ဝိဇ္ဇာပြောင် နှင့် လူသူတော် တို့၏ အလှူတော်မှတ်တမ်း
မဟာစည်ပင်မြိုင်စခန်းအမည်ရ ဧရာနန္တတောအုပ်ကြီး အတွင်းဝယ် ကိုယ့်ဟာကိုယ် ထိပ် တတာခေါင် ဖြစ်နေလေသော အာဂ အကျွန်ုပ် ဝိဇ္ဇာပြောင် သည် မိုကာလသို့ ဝင်ကာ နီးပြီဖြစ် လေသောကြောင့် ဆေး ကလေး၊ ဆားကလေး၊ ဆန်ကလေး အလှူခံရန်အလို့ငှာ လက်သုံးတော် တပည့်ကျော်ကြီး စင်စစ် ဧကံ ဖြစ်လေသော မောင်ရွှေဖားအား မဟာဖွက်ကလိကုန်း အမည်ရ ရွာကြီးဆီ သို့ စေလွှတ်ရလေ၏။

“ဒီလိုရှိတယ် မောင်ရွှေဖားရေ… ငါတို့က အစကတည်းက ငတ်မယ့်ပြတ်မယ့် နေရာမျိုး ကိုမှ ရွေးပြီးလာ နေကြတာ ဆိုလေတော့ ငတ်နေကြပြီးသားကွဲ့…။ မိုးတွင်းကာလမှာ အစာရေစာ ဆန်ကလေး၊ ဆေး ကလေး ပါးရှားတတ်တယ်ဆိုပေမယ့် ရှားတော့လည်း ရှားဇာတ်ခင်းရုံပေါ့ကွယ်။ သိပ်ခက် မှာတော့ မဟုတ်လှပါဘူး။ သို့ပေမင့် ချောင်စရာ ရှိတော့လည်း ချောင် တာလေး က ကောင်းတာပေါ့ကွယ်၊ အဲဒါ ကြောင့် မင့်ကို ဖွတ်ကလိုကုန်း ကို ဆန်အလှူခံ၊ ဆေးအလှူခံ လွှတ် လိုက်တာနော်။
တစ်ခုတော့ ရှိပါလေရဲ့…၊ ဖွတ်ကလိကုန်း ရွာသားတွေ အင်မတန် ဆင်းရဲနေ၊ ကြပ်နေ၊ မချောင်မ လည်ဖြစ်နေကြရင်တော့ သူတို့ အငတ်ခံပြီး လှူတန်းလိုက်ကြတဲ့ မသဒ္ဓါရေစာ ပစ္စည်းလေးတွေကို ယူ မလာခဲ့ ပါနဲ့ကွယ်။ မြွေပူရာကင်းမှောင့်၊ နူရာဝဲစွဲ၊ လဲရာသူခိုးထောင်း၊ မွဲရာ အလှူခံကလာတောင်းဆိုသ လို ဖြစ်နေ ပါဦးမယ်..” ဟူ၍လည်း မှာကြားရလေ၏။ တပည့်ကျော်မောင်ရွှေဖားက
“အဲသလောက် လည်း… ဖွတ်ကလိကုန်းသားတွေ မွဲမနေ၊ ငတ်မနေလောက်ပါဘူး အာစရိရယ်…။ အခု ဟာ က ဖွတ်ကလိကုန်းမှာ သူကြီးမင်းပြောင်းသွားပြီလို့ ကြားတယ်။ သူကြီးမင်း အသစ်က တော်လည်း တော်တယ်။ ရှေ့နောက်လည်း ကြည့်တတ်တယ်၊ ပေါင်းသင်းဆက်ဆံရာလည်း ဝင်ဆံ့ တယ် လို့ ကြား ပါတယ်။
အရင်သူကြီးမင်းတွေတုန်း ကသာ ထင်ရာစိုင်းခဲ့ကြလို့ မထင်ရာတွေဖြစ်ပြီး ဖွတ်ကလိကုန်း ရွာပျက်မ တတ် မွဲပြာကျသွား ခဲ့တာပါ။ အရင်သူကြီးတွေတုန်းကတော့ တော်တော်ဆိုးတာပဲ အာစရိရဲ့…။ သူကြီး မင်း တောက်တိုမယ်ရ ဟူစိန် တို့၊ ငါ့မြင်းငါ့စိုင်း က ဒါဖီ တို့ ဘယ်သူ့မှ လူမထင် ဘင်လာဒင်တို့… မျိုးစုံ ပါပဲ အာစရိရယ်…၊ သဘောလေးကောင်းတဲ့ သူကြီးမင်းလက်ထက်ကျတော့ ရွာမွဲပြာကျတယ်။ ထမင်း လေး မဝတဝ စားရတဲ့ သူကြီးမင်းလက်ထက်ကျတော့လည်း သေးထွက်ကျမတတ် ကြောက်ကြရ တယ် ဟိုသူကြီးမင်း လက်ထက်တုန်း ကလည်း သူ့သား ကို မောင်ရွာသား လို့ နာမည်ပေးတယ်။
သူ့သမီး ကိုကျ တော့ မရွာသူ လို့ နာမည်ပေးတယ်။ တူတစ်ယောက်ကိုကျတော့ မောင်လုပ်သားကို မပြည်သူ ဆိုတဲ့ အ ဘွားကြီးတစ်ယောက်နဲ့ ဇွတ်အတင်းပေးစားတယ်၊ ပြီးတော့ ရွာထိပ်မှာ“ရွာသူရွာသား လုပ်သားပြည် သူတို့ ချမ်းသာရေးဦးစားပေး”ဆိုတဲ့ ဧရာမဆိုင်းဘုတ်ကြီး ချိတ်ပြီး ရွာသူနဲ့ ရွာသားကောင်းစား ဖို့ လုပ် သားနဲ့ပြည်သူ ချမ်းသာဖို့ နေ့မနား ညမနား ကြိုးစားလိုက်တာ ကမ္ဘာကခေါင်းဆောင် အချို့ကတောင် အဲဒီဖွတ်ကလိကုန်း သူကြီးမင်းဆီမှာ ဝိုင်းကျူရှင် လာတက် ရသတဲ့ အာစရိရေ…။
ဒါပေမဲ့ အခုတော့ စနစ်တွေလည်း ပြောင်း၊ ခေတ်တွေလည်း ပြောင်းပြီး၊ ဖွတ်ကလိကုန်းမှာလည်း လူကြီးမင်း အသစ်နဲ့ ရွှေလမ်းခရီးကို လျှောက်နေကြပါပြီ အာစရိရဲ့…”ဟု ပြန်၍ ပြောလေ၏။ ထို့ကြောင့် အကျွန်ုပ်က “အိမ်းလကွယ်… အဲသလို သတင်းဟာ အမှန်ဆိုရင်တော့ ကောင်းပါလေရဲ့… သာဓုခေါ်ရမှာပေါ့ ကွယ်…”ဟု ပြန်၍ပြောမိလေ၏။ ထိုသောအခါ တပည့်ကျော် မောင်ရွှေဖားက ဆက်လက် ၍ “သေချာတဲ့သတင်း၊ ရွာက ကြားရဲတဲ့ သတင်းတွေပါ အာစရိရယ်…။ အရင်သူကြီး တစ်ယောက် တုန်း က သူ့သမက်တစ်ယောက်က တိုင်းတစ်ပါးနဲ့ဆက်သွယ်ပြီး ဂျုံမျိုးစေ့သွင်းတဲ့ ကုန်သည် လုပ်တတ်။

အဲဒီ တော့ သူကြီးမင်းက ရွာသူရွာသားတွေကို မောင်းထုလူစုပြီး ဂျုံစိုက်ရင် ဘယ်လောက်အကျိုးထူးစေ မယ့်အကြောင်း မစားရ ဝခမန်း ဂျုံတရားဟော တယ်။ ပြီးတော့ ရွာထိပ်ဇရပ် မှာ ဧရာမစာလုံးကြီးတွေ နဲ့-
“ငွေအပုံ လိုက်ရချင်ရင် ရွှေဂျုံစိုက်ကြ…” လို့ ဆိုင်းဘုတ်အကြီးကြီးရေးတယ်၊ တစ်ရာသီ လည်း စိုက်ပြီး ရော ရွာသူရွာသားတွေလည်း ကြွေးအထပ်ထပ်တင်ပြီး သူကြီးမင်းရဲ့ ဆိုင်းဘုတ်အောက်ကနေ-
“အသေယုံ လို့ အမေပါ ကုန်သွားပြီ…” ဆိုပြီး မီးသွေးခဲနဲ့ စာဖြည့်ပြီး ရေးလိုက်ကြလို့ သူကြီးမင်းရဲ့ ဂျုံ မဟာ စီမံကိန်းကြီး ရပ် သွားခဲ့ရတယ်။ နောက်သူကြီးတစ်ယောက် လက်ထက်ကျတော့လည်း-
“တစ်အိမ်တစ်ကောင် တောက်တဲ့ဆောင်…”ဆိုတဲ့ ဆိုင်းဘုတ်ကြီးနဲ့ တောက်တဲ့မွေးမြူရေး ဦးစားပေး ဆိုပြီး လုပ်ပြန် တယ်။ ရွာသားတွေက အဲဒီစာအောက်ကနေ-
“ရှိတဲ့နွားကလေးတောင် ပေါင်လိုက်ရသေး…”လို့ စာဖြည့်ပြီး ရေးလိုက်ကြလို့ အဲဒီလူကြီးမင်းလည်း သူရဲ့ မူလလက်ဟောင်း ကြက်မွေးမြူရေးဘက်ကို ပြန်လှည့်သွားရတယ်။ နောက်သူကြီးတစ်ယောက် ကျတော့ လည်း ဘယ်လိုစိတ်ကူးပေါက်လည်း မသိပါဘူး။
ရွာထိပ်မှာ-
“ချမ်းသာချင်ရင် ပန်းတမာစိုက်ကြ…”လို့ ဆိုင်းဘုတ်ကြီးချိတ်ပြန်တယ်။ သူကြီးကိုကြောက်လို့ စိုက် လိုက်ကြရတဲ့ ပန်းတမာတွေ ဆိုတော့ နည်းနည်းနောနောမဟုတ်ဘူး။ ပြီးတော့လည်း ဘာမှမဟုတ်ဘဲ ပြီး သွားတယ်။ အဲဒီတော့ ရွာသားတွေက သူကြီးမင်းရဲ့အဲဒီဆိုင်းဘုတ်အောက်မှာ-
“သွားမလုပ် နဲ့၊ နွားပြုတ်သွားမယ်…”ဆိုပြီး မီးသွေးခဲနဲ့ ဖြည့်ရေးခဲ့ကြတယ်။ အခုတော့ ခေတ်တွေလည်း ဟောင်းလို့ စနစ်တွေလည်း ပြောင်းသွားပါပြီ အာစရိရယ်။ သူကြီးတွေ လည်း ပြောင်း လို့ ဖွတ်ကလိကုန်း မှာ မီးတွေ၊ ရေတွေတောင် ကောင်းစပြုနေပြီလို့ သတင်းကြား ရပါတယ်…”ဟု ကြားသိသမျှ အဝဝကို အကျွန်ုပ်အား ဖောက်သည်ချလေ၏။
ထို့နောက် တွင်ကား တပည့်ကျော်မောင်ရွှေဖားသည် ဖျင်ကြမ်းလွတ်အိတ်ကြီး နှစ်လုံးကို ဟိုဘက်တစ် လုံး ဒီဘက်တစ်လုံး စလွယ်သိုင်းလျက် လွယ်ကာ မဟာဖွတ်ကလိကုန်းရွာဆီသို့ အလှူခံကြွချီတော်မူ သွားလေတော့၏။
ရတ်သတ္တနှစ်ပတ်ကျော် သုံးပတ်ခန့်မျှ ကြာသောအခါအနှီ မောင်ရွှေဖားလည်း ရှေ့သွားကြီးများပင် အအေး ပတ်လောက်အောင် ပြုံးဖြီးပြုံးပြီး မျက်နှာကြီးနှင့် မဟာစည်ပင်မြိုင်စခန်းဆီသို့ တစ်နာရီလျှင် မိုင်တစ်သန်း အလျင်နှုန်းကိုဆောင်ကာ ပြန်လည်ရောက်ရှိလာလေတော့၏။ သို့ဖြစ်၍လည်း အကျွန်ုပ် က-
“ဘယ့်နှယ်ဖြစ်လာတာတုံး မောင်ရွှေဖားရဲ့ …၊ မင်းရဲ့မျက်နှာကြီးကလည်း ချိုလိုက်တာ…၊ ပုရွက်ဆိတ် တွေ အပုံလိုက်တက်ပြီး ခွေးတွေ တစ်အုပ်လုံး လာလျက်မှာတောင် ကြောက်ရတယ်”ဟု အမေး ရှိလျှင် တပည့်ကျော်မောင်ရွှေဖားက-
“ချိုရတယ် အာစရိရေ… ချိုရတယ်၊ ဒီတစ်ခေါက် ဖွတ်ကလိကုန်းကို အလှူခံရောက် သွားတာ တော် တော်ကို အဆင်ပြေတယ်။ ရွာကလည်း တော်တော်ကိုပြောင်းသွားပြီဗျ…။ ရွာသူရွာသားတွေ လည်း တော်တော်ပျော်နေကြတယ်။
အခုတက်လာတဲ့ သူကြီးက တော်တော့်ကို ရည်ရည်မွန်မွန်ကလေးဆိုပဲ အာစရိရဲ့…။ သူက ဘာအခွင့်အာဏာ မှ ယူမထားဘဲ အားလုံးကိုခွဲဝေပေးထားသတဲ့…”ဟု ပြောရာ အကျွန်ုပ်က-
“ခေသူမဟုတ် ဆိုတဲ့ ပုဂ္ဂိုလ်ပေါ့ကွာ… အဲဒီရွာမှာ ဆရာတော်ကြီး တစ်ပါးရှိခဲ့ဖူး တယ်။ ထေရ်ကြီးဝါကြီး ကျောင်းထိုင်ကြီးကွ…။ အသက် ၉၀ တန်းရောက်မှ “ငါ လူထွက်ချင်တယ်…”လို့ ဇွတ်အတင်း ပူဆာပါ လေရော…။ တစ်သက်လုံး သာသနာတော်မှာ ပျော်မွေ့လာခဲ့ပြီးမှ ကလေး မုန့်ပူဆာသလို လူထွက်ချင် တယ်ဖြစ်လာတော့ ဒကာ၊ ဒကာမတွေလည်း စိတ်မကောင်းကြဘူးပေါ့ကွာ၊ ဇွတ်အတင်း တားကြပေ မယ့် ဆရာတော်ကြီးက ဇွတ်အတင်း လူထွက်ပစ်လိုက်တယ်။ လူထွက်ပြီးတော့… “တစ်သက်လုံး ဘုန်းကြီးကျောင်းမှာပဲ နေလာတော့ လူထွက်လိုက်ပေမယ့် ငါ့မှာ ပြန်စရာ အိမ်လည်း မရှိ ပါဘူးကွာ…၊ အဲဒီတော့ ဒီကျောင်းမှာပဲ ဆက်နေ ပါရစေ…”ဆိုပြီး ကျောင်းမှာပဲ ဆက်နေသတဲ့…။ ဒကာ၊ ဒကာမတွေက လူထွက်ဆရာတော်ကြီးအတွက် လူဝတ်လူစားတွေ ဝယ်ပေးကြတယ်။
အဲဒီတော့-
“တစ်သက်လုံး အဝါရောင်ကိုပဲ ဝတ်လာလေတော့ အခြားအရောင်တွေ၊ ကြောင်ကြောင်ကျားကျားတွေ ဝတ်တဲ့အခါ မနေတတ်ဘူး…”ဆိုတာနဲ့ အင်္ကျီအဝါစစ်စစ်၊ ပုဆိုးအဝါစစ်စစ်တွေပဲ ဆင်ပေးကြရသတဲ့။
“တစ်သက် လုံး အဝတ်အစားဆိုတာ ကောက်ခြုံပြီး ရုံလိုက်ရုံပဲဆိုတာမျိုးနဲ့ ပြီးလာလေတော့ ခေါင်းက စွပ်တဲ့ အကျီ ပဲ ဖြစ်ဖြစ်၊ ကြယ်သီးတွေ ဘာတွေနဲ့ပဲဖြစ်ဖြစ်ဆိုရင် ဘယ်လိုကြီးမှန်းမသိဘူးကွ…၊ အဲဒီ တော့ အင်္ကျီအဖြစ် မချုပ်နဲ့ကွာ…”ဆိုပြီး ပိတ်စအဝါကြီးကိုပဲ သင်္ကန်းခြုံသလို ခြုံသတဲ့…။
“ပုဆိုး ဆိုတာကလည်း တစ်သက်လုံး နှစ်ပေါင်း ၉၀ လောက် ဝတ်လေ့မရှိတော့ မဝတ်တတ်ပါဘူး ကွာ…” ဆိုပြီး အောက်ပိုင်းက ပုဆိုးစကိုလည်း သင်းပိုင်းဝတ်သလိုပဲ ခါးမှာပတ်ပြီး လိပ်ပြီးဝတ်သတဲ့…၊ ပြီးတော့-
“တစ်သက်လုံး မနက်အရုဏ်တက်ဆိုရင် ဆွမ်းစားနေကျ… ဆိုတော့ မနက် မနက်ဆို မနေနိုင်ဘူး ကွ…” လို့ ဆိုလို့ မနက်အရုဏ်တက်ဆိုရင် ဆွမ်းကပ်နေကျအတိုင်း စီစဉ်ပေးကြရသတဲ့…။ အဲသလို ပဲ နေ့ဆွမ်း ဘုဉ်းနေကျ အချိန်ရောက်ရင်လည်း အရင်လိုပဲ စီစဉ်ပေးရတယ်။ တစ်သက်လုံး စားလေ့စားထ မရှိလို့ ဆိုပြီး ညစာလည်း မစားဘူး၊ ပြီးတော့ ရှိသေးတယ်။ တစ်သက်လုံး ခေါင်းတုံးနဲ့နေလာခဲ့တာ၊ ဆံပင်လေး နည်းနည်း ထွက်လာရင် ခေါင်းယားတယ် မနေတတ်ဘူးဆိုလို့ တစ်ပတ်တစ်ကြိမ် ခေါင်း ရိတ်ပေးကြ ရတယ်။
သူ့ဥစ္စာက ငါလူထွက်လိုက်ပြီဟေ့ဆိုတဲ့ စကားတစ်ခွန်းကလွဲရင် ကျန်တာက အရင်အတိုင်းဖြစ်နေ တယ်။ ဒဏာ၊ ဒကာမတွေက တွေ့တဲ့အခါ အရင်လိုပဲ ကန်တော့ကြ၊ ပြောဆိုဆက်ဆံကြသတဲ့…။ ကျောင်း မှာလည်း သူ့တပည့် တစ်ဦး က ကျောင်းထိုင်ဘုန်းကြီး ဖြစ်လာ ခဲ့ပေမယ့် တစ်ကျောင်းလုံးရဲ့ အရေးကြီးတဲ့ အဆုံးအဖြတ်တွေကတော့ သူ့ဆီမှာပဲ ရှိနေသတဲ့…။ တစ်ခုရှိတာက ကျောင်းမှာ ဘယ် ပြဿနာဖြစ်လို့ဆိုရင် နောက်ကိုယ်တော်ရှင်းပေါ့…။ ကျောင်းမှာ မီးလန့်ရင် လည်း နောက်ကိုယ်တော် တာဝန်ပေါ့…။ ဒါပေမဲ့ စားဦးစားဖျားရောက်လာရင်တော့ သူ့ကို အရင်ကပ် ရတာ ပဲပေါ့…။ တကယ် တော့ လောကကြီးမှာ လုပ်ရပ်ကသာလျှင် အရေးကြီးတယ်ဆိုတာကို အဲဒီ ဆရာတော်ကြီး က တရားပြ ခဲ့တာပဲကွ…”ဟု မှတ်သားဖူးသမျှကို ပြန်ပြောင်းပြောပြရလေ၏။ မည်သို့ ပင်မြူး ၍ အပျော်ကြီးပျော်နေ ကြကြောင်း သတင်းစကားကောင်းကို ကြားရသောကြောင့် အကျွန်ုပ် လည်း ပီတီသောမနသ ပွားမိလေ ၏။ ထို့နောက် တပည့်ကျော်မောင်ရွှေဖားက မည်သို့ မည်ပုံ၊ ရေရှည် ခံအောင် ဖန်တီးလာသည်မသိ သော မကြုံစဖူး၊ စားကောင်းသောက်ဖွယ်များကို လွယ်အိတ် အတွင်းမှ တစ်ခုပြီးတစ်ခု ထုတ်လေ၏။
အကျွန်ုပ်က-
“ဟဲ့… ဆားရောပါရဲ့လား…၊ မိုးအခါမှာ ငါတို့ဆီမှာ ဆားက ခက်တယ်ကွယ့်” ဟု မေးလျှင် မောင်ရွှေ ဖားက-
“ဆား က အသာထားပါ အာစရိရယ်…”ဟု ပြန်၍ ပြောလေ၏။ အကျွန်ုပ်က
“ဆေးတွေ ဝါးတွေရော လှူလိုက်ကြရဲ့လား…”ဟု မေးပြန်လျှင် မောင်ရွှေဖားက
“ဆေးတွေဝါးတွေ အသာထားပါ အာစရိရယ်…”ဟု ပြန်၍ ပြောပြန်လေ၏။
ထို့ကြောင့် အကျွန်ုပ်လည်း ခေါင်းကိုကုတ်ရင်း-
“မင့်ဟာက ဆန်ဝယ်ခဲ့ပါ ဆိုတော့ ဆီတွေ ဝယ်လာတယ်၊ ဆားဝယ်ခဲ့ပါဆိုတော့ သကြားတွေယူလာ တယ်… ဆိုတာမျိုးတော့ ဖြစ်နေပြီထင်တယ်…”ဟု ပြောလိုက်ရာ တပည့်ကျော် မောင်ရွှေဖားက-
“မဟုတ်သေးပါဘူး အာစရိရယ်… ဟောဒီမှာကြည့်…။
ရေခဲမုန့် လို့ ခေါ်တယ်၊ မြန်မာပြည်မှာ ဘုရင်လုပ် သွားတဲ့ အနော်ရထာမင်းကြီးတောင် ဘုရင် သာဖြစ်သွားတာ ရေခဲ့မုန့် စားမသွားဖူးဘူးနော်…၊ အာစရိ က တောကြီးမျက်မည်းထဲမှာ ကံကောင်းလို့ စားရတယ် မှတ်…”ဟု ပြောလေ၏။ ထို့နောက် တစ်စုံတစ် ခုကို ထုတ်ပြန်ကာ-
“ဟော့ ဒါက ဖာလူဒါလို့ခေါ်တယ်၊ မြန်မာပြည်မှာ ဘုရင်လုပ်သွားတဲ့ သီပေါမင်းကြီးတောင် သူ့ခမျာ ထီးနန်းစည်းစိမ်ခံစားသွားရတယ် ဆိုပေမယ့်၊ ဖာလူဒါတော့ သောက်ဖူးမသွားရှာဘူး။ ကျွန်တော်တို့ ဆရာတပည့် က ဘုရင်မဟုတ်ဘဲနဲ့ ဖာလူဒါဆိုတာကြီး သောက်ခွင့်ရတာ… နည်းတဲ့ ကုသိုလ်လား၊ အဲဒီတော့ ရှေးကျတဲ့ ဘုရင်ထက်စာရင် ခေတ်နောက်ကျတဲ့ သူတောင်းစားမှ ရှေးက ဘုရင်ထက်သာ ဦးမယ် ထင်တယ်။ အဲဒါကြေင့် ကျွန်တော်တော့ ဆုတောင်းတယ်။ နောက်နှစ်တစ်ရာလောက်မှာ ဖွတ် ကလိကုန်း မှာ သူတောင်းစားဖြစ်ရပါလို၏လို့ ဆုတောင်းတယ်
နောင်လာမယ့် နှစ်တစ်ရာလောက် အကြာက သူတောင်းစားဟာ ဒီခေတ် ရွာသူကြီးထက်တော့ ပိုပြီး အဆင့်အတန်းမြင့်မယ် ထင်တယ်…”ဟု ပြောလေရာ အကျွန်ုပ် လည်း ခေါင်းကို တဗျင်းဗျင်း ကုတ်ရင်း တောက်တီးတောက်တဲ့ မောင်ရွှေဖားရယ်… ဟု ရေရွတ်မိလေ၏။
ထိုအခါ မောင်ရွှေဖားက-
“တောက်တီးဆိုရင်တော့ ရေထဲလွှင့်ပစ်လိုက် အာစရိရေ… တောက်တဲ့ဆိုရင်တော့ မွေးထား။ ဖွတ်က လိကုန်းမှာ တောက်တဲ့တစ်ကောင်ကြီးကြီးရရင် ချမ်းသာပြီဆိုပြီး တောက်တဲ့ရူး ရူးနေကြတယ်။ အရင် တုန်း က သွားမပါရင်နေ၊ ကားပါရင်တော်ပြီဆိုပြီး လင်ရွေးကြတယ်။ အခု ဖွတ်ကလိကုန်းမှာ ဘွဲ့ မရရင် နေ၊ တောက်တဲ့ရရင် တော်ပြီဆိုပြီး တောက်တဲ့ခေတ်ဖြစ်နေတယ်…” ဟု ပြောပြန်လေ၏။
ထို့နောက် တပည့်ကျော် မောင်ရွှေဖားသည် သူ၏လွယ်အိတ်ကြီးနှစ်လုံးအတွင်းမှ ပစ္စည်းများကို တစ်ခုပြီးတစ်ခု ထုတ်လေ၏။ ထို့အတူ စနစ်ကျလှစွာသော အကျွန်ုပ်၏တပည့်ကြီးသည် စာရင်းစာရွက် တစ်ရွက်ကိုပါ ထုတ်၍ အကျွန်ုပ်၏လက်သို့ အသေအချာ အပ်နှံလေတော့၏။ ထိုသို့အပ်ရင်းလည်း…
“ကျွန်တော် တို့ ဆရာတပည့်နှစ်ယောက်အတွက် ဖွတ်ကလိကုန်းက လှူလိုက်တဲ့ လှူဖွယ်ပစ္စည်းတွေ က အများကြီးပဲ အာစရိရဲ့၊ ဆန်တွေ ဆီတွေဆိုရင် လှည်းနှစ်စီးတိုက်စာလောက်ရှိတယ်။ အဲဒီတော့ အဲဒီပစ္စည်းတွေကို လှည်းကူညီမယ့်အလှူရှင်တွေနဲ့ ချိတ်ဆက်ပြီး မှာထား ခဲ့တယ်။ နောက်နှစ်ရက် လောက် ဆိုရင် လှူဖွယ်ပစ္စည်းလှည်းတွေ ကျွန်တော်တို့ ဆီကို ရောက် လာပါလိမ့်မယ်။ အလှူရှင်တွေက လည်း တော်တော်ကို စိတ်အားထက်သန်ကြတာ အာစရိရဲ့။ အရမ်း ဝမ်းသာဖို့ ကောင်းတာပဲ၊ နောက် နောင်လည်း အဲသလို အဲသလို လှူခွင့်ကြုံချင်ပါတယ်လို့ မှာလိုက်ကြတယ်…” ဟု အာဘောင်အာရင်း သန်သန်ဖြင့် ပြောလေ၏။
ထို့နောက်တွင်ကား အကျွန်ုပ်သည် မောင်ရွှေဖားဆောင်ကျဉ်းလာသည့် အလှူရှင်စာရင်းကို ဖတ်ကြည့် မိလေ၏။ ဖတ်ပြီးနောက် လွယ်အိတ်ကို ကောက်၍လွယ်ကာ လက်သုံးတော် တောင်ဝှေးကိုလည်း လှမ်း၍ ဆွဲရင်း ထိုတောင်ဝှေးဖြင့်ပင် မောင်ရွှေဖားအား လှမ်း၍တို့လိုက်လေ၏။ မောင်ရွှေဖားက နားမ လည်နိုင် စွာဖြင့် အကျွန်ုပ်အား မော့၍ကြည့်လေ၏။
“ဘာလဲ အာစရိရဲ့…”
“ဘာရမှာလဲ… ငါတို့အခုပဲ စခန်းပြောင်းကြရအောင်…”
“ဆိုင်းမဆင့် ဘုံမဆင့် ဘယ်လိုဖြစ်ရတာလဲ အာစရိရဲ့…”
“ဘယ်လိုဖြစ်ရမှာ လဲ… မင်းရဲ့အလှူပစ္စည်းတွေရောက်မလာခင် ငါတော့ ဒီကလွတ်အောင် ပြေးမယ်…”
“ဘာဖြစ် လို့လဲ အာစရိရဲ့…”
“ဘာဖြစ်ရမှာလဲ… မင်းရဲ့အလှူရှင်စာရင်းကိုလည်း သေသေချာချာ ဖတ်ကြည့်ပါဦးကွာ… ဝိဇ္ဇာပြောင် ဘယ်ဘဝ ကို ရောက်သွားမလဲ…”
အကျွန်ုပ် လည်း အနှီသို့လျှင် တိုတိုပြတ်ပြတ်ပင် ပြောပြီးနောက် ထိုနေရာမှ ထွက်လာခဲ့လေ၏။ တပည့် ကျော် မောင်ရွှေဖားမှာမူ အကျွန်ုပ်အား နားမလည်နိုင်စွာဖြင့် ခေါင်းကိုကုတ်ရင်း အလှူရှင် စာရင်းစာ ရွက်ကိုဖတ်လျက် နောက်ပါးဆီမှ ယောင်ပေယောင်ပေဖြင့် လိုက်လာလေ၏။
အကျွန်ုပ်၏တပည့်ကျော်မောင်ရွှေဖား ဆောင်ကြဉ်းလာသည့် အလှူရှင်စာရင်းစာရွက်ကို ဖောက်သည် ခါရပါမူ အောက်ပါ အတိုင်း ဖြစ်ပါလေတော့သတည်း။
၁။ အရက်ပုန်းဆိုင်ပိုင်ရှင် ဦးမဲ+ဒေါ်ပု ဆီ ၂ ပုလင်း
၂။ ဦးမီးတောက်+ဒေါ်ပြာ (လောင်စာဆီပုန်းပိုင်ရှင်) ကြက်ဥ ၂ လုံး
၃။ ဦးနှစ်လုံး (ထီပုန်းရောင်းဝယ်ရေး) ဆီးဖြူသီး ၁၂ လုံး
၎။ ဦးလေးကောင် (လောင်းကစားပုန်းသူဌေးကြီး) ဆီ ၂ ကျပ်သား
၅။ ဒေါ်လည်ဝယ် (လာဘ်ပေးလာဘ်ယူ အကျိုးတော်ဆောင်) ရှောက်သီး ၃ လုံး
၆။ ဒေါ်ကူးကူး မိသားစု (အခွေပုန်းဖြန့်ချိရေး) ရေသန့် ၂ ဘူး
၇။ ဦးလာဘနှင့် ညီများ (လိုင်စင်ရ လူရောင်းဝယ်ရေး) ထန်းလျက် ၅ ခဲ
၈။ ဒေါ်ဒေါ်လာကြီး (ငွေပုန်းရောင်းဝယ်ရေး) လျှာပွတ်ဆေး ၂ ထုပ်
၉။ ဒေါက်တာပေါက်ပြား (အပ်ပုန်းစပယ်ရှယ်လစ်) သွေးဆေး ၃ ထုပ်
၁၀။ ဦးဘော်ဒီမိသားစု (ကားပုန်းအကျိုးတော်ဆောင်) ဒီဇယ် ၁ ပုလင်း
၁၁။ ဒေါ်ကလေးမနှင့်ညီမများ (အပြာစာအုပ်ဖြန့်ချိရေး) တစ်သျှူး ၃ ထုပ်
၁၂။ ဦးဖိုးရှပ် မိသားစု (ဘိန်းချေးရောင်းဝယ်ရေး) ဆား ၁၀ သား
၁၃။ ဒေါ်ပုပ် (မိန်းမရွှင်ဒိုင်) အာလူး ၁၀ သား
၁၄။ ကိုတာတီးနှင့် ညီများ (ခိုးရာပါပစ္စည်းရောင်းဝယ်ရေး) ဆန် ၂ ပြည်
၁၅။ ဦးဂွတို (နေ့ခင်းလယ်သမား၊ ညဓားပြ) ဆီ ၁၀ သား
၁၆။ ကိုထိပ်ကွက် မိသားစု
(မှတ်ချက် - လူလိမ်အလုပ်လုပ်ရာတွင် ယခင်ကလောက် ငွေမရွှင် သောကြောင့် ယတြာကောင်းတောင်း လိုက်ပါသည်။ လူကြုံနှင့် ပြန်ပို့ ပေးပါ။) ဆန် ၃ လုံး
၁၇။ ကိုအချောင် မိသားစု (ခွေးသားကို ဆိတ်သားအဖြစ် အသွင် ပြောင်းရေး ကုမ္ပဏီ) ပြောင်းဖူး ၃ ဖူး
ယောနိသော မနုသီကာရ
ကျော်ပြောင် (ဇင်ယော်နီ)
joke magazine 2012 may
.

1 comment:
အမရွှေစင်ရေ...
သူကြီးမင်းဆိုတဲ့ နာမည်ကို မြင်ပြီး နဲနဲတော့ လန့်သွားတယ်။ နောက်မှ အဲဒီ သူကြီးမင်းတွေက တစ်ခြားသူတွေမှန်းသိလို့ ဒီက သကြီးမင်းတစ်ယောက် စိတ်သက်သာရာ ရသွားတယ်။
အမရွှေစင်ရထားတဲ့ စာရင်းက နဲနဲ လိုနေတယ်။ ဒါကြောင့် သူကြီးမင်းရထားတဲ့ စာရင်းကို ထပ်ဖြည့်ပေးလိုက်တယ်။
၁၈။ သူရကျောက်မှိုင်း (လက်နက်ပုန်းရောင်းဝယ်ရေး) ကုလားပဲ နို့ဆီဗူး နှစ်လုံး
၁၉။ လူထွက်တုတ်ကြီး (လိုင်စင်မဲ့ သားသတ်ရုံ)ပုတီး သုံးကုံး
၂၀။ ၀ရမ်းပြေး သက်ပြင်း (အငှားလူသတ်အဖွဲ့ခေါင်းဆောင်) တရားစာအုပ် ၃ အုပ်
..
ကျန်းမာပျော်ရွှင်ပါစေ။
Post a Comment