ့အခါမှာ အပြန်ကျတော့ မင့်ဖို့ဆိုပြီး ဒန်ပေါက်ထမင်းတစ် ဝက်ဖယ်ပြီး ဖက်နဲ့ထုပ်ယူလာပေမဲ့ မင့်ကုသိုလ်က မကောင်းတော့ လက်ကလွတ်ပြီး ရွှံ့ဗွက်ထဲကျချင် ကျသွားတယ်၊ တစ်ခါကလဲ မင့်ဖို့ ဆိုပြီး ခေါက်ဆွဲဝယ်လာတာ လန်ခြားထဲမေ့ပါသွားလို့ ချက်ချင်းပဲ ငါ ကိုယ်တိုင် ဆင်းကြည့်တော့ လန်ခြားကုလား လဲ မရှိတော့ဘူး အတာ၊ အဲဒါ ငါကိုယ်တိုင် သိတယ်ကွ၊ ကဲ မင်း သဘောပေါက်ပြီလား"
အတာ လည်း ဆိုးလှသော သူ့ကုသိုလ်အတွက် စိတ်လက်မကောင်းသလို တွေးနေရာမှပင်
"ဟုတ်ကဲ့ ကျွန်တော် သိပါပြီ၊ ဒါပေမဲ့ ခု ကျွန်တော်ဟာ ဘယ်သူ့အပေါ်မှာဖြစ်ဖြစ် စိတ်ကောင်းရှိတယ်၊ သူများ ကို ကူညီတယ်၊ လမ်းပေါ်မှာ ခဲလုံးတို့ အုတ်နီခဲတို့ တောင်းစုတ်တို့ ဘာတို့တွေ့ရင် ဘေးဖယ်ပစ် တယ်၊ ပြီး ပုလင်းကွဲတွေ သံတိုသံစတွေ့ရင်လဲ သူများတွေ မစူးမိအောင် အားလုံးကောက်ပြီး အမှိုက်ပုံး ထဲ သွားပစ်တယ်၊ အဲသလို လုပ်တာ ဟာ အင်မတန်ကုသိုလ်ရတယ်လို့ ဆရာမက ပြောတယ်"
"အေးပေါ့ကွ၊ အဲဒါ ပိုက်ဆံ နဲ့ မလှူဘဲနဲ့ အများကြီးရတဲ့ ကုသိုလ်ပေါ့"
"ဒါဖြင့် ဟိုဘဝက မကောင်းမှုကို ခုဘဝမှာ ခံရသလို ခု ကျွန်တော်လုပ်တဲ့ ကုသိုလ်ကကော နောက် ဘဝ မှ ရမှာလား ဟင်"
သို့ မေးလိုက်သည်နှင့် ကိုထွန်းအောင်လည်း အားရပါးရကြီး ပြုံးကာ အတာ့ဘိုကေကလေးကို ပွတ်သပ် ရင်း အတန်ကြာ စိုက်ကြည့်နေပြီးမှ
"ဒီလိုမဟုတ်ဘူး ကွ၊ မင်း အခုထားတဲ့ စိတ်ကောင်းမျိုးရယ်၊ သူတစ်ထူး ဘေးဥပါဒ်ဖြစ်မှာစိုးလို့ဆိုပြီး ပုလင်းကွဲ တို့၊ ခဲ တို့ လမ်းပေါ်မှာတွေ့ရင် ဖယ်ရှားပစ်တတ်တဲ့ စေတနာဟာ ချက်ချင်းလက်ငင်းလဲ အကျိုးပေး တတ်တယ်၊ နောက်ဘဝမှာလဲ အကျိုးပေးတာပဲကွ"
"ဒါဖြင့် ကျွန်တော့် ကိုတော့ ခု ဘာလို့ အကျိုးမပေးတာလဲ ဟင်"
ဤတွင် ကိုထွန်းအောင် မျက်လုံး ဝိုင်းသွား၏။ အတာ့မေးခွန်းကို မဖြေနိုင်၍မဟုတ်၊ အတာ မေးလိုက်ပုံ ကို အံ့သြ သွားခြင်းသာဖြစ်လျက်
"အာဂ အကောင်ပဲ ကိုးကွ၊ မင်း ဟင်၊ အေး ငါ ပြောပြမယ်၊ ဗောဓိပင်ဆိုတာ မင်းသိသလား အတာ"
"ဟုတ်ကဲ့ ညောင်ရေသွန်းတဲ့ ဗောဓိပင်မျိုး မဟုတ်လား"
"အေး ဗောဓိပင်စိုက်ရင် ပျိုးရင် ဘာဖြစ်မလဲ သိသလား"
"ကုသိုလ်ရတာပေါ့၊ ကျွန်တော်တို့ကျောင်းမှာ ဆရာမက ဘုရားရှိခိုးချိန်ကျရင် ခဏခဏပြော တယ်၊ မြတ်စွာဘုရား ဗောဓိပင် နဲ့ ရွှေပလ္လင် ကို အောင်မြင်တဲ့ အကြောင်းလေ"
"အေး၊ ဗောဓိပင် ပျိုးရင် ကုသိုလ်ရတယ်နော်၊ ကဲကွာ၊ အဲ့ဒီ ဗောဓိပင်က အကိုင်းတစ်ခုကို လူတစ် ယောက် က ချိုးပစ်တယ်ဆိုပါတော့၊ ဒီလူ ဘာဖြစ်မယ်ထင်သလဲ၊ မင်း ထင်တာပြောစမ်း အတာ"
"ဟင် ငရဲကြီးမှာပေါ့၊ ဗောဓိပင်မဆိုထားနဲ့၊ ဒိပြင် သစ်ကိုင်းတစ်ကိုင်းချိုးတောင် ငရဲကြီးတတ်တယ်တဲ့ ဆရာမက ပြောတယ်၊ သစ်ပင်ဆိုတာ ငှက်သတ္တဝါတွေရဲ့အိမ်ပဲတဲ့"
"ကဲ ဒါဖြင့် ဗောဓိပင် အကိုင်းကိုချိုးရင် ပိုပြီး ငရဲကြီးမယ်ဆိုပါတော့ကွာနော်၊ အေး ဒါပေမဲ့ လူတစ် ယောက် ဟာ ဗောဓိပင်အကိုင်းကို ချိုးမိလို့ ရွှေအိုးကောက်ရဘူးသတဲ့ကွ၊ အဲဒါ မင်း ဘယ့်နဲ့ သဘောရ သလဲ အတာ"
"ဗျာ"
အတာလည်း အံ့သြသွားသလို အမူအရာကလေးဖြင့် သို့လျှင် ရေရွတ်ရင်း တွေနေသောကြောင့်
"အေး ဗောဓိကိုင်းချိုးလို့ ရွှေအိုးကောက်ရသတဲ့၊ အဲဒါ ဘာကြောင့်လံ မင်း သိသလား"
ယခုထိပင် ထူးဆန်းသောစကားကို ကြားရသလို ပါးစပ်အဟောင်းသားနှင့် ကိုထွန်းအောင်အား ငေး ကြည့်နေရာမှ
"ဟင့်အင်း ကျွန်တော် မသိဘူး"
"ကဲ မှတ်ထားနော်၊ ငါ ပြောပြမယ်၊ ရှေးတုန်းက လူဆင်းရဲတစ်ယောက်ဟာ ရှင်ဘုရင်ဖြစ်နိုင်တဲ့ ဘုန်းကံ ကြန်အင်္ဂါနဲ့ ပြည့်စုံပြီး တစ်နေ့နေ့မှာ အမှန်ပဲ ဘုရင်ဖြစ်လိမ့်မယ်ဆိုတာကို သူ့ဟာသူ မသိဘူးတဲ့၊ နောက် ဘုရင်ဖြစ်ခါနီး ဆဲဆဲမှာ ဗောဓိကိုင်းကို ချိုးမိတဲ့အပြစ်ကြောင့် ဘုရင်ဖြစ်တော့မဲ့နေ့ကျတော့ ရွှေ အိုးတစ်လုံး ပဲ ကောက်ရတော့သတဲ့"
"ဟာ သိပ်မိုက်တဲ့လူပဲနော်၊ ဘုရင်သာဖြစ်ရင် ပွမှာပဲ"
အသိဉာဏ် မသေးလှသော အတာကလေးလည်း ချက်ချင်းသဘောပေါက်သွားရာမှ သို့လျှင် အားမလို အားမရကလေးပြောလိုက်သောကြောင့်
"ကဲ နောက်ဆုံးတစ်ခု နားထောင်ဦး၊ အခြား တစ်ယောက်ကတော့ ဗောဓိပင်ပျိုးမိလို့ ပေါင်ကျိုးသွား သတဲ့ ကွ"
"ဟင် လာပြန်ပြီတစ်မျိုး"
အတာလည်း သူ အံသြသွားပြန်သလောက် စကားလည်း ကပေါက်ကချာကလေး ထွက်လာသဖြင့် ကိုထွန်းအောင်က ပြုံး၍
"အဲဒါကတော့ အဲဒီလူသာ တကယ်လို့ ဗောဓိပင်မပျိုးမိရင် နောက်သုံးရက်ကြာတဲ့အခါမှာ အမှန်သေရ တော့မယ်တဲ့၊ ဒါပေမဲ့ ဗောဓိပင်ပျိုးလိုက်မိတဲ့ ကုသိုလ်ကြောင့် သေရမဲ့နေ့မှာ မသေရတော့ ဘဲ ပေါင်ကျိုး ရုံသာ ကျိုးသွားသတဲ့၊ မင်း သဘောပေါက်ရဲ့လား အတာ"
"ဟုတ်ကဲ့ ပေါက်ပါတယ်"
"နေဦး ငါ ရှင်းအောင် ထပ်ပြောဦးမယ်၊ ပထမလူဟာ ရှင်ဘုရင်ဖြစ်ထိုက်ရဲ့သားနဲ့ ဗောဓိကိုင်းချိုးမိတဲ့ အပြစ်ကြောင့် ရွှေအိုး တစ်လုံးပဲ ရလိုက်တယ်၊ ရှင်ဘုရင်သာဖြစ်ရင် ရွှေအိုးတစ်လုံးမပြောနဲ့ အလုံး တစ် ထောင်လောက်အောင် သူပေးချင်တဲ့လူကို ပေးပစ်နိုင်မှာနော်"
"အင်းပေါ့ သူက မိုက်သွားတာကိုး"
"အေး အဲဒါ ဟိုဘဝက သူများကောင်းကျိုးတွေ အများကြီးလုပ်ခဲ့ဘူးလို့ ဒီဘဝမှာ ရှင်ဘုရင်ဖြစ်ထိုက်တဲ့ ကုသိုလ်ကံပါလျက်သား၊ သူမိုက်လို့ ရှင်ဘုရင် မဖြစ်ရတာနော်၊ အဲ ဒုတိယလူကတော့ ဟိုဘဝက သူများ အကျိုးယုတ်အောင်လုပ်၊ မတရားတာကြံပြီး သူများအသက်တွေသတ်နဲ့ မဟုတ်တာတွေ လုပ်ခဲ့ လို့ ဒီဘဝမှာ အသက်ရှည်ရှည်နေရဖို့ ကုသိုလ်ကံမပါပေမဲ့လဲ ဗောဓိပင်ပျိုးလိုက်တဲ့ ကောင်းမှုကြောင့် သူဟာ စောစောမသေရဘဲ ပေါင်ကျိုးရုံကျိုးရသတဲ့ကွ၊ ရှင်းပြီ မဟုတ်လား၊ ငါ ပြောတာ"
အတာက ညင်ညင်သာသာ ခေါင်းကလေး ညိတ်ပြလိုက်၏။
"အဲဒါ ဥပမာအဖြစ် ပြောတကွ၊ ကဲ ခုန မင်းမေးတယ်နော်၊ ကျွန်တော် စိတ်ကောင်းထားရက်နဲ့ ဘာ့ ကြောင့် ခုလို ဒုက္ခတွေ့နေရတာလဲ ဟုတ်လား၊ ပြီး ဒီဘဝမှာ သူများကောင်းကျိုးဆောင်တဲ့ ကုသိုလ် အတွက် နောက်ဘဝမှ ခံစားရမှာလားလို့ အဲသလို မင်းမေးတယ်၊ အေး ခုန ငါပြောသလိုပေါ့ အတာ၊ တကယ် လို့ ဟိုဘဝက မင်းမှာ ဘာမှအပြစ်မရှိရင် မင့်စေတနာအကျိုးဟာ ဒီဘဝမှာပဲ ခံစားရမှာ အမှန်ပဲ ကွ၊ ခုတော့ မင့်မှာ ဟိုဘဝက အပြစ်ကလေးတွေ ရှိနေသေးလို့ မင်း ဒီအကျိုးကို မခံစားရသေးတာပေါ့၊ နားလည်ပြီလား"
သွက်သွက် ကလေး ခေါင်းညိတ်လိုက်ပြီးမှ
"တကယ်လို့ ခုဘဝမှာလဲ စိတ်ကောင်းမထားဘဲ မတရားတာတွေ လုပ်နေရင် သူများတွေကို မနာလို ဝန်လိုဖြစ်နေရင် ကျွန်တော် ခုထက်ပိုပြီး ဒုက္ခရောက်နေမှာပေါ့နော်"
ထိုအမေးကို ကိုထွန်းအောင် ရုတ်တရက် မဖြေ။ အတာ့ ပခုံးကလေးနှစ်ဖက်ကို သွက်သွက်ခါအောင် လှုပ်လိုက်ပြီးမှ
"ဟုတ်တယ် အတာ၊ မင်း ဒီဘဝမှာ ဒီထက်ပိုပြီး ဒုက္ခရောက်ဖို့မရှိတော့ဘူး၊ အေး ရှေ့လျှောက်ဆိုရင် မင်း စိတ်ကောင်း ထားသလောက် အကျိုးခံစားရမှာချည့်ပဲ၊ သိလား"
"ဟုတ်ကဲ့၊ ကျွန်တော် ဟိုဘဝကအပြစ်တွေ မြန်မြန်ကျေသွားအောင် အရင်ကထက်ပိုပြီး စိတ်ကောင်း ထားမယ် နော်"
"အေးကွာ၊ ငါ့သားလေး ဘုန်းကြီးပါစေ၊ အသက်ရှည်ပါစေ၊ မြန်မြန်ကြီး ကောင်းကျိုးခံစားရပါစေ၊ ဒုက္ခ အပေါင်းက အမြန်ဆုံးလွတ်ပြီး အမြန်ဆုံး ချမ်းသာပါစေ"
ကိုထွန်းအောင် လည်း သည်းလှိုက်အူလှိုက်ပင် အတာ့ ဘိုကေကလေးကိုပွတ်ရင်း တတွတ်တွတ် ဆု တောင်းနေတော့ ၏။
နွေရာသီ ကျောင်းရက်ရှည် ပိတ်ခဲ့သည်မှာ ယနေ့နှင့်ဆိုပါက ဆယ်လေးငါးရက်မျှ ရှိခဲ့ပြီဖြစ်၏။ သူ့မေမေ မှာလည်း ထမင်းမရောင်းတော့ဘဲ မူလအတိုင်း ပါးစပ်ပွဲစားအဖြစ်သာ စခန်းသွားနေသော ကြောင့် အတာ တွင် အချိန်ပြည့်အားနေ၏။ အားနေသည့်အလျောက် သူငယ်ချင်းများ ဆွဲရာပါပြီး ရယ် စရာ ထိုင်ပြောလိုက် ကစားလိုက်ဖြင့် အချိန်သည် ကုန်မှန်းမသိ ကုန်နေခဲ့သော်လည်း ကျန်သေးသည် ရက်အားများအတွင်း၌ မည်သည့်အရောင်းအဝယ် တစ်ခုခုလုပ်လျှင် ဝင်ငွေဖြောင့်လေမည်နည်းဟူ၍ ကား အတာ အမြဲ စဉ်းစားလျက်ရှိ၏။
ယနေ့သော် သူ အိပ်ရာမှ နိုးနိုးချင်း အကြံတစ်မျိုး ရလာ၏။ သို့စိတ်ကူးကလေး ပေါက်လာသည်ဆိုလျှင် ပင် အတာလည်း သူ့ဆရာမကြီးပေးသည့် ငွေတစ်ဆယ်အနက်မှ ကျစ်ကျစ်ကလေးစုထားသဖြင့် ကျန်နေ သော ငွေကလေးသုံးကျပ်ခွဲကို သူ ဝှက်ထားသည့် ဝရန်တာ ကြွက်လျှောက်ပေါ်မှ တက်ယူကာ ၂၆ လမ်းထဲ သို့ ခပ်သုတ်သုတ် လှမ်းဝင်သွားတော့၏။
နို့ဆီ၊ ထောပတ်၊ မုန့်သေတ္တာ၊ သကြားလုံးစသော စည်သွပ်ကုန်များရောင်းသည့် ၂၆ လမ်းထဲမှ ဆိုင် တစ်ဆိုင် ဝင်ကာ အတာလည်း သကြားလုံးမျိုးစုံနှင့် တော်ဖီ၊ ချော့ကလက်များကို တပွေ့တပိုက်ဝယ်၍ ထွက်လာ ခဲ့၏။ တစ်ဖန် မောင်ခိုင်လမ်း (ယခု ဗိုလ်ရွှဲလမ်း) ထိပ်ရှိ တရုတ်ကုန်စံဆိုင်သို့ သွားပြန်ကာ သူ ဝယ်နေကျဖြစ်သော ချိုချဉ်သီးနှံယိုကလေး များလည်း ထိုက်သလောက် ဝယ်ခဲ့ပြန်၏။
အိမ်ရောက်သည်နှင့် သူကောက်၍ သိမ်းထားခဲ့သော ပဒုမ္မာအုပ်ထည့်သည့် ကတ်ထူသေတ္တာကြီးတစ်ခု ကိုထုတ် ၍ ဘေးပတ်လည်ရှိ ထောင့်ချိုးကလေးများကို ထုတ်ပစ်လိုက်၏။ ညီညီစန့်စန့် နှင့် အောက်ခံ ရော အဖုံး ပါ ကတ်ပြားပြန့်ပြန့် ၂ ချပ်ဖြစ်လာသောအခါ အတာသည် ခဲတံ တစ်ချောင်းနှင့် မျဉ်းကွက်ချ လိုက်၏။ နောက် တစ်၊ နှစ်၊ သုံး၊ လေး စသဖြင့် အင်္ဂလိပ်ဂဏန်းများရေးကာ အမှတ်စဉ် တပ်လိုက် သည်၌ တစ်မှ ဆယ့်နှစ်အထိ အကွက်ကလေးပေါင်း နှစ်ဆယ့်နှစ်ကွက်ဖြစ်လာ၏။
ထိုနောက်တစ်ဖန် ကော်ပီစာအုပ်ထဲမှ စာရွက်လွတ် လေးငါးရွက်ဆုတ်ယူကာ ဂဏန်းခပ်သေးသေးဖြင့် တစ် နှစ် သုံး လေး ရေးရပြန်၏။ ပြီးလျှင် သူ့လုံချည်စုတ် တစ်ထည်ကို ဆွဲထုတ်လာပြန်ကာ အပ်၊ အပ် ချည်၊ ကတ်ကျေး တို့ဖြင့် အတန်ကြာအောင် အလုပ်ကလေး ရှုပ်ထွေးနေပြန်၏။ သို့နှင့် နာရီဝက်သာသာ ကြာသော် တစ်ထောင်ခန့်သာသာ အိပ်ကလေးတစ်လုံး ဖြစ်လာတော့၏။
ထိုကိစ္စအပြီး တွင် ဝယ်လာသော သကြားလုံးမျိုးစုံနှင့် ချိုချဉ်ယိုများကို အထုပ်ဖြေလျက် သံဘူးလွတ်များ ထဲတွင် ထည့်တန်သည်ကို ထည့်၍၊ စက္ကူငယ်ငယ်နှင့် အထုပ်သေးသေး ထုပ်တန်သည်ကို ထုပ်ကာ၊ နောက်ထပ် တစ်နာရီသာသာလောက် အလုပ်ရှုပ်နေပြန်၏။
ကျေနပ်လောက်သည်အထိ အစစပြီးစီးသွားမှပင် အတာလည်း သူတကုတ်ကုတ်နေသော ပစ္စည်း များ နှင့်အတူ စက္ကူကတ်နှစ်ခုကို ချိုင်းတွင်ညှပ်၍ အိမ်တံခါးသော့ပိတ်ပြီး အပေါ်ထပ်မှ ဆင်းလာခဲ့၏။
သူတို့ကစားနေကျ နေရာဖြစ်သော ကုန်ဂိုဒေါင် တစ်ခုရှေ့ စီးကရက်ဘူးခွံများဖြင့် ဒိုးပစ် ကစားနေကြ သော အတာ့ သူငယ်ချင်းများလည်း အတာ့ကိုမြင်လိုက်သည်နှင့် အပြေး အလွှား ရောက် လာကြသော၊ အတာကလေး တစ်ပွေ့တစ်ပိုက်ဖြင့် သယ်လာသော ပစ္စည်းများကို ဝိုင်းဝန်းကူညီ သယ်ယူ သွားကြ၏။
ကြိုတင် မှာကြား အသိပေးထားခဲ့၍လောမသိ။ မြန်မာကလေးငယ်များက အတာ့ပစ္စည်းများ ဝိုင်းသယ် သွားချန် ၌ ကုလားနှင့် တရုတ်ကလေးများကလည်း ဂိုဒေါင်ရှေ့တွင် စီတင်ထားသော ထင်းရှူးသေတ္တာ ပုံထဲ မှ အရွယ်တော်သေတ္တာနှစ်လုံး ကို ချကာ ပလက်ဖောင်းပေါ်တွင် မျက်နှာချင်းဆိုင် စီထားလိုက်ပြီး အတာတို့ ရောက်အလာ ကို ဝမ်းမြောက်ဝမ်းသာ မျှော်နေကြ၏။
သို့ အတာ့သူငယ်ချင်းများ၏ဝိုင်းဝန်းကူညီမှုကြောင့် နာရီဝက်လောက်အတွင်းမှာပင် ပိုက်ဆံ တစ်ပြား ပေး ၍ မဲလိပ်နှိုက် ရသော ကလေးကြိုက် ချိုချဉ်ဆိုင်ကလေးတစ်ဆိုင် ဖြစ်သွားတော့၏။
"အတာ ငါအရင်ဈေးဦးဖောက် မယ်ကွ၊ ရော့"ဟု မောင်မောင်က ပိုက်ဆံတစ်ပြား လှမ်းပေးလိုက်သည် တွင် ဘဆွေ ကလည်း အားကျမခံ
"ငါအရင်ကွ၊ ငါ အစထဲက ပြောထားတာ"ဟု သူ့ထက်ငါဦး အလုအယက် ပိုက်ဆံပေး နေပြန်သော ကြောင့် "ကဲပါကွာ၊ မင်းတို့နှစ်ယောက်စလုံး ပြိုင်တူပဲ နှိုက်ပေါ့၊ ဟုတ်လား"
သို့လျှင် အတာက မျှမျှတတ ဖြန်ဖြေလိုက်မှ "ကဲ ပေးကွာ၊ နှိုက်မယ်"ဟု မောင်မောင်ရော ဘဆွေ ပါ ကျေကျေနပ်နပ် သဘောတူလိုက်ကြ၏။
အတာလည်း ပိုက်ဆံနှစ်ပြားကို ဈေးဦးပေါက်ခေါက်သလို ဇယားကွက်ချထားသည့် ကတ်ထူပြား တွင် ခေါက်လိုက်ပြီးမှ သူ့လုံချည်စုတ်ဖြင့် ချုပ်ထားသော မဲလိပ်အိတ်ကို တဆတ်ဆတ်နှင့် နှံ့သွားအောင် လှုပ်နေ၏။
"ကဲ ရော့၊ နှိုက်ကြ"
မောင်မောင်နှင့် ဘဆွေလည်း ပြိုင်တူပင်နှိုက်၍ မဲလိပ်တစ်ခုစီ ကောက်ယူကာ အသီးသီးဖြေကြည့် လိုက်သည်၌
"ခြောက်ကွ"
"နံပါတ်ရှစ်ကွ"
သို့အော်၍ ရေရွတ်လိုက်သော အသံနှင့်အတူ နှစ်ယောက်စလုံးပင် ၆ နှင့် ၈ ဂဏန်းဆီသို့ အသီးသီး မျက်လုံးရောက်သွားကြ၏။
"ကဲ ယူဟေ့၊ နံပါတ်ခြောက် မောင်မောင်က လိမ္မော်မွှာ ၄ ခု၊ နံပါတ်ရှစ် ဘဆွေက ကြဇုသီး ၃ လုံး" ဟု ပြောရင်း အတာက ကောက်ယူပေးလိုက်သည်ကို
"ကွာ နံပါတ်တစ် ဆို ပွမှာပဲ၊ တစ်မတ်တန် သကြားလုံးပုလင်းကြီး"ဟူ၍လည်းကောင်း
"အေးကွာ၊ အနည်းဆုံး နံပါတ်သုံး ဆိုတာတောင် နှစ်ပြားတန် ရမှာကွ နော်"
သို့လျှင် ဘဆွေနှင့် မောင်မောင် တို့က တက်တခေါက်ခေါက်နှင့် အားမလို အားမရပြောနေကြစဉ် အခြားသော အတာ့သူငယ်ချင်းများလည်း
"နေဦးဟေ့ အတာ၊ ငါလဲ ပိုက်ဆံသွားယူမယ်၊ အေးကွ၊ ငါလဲ တို့အမေဆီ သွားတောင်းခဲ့မယ်"
သို့ပြောရင်း ပြန်သူက ပြန်သွားကြ၏။ ဘဆွေနှင့် မောင်မောင်ကမူ ခပ်လှမ်းလှမ်းတွင် ကစားနေကြ သော သုံးလေးငါးနှစ် အရွယ် မြန်မာ၊ တရုတ်၊ ကုလား လူမျိုးစုံကလေးများကို အပြေးအလွှား သွား ရောက် ဆွဲခေါ်လာကြ၏။
"ဟေ့ ဒီမှာကြည့်စမ်း၊ တစ်ပြားနဲ့ နံပါတ်ဝမ်းပေါက်ရင် တစ်မတ်တန် သကြားလုံးပုလင်းကြီး ရမယ်၊ နံပါတ်တူး ဆိုရင် ငါးပြားတန် ချောကလက်ရမယ်၊ နံပါတ်သရီးဆိုရင် တော်ဖီနှစ်ပြားဖိုးတန်ရမယ် ဟုတ် လား၊ သွား အိမ်ပြန် ပိုက်ဆံတောင်းခဲ့"
မောင်မောင်နှင့် ဘဆွေ တို့က မြန်မာလိုတစ်မျိုး၊ ကုလားလိုဖြင့် တစ်ဖုံ သို့လျှင် ဝါဒဖြန့် လိုက်သော ကြောင့် မကြာမီပင် အတာ့ ချိုချဉ်ထီဆိုင် ကလေးမှာ ကလေးများဖြင့် မြိုင်နေတော့၏။
ဆက်ရန်
.

No comments:
Post a Comment