ဂျူးဒစ်က ဒေးဗစ်၏ခါးကို သိုင်းဖက်ထားသည်။ ပန်းခြံထတွင် ကပ္ပလီတွေ တပျော်တပါး သီချင်း ဆိုနေကြ ၏။ ဒေးဗစ်၏ နားနားကပ်ပြီး -
" မေမေ့ ချွေးမလေးက ဘယ်လောက် ချစ်စရာကောင်းသလဲ ကြည့်စမ်းသားတို့ ပျော်ကြမှာပါ "
" ဟုတ်ကဲ့၊ သား သိပါတယ်၊ ကျေးဇူးတင်ပါတယ် မေမေ "
ခန်းမဆောင်ကြီး၏ တံခါးဝသို့ သူတို့ ရောက်လာကြသည်။ ဖီးလစ်နှင့် ဂျူးဒစ်က ဆွဲဖွင့်ပေး လိုက်၏။ ဒေးဗစ်နှင့် အေမီလီ ခဏ တွေရပ်နေကြ၏။ ဘယ်လောက် ယဉ်ကျေးတဲ့ ကလေးတွေ ပါပဲ။ ဂျာဗာစီ သမိးကို မလိမ်မိုး မလိမ္မာကလေး ဟူ၍ ဘယ်သူ ပြောနိုင်ပါမည်လဲ။
ခန်းမဆောင် ထဲရောက်တော့ ဂျူးဒစ်က အားလုံးကို တစ်ချက် ပြန်ကြည့်လိုက်သည်။ အေမီလီက မျက်နှာ ကလေး ကို ဒေးဗစ်ဆီသို့ မော့ပေးလိုက်၏။ ထိုတဒင်္ဂတွင် ပျော်လွန်းသဖြင့် သူ့မျက်နှာ ကလေးနှင့် သူ့ကိုယ်နေဟန် မှာ အလှဆုံးဖြစ်နေသည်။ ဒေးဗစ်၏ လည်ပင်စကို သိုင်းဖက် လိုက်၏။ ဒေးဗစ်က သူ့ကိုယ်ကလေးကို ပွေ့ယူပြီး တံခါးပေါက်ကို ဖြတ်ကျော်လိုက်လေ သည်။ ကို ဆက်ဖတ်ရန်......
အခန်း (၁၉)
ကူလီခေါင်း က သည်နေ့ နေ့လယ်ပိုင်းတွင် အလုပ်မရှိတော့ကြောင်း ကြေညာလိုက်သည်။ မနက်ဖြန် မနက်စောစော တွင်မှ လှေပေါ်သို့ ၀ါဂွမ်းဘေထုပ်တွေ တင်ရန်ရှိကြောင်းနှင့် အလုပ်လုပ် ချင်သူတွေ စောစောလာခဲ့ကြဖို့ မှာလိုက်သည်။
ဂီဒီယန်းအပ္ပဂျွန်း သည် တွန်းလှည်းတစ်ခုပေါ်တွင် ထိုင်နားနေသည်။ စိတ်ဓာတ်အကျကြီး ကျနေ၏။ သည်နေ့ ၀ါဂွမ်းလှေကို အပြတ်တင်ပြီး မနက်ဖြန်တွင် သကားတင်ရလိမ့်မည်ဟု တွက် ထားခဲ့ခြင်း ကြောင့် ဖြစ်၏။ တင်လိုက်မည်ဆိုလျှင် လှေနှစ်စင်း တွက်ထားခဲ့ခြင်းကြောင့်ဖြစ်၏။ တင်လိုက် မည် ဆိုလျှင် လှေနှစ်စင်း ကောင်းကောင်းကြီး ပြီးနိုင်သေးသည်။ ကုန်မျိုးစုံလှေကြီးတွေကို ဂီဒီယန် ကျိန်ဆဲလိုက်၏။ သူတို့တစ်တွေ ဆိပ်ကမ်းအပြည့် ရောက်လာ၍ ကုန်တင်ကုန်ချ အလုပ်တွေ နှေးကွေး ကုန်ခြင်းဖြစ်၏။ အောက်ပြည် အောက်ရွာမှ ဆန်တက်လာ သည့် အထည် အ၀တ်နှင့် အလှကုန် ပစ္စည်းလှေတွေဖြစ်သည်။
အက်စသာ့အခြေအနေကို သွားကြည့်ဖို့ စိတ်ကူးလိုက်သည်။ သစ်သီးတွေ ရောင်းလို့ကုန်လျှင် ပန်းခြံဘက်သို့ လမ်းလျှောက်ချိန်ရမည်ဖြစ်သည်။ သနားစရာ အက်စသာကလေး။ ဖတ်ဖတ်မော အောင် အလုပ်လုပ်လို့ ရသမျှ ဖအေလုပ်သူက အရက်သောက်ပစ်လိုက်သည်။ ချည်ထုပ်ကြီးတွေ၊ စည်ကြီးတွေကို ဗဲလ်ကိုးဂိုဒေါင်ဆီသို့ သယ်ပို့နေသည့် ဆိပ်ကမ်းလုပ်သားတွေကို ကွေ့ရှောင်ပြီး ဂီဒီယန်က ကျွန်ဈေးဆီသို့ လျှောက်သွားသည်။
ကျွန်ဈေးတွင် ဂုဏ်သရေရှိ လူကြီးလူကောင်းတွေ၊ အမျိုးသမီးတွေ အများအပြား တွေ့ရ၏။ တစ်ဦး ကို တစ်ဦး ဒူးညွှတ်အရိုအသေပြုလိုက်၊ လက်ခုံကို နမ်းရှုပ်လိုက်ဖြင့်။ မျက်စိနောက်စရာကောင်းလှ သည်။
ဂီဒီယန် က ဘောင်းဘီအိတ် ထဲ လက်နှိုက်ပြီး သူတို့ကို ဖြတ်ကျော်သွားသည်။ ကုန်တင်ကုန်ချ လုပ် သားတွေနှင့် စည်ကားနေသည့် ဆိပ်ကမ်းတစ်နေရာအထိ ဆက်လျှောက်သွားသည်။
ငှက်ပျောသီး ခြင်းတောင်းကလေး ဆွဲပြီး ပြန်လာသည့် အက်စသာ့ကို လှမ်းမြင်ရသည်။ ကိုယ်လုံး ကိုယ်ထည် သွယ်လျကျစ်လျစ်ပြီး ချစ်စရာ့လုံမငယ်တစ်ဦးဖြစ်သည်။ ၀ါကြန့်ကြန့်ဆံပင်တွေက တစ်ပတ် လျှင် တနင်္ဂနွေ တစ်ရက် ဖြီးသင်ချိန်ရသဖြင့် ကပိုကရို ၀ဲကျနေသည်။ သို့သော် ကြည့်လို့ ကောင်း၏။ သူ့ ကြည့်ရသည် မှာ အလွန့်အလွန် ပင်ပန်းနွမ်းနယ်လာပုံရသည်။ တစ်နေကုန် တစ်နေ ခန်း နေပူကျဲကျဲ တွင် လျှောက်ရောင်းနေရသည်မဟုတ်လား။ ဂီဒီယန်က သူလာနေသည့် ဘက်သို့ လျှောက်သွားသည်။ လူတစ်ယောက် က ငှက်ပျောသီး ခေါ်ဝယ်ရင်း အက်စသာ့ပခုံးကို လှမ်းဖက် သည်။ အက်စသာက ရုန်းထွက် လိုက်တော့ လိုက်ဆွဲသည်။ ဂီဒီယန် ပြေးချသွားပြီး ထိုလူကို ဆွဲ ယမ်းပစ်လိုက်သည်။ လက်သရမ်း သည့် ထိုလူသည် ဒယီးဒယိုင်နှင့် လဲကျသွားသည်။
" ခွေးသားကြီး၊ နောက် သူ့ကို ခင်ဗျား လက်ဖျားနဲ့ ထိရဲထိကြည့် "
လဲကျသွားသူသည် ပြန်မထနိုင်လောက်အောင် မူးနေသဖြင့် ဂီဒီယန်ကို ရန်မမူတော့။ အားလုံး ၀ိုင်းရယ်ကြ သည်။ ဂီဒီယန်က အက်စသာ့လက်မောင်းကိုဆွဲပြီး -
" လာ၊ တို့ သွားစို့ "
အက်စသာ သည် ယုန်မလေးတစ်ကောင်လို အထိတ်တလန့် အမူအရာဖြင့် ခြင်းတောင်းပိုက်ကာ လိုက်လာ၏။ လူတွေနှင့်ဝေးရာ၊ သေတ္တာလွတ်တွေပုံထားသည့် နေရာသို့ ဂီဒီယန် ခေါ်သွားသည်။
" ကဲ … မင်း ခဏထိုင်ပြီး နားလိုက်ဦးနော် "
ဂီဒီယန့် အသံက ညင်ညင်သာသာ ကြင်ကြင်နာနာ။
မျက်ရည်ဝိုင်းနေသည့် မျက်လုံးပြာကြီးများဖြင့် အက်စသာ မော်ကြည့်သည်။
" ငါ့အတွက် နင် ကြားဝင်ဖို့ မလိုပါဘူး ဂီဒီယန်၊ ဘာလို့ နင် သူရဲကောင်း လုပ်ချင်ရတာလဲ "
ဂီဒီယန် က နံဘေးမှ သေတ္တာလွတ် တစ်လုံးပေါ်တွင် ၀င်ထိုင်ရင်း -
" နင့်ကို သူတို့ အပေါစား မိန်းကလေးတစ်ယောက်လို ဆက်ဆံနေတာ ငါက လက်ပိုက်ကြည့်နေရ မှာလားဟ"
အက်စသာ မျက်လွှာချသည်။ ဖိနပ်မပါသည့် ခြေထောက်ဖြင့် ဆိပ်ခံကြမ်းပြင်ကို အစုန်အဆန် ပွတ် နေသည်။ အလွန်တိုးလွန်းသော အသံဖြင့်-
" ငါက နင် ခံရမှာစိုးလို့ပါဟာ၊ ငါ့အတွက် ဒါမျိုးတွေ ရိုးနေပါပြီ၊ ငါ ဆိုလိုတာက … "
အက်စသာ့အသံ တိမ်ဝင်သွားသည်။ ခြင်းတောင်းကို ကောက်ကိုင်ပြီး မတ်တတ်ထသည်။ သို့သော် လည်ချောင်း ထဲတွင် တစ်ဆို့လာပြီး မျက်ရည်တွေ ကျလာသည်။ ဂီဒီယန်က သူ့ကို သိုင်းဖက်ပြီး ပခုံး ပတ်ကာ အားပေးသည်။
" မငိုပါနဲ့ကွာ၊ ငိုနေလို့ ဘာထူးမှာလဲ "
ဂီဒီယန်က မချော့တတ်ဘဲနှင့် ချော့သည်။ အက်စသာက မျက်ရည်သုတ်ပြီး အံကြိတ်ထားလိုက် သည်။
" သိတယ်၊ သိပါတယ်၊ တစ်ခါတလေတော့လည်း သိပ်စိတ်ညစ်တာပဲ။ တစ်နေကုန် တပင်တပန်း လိုက်ရောင်းရ၊ သူတို့တစ်တွေကို ရှောင်ရနဲ့၊ ပါလာသမျှ ငှက်ပျောသီး အားလုံးကုန်မှ သုံးလေးပြား မြတ်တာ "
ဂီဒီယန် က မျက်နှာအောက်ချပြီး -
" အေးပါဟာ၊ ငါ သိပါတယ် "
ခဏ ငိုင်နေပြီးမှ - " နောက်ကို နင် ဒီဘက် လာမရောင်းနဲ့တော့ဟာ "
" ဘယ်သူက ဒီလိုနေရာမှာ လာရောင်းချင်မလဲ ဂီဒီယန်ရယ် "
အက်စသာ စိတ်ပျက်လက်ပျက် ညည်းသည်။ ဂီဒီယန်က အလျှော့မပေးဘဲ -
" ငါ တကယ်ပြောတာ အက်စသာ၊ ဒီနေရာက မိန်းမကောင်းတွေ လာအပ်တဲ့နေရာ မဟုတ်ဘူး၊ တစ်နေ့ နင် ဒုက္ခဖြစ်မယ် " " အို … ဘာလို့ ဖြစ်ရမှာလဲ "
" တကယ့်ကို နင် ဒုက္ခဖြစ်မှာ၊ နင်က ဘာသားနဲ့ လုပ်ထားလို့လဲ၊ နင့်ထက်မက ဟာတွေတောင် ခံသွားရသေးတာပဲ၊ သင်္ဘောသား ငမူး တစ်ယောက်ယောက်နဲ့ တစ်နေ့နေ့ နင် မုချတွေ့မှာ အက်စသာ"
" တော်စမ်းပါဟာ၊ အမေ အလုပ်မလုပ်နိုင်ဘူးဆိုတာ နင် သိလျက်သားနဲ့၊ ငါ ဈေးမရောင်းရင် ဘာနဲ့ သွားစား မလဲ " " နင့်အဖေ အရက်ဖိုးက ပိုအရေးကြီးတာ မဟုတ်လား " အက်စသာ သက်ပြင်းချသည်။
" ဒီမယ် ဂီဒီယန်၊ ငါ့ကို ပိုစိတ်ညစ်အောင် အဲဒါတွေ ပြောမနေနဲ့ဟာ။ မေမေက ပြောတယ်၊ ဖေဖေဟာ အရက် မသောက်ရရင် မနေနိုင်ဘူးတဲ့။ ခြေတစ်ဖက်ပြတ်ကြီးနဲ့ ဆိုတော့ စိတ်ဓာတ်ကျ တာလည်း ပါမှာပေါ့ တဲ့။ တို့ငယ်ငယ်ကတော့ ဖေဖေဟာ ကြိုးကြိုးစားစား အလုပ်လုပ်ပြီး ရှာကျွေးခဲ့တာပါဟာ။ အင်း … လှေစပ် ရင်း မတော်တဆ ညပ်သွားတာလေ၊ တစ်ခါတည်း သွင်သွင် ကျိုးတော့တာပဲ"
အက်စသာ သက်ပြင်းချပြန်သည်။ လောကကြီးကို အရှုံးပေးထားလိုက်ပုံရ၏။ ဂီဒီယန် ကမူ ဒေါပွ နေသည်။ အက်စသာ့အမေက ကလေး ခြောက်ယောက်မွေးသည်။ နှစ်ယောက် ငယ်ငယ် ကလေး တည်းက သေပြီး သုံးယောက်က ငန်းဝါဖျားကပ်ဘေးနှင့် ပါသွားသည်။ အငယ်ဆုံး အက်စသာ၏ ပခုံးသေးသေးလေးပေါ် သို့ တာဝန်တွေ ပုံကျလာတော့၏။
ဂီဒီယန် က မကျေမချမ်း လေသံဖြင့် -
" ဂျူဟန် တို့ အသုံးမကျလို့ ဒီလိုဖြစ်ရတာ။ ရေကျရက်ကို မစောင့်ဘဲ လောဘကြီးလို့ ခုလို ဖြစ်ရတာ "
" ဒါတော့ ဒါပေါ့ဟာ၊ ဒါပေမဲ့ ရေတက်ရက်မှာ အလုပ်သမားတွေကို ပိုက်ဆံ ပိုပေးတယ်လေ။ အဖေ ကတော့ ဘယ်သူ့မှ အပြစ်မတင်ပါဘူး " ဂီဒီယန် ဒေါသမပြယ်သေး။
" ဒီလို အန္တရာယ်များတဲ့ အလုပ်မျိုး မူလညမ်းတွေ ခိုင်းပါလား "
အက်စသာ ဘာမှ မပြောတော့ဘဲ ပခုံးတွန့်ပြသည်။ ဂီဒီယန်က အလောတကြီး လေသံဖြင့် -
" အက်စသာရယ်၊ တို့ လက်ထပ်ကြရအောင်ပါဟာ၊ နင့်ကို ငါ ဒီဆိပ်ကမ်းတစ်ဝိုက်မှာ ဘယ်လိုမှ စိတ်မချနိုင်တော့ဘူး "
အက်စသာ စိတ်ပျက်လက်ပျက် လေသံဖြင့် -
" ဂီဒီယန်ကလဲဟာ၊ ဒီအကြောင်း စပြန်ပြီ၊ ဒါလောက် မွဲတဲ့ဘ၀မှာ ငါ ကလေး သုံးယောက်လောက် မွေးပြီးရင် နင် စိတ်ပျက်သွားမှာပါ။ အဖေ က တစ်မျိုး၊ ကလေးတွေက မမာ ဆိုရင် နင် ဘယ်ခံနိုင် မလဲ ဂီဒီယန် " အက်စသာ တွေးပူသည် ကိစ္စများမှာ တကယ် ဖြစ်လာနိုင်သည့် ကိစ္စ များ ဖြစ်ပါသည်။ သို့သော် ဂီဒီယန်က အလျော့မပေးဘဲ -
" အက်စသာ ရယ်၊ နင်ကလဲ ဒါပဲ တွေးပူနေတာကိုးဟာ၊ နင့်ကို ငါ ဒါလောက် အကြာကြီး ချစ်နေခဲ့ ရတဲ့ အကြောင်းတော့ ထည့်မစဉ်းစားတော့ဘူးလား ဟင် "
အက်စသာ က ဂီဒီယန့်လက်ကို ပုတ်ပြီး -
နင့်လို ငါ့အပေါ်မှာ ညှာတာတဲ့လူ မရှိပါဘူး။ ဒါပေမဲ့ ၀ါ့ဝန်ထုပ်ဝန်ပိုးကြီးကို နင် ၀င်မထမ်းချင်ပါနဲ့ဟာ။ နင့် ဘာသာ နင့်လမ်း နင် သွားပါ "
" သွားစမ်းပါ၊ ဘာဖြစ်လို့ နင်နဲ့အတူ တွဲမသွားနိုင်ရမှာလဲ။ ငါ့မှာ ခွန်အားရှိတယ်၊ သတ္တိရှိတယ်၊ အလုပ်ကြိုးစား တယ်။ အိတ်ထဲ ပိုက်ဆံကလေးရှိရင် အရက်ဆိုင် သွားထိုင်တဲ့ကောင်မျိုး မဟုတ်ဘူး၊ ဘာဖြစ် လို့ သနားစရာကောင်းတဲ့ ငါ့ချစ်သူ သားအမိကို ရှာမကျွေးနိုင်ရမှာလဲ၊ ကလေးတွေ နင် က မွေးပေး ရင်ကော ဘာပြုလို့ ငါ မကျွေးနိုင်ရမှာလဲ "
" နင် အလုပ်လုပ်ချင်တိုင်း အလုပ်က ရှိဦးမှကိုး "
အက်စသာ ဆိပ်ကမ်းတစ်ဝိုက် လှမ်းကြည့်ပြီး ပြောသည်။ နှစ်ယောက်သား စကားပြတ်သွားကြ၏။ အတန်ကြာမှ အက်စသာက -
" ငါလည်း ဒီနေရာမှာ ဈေးမရောင်းချင်တော့ပါဘူးဟာ " ပြောပြောဆိုဆို မတ်တတ်ထပြီး တောင်းကို ယူသည်။
" ငါ သယ်ခဲ့ပါ့မယ်ဟာ" ဟု ဂီဒီယန်က ပြောပြီး အက်စသာ့လက်ထဲမှ ခြင်းတောင်းကို ဆွဲယူလိုက် သည်။
သူတို့နှစ်ယောက် ဆိပ်ကမ်းတစ်ဖက်စွန်းရှိ ကုန်လှောင်ခန်းများဆီသို့ လျှောက်လာခဲ့ကြသည်။ လူ ချမ်းသာ တစ်သိုက်က ကုန်စုံလှေကြီးမှ ချလာသည့် ပစ္စည်းများကို စစ်ဆေးကြည့်ရှုနေကြသည်။ လမ်းပေါ် တွင် ရထားကြီး တစ်စီး ဆိုက်လာသည်။ ရထားထိန်းက ခုန်ဆင်းပြီး တံခါးဖွင့်ပေးသည်။ ၀တ်ကောင်း စားလှနှင့် အမျိုးသားတစ်ယောက် ထွက်လာသည်။ သူ့နောက်မှ အမျိုးသမီးတစ်ယောက် လိုက်ဆင်း လာ၏။ ဂါဝန်ရှည်ကြီးနှင့်။ ဦးထုပ်တွင် ဖဲကြိုးတွေ ရှုပ်ပွေလျက်။ အမျိုးသမီးနောက်မှ ကပ္ပလီ မလေးတစ်ယောက် ဆင်းလာပြီး သူ့သခင်မကို ထီးမိုးပေးသည်။ ဂီဒီယန်နှင့် အက်စသာကို သူတို့ ဖြတ်လျှောက် ရင်း အမျိုးသမီးက အမျိုးသားကို ပြောသွားသည်။
" အိုင်ယာလန်အထည်တွေပါလား၊ ကောင်းတယ်နော် "
အမျိုးသမီးအသံက ချိုအေးသည်။ ရွှေရောင်ဆံပင်နှင့် အလွန်ချောသည့် မိန်းမငယ်ဖြစ်၏။ သို့သော် ဂီဒီယန် က အမျိုးသမီးကို ဂရုစိုက်မကြည့်မိ။ သူ့ယောက်ျားကိုသာ အေးစက်မာကျောသည် မျက်လုံး များဖြင့် စူးစူးရဲရဲကြည့်နေသည်။ ခပ်စောက်ကောက် ပိုးဦးထုပ်ကို ဆောင်းထားသည်။ အင်္ကျီနှင့် ဘောင်းဘီ က နိုင်ငံခြားဖြစ်တွေ။
သူတို့လင်မယားက ဆိပ်ကမ်းတွင် ရောက်နေနှင့်သည့် မိတ်ဆွေများကို လိုက်နှုတ်ဆက်နေသည်။ အမျိုးသမီး က သူ့လက်ကလေးကို ထိုးပေးလျှင် အမျိုးသားများက လက်ခုံကိုနမ်းပြီး နှုတ်ဆက်ကြ သည်။ အမျိုးသမီး က ပစ္စည်းတွေဝယ်ပြီး အိမ်ဖော်မလေးလက်သို့ ကမ်းပေးလိုက်သည်။
ဂီဒီယန် က အက်စသာဘက် လှည့်ပြီး -
" အက်စသာ "
" ဘာလဲ ဂီဒီယန် "
" ဟောဟို သားရေပြားတွေ ၀ယ်နေတဲ့ကောင်ကို တွေ့တယ် မဟုတ်လား၊ ခုတင်က စုံတွဲလေ "
" အဲဒါ ဘာဖြစ်လဲ " " နင် သူတို့ကို သိလား " " သိသားပဲ၊ သစ်ဖြူတောက မစ္စတာရှာရမီ လင်မယားလေ "
" အဲဒီကောင်က ငါနဲ့ ညီအစ်ကို တော်တယ်ဆိုရင် နင် ယုံမလား " အက်စသာက မယုံကြည်နိုင် သည့် လေသံဖြင့် - " တကယ် " " တကယ်ပေါ့၊ ရယ်စရာ မကောင်းဘူးလား၊ သူက သူ့မိန်းမအတွက် အဲဒီ အလှကုန် ပစ္စည်း လှေတွေ အားလုံး ၀ယ်ပေးနိုင်တယ်လေ၊ နင် မရယ်ချင်ဘူးလား အက်စသာ "
" ကဲ … နင့်ပုံပြင်တွေ ငါ နားထောင်ချိန် မရသေးဘူး၊ ဒါလေး ကုန်အောင် လျှောက်ရောင်းလိုက် ဦးမယ် "
အက်စသာ က လက်တွေ့ကျကျ ပြောသည်။ ဂီဒီယန်က သူ့ကို သေတ္တာတစ်လုံးပေါ်တွင် ထိုင် နားစေပြီး သူ ကိုယ်တိုင် လျှောက်ရောင်းပေးသည်။ ငှက်ပျောသီးကုန်မှ ဂီဒီယန် ပြန်လာသည်။ အက်စသာ လက်ထဲ ကို ပိုက်ဆံအပ်သည်။
နေ၀င်ချိန် ရောက်ပြီ။ ဆိပ်ကမ်းဈေးတစ်ဝိုက်တွင် လူရှင်းစ ပြုပြီ။ ဆိပ်ကမ်းနှင့် မလှမ်းမကမ်းရှိ ပန်းခြံဆီ သို့ သူတို့နှစ်ယောက် လက်ချင်းချိတ်ပြီး လျှောက်လာကြသည်။ ပန်းခြံထဲရောက်မှ ရော်ဂျာ ရှာရမီနှင့် ဆက်နွယ်ပုံ ကို ဂီဒီယန် အေးအေးဆေးဆေး ပြောပြသည်။
အက်စသာ က အံ့သြမဆုံး ဖြစ်နေသည့် ပုံစံဖြင့် -
" ဒါတောင် သူက နင့်ကို မမှတ်မိဘူး ဟုတ်လား "
" မမှတ်မိရုံ မဟုတ်ဘူး၊ ငါ အသက်ထင်ရှား ရှိနေတယ် ဆိုတာတောင် သူ သိမယ် မထင်ဘူး အက်စသာ "
" ဒါဆို နင် သစ်ဖြူတော ကို သွားပါလား၊ နင် ဘယ်သူဘယ်ဝါဆိုတာ သွားပြောပြပါလား "
" ကပ္ပလီ အိမ်စောင့်ခွေးတွေက ငါ့ကို ဆွဲထုတ်ပစ်ကြမှာပေါ့၊ သူကလည်း ဘယ်ယုံပါ့မလဲ၊ ငါက ဆိပ်ကမ်းကြမ်းပိုးလေ၊ သူ ဘယ်ဆွေမျိုးအစပ်ခံမလဲ "
" အေး ဟုတ်တယ်၊ နင်ပြောတာ မှန်တယ်၊ ဒါပေမဲ့ နင့်အကြောင်း ငါ ပိုသိရတော့ ငါ ပိုအံ့သြနေတယ် ဂီဒီယန် " ဂီဒီယန်က မြေကြီးကို ခြေမနှင့် ခြစ်ကုတ်နေသည်။ အက်စသာက -
" ကဲ … ပြန်ကြရအောင် ဂီဒီယန်၊ ငါက ချက်ရပြုတ်ရဦးမှာ "
ပန်းခြံထဲ မှ သူတို့ ပြန်လာကြသည်။ လမ်းပေါ်တွင် အရက်ဆိုင်တွေ၊ တည်းခိုခန်းတွေ မှိုလိုပေါက်နေ သည်။ လမ်းတွေက ကျဉ်းသည်ထက် ကျဉ်းလာသည်။ လမ်းတစ်လျှောက် အနံ့ဆိုးကြီးတွေ တထောင်းထောင်း ထွက်နေ၏။ ကလေးတွေ ဆူသံ၊ အိမ်ထဲမှ ရန်ဖြစ်သံတွေ ရောထွေးဆူညံနေ သည်။
ဂီဒီယန် က အက်စသာ့လက်မောင်းကို ကိုင်ပြီး လျှောက်သွားသည်။ လမ်းချိုးတစ်ခုထဲသို့ ချိုးဝင် လိုက်ကြ၏။ အက်စသာတို့အိမ်ကို ရောက်လုနေပြီ။ အက်စသာ တုံ့ခနဲ ရပ်လိုက်ပြီး -
" ဘုရား ဘုရား … ကြားလား ဂီဒီယန် "
" ငမူးတွေ ရန်ဖြစ်နေကြတာပါဟာ၊ လာပါ၊ နင့်ကို ငါ အိမ်ထဲအရောက် ပို့ပေးပါ့မယ် "
အက်စသာ က ဂီဒီယန့် လက်မောင်းကို တင်းတင်းဆုပ်လိုက်ပြီး -
" အဲဒါ အဖေ့အသံ ဂီဒီယန်ရဲ့၊ အိမ်ပြန်ရောက်နေပြီ ထင်တယ် "
ဂီဒီယန် ဘာမှ မပြောနိုင်ခင် အက်စသာ အိမ်ထဲ ပြေးဝင်သွားပြီး တံခါးကို တွန်းဖွင့်လိုက်သည်။ ဂီဒီယန် နောက်မှ လိုက်သွားသည်။ မီးဖိုမှ မီးရောင်ကြောင့် အိမ်ထဲတွင် နီကြန်ကြန် လင်းနေသည်။ အက်စသာ့ အမေက ကြမ်းပြင်ပေါ်တွင် လဲလျက်။ သူ့ယောက်ျား၏ ခြေထောက်ပြတ်ကြီးကို ဖက်ပြီး တောင်းပန်နေ သည်။
တစ်ခန်းလုံး အရက်နံ့၊ ဆေးကြီးနံ့ဖြင့် ဟောင်နေသည်။ အက်စသာ့အဖေမှာ အ၀တ်အစားတွေ စုတ်ပြတ် ပြီး တစ်ကိုယ်လုံး ပေကျံနေ၏။ အသံကုန်ဟစ်ပြီး မေးနေသည်။
" ဘယ်မလဲ အက်စသာ၊ ငါ ပိုက်ဆံရမှဖြစ်မယ်၊ သောက်ကောင်မ၊ ပိုက်ဆံ ပါမလာရင်တော့ ငါ အရိုးကျိုးအောင် ရိုက်သတ်မယ် "
အက်စသာ့ ကို မြင်သည်နှင့် အလွန်အကျွံ မူးနေသော ထိုလူကြီးသည် ရိုက်မောင်းပုတ်မောင်း လုပ် လေတော့ ၏။ ဂီဒီယန်က အတင်းဝင်ဆွဲသည်။
" ဂီဒီယန်၊ သွား … သွား၊ ပြန်တော့၊ နင် သေလိမ့်မယ်၊ ငါက ကိစ္စမရှိဘူး "
လူကြီးက ဒေါသအမျက် ခြောင်းခြောင်း ထွက်နေပြီ။ ဂီဒီယန်ကို တအား ဖမ်းဆွဲပြီး ခြေပြတ်ကြီးနှင့် ဆောင့်ကန်ထည့်လိုက်သည်။ ဂီဒီယန်လဲကျသွား၏။ အက်စသာ၏ ငယ်သံ ပါအောင် အော်သံ ကြား လိုက်သည်။ အဘိုးကြီးက အက်စသာ့လက်ကောက်ဝတ်ကို ဖမ်းလိမ် လိုက် သည်။ တစ်နေ့တာ ရောင်းရသည့် ပိုက်ဆံ အကြွေကလေးတွေ ကြမ်းပြင်ပေါ်သို့ ပြန့်ကျဲသွား၏။ သိမ်းကျုံးကောက် ယူပြီး အဘိုးကြီး ဒယီးဒယိုင်နှင့် ထွက်သွားသည်။ ဂီဒီယန် ကြိုးစားပြီး ထ ရပ် လိုက် သည်။ အက်စသာ က -
" အမေ ခဏနေဦးနော်" ဟု ပြောပြီး ဂီဒီယန်ဆီ ပြေးသွားသည်။
" သိပ်နာသွားလားဟင် ဂီဒီယန် "
အက်စသာ ကရုဏာသံဖြင့် မေးသည်။ ဂီဒီယန်က နံရံတွင် မှီရပ်ရင်း ခေါင်းခါပြသည်။ ဟင် … အက်စသာ့ နဖူး မှာ သွေးတွေပါလား။
" ငါ ခဏနေ လျှောက်နိုင်မှာပါ၊ နင့်အမေကို လုပ်ဦး အက်စသာ၊ သူ သတိလစ်နေတယ် ထင်တယ် "
အက်စသာက လေးလံသည့် ခြေလှမ်းများဖြင့် အမေ့ဆီ လျှောက်သွားသည်။ ဂီဒီယန်က ခြေပြတ်ကြီးနှင့် အကန် ခံလိုက်ရသည့် ဒူးဆစ်ကို ငုံ့ကြည့်သည်။ လမ်းလျှောက်ကြည့်သည်။ သိပ်မဆိုး။ အက်စသာတို့ သားအမိရှိရာသို့ လျှောက်သွားသည်။ အက်စသာက သူ့အမေခေါင်းကို ပေါင်ပေါ်တင်ထားသည်။
လဲကျနေ သည့် ကုလားထိုင် ကို အားပြုရပ်ရင်း ဂီဒီယန် မေးသည်။
" နင် သတိရအောင် မလုပ်နိုင်ဘူးလားဟင် "
အက်စသာက မော်ကြည့်ပြီး ခေါင်းယမ်းသည်။ ခဏနေမှ -
" ငါ့ကို အဖေရိုက်ပြီဆိုရင် အမေ အဲဒီလို ဖြစ်တာချည်းပဲ။ ဒီတစ်ခါတော့ ၀ဋ်ကျွတ်သွားပြီ ထင်ပါတယ် "
" ဒုက္ခပါပဲဟာ "
ဂီဒီယန်က ကရုဏာသက်စွာ ညည်းညူရင်း အက်စသာ့နံဘေးတွင် ၀င်ထိုင်လိုက်သည်။ အက်စသာ့ မျက်နှာတွင် မျက်ရည်တွေနှင့် နဖူးမှ သွေးတွေရောပြီး စီးကျနေသည်။ အက်စသာ ခပ်တိုးတိုး ပြော သည်။
" ငါ ဘယ်လို ခံစားနေရတယ်ဆိုတာ နင် နားမလည်နိုင်ဘူး ဂီဒီယန်၊ အမေဟာ တစ်ချိန်လုံး နေ မကောင်းဖြစ်နေပေ မဲ့ ငါ့အပေါ်မှာ သိပ်ညှာတယ်။ အဖေ့ကိုလည်း နင် နားလည်နိုင်မှာ မဟုတ်ဘူး။ အဖေ ဘယ်လောက် ဆိုးဆိုး အမေက ချစ်လျက်ပဲ ဂီဒီယန်။ အမေ့ယောက်ျားဟာ ခြေထောက် မပြတ်ခင်က လူကောင်း ပါကွယ် ဆိုပြီး အဖေ ဆိုးသမျှ ခွင့်လွှတ်တယ် " ပြောနေရင်း သူ့အသံ တိမ်ဝင်သွားသည်။ ဂီဒီယန်က သူ့ပခုံးကို သိုင်းဖက်ထားလိုက်၏။ အမေ၏ ခန္ဓာကိုယ်သည် အက်စသာ့ပေါင်ပေါ် မှ လျှောကျသါားလေသည်။ သည်တွင်မှ အမေ့ရင်ဘတ်ပေါ် မျက်နှာမှောက်ချပြီး အက်စသာ ငိုတော့ သည်။ တစ်ဖက်ခန်းတွင် လူတွေ ဆူဆူညံညံ ဖြစ်နေကြ သည်။ အပြင်တွင် မှောင်စပြုနေပြီ။ အခန်းထဲ တွင် မီးဖိုမှ အလင်းရောင်သာရှိ၏။
" ငါ ဘာလုပ်ရ မလဲ ဂီဒီယန် " ဂီဒီယန် ရင်ထဲတွင် ခံစားမှုပေါင်းစုံ နိုးကြွလာသည်။
" နင် ခုထိ မသိသေးဘူးလား၊ ဘာလုပ်ရမယ်ဆိုတာ နင် မသိရင် ငါပဲ ပြောပြရမှာပေါ့။ မနက်မိုးလင်း တာနဲ့ နင်နဲ့ ငါ လက်ထပ်ကြမယ်။ နင့်အဖေ အမူးသမားကြီး နင့်ကို လာဒုက္ခပေးရင် သူ့ကို ငါ သတ်ပစ်မယ် " ဂီဒီယန် ရင်ခွင်ထဲသို့ မျက်နှာအပ်လိုက်သည်။ " ငယ်ငယ်တုန်းကတော့ အဖေဟာ ငါ့အပေါ် မှာ ကောင်းခဲ့ပါတယ် ဂီဒီယန်ရယ် "
အက်စသာ တိုးတိုးကလေး ပြော၏။
" ဒါပေမဲ့ ခုမှ မကောင်းတော့တာဘဲ၊ နင် ငါ့ကို လက်ထပ်မယ် မဟုတ်လားဟင် အက်စသာ "
အက်စသာ ခေါင်းညိတ်သည်။
"ငါတစ်ယောက်တည်း နေလို့ ဘယ်ဖြစ်တော့မလဲနော် ဂီဒီယန်ရယ်၊ နင်က ငါ့အပေါ် မှာ ကောင်းလွန်း ပါတယ်ဟယ်" ဟု ပြောရင်း ဂီဒီယန့်လည်ပင်းကို သိုင်းဖက်လိုက်သည်။
ထိုညတွင် အမေဆုံးကတည်းက အတူနေသည့် ညီမ လူလီ၏ အိမ်သို့ အက်စသာ့ကို ဂီဒိယန် ခေါ် လာသည်။ ညီမ၏ ယောက်ျားမှာ အလုပ်ကောင်းကောင်း ရထားသူဖြစ်၏။ ဗဲလ်ကိုးဂိုဒေါင်တွင် လုံခြုံ ရေး ၀န်ထမ်းဖြစ်သည်။
အခန်းသုံးခန်း ရှိသဖြင့် လူလီတို့ လင်မယားက သီးသန့်တစ်ခန်း အိပ်နိုင်သည်။ ထိုညတွင် အက်စသာကို ဂီဒီယန်နှင့် ကလေးတွေ အိပ်သည့် အခန်းထဲတွင် သိပ်သည်။
နောက်တစ်နေ့ တွင် သုဘရာဇာကို ခေါ်ပြီး အက်စသာ့အမေ မြေချဖို့ ကိစ္စကို ဆောင်ရွက်သည်။ အမေ ဆုံးပြီးပြီး ချင်း လက်ထပ်ဖို့ မသင့်သေးကြောင်း အက်စသာက ပြောသည်။ သို့သော် လူလီက လက်မထပ်ခင် တစ်ခန်းတည်း အိပ်ပြီး ဖြစ်သည့်အတွက် မထူးတော့ကြောင်းဖြင့် သူ့အစ်ကိုဘက်မှ ၀င်ပြီး မဲပေး သည်။
ဤသို့ဖြင့် အမေ့ကို သင်္ဂြိုလ်သည့်နေ့တွင်ပင် သူတို့ လက်ထပ်ဖြစ်ကြသည်။ နောက်တစ်လမ်းတွင် အခန်း တစ်ခန်း ငှားလိုက်ကြ၏။ လူလီက ဂီဒီယန်ကို မပြောင်းစေချင်။ အတူနေလျှင် ဂီဒီယန်က သိတတ်သည် မဟုတ်လား။ အထောက်အကူ အများကြီးရသည်။ သူတို့လည်း လွတ်လွတ်လပ်လပ် နေချင်မှာပေါ့လေ ဟု တွေးမိ သဖြင့် မတားဘဲ နေလိုက်သည်။
အက်စသာ သည် ဇနီးကောင်းတစ်ယောက် ဖြစ်လာလေသည်။ ဂီဒီယန်ကို အထူးဂရုစိုက်သည်။ အလုပ် ကို မနားမနေ ကြိုးစားသည်။ မနက်စာကို အစောကြီးထပြီး ချက်ပြုတ် ကြော်လှော်ပေး သည်။ နေ့လယ်စာ ကို ဖွယ်ဖွယ်ရာရာ ထည့်ပေးသည်။ ထမင်းစားအပြီးတွင် စားဖို့ ငှက်ပျောသီး၊ လိမ္မော်သီး များပါ ထည့်ပေးသည်။
အက်စသာ သည် တခြားမိန်းမတွေလို ပစ်စလက်ခတ် နေလေ့မရှိ။ အလွန်သန့်ရှင်းသေသပ်လေ သည်။ ကြမ်း ကို ပြောင်လက်နေအောင် တိုက်သည်။ ဂီဒီယန်တစ်ယောက် အ၀တ်အစားတွေကို ဖြူဖြူစင်စင် ၀တ်နေ ရပြီ။ အက်စသာ က နှစ်ရက်တစ်ခါ အ၀တ်လဲစေသဖြင့် ဂီဒီယန် တသွေးတမွေး ဖြစ်နေသည်။
လုံးဝ အနားမနေဘဲ မီးပူတိုက်လျှင် တိုက်၊ မတိုက်လျှင် အ၀တ်ပြဲ ထိုင်ချုပ်နေတတ်၏။ သူများတွေ လိုမွေ့ရာေ ပ်ါတွင် ဖြစ်ကတတ်ဆန်း ဘယ်တော့မှ မအိပ်၊ အိပ်ရာခင်းနှင့် အိပ်သည်။
သူနှင့် သာ မဟုတ်လျှင် ဂီဒီယန်၏ ဘ၀သည် မည်သို့ဖြစ်လာမည်မသိပေ။ ညီမလုပ်သူ လူလီသည် လည်း အိမ်ထောင်မှု ကို နိုင်နင်းသည့် အိမ်ရှင်မကောင်း တစ်ယောက်ဖြစ်ပါသည်။ သို့သော် ကလေး အမေ ဖြစ်လာပြီးနောက်ပိုင်း ဖြစ်ကတတ်ဆန်း နေလာသည်။ ကလေးနီးလွန်းတော့ အိမ် အလုပ် တွေမနိုင်မနင်းဖြစ်လာခြင်းပင်။
ငယ်ရွယ်နုပျို သူ၊ ပြည့်ဝချိုသာသူ အက်စသာနှင့် ဖူးစာဆုံရခြင်းမှာ ကုသိုလ်ကောင်းခြင်းပင်။ ညနေ မောမော ပန်းပန်းနှင့် ပြန်လာလျှင် အက်စသာက လင်တော်မောင်ကို လဲလျောင်းနားနေစေပြီး ဦးခေါင်း ကို ပေါင်ပေါ်တင်ကာ အမောဖြေစေသည်။ နဖူးနှင့် ဆံပင်တွေကို တယုတယ ပွတ်ပေးပြီး ဆိပ်ကမ်းဈေးသည် ဘ၀မှ ကယ်တင်ခဲ့သည့် လင်တော်မောင်ကို ကျေးဇူးစကားတွေ တတွတ်တွတ် ပြောနေတတ်သည်။
ဤသို့ တစ်နေ့တာ ပန်းသမျှတွေ လျော့ပါးစေတတ်သူ၊ ဂီဒီယန် အမောပြေပြီဆိုလျှင် ရေဇလုံထဲ တွင် ခြေထောက်တွေ ကို စိမ်စေပြီး စိတ်ရှည်လက်ရှည် ဆေးကြောပေးတတ်သူ။
နေ့လယ်စာ ကို အလုပ်ခွင်မှာ ဖြစ်သလို စားရသည့်အတွက် ညစာကို စုံစုံလင်လင် ဖွယ်ဖွယ် ရာရာ ဖြစ်အောင် ပူပူနွေးနွေး ချက်ပြုတ်ကျွေး သည်။ ပြောင်းဆန်မှုန့် နှင့် ဖုတ် သည့် ပေါင်မုန့် ကို ကြွပ်ရွနေ အောင် လုပ်ပေးသည်။ သကာရည် သို့မဟုတ် အသားပြုတ်ကြော် တစ်မျိုးနှင့် ကျွေးစမြဲ။
အသားကောင်းကောင်းက ဈေးတွင် ရခဲသည်။ အကောင်းစား မှန်သမျှ ငွေကြေးတတ်နိုင် သူများ ကို ဈေးသည် များက ဦးစားပေးရောင်းသည်။ သို့သော် ရသည့်အသား ကို စားလို့ ကောင်းအောင်၊ နူးနူး နပ်နပ်ဖြစ်အောင် အက်စသာ က ဖန်တီးပေးတတ်သည်။
" အလုပ်ကြမ်း လုပ်တဲ့သူဟာ အသားများများ စားပေးရတယ် ဂီဒီယန်ရဲ့" ဟု အက်စသာ ပြောလေ့ ရှိ သည်။
ညစာ စားပြီးလျှင် မီးဖိုကို မီးငြှိမ်းပြီး မြစ်ဆိပ်ဘက်သို့ လမ်းလျှောက်ထွက်ကြသည်။ တစ်ခါတစ်ရံ ကြက်ပွဲတွေ့ လျှင် ၀င်ကြည့်ကြသည်။ တစ်ခါတစ်ရံ အိမ်နီးနားချင်းများခေါ်ပြီး အပျော် ဖဲကစား သည်။ ရာသီဥတု ဆိုးရွားသည့် အခါများတွင် အိမ်တွင်းအောင်းပြီး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကာ စကားပြောကြ သည်။ သည်လို အခါမျိုးတွင် အက်စသာက သူ့ကြောင့် ပျော်ပုံ သစ်ရပုံများ ကို ပြောပြနေ တတ်၏။
ဂီဒီယန်သည် အက်စသာကို တိုး၍တိုး၍ ချစ်ကာ ပို၍ပို၍ မြတ်နိုးနေ၏။ အက်စသာကလည်း ကိုယ် အမူအရာ၊ နှုတ်အမူရာ အားလုံးပြင်သည်။ ဆိပ်ကမ်းဈေးသည်ဘ၀က သုံးသည့် စကားလုံးများကို လုံးဝ မသုံးတော့ပေ။
အချို့စကားလုံးများမှာ ယောက်ျားများ သုံးလျှင် မထောင်းတာသော်လည်း မိန်းကလေးများ ပြောလျှင် နားထောင် မကောင်းကြောင်း ဂီဒီယန်က သွန်သင်သည်။ အက်စသာက လင်တော်မောင် ၏ ပညာပေးမှု ကို ကြည်ကြည်ဖြူဖြူခံယူသည်။
" အက်စသာ တောင်းပန်ပါတယ် ဂီဒီယန်၊ မုဆိုးနားနီး မုဆိုးဆိုတော့ ကျင်လည်ခဲ့ရတဲ့ ပတ်ဝန်းကျင်ကို ကြည့်လေ၊ ဆိပ်ကမ်းလုပ်သားတွေရယ်၊ အဖေရယ် …. "
သည် အဘိုးကြီး ဘယ်ရောက်နေပါလိမ့်ဟု ဂီဒီယန် စဉ်းစားကြည့်သည်။ သူ့ဘာသာသူ ဘယ်ရောက် ရောက် ပါလေ။ အက်စသာ့ကို လာ အနှောင့်အယှက်မပေးရင် ပြီးတာပဲ။
အက်စသာ့ တွင် ကိုယ်ဝန် ရှိလာသော်လည်း အိမ်ထောင်မှုကိစ္စ လုံးဝ မလစ်ဟင်းပေ။ ချက်ရေးပြုတ် ရေး၊ အိမ်သန့် ရှင်းရေးတွေ ကို ပုံမှန်အတိုင်း လုပ်သွားသည်။
အက်စသာ သမီးဦး ကလေးမွေးသည်။ ဂီဒီယန်က ပန်းခြံထဲတွင် နွေရာသီမှာ မွှေးမွှေးပျံ့ပျံ့ပွင့်တတ် သည့် ဇီဇ၀ါပန်း အမည်ကိုယူပြီး ဂါဒင်နီယားဟု အမည်ပေးလိုက်သည်။ အိမ်တွင်တော့ ချစ်စနိုးနှင့် ဂါဒီ ဟု ခေါ်ကြမည်။
ကလေးရတော့ သူတို့ အိမ်ထောင်ကလေးမှာ ပို၍ စိုပြည်လာသည်။ သို့သော် ဂါဒီကလေး ချောင်းဆိုး ရင်ကြပ်ဖြစ် လို့ မအိပ်ရသည့် ညများတွင် နောက်တစ်နေ့ အလုပ်ဆင်းဖို့ ခက်လာသည်။ ကလေးက မနက် အစောကြီး နိုးနေလို့ သူ့အတွက် မနက်စာ မလုပ်ပေးနိုင်လျှင် ဂီဒီယန် မကျေမနပ် ဖြစ်ရသည်။ အလုပ်ခွင်ရောက် လျှင် သယ်ရင်းပိုးရင်း ခေါင်းတွေ ကိုက်နေတတ်သည်။
သည်လိုနေ့မျိုးတွင် အိမ်အပြန်မှာ ခါတိုင်းလို ပျော်စရာ မကောင်းတော့ပေ။ ရှင်းသန့်ပြောင်လက်နေ သည့် အခန်းလေး မှာ ရှုပ်ပွပေကျံနေတတ်၏။ ကလေးအနှီးလှန်းသည့် တန်းတွေ ပိုလာသဖြင့် အခန်း ပိုကျဉ်းလာသလို ထင်ရ၏။ မျက်စိထဲတွင် တိုးလိုးတွဲလောင်းနှင့် ရှုပ်ယှက်ခတ်နေသည်ဟု ထင်၏။ အက်စသာ ပေါ့၍မဟုတ်ပါ။ ဂါဒီကလေး လေးဖက်သွားသည့် အရွယ်ရောက်လာသဖြင့် ရှင်းလို့ မနိုင်အောင် ဖြစ်ခြင်း ပါ။ ရှေ့က သိမ်းရင် နောက်က ဖွသည်။
ကလေးကြီး လာတော့ အိမ်ထောင်ပစ္စည်းတချို့ မရှိမဖြစ် လိုအပ်လာသည်။ အနည်းဆုံး အ၀တ်လျှော် ဇလုံ တစ်ခုတော့ ၀ယ်သင့်ပြီ။ သို့သော် အက်စသာမပူဆာ။ အိမ်အပြန် နောက်ကျပြီး ရသမျှပိုက်ဆံ ကြက်ပွဲ တွင် ရှုံးခဲ့ကြောင်း တောင်းပန်စကား ဆိုလျှင်လည်း အက်စသာ ခပ်ပြုံးပြုံးပင်။
အဲဒီလိုဖြစ်လာတော့ စိတ်ထဲ မှာ ဘယ်လိုမှ မနေဘူးလား ဟူ၍တော့ မေးကြည့်သည်။
တစ်ည တွင် ဂီဒီယန် အိပ်ရာမှ နိုးလာသည်။ အက်စသာ ကျိတ်ငိုနေသည်ကို တွေ့ရ၏။ ကလေးနေ မကောင်းဖြစ်ပြန်ပြီ ထင်တယ်။ ငဲ့ကြည့်လိုက်တော့ ဂါဒီကလေး သူ့နေရာတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်လို့။ ဂီဒီယန် က အက်စသာ့ကို သိုင်းဖက်ပြီး -
" သိပ်လည်း စိတ်ပျက်မနေပါနဲ့ အချစ်ရယ်၊ အ၀တ်လျှော် ဇလုံတစ်လုံးရအောင် ကိုယ် ၀ယ်ပေးပါ့မယ် "
အက်စသာ ရှိုက်ရင်းပြောသည်။
" အ၀တ်လျှော်ဇလုံနဲ့ မဆိုင်ပါဘူး။ ခုဟာက ခုဟာက အို အားလုံးနဲ့ ဆိုင်တာ၊ ဒီလိုပဲ ဖြစ်လာမယ်ဆိုတာ သိပြီးသားပါလေ၊ မကြာခင် ဂီဒီယန် အက်စသာကို ကြည့်ချင်တော့မှာ မဟုတ်ပါဘူး "
" မင်းပြောချင်တာ ပြောလေ၊ မင်းကို ကိုယ် ဘယ်လောက်ချစ်တယ်ဆိုတာ မင်း သိသားပဲ၊ အိပ်လိုက်ပါ အက်စသာ၊ အိပ်ပျော်သွားရင် ကြည်ကြည်လင်လင် ဖြစ်သွားမှာပါ "
အက်စသာ ထ ထိုင်သည်။
" မဟုတ်ဘူး ဂီဒီယန်၊ အက်စသာ အိပ်မှာပါ။ ဒါပေမဲ့ ကြည်ကြည်လင်လင် ဖြစ်လာမှာ မဟုတ်တော့ ပါဘူး။ နောင် ကို နားပူနားဆာလည်း မလုပ်တော့ပါဘူး၊ ဒါပေမဲ့ ကြည်ကြည်လင်လင်တော့ ဖြစ်လာ မှာ မဟုတ်ဘူး "
" မင်း ဘာဖြစ်နေတာလဲ အက်စသာ၊ မင်း ကိုယ့်ကို အိပ်မပျော်အောင် လုပ်တယ်၊ မနက်မိုးလင်း လို့ ခေါင်းတွေအုံနေရင် ဘာကြောင့်အုံတာလဲ မင်းမေးမယ် "
" အက်စသာ့ မှာ နောက်ကလေး ရှိနေပြန်ပြီ ဂီဒီယန် " " ဟုတ်လား၊ ဒုက္ခပါပဲကွာ၊ ဒါဖြင့် ဂါဒီကလေး ကို နို့ဖြတ်တော့ပေါ့ " အလန့်တကြား ဖြစ်သွားမိသည့် အတွက် ဂီဒီယန် ရှက်သွားသည်။
" ကိစ္စမရှိပါဘူး အက်စသာ၊ မွေးပေစေပေါ့ "
" ကောင်းပြီလေ "
အက်စသာ ပြန်လှဲအိပ်သည်။ နောက်တစ်နေ့ အိပ်ရာမှ ထထချင်း ကလေးကို နွားနို့တိုက်ဖို့ ပြင်ဆင် သည်။ ဘာမှ မပြောဘဲ သူ့အတွက် ပြောင်းဆန်မုန့် လုပ်ပေးသည်။ သူကလည်း ဘာမှ မပြော။
ဂီဒီယန် မျက်စိထဲတွင် အက်စသာသည် ကလေးတစ်ယောက်အမေ အိမ်ရှင်မကလေး မဟုတ် ဘဲ လေးဆယ်ကျော် မိန်းမကြီးတစ်ယောက်လို မြင်နေသည်။
အက်စသာ သည် မိမိထက် ဆင်ခြင်ဥာဏ်ရှိကြောင်း ဂီဒီယန် တဖြည်းဖြည်း သိလာသည်။ သူ တွေးတော စိုးရိမ်ခဲ့ သမျှ တို့သည် တစ်ခုပြီး တစ်ခု ဖြစ်လာနေ၏။
သည်နှစ်နွေဦး တွင် မြစ်ရေက မတက်စဖူး ထူးထူးကဲကဲ အတက်ကြမ်းနေ၏။ သည်လို မြစ်ရေ အတက်ကြမ်းမည် ကို ဆိပ်ကမ်းလုပ်သား တို့ ပလိပ်ရောဂါ ကြောက်သလို ကြောက်ကြ သည်။ မြစ်ရေ သည် ကြောက်ဖွယ်အဟုန်ဖြင့် စီးဆင်းနေ၏။ လှေသမားတွေ ကိုယ့်လှေ ကိုယ် မနိုင်ကြတော့ပေ။ ဆိပ်ကမ်း တစ်ဝိုက်တွင် ကမ္ဘာပျက်သလို ဆူညံနေသည်။
အလွန်စွန့်စားရဲသည့် ကုန်သည်များသာ ကုန်တင်ကုန်ချ လုပ်ကြသည်။ ဂီဒီယန် အလုပ်မရှိသည့် ရက်တွေ များသည်ထက် များလာသည်။ ကုန်စုံဆိုင်များဆီသို့ အက်စသာ ယောင်လည် ယောင် လည်နှင့် သွားသည်။ ကြက်သွန်ကလေး၊ ဆန်ကလေးများ အကြွေး ရလိုရငြား သွားခြင်းဖြစ်၏။ သို့သော် ဘယ်ဆိုင် ကမှ မရ။ တချို့ရက်များတွင် လင်မယားနှစ်ယောက် ညစာ မစားရပေ။
လူလီ့ယောက်ျား ကက်စ်ဆီမှာ အကူအညီတောင်းဖို့ စိတ်ကူးသေးသည်။ သို့သော် မသွားဖြစ်။ မစ္စတာဗဲလ်ကိုး က သူ့လူတွေကို လုပ်ခတစ်ဝက်လျှော့ချလိုက်သဖြင့် သူတို့လည်း ကျပ်တည်းနေကြ သည်။ မဟုတ်လား။ ကက်စ်က သူတို့ မိသားစု၏ စားဝတ်နေရေး အခြေအနေကို မေးတော့ ဂီဒီယန်က "အဆင်ပြေပါတယ်" ဟု ခပ်တည်တည် ပြန်ပြောလိုက်သည်။
အဖြစ်မှန် ကို ဘယ်သူမှ မသိစေလို။ ငတ်နေသည်က အကြောင်းမဟုတ်။ ငတ်နေသည်ကို လူမသိဖို့က ပို အရေးကြီးသည်။ အရှက်နှင့် လူလုပ်ကြသည် မဟုတ်လား။
အလုပ်အကိုင် အဆင်မပြေသည့်အခါ အကျပ်အတည်း တွေ့ဖူးပါ၏။ အငတ်ခံဖူးပါ၏။ သို့သော် မိမိ တစ်ယောက် တည်း ငတ်နေခြင်း မဟုတ်။ မိမိအား မှီခိုနေသည့် ဗိုက်ကြီးသည် ဇနီးနှင့် သမီးငယ် ကလေး တို့ပါ ငတ်လာတော့ ဂီဒီယန် တိမ်းတိမ်းပွေပွေ ဖြစ်လာသည်။
" ဂီဒီယန်နေရာမှာ အက်စသာ ဆိုရင်တော့ သစ်ဖြူတောအိမ်ကြီးကို သွားပြီး အကျိုး အကြောင်း ပြောပြမှာပဲ "
" တော်စမ်းပါ အက်စသာရယ်၊ သူတို့ ကိုယ့်ကို ဂရုစိုက်မှာ မဟုတ်ပါဘူး "
" ဘာပြု လို့ ဂရုမစိုက်ရမှာလဲ၊ သူတို့က စားမကုန် သုံးမကုန် ချမ်းသာတဲ့ လူတွေပဲ။ ပြီးတော့ ကိုယ်နဲ့က အမျိုးအရင်းကြီး ပဲဟာ "
" ဟာ သေတော့ မှာပဲ၊ ဇွန်လဆို ရေကျသွားမှပါကွာ " " ဟုတ်ပါတယ်၊ အက်စသာက မေမှာ မွေးမှာလေ "
" ကိုယ်ပြောတာ ယုံစမ်းပါ အက်စသာရယ်၊ အဲဒီလူတွေက ရေကြီးလို့ တို့တစ်တွေ ငတ်နေတာကို နားလည်နိုင် တဲ့ လူတွေ မဟုတ်ပါဘူး။ ကိုယ့်အမေက သစ်ဖြူတောမှာ နေခဲ့ပေမဲ့ နားလည် တယ်။ မေမေ ပြောလေ့ရှိတယ်၊ ချမ်းသာ တဲ့ လူတွေဟာ ပိုချမ်းသာချင်တဲ့အတွက် တွန့်တိုကြတယ်တဲ့ "
" ဒီလောက် ချမ်းသာနေပါလျက် နဲ့ ဘာလို့ တွန့်တိုကြပါလိမ့်နော် "
အက်စသာက မရေမရာနှင့် ပြောလိုက်သည်။
ဒုတိယကလေးမွေးတော့ အက်စသာ သေကောင်ပေါင်းလဲ ခံလိုက်ရသည်။ လူလီ လာပြီး ပြုစုပေး သည်။ အိမ်နီး နားချင်းတွေ က သူလိုကိုယ်လိုတွေ ဖြစ်သော်လည်း အက်စသာ အာဟာရ မပြတ်အောင် ဆန်ကလေး နည်းနည်းစီ၊ အသီးအရွက်ကလေး နည်းနည်းစီ စုပြီး ပေးကြသည်။
ကလေးလေးက သေးကွေးလွန်းသည်။ ဖြူဖျော့ဖျော့ကလေး။ အက်စသာလုံးဝ နို့မထွက်သဖြင့် ကလေးအသက်ရှင် ဖို့ကို ဂီဒီယန် မျှော်လင့်မထားပေ။ သို့သော် တစ်လမ်းတည်းနေ ကလေးအမေ သုံးယောက် က အလှည့်ကျ နို့လာတိုက်ပေးသဖြင့် သေကံမရောက် သက်မပျောက်ခဲ့ပေ။
အမြင်သစ်တစ်ခုကို ဂီဒိယန် ရလိုက်သည်။ လောကတွင် သည်လိုလူတွေ ရှိပါသေးလား ဟူသည့် အမြင်။ သည်လို ဒုက္ခတွေနှင့် ရင်မဆိုင်ရ လျှင် မေတ္တာတရားကို ဂီဒိယန်လို လူငယ် မြင်နိုင်စရာ မရှိ ပေ။
လက်သမားအလုပ်တွေ ပေါနေ၍ ၀င်လုပ်ဖို့ ဂီဒီယန် ကြိုးစားသည်။ လှေတွေ အဆိုက်အကပ် နည်း နေချိန် တွင် ပါစယ်ဆိပ်ကမ်းကုမ္ပဏီက သူတို့ ဆိပ်ကမ်းတွေကို ပြုပြင်နေချိန်ဖြစ်၏။ သည် အလုပ် နှင့် ရင်းနှီးလှသူ မဟုတ်၍ အပေါက်အလမ်း မတည့်လှပေ။ သို့သော် ကံကောင်းသည်ဟုပင် ဆိုရ မည်။ အလုပ် မရသည့် လူတွေ ဒုနဲ့ဒေး မဟုတ်လား။ ရေက တော်တော်နှင့် ပြန်မကျ။ တစ်သက်လုံး ကြီးနေတော့ မည့် ပုံ။
ခါတိုင်းလို စိုးရိမ်ရေမှတ်ကိုကျော်ပြီး တာပေါ် ရေလျှံကာ ဆင်းမသွားဘဲ စိုးရိမ်ရေမှတ် အောက်နား ကလေးတွင် တန့်နေသည်။ တက်လည်း မတက်၊ ကျလည်း မကျ။ စိုက်ပျိုးရေးသမားများအတွက် အန္တရာယ် မရှိသော်လည်း ဆိပ်ကမ်းသမားနှင့် လှေသမားများအဖို့ မရှူနိုင် မကယ်နိုင် ဖြစ်နေကြ သည်။ သည်ရေမျိုးနှင့် သူတို့ တစ်ခါမှ မကြုံဖူးကြ။
ဂီဒီယန် ပင်ပန်းလှပြီ။ ဆက်ပြီး တတ်နိုင်ပါတော့မလားဟု ကိုယ့်ကိုယ်ကိုယ် သံသယဖြစ် လာသည်။ ကျောရိုးတွေ ကျိုးကုန်လုမတတ် အလုပ်လုပ်သော်လည်း သူလုပ်ရမည့်အလုပ်က မပြီး။ စိတ်ဓာတ် ကျလာသည်။ အိမ်ပြန်ရသည်ထက် ဆိပ်ကမ်းတစ်ဝိုက် လျှောက်သွားနေရသည်က ပိုပြီး စိတ်ချမ်း သာ သလို ဖြစ်လာသည်။
အိမ်ပြန်ရောက် လျှင် ညှော်နံ့၊ ကလေး ခါးတောင်းကျိုက်တွေ အခြောက်ခံသည့် အနံ့များနှင့် ပူလောင် မွန်းကျပ်နေ ၏။ နောက်မွေးသည့် ဂျွန်ကလေးကလည်း ဂျီကျသည်။ ဂါဒီကလည်း မနိုင် တော့။ တစ်ကိုယ် လုံး ပေကျံပြီး ချောင်ကြိုချောာင်ကြားမကျန် လျှောက်သွားလိုက်၊ လဲကျလိုက်နှင့်။ အက်စသာက အမြဲ တမ်း ဒေါသကြီးနေသည်။ ဂီဒီယန် စကားမပြောရဲသလောက် ဖြစ်နေ၏။
သို့သော် ဇနီးလုပ်သူကို ဂီဒီယန် အပြစ်မတင်ရက်ပါ။ မိမိတွင်ရော သူ့တွင်ပါ အခက်အခဲများစွာ ရှိ နေသည် ကို ဘုရားသခင် သိပါသည်။ သူ့ဒုက္ခက ပိုလိမ့်မည်ထင်ပါသည်။
သို့သော် တစ်ည အိမ်အပြန်တွင် အက်စသာ့ အဖေကြီး ရောက်နေသည်ကို တွေ့ရသည်။ သတိ လက်လွတ်တွေ ဖြစ်ကုန်တော့၏။ ဒေါသကို မထိန်းနိုင်အောင် ဖြစ်သွားသည်။
စိတ်ထဲ က ပါလို့တော့ မဟုတ်ပါ။ အဘိုးကြီးကို မြင်လိုက်သည်နှင့် ဂီဒီယန် ခေါင်းနားပန်းကြီးသွား သည်။ ပုခက် ထဲက ကလေးက ငယ်သံပါအောင် အော်နေသည်။ ဂါဒီကလည်း အထိတ်တလန့်နှင့် ငိုနေ၏။ အဘိုးကြီး က အက်စသာ့ ပခုံးကိုကိုင်ပြီး အော်ဟစ်နေသည်။
" နင့်ယောက်ျား ပိုက်ဆံတွေ အများကြီး ရတယ် ဆိုတာ ငါသိတယ်၊ ပေး၊ ခု ထုတ်ပေး "
ဂီဒီယန် အခန်းတံခါး တွန်းဖွင့် ၀င်လိုက်သည်။ ဂါဒီကလေးက အဖေ့ဆီသို့ အားကိုးတကြီး ပြေးလာ သည်။ သို့သော် အဘိုးကြီး အနားတွင် လဲကျသွား၏။ ဤတွင် အဘိုးကြီးက ဂါဒီကလေးကို ကန်ထည့် လိုက် သည်။ ဂီဒီယန် မျက်လုံးတွေ ပြာဝေသွားသည်။
ဤတွင် ကြက်သေ သေနေသည်။ ပြီးမှ သွေးအိုင်ထဲ လဲနေသည့် ယောက္ခမကြီးကို ငုံ့ကြည့်သည်။ သတ် လိုက်မိသည့် အတွက် ဂီဒီယန် နောင်တမရပေ။
ထိုစဉ် အိမ်ရှေ့တံခါး ပွင့်လာပြီး မိန်းမကြီးတစ်ယောက် ငယ်သံပါအောင် အော်သည်။ တစ်ခဏ အတွင်း အိမ်နီးနားချင်းတွေ ရုတ်ရုတ်သဲသဲ ဖြစ် သွားသည်။ မိန်းမကြီးက အဘိုးကြီးတစ်ယောက် နှင့် လူငယ် တစ်ယောက် ရန်ဖြစ်ကြရာမှ လူငယ်က အဘိုးကြီးကို သတ်လိုက်ကြောင်း ဘေးလူတွေကို ပြောပြသည်။ ဂီဒီယန် ကို ဖမ်းပြီး အချုပ်ခန်းထဲ ပို့သည်။
ရုံးရောက် လို့ အဖြစ်မှန်ကို အစစ်ခံလိုက်လျှင် ဂီဒီယန် လွတ်မြောက်မည်ဟု အက်စသာ ယုံကြည် ထား လိုက် သည်။ ကလေးတွေကို အိမ်နီးနားချင်း လက်သို့ အပ်ပြီး လောလောဆယ် စားဖို့အတွက် ငှက်ပျောသီး ထွက်ရောင်းသည်။
ဂီဒီယန် အမှုကို ရုံးတင်တော့မှ မရှုပ်ရှုပ်အောင် ပြောသည့်နေရာပါ ကလားဟု အက်စသာ နားလည် ရတော့ ၏။ သူတို့တစ်တွေ သည် အင်္ဂလိပ်၊ ပြင်သစ်နှင့် စပိန်စကားတို့ကို တစ်ချိန်တည်း တွင် ရောထွေးပြောနေကြသည်။
ဂီဒီယန် က စပိန်စကားကို အမေ့ထံမှ သင်ထားခဲ့သည်။ အက်စသာက ပြင်သစ်စကားကို ဆိပ်ကမ်း တစ်ဝိုက်တွင် ငှက်ပျောသီးရောင်းရင်း တတ်ခဲ့သည်။ သို့သော် ရှေ့နေရှေ့ရပ်တွေ၊ တရားသူကြီး တွေက သူတို့လင်မယားနားလည်သည့် ဘာသာစကားဖြင့် အမှုစစ်ဆေးကြားနာခြင်းမပြုကြပေ။
တရားသူကြီးတစ်ယောက်မှာ စပိန်စကား လုံးဝမပြောနိုင်။ ရှေ့ဖတ် စာရေးက ဟိုလူ့ ဘာသာပြန်ပေးရ၊ သည်လူ့ ဘာသာပြန်ပေးရနှင့်။ ကြာတော့ ဘယ်သူတွေက ဘာတွေပြောလို့ ဘယ်သူတွေအတွက် ဘာတွေ ဘာသာပြန်ပေးနေမိမှန်း မသိတော့ပေ။
နောက်ဆုံးတွင် တရားရုံးက ဂီဒီယန်ကို စာရွက်တစ်ရွက်တွင် လက်မှတ်ထိုးခိုင်းသည်။ ဂီဒီယန် စိတ်ရှုပ်ရှုပ်နှင့် ခေါင်းကို သွက်သွက်ခါပြီး သူ စာမတတ်ကြောင်း သူတို့ နားလည်အောင် ပြောပြ သည်။
နှာခေါင်းရှည်ရှည်နှင့် လူကြီးက စီရင်ချက်ကို ဖတ်ပြသည်။ ၄င်းစီရင်ချက်ကို လူသုံးယောက်က ဘာသာ သုံးမျိုးဖြင့် ဖတ်ပြသည်။ တရားရုံးတွင် သည်တစ်ခုပဲ အက်စသာ သေသေချာချာ နား လည်သည်။ လူသတ်မှု ထင်ရှား သဖြင့် ဂီဒီယန် အပ္ပဂျွန်းကို ကြိုးပေးသတ်စေ ဟူသည့် စီရင်ချက်။
အော်ဟစ် ငိုကြွေးကာ လက်နှစ်ဖက် ဆန့်တန်းပြီး ဂီဒီယန်ဆီသို့ အက်စသာ ပြေးသွားသည်။ အစောင့် တစ်ယောက်က လက်ကို ဖမ်းဆွဲထားလိုက်သည်။
" ဟေ့ ကလေးမ၊ ဒီလို မလုပ်ရဘူးလေ " ဂီဒီယန်က အလန့်တကြား အော်သည်။
" ဒီမယ် ကျုပ်ပြောတာ ခင်ဗျားတို့ နားမလည်ဘူးလား "
သို့သော် အစောင့်တွေက သူ့ကို ဘာမှ ဆက်ပြောခွင့်မပေးဘဲ ဆွဲခေါ်သွားကြသည်။
အက်စသာ အိမ်ပြန်လာသည်။ ခြေထောက်တွေက ခဲဆွဲထားသည့် အလား။ အိမ်ရောက်တော့ ကြမ်းပြင်ပေါ် တွင် ထိုင်ကာ ကလေးနှစ်ယောက်ကို ခေါ်လိုက်သည်။ သူ့တွင် ထပ်ငိုဖို့ အင်အား မရှိ တော့ပေ။ ထိုစဉ်အိမ်လိစာရေးရောက်လာပြီး လခတောင်းသည်။ ပေးရမည့်ရက်ထက် သုံးရက်ကျော်နေပြီ။ " ကျွန်မ မှာ ပေးစရာ တစ်ပြားမှမရှိဘူး " ခြောက်ကပ်ကပ်အသံဖြင့် အက်စသာ ပြောလိုက် သည်။ ရင်ထဲတွင် ဘာခံစားမှုမှ မရှိတော့ဘဲ အားလုံး သေသွားသည့် အလား။
အိမ်လခ စာရေးက သူ နောက်ထပ် မစောင့်နိုင်တော့ကြောင်း၊ မနက်ဖြန်မှ မပေးနိုင်ရင် လူကြီးရော ကလေးတွေ ပါ လမ်းပေါ် ဆွဲချမည် ဖြစ်ကြောင်း ရာဇသံပေးသွားသည်။
ကလေးတွေက ဆာလို့ ငိုနေကြပြီ။ ပြောင်းဆန်မှုန့် လက်ကျန်ကို ကပျာကယာ ကျိုပြီး ကျွေးလိုက် သည်။ ကလေးနှစ်ယောက်နှင့် အက်စသာ အိပ်ရာဝင်သည်။ အင်း … သူတို့အဖေ ကြိုးပေးခံရမည် ဆိုလျှင် သူတို့ ကလေးတွေ လမ်းပေါ် ရောက်တော့မည်ပေါ့။
မဖြစ်ဘူး၊ သည်လို အဖြစ်မခံနိုင်ဘူး။ ပြတ်သားသည့် အဆုံးအဖြတ်တစ်ခုကို အက်စသာ အခိုင် အမာ ချလိုက် သည်။ ငါ အသက်ရှင်နေသမျှ ကာလပတ်လုံး ငါ့ယောက်ျားရော ငါ့ကလေးတွေပါ ဒီလို အဖြစ် မခံနိုင်ဘူး။
ဂီဒိယန် ဘာပြောပြော သစ်ဖြူတောကို မနက်ဖြန် အရောက်သွားမည်။ အသက်သေချင် သေပေစေ။ မစ္စတာရှာရမီနှင့် မရရအောင် တွေ့ခွင့်တောင်းပြီး အကျိုးအကြောင်းကို ပြောမည်။
မနက်အစောကြီး ထသည်။ ရှိစုမဲ့စုပစ္စည်းတွေ ထုပ်ပိုးပြီး ကလေးနှစ်ယော်ကို ချီကာ လူလီတို့အိမ် သို့ ထွက်ခဲ့သည်။ နေရေးထိုင်ရေး အခက်အခဲအကြောင်း ပြောပြပြီး ကလေးနှစ်ယောက်ကို တစ်ရက်လောက် ထိန်းထားပေးပါရန် တောင်းပန်ထားခဲ့သည်။ လူလီက ဂီဒီယန်ကို ထောင်ဝင်စာ သွားတွေ့ခြင်း ဖြစ်မည်ဟု ထင်၏။
မြို့ပြင်သို့ ထွက်ခဲ့သည်။ မြို့ပြင် ရောက်သည်နှင့် သစ်ဖြူတောသို့ သွားရာ လမ်းကို ရှာပြီး လျှောက် တော့၏။ နေမှာ ထွက်လာပြီ ဆိုကတည်းက ပူတော့သည်။ မြင့်တက်လာလေ ပိုဆိုးလေ။
အက်စသာ အတတ်နိုင် ဆုံး သေသေသပ်သပ် ၀တ်စားလာသည်။ သို့သော် လမ်းပေါ် တွင် မြင်းရထား တစ်စင်း ဖြတ်မောင်းသွားတိုင်း ဖုန်လုံးကြီးတွေနှင့် ရောထွေး ကျန်ရစ်သည်။ မကြာခင် တစ်ကိုယ်လုံး မြင်မကောင်းရှုမကောင်း ဖြစ်ကုန်တော့၏။ ဆောင်းလာသည့် ဦးထုပ်ကလေး က ခေါင်းပေါ် မှ နေပူရှိန် ကို လုံးဝ မကာကွယ်နိုင်။ ခေါင်းတွေ ကိုက်လာသည်။
စိုက်ပျိုးရေးကမ္ဘာနှင့် အက်စသာ စိမ်းလှသည်။ တစ်ခါမှ ဒီဘက်ကို မရောက်ဖူးခဲ့။ ၀ါခင်းတွေ ထဲ က မောင်းထွက် လာသည့် ကပ္ပလီ မြင်းလှည်းသမား တစ်ယောက်ကို မေးလိုက်သည်။
" သစ်ဖြူတော က ဘယ်ဘက်မှာလဲ " သူက နှင်တံနှင့် ညွှန်ပြီး -
" ဟောဟိုဘက်မှာ " " တော်တော်ဝေးသေးလား " " အင်း … ဝေးတော့ ဝေးသေးတယ် " အက်စသာ လက်နှစ်ဖက် ကို တင်းတင်းဆုပ်လိုက်သည်။
" ရှင် အဲဒီဘက်ကို သွားမှာလား၊ ကျွန်မ လိုက်ခဲ့ပါရစေ "
" မသွားဘူးခင်ဗျ၊ ကျုပ်အလုပ်နဲ့ ကျုပ် အားလည်း မအားဘူး "
မြင်းကို တစ်ချက်ရိုက်ပြီး မောင်းထွက်သွားသည်။ အက်စသာ လမ်းဘေးတွင် ခဏထိုင်ချလိုက် သည်။ ခြေသလုံးတွေ တောင့်တင်းလာပြီ။ ပြန်မှ ထနိုင်ပါဦးမလား။ သို့သော် ကြိုးကြိုးစားစား အား တင်းပြီး ထသည်။
လမ်းက ၀ါခင်းတွေ ကို ကွေ့ကာပတ်ကာ ဖြတ်ဖောက်ထားသည်။ ၀ါခင်းတွေ ဆုံးတော့ ကြံခင်းတွေ ကို တွေ့ရပြန်သည်။ သည်ဘက်ရောက်တော့ သစ်တောများကို တစ်ကွက်တလေသာ တွေ့ရပြီး ဘယ်ကြည့်ကြည့် စိုက်ခင်းတွေချည်းမြင်ရသည်။
နောက် ကပ္ပလီတစ်ယောက်တွေ့တော့ သစ်ဖြူတောပိုင်ဖြစ်ကြောင်း၊ ဟိုးအဝေးက မြင်နေရသည့် အိမ်ဖြူဖြူကြီး မှာ သစ်ဖြူတောအိမ်ကြီးဖြစ်ကြောင်း ပြောပြသည်။
သစ်ဖြူတော အိမ်ကြီးမှာ လမ်းမနှင့် အဝေးကြီးဖြစ်သည်။ အိမ်ပတ်ပတ်လည်တွင် သစ်ပင်တန်း တွေနှင့်၊ ပန်းခြံတွေနှင့်။ အက်စသာ နောက်ပေါက်မှ ၀င်သွားပြီး ပန်းခြံကို ဖြတ်လျှောက်သွားသည်။ အိမ်ပတ်ပတ်လည် တွင် လူမည်းအိမ်စေတွေ လှုပ်လှုပ်ရွရွ အလုပ်လုပ်နေကြ၏။
နောက်ဖေးတံခါးကို ခေါက်လိုက်သည်။ တံခါးဖွင့်ပေးလာသည့် တံခါးမှူး ကောင်လေးကို " ငါ မစ္စတာရှာရမီ နဲ့ တွေ့ချင်တယ်" ဟု ခပ်တည်တည်ပြောလိုက်သည်။
ကောင်လေး က ချွေးတွေရွှဲပြီး ဖုန်တွေ အလိမ်းလိမ်းနှင့် တစ်ကိုယ်လုံး မည်းသည်းနေသည့် အမျိုး သမီး ကို ခြေဆုံးခေါင်းဆုံးကြည့်သည်။
" အစ်ကိုလေး မရှိဘူး၊ ကွင်းထဲ သွားတယ်၊ ဘာကိစ္စလဲ "
" ငါ သူနဲ့ တွေ့ချင်လို့ " အက်စသာ လျေကားလက်ရန်း ကို လှမ်းအားပြုထားလိုက်သည်။ ပင်ပန်းလှပြီ။ ခြေထောက်တွေ တဆတ်ဆတ် တုန်နေ၏။
မီးဖိုဆောင်ထဲ မှ ကပ္ပလီနှစ်ယောက်သုံးယောက်က သူ့ကို မထီမဲ့မြင် လှမ်းကြည့်နေကြသည်။ တစ်ယောက် က လှမ်းပြောသည်။
" မမလေးက သူတောင်းစားတွေ မလာရဘူး ပြောထားတယ် " အက်စသာ ချာခနဲ လှည့်ကြည့်လိုက် သည်။
" ဟဲ့ ငမည်းကောင်၊ နင့်ပါးစပ် ပိတ်ထားလိုက်စမ်း၊ ငါ မစ္စတာရှာရမီနဲ့ တွေ့ဖို့ ကိစ္စရှိလို့လာခဲ့တာ၊ မတွေ့ရ မချင်း ငါမပြန်ဘူး " တံခါးမှူး ကောင်လေးဘက်ကို ပြန်လှည့်ပြီး - " နင်တို့ အစ်ကိုလေး မရှိရင် အဘိုးကြီးကော မရှိဘူးလား၊ သူ့အဖေလေ " တံခါးမှူး ငမည်းလေးက ပခုံးတွန့်ပြီး -
" ကာလက် သခင်ကြီးဆုံးတာ နှစ်နှစ်ရှိပြီ၊ သခင်ကြီး နဲ့ ခင်ဗျား နဲ့ ဘာဆိုင်လို့လဲ "
" ဆိုင်တာပေါ့ဟဲ့၊ မစ္စတာရော်ဂျာရှာရမီနဲ့ ငါ တွေ့မှဖြစ်မယ်၊ လျှောက်လာရတာ ပင်ပန်းလှပြီ၊ ငါ့ယောက်ျား က သူ့ညီတော်တယ်၊ ငါ့ယောက်ျား ကြိုးပေးခံရတော့မယ့်ဆဲဆဲမို့ သူ့အစ်ကို မစ္စတာ ရှာရမီဆီ လာပြီး …. "
" ခင်ဗျား ခုထွက်သွား၊ လာဖြီးမနေနဲ့၊ မစ္စတာရှာရမီမှာ ညီလည်း မရှိဘူး၊ အစ်ကိုလည်း မရှိဘူး၊ သွား သွား၊ အဖြူ သူတောင်းစားမ "
" ခွေးသူတောင်းစား ငမည်းကောင် "
အက်စသာ ဒေါသတကြီး အော်လိုက်သည်။ ထိုစဉ် တံခါးဝသို့ အမျိုးသမီးတစ်ယောက် ရောက်လာ သည်။ အစ်စသာ ချက်ချင်း မှတ်မိလိုက်သည်။ ဆိပ်ကမ်းတွင် မစ္စတာရှာရမီနှင့် တွဲလာသည့် အမျိုး သမီး။ သည်လောက် လှသည့် အမျိုးသမီးဆိုလျှင် သဘောကောင်းရမည်၊ အကြင်နာတရား ရှိရ မည်ဟု အက်စသာ ခန့်မှန်းလိုက်သည်။
အမျိုးသမီး က နုနုရွရွကလေးဖြစ်၏။ ရွှေရောင်ဆံပင် အခွေကလေးများကို အပြာရောင်ဖဲကြိုးနှင့် ဖြီးချ ထားသည်။ အဖြူရောင် ပိုးဝတ်ရုံနှင့် လိုက်ဖက်လှသည်။ ကလေးငယ်တစ်ယောက်ကို လက်တွဲ ထား၏။
" ဟဲ့ … ဘာဖြစ်နေကြတာလဲ၊ နင်တို့အချင်းချင်း ရန်မဖြစ်ရဘူးလို့ ငါပြောထားတယ် မဟုတ်လား "
အမျိုးသမီး က ခုမှ အက်စသာ့ကို မြင်သွားသည်။ ဒေါသကြောင့် အက်စသာ့မျက်နှာမှာ တင်းမာနေ သည်။ " သူက ဘယ်သူလဲ " အမျိုးသမီးက မေးသည်။ တံခါးမှူးငမည်းကောင်လေးက ပခုံးတွန့်ပြီး -
" ဒီလိုပါ မမလေး၊ အဲဒီမိန်းကလေး က တံခါးကို တဒုန်းဒုန်း လာထုပြီး သူ့ယောက်ျား ကြိုးပေးခံရတော့ မယ့် အကြောင်း လာပြောပါတယ်။ စိတ်မနှံ့ဘူးထင်ပါတယ် မမလေး "
မာသာရှာရမီ က အစ်စသာကို တစ်ချက်ပြန်ကြည့်ပြီး မေးသည်။
" မင်း ဘာလိုချင်လို့လဲ "
သူ့အသံက အပေါ် အမြင့်ကြီးမှလာသည့် အသံမျိုး။ အက်စသာ ရှေ့တစ်လှမ်းတိုးလိုက်သည်။
" တစ်ဆိတ်ရှင်၊ မမက မစ္စက်ရှာရမီပါနော် "
" ဟုတ်ပါတယ်၊ မင်း ဘာအတွက် ဒီကို ရောက်လာတာလဲ "
အက်စသာ တောင်းတောင်းပန်ပန် ပြောသည်။
" မမနဲ့ ကျွန်မ ခဏကလေး စကားပြေပါရစေရှင်၊ ကျွန်မပြောတာကို ဒီငမည်းကောင်လေးက မယုံဘူး၊ ကျွန်မ မလိမ်ပါဘူး မမရယ်၊ ကျွန်မနာမည်အက်စသာအပ္ပဂျွန်းပါ၊ ကျွန်မယောက်ျားနဲ့ မမယောက်ျားဟာ ညီအစ်ကိုတော်ပါတယ်၊ ခု ကျွန်မ ယောက်ျားကို သူတို့ ကြိုးပေးတော့မလို့တဲ့ "
အမျိုးသမီး၏ မျက်လုံးတွေ မှေးစင်းသွားသည်။ နှုတ်ခမ်းကို တင်းတင်းစေ့ထား၏။
" ဘာ လာ အထဲလာ " သူတို့သားအမိနောက် မှ အက်စသာ ၀င်လိုက်သွားသည်။ ဧရာမ အခန်းကြီးတစ်ခန်းထဲ ရောက်သွား သည်။ အေးအေးမြမြ ရှိလှ၏။ အဖြူရောင် ခန်းဆီးတွေနှင့်။ နံရံတွင် ပန်းချီကားတွေ ချိတ်ထားသည် မစ္စက်ရှာရမီက ထိပ်တွင် ပန်းပွားတပ်ထားသည့် ကြိုးတစ်ချောင်းကို ဆွဲလိုက် သည်။ အိမ်ဖော်မ တစ်ယောက် ချက်ချင်းရောက်လာ၏။
" ကလေးကို ခေါ်သွားစမ်း၊ ငါ မခေါ်မချင်း ဘယ်သူမှ အခန်းထဲ မ၀င်စေနဲ့ "
အမျိုးသမီး က ကုလားထိုင်ကြီး တစ်လုံးတွင် ၀င်ထိုင်လိုက်သည်။ စားပွဲပေါ်တွင် ပန်းတွေ ဝေနေ သည့် ဧရာမ ပန်းအိုးကြီးတစ်လုံးရှိ၏။
မစ္စက်ရှာရမီ စကားစသည်။
" ကဲ … ဆိုပါဦး၊ မင်း ဘာတွေ ပြောနေတာလဲ "
ထိုင်ခွင့်မပေးဘဲ ကုလားထိုင်တစ်လုံးတွင် အက်စသာ ထိုင်ချလိုက်သည်။ ဆက်မရပ်နိုင်တော့ဘူးလေ။ အာခေါင်တွေ ခြောက်ကပ်ပြီး ရေဆာလှပြီ။ ဇာတ်လမ်းကို စ ပြော သည်။ သို့သော် ဟိုတစ်စ သည်တစ်စ ဖြစ်နေ၏။ အချိတ် အဆက် မမိ။ ပြတ်တောင်း ပြတ်တောင်း။ စကားလုံးတွေ စီစီ ညီညီ သီသီကုံးကုံး ထွက်လာခြင်း မဟုတ်။ မစ္စက်ရှာရမီက စားပွဲ ပေါ်တွင် မေးကို လက်နှင့် ထောက်ပြီး နားထောင်နေရာမှ -
" ကိုယ်တော့ မင်းကို နားမလည်နိုင်အောင်ဘဲ၊ မင်း တမင်တကာ ဒီကို ညာဖို့ ရောက်လာတာလား၊ ဒါမှမဟုတ် မင်း စိတ်မမှန်လို့လား " " မဟုတ်ဘူး၊ အဲဒီနှစ်ခုလုံး မဟုတ်ဘူး " ပြီးမှ လေသံကို လျှော့ချပြီး - " တစ်ဆိတ် မမရယ်၊ သေသေချာချာ နားထောင်ပါရှင်၊ ဒါထက် မမယောက်ျားက ဆိပ်ကမ်းရပ်ကွက်မှာ သူ့ အမေ နောက်အိမ်ထောင်ပြုတဲ့အကြောင်း မမကို ပြောမပြဘူးလားဟင်၊ ဆိပ်ကမ်းအလုပ်သမား တစ်ယောက်နဲ့လေ " မစ္စက်ရှာရမီက ပန်းအိုးထဲမှ နှင်းဆီပန်းတစ်ပွင့်ကို ရွှေ့စိုက်လိုက်သည်။
" ကိုယ့်ယောက်ျားက သူ့အမေအကြောင်း သိပ်မသိဘူး၊ သူ့အမေ ဆိပ်ကမ်းရပ်ကွက်က လူတစ်ယောက် နဲ့ နောက်အိမ်ထောင်ပြုတဲ့အကြောင်းတော့ သဲ့သဲ့ကြားဖူးတယ်။ ဒါပေမဲ့ မင်းယောက်ျားက သူ့သား ပါဆိုတာ ဘယ်လိုလုပ်ပြီး သိနိုင်မလဲ။ သိတယ်ပဲ ထားပါဦး၊ ကိုယ်က ဘာလုပ်ပေးနိုင်မှာလဲ "
" အစ်မ ရဲ့ အကူအညီ လိုနေလို့ပါရှင် "
အက်စသာ က လေသံဖြင့် ပြောလိုက်သည်။ မစ္စက်ရှာရမီက ညင်သာစွာ ပြုံးလိုက်ပြီး -
" မိန်းကလေးရယ်၊ ဘယ်လိုလုပ်ပြီး တို့ ကူညီနိုင်မှာတုံး၊ စိတ်မကောင်းပါဘူးကွယ်၊ မင်းယောက်ျားက လူတစ်ယောက် ကို သတ်တယ် ဆိုတော့ တရားဥပဒေအရ အပြစ်ခံရမှာပေါ့၊ တို့ ဘာလုပ်လို့ ရမှာလဲကွယ်၊ ကျန်ခဲ့မယ့်မင်း နဲ့ မင်းကလေးတွေ အတွက်တော့ …. " စားပွဲထဲမှ ပိုက်ဆံအိတ်ကို နှိုင်ယူပြီး - " မင်း အလုပ်အကိုင်မရခင် စားဖို့ သောက်ဖို့အတွက် နည်းနည်းပါးပါးပေး လိုက်မယ် "
အက်စသာ လေးကန်စွာ ထ ရပ်သည်။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး - " ရှင်ဟာ ကျွန်မ တွေ့ဖူးသမျှ မိန်းမတွေထဲမှာ အယုတ်မာဆုံးပဲ " မစ္စက်ရှာရမီက ပိုက်ဆံအိတ်ကို ကမ်းပေး ရင်း ချော့ချော့မော့မော့ လုပ်သည်။ " ရော့ ယူပါကွယ်၊ ပြီးရင် သွားတော့နော် "
ပိုက်ဆံအိတ် ကို လှမ်းယူပြီး ကြမ်းပြင်ပေါ်သို့ လွှင့်ပစ်လိုက်သည်။ " ကျွန်မ မသွားဘူး၊ ပိုက်ဆံလိုချင်လို့ ကျွန်မ လာခဲ့တာ မဟုတ်ဘူး၊ ကျွန်မယောက်ျား ထောင်က လွတ်ရင် ကျွန်မတို့ သားအမိတစ်တွေကို သူ ကျွေးနိုင် တယ်၊ ကျွန်မ လိုချင်တာက မမတို့ အနေနဲ့ သက်ဆိုင်ရာကို သွားရှင်းပြဖို့ပဲ၊ ကျွန်မ အဖေကို သူ ဓားနဲ့ ထိုးတာက မူးမူးရူးရူး နဲ့ သမီးကလေးကို ခြေထောက်နဲ့ ကန်လို့ စိတ်လိုက်မာန်ပါ လုပ်မိတာ "
မစ္စက်ရှာရမီ သက်ပြင်းချသည်။
" ဒါဆို တရားရုံးကို မင်းဘာသာမင်း ဘာလို့ ရှင်းမပြလဲ "
" ကျွန်မ ရှင်းပြဖို့ ကြိုးစားတယ်၊ သူတို့နားလည်အောင် ဘယ်လိုမှ လုပ်လို့မရဘူး၊ သူတို့က တရားခံ နားမလည်တဲ့ စကားလုံးတွေနဲ့ ဒွတ်ဒတ်ရွှတ်ရှက်လုပ်ပြီး တစ်ဖက်သတ် သေဒဏ်ပေးလိုက်တာရှင့်၊ မမတို့အနေ နဲ့ တရားသူကြီးကို သွားပြောပြရင် သူတို့ လက်ခံမှာပါ " " တို့က လူသတ်မှုကိစ္စမျိုးနဲ့ ရုံးပြင် ကနား မသွားဖူးဘူးကွယ့် "
ဘာမှ နားမလည်သည့် ကလေးတစ်ယောက်ကို ပြောသလို ရှင်းပြနေသည်။ ပိုက်ဆံအိတ်ကို သွား ကောက်ယူပြီး -
" ရော့်ပါ၊ ယူပြီး မင်း သွားပါတော့၊ မင်း ဒီလို အော်ဟစ်နေလို့ ဘာမှ ကြောင်းထူးမှာ မဟုတ်ဘူး "
" မသွားဘူး၊ မစ္စတာရှာရမီ နဲ့ မတွေ့ရမချင်း ကျွန်မ မပြန်ဘူး၊ ဘယ်လိုမှ မသွားဘူး "
" မင်း သွားရမှာပေါ့ကွယ် "
မစ္စက်ရှာရမီက အေးအေးကလေး ပြန်ပြောသည်။ ရင်ထဲမှ ဒေါသကို မျိုသိပ်ပြီး ယဉ်ကျေးမြဲ ချိုသာ မြဲ။ သည်လို မိန်းမမျိုး အက်စသာ တစ်ခါမျှ မမြင်ဖူးခဲ့။ ပြီးတော့ ဆက်ပြောသည်။
" မင်း ဒီလို ရိုင်းစိုင်းနေမယ် ဆိုရင်တော့ ကိုယ့်အနေနဲ့ အစေခံတွေကိုခေါ်ပြီး ဆွဲထုတ်ခိုင်းရလိမ့်မယ်၊ ကဲ … မင်း အေးအေးဆေးဆေး သွားမလား "
သူ့လက်က နံရံတွင် တွဲလောင်းကျနေသည့် ကြိုးဆီသို့ ရောက်သွားသည်။ သူ့လက်လှုပ်ရှားမှုကို အက်စသာ ရိပ်ခနဲ မြင်လိုက်သလို။ မစ္စက်ရှာရမီ၏ အကြင်နာကင်းသည့် မျက်နှာမှာ ဝေးသွားလိုက်၊ နီးလာလိုက်နှင့် လေထဲမှာ လွင့်မျောသွားသလို စိတ်ထဲ ခံစားရ၏။ နောက်ဆုံးတွင် လဲကျသွားသည်ကို သိလိုက်၏။ သို့သော် ဘယ်လိုမှ မထိန်းနိုင်တော့။
မျက်စိ ဖွင့်ကြည့်လိုက်သည်။ အပြာရောင် အိပ်ရာခင်းနှင့် ရှင်းရှင်းသန့်သန့် အိပ်ရာ တစ်ခုပေါ်သို့ ရောက်နေကြောင်း သတိထားလိုက်မိ၏။ ခုတင်ခြေရင်းတွင် မစ္စတာရှာရမီကို ရပ်လျက် သား တွေ့ ရ၏။ သူ့မိန်းမက နံဘေးတွင် ထိုင်လျက်။ မစ္စတာရှာရမီမှာ ဂီဒီယန်နှင့် တူသလိုလို ရှိသည်။ နှာတံ ကျပုံနှင့် မျက်ခုံးတွေမှာ တထေရာတည်း။
" ကဲ … ဆက်ပြောလေ၊ အဲဒီတော့ မင်း ဘာလုပ်သလဲ "
မစ္စတာရှာရမီ သူ့မိန်းမ ကို စစ်ဆေးနေဟန်တူ၏။ " ဘာမှ မလုပ်ပါဘူး၊ အစေခံတွေခေါ်ဖို့ ကြိုးကိုဆွဲမယ် လုပ်တုန်း သူ မေ့လဲသွားတာပဲ " ရော်ဂျာရှာရမီ ခုတင်တိုင်ကို တင်းတင်းဆုပ်ထားလိုက်သည်။ ပြီးမှ ခပ်လေးလေး ပြောသည်။ " မင်းမှာ အဲဒီလို အသည်းနှလုံးမျိုး ရှိလိမ့်မယ်လို့ ကိုယ် လုံးဝ မထင်ခဲ့ဘူး မာသာ " " သြော် … ရော်ဂျာကလဲကွယ်၊ ဒုက္ခပါပဲ၊ ဒီကိစ္စကြောင့် ရှက်စရာတွေ ကြုံခဲ့ပြီးပြီ၊ စာမတတ်တဲ့ ရာဇ၀တ်သား တစ်ယောက်နဲ့ ရှင် ညီအစ်ကို တော်တယ်ဆိုတာ လူသိရှင်ကြား ၀န်ခံမလို့လား၊ ရှင့်ရဲ့ သစ်ဖြူတော မှာ ဒီလိုဟာတွေ တရုန်းရုန်းနဲ့ အဖြစ်ခံတော့မလား"
ရော်ဂျာရှာရမီ သက်ပြင်းချပြီး အစ်စသာကို တစ်ချက်ငဲ့ကြည့်သည်။
" ဟော … ဟော သတိရလာပြီထင်တယ်၊ သွား သွား ကောင်မလေးတစ်ယောက်ကို ဘရန်ဒီ ယူခဲ့ ခိုင်းစမ်း " ခုတင်နံဘေးတွင် ရော်ဂျာ ၀င်ထိုင်သည်။ စကားလုံးများဖြင့် ဖော်ပြနိုင်စွမ်း မရှိသော ကျေးဇူးတင် ခြင်းမျိုးဖြင့် အက်စသာ လှမ်းကြည့်လိုက်သည်။
ရော်ဂျာရှာရမိ သည် ဝေခွဲမရ ဖြစ်နေ၏။ အမျိုးသမီးကို ကျွေးမွေးပြီး အနားယူခိုင်းထားသည်။ သူ ပြောလာ သည့် ဇာတ်လမ်းမှာ အမှန်တွေချည်းဖြစ်ကြောင်း စိတ်ထဲက သိနေ၏။ အမေ့အကြောင်းကို အဖေ့ ထံမှ များများစားစား မသိခဲ့ရပေ။ အမေသေပြီးနောက် သူ့ကလေးတွေကို အဖေရှာချင်တယ် ဆိုရင် တွေ့အောင် ရှာဖို့ကောင်းသည်ဟု ရော်ဂျာ တွေးနေ၏။
တစ်ချက်တော့ မာသာ့တွက်ကိန်းမှန်နိုင်သည်။ ဒီကိစ္စ လူသိရှင်ကြားဖြစ်သွားလျှင် သိက္ခာ ကျစရာတွေဖြစ်လာမည်မုချ။ သို့သော် အက်စသာ့ဘက်မှလည်း တရားသဖြင့် ဖြစ်အောင် ရပ်တည် ပေးချင်နေ သည်။
ဂီဒီယန်အပ္ပဂျွန်းသည် ဒိုလားရက်စ်၏သား ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အက်စသာ ပြောသည့် ပုံ သဏ္ဍာန်ဖြင့် လူသတ်မှု ဖြစ်ခဲ့သည်ဆိုလျှင်တော့ သေဒဏ်ကျခံဖို့ မစီရင်သင့်ပေ။ မာသာ့ကိုလည်း ဒီ အတိုင်း ပြောပြထားသည်။
" ဒုက္ခရောက်နေ တဲ့ လူတစ်ယောက်ကို ကူညီတာနဲ့ မင်း ဒါလောက် သောကပွားနေဖို့ မလိုဘူး မာသာ"
မာသာ က မျက်ရည်လျှံနေသည့် မျက်လုံးများဖြင့် မော်ကြည့်ပြီး တိုးတိုးကလေး ပြန်ပြောသည်။
" ရော်ဂျာရယ် မာသာအတွက် မဟုတ်ပါဘူး၊ သားလေး စီရယ် အတွက် ရှေ့ရေး ကို တွေးပြီး ပြောနေ ရတာပါ "
" စီရယ်နဲ့ ဘာဆိုင်လို့လဲ " ရော်ဂျာက နားမလည်သလို ပြန်မေးလိုက်သည်။ မာသာက သူ့ပေါင်ပေါ် ၀င်ထိုင်ပြီး သိုင်းဖက်လိုက် သည်။
" ဆိုင်တာပေါ့ကွယ်၊ သူတို့တွေနဲ့ အမျိုးစပ်မိရင် ဘာဖြစ်လာမယ်ဆိုတာ ရော်ဂျာ မတွေးမိဘူးလား ဟင်၊ လမ်းမှာ တွေ့တိုင်း ဒီမိန်းမက မွေးတဲ့ ပေါက်လွှတ်ပဲစားလေးတွေက သားလေးကို "ဟဲလို ညီလေး၊ ဟဲလို အစ်ကိုလေး " နဲ့ လိုက်နှုတ်ဆက် ရင် ဘယ့်နှယ်လုပ်မလဲ၊ မိန်းမတွေက အတင်းပြော ဆိုးက ဆိုးပါဘိနဲ့၊ သားလေး အတွက် ကြည့်ပြီး ဒီကိစ္စမှာ မပါဖို့ ပြောနေတာပါ ရော်ဂျာ၊ မာသာရဲ့ တစ်ဦးတည်းသော သားကလေး အတွက်လေ "
မာသာက ပြောပြောဆိုဆို ယောက်ျားနှင့် ပါးချင်းအပ်ထားလိုက်သည်။ မာသာ မျက်ရည်ခံ ထိုးလျှင် ရော်ဂျာ ပျော့ကျသွားသည်ချည်း။ သို့သော် သည်တစ်ကြိမ်တော့ တင်းခံရတော့မည်။
" မာသာ ရယ်၊ လူတစ်ယောက်ရဲ့အသက် ကယ်မယ့်ကိစ္စမှာ မင်းက ကိုယ့်ကို ၀င်တားနေတယ်နော်၊ မသေသင့် တဲ့ လူတစ်ယောက် လည်ပင်းကြိုးကွင်းစွပ်ပြီး အသတ်ခံရမှာကို ကိုယ် လက်ပိုက် ကြည့် နေရ မှာလား၊ ကိုယ့်ဘက်က ကာကွယ် လျှောက်လဲချက်တောင် ကောင်းကောင်း မပေးလိုက်ရဘဲ တစ်ဖက်သတ်ချ တဲ့ စီရင်ချက်လေ "
" သူ့အပြစ် နဲ့ သူ သွားတာပဲ၊ ရှင့်တာဝန် တစ်ပြားသားမှ မရှိပါဘူး ရော်ဂျာရယ် "
ပါးပြင်တွင် မျက်ရည်တွေ တလိမ့်လိမ့်ကျရင်း မာသာ တောင်းပန်ပြန်သည်။
" မစ္စအပ္ပဂျွန်း က မင်းကို သူတို့ နေရေးထိုင်ရေး ဒုက္ခရောက်တဲ့အကြောင်း ထည့်ပြောသေးလား "
" သူ့ကို ပိုက်ဆံပေးသားပဲ "
" အဲဒီရပ်ကွက် က အိမ်ခန်းတွေက မင်းတို့ပိုင်တွေ မဟုတ်လား မာသာ "
" ဟုတ်တယ်လေ၊ အဲဒီ ရပ်ကွက်လုပ်ထားတဲ့ မြေတွေကိုက မာသာတို့ မြေတွေပဲ၊ လခမပေးနိုင်တဲ လူတွေ အတွက် ဘာလုပ်ပေးနိုင်မှာလဲ၊ မာသာ့အပြစ်လား " " သြော် မိန်းမရယ်၊ မင်းအပြစ်တော့ မဟုတ် ဘူးပေါ့၊ ဒါပေမဲ့ ကိုယ်သာ အဲဒီရပ်ကွက်ပိုင်ရှင် ဖြစ်ရင် လခမှန်မှန်ရရေး တစ်ခုတည်း မဟုတ်ဘဲ အိမ်ငှားတွေ ကောင်းကောင်းမွန်မွန် နေရရဲ့လား၊ မျှမျှတတ ရှိရဲ့လားဆိုတာ စိတ်ဝင်စားမှာပဲ၊ ဘာပဲပြောပြော ဂီဒိယန်အပ္ပဂျွန်းဟာ ကိုယ့် မအေတူဖအေကွဲ ညီအစ်ကိုဖြစ်နေပြီ၊ သူ့အသက်ကို ကိုယ် မကယ်လိုက် ရရင် တစ်သက်လုံး စိတ်ချမ်းသာနိုင်တော့မှ မဟုတ်ဘူး မာသာ "
" အမေတူ ညီအစ်ကို ဟုတ်တယ်ပဲ ထားပါဦး၊ ရှင့်တာဝန်မှ မဟုတ်တာ၊ ရှင့်တာဝန်က သားကလေး စီရယ်ရှင့်။ စီရယ်ဟာ ဒီလို သွေးမျိုးနဲ့ စပ်တယ်ဆိုပြီး တစ်သက်လုံး လူတောထဲ မတိုးနိုင်အောင် ဖြစ်မယ့်အရေးကို ရှင် မစဉ်းစားဘူးလား ရော်ဂျာ၊ ကျွန်မတော့ မခံနိုင်တော့ဘူး "
မျက်နှာ ကို လက်ဝါးနဲ့အုပ်ပီး တရှုပ်ရှုပ် ငိုပြန်သည်။
ရော်ဂျာ စိတ်ပျက်လက်ပျက်နှင့် ထွက်လာခဲ့၏။ ကြံရာမရ ဖြစ်ပြီး ၀က်သစ်ချမြိုင်သို့ မြင်းလှည်းတစ်စီး လွတ် လိုက်သည်။ အန်တီဂျူးဒစ် ဆီကို စာတစ်စောင် ရေးပေးလိုက်၏။ အရေးကြီးလွန်းသဖြင့် အန်တီဂျူးဒစ် အမြန်ဆုံး လိုက်လာပါဟု ရေးလိုက်သည်။ အမေ့အကြောင်းကို ပိုသိသည့် အန်တီဂျူးဒစ်နှင့် တိုင်ပင် မှ ဖြစ်တော့မည်။
ဂျူးဒစ် နေမ၀င်မီ ရောက်လာသည်။ နောက်မှ မိန်းကလေးတစ်ယောက်က စက္ကူဖာတစ်ခုကို ကိုင်လျက် လိုက် လာသည်။
" ည၀တ်အင်္ကျီပါ ယူလာခဲ့တယ်၊ အန်တီဂျူးဒစ် မပြန်တော့ဘူးလေ၊ သိပ်မှောင်မှာစိုးလို့၊ ကဲ … ဘာများ လဲ သားရယ်၊ မထိတ်သာ မလန့်သာ အန်တီဂျူးဒစ် ရင်တွေတုန်လိုက်တာ "
ရော်ဂျာ ခုမှ ရယ်နိုင်သည်။ ရင်ထဲတွင် ပေါ့သွား၏။ အန်တီဂျူးဒစ်ကို မြင်လိုက်ရသည်နှင့် ပြဿနာ တစ်ဝက် အေးသွားသလို စိတ်ထဲ ထင်လိုက်၏။ မာသာကို အန်တီဂျူးဒစ် သိပ်သဘောမတွေ့ကြောင်း ရော်ဂျာ သိသည်။ ထို့ကြောင့် မိမိနှင့် မာသာ သဘောကွဲနေသည့် ကိစ္စကို ပြောပြရမှာ မရွံ့မရဲဖြစ်နေ သည်။ အန်တီဂျူးဒစ်က မာသာ့မျက်ရည်ကို အလေးထားမည် မဟုတ်။ ဂီဒီယန်အပ္ပဂျွန်းကို ကာကွယ်ဖို့ မဲပေးလိမ့်မည် ဟု စိတ်ထဲက သိနေ၏။
ဧည့်ခန်းထဲတွင် ထိုင်မိသည်နှင့် -
" ဒီလိုပါ အန်တီဂျူးဒစ်၊ အန်တီဂျူးဒစ်ရဲ့ သြ၀ါဒကို လိုချင်လို့ပါ၊ ကျွန်တော့်အမေကို အန်တီဂျူးဒစ် သိ တယ်နော် "
" အင်း … သိပ်သိတာပေါ့၊ ဒီဇာတ်လမ်း တစ်ပတ်ကျော့လာလိမ့်မယ်လို့ အန်တီဂျူးဒစ် ထင်သားပဲ၊ ဘယ်လိုဖြစ်တာ လဲ ရော်ဂျာ "
သစ်ဖြူတော ကို အက်စသာ ရောက်လာပုံနှင့် ဇာတ်လမ်းစုံကို ပြောပြလိုက်သည်။
" သြော် ဂီဒီယန်အတွက်လည်း ချမ်းသာခွင့်ရပြီး မာသာလည်း စိတ်ကျေနပ်အောင် အန်တီဂျူးဒစ်က ညှိပေး ရမယ် ဆိုပါတော့ " " ဟုတ်ကဲ့ပါ အန်တီဂျူးဒစ်၊ ဂီဒီန်အပ္ပဂျွန်းဟာ တကယ်ပဲ ကျွန်တော့် ညီလားဟင် " " ဟုတ်တယ် ရော်ဂျာ "
ဂျူးဒစ် ခဏ တွေနေသည်။ ပြီးမှ -
" အဲဒီကောင်မလေးဘယ်မှာလဲ "
" ဒီမှာရှိတယ် အန်တီဂျူးဒစ်၊ သိပ်အားနည်းနေတယ်၊ ဒီနေ့ ပြန်ပို့လို့ မဖြစ်ဘူး၊ ကျွန်တော် နဲ့ အေးအေးဆေးဆေး စကားပြောပြီးပါပြီ၊ သူလိုချင်တာကတော့ ဂီဒီယန်ကို ကယ်ဖို့ပါပဲ၊ ကျွန်တော် တော့ တတ်နိုင်သလောက် လုပ်ပေးချင်တယ် အန်တီဂျူးဒစ်၊ မာသာကြောင့် ခက်နေတယ် "
ဖယောင်းတိုင် မှ လွင့်တက်နေသည့် မီးခိုးငွေ့ငွေ့လေးများကို ဂျူးဒစ် စိုက်ကြည့်နေသည်။
" လုပ်ချင်တယ်ဆိုရင် လုပ်ပေးလိုက်ပေါ့ ရော်ဂျာ၊ မင်း မာသာနဲ့လည်း အချင်းမများချင်ဘူး မဟုတ်လား၊ အန်တီ ဂျူးဒစ် သိနေ တယ်လေ၊ မာသာနဲ့ အန်တီဂျူးဒစ် တစ်ယောက်နဲ့တစ်ယောက် အမြင်ချင်း သိပ်မတူကြဘူး ဆိုတာ ဖုံးမထားချင်ပါဘူး၊ ဒါကြောင့် အန်တီဂျူးဒစ် ဒီလိုပြောတာ မဟုတ်ပါဘူး၊ တကယ်က လင်နဲ့မယား အမြဲတမ်း အမြင်ချင်း မတူတာဟာ ဒုစရိုက်ပြစ်မှု မဟုတ်ပါဘူး ရော်ဂျာ။
" ဂီဒိယန် အတွက် အကောင်းဆုံး ရှေ့နေတစ်ယောက်ငှားပြီး အယူခံဝင်ပေးလိုက်၊ ဘာပြုလို့ ဒီလို လုပ်တယ် ဆိုတာ သိချင်တဲ့လူတွေကို ခိုကိုးရာမဲ့ ဂီဒီယန်ရဲ့မိန်းမ သစ်ဖြူတောလာပြီး အကူအညီ တောင်းလို့ သနားသောအားဖြင့် လူမှုရေး အကူအညီပေးတာလို့ ပြော၊ အပ္ပဂျွန်းဆိုတဲ့ နာမည် ဟာ မာသာတွေးကြောက်နေ သလို ဧည့်ခန်းဆောင် အတင်းအဖျင်းတွေ ဖြစ်လာလောက်အောင် စိတ်မ၀င်စားကြ ပါဘူး ရော်ဂျာ "
" ကျေးဇူးတင်လိုက်တာ အန်တီဂျူးဒစ်ရယ်၊ ဒါဆို မာသာလည်း ဘာမှ ကန့်ကွက်နိုင်တော့မှာ မဟုတ်ဘူး "
ရော်ဂျာ ၀မ်းသာအားရ ပြောလိုက်သည်။
နောက်တစ်နေ့ မနက်တွင် အက်စသာကိုတွေ့ပြီး ဂျူးဒစ် စကားပြောသည်။ မြို့ထဲ လိုက်သွားပြီး သူတို့ သားအမိ တစ်တွေအတွက် အိမ်ကောင်းကောင်းလေး တစ်လုံး ငှားပေးလိုက်သည်။ အိမ်လခ တစ်နှစ်စာ ကြိုပေး ထားခဲ့၏။
ရော်ဂျာ က နာမည်ကျော် ရှေ့နေကြီးတစ်ဦးငှားပြီး အယူခံဝင်သဖြင့် ဂီဒီယန် ကွင်းလုံးကျွတ် လွတ် သွား သည်။ ရော်ဂျာသည် လုပ်သင့်လုပ်ထိုက်သည့် အလုပ်တစ်ခုကို မင်္ဂလာတရားနှင့်အညီ လုပ် ပေးလိုက်ရသဖြင့် အမှုမပြီးခင် ကြည်နူးနေသည်။ သို့သော် ဂီဒီယန်အပ္ပဂျွန်းကိုမူ လူကိုယ်တိုင် သွား မတွေ့တော့ပေ။ ရှေ့နေခ ကို နင့်နေအောင် ပေးလိုက်ရ၏။ မာသာက သူ့ယောက်ျားလို နှလုံး သားပိုင်ရှင် မျိုး ရှားမှရှားကြောင်း ပြောတော့ ဂျူးဒစ်က "မှန်တာပေါ့ကွယ်၊ မှန်တာပေါ့ "ဟု ထောက်ခံ စကား ဆိုလေသည်။ မာသာက ဒီစကားကို လူမမာဘ၀ဖြင့် ပြောနေခြင်းဖြစ်သည်။ ဂီဒီယန်အပ္ပဂျွန်းကို အကာအကွယ်ပေးမည် ဟု ဆုံးဖြတ်လိုက်ကြောင်း ရော်ဂျာပြောသည့် နံနက်မှ စပြီး မာသာ အိပ်ရာထဲ လဲတော့ ၏။
အမှုမပြီးမချင်း လုံးဝ မထနိုင်တော့ပေ။ ရော်ဂျာ အလွန်အမင်း စိတ်ပူသွားသည်။ မာသာ၏ ကျန်းမာရေး သည် မြင်းပျိုမ တစ်ကောင်လို ဒေါင်ဒေါင်မြည် ဖြစ်သည်။ သို့သော် ယခုမူ အိပ်ရာထဲတွင် ဗုန်းဗုန်းလဲကာ လူမမာ လုံးလုံး ဖြစ်နေပြီး နှင်းဆီပန်းနံ့ ရှူလျှင် သက်သာသလို ရှိသည်ဆို၍ ရင်ခွင်ထဲ တွင် နှင်းဆီပန်းပွင့်တွေ မပြတ်ခူးထည့် ထားပေးရသည်။
" ဒါလောက် စိတ်ဆင်းရဲစရာ အဖြစ်မျိုးနဲ့ ကြုံမျမကြုံဖူးဘဲကွယ်၊ ဒီလို ဖြစ်သွားတာ အံ့သြစရာ မရှိပါဘူး" ဟု တိုးတိုးကလေး ပြောလေ့ရှိသည်။
ဤသို့ဖြင့် တော်တော်နှင့် နာလန်မထူသောအခါ နယူးအော်လီယန်းမှဆရာဝန်ကြီးတွေပင့်ပြီး ပြကြည့် ရတော့ သည်။ ဆရာဝန်ကြီးများက စမ်းသပ်ကြည့်ရှုပြီး စိတ်ကျရောဂါတစ်မျိုးဖြစ်ကြောင်း၊ သည်ရောဂါ မှ တစ်ဆင့် သွေးသွန်လာနိုင်ကြောင်းများကို ရှင်းပြသည်။ သွေးသွန်မည် ထင်သည့်နေ့ တွင် အန်တီဂျူးဒစ် လာနေပေး ဖို့ အခေါ်လွှတ်ရပြန်သည်။ ဂျူးဒစ် အောင့်သက်သက်နှင့် လိုက်သွား ရပြန်၏။ အေမီလီ ကိုပါ ခေါ် သွားသည်။
အေမီလီကတော့ စိတ်ကျရောဂါအကြောင်း ဘာမှမသိပေ။ တစ်ခါမှလည်း စိတ်ဓာတ် မကျဖူး ခဲ့။ အေမီလီ သည် မာသာလောက် မလှသော်လည်း မာသာထက် လူချစ်လူခင် ပေါလေသည်။
ဂျူးဒစ် က အိပ်ရာနံဘေးတွင် ထိုင်ပြီး မာသာ့လက်ကို ကိုင်ထားသည်။ သွေးသွန်ပြီးတော့ မာသာ ပျော့ခွေ ကာ အိပ်ပျော်သွားသည်။ အိပ်ပျော်နေသည့် မျက်နှာကလေးမှာ ဖြူဖွေးကာ လှမြဲ လှနေ ၏။ ရော်ဂျာ ကို အိပ်ရာနံဘေးတွင် တစ်လှည့်ထိုင်စောင့်စေပြီး ဂျူးဒစ် ထ လာသည်။ ဧည့်ခန်း ထဲ တွင် အေမီလီ ထိုင်နေ သည်။
" ရော့ … မေမေ့အတွက် ၀ိုင်တစ်ခွက်၊ မေမေ သောက်ဖို့ လိုတယ်လေ "
" ဟုတ်တယ် သမီး၊ သိပ်လိုတာပေါ့၊ သနားပါတယ်ကွယ်၊ ညည်းရင်း အိပ်ပျော်သွားရှာတယ် "
" အင်းလေ ခံစားနေရမှာပေါ့၊ သမီးတို့ အိမ်ပြန်ကြရအောင်နော် "
" မေမေ တို့ နောက်ထပ် လာဖို့ လိုဦးမလား မသိဘူး "
အေမီလီ က ပခုံးတွန့်ပြီး -
" သူ တစ်ညလုံး အိပ်မှာပါ၊ နောက်ဆိုရင် ရော်ဂျာတစ်ယောက် ဘယ်အောက်တန်းစားနဲ့မှ ပတ်သက်ရဲတော့ မှာ မဟုတ်ဘူးနော် မေမေ "
ဆက်ရန်
.

No comments:
Post a Comment