ဝမ်းသာအားရပြောနေရင်း ကပင် အတာလည်း ဆရာမအနီးသို့ ကပ်လာကာ တစ်စုံ တစ်ရာ ပြောလိုဟန် ဖြင့် ပါးစပ်တပြင်ပြင် ဖြစ်နေ၏။ သူ့ပြောချင်သည်မှာ ဤစားပွဲကလေး ရသည့် အတွက် ဆရာမ အား အဘယ်မျှ ကျေးဇူးတင်သည် ဟူ၍ပင် ဖြစ်သော်လည်း သူ့တွင် စကားလုံး ရှာမရ သလို မချင့်မရဲ ဖြစ်နေ ရှာ၏။
နောက်ဆုံး ၌ အတာ ဘာမျှ မပြောတော့ဘဲ ဆတ်ခနဲထိုင်ကာ ဆရာမအား ဦးသုံးကြိမ်ချ လိုက်တော့၏။ ဆရာမ တွင်လည်း သူတစ်ထူး ၏ ကောင်းကျိုးကို ဆောင်ရွက် လိုက်ရ သဖြင့် တစ်ဖက်းသား၌ အူမြူးသွား သလို သူသည်လည်း ကြည်ကြည်နူးနူး ၀မ်းမြောက် သွားကာ ထိုထိုအရသာကို မျက်ရည် တလည်လည် ဖြင့် ခံစားနေမိတော့။ ကို ဆက်ဖတ်ရန်...........
ထိုနေ့မှစ၍ အတာလည်း သူ့ချိုချဉ်ဆိုင်ကလေးကို သူအတန်းထဲတွင်ပင် သူဖွင့် ၍ ရောင်းခဲ့ရာ ၌ ကောင်းကောင်းကြီး ၀င်ငွေဖြောင့်ခဲ့၏။ အကယ်၍သာ နံနက်ပိုင်း၌ ၈နာရီခွဲလောက်မှစ၍ ရောင်းနိုင်ခဲ့ လျှင် ယခုထက် ပို တွက်သားကိုက်စရာ ရှိ၏။ ယခုပင် တစ်နေ့တစ်နေ့ အတာရောင်းရသည်မှာ ငါးမူးဖိုး ထက် မလျော့သောကြောင့် အသားတင်အမြတ်သည် တစ်မတ်ခန့် ဖြစ်၏။
နေ့လယ် ကျောင်းလွှတ်လိုက်သည်နှင့် သူ့တွင် ချိုချဉ်ထုပ်ကလေးများ ရောင်းရန် တာဝန်ရှိနေသော် လည်း အတာ သည် သူ့ဆရာမအတွက် ဆောင်ရွက်ရမည့် ၀တ္တရားကို အပျက်မခံ။ ချိုချဉ်ပုံးကို ရာမာ၊ ချစ်အောင် တို့နှင့် အပ်နှံထားခဲ့ပြီး
"မမ ဒီနေ့ ဘာစား မလဲ" ဟူသော မေးခွန်းကလေးနှင့်အတူ သူ့ဆရာမထံ အမြဲ ရောက်လာလေ့ ရှိ၏။
"သွားပါ အတာရယ်၊ မင့်မုန့်ပဲ မင်းသွားရောင်းပါ၊ မမ ဒီပြင်လူကို ခိုင်းပါ့မယ်"
သို့သော် အတာ က မလှုပ်၊ ငုတ်တုတ်ပင် ရပ်နေရာမှ
"ကိစ္စ မရှိပါဘူး မမရဲ့၊ ဟိုမှာ ရာမာတို့ ရောင်းပေးနေပါတယ် မမ၊ ဘားစားမလဲ ဟင် ပြောပါ၊ ကျွန်တော် မှာပေး ပါ့မယ်" ဟု မရမကပြောနေမှပင် ဆရာမတွင် မနေသတော့ဘဲ အတာကိုသာ မုန့်မှာခိုင်းလိုက် ရတော့၏။
"ဟေ့ အတာ၊ မင်းက မနက်ကို စောစောလာပါလားကွ၊ ဒီထက်ပိုပို ရောင်းရမှာဆရာ၊ မနက်မနက် ကျရင် လာ လာဝယ်ကြတယ်ကွ၊ မင်းကလဲ မင့်စားပွဲကို သော့ခတ်ခတ်ထားတော့"
"အေး ငါဥာဏ် ရပြီ ရာမာ၊ ငါ့ဆီမှာ သော့တစ်ချောင်း အပိုရှိတယ်ကွ၊ အဲ့ဒါ မင်းယူထား၊ မနက် မင်းစောစော ရောက်တဲ့ အခါ မင်းပဲ ထုတ်ရောင်းထားပေါ့ကွာ နော်၊ နောက်ပြီး မင်းလဲ စားချင်တာ ယူစား" "မစားချင်ပါဘူး ကွာ၊ မင်းက ဆင်းရဲတယ် မဟုတ်လား"
ထိုစကား သည် သင်္ဘောကြီး ကူလီလုပ်နေသော ဂေါ်ရင်ဂျီကုလား၏ သားက တစ်နေ့ဝင်ငွေ ဆယ့်ငါးကျပ် မျှ ရှိသော မြန်မာထမင်းသည်၏သားကို ပြောလိုက်သောစကး ဖြစ်၏။
"မင့်ဟာတွေ ငါတို့ ၀ိုင်းရောင်းပေးတဲ့အခါလဲ တစ်ထုပ်ယူ စားရင်း တစ်ပြားမင့်ဘူးထဲ ထည့်လိုက်တာပဲ"
"အေးကွ၊ ဒါဖြင့် ရော့ ဒီသော့တစ်ချောင်း မင်းယူထားရာမာနော်" လောက် ပို၍ ရောင်းခဲ့ရသည်ဖြစ်ရာ အမြတ်ကလေး ကလည်း တစ်နေ့တစ်မူးလောက် ပို၍ ၀င်လာ၏။ သို့ဖြင့် နေ့စဉ်ရောင်းရငွေအနက် တစ်ဝက် မျှကိုသာ လိုအပ်သော ချိုချဉ်များ ပြန်ဝယ်လျက် ကျန်တစ်ဝက်ကိုမူ သူစု၏။ ထိုစုငွေကို အိမ်သို့ ယူ မသွားဝံ့။ သူ့မေမေရန် ကြောက်ရသည်သေးအတိုင်း သူ့ဆရာမထံတွင် နေ့စဉ် မှန်မှန်အပ်၏။
သို့နှင့် ၇ရက်ခန့်ကြာသော နေ့တစ်နေ့၏ ကျောင်းလွှတ်ချိန်တွင် အတာလည်း မူးစေ့ကလေး သုံးစေ့ကို ကိုင် ၍ ဆရာမထံ ကပ်သွားပြီး "ကျွန်တော် မမကို ပေးထားတာ တစ်ကျပ်နဲ့ ခြောက်မူးရှိပြီနော်၊ ရော့ မမ ခု သုံးမူး၊ အဲဒီတော့ နှစ်ကျပ် ပြည့်ရော့"
အတာလည်း စကားကို ဤတွင် ဖြတ်လျက် သူတွက်ပုံ ဟုတ် မဟုတ် စဉ်းစားသလို တွေနေ၏။ ဆရာမ တွင်လည်း အတာ ဤသို့ ပိုက်ဆံအပ်သည်မှာ ဘာအတွက်ဟူ၍ ရိပ်မိနေပြီဖြစ်သည့်အလား အလွန့် အလွန် စိတ်မကောင်းဖြစ်သွားသော အမူအရာဖြင့် တွေကြည့်နေစဉ်မှာပင်
"အဲဒီနှစ်ကျပ် ကို ကျွန်တော် ပေးစရာရှိတဲ့ ကျောင်းလခ"
"အတာ မင်းလိမ္မာလှချည်လား အတာရယ် ဟင်၊ မင်း မင်း ငါ့မောင်လေးပဲ ဖြစ်လိုက်ပါတော့"
ဆရာမလည်း အတာ့စကားမဆုံးမီပင် သို့လျှင် ဖြတ်ပြောရင်း အတာ့ ပါးကလေးနှစ်ဖက်ကို လက်ညှိုး လက်မနှစ်စုံဖြင့် ကိုင်ဆွဲလှုပ်ခါနေပြီး
"အေး အေး၊ ဒီနှစ်ကျပ်ကို ကျောင်းလခဆိုပြီး တီချာကြီးကို မမ ပေးလိုက်မယ်နော်၊ မနက်ဖြန်မှ လက်မှတ် ယူ ဟုတ်လား" "ဟုတ်ကဲ့ မမ"
နှစ်ပြားနှင့် ၀နိုင်သော ခေါက်ဆွဲကြော်သည်ရှိပါလျက်နှင့် စားချင်ချင်ရှိ၍ လက်သုတ်တစ်ပဲဖိုးစားမိပြီးမှ ထိုနှစ်ပြားနှင့် တစ်ပဲ၏ ခြားနားချက်ကို တွေးမိလျက် အတာသည် စွေ့စွေ့ခုန်မတတ် နှမြောသွားဖူး သလောက် ယခု ထိုခြားနား ချက် နှစ်ပြားထက် အဆပေါင်းများစွာ ပိုနေသော (၀ါ) သူ့အဖို့၌ တရင်း တနှီး ဖြစ်သော ငွေနှစ်ကျပ်ကို ကျောင်းလခအဖြစ် ပေးလိုက်ရာ၌မူ အတာတွင် နှမြောတွန့်တို စိတ် လုံးဝ မရှိ။ ကျေကျေနပ်နပ် သာမက သို့ပေလိုက်သည့်အဖြစ်ကိုပင် အတာသည် ၀မ်းသာ အားရ ဖြစ် သွားချေသေးတော့ ၏။
အရပ်ထဲရှိ ဘဆွေ၊ မောင်မောင်၊ စိုးမြင့် အစရှိသော သူငယ်ချင်းများနှင့် ခံစားခွင့်ကြုံခဲ့သည့် တစ်နေ့၌ အတာ သည် သူ၏ အောင်မြင်ခြင်းကို ဂုဏ်ယူသောအားဖြင့် သူ့သူငယ်ချင်းများအား ချိုချဉ်ရောင်းသည့် ကိစ္စ ကို ပြောပြရာတွင် "ဟာ မိန်းကလေးတွေကိုလဲ ရောင်းတာပဲလားကွ၊ ဟင်"
"အို ဈေးရောင်းတာပဲကွာ၊ ဘယ်သူဝယ်ဝယ် ရောင်းတာပေါ့"
"ဟင် မင်း မရှက်ဘူးလား" ဟု ဘဆွေက တအံ့တသြ မေးလိုက်သည်ကို အတာက ပြုံးပြရင်း
"သူများပစ္စည်းခိုးတာမှ မဟုတ်ဘဲကွာ"
တိုတိုတုတ်တုတ်ပင် အတာက အဖြေပေးလိုက်၏။
နောက်တစ်ကြိမ် ပေးရတော့မည်ဖြစ်သော ကျောင်းလခရက်သည်လည်း မဝေးတော့သည့်အတိုင်း အတာ လည်း ရောင်းရငွေထဲမှ နှစ်ကျပ်ပြည့်သည်အထိ ဆရာမအား ပေးအပ် စုဆောင်းထားလိုက်၏။
ထို့ နောက်ပိုင်း ရက်များတွင်မူ သူစုစရာ မလိုတော့သည့်အတိုင်း ရောင်းရသမျှ ပိုက်ဆံ ကလေး များဖြင့် ကျောင်းသားကြိုက် စားစရာကလေး ချော့ကလက်၊ တော်ပီ၊ သကြားလုံး စသည့် ကျောင်းသားကြိုက် စားစရာကလေးများပါ ၀ယ်၍ ရောင်းခဲ့၏။ ကုသိုလ်ကံ ကလေး လိုက်နေ၍လော မသိ။ အတာ ဘာလုပ် လုပ် ဟန်ကျနေ၏။ သူကလည်း လောဘမကြီး၊ လိမ္မော်မွှာ သကြားလုံး ကို ကုလားက တစ်ပြားသုံးမွှာ ပေးက အတာ လေးမွှာပေး၏။
ပစ္စည်းလည်းပို၍ အတာကလေးကိုလည်း သနားကြသောကြောင့် အတန်းကြီး မှ ကျောင်းသူ ကျောင်းသား ကြီး များပင် အတာ့ထံမှ မှန်မှန်ဝယ်စားလေ့ ရှိကြ၏။ အထူးသဖြင့် အတန်းကြီး ကျောင်းသူ များသည် အတာရောင်းသော ချင်းခြောက်ကို အကြိုက်ဆုံး ဖြစ်၏။ အတာ ကလေး မောင်ခိုင်လမ်း (ယခု ခိုလ်ရွဲလမ်း) တွင်နေ့ခဲစဉ်က သူ့မမသက်တို့ စားလေ့ရှိသည့်အတိုင်း ချင်းခြောက် ကို လက်သန်း ဖျားလောက် ခပ်ပါးပါးလှီးကာ လျက်ဆားဖြင့် နယ်ကာ အတာက တစ်နည်း တစ်မယ် ထွင်ရောင်း ခဲ့သောကြောင့်လည်း ဆရာမများကပင် မနေနိုင်။ ကျောင်းသူကြီးများ၏ သတင်းပေးချက် အရ မကြာခဏ ၀ယ်စားကြရသည်အထိ အတာ့ ချင်းခြောက်သည် ကျောင်းတွင် နာမည်ကြီးနေ ၏။
ဤလိုနှင့် တစ်လခန့်ကြာသော် အတာ့ကံဇာတာသည် စိတ်ပျက်စရာ ညှိုးနွမ်းလာတော့၏။ သူ အရောင်းအ၀ယ် ကောင်းသလောက် ၀င်ငွေကလေးဖြောင့်ခဲ့သည်နှင့်အမျှ ကျောင်းနှစ်လခပေး၍ အ၀တ်အစား ကလေးပါ ငါးကျပ်ဖိုးလောက် ၀ယ်နိုင်ခဲ့သည့်ပြင် ချိုချဉ်မျိုးစုံနှင့် ချော့ကလက် အစ ရှိသော ရောင်းကုန်ကလေးများမှာလည်း လေးငါး ရှစ်ကျပ်ဖိုးလောက် သူ့စားပွဲနှင့် အတောင့် ရှိနေပြီ ဖြစ်၏။
တစ်နံနက်သော တနင်းလာနေ့တွင် စောစောရောက်လာသော ရာမာ လည်း မုန့်များ ကူရောင်းပေးရန် အတာ့စားပွဲ ကို ဖွင့်မည်ဟု ကြည့်လိုက်သည်နှင့် ခတ်ထားသော သော့ခလောက် မရှိတော့ ဘဲ သော့ခတ်ပတ္တာ ပါ ပျက်နေသည်ကို တွေ့ရသောကြောင့် ရာမာလည်း ထိတ်ထိတ်ပျာပျာနှင့်ပင် အဖုံး ကို မကြည့်လိုက်၏။
ချော့ကလက်၊ တော်ဖီ၊ ပုလင်းများနှင့်တကွ ချိုချဉ်ထုပ်ထည့်သော ပုလင်း များပါ ဘာတစ်ခုမျှ မရှိတော့ ဘဲ တက်တက်စင် ပြောင်နေသည်ကို တွေ့ရသည်နှင့် ရာမာတွင် ဘာလုပ်ရမည်မသိအောင် အကြောင် သား ငေးနေမိ၏။
"ဟေ့ကောင် ရာမာ၊ ဘာငိုင်နေတာလဲကွ"
ထိုအသံကြား မှပင် ရာမာ လှုပ်ရှားလာပြီး ၀င်လာသော အတန်းသားနှစ်ယောက်အား အရေးတကြီး လှမ်းခေါ်ပြီး ဖြစ်ပုံပြောပြ လိုက်ရင်း
"အဲဒါ မင်းတို့သက်သေရှိတယ် ချစ်အောင်၊ ငါလဲ ခုပဲရောက်လို့ ကြည့်လိုက်တော့ အဲသလို ပဲ တွေ့ရတယ်ကွ၊ အတာလာရင် ဘယ်လိုပြောမလဲ စံဝင်းဟင်" ဟု ရာမာတွင်လည်း မျက်စိပျက် မျက်နှာ ပျက်နှင့် ချစ်အောင်နှင့် စံဝင်းကို တစ်လှည့်စီ ကြည့်ရင်း ပြောနေ၏။
"ဒီအတိုင်းပဲ ပြောပေါ့ကွာ၊ ငါတို့လဲ သက်သေရှိသားပဲ၊ ဒါ ဘာမှမဟုတ်ဘူးကွ၊ တံမြက်စီးလှဲတဲ့ ကုလားတွေ ခိုးတာဖြစ်မှာပဲ" ဟု စံဝင်းက ထင်မြင်ချက်ပေး၏။
"အေးကွ ဒီကုလား မဟုတ်ရင် ဒရ၀မ့်ကလေးတွေယူမှာပဲ" ဟူ၍လည်း ချစ်အောင်က မှတ်ချက်ချပြန်၏။
အတာတို့ စာမေးပွဲကြီးလည်း ပြီးစီးခဲ့လေပြီ။ နွေရာသီ အတွက် လည်း ကျောင်းပိတ် လိုက်ပြီဖြစ်သော ကြောင့် ထိုအားလပ်ရက်များတွင် အခြားသော ကလေးများ ကဲ့သို့ ပျော်ပျော်ကြီးကစားရန် စိတ်မကူး နိုင်။ ထိုရက်များအတွင်း၌ မည်သို့မည်ပုံ ၀င်ငွေရအောင် ရှာ ရမည် ကိုသာ တွေးနေခဲ့၏။
မသိန်းမေမှာမူကား စီးပွားလမ်းဖြောင့်သလောက် ကောက်ရသလို ၀င်နေသော ၀င်ငွေများကို ၃၆ကောင်နှင့် မြင်းပွဲသို့သာလျှင် မှန်မှန်ကြီးပို့နေတော့၏။ သူ ထမင်းဆိုင် စ၍ ထွက်ခဲ့သည်မှ ယခု လေးငါးလအတွင်း၌ ရရှိမြတ်စွန်းခဲ့သော ငွေများကိုသာ သိုသိုသိပ်သိပ်ဖြင့် စုဆောင်း ထားတတ် ခဲ့မူ ထောင့်လေးငါးရာမျှပင် ပိုက်မိစရာရှိ၏။
ယခုသော်မူ စုမိရန်ဝေးစွ၊ အကြွေးများပင် ပတ်ပတ်လည်ဝိုင်းနေပြီ ဖြစ်၏။ ရသမျှ ၀င်ငွေကို မြင်းလောင်း၊ ၃၆ကောင်ထိုးဖြင့် အမျိုးမျိုး ဖြုန်းတီးနေခဲ့ပြီး ဟင်းလျာအတွက် ကြက်၊ ဘဲ၊ သားငါးများကို မူကား အကြွေး ယူချက်ပြုတ်ခဲ့၏။ ဤနည်းဖြင့် ဆန်ကြွေး၊ ဆီကြွေး၊ မဆာလဖိုးကအစ အကြွေး ပတ်လည် ၀ိုင်းနေခဲ့သည်တိုင်အောင် အလောင်းအစားကိုကား မလျှော့၊ ကစားမြဲ၊ လောင်းမြဲပင် ရှိနေ သေး၏။
ကစားသမားတိုင်းလိုလိုပင် ဥာဉ်ဆိုးတစ်ခု ရှိ၏။ ပထမအကြိမ် ငွေငါးကျပ်လောင်းလိုက်၍ ရှုံးသွားလျှင် ဒုတိယအကြိမ် ထပ်မံလောင်းသောအခါ၌ ပထမ ရှုံးသွားသော ငွေငါးကျပ်ကိုပါ ပြန်ရစေရန် တစ်ချီ တည်းနှင့် တစ်ဆယ်ဖိုးမျှ လောင်းကစားတတ်၏။ ထို့အတူ မသိန်းမေသည်လည်း ယခင် တစ်ပတ်က နှစ်ဆယ်လောက် ရှုံးထားလျှင် ယခုတစ်ပတ်၌ သုံးလေးဆယ်ဖိုး ကစားတတ်၏။ ရှုံးထားသည့်ငွေ က များခဲ့သလောက် နောက်ထပ်ငွေများများနှင့်လိုက်၍ လောင်းခဲ့ရာတွင် အနိုင်မထွက် အရှုံးနှင့် သာလျှင် ချာချာလည်လျက် ရှိပြီး နောက်ဆုံး၌ ဆန်၊ ဆီ၊ ဆား သားငါးကြွေးသာလျှင် တဖြည်းဖြည်း ထူလာတော့ ၏။
ကြာသော် မည်သူကမျှ ကြွေးမပေးတော့ဘဲ ရုတ်တရက် ရပ်ပစ်လိုက်ကြသောကြောင့် မသိန်းမေ အကျပ်ကျ သွားကာ နောက်ဆုံး ထမင်းဆိုင်ပါ ဖြုတ်ပစ်လိုက်ရသည်အထိ အခြေအနေ ဆုတ်သွားတော့ ၏။
"အင်း ခုလို ငွေများများနဲ့ အရင်းထောင်ပေးလိုက်တာဟာ နောက်ဆုံးကျတော့ ကြွေးများများ ထူလာ အောင် လုပ်ပေး လိုက်သလို ဖြစ်နေပြီကော"
ကိုထွန်းအောင်တွင်လည်း ဤလို ရေရွတ်ရင်း စိတ်မောသွားသည်မှအပ အခြား ဘာတစ်ခွန်းမျှ အဆိုး အကောင်း မဝေဖန်ဘဲ ခပ်အေးအေးပင် ငြိမ်နေလိုက်တော့၏။ စင်စစ် ကိုထွန်းအောင် မသိ၍မဟုတ်၊ မသိန်းမေ၏ အလောင်းအစား ၀ါသနာကို ကောင်းကောင်းကြီး သိ၏။ သို့သော် ဆိုင်ပြုတ်လောက် အောင်ကား လုပ်လိမ့်မည်ဟု သူ မထင်ခဲ့ဘဲ ပိုသောအမြတ်ငွေမျှဖြင့် ကစားသော် ကစားစေ၊ ယခု အခြေအတိုင်း မှန်မှန်နေသွားရလျှင် ကျေနပ်ဖွယ်ပင်ဟု တစ်စုံတစ်ရာ ဘာမှ မပြောဘဲ နေခဲ့ခြင်း ဖြစ်၏။ ယခု ဆိုင်ပြုတ်မှ ထိုအရှုပ်ကို သိလိုက်ရသည်၌လည်း နားအေးအေး နေတတ်သူလည်းဖြစ်၊ ပြော၍ လည်း အကြောင်းထူးတော့မည် မဟုတ်သည့်အတိုင်း သူကပင်လျှင် ကြွေးရှင်များအား ထိုက်သလောက် ဆိုင်းရန် အစေ့အငှလိုက်၍ တောင်းပန်ခဲ့ချေသေး၏။
အတာ့စိတ်ထဲ၌မူ သူ့မေမေ ထမင်းဆိုင်ပြုတ်သွားသည်နှင့် ပတ်သက်၍ ၀မ်းနည်းသွားသလိုလို သူ့ မေမေအား သနားသွားသလိုလိုလည်း ဖြစ်မိ၏။ ထမင်းဆိုင် မရှိတော့သဖြင့် သူ့တွင် အိပ်ချိန် ကစားချိန် ကလေး မှန်မှန်ရတော့မည် ဖြစ်သည့်အတိုင်း ပျော်သလိုလိုလည်း ရှိ၏။
စင်စစ် အဆိုးမဆိုသာ။ မသိန်းမေ ၀င်ငွေအဘယ်မျှ ကောင်းသည်ဖြစ်စေ အတာ့အဖို့ လုံးဝ အကြောင်း မထူးခဲ့။ ဟင်းမျိုးစုံ အမယ်မယ်နှင့် မြိန်စဖွယ် ရောင်းခဲ့သည့်တိုင်အောင် အတာတွင်ကား အကြွင်းနှင့် အကျန် ခြေထောက်ရိုးနှင့် အတောင်ပံ ကလွဲ၍ ကြက်အသည်း ဆိုသည်မှာ ချိုသလား ဟူ၍ ပင် လျှာဖျားနှင့် မထိခဲ့ရ။ ပြောလျှင်ပင် ယုံနိုင်စရာမရှိ။ အမိအရင်းခေါက်ခေါက်ဖြစ်ပါလျက်လည်း
"မေမေ၊ ကျွန်တော့်ကို အမဲသားကြော် တစ်တုံးလောက်ပေးပါနော်၊ ကျောင်းမှာ ခေါက်ဆွဲကြော်နဲ့ စားချင် လို့"
"ဘာပြောတယ်၊ ဈေးဦးဈေးဖျားကြီးကို"
တစ်ခါမျှ အတာတောင်းသည် ကို ထိုတစ်ခါပင် ဤလို ငေါက်လိုက်ဖူးသောကြောင့် အတာ နောက်ထပ်၍ မတောင်းဝံ့ခဲ့။
ထိုမျှသာမဟုတ်။ မသိန်းမေ ထမင်းဆိုင်ထွက်စကတည်းက နံနက် ကျောင်းအသွားတွင် ထမင်းကို အိမ် မှာ စားသွားစေပြီး၊ မုန့်ဖိုးကိုယူမူ နှစ်ပြားသာ ပေးရန်ဟူသော စီမံကိန်းဖြင့် တစ်ပဲ လုံးလုံး ဖြတ်တောက်ပစ် ရန် ကြံစည်ခဲ့သေး၏။
"မလုပ်ပါနဲ့ဗျာ၊ နေ့လယ် ဆာတော့ ဒီနှစ်ပြားနဲ့ ဘာသွားစားမလဲ၊ ထမင်း ဆိုတာက ထမင်းချိန်မှာစားရမှ အာသာပြေ တာဗျ" ဟု ကိုထွန်းအောင်ဝင်၍ အသနာခံးမှပင် အတာခမျာ သက်သာရာရခဲ့တော့၏။
သို့ဖြစ်လျှင် မသိန်းမေ ထမင်းရောင်းရာ၌လည်းကောင်း၊ ၀င်ငွေပေါရာ၌လည်းကောင်း အတာတွင် အဘယ် သို့သော အကျိုးကျေးဇူး ရှိပါသေးတော့သနည်း။ မရှိရုံမျှသာမက နေ့မအားရ ညမအားရနှင့် ဝအောင်ပင် မအိပ်ရသော ပင်ပန်းမှုအဖုံဖုံကို စုံနေအောင် ခံခဲ့ရရှာသေး၏။ သို့တိုင်အောင် သူ့မေမေ၌ အရင်းအနှီးပြုတ် သွားပြီဟု သိလိုက်သည်နှင့် ဝမ်းနည်းလှိုက်ဖိုနှင့် အတာ မျက်ရည်ကလေး ယိုခဲ့သေး ၏။
တစ်နေ့သော နေ့လယ် ၂ ချက်တီးလောက်တွင် ကိုထွန်းအောင်လည်း အလုပ်ကလေးတစ်ခုခု ရလိုရ ငြား လှည့်လည် စုံစမ်း၍ ပြန်အလာ ဝရန်တာတွင် ထိုင်၍ ငိုင်နေသော အတာကလေးကို မြင်ရသည်နှင့်
"ဟေ့ အတာ၊ မင်း ဘာဖြစ်သလဲ၊ ဟေ မင်း ငိုထားတယ်ထင်တယ်၊ ဟုတ်လား"
ကိုထွန်းအောင် လဲ သို့မေးရင် ပက်လက်ကုလားထိုင်ကိုခင်း၍ ထိုင်လိုက်ရာမှ
"ဆိုစမ်းပါဦး၊ မင့်အမေက ဘာလုပ်သွားပြန်ပလဲ"
သို့ထပ်မေးလိုက်မှာ အတာလည်း မျက်ရည်ကလေး တလည်လည်နှင့် မော့လာကာ
"မနက်ကလဲ မုန့်ဖိုးပေးမသွားဘူး၊ ထမင်းဖိုးလဲ မရဘူး၊ ဒါနဲ့ ၁၂ နာရီင်္လောက်က ထမင်းဆာလို့ ဈေးကို လိုက် သွားတာလဲ မေမေ့ကို မတွေ့ဘူး၊ ဒါနဲ့ မနေ့ညက ကျန်တဲ့ ငါးကြော်တစ်ပိုင်းနဲ့ နံပြားတစ်ပြားဖိုး ဝယ်စားတယ် ၊ အဲဒါ ခုန မေမေပြန်လာလို့ ကျွန်တော်က ပြောပြတော့ သူမသိဘဲ ငါးကြော်ယူစားရ မလား ဆိုပြီး ရိုက်သွားတယ်"
"ဟင်း"
ကိုထွန်းအောင်လည်း သို့လျှင်သာ သက်ပြင်းချနိုင်တော့၏။ အတန်ကြာအောင် မှိုင်တွေနေမိပြီးမှ
"ခက်တယ် ကွာ၊ ခက်သမှ နည်းနည်းလေးမဟုတ်ဘူး အတာ၊ မင်းအမေတော့လား ဟင်"
ကိုထွန်းအောင် တွင် မသိန်းမေနှင့်ပတ်သက်၍ ဥပမာပေးစရာနှိုင်းယှဉ်စရာဆို၍ ကုန်သလောက်ပင် ရှိနေပြီဖြစ်၍လော မသိ။ တဟင်းဟင်းနှင့်သာ စိတ်မောနေခိုင်
"ကျွန်တော် မသိလို့ မေးပါရစေနော်"ဟု ရုတ်တရက် အတာ စကားစလိုက်သောကြောင့်
"မေးပေါ့ကွာ၊ မင်း ဘာသိချင်လို့လဲ"
"အရင် မမသက်တို့နဲပ ဘုရားလိုက်သွားတိုင်း ကျွန်တော် တရားနာတယ်၊ ဘုန်းကြီးတွေ ဟောတာ နား ထောင်ရတယ်၊ ပြီးတော့ မမသက်တို့ကလည်း ပြောတယ်၊ သူများကို မကောင်းကြံရင် ကိုယ်လဲ မကောင်းဖြစ် တတ်တယ်၊ သူများပစ္စည်း မတရားယူရင် ကိုယ့်ပစ္စည်းလဲ သူများက မတရားယူတတ် တယ်တဲ့၊ ဟုတ်လား၊ နောက်သူများကို စိတ်ညစ်အောင်လုပ်ရင် ကိုယ်လဲ စိတ်ညစ်ရတယ်တယ်တဲ့"
"အေးပေါ့ကွ ငါလဲ မင့်ကို ခဏခဏ ပြောဖူးသားပဲ မဟုတ်လား၊ အတာ"
"ဟုတ်ကဲ့၊ ပြီးတော့ သူများအပေါ်မှာ စိတ်ကောင်းထားရင် ကိုယ့်အပေါ်လဲ သူများတွေက စိတ်ကောင်း ပြန်ထားလိမ့်မယ်ဆို"
"ဟုတ်တယ်လေကွာ၊ ဥပမာဆိုပါတော့၊ မင်း လမ်းလျှောက်သွားတဲ့အခါမှာ မင်းနဲ့ရွယ်တူ ကလေး တစ် ယောက်နဲ့ ပခုံးချင်းတိုက်မိတယ်ဆိုပါတော့၊ အဲဒီအခါမှာ မင်းက မျက်စောင်းထိုးပြီး လူမိုက်ကြည့်ကြည့် ရင် ဒါမှ မဟုတ် ဟေ့ကောင် မင်း မျက်စိမပါဘူးလားကွ လို့မေးရင် သူကကော ဘယ်လိုကြည့်ပြီး ဘာ ပြန်ပြောမလဲ၊ ဟင်"
အတာ ရုတ်တရက် မဖြေနိုင်ရှိနေသည်နှင့်
"အေ သူကလဲ မင့်လိုပဲ လူမိုက်ကြည့် ပြန်ကြည့်ပြီး မင်းကော မျက်စိကန်းနေသလားလို့ ပြန်မေးမှာပဲ ကွ၊ မင်းကို သူက အဲသလိုမေးရင်လဲ မင်း ဒီလို ပြန်မေးမှာပဲ မဟုတ်လား"
အတာ လည်း ယခုမှ သဘောပေါက်သွားသလို ခေါင်းကလေးညိတ်ပြလိုက်၏။
"ကဲ ခုန ပြောသလို ပခုံးချင်းတိုက်မိတဲ့အခါမှာ မတော်လို့ပါ သူငယ်ချင်းရယ်နော်၊ စိတ်မဆိုးပါနဲ့လို့ မင်း က ရယ်ပြီး ပြောလိုက်တယ်ဆိုပါတော့၊ အေး သူကလဲ မင်းလိုရယ်ပြီး ကိစ္စမရှိပါဘူး လို့ ပြန်ပြောလိမ့် မယ်၊ အဲဒါကို အပြန်အလှန် ကိုယ်ချင်းစာကြည့်စမ်း၊ ဒီအတိုင်း မှန်သလား၊ မမှန်ဘူးလား ဆိုတာ"
"မှန် တာပေါ့၊ ကျွန်တော်ကမှ စိတ်မဆိုးတာ၊ သူကလဲ ဘယ်စိတ်ဆိုးတော့မလဲ"
"အေး အဲဒါပဲ အတာ၊ သူများအပေါ် စိတ်ကောင်းထားရင် ကိုယ့်အပေါ်လဲ သူများက စိတ်ကောင်းထား မယ် ဆိုတာ အဲဒီသဘောပဲ"
ကိုထွန်းအောင်လည်း အတာ သဘောပေါက်မှုကိုသာ ရည်ရွယ်လျက် အလွယ်ဆုံးသော ဥပမာဖြင့်ပြော လိုက်သည်ကို
"ကဲ ဒါဖြင့် ခု ကျွန်တော်ဟာ မေမေ့အပေါ်မှာ အမြဲစိတ်ကောင်းထားတယ်၊ ချစ်တယ်၊ မေမေ မျက်နှာ မကောင်း ရင် ကျွန်တော်လဲ စိတ်မကောင်းပါဘူး၊ ပြီးတော့ ကျွန်တော်ကြီးလာလို့ အလုပ်လုပ်တဲ့အခါ ပိုက်ဆံ ရရင် မေမေ့ကို အားလုံးပေးမယ်ဆို့ စိတ်ထဲမှာထားတယ်၊ ဒါပေမဲ့ မေမေဟာ ကျွန်တော့်အပေါ် ဘာပြုလို့ ပြန်မကောင်းတာလဲ ဟင်၊ သူများတွေကိုတော့ မေမေဟာ သိပ်စေတနာကောင်းတာပဲ၊ ကျွန် တော့် ကျရင် ဆဲလိုက်ဆိုလိုက်နဲ့ အကြွင်းအကျန်ကျွေးတာတောင် မသဒ္ဒါသလိုပဲ၊ အဲဒါ ကတော့ကော"
သို့လျှင် စိတ်ထဲ၌ မရှင်းမလင်းဖြစ်နေသည်ကို ဘွင်းဘွင်းကြီး မေးချလိုက်သော အတာ့စကားကိုကြား လိုက်ရသည်နှင့် ကိုထွန်းအောင်တွင် အံ့သြဝမ်းသာနှင့် ပြုံးလိုက်မိရာမှ
"အေး ငါ ရှင်းပြမယ်၊ မင်း သေသေချာချာ နားထောင်နော်။ ဟိုရှေးတုန်းက မြတ်စွာဘုရားသခင် သက် တော်ထင်ရှားရှိစဉ်အခါတုန်းက ဆိုပါတော့ကွာ၊ အင်မတန် ကြွယ်ဝချမ်းသာတဲ့ တံငါရွာ တစ်ရွာ ရှိသတဲ့ ကွ၊ အဲဒီရွာက တံငါသည်တစ်ထောင်လောက်ဟာ ဘယ်တော့ပဲဖြစ်ဖြစ် ငါးမျှားတဲ့အခါ ကွန်ပစ်တဲ့ အခါ အမြဲလိုလို ငါးတွေအများကြီးရခဲ့ပေမဲ့ တံငါသည် မိန်းမတစ်ဦးရဲ့ဝမ်းထဲမှာကလေးတစ်ယောက်လဲ ပဋိ သန္ဓေတည်ရော အဲဒီနေ့ကစပြီး တစ်ရွာလုံး ဘယ်သူမှ ငါးဖမ်းလို့မရတော့ဘူးတဲ့၊ သိလား"
"ဘာဖြစ်လို့တဲ့လဲ ဟင်"
"အေးပါကွာ၊ ခု ဆက်ပြောမှာပေါ့၊ အဲသလို တစ်ရက်လဲမဟုတ်၊ နှစ်ရက်လဲမဟုတ် ရက်ပေါင်းများစွာပဲ ငါး ဆိုလို့ တစ်ကောင်လောက်တောင် ဖမ်းလို့ မရနိုင်တာနဲ့ တံငါသည်ခေါင်းဆောင်လူကြီးတွေက ဘယ် လိုပြောသလဲ ဆိုတော့ ငါတို့ရွာမှာသိပ်ထူးခြားတယ်၊ ငါးလဲ ဖမ်းလို့မရဘူး၊ မီးလဲ ခဏခဏလောင်တယ်၊ အဲဒါဟာ ဒီရွာမှာရှိတဲ့ တံငါသည်တွေထဲက သူယုတ်မာတစ်ယောက်ယောက်ကြောင့် ဖြစ်မှာပဲ၊ ဒီ သူယုတ်မာ ကို ရှာကြစို့ဆိုပြီး တံငါသည်တစ်ထောင်ကို ငါးရာစီခွဲပြီး ငါးဖမ်းကြသတဲ့၊ အဲဒီတော့ ကိုယ်ဝန် ရှိနေတဲ့ တံငါသည်မိန်းမပါတဲ့ လူငါးရာဘက်က ငါးတစ်ကောင်မှမရဘဲ ဟိုတစ်ဖက်ကတော့ ငါးတွေ အများကြီးရသတဲ့ကွ၊ မင်း ပြောတာနားလည်ရဲ့လား အတာ"
"ဟုတ်ကဲ့ နားလည်ပါတယ်"
"အဲဒါနဲ့ တစ်ခါ ငါးဖမ်းလို့မရတဲ့ဘက်က တံငါသည်တွေက တို့ဘက်မှာ သူယုတ်မာပါတယ်ဆိုပြီး ၂၅၀ စီ တစ်ဝက်ခွဲလိုက်ပြန်ရော၊ ဒီတစ်ခါမှာလဲ ကိုယ်ဝန်အောင်တံငါသည် မိန်းမပါတဲ့ဘက်က ငါးမရပြန်ဘူး၊ ဒီလို နဲ့ တစ်ဝက်စီခွဲရင်း ခွဲရင်း နောက်ဆုံးကျတော့ အဲဒီကိုယ်ဝန်ရှိတဲ့ တံငါသည်မိန်းမ လင်မယားသာ ကျန်ပြီး သူတို့ လင်မယားမှာတော့ ဘယ်လိုငါးဖမ်းဖမ်း မရတော့ဘဲ ဒိပြင်တံငါသည်တွေတော့ ခါတိုင်း လိုပဲ ငါးတွေ ရကြသတဲ့။ နောက်ဆုံးကွာ အဲဒီကလေးကိုမွေးပြီးလို့ လေးငါးနှစ်သားအရွယ်ထိ တံငါ သည် လင်မယားရော ဒီကလေးပါ အငတ်ပြဿနာတွေနဲ့ ဒုက္ခရောက်ကြရသတဲ့။ ဒါနဲ့ သူ့မိဘတွေက မတတ်နိုင်တော့ ဘဲ ကဲ မင်းဟာမင်း တောင်းစားပေတော့ဆိုပြီး တစ်မြို့တစ်ရွာကိုပို့ပြီး ပစ်ထားခဲ့ကြသ တဲ့။ ဒီတော့မှ ပဲ ဒီကလေးရဲ့မိဘတွေလဲ အရင်ကလို ပြန်ပြီး ငါးတွေ ဘာတွေ ဖမ်းလို့ရတော့သတဲ့ကွ သိလား"
"ဒါဖြင့် မေမေ ထမင်းဆိုင်ပြုတ်သွားတာ ကျွန်တော့်ကြောင့်လား ဟင်၊ ဒီလိုဆို ကျွန်တော့်ကိုလဲ တစ် မြို့တစ်ရွာ ပို့ လိုက်ပါလား။ ကျွန်တော်" ကိုထွန်းအောင်လည်း အတာ့ပါးစပ်ကို ဆတ်ခနဲ လှမ်းပိတ်လိုက်ရာမှ "မင်း ဘာတွေလျှောက်ပြောနေတာလဲ အတာ၊ တယ်ခက်တာပဲ ဟင်း"
အလွန့်အလွန် ထိခိုက်သွားသလို ခေါင်းတရမ်းရမ်းခါရင်း ညည်းနေပြီးမှ
"မင့်အမေ ထမင်းဆိုင်ပြုတ်တာက သူ မြင်းလောင်းလို့ကွ သိလား၊ မင့်ကြောင့်မဟုတ်ဘူး၊ ဟိုတံငါ သည် လင်မယားဟာ သူတို့ရဲ့ကလေးရဲ့အကုသိုလ်ကြောင့် ငါးကိုဖမ်းလို့မရဘူး၊ မင်းအမေက ဒီလို မဟုတ်ဘဲ ပိုက်ဆံတွေ အများကြီးရှာလို့ရသားပဲ၊ မြင်းလောင်းပစ်လို့ကုန်တာ အတာရဲ့" ဤတွင်မှ မျက်ရည် တလည်လည်ဖြစ်နေသော အတာတွင် ကျေနပ်ပြုံး ပြုံးဖော်ရလာတော့၏။
ဆက်ရန်
.

No comments:
Post a Comment