"ဟေ့ ဒီမှာကြည့်စမ်း၊ တစ်ပြားနဲ့ နံပါတ်ဝမ်းပေါက်ရင် တစ်မတ်တန် သကြားလုံးပုလင်းကြီး ရမယ်၊ နံပါတ်တူး ဆိုရင် ငါးပြားတန် ချောကလက်ရမယ်၊ နံပါတ်သရီး ဆိုရင် တော်ဖီနှစ်ပြားဖိုးတန်ရမယ် ဟုတ် လား၊ သွား အိမ်ပြန် ပိုက်ဆံတောင်းခဲ့"
မောင်မောင်နှင့် ဘဆွေ တို့က မြန်မာလိုတစ်မျိုး၊ ကုလားလိုဖြင့် တစ်ဖုံ သို့လျှင် ဝါဒဖြန့် လိုက်သော ကြောင့် မကြာမီပင် အတာ့ ချိုချဉ်ထီဆိုင် ကလေးမှာ ကလေးများဖြင့် မြိုင်နေတော့ ၏။ ကို ဆက်ဖတ်ရန်.....
တစ်၊ နှစ်၊ သုံး စသော ဂဏန်းကွက်များတွင် ဆိုခဲ့သည့်အတိုင်း ကလေးများ မက်လောက်အောင် အဖိုး တန် စကားစရာကလေး များ ချထားပြီး နံပါတ်ခုနစ်မှ ဆယ့်နှစ်အထိတွင်မူကား လမ်းထဲ၌ လည်ရောင်း သော သံကြာလုံး ချိုချဉ် ကုလားများထံတွင် တစ်ပြားဖိုးဝယ်၍ ရသလောက်ထက် မနည်း လိမ္မော်မွှာ သကြားလုံး မျိုးစံကို တစ်ပြားဖိုးထက် မလျော့အောင် အစီအရီ ချထား၏။
ထို့ကြောင့် လည်း တစ်လမ်းလုံးရှိ ကလေးများသည် ပလာမရှိ အနည်းဆုံး တစ်ပြားတန်ကိုကား စားရဦး မည်ဖြစ်ပြီး ကံကောင်း ပါက တစ်မတ်တန်၊ ငါးပြားတန် စသဖြင့် ရနိုင်သေးသောမျှော်လင့်ချက်ကြောင့် အတာ့ဆိုင် တွင် တဝုန်းဝုန်းဖြစ်နေတော့၏။
အတာကလေး ဤလမ်းထဲသို့ရောက်ခဲ့သည်မှာ လေးငါးလခန့်ရှိပြီဖြစ်သည့်အတိုင်း ကလေးများအပေါ် တွင် စိတ်ဝင်စား တတ်သော အရပ်ထဲမှ လူကြီးများသည်လည်းကောင်း၊ အတာ့ သူငယ်ချင်းအပေါင်းတို့ ၏ မိဘများသည်လည်းကောင်း အတာကလေး၏အပြောအဆိုလိမ္မာပုံ၊ အပြုအမူကလေးများ နှစ်လိုဖွယ် ရှိပုံ တို့ကို အတော်အန် ခေါက်မိသိရှိနေကြပြီဖြစ်၏။ ဂရုတစိုက် အကဲခတ်မိသူများက အတာ့စိတ်ထား ကို ပို၍ သိကြပြီး အမှတ်တမဲ့ မြင်မိသူတို့ကလည်း အထိုက်အလျောက် အတာ့ သိမ်မွေ့မှုကလေးများ ကို အနည်းအကျဉ်း သဘောပေါက်နေကြဖြစ်ရာ
ယခုကဲ့သို့ အတာနှင့် ကလေးထု တစုစုတရုံးရုံးဖြစ်နေကြသည်ကို မြင်သည်နှင့် အတာ့အပြုအမူကို ချစ် သော လူကြီးလူရွယ်အချို့ကလည်း အတာ့ပတ်ဝန်းကျင်၌ အဘယ်ကြောင့် တရုံးရုံးဖြစ်နေသည်ကို သိလိုဟန်ဖြင့် စိတ်ဝင်တစား ရောက်လာကြတော့၏။
“ထိုးကြနော် တစ်ခါထိုး တစ်ပြားရယ်၊ ကံကောင်းရင် တစ်မတ်တန် သကြားလုံးပုလင်းကြီးရမယ်၊ ငါး ပြားတန် ချော့ကလက်လဲ ရနိုင်တယ်”ဟူ၍လည်းကောင်း၊
“ရပ်ကြည့် လို့ အမြတ်မရှိဘူးဗျာနော်၊ ကိုယ်ထိုးမှ ကိုယ်ရမယ်၊ ပိုက်ဆံတစ်ပြားနဲ့ တစ်မတ်တန် အလ ကားရမယ်၊ ပလာမရှိဘူး၊ အနည်းဆုံးတစ်ပြားတန် ချိုချဉ် ရနိုင်တယ်ဗျ” ဟူ၍ တစ်မျိုး
အတာသည် တိုးတိုးတစ်ခါ ကျယ်ကျယ်တစ်လှည့်ဖြင့် ဝိုင်းအုံရပ်နေကြသော လူရွယ်ကာလသားနှင့် လူကြီး များကိုကြည့်ရင်း သို့လျှင် ရေရွတ်နေသောကြောင့် အားလုံးပင် အတာ၏စီးပွားရေးစိတ်ဓာတ်ကို အမြတ်တနိုး သဘောကျနေတော့၏။ အချင်းချင်းလည်း လက်တို့ကာ အတာအား ချီးကျူးနေမိရာမှ သူတစ်ပြား ငါတစ်ပြားဖြင့် အတာ့မဲလိပ်များကို တစ်လှည့်စီ ဝင်နှိုက်ကြတော့၏။
ထိုထို ကာလသားနှင့် လူကြီးများက သို့လျှင်ဝင်၍ မဲနှိုက်ကြသည်မှာ ကလေးများနည်းတူ တစ်မတ် တန်၊ ငါးပြားတန် စသည်တို့ကို မက်၍မဟုတ်။ အတာကလေးအား ချစ်သော သနားသောကြောင့်သာ ဖြစ်၏။ ထိုအထဲ တွင် အတာကလေးအား အမြဲဂရုတစိုက်ကြည့်၍ အတာ့အပြုအမူကို နှစ်ထောင်းအားရ သဘောကျနေ ခဲ့သော ပိုးထည်ဆိုင်တစ်ဆိုင်မှ မန်နေဂျာသည် အခြားသော လူကြီးလူရွယ်များကဲ့သို့ တစ်ပြားဖိုး မျှသာ မဟုတ်။
“ကဲ အတာ၊ ဦးလေး နောက်တစ်ပြားဖိုး နှိုက်ဦးမယ်” ဟု ပြောပြောဆိုဆို ပဲစေ့ကလေးတစ်စေ့ပစ်ပေး ရင်း နှိုက် လိုက်၏။
“နံပါတ်ကိုး”ဟု မန်နေဂျာက ပြောလိုက်သည်နှင့်
“ဆားငံသီးတစ်ထုပ်”ဟု အတာက ပြန်လည်အော်ရင်း နံပါတ်ကိုးမှ ဆားငံသီးထုပ် ကလေးကို ကောက် ပေးလိုက်၏။ မန်နေဂျာလည်း အတာလှမ်းပေးသော ဆားငံသီးထုပ်ကို နီးစပ်ရာ ကလေးတစ်ယောက် အား ပစ်ပေးလိုက်ပြီး
“ကဲ ပိုက်ဆံမအမ်းနဲ့ဦးကွာ၊ ငါ နှိုက်ဦးမယ်” ဟု ပြောရင်း အတာ့ မဲအိတ်ကလေးတွင် လက်လျှိုကာ အတန်ကြာမွှေနှောက်နေပြီးမှ မဲလိပ်တစ်ခု ဆွဲထုတ်လိုက်၏။
“ဥုံဖွ၊ နံပါတ်တစ်”ဟု ရေရွတ်ရင်း မဲလိပ်ကို ဖြေလိုက်ပြီး
“ဟာကွာ၊ နံပါတ် ဆယ့်တစ်တဲ့”
“ဒါဖြင့် ဦးလေး တော်ဖီတစ်ခု ပဲ ရမယ်၊ ရော့ ခင်ဗျ”ဟု အတာက ကောက်ယူလှမ်းပေးလိုက်သည်ကို မန် နေဂျာ လည်း စောစောကနည်းတူပင် အခြားသော ကလေးတစ်ယောက်ကို ပေးလိုက်၏။
“ကဲ အတာရေ၊ ဦးလေး ဒီတစ်ခါတော့ ကျန်တဲ့ နှစ်ပြားဖိုးစလုံး နှိုက်မယ်နော်၊ မဲလိပ် နှစ်ခု” ဟု ပြော ကာ ဤတစ်ကြိမ် တွင်မူ ကြာကြာစမ်းမနေတော့ဘဲ နှစ်ခုသော မဲလိပ်ကို ချက်ချင်းပင် ဆွဲထုတ် လိုက်ပြီး နောက် ရယ်စရာလုပ်သလို အမူအရာဖြင့် မဲလိပ်တစ်ခုကို ဖြည်းဖြည်းချင်း ဖြေလိုက်ပြီးမှ
“ဟာကွာ နံပါတ်ဆယ့်တစ်ပဲ ပြန်ရတယ်” ဟု ပြောလိုက်သဖြင့် အတာ လည်း တော်ဖီ တစ်ခု ကောက် ပေးလိုက်၏။ နောက်မဲလိပ်တစ်ခုမှာမူ နံပါတ်ခုနစ်ဖြစ်၍ ပက်ပါမစ် သကြားလုံး နှစ်လုံး သာရ၏။ ဤတွင် မန်နေဂျာ ဦးလေးလည်း သူ့ဟာသူ အလွန်သဘောကျနေသည့် အလား တဟားဟား ရယ်နေပြီးမှ “ဟေ့ကောင်လေး အတာရ၊ မင့်မဲလိပ်ထဲမှာ နံပါတ်တစ်မှ ပါရဲ့လားကွ ဟင်”ဟု မန်နေဂျာဦးလေး က မေးလိုက်သည် ကို “ပါတယ်လေ၊ ကျွန်တော်တို့ကိုတောင် သူ အခုန ပြသေးတယ် ဦးလေးချစ်ရဲ့” ဟု တရုတ်ကလေး တစ် ယောက်က ဝင်၍ ထောက်ခံလိုက်၏။
“ကဲ တကယ်ပါရင် ဦးလေးချစ်ကို ပြစမ်း”ဟု ဦးလေးချစ်က အတာ့အား ပြောလိုက်သည်နှင့် အတာ လည်း ချက်ချင်း ဆိုသလိုပင် သူ့မဲအိတ် ကို ဟ၍ နံပါတ်တစ် ရှာသလို လက်နှင့်မွှေနေပြီးမှ မဲလိပ်တစ်ခု ထုတ်ယူဖြေပြ လိုက်ရင်း
“ဒီမှာကြည့်လေ ဦးလေးချစ်၊ ဒါ နံပါတ်တစ် မဟုတ်ဘူးလား၊ ကဲ”ဟု အတာက ကျော့ကျော့မော့မော့ ကလေး ပြောလိုက်သောကြောင့် ဦးလေးချစ်လည်း ထိုမဲလိပ်နံပါတ်တစ်ကို အသေအချာ ယူကြည့် လိုက်ပြီးမှ “သြ အေး အေး၊ နံပါတ်တစ်လဲ ပါသားပဲ” “ဒါဖြင့် ဦးလေးချစ် ယုံပြီ မဟုတ်လား”
“အေးပါဗျာ၊ ယုံပါပြီ၊ ဦးလေးက ကံမကောင်းလို့ မပေါက်တာကိုး” ဟု ပြောရင်း ရယ်ကာမောကာနှင့် လှည့်ထွက် သွားတော့၏။
သို့ ဦးလေးချစ်လာ၍ မနှိုက်မီကပင် အချို့သော အတာ့သူငယ်ချင်းများနှင့်အတူ အခြားသော ကလေး များကလည်း နံပါတ်တစ် ပါ မပါ ပြခိုင်းကြသေးသည်နှင့် အတာလည်း စောစောကအတိုင်းပင် အားလုံး ကျေနပ်အောင် စိတ်ရှည်လက်ရှည် ထုတ်၍ ဖြေ၍ နံပါတ်တစ်ကို ပြခဲ့ရသေး၏။
ဤလိုဖြင့် တစ်နာရီလောက်အတွင်းမှာပင် တစ်ကျပ်နီးပါးဖိုးမျှ ရောင်းနေရပြီဖြစ်၏။ မဲနှိုက်သူများလည်း မပြတ်သေး၊ စောလည်း စောသေးသည်ဖြစ်သောကြောင့် အချိန်ကုန်သည်အထိသာ ထိုင်မည် ဆိုက နောက်ထပ် တစ်ကျပ်ဖိုးလောက် ရောင်းရဦးမည် အတာ ခန့်မှန်း၏။
တပျော်တပါး မဲနှိုက်စားသောက်နေကြသော ကလေးများမှာ အားလုံးလိုလိုပင် လူချမ်းသာ သားသမီး များဖြစ်သည့် အလျောက် တစ်ယောက်လျှင် နှစ်ပြားဖိုးအနည်းဆုံးနှိုက်ကြ၏။ အချို့လည်း မူးစေ့ကလေး တစ်စေ့ လှမ်းမေးကာ ရှစ်ကြိမ်ရှစ်ခါ ပြည့်သည်အထိ နှိုက်ကြ၏။ ဤလို တစ်မူးဖိုးကုန်အောင်နှိုက်သော ကလေး ကိုမူ အတာသည် အဆစ်သဘောမျိုးဖြင့် အခမဲ့တစ်ကြိမ်နှိုက်ခွင့်ပေးလိုက်၏။
ရှစ်ကြိမ် တိတိ တစ်ပြားတန်ထက်မပိုသော စားစရာသာရသည့် ထိုကလေးလည်း အတာက အခမဲ့ အဆစ် အဖြစ် တစ်ကြိမ်နှိုက်ခွင့်ပြုလိုက်မှ နှစ်ပြားဖိုးမျှသော တော်ဖီများချထားသည့် နံပါတ်သုံးပေါက် သွားသောကြောင့် ထိုကလေးလည်း ဝမ်းသာအားရ ထခုန်လေတော့၏။
ဤလို ကလေးတစ်ယောက် နှစ်ပြားတန် ပေါက်သွားသည်နှင့် အခြားသော ကလေးများပါ လှုပ်ရှားအား ကျလာသော အသီးသီးအိမ်ပြန်ပြေး၍ မိဘများထံ တငိုငို တရယ်ရယ်ဖြင့် ပိုက်ဆံတောင်းကြပြန်၏။ သို့ နှင့် နာရီဝက် ခန့်ကြာသော် ဦးလေးချစ် ရောက်လာပြန်လျက်
“ကဲ အတာ၊ ဦးလေးလဲ တစ်ပြားဖိုးလောက် နှိုက်ဦးမယ်”ဟု ပြောပြောဆိုဆို ဦးလေးချစ်က ပိုက်ဆံ တစ် ပြား ပစ်ပေးလိုက်သဖြင့် အတာလည်း မဲအိတ်ကလေးကို ဦးလေးချစ်ဆီသို့ ထိုးပေးလိုက်၏။
ဦးလေးချစ်လဲ အတာ ထိုးပေးလိုက်သော မဲအိတ်တွင် လက်နှိုက်၍ အတန်ကြာ စမ်းနေပြီးမှ မဲတစ်လိပ် ကို ထုတ်ဆွဲ ကာ ဖြည်းဖြည်းချင်း ဖြေနေ၏။ အနီးရှိ ကလေးများလည်း ဦးလေးချစ်၏အမူအရာကို ရင် တထိတ်ထိတ်နှင့် ကြည့်နေကြသည့်အခိုက် “ဟော ပေါက်ပြီကွ၊ နံပါတ်တစ်”
ဦးလေးချစ်လည်း သို့အော်လိုက်ရာမှ မဲလိပ်ကလေးကို အတာအား ဖြန့်ပြပြီးမှ အတာ့လက်ထဲသို့ ထည့် လိုက်ကာ တစ်မတ်တန် သကြားလုံးပုလင်းကို ကောက်ယူ ထွက်ခွာသွားတော့၏။
ရုတ်တရက်ဖြစ်၍ အနီးရှိကလေးများ ငေးနေမိသကဲ့သို့ပင် အတာလည်း အကြောင်သား ငိုင်၍ ကျန် ရစ်ခဲ့၏။
“ဟာကွာ၊ ဦးလေးချစ်ကြီး ပွသွားတာပဲ နော်”
“အေးကွ၊ သကြားလုံးပုလင်းကြီးကို ပေါက်သွားတာပဲ”
သို့လျှင် တစ်ယောက်တစ်မျိုး ရေရွတ်လိုက်သံကြားမှ အတာလည်း ကယောင်ကတမ်းထကာ
“မောင်မောင်ရေ ခဏကြည့်ထားလိုက် နော်”ဟု ပြောပြောဆိုဆို ဦးလေးချစ်ရှိရာ ပိုးထည်တိုက်ထဲသို့ အပြေးကလေးလိုက်ဝင်သွား၏။ ဦးလေးချစ်လည်း ဆိုင်တွင်းရှိ အရောင်းစာရေးများအား သကြားလုံး ပုလင်းကိုပြရင်း ရယ်ကာမောကာနှင့် တစ်စုံတစ်ရာပြောနေရာမှ အတာ ဝင်လာသည် ကို မြင်လိုက် လျှင် မြင်လိုက်ခြင်း “ဘာလဲဟေ့ အတာ၊ ပိုက်ဆံအကြွေအမ်းချင်လို့လား၊ လာ လာ”
ဦးလေးချစ်က မျက်နှာထား တည်တည်နှင့်ပင် လှမ်းမေးလိုက်သည့်တိုင်အောာင် အတာသည် တစ်စုံ တစ်ရာ ဘာမျှပြန်မဖြေသေးဘဲ ဦးလေးချစ်ရှေ့တွင်ရပ်ကာ အရည်လည်နေသော မျက်လုံးကလေးများ ဖြင့် ဦးလေးချစ်ကိုင်ထားသော သူ့သကြားလုံးပုလင်းကို လှမ်းကြည့်လိုက်၊ ဦးလေးချစ်ဆီ လှည့်လိုက် ဖြင့် နှုတ်ခမ်းကလး တရွရွလှုပ်နေသောကြောင့်
“ပေးလေကွာ ဘယ်လောက်ဖိုး အမ်းချင်လို့လဲ”ဟု ဦးလေးချစ်က ထပ်၍ ပြောမေး မေးလိုက်မှပင်
“ကျွန်တော် ပိုက်ဆံအမ်းမလို့ မဟုတ်ပါဘူး၊ ဟို”
အဘယ့်ကြောင့်ဟူ၍မသိ၊ အတာ့အသံသည် တုန်တုန်ကလေး ထွက်လာရာမှ စကားစသည် ဤတွင် ပင် တန့်သွားပြီး သကြားလုံးပုလင်းဆီ မျက်လုံးရောက်သွားပြန်သောကြောင့်
“သြ သြ၊ ဦးလေး ထီပေါက်တဲ့ သကြားလုံးပုလင်းကို မင်း ပြန်ဝယ်ချင်လို့လား၊ ရောင်းမယ်လေ၊ မင်း ဘယ်လောက်ပေးမလဲ၊ ကဲပါကွာ၊ မင်းက ဒါ တစ်မတ်တန်လို့ ပြောတယ်မဟုတ်လား၊ ကိစ္စမရှိဘူး၊ သုံး ပဲပဲ ပေးတော့၊ လျှော့ဈေးနဲ့ပဲ ရောင်းမယ်၊ နော်”
အတာတွင် ရုတ်တရက် ဘာမျှမပြောနိုင်သေးဘဲ မျက်ရည်သာလျှင် တဝေဝေဝဲနေ၏။ နှုတ်ခမ်းကလေး များသည်လည်း တဆတ်ဆတ် လှုပ်နေ၏။ တိုက်ထဲရှိ အခြားသော စာရေးများမှာမူ အတာအား ရယ်စရာကောင်းသော သတ္တဝါလေးသဖွယ် ပြုံး ကာရယ်ကာဖြင့် သဘောကျသလို ကြည့်နေကြ၏။
“ဘာလဲကွ၊ သုံးပဲ များလို့လား၊ ကဲပါကွာ ဒါဖြင့် တစ်မူးပဲ ပေးတော့ ဟုတ်လား”
“အမယ် ဦလေးချစ် တကယ်ပေါက်တာမှ မဟုတ်ဘဲ၊ ဦးလေး ကလိန်ကျတာ”
အတာလည်း လည်ချောင်းရှင်းသလိုဖြင့် နင်နေသော တံတွေးကို မျိုချရင်း သို့လျှင် ငိုသံပါကလေးနှင့် ပြောလိုက်သောကြောင့် တစ်ဆိုင်လုံး ဝါးခနဲ ဆူသွားတော့၏။ ဦးလေးချစ်တွင်လည်း မနေနိုင်၊ တစ် ကိုယ်လုံး ယိုင်သွားသည်အထိ ရယ်လိုက်မိပြီးမှ “ဘာပြောတယ်ကွ အတာ၊ ဦးလေး ကလိန်ကျတာ ဟုတ်လား” “အင်းပေါ့၊ ဦးလေးမှ နံပါတ်တစ် မပေါက်ဘဲ ဦးလေး လိမ်တာ”
ဤတွင်လည်း တစ်ဖန် တစ်ဆိုင်လုံး ရယ်သံဖြင့် ညံသွားတော့၏။
“ဟောဗျ၊ မင့်ရှေ့တင်ပဲ ငါနှိုက်ပြီး နံပါတ်တစ် မဲလိပ်ကို မင့်လက်ထဲ ပေးခဲ့တယ် မဟုတ်လားကွ”
“ဟုတ်တယ်လေ၊ ဒါပေမဲ့ ကျွန်တော့်မဲလိပ်အိတ်ထဲမှာ နံပါတ်တစ်မှ ထည့်မထားတာ”
အတာ ဤသို့ပြောလိုက်သည်နှင့် ခွက်ထိုးခွက်လန် ရယ်လိုက်ကြသော အသံများသည် စောစောက ထက်ပင် ပို၍ ဆူညံသွားလေတော့။ အတန်ကြာသည်တိုင်အောင် တဝါးဝါး တဟားဟား ဖြစ်နေကြပြီးမှ
“နေပါဦးကွ အတာရ၊ ခုန နံပါတ်တစ်ပါရဲ့လားလို့ ငါက မေးတော့ပါ ပါတယ် ဦးလေးချစ်ရဲ့ဆိုပြီး နံပါတ် တစ် မဲလိပ်ကိုတောင် မင်းထုတ်ပြသေးတယ် မဟုတ်လား”
“ဟုတ်တယ်လေ ဦးလေးချစ် မယုံမှာစိုးလို့ ထုတ်ပြတာပေါ့”
အတာက မျက်ရည်ကလေး တစမ်းစမ်းနှင့် မဲ့မဲ့ရွဲ့ရွဲ့ ဖြေလိုက်သောကြောင့်
“အေးလေကွာ၊ ဒါကြောင့် အဲဒီနံပါတစ် ငါ ပေါက်တာပေါ့”
“မဟုတ်ဘူး၊ မဟုတ်ဘူး၊ အဲဒီ နံပါတ်တစ်က ကျွန်တော့်လက်ထဲမှာ ဖွက်ထားပါတယ်ဆိုမှပဲ ဒီမှာကြည့် ပါလား၊ ဒါက ကျွန်တော့ နံပါတ်တစ်အစစ်၊ ဒီ မဲလိပ်က ဦးလေးဟာ ဦးလေးရေးယူလာတာ၊ ကဲ ဦးလေး ကလိန်ကျတာ မဟုတ်လား”
စာရေးများတွင်လည်း ယခုတိုင် တဝါးဝါး ဖြစ်နေသေး၏။
“ဒါဖြင့် မင်း နံပါတ်တစ်ကို တကယ် ထည့်မထားဘူးပေါ့၊ ဟုတ်လား”
“ဟင့်အင်း၊ ထည့်ချင်ယောင်ဆောင်ပြီး လက်ထဲမှာ ပြန်ဖွက်ထားတာ ဦးလေးရ၊ ကဲ ကြည့်”
အတာလည်း ကိုင်ထားသော မဲလိပ်ကလေးတစ်လိပ်ကို အိတ်ထဲထည့်ဟန်ပြုပြီးမှ လက်မနှင့်ညှပ်၍ အိတ်အဖျားတွင်စုကိုင်လျက် သူ့ဝှက်နည်းကိုပါ ပြလိုက်ပြီးမှ
“ဒီလို ဦးလေးရဲ့၊ ဒါကြောင့် ဦးလေးပေါက်တာ မဟုတ်ဘူးပြောတာပေါ့၊ ရော့ ဦးလေးရေးလာတဲ့ မဲလိပ် အတုကြီး”ဟု ပြောပြောဆိုဆို လှမ်းပေးလိုက်ရင်း
“ဒါက ကျွန်တော့်မဲလိပ် နံပါတ်တစ် အစစ်”ဟု သူ့မဲလိပ်ကို လက်ဝါးပေါ် ဖြန့်တင်ပြနေသောကြောင့် အားလုံးပင် တပြုံးပြုံးရှိနေကြကာ
“ကဲ ဦးလေး မေးပါရစေဦး၊ နံပါတ်တစ်ကို မင်း ဘာဖြစ်လို့ မထည့်ဘဲ ဖွက်ထားရတာလဲ”
“ဟာ တကယ်ထည့်ထားလို့ ခဏခဏပေါက်နေရင် ကျွန်တော် ရှုံးမှာပေါ့ ဦးလေးရ”
ဝါးခနဲ ပွဲဆူသွားပြန်၏။
“ဒါပေမဲ့ နှစ်ရယ်၊ သုံးရယ်၊ လေးရယ် အဲဒီ မဲလိပ်တွေတော့ တစ်ခုစီထည့်ထားပါတယ် ဘုရားစူး”
“နို့ ဒိပြင် နံပါတ်တွေကော တစ်ခုစီပဲ ထည့်သလား”
“ဟာ ဦးလေးကလဲ ဒိပြင်နံပါတ်တွေကတော့ တစ်မျိုးကို နှစ်ဆယ်စီလောက် ထည့်ရတယ်၊ ဒါမှ နှစ်တို့ သုံးတို့ အပေါက်နည်းမှာပေါ့”
ဤတွင်လည်း တပြုံးပြုံးဖြစ်နေကြပြန်၏။
“ဒါဖြင့် မင်း ကလိန်ကျတာပေါ့”
“ဟင် ဘယ်ဟုတ်ရမှာလဲ၊ ဒါ ဒီလိုပဲလုပ်ရတယ် ဦးလေးရဲ့၊ ထုံးစံ”
ဝါးခနဲ ရယ်လိုက်ကြသောအသံသည် တစ်ဆိုင်လုံး ပဲ့တင်ထပ်သွားတော့၏။
“ဒါ ထုံးစံ ဟုတ်လားကွ၊ ကဲ ထုံးစံပဲ ထားပါတော့ကွယ်၊ ခု မင်း ဘာလာလုပ်တာလဲ”
ရယ်ရယ်မောမော ပြောနေရာမှ ရုတ်တရက် မျက်နှာကိုတည်လိုက်ရင်း သို့လျှင် ဦးလေးချစ် က မေးလိုက်သောကြောင့် အတာတွင်လည်း မျက်နှာကလေးငယ်သွားကာ သကြားလုံးပုလင်းဆီသို့ မျက် လုံးကစားလိုက်ရင်း “အဲဒီပုလင်း ပြန်ပေးပါဦးလေးရယ် နော်” သို့ပြောလိုက်ရာမှပင် အလွန့် အလွန် နှမြောသွားသလို မျက်ရည်ကလေး ယိုလာ၏။ “ဘယ်ပေးနိုင်မလဲ၊ ငါ ထီပေါက်တာပဲ ဥစ္စာ”
“ဟုတ်ပါဘူးဗျာ၊ ဦးလေး ကလိန်ကျတာပေါ့”
“အေး ဒါဖြင့် မင်းနံပါတ်တစ် ထည့်မထားဘဲ ကလိန်ကျတာကိုလဲ ကလေးတွေလျှောက်ပြောလိုက် မယ်”ဟု ပြောပြောဆိုဆို ဦးလေးချစ်က ခြေလှမ်းပြင်လိုက်သည်နှင့် အတာလည်း အူယားဖားယား ရှေ့ မှ ဆီး၍တားကာ “မလုပ်ပါနဲ့ ဦးလေးရာ” ဟု ညှိုးညှိုးငယ်ငယ် အသနားခံလိုက်ပြီးမှ
“ကဲ ဒါဖြင့် ဦးလေးပြောတဲ့ တစ်မူး ပဲယူ၊ ကျွန်တော့်ကို ပုလင်းပြန်ပေးပါနော်”
သို့ပြောရင်းကပင် အတာလည်း စိတ်ကလေးမပါ့တပါးနှင့် မူးစေ့တစ်စေ့နှိုက်၍ ပေးနေသောကြောင့်
“အလကား ဦးလေးက ကစားတာပါကွာ၊ ရော့ ရော့ မင်း ပုလင်းပြန်ယူသွား”
ဦးလေးချစ်လည်း ရယ်ရယ်မောမော ပြောဆိုပြန်ပေးရင်း အတာ့ခေါင်းလေးကို ပွတ်လိုက်ပြီးမှ
“ဟေ့ အတာ၊ မင်း နောက်ကိုတော့ နံပါတ်တစ်မထည့်ဘဲ ထားဦးမှာလား”
“ထည့်ရင် ကျွန်တော် ရှုံးမှာပေါ့ ဦးလေးရ”
အတာလည်း သကြားလုံးပုလင်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ငုံ့ကြည့်နေရာမှ ဆတ်ခနဲ မော့၍ ပြော လိုက်သောကြောင့်
“ဒါဖြင့် မင်း ညာရောင်းတာပေါ့ကွ ဟုတ်လား”
“ဟင် ဘယ်မှာ ညာတာ ဟုတ်လို့လဲ၊ တစ်ပြားဖိုးနှိုက်ရင် တစ်ပြားတန်တော့ ရသွားသေးတယ်၊ ဒါ ညာ တာလား ကဲ”
“ဒါဖြင့် နံပါတ်တစ်မပါဘဲနဲ့ ဒီတစ်မတ်တန် သကြားလုံးပုလင်းကို ဘာဖြစ်လို့ ထည့်ထားသေးလဲကွ၊ ဒါ ညာတာပေါ့” “ဒါကတော့ သူတို့ မဲနှိုက်ချင်အောင်လို့ပေါ့ ဦးလေးရ”
“ဟာ မင်း သိပ်လည်တဲ့ ကောင်လေးပဲ၊ ငါ ထိပ်တောင်ခေါက်လိုက်ချင်ပြီ၊ ကဲ သွားတော့”
သို့သော် အတာ ရုတ်တရက် ထွက်မသွားသေး။ တစ်စုံတစ်ရာ တွေးသလို ငေးနေပြီးမှ
“ဒီမှာ ဦးလေးချစ်၊ သူတို့မေးရင်လေ ဒီသကြားလုံးပုလင်းကို သုံးပဲ နဲ့ ပြန်ရောင်းလိုက်တာ ပါလို့ ပြောပါ နော်”ဟု အတာက မျက်နှာထားလေး မချိုမချဉ်နှင့် ပြော လိုက်သောကြောင့်
“ကောင်းပါပြီ ခင်ဗျာ၊ ပြောပါ့မယ်၊ ကောင်းပါပြီ” ဦးလေးချစ် ကလည်း သို့ပြောရင်း အတာ့ထိပ်ကလေးကို အသာလှမ်း၍ ထုလိုက်မှ အတာလည်း ဇက် ကလေး ပုရင်း ဝမ်းသာအားရ ပြေးထွက်သွားလေတော့၏။
ဆက်ရန်
.

No comments:
Post a Comment