ပြီးလျှင် ပြီးခြင်း အတာလည်း အောက်သို့ဆင်းလာခဲ့၏။
စောစောကသူ့သူငယ်ချင်းများ တက်လာ စဉ် မောင်မောင်၊ ဘဆွေ၊ စိုးမြင့်၊ နီတွတ်
အားလုံးလိုလိုပင် မန္တလေးပိုးလုံချည်များ ဝတ်လာကြသည်ကို အတာ သတိထားမိ၏။ ယခု
သူ့ပါရှင်းလုံချည်မှာ ထိုထို မန္တလေးပိုးနှင့် ယှဉ်လိုက်ချေက ရွှေနှင့်ကြေး
ပမာ သိသိသာသာကွာပင် ကွာသော်လည်း သူ့ချည်လုံချည်နှင့်စာသော် ပါရှင်းက
အရောင်ထွက်၍ အပြောင်အလက်လည်း သာနေသဖြင့် အတာတွင် အတော်အတန် ကျေနပ်သွား၏။ ကို ဆက်ဖတ်ရန်..............
အတာလည်း သူမှာကြားထားခဲ့သည့်အတိုင်း ခုံတန်းရှည်ရှိသော ဆိုင်များမှ ငှားရမ်းထားသည့် ခုံသုံးခုံ နှင့်အတူ တပျော်တပါး စောင့်နေကြသော သူ့သူငယ်ချင်များရှိရာ ဓာတ်မီးတိုင်အောက် သို့ ရောက်သည် နှင့် "ကဲ လာကြဟေ့ သွားမယ်"ဟု ပြောပြောဆိုဆိုပင် ခုံရှည်တစ်ခု၏အစွန်းတစ်ဖက်မှ အတာ က မလိုက် ၏။ အခြားတစ်ဖက်မှာလည်း မောင်မောင်က ကိုင်မြှောက်လိုက်၏။ အခြားသော သူငယ်များကလည်း ကိုယ်စီကိုယ်ငှ ချီမနေကြခိုက်
"ဟေ့ ဘဆွေ မ လေကွာ၊ အချောင်ခိုဖို့ပဲ မင်းတတ်တယ်၊ ဝိုင်းသယ်ပါကွ"ဟု စိုးမြင့်က ပြောလိုက်သည့် တိုင်အောင် ဘဆွေ တွင် ယောင်ချာချာလုပ်နေရာမှ ခုံတစ်နေရာကို ဝတ်ကျေဝတ်ကုန် ဝင်ကိုင်လိုက်၏။ သို့သော အားသွန်ခွန်စိုက် ပင့်မနေသည့် အမူအရာမျိုးမဟုတ်ဘဲ သူ့မျက်လုံးများမှာမူ အတာ့ လုံချည် ဆီတွင်သာ အာရုံစိုက်နေပြီး "ဟေ့ အတာ အဲဒါ မင်းတို့အမေ လုံချည်မဟုတ်လားကွ ဟင်၊ ထဘီကြီး အထက်ဆင့်ဖြုတ် ဝတ်လာ တယ်၊ မင်း မရှက်ဘူးလား" အသီးသီး ခုံများကို မချီထွက်လာကြ၍ ဆယ့်လေးငါးပေလောက် အရောက်တွင် ဘဆွေက ကောက် ကာ ငင်ကာ သို့လျှင် ပြောလိုက်သောကြောင့် အတာ တွင် ရုတ်တရက် ခြေလှမ်းတန့်သွား၏။ အလွန့် အလွန် ရှက်သွားသောကြောင့် လည်း မျက်စိမျက်နှာပျက်ကာ အသားများပင် တဆတ်ဆတ်တုန်လာ၏။
ခုံကိုပင် အားစိုက်၍ ကိုင်မ မထားနိုင်တော့ဘဲ လက်ထဲမှ လွတ်ကျသွား၏။ နောက် ခေါင်းကလေးငုံ့ ထားရာ မှ ဘဆွေအား တစ်ချက်မော့ကြည့်လိုက်၏။ သို့သော် ဒေါသရိပ်မပါ။ အတာ့မျက်နှာတွင် ဝမ်း နည်းသော အသွင်သာ ဆောင်နေ၏။ မကြာမီပင် မျက်ရည်သီးများ တပေါက်ပေါက် ကျလာကာ ဘာ တစ်ခွန်းမျှ မပြောတော့ဘဲ ချာခနဲလှည့်ထွက်သွားတော့၏။
သို့ အတာကလေး လှည့်ပြန်သွားသည်နှင့် အားလုံးပင် လှုပ်လှုပ်ရွရွ ဖြစ်သွားကာ
"မင်း အတော်ရှော်တဲ့ကောင်ပဲကွာ၊ ဘာလို့ သွားပြောရတာလဲကွ" စိုးမြင့်က ရှေးဦးစွာ ငေါက်လိုက်၏။
"အေးကွာ သက်သက် မင်း သူ့အရှက်ကို ခွဲတာပဲ၊ မကောင်းဘူး ဘဆွေ၊ မင်း သိပ်မကောင်းတဲ့ကောင် ပဲ"ဟူ၍လည်း နီတွတ်က အပြစ်တင်လိုက်ပြန်၏။
"သူ အခုဝတ်လာတာ သူ့အမေ အမြဲဝတ်နေတဲ့ ထဘီဆိုတာ တို့လဲ သိတာပေါ့ကွ၊ သူ့ခမျာ တို့လို မဝတ်နိုင်လို့ ယူဝတ်လာတာပဲဟာ မသိချင်ယောင်ဆောင်နေပေါ့ကွ၊ မင်း အလကား သွားပြောတယ်၊ သူ့ခမျာ ဘယ်လောက်ရှက်သွားသလဲ"ဟု မောင်မောင်ကပါ ထပ်၍ ပြောလိုက်ပြီးမှ
"ကဲ မင်း လုပ်ပုံကောင်းသေးသလား ဘဆွေ၊ ဟင် ခွေးကောင်"
မောင်မောင် လည်း အလွန်စိတ်ဆိုးသည့်အတိုင်း ဒေါနှင့်မောနှင့် ပြောရင် ဘဆွေဆီသို့ လှမ်းသွားသည် တွင် "ငါ ဟုတ်တာ ပြောတာကွ" အခြားသော ပြစရာအကြောင်းမရှိတော့သည်နှင့် ဘဆွေလည်း သို့ပြောရင်း တင်းခံနေသောကြောင့် "ဟုတ်တာပေမဲ့ ပြောသင့်တာလဲရှိတယ်၊ မပြောသင့်တာလဲ ရှိတယ်ကွ၊ နားလည်လား"ဟု မောင်မောင် က မာန်လိုက်သည်ကို "ဒါ မပြောသင့်ဘူးလားကွ၊ ဟုတ်လို့ ပြောတာပဲဥစ္စာ"
"ဟုတ်တိုင်း ပြောတမ်းဆိုရင် မင့်ကို ဘာကြောင့်မွေးလာတာလဲလို့ လူတောထဲမှာမေးရင် မင်း ဘယ်လို ဖြေမလဲ၊ ကဲ" သို့လျှင် မောင်မောင်က အချက်ပိုင်ပိုင်နှင့် မေးလိုက်သောကြောင့် ဘဆွေတွင် ဘာတစ်ခွန်းမျှ မဖြေနိုင် ဘဲ တစ်ခါတည်း ငိုင်ကျသွားတော့၏။
"ဟေ့ကောင် ဖြေလေကွာ၊ မောင်မောင်မေးတာ ဖြေစမ်း၊ ကဲ"ဟု စိုးမြင့်ကလည်းကောင်း၊
"ဟုတ်တာပြောတာ ဆိုတဲ့ကောင်၊ ကဲ ဟုတ်တာကို ဖြေလေ"ဟု နီတွတ်ကလည်းကောင်း၊
ဝိုင်းဝန်းဆူပွက်လိုက်မှ ဘဆွေတွင် မျက်နှာကလေး ငယ်သွားကာ
"အေး ငါ မှားသွားတယ်ကွာ၊ ဟုတ်တယ်၊ ငါမေ့လို့ ပြောလိုက်မိတယ်၊ အတာ ငိုတောင် ငိုသွားတယ် ဆို တော့ သူ အတော်ဝမ်းနည်းသွားမှာပဲ၊ လာကွာ၊ မင်းတို့ပါလိုက်ခဲ့၊ ငါ သွားတောင်းပန်မယ်"
"အေး အတာက နိုင်လိုမင်းထက် လုပ်တတ်တဲ့အကောင် မဟုတ်လို့ ရှက်ပြီးငိုသွားတာ၊ ဒိပြင်ကိစ္စမျိုးနဲ့ သာ သူ ဒီလိုစိတ်ဆိုးရင် ဟင်း ထထိုးလို့ မင်း တစ်ခါထဲ ဝပ်နေမှာ သိလား"ဟု နီတွတ်က ထပ်ဆက်နေ သည်နှင့် "သူ မှားသွားတယ်လို့ ဝန်ခံနေပြီပဲကွာ၊ တော်ကြာ လာ လာ သွားမယ်"
မောင်မောင်က ဝင်ဖြန်လိုက်၏။ ဘဆွေအပေါ်တွင် အတော်ကလေး စိတ်ဆိုးနေကြသည်မှန်သော် လည်း အမှားကို ဝန်ခံလိုက်သဖြင့် အားလုံးကျေနပ်သွားကာ အတာ့တို့အိမ်ဘက်သို့ ခပ်သုတ်သုတ် ထွက်လာ ခဲ့ကြ၏။ အဆင်သင့်ပင် မျက်ရည်စက်လက်နှင့် ငိုင်နေသော အတာအား လှေကားရင်း တွင် တွေ့လိုက်ကြရသောကြောင့် "အတာ သူငယ်ချင်း၊ ငါ မှားသွားပြီကွာ၊ နော် ငါ မေ့လို့ ပြောမိတာကို စိတ်မဆိုးပါနဲ့ကွာ၊ ဟုတ်လား၊ ငါ တောင်းပန်ပါတယ်"ဟု ဘဆွေကပင် ဝမ်းပန်း တနည်း တောင်းပန် လိုက်၏။
"မင်း ထွက်သွားသွားခြင်းပဲ သူ့အမှားကိုသူသိလို့ တို့ကိုလဲ ဝန်ခံတယ်ကွ၊ ခုလဲ မင်းကို လာတောင်းပန် ပြီ မဟုတ်လားကွာ၊ ကျေလိုက်ပေါ့ နော်၊ ထပါ အတာရာ လာ သွားကြည့်ကြရအောင်"ဟု မောင်မောင် ကပါ သို့ဝင်ပြောရင်း "အေးပါကွာ လိုက်ပါ့မယ်၊ နေပါဦး"ဟု ချိုချိုသာသာပင် အတာက ငြင်းနေပြီးမှ
"ပထမတော့ ငါ တော်တော် စိတ်ဆိုးသွားတယ်၊ ဒါပေမဲ့ ဘဆွေပြောတာ မှန်နေတော့ ငါ ဘာမှ မတတ် နိုင်ဘူး၊ နောက် ငါ သေသေချာချာတွေးမိတော့ဘဲ ဘဆွေကိုတောင် ကျေးဇူးတင်မိသေးတယ်"
ထိုစကားကြောင့် အားလုံးပင် အံ့အားသင့်သွားတော့၏။
အကြောင်းမရှိဘဲ အတာ ဤလို့ မပြောတတ် သည်ကိုလည်းကောင်း၊ စကားစမိလျှင်လည်း ကျကျနန ရှင်းပြလေ့ရှိသည်ကိုလည်းကောင်း ကောင်း ကောင်းကြီး နားလည်နေပြီဖြစ်သော သူငယ်ချင်းများလည်း အတာ့အနီးတွင် အသီးသီး ဝိုင်းထိုင်လိုက် ကြကာ "ဘယ်လိုလဲကွ ဘဆွေကို ကျေးဇူးတင်မိတယ် ဆိုတာ"ဟု စိုးမြင့်က စကားစလိုက်သည်နှင့် "ငါတို့ မောင်ခိုင်လမ်း (ယခု ဗိုလ်ရွဲလမ်း) မှာ နေတုန်းက တို့အဘိုး အသည်းအသန်ဖြစ်နေတယ်ဆိုပြီး ငါ့ကို လာခေါ်သွားတယ်ကွ၊ မော်လမြိုင်ရောက်တော့ တို့အဘိုး က ငါ့ကို သူ့အနားခေါ်ပြီး ပြောတယ်၊ ငါ့ မြေးတဲ့ အဘိုးတို့ဟာ ပညာမတတ်လို့ ဆင်းဆင်းရဲရဲ လုပ်ကိုင်စားခဲ့ရတယ်၊
ဒါကြောင့် အဘိုးသေရင် ငါ့ မြေးတွေကို ဘာအမွေပစ္စည်းမှ မပေးခဲ့နိုင်ဘူးတဲ့"
အတာလည်း ရုတ်တရက် နေရာပြင်ထိုက်လိုက်ပြီးမှ "နောက်ပြီး အဘိုးက ပြောတယ်ကွ၊ အမွေပစ္စည်းမပေးနိုင်ပေမဲ့ စကားအမွေနှစ်ခုတော့ ပေးခဲ့မယ်တဲ့၊ အဲဒီစကားအမွေကို ငါ့မြေးအမြဲ သတိရနေသမျှ ငါ့မြေး ဘယ်တော့မှဒုက္ခမရောက်ဘူး၊ စိတ်လဲမဆင်းရဲ ဘူးတဲ့၊ အဲဒါက ဘာတွေလဲ ဆိုတော့ ဘာပညာဖြစ်ဖြစ် တစ်ခုခုကို တတ်အောင်သင်ရမယ်တဲ့၊ ပြီးတော့ ကိုယ်နဲ့မတန်တာရယ်၊ ကိုယ်နဲ့မဆိုင်တာ ရယ် ဘယ်တော့မှ မလုပ်နဲ့တဲ့" "မင်းတို့အဘိုးက မင့်ကို အတော်ချစ်တယ် ထင်ပါရဲ့၊ ဒါလေးပြောချင်တာနဲ့ အဝေးကြီးက လာခေါ်ခိုင်း တယ်နော်"
"ဒီလိုတော့ မဟုတ်ဘူး မောင်မောင်ရ၊ တို့အဘိုးက သူ့ကိုယ်သူ သေလိမ့်မယ်ထင်တာနဲ့ ငါ့ကိုခေါ်ပြီး ရှင်ပြုပေး ပါ၊ သူ မြင်သွားချင်တယ်ဆို့ ပြောသတဲ့ကွ၊ အဲဒါ ဟိုရောက်ရောက်ခြင်းပဲ တို့အဘွားနဲ့ ဦးလေး တွေ က ငါ့ကို ရှင်ပြုပေးကြတယ်"
"ကဲ ခုန စကား ဆက်ပါဦးကွ၊ ကိုယ်နဲ့မတန်တာ ကိုယ်နဲ့မဆိုင်တာဆိုတာက ဘာကိုပြောတာလဲ"
"အေးကွ၊ တို့အဘိုး ငါ့ကို ခေါ်ပြောတုန်းကတော့ ငါ ခပ်ငယ်ငယ်ပဲရှိသေးတယ်၊ ဘာပညာဖြစ်ဖြစ် တစ် ခုခုကို တတ်အောင်သင်ရမယ်ဆိုတာကတော့ ငါ နားလည်တယ်လေ၊ ကျန်တဲ့ နှစ်ခုကိုတော့ အဘိုး ပြောတာ အများကြီးပဲကွ၊ ငါ ကောင်းကောင်း နားမလည်ဘူး၊ ဒါနဲ့ တို့ဦးလေးတစ်ယောက်က အဘိုး ပြောတာတွေ ကို စာနဲ့ရေးမှတ်ပြီး ငါ့ကိုပေးထားတယ်၊ မင်းတို့ ဖတ်ချင်ရင် တစ်နေ့နေ့ ငါ ပြမယ် ဟုတ် လား"
အတာလည်း စကားကို ဤတွင် ခေတ္တနားလိုက်၏။ အငြိမ့်မှ ဆိုင်းသံလည်း ပေါ်လာစပြုပြီဖြစ်၏။ သို့ သော် မည်သူမျှမလှုပ်ကြသေးဘဲ အတာ ဆက်မည့်စကားကို နားစွင့်နေရာမှ
"မင်းဟာက ဒါနဲ့ပြီးရောလားကွ၊ ဘဆွေကို ကျေးဇူးတင်မိသေးတယ်ဆိုတာက ဘာလဲ"
"တို့အဘိုးပြောသွားတဲ့ စကားထဲမှာပါတယ်ကွ၊ သူများအဝတ်အစားကို ဘယ်တော့မှ ငှားမဝတ်နဲ့တဲ့၊ တစ်ယောက်မသိ တစ်ယောက်ကသိမှာပဲတဲ့၊ အဲဒါ ငါ အတိုချုပ်ပြောတာကွ၊ စာထဲမှာတော့ အများကြီး ပဲ၊ ကဲ ခု တို့အဘိုးစကား နားမထောင်လို့ ဒီလိုဖြစ်ရပြီမဟုတ်လား၊ တကယ်လို့ ဘဆွေကသာ ဒီလို မပြောရင် ဒီလိုပဲ မှားမိဦးမှာပဲ၊ ဒါကြောင့် ဘဆွေကို ငါ ကျေးဇူးတင်တယ် ပြောတာပေါ့ကွ"
ဆိုင်းသံသည် စောစောကထက် ပို၍ကျယ်လာ၏။ သို့တိုင်အောင် မောင်မောင်က အတာ့စကားတွင် စိတ်ဝင်စားနေသေးသလိုဖြင့်
"ကိုယ်နဲ့မတန်တာ ဆိုတာကရောကွ"
"အများကြီးပဲ မောင်မောင်၊ တို့ဦးလေး ရေးပေးလိုက်တဲ့ ကော်ပီစာအုပ်ထဲက အတိုင်းဆိုရင် ငါတောင် အကုန်မမှတ်မိဘူး၊ တစ်နေ့မှ ငါပြမယ်လေကွာ"
"ဟုတ်သားပဲကွ၊ တစ်နေ့နေ့မှ တို့ဖတ်ကြည့်ကြတာပေါ့၊ ကဲ လာကွ အတာ သွားကြရအောင်"ဟု ဘဆွေက ပြောပြောဆိုဆို ထရင်း အတာ့ပခုံးကို ဖက်ထူ ထူလိုက်သည်၌ "နေဦးကွ၊ ငါ လုံချည် သွားလဲလိုက်ဦးမယ်"ဟု အတာက ပြောရင်း အထလိုက်တွင် "လဲမနေပါနဲ့တော့ကွာ၊ ဒီတစ်ခါ မပြောစေရပါဘူးကွ၊ ပြောတဲ့သူကို ဝိုင်းထိုးတမ်းကွာ၊ ကဲ" "မင်းတို့ကိုတော့ ယုံပါတယ်ကွာ၊ ဒါပေမဲ့ တို့လမ်းထဲက ဒိပြင်လူတွေလဲ ဘဆွေ သိသလို သိကြမှာပဲ၊ ဒီတော့ တို့အဘိုးပြောတဲ့စကားအတိုင်း ကိုယ်နဲ့ တန်တာပဲ ကိုယ်လုပ်တာ ကောင်းပါတယ်ကွာ" စကားဆုံးသည်နှင့် အတာလည်း ဖြုန်းခနဲထကာ အိမ်ပေါ်သို့ အပြေးကလေး လှမ်းတက်သွားတော့၏။
"ပိုးလုံချည်ဝယ်မယ်၊ ကွတ်အင်္ကျီချုပ်မယ်"ဟူသော ရည်ရွယ်ချက်ဖြင့် ရောင်းခဲ့သော ဗြောက်အိုး ကလေးမှာ ဘာတစ်ခုမျှရှာမရအောင် ပြာကျခဲ့သဖြင့် အတာသည် သူ့ကိုယ်သူ လောကတိဿနှင့် နှိုင်း ကာ တစ်ဘဝက အကုသိုလ်ဟု ယူဆရင်း စိတ်ကို ဖြေခဲ့၏။
သို့သော် သူ၏တစ်ဘဝက အကုသိုလ်သည့် သူ့အားဆက်တိုင်ဆိုသလို ဖိစီးခဲ့သည်မဟုတ်။ ဆိုခဲ့ဖူး သည့်အတိုင်း ငိုတစ်ခါ ရယ်တစ်လှည့်ဖြင့် မဲ့လိုက် ပြုံးလိက်ရှိနေရသည်သာဖြစ်လျက် ဗြောက်အိုးဗန်း ပြာကျသည့်နေ့က အမဲ့နှင့်အဆုံးသတ်ရသော်လည်း ယနေ့မူ အပြုံးနှင့် ကြည်နူးနေရပြန်တော့၏။
ယနေ့သည် သီတင်းကျွတ်လဆန်း ၁၄ ရက်နေ့ဖြစ်၏။ နက်ဖြန် နံနက် လေးနာရီလောက် တွင် မောင် မောင်တို့လူသိုက်သည် ရွှေတိဂုံဘုရားသို့ အရုဏ်ကပ် သွားကြမည်ဖြစ်၏။ အတာကိုလည်း ခေါ်ကြ၏။ သို့သော် သူ့တွင် ဝတ်စရာမရှိ။ ဘဆွေတို့က အဝတ်အစားငှားသည်ကိုလည်း သူ လက်မခံ။ အဘယ်လို မျှ မကြံတတ်အောင် ရှိနေစဉ်မှာပင် ကျေးဇူးရှင် ဒေါ်ဒေါ်သန်းက အခေါ်လွှတ်ကာ မမျှော်လင့်ဘဲ ပိုးလုံ ချည်တစ်ထည် ပေးလိုက်၏။ အဘယ်မျှလောက် အတာ ဝမ်းမြောက် သွားမည်သနည်း။ ဤတွင်တစ်ဖန် အတာသည် ထိုလပြည့်နေ့ကို မောင်မောင်တို့နှင့်အတူ အပြုံးကလေးဖြင့် အဆုံးသတ်ခဲ့ရပြန်၏။
သို့သော် ဤ "သို့သော်"ကား အတာအား ဒုက္ခပေးဦးမည့် သို့သော်ပင်ဖြစ်၏။
သူ့ဒေါ်ဒေါ်သန်း ဝယ်ပေး ခဲ့သော မန္တလေးကျစ်ပိုး ဘန်ကောက်လုံချည်ကလေးကို အတာသည် လပြည့်နေ့ က တစ်ခါသာ ဝတ်ရ သေး၏။ တရိုတသေ ခေါက်၍ စက္ကူအိတ်တွင်ထည့်ပြီး သူ့ဖာကလေးထဲ သပ်သပ် ရပ်ရပ် သိမ်းထား၍မှ ၁၀ ရက်မရမီ
"အတာ နင့်လုံချည် ခဏ သွားပေါင်စမ်း၊ ဒီနေ့ သေချာပေါက်နိုင်မဲ့ မြင်းတစ်ကောင်ရှိတယ်၊ ညနေ ပြန် လာလာခြင်း ရွေးပေးမှာပေါ့၊ ဟုတ်လား" မသိန်းမေလည်း အဘယ်အချိန်ကစ၍ သူတစ်ထူးဝယ်ပေးသော အတာလုံချည်ကို မျက်စောင်းထိုးနေခဲ့ သည်မသိ။ ယနေ့သော် သို့ပြောရင်း တောင်းလာ၏။ အတာ ကလည်း ခေါင်းမခါဝံ့။
"နင့်ကလေးကို နင့်ဓားနဲ့ နင်ကိုယ်တိုင် သတ်စေ"ဟူသော အာဏာရှင်ဘုရင့်အမိန့်ကဲ့သို့ အတာတွင် လည်း သူမြတ်နိုးသော (ဝါ) တစ်ထည်တည်းသာရှိသော သူ့လုံချည်ကလေးကို သူကိုယ်တိုင်ပင် သွား ပေါင်ပေးလိုက် ရရှာတော့၏။ ညနေ ပြန်လာလာခြင်း ရွေးပေးမည်ဆိုသော်လည်း တစ်လသာကျော် သွား သည် ရွေးပေးမည့် အရိပ်အရောင်သော်ကား လားလားမျှ မမြင်ရသေး။ တန်ဆောင်တိုင်ပွဲတော်က လည်း နေမကောင်း ၍ဟု အကြောင်းပြကာ အိမ်မှာပင် အောင်းနေခဲ့ရရှာ၏။
ကြာခဲ့ပြီဖြစ်သည့်အတိုင်း အတာတွင် မေ့မေ့ပျောက်ပျောက်ရှိနေတော့ကာ စာတွင်သာ ဖိ၍ သဲသဲမဲမဲ ကြိုးစားနေ၏။ အတာသည် စာကိုလေ့လာသင်ကြားရာ၌ အလွန်လောဘကြီး၏။ ဆရာမက တစ် မျက်နှာပြီး တစ်မျက်နှာ သို့မဟုတ် တစ်ပိုဒ်ပြီးတစ်ပိုဒ် သင်စေကာမူလည်း ထိုမျှနှင့် အတာမရပ်။ အချိန် ရတိုင်း ရှေ့ဆက် ၍ဖတ်၏။ သဘောပေါက်လျှင် ပေါက်သလို စာအုပ်ကုန်သည်အထိ ဖတ်ကာ အဓိပ္ပာယ် မရှင်းလျှင် အရပ်ထဲမှ အတန်းကြီးသမားများထံ ချဉ်းကပ်လျက် အချက်အလက်နှင့် မေးတတ် ၏။
ထို့ကြောင့်လည်း အသစ်ဖြစ်သော သင်ခန်းစာတစ်ခုခုကို ဆရာမက အစသင်ရင်း သိလိုသိငြား မေးခွန်း ထုတ်လိုက်တိုင်း အတာကသာလျှင် ပထမဆုံး လက်ညှိုးထောင်သူ ဖြစ်နေတတ်၏။ သို့ စာတော်သ လောက် ပညာကိုသာပျော်ပျော်ရွှင်ရွှင်ကလေး သင်နေနိုင်ခဲ့လျှင် (ဝါ) မသိန်းမေ၏ အနှောက်အယှက် ကင်းကင်းနှင့် စိတ်ချမ်းချမ်းသာသာ စာကို ကြိုးစားနိုင်ခွင့် ရလျှင် ကျောင်းအုပ်ဆရာမကြီးပြောသကဲ့သို့ နောင်တစ်ခေတ်အတွက် အားထားနိုင်လောက်သော လူတော် လူကောင်း ပညာတတ်ကလေးတစ် ယောက် ဖြစ်လာနိုင်စရာ အလားအလာသည် များစွာပင် ရှိနေ၏။
ငိုတစ်ခါ ရယ်တစ်လှည့်ဟု ဆိုခဲ့သည့်အတိုင်းအတာမှာ ပညာသင်နေရသော် လည်း ပျော်သည့် အခါ ပျော်၍ တစ်ခါတစ်ရံတွင်မူ စာကိုပင် သင်ချင်စိတ်မရှိတော့လောက်အောင် သူ့မေမေသည် အမျိုးမျိုး သော နှောင့်ယှက်ခြင်းဖြင့် စိတ်ဆင်းရဲအောင် ဖန်တီးနေတတ်၏။
ဤလို မရွှင်တစ်နေ့ ရွှင်တစ်နေ့နှင့်ပင် တစ်လမှ တစ်နှစ်သို့ ရွေ့ပြောင်းကာ ကျောင်းရက်ရှည်သာ ပိတ် လိုက်ပြန်သည်။ အတာတွင်ကား ဆယ်ရက်တိတိ ဆက်တိုက်ပျော်ခဲ့ရသည်ဟူ၍ မရှိခဲ့။ အမဲ့နှင့် အပြုံး သာလျှင် လုံးထွေးကာ ပညာကို မရအရ ယူခဲ့ရရှာ၏။ သို့တိုင်အောင် စာမေးပွဲအောင်စာရင်း၌ အတာ သည် နံပါတ် ၁ တွင်သာ မားမားမတ်မတ် ရပ်တည်နိုင်ခဲ့၏။ ထိုအောင်စာရင်းထွက်လာသောနေ့သည် အတာ့ အဖို့၌ တစ်နှစ်လုံးတွင် ဝမ်းအမြောက်ဆုံးနေ့ဖြစ်သကဲ့သို့ သူ့ဒေါ်ဒေါ်သန်းတို့တွင်လည်း တပြုံး ပြုံးနှင့် အားရဝမ်းသာရှိနေကြတော့၏။
သို့ ဒုတိယဖြစ်သော မစွမ်ကြည်ကို အမှတ်ပေါင်း တစ်ရာကျော်ကွာဖြင့် အပြတ်အသတ် ပထမ ဆွဲခဲ့ သောကြောင့်တစ်ကြောင်း၊ သူ့ကျေးဇူးရှင် ဒေါ်ဒေါ်သန်းနှင့် ညီအစ်မတစ်ခု၏ဝမ်းမြောက်ဝမ်းသာ အား ပေး စကား ပြောခဲ့ကြသဖြင့်တစ်ကြောင်းတို့ကြောင့် အတာကလေးတွင် ပျော်တပြုံးပြုံး ရှိနေတော့၏။
သူ့တပြုံးပြုံး ပျော်ရွှင်မှုသည်လည်း အတာကလေးအား အချိန်ကြာကြာ စိတ်ချမ်းသာမှုမပေး၊ လေးငါး ရက်အကြာတွင် စိတ်ညစ်စရာသည် ကြံကြံဖန်ဖန် ကြုံလာရပြန်တော့၏။
"ကဲ အတာရေ၊ သွား ရေမိုးချိုးပြီး အဝတ်အစားလဲကဲ့၊ မေမေက ရွှေမော်ဓောဘုရား သွားဖူးရင် မင့်ကိုပါ ခေါ်သွားချင်လို့တဲ့၊ ဒေါ်ဒေါ်သန်းဝယ်ပေးတဲ့ ပိုးလုံချည်ကလေးဝတ်ခဲ့နော်၊ ကဲ သွား တော်ကြာ မော် တော်ကား လာလိမ့်မယ်" တစ်နေ့သော နံနက် ခုနစ်နာရီလောက်တွင် အတာ့ ကိုခေါ်၍ ဒေါ်ဒေါ်သန်းက ဤလိုပြောလိုက်သည်နှင့် အတာတွင် ခေါင်းကိုက်မတတ် စိတ်ရှုပ် သွားတော့ ၏။ သူ့ဘွားဘွား (ဒေါ်ဒေါ်သန်း၏မေမေ)ကလည်း ကျိုက်ထီးရိုး၊ ရွှေစက်တော် စသော ရောက်နိုင်ခဲသည့် ဘုရားများကို အဖူးအမြော်သွားတိုင် အတာ အား ခေါ်သွားလေ့ ရှိ၏။
"သန်းသန်း အတာကို ငါ ဘုရားဖူးခေါ်သွားချင်တယ်ကွယ်၊ သူတို့အနေနဲ့ဆိုရင် တော်တော်နဲ့ ဖူးခွင့်ရမှာ မဟုတ်ဘူးကွဲ့"
ရန်ကုန်တစ်ဖက်ကမ်းဖြစ်သော သံလျက် ကျောက်တန်း စသည်တို့ကို ဘုရားဖူးရာ၌ပင် အတာ အား ခေါ်သွားလေ့ရှိသည့်အတိုင်း ယခုလည်း ပဲခူးရွှေမော်ဓောဘုရားသို့ ခေါ်ပြန်လေပြီ။ အတာတွင် သူ့ဒေါ် ဒေါ်သန်း ဝယ်ပေးခဲ့သော ပိုးလုံချည်ကလေးကား ယခုအချိန်ဆိုလျှင် အပေါင်ဆုံး ပစ္စည်းအဖြစ် ရောင်းချ ပြီးလောက်ပြီဖြစ်လျက် ဝယ်သွားသူ လက်ထဲ၌ပင် စုတ်ပြဲဟောင်းနွမ်းနေပြီလော မပြော တတ်တော့ပေ။
ချည်လုံချည်ကလေးနှင့်ပင် အတာ ရောက်လာ၏။
"သြော် ငါ့မြေးနှယ်၊ ပိုးလုံချည် ဝတ်ခဲ့ပါ ဆိုမှပဲ"ဟု အတာ့ ဘွားဘွားက ကရုဏာသံဖြင့် ညည်းလိုက်သ ကဲ့သို့
"အတာ မမသန်းဝယ်ပေးတဲ့ ပိုးလုံချည်ကော၊ အဲဒါ ဝတ်ခဲ့မှပေါ့ ဟဲ့"
ဟု သူ့မမရင်ကလည်း ရွှင်ရွှင်ကြည်ကြည်ပင် အပြစ်ဆိုနေပြန်၏။
"ဒီကောင်က အင်မတန် နှမြောတတ်တာကွဲ့၊ သူ့ပိုးလုံချည်ဟောင်းသွားမှာ စိုးလို့ ထင်ပါရဲ့၊ ဟုတ်လား အတာ" "ဟုတ်ကဲ့"ဟု ဖြေလိုက်လျှင် ဤကိစ္စသည် ဤမျှနှင့်ပင် ပြီးသွားလေမည်လားဟု အတာ စဉ်းစား၏။ သို့ သော် သူ့ကျေးဇူးရှင်များကို သူ မလိမ်ချင်။ "ကျေးဇူးရှင်ကို မပြစ်မှားကောင်းဘူး"ဟူသော စကားနှင့်ပတ် သက်၍ လိမ်ပြောခြင်းသည်လည်း ပြစ်မှားရာရောက်သည်ဟု အတာ ယူဆ၏။ သို့နှင့် အမှန် ကိုပင် ဖွင့် ပြောလိုက်ရရှာသည်တွင်
"မသိန်းမေက တယ်မိုက်သကိုးကွယ်၊ ကလေးပစ္စည်းကိုမှယူပြီး၊ ကဲ ငိုမနေနဲ့တော့ အတာရယ်"ဟု သူ့ ဘွားဘွား သည် အတာကိုပင် ပြန်လည်ချော့မော့နေမိရာမှ "ကိုင်း သန်းသန်းရေ လုပ်ပါဦးကွယ်၊ အတာ့ဖို့ ပိုးလုံချည်လေး တစ်ထည်လောက်" "သွားတောင် ချုပ်နေပါပြီ မေမေ"
ဘွားဘွားမှ စကားမဆုံးသေးမီပင် သူ့ဒေါ်ဒေါ်သန်းက ဤလိုပြောလိုက်၏။ စေတနာချင်းက ကိုက်ညီ လှ ချေ၏။ အတာ့အပေါ် ကြင်နာရာတွင်လည်း မည်သူနှင့်မျှမတူ။ ဤလို ကျေးဇူးရှင်မျိုးကို အတာသည် အဘယ်မှာ ရှာ၍ တွေ့နိုင်တော့အံ့နည်း။
ယခု အတာ တက်ခဲ့ရသော စတုတ္ထတန်းမှာ သူ့ကိုချစ်သည့် တီချာလတ်ကိုင်သော အတန်းဖြစ်၏။ အတာ့စိတ်သဘောထားနှင့် ပညာအရည်အချင်းကို သိပြီးဖြစ်သည့်အတိုင်းလည်း တီချာလတ်သည် မိန်းကလေးများ အပ်ချုပ်သင်ရသည့်အချိန်များတွင်သာ မဟုတ်၊ နံနက်တိုင်းလိုလို ဂဏန်းသင်္ချာကို တ အတာ ကပင် ကျောက်သင်ပုန်းကြီး၌ ရေးပေးရလျက် အတာကိုယ်၌ကမူ ရေးစရာ တွက်စရာမလို။ အချိန်မရွေး ရေးလိုက် တွက်လိုက်တိုင်း ချက်ခနဲမှန်နေသည်သာများ၏။ သို့သော အတာကမနေ။ အတန်းသား အားလုံးအဖို့ ရေးပေးပြီးလျှင်လည်း သူပါထိုင်၍ တွက်လေ့ရှိ၏။
"အတာ မင်း ဘာဖြစ်လို့ တွက်နေသလဲ၊ သူတို့ကို ကြည့်နေပါဆိုတာ"
"ဟုတ်ကဲ့ ကြည့်လဲ ကြည့်ပါတယ်၊ ဒါပေမဲ့ ဒီအတိုင်းထိုင်နေရတာ ပျင်းလို့ပါ တီချာ"
တီချာလတ် မှာ လက်ထောက်ကျောင်းအုပ်ဖြစ်သည့်အတိုင်း ဆရာမကြီး၏ရုံးကိစ္စများကို ရံဖန်ရံခါ ဝိုင်း ကူရ၏။ ဤတွင် အတာလို လူတော်ကလေးတစ်ယောက်ကို ရထားသဖြင့် တီချာလတ်တွင် နံနက်ပိုင်း ဖြစ်သည့် ဂဏန်းသင်္ချာအချိန်တိုင်းလိုလို အတာနှင့်သာ လွှဲထားပြီး ဆရာမကြီး အား အေးအေးလူလူ ကူ ညီခွင့် ရနေတော့၏။
..................................................................................................................................
ဤ ဒေါ်ဒေါ်သန်းတို့လမ်းထဲသို့ ရောက်စက အတာနှင့် မနှစ်က အတာသည် လုံးဝမတူ။ မနှစ်က အတာနှင့် ယခုနှစ် အတာသည်လည်း လုံးလုံးခြားနား၏။ တစ်နှစ်ဆိုလျှင် တစ်နှစ် သိသိသာသာ အတာ တိုးတက်လာ၏။ အသိဉာဏ်ပိုလာ၏။ လူရည်လည်း ပို၍လည်လာ၏။
ယခင်က ဆိုလျှင် မင်္ဂလာဆောင်၊ ရှင်ပြု စသော မည်သည့်လှူမှုတန်းမှုကို လုပ်ကြသည်ဖြစ်စေ ထုံးစံအ တိုင်း မိမိတို့ ဆိုင်ရာ ဆွေမျိုးတစ်ခု အကူအညီဖြင့် ကိစ္စပြီးကြရလျက် အချို့သော အလှူရှင်များတွင် လည်း ဝိုင်းဝန်းလုပ်ကိုင်ပေးမည့် ဆွေမျိုးမိတ်သင်္ဂဟ ရှားပါးသည်နှင့်အညီ ကသီလင်တ မနိုင်မနင်းနှင့် ပင် လှူဖွယ်ကိစ္စကို စိတ်မောလူမော အဆုံးသတ်လိုက်ကြရ၏။
ဆက်ရန်
.

No comments:
Post a Comment