Monday, April 9, 2012

တင်မောင်မြင့် ၏ နွေကန္တာ, အပိုင်း (၂၂)

ကွင်းထဲ သို့ ဘန်နီ ပြန်ပြေးထွက်သွားသည်ကို ဂျူးဒစ် စောင့်ကြည့်နေသည်။ ပြီးတော့ တိုင်တစ်တိုင်ကို ကိုင်ပြီး နဖူးနှင့် မှေး ထားလိုက်ရ၏။ ဘန်နီ့ကို ရင်ထဲက ဝေဒနာဆိုတာ ကြာရင် ထုံ သွားတတ်တယ် ဟု မယုံကြည်ဘဲနှင့် ပြော လိုက်ခြင်းဖြစ်၏။ ကိုယ်တွေ့ပဲလေ၊ သည် ကလေးနှင့် ဘယ်တော့ မှ ပြန် မတွေ့ချင်တော့။ ကို ဆက်ဖတ်ရန်.........

အိမ်စေတစ်ယောက် အိမ်မကြီးကိုပတ်ပြီး နောက်ဖေးဘက်သို့ လျှောက်လာနေသည်။ ဦးထုပ်ကို လက်နှစ်ဖက်နှင့် ချွတ်ကိုင်ပြီး အရိုအသေပြုသည်။
ဂျူးဒစ် အိမ်ထဲ ၀င်ခါနီးဆဲဆဲဖြစ်၏။
" ဘာလဲဟဲ့ "
" ဟိုလူဖြူအမျိုးသမီး က မမလေးပို့ခိုင်းတဲ့ ပိတ်စတွေကို ပြန်ယူသွားခိုင်းတယ် ခင်ဗျ "
" သူက ဘယ်လိုပြောလဲ "
" မလိုတော့ဘူးတဲ့၊ ကလေးလည်း သေသွားပြီတဲ့ "
" ဟယ် ဒုက္ခပါပဲ "
မြန်ဆန်လွန်း လှပါကလား။ သည်ငန်းဝါဖျားသည် ကလေးများ၏ ခန္ဓာကိုယ် တစ်ခုမှ တစ်ခုသို့ တစ်မု ဟုတ်ချင်း ကူးစက်နေလေသည်။

" ဒါပေမဲ့ ကျွန်တော် အတင်းထားပစ်ခဲ့တယ် မမလေး၊ ကလေးရဲ့ အလောင်းကို ပတ်ဖို့တော့ အသုံး ကျမှာပါ "
" အေး နင်ပြောတာ ဟုတ်တယ် "
အိမ်ထဲကို ပြန်ဝင်ခဲ့သည်။ ဧည့်ခန်းမှ ဖယောင်းတိုင်မီးရောင်သည် စင်္ကြလမ်းများပေါ်တွင် ရေးရေးမျှ အရောင် ဟပ်လေသည်။ အလို … ဖီးလစ် အော်ခေါ်နေသံပါလား။ သူ့ကို လုံးဝမေ့နေခဲ့သည်လေ။ ခုထက်ထိ အခန်းထဲမှာ အောင်းနေရှာတယ်။ သူ့ကို တစ်ညလုံးများ အခန်းထဲမှာ အပြစ်ပေးထားမယ် ထင်နေ လား မသိ။ ထမင်းစားခန်းထဲမှ ဖယောင်းတိုင်တစ်တိုင်ကို အပြေးအလွှား ဆွဲယူပြီး သူ့အခန်းထဲ သို့ ၀င်သွားသည်။

" မေမေ လာပြီ သား၊ ထွက်ခဲ့တော့လေ "
အခန်းကျယ်ကြီးဖြစ်၍ ရုတ်တရက် ဖီးလစ်ကလေးကို မမြင်ရသဖြင့် -
" သားလေး အငယ်၊ မင်း ဘယ်မှာလဲ "
ခုတင်ဆီက သူ့အသံသဲ့သဲ့ ကြားရသည်။ ကျိတ်ငိုနေတာများလား။ ခြင်ထောင်ကို မ တင်ပြီး -
" အငယ် … မင်း မရှက်ဘူးလား၊ မကြီးမငယ်နဲ့ "
သူက ခုတင် ကို ကန့်လန့်ဖြတ်ပြီး ခေါင်းအုံးထဲတွင် မျက်နှာဝှက်ထားသည်။ ငပေလေး၊ ဖိနပ်မချွတ်ဘဲ အိပ်ရာပေါ် တက်အိပ်နေသည်လေ။ အိပ်ရာခင်းတွင် သူ့ဖိနပ်မှ ရွှံ့တွေ ပေကျံနေ သည်။
ဂျူးဒစ် က သူ့အပေါ်မိုးပြီး ဆွဲလှန်လိုက်သည်။ လည်ချောင်းထဲမှ လာသည့် အသံမျိုး သူ့ဆီမှ ထွက် လာသည်။

" ဘုရား …. ဘုရား "
ဂျူးဒစ်က အလန့်တကြား ဘုရားတပြီး ဖီးလစ်ကလေးကို အတင်းပွေ့ထားလိုက်သည်။ မျက်လုံးတစ်ခုလုံး ဟင်္သပဒါး လို ရဲရဲနီနေပြီ။ နှာခေါင်းဖျားနှင့် နှုတ်ခမ်းတွေမှာ ပြာနှမ်းနှမ်းဖြစ်နေ၏။
အမေ့ကို သိုင်းဖက်ပြီး ရင်ခွင်ထဲတွင် မျက်နှာအပ်ထားသည်။ အမေ့ရင်ခွင်က သူ့ဝေဒနာ ကို ပျောက်ကင်းစေနိုင် သည်ဟု ယုံကြည်နေသည့်အလား။ မျက်နှာတစ်ခုလုံး ချစ်ချစ်တောက် ပူနေ၏။
" မေမေ ကလည်း သားခေါ်လိုက်ရတာ မေမေရာ၊ မေမေ မကြားဘူးဟုတ်လား "
အာလေးလျှာလေးဖြင့် သူပြောသည်။ ဂျူးဒစ်ရင်ထဲ ဆို့သွားသည်။ သူ့ကို ခေါင်းအုံးပေါ် အသာပြန်ချပြီး -
" ဟုတ်တယ် သားရယ်၊ မေမေ မကြားလိုက်ဘူး၊ သားက လိမ္မာတယ်၊ ခဏလေး လှဲနေလိုက်နော်၊ သားအ၀တ်တွေ ကို မေမေ ချွတ်ပေးမယ်၊ သားဘယ်တုန်းကတည်းက ဖျားနေတာလဲဟင် "
သို့သော် သဲူပန်ပြောသမျှကို ဂျူးဒစ် နားမလည်တော့။ သူ့အ၀တ်တွေကို ဆွဲချွတ်ပြီး ည၀တ်အင်္ကျီ စွပ်ပေးလိုက် သည်။ အခင်းတွေ ပါ ဆွဲယူလိုက်၏။ အထိတ်တလန့်ဖြစ်နေသည့် စိတ်လှုပ်ရှားမှုကို သတိနှင့် ထိန်းရင်း လက်တွေ တဆတ်ဆတ် တုန်နေသည်။

ဖြစ်နိုင်ပါ့မလား။ ဒါလောက် ရှင်းရှင်းသန့်သန့် ဂရုတစိုက် မွေးထားတဲ့ လူတန်းစားရဲ့ ကလေးတွေမှာ ဒီရောဂါ မျိုး ၀င်နိုင်ပါ့မလား။ စောင်လွှမ်းပေးပြီး နဖူးကို စမ်းကြည့်လိုက်သည်။ ညစာလင်ပန်း ကို ကိုင်ပြီး အပေါက်ဝ တွင် ပေါ်လာသည့် အိမ်စေတစ်ယောက်အား အသံကို အတတ်နိုင်ဆုံး ထိန်းပြီး -
" နင်တို့ အစ်ကိုလေး ကို သွားရှာစမ်း၊ မြန်မြန်လာခဲ့ပါလို့ ပြော "
ခဏနေတော့ ဖီးလစ် ရောက်လာသည်။
" ဘာဖြစ်လို့လဲဟင် ဂျူးဒစ်"
ဂျူးဒစ် ဘာမှပြောမထွက်ဘဲ ဖီးလစ်ကလေးဆီသို့ မျက်လုံးဝေ့ပြလိုက်သည်။
" ဟေ့ အငယ်၊ ဘာဖြစ်လို့လဲ၊ အစာများသွားလို့လား "
ခုတင်ပေါ်တွင် ထိုင်ပြီး အငယ်လေးကို မြင်လိုက်တော့ ဖီးလစ် လည်ချောင်းထဲ တစ်ဆို့ဆို့ ဖြစ်သွား သည်။ သားကလေးကို ကောက်ပွေ့လိုက်တော့ သူ့ကိုယ်လေးမှာ တဆတ်ဆတ်တုန်တက်နေ သည်။
"ဘုရား ဘုရား "
ဖီးလစ်ငယ်လေး က ခေါင်းထောင်ကြည့်ပြီး တစ်ချက်ညည်းလိုက်သည်။ သူ့ဝမ်းခေါင်းထဲမှ ဆူဆူညံညံ အသံတွေ ထွက်လာသည်။ တစ်ဆက်တည်းတွင် ကြို့ထိုးသလို ဖြစ်လာပြီး ခေါင်းအုံး ပေါ်သို့ မည်းမည်း ရည်တွေ ဒလဟော အန်ချလိုက်သည်။ ပြီးတော့ ပျော့ခွေကျသွားတော့၏။

ဖိးလစ် ထရပ်လိုက်သည်။ ရုတ်တရက် မလှုပ်မယှက်ဖြစ်ပြီး ရပ်နေသည်။ ဂျူးဒစ်နှင့် မျက်လုံးချင်း ဆုံမိကြသည်။ ဂျူးဒစ် မျက်နှာမှ အကြောမျှင်ကလေးများ တဆတ်ဆတ် တုန်နေသည်။
ဖီးလစ်ငယ် ကလေး နောက်တစ်ချီ အော့လာပြန်သည်။ သို့သော် ဘာမှ ထွက်ကျမလာတော့။ မချိ မဆံ့ အော်ပြီး တစ်ချက်ညည်းသည်။ ဖအေလုပ်သူက တုန်တုန်ယင်ယင်ဖြင့် မျက်လုံးအစုံကို လက်နှစ်ဖက်နှင့် ပိတ် ထားလိုက်၏။
နောက်ဆုံးတွင် ခေါင်းမော့လာပြီး -
" ဂျူးဒစ်၊ လာ၊ အိပ်ရာကို လဲပစ်လိုက်ကြရအောင်၊ ဟောဒီ ခေါင်းအုံးတွေ၊ အိပ်ရာခင်းတွေအားလုံး မီးရှို့ ပစ်ခိုင်းလိုက် "
ဂျူးဒစ်က ဗီရိုထဲမှ အိပ်ရာခင်းအသစ်တွေကို ထုတ်ယူလိုက်သည်။ ဘာမှမပြောတော့။ လှုပ်ရှားပုံက စက်ရုပ် တစ်ခုအလား။ လင်တော်မောင်၏ အထိတ်တလန့်နှင့် စိတ်ပျက်အားလျော့နေပုံကို မကြည့် ဘဲ မြင်နေရသည်။ ငန်းဝါဖျား ကပ်ဘေးနှင့် ပထမဆုံး နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်လိုက်ရခြင်း။

မနက်ခြောက်နာရီတွင် လေသာဆောင်၌ ရပ်နေသည့် ဖအေလုပ်သူဆီသို့ ဒေးဗစ်လျှောက်လာသည်။
" မေ့မေ့ ကို အခန်းထဲပို့ပြီး အတင်းနားခိုင်းခဲ့တယ်၊ ယိုင်နေပြီ ဖေဖေ "
" အေး … ဖေဖေ သွားကြည့်လိုက်ပါ့မယ် "
လွန်ခဲ့ သည့် ဆယ့်ငါးမိနပ်ကမှ ဖီးလစ်ငယ်အခန်းထဲမှ သူထွက်လာခဲ့သည်။ သားကလေး ခံစားနေရပုံကို ဆက်မကြည့်ရက်တော့ သဖြင့် ထွက်ခဲ့ခြင်းဖြစ်၏။
" ဒေးဗစ်၊ ဖေဖေ ဒီနေ့ ကွင်းထဲ မဆင်းတော့ဘူး၊ သား ကြည့်လိုက်နော် "
" ဟုတ်ကဲ့ပါ ဖေဖေ၊ တခြား ဘာခိုင်းစရာများ ရှိသေးလဲ "
" အစေခံတွေကို ပြောထား၊ ဖေဖေ့အမိန့်မရဘဲ ဘယ်သူ့ယတောကိုမှ မကူးရဘူး။ မီးဖိုဆောင်ကို လည်း အမိန့်ထုတ်လိုက်၊ ခြံထွက် အစားအစာက လွဲပြီး ဘာမှ မချက်ရဘူး။ သား အပြင်မထွက်ခင် မမ်မီကိုရှာပြီး ရီတာ့ ကို ကလေးခန်းထဲက ဘယ်မှ မထွက်စေနဲပလို့ မှာထားခဲ့။ မေမေ့ဆီကိုလည်း မသွားရဘူး။ ဖီးလစ် ကလေး အခန်းထဲ ၀င်လာတဲ့လူ အားလုံးနဲ့ မတွေ့ရဘူးလို့၊ နားလည်တယ်နော် "
" ဟုတ်ကဲ့ပါ ဖေဖေ "
ဒေးဗစ်အသံမှာ တိုးလွန်းနေသည်။ ပထမဆုံး ကြုံရသည့် ကပ်ဘေးဖြစ်၍ အထိတ်တလန့်ဖြစ်ကာ ခါတိုင်း လို ဟန်ကိုယ့်ဖို့ အမူအရာ မပြနိုင်တော့ပေ။ အဖေလုပ်သူ၏ တိကျသည့် ညွှန်ကြားချက်များ ရရှိ၍ ၀မ်းသာနေ ရသေးသည်။

ဒေးဗစ် အိမ်ထဲဝင်သွားသည်။ ဖီးလစ်က ဂျူးဒစ်ရှိရာ အိပ်ခန်းဆီသို့ သုတ်ခြေတင်သွား၏။ သားငယ်၏ အခန်း ထဲတွင် ညဥ့်လုံးပေါက် တစ်မှေးမှ မမှေးဘဲ ဂျူးဒစ် ပြုစုနေခဲ့၏။ တည်ငြိမ်စွာဖြင့် လုပ်စရာရှိသည် များကို လုပ်သွားသည်။ ဖီးလစ်ငယ်လေး အော်ဟစ်ညည်းတွားသည့် အခါတွင်သာ နားထောင်နိုင်စွမ်း မရှိ သလို မျက်နှာကို ငုံ့ချထားသည်။
အခန်းတံခါးကို ဖွင့်လိုက်သည်။ ခုတင်ပေါ်တွင် ကန့်လန့်ဖြတ် လှဲချပြီး ဂျူးဒစ်တစ်ယောက်တည်း ကျိတ်ငိုနေ သည်။ ဖီးလစ်က နံဘေးတွင် ၀င်ထိုင်ပြီး ဖိနပ်နှင့် အ၀တ်တွေကို ချွတ်ပေးသည်။
" သားလေး အနားမှာ ခရစ္စတင်း ရှိနေတာပဲ ဂျူးဒစ်ရယ်၊ တစ်ရေးလောက် အိပ်လိုက်ပါလားဟင် "
လင်တော်မောင် ၏ လည်ပင်းကို သိုင်းဖက်ပြီး ရင်ခွင်ထဲတွင် မျက်နှာအပ်ကာ -
" ဘယ်လိုလုပ် အိပ်နိုင်မှာလဲ အစ်ကိုရယ်၊ သူ သေရမယ်ဆိုရင်လည်း ဘာပြုလို့ ဒါလောက်တောင် ခံစားပြီး မှ သေရမှာလဲဟင် "
" အို ဂျူးဒစ်ကလဲကွယ်၊ သေရမယ်လို့ အတပ်မပြောနိုင်ပါဘူး၊ ဖြစ်တဲ့လူတိုင်း သေတာမှ မဟုတ်တာ၊ ငန်းဝါဖျားဖြစ်ပြီး တစ်ဝက်လောက် မသေကြဘူးလေ "
ဂျူးဒစ် ခေါင်းယမ်းသည်။

" မရတော့ပါဘူး အစ်ကိုရယ် "
နောင်တကြီးစွာ ရနေသည့် လေသံဖြင့် ဂျူးဒစ် စကားဆက်သည်။
" သူ့ကိုယ်ဝန် ရှိတုန်းက ဂျူးဒစ် ဘာလုပ်ခဲ့တယ်ဆိုတာ အစ်ကို မှတ်မိတယ်နော် "
" ဂျူးဒစ် ရယ် အစ်ကို တောင်းပန်ပါတယ်ကွာ၊ တော်ပါတော့ "
သို့သော် နှစ်သိမ့်စကားတို့ကို ဂျူးဒစ် နားမ၀င်တော့ပြီ။
" သူ့ကို ဂျူးဒစ် သတ်ဖို့ကြိုးစားခဲ့တယ်၊ မအောင်မြင်ခဲ့တော့ ဂျူးဒစ် ဘာဆက်လုပ်မလဲဆိုပြီး ဘုရား သခင် က ၁၁ နှစ်တိတိ စောင့်ကြည့်လာတာ။ တစ်ညလုံး အဲဒီအကြောင်းပဲ ဂျူးဒစ် တွေးနေမိတယ် အစ်ကို "
ဖီးလစ်ကလေး ၏ ငိုညည်းသံသဲ့သဲ့ ကြးရသည်။ ဖီးလစ် တုန်တုန်ယင်ယင် ဖြစ်လာ၏။ ဂျူးဒစ်က နားနှစ်ဖက် ကို ပိတ်လိုက်သည်။ ပြီးတော့မှ ၀ုန်းခနဲ ထ ထိုင်ပြီး -
" ဂျူးဒစ် သွားပါရစေ အစ်ကိုရယ် "

ဖီးလစ်က သွားခွင့်မပေးဘဲ အတင်းတားထားသည်။ ဒေးဗစ် ပြောသလိုပင် သူ့အမေမှာ ယဲ့ယဲ့သာ ကျန်တော့ သည်။
" အစေခံတွေက လိုအပ်ရင် ခေါ်မှာပေါ့ကွယ်၊ အသေအချာ ပြောထားတာပဲဟာ "
သို့သော် ဂျူးဒစ် က မလျှော့သေးဘဲ -
" သူ အပြင်းအထန် ခံစားရတဲ့အခါ အမေ ဖက်ထားမှ သက်သာမှာပေါ့ အစ်ကိုရဲ့၊ အစေခံတွေက ဘာလုပ်တတ် လို့လဲ၊ သူတို့က သူ့အမေမှ မဟုတ်တာ "
ဖီးလစ် လက်လျှော့လိုက်ရသည်။ မွန်းလွဲပိုင်းတွင် ဖီးလစ်ကလေး မောမောပန်းပန်းနှင့် အိပ်ပျော် သွားသည်။ သည်တော့မှ ဂျူးဒစ်လည်း မှေးရတော့၏။ ကြမ်းပြင်ပေါ်တွင် မွေ့ရာတစ်ခုချပြီး အိပ်လိုက်ခြင်းဖြစ်သည်။

ဒေးဗစ်က အဖေလုပ်သူကို အပြင်ခေါ်ထုတ်ပြီး အခြေအနေကို တင်ပြသည်။ အလုပ်သမား တန်းလျား တွင် ငန်းဝါဖျားသမား လူနာ သုံးဦးရှိနေပြီ။ လူနာသုံးယောက်ကို သီးသန့်ခွဲထားခိုင်းပြီး သူတို့အနားသို့ ဘယ်သူမှ မသွားရဟု အမိန့်ထုတ်ထားလိုက်သည်။
ဖီးလစ်က ခရစ္စတိုဖာကို သစ်ဖြူတောသို့ လွှတ်ပြီး ရီတာကလေးကို ပို့ထားချင်ကြောင်း ကာလက်ဆီသို့ အကြောင်းကြား ခိုင်းလိုက်သည်။ ခရစ္စတိုဖာ သတင်းဆိုးနှင့် ပြန်ရောက်လာသည်။ မြို့ထဲတွင် အတုံးအရှုံးဖြစ်နေပြီဖြစ်ကြောင်း၊ သစ်ဖြူတောတွင် အလုပ်သမားနှစ်ဦး ရောဂါရနေပြီဖြစ်၍ အထိတ် တလန့် ဖြစ်နေကြကြောင်း သတင်းများ။
ခရစ္စတိုဖာက သီရိမြိုင်ကို ဆက်သွားခဲ့သေးသည်။ ဂျာဗာစီထံတွင် ရီတာကလေး ခဏ လာပို့ထားဖို့ ပြောရန်ဖြစ်၏။ သို့သော် ဆိပ်ကမ်းမှ ပြန်လာသည့် ဝေါ်တာပါစယ်နှင့်အတူ ငန်းဝါဖျား ပါလာ ၍ တစ်ချိုးတည်း ပြန်လစ်လာခဲ့ရသည်။

ထိုညတွင် မိုးရွာချသည်။ နောက်တစ်နေ့တွင် စိုထိုင်းထိုင်းနှင့် လေပူကြီး တိုက်လာသည်။ လမ်းပေါ် တွင် ရေအိုင်တွေ ဖြစ်ကျန်ရစ်သည်။ နောက်တစ်နေ့တွင် ကွင်းထဲမှ ကပ္ပလီလေးယောက် အလုပ် လုပ်ရင်း လဲကျသွားသည်။ ဒေးဗစ် ကွင်းထဲမှပြန်လာပြီး သတင်းပို့တော့ ဖီးလစ် အသက်ရှူမှားသွား သည်။ သူပြောသည်ကို မကြားတစ်ချက် ကြားတစ်ချက်နှင့်။ သူ့မျက်နှာမှာ နီရဲနေသည်။ သူ့လက် ကောက်ဝတ် ကို ဆတ်ခနဲဆွဲယူပြီး သွေးတိုးစမ်းလိုက်သည်။ တဒိုင်းဒိုင်း ခုန်နေ၏။

" ကျွန်တော် မဖျားပါဘူး ဖေဖေ၊ နေပူလွန်းလို့ပါ "
" ဝေါ်တာပါစယ်အကြောင်း သား ကြားပြီးပြီလား "
" ဒုက္ခပါပဲ ဖေဖေရာ၊ မစ္စက်ဂျူဟန်လည်း ဒီမနက် ပန်းခြံထဲမှာတင် မေ့လဲသွားတယ်တဲ့ "
ဖီးလစ် ခေါင်းယမ်းနေသည်။ ဒေးဗစ် ထိုင်ချလိုက်ပြီး လက်ထဲမှ နှင်တံကြမ်းပြင်ပေါ် ကျသွားသည်။
" ဖေဖေ၊ ကွင်းထဲမှာ အလုပ်သမားတွေ စိတ်ဓာတ်ကျကုန်ပြီ၊ သူတို့ ကွင်းထဲဆင်းရမှာလည်း ကြောက်၊ အိမ်မှာ လည်း မနေရဲ ဖြစ်နေကြတယ် "
ဒေးဗစ်က သူ့ကို သတ္တိမွေးဖို့ တောင်းတောင်းပန်ပန် ပြောနေသည့် အလား။ သို့သော် ဖီးလစ်က အားပေး စကား မဆိုနိုင်ဘဲ -
" ဒီလိုပဲ ဖြစ်မှာပေါ့ကွာ၊ ကိစ္စမရှိပါဘူး " ဟုသာ စိတ်ပျက်လက်ပျက် ပြောလေသည်။

ငြိမ်ငြိမ် ထိုင်နေရခြင်းထက် လှုပ်ရှားသွားလာနေရခြင်းက ပို၍သက်သာမည်ဟု ယုံကြည်နေသလားမသိ။ ခဏနေတော့ ဒေးဗစ် ထွက်သွားသည်။
ဖီးလစ်က ဂျူးဒစ်ကို အငယ်လေး၏ အခန်းထဲမှ သွားခေါ်ဖို့ ပြင်နေတုန်း ဂျူးဒစ် သူ့ ဘာသာ သူ ပြန် ရောက်လာသည်။ စားပွဲဘေးတွင် အရုပ်ကြိုးပြတ် ထိုင်ချလိုက်သည်။ ခေါင်းကို လက်နှစ်ဖက်နှင့် ဖိကာ -
" အစ်ကို ရယ် … ဂျူးဒစ် မကြည့်ရက်တော့ဘူး "
ဖီးလစ် က ဇနီးသည်ကို သိုင်းဖက်ထားပြီး ဦးခေါင်းကို ရင်ဘတ်တွင် ကပ်ထားစေလိုက်သည်။
" ခု ဘယ့်နှယ်နေသေး လဲဟင် "
" တစ်ညလုံး ကယောင်ကတမ်းဖြစ်နေရာက ခုတော့ ငြိမ်နေတယ်။ သနား စရာ ကောင်းလောက်အောင်ကို ငြိမ်သွားတယ် အစ်ကိုရယ်။ သွေးမရှိတော့သလို ဖြူဖျော့နေပြီ။ ပြီးခဲ့တဲ့ အပတ် ထဲက နှင်းဆီရောင်ပြေးနေတဲ့ သားကလေးလေ၊ ဂျူးဒစ်ကျတော့ ဘာလို့ ဒီအဖျားက မ၀င် တာလဲဟင် "

" မပြောတတ်ဘူး ဂျူးဒစ်၊ အစ်ကိုလည်း အံ့သြနေတယ် "
နောက်ထပ် ဘာမှ မပြောဖြစ်ကြတော့။ ပြောစရာလည်း မရှိတော့ပေ။ ဒေးဗစ်နှင့် ခရစ္စတိုဖာတို့ ညီအစ်ကို နှစ်ယောက် ၀င်လာသည်။ တံခါးရွက်ကို အသာပိတ်ပြီး နှစ်ယောက်သား တွေတွေကြီး ရပ်နေကြ ၏။ အဖေနှင့် အမေ ကို တစ်လှည့်စီ ကြည့်နေ၏။ သူတို့ ဘာပြောမည်ကို ကြိုသိလိုက်သည့် အလား ဂျူးဒစ်က ဖီးလစ် ၏ လက်ကို အားပြုပြီး ထရပ်လိုက်သည်။
" သူ … သူ ဆုံးသွားပြီ မေမေ "
ဒေးဗစ် မျက်နှာအောက်ချပြီး ပြောသည်။ ဖီးလစ်က ဂျူးဒစ်၏ ပခုံးကို ဖက်ပြီး အသာထိန်းထားလိုက်၏။ သို့သော် ဂျူးဒစ် မငို။ ရှိုက်လည်း မရှိုက်။ "မရတော့ဘူးဆိုတာ မေမေ သိပါတယ်သားရယ် " ဟုသာ ပြန်ပြောလေသည်။

ဂျူးဒစ် အတောင့်သားကြီး ရပ်နေသည်။ ဖီးလစ်က သားနှစ်ယောက်ကို ထွက်သွားဖို့ မျက်ရိပ် မျက်ကဲ ပြလိုက်၏။ ရုတ်တရက် ထုံထိုင်းသွားခြင်းမျှသာ ဖြစ်ပြီး နောက်ပိုင်းတွင် ရင်ကွဲနာ ကျဦးမည့်အဖြစ်ကို ဖီးလစ် ကြိုသိနေ၏။ သားနှစ်ယောက် ထွက်သွားသည်။ ဂျူးဒစ်က နားထင်ကို လက်နှစ်ဖက်ဖြင့် ဖိပြီး -
" ဘုရား ဘုရား၊ ဘာလုပ်ရမလဲဟင်၊ ဂျူးဒစ် ဘာလုပ်ရမလဲ အစ်ကိုရယ် "
ဂျူးဒစ် ပျော့ခွေကျလာသည်။ သည်တွင်မှ ချစ်လင်၏ ရင်ခွင်ထဲတွင် သည်းအူပြတ်မျှ ငိုကြွေးလေတော့၏။ ဖီးလစ်က ဂျူးဒစ်၏ ကိုယ်ကလေးကို တင်းတင်း ဖက်ထားလိုက်သည်။ တိုင်တွင် ကြိုးတုပ်ပြီး ကြိမ်ဒဏ် ခံရသည့် ကျွန်တစ်ယောက်ပမာ အကာအကွယ်မဲ့ကာ အားထားစရာ မရှိတော့ပါကလား။

အခန်း (၁၅)


    ဖီးလစ်ကလေး ဆုံးပြီး သုံးရက်အကြာတွင် သစ်ဖြူတောမှ စာတစ်စောင်ရောက်လာသည်။ ရော်ဂျာ ကိုပါ  အဖျားကူးနေပြီးဖြစ်ကြောင်း ကာလက်ရေးပို့လာသည့် စာ။ စာရွက်အလွတ် ထ ယူဖို့ ဂျူးဒစ် မကြိုးစား ချင်တော့။ ကာလက်၏စာ အောက်ပိုင်းတွင်ပင် ဘုရားသခင်ထံတွင် ဆုမွန်ကောင်းတောင်းနေ မည် ဖြစ်ကြောင်း ပြန်ရေးပေးလိုက်သည်။
    နောက်တစ်နေ့တွင် ဝေါ်တာပါစယ် ကွယ်လွန်ကြောင်း သတင်းရောက်လာသည်။ ဖီးလစ်က ဂျာဗာစီဆီ သို့ ၀မ်းနည်းကြေကွဲကြောင်း စာတစ်စောင် ရေးပြီး ဒေးဗစ်နှင့် ပို့ခိုင်းလိုက်သည်။
    သီရိမြိုင် မှ ပြန်လာပြီး ဆိပ်ကမ်းသို့ ဒေးဗစ် ဆက်စီးသွားသည်။ ၀က်သစ်ချမြိုင်ထွက်ကုန်များ တင်ပို့ရေး အတွက် ဇယားဆွဲထားသည်။ လှေတွေကို အစီအစဉ်ပြောင်းပစ်လိုက်သည်။ ရိတ်သိမ်းချိန်တွင် မရိတ်နိုင် ၍ မဲနယ်ပင်တွေရက်လွန်ကုန်ပြီ။ ဂျုးဒစ်က အားလုံးကျန်းကျန်းမာမာ ရှိနေတုန်း ရီတာကလေး ကို လွတ်ကင်းရာသို့ ခေါ်သွားဖို့ ဒေးဗစ်နှင့် ခရစ္စတိုဖာတို့ ညီအစ်ကို ကို တောင်းတောင်း ပန်ပန် ပြောနေသည်။ သို့သော် ဆိပ်ကမ်းတွင် ဒေးဗစ်ကြားလသည့် သတင်းအရ ဆိုလျှင် ပြေးစရာမြေ မရှိတော့ပေ။

    နယူးအော်လီယန်းသည် ငန်းဝါဖျား ဖြန့်ဖြူးရေးဌာနချုပ်ကြီး ဖြစ်နေကြေင်း လှေသမားများက သတင်းပေးကြသည်။ မြစ်ရိုးတစ်လျှောက်တွင် ငန်းဝါကပ်ရောဂါ ပျံ့နှံ့နေပြီး ဘယ်ကိုသွားသွား အကြောင်း မထူးတော့ပေ။
    သည်တော့ သည်ကပ်ဘေးအန္တရာယ်ကို ခုခံကာကွယ်ရန်သာ ရှိတော့သည်။ လမ်းဆုံ လမ်းခွများတွင် ထင်းရှူးဆီ မီးတိုင်များကို နေ့ရောညပါထွန်းညိှထားကြသည်။ လေထဲတွင် ပျံ့လွင့်နေသည့် အဆိပ်ငွေ့တွေ ကို ဖျက်ဆီးပစ်ရန်ဖြစ်သည်။ ကမ်းနဖူးတွင် ဆယ်မိနစ်တစ်ကြိမ် တပ်လှန့်သည့် အနေဖြင့် သေနတ်တွေ ပစ်ဖောက်ပေးသည်။
    ဆိပ်ကမ်းရပ်ကွက် မှ အရက်ဆိုင်များတွင်မူ လူတွေ စည်ကားမြဲစည်ကားလျက်ရှိသည်။ အလောင်း တင် လှည်း များ၏ ခေါင်းလောင်းသံဖြင့်မြို့ထဲတွင် ဆူညံနေ၏။ ဒေးဗစ်ရှေ့က လှည်းတစ်ီမှ သုဘရာဇာ သည်  မြင်းဇက်ကိုကိုင်ပြီး လမ်းလျှောက်ရင်း အိမ်တိုင်း၏ရှေ့တွင် ရပ်ကာ-   
    'အလောင်း ရှိသေးလားဗျို့'ဟု အော်မေးလေသည်။

    အိမ်ထဲမှ 'ရှိတယ်' ဟု ဖြေလျှင် လူသေကောင်ကို တရွတ်ဆွဲကာ လှည်းပေါ်တွင် အသင့်ပါလာ သည့် ခေါင်းထဲ သို့ ပစ်သွင်းပြီး အဖုံးကိုပိတ်၍ဆက်မောင်းသွားသည်။ အခေါင်းပေါ်တွင် ကပ္ပလီကောင်လေး တစ်ယောက် က မြင်းဇက်ကြိုးကို ထိန်းရင်း ထိုင်လိုက်သွားသည်။
    ဒေးဗစ် က အလောင်းတင်လှည်းကို ကျော်တက်ပြီး လူချမ်းသာတွေများသည့် ရပ်ကွက်ဆီသို့ ချိုးကွေ့ လာခဲ့သည်။ သူတို့တစ်တွေက ကျွန်ပိုင်ရှိသူများ ဖြစ်၍ ကိုယ့်အခေါင်းကိုယ်စပ်ကြသည်။ နိဗ္ဗာန် ယာဉ် လှည်းများ ငှားနိုင်ကြသည်။
    သို့သော် သူတို့သည်ပင် တစ်အိမ်လျှင် သုံးလောင်းပြိုင်၊ လေးလောင်းပြိုင် သေနှုန်းများလာတော့ အခေါင်းစပ်လို့ မနိုင်။ နိဗ္ဗာန်ယာဉ်လှည်းလည်း လက်မလည်ဖြစ်နေ၏။ အချို့အိမ်ပေါက်ဝများတွင် စာရေး ကပ် ထားသည်။ ခင်ကြီးများ ဖြတ်သွားဖြတ်လာလျှင် အိမ်တွင်းသို့ကြွပြီး သရဏဂုံ တင်သွားပေးပါရန် ပန်ကြား လွှာဖြစ်၏။ ဒေးဗစ် ကျောထဲစိမ့်သွားပြီး အော့ချင်အန်ချင်ဖြစ်လာသည်။

    မီးတုတ်တွေကြောင့်လား မသိ၊ မျက်စိတွေ ပူလေင်ကျိန်းစပ်လာသည်။ အိမ်ကြီများ၏ ပန်းခြံများထဲ တွင် ပန်းများပွင့်နေပုံ မှာ ပတ်ဝန်းကျင်ကို လှောင်ပြောင်သရော်သည်နှင့် တူနေ၏။ ဒေးဗစ်သည် မြေကို ချစ်သူ၊ အပင်နှင့်အပွင့်များကို မြတ်နိုးတတ်သူဖြစ်ပါလျှက် ပန်းပွင့်တွေကို ကြည့်ပြီး ကျက်သရေပဲ့သည် ထင်နေ၏။ သစ်ပင်တွေ က လူတွေကို သတ်နေသည့် ရာသီဥတုကို အားပေးနေသည်ဟု ခံစားရ၏။
    နွေရာသီတိုင်းမှာလိုလို ငန်းဝါဖျား အနည်းအကျဉ်း ဖြစ်လေ့ရှိပါသည်။ ငန်းဝါရာသီဟု လူကြီးတွေ ပြောပြောနေသည်ကို ဒေးဗစ်ကြားဖူးသည်။ သို့သော် သည်မျှ ကြောက်မက်ဖွယ်ကောင်း လိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ခဲ့။ ဖီးလစ်ကလေး ဆုံးစဉ်က တွယ်ရာမဲ့ ငိုရှိုက်နေသည့် အမေ့ရုပ်သွင် ကို သတိရ လိုက်သည်။ အိမ်တိုင်း အိမ်တိုင်းမှ မိခင်များသည် မေမေ့လိုပင် ပူဆွေးသော က ရောက်နေကြလေ သလား။

    ကလေးတစ်ယောက် လမ်းကို ဖြတ်ကူးလာသဖြင့် ဒေးဗစ်က မြင်းဇက်ကိုတုံ့ပြီး အရှိန်လျှော့ပေး လိုက်စဉ် နောက် မှ မိန်းမတစ်ယောက်ပြေးလိုက်လာသည်။ မြင်းဇက်ကြိုးကို အတင်းဝင်ဆွဲသည်။ ဒေးဗစ် အလန့်တကြား ဖြစ်ကာ အာမေဍိတ်သံ ထွက်သွားသည်။
    'မင်း ဒေးဗစ်လန်း မဟုတ်လားဟင်'
    အမျိုးသမီး၏ အ၀တ်အစားတွေမှာ အရောင်လွင့်ပြယ်ကာ စုတ်ပြတ်နေပြီ ဦးထုပ် မှာ ခေါင်းပေါ် မှ ပြုတ်ကျကာ ပခုံးတွင် တွဲလောင်းချိတ်နေသည်။ နက်မှောင်နေသည့် ဆံပင်တွေက ၀ဲပျံလျက်။ မျက်လုံးရွဲကြီး က လှသော်လည်း အသားအရေမှာ စိုစိုပြည်ပြည် မရှိ။

    'ဟုတ်ပါတယ်၊ ကျွန်တော် ဒေးဗစ်လန်းပါ၊ ဘာဖြစ်လို့ပါလဲဟင်'
    'သြော်...မင်း မမှတ်မိဘဲကိုး'
    အမျိုးသမီး မောနေ၏။ လည်ပင်းမှာ ချွေးတွေ စီးကျနေ၏။
    'ဒိုလားရက်စ်လေ။ အန်တီဒိုးလ်ကို မင်း မမှတ်မိဘူးလား'
    'ဗျာ ကျွန်တော့် အဒေါ် အန်တီဒိုးလ်လား၊ ဟုတ်လား'
    'အင်း...မင်း သတိရသေးသားပဲ'
    ခုမှ ဒိုလားရက်စ် ခပ်ယဲ့ယဲ့ ပြုံးနိုင်သည်။
    'ဟုတ်ကဲ့  မှတ်မိပြီ၊ မှတ်မိပြီ'
    ဒေးဗစ်က လက်ရှိပုံပန်းကို အံ့သြနေခြင်းအတွက် တတ်နိုင်သမျှ ဖုံးကွယ်ပြီး ပြောလိုက်သည်။ မြင်းပေါ် မှ ခုန်ဆင်းလိုက်ပြီး-
    'ကျွန်တော် ကောင်းကောင်းမှတ်မိပါပြီ အန်တီဒိုးလ်၊ ကျွန်တော်ရယ်၊ အန်တီဒိုးလ်ရယ်၊ ခရစ္စတိုဖာရယ် အတူတူ ကစားကြတယ်လေ။ ကျွန်တော်တို့ ညီအစ်ကို ကိုတောင် စပိန်သီချင်းတွေ သင်ပေးသေးတယ် မဟုတ်လား'

    ဒိုလားရက်စ်က ပခုံးတွန့်ပြီး-
    'အန်တီးဒိုးလ် မင်းဆီက အကူအညီတစ်ခု တောင်းချင်လို့၊ ခဏလေးပါနော်၊ မင်း သိက္ခာများ ကျနေ မလား ဒေးဗစ်ရယ်'
    'အို ဘာသိက္ခကျစရာရှိလဲ အန်တီးဒိုးလ်'
    ဒေးဗစ် အားပေးစကား ပြောလိုက်သည်။ အဖေ့မိတ်ဆွေတွေ သည် မြင်ကွင်း ကို မြင်သွားလျှင်တော့ ပြောစရာ ဖြစ်တော့မည်မုချ။ သို့သော် သည်လိုအချိန်တွင် လူတိုင်း ကိုယ့်အပူနှင့် ကိုယ် ဖြစ်နေကြ ၍            စိုးရိမ်စရာတော့မရှိပေ။

    'ရော်ဂျာပါ ရောဂါရနေတယ်လို့ ကြားလို့ သားရယ်၊ အဲဒါဟုတ်သလားဟင်'
    ဒေးဗစ် ခေါင်းညိတ်လိုက်သည်။
    'အခြေအနေ ဆိုးသလား'
    'မသိဘူး အန်တီးဒိုးလ်၊ ကျွန်တော်တို့လည်း မနေ့ကမှ ကြားတာ။ ဖေဖေက မေမေ့ကို သစ်ဖြူတော ပေးမသွားဘူး။ မေမေလည်း ဆုံးသွားတဲ့ အငယ်လေးကို ပြုစုရတာ ခြေကုန်လက်ပန်း ကျနေပြီလေ'
    'အေးကွယ်၊ ကြားပါတယ်၊ အန်တီးဒိုးလ် လုံးဝစိတ်မကောင်းပါဘူးလို့ မေမေ့ကို ပြောလိုက်နော်။ ပြီးတော့ အ၀တ်စတွေ ပို့ခိုင်းလိုက်တဲ့ အိမ်စေကို အန်တီဒိုးလ် အော်လွှတ်လိုက်တာကိုလည်း တောင်းပန်  ပါတယ် လို့။ သမီးလေးဆုံးပြီးစဆိုတော့ ဆောက်တည်ရာမရ ဖြစ်နေတဲ့အချိန်လေ။ ဒါထက် ရော်ဂျာကို ပြုစုဖို့ အမျိုးသမီးသူနာပြု ငှားသလားဟင်'
    'ဟုတ်ကဲ့၊ သစ်ဖြူတော မှာ သူနာပြုနှစ်ယောက် ငှားထားတယ်လို့ ကြားပါတယ်၊ အန်တီးဒိုးလ်'

    'ကပ္ပလီမတွေ မဟုတ်လား၊ ကဲ အဲဒါပဲ သိချင်တာပါကွယ်၊ မင်းသွားတော့နော်၊ အန်တီဒိုးလ် သစ်ဖြူတော ကို သွားမယ်'
    ဒိုလားရက်စ် လှည့်ထွက်သွားမည် အပြုတွင်-
    'နေဦး အန်တီဒိုးလ်၊ ခရီးက အဝေးကြီးရယ်၊ ဘယ်လိုသွားမှာလဲ'
    'လျှောက် သွားမှာပေါ့ကွယ်၊ အန်တီဒိုးလ်က လူကောင်းပဲဟာ'
    'ဒါလောက် နေပူကျဲကျဲကြီးထဲမှာ ဘယ်ဖြစ်မလဲ အန်တီဒိုးလ်ရယ်'
    'ဖြစ်ပါတယ် ကလေးရယ်၊ ဒီဘ၀ရောက်မှတော့ ပြန်ပြီး မပတ်သက်တာ သူ့အတွက် အကောင်းဆုံး ပါပဲ။ ဒါပေမဲ့ ခုလိုအချိန်မှာတော့ အန်တီဒိုးလ်ကို ဘယ်သူမှ မောင်းထုတ်မယ် မထင်ပါဘူး၊ ကပ္ပကျွန်တွေ ရဲ့ လက်ထဲမှာ ရော်ဂျာ့ကို အသေမခံနိုင်ဘူးကွယ့်၊ မရောက် ရောက်အောင် သွားမယ်'

    ဒေးဗစ်က ဒိုလားရက်စ်၏ လက်မောင်းကို ဖမ်းဆွဲပြီး-
    'ကဲ...မြင်းပေါ်တက်၊ အန်တီဒိုးလ် စီးရဲပါတယ်နော်'
    'အင်း...စီးဖူးပါတယ်၊ မမေ့လောက်သေးပါဘူးကွယ်၊ နှစ်ယောက်စီးလို့ မြင်းခံနိုင်ပါ့မလား'
    'မြင်း က လူလောက် အရေးမကြီးပါဘူး အန်တီဒိုးလ်၊ ကဲ...တက်'
    ဒိုလားရက်စ် သက်ပြင်းချသည်။
    'မင်းဟာ တကယ် သတ္တိကောင်းတဲ့ ကောင်လေးပဲ ဒေးဗစ်၊ အန်တီဒိုးလ်နဲ့ မင်း တွဲပြီး စီးရဲတယ် နော်'
    ဒိုလားရက်စ် မြင်းပေါ် လွှားခနဲ တက်လိုက်သည်။ ဒေးဗစ်က ရှေ့မှတက်လိုက်၏။ ဒိုလားရက်စ် ပြုံးပြသည်။
    'မင်းဟာ တကယ့်ကို ဖီးလစ် ရဲ့ ပုံတူကလေးပဲ ဒေးဗစ်'
    'ဟုတ်ကဲ့၊ အဲဒီလိုပဲ ပြောကြပါတယ် အန်တီဒိုးလ်'
    'ဖီးလစ်လန်း ရဲ့ မျိုးဆက်သွေး ပီသပါတယ်ကွယ်'

    နောက်ထပ် စကားမပြောဖြစ်တော့ဘဲ မြင်းကို ခပ်မှန်မှန် စီးသွားကြသည်။ အန်တီဒိုးလ်ကိုမြင်ရင် ဦးလေးလုပ်သူ ဘာများပြောမလဲဟု ဒေးဗစ်တွေးကြည့်နေသည်။ ကိစ္စမရှိပါ၊ ဘယ်လောက် သနားစရာ ကောင်းတဲ့ အန်တီဒိုးလ်လဲ။ သူ့သားကို ပြုစုဖို့လာတာပဲ။ ကျောက်ဆောင်လို မာကျောတဲ့ အန်ကယ် ကာလက် ဘာတတ်နိုင်မှာလဲ။ ရော်ဂျာကို ပြုစုဖို့ ဘယ်သူလာလာ သူ လက်ခံရမည်ပေါ့။   
    ဒေးဗစ်က ဒိုလားရက်စ်၏ ကလေးတွေအကြောင်း မေးသည်။ ကျန်ကလေးတွေ နေကောင်း ကြောင်း၊ ကလေးတို့ အဖေကလည်း ဂရုတစိုက်ရှိကြောင်း ဒိုလားရက်စ်က ရှင်းပြသည်။
    သည့်နောက်ပိုင်း တွင် ဒိုလားရက်စ် စကားမဆက်တော့ပေ။ ဒေးဗစ်ကလည်း မစပ်စုတော့။ နေက အလွန်အမင်း ပူပြင်းလွန်း၍ ဒေးဗစ် ခေါင်းထဲအုံခဲလာသည်။ ဒေးဗစ်သည် အပူဒဏ်ကို အလွန်ခံနိုင်သည့် သူငယ်ဖြစ်သည်။ နွေရာသီကိုတောင် သဘောကျသူဖြစ်သည်။ ဘယ်တုန်းကမှ သည်လောက်ရိုင်းစိုင်း သည့် နွေမျိုးနှင့် မကြုံဖူးခဲ့။

    သစ်ဖြူတောစံအိမ်ကြီး၏ လှေကားထစ်များခြေရင်း ရောက်တော့ ဒေးဗစ် ခေါင်းကို သွက်သွက်ခါပြီး ကြည်လင်သွားအောင် လုပ်ပစ်လိုက်သည်။ နှစ်ယောက်သား ဆင်း လိုက်တော့ မြင်းမှာ ဟောဟဲလိုက်နေပြီ။
    ဒိုလားရက်စ်က ပထမလှေကားထစ်တွင် ရပ်ပြီး ဒေးဗစ်ကို ပြောသလို မဟုတ်ဘဲ အိမ်ကြီး ကို ပြောနေဟန်ဖြင့်-
    'အင်း...ရယ်စရာတော့ အကောင်းသားနော်၊ ဒီမှ နေသွားဖူးတယ်ဆိုတာ မယုံနိုင်အောင်ပဲ'
    ဒေးဗစ်က နှင်တံလက်ကိုင်ဖြင့် တံခါးကို ခေါက်လိုက်သည်။ တံခါး လာဖွင့်ပေး သည့် ကောင်လေး ကို ဒေးဗစ် မေးလိုက်၏။
    'မစ္စတာရှာရမီ ဘယ်မှာလဲ'

    'သြော်...အစ်ကိုလေး ဒေးဗစ် နေကောင်းတယ်နော်၊ ရှိပါတယ်ခင်ဗျ၊ အစ်ကိုလေးရော်ဂျာ အခန်း ထဲမှာပါ'
    'ရော်ဂျာ ဘယ့်နှယ်နေလဲ'
    ဒိုလားရက်စ် ကြားဝင်မေးလိုက်သည်။
    'အခြေအနေ မကောင်းဘူးခင်ဗျာ'
    ကပ္ပလီကောင်းလေက ဒိုလားရက်စ်ကို အထူးအဆန်းသဖွယ် ကြည့်သည်။ သည်အစုတ်ပလုတ် မိန်းမက အစ်ကိုလေးဒေးဗစ်နဲ့ ဘယ်လိုပတ်သက်ပြီးနေတာပါလိမ့်။
    'အန်ကယ် ကာလက်ကို ပြောကွာ'
    ဒေးဗစ် ဘာဆက်ပြောရမှန်း မသိခင်-   
    'ကိစ္စမရှိပါဘူး ဒေးဗစ်၊ သူ အန်တီးဒိုးလ်ကို မောင်းမထုတ်ပါဘူး။ သူ့အကြောင်း သားတို့ထက် အန်တီ ပို သိတယ်လေ၊ ခုလို ကူညီဖော်ရတာ ကျေးဇူးတင်ပါတယ်ကွယ်'
    ပြောပြောဆိုဆို ဒိုလားရက်စ် အိမ်ကြီးထဲ လှမ်းဝင်မည် ပြုသည်။ ထိုစဉ် ခန်းမဆောင်တံခါးကြီး ပွင့်လာပြီး ကာလက် ထွက်လာသည်။ လူသံတွေကြား၍ ထွက်ကြည့်ခြင်းဖြစ်၏။ ပြင်ပအလင်းရောင်က မျက်စိ ကို စူးစူးရှရှ လာထိုးသဖြင့် ရုတ်တရက် ဘယ်သူတွေမှန်း မသိဘဲ ဖြစ်နေ၏။

    နောက်မှ ဒေးဗစ်ပုံ ပေါ်လာပြီး-
    'ဟဲလို ဒေးဗစ်' ဟု နှုတ်ဆက်သည်။
    သူ့မျက်နှာ ချောင်ကျသွားသည်။ ခေါင်းငိုက်စိုက်ချပြီး လျှောက်လာ၏။
    'ကာလက် မမှတ်မိဘူးလား'
    ဒိုလားရက်စ် ဇွတ်ဝင်ပြီး နှုတ်ဆက်လိုက်သည်။ ကာလက် ခြေလှမ်းတွေ တုံ့သွားသည်။ ဒိုလားရက်စ် ၏ လက်မောင်းကို လှမ်းကိုင်ပြီး-
    'ကြည့်စမ်း ... ဒိုလားရက်စ်'
    သူအသံက အဝေးကြီးမှ လာသည့်အသံမျိုး၊ အခန်းထဲမှ အဖေကို ခေါ်နေသည့် ရော်ဂျာ့အသံ ထွက် လာသည်။
    'သူ့ကို ကြည့်ချင်လို့ လာခဲ့တာပါ ကာလက်'
    ကာလက် ဘာမှမပြောဘဲ ဒိုလားရက်စ်၏  လက်မောင်းကို လှမ်းကိုင်ပြီး-
    'ကြည့်စမ်း...ဒိုလားရက်စ်'
    သူ့အသံက အဝေးကြီးမှ လာသည့်အသံမျိုး၊ အခန်းထဲမှ အဖေကို ခေါ်နေသည့် ရော်ဂျာ့အသံ ထွက်လာသည်။
    'သူ့ကို ကြည့်ချင်လို့ လာခဲ့တာပါ ကာလက်'

    ကာလက် ဘာမှမပြောဘဲ ဒိုလားရက်စ်၏ လက်ကိုဆွဲပြီး ရော်ဂျာ့အခန်းဆီသို့ သုတ်ခြေတင်သွား သည်။ ရော်ဂျာ မပီမသ ညည်းနေသံကို ကြားနေရ၏။ အန်ကယ်ကာလက် သူ့ဇနီးဟောင်းကို ချစ်နေသေး လား ဟု တွေးကြည့်နေ၏။ သို့သော် အဖြေထွက်အောင် မတွေးတတ်။ စိတ်ထဲတွင် ကိုယ့် ကိုယ်ကိုယ်  ကလေးငယ်လေးတစ်ယောက်လို ထင်လိုက်မိသည်။ သစ်ဖြူတောတွင် သူ ဆက်နေစရာ အကြောင်း မရှိ တော့ပေ။ အိမ်ကိုပြန်ဖို့ ခရီးအဝေးကြီးနှင်ရဦးမည်။ တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေပြီ။ အိမ်ပြင် သို့ ပြန်လှည့်ပြီး မြင်းပေါ်တက်လိုက်သည်။
    အိမ်အပြန် လမ်းတစ်ဝက်ကျိုးပြီ။ တိမ်ညိုတစ်စု ဖုံးထားသည့်တိုင် အပူရှိန်က လျော့မသွားဘဲ ရက်ရက်စက်စက် ပူတုန်း။ အိမ်ရောက်ရောက်ချင်း ရေအေးအေးချိုးဖို့ စိတ်ကူးထားလိုက်၏။ ရေငတ်လွန်း သဖြင့် လည်ချောင်းတွေ ပူလောင်လာသည်။ တဖြည်းဖြည်း မျက်လုံးတွေ ပူသည်ထက် ပူ လာသည်။ မြင်းပေါ်က လိမ့်မကျအောင် မနည်း သတိထားစီးနေရ၏။
    ဇက်ကြိုး ကို ကိုင်ထားတဲ့လက်တွေ တဖြည်းဖြည်း တုန်လာသည်။ ကိုယ့်ကိုယ်ကိုယ် ဒေါပွလာ၏။ ဘာလို့ ဒါလောက် ခံနိုင်ရည် နည်းပါးပါလိမ့်။ နေရောင်ပြင်းပြင်း မခံဘူးတဲ့ မနူးမနပ် ကနေဒါနိုင်ငံ သားလေး ကျနေတာပဲ။

    လိမ္မော်ပင် ပျိုးခင်းထဲ ၀င်လာခဲ့သည်။ ၀က်သစ်ချမြိုင်၏ ပိုင်နက်အစဖြစ်၏။ အိမ်ကိုရောက်ဖို့ အဝေးကြီး လိုသေးသည်။ ကျောကို မတ်မတ်ဆန့်လိုက်၏။ သည်လို သာခွေယိုင်ပုံစံ ကို မေမေ တွေ့သွားလျှင် ဖျားလာသည်ထင်ပြီး အထိတ်တလန့်ဖြစ်ရှာမည် မုချ။ မေမေ့ကို တစ်ပူပေါ် နှစ်ပူ မဆင့် စေချင်ပါ။ ပြီးတော့ ဘာမှမဖြစ်တာမှ မဟုတ်ဘဲ၊ နေကောင်းနေသားပဲ၊ ဘာဆို ဘာမှ မဖြစ်ပါဘူး။
    ဒါလောက်ဆိုးတဲ့ ရာသီမှာ ခေါင်းကိုက်တာကတော့ လူတိုင်းပေါ့။ မြင်းကို ကျေးဇူးတင်ရဦးတော့ မည်။ သူ့သဘောနှင့်သူ ဦးဆောင်ပြီး ပန်းခင်းကိုဖြတ်ကာ အိမ်ဆီသို့ တန်းတန်းမတ်မတ် ပြန်နေသည်။ ခေါင်းထဲတွင် နောက်သည်ထက် နောက်လာ၏။ ယိုးဒယားနှင်းဆီ နှစ်ရုံအနက် တစ်ရုံသာ ရှင်သန်နေသည် ကို သတိထားမိသည်။

    ရှေ့တည့်တည့်မှ ၀က်သစ်ချပင်မြိုင်သည် မြင်ကွင်းထဲတါင် ယိမ်းထိုးလှုပ်ရှားနေ၏။ မြင့်တက်သွား လိုက်၊ ပုဝင်သွားလိုက်နှင့် မှန်ဘီလူးကို ဖြတ်သန်းကြည့်နေရဘိသို့။ မြင်းလိမ္မာက ဆင်ဝင်အောက် လှေကား ထစ်တွင် ရပ်လိုက်သည်။ ဒေးဗစ်ကြိုးစားပြီး မြင်းပေါ်မှ ဆင်းသည်။ လိမ့် မကျအောင် ဆင်ဝင်တိုင်ကို မနည်း အားပြု ထားလိုက်ရ၏။ မေမေ မမြင်အောင် အခန်းထဲဝင်ရမည်။ အားရ ပါးရ နားမည်။ ခေါင်းကြည်လင်လာ သည်အထိ စောင့်ပြီး လမ်းလျှောက်နိုင်သည်နှင့် တစ်ပြိုင်နက် အိမ်ထဲ ကို လှစ်ခနဲဝင်မည်ဟု စိတ်ကူးနေ တုန်း မေမေနှင့် ဖေဖေ ဘွားခနဲပေါ်လာသည်။
    'ဒေးဗစ် သား ဘာဖြစ်တာလဲဟင်'
    မေမေ့အသံကို ကြားလိုက်၏။ မျက်နှာပေါ်သို့ မေမေ့လက် ရောက်လာသည်ကိုလည်း သိလိုက်၏။ မေမေ့ လက်ဖ၀ါးနုနုကလေးက အေးမြလိုက်တာ။ မေမေ့ကို တစ်စုံတစ်ခု ပြန်ပြောဖို့ ကြိုးစား သည်။ သို့သော် တိုင်ကို လက်လွှတ်သည်နှင့် အရုပ်ကြိုးပြတ် လဲကျသွားတော့၏။

    လောကကြီးတစ်ခုလုံး မှောင်အတိကျသွားသည်။ ဘာဖြစ်သွားမှန်း တိတိကျကျ မသိလိုက်။ လသာ ဆောင်ထဲမှာ မေမေ့ပေါင်ကို ခေါင်းအုံးပြီး လှဲနေသည်ကိုတော့ ၀ိုးတ၀ါး သိသလိုလို။
    အစေခံတွေက အိမ်ထဲကိုသယ်ဖို့ လုပ်နေတုန်း ဖေဖေ တစ်စုံတစ်ခုကို ပြောလိုက်သည်။ သို့သော် သဲသဲကွဲကွဲ မကြားလိုက်။ မေမေ ပြန်ပြောသံကြားမှ ဖေဖေ ဘာပြောလိုက်သည်ကို သဘောပေါက်သည်။
    'ဟင့်အင်း...ဟင့်အင်း၊ ဂျူးဒစ်ကို ဘာမှမပြောပါနဲ့တော့ အစ်ကိုရယ်၊ ဂျူးဒစ် စိတ်တိုင်းကျ လုပ်ပါရ စေ'

    သစ်ဖြူတောအိမ်ကြီးထဲတွင် ရော်ဂျာကလေးကို အလယ်မှာထားပြီး ခုတင်တစ်ဖက်တစ်ချက်တွင် ကာလက်နှင့် ဒိုလားရက်စ် မျက်နှာချင်းဆိုင် ထိုင်နေကြသည်။
    ဒိုလားရက်စ်က သားလေး၏ နဖူးပြင်ကို ရေ၀တ်ဖြင့် တစ်ချိန်လုံး ထိုင်သုတ်ပေးနေသည်။ လေ မတိုက် ၍ ငြိမ်သက်နေသည့် ဖယောင်းတိုင်နှစ်တိုင်၏ မီးရောင်တွင် ဒိုလားရက်စ်၏ နံဘေးတိုက် ပုံရိပ် ကောက်ကြောင်း ကို ကာလက်ငေးကြည့်နေသည်။ ပင်ပန်းနွမ်းနယ်နေရှာသည့်ပုံ အထင်း သား ပေါ်နေ ၏။ ဂျူးဒစ်နှင့် တစ်ရွယ်တည်း ဖြစ်သော်လည်း ဒိုလားရက်စ်မျာ သိသိသာသာ အရွယ်ကျ သွားလေပြီ။ မိမိ မောင်းထုတ်သဖြင့် သူ့ခမျာ ဒီဘ၀ရောက်ရခြင်းပါလား။

    နောက်ပိုင်းနှစ်များတွင် အမုန်းခွန်အားကို ဇွတ်မွေးပြီး တင်းထားရပေမဲ့ ထိုနှစ်များ၏ ဟိုမှာဘက် တွင် အချစ်သည်း ခဲ့ကြသည့် အဖြစ်တွေကိုတော့ မိမိနှင့် ဒိုလားရက်စ် နှစ်ယောက်ထဲသာ သိကြသည်လေ။ မျက်စိရှေ့ မှ သားကလေး ကျန်းမာလာဖို့ စိတ်ချရပြီဆိုရင်တော့ အင်း...ငြိမ်းချမ်းပျော်ရွှင် စရာကာလတစ်ခု  ပြန်ပေါ်လာနိုင်ပါဦးမလား။ အမျက်တွေပြေခဲ့သည်မှာ ကြာပြီဖြစ်ကြောင်းနှင့် ရင်ထဲက အကြိမ်ကြိမ် ခွင့်လွှတ်ထားခဲ့ပြီး ဖြစ်ကြောင်းကိုတော့ ပြောဖြစ်အောင် ပြောရမည်။ သူ နားထောင်ချင်စိတ် ရှိမှရှိပါတော့ မလား။ ဒါပေမဲ့ ရော်ဂျာကိုတော့ သူ အသည်းစွဲ ချစ်ရှာသည်။ ရော်ဂျာ့အဖေ အနေဖြင့် တင်းမိ သမျှ အာဃာတ တွေကို ၀န်ချတောင်းပန်ပါမည် ဆိုရင်တော့ သူ ၀မ်းပန်းတသာ ခွင့်လွှတ်တန်ကောင်း ပါရဲ့။ သူ့သားကို သူ ငုံထားမတတ် ချစ်ရှာသည်မဟုတ်လား။

ဆက်ရန်
.

No comments: