Friday, April 6, 2012

သာဓု ၏ အတာ, အပိုင်း (၂၇)

("ကဲ အတာ မင်း ဖြေစမ်း"ဟု လှမ်း၍ ပြောလိုက်သည်ကို "အဲဒါ ကျွန်တော် မဖြေတတ်ဘူး မမ"
"ဒါဖြင့် ဒူးထောက်နေ" အတာ ရုတ်တရက် ကြောင်သွား၏။ ယောင်ချာချာနှင့်ပင် ဆရာမအား ငေးကြည့်နေမိစဉ်မှာပင် "ဟေ့ ပြောတာ မကြားဘူးလား"ဟု ထပ်၍ မေးလိုက်မှ အတာလည်း ခပ်လေးလေးပင် ဒူးထောက်လိုက် ရတော့၏။)
ကို ဆက်ဖတ်ရန်............

ချက်ချင်းဆိုသလို မျက်ရည်ကလေး ယိုစီးကျလာသည်ကို ထောက်၍ အတာ အဘယ်မျှလောက် ဝမ်း နည်းသွားသည်ကို ခန့်မှန်းနိုင်၏၊ အားလုံးသော အတန်းသား အတန်းသူတို့သည်လည်း အတာ၏ဖြစ် အင်ကို မြင်ရက်နိုင်သည့်အလား ကြင်နာမှုကိုယ်စီဖြင့် မကြည်မရွှင် ငေးကြည့်နေမိ၏။
"မဝေကင်း၊ ခင်ခင်၊ မစွမ်ကြည်၊ အောင်ကျော်၊ ချစ်အောင် မင်းတို့ပါ ဒူးထောက်နေ"

မကောင်းတတ်လွန်း၍လောမသိ၊ ယခုမှပင် စောစောက မဖြေနိုင်သူများကိုပါ ဆရာမက ဒူးထောက်ခိုင်း လိုက်၏။ ထို့နောက် ဆက်လက်၍ မေးခွန်းများကို တစ်ခုပြီးတစ်ခု ထုတ်နေပြန်၏။ မဖြေနိုင်သူကို ဒူး ထောက်ခိုင်းလျက်၊ ဒူးထောက်ဒဏ်ခံနေရသူအများထဲမှ ဖြေနိုင်သူကို ဒူးထောက်ဒဏ်မှ လွှတ်၏။ သို့ သော် အတာတွင်ကား ထိုအချိန်ကုန်သွားသည်အထိ မချိအောင် ဒူးထောက်နေခဲ့ ရ၏။ နောက်ထပ် မေး သော မေခွန်းများခက်၍ကား မဟုတ်။ ဆရာမက သူ့ကို လုံးလုံးမမေးသောကြောင့် အတာ မဖြေခဲ့ရ။ မဖြေ ရသဖြင့်လည်း ဒူးထောက်နေရသည့်ဒဏ်မှ လွတ်ငြိမ်းခွင့်မရရှာခဲ့။ သို့ဖြစ်လျှင် အတာ သည် အဘယ်သို့သော စိတ်ထားဖြင့် စာဆက်၍ သင်ကြားရမည်နည်း။

"ဟဲ့ အတာ၊ ဘာလဲ မင်း အခုကျောင်းသွားမလို့လား ဟင်"
တစ်ညက အတာကလေး အပြင်းဖျားခဲ့သည်ကို ကိုယ်ဖိရင်ဖိ ပြုစုခဲ့ရသော သူ့မမသက်က လှမ်းမေး လိုက်သည်ကို "ဟုတ်ကဲ့" "မတော်တာဟယ်၊ မင်း ညက ဖျားတာ နည်းနည်းလေးမဟုတ်ဘူးတဲ့ သိရဲ့လား၊ တစ်နေ့တလေ နေ လိုက်ပါဦးလား အတာရယ်"
"ဟင့်အင်း ကျောင်းရောက်လို့ ကစားလိုက်ရင် ပျောက်သွားမှာပါ မမရဲ့၊ တစ်နေ့ကျောင်းမလာရင် ကျွန် တော် တစ်နေ့ စာနောက်ကျမယ်တဲ့၊ ဆရာမကပြောတယ်"
မည်သို့အကြောင်းပြ၍ တားသော်လည်း မရ။ ဇွတ်အတင်းပင် လွတ်အိတ်ကလေးကိုလွယ်၍ ဆင်းသွား တတ်၏။ သို့ကလောက် ပညကိုမင်၍ ကျောင်းကိုခင်သော အတာသည် ကျောင်းဘက်သို့ပင် ခြေဦးမ လှည့်ချင် သလို ဖြစ်လာ၏။ ယခင်က ကျောင်းပိတ်သည်က မလိုလားသော အတာသည် ယခု ကျောင်း ဖွင့်မည် ကို ကြောက်နေ၏။

ယခင်က ကျောင်းသွားရမည်ဆိုလျှင် ဇောင်းမှလွှတ်လိုက်သော မြင်းပေါက်ကလေးပမာ ဖျတ်လတ် ကြွ ရွနေသလောက် ယခုသော် ကျောင်းဘက်သို့ နီးလာလေ သူ့ခြေလှမ်းနှေးလေဖြင့် စိတ်ရော ကိုယ်ပါ လေးလာတတ်၏။ ဆရာမနှင့် ရင်ဆိုင်ရမည်ကိုလည်း ကြောက်နေ၏။
ငယ်ရွယ်သော ကျောင်းသူကျောင်းသားတို့မည်သည် ဆရာ ဆရာမဖြစ်သူတို့က အဘယ်မျှလောက် ရိုက်သည်ဖြစ်စေ၊ မည်သည့်နည်းမျိုးဖြင့် ဒဏ်ပေးသည်ဖြစ်စေ ထိုအခိုက်အတွင်းသာ စိတ်ဆိုးသော် ဆိုးမည်၊ ရန်ငြိုးဟူ၍ ရက်ရှည်လများ ထားတတ်သော စိတ်မျိုးမရှိ။ အတာတွင်ကား တတ်သိလိမ္မာသူ တစ်ယောက်ဖြစ်သည်နှင့် အညီ ဆရာမအပေါ်တွင် အငြိုးထားရန်မဆိုထားဘိ၊ သူ့ကိုချစ်ခင်အောင်ပင် အဆပေါင်း များစွာတိုး၍ ကြိုးစားခဲ့ချေသေး၏။ သို့သော် မအောင်မြင်။


ကလေးတစ်ယောက် ကျောင်းမသွားချင် သွားချင်အောင် စွမ်းဆောင်ရန်မှာ မိဘတာဝန်ဖြစ်သကဲ့သို့ ထိုကလေးကျောင်း မပျော် ပျော်အောင် ဖန်တီးရန်မှာ ဆရာ ဆရာမတို့၏ဝတ္တရားဟူ၍ အတာ့ ဆရာမ သည် သိတန်ကောင်း၏။ သို့သော် အတာကလေးကိုကား ကျောင်းမနေချင်အောင် တမင်မောင်းထုတ် သလို ပြုမူနေခဲ့၏။

ယနေ့သည် သုံးလတိတိ ထပ်သွားပြီဖြစ်သော ကျောင်းလခများပေးရမည့်ရက်ချိန်းဖြစ်သည့်အတိုင်း အတာ သည် အိမ်မှထွက်ရသည်ပင် ခပ်ဆိုင်းဆိုင်းဖြစ်နေ၏။ ကိုးနာရီလောက်တွင်မှ ထွက်လာခဲ့သော အတာသည် ထုံးစံအတိုင်း သူ့မေမေထံ မုန့်ဖိုးတောင်းရန် စောင့်နေရသည်နှင့် ၁၅ မိနစ်ခန့် အချိန်ကုန် သွား၏။ ၉ နာရီခွဲတွင် ကျောင်းတက်သောကြောင့် ၉ နာရီနှင့် ၁၅ မိနစ်အထိ မသိန်းမေ ကို စောင့်၏။ ရောက်မလာနိုင်သည်နှင့် အတာလည်း မုန့်ဖိုးမပါဘဲနှင့်ပင် ကျောင်းသို့ ထွက်လာခဲ့၏။

ခါတိုင်းကဲ့သို့ အတာ ခြေလှမ်းမသွက်နိုင်။ တငိုင်ငိုင်ငေး ကာ ကျောင်းလခပြဿနာ ကိုတွေးရင်း ခြေ လေးကလေးဖြင့် လှမ်းလာခဲ့ ရသောကြောင့် ကျောင်းတက်ပြီး မှ သူရောက်လာ၏။ အချိန်မှာ ဘုရားရှိခိုး ချိန်ဖြစ်၍ အတန်းထဲဝင်ထိုင်နေလိုက်လျှင်လည်း ကိစ္စပြီးနိုင်၏။ သို့သော် အတာသည် ကျောင်းဝင်းထဲ သို့ပင် မဝင်သေးဘဲ ခပ်လှမ်းလှမ်းမှ သူ့အတန်းရှိရာ သို့ စောင်းငဲ့ကြည့်လိုက်၏။ ကျောက်သင်ပုန်းကြီး တွင် တစ်စုံတစ်ရာ ရေးခြစ်နေသော ဆရာမကိုမြင် လိုက်ရသည်နှင့် အတာလည်း ကျောင်းဝင်းဘေးရှိ မြောင်းနှုတ်ခမ်းတွင် အငုံ့သားထိုင်ချလိုက်၏။

ဆရာမတစ်ယောက်တည်းရှိသော အခန်းထဲသို့ အတာ မဝင်လိုသေး။ ဆရာမနှင့် ရင်ဆိုင်ရမည်ကို အတာ မဝံ့။ ရွံ့သလိုလို လန့်သလိုလို ဖြစ်နေ၏။ ဘုရားရှိခိုးချိန်ပြီး၍ အတန်းသားများ ဆင်းလာမှပင် ၎င်းတို့နှင့် အတူရော၍ ဝင်တော့မည်ဟု ဆုံးဖြတ်ကာ မြောင်းဘေးတွင်ပင် ထိုင်ရင်း ကျောင်းလခပြဿ နာကို အဘယ်သို့ ရှင်းရလျှင် ကောင်းလေမည်နည်းဟူသော အတွေးကြောတွင် မျောနေမိ၏။
ထို့နောက် ၃ မိနစ်ခန့်ကြာလျှင် ဘုရားရှိခိုးချိန်စေ့သော ခေါင်းလောင်းသံပေါ်လာ၏။ အတာ ကြားလိုက် ဟန် မတူ။ ငေးမြဲ တွေးဆဲပင်  ရှိနေသေး၏။ ပေ ၂၀ ကွာလောက်မှတီးခေါက်လိုက်သော ခေါင်းလောင်း သံကိုပင် မကြားနိုင်လောက်အောင် အတာသည် သူ့ကျောင်းလခ ပြဿနာတွင် စိတ်ဝင်စားနေ၏။

အတန်ကလေးကြာမှ သတိရ၍ လှည့်ကြည့်လိုက်သော အချိန်တွင်မူ အတန်းထဲသို့ အားလုံးရောက်နေ ကြပြီ ကိုျွှေ့ရသဖြင့် အတာတွင် ယခုမှပို၍ စိတ်ရှုပ်သွားတော့ ၏။ ကျောင်းလခ ကိစ္စသာ မဟုတ်။ ကျောင်းနောက်ကျသည့်အပြစ်ပါ ဆင့်လာတော့မည် ကို တွေးမိ သည်နှင့် ကျောင်းမတက်တော့ ဘဲ ထိုင် နေရာမှပင် လှည့်ပြန်ရန် ကြံမိသေး၏။
သို့သော် ထိုအကြံ မထမမြောက်။ ကြောက်ကြောက်ရွံ့ရွံ့နှင့်ပင် အတန်းထဲသို့ မရဲတရဲလှမ်းဝင်သွား ကာ
"ကျွန်တော် နည်းနည်းနောက်ကျသွားပါတယ်၊ ခွင့်လွှတ်ပါ မမ"ဟု မျက်နှာငယ်ကလေးဖြင့် တောင်းပန် လိုက်သည်ကို "ဘာပြုလို့ နောက်ကျသလဲ"

" ကျွန်တော် ကျွန်တော် မုန့်ဖိုးစောင့်ပြီးတောင်း"
"မင်း ငါ့ကိုမလိမ်နဲ့၊ ခုန ဟိုမြောင်းဘေးမှာ ဘာထိုင်လုပ်နေသလဲ"
အတာ ဘာမျှပြန်မဖြေနိုင်။ လက်ဆုပ်လက်ကိုင်နှင့် မိသွားပြီဖြစ်သောကြောင့် ခေါင်းကလေးငုံ့ကာ မလှုပ်ဝံ့အောင် ကြောက်နေရှာတော့၏။
"သွား ခုံပေါ်တက်ပြီး မတ်တတ်ရပ်နေ" အတာလည်း မျက်ရည်ကလေးတလည်လည်နှင့် သူ့နေရာသို့ ထွက်သွား ကာ ခုံပေါ်တက်၍ လက်ပိုက် ရပ်နေရတော့၏။
"ကျောင်းလခ ပါသလား ဒီနေ့"

သို့လျှင် ဆရာမက လှမ်းမေးလိုက်သည်ကို အလွန်အမင်း ဝမ်းနည်းနေ၍လား မသိ။ အတာသည် ပါးစပ် မှပင် မပြောနိုင်ဘဲ ခေါင်းကလေးသာ ခါပြလိုက်သောကြောင့် "ပါးစပ်က ပြောပါကွဲ့"
"ဟုတ် ဟုတ်ကဲ့၊ မပါဘူး မမ" တုန်တုန်ရီရီနှင့်ပင် အတာက ဖြေလိုက်သဖြင့် ဆရာမလည်း ချက်ချင်း ဆိုသလို ထိုင်ရာမှထ၍ အပေါ် ထပ်သို့ တက်သွား၏။ မကြာမီပင် ဆရာမ ပြန်ဆင်းလာလျက် အတာ အား ကျောင်းအုပ်ကြီးက တွေ့လို ကြောင်းပြောလိုက်သဖြင့် အတာတွင် မျက်လုံးတွေ ပြာသွားတော့၏။

"ကျောင်းလခတွေ မပေးနိုင်လို့ ငါ့ကိုကျောင်းများ ထုတ်ပစ်မလို့လား"ဟူသော စိုးရိမ်မှုကလေးဖြင့် အတာ သည် ကျောင်းအုပ်ကြီးအခန်းထဲသို့ မရဲတရဲ ဝင်လာ၏။
ကျောင်းအုပ်ကြီးလည်း အတာကလေးကို မြင်လိုက်ရသည်နှင့် ပြုံးပြုံးရွှင်ရွှင် ခေါင်းညိတ်ခေါ်ကာ အတာကလေး သူ့အနီးသို့ရောက်လာသည်နှင့် ရုတ်တရက် မျက်နှာထားပြောင်းသွားပြီးမှ တပ်ထားသော မျက်မှန် ကို မကာ အတာအား သေချာစွာ ကြည့်လိုက်ပြီးမှ "မင့်ဆရာမက မင့်ကို ဘာပြောလိုက်သလဲ"
"တီချာကြီးခေါ်တယ်လို့ ပြောပါတယ်" "ခု မင်းငိုလာတာကကော ဘာဖြစ်လို့လဲ"
အတာမဖြေ။ ဤလိုမေးလိုက်မှပင် အတာ၌ ပို၍ဝမ်းနည်းသွားသည့်ပမာ မသိမသာကလေး ရှိုက်လာ၏။

"ပြော၊ တီချာကြီးကို မကြောက်နဲ့၊ မင်း ခု ဘာဖြစ်လို့ ငိုတာလဲ ပြောစမ်း ကလေး"
သို့တိုင်အောင် အတာ ဘာမျှမပြောသေး။ ရှိုက်သံသည်သာ ပို၍ကျယ်လာ၏။ သုံးလေးကြိမ်မျှ ထပ်၍ မေးသော်လည်း အတာ ဖြေဖော်မရသည်နှင့် ကျောင်းအုပ်ကြီးလည်း ဒရဝမ်ကိုခေါ်၍ စာတစ်စောင် ရေး ပေးလိုက်၏။ မကြာမီပင် လက်ထောက်ကျောင်းအုပ် ရောက်လာသဖြင့်
"ဒီ ကလေးဟာ ကျောင်းလခမပေးတာ သုံးလရှိပြီ၊ အဲဒါ ဘယ်လိုအရေးယူမလဲဆိုတဲ့အကြောင်း သူ့ ဆရာမ က လာမေးတယ်၊ ဒါနဲ့ ဒီကလေးကို လွှတ်လိုက်ပါဆိုလို့ ခု သူတက်လာတော့ ငိုလာတယ်၊ ဘာ ကြောင့် ငိုတယ် ဆိုတာလဲ မေးလို့မရဘူး၊ အဲဒါကြည့်ပြီး မေးစမ်းပါဦး၊ အကြောင်းတော့ ရှိလိမ့်မယ် ထင် တာပဲ"

ကျောင်းအုပ်ကြီးက  သူ့လက်ထောက်အား အင်္ဂလိပ်စကားဖြင့် သို့လျှင် ပြောလိုက်သောကြောင့် လက် ထောက်ကျောင်းအုပ် လည်း အတာ့မေးကလေးကို အသာအယာပင့်ခါ ပါးကလေးဆွဲကာဖြင့် အမျိုးမျိုး ချော့၍မေးလိုက်မှပင် ယနေ့ နံနက် သူ ကျောင်းနောက်ကျ၍ ဒဏ်ခံရသောကြောင့် ဝမ်းနည်း၍ ငိုခြင်း ဖြစ်သည်ကို မြောင်းဘေးတွင် ထိုင်နေခဲ့သည်ပါမကျန် အတာသည် အမှန်အတိုင်း ပြောပြလိုက်၏။
"အဲဒီလို ဘုရားရှိခိုးချိန်မှာ မင်းရောက်သားနဲ့ ဘာဖြစ်လို့ အတန်းထဲ ဝင်ထိုင် မနေဘဲ မြောင်းဘေးမှာ ဆော့နေရသလဲ" မဟုတ်ဘူ တီချာကြီး၊ ကျွန်တော် ဆော့နေတာ မဟုတ်ပါဘူး၊ အတန်းထဲမှာ ဆရာမရှိလို့ ကျွန်တော် မဝင်တာပါ"
"ဘာဖြစ်သလဲ၊ ကျွန်တော် နောက်ကျသွားပါတယ်လို့ တောင်းပန်လိုက်ပေါ့"

"မရဘူး တီချာကြီး၊ အရင် ဆရာမဆိုရင် ရတယ်၊ ခု ဆရာမဟာ ကျွန်တော့်ကို မချစ်ဘူး၊ ကျွန်တော် အများကြီးကောင်း တာလုပ်တယ်၊ ဒါပေမဲ့ ဒါပေမဲ့" အတာသည် စကားကို ရှေ့မဆက်နိုင်။ အသံကလေး တုန်နေရာမှ တဖြည်းဖြည်း ရှိုက်လာ၏။ ကျောင်း အုပ်နှစ်ယောက်သည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ အတာဆိုလိုသည့် အဓိပ္ပာယ်ကို နှစ်ဦးလုံးကပင် ရည်ရည်လည်လည် သိလိုက် သကဲ့သို့ ခေါင်းတညိတ်ညိတ်ရှိနေကြ၏။

ဤတွင် တစ်ဖန် လက်ထောက်ဆရာမကြီးက အတာကလေးအား ချော့ချော့မော့မော့ဖြင့် အမျိုးမျိုး မေးခွန်းများ တစ်ခုပြီးတစ်ခု ထုတ်တော့၏။ တစ်နည်းဖြင့် မေးမရလျှင် တခြားတစ်နည်းဖြင့် လှည့်၍မေး လိုက်သောကြောင့် လုံးစေ့ပတ်စေ့ မဟုတ်သည်တိုင်အောင် တစ်စွန်းတစ်စ ဖြစ်သော ဆရာမ၏ ဆရာမ မပီသမှုများကို ကျောင်းအုပ်ကြီးနှစ်ယောက် သိခွင့်ရသွားတော့၏။
ဤတွင် ကျောင်းအုပ်ဆရာမကြီးများလည်း အတာကို ခေါ်ယူရသည့် မူလကိစ္စကို ပြောသင့် မပြောသင့် တိုင်ပင်နေကြ ရပြန်လျက်
"ကျွန်မကတော့ သူ့ကျောင်းလခကိစ္စကို မပြောသင့်ဘူး ထင်တာပဲ။ ခုအတိုင်းဆိုရင် ဒီကလေးဟာ သူ့ဆရာမ ရဲ့အပြုအမူကြောင့် အတော်ဝမ်းနည်း အားငယ်နေပုံရတယ်"
"ဟုတ်တယ်လေ၊ ကျုပ်လဲ သူ့ကို ကျောင်းလခကိစ္စ ထပ်ပြောလိုက်ရင် ဒီကလေး  ပိုပြီး စိတ်ညစ်သွား မလားဆိုတာ စဉ်းစားနေရတာပဲ"

"ဒါဖြင့်လဲ ကျောင်းလခကိစ္စကို နောက်မှပြောကြရင် ကောင်းမယ်ထင်တယ်"ဟု အင်္ဂလိပ် စကားဖြင့် ဆွေးနွေးတိုင်ပင်ကြပြီးနောက် အတာကလေးအား ချော့ကလက်တစ်ခုပေး၍ စာကြိုးစားရန်  စိတ်မညစ် စေရန် မှာကြားပြန်လွှတ်လိုက်တော့၏။
အတာ အတန်းထဲရောက်၍ တအောင့်လောက်အကြာမှာပင် ဒရဝမ်က စာလာပေးသဖြင့် ဆရာမထ၍ လိုက် သွားပြန်၏။ ဤတစ်ကြိမ်တွင်မူ အတော်ကလေးကြာလျက် ဂဏန်းသင်္ချာချိန်ကုန်သလောက်ရှိမှ ဆရာမပြန်ရောက်လာ၏။ မျက်နှာထားအမူအရာလည်း သိသိ သာသာ ပြောင်းလဲလာသည် ကို တွေ့ရ သောကြောင့် အတာ့တွင် သို့လော သို့လောနှင့် တွေးတောရင်း ရင်ကလေး တဒိတ်ဒိတ် ခုန်နေရှာတော့ ၏။

အလစ်အလစ်တွင် လှမ်းကြည့်လိုက်တိုင်း ဆရာမသည် ရွှေကိုင်းမျက်မှန်ကိုမ၍ လက်ကိုင်ပဝါစ ကလေး ဖြင့် မျက်လုံးများကို တို့ကာထိကာ သုတ်နေသည်ကို တွေ့ရပြီး မကြာခဏ ဆိုသလိုလည်း အတာအား လှမ်း၍ လှမ်း၍ကြည့်၏။ ယင်းသည့်အဖြစ်ကို အတာကလေး အကဲခတ်မိလျက် ဤကိစ္စသည် ဤမျှနှင့် ပင် ပြီးပါမည်လောဟု သူသည် စိုးရိမ်မှုကလေးဖြင့် မောနေရှာ၏။
ပထမက ဆရာမငိုနေလေသလောဟု စိတ်မကောင်းကြီးစွာဖြင့် သံသယဖြစ်နေမိသော အတာသည် ယခုမူ တဖြည်းဖြည်း နီရဲလာသော ဆရာမ၏မျက်လုံးများကို ကြည့်ခြင်းအားဖြင့် လည်းကောင်း၊ ကျောင်းလွှတ်ချိန်နီးလာသည်အထိ ဘာစာမျှမသင်နိုင် ရှိနေသည် ကို ထောက်ခြင်းအားဖြင့်လည်း ကောင်း သူ့တွက်ကိန်းမှန်နေပြီကို အတာ သိလိုက်၏။
နှုတ်ခမ်းကလေး ကိုက်လိုက် အံကြိတ်လိုက် လက်ကိုင်ပဝါဖြင့် မျက်စိကိုတို့လိုက် အတာအားလှမ်းကြည့် လိုက်ဖြင့် အသွင်အမျိုးမျိုးပြောင်းကာ စိတ်မကောင်းသလို ဝမ်းနည်းနေဟန် ဆရာမအမူအရာကို မြင်ရ သည်၌ အတာ လည်း မကြည်လင်နိုင်။

"မမ ဘာလို့ ငိုနေပါလိမ့်"ဟူသော တွေးပူမှုဖြင့် ယူကျုံးမရဖြစ်နေရှာ၏။ စိတ်သည်လည်း ပို၍ညစ်လာ ၏။
မရှေးမနှောင်းမှာပင် မုန့်စားလွှတ်ခေါင်းလောင်းသံ ပေါ်လာ၏။ အခြားသော ကလေးများသည် ဆရာမ က "သွားနိုင်ပြီ"ဟူသောအထိမ်းအမှတ်ဖြင့် ခေါင်းကလေး ဆတ်ပြလိုက်သည်ဆိုလျှင်ပင် ကြက်ပျောက် ငှက်ပျောက်တစ်တန်းလုံး ပျောက်သွားလျက် အတာတစ်ယောက်သာလျှင် အငိုင်သားကျန်ခဲ့၏။
မိနစ်ပိုင်းလောက် အတွင်းမှာပင် အတာကလေး အဘယ်ပုံစိတ်ကူးပေါက်သွားသည် မသိ၊ ဆရာမရှိရာ သို့ မဝံ့တဝံ့ လှမ်းလာကာ "မမ ဘာစားမလဲ ဟင်၊ ကျွန်တော် မှာပေးမယ်လေ"

မျက်စိမျက်မှာ မကောင်းဖြစ်နေသော ဆရာမအား သူကပင် ပြန်ချော့သလို အမူအရာမျိုးဖြင့် ခိုင်းလိုခိုင်း ငြား မေးလိုက်သည်ကို
"ဟင်"ဟူသော ရေရွတ်သံနှင့်အတူ အတာအား ဆတ်ခနဲ မော်ကြည့်လိုက်ပြီးမှ
"မင်း မင်း တီချာကြီး ကို ဘာတွေသွားပြောသလဲ" ဟု ကောက်ကာငင်ကာ မာမာ ကလေးမေး လိုက် သောကြောင့် အတာ တွင် ပါးစပ်အဟောင်းသားနှင့် ငေးသွားတော့၏။
"အင်း လူကလေးငယ်သလောက် မင်း အတော်လည်တဲ့ကောင်ပဲ၊ တီချာကြီးကို ငါ့အကြောင်းတွေ သွား တိုင်တယ်ပေါ့လေ"
"မ မဟုတ်ပါဘူး မမ၊  ကျွန်တော် သွားမတိုင်ပါဘူး၊ တီချာကြီးခေါ်တယ်ဆိုလို့ ကျွန်တော်သွားတာ၊ တီချာကြီး က ဘာလို့ ငိုသလဲဆိုပြီး မေးတာနဲ့၊ ကျွန်"
"ကဲ သွားတော့ကွယ် မင်း" အတာ ကြာကြာရပ်မနေဝံ့တော့ပေ။ ခပ်သုတ်သုတ်ကလေးပင် လှည့်ထွက် သွားတော့၏။

ယနေ့ မုန့်ဖိုးပင်မရခဲ့သော်လည်း လိုရမယ်ရဟု သူစုထားသည့်အထဲမှ ထုတ်ယူလာသော ပိုက်ဆံ နှစ်ပြားပါသော်လည်း အတာတွင် ဘာမျှ စားချင်စိတ်မရှိတော့ဘဲ သူထိုင်နေ ကျ ဆောင်တော်ကူး ပင် အောက်သို့ ခေါင်းငိုက်စိုက်နှင့် ရောက်လာ၏။
ရှေ့ဆင့်နောက်ဆင့် ဆိုသလို ကျော်ကျော်နှင့် ရာမာလည်း ဘယာကြော်တစ်ထုပ်စီဖြင့် ရောက်လာလျှင်
"ဟေ့ အတာ မင်းဘာဖြစ်ပြန်ပလဲကွ၊ နေ့တိုင်း နေ့တိုင်းပဲ မင်းငိုနေတာပဲ"ဟု ရာမာ က အတာ့ဘေးတွင် ဝင်ထိုင် ရင်း ပြောလိုက်သောကြောင့် "မင်း မသိဘူးလားကွ၊ သူ ငိုနေတာ တီချာကြီး ခေါ်ရိုက်လို့ဖြစ်မှာပေါ့၊ မနက်က မမ ဘာသွားတိုင်သလဲ မှ မသိဘဲ"ဟု ကျော်ကျော်က တစ်ဖန် ထင်ကြေး ပေးလိုက်ပြန်သဖြင့်
"မဟုတ်ပါဘူးကွာ၊ တီချာကြီး ငါ့ကို မရိုက်ပါဘူး၊ ချောကလက်တစ်ခုတောင် ပေးလိုက်သေးတယ်"

ဆက်ရန်
.

1 comment:

Anonymous said...

အတာနဲ့ နွေကန္တာအတွက် ကျေးဇူးတင်ပါတယ်...