("မင်း မသိဘူးလားကွ၊ သူ ငိုနေတာ တီချာကြီး ခေါ်ရိုက်လို့ဖြစ်မှာပေါ့၊ မနက်က မမ ဘာ သွားတိုင်သလဲ မှ မသိဘဲ"ဟု ကျော်ကျော်က တစ်ဖန်ထင်ကြေး ပေးလိုက်ပြန်သဖြင့်
"မဟုတ်ပါဘူးကွာ၊ တီချာကြီး ငါ့ကို မရိုက်ပါဘူး၊ ချောကလက် တစ်ခုတောင် ပေးလိုက်သေး တယ်") ကို ဆက်ဖတ်ရန်............
"ဒါဖြင့် ဘာလို့ငိုတာလဲကွာ ဟင်"
"စိတ်ညစ်လို့ပေါ့ ရာမာရ၊ မင်းတို့ သိသားပဲ မဟုတ်လား၊ ငါ ကျောင်းနောက်ကျလို့ ဒဏ်ခံရတာလေ အဲဒါ"
သို့လျှင် အစချီတဲ့ပြီးမှ အစအဆုံးပြောလိုက်ကာ
"အဲဒါ မမက ငါ သွားတိုင်တာဆိုပြီး"
"ကဲ ငါမပြောဘူးလား၊ တို့မမဟာ ဒီလိုပဲ အားကြီးဆိုးတယ်ကွ၊ ဟိုတစ်နေ့ကတောင် တို့ညီမကလေးက စာနည်းနည်းပြပေးပါ ဆိုတာကို နင်မှ ငါ့ကိုမချစ်ဘဲဆိုပြီး ပြမပေးလို့ တို့ဖေဖေက ဆေးတံဘူးနဲ့ပေါက် လိုက်တာ ကံကောင်းလို့ပေါ့ကွာ"
"ဟေ့ ကျော်ကျော် မမကို မုန့်မှာပေးပြီးပလား"
ကိုယ့်ပြဿနာနှင့်ကိုယ် ဤလို စိတ်ရှုပ်နေရသည့်အထဲကပင် အတာသည် ဆရာမ၏စားသောက်ရေး အတွက် တစ်ဖက်က ပူလိုက်ချေသေး၏။
"ဒီနေ့ သူ မုန့်မစားတော့ဘူးတဲ့ကွ"
ဤတွင် အတာလည်း "ငါ စိတ်ညစ်လို့ မုန့်မစားချင်သလို မမလဲ စိတ်ညစ်နေတယ်ထင်ပါရဲ့" ဟူ၍ လည်း ဝမ်းနည်း စွာ တွေးလိုက်မိရှာသေး၏။
အခြေအနေ ကား အတာ့အဖို့ပြေလည်သွားသည်ဟူ၍ မရှိဘဲတစ်နေ့တခြား ဆိုးဝါးလာတော့၏။ သို့နှင့် အမျှ လည်း ကျောင်းနေချင်သောစိတ်သည် ယခု သိသိသာသာခန်းခြောက်လာကာ နောက်တစ်နေ့ မိုးလင်းသည်နှင့် အတာသည် ကျောင်းသွားသင့် မသွားသင့်ကို ပြတ်ပြတ်သားသား ဆုံးဖြတ်ရန် စဉ်းစားလာရတော့၏။
အတာ့အရွယ်သည် မိဘနှင့်ဆရာသမားတို့က ရှေ့ဆောင်လမ်းပြ၍ ညွှန်ကြားထိန်းသိမ်းသွားရမည့် အရွယ် ပင် ဖြစ်သသော်လည်း ယခုမူ အတာသည် သူ၏ရှေ့ရေးကို မြော်မြင်ဉာဏ်နုနယလှသေးသော သူ့ဦးနှောက်ဖြင့် သူ စဉ်းစားဆုံးဖြတ်ကာ သူ့ကြမ္မာကို မှားမှားမှန်မှန် သူသာလျှင် ဖန်တီးရမည် ကဲ့သို့ ဖြစ်နေတော့၏။
"ဘာထူးဦးမှာလဲ၊ မုန့်ဖိုးလဲ မှန်မှန်မရဘူး၊ ကျောင်းလခလဲ သုံးလရှိပြီ မပေးနိုင်ဘူး၊ ပြီးတော့ ဆရာမက လဲ"
ကြုံတွေ့ခဲ့ရသော ဆရာမ၏အပြုအမူ မတော်မလျော်သည့် အရေးများကို တစ်မျှော်တစ်ခေါ်တွေးကာ အတာလည်း တိကျသော အဆုံးအဖြတ်ဖြင့် ဆတ်ခနဲ ထလာခဲ့၏။
ယခင်ရက် များက ကျောင်းမုန့်ဖိုးတောင်းရန် ထွက်လာတိုင်း အနည်းနှင့်အများ စောင့်ရရှာသော သူ့ မေမေ ကို ယခုမူအဆင်သင့်ပင်တွေ့ရ၏။ ခါတိုင်းမုန့်ဖိုးတောင်းရန် လာစဉ်က ရဲရဲတင်းတင်း မကပ်ဝံ့ သော်လည်း ယနေ့ အတာသည် ဝံ့ဝံ့စားစားပင် သူ့မေမေအနီးတွင် ထိုင်ချလိုက်၏။
"ဟဲ့ကောင် လွယ်အိတ်ကော"
"မပါဘူး မေမေ၊ ကျွန်တော် ကျောင်းမသွားချင်တော့ဘူး၊ အဲဒါ မေမေ့ကို ကျွန်တော် လာပြောတာ"
ကျောင်းလခနှင့် ပတ်သက်၍ စကားစပ်မိတိုင်း မသိန်းမေးသည် "ရှုပ်ပါတယ် နင် ကျောင်းထွက် လိုက် တော့ အပိုပဲ"ဟု ပြောခဲ့ဖူးသောကြောင့် အတာလည်း ထိုစကားကို ရဲရဲတင်းတင်း ပင် ပြောချလိုက်၏။
"ဘာ ကျောင်းမသွားချင်တော့ဘူး၊ ဟုတ်လား"
"ဟုတ်ကဲ့၊ ဆရာမက ကျောင်းလခပဲ နေ့တိုင်း တောင်းတောင်းနေတယ် မေမေရဲ့"
"အေး၊ ဒါဖြင့်ပြီးရော၊ မသွားနဲ့တော့"
မသိန်းမေ လည်း ထမင်းစားပြီး၍ ရေသောက်သလို ခပ်လွယ်လွယ်ပင် ပေါ့ပေါ့ကလေး ပြောလိုက်၏။ မသိန်းမေ မှာ သူ့ကိုယ်၌က ပညာတတ်သူမဟုတ်သောကြောင့် ပညာ၏တန်ဖိုးကို မသိ။ သားသမီး၏ ပညာရေး ကိုလည်း မစဉ်းစား၊ သူ့အဖို့၌ ကျောင်းလခငွေ အပေးသက်သာသွားသည်ကိုပင် စိတ်ထဲ ၌ ပျော်သလိုလို ရှိသွားချေသေး၏။
အတာကလေး ကျောင်းမလာတော့သည်မှာ တစ်ပတ်မျှရှိသွားပြီကို ဆရာမ၏အကြောင်းကြားချက် အရ ကျောင်းအုပ်ကြီးများ သိသွားသည်နှင့် ချက်ချင်းပင် အရေးတယူဆွေးနွေးကြကာ စာပေး၍ စုံစမ်း၏။
စာထဲ ၌ အတာ အဘယ်ကြောင့် ကျောင်းမတတ်သည်ကို သိလိုကြောင်း၊ နေထိုင်မကောင်း၍ မလွှတ်ခြင်းဖြစ် လျှင် ခွင့်ပေးမည်ဖြစ်လျက် အကြောင်းကြားစေလိုကြောင်း၊ သို့သော် ကျန်းကျန်းမာမာ ရှိပါလျက်နှင့် ကျောင်းမလာဖြင်းဖြစ်ဘိမူ ကျောင်းအုပ်ကြီးက ဝမ်းနည်းမည်ဖြစ်လျက် ချက်ချင်း ပင်ကျောင်းတက်စေချင်ကြောင်း စသည်ဖြင့် ပါလာသော်လည်း မသိန်းမေသည် "အတာအား ယနေ့မှ စ၍ ကျောင်းထုတ်လိုက်ပြီဖြစ်ကြောင်း" ဖြင့်သာ ဈေးထဲမှ စာရေးတစ်ယောက်အား အရေးခိုင်းလျက် ထိုအတိုင်း ပင် စာပြန်လိုက်တော့၏။
...................................................................................................................................
"လာ လာ လာ အဆင်ကလေးကောင်းသည်၊ လာ လျှော့ဈေးရောင်းမည်၊ ကောင်းပေမည်၊ ဒီအသွေး ကလေး ကို ပျိုကြိုက်သည်၊ လိုချင်သည်၊ ကိုကိုရယ်၊ ဝတ်ချင်လှပြီ၊ မောင်မောင်ရယ် ဝတ်ချင်လှပြီ၊ ဝယ် ပါ အတည်ကောင်းသည် ရောင်းမည်၊ တစ်ထည်ခြောက်မူးစီ"
သို့လျှင် အသံနေအသံထားဖြင့် စူးစူးဝါးဝါးကလေး အော်ဆိုလိုက်သော အတာ၏သီချင်းသံသည် အနီး အနားတစ်ဝိုက် တွင် ပဲ့တင်ရိုက်လျက်ရှိတော့၏။ တနင်္ဂနွေနေ့ဖြစ်သည့်အတိုင်းလည်း အားလပ်ခွင့် ရ သော အစိုးရအမှုထမ်းများသည် ယနေ့မှပင် အေးအေးလူလူ သွားလာဝယ်ခြမ်း လျက်ရှိသောကြောင့် ဈေးတန်တစ်လျှောက်မှာ ခါတိုင်းထက် စိုစိုပြည်ပြည် စည်ကားလျက်ရှိ၏။
အသားချင်းတူ ဈေးနှုန်းနှင့် အဆင်ချင်းတူလျှင် အတာ့ထံတွင်သာ ဝယ်ကြ၏။ အချို့သော လူချမ်းသာ နှင့် တူသူများကမူ အတာဆိုနေသော သီချင်းကို သဘောကျ၍ လည်းကောင်း၊ မေးကိုင် ပါးဆွဲနှင့် ဝင်ဝယ် သွားကြသည်လည်းရှိ၏။
ဝယ်သူပါးသွားသည်ဆိုလျှင် အငိုင်သားစဉ်းစားနေတတ်၏။ ယခု သူ ရောင်းပေးနေရသည်မှာ ကြီးကြီး မေဆိုသူ၏အထည်ပစ္စည်းများဖြစ်လျက် နှစ်နာရီသာသာလောက် ရောင်းလိုက်ရုံမျှဖြင့် ငွေလေးကျပ်ခန့် အမြတ် aပ်ါနေပြီကို အတာ တွက်မိ၏။ တစ်ထည်လျှင် ခြောက်မူးဖြင့် ရောင်းနေသော လင်မနစ်လုံချည် များမှာ ဆယ်ထည်ဝယ်လျှင် ငါးကျပ်သာပေးရကြောင်း၊ ကြီးကြီးမေက သူ့အား အဝယ်ခိုင်းဖူးသဖြင့် တစ်ထည် ငါးမူ သာ အရင်းကျသည်ကို အတာ သိ၏။
"ငါ့ပိုက်ဆံ နဲ့ ငါ ဝယ်ရောင်းနိုင်ရင် ဒီလေးကျပ်ဟာ ငါမြတ်တဲ့ပိုက်ဆံဖြစ်မှာပဲ"
ဤလို့လည်း စိတ်ထဲမှ ရေရွတ်ရင်း လောဘကလေး ညွှတ်နေမိ၏။ သို့သော် တစ်ရာကျော်မျှသော အထည်များ၏ တန်ဖိုး ကို တွေးမိ တွက်မိလာသောအခါ၌မူ အတာ မျက်လုံးပြူးသွား၏။
ထိုနေ့က ညနေဆိုင်သိမ်း၍ ကြီးကြီးမေအပြန်တွင် အတာအား မုန့်ဖိုးငါးမူးအပြင် "အဲဒါ မင်းချုပ်ဝတ်"ဟု လုံချည် တစ်ထည် ပါ ပေးသည်ကို အတာလည်း ပိုက်ဆံသာလက်ခံလျက် လုံချည်ကိုမူ ပြန်ပေးလိုက်၏။
ကြီးကြီးမေ ပြန်သွားသည်နှင့် အတာအား မသိန်းမေက ခေါ်ကာ
"လုံချည်ကို ဘာပြုလို့ ပြန်ပေးလိုက်ရသလဲ ဟင်"
"ကျွန်တော်မှ မဝတ်ချင်ဘဲ မေမေရဲ့၊ မိန်းမတွေဝတ်တဲ့ အဆင်ကြီး"
"ဘာဖြစ်ဖြစ်ပေါ့၊ ပေးတာကို ယူမထားဘူး၊ ဒီလောက်ပဲ အ ရသလား၊ နင် မဝတ်ချင် ငါ့ ကိုပေးပေါ့၊ ရောင်းစားရင် အနည်းဆုံး ငါးမူးတော့ရမှာ သိရဲ့လား" ဟူသော ငေါက်သံနှင့် အတူ ဒေါက်ခနဲ ခေါက် လိုက်သေး၏။
ယခုမှ အတာ တွေးမိ၏။ ကြီးကြီးမေပေးသည့် လုံချည်မှာ မိန်းမဆင်ပင်ဖြစ်သော်လည်း အပွင့်အခက် များမဟုတ်ဘဲ အကွက်ကလေးဖြစ်သောကြောင့် သူလို ငယ်ရွယ်သူတစ်ယောက် ဝတ်မည်ဆိုက ဝတ် နိုင်၏။
"ဟုတ်ပါရဲ့၊ ငါ မိုက်သွားတယ်၊ ယူထားလိုက်ရင် အကောင်းသား၊ ကိစ္စမရှိဘူးလေ၊ နောက်တနင်္ဂနွေကျမှ ငါ ပြန်တောင်းမယ်"
တနင်္ဂနွေနေ့များတွင် အတာသည် ကြီးကြီးမေနှင့် ဝိုင်းရောင်းခွင့်ရ၍ ပျော်သလိုလိုရှိခဲ့သော်လည်း အ ခြားသောနေ့ များတွင်မူ သူ့တွင် ဘာအလုပ်မျှ မည်မည်ရရမရှိ။ မသိန်းမေမှာလည်း ဆိုင်ဆို၍ အတည် တကျ ရောင်းချလေ့မရှိဘဲ တစ်ခါတစ်ရံ တွင် တောဈေးသည်များ ထံမှ ဈေးပေါပေါနှင့် ရတတ်သော သနပ်ခါးတုံးများကို ရောင်း၍ တစ်ခါတစ်ရံတွင်မူ
"ဘာရှာကြ သလဲ ဟင်၊ ဘာအလိုရှိလို့လဲ၊ ဝယ်ချင်တာပြောပါ ဈေးပေါပေါနဲ့ရအောင် လိုက်ဝယ်ပေး မယ် လေ"
ပစ္စည်းတစ်ခုခု ပင် ဝယ်လိုသော်လည်း မည်သည့်ဈေးရုံတွင် မည်သည့်ကုန်ရောင်းသည်ကို မသိ၍ ယောင်လည်လည်ဖြစ်နေတတ်သော ဈေးဝယ်များကို မသိန်းမေသည် သို့လျှင် ဆီးကြိုသည် ၎င်းတို့ အလိုရှိရာသို့ မေးမြန်းစုံစမ်းကာ လိုက်လံဝယ်ခြမ်းပေးလေ့ရှိ၏။ အရောင်းအဝယ်ဖြစ်သွားလျှင် ဆိုင်ရှင် က မသိန်းမေအား ပွဲပေး၏။ ရောင်းနေကျ ဈေးမှန်အတိုင်းသာ အရောင်းအဝယ်ဖြစ်မည် ဆိုက ငွေတစ် ဆယ်လျှင် ငါးမူးမျှသာ မသိန်းမေ ပွဲခရ၏။
တစ်ခါတစ်ရံတွင်မူ ကိုထွန်းအောင် ပြောဖူးသကဲ့သို့ မသိနားမလည်သော တောနယ်မှ ခရီးသည်များ အား ကုလားဘန်ကောက်အတုကို အစစ်ဟု လိမ်လည်၍လည်းကောင်း၊ သက္ကလတ်အညံ့စားများကို အကောင်းဆုံး အသားဟူ၍လည်းကောင်း မတန်တဆဈေးဖြင့် ရောင်းလိုက်သော အခါများတွင်မူကား မှန်တန်းရောင်းဈေးထက် ပိုသမျှငွေကို သူပင်အကုန်ရ၏။ ဤနည်းမျိုးဖြင့် မသိန်းမေသည် တစ်ခါတစ်ရံ တစ်ထိုင် တည်း ဆယ့်လေးငါးကျပ်အထိ အမြတ်ပေါ်သွားတတ်၏။
ဤလို မတရားသဖြင့် လိမ်လည်ရောင်း၍ အမြတ်ယူခြင်းကို ကိုထွန်းအောင် အလွန်စက်ဆုပ်၏။ မလုပ် ပါရန် အတန်တန်ပြောသော်လည်း မရ။ အရောင်းအဝယ်နှင့်ပတ်သက်လာလျှင် နှစ်ကျပ်တန်ပင်ဖြစ်စေ ရှစ်ကျပ် တစ်ဆယ်ရအောင်လည်း လိမ်ရောင်းတတ်၏။ မတရား အမြတ်ကြီးစားတတ်၏။ ထိုငွေမှာ တရားသဖြင့် ရသောငွေမဟုတ်သောကြောင့်လည်း သူ၏ဝတ်ရေးစားရေးတွင် မသုံးလိုက်ရဘဲ မြင်းပွဲ နှင့် ၃၆ ကောင်တွင် ရှုံးသွားရသည်က များ၏။
သို့ မသိ နားမလည်သူ တောခရီးသည် ဈေးဝယ်များအား အရောင်းအဝယ်လုပ်ရာ၌ မတရားအမြတ်ယူ ပစ္စည်းအတု လိမ်ရောင်းခြင်း အလွန်မကောင်းစွာ ပြုမူတတ်သော်လည်း မသိန်းမေ တွင် နှစ်လိုဖွယ် ရာ သော စိတ်ကောင်းကလေးများလည်း ရှိလေသေး၏။
ကုန်သည်ပွဲစား ဝယ်သူများတည်းဟူသော ငွေကြေးရွှင်သူတို့ စည်ကားရာ ရပ်ကွက်ဖြစ်သည့်အတိုင်း သိမ်ကြီးဈေး တစ်ဝိုက်သည် သူခိုးနှင့် ခါးပိုက်နှိုက် အလွန်ပေါ၏။ တစ်လလျှင် အနည်း ဆုံး လေးငါးကြိမ် လောက် တောခရီးသည်များ ခါးပိုက်နှိုက်ခံရတတ်၏။ ဓားထောက်၍သော်လည်း အလု ခံ ရတတ်၏။
ဤသည်ကို မသိန်းမေ ကြားလိုက် သိလိုက်ရသည်နှင့် ချက်ချင်းရောက်လာကာ အတတ်နိုင်ဆုံးသော အကူအညီပေးလေ့ရှိ၏။ ဂတ်တိုင်လိုသည်ဆိုကာ အရောင်ပို့ပေးလျက်
"ကျုပ်တို့က တောသားတွေပဲဗျာ၊ ဂတ်လဲ မတိုင်ချင်တော့ပါဘူး၊ ရုံးတွေ ဘာတွေ တက်ဖို့လဲ အချိန်မရ ပါဘူး၊ ဒါပေမဲ့ ခင်ဗျားတို့ ရန်ကုန်က ခါးပိုက်နှိုက်တွေ တယ်ဆိုးသဗျာ၊ လမ်းစရိတ်တောင် မကျန်တော့ ဘူး၊ အကုန်နှိုက်သွားတာပဲ"
ခါးပိုက်နှိုက်သူ များက လမ်းစရိတ်ချန်၍ပင် နှိုက်သင့်သကဲ့သို့ အချို့သော တောခရီးသည်များက ဤလို ရိုးရိုးအအကြီး ပြောတတ်ကြသေး၏။
"ကဲ လာ လမ်းစရိတ်လောက်တော့ ကျွန်မ ရအောင် ဆောင်ရွက်ပေးမယ်"
ဤကဲ့သို့သော ဒုက္ခမျိုးနှင့် ကြုံနေရသူများကိုတွေ့က မသိန်းမေ မနေတတ်၊ နီးရာဆိုင်မှ ထမင်းချိုင့် အလွတ် တစ်ခုဆွဲကာ ခါးပိုက်နှိုက်ခံရသူနှင့်အတူ လမ်းစရိတ်အဖြစ် ဆိုင်တိုင်းစေ့ အလှူခံ၍ပေးလိုက် တတ်၏။ သို့ကြောင့် မသိန်းမေ၏စိတ်ဓာတ်ကို အကဲခတ်မရဟု ကိုထွန်းအောင် ပြောလေ့ရှိခြင်းဖြစ်ဟန် တူ၏။
ဆိုခဲ့သည့်အတိုင်းပင် မသိန်းမေသည် ဆိုင်တစ်ဆိုင်အဖြစ် အတည်တကျ ထိုင်ရောင်းရသည်ထက် ပါး စပ်ပွဲစား လုပ်ရခြင်းက ငွေရင်းလည်းမလို၊ အမြဲတစေလည်း ထိုင်ရောင်းနေရသည် မဟုတ်သောကြောင့် ပို၍သဘောကျ၏။ သူ့အချိန်နှင့်သူ သွက်သွက်ကလေး ရောင်းရတတ်သော ဒူးရင်းယို၊ သန့်စင်ပန်း၊ ဖဲထီး အစရှိသော ပစ္စည်းများကိုသာလျှင် ရာသီလိုက်၍ ဆိုင်ထိုင်ရောင်းလေ့ရှိ၏။
သို့အလျောက်လည်း အလွန်ဈေးရောင်းချင်နေသော အတာမှာ နေ့ရှိသလောက် ဟိုယောင်ယောင် သည်ယောင်ယောင်ဖြင့်သာ အချိန်ကုန်နေတော့၏။ တနင်္ဂနွေနေ့တွင်မှ သူ့ကြီးကြီးမေနှင့်အတူ လုံချည် ရောင်းခွင့် ရတော့၏။ တစ်ခါတစ်ရံ ရွယ်တူ ကုလားကလေးများကဲ့သို့ ပရုတ်လုံး လည်ရောင်းရန် ကြံ စည်မိသေး၏။ သို့သော် သူ့တွင် အရင်းအနှီးမရှိ။ ယခု သူကျောင်းထွက်ခဲ့ပြီးမှ ထမင်းဖိုးအဖြစ် ပိုက်ဆံ ဟူ၍ ရသည်ကနည်းပြီး တစ်ဆိုင်ဆိုင်သို့ လက်ညှိုးညွှန်၍ အစားခိုင်းခြင်း သို့မဟုတ် သူ့မေမေနှင့်ပင် အတူစားလိုက်ရခြင်းက များသောကြောင့် သူ့တွင် ပိုက်ဆံစုရန် အခွင့်အလမ်းမရရှိဘဲ နေခဲ့၏။
တစ်ဖန် တနင်္ဂနွေနေ့တိုင်း ကြီးကြီးမေ ပေးလေ့ရှိသော ငါးမူးမှာလည်း စုရဆောင်းရသည်ဟူ၍ မရှိဘဲ
"ဒေါ်မေပေးသွားတဲ့ ပိုက်ဆံရှိသေးတယ် မဟုတ်လား၊ အဲဒီပိုက်ဆံနဲ့ ထမင်းသွားစားချည်၊ နောက် တော့ ငါပြန်ပေးမယ်"ဟူ၍ တစ်နည်း
"နင့် ပိုက်ဆံ ဘယ်လောက်ကျန်သေးသလဲ၊ တစ်မူး ခဏပေးစမ်း"ဟူ၍ တစ်ဖုံ ဤလိုဖြင့် အတာ့ ငါးမူး စေ့သည် ကုန်သွားလေ့ရှိ၏။ တစ်ခါတစ်ရံတွင်မူ သူ့ကြီးကြီးမေ ပေးသွားတတ်သော ပိုက်ဆံငါးမူးကို ပူအောင်ပင် မကိုင်ုလိက်ရဘဲ အားလုံးပင်ယူ၍ ၃၆ ကောင် ထိုးပစ်လိုက်တတ်သေး၏။
အတာ့အနေနှင့်ဆိုသော် ကျောင်းထွက်လိုက်ခါမှ အခြေအနေ ပို၍ဆိုးနေတော့၏။ ကျောင်းနေစဉ်ကဆို လျှင် မုန့်ဖိုးမမှန်ဟု ဆိုသည့်တိုင်အောင် ရက်ခြားလောက်ကား ရတတ်သေးသည်ဖြစ်၍ တစ်ပတ်လျှင် တစ်မတ် အနည်းဆုံး စားရသည့်အကြိမ်က များသောကြောင့် ပိုက်ဆံစုရန် ဆိုသည်မှာ အတာ့အဖို့ လေ ဖမ်း ၍ တန်းချီခိုင်းသလို ဖြစ်နေတော့၏။
တစ်ပတ်လျှင် တစ်ကြိမ်ကျ ကိုထွန်းအောင်က စာရေးလေ့ရှိသည့်အတိုင်း ယနေ့လည်း မသိန်းမေထံသို့ စာတစ်စောင်ရောင်လာ၏။ အတာကလေး အဝတ်လျှော်နေစဉ် စာရောက်လာသဖြင့် ပျာပျာ သလဲ ဖောက်၍ ဖတ်လိုက်သည်၌
သား အတာ
ငါ မင်းဆီ စာရေးတိုင်း ထည့်ရေးဖို့ မေ့မေ့သွားတယ်၊ အဲဒါ တခြားတော့မဟုတ်ဘူး။ မင့် အတန်းမှာ မင်းဟာ မော်နီတာဖြစ်သလို ငါလဲ လူလေးဆယ်ရှိတဲ့ ငါတို့ကျောင်ထိုးသင်တန်းမှာ ငါ မော်နီတာအဖြစ်နဲ့ ထိန်းသိမ်းစောင့်ရှောက်နေရတယ်၊ မင်းနဲ့ငါ စိတ်ကောင်းရှိတာချင်း တူလို့ပေါ့ကွာ၊ ဒါနဲ့ မင့်အမေ ကျောင်းလခ မှန်မှန်ပေးရဲ့လား၊ မုန့်ဖိုးကော နေ့တိုင်းရရဲ့လား၊ ငါတော့ ဒီကိစ္စကို အမြဲ ပူနေရတာပဲ၊ ဒါပေမဲ့ မင်းစာထဲမှာ အားလုံး မှန်မှန်ပေးတယ်ဆိုတာပါလို့ ငါ ဝမ်းသာမိတယ်၊ တကယ် ကော ပေးရဲ့လားကွာ။
ဒါနဲ့ အတာ၊ မင်း ဝမ်းမနည်းနဲ့နော်၊ မင်းတို့အတွက်ပဲ ငါတော့ စွန့်စားလိုက်ပြီ၊ အဲဒါ အခြား တော့မဟုတ်ဘူး၊ ဒီနေ့ပဲ ငါ ယိုးဒယားကို လိုက်သွားတော့မယ်၊ လခကောင်းလို့ ငါလိုက်သွားတာပဲ၊ ပြန် လာရင် ငွေသုံးလေးရာလောက် စုမိမယ်၊ ဒါမှ အရောင်းအဝယ်လုပ်ဖို့ အရင်းအနှီးရမယ်၊ မင်း လိမ္မာပါ၊ စာကြိုးစားပါ။
အဖေထွန်း
စာမပြန်နဲ့၊ ငါ မိတ္ထီလာမှာ မရှိတော့ဘူး။
ထိုစာမှာ အတာ့အတွက် သီးခြားတစ်စောင်ဖြစ်ပြီး မသိန်းမေအတွက် ပေးစာတွင်မူ အတော်ကလေး စုံအောင် ရေးထား၏။ ကျောက်ထိုးသင်တန်း သုံးလပြီး၍ စာမေးပွဲစစ်ရာတွင် သူသည် ချီးကျူးလောက် သော ဂုဏ်ထူးဖြင့် အောင်ခဲ့သောကြောင့် ယိုးဒယားပြည် မှ တောင်းဆိုငှားရမ်းထားသော ကျောက်ထိုး ဆရာနှစ်ယောက်အနက် အပါအဝင်အဖြစ် ကိုထွန်းအောင် အား ရွေးချယ်လိုက်ကြောင်း၊ သို့သော် မလိုက်လိုကလည်း နေနိုင်စေကာမူ တစ်လလျှင် ၁၀၀ ကျပ်တိတိ ရမည်ဖြစ် ၍ လိုက်မည်ဟု သဘော တူလိုက်ကြောင်း၊ သို့မဟုတ်ဘဲ မြန်မာပြည်မှာပင် အလုပ်လုပ် လိုသော် လစာငွေ ၄၀-၄၅ ကျပ်ခန့်သာ ရမည်ဖြစ်ပြီး အလုပ်ရရန်မှာလည်း မလွယ်ကူလှ၊ အတန် ကြာကြာ စောင့်ရမည်ဖြစ်၍ သေချာပြီး ငွေများ များရမည့်အလုပ်ကို လက်ခံလိုက်ခြင်းတို့ကို အကျယ် တဝင့်ရေး လိုက်၏။
ထိုစာကို အတာက ဖတ်ပြစဉ် ရှိုက်သံကလေးဖြင့် မျက်ရည်တစမ်းစမ်းဖြစ်နေသော်လည်း မသိန်းမေ တွင်မူ သူ့အား မတိုင်ပင်ဘဲ ဆုံးဖြတ်ရကောင်းလားဟု အလွန်အမင်း ဒေါသဖြစ်လျက်ရှိ၏။ ချက်ချင်းပင် မိတ္ထီလာသို့ လိုက်သွားမည် တကဲကဲလုပ်နေသောကြောင့် မခင်သက်တို့က သံကြိုးရိုက်၍ မေးရန် ဝိုင်း ဝန်း အကြံပေးကြ၏။ ကိုထွန်းအောင် မိတ္ထီလာ၌မရှိတော့ပြီဟူသော သံကြိုးပြန်လာမှပင် မသိန်းမေ လည်း ထိုအကြံ ကို လက်လျှော့လိုက်တော့၏။
ကိုထွန်းအောင်ထံမှ စာရောက်လာလျှင် များသောအားဖြင့် အတာသာ ဖတ်ပြရသကဲ့သို့ ပြန်စာကို လည်း အတာ ပင် ရေးပေးရ၏။ မသိန်းမေ ပြန်စာရေးပို့်တိုင်လည်း အတာသည် သူ့အနေဖြင့် စာတစ် စောင်သတ်သတ် ရေးထည့်လေ့ရှိ၏။ ကိုထွန်းအောင်၌ စိတ်မချမ်းမသာဖြစ်နေမည်လားဟူသော စိုးရိမ် မှုကလေးဖြင့် ကျောင်းလခကိစ္စကို ဘယ်သောအခါကမှ အမှန်ကို မသိစေဘဲ ရပါသည်၊ ပေးပါသည်ဟူ ၍သာ လိမ်ခဲ့၏။
အတာသည် ကိုထွန်းအောင်အား ရင်းရင်းနှီးနှီးနှင့် ရဲရဲတင်းတင်းချစ်၏။ မသိန်းမေကိုမူ ဖော်ဖော်ရွှေရွှေ မချစ်ဝ့၊ မိခင်ကို ချစ်မြတ်နိုးရာ၌ပင် အတာသည် ကြောက်ကြောက်လန့်လန့် ချစ်နေရ၏။ ကိုထွန်း အောင် မှာ ပထွေးပင်ဖြစ်စေကာမူ အတာကလေးအပေါ်၌ သားအရင်းတစ်ယောက်နှင့်မခြား ချစ်မြတ်နိုး ၏။ ဂရုစိုက်၏။ အတာ့ ရှေ့ရေးအတွက်လည်း လေးလေးနက်နက် စိတ်ဝင်စားခဲ့သလောက် မအေ ရင်း ဖြစ်သော မသိန်းမေ မှာမူကား ဆိုခဲ့သည့်အတိုင်း အတာ ကျောင်းထွက် သည်ကိုပင် ကျောင်းလခ တည်း ဟူသော တာဝန်တစ်ခု ပေါ့သွားပြီဟူ၍ပင် သဘောကျခဲ့သူ ဖြစ်၏။
အတာသည် ကျောင်နှင့် ကင်းဝေးခဲ့သလောက် ဆုံးမသြဝါဒနှင့်လည်း ကင်းဝေးခဲ့ပြီဖြစ်၏။ မသိန်းမေ ကလည်း ရေမှန်မှန်ချိုးခိုင်းသည့် ကိစ္စလောက်ပင် သွန်သင်ခြင်းမရှိ၊ လုံးဝ လျစ်လျူရှုထားခဲ့သော ကြောင့် လူလိမ္မာလေး အတာသည် ယခု တဖြည်းဖြည်း တေပေစ ပြုလာပြီဖြစ်၏။
ကျောင်းသားဘဝက အားလပ်ခွင့်ရသော ကျောင်းပိတ်ရက်များတွင်ပင် ကျောင်းစာကိုသာ ဖတ်ရင်း ရေးရင်းဖြင့် အချိန်ကုန်ခဲ့တတ်သော အတာသည် ယခုသော် ကျောင်းဟူသည်ကို စိတ်ပျက်ခဲ့သည်အမျှ စာတွင်လည်း စိတ်မဝင်စားတော့ဘဲ လတ်လျားလတ်လျားနှင့် လမ်းသလားနေပြီဖြစ်၏။
အကယ်၍ မသိန်းမေသာ ဆိုင်အတည်တကျနှင့် မှန်မှန်ရောင်းနေခဲ့သော် အတာကိုပါ ထိုင်ခိုင်းခြင်း အား ဖြင့် စိတ်ကလေး မလေမလွင့်ဘဲရှိမည်ဖြစ်၏။ ယခုသော် မသိန်းမေတွင် ပါးစပ်ပွဲစား အဖြစ်သာ စခန်း သွားနေသောကြောင့် အတာတွင် တနင်္ဂနွေနေ့မှတစ်ပါး နေ့စဉ် အားလပ်ခွင့် ရနေသည်ဖြစ်ရာ ကလေး တို့မည်သည် အားလျှင် အကစားနှင့်သာ အချိန်ဖြုန်းတတ်သည့်အတိုင်း ပတ်ဝန်းကျင်ရှိ ကလေး များနှင့် ပေါင်းကာ ကောင်းကောင်းကြီး ဆော့ခွင့်ရတော့၏။
ဘခွေး အပါအဝင်ဖြစ်သော သူ့ကစားဖက်များမှာလည်း အတာကဲ့သို့ပင် ကျောင်းမထားနိုင်သော မိဘ များမှပေါက်ဖွားလာခဲ့သူ ကလေးများဖြစ်လျက် အထူးသဖြင့် စာဆို၍ အတာလောက်ပင် မသင်ဖူးသေး သော လူပေလူတေကလေးများဖြစ်သည်နှင့်အညီ တံငါနားနီး တံငါ ဟူသကဲ့သို့ အတာသည်လည်း သူတို့နှင့်ပေါင်းကာ အကြောင်းမလှအောင် တေစ ပေစပြုလာတော့၏။
နံနက်စာ ထမင်းစားပြီးသည်နှင့် အတာကလေး မည်သည့်အရပ်ရောက်နေသည်ဟု မည်သူမျှ အတပ် မပြောနိုင်။ အရှိန်နှင့်သွားနေသော ဓာတ်ရထားပေါ်မှာ ခုန်တက်လိုက် ပြေးဆင်းလိုက်ဖြင့် ဆော့နေ သည်ကိုလည်း တွေ့ရတတ်၏။ မြင်းလှည်းနောက်မြီးခိုစီးရင်း ရောက်ချင်ရာရောက်နေသည်ကိုလည်း တွေ့ရတတ်၏။ ယခု တိရစ္ဆာန်ရုံ၌ ကျားကို သစ်ကိုင်းခြောက်ဖြင့် ထိုးစနေသော အတာကို နောက်တစ် နာရီခန့်အကြာတွင် ကန်တော်ကြီး၌ ရေကူးချင်ကူးနေမည်ဖြစ်၏။ နေ့လယ်ပိုင်းက သင်္ဘောဆိပ်၌ ဟို ပြေးသည်လွှား ကစားနေသော အတာ အပါအဝင် လူပေလူတွေကလေးတစ်ခုကို ညနေဘက် ၌ ရွှေတိဂုံဘုရားပေါ်တွင် ခိုကလေးများကို လောက်လေးနှင့် ပစ်ခတ်မှုကြောင့် ဘုရားပုလိပ်လိုက်၍ ထွက် ပြေးနေရ သည်ကိုလည်း တွေ့ရတတ်၏။
မကြာခဏ ဆိုသလိုလည်း အတာတို့လူသိုက်သည် တစ်ယောက်က လန်ခြားကုလားခေါင်းပေါင်းကို ဆွဲ ချွတ်၍ တောင်ဘက်သို့ထွက်ပြေးလျှင် အခြားတစ်ယောက်က လန်ခြားမီးခွက်ကိုဖြုတ်ပြီး မြောက်ဘက် သို့ ယူပြေးသောနည်းဖြင့် ဆော့ကြရာ၌ လန်ခြားကုလားမှ တောင်ဘက်လိုက်ရမလို မြောက်ဘက် လိုက်ရမယောင်ဖြင့် ဟိုပြေးဒီပြေးဖြစ်နေသည်ကို အတာတို့ကြည့်ကာ အလွန်ပျော်နေတတ်ကြ၏။ သို့ လျှင် အဆော့မျိုးစံ ကမြင်းစရာကုန်သွားလျှင် ဖဲရိုက်ကစားကြ၏။ မျောက်ပန်းလှန်၏။
ယခုသော် အတာအား အလွန်လိမ္မာ၍ ဣနြေ္ဒသိက္ခာရှိသော အတာအဖြစ် မမြင်ရတော့ဘဲ အခြားသော လူပေလူတေ ကလေးများနည်းတူ အလွန်အော့နှလုံး နာစရာကောင်းသော အတာအဖြစ် သာ တွေ့ရ တော့၏။
ဆက်ရန်
.
1 comment:
အတာရဲ့ဘ၀ဟာသနားစရာ
ကျေးဇူးပါဖတ်ရတဲ့အတွက်
Post a Comment