“ဟာ မင်း သိပ်လည်တဲ့ ကောင်လေးပဲ၊ ငါ ထိပ်တောင်ခေါက်လိုက်ချင်ပြီ၊ ကဲ သွားတော့”
သို့သော် အတာ ရုတ်တရက် ထွက်မသွားသေး။ တစ်စုံတစ်ရာ တွေးသလို ငေးနေပြီးမှ
“ဒီမှာ ဦးလေးချစ်၊ သူတို့မေးရင်လေ ဒီသကြားလုံးပုလင်းကို သုံးပဲ နဲ့ ပြန်ရောင်းလိုက်တာ ပါလို့ ပြောပါ နော်”ဟု အတာက မျက်နှာထားလေး မချိုမချဉ်နှင့် ပြော လိုက်သောကြောင့်
“ကောင်းပါပြီ ခင်ဗျာ၊ ပြောပါ့မယ်၊ ကောင်းပါပြီ” ဦးလေးချစ် ကလည်း သို့ပြောရင်း အတာ့ထိပ်ကလေးကို အသာလှမ်း၍ ထုလိုက်မှ အတာလည်း ဇက် ကလေး ပုရင်း ဝမ်းသာအားရ ပြေးထွက်သွားလေတော့၏။ ကို ဆက်ဖတ်ရန်.........

အတာ မဲလိပ်ဆိုင်ကလေးမှာ အမြင်အားဖြင့် ဘာမျှမဟုတ်သော်လည်း ဝင်ငွေကား မသေးလှ။ တစ်နေ့ လျှင် ငါးမူးမှ သုံးမတ်လောက်အထိ အသားတင် အမြတ်ပေါ်ခဲ့၏။ သို့သော် ထိုပိုက်ဆံများကို လုံးလုံး လျားလျား စုရသည်ဟူ၍ မရှိဘဲ
“နင့်ရှိတဲ့ပိုက်ဆံနဲ့ ထမင်းဝယ်စားနော်၊ နောက်တော့ ငါပြန်ပေးမယ်”
“ပိုက်ဆံငါးမူးလောက် ခဏပေးစမ်း အတာ၊ ငါ့ အကြွေမရှိလို့”
မသိန်းမေလည်း ထုံးစံအတိုင်း ဤလိုပြော၍ ဤလိုတောင်းတတ်ရုံသာမက ရံဖန်ရံခါဆိုသလိုပင် အတာ့ ပိုက်ဆံနှင့် ပင်စိုက်၍ ၃၆ ကောင် ထိုးခိုင်းတတ်သေး၏။ သို့သော အတာ မငြိုငြင်။
“သူများတွေကိုတောင် မရှိဆင်းရဲရင် ပေးရ ကျွေးရသေးတာ၊ ကိုယ့်မိဘကို ပေးတယ်ဆိုတော့ ပိုတောင် ကုသိုလ်ရဦးမှာ”
ဤလိုစေတနာ အဖူးအထွတ်ဖြင့် အတာ သည် မတွန့်မတို။ သူ့အမေအလိုကို တတ်နိုင်သမျှ ဖြည့်စွမ်းခဲ့ ၏။ သို့အလျောက်လည်း အတာ့ ဝင်ငွေမှာ ရေရေရာရာ ပိုလာသည်ဟူ၍မရှိဘဲ တလုံးတလည်လည်နှင့် ပင် ကျောင်းဖွင့်တော့မည့်ရက် သည် တဖြည်းဖြည်း နီးကပ်လာတော့၏။
ကျောင်းဖွင့် လျှင် တွေ့ရတော့မည့်ပညာရေးပြဿနာကို အတာ ကြိုကြိုတင်တင် မြင်ခဲ့၏။ မြင်ခဲ့သည့် အတိုင်း လည်း ပြင်ဆင်မှုဖြင့် သကြားလုံးထီဆိုင်ဖွင့်ကာ ငွေဝင်လမ်းရှာခဲ့သော်လည်း ထိုအခါမှစ၍ သူ့ ထမင်း သူဝယ်စားရရုံသာမက မသိန်းမေကပါ တတိတိဖဲ့ခဲ့သောကြောင့် နောက်ဆုံးအတာတွင်ပါ လက် မဲ့ဖြစ်နေတော့ ၏။
နွေရာသီအတွက် ပိတ်ခဲ့သော ကျောင်းအသီးသီးလည်း ဖွင့်ခဲ့ပြီ။ အရပ်ထဲရှိ လူငယ်အားလုံး သည်လည်း ကျောင်းစ၍ တက်ကြလေပြီ။ အတာတွင်မူ ကျောင်းဖွင့်သည့် ပထမနေ့ ကသာ ကျောင်းသို့ရောက်ခဲ့၏။ စာမေးပွဲကိုလည်း တစ်တန်းလုံးတွင် ပထမဆွဲသော စံချိန်ဖြင့် အောင်မြင် ခဲ့သောကြောင့် မကြာမီ ရက် အတွင်း ဆုပေးမည်ဟု ဆရာမကြီးက ခေါ်ပြောလိုက်သေး၏။ အတန်းတက်ရုံ သာမက ဆုပါပေးဦးမည် ဆိုသဖြင့် အတာ ဝမ်းသာနေလိုက်သည် မှာကား ပြောစရာပင်မရှိ။
ထိုမျှသာမဟုတ်သေး။ အတာ့ကို မောင်ကလေးအရင်းတမျှ ချစ်နေပြီဖြစ်သော ကျော်ကျော်၏မမသည် ပင် သူ့အတန်းတက် ခဲ့ရသည့် တတိယတန်း၏အတန်းပိုင်ဆရာမဖြစ်နေပြန်သောကြောင့် အတာတွင် ရွှင်ချင် တိုင်း ရွင်နေတော့၏။ သို့သော် ထိုထိုရွှင်လန်းဝမ်းမြောက်မှုကား သူ့တွင် ကြာကြာမခံ။ ကျောင်း တက်ပြီးခဲ့ ၍ ဆရာမက ကျောက်သင်ပုန်းကြီးတွင် ရေးပေးလိုက်သော အားလုံးဝယ်ရမည့် ကျောင်းစာ အုပ် စာရင်းနှင့်တကွ ကျောင်းလခများကိုပါ ကူးယူတွက်ချက်မိသည်နှင့်ပင် အတာ၌ တစ်ခါတည်း မှိုင် ကျသွားတော့၏။
အတန်းတက်ခဲ့သည်နှင့်အမျှ ကျောင်းလခလည်း တစ်ကျပ် တက်သွားပြန်ပြီဖြစ် ၏။ နွေရာသီပိတ်ထားခဲ့ သော နှစ်လခနှင့် ကျောင်းဖွင့်သော လအတွက်ပါ စုစုပေါင်း သုံးလ အတွက် ငွေကိုးကျပ်ဖြစ်၏။ အတန်း ကြီးလာသောကြောင့် ဘာသာရပ်ပိုလာကာ သို့ ဘာသာရပ် ပိုလာသည့်အလျောက်လည်း ဖတ်စာအုပ် အမျိုးအမည်ရော ကော်ပီစာအုပ် စသည်တို့ပါ အတော်များများ ပို၍ ဝယ်ရပေတော့မည်။ သင့်ငွေ အား လုံးပေါင်းလိုက်သော အတာတွင် ခေါင်းကိုက်မတတ် ဦးနှောက် ရှုပ်သွားတော့၏။
ထိုနေ့ညနေ အိမ်ပြန်ရောက်၍ သူ့မေမေအား ကျောင်းလခနှင့် ဝယ်ရမည့် စာအုပ်စာရင်းကို မရဲတရဲ တင်ပြ လိုက်သည်နှင့် “သွား၊ သွား ငါ့လာမပြနဲ့၊ ငါ မသိဘူး သွား”ဟု စူးစူးဝါးဝါးအော်ပစ် လိုက်သည် တိုင်အောင် အတာ့အမူအ ရာတွင် စိတ်ဆိုးသွားသည့် အရိပ်အယောင် မပြ။ သူ့မေမေက နားရင်း မအုပ်လိုက်သည် ကိုပင် ကျေးဇူး တင်မိသွားသေးတော့၏။ ကိုထွန်းအောင်တွင်လည်း ထိုကိစ္စနှင့် ပတ်သက် ၍ ဘာမျှမတတ်နိုင်။ သူကိုယ် တိုင်ကပင် ယခု မသိန်းမေ ရှာကျွေးသည်ကို စားနေ ရသောကြောင့် စိတ်အမောသားနှင့်သာ လက်မှိုင်ချ နေရှာတော့၏။
“ဘာကြည့်နေတာလဲ ဒေါ်ဒေါ်သန်း၊ လက်ဖက်ရည်မှာမလို့လား၊ ကျွန်တော် သွားမှာပေးမယ်လေ’’
ပရိက္ခရာဆိုင်တစ်ဆိုင်၏ တံခါးဝတွင်ရပ်ကာ တစ်စုံတစ်ရာ ရှာသလို ကြည့်နေသော ဖြူဖြူ၀၀ အမျိုး သမီးကြီးတစ်ယောက်အနီးသို့ အပြေးကလေး ချဉ်းကပ်သွားကာ အတာက ဤသို့ မေးလိုက်သော ကြောင့် “သြော် အတာ အေး ဒေါ်ဒေါ်က လက်ဖက်ရည်မှာမလို့ မဟုတ်ပါဘူးကွဲ့၊ ဒီဆိုင် က ကော်ဒယား သိတယ် မဟုတ်လား ဟင်’’
“ဟုတ်ကဲ့ သိပါတယ်’’
“အေး ကော်ဒယားကို သွားရှာပေးစမ်း၊ သင်္ကန်းသေတ္တာတွေ မန္တလေးရထား သွားပို့ပေးရမယ်၊ မြန် မြန် လာလို့ ပြောနော်’’ “ဟုတ်ကဲ့ ဒေါ်ဒေါ်’’ အတာသည် ဤလို အရိပ်အကဲ သိတတ်မှု ကလေး များကြောင့်လည်း တစ်ရပ်လုံးကလိုလို အတာ့ကို ချစ်ကြ၏။
စာတိုက်သို့ ခိုင်းမည်လော၊ ရိုးကုမ္မဏီတွင် ပစ္စည်းတစ်ခုခု အ၀ယ်လွှတ်မည်လော၊ အငှားမော်တော် ကား ခေါ်ခိုင်းမည်လော၊ အတာကို ခိုင်းက တစ်ခေါက်တည်းနှင့် ကိစ္စပြီးနိုင်၏။ အတာသည် ခိုင်းမှမ ဟုတ် မခိုင်းဘဲနှင့် လုပ်သင့် လုပ်ထိုင်သည်မှာ အဘယ်အရာများဟူ၍လည်း သူသိ၏။ တစ်အိမ် အိမ် က စည်းမရှိကမ်းမရှိ လမ်းမလယ်ခေါင်သို့ ကြွက်သေကောင် ပစ်ထားလျှင် ထိုကြွက်သေကောင်ပုပ်ကို အတာပင် ယူ၍ ပစ်တတ်၏။ တောင်းစုတ်ပလုံးစုတ်များ လမ်းမအလယ်တွင် ရှုပ်နေကလည်း အားလုံး ကို စု၍ ကြိုးနှင့် သီကာ အမှိုက်ပုံးရှိရာသို့ အတာကပင် ဆွဲယူသွားတတ်သေး၏။ မတော်တဆ ကားကြိတ် ၍ ကြောင်ကလေး ခွေးကလေးများ သေသွားလျှင်လည်း အတာကပင် ကြိုးနှင့်ဆွဲ၍ အမှိုက် ပုံရှိရာသို့ ပို့လိုက်တတ်။
ယင်းသို့သော အတာ၏စိတ်ကောင်းရှိမှု အလိုက်သိတတ်မှု လိမ္မာရေးခြားနှင့် အကင်းပါးမှုတို့ကြောင့်ပင် သူ့အား မချစ်သူဟူ၍ မရှိသလောက် ရှားခဲ့၏။
ယနေ့လည်း အတာသည် မကြည်လင်လှသော မျက်နှာထားကလေးဖြင့် လျှောက်ရာကမှ ပရိက္ခရာ ဆိုင်ရှေ့သို့ အရောက်တွင်
“အတာရေ ခဏဟေ့” ဟု ထိုဆိုင်ထဲမှ လှမ်းခေါ်လိုက်သဖြင့် အတာလည်း ခပ်သုတ်သုတ် ပြေးဝင် သွားကာ “ဒေါ်ဒေါ်သန်း ကျွန်တော့်ကို ခေါ်တယ်မဟုတ်လား၊ ဘာခိုင်းမလို့လဲဟင်”
“မခိုင်းပါဘူကွဲ့၊ ပြောစရာရှိလို့ ခေါ်တာ၊ ကဲ ထိုင်စမ်း အတာ”
အတာလည်း သူ့ဒေါ်ဒေါ်သန်း ထိုင်နေရာတွင် ကွပ်ပျစ်နှင့် မလှမ်းမကမ်း သမံတလင်း တွင် ဆောင့် ကြောင့်ကလေး ထိုင်လိုက်သည်နှင့် “ဟဲ့ အပေါ်တက်ထိုင်လေ အတာ၊ လာခဲ့ ဒီကွပ်ပျစ်ပေါ် တက်ထိုင်”ဟု ဒေါ်ဒေါ်သန်းက ဇွတ်ခေါ်လိုက် မှပင် အတာလည်း ကျုံ့ကျုံ့ယုံ့ယုံ့ကလေး တက်ထိုင် လိုက်၏။
“မင့်ကို ဒေါ်ဒေါ်သန်း သတိထားကြည့်နေခဲ့တာ လေးငါးရက်ရှိပြီ၊ ဒိပြင်ကလေးတွေ အသီးသီးကျောင်း တက်ကြ တယ်၊ မင်းကတော့ ဘာလို့ ကျောင်းမသွားသလဲ အတာ”
ရှက်ကလည်း ရှက်၊ ဝမ်းလည်းနည်းသွား၍လော မသိ။ အတာတွင် ရုတ်တရက် အဖြေမပေးနိုင်ဘဲ မျက် ရည်ကလေးသာ ဝဲနေ၏။
“ဘာလဲ မင်း ကျောင်းထွက်လိုက်ပြီလားကွဲ့ ဟေ”
“သြ သြ ဒီလိုဆိုလဲ ဒေါ်ဒေါ်သန်းကို လာပြောရောပေါ့ကွယ်”
“အို မမနှယ်၊ သူ့ဟာသူတော့ ဘယ်လာပြောဝံ့ပါ့မလဲလို့” ဟု အနီးရှိ မိန်းမပျိုတစ်ဦးက ဝင်ထောက် လိုက်သောကြောင့်
“အေး ဒါလဲ ဟုတ်တာပဲ၊ ကဲ ငိုမနေနဲ့တော့ အတာရယ်။ မင့်ကို ဒေါ်ဒေါ်သန်း ကျောင်းထားပေးမယ် နေ မလား”
အချုပ်အနှောင်ထဲမှ မမျှော်လင့်ဘဲ လွတ်လာသော သေဒဏ်ခံရဆဲ အကျဉ်းသမားသည်ပင် ယခု အတာလောက် မျက်နှာထားရွှင်လာလိမ့်မည် မထင်၊ ဤမျှလောက် အတာကလေး ဝမ်းမြောက်သွား၏။
“တကယ်လားဟင်”
အတာကလေးတွင်လည်း မယုံကြည်နိုင်လောက်အောင် အံ့အားသင့်သွားသည်နှင့်အမျှ ယင်းသို့ပင် လွှတ်ခနဲ မေးခွန်းထုတ်လိုက်မိရှာ၏။
ထိုနေ့ညဘက် သူ့မေမေရော ကိုထွန်းအောင်ပါ အိမ်တွင် ဆုံမိကြသည်နှင့် အတာလည်း သူ့ဒေါ်ဒေါ် သန်း က ကျောင်းထားပေးတော့မည်ဖြစ်ကြောင်းနှင့် ကောင်းသတင်းကို ဝမ်းသာအယ်လဲ ရှင်းပြလိုက် ၏။ ကိုထွန်းအောင် တွင် တစ်မျက်နှာလုံး ဝင်းထိန်သွားသလောက် မသိန်းမေတွင်မူကား ဘာမျှ ထူးခြား သည့် အသွင် လက္ခဏာ ပေါ်မလာ။
အတာ့စကား ဆုံးသည်နှင့် “သူတို့က ကျောင်းလခနဲ့ စာအုပ်ဖိုးတင်ပဲ ပေးမယ်တဲ့လား၊ မုန့်ဖိုးကော”
သူ့အပေါ် တွင် တင်လာတော့မည့် မုန့်ဖိုးတာဝန်အတွက် ရတတ်မအေးသလိုဖြင့် မေးလိုက်သော ကြောင့်
“မုန့်ဖိုးတော့ ဘာမှမပြောဘူး၊ မေမေ”
“ဟင်း” လစဉ် ကျောင်းလခရော စာအုပ်ဖိုးများကိုပါ အတာကျောင်းနေ နေသမျှ ကာလပတ်လုံး ဒေါ်ဒေါ်သန်း တို့က ထောက်ပံ့မည်ဟူသည်ကိုမူ မသိန်းမေ တွင် ကျေးဇူးတင် စကားတစ်လုံးမျှ မပြော။ စိတ်ဝင်စား သည့်အရိပ်အယောင်လည်းမပြ။ သို့လျှင် ဟင်းရှည်ကြီး ချလိုက်သောကြောင့် တစ်စုံတစ်ရာ စိတ်မချမ်း သာဖွယ် တစ်ခုခု ပြောတော့မည်ဟု ရိပ်မိလိုက်သည့် အတိုင်း ကိုထွန်းအောင် လည်း အတာအား ပရိယာယ်ဖြင့် ဆေးလိပ်အဝယ်ခိုင်းလိုက်တော့၏။
“ကျောင်းလခတွေ စာအုပ်ဖိုးတွေပါ ထောက်တဲ့နောက် မုန့်ဖိုးပါမေးတော့ကော ဘာဖြစ်သတဲ့လဲ”
ကိုထွန်းအောင် ထင်သည့် အတိုင်းပင် မသိန်းမေလည်း မုန့်ဖိုးပါ မထောက်ပံ့ရကောင်းလား ဟူသော သဘော မျိုး ပြောလိုက်သောကြောင့် ကိုထွန်းအောင်တွင် စိတ်ပျက်သွားသလို မျက်လုံးများကိုသာ နာ နာမှိတ်ချလိုက်ရာမှ “ကဲ မသိန်းမေ၊ ကောင်လေးရှေ့မှာတော့ ဘာမှမပြောပါနဲ့ဗျာ၊ ခင်ဗျားကို ရှိခိုးပါရဲ့”
ကိုထွန်းအောင် တွင် အခြားသော နည်းလမ်းမရှိတော့သည့်အတိုင်း “ရှိခိုးပါရဲ့” ဟူသော စကားနှင့်ပင် အညံ့ခံ ၍ တောင်းပန်လိုက်တော့လျက်
“ကဲ ကောင်လေး မုန့်ဖိုးအတွက် ကျုပ်ပဲ တာဝန်ယူပါ့မယ်ဗျာ၊ ဟုတ်ပလား၊ ဟိုတုန်းကတော့ အင်မ တန့် ကို အောက်ကျနောက်ကျနိုင်လွန်းလို့ ဝင်မလုပ်တာ၊ ခု ဝင်လုပ်တော့မယ်၊ အကူစာရေးပဲ ဝင်လုပ် တော့မယ်၊ တစ်နေ့ ငါးမူးလောက်တော့ လက်ဖက်ရည်ဖိုးရမှာပဲ၊ ကိစ္စမရှိဘူး၊ ဒီကောင်လေး အတွက် မုန့်ဖိုးပေးနိုင်ရင် တော်ပြီ”

.................................................................................................................................
ပြန်စာကိုလည်းကောင်း၊ လူကိုလည်းကောင်း၊ တောင့်တောင့် တတ မျှော်နေခဲ့သော ကျောင်းအုပ်ကြီး နှင့် တကွ အတာ့ဆရာမ အပြင် အခြားသော ကျောင်းသူကျောင်းသားများပါမက မုန့်စားတန်းမှ ဈေး သည် များပါ အတာကလေး ကျောင်းပြန်ရောက်လာပြီကို သိလိုက်ရသည်နှင့် တစ်စုံတစ်ရာ အလိုပြည့် သွားသလို ပျော်မွေ့ကြည်နူးနှင့် အားလုံးပင် မြူးသွားကြတော့၏။
ကျောင်းအုပ် ဆရာကြီး ကိုယ်တိုင်ကလည်း မကြာခဏဆိုသလို ဘုရားရှိခိုးအပြီးတွင် အတာ၏ လိမ်မာ ရေးခြားရှိမှု၊ အလိုက်သိတတ်မှု၊ သွက်လက်ပေါ့ပါးမှု၊ ကိုယ့်ဝင်ငွေ ကိုယ်ရှာ၍ ပညာကို သင်လိုသည့် မွန်မြတ်သောစိတ်ဓာတ်ရှိမှု စသည်တို့ကို နမူနာထား၍ တစ်ကျောင်းလုံး ကို ပြောကြားဆုံးမလေ့ရှိ၏။ သို့ ပြောကြားသည့် အချိန်တိုင်းတွင်လည်း အတာ့ကို အားလုံးမြင်နိုင်စေရန် ဆရာမကြီး က သူ့အနီးရပ် နေစေခဲ့၏။ ဤနည်းဖြင့် အတာမှာ သူ့ကျောင်းတွင် နာမည်ကျော် လူတော် ကလေး တစ်ယောက်အဖြစ် လူသိများခဲ့၏။ ချစ်သူခင်သူတွေလည်း ပေါခဲ့၏။
စာမေးပွဲကြီးတွင် အတန်းတိုင်းမှ ပထမ၊ ဒုတိယ၊ တတိယ ရသူများကို သင့်တော်သည့် ပစ္စည်းများဖြင့် ဆု အသီးသီး ချီးမြှင့်ခဲ့သောနေ့က အတာ ကျောင်းမတက်သောကြောင့် ယနေ့ ဘုရားရှိခိုးပြီးမှပင် အတာအား ဆရာမကြီး ကိုယ်တိုင် ပထမဆုချီးမြှင့်ကာ အတာ၏ပြောပြချက်အရ ပူပူနွေးနွေးသိလိုက် သော သူတစ်ထူး က ကျောင်းစရိတ် ထောက်ပံ့ချင်လာအောင် သူအဘယ်ပုံ လိမ္မာခဲ့သည်တို့ကိုပါ ထည့် ပြော ရင်း အတာအား ချီးကျူးလိုက်ချေသေး၏။
အတာ ရသော ပထမဆုကား ကုလားမခြင်းတောင်းဆွဲ နို့ဆီတိုက်မှ ပေးသော ၎င်းကုမ္ပဏီအမှတ်အသား ပါသည့် အကောင်းစား ပေတံ တစ်ချောင်းနှင့် သံမဏိပိုက်ဆံစုဘူးအပြင် ကျောင်းအုပ်ဆရာမကြီးက လည်း ငွေငါးကျပ် ကို အထူးဆုအဖြစ် ချီးမြှင့်လိုက်ပြန်သောကြောင့် တစ်ကျောင်းလုံးပင် သြဘာသံများ လျှံ၍ တဖြောင်းဖြောင်း ညံဆူသွားတော့၏။
ဆက်ရန်
.

No comments:
Post a Comment