Wednesday, April 4, 2012

တင်မောင်မြင့် ၏ နွေကန္တာ, အပိုင်း (၁၈)

ဖေဖော်ဝါရီလ တွင် သူတို့ ပြန်ရောက်ကြသည်။ ၀က်သစ်ချမြိုင်မြေကြီးသည် ရှန်ပိန်ရောင် ကော်ဇော ကြီး ခင်းထား သကဲ့ သို့ လှနေသည်။ ၀က်သစ်ချမြိုင် သည်လောက်လှ သည်ကို ဂျူးဒစ် တစ်ခါမှ မမြင်ဖူးပေ။ ဘယ်လောက် ချစ်စရာကောင်းတဲ့ ၀က်သစ်ချမြိုင်ပါလဲ။ ညတွင် ၀ိုင်သောက်ကြရင်း ဂျူးဒစ် ဘယ်လောက်ပျော်နေကြောင်း အစ်ကို့ ကို ပြောပြနေမိ၏။ ကို ဆက်ဖတ်ရန်...........

အခန်း (၁၁)

ဒေးဗစ်ကလေးကို ဂျူးဒစ် စာသင်ပေးနေသည်။ အေဘီစီကို ကဗျာများဖွဲ့ပေးပြီး သင်နေခြင်းဖြစ်၏။
" စီက ဒီလိုရေးရ တယ် သားရဲ့ "
ဒေးဗစ်က ပါးစပ်ကို တင်းတင်းစေ့ပြီး ကလောင်ကို အားစိုက်ကိုင်ရင်း စီ စာလုံးကို ကြိုးစားရေး သည်။ မကြိုက်သေး၍ ပြန်ဖျက်ရေးသည်။
" ဒီလိုလား မေမေ "
" အေး ဟုတ်ပြီ၊ တစ်ချက်တည်း မှန်အောင်ရေး၊ မပြင်ရစေနဲ့ "
" စီ က ဘာလဲဟင် မေမေ "
ငယ်ငယ်က သင်ခဲ့သည့် လင်္ကာကိုစိတ်ထဲမှ ပြန်ရွတ်ပြီး -
" စီ က ချယ်ရီလေ သားရဲ့ "
" ချယ်ရီ ဟုတ်လား၊ ဘာလဲ ချယ်ရီဆိုတာ "
" အင်း ... ဒုက္ခပါပဲ၊ ဘယ်လိုအရပ်လဲ မသိဘူး၊ ချယ်ရီပင်မရှိ ဘာမရှိနဲ့။ ချယ်ရီဆိုတာ သစ်သီး တစ်မျိုးပေါ့ကွယ် "

ဒေးဗစ်က ခေတ္တစဉ်းစားပြီး -
" လိမ္မော်သီးလိုလား မေမေ "
" မဟုတ်ဘူး သား၊ အသီးက သေးသေးလေးတွေ၊ အရောင်က နီရဲရဲ၊ ဒီမှာမရှိတော့ သား သိမှာ မဟုတ်ဘူး။ ကိစ္စမရှိဘူး ဒေးဗစ်၊ စီကို ကော့တွန်(၀ါဂွမ်း)လို့ ကျက်၊ ဟုတ်ပြီလား "
" ဟုတ်ပြီ မေမေ၊ စီ သည် ကော့တွန်၊ စီ သည် ကော့တွန်၊ နောက်ကော မေမေ "
" နောက် မတက်သေးဘူး၊ အေ ဘီ စီ အဲဒီသုံးလုံးကို လက်ရေးလှလှရေးရမယ်။ တစ်မျက်နှာ ပြည့်အောင်ရေး၊ ဟုတ်ပြီလား "
လျှာကလေး ကို နှုတ်ခမ်းနှစ်ခုကြားတွင်ကိုက်ပြီး ဒေးဗစ် ကုန်းရေးတော့သည်။ ကျန်စာလုံးတွေကို ဂျူးဒစ် ဆက်ရွတ်ကြည့်နေ သည်။ ငယ်ငယ်က မစ္စက်ရိုက်၏ ကျောင်းတွင် သင်ခဲ့ရသည့်ပုံကို ပြန်မြင်လာသည်။ ရွယ်တူ ကလေး တစ်ဒါဇင်ခန့်နှင့်အတူ မီးလင်းဖိုနံဘေးမှ ခုံရှည်ပေါ်တွင်ထိုင်ပြီး ခြေကို ယမ်းကာလွှဲကာ တပျော် တပါး သီဆိုလေ့ကျင့်ခဲ့ရပုံများ။
အိးသည် အဲလ်ဘိုး။ အက်ဖ်သည် ဖလားဝါး။ ဒေးဗစ် နားမလည်စရာမရှိ။ ဂျီသည် ဂဲလ်။ ဒါကိုတော့ ပြင်ချင်သည်။ ဂျီသည် ဂရပ်စ်ဟော့ပါ (နှံကောင်)ဖြစ်သင့်သည်။ အိတ်ခ်ျသည့် ဟော့စ်။ ဒါလည်း မဆိုး။ အိုင်သည် အိုက်စ်။ ဒါလည်း ပြင်ရမည်။ အိုင်သည် အင်ဒီဂို(မဲနယ်)ဆိုမှ သူ ပိုနားလည်မည်။

သားကလေးကို အသာဖက်လိုက်သည်။ ရွှေရောင်ဆံပင် နုနုလေးများပါးနှင့်လာထိတော့ ရင်ထဲ သိမ့်ခနဲ အေးသွားသည်။ ဆံပင်ခွေကလေးများကို နှုတ်ခမ်းအစုံနှင့် အသာကိုက်ထားလိုက်၏။
" ဟာ မှားကုန်လိမ့်မယ် မေမေရ "
" မမှားပါဘူး သားရဲ့၊ သားက သိပ်တော်တာပဲ၊ ဒီတစ်မျက်နှာပြီးရင် သွားကစားတော့နော် "
အေ ဘီ စီ ကို နှုတ်မှရွတ်ရင်း ဒေးဗစ် အပြင်းအထန် ရေးချနေသည်။ သူ့ကိုယ်ကလေးသည် မိမိ လက်ထဲ တွင် လှုပ်တုတ်လှုပ်တုတ် ဖြစ်နေ၏။ သည်လောက် နုနုနယ်ကလေးသည် မိမိထက် ပိုကြီး ထွားလာမည်၊ သန်မာလာမည် ဆိုသည်မှာ မယုံနိုင်စရာပါလားဟု ဂျူးဒစ် တွေးနေ၏။ အမေ ကို ပွေ့ချီနိုင်သည့်အရွယ် ရောက်ဦးမည်လေ။ သူ့အဖေအတိုင်း ထွားထွားကျိုင်းကျိုင်းကြီး ဖြစ်လာမှာ မဟုတ် လား။
" ဟာ မေမေကလဲ၊ သားပြောနေသားနဲ့၊ ဒီမှာ ပျက်ကုန်ပြီ "
သူ့လက်ကို သွားတိုက်မိသဖြင့် စာလုံးတစ်လုံး ပျက်သွားသည်။

" မေမေ တောင်းပန်ပါတယ် သားရယ်၊ သားအပြစ် မဟုတ်ပါဘူး "
ဒေးဗစ်ကို ဆွဲပွေ့ပြီး ညှစ်လိုက်သည်။
" သားကိုယ်ကလေးက သေးသေးလေးရယ်နော် "
" ဘယ်က သေးရမှလဲ မေမေရ၊ ခရစ္စထက် ကြီးတာပဲ။ မေ့မေ့ခါးတောင် ရောက်နေပြီပဲ။ ဟာ ... ဖယ်ပါ မေမေရာ၊ သားကိုမ်းတာ မကြိုက်ပါဘူး "
ဒေးဗစ် က အမေ့ရင်ခွင်ထဲမှ အတင်းရုန်းထွက်ပြီး မျက်နျာချင်းဆိုင် ရပ်လိုက်သည်။ ခြေနှစ်ဖက်ကို ချဲချဲထားလျက်။
" ဆက်ရေးရဦး မလား မေမေ၊ အောက်ဆုံးကို ရောက်ခါနီးနေပြီပဲ "
" တော်လောက်ပါပြီ သားရယ်၊ မနက်ဖြန်မှ ဆက်ကြတာပေါ့ "
" ကောင်းပြီ မေမေ "
တံခါးကို ၀ုန်းခနဲပိတ်ပြီး ပြေးထွက်သွားသည်။ ဂျူးဒစ်က စာရွက်ကို အခြောက်ခံပြီး အိပ်ခန်းထဲ ယူသွား သည်။


မှန်ထဲ တွင် ထင်လာသည့် မိမိပုံရိပ်ကို စိုက်ကြည့်လိုက်မိ၏။ သစ်လုံးအိမ်ကလေးထဲမှာတုန်းက ဒေးဗစ် မမွေးခင် အစ်ကို ၀ယ်လာပေးသည့် မှန်ကြီပင်။ သည်မှန်ကြီးတွင် ပထမဆုံးမြင်ရသည့် မိမိ ကိုယ်နေဟန် ကို ပြန်မြင်လာပြီး ပြုံးမိသည်။ ဟိုတုန်းကတော့ ငိုခဲ့ရသည်ပေါ့။ နောင်ကော ငိုရဦးမှာလား။ ကလေး ရှိနေပြန်ပြီလေ။ ခရစ္စတိုဖာလေးက ဇွန်လတွင် ငါးနှစ်ပြည့်မည်။ ဒါလောက် ဝေးလာခဲ့တော့ ဘုရားသခင် က နောက်ထပ် သားသမီးရတနာပေး သနားတော် မမူတော့ပြီဟု ထင်ခဲ့သည်။ အိပ်ရာထဲတွင် ကွေးပြီး လပေါင်း များစွာ အိမ်တွင်းပုန်း လုပ်နေရဦးမည့် အရေးနှင့် တိုက်ပွဲရှည်ကြီးကို ဆင်နွှဲရဦးမည့် အရေး ကို တွေးမိကာ စိတ်မသက်မသာဖြစ်နေသည်။ လုပ်စရာ တွေက အပုံအပင်။ နွေကန္တာ ခရီးကြမ်း အတွက် ပြင်စရာ၊ ဆင်စရာတွေက အများကြီးရယ်။ နံရံမှ ကြိုးကို လှမ်းဆွဲလိုက်သည်။
အိန်ဂျဲလစ် ရောက်လာသည်နှင့် လှမ်းပြောလိုက်သည်။

" ကော်ဖီ ယူခဲ့စမ်းပါကွယ် "
အိန်ဂျဲလစ် ငြိမ်ငြိမ်ကလေး ထွက်သွားသည်။ ခုတလော သည်ကလေးမ နှုတ်နည်းနေသည်။ နေများ မကောင်း လို့လား၊ ဘာမှလည်း ထုတ်မပြော။ အိန်ဂျဲလစ်သာ လဲလျှင်တော့ ဒုက္ခပဲ။ မှန်ထဲ တစ်ချက်ကြည့်ပြီး ပခုံးတွန့်လိုက်သည်။ အင်း ... ကျန်းမာရေးကောင်းနေမှ။ ဒါမှ အစ်ကို စိတ်ချမ်းသာ မှာလေ။ ခေါင်းအုံပေါ် မှီလိုက်သည်။ အစ်ကို့အကြောင်း စဉ်းစားမိသည်နှင့် အလိုလို ပြုံးမိ လျက်သား ဖြစ်သွား၏။ သိပ်ချစ်တယ် အစ်ကိုရယ်။

လပေါင်းများစွာ ခွဲနေပြီး နယူးအော်လီယန်းမှ ပြန်အရောက်တွင် အစ်ကိုသည် အငမ်း မရ ပေါ့ဖက်ကြိုဆိုသည်။ အစ်ကို့ရင်ခွင်ထဲက ပြန်မထွက်ချင်လောက်အောင်ပါပဲ။ အစ်ကို့ကို ချစ်လွန်းတဲ့ အတွက် အစ်ကို့ အတွက် ဘာပဲလုပ် လုပ်ရပါ။ အသွေးယူယူ၊ အသားယူယူပါ အစ်ကို။
မှန်ထဲက ပုံရိပ် ကို ကြည့်ပြီး သတိပေးလိုက်သည်။ ကလေး မဆန်နဲ့နော်၊ ဘာမဆို ခေါင်းအေးအေး ထား စဉ်းစား။
ကော်ဖီခွက် ကိုင်ပြီး အိန်ဂျဲလစ် ရောက်လာသည်။

" တခြား ဘာလိုသေးလဲ မမလေး "
" သြော် ... ကျေးဇူးပဲကွယ်၊ ကွင်းထဲက ကောင်မလေးတွေကို ဆေးရွက်ကြီးတွေ မှာပေးပါဦး၊ မကြာခင် ဖလံကောင်တွေ လာတော့မယ်၊ ပြီးတော့ စောင်တွေ ထုတ်လှန်းကြရအောင် "
" ဟုတ်ကဲ့ မမလေး "
အိန်ဂျဲလစ် အသာလေး တံခါးပိတ်ပြီး ထွက်သွားသည်။ ပြတင်းပေါက်မှနေ၍ ဖီးလစ်ကို လှမ်းမြင်နေရ သည်။ အလုပ်သမားခေါင်းတစ်ယောက်ကို မြင်းပေါ်မှ တစ်စုံတစ်ရာ အမိန့်ပေးနေသည်။ အစ်ကို တစ်ယောက် ယားလို့မှ မကုတ်နိုင်အောင် အလုပ်များနေပြီ။ ကပ္ပလီ တွေကို ထောင့်စေ့အောင် ခိုင်းနေ သည်။ တောရှင်းသည့်အဖွဲ့က ရှင်း၊ ရှင်းပြီးသားတော့ကို အမြစ် တွေတူးသည့် အဖွဲ့တူး။ အမြစ် တူးပြီးသား ကွင်းကို ထွန်သည့်အဖွဲ့က ထွန်၊ စိုက်သည့် အဖွဲ့က စိုက် နှင့် ရှုပ်ယှက်ခတ်နေ၏။
အပေါင်း အသင်းတွေ က အစ်ကို့လုပ်ပုံကိုင်ပုံကို ကြည့်ပြီး သည်အဟုန် အတိုင်း ရှေ့ဆက် သွားလျှင် နှစ်အနည်းငယ်အတွင်း မဟာစိုက်ပျိုးရေး လုပ်ငန်းရှင်ကြီးများ စာရင်းတွင် ၀င်နိုင်မော့မည့် အကြောင်း၊ ချမ်းသာတော့မည့်အကြောင်း နိမိတ်ဖတ်နေကြသည်။

အစ်ကိုချမ်းသာတော့ ဂျူးဒစ်ချမ်းသာတာနဲ့ အတူတူပေါ့နော်။ ခုလည်း မဆိုးပါဘူးလေ။ လိုချင် တာကို စာရေးမှာ လိုက်တာနဲ့ ချက်ချင်းရောက်လာတဲ့ အခွင့်အရေးမျိုး အိမ်ရှင်မတိုင်းမှာ ရှိတာမှ မဟုတ်ဘဲ။ ပြီးတော့ ကွင်းထဲတွင်အလုပ်သမား အများအပြား လိုနေချိန်မှာ အိမ်အတွက် အိမ်ဖော် ကျွန်တွေ ခွဲပေးတာ လည်း အိမ်ရှင်မတိုင်း ရတဲ့ အခွင့်အရေးမျိုး မဟုတ်သေးဘူးလေ။
သိပ် ကို ကံကောင်းပါသည်။ ဘုရားသခင်ကို ဒူးထောက်ပြီး ခုပဲ ကျေးဇူးတင်လိုက်ဖို့ ကောင်းပါသေး သည်။ ဘာပြု လို့ မကောင်းတဲ့ဘက်က သွားတွေးမိပါလိမ့်။ နောင်တရစွာ ရယ်ပြီး လသာဆောင်သို့ ထွက်ခဲ့သည်။

ဖီးလစ်က အဝေးမှ လက်လှမ်းပြသည်။ ဂျူးဒစ်က သူ့အတွက် လက်ခုံကလေးကို နမ်းပြပြီး နှုတ်ဆက် လိုက်သည်။ ပြီးတော့ သူ့ကို မျက်စိတစ်ဆုံး ငေးကြည့်နေမိ၏။ ကျွန်တွေ၊ အ၀တ်အစား တွေရယ်၊ ဒီဝက်သစ်ချမြိုင်ကြီးရယ်၊ စည်းစိမ်ချမ်းသာတွေရယ် မရှိတော့ကော ဘာဖြစ်ရဦးမှာလဲ။ အစ်ကို့ အချစ်ကို ရထားပြီ ပဲ။ ဒါထက် ကြီးမားတဲ့တန်ဖိုး ဘာရှိနိုင်ဦးမှာလဲ။ ကျန်တာတွေက ပြင် သစ်တွေ ပြောသလို အပိုဆုတွေ ပါ။
တိုင်ကြီးတစ်လုံးတွင်မှီပြီး ဆုံးဖြတ်ချက်ချလိုက်သည်။ သည်တစ်ခါ ကလေးမွေးဖို့ကိစ္စကို ရေးကြီး ခွင့်ကျယ် မလုပ်တော့ ဟူ၍။
ဒေးဗစ်၏ လေ့ကျင့်ခန်းစာရွက်ကလေးက ဗီရိုပေါ်တွင် သည်အတိုင်းရှိနေသေးသည်။ စာရွက်ထောင့်တွင် ဂျူးဒစ်ရေးမှတ်ထားလိုက်သည်။

" ဒေးဗစ်လန်း၊ ဧပြီလ ၂၂ ရက် ၁၇၈၁ "

ပြီးမှ ဒူးထောက်ထိုင်ချလိုက်ပြီး သူတို့လင်မယား လျှို့ဝှက်ရတနာတွေ ထည့်ထားသည့် သံသေတ္တာ ကြီးထဲ ထည့်သိမ်းထားလိုက်သည်။ သံသေတ္တာထဲတွင် စုဆောင်းထားသည့် ပစ္စည်းများမှာ ကစား စရာ အရုပ်အကျိုးအပဲ့တွေ၊ ဖိနပ်စုတ်တွေ၊ သစ်လုံးအိမ်ကလေး၏ အိမ်မိုးဖာဖို့ ပလတ်စတာ ၀ယ် ရမည့်နေ့က ပလတ်စတာကို မေ့ပြီး ၀ယ်လာသည့် ပိုးစအဟောင်းတွေ၊ ပြီးတော့ စမ်းချောင်းကလေး နံဘေးမှာ ပန်းကန်ဆေးနေတုန်း ရင်ဘတ်ထဲကို သူလာထည့်ပေးသည့် ဥဿဖရား ဆွဲကြိုးကလေး။

သည်ဆွဲကြိုးကလေးကို ထူးထူးခြားခြား နေ့များတွင်သာဂျူးဒစ်ထုတ်ဆွဲလေ့ရှိသည်။ သည်နေ့ည ညစာဝိုင်းတွင် ဆွဲဖို့ စိတ်ကူးရသဖြင့် ထုတ်ယူထားလိုက်သည်။ အ၀တ်လဲဖို့အချိန် ရောက်နေမှန်း ခုမှ သတိပြုမိ၏။ အိန်ဂျဲလစ်ကို ခေါ်ဖို့ ကြိုးကို ဆွဲလိုက်သည်။ သို့သော် ခါတိုင်းလို အိန်ဂျဲလစ် ပေါ်မလာ။ သူ့ကိုရှာဖို့ အပြင်ထွက်ခဲ့သည်။ အိမ်ထဲတွင် ဘယ်မှ ရှာမရ။ ဧည့်ခန်းတွင် တာဝန်ကျ သည့် ကောင်မလေးတစ်ယောက်က အိန်ဂျဲလစ် သူ့အခန်း ပြန်သွားကြောင်း သတင်းပေးသဖြင့် အိမ်နောက်ဘက် သို့ ဂျူးဒစ်ထွက်ခဲ့သည်။ သည်ကောင်မလေး ဖျားနေပြီ ထင်ပါရဲ့။ တံခါးကို တွန်းဖွင့်ပြီး ခေါ်လိုက်သည်။

" အိန်ဂျဲလစ် "
အိန်ဂျဲလစ် ခုတင်ပေါ်တွင် လှဲနေရာမှ ဖိုသီဖတ်သီ ထ လာပြီး -
" သြော် ... မမလေး၊ ကျွန်မ တောင်းပန်ပါတယ်နော်၊ ခဏကလေး မှေးခနဲ ဖြစ်သွားလို့ပါ "
" နင် နေမကောင်းဘူးလား၊ အိန်ဂျဲလစ် "
" ကောင်းပါတယ် မမလေး၊ ခဏကလေးနော် မမလေး၊ အ၀တ်လဲဖို့ အချိန်ရောက်ပြီပဲ၊ အစ်ကိုလေး၊ မရောက်ခင် ပြီးအောင် လုပ်ပေးပါ့မယ် မမလေး "
သူ အ၀တ်လဲနေတုန်း ဂျူးဒစ် ခေါက်ခုတင်ပေါ်တွင် ထိုင်စောင့်နေသည်။
" နင် အားဆေးလေး ဘာလေး သောက်ပါလား အိန်ဂျဲလစ်၊ နေမကောင်းရင် နားချင်နားလေ၊ ခရစ္စ တင်း ငါ့ ကို အ၀တ်လဲပေးလည်း ရတာပဲ "
ဇလုံထဲ ရေလောင်းထည့်ပြီး အိန်ဂျဲလစ် မျက်နှာသစ်သည်။

" ကျွန်မ နေကောင်းပါတယ် မမလေး၊ မမလေးရဲ့ အ၀တ်တွေ မီးပူထိုးရင်း ပူလွန်းတာနဲ့ ခဏ လာနားနေ တာပါ "
ဂျူးဒစ် သူ့ကို အသာအကဲခတ်နေသည်။ နေမကောင်းလျှင် မကောင်းကြောင်း သူပြောမှာပါ။ တစ်ခါ နှစ်ခါ ဖြစ်ဖူးသားပဲ။ သည်တုန်းက ကိုယ်တိုင် ပြုစုပေးလိုက်ရသည်လေ။ ကိုယ်ကိုယ်တိုင် မအီမသာ ဖြစ်နေလို့ သူ့ကို သံသယဖြစ်နေမိတာများလား။
ဂျူးဒစ် ဆတ်ခနဲ ခေါင်းထောင်ပြီး စိုက်ကြည့်လိုက်သည်။ ခါးတို ကုတ်အင်္ကျီကိုဝတ်ဖို့ လက်မြှောက် လိုက်စဉ် ဖြစ်၏။ အလန့်တကြား မေးလိုက်သည်။
" အိန်ဂျဲလစ်၊ နင့်မှာ ကလေးရှိနေပြီ ဟုတ်လား၊ ဘာလို့ ငါ့ကို မပြောတာလဲဟင် "
ကုတ်အင်္ကျီကြိုးတွေ ကို တစ်ခုချင်းချည်ရင်း အိန်ဂျဲလစ် သူ့ဗိုက်ကို ငုံ့ကြည့်သည်။

" မမလေး စိတ်ဆိုးမှာစိုးလို့ပါ၊ တတ်နိုင်သမျှ ကျွန်မ ဖုံးထားဖို့ ဆုံးဖြတ်ထားပါတယ် မမလေး "
ဂျူးဒစ် ခဏတွေ စဉ်းစားနေသည်။ လက်တစ်ဖက်ဖြင့် မေးထောက်လျက်။ အင်း ... အစေခံတွေ ဟာ ကြောက်ရ လန့်ရမှန်းလည်း မသိကြပါကလား။
" စိတ်မဆိုးပါဘူးကွယ်၊ အံ့သြသွားတာပါ၊ မင်းဟာ တစ်ချိန်လုံး တည်ငြိမ်ပြီး လိမ္မာရေးခြားရှိတဲ့ မိန်းကလေး ပဲ၊ ဘယ်သူနဲ့လဲဟင် "
" ဘယ်သူဘယ်ဝါဆိုတာ အကြောင်းမဟုတ်ပါဘူး မမလေးရယ် "
" ဘာလဲ၊ ဘယ်သူမှန်း နင်မသိဘူးလို့ ပြောတာလား "
" အဲဒီလို ပြောတာ မဟုတ်ပါဘူး မမလေး၊ ကျွန်မ မပြောချင်ဘူးဆိုတဲ့ သဘောပါ "
" အေးလေ၊ နင်မပြောချင်လည်း ငါ ဘာတတ်နိုင်မှာလဲ "

အသားအရေက ရွှေအိုရောင်လို ညိုဝင်းပြီး ဆံပင်တွေက ပျော့ပျောင်းနူးညံ့နေပါလျက် ငမည်း ကောင်လေး တစ်ယောက်နဲ့ မိုက်မှားမိသည်ဆိုခြင်းမှာ အိန်ဂျဲလစ်ဘက်က နစ်နာလှသည်။ ခေါင်း စည်း စည်းပြီးသည်နှင့် -
" ကျွန်မ အသင့်ဖြစ်ပါပြီ မမလေး "
" ဒါဖြင့် လာ၊ ငါ့အခန်းထဲ သွားမယ် "
ခေါင်းဖြီးဖြီး ဆံပင်ပုံသွင်းနေရင်း -
" နင် လက်ထပ်မှာမဟုတ်လား အိန်ဂျဲလစ် "
" ဟင့်အင်း၊ မထပ်ပါဘူး မမလေး "
" ဟဲ့ နင် သူ့ကို ကြိုက်တယ်မဟုတ်လား၊ ကြိုက်ရင် လက်ထပ်ပေါ့ဟဲ့၊ ငါ သေသေချာချာ မင်္ဂလာ ဆောင်ပေးမယ်၊ ဧည့်ခန်းထဲမှာ သေသေချာချာ လုပ်ပေးမယ်၊ အိမ်ဖော်တွေအားလုံးကို ညစာကျွေး မယ် "
" ကျေးဇူးတင်ပါတယ် မမလေး၊ ဒါပေမဲ့ ဒုက္ခ မရှာပါနဲ့၊ ဆီမွှေး ထပ်ထည့်ဦးမလားဟင် "

" အေးလေ၊ နင်စိတ်ပြောင်းလာမယ်ဆိုရင် ငါ့ကိုပြော သိလား၊ ငါမင်္ဂလာဆောင်ပေးချင်တယ် "
နောက်ဆုံး ဆံခွတစ်ချောင်း ထိုးပြီးသည်နှင့် ဂျူးဒစ် တစ်ဖက်ကို လှည့်ပြီး ပြောသည်။
" နင် ကလေးရှိတာ ငါသိပ်ဝမ်းသာတယ် အိန်ဂျဲလစ်၊ ငါ့မှာလည်း ကိုယ်ဝန်ရှိနေပြီ သိလား၊ နင် ငါ့ကလေးရဲ့နို့ထိန်းလုပ်ပေါ့ "
" ဟုတ်ကဲ့ပါ မမလေး "
ဂျးဒစ်က သူ့လက်ကို ပုတ်ပြီး -
" ဘာမှမစိုးရိမ်နဲ့ သိလား၊ ပထမတော့ မလိုချင်ဘူးလိုလိုနဲ့၊ မွေးလာတော့လည်း ချစ်ရတာပဲ။ သြော် နေဦး၊ နင် မွေးဖူးသားပဲ၊ နင် ငါ့ကို ပြောဖူးပါတယ်နော်၊ ကလေးက ဆုံးသွားတယ် ဆိုလား "
" ဟုတ်ကဲ့ မမလေး "

" အေး ... ခု အစားပြန်ရတော့မှာပေါ့ ဟုတ်လား၊ နင်နဲ့ငါနဲ့ အတူတူ မွေးရင် နင့်ကလေးကို အိမ်ထဲ မှာပဲ ထားမယ်။ ငါ့ကလေးနဲ့ ကစားဖော် ရတာပေါ့။ သြော် ဒါထက် ငါ့မှာ ကလေးရှိနေတယ်ဆိုတာ နင့် အစ်ကိုလေး ကို မပြောနဲ့ဦးနော်၊ သူ့မှာ အလုပ်တွေ သိပ်ရှုပ်နေတာ၊ အလကား စိတ်ပူစရာ ထပ်မတိုးစေ ချင်ဘူး "
" ဟုတ်ကဲ့ မမလေး "
" ငါ့ကို ဖယောင်းထိုင် ထပ်ထွန်းပေးခဲ့ပြီး နင်သွားတော့။ နင့်ကြည့်ရတာ နေမကောင်းသလိုပဲ "
အိန်ဂျဲလစ် ထွက်သွားတော့ မှန်တင်ခုံပေါ်မှ ဘီးတွေ၊ ဆီမွှေးပုလင်းတွေ ဟိုရွှေ့သည်ရွှေ့ လုပ်နေရင်း အိန်ဂျဲလစ် ကိုယ်ဝန်ရှိကြောင်း စောစောသိရင် ကောင်းမှာဟု တွေးနေ၏။ သူ့ခမျာ ပင်ပင်ပန်းပန်း လုပ်နေရှာ တယ်။ ကြည့်ရတာလည်း တစ်မျိုးပဲ။ မွေးဖွားပြီးရင် အနားပေးဦးမှ။ ထမင်းစားခန်းသို့ မသွားမီ အစ်ကိုနှင့် တိုင်ပင်ရဦးမည်။

" အိန်ဂျဲလစ်အတွက် ဂျူးဒစ် စိတ်ပူနေတယ် အစ်ကို "
ဖီးလစ်က အင်္ကျီလက်ကို ဆွဲချရင်း -
" ကောင်မလေးတွေကို ပြောထားစမ်းကွာ၊ အင်္ကျီကို ကော်တွေ အရမ်းမတင်စမ်းနဲ့လို့၊ ခုတင်က ဘာပြောတယ် "
" အိန်ဂျဲလစ်အတွက် ဂျူးဒစ် စိတ်ပူနေတယ်လို့ "

ဖီးလစ် ချာခနဲ လှည့်လာပြီး -
" အိန်ဂျဲလစ် ဘာဖြစ်လို့လဲ "
" ဒါလောက်အကြာကြီးသိက္ခာရှိရှိ နေခဲ့ပြီးမှ သူ့မှာ ကလေးရှိနေပြီအစ်ကို။ သူ ဖုံးထားတယ်လေ၊ ဂျူးဒစ်က သိလိုက်လို့ သူ ၀န်ခံတာ။ ဘယ်သူနဲ့လဲဆိုတာ လုံးလုံးမေ့လို့မရဘူး။ သူ့ကြည့်ရတာ တစ်မျိုးကြီးပဲ "
" အိန်ဂျဲလစ် မှာ ကိုယ်ဝန်ရှိနေတယ် ဟုတ်လား၊ မင်းဟာ သေချာရဲ့လား ဟင် "
ဖီးလစ် ရှေ့တစ်လှမ်းတိုးလာပြီး အထိတ်တလန့်မေးသည်။ ဖယောင်းတိုင် မီးရောင်တွင် သူ့မျက်နှာမှ အမာရွတ်ကြီးမှာ ခုမှ လောလောလတ်လတ်ရလာသည့် ဒဏ်ရာကြီးနှင့် တူနေ၏။ မျက်လုံးအစုံက ဇနီးလုပ်သူကို အကြောင်သား စိုက်ကြည့်လျက်။
" သေချာတယ်လေ၊ ဟင် ... အစ်ကို ဘာဖြစ်သွားတာလဲ၊ ကြည့်စမ်း ရှင် ... ရှင် .... "

ဖီးလစ် ချာခနဲလှည့်ပြီး အခန်းထဲမှ ထွက်သွားသည်။ တံခါးကို ၀ုန်းခနဲ ဆောင့်ပိတ်သွား၏။ ဂျူးဒစ် အသာထရပ်လိုက်သည်။ ခုတင်တိုင်ကို အားပြုထားလိုက်ရ၏။ တစ်လောကလုံး မီးလျှံတွေ ဖုံးလွှမ်း သွားသလို ခံစားလိုက်ရ၏။ မီးလျှံတွင် အမာရွတ်ကြီးနှင့် သူ့မျက်နှာကို မြင်နေရ၏။ ဘယ်တုန်းက နှင့်မှ မတူအောင် အသက်မဲ့သွားသည့် သူ့မျက်နှာ။
အိမ်အပြင် သို့ သူထွက်သွားသည့် ခြေသံကို ကြားနေရ၏။ ခြေသံသည် တဖြည်းဖြည်း ဝေး၍ ဝေး၍ သွားသလို သူနှင့် ပို၍ပို၍ ဝေးသွားပြီဟုခံစားလိုက်ရ၏။ လက်သီးနှစ်ဖက်ကို ကျစ်ကျစ်ဆုပ်ပြီး နားထင်ကို ဖိထားလိုက်သည်။ ခေါင်းကို တူနှင့် ထုခံလိုက်ရသလို ကိုက်ခဲနေသည့် ဝေဒနာ သက်သာလိုသက်သာငြား ကြိုးစားနေသည့်နှယ်။ ပြီးမှ တအားငိုချပစ်လိုက်သည်။
သြော် ... အစ်ကို ... အစ်ကို။

ပေါင်ပေါ်တွင် လက်တင်ပြီး ခုတင်စွန်းတွင် စိတ်ပျက်လက်ပျက် အကြာကြီးထိုင်နေမိ၏။ ဖယောင်း တိုင်မီးရောင်တွင် ယိမ်းထိုးလှုပ်ရှားနေသည့် မိမိ၏အရိပ်ကို အဓိပ္ပာယ်မဲ့စွာ ငေးကြည့်နေသည်။ ကြာတော့ ထိုင်နေဖို့ ခွန်အားတွေပါ ကိုယ်တွင်းမှ စီးထွက်သွားသလို ပျော့ခွေကာ အိပ်ရာပေါ်သို့ ပြိုကျသွားတော့၏။ မျက်နှာကို ခေါင်းအုံးပေါ်တွင် မှောက်လျက်။ ရင်ထဲမှ နာကျင်မှုဝေဒနာသည် လှိုင်းထကာ တစ်ကိုယ်လုံး နတ်ကျသလို တုန်ယင်လာသည်။

ဘယ်လိုမှ ကျော်လွှားလို့ မရနိုင်သည့် ဝေဒနာ။ ဘယ်လိုမှ ခွင့်လွှတ်လို့ မရနိုင်သည့် အပြစ်။ သည်နေ့ မှ ဖြစ်လာသည့်ကိစ္စ မဟုတ်။ လပေါင်းများစွာက ဖြစ်တည်ရှင်သန်နေသည့် ဇာတ်လမ်း။ ပြီးတော့ မိမိကိုယ်တိုင်လည်း သူ့ကလေးကို လွယ်ထားရသေးသည်။ သူ့ကို ယုံယုံကြည်ကြည်နှင့် ရခဲ့သည့် ကလေးလေ။
လများစွာမကဘဲ နှစ်များစွာကများ စခဲ့သည့် ဇာတ်လမ်းဖြစ်နေမလား။ သံသယဟူသမရွေ့ မြူငွေ့မျှ မရှိခဲ့ဖူးပါ။ နှစ်ယောက်စလုံးအပေါ်တွင် အယုံကြီး ယုံခဲ့ခြင်းဖြစ်ပါ၏။ လျှို့ဝှက် သိပ်သည်း နိုင်လွန်းကြ ပါပေသည်။

အိန်ဂျဲလစ်က ထမင်းစားဆင်းဖို့ တစ်နေ့ကို အ၀တ်နှစ်ခါ လဲပေးသည်။ အိပ်ရာဝင်ခါနီးတွင် အားလုံး ချွတ်ပြီး ည၀တ်ရုံ လဲပေးသည်။ အ၀တ်လဲသည့်အခါ ဖီးလစ်က ထိုင်ကြည့်နေတတ်၏။ သုံးယောက်သား အိမ်အကြောင်း၊ စိုက်ခင်းတွေအကြောင်း ပြောကြစမြဲ။ ပြီးတော့ ကလေးတွေ အကြောင်း။ ကိုယ့်ကိုယ့်ကိုယ် ဟုတ်လှပြီထင်ပြီး မှန်ထဲမှာ ကြည့်ပြုံးနေတိုင်း သူတို့ နှစ်ယောက် ခိုး ကြည့်နေကြမှာပေါ့။ မျက်လုံးချင်း စကားပြောနေကြမှာပေါ့။

အားလုံးကို ချက်ချင်းမြင်လိုက်သည်။ သိလိုက်သည်။ အသံတွေ ကြားယောင်လာသည်။ အိန်ဂျဲလစ်က ကုပ်ပေါ်တွင် ဆံနွယ်လေးများ ချပေးရင်း "အစ်ကိုလေးက မမလေး နှင်းဆီတွေ ပန်ထားရင် သိပ်သဘောကျတာ" ဟုပြောလေ့ရှိသည်။ ဟုတ်သည်။ နှင်းဆီတွေ ဝေနေအောင် ပန်ထားလျှင် လည်တိုင်နှင့် ပခုံးသာမက လက်မောင်းတွေကိုပါ သူ အငမ်းမရ နမ်းတတ်သည်။
နဖူးကို တံတောင်ဆစ်ကွေးပေါ် တင်ထားရင်း လက်တစ်ဖက်ဖြင့် လည်တိုင်ဆီသို့ စမ်းကြည့်လိုက် သည်။ ဥဿဖရား ဆွဲသီးကို ကိုင်ပြီး တအားဆွဲဆောင့်ဖြတ်လိုက်၏။ ပြီးမှ အခန်းထောင့် တစ်နေရာဆီသို့ လွှင့်ပစ်လိုက်သည်။ ထောက်ခနဲကျပြီး လျှောသွားသံ ကြားလိုက်ရ၏။

ပိန်းကောလှေကြီးတွေ၊ လှော်တက်သံတွေ၊ ထိုးဝါးစိုက်ထိုးသံတွေကို မြင်ယောင် ကြားယောင်လာ၏။ ရတနာကို လည်မှာ တစ်ခါမှ မဆင်မြန်းဖူး၍ " ရိုးရိုးသားသား ပေးတာလားဟင် " ဟု မေးကြည့်ခဲ့ခြင်းဖြစ်သည်။
ဒါဆို ဘယ်တုန်းကမှ မရိုးသားခဲ့ဘူးပေါ့၊ ဟုတ်မှာပေါ့။ ၀က်သစ်ချမြိုင်ကိုလည်း ခိုးရာပါပစ္စည်းတွေနဲ့ တည်ဆောက်ခဲ့တာပဲ မဟုတ်လား။ ခုတော့ အချစ်ကိုပါ စဉ်းလဲစွာ လိမ်ညာခံရပြီလေ။ လျှို့ဝှက် အလှည့်စားခံရပြီလေ။ ဗိုက်ထဲက ကလေးသည် သူ့ကို အစစ ယုံကြည်ခဲ့သည့် သင်္ကေတဖြစ်၏။ လိမ်ညာမှု၏ သရုပ်သကန်ဖြစ်သည့် သည်ကလေးက အသက်ရှင်လာဦးမှာပါလားဟူသည့် အသိကြောင့် တစ်ကိုယ်လုံး ကျင်ခနဲဖြစ်သွားသည်။ ပြီးတော့ ပျော့ခွေသွားလေတော့၏။

တံခါးခေါက်တော့ ဆတ်ခနဲ ခေါင်းထောင်ပြီး နားစွင့်လိုက်သည်။ ခရစ္စတင်း ညစာစားဖို့ လာခေါ်ခြင်း ဖြစ်၏။
" မမလေး ထမင်းပွဲ ပြင်ပြီးပါပြီရှင့် "
" ငါ မစားဘူး၊ သွား .... "
ကိုယ့်အသံကိုယ် အံ့သြစွာ ပြန်ကြားလိုက်၏။ စူးစူးရှရှ ဖြစ်နေ၏။ သော့တွဲနှင့် ဖယောင်း တိုင် အောက်ခံခွက် တိုက်မိသည့် အသံမျိုး။ ခရစ္စတင်းများသည်ကိစ္စ သိနေပြီလား။ အိန်ဂျဲလစ် တစ်ယောက် တည်းကော ဟုတ်ပါ့မလား။ အိန်ဂျဲလစ်သည် အိမ်စေများထဲတွင် အလှဆုံး၊ စွဲမက်စရာ အကောင်းဆုံး မိန်းကလေးဖြစ်၏။
အစေခံတွေစုပြီး မိမိကို သနားနေကြမလား၊ ဟားနေကြမလား၊ တီးတိုးတီးတိုးနှင့် အပြင်း အထန် ဝေဖန်နေကြမည်လား။

" မမလေး သနားပါတယ်ဟယ်၊ အစ်ကိုလေးအကြောင်း ဘာမှ မသိရှာဘူး "
" ဟဲ့ ... ကောင်မ နင့်ပါးစပ် ပိတ်ထားစမ်း၊ နင် ဒီလိုပြောတယ်ဆိုတာ ကြားသွားရင် နင်ဘာဖြစ်သွားမလဲ သိတယ်မဟုတ်လား "
စသည် စသည်။
သူတို့တစ်တွေ အလွန် နှုတ်လုံကြသည်။ လုံကြမှာပေါ့လေ။ သူတို့က ဖီးလစ် ၀ယ်ထားတဲ့ ကျွန်တွေကိုး။ သူတို့သခင် အမျက်တော် ရှလျှင် သူတို့ ခံရမည့် အပြစ်ကို သိကြသည် မဟုတ်လား။
မိမိအား ၀က်သစ်ချမြိုင်၏ သခင်မရာထူး ပေးထားပြီး သူက ဆောင်တော်ကူးခြင်းပင်။ အရင်းစစ် လိုက်တော့ ၀က်သစ်ချမြိုင် သခင်မတွင် ကျွန်ပိုင်တစ်ယောက်မျှမရှိ။ ကိုယ်ပိုင်ဝင်ငွေ တစ်ပြားတစ်ချပ်မျှ မရှိ။ ပြီးတော့ မဲနယ်ပင် တစ်ပင်မျှမပိုင်။ သွေးရူးသွေးတန်း အော်မိမလို ဖြစ်သွား၍ လက်မောင်းသားကို တအား ကိုက်ထားလိုက်ရသည်။

တံခါးမင်းတုပ် ချမထားမိကြောင်း သူ ပြန်ဝင်လာမှ သတိထားမိသည်။ လက်နှစ်ဖက်ကို အားပြုပြီး ၀ုန်းခနဲ ခေါင်းထောင်ကြည့်လိုက်သည်။ သူ ခဏတွေရပ်နေ၏။ ပြီးမှ ခုတင်ပေါ်ဝင်ထိုင်ပြီး ဂျူးဒစ်၏ ပခုံးကို သိုင်းဖက်သည်။
" အစ်ကို သိပ်ရှက်တယ် ဂျူးဒစ်၊ ၀မ်းလည်း နည်းတယ် "
ဂျူးဒစ် ဘာမှပြန်မပြော။ အလွန်ယောက်ျားပီသပြီး ခန့်ချောချောသည့် သူ့မျက်နှာကို စူးစူးဝါးဝါ စိုက်ကြည့်နေ သည်။ မျက်လုံးတွေက ရီနေသည်။ ပ၀ါဖြူကို လည်တိုင်ရင်းတွင် သိုင်းပတ်ထားသည်။ အပြာရောင် ကုတ်အင်္ကျီနှင့် လိုက်ဖက်လှ၏။ လူတစ်ယောက်ကို သည်လို အမုန်းခွန်အားမျိုးဖြင့် တူးတူး ခါးခါးး မုန်းတီးနိုင်လိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ခဲ့။ မုန်းသည်။ ပခုံးပေါ်တင်ထားသည့် လက်ချောင်းလေးတွေ ကအစ ယောက်ျားပီသသည်။ သူ့ခွန်အားတွေ၊ အလွန် အသေးစိတ်လွန်းသည့် သူ့အယုအယတွေ။ အားလုံးကို မုန်းသည်။ နောက်ဆုံးတွင်မှ သူ့အသံ ထွက်လာသည်။

" ကိုယ် ဘာလုပ်ပေးရမလဲဟင် ဂျူးဒစ် "
" တစ်ဆိတ် ကျွန်မ ကိုယ်ပေါ်က ရှင့်လက်ကို ဖယ်ပေးပါ၊ ပြီးတော့ ကျွန်မတစ်ယောက်တည်း နေပါရစေ "
သူ လက်ကို ရုပ်လိုက်သည်။ အခန်းတစ်ဖက်သို့ ဂျူးဒစ် လျှောက်သွားသည်။ ဖယောင်းတိုင်မှာ ကုန်လုနေပြီ။ ပုံပျက်ပန်းပျက် ပျော်ကျနေ၏။ ဖယောင်းတိုင်ရည်ကို လက်နဲ့တို့ရင်း -
" ဂျူးဒစ်အပေါ် အစ်ကို ဘယ်လောက် လွန်ခဲ့တယ်ဆိုတာ အစ်ကို သိလားဟင် "
" သိပါတယ် ဂျူးဒစ်ရယ် "
" ဟင့်အင်း၊ မသိပါဘူး "
လောင်ကျွမ်းလုလု ဖယောင်းတိုင်ကို ငေးကြည့်နေရင်း ဂျူးဒစ် ခပ်တိုးတိုး ဆက်ပြောသည်။

" အစ်ကို မသိနိုင်ပါဘူး၊ ဘယ်တော့မှလည်း နားလည်နိုင်မှာ မဟုတ်ဘူး။ နားလည်နိုင်တဲ့ အခြေခံလည်း အစ်ကို့ မှာ မရှိဘူး "
သည်မျှ တည်ငြိမ်စွာပြောနိုင်သည့်အတွက် ကိုယ့်ကိုယ်ကိုယ် အံ့သြမိသေးသည်။ အသေးအဖွဲ ကလေးများတွင်ပင် ဒေါသူပုန်ထတတ်သူ မဟုတ်လား။
တံခါးဆီလျှောက် သွားပြီး တံခါးလက်ကိုင်ပေါ် လက်တင်လိုက်သည်။ ချက်ချင်း သူ အနားရောက်လာပြီး ဂျူးဒစ်၏ ပခုံးကို ဆွဲလှည့်လိုက်၏။

" မင်း မသွားရသေးဘူး "
" အို ... ဘာလို့ မသွားရမှာလဲ၊ ဘာမှမှ ပြောစရာ မရှိတော့တာ "
" အို ... ဘာလို့ မရှိရမှာလဲ "
သူက ဂျူးဒစ်ကို ဖမ်းဆွဲထားသည်။
" ကောင်းပြီလေ၊ ရှင်က ကျွန်မထက် ခွန်အား ကြီးမားတာကိုး၊ ကဲ ... ဘာပြောမလဲ "
ရုတ်တရက် သူ ဘာမှ မပြောနိုင်ဘဲ ဖြစ်နေသည်။ နှုတ်ခမ်းကို တင်းတင်းစေ့ထား၏။ သူ့နှုတ်ခမ်းအစုံသည် မျက်နှာ တွင် ကန့်လန့်ဖြတ်ပေါ်နေသည့် မျဉ်းတစ်ကြောင်းနှင့် တူနေ၏။ နောက်ဆုံးမှ အသံထွက်လာသည်။

" ဂျူးဒစ်၊ မင်း အစ်ကို့ကို ဘယ်လို သဘောထားနေတယ် ဆိုတာ အစ်ကို သိပါတယ်။ မင်းထင်သလို မဟုတ်ဘူးဆိုတာ လိပ်ပတ်မလည်မချင်း မင်း မသွားရဘူး "
ဂျူးဒစ် အောင့်သက်သက်နှင့် သက်ပြင်းတစ်ချက် ချလိုက်၏။
" ဘာလဲ၊ အိန်ဂျဲလစ်ဗိုက်ထဲက ကလေးက ရှင့်ကလေးမဟုတ်ဘူးလို့ ငြင်းမလို့လား "
" မငြင်းပါဘူး၊ အဲဒါ ကိုယ့်ကလေးပါ။ မင်းကို ကိုယ်လိမ့်ဖို့ ကြိုးစားနေတာ မဟုတ်ဘူး ဂျူးဒစ် "
" သိပ်မထူးပါဘူး၊ ရှင် ဘာပြောပြော ကျွန်မ မယုံတော့ဘူး "
" မင်း ကိုယ်ပြောတာကို ယုံရမယ် ဂျူးဒစ်၊ မင်း ကိုယ့်ကို နားလည်ရမယ်၊ ဒါမျိုး ကိုယ် ဘယ်တုန်းကမှ မကျူးလွန်ခဲ့ဖူးဘူး။ နောင်လည်း ဘယ်တော့မှ ဖြစ်မှာမဟုတ်ဘူး။ ဒါကို ကိုယ် အခိုင်အမာ သစ္စာဆိုပြောရဲတယ်။ မင်းနဲ့ကိုယ် တစ်ခါမှ ခွဲမနေဖူးဘူးလေ။ မင်းကို သွားခွင့်ပေးတာ ကိုယ်မှားတာပဲ။ မင်း နယူးအော်လီယန်းကို သွားတာ လေးလနီးပါး ကြာတယ်ဂျူးဒစ် "
သူ ရပ်လိုက်သည်။ ဂျူးဒစ်က သူ့ကို ကျော်ပြီး အမှောင်ထုထဲကို ကြည့်နေ၏။ တတိုင်းမွှေးပင်ပေါ်မှ အပွင့်ဖြူကလေး များမှာ ကြယ်ကလေးတွေ ခပ်မှိန်မှိန် လင်းနေသည့်အလား။

" မင်း ကိုယ်ပြောတာ နားထောင်နေရဲ့လား ဂျူးဒစ် "
သူက ဒေါသဖြင့် မေးသည်။
" ဟင့်အင်း၊ နားမထောင်ပါဘူး၊ ယောက်ျားတွေဟာ သူတို့ပြောသမျှ ပုံပြင်တွေကို မိန်းမတွေက အကြွင်းမဲ့ ယုံတယ်လို့ ထင်နေကြတယ် ဟုတ်လား "
" ကိုယ် တကယ် ပြောနေတာပါ၊ အမှန်တွေပါ ဂျူးဒစ် "
အခန်းပတ်ပတ်လည်ကို ဂျူးဒစ် ဝေ့ကြည့်လိုက်သည်။ ကာလများစွာ အတူနေခဲ့သည့် အိပ်ခန်းကြီး။ အခန်းအနေဖြင့် ဘာမှမပြောင်းလဲ။ နေ့လယ်ခင်းကနှင့် ဘာမျှမခြား။ အလင်းရောင် နည်းနေသည့် အတွက် မှိန်ပျပျတော့ ဖြစ်နေသည်။ သိပ်သဘောကျခဲ့သည့် အခန်းကြီး။ စွဲမက်ချင်စဖွယ် ဖြစ်အောင် အမျိုးမျိုး ကြိုးစားဖန်တီးခဲ့သည့် အခန်းကြီး။ ခန်းဆီးတွေကို ကိုယ်တိုင် ချုပ်ခဲ့သည်။ သည်မနက်ပင် ခင်းဖုံလွှာကို ကိုယ်တိုင် ဇာထိုးခဲ့သေးသည်။ နှင်းဆီပန်းတွေ ကိုယ်တိုင် ခူးပြီး စာ့းပွဲ ပေါ် စိုက်ထိုးခဲ့သေးသည်။

" ကဲ ... ကျွန်မ သွားပါရစေတော့ "
ဖီးလစ် သွားခွင့်ပေးလိုက်သည်။ ဂျူးဒစ် အပြင်သို့ ထွက်ခဲ့သည်။ နောက်လှည့်မကြည့်ဘဲ ခန်းမဆောင်ထဲ အထိ လျှောက်လာခဲ့သည်။ ခန်းမထဲတွင် အိန်ဂျဲလစ်ကို တွေ့ရသည်။ သက်သက် ရပ်စောင့်နေပုံမျိုး။ အိန်ဂျဲလစ် က တိုးတိုးလှမ်းခေါ်သည်။

" မမလေး "
ဂျူးဒစ် အသက်ရှူ ကျပ်သွား၏
" နင့်အခန်းမှာ နင်သွားနေ၊ မခေါ်မချင်း မလာခဲ့နဲ့ "
" ဟုတ်ကဲ့ မမလေး "
အိန်ဂျဲလစ် တိတ်တိတ်ကလေး ထွက်သွားသည်။ ကလေးခန်းဆီသို့ ဂျူးဒစ် ထွက်လာခဲ့၏။ ဒေးဗစ် နှင့် ခရစ္စတိုဖာ နှစ်ယောက်စလုံး အိပ်နေကြပြီ။ ဧရာမခုတင်ကြီးပေါ်တွင် သူတို့၏ ခန္ဓာကိုယ် သေးသေးကွေးကွေး ကလေးများကို ခပ်ရေးရေး မြင်ရသည်။ ဒေးဗစ်က တစောင်း အနေအထား အတိုင်း စန့်စန့်ရန့်ရန့် အိပ်နေ၏။ လက်နှစ်ဖက်ကို ရှေ့သို့ ဆန့်တန်းလျက်။ ခရစ္စတိုဖာက ပုစွန်တုပ် တစ်ကောင်လို ကွေးအိပ်နေ၏။

တံခါးကို အသာကလေးပိတ်ပြီး အ၀တ်ကို ကြမ်းပြင်ပေါ် ချွတ်ချလိုက်သည်။ အတွင်းခံကလေးများ ချန်ထားပြီး ခုတင်ပေါ်တက်ကာ သားနှစ်ယောက်ကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်၏။ နူးညံ့အိထွေးနေ သည့် သားကလေးနှစ်ယောက်။ ဒေးဗစ် ဆံပင်တွေက ရွှေရောင်တောက်ပြီး နူးညံ့လှသည်။ ရင်သွေးနှစ်ယောက် ကို ချစ်သည့် မေတ္တာတောင်ထုကို မှန်းဆကြည့်မိသည်။ အင်း ... သူတို့ကြီးလာရင် သူ့အဖေ လိုပဲ မအေကို စိတ်ဆင်းရဲအောင် လုပ်ကြဦးမှာလား။

မျက်စိကို ပိတ်ထားသော်လည်း အိပ်၍ကား မပျော်။ ကလေး နှစ်ယောက်နှင့် ခွာလိုက်ပြီး ခေါင်းအုံး နှင့်မျက်နှာ အပ်ထားလိုက်သည်။ ထုံထိုင်းနေသည့် ခံစားမှုတွေ အရည်ပျော်စ ပြုလာပြီး နာကျင်မှု ဝေဒနာတစ်မျိုးက အစားဝင်လာ၏။ ထိုအခါ ဒေါသအမျက် ခြောင်းခြောင်း ထွက်လာတော့သည်။ မိမိ ခံစားနေရသလို ဒင်းတို့နှစ်ယောက် ခံစားစေရမည်ဟု စိတ်ထဲက ကြုံးဝါးလိုက်သည်။ အိန်ဂျဲလစ်။ သည်ကလေးမအပေါ် အတိုင်းအဆမရှိ ကြင်နာခဲ့သည်။ ညှာတာခဲ့သည်။ အမှန်က တခြား သခင်မတွေလို ရက်စက်ရမှာ။ ဆံပင်ကောက်ရင်း တစ်ချက်ကလေး ပူသွားတာနဲ့ ကြိမ်ဒဏ် အချက် ၂၀ လောက် အရိုက်ခိုင်းရမှာ။ ဟိုတုန်းက မလုပ်ခဲ့သမျှ အတိုးချပြီး အခု လုပ်ချင်နေသည်။ သူ့ခန္ဓာကိုယ် လှလှကလေးကို တိုင်မျာ ကြိုးတုပ်ပြီး အလုပ်သမားခေါင်း တစ်ယောက်က ကြိမ်စာ ကျွေးနေတာ ကြည့်ချင်စမ်းပါဘိတော့။ စေ့စေ့တွေးမှ ရေးရေးပေါ်လာသည်။ ဘယ် သည်လို လုပ်လို့ ရမလဲနော်၊ သူ့ကောင်မလေးကို သူ ဘယ်အထိခံပါ့မလဲ။ မနေ့ညက မိမိတစ်ကိုယ်လုံး ကို ထွေးပွေ့ခဲ့သည့် သူ့လက်ဖြင့် သူ့ကောင်မလေးကို မုချ အကာ အကွယ် ပေးတော့မှာပေါ့။ ဒီက သူ့မယား။ ဟိုက သူ့ချစ်သူလေ။ မျက်ရည်ကျလိုက်ချင်သည်။ သို့သော် မျက်ရည်လည်မလာဘဲ အဖျားတက်လာသလို မျက်လုံးတွေ ပူလာသည်။

အရုဏ်တက်ချိန်လောက်တွင်မှ အိပ်ပျော်သွား၏။ သို့သော် နေထွက်ချိန်တွင် ကလေးတွေ ဆူဆူညံညံ နိုးလာကြသည်။ မအေကို အိပ်ရာထဲတွင် တွေ့တော့ သူတို့နှစ်ယောက် အံ့သြနေကြ၏။ သူတို့နှင့်ပတ်သက်သည့် ပွဲတစ်ခုခု ရှိမှသာ အမေ လာအိပ်လေ့ရှိသည်။ မဟုတ်လား။
ဒေးဗစ်က ကြမ်းပြင်ပေါ်မှ အမေ့ ခါးတိုကုတ်အင်္ကျီကို ကောက်စွပ်ပြီး အခန်းထဲတွင် ဘယ်ညာ လျှောက်နေသည်။ မမ်မီလည်း အံ့သြနေ၏။ အံ့သြချင်ယောင် ဆောင်နေခြင်းလည်းဖြစ်နိုင်၏။ ခရစ္စတင်း ကို ကော်ဖီယူလာဖို့ ပြောခိုင်းလိုက်သည်။

အိပ်ရေးမ၀တော့ ခေါင်းတွေ အုံနေသည်။ သို့သော် သူ့ကို သားတွေက အိပ်ခွင့်မပေးတော့။ ရေနွေးဇလုံနှင့် အ၀တ်တွေပါ ယူလာဖို့ ခရစ္စတင်းကို တစ်ဆက်တည်း ခိုင်းလိုက်သည်။ ခရစ္စတင်း က တစ်စုံတစ်ခုကို ထိတ်လန့်ကြောက်ရွံ့နေဟန်ဖြင့် ထွက်သွားသည်။

သူ အစောကြီး ကွင်းထဲ ထွက်သွားလေပြီ။ အိန်ဂျဲလစ် လုံးဝ ပေါ်မလာ။ အခန်းအောင်းနေပြီ ထင် သည်။ သူ့ကို ဒဏ်ခတ်ခြင်း ဖြစ်သော်လည်း သူက မမှုဘဲ ကိုယ့်ဘာသာကိုယ် စိတ်ဆင်းရဲနေရ သည်။ အိပ်ခန်းထဲ မှ အ၀တ်အစားတွေ၊ အသုံးအဆောင်ပစ္စည်းတွေအားလုံး အလျင် ဒိုလားရက်စ်နေသွားသည့် အခန်းထဲ သို့ ပြောင်းခိုင်းလိုက်၏။ ပြတင်းပေါက်တွင် ရပ်ပြီး သစ်တောညို့ညို့ဖြင့် အနားသတ်ထားသည့် စိုက်ခင်းလွင်ပြင်ကြီးကို ငေးကြည့်နေသည်။ ပြီးတော့ အိမ်ပတ်ဝန်းကျင်မှ ပန်းခြံကို တစ်ချက်ဝေ့ကြည့်သည်။ ရင်ထဲတွင် ဘာမှ မကျန်တော့သလို ဟာလာ ဟင်းလင်း ဖြစ်နေ၏။
ခရစ္စတင်း လာပို့သည့် အစားအစာတွေကို စားချင်စိတ် မရှိသဖြင့် ပြန်ယူသွားခိုင်းလိုက်သည်။ အခန်းထဲတွင် တစ်နေကုန် လမ်းလျှောက်နေမိ၏။ ဘာမှ လုပ်ချင်ကိုင်ချင်စိတ်မရှိ။ ငြိမ်ငြိမ် ထိုင်နေ လျှင်လည်း မွန်းကျပ်ဆို့သိပ်လာသည်။

အိမ်ကြီးမှာ အလိုလို ခြောက်သွေ့လာသည်။ အိမ်သား တစ်ယောက်သေပြီးစ အသုဘအိမ်နှင့် တူနေ၏။ ဂျူးဒစ် အနားသို့ ဘယ်သူမှ မလာကြ။ ဝေးဝေးရှောင်နေကြ၏။ ကလေးတွေ အပြင်တွင် ဆော့နေကြသည်။ အစေခံများ၏ လေသံသည် ခါတိုင်းထက် နိမ့်နေသည်။ တီးတိုး တီးတိုးနျင့်။
ညနေစောင်းတွင် ဖီးလစ် ပြန်ရောက်လာသည်။ ဂျိုးက ဆီးကြိုပြီး မြင်းကို ဇောင်းထဲသွင်းသည်။ မျက်လုံးအစုံ ကို လက်နှင့် ပိတ်လိုက်သည်။ သို့သော် မျက်ရည်မကျ။ သူနှင့် မျက်ရည် မတန်တော့ ဘူးလေ။ ခရစ္စတင်းကို ခေါ်ပြီး အ၀တ်တွေ ချွတ်ခိုင်းလိုက်သည်။ ပြီးမှ အိပ်ရာပေါ် လှဲလိုက်၏။ ကလေးတွေ ကို နှုတ်မဆက်ရသေးပါလားဟု သတိရချိန်တွင် သိပ်ညဥ့်နက်နေပြီ။

မိုးစင်စင်လင်းမှ နိုးလာ၏။ အခန်းထဲတွင် အစေခံခေါ်ဖို့ ဆွဲစရာ ကြိုးမရှိပေ။ တံခါးဖွင့်ပြီး ခရစ္စတင်းကို လှမ်းခေါ်၍ ကော်ဖီမှာရသည်။ အ၀တ်လဲချင်စိတ် မရှိတော့။ ည၀တ်အင်္ကျီနှင့်ပင် အခန်းထဲ တွင် ခေါက်တုံ့ ခေါက်ပြန် လျှောက်နေသည်။ အခန်းက လုံးဝနေချင်စဖွယ်မရှိ။ နံရံတွေက ပန်းနုရောင်။ သစ်မာသားနှင့် လုပ်ထားသည့် ခုတင်က လက်ရာခပ်ကြမ်းကြမ်း။ လေးထောင့်စပ်စပ် အခန်း က ထောင်နံရံနှင့် တူနေ၏။ ကြမ်းပြင်ပေါ်မှ နှံကောင် တစ်ကောင်က ဂျူးဒစ်ကို စိုက်ကြည့် နေ၏။ ခုတင်ခြေထောက်အောက် က ခွက်ထဲတွင် ပိုးသတ်ဆေးထည့်ဖို့ ကောင်မလေးတွေကို ပြော ရဦးမည်။ နွေရောက်လျှင် ပုရွက်ဆိတ်တွေ သောင်းကျန်းဦးမည် မဟုတ်လား။ မွေ့ရာတွေကို မှို့ ထပ်ဖြည့်ဖို့ လည်း လုပ်ရဦးမည်။

အို ... ဘာလို့ ဒါတွေ တွေးနေမိပါလိမ့်။ ဘာထူးတော့လို့လဲ။ ဘာဂရုစိုက်စရာ လိုတော့လို့လဲ။ ဖီးလစ် လန်းရဲ့ ကလေးကို လွယ်ထားတဲ့ အိန်ဂျဲလစ် ဒီအိမ်ကြီရဲ့ တစ်နေရာမှာ ရှိနေတယ်လေ။ သူ့မျက်နှာနဲ့တူတဲ့ ကလေးတစ်ယောက်ကို ဘယ်လိုလုပ်ပြီး ကြည့်နိုင်ပါ့မလဲ။ အိန်ဂျဲလစ်ကို ဟိုးအဝေးတစ်နေရာမှာ သွားရောင်းပစ်လိုက်မှ အေးမည်။ အညာမှာဖြစ်ဖြစ်၊ အောက်ပြည်အောက်ရွာမှာ ဖြစ်ဖြစ်ပေါ့။ သည်လို ဆိုလျှင် သည်ကလေးလည်း ကမန်ဝယ်ရာ အဆစ်ပါပြီး တစ်ရန်ရှင်းသွားမည်။ ဘယ်မှာ ရောင်းရောင်းပါလေ။ ၀က်သစ်ချမြိုင်မှာ ညို့ဓာတ်ရှင် ရွှေအိုရောင် သည်ကလေးမ မရှိလျှင် ကျေနုပ်ပါပြီ။ ပြီးတော့ ဒေးဗစ်ကလေးနှင့် တူကောင်းတူလာ မည့် သူ့ကလေးကို မတွေ့ရ လျှင် ကျေနပ်ပါပြီ။ ဂျူးဒစ် ကျောထဲ စိမ့်သွားသည်။ ဗိုက်ထဲက ကလေးကို သွားသတိရ လိုက်၍ဖြစ်၏။ သည်ကလေး သာ မရှိလျှင် ဘာမဆို လုပ်ရဲသည်။

ဆက်ရန်
.

1 comment:

Anonymous said...

အင်းးးးထင်တဲ့အတိုင်းဖြစ်လာပါ‌ပေါ့လား...
ေ ကြာက်စရာ‌ကောင်းလိုက်တဲ့‌ယောက်ျား‌တွေ...။