အတာ ရသော ပထမဆုကား ကုလားမခြင်းတောင်းဆွဲ နို့ဆီတိုက်မှ ပေးသော ၎င်းကုမ္ပဏီ အမှတ်အသား ပါသည့် အကောင်းစား ပေတံ တစ်ချောင်းနှင့် သံမဏိ ပိုက်ဆံစုဘူး အပြင် ကျောင်းအုပ်ဆရာမကြီးက လည်း ငွေငါးကျပ် ကို အထူးဆုအဖြစ် ချီးမြှင့် လိုက်ပြန်သောကြောင့် တစ်ကျောင်းလုံးပင် သြဘာသံများ လျှံ၍ တဖြောင်းဖြောင်း ညံဆူ သွားတော့ ၏။ ကို ဆက်ဖတ်ရန်.....
.......................................................................................................................................................................................................................
အဆိုပါ ပရိက္ခရာတိုက်ဆိုင်မှ သူ့ဒေါ်ဒေါ်သန်းသည် လိုသမျှသော စာအုပ်ဖိုးနှင့် ကျောင်းလခများကို မှန်မှန်ကြီးထောက်ပံ့ ခဲ့ရုံသာမက တစ်ခါတစ်ရံ ခဲတံကိုပင် ဒါဇင်လိုက် ဝယ်ပေးတတ်သောကြောင့် အတာ တွင် ကျောင်းစရိတ်နှင့်ပတ်သက်၍ စိတ်အေးချမ်းသာ ရှိခဲ့သည်နှင့်အမျှ စာသင်ရသည်မှာလည်း အတော် ကလေး ကြည်ကြည်လင်လင် ဖြစ်နေခဲ့၏။ ကိုထွန်းအောင် တာဝန်လွှဲယူလိုက်မှ မုန့်ဖိုးသည် လည်း မှန်မှန် ရခဲ့၏။ အစစ အဆင်ပြေနေသလောက် အတာရှေ့ရေးသည်လည်း အားရစရာ ကောင်း လာပြီဖြစ်၏။
အတာ တွင်လည်း စိတ်အေးလက်အေးနှင့် သင်ကြားနေရသည်ဖြစ်သောကြောင့် သူ့ဉာဏ်ကလေးမှာ လည်း ထက်ချင် တိုင်း ထက်နေတော့၏။
ကျောင်းစရိတ်နှင့် မုန့်ဖိုးအတွက် အတာ၌ အသက်ရှူချောင်နေခဲ့ပြီဖြစ်သော်လည်း သူ့တွင် အဝတ်အ စား ပြဿနာ သည် ရှိနေပြန်သေး၏။ ထိုပြဿနာကား သူ့ဘာသာသူ ဖြေရှင်းရမည်သာဟု အတာ နား လည် ၏။ သို့အလျောက်လည်း မှန်မှန်ရသော ကျောင်းမုန့်ဖိုးအနက် အချို့အဝက်ကို သူ စု၏။ ဤလိုစု ၍ ငွေကလေးနှစ်ကျပ်လောက်ဖြစ်လာလျှင် ယခင်ကနည်းတူ သကြားလုံးထီဆိုင်ကလေး ဖွင့်ပြန်၏။ ညနေ ကျောင်းပြန်ချိန်နှင့် စနေ တနင်္ဂနွေကျောင်းပိတ်ရက်အားများကို ထီဆိုင်ဖွင့်ခြင်းဖြင့် အတာ ငွေ ဝင်လမ်းရှာ ခဲ့၏။
ထုံးစံအတိုင်း မသိန်းမေကလည်း တစ်မူးတောင်း တစ်မတ်တောင်းဖြင့် အတာ ရောင်းရငွေထဲမှ နှိုက် ယူ သုံးနေပြန်သောကြောင့် အတာတွင် သုံးလလုံးလုံး ရောင်းခဲ့သည်တွင်မှ ငွေတစ်ဆယ်မျှသာ ပိုက်မိခဲ့ ၏။ ရှပ်နှင့် လုံချည်ကလေး တစ်စုံဝယ်၏။ ပေါ်ပလင် တိုက်ပုံကလေးတစ်ထည် ချုပ်၏။
သို့နှင့် သီတင်းကျွတ်ပွဲတော် နီးကပ်လာသည်တွင် ဝင်ငွေ အဘယ်လိုရနိုင်မည်ကိုသာ အကွက် ရှာနေခဲ့ သော အတာသည် ချက်ချင်းပင် အကြံတစ်ခုရလာ၏။ ထိုအကြံကား သီတင်းကျွတ် ပွဲတော်အတွင်း ၌ ဗြောက်အိုးနှင့် မီးပန်းများ ဝယ်ရောင်းလျှင် မြန်မြန်ငွေဖြစ်၍ တွက်ခြေလည်း ကိုက်မည် ဟူသော အကြံ ဖြစ်၏။
ထိုအကြံအတိုင်းပင် အတာလည်း လက်ကျန်ရှိနေသေးသော သကြားလုံးနှင့် ချိုချဉ်များကို ခပ်ပေါပေါ ပေး၍ ရောင်းချလိုက်ပြီး ချက်ချင်းဆိုသလို ဗြောက်အိုးနှင့် မီးပန်းများ ပြေးဝယ်ကာ ဆိုင်သစ် တစ်ခု အမြန်ဆုံးတည်တည်လိုက်တော့၏။
အတာတွက်ကိန်းကား အနည်းငယ်မျှပင် မတိမ်းအောင် မှန်နေခဲ့ပြီဖြစ်၏။ ယခင်ကဆိုလျှင် အရပ်ထဲရှိ ကလေး သူငယ်များ ဗြောက်အိုး မီးပန်းဖောက်ကစားလိုက လူကြီးမိဘများကိုယ်တိုင် တရုတ်တန်းသို့ သွားဝယ်ပေး ရ၏။ ယခုသော် အတာ၏ကောင်းမှုကြောင့် တစ်ပြားနှစ်ပြားပေးလိုက်လျှင် သွားဝယ်ရ သည့် ဒုက္ခ အေးသွားတော့၏။
ကျောင်းကလည်း ပွဲတော်အတွက် ပိတ်ထားသောကြောင့် အတာမှာ အချိန်ပြည့်ရောင်းခွင့်ရသည့်အ တိုင်း သုံးရက်လောက်နှင့် ပင် အသားတင်အမြတ် ငွေလေးကျပ်လောက် ပိုက်မိသွားတော့၏။
သီတင်း ကျွတ်လပြည့်ရန် နောက်ထပ်ခြောက်ရက်ခန့်လိုသေးသည်တစ်ကြောင်း၊ ပိုက်ဆံကိုမြင်သည်နှင့် အလျင်စလို တောင်းတတ်သော သူ့မေမေ၏အန္တရာယ်ကိုစိုးရိမ်မိသည်တစ်ကြောင်းတို့ကြောင့် အတာ လည်း ထိုငွေလေးကျပ်ဖိုး စလုံးပင် ဗြောက်အိုးအစုံနှင့် မီးပန်း၊ ခြစ်ဗြောက်စသည်တို့ပါ အတော်များများ ဝယ်ထား လိုက်ပြီး "နောက် ခြောက်ရက်ကြာမှ လပြည့်မယ်ဆိုတော့ အနည်းဆုံး ခုနစ်ရက် ရှစ် ရက်တော့ ရောင်းရဦးမှာပဲ၊ ခု ငါဝယ်ထားတာ အားလုံး ကိုးကျပ်ဖိုးလောက်ရှိနေပြီ၊ ဒါ အကုန်ရောင်းရရင် ဆယ့်ခြောက်ကျပ် လောက် အနည်းဆုံးရမှာပဲ" သို့လျှင် တွက်ချက်စိတ်ကူးရင်း မြူးနေမိရာမှ
"မန္တလေး လုံချည်တစ်ထည် ကောင်းကောင်းဝတ်မယ်၊ ပြီးတော့ ခု ဆောင်းတွင်းမှာဝတ်ဖို့ ကွတ်အင်္ကျီ တစ်ထည် ချုပ်မယ်"
အတာ လည်း ဤလိုစိတ်ကူးနှင့် ဆုံးဖြတ်လိုက်မိမှပင် သူ့မေမေ ထမင်းရောင်းစဉ်က နံနက် လေးနာရီထ ၍ လက်ဖက်ရည် သွားဝယ်တိုင်း ချမ်းလွန်းသဖြင့် လုံချည်ကလေး ခြုံသွားရသည့်အဖြစ်ကို ချက်ချင်း တွေးမိ လိုက်၏။
"ဟုတ်တယ်၊ ဒီတစ်ခါ ကွတ်အင်္ကျီတစ်ထည်တော့ ချုပ်ဖြစ်အောင် ချုပ်မယ် ကြည့်"ဟု သူ့ဆုံးဖြတ်ချက် ကို ပို၍ ခိုင်မာအောင် သန္နိဋ္ဌာန်ချလိုက်သည့်အခိုက်တွင် သူ့ဒေါ်ဒေါ်သန်း ရောက်လာကာ
"ဘယ့်နှယ်လဲဟေ့ အတာ၊ ရောင်းကောင်းရဲ့လား"ဟု မေးလိုက်သံကြားလိုက်ရသည်နှင့် အတာလည်း ထင်းရူးသေတ္တာ ကလေးပေါ်ထိုင်နေရာမှ ဆတ်ခနဲ ထရပ်ကာ ခပ်ယို့ယို့ အမူအရာကလေးဖြင့်
"ဟုတ်ကဲ့ ဒေါ်ဒေါ်၊ ဒီနေ့အထိ ကျွန်တော် လေးကျပ်ခွဲ အမြတ်ပေါ်ပါပြီ"
"အေး အေး ကောင်းတယ် ကောင်းတယ်၊ မင်းကတော့ အဘက်ဘက်က တော်တာပဲကိုးကွဲ့ ဟေ၊ ဘယ် အချိန် ဘာရောင်းရမယ်ဆိုတာ တစ်ခါတည်းသိနေတာပဲ၊ ကဲ ထိုင်ပါကွယ်၊ ထိုင်ထိုင်"
သို့သော် အတာက မထိုင်။ မိမိထက် အသက်အရွယ်ကြီးသူတို့အား ရိုသေလေးစားခြင်း တည်း ဟူသော မြန်မာ့ ယဉ်ကျေးမှု အထိမ်းအမှတ်ဖြင့် မတ်တပ်ရပ်လျက်ကပင် နားစွင့်နေ၏။
"နို့ ဒေါ်ဒေါ်သန်း မေးပါရစေဦး၊ အဲဒီ မြတ်တဲ့ပိုက်ဆံကို မင်း ဘာလုပ်မလဲ အတာ"
"ကျွန်တော် ကွတ်အင်္ကျီချုပ်မလို့ ဒေါ်ဒေါ်၊ နောက်ပြီး ပိုးလုံချည်လေးလဲ တစ်ထည်ဝယ်မယ်"
"သြ သြ အေးကွယ်၊ မင်း ကတော့ လိမ္မာပြီးသားပဲ၊ ဒါနဲ့ အစမ်းစာမေးပွဲကောကွဲ့၊ ဟန်ပါ့မလား"
"ကျွန်တော် ပဲ ပထမရလိမ့်မယ် ထင်တာပဲ ဒေါ်ဒေါ်၊ အားလုံး ကျွန်တော် ဖြေနိုင်ပါတယ်"
"ကောင်းပါလေ့ ကွယ်၊ အေး မင်းသာ စာကြိုးစား ကြားလား အတာ၊ မင်း ဆယ်တန်းအောင် လို့ ကောလိပ်ရောက်ပြီးတဲ့နောက် ဘီအေတွေ ဘာတွေအောင်ပြီး ဘိလပ်ကိုပါ ဆက်သွားချင် သွားဦး၊ ဒေါ် ဒေါ်သန်း စရိတ်ခံမယ်နော်၊ မင့်ပညာရေးအတွက်တော့ ဘာမှမပူနဲ့ ဟုတ်လား"
"ဟုတ်ကဲ့ ဒေါ်ဒေါ် ကျွန်တော် ကြိုးစားပါ့မယ်"ဟု ပြောလိုက်တော့ အတာ့အသံမှာ ဝမ်းမြောက်ခြင်း ပြင်းထန်သွားသောကြောင့်လား မသိ၊ တုန်တုန်အက်အက်နှင့် မပီ့တပီ ထွက်လာ၏။ မျက်လုံး ကလေး များသည်လည်း ပီတိနှင့် ယှဉ်ကာ ကြည်လင်ဝင်းစိုလာ၏။
"ကဲ ကဲ ရောင်းလိုက်ဦး အတာ၊ ဟိုမှာ ဝယ်သူလာနေတယ်"ဟု ပြောပြောဆိုဆို သူ့ဒေါ်ဒေါ်သန်း ထွက် သွားမှပင် အတာလည်း ဝယ်သူကလေးတစ်ယောက်ကို လက်ပစ်ဗြောက်ထုပ်ကလေး ငါးလုံးလှမ်းပေး လိုက်ပြီး သူ့ဒေါ်ဒေါ်သန်း ပြောသွားသောစကားကြောင့် အတာကလေး အားတက်လာသည်နှင့် အမျှ နောင်ရေးအတွက်လည်း အတွေးသွက်သွက်နှင့် ပျော်နေလေတော့၏။
ညပိုင်းသို့ ရောက်လာခဲ့၍ အရောင်းအဝယ်လည်း သွက်တော့မည်ဖြစ်သည့်အတိုင်း အတာသည် ခါတိုင်း ကဲ့ သို့ နည်းနည်းနှင့် ကျဲကျဲ မခင်းတော့ဘဲ ဝယ်ထားသမျှသော ဗြောက်အိုး၊ မီးပန်း အားလုံးကို ဗန်းခင်း ကြီးကြီးနှင့် ပြင်ကာ သူ့ဆိုင်ကလေး မြိုင်သွားအောင် ဖောဖောသီသီ ခင်းထားလိုက်၏။
မီးထွန်းချိန်မှစ၍ တဖျောက်ဖျောက်နှင့် ဖောက်နေကြသော လက်ပစ်ဗြောက်သံ၊ မီးအိုးသံပါ တစ်လမ်း လုံး ဆူညံနေတော့၏။ မီးပန်းရောင်သည် တထိန်ထိန်လင်းကာ တစ်ရပ်ကွက်လုံး ဝင်းနေတော့၏။ ည ဘက်၌ ဗြောက်အိုးရောင်းရသည်မှာ ဝင်ငွေပင် ပိုသော်လည်း အတော်ကလေး အလုပ်ရှုပ်၏။ ဆိုင် ၏ သေတ္တာပေါ်တွင် မီးခွက်တစ်ခုထွန်း၍ ခပ်လှမ်းလှမ်းတွင် တစ်ခွက်ညှိပေးထားရ၏။
ခပ်လှမ်းလှမ်း မှ မီးခွက်မှာ ဝယ်သူကလေးများအတွက် မီးအိုးဖောက်ရန် မီးရှို့ရန်ဖြစ်လျက် အကြောင်း မသိ သဘောနားမလည်သော ကလေးများ၊ မီးပန်းရှို့၍ ဗြောက်အိုးမီးတို့တိုင်း မီးခွက် ငြိမ်း တတ်သော ကြောင့် မီးထ၍ ညှိပေးရသည်မှာ အလုပ်တစ်ခုလိုဖြစ်နေလျက် သို့ မီးထညှိနေခိုက် ကလေး များ အလစ်နှိုက်မည်ကိုလည်း အတာ သတိထားရသေး၏။ မောင်မောင်နှင့် စိုးမြင့်တို့ရှိလျှင်မူ သူတို့က ကူညီကြသဖြင့် အတာ တွင် သက်သာရာရသေး၏။
ထမင်းစားချိန်ဖြစ်သောကြောင့် စိုးမြင့်တို့ ဘဆွေတို့ ရောကမ်လာကြသေး။ အတာတစ်ယောက်တည်း သာ လျှင် ကလေးများနှင့် ချာချာလည်နေတော့၏။
"ကိုတာကြီး၊ ဟိုမှာ မီးခွက်ငြိမ်းသွားပြီ လုပ်ပါဦး"ဟု ကလေးတစ်ယောက်က ပြောလာသည်နှင့် ထသွား ပြီး မီးညှိပေးနေခိုက် တွင် တရှဲရှဲ တဒိုင်းဒိုင်းနှင့် ပြင်းထန်စွာ ပေါက်ကွဲနေသောအသံများသည် ရုတ်တ ရက် ဆိုသလို အဆက်မပြတ် ပေါ်လာတော့၏။
အတာ လည်း ချက်ချင်းပင် ပျာပျာသလဲထလာပြီး ကြည့်လိုက်သည်၌ ဗြောက်အိုးဗန်းတစ်ခုလုံးမှာ တထိန်းထိန်း ပေါက်ကွဲနေသော အလင်းရောင်များနှင့်အတူ မီးရှူးမီးပန်းသံများဖြင့် တရှဲရှဲ ရဲထိန်နေ တော့၏။ အတာတွင်လည်း ဘာလုပ်ရမည်မသိ၊ အနီးရှိ လက်ဖက်ရည်ဆိုင်မှ ကုလား တစ်ယောက် ရေ တစ်ပုံးနှင့်ပေါက်လာပြီး ဗြောက်အိုးဗန်းကို ပက်ဖျန်းငြိမ်းသတ် လိုက် သဖြင့် ပေါက်ကွဲသံ ရပ်သွားသည် အထိပင် အတာတွင် အကြောင်သား ငေးကြည့်နေမိတော့၏။
ထိုပေါက်ကွဲသံကြောင့်ပင် အတာ့သူငယ်ချင်းများလည်း အပြေးအလွှား ရောက်လာကြ၏။ မည်သို့ဖြစ် သည် ကို မေးမြန်းစုံစမ်းကြ၏။
"ငါလဲ မသိဘူးကွ၊ ဒီမှာ မီးလာညှိပေးနေတုန်း ပေါက်ကွဲသံကြားမှ ငါလဲ ထကြည့်မိတယ်"ဟူ၍ ဝမ်း နည်း တုန်လှုပ်နေသော အသံဖြင့်သာ အတာ ဖြေနိုင်တော့၏။
သို့သော် ဖြစ်ပျက်ပုံကို သေသေချာချာ မြင်လိုက်ရသော ကုလားကလေးတစ်ယောက်၏ပြောပြချက် အရ သိလိုက် ရသည်ကား အတာ မီးညှိပေးရန် ထသွားစဉ် ဗြောက်အိုးနှင့် မီးပန်းတစ်မျိုးစီ ဝယ်သွား သော ကလေးနှစ်ယောက် စလုံး ပင် အတာ့ဈေးဗန်းအနီးရှိ မီးခွက်၌ တစ်ယောက်က မီးပန်းကိုညှိ၍ တစ် ယောက်က ကြောက်လန့်ပြီး ဗြောက်အိုးကို လွှတ်ချလိုက်၏။ တစ်ဖန် ထိုဗြောက်အိုးပေါက်ကွဲ သွားသ ဖြင့် မီးပန်းရှို့သူကလေးက လန့်ပြီး မီးပန်းကို လွှတ်ချလိုက်ပြန်၏။ ဤတွင် မီးပန်းမှ မီးများသည် ဗန်းထဲ ရှိ ဗြောက်အိုးများပေါ်သို့ ကျကာ ဤနည်းဖြင့် ကူးစက်ကာ ပေါက်ကွဲတောက်လောင် သွားခြင်း ဖြစ်သည် ဟူ၍သာ နောက်ဆုံး သိလိုက်ရ၏။
"လာကွာ သူတို့အဖေ သွားတိုင်မယ်၊ အလျော်တောင်းပေါ့ကွ"ဟု စိုးမြင့်တို့က အကြံပေးသော်လည်း
ထိုမျှသာ ပြောလိုက်ရင်း အတာသည် မီးလောင်စာနှင့် ဈေးဗန်းကို စိတ်မချမ်းမသာနှင့်ရှင်းနေ၏။ အကယ်၍ ကိုထွန်းအောင်ကသာ လောကတိဿမထေရ်ကို နမူနာပြ၍ ဆုံးမသတိပေးခြင်းမရှိခဲ့ပါမူ အတာသည် ဗြောက်အိုးဗန်းကလေးကဲ့သို့ပင် အပူမီးတောက်လောင်နေဖွယ်ရာရှိ၏။
ယခုသော် ကား အတာတွင် ပြင်းပြင်းထန်ထန် လှုပ်လှုပ်ခိုက်နေသည့် ကလ္ခဏာမျိုးမတွေ့ရ။ အတော် ကလေး နှမြောသွားသည့် အသွင်သာ ဆောင်နေ၏။
နောက်တစ်နေ့ မိုးလင်းသည်နှင့် အတာလည်း ယမန်နေ့ညက ရောင်းရထားသော ပိုက်ဆံကလေး ငါး မတ်ဖြင့် နောက်ထပ် ဝယ်ရောင်းရကောင်းလေမည်လားဟု တစ်ယောက်တည်းထိုင်ကာ အငိုင်သား စဉ်းစားနေ မိသေး၏။ သို့သော် သူ မဝံ့။ စိတ်လည်းပျက်နေပြီဖြစ်သည့်အတိုင်း အရွဲ့သားပင် လက် လျှော့ လိုက်တော့၏။
အတာ သည် သူ့ကစားဖော် သူငယ်ချင်းများကို ကွတ်အင်္ကျီကိုယ်စီနှင့် တွေ့လိုက်ရတိုင်း သူ့ဗြောက်အိုး ဗန်းကလေး ကို သတိရ၏။ နှမြောမိ၏။ စိတ်လည်း မကြည်မလင် ဖြစ်သွား၏။ သို့နှင့် သုံးရက်မြောက် နေ့တွင် လမ်းထိပ်ရှိ ရှပ်နှင့် သက္ကလတ်တိုက်မှ ဆိုင်သစ်ဖွင့်ပွဲအဖြစ် အငြိမ်ခံမည် ဟူသော သတင်းကို ကြားလိုက်ရသည်နှင့် ပွဲကြိုက်သော အတာလည်း စိတ်ညစ်ကလေး မသိ မသာ ပြေသွား၏။
ညနေဘက်ရောက်သော် အတာ ပျော်နေပြီဖြစ်သည်။ အငြိမ့်မှာလည်း သူကြိုက်သော ဓာတ်ဆီ၊ ဓာတ် ဆံတို့ပါသည့် ရူပါရုံခင်ကြည် အငြိမ့်ဟူ၍သိလိုက်ရပြန်သောကြောင့် ဝမ်းမြောက်ခြင်းပီတိဖြင့် အတာ တွင် နေမထိ ထိုင်မထိဖြစ်နေတော့၏။ သို့လျှင် ပြုံးကာရယ်ကာဖြင့် ကြည်ကြည်လင်လင် ရှိနေခဲ့ရာမှ ရုတ်တရက် ဆိုသလို အတာ့မျက်နှာကလေး ညိုသွားပြန်တော့၏။
ဝရန်တာတွင် ရပ်နေရာမှ ချက်ချင်းပင် အခန်းထဲသို့ ဝင်လာပြီး သူ့ဖာကလးကိုဖွင့်ကာ တစ်ထည်း တည်း သော သူ့ပိုးလုံချည်ကလေးကို ထုတ်၍ဖြန့်လျက် မတ်တတ်ရပ်ရင်း သူ့ခါးတွင် ကပ်ကြည့် လိုက်၏။ လွန် ခဲ့သော ၂ နှစ်လောက်က ဝယ်ထားခဲ့သည့် ထိုပိုးလုံချည်ကလေးမှာ ယခု တစ်ရှိန်ထိုးထွက်လာသော အတာ့အရပ်နှင့်ဆိုလျှင် မဟပ်မိအောင် တိုနေပြီဖြစ်၏။
အတာ့သူငယ်ချင်များမှာ ပိုးထည်ဆိုင်ရှင်နှင့် ကုန်သည်ပွဲစား သူဋ္ဌေးသားများသာဖြစ်သောကြောင့် ပိုး လုံချည် တရွှမ်းရွှမ်းနှင့် ပွဲဈေးတန်းတွင် လမ်းသလားနေကြမည်ကို အတာ့မျက်စိထဲတွင် မြင်ယောင်နေမိ ၏။ ဝါဆိုလပြည့်နေ့ ဘုရားသွားကြစဉ်ကပင် သူ့ကစားဖော်အားလု့း ဘန်ကောက်ကိုယ်စီနှင့် သန့်သန့် ပြန့်ပြန့် ခန့်ခန့်ညားညားနှင့် သိုက်လည်း သိုက်မြိုက်စွာ တွေ့ခဲ့ရဖူးပြီဖြစ်၏။ ထိုစဉ်က သူ့ သူငယ်ချင်း များသည် အတာ့ကိုပါ မရမက အရုဏ်ဆွမ်းကပ်လိုက်ရန် ခေါ်ကြသော်လည်း သူ့မေမေ၏ ထမင်းဆိုင် ကိစ္စအတွက် ဝိုင်းဝန်းကူညီရမည်တစ်ကြောင်း၊ ပိုးလုံချည်ဆို၍လည်း အဟောင်းအနွမ်း တစ်ထည်သာ ရှိသည်တစ်ကြောင်းတို့ကြောင့် လိုက်ချင်ပါလျက်နှင့် အတာ ဇွတ်ငြင်းခဲ့ရ၏။
ယနေ့မူ ပွဲမှာ လမ်းထိပ်တွင်ပင် ကမည်ဖြစ်သောကြောင့် သူ့တွင် အကြောင်းပြစရာမရှိ။ "ငါ့မှာ လုံချည် ကောင်းကောင်းမရှိဘူးကွ"ဟူ၍လည်း သူ ပြောရမည်ကို ရှက်၏။ သူ့သူငယ်ချင်း များကလည်း နောက် တစ်နာရီခန့်ဆိုလျှင် ဇွတ်အဓမ္မလာရောက်ဆွဲခေါ်ကြမည်ဖြစ်ရာ အတာတွင် မကြံ တတ်အောင် ဖြစ်နေ တော့၏။ ရှိသည့် ပိုးလုံချည်နွမ်းနွမ်းကလေးသည်ပင် သူနှင့်အဆင်မပြေအောင် တိုနေပြီဖြစ်သော ကြောင့် မည်သို့မျှမစဉ်းစားတတ်နိုင်ရှိနေပြီးမှ တစ်စုံတစ်ရာကို သတိရလာတော့၏။
ချက်ချင်း ပင် ကိုထွန်းအောင်၏အဝတ်အစားသေတ္တာကိုဖွင့်၍ လုံချည်များကို ထုတ်ကြည့်၏။ ပိုးလုံချည် ဆို၍ တစ်ထည်တလေမျှပင် မရှိ။ မကြာမီကပင် သူကိုယ်တိုင် သွားပေါင်ပေးခဲ့ရသည်ကို သတိရမှ စိတ် ပျက် လက်ပျက် ထိုင်ချရင်း အမှိုင်နှင့်ငေးနေမိ၏။ ထိုအခိုက်မှာပင်ကိုထွန်းအောင် ရောက်လာပြီး အတာ့ အမူအရာ ကို မြင်လိုက်ရသည်နှင့်
"ဟေ့ အတာ ဘာလုပ်တာတုံးကွ" ဟု ချိုချိုသာသာ မေးလိုက်သည်၌ အတာလည်း သူ့စိတ်ကူးကို တစ် လုံး မကျန် အမှန်အတိုင်း ပြောပြလိုက်၏။
"အေးကွာ၊ ရှိရင်တော့ မင်းကို ပေးဝတ်ဖို့ ငါ ဝန်မလေးပါဘူးကွာ၊ ဒါပေမဲ့"
ထိုမျှသာ ကိုထွန်းအောင် ပြောနိုင်ပြီး စိတ်မကောင်းကြီးစွာနှင့် မှိုင်သွားတော့၏။ ရှေ့ဆင့်နောက်ဆင့်ဆို သလို မသိန်းမေ ကပိုကရိုနှင့် ရောက်လာပြီး "ဒီမှာ ကိုထွန်းအောင်၊ ပွဲစားကြီး ဦးဘအေးမိန်းမ အသည်းအသန်ဖြစ်လို့တဲ့၊ ဆေးရုံတင်ထားရတယ်၊ အဲဒါ ကျွန်မဆေးရုံ မှာ လိုက်စောင့်ပြီး အိပ်ရလိမ့်မယ် သိလား၊ တစ်ည သုံးကျပ်ပေးမယ်တဲ့"
ပြောပြောဆိုဆိုနှင့် သုတ်သုတ်ပျာပျာ သူ့အဝတ်ဖာကိုဖွင့်၍ ထဘီနှစ်ထည်ယူပြီး အရေးတကြီးဆင်း သွားတော့ ၏။ အတာလည်း သူ့မေမေဆင်းသွားလိုက်သည်နှင့် ဖရိုဖရဲပြန့်ကြဲထားခဲ့သော မသိန်းမေ၏ အဝတ်ဖာ အနီးမှ ဘော်လီနှင့် ထဘီများကို သပ်သပ်ရပ်ရပ်ခေါက်၍ ဖာထဲသို့ ပြန်ထည့်နေရာမှ ကိုင် ထားသော သူ့မေမေ ၏ ထဘီတစ်ထည်ကို တွေတွေဝေဝေ ကြည့်နေမိ၏။
ထိုထဘီမှာပေါင်၍မရသောကြောင့် မသိန်းမေ၌ ကျန်နေသည့် တစ်ထည်တည်းသော ပါရှင်း လုံချည် ဖြစ်၏။ အဆင်မှာ ပန်းပွင့်ပန်းခက်ပါသည့် မိန်းမဆင်မဟုတ်ဘဲ အဝါနှင့် ချော့ကလက်ရောင် ဖောက် ထားသော ကန့်လန့်စင်းကလေးဖြစ်၏။ ညှိုးငယ်နေသော အတာ့ မျက်နှာ ကလေးသည် ထိုထဘီကိုကိုင် ၍ ငေးနေရာမှ ရုတ်တရက် ရွှင်ကြည်လာကာ ကသီကရီထ၍ ကိုထွန်းအောင်ရှေ့သို့ အပြေးကလေး သွားရပ်လိုက်၏။
"မေမေ ဒီည ပြန်မလာဘူး၊ ဟုတ်လား ဟင်"
"အေးလေကွာ၊ မင့်ရှေ့တင်ပဲ ပြောသွားတယ် မဟုတ်လား"
"ဒါဖြင့် ကျွန်တော်မေမေ့ ဟိုပါရှင်းလုံချည် ခဏယူဝတ်မယ်နော်"
ထိုစကားကြောင့် ကိုထွန်းအောင် ရင်အောင့်သွားဟန်တူ၏။ အတန်ကြာ တွေဝေမိပြီးမှ
"ဖြစ်မလား အတာ၊ အထက်ဆင်ကြီးနဲ့ ဥစ္စာ"
"ဖြစ်ပါတယ်၊ အထက်ဆင့်ကိုခဏဖြုတ်ပြီး ဝတ်သွားမယ်လေ၊ နောက်ညကျ ပြန်လာလာခြင်း ကျွန်တော့်ဟာ ကျွန်တော် ပြန်ချုပ်ပြီး တပ်ထားလိုက်မှာပေါ့၊ မေမေ မသိအောင်လေ"
အတာ တွင် အခိုက်အတန့်အားဖြင့် စိတ်မှချမ်းသာပါစေတော့ဟူသော သဘောဖြင့် ခေါင်းညိတ်ခွင့်ပြု လိုက်၏။ သို့သော် ကိုထွန်းအောင်တွင်မူကား ရင်နင့်အောင် ထိခိုက်သွားသည်ထင်ရ၏။
အတာလည်း ကိုထွန်းအောင်က ခေါင်းညိတ်လိုက်သည်နှင့် သူ့မေမေ၏ပါရှင်းထဘီမှ အထက်ဆင့်ကို ချိတ်ကလေး တဝင့်ဝင့်နှင့် ဖြုတ်စပြုတော့၏။ တစ်ဝက်လောက်အပြီးတွင် တံခါးခေါက်သံပေါ်လာသဖြင့် အတာ တွင် ခေါင်းကလေး ကြီးသွား၏။
"အတာရေ ဟေ့ အတာကြီး"
သို့လျှင် ခေါ်လိုက်သော မောင်မောင်တို့အသံကြားမှ စိတ်သက်သာရာရသွားကာ ထိုင်ရာမှထ၍ တံခါး ဖွင့်ပေးတော့မည်အလုပ်တွင်မှ တစ်စုံတစ်ရာကို သတိရသွားသလို အထက်ဆင့်ဖြုတ်လက်စဖြစ်သော သူ့မေမေထဘီ ကို ကပျာကသီ လုံးထွေး ၍ ဖာထဲထည့်ပြီးမှ တံခါးကို ဖွင့်ပေးလိုက်၏။
"လာလေကွာ ပွဲမှာ နေရာယူဖို့ လုပ်ကြရအောင်"ဟု မောင်မောင်က ပြောလိုက်သဖြင့်
"အေးပါကွ ငါ အခု လာခဲ့ပါ့မယ်၊ အလုပ်နည်းနည်းရှိလို့ပါ"
"အတာ ကလဲကွာ ဘာအလုပ်များရှိလို့လဲ၊ ကဲ ပြော တို့ပါ ဝိုင်းလုပ်ပေးမယ်၊ မြန်မြန်ပြီးအောင်"
အတာ မျက်လုံးကလေးဝိုင်းသွား၏။ သူ့မေမေထဘီကို အထက်ဆင်ဖြုတ်၍ ဝတ်ရသည့်အဖြစ်ကို အဘယ် မှာလျှင် သူတို့အား အသိပေး၍ ဖြစ်နိုင်ပါမည်နည်း။ မသိစေလို၍ပင် တံခါးမဖွင့်မီက ထိုထဘီ ကို ပျာယီးပျာယာ ဝှက်ခဲ့သည်မဟုတ်ပါလော။ သူရှက်ပေမည်သာ။
"သွားပါကွာ၊ မင်းတို့ ကူဖို့မလိုပါဘူး၊ ငါ အခုတင်လာမှာပါကွ၊ မင်းတို့သာ ငါပြောထားသလို ခုံတန်းရှည် တွေ အသင့်လုပ်ထား၊ ငါ အခုလာခဲ့မယ်" ဟု ပြောပြောတွန်းတွန်းနှင့် မောင်မောင်ရော ဘဆွေ တို့ကိုပါ တံခါးပြင်သို့ အသာ တွန်းပို့လိုက်၏။
သူတို့တစ်တွေ ဆင်းသွားသည်နှင့် အတာလည်း စောစောက ထဘီကို ခပ်သုတ်သုတ်ကလေး အထက် ဆင်ဖြုတ်လိုက်၏။ ပြီးလျှင်ပြီးခြင်း ရှပ်အင်္ကျီဆွဲဝတ်ကာ ထိုလုံချည်ကို ကောက်စွပ်လိုက်၏။ အံမကျနိုင်၊ လုံချည်မှာ အနံကောင်းသောကြောင့် အတာနှင့် ရှည်နေ၏။ ကွင်းသည်လည်း အနည်းငယ်ကျယ် ၏။ နောက် ကိုထွန်းအောင်ထလာပြီးမှ အပေါ်ပိုင်းမှ လက်လေးလုံးခန့်ခေါက်၍ ဝတ်ပေးလိုက်သည်တွင်မှ အဆင်ပြေ သွားတော့၏။
ပြီးလျှင် ပြီးခြင်း အတာလည်း အောက်သို့ဆင်းလာခဲ့၏။ စောစောကသူ့သူငယ်ချင်းများ တက်လာ စဉ် မောင်မောင်၊ ဘဆွေ၊ စိုးမြင့်၊ နီတွတ် အားလုံးလိုလိုပင် မန္တလေးပိုးလုံချည်များ ဝတ်လာကြသည်ကို အတာ သတိထားမိ၏။ ယခု သူ့ပါရှင်းလုံချည်မှာ ထိုထို မန္တလေးပိုးနှင့် ယှဉ်လိုက်ချေက ရွှေနှင့်ကြေး ပမာ သိသိသာသာကွာပင် ကွာသော်လည်း သူ့ချည်လုံချည်နှင့်စာသော် ပါရှင်းက အရောင်ထွက်၍ အပြောင်အလက်လည်း သာနေသဖြင့် အတာတွင် အတော်အတန် ကျေနပ်သွား၏။
ဆက်ရန်
.

No comments:
Post a Comment