Sunday, April 8, 2012
တင်မောင်မြင့် ၏ နွေကန္တာ, အပိုင်း (၂၁)
ဖီးလစ်က သူ့သမီး ဘယ်သူ့ယူယူ ကြိုက်တာယူပစေဟု ဆိုသည်။ မြေဧက ၉၀၊ ကျွန် ခုနစ်ယောက် နှင့် သားသမီး များ၏ ပညာရေး ရန်ပုံငွေတွေပါ အမွေရမည့် မိန်းကလေး တစ်ယောက် အဖို့ ယောက်ျား ကို ခေါင်းခေါက်ရွေးယူနိုင်သည်ဟု ဖီးလစ် ယုံကြည်ထားသည်။
ရာသီဥတု က ပူလှသည်။ ဒါတောင် မနက်က မိုးရွာချထားသေးသည်။ ထို့ကြောင့် လမ်းတစ်လျှောက် ဖုန်မထ ဘဲ သန့်သန့်ရှင်းရှင်း ဖြစ်နေ၏။ ကမ်းနား တစ်လျှောက် ဖြတ်မောင်း လာ ကြ၏။ ဆိပ်ကမ်း ရပ်ကွက်နား အရောက် ဂျူးဒစ်နံဘေးမှ ဖွင့်ထား သည့် ပြတင်းပေါက် တွင် ကောင် လေး တစ်ယောက် ခိုတက်လာပြီး ဈေးရောင်းတော့သည်။
ကို ဆက်ဖတ်ရန်.....
" ဒေါ်လေး ငှက်ပျောသီး ၀ယ်ပါဦးဗျ "
" ဘုရား ဘုရား၊ ဒုက္ခပါပဲ၊ ဆင်း … ဆင်း၊ လိမ့်ကျပြီး ဇက်ကျိုးတော့မှာပဲ "
" ကိစ္စမရှိပါဘူး၊ ကျွန်တော် လက်မြဲပါတယ်၊ ငှက်ပျောသီးရယ်သင်္ဘောသီးရယ် ပါတယ်ဗျ"
မြင်းရထား ဘီးတစ်ဖက် ချိုင့်ထဲကျသွားတော့ ရီတာနှင့် ဖီးလစ်ငယ်တို့နှစ်ယောက် ကောင်လေးကို စိုးရိမ်တကြီး ကြည့်လိုက်ကြသည်။ ကောင်ကလေးက တံတောင်ဆစ် တွင် ဈေးခြင်းတောင်း လျှိုပြီး ပြတင်းပေါက်ဘောင်ကို လက်နှစ်ဖက်နှင့် ဆုပ်ကိုင်ကာ ကျင်လည်စွာ လိုက်ပါလာ သည်။ သူ့ တစ်ကိုယ်လုံး ညစ်ပတ်ပေရေနေသည်။
ရှပ်အင်္ကျီမှာလည်း စုတ်ပြတ်နေ၏။ ရထားမောင်းသမားက သူ ခိုစီးလိုက်လာသည်ကို အပေါ်မှမြင်သော် လည်း အရှိန်မလျှော့ဘဲ ဆက်မောင်းသည်။ ဖီးလစ်က အကြွေနှိုက်ပြီး -
" ကဲ ရော့၊ ရော့ မင်း ခေါင်းနဲ့ ကိုယ် အိုးစားမကွဲချင်ရင် မြန်မြန်ဆင်း။ ကြားလား "
" ဟုတ်ကဲ့၊ ဟုတ်ကဲ့ "
ဖီးလစ်လက်ထဲ ကို ချာတိတ် ငှက်ပျာသီးနှစ်လုံး ဖျတ်ခနဲထည့်ပြီး -
" ကဲ သွားပြီဗျို့"
ထိုစဉ် လှည်းဘီးက ကျောက်တုံးတစ်တုံးကို ဖြတ်နင်းလိုက်သည်။ ချာတိတ်အော်သံနှင့်အတူ လွင့်ကျ သွားသည်။ ဂျူးဒစ် အလန့်တကြား ခေါင်းထွက်ကြည့်လိုက်၏။ တစ်ဆက်တည်း အော်ပြော လိုက်သည်။
" ရပ်စမ်း၊ ရပ်စမ်း၊ ဒုက္ခပါပဲ၊ သေပြီလား မသိဘူး "
ကလေးတွေ ပြတင်းပေါက်တွင် အလုအယက် ခေါင်းထွက်ကြည့်လိုက်၏။ တစ်ဆက် တည်း အော်ပြော လိုက်သည်။
" ရပ်စမ်း၊ ရပ်စမ်း၊ ဒုက္ခပါပဲ၊ သေပြီလား မသိဘူး "
ကလေးတွေ ပြတင်းပေါက်တွင် အလုအယက် ခေါင်းထွက်ပြီး ကြည့်ကြသည်။ ဖီးလစ်ကပါ ရထားရပ် ဖို့ အော်ပြီး အမိန့်ပေးလိုက်၏။ ရထားထိန်း ခုန်ဆင်းလာပြီး လှေကားထစ် ချပေးသည်။
ဖီးလစ် စိတ်အနှောင့်အယှက်ဖြစ်သွား၏။ ဘယ်သူ့ကိုမှတော့ အပြစ်မတင်လို။ သည်ရပ်ကွက် က ပေါက်လွှတ်ပဲစား များကို စည်းကမ်းတကျဖြစ်အောင် ဘယ်သူ လာသင်ပေးမည်လဲ။ သို့သော် တစ်ခါမှ သည် လို မဖြစ်ဖူးခဲ့ပါ။ ကလေးတွေကို အော်မဆင်းဖို့ ပြောခဲ့ပြီး ချာတိတ် လဲကျနေသည့် နေရာသို့ ဂျူးဒစ် ပြေးသွားသည်။
ကောင်လေးက ဒူးကို လက်တစ်ဖက်ဖြင့် နှိပ်ပြီး ထိုင်နေသည်။ သူ့ခြေထောက်တွင် ဖိနပ်မပါ။ ဒူးတစ်ဖက် မှ သွေးတွေ စီးကျနေ၏။ ခြင်းတောင်း တခြား၊ လူတခြား ဖြစ်သွားပြီး သစ်သီးတွေက လမ်းပေါ် တွင် ပြန့်ကျဲနေသည်။ ဂျူးဒစ်က ငုံ့ကြည့်ပြီး -
" ပြစမ်း၊ မင်းဒူးခေါင်း ကြည့်ရအောင်၊ တော်တော်များသလား "
" မများပါဘူး၊ ကိစ္စမရှိပါဘူး" ဟု ပြောနေသော်လည်း သူ့မျက်နှာမှာ ရှုံ့မဲ့နေသည်။ ချာတိတ်က ဗလကောင်းကောင်း၊ အသက်က ၁၀ နှစ်ခန့်သာ ရှိဦးမည်။ ဒေးဗစ်တို့ ညီအစ်ကိုတစ်သိုက် အနား ရောက် လာ ကြသည်။
ဒေးဗစ်က မြင်းကို ဇက်သတ်ရင်း အဖေနှင့် အမေကို ဘာလိုသေးလဲဟု မေးသည်။ ဖီးလစ်က သူတို့ ညီအစ်ကိုသုံးယောက်ထံမှ လက်ကိုင်ပ၀ါတွေ တောင်းယူလိုက်၏။
" ပတ်တီးစည်းပေးပြီး သွေးတိတ်ရင် သူ့အိမ်ကို လိုက်ပို့မှ ဖြစ်မယ်။ လမ်းလျှောက်ခိုင်းလို့ မဖြစ်ဘူး"
ဖီးလစ် က ဒူးမှဒဏ်ရာကို ပတ်တီးစည်းပေးပြီး လက်ကိုင်ပ၀ါ တစ်ထည်ကို မျက်နှာမှ ဒဏ်ရာပေါ်တွင် ဖိထား ရန် ချာတိတ်အား ပေးလိုက်သည်။
" ခုလို ဖြစ်ရတဲ့အတွက် ကျွန်တော် ၀မ်းနည်းပါတယ် မစ္စတာလန်း "
" အေးကွာ၊ ငါလည်း မင်း ခုလို ဖြစ်ရတဲ့အတွက် စိတ်မကောင်းပါဘူး။ လမ်းမလျှောက်ဘဲ နှစ်ရက် သုံးရက်လောက် နေလိုက်ရင် ကောင်းသွားမှာပါ။ ဒါထက် မင်း ငါ့နာမည်ကို ဘယ်လိုလုပ်ပြီး သိသလဲ ကွ ဟေ"
ချာတိတ် က မျက်ခုံးချီပြီး ပြုံးသည်။
" ဦးကို လူတိုင်း သိတာပဲ၊ ကျွန်တော်လည်း သိတာပေါ့ "
" ဟုတ်လား "
ဖီးလစ် က ချာတိတ်ကို ပြန်ပြုံးပြသည်။ မြင်းပေါ်မှ လူရွယ်သုံးယောက်ကို ချာတိတ် က မော်ကြည့်ပြီး ရော်ဂျာကို လက်ညှိုးထိုး၍ "ခင်ဗျားက ရော်ဂျာရှာရမီပေါ့ ဟုတ်လား "ဟု ကောက်မေး လိုက်၏။ ရော်ဂျာက ပြုံးပြီး ခေါင်းညိတ်ပြသည်။ ရော်ဂျာက ၁၄ နှစ်သား။ မြင်းစီး လည်ရှည်ဖိနပ်နှင့် အလွန် ကြည့်ကောင်းသူဖြစ်၏။ ရော်ဂျာ့ ဆံပင်နှင့် မျက်လုံးတွေက အညိုရောင်။ သူ့အဒေါ် ဂျူးဒစ်နှင့် တစ်ပုံ တည်း။ သို့သော် တစ်ဖက်နှင့်တစ်ဖက် ဆက်လုနီးပါးရှိနေသည့် နက်မှောင်မှောင် မျက်ခုံးအစုံ က စပိန်သွေး ကို ဖော်ညွှန်းနေ၏။ နှာတံအကျ မှာ ဒိုလားရက်စ်နှင့် တစ်ထေရာတည်း။
" ခင်ဗျားကိုလည်း ကျွန်တော် သိတယ် "
ချာတိတ် က မှုန်တေတေနှင့် ပြောသည်။ ဒေးဗစ်က ချာတိတ်ကို သူ့မြင်းနှင့် ပြန်ပို့ပေးမည်ဟုပြော သည်။ သို့သော် ဖီးလစ် က ရထားနှင့် ပို့ပေးလျှင် သူ့အတွက် ပိုအဆင်ပြေမည် ဖြစ်ကြောင်းပြောပြီး ချာတိတ် ကျယ်ကျယ် ၀န်းဝန်း ထိုင်နိုင်စေရန် ရီတာကို ဒေးဗစ်၏ မြင်းပေါ် တင်ပေးပြီး အလျင်ပြန် ခိုင်းလိုက်သည်။
" မင်း ဘယ်မှာနေလဲ "
ချာတိတ်ကို နေရာချပေးရင်း ဖီးလစ် မေးလိုက်သည်။
" ဟိုအောက်ဘက် ဆိပ်ကမ်းရပ်ကွက် မှာပါ "
ရထားသမား ကို ဆိပ်ကမ်းရပ်ကွက်သို့ မောင်းဖို့ ဖီးလစ်အမိန့်ပေးလိုက်သည်။ ဂျူးဒစ်ကိုပါ အိမ်ပြန် ထည့်လိုက်ရ အကောင်းသားဟု ခုမှ တွေးမိသည်။ ဆိပ်ကမ်းရပ်ကွက်သည် အမျိုးကောင်းသမီးတို့ သွားအပ် သည့် အရပ် မဟုတ်ပေ။ ချာတိတ်က ဖီးလစ်၏ အ၀တ်အစားတွေကို စိုက်ကြည့်နေသည်။ ပြီးတော့ ထိုင်ထားသည့် ကူရှင်ကို လက်နှင့် ပွတ်ကြည့်သည်။
" ကျွန်တော် ဘာလို့ ဦးတို့ရထားကို ခိုစီးလဲ သိလား "
" ဆိုစမ်းပါဦးကွ "
" ကျွန်တော်က ဦးတို့နဲ့ အမျိုးတော်တယ်ဗျ။ ကျွန်တော့် နာမည်က ဂီဒီယန်အပ္ပဂျွန်း။ ဟောဒီအဒေါ်ကို ကျွန်တော် သိပ်တွေ့ချင်လွန်း လို့ ကျွန်တော် ခုလို လုပ်မိတာပါ "
ချာတိတ်က မျက်နှာချင်းဆိုင် ထိုင်နေသည့် ဂျူးဒစ်ကို လက်ညှိုးထိုးပြီး -
" အဒေါ်က တန်တီဂျူးဒစ် ဟုတ်ပါတယ်နော်၊ အန်တီဂျူးဒစ်အကြောင်း မေမေ ကျွန်တော့်ကို အများ ကြီး ပြောပြထားတယ် "
" ဟုတ်လား "
ဂျူးဒစ်က ဂီဒီယန်၏ ပေါင်ပေါ် လက်တင်ပြီး -
" မင်းမေမေ နေကောင်းရဲ့လား ဂီဒီယန်"
" ကောင်းပါတယ်၊ ဒါပေမဲ့ ကျွန်တော့်ကိုတော့ ဒေါပွမှာပဲ။ ကျွန်တော့်ကို ပြောထားတယ်၊ အန်တီဂျူးဒစ် တို့နဲ့ မပတ်သက်ရဘူးတဲ့ "
ဖီးလစ်ငယ်က ဂီဒီယန်ကို စိုက်ကြည့်ပြီး -
" သူနဲ့ ဘာဖြစ်လို့ အမျိုးတော်ရတာလဲ မေမေ "
" သူ့မေမေ နဲ့ မေမေတို့ ဟိုတုန်းက သိဖူးတယ်လေ "
တစ်ဆက်တည်း သူတို့ မိသားစုအကြောင်း ဂီဒီယန်ကို ဂျူးဒစ်မေးကြည့်သည်။ ရံဖန်ရံခါ ရော်ဂျာ့ အကြောင်း ဒိုလားရက်စ်ဆီသို့ လူလွှတ်ပြီး သတင်းပို့ဖြစ်၏။ အစေခံများက ပြန်လာတိုင်း မစ္စဒိုလားရက်စ် တစ်ယောက် အလွန်အမင်း ဆင်းဆင်းရဲရဲဖြစ်နေကြောင်း ပြောကြသည်။ သို့သော် ဒိုလားရက်စ်ကို ဘာအကူအညီ မှ ပေးလို့မရ။ ခုတော့ သူနှင့် မတွေ့သည်မှာ နှစ်ပေါင်းများစွာ ကြာပြီ။
" အဖေလည်း နေကောင်းပါတယ်၊ အဖေက မစ္စတာပါစယ်ရဲ့ ဆိပ်ကမ်းမှာ အလုပ်လုပ်နေပါတယ် "
" မင်းမှာ ညီအစ်ကိုမောင်နှမ ရှိသေးလား ဂီဒီယန် "
" ဟုတ်ကဲ့၊ ကျွန်တော့်ထက်အကြီး မိန်းကလေးတစ်ယောက် ရှိပါတယ်။ မာမီစူတဲ့။ သူနေ မကောင်းတာ နှစ်ရက်လောက်ရှိပြီ။ ညီမလေးတစ်ယောက်လည်း ရှိတယ် "
" ဘာဖြစ်တာလဲ "
" မသိဘူးဗျ "
ချာတိတ် စကားပြောပုံက သူ့အမေလိုပင် ခပ်တိုတို။ သို့သော် လူကုံထံတွေက သူ့ကို ဂရုတစိုက် လုပ်နေ ၍ ကျေနပ်နေပုံ။ တမင်တကာများ ဒဏ်ရာရအောင် လုပ်လိုက်တာလားဟု ဖီးလစ် သံသယ ဖြစ်နေ၏။ အမေ လုပ်သူက ရော်ဂျာ့သတင်းကို ကြားလိုသည်မှလွဲပြီး အသိုက်အ၀န်းနှင့် အဆက်ဖြတ်ကာ ဇာတ်မြှုပ်နေသည့် အဖြစ်ကို ဂီဒီယန်လို အရွယ်ကလေး နားလည်နိုင်ရှာမည် မဟုတ်ပေ။ စောစော က ရော်ဂျာရှာရမီကို သူ မော်ကြည့်နေသည့် မျက်လုံးများကို ဖီးလစ် သတိရ နေသည်။ ရပ်ကွက် ထဲရောက်တော့ လမ်းက ဆိုးသည်ထက် ဆိုးလာသည်။ ရထားသမား မနည်း ထိန်းမောင်းနေရ၏။ ဖီးလစ်ကလေးက "ဟင် ဘာနံ့ကြီးပါလိမ့်" ဟုဆိုပြီး နှာခေါင်းရှုံ့သည်။ ဂျူးဒစ်က နှာခေါင်းကို လက်ကိုင်ပ၀ါဖြင့် ပိတ်လိုက်ပြီး ပြတင်းပေါက် ခန်းဆီးတွေကို ဆွဲချလိုက်၏။ ဂျူးဒစ် မျက်နှာပျက်နေပြီ။
တဲအိမ်တွေ က လမ်းတစ်ဖက်တစ်ချက် ကျပ်ညပ်ပြွတ်သိပ်နေသည်။ ဘယ်လိုမှ လေကောင်းလေ သန့် မရနိုင်သည့်နေရာမျိုး။ တချို့ အိမ်ကလေးတွေမှာ ပြိုတော့မယောင် ယိုင်လဲနေပြီ။ ၀က်အော်သံ၊ ကြက်အော်သံတွေ က ပွက်လောညံနေ၏။ လမ်းနံဘေးတွင် ဂေါ်ဖီထုပ်အပုပ်များ စုပုံ နေပြီး ယင်တလောင်းလောင်းနှင့်။ မိန်းမတွေမှာ ဖိနပ်မပါဘဲ ဆေးတံခဲကာ လမ်းသလားနေကြ၏။ ကလေးတွေ က ကိုယ်တုံးလုံးနှင့်။ ရွှံ့တွေ၊ ရေတွေထဲတွင် ပယ်ပယ် နယ်နယ် ဆော့ကစားနေကြ၏။
ရပ်ကွက်ထဲဝင်လာသည့် မြင်းရထားကြီးကို သူတို့ ပါးစပ်အဟေင်းသား ၀ိုင်းကြည့်နေကြ၏။ ရထားသမား က သူတို့ကို အော်ဟစ်ကြိမ်းမောင်းရင်း ဝေးဝေးဖယ်ဖို့ အော်ပြောနေသည်။
ဂျူးဒစ်က အသက်အောင့်ထားရင်း -
" ဂီဒီယန်၊ မင်းမွေးကတည်းက ဒီမှာ နေတာလားဟင် "
" ဟုတ်တယ် "
ဂီဒီယန်က ဘာမှမမှုသလို ပြန်ပြောသည်။ သည်ရပ်ကွက်ထဲသို့ ဖီးလစ် တစ်ခါမှ မရောက်ဖူးပေ။ လူဖြူတွေ သည်မျှအောက်တန်းကျကျ နေကြလိမ့်မည်ဟု သူ လုံးဝ မထင်ခဲ့။ လူဝီစီးယားနား ကို ထောင်နှင့် သောင်းနှင့် ချီပြီး ဆင်းလာကြသူများထဲမှ အရင်းအနှီးမရှိ၊ အကြံဥာဏ်မရှိ၊ ခွန်စိုက် အား စိုက်မရှိသူတွေ၏ ဇာတ်သိမ်းခန်းဖြစ်မည်ထင်၏။ သည်လိုလူတွေအကြောင်း ဖီးလစ်တစ်ခါ မှ စဉ်း စားမကြည့်ဖူးခဲ့။
" ရောက်ပြီဗျ။ ဟောဟိုအိမ်ပဲ။ လမ်းထောင့်က တစ်အိမ်ကျော်လေ "
ဂီဒီယန်က သူတို့အိမ်ကို ပြသည်။ ရထားရပ်ဖို့ ဖီးလစ် အမိန့်ပေးလိုက်၏။ တစ်ပြိုင်တည်းတွင် မျက်နှာချင်းဆိုင် ထိုင်နေသည့် ဖီးလစ်ငယ်နှင့် ဂီဒီယန်ကို ယှဉ်ကြည့်လိုက်မိ၏။ သူတို့နှစ်ယောက်မှာ အရွယ် တူဖြစ်သည်။ ဂီဒီယန်က သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ဖြင့် လူကြီးဟန် ပေါက်နေပြီး ဖီးလစ်ကလေး က မိဘလောင်းရိပ်အောက်မှ နုနုနယ်နယ် ပီဘိကလေးငယ်လေး ဖြစ်နေသည်။
ရထား ရပ်လိုက်တော့ ကလေးတစ်သိုက် စုပြုံရောက်လာပြီး အထူးအဆန်းသဖွယ် ၀ိုင်းကြည့်နေကြ ၏။ အချို့က ကိုယ်နှင့်မတော်သည့် အ၀တ်ကို ၀တ်လျက်။ အချို့က အ၀တ်မပါ၊ ဗလာကိုယ်ထီး။
ရထားထိန်း ကို ဖီးလစ်ကလေးနှင့်အတူနေရန် မှာခဲ့ပြီး လင်မယားနှစ်ယောက် အိမ်ထဲဝင်သွားသည်။ ညစ်တီးညစ်ပတ် ကောင်လေးတစ်သိုက်က လှည့်ဘီးပေါ် ဖက်တက်ပြီး တံခါးရွက်ပေါ်ရှိ ကနုတ်ပန်း များကို ကိုင်ကြည့်ကြသည်။ ရထားထိန်းက သူတို့ကို အော်ဟစ်မောင်းထုတ်နေ၏။
" ဟေ့ ဆင်းကြစမ်း၊ ကလေကချေ အဖြူကောင်လေးတွေ … သွားခုဆင်း "
ဂီဒီယန် ကို ဖီးလစ်က တွဲပြီး လျှောက်သွားသည်။ လမ်းပေါ်တွင် ကြောင်သေကောင်တွေ၊ စားကြွင်း စားကျန်တွေနှင့် နံစော်နေသည်။ ဂျူးဒစ်က စကတ်ကို မပြီး လျှောက်သွားသည်။ သူ့အိမ် ရောက်တော့ ဂီဒီယန် တံခါး ကို တွန်းဖွင့်ပြီး ရှေ့မှ ၀င်သွားသည်။
" အမေ အိမ်မှာရှိမှာပါ၊ ဦးတို့ တွေ့ရပါစေ့မယ် "
အခန်းထဲတွင် အလင်းရောင် သိပ်မရှိ။ သူတို့လင်မယား ၀င်လိုက်သွားကြသည်။
" ကြည့်စမ်း၊ ဘာဖြစ်လာတာလဲ ဂီဒီယန်၊ ဒူးခေါင်းမှာလည်း ပတ်တီးနဲ့ "
အတွင်းဘက်မှ ဒိုလားရက်စ်၏ အသံ။ အခန်းမှာ အတန်ကျယ်သောလည်း ပူလောင်အိုက်စပ်လှ သည်။ မီးဖိုပေါ် တွင် ဟင်းအိုးတစ်လုံး တည်ထားသည်။ ကြမ်းပြင်ပေါ်တွင် မွေ့ရာကြမ်း သုံးခုစီလျက်။ နံရံတစ်ဖက် တွင် ထင်းရှူးသားဖြင့် ခပ်ကြမ်းကြမ်းရိုက်ထားသည့် စားပွဲတစ်လုံး ချထား၏။ နံဘေး တွင် ခွေးခြေတစ်လုံးနှင့် သေတ္တာတစ်လုံးရှိသည်။ အ၀တ်အစားတွေက တိုးလိုး တွဲလောင်း။ ပြတင်းပေါက် နှစ်ပေါက်ကို ဖွင့်ထားသော်လည်း တစ်ဖက်အိမ်နံရံနှင့် ကပ်နေ သဖြင့် အလင်းရောင် များများမ၀င်ပေ။ ခပ်မှောင်မှောင် အခန်းထဲတွင် မျက်စိကျင့်သားရသွားတော့မှ ကလေးမ တစ်ယောက် အရုပ်ကလေးနှင့် ထောင့်တစ်ထောင့်တွင် ကစားနေသည်ကို ဖီးလစ် မြင်ရသည်။ ဖျားနေ သည့် မိန်းကလေးက ခြင်ထောင်ထဲမှ မွေ့ရာကြမ်းပေါ်တွင် ပက်လက်။
ဒိုလားရက်စ်က ဂီဒီယန်ကို ထင်းရှူးသေတ္တာပေါ်တွင် အထိုင်ခိုင်းပြီး ဧည့်သည်များနှင့် မျက်နှာချင်း ဆိုင်လိုက်သည်။ သူ့အ၀တ်အစားတွေမှာ မယုံကြည်နိုင် လောက်အောင် စုတ်ပြတ်နေသည်။ မူလက ဘာအရောင် မှန်း မသိနိုင်လောက်အောင် အရောင်လွင့်ပြယ်နေပြီ။ နက်မှောင်မှောင် ဆံပင် အချို့ ဖြူစပြုနေပြီ။ လည်ချောင်းမှ အကြောများ တင်းလာပြီး -
" ဘာအတွက် ရောက်လာကြတာလဲဟင် "
ဖီးလစ် က ဂီဒီယန် ရထားပေါ်မှ လိမ့်ကျပုံအကြောင်း ရှင်းပြပြီး သူ့ကို လိုက်ပို့ခြင်းဖြစ်ကြောင်း ပြော ပြသည်။ ပြောနေရင်း ဖီးလစ်က ဂျူးဒစ်ကို တစ်လှည့်၊ ဒိုလားရက်စ်ကို တစ်လှည့် ကြည့်နေသည်။
ဂျူးဒစ် ၏ အလှကျက်သရေကို သည်မနက် ဘိသိက်ပွဲတွင် ဂုဏ်ယူခဲ့သေးသည်။ ယခုတော့ သည်နေရာ တွင် ဂျူးဒစ်သည် တကယ်မရှိသလိုဖြစ်နေ၏။ အရိပ်တစ်ခုကို ဖြစ်နေ၏။
" ခုလို လာပို့ပေးတာ ကျေးဇူးတင်ပါတယ်။ ကျွန်မ သူ့ကို ရထားတွေပေါ် ခိုး မတက်ဖို့ ခဏ ခဏ ပြောပါတယ်။ ဒါပေမဲ့ အဲဒီလိုမှ မရောင်းရင်လဲ …"
ဒိုလားရက်စ်က ပခုံးတွန့်ပြီး -
" သူက ၀က်သစ်ချမြိုင်နဲ့ သစ်ဖြူတောက လူတွေကို သိပ်တွေ့ဖူးချင်နေတာလေ "
ဂျူးဒစ် က သူ့အနား တိုးသွားပြီး -
" ကိုယ် မင်းနဲ့ ခဏလေး စကားပြောပါရစေ ဒိုလားရက်စ်"
ဒိုလားရက်စ် ပထမ တွေနေသေးသည်။ နောက်မှ ပြတင်းပေါက်ဆီသို့ ဂျူးဒစ်နှင့် အတူ လျှောက်သွားသည်။ ဂီဒီယန်က သူ့ဒူးခေါင်းကို ကိုင်ကြည့်နေသည်။ အရုပ်နှင့် ကစားနေသည့် ကလေးမလေး က သူတို့ကို စိုက်ကြည့်နေ၏။
ဂျူးဒစ်နှင့်အတူ လျှောက်သွားသည်။ ဂီဒီယန်က သူ့ဒူးခေါင်းကို ကိုင်ကြည့်နေသည်။ အရုပ်နှင့် ကစားနေသည့် ကလေးမလေးက သူတို့ကို စိုက်ကြည့်နေ၏။
ဂျူးဒစ်က ဒိုလားရက်စ် တိုးတိုးကပ်ပြောနေသည်။ ဖီးလစ် လုံးဝမကြားရ။ သို့သော် ဒိုလားရက်စ် ပြန်ပြောသံကိုတော့ သဲသဲကွဲကွဲ ကြားနေရ၏။
" မဖြစ်ဘူး ဂျူးဒစ်၊ မဖြစ်ဘူး "
တစ်ဖက်ကို လှည့်ပြီး ဒိုလားရက်စ် လက်ပိုက်လိုက်သည်။
" ကျွန်မ ဘာမှမလိုချင်ဘူး၊ တက်လည်း ခု အလုပ်မှန်မှန်ရနေပါပြီ "
ဂီဒီယန် ကို လှမ်းကြည့်ပြီး လေသံမာမာနှင့် ဆက်ပြောသည်။
" ဒီမယ် ဂီဒီယန်၊ နောက်တစ်ခါ သူတို့နဲ့ လုံးဝမပတ်သက်စေနဲ့၊ ဝေးဝေးရှောင်၊ ကြားလား "
" ဟုတ်ကဲ့အမေ၊ ကျွန်တော်က ဒေါ်လေးဂျူးဒစ်ကို မြင်ဖူးချင်လို့ပါ "
ဖီးလစ် က မှောက်ကျသွားသည့် သစ်သီးဖိုးကိုတော့ ပေးပါရစေဟု တောင်းတောင်းပန်ပန် ပြော သည်။ ဂီဒီယန်ကြောင့် ခုလိုဖြစ်နေခြင်း မဟုတ်ဘဲ ရထားသမား၏ ချို့ယွင်းချက်ကြောင့်ဖြစ်ကြောင်း အထပ်ထပ်ပြောမှ ဒိုလားရက်စ် လက်ခံသည်။ ဖီးလစ်က ဇွတ် ပြောနေသော်လည်း ချာတိတ် တမင် တကာ လုပ်သည်ဟုပင် စိတ်ထဲစွဲနေသည်။ ဆိပ်ကမ်း ကြမ်းပိုး ကလေးများအတွက် အရှိန်နှင့် မောင်းနှင်နေသည့် ရထားပေါ်ကို ခုန်တက်ခြင်း၊ ရထားပေါ်မှ ခုန်ဆင်းခြင်းမှာ ဆန်းကြယ်သည့် ကိစ္စ မဟုတ်ပေ။ ဖျားနေသည့် ကလေးထံမှ ညည်းညူသံကြားရ သည်။
" ကွယ် … သနားပါတယ် "ဟုပြောပြီး အိပ်ရာဆီသို့ ဂျူးဒစ်က လျှောက်သွားသည်။ ခြင်ထောင်ကို မ ကြည့်သည်။ ကလေးမလေး၏ မပီမသညည်းတွားသံ ထွက်ပေါ်လာ၍ ဖီးလစ်ပါ သွားကြည့်သည်။ ဂျူးဒစ်ကို ချက်ချင်း ၀ုန်းခနဲ ဆွဲထူလိုက်၏။
" ဟင် ဘာဖြစ်လို့လဲ အစ်ကို "
ဖီးလစ်၏မျက်နှာကို အထိတ်တလန့်ကြည့်ပြီး ကလေးကို ပြန်ငုံ့ကြည့်သည်။
" ဘုရား ဘုရား၊ ဟုတ်ပါ့မလား အစ်ကို "
" သိပ်ဟုတ်တယ်၊ ငန်းဝါဖျား အစစ်ပဲ "
ဖီးလစ်က မှောက်ကျသွားသည့် သစ်သီးဖိုးကိုတော့ ပေးပါရစေဟု တောင်းတောင်းပန်ပန် ပြော သည်။ ဂီဒီယန်ကြောင့် ခုလို ဖြစ်ရခြင်း မဟုတ်ဘဲ ရထားသမား၏ ချို့ယွင်းချက်ကြောင့်ဖြစ်ကြောင်း အထပ်ထပ်ပြောမှ ဒိုလားရက်စ် လက်ခံသည်။ ဖီးလစ်က ဇွတ်ပြောနေသော်လည်း ချာတိတ် တမင်တကာ လုပ်သည်ဟုပင် စိတ်ထဲစွဲနေသည်။ ဆိပ်ကမ်း ကြမ်းပိုးကလေးများအတွက် အရှိန်နှင့် မောင်းနှင်နေသည့် ရထားပေါ်ကို ခုန်တက်ခြင်း၊ ရထားပေါ်မှ ခုန်ဆင်းခြင်းမှာ ဆန်းကြယ်သည့် ကိစ္စ မဟုတ်ပေ။ ဖျားနေသည့် ကလေးထံမှ ညည်းညူသံကြားရသည်။
" ကွယ် … သနားပါတယ် " ဟုပြောပြီး အိပ်ရာဆီသို့ ဂျူးဒစ်က လျှောက်သွားသည်။ ခြင်ထောင်ကို မကြည့်သည်။ ကလေးမလေး၏ မပီမသ ညည်းတွားသံ ထွက်ပေါ်လာ၍ ဖီးလစ်ပါ သွားကြည့်သည်။ ဂျူးဒစ်ကို ချက်ချင်း ၀ုန်းခနဲ ဆွဲထူလိုက်၏။
" ဟင် ဘာဖြစ်လို့လဲ အစ်ကို "
ဖီးလစ်၏မျက်နှာကို အထိတ်တလန့်ကြည့်ပြီး ကလေးကို ပြန်ငုံ့ကြည့်သည်။
" ဘုရား ဘုရား၊ ဟုတ်ပါ့မလား အစ်ကို "
" သိပ်ဟုတ်တယ်၊ ငန်းဝါဖျား အစစ်ပဲ "
ဖီးလစ်က ဂျူးဒစ်ကို တံခါးပေါက်ဆီသို့ အတင်းဆွဲထုတ်သွားသည်။ ဂျူးဒစ် အတင်းရုန်းထွက်ပြီး အိမ်ပြင်ထွက်သွားသည်။ ဖီးလစ်က ဒိုလားရက်စ်၏ လက်မောင်းကို ကိုင်ပြီး -
" ဖြစ်နေတာ ဘယ်လောက်ကြာပီလဲ ဒိုလားရက်စ် "
" နှစ်ရက် သုံးရက်ရှိပြီ၊ ဂျူးဒစ် ထွက်သွားပြီ၊ ဖီးလစ် လိုက်သွားတော့လေ"
" ဒီရပ်ကွက်ထဲမှာ အများကြီး ဖြစ်နေကြပြီလား "
" ဟုတ်တယ်၊ ရုတ်တရက် ဖြစ်လာတာ "
ဂျူးဒစ် သမင်လည်ပြန်ကြည့်ပြီး ကလေးအတွက် လိုအပ်တာတွေကို ပို့ပေးလိုက်မည်ဟုပြောကာ ရထားဆီသို့ ပြေးသွားသည်။ ရထားပေါ်ရောက်တော့ သူ့ကို မထိဖို့ သားအဖနှစ်ယောက်အား ဂျူးဒစ် ဒရောသောပါး ပြောသည်။ အိမ်ပြန်ရောက်ရောက်ချင်း ဂျူးဒစ် အမိန့်တွေ တရစပ် ထုတ်ပြန် တော့သည်။
" ဖီးလစ်ကလေးက နားမလည်နိုင်စွာဖြင့် -
" ဟာ မဟုတ်တာ မေမေကလဲ၊ ကျွန်တော့်ဝတ်စုံပြာက အသစ်ကြီး ရှိသေးတာပဲ "
" သား မေမေပြောတဲ့အတိုင်း လုပ်စမ်း၊ ဖိနပ်တွေပါချွတ်ပြီး မီးရှို့ရမှာ၊ မပြီးမချင်း သားအနားကို ဘယ်သူမှ မကပ်စေနဲ့ "
သူတို့ သားအမိတစ်တွေ အိမ်ထဲကို ပြေးဝင်သွားကြသည်။ ကိစ္စအားလုံးပြီးတော့မှ အစိုးရိမ်လွန်ခဲ့မိ သည့် အတွက် ဂျူးဒစ် ရှက်ကိုးရှက်ကန်း ဖြစ်နေသည်။
ဖီးလစ်က မကျေမနပ်ဖြင့် ဗျစ်တောက်ဗျစ်တောက် လုပ်နေသည်။
" သူတို့အိမ်မှာ မိနစ်ပိုင်းကလေး ကြာခဲ့တာပဲ။ ပြီးတော့ နွေရောက်ရင် ငန်းဝါဖျား ဖျားနေကြတာ အဆန်းမှ မဟုတ်တာ "
ငန်းဝါဖျားကို ဂျူးဒစ် တစ်ခါမှ အနီးကပ် မမြင်ဖူးပေ။ သူ့လက္ခဏာတွေ မည်သို့ရှိသည်ကို ဂျူးဒစ် မေးကြည့်သည်။ ဖီးလစ် ရှင်းပြ၏။
" သိပ်သိသာတယ်။ မျက်လုံးတွေက နီရဲနေပြီး နှုတ်ခမ်းတွေ ခြောက်နေတတ်တယ်။ အန်ရင် အမည်းရောင်တွေ ပါလာတတ်တယ်။ ဒါပေမဲ့ ရောဂါဖြစ်နေတဲ့အိမ်ထဲ ၀င်မိရုံနဲ့ အဖျားမကူးနိုင်ပါဘူး "
ဂျူးဒစ် ခုမှ ဟင်းချနိုင်သည်။ ဒိုလားရက်စ်၏ ကလေးအတွက် အ၀တ်စတချို့နှင့် အစားအသောက်တွေ ထုပ်ပြီး ကွင်းထဲမှ အလုပ်သမားတစ်ယောက်ကို ပို့ခိုင်းလိုက်သည်။
လေသာဆောင်တွင် ခြင်တွေသောင်းကျန်းသဖြင့် ဧည့်သည်တွေ ဧည့်ခန်းတွင်းသို့ စောစောဝင်ကြ သည်။ ဂျူးဒစ် တော်တော်နှင့် ပေါ်မလာသဖြင့် ဖီးလစ် အခန်းထဲ ပြန်ဝင်လာပြီး မေးသည်။
" ဘာလို့ နောက်ကျနေတာလဲ "
ဂျးဒစ် ခပ်လေးလေးဖြေသည်။
" ခုပဲ လာတော့မလို့ပါ အစ်ကို၊ ဂျူးဒစ် စဉ်းစားနေလို့ပါ "
" ဒိုလားရက်စ်အတွက်လား၊ စိတ်မကောင်းဖြစ်မနေပါနဲ့ကွာ၊ မင်း တာဝန်ကျေသားပဲ၊ သူက လက်မခံတော့ ဘာတတ်နိုင်မှာလဲ "
" အဲဒီကိစ္စ တစ်ခုတည်းအတွက် မဟုတ်ဘူး အစ်ကို "
" အလို ဒါဖြင့် ဘာတွေများလဲဗျာ "
" ဟိုရပ်ကွက်ထဲ ၀င်သွားတော့ အစ်ကို သတိထားမိလားဟင်၊ အားလုံးလိုလို လူဖြူတွေချည်းပဲ "
ဖီးလစ် ပြတင်းပေါက် အပြင်သို့ ငေးကြည့်နေရာမှ -
" အင်း ပြောရမှာ ကောင်းတော့မကောင်းဘူး၊ တို့ကျွန်တွေထက်တောင် လူနေမှု အောက်တန်း ကျသေးတယ် "
" ဂျူးဒစ်တော့ ဒါလောက် ဆိုးရွာတဲ့ဘ၀မျိုး မမြင်ဖူးဘူး၊ သူတို့ဘာလို့ အဲဒီလို ဖြစ်နေကြတာလဲဟင် အစ်ကို "
" တို့ကကော ဘာလို့ ဒီလို ဖြစ်နေတာလဲ "
ဖီးလစ်က မေးခွန်းနှင့် ပြန်ဖြေလိုက်သည်။
အခန်း (၁၄)
    ညနေစာ စားပွဲကြီးကို ကြည့်ပြီး အင်း...ငါ့ဘ၀ကတော့ ဘာမှ လိုလေသေးမရှိအောင် ပြည့်စုံလှပါ ကလားဟု ဂျူးဒစ် တွေးနေသည်။ မုန်တိုင်းတွေကို ဖြတ်သန်းရင်း ၀က်သစ်ကချမြိုင်သည် အထွတ်အထိပ် သို့ ရောက်ခဲ့ခြင်းဖြစ်လေသည်။
    ပြတင်းပေါက်ကြီးတွေက ကြမ်းပြင်ထိ ဖွင့်လို့ရသဖြင့် လေတဖြူးဖြူးဝင်နေသည်။ ထမင်းစားပွဲရှည် ကြီးပေါ်မှ ကြက်ဆင်မွေး ဆွဲယပ်ကြီးကို အိမ်စေကောင်လေးတစ်ယောက် အခန်း တစ်ဖက်စွန်း မှ ဖြည်းဖြည်း မှန်မှန် လွှဲပေးနေသည်။ အိမ်ဖော်အမျိုးသမီးလေးတွေက ထမင်း၊အသားလွတ် ကြက်ပေါင်းနှင့် ပေါင်မုန့်နွေး များကို မလစ်ဟင်းရအောင် လိုက်ဖြည့်ပေးနေသည်။ နိုင်ငံခြားဖြစ်ဝိုင်နှင့် ဧည့်သည်တွေ မြိန်မြိန် ရှက်ရှက် လွေးနေကြ၏။ အားလုံး ရင်းနှီးသည့် မိတ်ဟောင်းဆွေဟောင်းတွေ ချည်းဖြစ် ၍ စကားဝိုင်းမှာ စိုပြည်လှ သည်။
    ပါစယ်မိသားစုက ကလေး ငါးယောက်အနက် လေးယောက်ပါလာသည်။ အကြီးဆုံးမလေးက အိမ်ထောင် ကျသွားပြီ။ ဂျာဗာစီမှာ ခု အသက်၃၆နှစ်အရွယ်တွင် ဘွားအသက်လေးနှစ်ရနေပြီ။ စိန်ကလဲယား မိသားစုက သမီးချောနှစ်ယောက် ပါလာသည်။ အလန်နှင့် ဆီလ်ဗီဂျူဟန်တို့ အကြီးနှစ်ယောက် သာ ခေါ်လာသည်။ ကာလက်ရှာရမီက သူ့သား ရော်ဂျာနှင့်။
    မတ်ရှာရမီ ကွယ်လွန်သည်မှာ လေးနှစ်ကျော်ခဲ့ပြီ။ သူနှင့် အံမ၀င်သည့် ခေတ်ကြီးထဲမှ ၀ဋ်ကျွတ် သွားခြင်းပင်။ သူက လှေကြီးထိုး ရိုးရိုး။ သစ်ဖြူတောက အရှိန် အဟုန်နှင့် ပြောင်းလဲနေ၏။ ကြွေထည်ပစ္စည်း အလှအပတွေနှင့်၊ ပိုးဖဲကတ္တီပါရောင် တဖိတ်ဖိတ်နှင့်။ ရော်ဂျာရှာရမီသည် အခြားအခြားသော ဒယ်လ်ရွိုင်း အထက်တန်းလွှာမှ လူငယ်များ နည်းတူ အပြစ်အနာအဆာကင်းစွာ ဂုဏ်သိက္ခာ တရှိန်ရှိန်တက်လျက်။ ဂျူးဒစ်က ဒိုလားရက်စ် အကြောင်းကာလက်ကို ပြောသင့်၊ မပြောသင့် စဉ်းစားသေးသည်။ နောက်မှမပြောဘဲ ထားဖို့ ဆုံးဖြတ် လိုက်သည်။
    အစ်ကိုလုပ်သူက စီးပွားရေးအကူအညီသာ ပေးမည်ဖြစ်သည်။ ဒါကို ဒိုလားရက်စ်က အပြတ်ငြင်း ထားပြီး သား။ ထို့ကြောင့် ဒိုလားရက်စ်အား လေးစားသောအားဖြင့် ရေငုံနေလိုက်ခြင်းဖြစ်သည်။
    ထမင်းစားဝိုင်း မှာ သုံးနာရီကြာသည်။ ပထမတော့ သည်ဓလေ့နှင့် ဂျူးဒစ် အသားမကျ။ ခုတော့ အသားကျ သွားပြီ။ ထမင်းစားပွဲ ပြီးသည်နှင့် အစေခံတွေက ဧည့်သည်များ၏ မြင်းများကို ယူထုတ်လာကြ သည်။ အဝေးဆုံးပြန်ကြမည့်သူတွေ၏ မြင်းများကို ဦးစားပေးပြီး အသင့်လုပ်ထားသည်။ ဒေးဗစ်က သူ့မြင်း ပါ ထုတ်ယူလာဖို့ အစေခံတွေကို ပြောလိုက်သည်။
    'သားကို မေမေ စကား ခဏပြောချင်တယ်'
    ဂျူးဒစ်က အပြင်ထွက်တော့မည့် သားကို လှမ်းပြောလိုက်၏။
    'ရပါတယ် မေမေ'
    ဒေးဗစ်က ခန်းမထဲလျှောက်သွားပြီး နောက်မှ လိုက်လာသည့် အမေကို စောင့်နေသည်။
    'ဘာများလဲ မေမေရဲ့'
    ဂျူးဒစ် သဲ့သဲ့မျှ ရယ်သည်။ ဘာမှ ရယ်စရာ တွေ့၍ မဟုတ်။ သားလုပ်သူကိုကြည့်ပြီး အားရ ကျေနပ် လွန်းသဖြင့် ဂုဏ်ယူစွာ ရယ်မိခြင်းဖြစ်သည်။
    'ဒါကို ဘယ်ကိုလဲ ပြောစမ်းပါဦး'
    ဒေးဗစ်က ရယ်ပြီး-
    'မေမေက ဘယ်လိုထင်လို့လဲ'
    'နောက်ပိုးထွက်မလို့ မဟုတ်လား'
    'သိသာနေလို့လား မေမေ'
    ဒေးဗစ်ပြန်မေးလိုက်သည်။ သူ့ကုတ်အင်္ကျီတွင် ဇီဇ၀ါတစ်ပွင့်စိုက်လျက်။ ဇာနားသတ် မြင်းစီး လက်အိတ်ကို စွပ်ထားသည်။ ဂျူးဒစ်သည် သားသမီးများအပေါ် အချစ်ကို ညီမျှစွာ ခွဲဝေဖို့ ကြိုးစားသော် လည်း သားကြီးအပေါ်တွင် မဆိုစလောက်တော့ ပိုချင်သည်။ ဒေးဗစ်က ဖအေနှင့် တစ်ပုံစံတည်း။ ထို့ကြောင့် သူ့ကို နားလည်ဖို့ သိပ်မခက်လှပေ။
    'ကဲ..မေမေ ပြောစရာရှိတယ် ဆို'
    သားပခုံးပေါ်ကို လက်နှစ်ဖက် တင်လိုက်သည်။
    'သားကို မေမေ နမ်းမယ်နော်'
    ဒေးဗစ်က ရယ်ပြီး မအေကိုဖက်ကာ ခေါင်းငုံ့ပေးသည်။ ပြီးတော့ မအေ့အနမ်းကို တုံ့ပြန်သည်။
    'ကဲ ကျေနပ်ပြီလား'
    'ကျေးဇူးပါပဲ သားရယ်၊ ဧည့်သည်တွေရှေ့မှာ သားကို နမ်းရင် သားမကြိုက် မှာစိုး လို့ မေမေစောင့် နေတာ။ ကဲ သွားတော့'
    ဒေးဗစ် နှင်တံကိုဝေ့ပြီး ထွက်သွားသည်အထိ ဂျူးဒစ် ပြုံးပြီး ကျန်ရစ်သည်။ အင်း...ကဲကို ကဲတယ်။ ဒါလောက် ပူပူလောင်လောင်ကြီးထဲမှာ လူပျိုလှည့်ထွက်သတဲ့။ စိတ်ထဲမှ ချစ်စနိုး အပြစ်ဆိုနေမိသည်။ ညနေ ငါးနာရီထိုးပြီးဖြစ်သော်လည်း နေက ပူလို့ကောင်းတုန်း။
    သားထွက်သည်ကို မျက်စိတစ်ဆုံးကြည့်ပြိး အိမ်ထဲသို့ ပြန်ဝင်လာခဲ့သည်။ ကျန်ဧည့်သည်တွေ ကို နှုတ်ဆက်သည်။ ဧည့်သည်တွေ ရှင်းသွားသည်နှင့် မီးဖိုဆောင်သို့ ကူးခဲ့ပြီး ညလယ်စာအတွက် သစ်သီး တစ်မျိုးမျိုးရယ်၊ ၀ိုင်ရယ်၊ ဘီစကစ်ရယ် လုပ်ဖို့ အမိန့်ပေးလိုက်သည်။ သည်လို ညနေစာ စားပွဲအထူးပြုလုပ် သည့် ညများတွင် ညလယ်စာကို သူတို့ များများမစားနိုင်ကြတော့ပေ။
    ဖီးလစ်ငယ်က အိမ်နောက်ဘက်မှ သူ့ငါးကန်ကို ဆေးကြောတိုက်ချွတ်နေသည်။
    မီးဖိုဘက်တံခါးပေါက်မှ ထွက်ခဲ့ပြီး သားငယ်ကလေး အလုပ်လုပ်နေပုံကို ဂျူးဒစ် စောင့်ကြည့်နေ၏။ ကပ္ပလီကောင်လေးတွေ သူ့ကို ၀ိုင်းကူလုပ်ပေးနေကြသည်။ ဖီးလစ်ငယ်ကလေးက သူတို့ကို တကယ့် အရှင်သခင်လို အုပ်ချုပ်စေခိုင်းနေသည်။
    'သတိထားနော်၊ ရေထဲကို ဘာမှ မကျစေနဲ့။ ပြီးတော့ ငါ့ငါးတွေလုံးဝမလန့်စေနဲ့။ ရေကန်အပြင် ဘက် ကပဲ ပြောင်အောင်ဆေး။ မင်းတို့ကောင်းကောင်းအလုပ်လုပ်ရင် ငါ့အစ်ကို နောက်ထပ်ယူလာမယ့် ငါးတွေကို ငါပြမယ်။ ဟုတ်ပြီလား'
    'ဟုတ်ကဲ့ အစ်ကိုလေး'
    ငမည်းကောင်လေးတွေ သူ့ကို ၀ိုင်းပြီး လုပ်အားပေးနေကြသည်။ သူတို့အထဲမှ ကောင်လေး တစ်ယောက်က ကွင်းထဲက အလုပ်အ၀တ်အစားနှင့်။ ဂျူးဒစ် မျက်မှောင်ကြုတ်လိုက်သည်။ အိမ်စေတွေနှင့် စိုက်ကွင်းလုပ်သားတွေကို ခွဲခြားသိနိုင်အောင် အ၀တ်အစား သတ်မှတ်ပေးထားသည်။ ကွင်းထဲက ကောင်လေးတွေကို ခေါ်မလာဖို့ အငယ်လေးကို ပြောထားရဦးမည်။
    စိုက်ကွင်းလုပ်သား အ၀တ်နှင့် ကောင်လေးက ရေကန်ကို တိုက်ချွတ်နေရာမှ ရပ်ပြီး ကန်ထဲက ငါးကလေးကို ငုံ့ကြည်နေသည်။ ပြီးတော့ရေပြင်ကို လက်နှင့်ပုတ်လိုက်၏။ ကောင်လေးကို ကွင်းထဲပြန်သွား ဖို့ ဂျူးဒစ်အော်ပြောမည့်ဆဲဆဲတွင် ဖီးလစ်ကလေးက ဒေါပွပြီး အော်ပါလေတော့၏။
    'ဟေ့ကောင်၊ နောက်ဆုတ်စမ်း၊ မလုပ်နဲ့လို့ ငါပြောထားတယ်မဟုတ်လား'
    'ခဏလေးပါ အစ်ကိုလေးရ' ဟု ပြောပြီး ကောင်လေးက ရေပြင်ကို ဆက်ပုတ်မြဲ ပုတ်နေသည်။  ဖီးလစ်က နောက်ထပ် မပြောတော့ဘဲ ကောင်လေး ကို ဆွဲထိုးတော့သည်။ ကောင်လေးမြက်ခင်းပေါ် လဲကျ သွား၏။ တခြားကောင်လေးတွေ ကြောင်ကြည့်နေကြသည်။
    ဖီးလစ်ကလေးက နောက်ထပ်
    'ဟေ့ မင်းတို့အလုပ် မင်းတို့ ဆက်လုပ်ကြ၊ ဟေ့ကောင် ဘန်နီ၊ မင်း ကန်ရေပြင်ကို လုံးလုံးမထိနဲ့'
    အထိုးခံရသည့်ကောင်လေး မြက်ခင်းထဲမှ ကုန်းထသည်။ လက်သီးနှစ်ဖက်ကို ကြိတ်မနိုင် ခဲမရ ဟန်ဖြင့် ကျစ်ကျစ်ပါအောင် ဆုပ်လျက်။ အသက်ကို ပြင်းပြင်းရှူနေသည်။
    'လုပ်လေကွာ၊ အပြင်ဘက်ကို ဆေးစမ်း'
    ဖီးလစ်ငယ်လေး က ထပ်အမိန့်ပေးသည်။ ဂျူးဒစ် ထသွားပြီး လှမ်းခေါ်သည်။
    'အငယ် လာဦး'
    နှစ်ခါ ထပ်ခေါ်မှ သူ ကြားသည်။
    'ဟုတ်ကဲ့ မေမေ'
    'ဒီကို လာခဲ့ဦး'
    'ခဏနေပါဦး မေမေ ရ၊ ကန်ဘေးက အပင်တွေ ရှင်းပါရစေဦး။ မကြာခင် တောထလာတော့မယ်'
    'ဖီးလစ်၊ လာခဲ့လို့ ပြောနေတယ်'
    သည်တော့မှ မလာချင့် လာချင်နှင့် လာသည်။
    'ဘာလဲ မေမေ'
    ဂျူးဒစ်က သားငယ်၏ ပခုံးပေါ် လက်တင်ပြီး-
    'ကောင်လေးတွေကို မရိုက်ပါနဲ့လို့ မေမေ ဘယ်နှစ်ခါပြောရမလဲ'
    ဖီးလစ်က ခေါင်းငုံ့ပြီး-
    'အဲဒီ ဘန်နီဆိုတဲ့ ကောင်က ပြောလို့ကိုမရဘူး မေမေ၊ အငယ့်ငါးတွေ သေလိမ့်မယ်မေမေရ'
    'မဆိုင်းဘူး အငယ်၊ မေမေ့စကားကို နားမထောင်တာဟာ နားမထောင်တာပဲ။ ကိုယ့်ကို ပြန်ပြီး မတိုက်ခိုက်နိုင် တဲ့ လူတစ်ယောက်ကို အနိုင်ကျင့်တာ ရှက်စရာကောင်းတယ် အငယ်'
    ဖီးလစ် က မကျေမနပ်နှင့် နှုတ်ခမ်းစူထားသည်။
    ဂျူးဒစ် စကားဆက်သည်။
    အစေခံတွေကို ဒီလိုဆက်ဆံတာ မတရားဘူး။ သူတို့ကို ခေါ်ခိုင်းခွင့်လည်း မင်းမှာမရှိဘူး။ သူ တို့ကို ပြန်လွှတ်လိုက်မယ်။ မင်းလည်း အခန်းထဲဝင်နေ၊ မခေါ်မချင်း မထွက်ခဲ့နဲ့'
    'ဟာ... မေမေကလဲဗျာ၊ အဲဒီလို မလုပ်ပါနဲ့၊ ဘန်နီကို တောင်းပန်ဆိုရင် တောင်းပန်ပါ့မယ်။ အစ်ကိုကြီး က ရေကန်ရှင်းမထားရင် ငါးမပေးဘဲနေလိမ့်မယ်။ သူပြောတာ မေမေလည်း ကြားသားပဲ'
    'နောက်နေ့ မှ ဆက်လုပ်၊ ကောင်လေးတွေကို လုံးဝမခေါ်ရဘူး၊ ကဲအိမ်ထဲဝင်'
    'သိပ်စိတ်ညစ် ဖို့ ကောင်းတာပဲ'
    'ဖီးလစ်ငယ်၊ အထဲဝင်'
    သည်တော့မှ သူအိမ်ထဲဝင်သည်။ ဂျူးဒစ်က အိမ် အနောက် ဘက် မြက်ခင်းပြင် ကိုဖြတ်ပြီး ကောင်လေးတေါကို ပြန်ကြရန် အမိန့်ပေးလိုက်သည်။ ဖီးလစ် ထိုးလိုက် သည့် ကောင်လေး က သစ်ပင် အောက်တွင် ရပ်ပြီး ပေကတ်ကတ်လုပ်နေသည်။ တခြားကောင်လေးတွေ က ချက်ချင်း ထွက်ပြေးသွားကြ ၏။
    'မင်းနာမည် ဘန်နီ ဟုတ်လား'
    ချာတိတ်က မော်ကြည့်ပြီး မသိမသာ ဦးညွှတ်ရင်း-
    'ဟုတ်ကဲ့ ဒေါ်ဒေါ်လေး'
    သူ့မျက်နှာမှာ ဒေါသကြောင့် တင်းမာနေသည်။ ဂျူးဒစ်က သူ့ပခုံးကို ကိုင်ပြီး-
    'မင်းရဲ့အစ်ကိုလေး ဖီးလစ်က မလုပ်နဲ့ပြောတာကို မင်းဇွတ်လုပ်တာ မင်းအမှားပဲ ဘန်နီ၊ ဒါပေမဲ့ သူ ဒီလိုလုပ်တာ ဒေါ်ဒေါ်က စိတ်မကောင်းပါဘူး၊ နောက် ဒီလိုမဖြစ်စေရဘူး သိလား'
    ခေါင်းငုံ့ကာ သစ်ရွက်တစ်ရွက်ကို အစိတ်စိတ်အမြွှာမြွှာဖြစ်အောင် ဆုတ်ဖြဲရင်း-
    'ဟုတ်ကဲ့ ဒေါ်ဒေါ်လေး'
    'မင်းက ကွင်းထဲက မဟုတ်လား၊ အိမ်ကြီးကို ဘာလာလုပ်တာလဲ'
    'ဟုတ်ကဲ့၊ ကျွန်တော် ၀ါကောက်နေတုန်း အစ်ကိုလေး ဖီးလစ်က ခိုင်းစရာရှိတယ်ဆိုပြီး ခေါ်လို့ လာတာပါ'
    ယူကျုံးမရလေသံဖြင့် သူပြောနေသည်။ ဂျူးဒစ် သနားသွား၏။ ဘန်နီက သခင်မကို တစ်ချက် မော်ကြည့်သည်။ အသားက ကြေးညိုရောင်ဖျော့ဖျော့။ မျက်နှာအကျက လှပသေသပ်သည်။ မျက်တောင် ကော့ကြီးတွေအောက်မှ မျက်လုံးအစုံက အနက်ရောင်။ တဖျတ်ဖျတ်တောက်လို့။ သိမ်းငှက် တစ်ကောင်လို ရဲရင့်ဖျတ်လတ်မည့် ကိုယ်နေဟန် ရှိသည်။ ဆံပင်က ကပ္ပလီဆံပင်လို အဖုတ်လိုက် လိမ်ကပ်တွန့်ခွေနေ သည့်  ဆံပင်မျိုး မဟုတ်ဘဲ ပိုးမျှင်လို နူးညံ့ပြီး အလှိုင်းလှိုင်း ထ နေသည်။
    ဂျူးဒစ်ခေါင်းထဲတွင် လျှပ်စီးတစ်ချက် ၀င်းလက်သွားသည်။ ချာတိတ်၏ လက်မောင်းကို အလန့် တကြား ဆုပ်ကိုင်လိုက်သည်။ သူ့ခန္ဓာကိုယ်ထဲက ကြည့်လိုက်သည့်အခါ ထင်ရှားလာသည့် သဏ္ဍာန် ပဲလား မသိ။ ရင်တေါ တဒိုင်းဒိုင်းခုန်လာသည်။ သေချာပါပြီ။ သည်ကလေးနှင့် မတွေ့ဖို့ အပြင်းအထန် ဆုံးဖြတ် ထားပါလျက် ဆုံဖြစ်အောင် လာဆုံနေသည်။ ၀က်သစ်ချမြိုင်တွင် သည်အရွယ် လူမည်း ကလေးတွေ အများကြီးရှိသ်ည။ တခါမျှ ဂျူးဒစ် စေ့စေ့မကြည့်ရဲ။ အစ်ကိုကော သူ့ကို သိနေမလား။ သိစရာတော့ အကြောင်းမရှိ။
    ချာတိတ်က သူ့သခင်မ ဘာများပြောမလဲဟု ခပ်အေးအေး အမူအရာဖြင့် စောင့်နေသည်။ သူ့အမူအရာက လုံးဝ ကျေးကျွန်မဆန်၊ ဂျူးဒစ် စကားမပြောမိအောင် ကြိုးစားနေ၏။ မသေ မချာဖြင့် ပြန်လွှတ် လိုက်လျှင် အကောင်းဆုံးဖြစ်မည်ကို စဉ်းစားမိ၏။
သို့သော် မမေးဘဲလည်း မနေနိုင်။ သိချင်စိတ်ကို မတားဆီးနိုင်တော့။
" မင်း … မင်းအမေက ဘယ်သူလဲဟင် "
အထစ်ထစ် အငေါ့အငေါ့ဖြင့် ဂျူးဒစ် မေးလိုက်သည်။
ဘန်နီက တော်တော်နှင့် ပြန်မဖြေ။ သခင်မက သူ့အပေါ် ကြင်နာမှုတွေ ပြနေ၍ ဘန်နီအားတုံ့အားနာ ဖြစ်လာသည်။ မျက်ရည်တွေ လည်လာ၏။
" အမေ့ …. အမေ့ နာမည်က အိန်ဂျဲ … အိန်ဂျဲလစ်ပါ ဒေါ်ဒေါ်လေး "
ဘာကြောင့်မှန်းမသိ ၀မ်းနည်းလာပြီး သစ်ပင်ကိုမှီကာ ဘန်နီ ငိုချလိုက်သည်။
ဂျူးဒစ်က ဘန်နီငိုနေသည်ကို မ်ြင။ သည်ကလေး အသက်ထင်ရှားရှိနေပြီး မိမိရှေ့တွင် တကယ်ရောက်နေသည် ကို အထိတ်တလန့် ငေးကြည့်နေသည်။ ဘန်နီက စိတ်ထိန်းပြီး အငိုတိတ်ဖို့ ကြိုးစား သည်။ မရသည့် အဆုံးတွင် သခင်မရှေ့မှာ ရှိုက်ကာရှိုက်ကာဖြင့် ရင်ဖွင့်လေ တော့၏။
" ကျွန်တော် လူမည်းဖြစ်ရတဲ့ အတွက် သိပ်ဝမ်းနည်းတယ် ဒေါ်ဒေါ်လေး "
ဘာလုပ်ရ မှန်း မသိလိုက်ဘဲ ဘန်နီကို ဂျူးဒစ် ရင်ခွင်ထဲ ဆွဲပွေ့လိုက်မိသည်။ သူ့ရင်ခွင်ထဲတွင် ဘန်နီ သည်းထန် စွာ ငိုကြွေးလေသည်။ ဂျူးဒစ်က ရင်နင့်ကြေကွဲစွာ သူ့ကို ဖက်ထားလိုက်၏။ သည်ကလေး၏ ဘ၀မှာ မိမိ အဖြစ်ထက် ဆိုးရွားနေပါကလား။
ခဏနေပြီး ဘန်နီက သခင်မ ရင်ခွင်ထဲက ရုန်းထွက်လိုက်သည်။ မျက်ရည်ကျမိသည့်အတွက် ဘန်နီ ရှက်နေ သည်။ သို့သော် ဂျူးဒစ်က သူ့ကို ပြန်ဆွဲလိုက်ပြီး -
" လာပါကွယ်၊ ခဏထိုင်ပါဦး" ဟုဆိုကာ လှေကားထစ်ဆီသို့ တွဲခေါ်သွားသည်။ နေ၀င်လုပြီ။ ဘန်နီက သူ့ခြေချောင်းကလေးများကို မြက်ခင်းထဲတွင် ချပြီး လက်နှစ်ဖက်နှင့် ချိုးနေရင်း -
" ကျွန်တော် သိပ်ကလေးဆန်သွားတယ်ဗျာ၊ သိပ်ရှက်ဖို့ ကောင်းတာပဲ။ ဘယ်သူမှ မပြောပါနဲ့နော် ဒေါ်ဒေါ်လေး "
" မပြောပါဘူးကွယ် ၊ မပြောပါဘူး "
နှစ်ယောက်သား ရုတ်တရက် ဘာမှမပြောကြဘဲ ငြိမ်နေကြသည်။ ဂျူးဒစ်က ချာတိတ် ၏ပခုံး ကို နောက်တစ်ခါ သိုင်းဖက်ပြီး မချိတင်ကဲလေသံဖြင့် -
" မင်းကို လူဖြူဖြစ်အောင် လုပ်မပေးနိုင်တာ စိတ်မကောင်းပါဘူး ကလေးရယ် "
ဂျူးဒစ် ၏ ကရုဏာသည် ဘန်နီအတွက် ပေါက်ကွဲစရာဖြစ်လာသည်။ လေသံပြတ်ဖြင့် -
" ဒါပေမဲ့ ကျွန်တော်က အဖေ့ထက်လည်းဖြူတယ်၊ အမေ့ထက်လည်း ဖြူတယ် "
" မင်းအဖေ က ဘယ်သူလဲ "
ဂျူးဒစ် ခပ်တိုးတိုးမေးလိုက်သည်။
" ကလော်ဒီပါ၊ မဲနယ်ခင်း အလုပ်သမားလေ။ ကျွန်တော့်အဖေအရင်း မဟုတ်ဘူး ထင်ပါတယ်။ ကျွန်တော့် အဖေ က လူဖြူလို့ ပြောကြတာပဲ "
ပေါင်ပေါ် မှ ဂျူးဒစ်၏ လက်ချောင်းကလေးများသည် လက်သီးဆုပ်အသွင်သို့ ပြောင်းသွားသည်။
" ဘယ်သူလို့ မပြောကြဘူးလား "
" သခင်တစ်ယောက်လို့ ပြောတာပဲ။ ကျွန်တော်လည်း သေသေချာချာ မသိပါဘူးဗျာ "
ဘန်နီ က စိတ်ရှုပ်ဟန်ဖြင့် စကားဖြတ်သည်။
" မင်းအမေကကော ဘာမှ မပြောဘူးလား "
" အမေက ဒီအကြောင်း မပြောရဘူးတဲ့။ လူမည်းတွေ သူတို့အဖေလူဖြူပါလို့ပြောရင် သခင်က ချက်ချင်း ရောင်းထုတ် ပစ်တတ်တယ်တဲ့။ ပြီးတော့ ကျွန်တော်က အသားပိုဖြူလို့ အဖေ့သား မဖြစ် နိုင်ဘူး လို့ပြောတော့ အဖေစိတ်မကောင်းဖြစ်တယ်လေ "
ဘန်နီ ခေါင်းငိုက်စိုက်ချပြီး ပြောနေခြင်းဖြစ်သည်။
" ကျွန်တော်က ကပ္ပလီလည်း ဆိုသေးတယ်။ သူတို့တစ်တွေလိုလည်း မမည်းဘူး။ သိပ်စိတ်ညစ်တာပဲ ဒေါ်ဒေါ်လေးရာ"
" အေးကွယ်၊ မင်း ဘယ်လိုခံစားနေရတယ်ဆိုတာ သိပါတယ် "
နှစ်ယောက်သား စကားစ ပြတ်သွားကြပြန်သည်။
ဘန်နီ က လူဖြူသခင်မနဲ့ တစ်ခါမှ စကားမပြောဖူး၍ အနေရအထိုင်ရ ကျပ်နေသည်။ ပြန်ချင် လှပြီ။ မြက်ပင်ကလေးများကို ခြေထောက်နှင့် ကန်နေသည်။ မှောင်စပြုလာသော မိုးကုပ်စက်ဝိုင်းဆီသို့ ဂျူးဒစ် ငေးကြည့်နေသည်။ နေလုံးကြီး ငုပ်လျှိုးဆင်းသက်သွားသည့် မြစ်ပြင်နေရာတွင် ရွှေရောင် လင်းနေရစ်၏။
ဂျူးဒစ် နှုတ်ခမ်း ကို ကိုက်ထားလိုက်သည်။ သည်ကလေးမှာ ဘာအပြစ်မှမရှိရှာပါ။ ခွင့်လွှတ်ခြင်းနှင့် မေတ္တာတရားအကြောင်းကို ဘန်နီ့အမေတရားပြခဲ့သည်ကို ပြေးသတိရလိုက်သည်။ ဘန်နီ့ ဦးခေါင်း ကို အသာဆွဲယူပြီး ပခုံးပေါ်သို့ မှေးထားလိုက်သည်။ အသံတိုးတိုးဖြင့် နားနား ကပ် ခေါ်လိုက်သည်။
" ဘန်နီ၊ မင်းမပြန်ခင် ငါ တစ်ခုပြောမယ် "
" ဟုတ်ကဲ့ ခင်ဗျ "
" မင်း သိပ်စိတ်ညစ်တာပဲဆိုတာ ဘာကို စိတ်ညစ်တာလဲဟင် "
" ဟုတ် … ဟုတ်ကဲ့၊ ကျွန်တော် ပြောမပြတတ်ဘူး "
" လူတိုင်းမှာ စိတ်ညစ်စရာ တစ်မျိုးမျိုး ရှိကြတာချည်းပဲကွယ် "
" လူဖြူတွေ မှာ စိတ်ညစ်စရာရှိတယ်၊ ဟုတ်လား "
ဂျူးဒစ်က သူ့ဦးခေါင်းကို ရင်ခွင်ထဲထည့်ပြီး ဆံပင်ကို ပွတ်ပေးရင်း -
" ရှိတယ် ဘန်နီ၊ လူဖြူတွေမှာလည်း စိတ်ညစ်စရာရှိတယ် "
ဘန်နီ နားမလည်နိုင်အောင် ဖြစ်နေသည်။ ဂျူးဒစ် စကားဆက်သည်။
" ရင်ထဲမှာ စွဲနေတဲ့ဝေဒနာကို ဘယ်သူမှ ယူပစ်လို့မရဘူး ဘန်နီ၊ ဒါပေမဲ့ ကြာလာရင် ထုံသွားတတ် ပါတယ်ကွယ် "
ဘန်နီက ဂျူးဒစ် ဆက်ပြောမည့် စကားများကို နားစွင့်နေသည်။ ဂျူးဒစ်က သူပြောတာတွေ သည်ကလေး နားလည်နိုင်ပါ့မလားဟု တွေးနေ၏။
" ဒေါ်ဒေါ်လေး မှာလည်း စိတ်ညစ်စရာရှိတယ် ဟုတ်လား "
" ရှိတာပေါ့ကွယ် "
" စိတ်ညစ်လာရင် ဘာလုပ်သလဲဟင် "
" ဘာမှမလုပ်ဘူး၊ ဘာမှလုပ်လို့လည်း မရဘူး၊ မင်းလိုပဲ ကြိတ်မှိတ်ခံစားနေရတာပဲပေါ့ "
" ဟုတ်လား "
ဘန်နီက ခေါင်းထောင်ပြီး ဂျူးဒစ်ကို မော်ကြည့်သည်။ ပြီးတော့ ၀က်သစ်ချမြိုင်အိမ်ကြီးကို တစ်ချက် ဝေ့ကြည့်သည်။ သည်လို နန်းတော်ကြီးထဲမှာ နေတဲ့ လူဖြူတွေ စိတ်ဆင်းရဲစရာ ရှိတယ်တဲ့၊ ဟုတ်နိုင် ပါ့မလား ဟု ဘန်နီတွေးနေ၏။ မှောင်စပြုပြီ။ မကြာခင် အစေခံတွေ မီးဖိုဆောင် တွင် ညစာ အတွက် အလုပ်ရှုပ်ကြတော့မည်။
" ကဲ … ဘန်နီ ပြန်တော့နော်၊ မင်းအမေ မျှော်နေမယ်၊ နောက်ကို အိမ်ကြီးဆီ မလာခဲ့နဲ့ သိလား "
" ဟုတ်ကဲ့ "
" မင်းအမေ နေကောင်းရဲ့လား "
မနည်းအားယူပြီး မေးလိုက်ရခြင်းဖြစ်၏။
" နေကောင်းပါတယ် "
" နောက်ကလေး ရသေးလားဟင် "
" ဟုတ်ကဲ့ "
" ငါမေးတယ်လို့ ပြောလိုက်ပါကွယ် "
" ဟုတ်ကဲ့ "
" ငါမေးတယ်လို့ ပြောလိုက်ပါကွယ် "
" ဟုတ်ကဲ့ "
"ဂွတ်နိုက် ဘန်နီ"
"ဂွတ်နိုက် "
ကွင်းထဲသို့ ဘန်နီ ပြန်ပြေးထွက်သွားသည်ကို ဂျူးဒစ် စောင့်ကြည့်နေသည်။ ပြီးတော့ တိုင်တစ်တိုင်ကို ကိုင်ပြီး နဖူးနှင့် မှေးထားလိုက်ရ၏။ ဘန်နီ့ကို ရင်ထဲက ဝေဒနာဆိုတာ ကြာရင် ထုံသွားတတ်တယ်ဟု မယုံကြည်ဘဲနှင့် ပြော လိုက်ခြင်းဖြစ်၏။ ကိုယ်တွေ့ပဲလေ၊ သည်ကလေးနှင့် ဘယ်တော့ မှ ပြန်မတွေ့ချင်တော့။
ဆက်ရန်
.
No comments: