မကြာခဏ ဆိုသလိုလည်း အတာတို့လူသိုက်သည် တစ်ယောက်က လန်ခြားကုလားခေါင်းပေါင်း ကို ဆွဲ ချွတ်၍ တောင်ဘက်သို့ထွက်ပြေးလျှင် အခြားတစ်ယောက်က လန်ခြားမီးခွက် ကိုဖြုတ်ပြီး မြောက်ဘက် သို့ ယူပြေးသောနည်းဖြင့် ဆော့ကြရာ၌ လန်ခြားကုလား မှ တောင်ဘက် လိုက်ရမလို မြောက်ဘက် လိုက်ရမယောင်ဖြင့် ဟိုပြေးဒီပြေးဖြစ်နေသည်ကို အတာ တို့ကြည့် ကာ အလွန်ပျော်နေတတ်ကြ၏။ သို့ လျှင် အဆော့မျိုးစံ ကမြင်းစရာ ကုန်သွား လျှင် ဖဲရိုက်ကစားကြ၏။ မျောက်ပန်းလှန်၏။
ယခုသော် အတာအား အလွန်လိမ္မာ၍ ဣနြေ္ဒသိက္ခာရှိသော အတာအဖြစ် မမြင်ရတော့ဘဲ အခြားသော လူပေလူတေ ကလေးများနည်းတူ အလွန်အော့နှလုံး နာစရာကောင်းသော အတာ အဖြစ် သာ တွေ့ရ တော့၏။ ကို ဆက်ဖတ်ရန်.........
တရုတ်ဟိုတယ်များတွင် သွားရောင်းက ခိုတစ်ကောင်လျှင် တစ်မူးရသောကြောင့် အတာတို့လူသိုက် သည် နေရာမှာ မဂိုလမ်း (ယခု ရွှေဘုံသာလမ်း)ရှိ ခိုအလွန်ပေါသော ကုလားဗလီတစ်ဝိုက်ဖြစ်၏။
သက်မဲ့ဖြစ်သော ပန်းပင်ကလေးများကိုသော်မှ ညှိုးနွမ်းသွားမည်ကို မကြည့်ရက်နိုင်ခဲ့သော အတာ၊ ပိုး ဟပ် ကလေးများ မြောင်းထဲတွင် ရေနစ်နေသည်ကိုတွေ့က မရအရ ဆင်းဆယ်၍ အသက်ကယ်ခဲ့ ဖူး သော အတာ သည် ယခု လူမိုက်လူပေကလေးများနှင့်ပေါင်းကာ စာကလေး၊ ခို၊ ဆက်ရက် စသည်တို့ ကို ရက်ရက် စက်စက် လောက်လေးနှင့် ပစ်သတ်နေပြီဖြစ်၏။
ည အိပ်ခါနီး တွင် ထိုနေ့အဖို့ သူဆော့ခဲ့သည်များကို ပြန်လှန်သတိရရင်း သူ့လောက်လေးဒဏ်ကြောင့် မချိမဆန့် နှင့် တဖျတ်ဖျတ်လူးကာ သေပွဲဝင်သွားရရှာသော ခိုကလေးများကို မျက်စိထဲတွင် မြင်ယောင် လာ၏။
"ဒီဘဝမှာ မင်းတို့က ပိုးကောင်ကလေးတွေ ဘာလေးတွေကို သတ်ရင် နောင်ဘဝကျတော့ မင်းတို့က ပိုးကောင်တွေဖြစ်ပြီး သူတို့က လူပြန်ဖြစ်ရော၊ အဲဒီအခါ့မှာ မင်းတို့ကို ပြန်သတ်လိမ့်မယ်၊ တချို့ ကလေးတွေ ဟာ ပိုးကောင်တွေ ဘာတွေလဲ တွေ့တိုင်းသတ်မယ်၊ ငှက်ကိုလဲ လောက်လေးနဲ့ပစ်မယ်၊ အဲသလို သူများအသက်ကို များများသတ်တဲ့လူကျတော့ နောက်ဘဝအထိ မနေတော့ဘူး၊ ခုဘဝမှာပဲ ငှက်ကလေး ကို လောက်လေး နဲ့ပစ်လို့ ခြေကျိုးသွားရင် ပစ်တဲ့လူကလဲ လှေကားပေါ်က ကျလို့ဖြစ်စေ၊ ကားတိုက် လို့ဖြစ်စေ တစ်နည်းနည်းနဲ့ ခြေကျိုးလက်ကျိုး ဖြစ်တတ်တယ်"
ချက်ချင်းပင် ကျောင်းနေစဉ်က နားထောင်ခဲ့ရသော ဆရာမတို့၏သြဝါစကားကို ကြားယောင် လာ၏။ ကြောက်လည်း ကြောက်လာ၏။ သွေးအေးအေးနှင့် တွေးမိမှ သူ့လက်ချက်ဖြင့် သေ သွားရရှာသော ခို ကလေးများကိုသနားလာ၏။ ဆရာမပြောဖူးသကဲ့သို့ ယခုဘဝမှာပင် ဝဋ်လည်မည်ကို လည်း အတာ တွေး၍ လန့်လာ၏။
"တော်ပြီ တော်ပြီ၊ နောက်ကို ငါ မပစ်တော့ဘူး၊ ဘခွေးတို့ ညွှန့်မောင်တို့ အပိန်တို့နဲ့လဲ ငါ ခိုပစ်မလိုက် တော့ဘူး"ဟု ထိုင်ရာမထ ဆုံးဖြတ်ချက်ချလိုက်တော့၏။
နောက်တစ်နေ့ မိုးလင်း၍ အိမ်ပေါ်မှ ဆင်းလာသည်နှင့် အတာသည် သူ့အပေါင်းအသင်းဖြစ်သော ဘခွေး တို့ လူသိုက်ကို ရှာ၏။ တစ်ယောက်မျှမတွေ့သည်နှင့် ထုံးစံအတိုင်း မသိန်းမေရှိရာ ဈေးသို့ထွက် သွားကာ ၁၁ နာရီသာသာလောက်တွင်မှ ထမင်းစားပြီး ပြန်လာခဲ့၏။ ၂၄ လမ်းထိပ်ရောက်သော် ကုလား တစ်ယောက် မြွေအလမ္ပာယ်ပြနေသည်ကို တွေ့သည်နှင့် ရှေ့ဆုံးမှ ဝင်ထိုင်ကာ ဒူးတနန့်နန့် နှင့် ကြည့်နေ၏။
အလမ္ပာယ်ကုလားလည်း အစအဆုံးပြပြီးသည်နှင့် ကြေးဖလားတစ်လုံးကိုင်ကာ ပိုက်ဆံလိုက်ခံတော့ ၏။ ဝိုင်းကြည့်နေသော ပရိသတ်များ အကုန်လောက်နီးနီး ရှင်းသွားသည်တိုင်အောင် အတာသည် အငိုင်သားနှင့် မြွေပခြုပ်ကိုကြည့်ကာ တစ်စုံတစ်ရာ စဉ်းစားနေ၏။ နောက် အတာသည် အတော်အ လှမ်းဝေး သို့ ရောက်နေသော် အလမ္ပာယ်ကုလားကို တစ်ချက်လှမ်းကြည့်တဲ့ပြီးမှ ရုတ်တရက်ထိုင်ရာမှ ထလိုက် ၏။
ချက်ချင်းပင် မကြောက်မရွံ့ မြွေပခြုပ်အနီးတွင် ဆတ်ခနဲ ထိုင်ချလိုက်ပြီး အလမ္ပာယ်ပြကုလား ပြွေ (ပလွေ) ကို ပခြုပ်ပေါ်မှ ကောက်တဲ့ကာ တပီပီနှင့် မှုတ်လေတော့၏။
နေရာ မှာ ယဉ်အသွားအလာ အလွန်ရှုပ်သော ရပ်ကွက်ဖြစ်သည့်အတိုင်း ဓာတ်ရထားသံ မော်တော် ကားဟွန်းသံ လှည်းရထားသံများဖြင့် ဆူညံနေသည်ဖြစ်ရာ ပေသုံးလေးဆယ်လောက် အကွာ သို့ ရောက်နေသော ကုလားသည်လည်း ပြွေသံကို ကြားဟန် မတူ။ ပိုက်ဆံကိုသာ ဆလံပေး ရင်း လျှောက် ခံနေ၏။
ဆောင့်ကြောင့်ကလေးထိုင်ကာ မြွေအလမ္ပာယ်ကုလားစတိုင်ဖြင့် ပြွေကြီးကိုကိုင်ပြီး ဘယ်ယိမ်းညာယိုင် အရမ်း ကာရော မှုတ်နေသည့် အတာကိုလည်း အနီးအနားရှိ လူစုသည် ရယ်စရာကောင်းသော ရှုခင်း ကလေး အဖြစ် ခပ်ပြုံးပြုံးရပ်ကြည့်နေကြ၏။
သို့နှင့် တစ်မိနစ်ခန့်ပင် မကြာမီ ပြွေသံကြောင့် ပခြုပ်ထဲမှ တိုးထွက်လာသော မြွေဟောက်နှစ်ယောင် သည် အတာ့ရှေ့ တွင် ပါးပျဉ်းတထောင်ထောင်ဖြင့် ပြွေတိမ်းရာသို့ ညီညီညာညာ ယိမ်းနေတော့၏။ ထိုအခြင်းအရာ ကို အတာ မမြင်သေး။ သူ့အား သဘောကျနေသည့် လူများကိုသာ ကြည့်ရင်း နောက် ပြောင်သော အမူအရာဖြင့် မှုတ်နေ၏။
သို့လျှင် မြွေများထွက်လာသည်ကို မြင်ရသည်နှင့် ရပ်ကြည့်နေသူများ ရှဲခနဲ နောက်ဆုတ်၍ လှုပ်ရှား သွားသည် ကိုပင် အတာ က သူ့အား ပြောင်သည်အထင်ဖြင့် ပို၍ပင် ကျယ်လောင်စွာမှုတ်ရင်း အလမ္ပာယ် ကုလား၏ အမူအရာအတိုင်း ပခြုပ်ဆီသို့ ငုံ့ကြည့်လိုက်မှ ပါးပျဉ်း ထနေသော မြွေဟောက်နှစ် ကောင် ကို မြင်ရတော့၏။
ချက်ချင်းပင် အတာလည်း မျက်လုံးအပြူးသားနှင့် တွန့်ခနဲ နောက်ဆုတ်လိုက်မိသဖြင့် ဆောင့်ကြောင့် မှ ဖင်ထိုင်ရက် ကျသွား၏။ မြွေများကလည်း အတာဆုတ်ရာသို့ တိုးလိုက်လာ၏။ ပါးပျဉ်းလည်း ပို၍ ထောင်လာ၏။ အတာတွင် ဘာလုပ်ရမည် မသိတော့ဘဲ မြွေများကို သာလျှင် ကြောက်ကြောက်လန့်လန့် နှင့် ကြည့်နေမိလျက် ပြွေကိုလည်း လက်ကမချဝံ့။ ပါးစပ်မှလည်း မဖြုတ်ရဲ၊ ကြောက်လေ မှုတ်လေ၊ မှုတ်လေ မြွေများကလည်း ပါးပျဉ်းပို၍ ထောင်လာလေဖြင့် အတာမှာ မျက်လုံး များ ကျွတ်ကျမတတ် ပြူး နေတော့၏။
သတိကောင်း၍ ဖျတ်လတ်သော တရုတ်တစ်ယောက်က အလမ္ပာယ်ကုလားကို ပြေးခေါ်လာမှပင် အတာကလေး သက်သာရာ ရသွားတော့၏။ ကုလားမှာလည်း အလွန် အမင်း ဒေါသဖြစ်သွား သည်တိုင် အောင် ကလေးဖြစ်နေ၍ ဘာမျှမတတ်သာ။ သူ့မြွေများကိုသာ ချော့မော့ သိမ်းဆည်း လိုက်ရတော့၏။ အတာတွင်မူကား အတန်ကြာသည်အထိ ထိုင်ရာမှ မထနိုင်သေးဘဲ တစ်ကိုယ်လုံး ဆတ်ဆတ် တုန်နေ ၏။ ပတ်ဝန်းကျင်ရှိ လူများသည်လည်း သူ့ကိုသာကြည့်၍ ဝိုင်းရယ်နေ၏။ မနေတတ် သူ တစ်ဦးကသာ အတာအား ရုတ်တရက်ဆွဲထူလျက် ရှာလပတ်ရည်တစ်ခွက် ဝယ်တိုက်ပြီး
"သွား အိမ်ပြန်တော့၊ နောက် ဒီလိုမဆော့နဲ့၊ သေတတ်တယ်ကွ" ဟု ဆုံးမ၍ လွှတ်လိုက်၏။
ထို့နောက် တစ်နာရီခန့်ကြာသော် အတာသည် သူ့အပေါင်းအဖော်ဖြစ်သော ဘခွေးတို့အား စောစောက သူကြုံခဲ့ရသည့် အဖြစ်ကို တခစ်ခစ်ရယ်ရင်း ပြောပြနေ၏။ သူ့အမူအရာတွင်လည်း ကြောက်ရွံ့စိတ် လုံး လုံး မရှိတော့ပေ။
"ဟေ့ အတာ လာလေကွာ သွားမယ်၊ ခိုသွားပစ်ရအောင်"
မငြင်းမပယ် အလွယ်နှင့်ပင် လိုက်သွားတော့၏။ သူတို့သွားရောက်ပစ်နေကျ နေရာဖြစ်သည့် မဂိုလမ်း (ယခု ရွှေဘုံသာလမ်း) ဗလီ၏နောက်ဖေးလမ်းကြားသို့ ရောက်သည်နှင့်
"ဟေ့ ဟိုမှာ ကုလားတွေလာပြီ၊ ပြေး ပြေး"ဟူသော အသံကြောင့် အတာလည်း ပြေးမိပြေးရာ စွတ်ပြေး ခဲ့ရာ၌ ထွက်ပေါက်မရှိသော လမ်းကြားဘက်သို့ ပြေးမိလျက်သားရှိနေသည်နှင့် ဗလီထဲမှ ထွက်လိုက် လာသော ကုလားတစ်ယောက်လည်း အတာ့ဇက်ပိုးကို ခပ်ကြမ်းကြမ်းဆုပ်ဖမ်း၍ ဗလီထဲသို့ ဆွဲခေါ် သွားတော့၏။
"နောက်ကို ဒီမှာလာပြီး ခိုတွေပစ်ဦးမလား"ဟူသော မေးခွန်းနှင့်အတူ ကုလားဗလီဆရာက အတာ့နား ရွက်ကို ခပ်နာနာကလေး ဆွဲလိမ်လိုက်တော့၏။ အတာတွင် နာလွန်းသဖြင့် မျက်ရည်ကလေးလည်လာ ရာ ခိုပစ်မည့် သူမဟုတ်ကြောင်း၊ သူ့တွင် လောက်လေးလည်း မပါကြောင်းဖြင့် အမျိုးမျိုး ငြင်းချက် ထုတ် သော်လည်း ကုလားကမူ "မင်းတို့ အတူတူလာတာပဲ"ဟူသော စွပ်စွဲချက်ဖြင့် အတာ့ဇက် ကို ခပ်စပ်စပ် ကလေး ရိုက်လိုက်၊ နားရွက်ဆွဲလိုက်၊ လက်ကိုလိမ်လိုက်ဖြင့် မှတ်လောက်အောင် ဆုံးမပြီး မှ ပြန်လွှတ် လိုက်၏။
အဆွဲအရိုက်ခံခဲ့ရသော နားရွက်နှင့် ဇက်ကို တစ်လှည့်စိပွတ်ရင်း မျက်ရည်လည်ရွဲနှင့် ပြန်လာခဲ့သော အတာ လည်း ယခုမှတစ်ဖန် ဆရာမ ဆုံးမဖူးသည့် သြဝါဒသံများကို ကြးယောင်လာပြန်၏။
"မင်းတို့အသား ကို အပ်ကလေးနဲ့ ဖြည်းဖြည်းလေးပဲ ထိုးကြည့်စမ်း၊ နာမှာပဲ မဟုတ်လား၊ အေး ပိုးကောင် ကလေးတွေ ငှက်ကလေးတွေလဲ ဒီလိုပေါ့ကွဲ့၊ လောက်လေးနဲ့ ပစ်တာမပြောနဲ့၊ အပ်ကလေးနဲ့ ထိုးလဲ သူတို့နာတာ ပဲ။ အဲဒါ မြဲမြဲ မှတ်ထားကြ၊ မလုပ်ကြနဲ့။ ဝဋ်လည်တတ်တယ်"
သို့လျှင် ကြားယောင်နေသည်နှင့်အမျှ နောင်တလည်း ရလာဟန်တူ၏။
"ဝဋ်လည်တယ်ဆိုတာ ဒါပဲထင်ပါရဲ့"
အတာလည်း ဤလိုရေရွတ်ရင်းကပင် ထူပူသွားသော အဆွဲအလိမ် အရိုက်အနှက်ခံခဲ့ရသော နားရွက် နှင့် ဇက်ကိုစမ်းကာ ဤသည်ကို ဝဋ်လည်ခြင်းဟု အသိအမှတ်ပြုလိုက်၏။ သို့ တွေးရင်း ငေးရင်း လျှောက်လာခဲ့ပြီး လမ်းတစ်လမ်းကို ဖြတ်အကူးလိုက်တွင် ကျွီခနဲ ဆူသွားသော အသံကြီးနှင့်အတူ မော်တော်ကားတစ်စီး သူ့အနီးတွင် တုံ့ခနဲရပ်သွားသည်ကို မြင်လိုက်ရကာ
"ဟဲ့ ကောင်လေး၊ ဘာလို့ ဒီလောက်ငေးရသလဲ၊ သေသွားလိမ့်မယ် သိလား"ဟူ၍ပင် ကားဒရိုင်ဘာက ကြိမ်သွားသေး၏။
ဤအဖြစ်သည် အတာကလေးအား ပို၍ပင် ချောက်ချားသွားစေတော့၏။
ထိုနေ့မှစ၍ အတာသည် လောက်လေးကိုပင် မကိုင်တော့ပေ။ သို့သော် ဤမည်သော လူတေလူပေ ကလေး များနှင့် ပေါင်းသင်းသွားလာလျက်ပင် ရှိနေသေး၏။ ဘခွေးဆိုသူမှာ ဆုံးမ၍ မရနိုင်အောင် တေ လွန်းပေလွန်းသဖြင့် သူ့အား မွေးစားထားသည့် တရုတ်ဆိုင်မှပင် မောင်းထုတ်လိုက်ပြီဖြစ်သောကြောင့် အခြေမဲ့ အနေမဲ့ ဘဝဖြင့် ညအခါတွင် လမ်းဘေး၌ အိပ်ပြီး နေ့အခါများတွင် ခိုပစ်၍ရောင်းရသော ပိုက်ဆံဖြင့် ထမင်း စားရ၏။
ခုပစ်၍မရသောနေ့များ၌ ဘခွေးသည် သိမ်ကြီးဈေးဘက်သို့ သွားကာ ထီး၊ ဖိနပ်၊ စွပ်ကျယ်သေတ္တာ လုံချည်အစရှိသော ပေါ့ပေါ့ပါးပါးပစ္စည်းများကို ဆိုင်ရှင်အလစ်တွင် ဆွဲပြေးလေ့ရှိ၏။ တစ်ခါတစ်ရံလည်း အထည်ပစ္စည်းဝယ်သူများက ကူလီငှား၍ တောင်းနှင့်ထည့်လာသည်ကို ကူလီကုလား မသိအောင် နောက်မှ အလစ်နှိုက်ပြေးတတ်၏။ ဤလိုဖြင့် သူ၏ စားဝတ်နေရေးပြဿနာ ကို ဖြေရှင်းရသည်ဖြစ်ရာ ကြာသော် ဘခွေးနှင့်သာ အမြဲပေါင်းသင်းသွားလာ နေတတ်သည့် အတာကလေး ပါ ဘခွေးကဲ့သို့ အလစ်သမားကလေး တစ်ယောက်ဖြစ်သွားမည်ကို စိုးရိမ်နေရသော အခြေ သို့ ဆိုက်လာရပြီဖြစ်၏။
"ဟေ့ အတာ လာကွ၊ သိမ်ကြီးဈေးသွားရအောင်"
"ဘာလုပ်ဖို့လဲကွ၊ ဈေးတော့ ငါ မလိုက်ချင်ဘူးကွာ၊ တို့အမေရှိတယ်"
"လာပါကွ၊ မင်းတို့အမေ မမြင်အောင် သွားမှာပေါ့၊ ငါ လုံချည်သွားဝယ်မလို့ပါ" ဟု မရမကဆွဲခေါ်သဖြင့် အတာ တွင် မလိုက်ဘဲနေက ဖြစ်သော်လည်း တစ်ယောက်တည်း ပျင်းကျန်ရစ်မည်စိုးသောကြောင့် ဘခွေး ခေါ်ရာ သို့ လိုက်ပါသွားတော့၏။
"မင်း ဒီနား မှာ စောင့်နေနော်"
အတာတွင်လည်း ဘုမသိ ဘမသိနှင့် ဘခွေးက စောင့်ခိုင်းထားသည့် အထည်တန်း ထောင့်ချိုးတစ်နေ ရာတွင် ရပ်စောင့်နေမိ၏။ လေးငါးရှစ်မိနစ်ခန့်အကြာတွင် အနက်ရောင်စက္ကူချောဖြင့် ထုပ်ထားသော အထုပ်ကြီး တစ်ထုပ် ကို ရင်တွင်ပိုက်၍ ကတိုက်ကရိုက် ရောက်လာသော ဘခွေးကိုတွေ့ရပြီး
"ဟေ့ အတာ ရော့ အဲဒါယူပြီး မင်းလစ်တော့၊ သွားကွ မြန်မြန် ပြေးလေကွာ"ဟု ပြောရင်း ပေးထားခဲ့ပြီး မှ ဘခွေး လည်း အတာနှင့် လမ်းခွဲ၍ အခြားဘက်သို့ သုတ်ခြေတင်လေတော့၏။ ရုတ်တရက် အဓိပ္ပာယ် မရှင်း ၍ အကြောင်သား ပင် အထုပ်ကြီးပိုက်၍ ရပ်နေမိသော အတာလည်း ဆူဆူညံညံအသံပေါ်လာမှ ပင် သူ့လက်ထဲ မှ အထည်ထုပ်သည် ဘခွေးအလစ်သုတ်လာသော ပစ္စည်းဖြစ်ကြောင်း သဘောပေါက် သွားကာ ဤနေရာ တွင် ရပ်နေ၍ မဖြစ်တော့သည်ကို တွေးမိပြီး ခြေဦးတည့်ရာသို့ ခပ်သုတ်သုတ် ထွက် သွားရတော့၏။
နောက်မှ လိုက်လာသော လူအုပ်ကြီးလည်း အတာ သွားရာဘက်သို့ လှည့်ကြည့်လိုက်ရာ၌ အတာ သည် သုတ်ခြေတင် ၍ ပြေးနေသည်မဟုတ်ဘဲ လမ်းလျှောက်လာသည်ထက် မြန်ရုံသာ လှမ်းနေသည် ကို တွေ့ရသောကြောင့် လူအုပ်သည် အတာ့ဆီသို့ မလိုက်တော့ဘဲ အားကုန်ပြေးနေသူ ဘခွေးနောက် သို့သာမဲ ၍ လိုက်တော့၏။
ပြေးလည်း ပြေး၊ မောလည်း မမောပါဘဲလျက် အတာသည် ဇောချွေးများ ပြန်လျက်ရှိ၏။ ကြောက်လန့် တုန်လှုပ်မှုဖြင့် သူ့ရင်ကလေးလည်း တဒိတ်ဒိတ် ခုန်နေရှာ၏။ ဟိုကွေ့ သည်ကောက်ဖြင့် ကြောက် ကြောက်နှင့် လျှောက်လာခဲ့၍ ၂၄ လမ်းထဲသို့ သုတ်သုတ်ကလေး ဆွဲခေါ် သွားတော့ ၏။
"ဟေ့ကောင် ဘခွေး မင်း ဘာလုပ်တာလဲကွ၊ ဟင်"
တုန်တုန်လှုပ်လှုပ်ကြီး အတာက မေးလိုက်သည်ကို ဘခွေးက ရယ်ကာမောကာဖြင့်
"ငါလဲ အစတုန်းကတော့ မင်းလိုပဲ သိပ်ကြောက်တာပေါ့၊ ဒါပေမဲ့ နှစ်ခါ သုံးခါလောက်ဆို မကြောက် တော့ဘူး၊ ဒါက ခိုပစ်တာထက် ဟန်ကျတယ်ကွ၊ မင်းကြည့် တော်ကြာ သိလိမ့်မယ်"
"မင်း ဘာတွေပြောနေတာလဲကွ၊ ငါ မေးတာက"
"မင်း မသိဘူး၊ အလစ်သုတ်တယ်ဆိုတာ ဒါပေါ့ကွ၊ လာ ဟိုမှာ ရောက်ပြီ" ပြောပြောဆိုဆိုပင် ဘခွေး လည်း ဘိန်းခန်းနှင့်တူသော တရုတ်အိမ်တစ်အိမ်ထဲ လှမ်းဝင်တော့မည်အပြု အတာလည်း လက်ထဲမှ အထုပ်ကို ပစ်ချကာ ဘခွေး၏အင်္ကျီရင်ဘတ်ကို စုဆွဲပြီး သဲသဲမဲမဲ ထိုးတော့မည်ကဲ့သို့ လက်သီးဖြင့် ရွယ်လိုက်သည်နှင့် တရုတ်တစ်ယောက်ထွက်လာကာ
"ဟေး ကောင်လေး၊ ရန်မီဖြစ်နဲ့လေ၊ လာ လာ"ဟု အထုပ်ကိုပါ ကောက်၍ နှစ်ယောက်စလုံးကို ဆွဲခေါ် သွား၏။
လေးငါးမိနစ်ခန့်ကြာ၍ အတာတို့နှစ်ယောက် ထွက်လာသောအခါတွင်မူ စောစောကအထည်ထုပ် ပါမ လာတော့ ဘဲ "ဟေ့ အတာ၊ ဘယ့်နဲ့လဲ ကဲ ခု ခဏလေး နဲ့ မင်း ခြောက်ကျပ် ငါ ခြောက်ကျပ် ရတယ်၊ မနိပ်ဘူးလား"
အတာကမူ ဘာတစ်ခွန်းမျှ ပြန်မပြောသေးဘဲ သူ့လက်ထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ထားသော ငွေဒင်္ဂါး ခြောက်ကျပ်ကို အသာအယာဖြန့်၍ ကြည့်လိုက်၏။ ကြောက်ရွံ့ခြင်း၊ ထိတ်လန့်ခြင်း တို့ကြောင့် အတာ့လက်ဝါးထဲ ရှိ ငွေဒင်္ဂါးများမှာ ချွေးများဖြင့် နစ်ရွှဲနေ၏။ ထိုပိုက်ဆံ ကိုင်ထားသော လက်သည် လည်း ဆတ်ဆတ်ခါအောင် တုန်နေ၏။
"ဟေ့ကောင် မင်းကြောက်နေသလား၊ ဒါ အစမို့ နောက်ဆိုရင် မင်း"...
"တော်တော့ကွာ ဘခွေး၊ မင်း ဘာမှမပြောနဲ့ ငါ စိတ်ညစ်နေတယ်၊ ထထိုးမိလိမ့်မယ် သိလား"
အတာ က မျက်လုံးအပြူးသားနှင့် မာန်လိုက်မှပင် ဘခွေးငြိမ်သွားတော့၏။ သို့နှင့် မောင်ခိုင်လမ်း (ယခု ဗိုလ်ရွှဲလမ်း) ထိပ် ရောက်လာသည်တွင် "ဟေ့ ဘခွေး ငါ ပြန်တော့မယ်၊ မင်းကော"
"ငါတော့ မဂိုလမ်း (ယခု ရွှေဘုံသာလမ်း)မှာ ဒန်ပေါက်ထမင်း သွားစားမယ် ဆရာ၊ ဒီနေ့ ငါ ပွတယ် မဟုတ်လား၊ ကောင်းကောင်းသွားစားမယ်၊ လိုက်ခဲ့ပါလားအတာ၊ မင်းကို ငါ့ပိုက်ဆံနဲ့ပဲ ကျွေးပါ့မယ်ကွ"
အတာက ခေါင်းကို သွက်သွက်ကလေး ခါလိုက်၏။ ယခု တွေ့ရသော အတာ့အမူအရာ မှာ စောစော က လောက် တုန်တုန်လှုပ်လှုပ် မရှိတော့သည်နှင့် "ဟို တစ်နေ့တုံးကဆို ငါ ခဏလေး နဲ့ ငွေသုံးဆယ်လောက် ရလိုက်တယ် ဆရာ" ငွေသုံးဆယ် ဆိုသော စကားကိုကြားလိုက်ရသည်နှင့် အတာ လည်း ဆတ်ခနဲ လှည့်ကြည့်မိ၏။
"ဘယ်ကရတာလဲ"
"သိမ်ကြီးဈေးကပေါ့ကွ၊ မိန်းမကြီးတစ်ယောက် ဈေးဝယ်နေတုန်း သူ့သားရေအိတ်ကို ဘေးမှာချထား တာ ငါ အသာကလေး သုတ်ယူခဲ့ပြီး ဖွင့်ကြည့်တာ့ တစ်ဆယ်တန်ရော အကြွေတွေပါ အားလုံး သုံး ဆယ်လောက်ရတယ်ကွ၊ နောက်ပြီး ရွှေစကလေး တစ်ခုလဲ ပါတယ်၊ ရွှေဆိုင်မှာ သွားရောင်းတာ လေး ကျပ်ရတယ်"
ထိုစကားကြားလိုက်ရသည်နှင့် အတာတွင် စိတ်ညစ်သွားသလို မျက်နှာကလေး ရှုံ့နေမိပြီး
"ဒါဖြင့် အဲဒီ ပိုက်ဆံတွေကော"
"မရှိတော့ဘူးကွ၊ ဖဲရိုက်လို့ ရှုံးသွားပြီ"
"ဟင် ဒါဖြင့် မင်းဟာ ဘာထူးသေးလဲကွ"
"အောင်မာ၊ အလကားရတဲ့ ပိုက်ဆံပဲ ရှုံးကော ဘာဖြစ်လဲ၊ ဟော ဒီနေ့ ခြောက်ကျပ်ရပြီ မဟုတ် လား၊ တော်ကြာ လေးကောင်ဂျင် သွားကစားမယ်၊ တစ်ဆယ်နှစ်ဆယ် နိုင်ချင် နိုင်မှာကွ"
"ကဲ ဘခွေး၊ မင်း သွားတော့ကွာ၊ ငါ စိတ်ရှုပ်လာပြီ၊ သွားတော့ ငါ ပြန်မယ်"
တေပေလေလွင့်နှင့် ဖြစ်ချင်တိုင်း ဖြစ်နေခဲ့သော အတာသည် သုံးလေးရက်မျှဆက်၍ ရေချိုးပျက်ခဲ့ပြီး ယခုမူ မကြုံဘူးလောက်အောင် ထိတ်လန့်ခဲ့ရသည်နှင့်အမျှ သူ့တစ်ကိုယ်လုံးမှာ ချွေးစေးများနှင့် နင့်နေ ခဲ့သည့် အတိုင်း ရေချိုးချင်စိတ်ပေါက်လာဟန်တူ၏။
ရေချိုးပြီး၍ စိတ်ကလေး ကြည်ကြည်လင်လင် ရှိလာသည်နှင့် သူ့မေမေ ရှိရာ သိမ်ကြီးဈေးသွားဦးမည် ဟု ထလိုက်ပြီးမှ
"ငါ ခုန အထည်ထုပ်ယူသွားတာကို မှတ်မိတဲ့လူက မတော်လို့ တွေ့သွားရင်"
သို့ အထိတ်တလန့် တွေးလိုက်မိသည်နှင့် အတာ ပျာပျာသလဲ ထိုင်ချလိုက်၏။ ကြည်လင်နေသော စိတ်ကလေး မှာလည်း အတွေးပေါင်းချုပ်ဖြင့် ရှုပ်စပြုလာတော့၏။ မတော်တရော် လုပ်ခဲ့မိသည့် အထည်ထုပ် ကိစ္စကို တွေးရင်း အတာသည် အတော်ကလေး ချောက်ချားသွားရာမှ
"ဒါ ငါ ခိုးတာလား၊ မဟုတ်ဘူး၊ ခိုးမယ်ဆိုတာလဲ ငါ မသိဘူး၊ ဘခွေးလုပ်တာ၊ ဘခွေး ခိုးတာ"
ဤလိုလည်း အကြောက်တလန့် ရေရွတ်နေမိ၏။ ချက်ချင်းပင် သူ့ဖာကလေးကိုဖွင့်လျက် အဝတ်အစား များကို ထုတ်ကာ အောက်ဆုံးသတင်းစာစက္ကူကိုလှန်ပြီး အစီအရီ ဝှက်ထားသော တစ်ကျပ်တန် ဒင်္ဂါး ခြောက်ခု ကို တဆတ်ဆတ်တုန်နေသော လက်ကလေးများဖြင့် ကိုင်ကြည့်နေမိပြန်၏။
ရှက်ခြင်း၊ ကြောက်ခြင်း၊ သူတစ်ထူး၏ပစ္စည်းကို ခိုးမိလေခြင်းဟူသော နောင်တဖြင့် အတာ့မျက်နှာက လေးမှာ ချွေးသီးများဖြင့် ဖုံးနေတော့၏။ ခြောက်ကျပ်ဆိုသော ငွေသည် သူ့အဖို့ သွားရည်ယိုစရာပင်ဖြစ် ၏။ ကျောင်းနေစဉ်က နေ့စဉ် အငတ်ခံ၍ စုခဲ့သည်တိုင်အောင် တစ်လလုံးနေ၍မှ တစ်ကျပ်ရရန်ပင် အနိုင်နိုင်ဖြစ်ခဲ့ရာ ယခု နာရီဝက်အတွင်း ခြောက်ကျပ်မျှ ရလိုက်သောကြောင့် စောစော က နောင်တ တရားပင် ပျောက်ပျယ်သွားတော့မည့်ပမာ ဤငွေ အရလွယ်သော မကောင်းမှု ဘက်သို့ စိတ်ကလေး မသိမသာ လည်လာပြန်၏။
"တောက် တစ်ခါတည်းနဲ့ ငွေ လေးငါးဆယ်လောက် ရမယ်ဆိုရင် အကောင်းသား၊ ကြီးကြီးမေလို အထည်ဆိုင်ကလေးဖွင့်ဖို့ အရင်းရမှာပဲ"ဟူ၍ပင် လောဘရိပ်ကလေးဖြင့် စိတ်ထဲမှ ရေရွတ်နေချေသေး ၏။
တစ်ဖန် သိမ်ကြီးဈေးတစ်ဝိုက်၌ သူခိုး ခါးပိုက်နှိုက်မိလျှင် မချိမဆံ့ ဝိုင်းရိုက်တတ်သည် ကို လည်းကောင်း သွေးသံရဲရဲနှင့် တစ်မျက်နှာလုံး ပေါက်ကွဲစုတ်ပြတ်သွားသည့် ခါးပိုက်နှိုက် အလစ်သမားများ ကိုလည်း ကောင်း၊ သူကိုယ်တိုင် မကြာခဏ မြင်ခဲ့ဖူး၏။ ဤသည်ကို စဉ်းစားမိပြန်သော အခါ၌လည်း သူ စော စောကတွေးခဲ့သော တစ်ချီတည်းနှင့် အရင်းအနှီးအမည်ဆိုက တစ်ကြိမ်လောက် နောက်ထပ် စွန့်စား လိုက်ချင်သည့်စိတ်ကူးကို အတာသည် မျက်လုံးအပြူးသားနှင့် စွန့်လွှတ် လိုက်မိပြန်၏။
သို့လျှင် အမျိုးမျိုး အမည်မည်ကို အပြန်အလှန်တွေးရင်း စိတ်မောရင်းနှင့်ပင် ထိုနေ့အဖို့ ညစာထမင်း ပင် မစားနိုင်တော့ဘဲ အတာကလေး အိပ်ပျော်သွားရှာတော့၏။
ဆက်ရန်
.

1 comment:
ဖတ်ခဲ့ပါတယ် နှစ်သစ်မှာဧချမ်းသာယာပါစေ
ဆရာမ
Post a Comment