" ဒါတော့ လွန်တာပေါ့ကွယ်၊ ကိုယ်ကျပ်ခါးစည်း မ၀တ်တော့ဘူးတဲ့ "
ဂျူးဒစ်က ဟုတ် မဟုတ် မေးကြည့်တော့ ဂျာဗာစီက ဒိုးဒိုး ဒေါက်ဒေါက် ဖြေသည်။
" အင်းလေ၊ မ၀တ်တော့ ဘာဖြစ်လဲ၊ ကိုယ့်မှာ ကလေးရှိနေပြီ ဂျူးဒစ်ရဲ့၊ ပြောပြလိုက်ပါကွယ်၊ မယုံရင် လာကြည့်နိုင် ပါတယ်လို့ "
ဂျူးဒစ် ရယ်သည်။ ဂျာဗာစီတစ်ယောက် သူ့ကိုယ်သူ သတိမထားမိဘဲ အပြော အဆို တွေ ပြင်သစ် ဆန် လာသည်။ လင်မယားနှစ်ယောက် ပြင်သစ်စကား ပဲ ပြောကြတော့ သည်လေ။ ကို ဆက်ဖတ်ရန်.................
အခန်း (၁၇)
နယူးအော်လီယန်းမှ ဒေးဗစ် ပြန်ရောက်လာသည်။ သကြားစီမံကိန်း အကြောင်းကို ရွှန်းရွှန်းဝေ နေအောင် ပြောသည်။ ကြံခုတ်ချိန် မတိုင်သေး၍ ဘာမှလုပ်မရဘဲ မခံချိမခံသာဖြစ်နေ၏။ သား လုပ်သူ တက်ကြွနေပုံကိုကြည့်ပြီး ဖီးလစ် သဘောကျနေသည်။ သို့သော် ကြံခုတ်ချိန်မတိုင်မီ သံပတ်ကုန် သွားလိမ့်မည်ဖြစ်ကြောင်း ဂျူးဒစ်ကို နိမိတ်ဖတ်ပြထားသည်။ သည်လို ပြောသည့်အတွက် ဂျူးဒစ် မကျေမနပ် ဖြစ်နေ၏။ နောက်တစ်နေ့တွင် ကွင်းထဲလိုက်သွားပြီး ဒေးဗစ်ကို သတိပေးသည်။
" ပထမဆုံး အတွေ့အကြုံလည်း ဖြစ်နေတယ် မဟုတ်လား၊ သားတကယ် လုပ်ပြရလိမ့်မယ်၊ သားဖေဖေ က သားကို သိပ်မယုံဘူး "
" ဖေဖေက သားကို ဒေါပွနေတယ် မေမေ "
" ဘာပြုလို့ "
" ဟင် … မေမေ့ကို မပြောဘူးလား၊ နယူးအော်လီယန်းမှာ သားကြွေးတင်လာလို့တဲ့လေ "
" သိပ်မသုံး ဘို့ သား ကတိပေးသွားတယ် မဟုတ်လား "
" ဟုတ်ပါတယ်၊ ပေးလိုက်တဲ့ပိုက်ဆံ လောက်မယ် ထင်တာကိုး မေမေရဲ့။ မဒမ်မွာဇက်ဂျူဟန် အတွက် လည်း လက်ဆောင်တွေ ၀ယ်ပေးရသေးတယ်လေ။ နယူးအော်လီယန်းသူကို ကလေကချေ ပုံစံနဲ့ လူပျို သွားလှည့် လို့ မရဘူး မေမေရဲ့ "
ဂျူးဒစ် သက်ပြင်းချသည်။ ဂျာဗာစီ၏ တူမ ဘယ်လောက် ချောကြောင်း၊ ဘယ်လိုလှကြောင်း ဖွဲ့နွဲ့ မကုန် ဖြစ်နေ၏။ စွဲစွဲမြဲမြဲ မဖြစ်ပါစေနဲ့လို့ပဲ ဂျူးဒစ် ဆုတောင်းနေရသည်။
" ကလေလီဂျူဟန်ကို သား သိပ်သဘောကျနေပြီလား "
" ဟာ မေမေကလဲ၊ ဘာရယ်မဟုတ်ပါဘူး၊ ကောင်မလေးက ချစ်ဖို့ကောင်းတယ်လေ။ ဒီတော့ သဘောကျ တာပေါ့၊ ဒါပါပဲ။ ဒါပေမဲ့ ဒါလောက်လေ သုံးမိတာနဲ့ ကျွန်တော့်ကို ဆူဖို့ မကောင်းပါ ဘူး မေမေ "
ဂျူးဒစ်က ပြုံးပြီး -
" ဒါပေါ့၊ ဒါပေါ့၊ သား တစ်ခါတလေ ခရီးထွက်တာပဲ။ မေမေ ဒီကိစ္စ ဖေဖေနဲ့ ဆွေးနွေးရမလား "
" ပြောပါဦး မေမေရာ "
အိမ်ပြန်ရောက်ရောက်ချင်း လင်တော်မောင်ကို ဂျူးဒစ်က သားဘက်မှ ကာကွယ်ပြော၏။ ဖီးလစ် က ငွေတောင်းခံလွှာတစ်ထပ်ကို စားပွဲပေါ်တင်ပြီး ဂျူးဒစ်ဆီကို တွန်းပို့လိုက်ရင်း -
" ဒီမယ်ကြည့်၊ အဲဒါအားလုံး ကြွေးဝယ်တာတွေချည်းပဲ။ ပေးလိုက်တဲ့ ငွေသားတွေ ဘယ်ရောက်ကုန်လဲ သိလား၊ ကြက်တိုက်တာနဲ့ ကုန်ရောတဲ့လေ "
ဂျူးဒစ် ရယ်သည်။
" ကြက်တိုက်တယ် ဟုတ်လား၊ တော်သေးတာပေါ့ အစ်ကိုရဲ့၊ တခြားမဖွယ်မရာတွေ လျှောက်လုပ်တာမှ မဟုတ်ဘဲ "
" ဘယ်ပြောနိုင်မလဲ၊ ပိုက်ဆံရဲ့ တန်ဖိုးကို မင့်သား မသိသေးဘူး ဂျူးဒစ်။ ကိုယ် ဆူ လိုက်တော့ နောက်မလုပ်တော့ပါဘူး ပြောတာပဲ။ ခွေးမြီးကောက်လိုများ ဖြစ်နေမလားတော့ မသိဘူး "
ဂျူးဒစ် ငွေတောင်းခံလွှာတွေ ပေါင်းထားသည့် အပေါ်ဆုံးစာရွက်အောက်ခြေမှ စုစုပေါင်း ကိန်းဂဏန်းကို ကြည့်ပြီး -
" ဂျူးဒစ် သဘောမပေါက်ဘူး အစ်ကို၊ ဒါလောက်ကို အစ်ကို တတ်နိုင်လျက်သားနဲ့ ဘာလို့ ကလေးကို ဆူလား ပူလား လုပ်နေရတာလဲ "
" တတ်နိုင်တာ မတတ်နိုင်တာနဲ့ မဆိုင်ဘူး ဂျူးဒစ်။ ပြီးတော့ မင့်သားက ကလေးမဟုတ်တော့ဘူး။ ကတိကို ထိန်းရမယ့်အရွယ် ရောက်နေပြီ "
ဂျူးဒစ်ကို ခပ်စွေစွေ ကြည့်လိုက်ပြီး -
" အစ်ကို့လို မဖြစ်စေချင်လို့ပေါ့။ အေးလေ … ကိုယ် မဆူသင့်ဘူးဘဲ ထားပါ၊ အစ်ကို တောင်းပန်ပါတယ် ဂျူးဒစ်ရယ် "
ဂျူးဒစ် ငွေတောင်းခံလွှာတွေကို လှန်ကြည့်ပြီး -
" အ၀တ်အစားတွေလည်း တော်တော်ဝယ်သားပဲ အစ်ကိုရဲ့။ အထည်တွေ၊ ဖိနပ်တွေ၊ လည်စည်းတွေ။ အလို … ဒီပိုးစက ကိုက် ၁၀၀ ကြီးများတောင်ပါလား "
ဖီးလစ်က ဘာမှ မပြောတော့ဘဲ ပခုံးတွန့်ပြသည်။
"ဒီလက်ဆောင်ပစ္စည်းမျိုးက တရင်းတနှီးအဆင့်ရောက်မှ ပေးရတာမျိုးပဲ။ ကောင်မလေး အဖေအနေနဲ့ လက်ခံခိုင်းဖို့ မကောင်းဘူး။ သူတို့ချင်းက ခရီးသွားဟန်လွှဲတွဲနေကြတာပဲ၊ မဟုတ်ဘူးလား အစ်ကို "
ဂျူးဒစ်ရင်ထဲ အနည်းငယ် ပေါ့ပါးသွားသည်။ ယောက်ျားလေး တစ်ယောက်ဆီမှ ဘယ်လို လက်ဆောင်မျိုးကို ရွေးပြီး လက်ခံရမည်မှန်းမသိသည့် မိန်းကလေးမျိုးကို ဒေးဗစ် တန်ဖိုးထားမည် မဟုတ်ပေ။ ကလေလီဂျူဟန်ကို အလေးအနက်ထားပုံတော့ သိပ်မရ။ တော်ပါသေး၏။ ဂျူးဒစ် စကားဆက် သည်။
" အဲဒီ ပိုးစ ကိုက် ၁၀၀ ကိစ္စ အစ်ကို ထည့်ဆူလိုက်သေးလား၊ ရယ်စရာတော့ အကောင်းသား၊ အစ်ကို့လို ဖအေက သားအလှည့်ကျတော့ ဒီအရွယ်မှာ သူတော်ကောင်း သူမြတ်လောင်း ကလေး ဖြစ်စေချင်နေတယ်တဲ့ "
ဖီးလစ် ဘာမှမပြောဘဲ ခဏတွေနေပြီးမှ -
" မင်းကို ပြန်ပြောရင် အလန့်တကြား ဖြစ်သွားမှာစိုးလို့ မပြောတာပါ "
" မလန့်ပါဘူး "
ဂျူးဒစ်က စာရွက်တွေကို ဖီးလစ်လက်ထဲ ပြန်ထည့်ပြီး -
" ပေးလိုက်ပါ အစ်ကိုရယ်၊ မဖြစ်လောက်ပါဘူး၊ သား စိတ်အနှောင့်အယှက် ဖြစ်နေပါ့မယ် "
ဖီးလစ်က ကြွေးတွေအားလုံး ဆပ်ပေးလိုက်သည်။ သို့သော် နောက်နောင် တာဝန်မဲ့မလုပ်ဖို့ ကတိ ကိုတော့ ဒေးဗစ်ဆီမှ တောင်းထားလိုက်၏။ ဂျူးဒစ်က ထုံးစံအတိုင်း သားဘက်မှ ကာကွယ်ပြီး ကြံနှင့် သကြား အပေါ် အာရုံစိုက်နေချိန်တွင် မတင်းဖို့ လင်လုပ်သူကို ဖျောင်းဖျ၏။ ဒေးဗစ်က ကြံကြိတ်စက် အတွက် ပုံစံထုတ်ပြီး ကိုယ်တိုင် တည်ဆောက်သည်။ တလိမ့်တုံးကြီး နှစ်ခုကြားတွင် ကြံတွေ ထိုးထည့်ပြီး မြင်းနှစ်ကောင်နှင့် ဆွဲလှည့်ကာ ကြိတ်သည်။
ဂျူးဒစ် မကြာမကြာ ကွင်းထဲလိုက်လာပြီး လတ်လတ်ဆတ်ဆတ်ဖြတ်ခုတ်ထားသည့် ကြံပုံတွေပေါ် ထိုင်ကာ တံလျှောက်ထဲမှ တသွင်သွင် စီးကျနေသော ကြံရည်တွေကို အားပါးတရ ကြည့်နေတတ် သည်။ တံလျှောက်မှ တစ်ဆင့် ထန်းလက်မိုးတဲထဲရှိ အိုးကြီးထဲသို့ ကြံရည်တွေ ဆင်းသွားသည်။ သား၏ စိတ်အား ထက်သန် လှသော စီမံကိန်းကို အလိုက်အထိုက် အားပေးနေသော်လည်း သည်အရည်တွေက အမှုန့်ဖြစ်လာမည် ဆိုသည်ကို ဂျူးဒစ် မယုံချင်လှပေ။
သို့သော် ခရစ္စမတ်ပွဲပြီးခါစ တစ်နေ့တွင် ဒေးဗစ် အိမ်ပြန်လာသည်။ လက်ထဲတွင် သစ်သားခွက်ကြီး တစ်ခု ကို ကိုင်လျက်။ အဖေနှင့် အမေက ထမင်းစားခန်းထဲတွင် စာရင်းစာအုပ်ကြီးတွေနှင့် အလုပ် ရှုပ်နေချိန်။ အခန်းထဲ ၀ုန်းခနဲ ၀င်လာသည်။
" ဖေဖေ … မေမေ ဟောဒီမှာ ကြည့်" ဆိုပြီး သစ်သားခွက်ကို စားပွဲပေါ်ချသည်။ ပြီးတော့ အဖေနှင့် အမေ လက်ထဲကို တစ်ယောက် တစ်ဇွန်းစီ ကော်ပေးသည်။
" ကဲ … မြည်းကြည့်စမ်းပါဦး "
စိုစွတ်စွတ် ညိုတိုတို သဲမှုန့် တွေနှင့်တူသည့် သကြားဆိုသော ထိုအရာကို သူတို့လင်မယားကြည့်ပြီး ရှုံ့မဲ့နေကြ သည်။ ဒေးဗစ်၏ မျက်နှာနုနုကလေးမှာ ပို၍ ကြည်လင်နေ၏။
လင်မယားနှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကာ သကြားဇွန်းကို ပြိုင်တူ ပါးစပ်ထဲ ထည့် လိုက်သည်။ လျှာပေါ်တွင် အမှုန့်တွေ အရည်ပျော်နေချိန်၌ ဂျူးဒစ်က ဗလုံးဗွေး ပြောလိုက်သည်။
" ဒေးဗစ် … သား သကြားဖြစ်ပြီနော် "
ဖီးလစ်ကလည်း အံ့သြလွန်းစွာဖြင့် -
" အင်း … သိပ်အရသာရှိတာပဲ "
ဒေးဗစ်က အဖေနှင့် အမေကို တအားသိုင်းဖက်ပြီး -
" ကဲ … သားပြောတယ် မဟုတ်လား၊ ယုံပြီ မဟုတ်လား "
ပြောပြော ဆိုဆို စားပွဲပေါ်သို့ စွေ့ခနဲ တက်ထိုင်လိုက်သည်။ ဂျူးဒစ် ချရေးနေသည့် လချုပ်မှတ်တမ်း စာရွက်တွေ တွန့်ကြေကုန်သည်။ မအေ့လက်ထဲမှ သကြားဇွန်းကို ဆွဲယူပြီး သူ့ပါးစပ်ထဲ ထည့်လိုက်သည်။ ပြီးမှ ပလုတ်ပလောင်းနှင့် -
" ဘယ်လောက်ချိုလဲ ဖေဖေ၊ လာမယ့်နှစ်မှာ ကြံတွေ ဖိစိုက်နော် "
ဖီးလစ် ခေါင်းညိတ် သည်။ သားအတွက် ဂုဏ်ယူနေဟန်ဖြင့် မျက်လုံးတွေ တလက်လက် တောက်လျက်။
" သား ဆက်လုပ်တော့လေ၊ ကြံဟာ စိုက်သင့်တဲ့ သီးနှံဖြစ်သွားပြီပေါ့။ အင်း ငါ့သားဟာ တကယ့်ကို စိုက်ပျိုးရေး သမားဖြစ်ဖို့ မွေးလာတာပဲ "
" ကျေးဇူးတင်ပါတယ် ဖေဖေ" ဟု ပြောပြီး ဒေးဗစ်က မအေ့မျက်နှာကို ငုံ့ကြည့် သည်။ မေမေ့မျက်လုံးတွေက သား၏အောင်မြင်မှုအတွက် ကျိတ်ပြီး ကျေနပ်နေသဖြင့် တဖျတ်ဖျတ် တောက်ပနေကြသည်။
ကြံခင်း တိုးချဲ့စိုက်ပျိုးရေးသည် ဒေးဗစ်အတွက် စွန့်စားခန်းကြီး တစ်ရပ်လို ဖြစ်နေသည်။ ဖအေလုပ်သူက သစ်တောတွေ ကို တွင်တွင်ခုတ်ပေး၏။ သူက ဆေးခင်းတွေကိုပါ ရှင်းပြီး ကြံတွေ ဖိချသည်။
လင်မယားနှစ်ယောက် သားကြီးကို ကြည့်ပြီး ခရစ္စတိုဖာကို နှမြောလျက် ရှိကြ၏။ ဖီးလစ် က ဖြေပြောသည်။
" ဒါပေမဲ့ ခရစ္စတိုဖာကိုလည်း စိတ်ပျက်ဖို့တော့ မလိုဘူး "
" ဒါတော့ ဒါပေါ့ အစ်ကိုရယ် "
ဂျူးဒစ် အသံက ကြေကွဲသံ ပါနေသည်။ မည်သို့ဆိုစေ ခရစ္စတိုဖာကို သူတို့ စိတ်ပျက်နေသည်တော့ အမှန်။ မစ္စတာဂျူဟန်က ခရစ္စတိုဖာသည် အလွန်အလားအလာရှိသည့် လူငယ်တစ်ယောက် ဖြစ်ကြောင်း၊ စိတ်ချ ယုံကြည်ရသူဖြစ်ကြောင်း တွေ့ကြုံတိုင်း ပြောသော်လည်း မိသားစုနှင့် ဆက်ဆံရေး ကျဲလှသဖြင့် အဖေနှင့် အမေ ဘ၀င်မကျနိုင် ဖြစ်နေကြ၏။
ဘယ်တော့မှ တရင်းတနှီး မရှိ။ အနေစိမ်းသည်။ ဘယ်တော့မှ မိသားစုနှင့် တိုင်တိုင်ပင်ပင်မရှိ။ ဘာသိဘာသာ နေသည်။ သို့သော် သူထင်ရာကို ဇွဲနပဲကြီးကြီးဖြင့် စိုက်စိုက်မတ်မတ် လုပ်နေသည့် အတွက်တော့ ဖီးလစ် အမှတ်ပေးသည်။ စာရင်းအင်းပညာကို မငြီးမငွေ့ သင်နေသည်ကိုလည်း အံ့သြ မဆုံး ဖြစ်နေ၏။ သူ့ကို လူလားမြောက်စေမည့် မွေးနေ့ပွဲပြီးသည်နှင့် ခရစ္စတိုဖာသည် အစုစပ် လုပ်ငန်း စာချုပ် ချုပ်ဆိုသည်။ အလုပ်ကို မနားမနေလုပ်ပြီး နောက်တစ်နှစ်တွင် အလန်ဂျူဟန် ၏ သမီး အော်ဒရေနှင့် လက်ထပ်တော့မည်ဟု ကြေညာသည်။
သည်ကလေးမ ကို သူ ချစ်လို့ယူတာမှ ဟုတ်ရဲ့လား။ အော်ဒရေ၏ အစုရှယ်ယာတွေကိုမက်ပြီး ယူတာများလား ဟု သံသယရှိနေကြောင်း ဂျူးဒစ်က ဖီးလစ်ကို ထုတ်ပြောသည်။ မထုံတက်သေး အမူ အရာနှင့် သားငယ်ကို သူတို့လင်မယား နားမလည်နိုင်အောင် ဖြစ်နေကြ၏။
အော်ဒရေသည် ခရစ္စတိုဖာလိုပင် အေးစက်စက်နိုင်သည့် မိန်းကလေးဖြစ်သည်မှအပ အခြားပြော စရာ မရှိပါ။
ဂျူးဒစ်က -
" အိမ်ထောင်ထိန်းသိမ်းမှု သိပ်တော်တဲ့ မိန်းကလေးပဲ။ သူတို့ အိမ်ကြမ်းပြင်ဟာ အမြဲတမ်း ဖိတ်ဖိတ် တောက်နေ တာချည်းပဲ" ဟု ချီးမွမ်းသည်။
" ခရစ္စတိုဖာ နဲ့တော့ အလိုက်ဆုံး ဖြစ်မှာပါ" ဟု ဖီးလစ်က ထင်ကြေးပေးသည်။
ခရစ္စတိုဖာ က သူတို့အတွက် အိမ်ကို စိုက်ပရပ်စ် ထင်းရှူးသားဖြင့် တည်ဆောက်သည်။ အိမ်ရှေ့ တွင် မြတ်လေးပန်းရုံတွေစိုက်ပြီး အေးချမ်းစွာ နေလေသည်။ အော်ဒရေသည် အလွန်တာဝန်ကျေသည့် အိမ်ရှင်မ ဖြစ်သော်လည်း သူတို့လင်မယား တည်ခင်းကျွေးမွေးသည့် ညစာဝိုင်းများသည် ပြောစရာ အပြစ် မရှိသလို ပျော်စရာလည်း သိပ်မရှိလှပေ။ လက်ထပ်ပြီး တစ်နှစ် အကြာတွင် ကလေး တစ်ယောက် မွေးတော့လည်း အော်ဒရေ မိခင်ဘ၀ကို ခပ်အေးအေးပင် ခံယူ လေသည်။ ဂျူးဒစ်က ကလေး အတွက် အ၀တ်တွေ ကိုယ်တိုင်ချုပ်ပေးသော်လည်း စိတ်ထဲက မကျေနပ်လှပေ။
" ဒါ ကျွန်မ မြေးဦးရှင့်၊ အခမ်းအနားလေး ဘာလေးလုပ်ဖို့ လုံးဝ စိတ်မကူးကြဘူး။ အော်ဒရေဟာ ကလေး မွေးတာ ကို နေ့စဉ်လုပ်နေကျ အလုပ်တစ်ခုများ အောက်မေ့နေလား မသိဘူး "
ဂျူးဒစ် က ရင်ထဲမှ မကျေနပ်မှုကလေးကို ဖီးလစ်ရှေ့တွင် ဖွင့်ပြနေသည်။ ဖီးလစ် ရယ်သည်။
" သြော် … အချစ်ရယ်၊ မင်းပြောတာ ဟုတ်ပါတယ် " ဟုဆိုပြီးမှ အလေးအနက် လေသံဖြင့် -
" အင်း … သူတို့ ဒီ့ထက် ချောင်ချောင်လည်လည် ရှိစေချင်ပါတယ်။ ခရစ္စတိုဖာရဲ့ ၀င်ငွေက သိပ်ရှိ သေးတာမဟုတ်ဘူး။ အိမ်ဆောက်ရ၊ ကလေးမွေးရနဲ့၊ ငွေထုတ်ပေးပြန်တော့လည်း ဒီကောင်က လက်မခံဘူး။ တကယ်မလိုဘဲ မယူပါဘူးတဲ့၊ မခက်ဘူးလား "
ဂျူးဒစ် ဘာမှမပြောဘဲ ငြိမ်နေ၏။ ဒေးဗစ် အသုံးအဖြုန်းကြီးမှုကို အမေလုပ်သူအနေဖြင့် အကာ အကွယ် ပေးနေကြောင်းကို ဆက်လာမည်စိုး၍ ခပ်မဆိတ် နေလိုက်ခြင်းဖြစ်သည်။
သို့သော် ဒေးဗစ်က ကဲသည်ထက် ကဲလာသည်။ သူ့ဝင်ငွေမှာ နည်းသည်မဟ်ုတ်။ သူ့အပေါင်းအသင်းများထဲတွင် သူ့လောက်ရသူ တစ်ယောက်မှမရှိ။ သကြားအမြတ်ထဲမှ တစ်ဝက်လုံးလုံးမှာ သူ့ရပိုင်ခွင့်ဖြစ်သည်။ သည်ထဲမှ ဖဲရှုံးသဖြင့် ကြွေးတင်လာသည့်အခါ နောက်ထပ် တိုးပေးဖို့ ပြောတော့ ဖီးလစ် ညည်းတော့သည်။ သည်တော့ ဒေးဗစ်က အမေကို ကပ်ချွဲသည်။ အချိန် မှာ နွေလယ်ကောင် ကာလကြီးဖြစ်၏။ ကြံပေါ်ဖို့က နိုဝင်ဘာလအထိ စောင့်ရဦးမည်။ ဂုဏ်သိက္ခာ အရ ကြွေးတွေကို ဒါလောက် ကြာကြာကြီး ဆိုင်းမထားချင်။ တမှိုင်မှိုင် တတွေတွေလုပ်နေ၏။ ကတိတွေ ပျက်နေရှာသည့် သားအဖြစ်ကိုမကြည့်ရက်သဖြင့် မဲနယ်တွေ ရောင်းခွင့် အော်ဒါ တစ်စောင် ရေးပေး လိုက်သည်။ ဒေးဗစ် ဆွေ့ဆွေ့ခုန်မျှ ၀မ်းသာသွားသည်။
" ကျေးဇူးတင်လိုက်တာ မေမေရာ၊ သကြားရောင်းပြီးပြီးချင်း ကျွန်တော် ပြန်ပေးပါ့မယ်နော်" ဟု အမေကို အားရပါးရ နမ်းရင်း ပြောပြီး ပြေးထွက်သွားသည်။
" ဟေး … ဂျိုး၊ ငါ့မြင်း လုပ်စမ်းဟေ့ "
မြို့ရောက်တော့ ကြွေးတွေ လိုက်ဆပ်သည်။ မေမေက ပိုပိုမိုမို ပေးလိုက်သဖြင့် ဖိနပ်အကောင်းစား တွေ ၀ယ်လာလိုက်သေး သည်။ ဤသို့ဖြင့် ရက်များစွာ ကြာသွားခဲ့သည်။ တစ်နေ့တွင် ဧည့်ခန်းထဲသို့ ဖီးလစ် ဒေါင်းတင်မောင်းတင် ၀င်လာသည်။ လက်ထဲတွင် ဂျူးဒစ် ရေးပေးလိုက် သည့် အော်ဒါ စာရွက်ကိုင်လျက်။
" ရော့ … ဒီပိုက်ဆံနဲ့ မင်းဘာဝယ်သလဲ "
ဂျူးဒစ် အံ့အားသင့်နေသည်။ ဘယ်တုန်းကမှ အသုံးစရိတ်ကို ဖီးလစ် မစစ်ဆေး မမေးမြန်းဖူးပါ။
" အစ်ကိုက ဘာလို့ သိချင်နေရတာလဲ "
ဖီးလစ်က မျက်မှောင်ကုတ်လိုက်ပြီး -
" မင်းက ဒီလိုရေးပေးလိုက်ရင် ကိစ္စပြီးရော ထင်နေသလား။ ကျုပ်ထပ်ဆင့် လက်မှတ်ရေးထိုးဖို့ လိုသေးတယ်ခင်ဗျ။ ဒီမယ် ဂျူးဒစ်၊ ဒေးဗစ်ကို ပိုက်ဆံမပေးပါနဲ့လို့ ကိုယ် ပြောထားလျက်သားနြ့ "
ဂျူးဒစ် ပခုံးတွန့်သည်။ သက်ပြင်း ချသည်။
" သု့ခမျာ အရူးမီးဝိုင်း ဖြစ်နေရှာတာ အစ်ကို "
" ခဏတစ်ဖြုတ် ရူးချင်ရူးသွားပေစေပေါ့၊ ဒါမှ နောင်တရမှာ "
ဖီးလစ် ရှေ့တိုးလာသည်။ ဂျူးဒစ်၏ လက်မောင်းကို ဆွဲယူသည်။
" မင်း နောက်တစ်ခါ ဒေးဗစ်အတွက် ဒီလိုအော်ဒါမျိုး ရေးပေးရင် မင်းရဲ့ လက်မှတ်ထိုးခွင့်ကို ကိုယ် ရုပ်သိမ်းပစ်မယ် "
ဂျူးဒစ် ရုန်းထွက်လိုက်ပြီး -
" သြော် … နှစ်တွေ ဒါလောက်ကြာအောင် ပေါင်းလာပြီးမှ ဂျူးဒစ် ခေါင်းစည်းကြိုးတစ်ကိုက် ၀ယ်တာက အစ ငွေထုတ်ခွင့်အမိန့် တောင်းနေရမယ်ပေါ့ ဟုတ်လား "
" ဟုတ်တယ်၊ ကိုယ်ပြောတဲ့အတိုင်း မလုပ်ရင် အဲဒီအတိုင်း ဖြစ်သွားလိမ့်မယ်။ ဒီမယ် ဂျူးဒစ်၊ ဒေးဗစ်ကို မင်း မဖျက်ဆီးပါနဲ့တော့။ သူ့ပစ္စည်းကို သူ တွယ်တာတတ်အောင်၊ ကာကွယ်တတ်အောင် တို့ လုပ်ရ လိမ့်မယ် "
" အစ်ကို ဘယ်လိုဖြစ်သွားတာလဲဟင်၊ တစ်ချိန်လုံး သားအပေါ်မှာ ပျော့ပျောင်းခဲ့ပြီး ဘာလို့ ခုမှ တရားသူကြီးတစ်ယောက် လို တင်းမာလာရတာလဲ၊ သူဟာ အစ်ကို့ရဲ့ ပုံတူပဲ၊ ကိုယ်ပွားပဲဟာ "
" အဲဒါက တစ်ပိုင်း၊ မင်း သူ့ကို အဲဒါ သွားသွားပြောမနေနဲ့၊ သူ့အရွယ်တုန်းက ကိုယ်ပေခဲ့ပေမဲ့ ကိုယ့် အပြစ် ကိုယ်ခံတာ ချည်းပဲ။ ကိုယ့်မှာ ခေါင်းပွတ်ပြီး ချော့မယ့် အမေလည်း မရှိဘူး "
ဂျူးဒစ်က လက်ထဲမှ သော့တွဲကိုယမ်းပြီး ၀င်ထိုင်သည်။ ဖီးလစ်က အမူအရာ ပျော့ပျောင်းသွားသည်။
" ကဲ … မင်း ကိုယ့်ကို ကတိပေးပါ၊ နောင် ဒါမျိုး မလုပ်ပါဘူးလို့ "
ဂျူးဒစ်က ကျေးဇူးတင်စွာဖြင့် လင်တော်မောင်ကို ပြုံးပြသည်။
" သားကလေး ဒုက္ခဖြစ်နေတာကို မကြည့်ရက်လို့ပါ အစ်ကိုရယ်၊ အဲဒီကြွေးတွေ တင်နေကတည်းက သူ ဆောက်တည်ရာမရ ဖြစ်နေတာ၊ အဲဒီနေ့က အစ်ကို သူ့ကို မြင်စေ့ချင်တယ် "
" ခု သူ ဘယ်မှာလဲ "
" လူပျိုည့်ထွက်သွားပြီ။ ဘောင်းဘီအသစ်၊ ဦးထုပ်အသစ်နဲ့။ ဘောင်းဘီက ပုံဆန်းတဲ့လေ၊ ကျပ်မှ ကျပ် "
ဖီးလစ်က နံဘေးတွင် ၀င်ထိုင်ပြီး ဂျူးဒစ်၏ ဒူးပေါ်သို့ လက်တင်သည်။
" ဂျူးဒစ်၊ မင်းရဲ့ သားကြီး သြရသကို ကိုယ် သိပ်မပြောချင်ဘူး၊ သူ ဒီလိုဖြစ်အောင် လုပ်နေတဲ့ မင်းကိုပဲ အပြစ်ပြောရလိမ့်မယ်။ မင်း သူ့ကို မြာပွေတဲ့ကိစ္စမှာ အားမပေးစေချင်ဘူး "
ဂျူးဒစ်က ရယ်ပြီး -
" ဒါကတော့ တစ်မြို့လုံးမှာရှိတဲ့ ကောင်မလေးတွေက သားကို ၀ိုင်းကြိုက်နေကြရင် ကျွန်မ ဘာတတ်နိုင်မျာလဲ "
လင်မယားနှစ်ယောက် မျက်လုံးချင်း ဆိုင်မိကြသည်။
" မင်း သူ့ကို ပြောင်းလဲအောင် လုပ်မပေးနိုင်တော့ဘူးလား"
" ဘာကို ဆိုလိုတာလဲ "
" ဆိုလိုတာက …. "
ဖီးလစ်က ခပ်ဖြည်းဖြည်း စပြောသည်။
" ဒေးဗစ်မျာ ကောင်မလေးတွေ ၀ိုင်းဝိုင်းလည်နေတယ်၊ ဒါပေမဲ့ တစ်ယောက်မှလည်း မင်း သဘောမတူဘူး။ မင်းက မင့်သားကို စွံတာတော့သဘောကျတယ်၊ မိန်းမ ယူသွား မှာတော့ ကြောက် နေတယ်။ အဲဒါ မဟုတ်ဘူး ဂျူးဒစ်၊ အမေ့ရင်ခွင်ထဲက မထွက်ချင်တဲ့ လူပျိုကြီး ဘ၀ ရောက်သွားလိမ့်မယ် "
ဂျူးဒစ် ခဏ တွေစဉ်းစားသည်။ ဖီးလစ်ပြောသလို မဟုတ်ကြောင်း ငြင်းဖို့ စကားလုံး ရှာနေသည်။ နောက်ဆုံးတွင်မှ -
" သားကို စွန့်ရမျာ ကြောက်နေတာ မှားသလား အစ်ကို "
" မှားတာပေါ့ "
လက်နှစ်ဖက်ကို ဖီးလစ်လက်ထဲ ထည့်လိုက်ပြီး -
" ဂျူးဒစ် အဲဒီလို တစ်ခါမှ မစဉ်းစားမိဘူးအစ်ကို "
ဖီးလစ်က ပြံးပြီး မွှေးမွှေးပေးလိုက်သည်။ ပြီးတော့ အသာ အခန်းထဲမှ ထွက်သွားသည်။
သည်နွေတွင် ဒေးဗစ် ဖဲမကစားတော့ဘဲ ဖြတ်ပစ်လိုက်သည်။ သို့သော် အပျင်းပြေ ကြက်ပွဲတော့ သွားတတ်သေး သည်။ ကြက်ပွဲမှာ နယူးအော်လီယန်းမှ ကူးစက်လာသည့် နောက်ဆုံးပေါ် ကစား နည်းဖြစ်နေ ၍ လူငယ်တွေ သဘောကျကြသည်။
သူ့သား တည်ငြိမ်စ ပြုလာပြီဖြစ်ကြောင်း ဂျူးဒစ်က ဖီးလစ်ကို ပြောသည်။ အောင်မြင်ထွားကျိုင်းလှသော ကြံခင်းတွေ ကိုကြည့်ပြီး ဟုတ်တန်ကောင်း၏ဟု ဖီးလစ် ခန့်မှန်း လိုက်၏။
ကပ္ပလီလုပ်သားတွေ ဒေးဗစ်၏ ကြံခင်းကို စတုတ္ထအကြိမ် ခုတ်နေကြသည်။ တချို့က တိုးချဲ့သကြားစက်ရုံ တည်ဆောက်ရေးတွင် လုပ်အားပေးလျက် ရှိကြသည်။ ကြိတ်ဆုံသုံးဆုံ တစ်ပြိုင် တည်း ကြိတ်နိုင်အောင် လုပ်ထားပြီးပြီ။ ဧရာမ သစ်သားဘီးကြီးများ၊ မြင်းဆွဲရန် ထမ်းပိုးရှည်ကြီးများဖြင့်။ တစ်ဖက်မှ သစ်သားဆောင်တွင် အိုးကြီး ၆ လုံးတန်းစီနေသည်။ သကြား စက်ရုံနှင့် မလှမ်းမကမ်းတွင် ကြိတ်ပြီးသား ကြံဖတ်တွေကို သိုလှောင်ရန် ဂိုဒေါင် တစ်လုံးလည်း ဆောက်ထားသည်။
ကြံဖက်များ မှာ အခြောက်လှန်းပြီးလျှင် အဖိုးတန်လာတော့သည်။ ကြံချက်ရာ တွင် လောင်စာ အဖြစ် ပြန်လည် အသုံးပြုခြင်းဖြင့် ထင်းအပုံကြီး သက်သာ၏။
" အင်း … ငါ့သားကတော့ တကယ့် စိုက်ပျိုးရေးသမားဖြစ်ဖို့ မွေးလာတာပဲ "ဟု ဖီးလစ် ထပ်ပြော ပြန်သည်။
ဒီဇင်ဘာလ ဆန်းပိုင်း ညအိပ်ရာမ၀င်မီ ဖြစ်၏။
" မပြောဘူးလား၊ သူ့ဘာသာသူ ပြုပြင်လာမှာပါလို့ "
ဂျူးဒစ်က ကြည်နူးမဆုံးသည့် လေသံဖြင့် ပြောသည်။
" ကြံကြိတ်တဲ့အချိန်ဆိုရင် သူ ဘယ်မှ မခွာတော့ဘူး၊ ညစာစားပြီးတော့လည်း ဖိုတွေ မီးမှန် မမှန် သွားကြည့်သေး တယ် "
ဂျူးဒစ်က ခေါင်းအုံးပေါ် တံတောင်နှင့်ထောက်ပြီး အပြင်ကို ကြည့်လိုက်သည်။ ပြောင်းခင်းဆီတွင် အလင်းရောင်ပျပျ ရှိနေသည်။ လရောင်တွင် တစ်စုံတစ်ခု ရောင်ပြန်ဟပ်နေသည်ထင်လိုက်၏။ ချက်ဖိုတွေ သည်ဘက်တွင် ဆောက်ပြီးမှ ဂျူးဒစ် ကွင်းထဲသို့ မရောက်သေးပေ။
ကြံချက် သည့် ရာသီတွင် မိးဖိုတွေကို နေ့ရောညပါ အနားမပေးဘဲ တစ်ချိန်လုံး ချက်စေသည်။ မီးကို အထူး ဂရုစိုက်ခိုင်းသည်။ ဒေးဗစ်က ညနေပိုင်းတွင် ကိုယ်တိုင် ကြီးကြပ်ပြီး သန်းခေါင်ချိန်လောက်မှ အလုပ်သမား လက်သို့ လွှဲကာ အိမ်ပြန်သည်။
စောင်ခြုံထဲတွင် ပြန်ကွေးရင်း ဂျူးဒစ် ကြည်ကြည်နူးနူး တွေးနေသည်။ သားအဖတစ်တွေ ၀က်သစ်ချမြိုင် တောကြီးကို အောင်နိုင်ခဲ့ကြခြင်းပါတကား။ ယခုမူ စိုက်ခင်းလွင်ပြင်သည် မိုးကုပ်စက်ဝိုင်း သို့တိုင် ကျယ်ပြန့်နေသည့်အလား။ အိပ်ခန်းထဲမှ လှမ်းမျှော်ကြည့်လျှင် အလွန့်အလွန် ရာသီဥတု ကြည်လင် သည့် နေ့များတွင်သာ သစ်တော နယ်နိမိတ်ကို ရေးရေးမြင်နိုင်သည်။ စိုက်ခင်း နယ်နိမိတ်ကို မျဉ်းကြောင်းသေးသေးလေးဖြင့် တားထားဘိသကဲ့သို့။
သည်နယ်နိမိတ် ၏ ဟိုမှာဘက်မျ သစ်တောကလည်း ၀က်သစ်ချမြိုင် အပိုင်ပင်ဖြစ်သည်။ မိုင်ပေါင်း များစွာ၊ ဧကပေါင်းများစွာ။ သည်သစ်တောကြီးကတော့ ခရစ္စတိုဖာအတွက်နှင့် လောင်စာအတွက် အရန်သစ်တောကြီးဖြစ်၏။
ရီတာကလေး၏ အပိုင်စား မြေဧကတွေလည်း တိုးလာသည်။ ဧက ၃၀၀ ထိ ရှိနေပြီ။ ဖီးလစ် ကလေး ရမည့် မြေတချို့ပါ ရီတာ ရသွားခြင်းဖြစ်သည်။ သားကလေးကို သတိရလာတော့ ရင်ထဲ နင့်သွားသည်။
သို့သော် ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်ရသည်။ ကျန်ကလေးတွေက မိဘတိုင်း ဂုဏ်မယူဘဲ မနေနိုင် သည့် ကလေးမျိုးချည်း မဟုတ်လား။ ငြိမ်းချမ်းအေးမြစွာ အိပ်ပျော်သွားလေသည်။
အသံဗလံတွေ ဆူဆူညံညံကြားသဖြင့် ဂျူးဟစ် လန့်နိုးလာသည်။ ရင်တွေ တုန်နေ၏။ မှန်အိမ်မိးစာကို မြှင့်လိုက်မှ ကမန်းကတန်း အ၀တ်လဲနေသော ဖီးလစ်ကို မြင်ရသည်။ အိမ်စေတွေ အသံဖြင့် တစ်အိမ်လုံး ဆူညံနေသည်။
" အစ်ကို … ဘာဖြစ်တာလဲ "
ဖီးလစ်က ပြန်မပြောအားဘဲ ပြတင်းပေါက်ကို လက်ညှိုးထိုးပြလိုက်သည်။ ဂျူးဒစ် ထထိုင်ပြီး ပြတင်းပေါက် ဘက်ကို လှမ်းကြည့်လိုက်သည်။ ဘုရား ဘုရား၊ ကွင်းထဲတွင် မီးတောက် ကြီးတွေ၊ မီးခိုးလုံးတွေ လှိမ့်တက်နေသည်။ မည်းမည်းသဏ္ဍာန်တွေ ရှုပ်ယှက်ခတ် ပြေးလွှားနေ သည်ကို မီးရောင်တွင် မြင်နေရ၏။ ဂျူးဒစ် ခဏ ကြောင်နေပြီးမှ -
" ဘယ်လို ဖြစ်တာလဲဟင် အစ်ကို "
" ဟိုကောင် သောက်ရူး ဒေးဗစ်ပေါ့၊ ချက်ဖိုကို သေသေချာချာ မထိန်းဘူးလေ။ ကြံဖတ်ဂိုဒေါင်ကို မီး ကူးနေပြီ "
ဖိးလစ်က တံခါးကို ဆွဲဖွင့်ပြီး ထွက်မည်အပြုတွင် ဂျူးဒစ် အိပ်ရာပေါ်မှ ခုန်ဆင်းပြီး -
" ဒေးဗစ်ကို ထိခိုက်မိသေးလား၊ သူ ဘယ်မှာလဲ အစ်ကို "
" မသိဘူး၊ ဘယ်သူမှ သူ့ကို မတွေ့ကြဘူးတဲ့။ ကဲ … မင်း အိမ်မှာနေ၊ ကိုယ် ပြေးမယ်၊ သေသေချာချာ မထိန်းနိုင်ရင် အခင်းတွေ ကုန်လိမ့်မယ် "
ဖီးလစ် ထွက်ပြေးသွားသည်။ ဂျူးဒစ် ပြတင်းပေါက်ကိုဖွင့်ပြီး အပြင်သို့ လှမ်းကြည့် သည်။ ဆောင်းညဥ့်လေကြောင့် စိမ့်နေအောင် အေးလာသည်။ စိုးရိမ်စိတ်ဖြင့် ဂျူးဒစ် ရင်တွေ တုန်လာ သည်။
ပြောင်းပင်တွေလည်း အဖူးချိုးပြီးလို့ ခြောက်သယောင်နေချိန်။ ပြောင်းခင်းကိုကူးပြီး တစ်ဆက်တည်း မဲနယ်ခင်းတွေနှင့် မဲနယ်စည်ကြီးတွေဆီ ရောက်သွားမှဖြင့် ဘုရား၊ ဘုရား။ လိမ္မော်ခင်းတွေပါ ပါကုန်တော့မှာပဲ။ အဲဒီဘက်မှာ အလုပ်သမား တန်းလျားတွေလည်း အများကြီး ရယ်။ လေက ဒီဘက်ကို လှည့်လာမှဖြင့် ဒုက္ခပါပဲ။ အိမ်ကြီးဆီကိုများ။
ဖိနပ်ကို ကပျာကယာ စွပ်ပြီး ၀တ်ရုံတစ်ထည် ဆွဲခြုံကာ အိပ်ခန်းထဲမှ ပြေးထွက်ခဲ့သည်။ မီးဖိုဆောင် ရောက်တော့ ပုံးတစ်ပုံးဖြင့် ကော်ဖိဖျော်ခိုင်းသည်။ ပေါင်မုန့်နှင့် အသားတွေပါ ကိုယ်တိုင် သယ်ပြီး မီးလောင်ပြင်ဆီသို့ ထွက်ခဲ့၏။ တတ်နိုင်သမျှ အနီးဆုံးသို့ လျှောက်သွားပြီး စားစရာတွေကို သစ်ငုတ်တိုပေါ် တွင် ပြင်ပေးသည်။
အပေါ်ပိုင်းတွင် ဗလာကိုယ်ထီးနှင့် ကပ္ပလီတွေ ဖီးလစ်ညွှန်ကြားသည့်အတိုင်း မီးသတ်နေကြသည်။ ဂိုဒေါင်တွေနှင့် သကြားချက်ဖိုကို ငြှိမ်းသတ်သူတို့ လက်လျှော့လိုက်ကြပြီ။ တခြားမကူးအောင်သာ မြောင်းတွေတူးပြီး မီးဖြတ်နေကြသည်။
အလုပ်သမားတွေ ကို ကော်ဖီတိုက်နေသည့် ဂျူးဒစ်ကို မြင်တော့ ဖီးလစ်ရောက်လာပြီး -
" ကြာ့်စမ်း ဘာလို့ လိုက်လာတာလဲ၊ အိမ်မှာပဲနေလို့ ပြောခဲ့သားနဲ့ "
" အို … မလာလို့ ဘယ်ဖြစ်မလဲ၊ သူတို့တစ်တွေကို ကျွေးရမှာပေါ့၊ အစ်ကို့အတွက် ၀ီစကီ တစ်ပုလင်း လည်း ပါလာတယ် "
" ဟုတ်လား၊ ကျေးဇူးပါပဲဗျာ "
ဝီစကီမော့ရင်း ဇနီလုပ်သူကို ကျေးဇူးတင်စွာ ပြုံးပြသည်။ တဖြည်းဖြည်း မီးညွန့်ကျိုးစ ပြုလေပြီ။
" ဟိုဘက် မကူးနိုင်ပါဘူးနော် အစ်ကို "
" အင်း နိုင်သွားပါပြီ၊ ဒါပေမဲ့ ကြံတွေတော့ ကုန်ပြီ။ ကြိတ်ဆုံတွေ၊ ချက်ဖိုတွေနဲ့ လောင်စာဂိုဒေါင်တွေ အားလုံး ပါသွားတယ် "
မိးရောင်တွင် သူ့မျက်နှာမှာ မည်းသည်းနေသည်။
" အလုပ်သမားနှစ်ယောက် တော်တော် ပြင်းပြင်းထန်ထန် ဒဏ်ရာ ရတယ်၊ နောက်တစ်ယောက်က … "
" နောက်တစ်ယောက် ဘာဖြစ်လဲဟင် အစ်ကို "
ဖီးလစ်က ကွက်လပ်တစ်နေရာကို မေးထိုးပြလိုက်သည်။ ဂျူးဒစ် ခပ်လှမ်းလှမ်းမှ သွားကြည့်သည်။
" သေပြီလားဟင် အစ်ကို "
ဖီးလစ် ခေါင်းညိတ်၏။ ဂျူးဒစ် သူ့လက်မောင်းကို လက်နှစ်ဖက်ဖြင့် ဆုပ်လိုက်သည်။ မီးအပူရှိန်ကို မမှုနိုင်ဘဲ ကျောထဲစိမ့်သွားပြီး -
" အစ်ကို၊ ဒေးဗစ် ဘာမှမဖြစ်ဘူး ဆိုတာ အဟုတ်လားဟင် "
" သူ ဒီမှာကို မရှိဘူး။ ဘယ်သွားနေသလဲ မသိဘူး။ ကြည့်ပါဦး … ဒီအတိုင်း ပစ်ထားခဲ့တာ "
ဖိးလစ်က ပြတ်ပြတ်တောင်းတောင်း ပြောသည်။ ဂျူးဒစ် ဒူးတွေ မခိုင်ချင်တော့သလို ဖြစ်သွားပြီး သစ်ငုတ်တို တစ်ခုပေါ်တွင် ထိုင်ချလိုက်သည်။ ရင်ထဲတွင် ပူလောင်လွန်းနေသဖြင့် မျက်ရည်ကျဖို့ သတိမရနိုင်ဖြစ်နေ၏။
ဖီးလစ် ပြန်လှည့်ပြီး အလုပ်သမားတွေကို အပြင်းအထန် ဆက်ခိုင်းနေသည်။ ထိုစဉ်တွင် မြင်းဟီသံ တစ်ချက် ကြားလိုက်ပြီး မြင်းတစ်စီးတရကြမ်း စီးလာနေသည်ကို မြင်ကြရ၏။ နီးလာမှ မီးရောင်တွင် ဒေးဗစ်ဖြစ်ကြောင်း သိကြရသည်။
မြင်းပေါ်မှလွှားခနဲ ခုန်ဆင်းပြီး ဖအေ့ဆီသို့ ပြေးသွားသည်။
" ဖေဖေ … ဘယ်လို ဖြစ်တာလဲဟင် "
ဖီးလစ်က အေးစက်စက် လေသံဖြင့် -
" မင်း ဘယ်သွားနေလဲ ဒေးဗစ် "
" ကျွန်တော် လုံးဝမထင်ဘူး ဖေဖေ၊ ကျွန်တော် ထွက်သွားတုန်းက ဒီလောက်ကြာအောင် နေဖို့ …. "
" ကဲ … တော်တော့၊ သွားပြီး ၀ိုင်းကူပါ၊ နောက်ထပ်မကူးအောင် ဒီဘက်က ဖြတ်ထား၊ မနက်ဖြန်မှ မင်းနဲ့ စကားပြောမယ် "
တစ်ဆက်တည်းတွင် ဂျူးဒစ်ဘက် လှည့်ပြီး -
" လာကူတာ ကျေးဇူးတင်ပါတယ်ကွာ၊ ဂျူးဒစ် ပြန်တော့လေ၊ သိပ်အေးတယ်၊ အနွေးထည်လည်း လုံလုံလောက်လောက် မပါဘဲနဲ့ "
သူ့အသံက ညင်သာလွန်းနေ၍ ဂျူးဒစ် ဆန့်ကျင်ဘက် မပြောတော့။ ထ ပြန်လာခဲ့သည်။ ခပ်မွမွ ထွန်ရေးကြောင်းတွေပေါ်တွင် ဒယီးဒယိုင် လျှောက်လှမ်းလျက်။
ဒေးဗစ်တစ်ယောက် စိတ်ဓာတ်အကျကြီး ကျနေသည်။ ဒီလို ဖြစ်လိမ့်မည်ဟု လုံးဝ မမျှော်လင့်ခဲ့။ ညဦးပိုင်းက အလုပ်သမားတွေကို တစ်ရေးပြန်အိပ်ခိုင်းပြီး သန်းခေါင်ကျော်လောက်တွင် ပြန်လာဖို့ မှာလိုက်သည်။ တစ်ယောက်တည်း ထိုင်ပြီး ချက်ဖိုကြီးတွေကို ပျင်းတိပျင်းတွဲ ထိုင်ကြည့်သည်။ မပျင်းစဖူး ပျင်းလာသည်။ ငြီးငွေ့သလိုလို ဖြစ်လာသည်။
ထိုစဉ်တွင် ရော်ဂျာရှာရမီ ပေါက်ချလာခြင်း ဖြစ်သည်။ ရော်ဂျာက မြို့ထဲမှအပြန် သကြားဖိုတွင် ဒေးဗစ် ရှိလိုရှိငြား ၀င်လာခြင်းဖြစ်၏။ ဒေးဗစ်ကို အရက်သောက်ချင်စိတ် ရှိသလားဟု ရော်ဂျာက မေး၏။
" အေး … ချမ်းတော့ ချမ်းတယ်ကွ၊ ငါ မသောက်ချင်ဘူး ရော်ဂျာ၊ ဒါပေမဲ့ မင်းနဲ့ ငါ လိုက်ခဲ့မယ်လေ၊ ခဏ မြင်းထွက်စီးလိုက်ရင် နွေးသွားမယ်ထင်တယ်။ ခဏတစ်ဖြုတ် ထားခဲ့လို့တော့ ဘာမှ မဖြစ်တန်ကောင်းပါဘူး "
ရုတ်တရက် ထပြီး လေထန်လာလိမ့်မည်ဟု လုံးဝ မမျှော်လင့်ခဲ့။
ဖြစ်ခဲ့သမျှ ၀န်ချတောင်းပန်ပြီးပြီ။ နောင်ကို သည်လို မဖြစ်စေအောင်ကြိုးစားပါမည်ဟုလည်း ကတိပေး ပြီးပြီ။ ဒါကို ဖခင်လုပ်သူက လွယ်လွယ်နှင့် ခွင့်မလွှတ်နိုင် ဖြစ်နေခြင်းအတွက် ဒေးဗစ် စိတ်ညစ်နေ ၏။ နောင်တလည်း ရနေပြီ။ ဖြစ်ပြီးသည့် ကိစ္စကတော့ ဘာတတ်နိုင်မည်နည်း။
" ဒီကိစ္စဟာ ၀က်သစ်ချမြိုင် ပိုင်နက်တစ်ခုလုံး အတွက်ရော ဒီမြေပေါ်မှာနေတဲ့ လူအားလုံးအတွက် ရော ဘယ်လောက်အန္တရာယ်များတယ်ဆိုတာ မင်း စဉ်းစားမိရဲ့လား "
" ဟုတ်ကဲ့ ဖေဖေ၊ ကျွန်တော် စိတ်မကောင်းပါဘူး၊ တကယ့်ကို ၀မ်းနည်းပါတယ်လို့ ပြောပြီးပါပြီ "
" တကယ်လို့ လူမည်းအလုပ်သမားတစ်ယောက်သာ အဲဒီအချိန်မှာ တာဝန်ရှိတယ်ဆိုရင် သေလုမြောပါး အရိုက်ခံရမှာ သေချာတယ်။ ပြီးတော့ အချုပ်ခန်းထဲ အပို့ခံရဦးမယ်။ ဒါဟာ သူ ခံသင့်ခံထိုက်တဲ့အပြစ်ကို လူမည်းကျွန်တစ်ယောက်လောက်မှ တာဝန်မသိဘူး ဆိုရင်တော့ … "
ဖီးလစ် ထလာသည်။ သားလုပ်သူနှင့် မျက်နှာချင်းဆိုင် ရပ်လိုက်၏။
" ဒါပေမဲ့ လူဖြူ မြေပိုင်ရှင်တွေကျတော့ ကျွန်တွေလို အချုပ်ခန်းထဲ မသွားရဘူးပေါ့ကွာ။ ဒါပေမဲ့ ဒီမယ် ငါ့သား၊ ၀က်သစ်ချမြိုင်အနေနဲ့ မင်းကို ပြစ်ဒဏ်တစ်ခုခုတော့ ပေးရလိမ့်မယ်။ မင်း ခြောက်လုံးလုံး ၀က်သစ်ချမြိုင်ရဲ့ နယ်နိမိတ်အတွင်းက ဘယ်မှမသွားရဘူး။ ဒီကြားထဲမှာ မင်းကို စိတ်ချလက်ချ တာဝန်ပေး လို့ ရ မရ စောင့်ကြည့်မယ် "
" ဗျာ … ခြောက်လ ဟုတ်လား "
ဒေးဗစ် ပါးစပ်အဟောင်းသားနှင့် ပြန်မေးလိုက်သည်။
" ဟုတ်တယ် "
" ကျွန်တော့် အပေါင်းအသင်းတွေကို ကျွန်တော် ဘယ်လို ပြောရမလဲ ဖေဖေ၊ ဒီအရွယ်ကြီးကျမှ ကလေးတစ်ယောက်လို ခြေချုပ်ချထားမှာလား "
" ဒါတော့ မင်းက ကလေးတစ်ယောက်လို ပြုမူတာကိုး။ မင်းဟာ လူကောင်ကြီးပြီး အချိန်မစီးတဲ့ ကောင်မျိုးပဲ "
ဒေးဗစ် ဒေါပွလာ၏။ သည်လို အပြစ်မျိုးကို ခံနိုင်ဖို့ မလွယ်ကြောင်း၊ အပေါင်းအသင်းတစ်သိုက်နှင့် ဆုံပြီး စားသောက်လေ့ ရှိသူ၊ ကြက်ကလေးဘာလေး တိုက်ချင်သူ၊ ကပွဲများကိုလည်း မလွတ်တမ်း တက်ချင်သူ တစ်ယောက် အနေဖြင့် ခြောက်လလုံးလုံး အကျယ်ချုပ်ဘ၀ဖြင့် မနေနိုင်ကြောင်း ဒေးဗစ် ကန့်ကွက်ပြောဆိုသည်။
" ပြီးတော့ ကျွန်တော် အသက်ပြည့်နေပြီ ဖေဖေ၊ ကျွန်တော် ထင်တာကို လုပ်ပိုင်ခွင့်ရှိတယ် "
" လုပ်လေ၊ ဒါဆို မင်းပစ္စည်းနဲ့ မင်းလုပ် "
အကျယ်ချုပ်ဘ၀ကို ဒေးဗစ် တစ်ပတ်တိတိ ကြိတ်ခံသည်။ သို့သော် တစ်နေ့တွင် မနက်အစောကြီး ထ လစ် သွားသည်။ ဘာပစ္စည်းမှ ယူမသွား။ အ၀တ်အစား အနည်းငယ်နှင့် မြင်းတစ်ကောင်သာ ပါ သွားသည်။
နေ့ရော ညပါ ဂျူးဒစ် စိတ်ဆင်းရဲနေရ၏။ စိတ်လိုက်မာန်ပါ ထွက်သွားခြင်းဖြစ်၍ အိတ်ထဲ ပါသွားသည့် ငွေစကလေး ကုန်သွားလျှင် ပြန်လာလိမ့်မည်ဟု မျှော်လင့်နေခဲ့သည်။ သို့သော် တတိယ အပတ် ကုန်သွားသည်အထိ ဒေးဗစ် ပြန်ပေါ်မလာပေ။
ဖီးလစ်၏ မျက်နှာမှာ ဘယ်တုန်းကနှင့်မှ မတူအောင် မှုန်မှိုင်းလျက်ရှိ၏။ ဒေးဗစ် သည်လိုတုံ့ပြန်လိမ့် မည်ဟု သူ လုံးဝမမျှော်လင့်ခဲ့ပေ။ ဂျူးဒစ်က သား ပြန်လာနိုးနှင့် မြင်းခွာသံကြားတိုင်း ပြတင်းပေါက် သို့ ပြေးကြည့် ရဖန်များလာသောအခါ မျှော်ရေးပန်းကာ စိတ်လျှော့စ ပြုလာသည်။
" အစ်ကို လိုတာပါလေ၊ ဒီအရွယ်ကို ကလေးတစ်ယောက်လို အုပ်ချုပ်လို့ မရနိုင်ဘူးဆိုတာ အစ်ကို နားလည်ဖို့ ကောင်းတာပေါ့ "
နောက်ဆုံး ဖီးလစ်ကို အပြစ်ပုံချသည်။
" အသာနေစမ်းပါကွာ၊ ကိုယ်လည်း မင်းလိုပဲပေါ့။ ကိုယ် ဘယ်လို ခံစားနေရတယ်ဆိုတာ မင်းလည်း သိသားနဲ့ "
ဖီးလစ်က လှည့်မကြည့်ဘဲ ပြန်ပြောသည်။ ဂျူးဒစ် အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေ၏။ ဖီးလစ်က ပြတင်းပေါက်မှ အပြင်သို့ ငေးနေသည်။ နောက်ဆုံးတွင် ဂျူးဒစ်က -
" အစ်ကို ဘာဆက်လုပ်မလဲဟင် "
" ကိုယ် နယူးအော်လီယန်းကို လိုက်သွားမယ် "
ဖီးလစ် တိုတိုတုတ်တုတ်ပင် ပြန်ပြောသည်။
ဖီးလစ် ထွက်သွားတော့ ဂျူးဒစ် ရင်တမမဖြင့် ကျန်ရစ်သည်။ သားကလေးကို တွေ့ပါရစေဟုလည်း ညတိုင်း ဆုတောင်း၏။ ဒေးဗစ်တွင် ကြာကြာနေနိုင်လောက်အောင်၊ ဝေးဝေးသွားနိုင်လောက်အောင် ပိုက်ဆံ အလုံအလောက် ပါမသွားပေ။ သို့သော် ဖီးလစ် လက်လျှေည့ပြီး ပြန်လာသည်။ နယူးအော်လီယန်းတွင် ဒေးဗစ်ကိုတွေ့သူ တစ်ယောက်တလေမျှ မရှိ။ နောက်တစ်ပတ် အကြာတွင်လှေတစ်စင်းဖြင့် နက်ချက်အထိ ဆန်တက်သွားသည်။ ဆိပ်ကမ်း တိုင်းတွင် ကပ်ပြီး စုံစမ်းသည်။ သို့သော် ဒုတိယအကြိမ် စိတ်လျှော့ပြီး အိမ်ပြန်လာခဲ့ရပြန်သည်။
စောစောပိုင်း က ဖြစ်ခဲ့သည့် ဒေါသနှင့် စိုးရိမ်စိတ်တို့ ဂျူးဒစ်၏ ရင်ထဲတွင် လျော့ကျသွားလေပြီ။ ရင်တမမဖြင့် စောင့်ရသည့် အထိတ်တလန့် ဝေဒနာတစ်မျိုး အစားဝင်လာ၏။
ဤသို့ဖြင့် နှစ်လ ကြာသွားသည်။ ဘာသတင်းမှ မရ။ နောက်ထပ် နှစ်လကြာတော့လည်း အကြောင်း မထူး။ အကူအညီ ပေးမည့်သူလည်း တစ်ယောက် မလေမှ မတွေ့။
သကြားကြိတ်ဆုံနှင့် ချက်ဖိုတွေကို ဖီးလစ် နေ့မအား ညမအား ပြန်ဆောက်နေသည်။
" အစ်ကိုရယ် … ပင်ပန်းလှပါပြီ၊ ဘာလို့ ဒါလောက် အပင်ပန်းခံ နေရတာလဲ "
" မပင်ပန်းရင် အိပ်မပျော်ဘူး ဂျူးဒစ် "
ဂျူးဒစ် ဘာမှ ထပ်မပြောတော့ပေ။ ဂျူးဒစ်ကိုယ်တိုင်လည်း ဖီးလစ်လိုပင် အအားနေတတ်သူ မဟုတ်။ အချိန်ပိုမှာကို အလွန်ကြောက်နေ၏။ ညနေ ညနေတွင် အဝေးဆုံးနေရာအရောက် မြင်းလျှောက်စီးသည်။ မမောမပန်းလျှင် ဖီးလစ်လိုပင် အိပ်မပျော်တော့ပေ။ အိပ်ပျော်သွားပြန်လျှင်လည်း အိမ်မက်ဆိုးတွေ ဆက်တိုက်မက်တတ်သည်။ မြစ်ထဲ မျောလာသည့် အလောင်းမှာ ဒေးဗစ်ဖြစ်နေသည့် အိပ်မက် မျိုး၊ ဒေးဗစ်၏ ခေါင်းကို လူရိုင်းတွေက ဖြတ်ယူသွားပြီး တိုင်ထိပ်တွင် တွဲလောင်းဆွဲထားသည့် အိပ်မက် မျိုး။
ဆောင်းဦးပေါက် တွင် နားထင်တစ်ဝိုက်မှ ဆံစကလေးများဖြူစ ပြုလာသည်။
ကြံခင်းတွေကို မမြင်ချင်ဘဲအိမ်ထဲမှ လှမ်းမြင်နေရ၏။ မတ်လထဲတွင် အစို့ကလေးများ ထပ်ထွက် လာသည်။ ဒေးဗစ် အလွန်ချစ်တတ်သည့် ကြံစို့ကလေးတွေ။
ဒေးဗစ် ပျောက်သွားသည်မှာ ၈ လ တင်းတင်း ပြည့်ခဲ့ပြီ။ ခရစ္စတိုဖာက မြောက်ပိုင်းအထိ တက်ရှာမည်ဟု ပြော၏။ ဂျူးဒစ်က တားသည်။
" ခုမှတော့ မထူးတော့ဘူး သား၊ ကမ္ဘာ့အပြင်ဘက် ရောက်ချင်ရောက်နေမှာ "
ခရစ္စတိုဖာက မအေ့လက်မောင်းကို ကိုင်ပြီး -
" တစ်နေရာမှာတော့ ရှိရမှာပေါ့ မေမေ၊ သူသေတယ်ဆိုတာ သိရရင်လည်း …. "
" ခရစ္စတိုဖာ တစ်ဆိတ်ကွယ် "
ဂျူးဒစ် ခပ်ကျယ်ကျယ်အော်ပြီး တားလိုက်သည်။ ခရစ္စတိုဖာက မအေကို တတ်နိုင်သမျှ စိတ်သက် သာအောင် ချော့မော့ပြီး ပြန်သွားသည်။ စီးတော်မြင်းကို ပြင်ပြီး ဂျူးဒစ် ကွင်းထဲသို့ ထွက်ခဲ့သည်။
ဘာဖြစ်လို့များ လူတွေ ကလေးယူချင်ကြပါလိမ့်ဟု စိတ်ချဉ်ပေါက်ပေါက်ဖြင့် ပြန်တွေးကြည့်သည်။ ရီတာမှာ ချစ်စရာကလေး ဖြစ်လာသည်။ သို့သော် ငယ်လွန်းနေ၍ အဖော်မရသေးပေ။ တစ်ယောက်က အိုးမဲ့အိမ်မဲ့ ဘ၀ဖြင့် ဘယ်သောင်ဘယ်ကမ်း ဆိုက်နေသည်မသိ။ မိဘနှင့် အကင်းကွာဆုံးဖြစ်သည့် ခရစ္စတိုဖာ တစ်ယောက်သာ ကျန်တော့သည်။ သည်ဆုံးရှုံးမှုအပေါင်းတို့ သည် ဒေးဗစ်အတွက် ပူဆွေးသောကရောက် ရသည့် ဝေဒနာတမျှ ခံစားရလေသည်။
အစိမ်းရောင် ကြံခင်းလွင်ပြင်ကြီးကို ငေးကြည့်နေမိ၏။ သည်ကြံခင်းများသည် ဒေးဗစ် မရှိလျှင် ဘာမှ အဓိပ္ပယ်ရှိမည် မဟုတ်ပေ။ ဖီးလစ်သည် ကြံလုပ်ငန်းပေါ်၌ ရာနှုန်းပြည့် အာရုံစိုက်နိုင်သည်။ ဖီးလစ်သည် ကြံလုပ်ငန်းပေါ်၌ ရာနှုန်းပြည့် အာရုံစိုက်နိုင်သည် မဟုတ်။ ကြံပင်များ ငိုက်ယွန်းနေပုံမှာ သူတို့သခင် မရှိ၍ စိတ်ဓာတ်ကနေမသည့်နှယ်။ သို့သော် ဒေးဗစ်ကို အပြစ်ဆိုဖို့ ထွက်လာခဲ့ခြင်း မဟုတ်ကြောင်း ကိုယ့် ကိုယ်ကိုယ် သတိပေးလိုက်သည်။
ဘယ်သူ့ ကိုမှ အပြစ်မတင်လိုတော့ပါ။ ဒေးဗစ်သည် လူလားမြောက်နေပြီ။ ကလေးစိတ် မကုန့် တကုန် ဖြစ်နေသည့် လူငယ်တစ်ယောက်ဖြစ်သည်။ မည်သို့ဖြစ်စေ မိမိအနေဖြင့် ဒေးဗစ်ကို သူငယ်နှပ်စားလေး လို သဘောမထားမိအောင် ဂရုပြုရတော့မည်။
စင်စစ် ဒေးဗစ်သည် အရွယ်ရောက်နေပြီဖြစ်၏။ ဘယ်သူ့လွှမ်းမိုးမှုကိုမှ မခံယူလိုတော့ပေ။ သည်အချက်ကို သူကိုယ်တိုင် သတိမမူဘဲနှင့် မိခင်၏ ရင်ခွင်ထဲမှ ရုန်းထွက်သွားခြင်းဖြစ်လေသည်။
နေ လုံးလုံးဝင်သွားလေပြီ။ ဆည်းဆာရောင်ရေးရေး ကျန်ရစ်၏။ သို့သော် တစ်ခဏအတွင်း အမှောင်ထု က ဆည်းဆာကို ၀ါးမျိုပစ်လိုက်သည်။ ကောင်းကင်တွင် ကြယ်ကလေးတွေ မှိတ်တုတ် မှိတ်တုတ်နှင့် လင်းစပြုလာ၏။
မြင်းကို အိမ်ဘက်လှည့်ပြီး စီးပြန်လာခဲ့သည်။ ခန်းမဆောင်ထဲမှ ဖယောင်းတိုင်ဖြင့် အိမ်ရှေ့လှေကား ထစ်တွင် ထိုင်နေသည့် ဖီးလစ်ကို အဝေးမှ လှမ်းမြင်နေရသည်။
" ဘယ်သွားနေတာလဲ "
လက်ပြနှုတ်ဆက်ရင်း ဖီးလစ် လှမ်းမေးသည်။
" မြင်းစီးထွက်တာပါ၊ ဘယ်ရယ်လို့ မဟုတ်ပါဘူး "
ဖီးလစ် က ဂျိုးကို အော်ခေါ်ပြီး မြင်းသိမ်းခိုင်းသည်။ ဖီးလစ်နံဘေးတွင် ဂျူးဒစ် ၀င်ထိုင် လိုက်သည်။ ကောင်မလေး တစ်ယောက် တံခါးဝမှ ခေါင်းပြူလာပြီး -
" ညစာ ပြင်လိုက်တော့မယ် မမလေး၊ ဧည့်သည် ရှိသေးလားရှင့် "
" မရှိဘူး၊ တို့သားအမိသားအဖ သုံးယောက်အတွက်ပဲ ပြင် "
" ဒီကောင်မလေး နေ့တိုင်း အဲဒီလိုပဲ မေးနေတယ်နော် "
ဖီးလစ်က ပြုံးပြီးပြောလိုက်သည်။ ၀က်သစ်ချမြိုင်တွင် ဧည့်သည်မရှိသည့် နေ့က ရှားသည် မဟုတ်လား။ မနှစ်တုန်း က သည်အချိန်တွင် ညစာစားပွဲတွေ ပြတ်သည်မရှိ။ ဒေးဗစ် အပြင်ထွက်လျှင် ဧည့်သည်မပါဘဲ ဘယ်တော့မှ ပြန်မလာ။
သတိရတော့ ရင်ထဲ နင့်သွားပြန်သည်။ ဖီးလစ်က ဂျူးဒစ်၏ အတွေးကို လှမ်းမြင်လိုက်သည့်နှယ် လက်ကို လှမ်းဆုပ်ပြီး အားပေးလိုက်သည်။ ထိုစဉ် ၀က်သစ်ချပင်တွေကြားမှ မြင်းလှည်းသံ ကြား လိုက်ရသည်။ ကွင်းထဲ သွားသည့် မြင်းလှည်းတွေ သည်ဘက်လမ်းက လာလေ့မရှိပါ။ ဂျူးဒစ်က အံ့သြသည့်လေသံဖြင့် -
" ဘယ်သူများပါလိမ့် "
ဖီးလစ် မတ်တတ်ထရပ်လိုက်သည်။ ဤတွင် လှည်းဆီမှ အသံတစ်သံ ထွက်လာသည်။
" ဟဲလို … ဖေဖေတို့လား "
" ဒေးဗစ် "
ဂျူးဒစ် တအားကုန်အော်လိုက်သည်။ ၀မ်းသာလွန်း၍ တုန်တုန်ယင်ယင်ဖြစ်နေသဖြင့် သားဆီသို့ ပြေးဆင်းသွားသော ဖီးလစ်နောက်သို့ ရုတ်တရက် လိုက်မသွားနိုင်ဘဲ ကျန်ရစ်သည်။ ခဏနေမှ အတွင်းဘက် ဖယောင်းတိုင်ကို ၀င်ယူပြီး အိမ်အပြင် ပြေးထွက်ခဲ့သည်။ လည်ချောင်းထဲတွင် တစ်ဆို့ဆို့ကြီး ဖြစ်နေ၍ ဘာမှ ပြောမထွက်။ ဒေးဗစ်က ဆီးနှုတ်ဆက်သည်။
" ဟဲလို မေမေ၊ အားလုံး နေကောင်းကြတယ်နော် "
သူ့အမူအရာက ခပ်ရွှင်ရွှင်ပင်။ ညစာစားပွဲတစ်ခုမှ ပြန်လာသည့် ပုံစံ။ စိတ်ကို တည်ငြိမ်အောင်ထိန်းပြီး တသွင်သွင် စီးနေကျနေသည့် မျက်ရည်တွေကို ဂျူးဒစ် သုတ်သည်။ ဖယောင်းတိုင်ကို မြှင့်ပြီး ကြည့်လိုက်သည်။
မြင်းအိုကြီးတစ်ကောင် ဆွဲလာသည့် ချုံးချုံးကျတော့မည့် မြင်းလှည်းဟောင်းကြီးပေါ်တွင် လက်ကို ဝှေ့ယမ်းရင်း နှုတ်ဆက်နေသော ဒေးဗစ်ကို တွေ့ရ၏။ အ၀တ်အစားတွေမှာ စုတ်ပြတ်ပေကျံနေ ၏။ လမ်းပေါ်က လူလေလူလွင့် တစ်ယောက်နှင့် တူနေသည်။
သူ မြင်းလှည်းပေါ်က ခပ်တည်တည် ဆင်းလာသည်။ မုတ်ဆိတ်မွေးတွေ ရှည်နေပြီး ပင်လယ်ဓားပြ နှင့် တူနေ၏။ အသားကို နေလောင်ထားပုံမှာ လူနီရိုင်းတစ်ယောက်နှင့် မခြား။ မျက်နှာကမူ ပြုံးလို့ ရွှင်လို့။ လက်တစ်ဖက်ငြဖ့် ဖအေ့လက်ကို ဖမ်းဆုပ်ပြီး ကျန်တစ်ဖက်ဖြင့် အမေ့ကို လှမ်းဖက်သည်။
" အင်း … ဘုရားသိကြားမလို့ ဖေဖေနဲ့ မေမေကို ကျန်းကျန်းမာမာ ပြန်တွေ့ရတယ်။ တိတ်ပါ မေမေရယ်၊ ကျွန်တော် ကောင်းကောင်းမွန်မွန် ပြန်ရောက်လာပြီပဲ "
ဂျူးဒစ်က သားလုပ်သူကို ပြန်ဖက်သည်။ ဖီးလစ်က ဒေးဗစ်၏ လက်မောင်းနှင့် မျက်နှာကို တယုတယ စမ်းကြည့်နေသည်။
" သား နေကောင်းတယ်ဆိုတာ ဟုတ်ရဲ့လား "
" တကယ်ပါ မေမေရဲ့၊ ကျွန်တော် အရမ်းပျော်ခဲ့တာ "
မအေ့လက်ထဲမှ ဖယောင်းတိုင်ကို လှမ်းယူပြီး အမေကို အားရပါးရ ဖက်သည်။
" ဟောဟိုက ဆင်းလာတာ ရီတာလေးလားဟင် မေမေ၊ ကြည့်စမ်း၊ ထွားလာလိုက်တာ "
ရီတာက ပြေးချလာပြီး -
" အဲဒါဒေးဗစ်လားဟင်၊ ဟင် မုတ်ဆိတ်ကြီးတွေနဲ့ "
ဒေးဗစ်က ရီတာလေးဆီ ပြေးသွားပြီး လက်တစ်ဖက်ဖြင့် လှမ်းပွေ့ယူလိုက်သည်။ ရီတာ ၁၂ နှစ် ရှိနေပြီ။ အမေလို ဟန်မဆောင်နိုင်ဘဲ ဒိုးဒိုးဒေါက်ဒေါက် ပြောချလိုက်သည်။
" တစ်အိမ်လုံး စိတ်ပူလိုက်ကြရတာ၊ ဒေးဗစ် အလကားပဲ၊ လူကြီးတွေ စိတ်ဆင်းရဲအောင် လုပ်တယ် "
ဒေးဗစ်က ရယ်ပြီး ရီတာကလေးကို အောက်ပြန်ချလိုက်သည်။ ခုမှသုံးယောက်သား စကားတွေ လုပြောကြသည်။ သို့သော် ရီတာ့အသံက အဖေ၊ အမေနှင့် အစ်ကိုကြီး၏ အသံကို လွှမ်းပြီး -
" တစ်ခါတည်း၊ လမ်းလျှောက်ပုံကလည်း ရွှေအိုထမ်း ပြန်လာတာ ကျနေတာပဲ "
ဒေးဗစ်က ရီတာ့ ဆံပင်ကို ပွတ်ပြီး -
" ဟုတ်တယ် ညီမလေးရဲ့၊ အစ်ကို့မှာ ရွှေတွေ ပါလာတယ် "
သူက ဖယောင်းတိုင်ကို မြှောက်ပြီး လှည်းအိုကြီးပေါ်ကို ပြလိုက်သည်။ အရာဝတ္ထုကြီးတစ်ခုကို ပတ္တူစကြီး တစ်ခုဖြင့် ဖုံးထားသည်ကို တွေ့ကြရ၏။ ထိုစဉ်တွင် အိမ်စေတွေ၊ ကပ္ပလီ လုပ်သားတွေ ပြေးထွက်လာပြီး ဒေးဗစ်ကို နှုတ်ဆက်ကြသည်။ ဒေးဗစ်က အားလုံး ကို အော်ဟစ် ပြီး ပြန်နှုတ်ဆက် နေသည်။
" ကဲ … ကြည့်လေ ဖေဖေ "
ဒေးဗစ်က ၀မ်းသာအားရ ပြောသည်။
" ဘာတွေလဲ သားရဲ့ "
ဖီးလစ်က ပြန်မေးသည်။ လှည်းပေါ်က ပစ္စည်းကို စိတ်မ၀င်စားသည့် ဂျူးဒစ်က -
" သား ဘယ်တွေ ရောက်ခဲ့သလဲဟင်၊ ပြောပါဦး "
" အို … ရောက်တဲ့ နေရာတွေကတော့ စုံလို့ပဲ မေမေ၊ ဆာဗာနာ၊ ချာလကစတန်၊ ကာရိုလိုင်းနား အထိ ရောက်ခဲ့တယ်။ အဲဒီမှာ ဒါကြီး ရခဲ့တာပေါ့၊ ဒီထိအောင် မနည်းကြံဖန်ပြီး သယ်လာရတယ် "
သူ ပြောပြောဆိုဆို ပတ္တူစကို ဆွဲခွာလိုက်သည်။ သစ်သားဘောင်တွင် ထိုင်ထားသည့် စက်ကြီး တစ်လုံး၊ ဧရာမ ဘီးကြီးတွေ၊ ခွေးသွားစိပ်တွေနှင့်။ ဒေးဗစ်က နောက်ဆုတ်ပြီး ခပ်ခွာခွာ ရပ်လိုက် သည်။ သူ့အမူအရာ မှာ အကောင်းဆုံးလက်ရာ ပန်းချီကားတစ်ချပ်ကို ဖွင့်ပွဲလုပ်နေသည့် ပန်းချီ ဆရာတစ်ယောက်နှင့် တူနေ၏။
ဖီးလစ်က အံ့သြခြင်းကို မဖုံးကွယ်နိုင်တော့ဘဲ -
" ဒါက ဘာကြီးလဲ ဒေးဗစ် "
ဒေးဗစ် က အောင်မြင်စွာ ရယ်ပြီး -
" ၀ါကြိတ်စက်လို့ ခေါ်တယ် ဖေဖေ "
လက်ထဲမှ ဖယောင်းတိုင်ကို ရီတာ့လက်ထဲ ထည့်ပေးပြီး ဖအေလုပ်သူ၏ ပခုံးနှစ်ဖက်ကို ဆုပ်ကိုင် လိုက်သည်။ ပြီးမှ ဆက်ရှင်းပြသည်။ စိတ်လှုပ်ရှားလွန်းသဖြင့် သူပြောပုံ မှာ ပြတ်တောင်းတောင်း ဖြစ်နေ၏။
" နောက်ဆုံး တီထွင်လိုက်တဲ့ ၀ါကြိတ်စက်လေ ဖေဖေ၊ ကာရိုလိုင်းနားမှာတောင် အကြီးဆုံး လုပ်ငန်းရှင်ကြီး တချို့ပဲ သုံးနိုင်သေးတယ်။ တကယ့်ကို အံ့သြစရာကောင်းတာ သိလား။ တကယ် လုပ်ပြမှ ဖေဖေ ယုံမှာ။ ၀ါကောက်ချိန် အမီရောက်အောင် ကျွန်တော် သယ်လာတာ၊ ကံကောင်းလို့ ဇက် မပြတ်တယ်"
" ဘယ်လို အသုံးချမှာလဲ သားရဲ့ "
ဂျူးဒစ် ခုမှ ၀င်မေးသည်။
" ၀ါဂွမ်းတွေထဲက အစေ့ကို ထုတ်ပေးတယ်လေ။ လူ လေးငါးဆယ်ယောက်လောက် တစ်နေကုန် လုပ်တာကို သူက နာရီပိုင်းအတွင်း ပြီးအောင် လုပ်ပေးလိမ့်မယ်။ စက်လည်နေတုန်း ကြည့်ရင် မြန်လွန်း လို့ မူးတောင် လာတယ်။ အိမ်မှာ ၀ါဂွမ်းတွေ ရောက်ပြီလား "
" တချို့ ရောက်နေပါပြီ "
ဖီးလစ်က သားနှင့်အတူ စိတ်လှုပ်ရှားနေ၏။
" မနက်အစောကြီး ကျွန်တော်တို့ အလုပ်စမယ် "
ဖအေ့ကျောပြင်ကြီးကို ပုတ်ပြီး -
" ဖေဖေ့ရှိသမျှ ၀ါတွေကို ကျွန်တော် သုံးရက်အတွင်း အစေ့ထွင်ပေးမယ် "
ဖီးလစ် ရယ်နေသည်။ ဂျူးဒစ် ကတုန်ကယင်နှင့် လိုက်ရယ်သည်။ သို့သော် မျက်ရည်တွေက ပါးပြင်ပေါ်တွင် စီးချက်လျက်။ သည်လို ဖြစ်လာမည်၊ သည်လို အဖြေထွက်လာမည်ဟု ဘာကြောင့် ကြိုတင်မမြင်ခဲ့ပါလိမ့်။ ဒေးဗစ်သည် ဖအေတူသား မဟုတ်လား။ အောင်မြင်မှုသရဖူ တစ်မျိုးမျိုး မရမချင်း အိမ်ပြန်လာမည့် လူစားမျိုး မဟုတ်ကြောင်း ဘာလို့ မတွေးမိပါလိမ့်။
စက်ကြီး ကို ညတွင်းချင်း လှည်းပေါ်က ချဖို့ အလုပ်သမားတွေကို အမိန့်ပေးပြီး သားအမိ သားအဖ တစ်တွေ အိမ်ကြီးထဲသို့ ၀င်ခဲ့ကြသည်။ ဂျူးဒစ်က ဒေးဗစ်နှင့် လက်ချင်းချိတ် လျက်။ ပျော်လွန်းသဖြင့် ခေါင်းထဲတွင် ရီဝေေ၀ ဖြစ်နေ သည်။ ဒေးဗစ် က ပြတ်တောင်း ပြတ်တောင်း ပြောနေ ဆဲ။
" ဒါမျိုး နှစ်လုံး သုံးလုံးပဲ ၀ယ်နိုင်ဦး၊ မဲနယ်စိုက်သလောက် အလုပ်ဖြစ်နေပြီ။ ခုပေါက်ဈေးနဲ့ဆိုရင် တစ်ဝက်လောက် ၀ါဂွမ်းတွဲစိုက်၊ ကျွန်တော်တော့ အလုပ်စချင်လှပြီ။ အင်း ကိုယ့်အိမ် ကိုယ်ပြန် ရောက် ရတာ ပျော်စရာကြီးပါလား "
ဆက်ရန်
.

No comments:
Post a Comment