Saturday, April 28, 2012

အထောက်တော် လှအောင် ဘာသာပြန် ရဘက်ကာ အပိုင်း (၁)

အခန်း (၁)

မန်ဒါလေစံအိမ်ကြီး သို့ တစ်ခေါက်ပြန်သွားမိသည်ဟု မနေ့ညက ကျွန်မ အိပ်မက် မက် သည်။ မော်တော်ကား လမ်းထိပ် ရှိ ခြံတံခါးဝမှာ ကျွန်မ ရပ်နေသလိုရှိပါသည်။
စစချင်းတော့ ခြံတွင်း သို့  ကျွန်မ ဝင်နိုင်စွမ်းမရှိပါ။ အဝင်လမ်းက ကျွန်မကို ပိတ်ဆို့ထားပါသည်။ ဂိတ်တံခါးဝကြီးပေါ် မှာလည်း သံကြိုးနှင့် သော့ဂလောက်ကြီးတစ်လုံး ခတ်ထားပါသည်။
ကျွန်မ သည် အိပ်မက်ထဲမှာပင် တံခါးစောင့်ကို အော်ဟစ်ခေါ်နေမိပါသည်။ ပြန်ထူးသံကိုလည်း မကြား ရပါ။
ခြံတံခါး ရှိ သံချေးတက်နေသော သံတိုင်များကြားမှနေ၍ အတွင်းသို့ ကျွန်မ ချောင်းကြည့်ပါသည်။ အစောင့်ရုံ ထဲမှာ လူသူကင်းမဲ့နေသည်ကို တွေ့ရပါသည်။

စံအိမ်ကြီးရှိ မီးခိုးခေါင်းတိုင်မှလည်း ဘာမီးခိုးမှ ထွက်မနေပါ။ အကွက်ဖော် ထားသည့် ပြတင်းပေါက် ကလေးများ ကို သည်အတိုင်း ပစ်စလက်ခတ် ဖွင့်ထားသည်ကို တွေ့ရပါသည်။
ပြီးတော့ အခြား အိပ်မက်မက်နေသူများကဲ့သို့ ကျွန်မမှာလည်း ချက်ချင်းဆိုသလို တန်ခိုးဣဒ္ဓိပါဒ်တွေ ရရှိ လာပါသည်။ ကျွန်မ၏ရှေ့မှာ ပိတ်ဆို့ကာရံထားသည့် အရံအတားကြီး ကို ဝိညာဉ်တစ်ခု သဖွယ် ဖြတ်သန်းကျော်လွှားနိုင်ခဲ့ ပါသည်။

မော်တော်ကားလမ်းကလေးက အခါတိုင်းကဲ့သို့ပင် ကျွန်မ မျက်နှာမူထားရာ အရပ်မှာ ကွေ့ကာပတ်ကာ တွန့်လိမ် ကာ ရှိနေပါသည်။ သို့သော်လည်းရှေ့သို့ တိုးသွားမိသည်နှင့် တစ်ပြိုင် တည်း ရှေးယခင်နှင့် မတူ တမူထူးခြားကာ အပြောင်းအလဲဖြစ်နေပြီကို သတိထားမိပါ တော့သည်။ လမ်းကလေး က ကျဥးနေပြီ။ ပြီးတော့ ထနိန်းသိမ်းပြုပြင်ထားခြင်းလည်းမရှိ။ ကျွန်မ တို့သိကျွမ်း ခဲ့ဖူးသော မော်တော်ကားလမ်းကလေး မဟုတ်တော့ပြီ။
စစချင်းတော့ ကျွန်မ အံ့အားသင့်သ၉ွားပြီး နားမလည်နိုင်အောင် ဖြစ်မိပါသည်။ လမ်းပေါ်သို့ အလွန် တရာ နိမ့်ရှိုင်းစွာ ကိုင်းကနေသော သစ်ကိုင်းများနှင့် လွတ်အောင် ခေါင်းငုံ့ပြီး ခါးကုန်းလိုက်သော အခါ ကျမှ မည်သို့ပြောင်းလဲနေသည်ကို ကျွန်မ သဘောပေါက် ပါတော့သည်။ သဘာဝတရားသည် သူ့ဘဝ ကို သူ ပြန်လည်ပိုင်ဆိုင်နေပါပြီ။ သစ်ကိုင်းသစ် ခက်များက တဖြည်းဖြည်းချင်း ပင် မော်တော်ကားလမ်း ကလေး ကို ခိုးကြောင်ခိုးဝှက် သိုင်းဖက်ထားပါပြီ။ မြဲမြံခိုင်မာသော လက်ချောင်းများနှင့်ပင် တူနေသေးတော့သည်။

ဟိုယခင် ကျွန်မတို့နေစဉ်တုန်းက မပြတ်လပ်ရအောင် ရှင်းလင်း ခုတ်ထွင်နေသည့် ကြားကပင် သစ်ပင်ပေါင်းစုံ တို့က ကျွန်မတို့ကို အမြဲတမ်း ခြိမ်းခြောက်ခံ့ပါသည်။ ယခု နောက်ဆုံးမှာတော့ သူတို့ အောင်ပွဲခံသွားကြချေပြီ။
ယခုတော့ ပြွတ်သိပ်ထိုးပေါက်နေကြသည်။ ပိန်းပိတ်အောင်မှောင်နေသည်။ ကားလမ်း ကလေး၏ နံဘေးသား များကို ကျော်ကာ အထိန်းအကွပ်မရှိ မင်းမူနေကြသည်။ အခေါက်ဖြူပင်ကြီးများသည် တစ်ပင်နှင့်တစ်ပင် လည်ချင်းယှက် ကိုင်းချင်းဖက်ကာ ကျွန်မ၏ ခေါင်းပေါ်တွင် နေပြောက်ပင် မထိုးနိုင် ဘဲဖြစ်နေသည်။ ဘုရားရှိခိုးကျောင်းသို့အဝင် တံခါးပေါက်အခုံးနှင့်ပင် တူသေးတော့သည်။
ကျွန်မ မမှတ်မိတော့သော အခြးသစ်ပင်ပေါင်းစုံတို့ကလည်း ရှုပ်ထွေးပွေလိမ်နေသည်။ အခေါက်ဖြူပင်ကြီးတို့က မိုးထားသောကြောင့် ဝက်သစ်ချပင်များသည်ပင်လျှင် ပုကွကွနှင့် ဝပ်နေရပြီ။ အခေါက်ကြမ်း ပင်ကြီးမျိုးတို့ကလည်း အခေါက်ဖြူပင်တို့၏ စိုးမိုးနှိပ်စက်ခြင်းကို ခံနေကြရပြီ။ ဘာဆို ဘာကို မျှပင် ကျွန်မ မမှတ်မိတော့။

မော်တော်ကားလမ်းကလေးသည် ဖဲကြိုးစကလေးကဲ့သို့ ရှိနေသည်။ ကျောက်သား မျက်နှာပြင်လည်း မရှိတော့ပြီ။ မြက်ပင် ပေါင်းပင်များက ဖုံးအုပ်ထားသည်။ သစ်ကိုင်းများက နိမ့်လွန်း လှသောကြောင့် ရှေ့သို့ တိုးဖို့ပင်ခက်နေသည်။ ထိုးထိုးထောင်ထောင်ထွက်နေသည့် သစ်မြစ်ကြီးများ ကလည်း လက်သဲရှည်ကြီးများနှင့် တူလှသည်။ တောကြီးမျက်မည်းဘဝသို့ ကူးပြောင်းရောက် ရှိနေပြီ ဖြစ်သော်လည်း ကျွန်မတို့ နေထိုင်ခဲ့စဉ်က မြေနေရာအမှတ်အသား အဖြစ် စိုက်ပျိုးထားခဲ့သော ဟိုမှသည် မှ ပန်းပင်ကလေးများကိုတော့ ကျွန်မ မှတ်မိပါသည်။ ဦးခေါင်းအပြာနှင့် ခြောက်လ ပန်းပင်ကလေးများကလည်း တွေ့ရသည်။ သို့သော် ပြုပြင်စိုက် ပျိုးထားခြင်းမရှိသည့်အတွက် အားလုံးအရိုင်း ပင်များ ဖြစ်ကုန်ပြီ။ ထိုးထိုးထောင်ထောင်နှင့် မြင့်ချင်တိုင်းမြင့်ကာ ပန်းလည်းမပွင့်တော့။ အမျိုးအမည် မရှိသော ပေါင်းပင်များကလည်း သူတို့ဘေးမှာ အရုပ်ဆိုးေ လာက်အောင် ပြွတ်သိပ် ခဲပေါက်နေကြသည်။

ရှေ့သို့ တဖြည်းဖြည်း လျှောက်လာခဲ့မိသည်။ အရှေ့ဘက်သို့လည်း လျှောက်ခဲ့ သည်။ တစ်ချိန်တုန်းက ကျွန်မတို့မော်တော်ကားမောင်းခဲ့ဖူသည့် လမ်းကလေးကား အပ်ချည် ကြိုးတစ်မျှင် လို ပျက်စီးနေပြီ။ တစ်ခါတစ်ရံတွင် သည်လမ်းကလေးပျောက်သွားပြီဟု ထင်မိသည်။ သို့သော်လည်း လဲကျနေသည့် သစ်ပင်ကြီးအောက် မှ ဘွားခနဲ ပေါ်လာတတ်ပြန်သည်။ မိုးတွင်းတုန်းက ရေတိုက်စားထားသည့် ကျင်းများ အစပ်က ပြန်ပေါ် လာသည်လည်း ရှိသည်။
သည်လမ်း ကို သည်လောက် ရှည်လျားလိမ့်မည်ဟု ကျွန်မ မတွေးခဲ့မိပါ။ ယခုတော့ သစ်ပင်တွေ ဘယ်လောက်ပင် စည်းမဲ့ကမ်းမဲ့ပေါက်နေကြသော်လည်း သည်မော်တော်ကား လမ်းကလေးက မိုင်ပေါင်း များစွာ ရှည်လျားနေသည်ကို တွေ့ရသည်။ သစ်ပင်ပေါင်းစုံတို့ ကြောင့်လည်း လမ်းကလေးက ဝင်္ကပါ လို ကွေ့ကောက်လွန်းလှသည်။ စံအိမ်ကြီးသို့လည်း မရောက်နိုင်ပြီ။

သည်လို ထင်နေခိုက်မှာပင် ပတ်ဝန်းကျင် အရပ်ရှစ်မျက်နှာကို မြင်တွေ့နိုင်သည့ တစ်နေရာသို့ ကျွန်မ ရုတ်တရက်ရောက်လာသည်။ ဝန်းကျင်တစ်ခုလုံးတွင် တောပြုန်းကလေး များ၊ ချုံပုတ်ငယ် များဖြင့် ပြည့်နေသည်။ ထိုနေရာကလေးမှာပင် ကျွန်မ ရပ်နေမိပါသည်။ အသည်းနှလုံးတွေ တဆတ်ဆတ် တုန်လာသည်။ မျက်လုံးအစုံမှာလည်း မျက်ရည်များ ဝေ့ဝဲလာပါသည်။
ဟောဟို မှာ မန်ဒါလေ စံအိမ်ကြီး။ ကျွန်မတို့၏ မန်ဒါလေစံအိမ်ကြီး။ သူ့ထုံးစံအတိုင်း တိတ်ဆိတ်အေးချမ်း လျက်။ လျှို့ဝှက်တည်ငြိမ်လျက်။ အညိုရောင် ကျောက်တုံးများက ကျွန်မ၏ အိပ်မက် လရောင်အောက်မှာ အရောင်တဖိတ်ဖိတ်တောက်ပလျက်။ မှန်ကူကွက်ပြ တင်းများ ကလည်း မြက်ခင်းစိမ်းစိမ်းကလေးများနှင့် ဆင်ခြေလျှောပေါ်သို့ ရောင်ပြန်ဟပ် လျက်။ သေသပ် ခိုင်မာလှသော နံရံကြီးများကိုမူ  အချိန်ကာလကြာညောင်းခြင်းက ဖျက်ဆီးနိုင်စွမ်း မရှိပါတကား။ လက်ထဲမှာ ကိုင်ထားသည့် ကျောက်သံပတ္တမြားတစ်ခုနှင့် တူနေ လေတော့သည်။

ဆင်ခြေလျှောကလေးက မြက်ခင်းများဆီသို့ နိမ့်ဆင်းသွားသည်။ မြက်ခင်းများက ပင်လယ်ကမ်းစပ် ဆီသို့ ဖြန့်ကျက်သွားသည်။ ကျွန်မ လှမ်းကြည့်လိုက်သောအခါ လရောင်အောက် မှာ ငွေပြားကြီး ဖြန့်ခင်း ထားသလို မြင်ရသည်။ ပင်လယ်ပြင်သည် လေနှင့် မုန်တိုင်း တို့၏ နှောက်ယှက်မှု ကင်းဝေးသော ကန်ရေပြင်ကဲ့သို့ ငြိမ်သက်လျက်ရှိသည်။ ကျွန်မ၏အိပ်မက်ထဲမှာ ပင်လယ်ရေ မျက်နှာပြင်သည် လှိုင်းမရှိ၊ မိုးသားတိမ်လိပ် ဖုံးအုပ်ခြင်း၊ မရှိ။ အနောက်ဘက် မှ လေတိုက်နေသည်။ ဖျော့တော့သော ကောင်ကင်တစ်ပြင်လုံး သန့်စင် လျက်ရှိသည်။
စံအိမ်ကြီးဘက် သို့ တစ်ကြိမ်လှမ်းကြည့်မိပြန်သည်။ စံအိမ်ကြီးသည် မည်သည့် အနှောင့်အယှက်နှင့်မျှ မကြုံတွေ့ရ သလို ထီးတည်းကြီးရပ်တည်နေသည်။ မနေ့ကမှ ကျွန်မတို့ စွန့်ခွာခဲ့သလို မူလပကတိ အတိုင်း တည်ရှိနေသည်။ ကျွန်မတို့ ပြုပြင်ထားခဲ့သည့် ဥယျာဉ်ကြီး ကလည်း တောစရိုက်ကို တသဝေမတိမ်း လိုက်နေပြီ။ တောင်ဇလပ်ပန်းပင်ကြီများကလည်း ပေပေါင်း ငါးဆယ်လောက် မြင့်တက်နေပြီ။ အမျိုးအမည်မရှိသော ချုံနွယ်ပိတ်ပေါင်းများကြားမှ အကိုင်းအခက်တွေ ထွက်ချင် တိုင်းထွက်ကာ ပုံပျက်ပန်းပျက်နေပြီ။

ပန်းတမာပင်တို့သည်လည်းအခေါက်ဖြူပင်များနှင့် စုလျားရစ်ပတ်လက်ထပ်ထိမ်းမြား ဘိသကဲ့ သို့ ဒွေးရောယှက်တင် ဖြစ်နေပြီ။ နွယ်ပင်များက ရစ်ပတ်နွယ်တက်ထားသဖြင့်လည်း တစ်ပင်နှင့်တစ်ပင် ပူးကပ်နေကြပြီ။ ပန်းတမာနှင့် အခေါက်ဖြူပင်တို့ကို နွယ်ပင်တို့က အကျဉ်းသားဘဝသို့ ပို့လိုက်ပြီ။ ပျက်စီး သွားပြီဖြစ်သော သည်ဥယျာဉ်ကြီးထဲမှာ နွယ်ပင်တို့ ကသာ ကြီးစိုးမင်းမူနေကြပြီ။ တဖြည်းဖြည်းနှင့် မြက်ခင်းပြင်ကို ကျော်ဖြတ်ကာ စံအိမ်ကြီးကို ပင် သိုင်းခြုံ ရစ်နှောင်ပေတော့မည်။
တောထဲက အရိုင်းပင်များမှ အစေ့များကျကာ ထိုအစေ့များက ပေါက်သည့် ချုံနွယ် ပိတ်ပေါင်း တို့သည်လည်း နွယ်ပင်မျိုးစုံနှင့် မဟာမိတ်ပြုကာ သွေးစည်ညီညွတ်နေကြပြီ။ တစ်ချိန်က ဒပ်ဖိုးဒေးပန်းပင်လယ်ကြီးဖြစ်ထွန်းခဲ့ရာ မြက်ခင်းပြင်နုနုကလေးများအပေါ် ဖုံးအုပ် ဖို့ အပြင်းအထန် ချီတက်နေကြပြီ။

ဖက်ယားပင်များကလည်း စစ်တပ်ကြီးတစ်တပ်၏ တပ်ဦးလို နေရာတကာမှာ ရှိနေ သည်။ ဆင်ခြေလျှော ကလေးသို့ သွားရာလမ်းကိုလည်း ပိတ်ဆို့ထားသည်။ လူသွားလမ်းများ ကိုလည်း ကာဆီးထားသည်။ စံအိမ်ကြီး၏ ပြတင်းများကိုလည်း ရုပ်ပျက်ဆင်းပျက်ပိတ်ဆို့ ကာရံထားသည်။ ကင်းစောင့် တပ်သားများကို နေရာအနှံ့ ချထားသလိုပင်ရှိတော့သည်။ သို့သော်လည်း သူတို့၏ စီတန်း ရပ်တည်မှုကြီးကို နေရာပေါင်းများစွာတွင် ရွက်ဖားပင်တို့က ချိုးဖောက်ပစ်လိုက်ကြသည်။ သည်လို ဆိုပြန်တော့ လည်း ဖက်ယားပင်တို့မှာ အစီအတန်းပြတ် လပ်ကာ ဦခေါင်းငိုက်စိုက်ကျရလေတော့သည်။

မော်တော်ကားလမ်းကလေးကို ဖဲခွာသွားပြီး ဆင်ခြေလျှောကလေးဆီသို့ ကျွန်မ ဆက် လျှောက် လာခဲ့သည်။ ကျွန်မသည် အိပ်မက်မက်နေသူဖြစ်သောကြောင့် ဖက်ယားပင်များက ကျွန်မသွားရာ လမ်းကို ပိတ်ဆို့ကာဆီးနိုင်ခြင်း မရှိကြပါ။ စိတ်ထင်တိုင်း ကျွန်မလမ်းလျှောက် နေမိပါသည်။ မည်သည့်အရာကမျှ ကျွန်မကို နောက်ကြောင်းပြန်လှည့်စေနိုင်ခြင်း မရှိတော့ ပါ။
လရောင်ဟူသည်မှာ မည်သို့သော အလှအပများပေါ်သို့မဆို အဆန်းတကြယ် ပက်ဖျန်းပေးနိုင်စွမ်း ရှိသည်။ ကျွန်မလို အိပ်မက်မက်နေသူ၏ စိတ်ကူးများပေါ်မှာလည်း ဆန်းကြယ်စွာ ထင်တိုင်းခြယ်လှယ်နိုင်စွမ်းရှိပါသည်။ ထိုနေရာတွင် ကျွန်မ ငြိမ်ငြိမ်ကလေးရပ် နေမိပါသည်။. ကျွန်မ တို့၏ စံအိမ်ကြီးသည် လူသူကင်းမဲ့နေသည် မဟုတ်ကြောင်း ကျွန်မ ကျိန်တွယ်ပြောဝံ့ ပါသည်။ ရှေးယခင်က ကျွန်မတို့နေထိုင်ခဲ့ကြသည့်အတိုင်း သက်ရှိ များနှင့် ပြည့်နေပါသည်။

ပြတင်းပေါက်များမှ အလင်းရောင်များ ထွက်အန်ကျလာသည်။ ခန်းဆီးများသည် ညချမ်းလေးတွင် သာသာကလေး လှုပ်ယမ်းနေပါသည်။ စာကြည့်ခန်းတံခါးမှာ ကျွန်မတို့ထား ရစ်ခဲ့သည့်အတိုင်း ခပ်ဟဟ ပွင့်နေနိုင် ပါသည်။ စားပွဲပေါ်ရှိနှင်းဆီပန်းအိုးအနားမှာ ကျွန်မ၏ လက်ကိုင်ပုဝါလေး တင်လျက်သား ရှိပေ လိမ့်မည်။
သည်နေရာမှာ ကျွန်မတို့ တကယ်နေထိုင်ခဲ့ကြသည့် အကြောင်း အခန်း၏အနေ အထားများက သက်သေခံ ပါလိမ့်မည်။ စာကြည့်တိုက်ဗီရိုထဲသို့ ပြန်ထည့်ရမည့် စာအုပ်ပုံ၊ ပစ်ချထားသည့်အတိုင်း ရှိနေသေးသော သတင်းစာ၊ ဆေးလိပ်တိုများ ပြည့်နေသည့် ပြာခံခွက် များကိုလည်း တွေ့ရမည်။ ဆိုဖာများတွင် လည်း ကျွန်မတို့ ခေါင်းမှီထားသည့်အရာနှင့် ဖင်ထိုင်ထားသည့်အရာများ ရှိနေပေလိမ့် ဦးမည်။ မီးလင်းဖိုရှိ ထင်းတုံး မှ မီးကလည်း နံနက်ခင်း တွင် တငွေ့ငွေ့ လောင်နေပေလိမ့်မည်။

ပြီးတော့ ဂျက်စ်ပါ။ ကျွန်မတို့၏ အချစ်တော် ခွေးကလေးဂျက်စ်ပါ။လွမ်းရိပ်သမ်းနေ သော မျက်လုံးများ၊ တွဲကျနေသည့် ပါရေများဖြသ့် ကြမ်းပေါ်မှာ ခြေပစ်လက်ပစ် လဲလျောင်း နေပေလိမ့်မည်။ သူ့သခင် ၏ ခြေသံကို ကြားသောအခါ အမြီးကလေးကို နန့်နေပေလိမ့်မည်။
လက်မည်းကြီးတစ်ဖက်ဖြင့် ဖုံးအုပ်လိုက်သကဲ့သို့ တိမ်တိုက်တစ်ခုက လမင်းကို ဖုံအုပ်လိုက်ပါသည်။ ကျွန်မ၏ စိတ်ကူးယဉ်မှုများ လွင့်စဉ်သွားတော့သည်။ ပြင်းတင်းပေါက်များ လည်း မထင်ရှားတော့ပါ။ အသက် ဝိညာဉ် ကင်းမဲ့နေသော အတိတ်ကာလတုန်းက ကျွန်မတို့ ၏ တီးတိုးသံများ တိတ်ဆိတ်နေသော အိမ်ဟောင်းကြီး ကို ကျွန်မ ငေးကြည့်နေမိပါသည်။
သည်စံအိမ်ကြီး သည် အရာ အားလုံးတို့ကို အပြီးတိုင်မြှုပ်နှံရာ ဌာနကြီးဖြစ်သွားတော့ သည်။ ကျွန်မ တို့၏ စိုးရိမ်ကြောက်ရွံ့မှုများ၊ ထိခိုက်နာကျင်မှုများအားလုံး သည်အထဲမှာ ပျက်သုဉ်း သွားကြပြီ။ ပြန်လည် ရှင်သန်ခြင်း၊ ပြန်လည်နိုးထခြင်းဟူ၍ ဘာမျှမရှိနိုင်တော့ပြီ။

အိပ်ရာမှနိုးနေသော အချိန်များတွင် မန်ဒါလေစံအိမ်ကြီးအကြောင်းကို ကျွန်မ စဉ်းစား ကြည့်ဖူးပါသည်။ ထိုအခါမျိုးတွင် ခါးသီးသော ခံစားမှုမျိုးကိုလည်း ကျွန်မ မခံစားရတော့ပြီ။ အရှိကို အရှိအတိုင်း ကျွန်မ စဉ်းစား ရတော့မည်။ နောက်ပြီးတော့ စိုးရိမ်ကြောက်ရွံ့မှု ကင်းကင်းရှင်းရှင်းဖြင့်လည်း သည်စံအိမ်ကြီးမှာ ကျွန်မ နေထိုင်နိုင်ပါပြီ။
နွေရာသီမှာ ကောင်းစွာ ပြုပြင်ထားသည့် နှင်းဆီခြံအကြောင်းကိုလည်း ကျွန်မ အမှတ်ရနိုင်ပြီ။ အရုဏ်ဦး မှာ ငှက်ကလေးများပျော်မြူးစွာ တေးသီကြသံကိုလည်း ကျွန်မ နားသောတဆင်နိုင်ပြီ။ သစ်အယ် ပင်ကြီးအောက်မှာ ထိုင်ကြရင်း မြက်ခင်းပြင်ကလေးကို ကျော်ဖြတ်လွင့်မျောလာသော ပင်လယ်ပြင် ၏ တီးတိုးသံကလေးများကိုပါ ကြားနိုင်ပါပြီ။
အပွင့်တွေဝေနေသောပန်းတမာပင်များနှင့် ပျော်ရွှင်ဖွယ် တောင်ကြားအကြောင်းကို လည်း ကျွန်မတွေးကြည့်မိ ပါသည်။ ထိုအရာများကား ဘယ်နံရောအခါတွင်မှ မပျောက်ပျက် နိုင်မည့် ထာဝရ အရာများဖြစ်ပါသည်။ သူတို့ကို ဖျောက်ဖျက်ပစ်နိုင်စွမ်း ရှိမည်မဟုတ်ပါ။ သူတို့အကြောင်း ကို ပြန်ပြောင်းစဉ်းစားခြင်းအားဖြင့် စိတ်ထိခိုက်ဖွယ်ရာအကြောင်းလည်း မရှိ တော့ပါ။

သည်အကြောင်းများကို အိပ်မက်ထဲမှာ ကျွန်မမြင်မက်မိပါသည်။ လမင်း၏ မျက်နှာပြင် ကို တိမ်တိုက်ကြီး က ဖုံးလွှမ်းလိုက်သောအခါတွင် အခြားအခြားသော အိပ်မက်မက်သူများကဲ့ သို့ ကျွန်မလည်း အိပ်မက်မက်နေခြင်းသာ ဖြစ်ကြောင်း သိနားလည်ခဲ့ပါသည်။
တကယ့် အဖြစ်မှန်ကတော့ မန်ဒါလေစံအိမ်ကြီးနှင့် မိုင်ပေါင်းရာထောင်ဝေးသော အရပ်တွင် ကျွန်မရောက်ရှိနေပါသည်။ ပြီးတော့ အိပ်ရာမှလည်း နိုးနေပါသည်။ ပတ်ဝန်းကျင် အနေအထား ညံ့ဖျင်း လှသော ဟိုတယ်ကလေးတစ်ခု၏ အိပ်ခန်းတွင်းမှာ ကျွန်မ သက်တောင့် သက်သာ ထိုင်လျက်ရှိပါသည်။

တစ်ခဏတော့ ကျွန်မ သက်ပြင်းချမိပါလိမ့်မည်။ ပြီးတော့ ကိုယ်ကို ဆန့်ကာ တစ်ဖက် သို့လှည့်လိုက်သည်။ မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။ စူးရှလှသော နေရောင်ကြောင့် အာရုံနောက် သွားပါသည်။ ကောင်းကင်ကြီးကလည်း  လင်းထိန်လွန်းစွတကား။ အိပ်မက်ထဲက လရောင်နု ကလေးနှင့်တော့ အကွာကြီးကွာခြားလွန်းပေစွတကား။

နေ့ရက်ဟူသည်မှာ ကျွန်မတို့၏ ရှေ့တွင် တည်ရှိနေပါပြီ။ ရှည်ရှည်လျားလျားကြီးကို တည်ရှိနေပါပြီ။ စွဲမှတ် ထားလောက်သော အဖြစ်အပျက်များလည်းရှိလိမ့်မည် မဟုတ်ပါ။ မည်သို့ဆိုစေ ရှေးယခင်က ကျွန်မ တို့ မသိခဲ့ဖူးသည့် စိတ်တည်ငြိမ်မှုများက စောင့်ကြို နေပါပြီ။ ကျွန်မ၏ အိပ်မက်အကြောင်း ကိုလည်း ကျွန်မ တို့ စကားစပ်လို့တောင် ပြောကြတော့မည်မဟုတ်ပါ။ ကျွန်မ၏ အိပ်မက်အကြောင်း ကိုလည်း ကျွန်မ၏ ချစ်လှစွာသော ခင်ပွန်းကို ပြန်ပြောင်းပြောပြတော့မည် မဟုတ်ပါ။ မန်ဒါလေ စံအိမ်ကြီးကို ကျွန်မ တို့ ဆက်လက်ပိုင်ဆိုင်နေသေးသည်ဟု သဘောမထားတော့ပြီ။ မန်ဒါလေစံအိမ် ဆိုသည် မှာလည်း ဤ ကမ္ဘာလောကတွင် တည်ရှိနေသေးသည်ဟု မယူဆလိုတော့ပြီ။

ဆက်ရန်
.

1 comment:

ကိုရင် said...

ဒီကောင်ဖတ်ဖူးတယ်အမ..
ဘလော့ပေါ်မှာ ပြန်ဖတ်ရတော့ တစ်မျိုးဆွဲဆောင်မှု ရှိတယ် :)