ဤတွင်တစ်ဖန် ခစ်ခစ်သံက ညံသွားပြန်၏။ ဆရာမတွင်ပါ ပြုံးမိလျက်။ ယခုမှ စံဝင်းပြောသည့် လှမောင်ကြီး မှာ အခြားမဟုတ်ဘဲ ထိုခေတ်က ရုပ်ရှင်လောကတွင် နာမည်ကြီးလှသည့် မင်းသား ဘတင့်နှင့် လူကြမ်း လှမောင်ကြီးတို့ ပါဝင်သောဇာတ်ကားအကြောင်း ပြောနေကြရာမှ အယောင် ယောင် အမှားမှားနှင့် စံဝင်းဖြေကြားခြင်းဖြစ်သည်ဟူ၍ ဆရာမ သဘောပေါက် သွားတော့ ၏။ ကို ဆက်ဖတ်ရန်.............
"အေး မင်းတို့နှစ်ယောက် ခုံပေါ်တက် မတ်တတ်ရပ်နေ၊ အတာ ဒီကိုလာစမ်း"
ခပ်သွက်သွက် ပင် ဆရာမအနီးသို့ အတာ ရောက်လာသဖြင့်
"မင်းက သူတို့နှစ်ယောက်ကို တပင်ရွှေထီးအကြောင်း ပြန်ပြောလိုက်၊ ကဲ တော်ကြာကျရင် မင်းတို့နှစ် ယောက် ကို မမ ခေါ်မေးမယ်၊ မဖြေနိုင်ရန် ညနေကျ မပြန်ရဘူး၊ ဒါပဲ၊ ကဲ ဒီပြင် ကျန်တဲ့လူတွေ အားလုံး လက်ရေးလှစာအုပ်ထုတ်၊ တစ်မျက်နှာပြည့်အောင် လှလှကလေး ရေးကြ"
သို့ ပြောလိုက်ပြီးသည်နှင့် ဆရာမလည်း စားပွဲတွင် ပြန်ထိုင်ကာ စောစောကနည်းတူ တစ်စုံတစ်ရာတွေး ရင်း တငေးငေးတငိုင်ငိုင် ရှိနေပြန်၏။ သို့နှင့်ပင် ကလေးများ လက်ရေးလှရေး၍အပြီး ဆရာမထံလာပြ သည်နှင့် စိတ်မပါ့တပါကြည့်ရှုရင်း မှားယွင်းသည် တို့ကို ပြင်ဆင်ပေးနေခိုက်မှာင် ကျောင်းလွှတ်ခေါင်း လောင်းသံပေါ်လာသည်နှင့် အတာမှအပ တစ်တန်းလုံး ကို ပြန်ခွင့်ပြုလိုက်၏။
"ဟို သောကြာနေ့က မမ ပြောတယ်မဟုတ်လား၊ ဒီနေ့ညနေကစပြီး ကျောင်းကားနဲ့ပို့မယ်၊ နက်ဖြန် မနက် လဲ အသင့်ပြင်ထားရမယ်ဆို့လို ကျွန်မတို့ စောင့်နေတာ၊ ကျွန်မတို့ဖေဖေက ဟဲ့ ဒီနေ့ စနေနေ့ ကျောင်း ပိတ်တယ် မဟုတ်လားလို့ ပြောမှ ကျွန်မလဲ"...
"အေးကွယ်၊ မမလဲ သတိမေ့ပြီး အမှတ်မဲ့ပြောလိုက်မိတယ်"
သောကြောနေ့ က ဆရာမပြောခဲ့သည့် အမှားကို မစွမ်ကြည်က ရယ်ကာမောကာ ပြောလာသည်နှင့် ဆရာမ ကလည်း ထိုမျှသာ ဝန်ခံ၍ လှည့်ထွက်သွားပြီး စာအုပ်များကို သပ်သပ်ရပ်ရပ် လွယ်အိတ်ထဲ ထည့်၍ သိမ်းနေသော အတာ့အနီးတွင် ရပ်လိုက်ပြီး
"ဟိုတစ်ခါ ကားနဲ့လာတဲ့ မမသူငယ်ချင်းကို အတာ မှတ်မိတယ်မဟုတ်လား ဟင်"
"ဟုတ်ကဲ့ မမ"ဟု အတာက ရိုရိုသေသေ ထရပ်ရင်း ဖြေလိုက်သည်ကို
"အေး ဒီနေ့လဲ သူ့ မမ ချိန်းထားတယ်၊ မင်း ခဏစောင့်နေဦး အတာနော်"
"ဟုတ်ကဲ့ စောင့်ပါ့မယ်"
"မြင့်မြင့်ရေ"
ပြောဆဲဆိုတုန်းမှာပင် ဆရာမ သူငယ်ချင်းသည် ဤလိုအသံပြုရင်း ဖြုန်းခနဲရောက်လာ၏။ ဆရာမနှင့် သူ၏သူငယ်ချင်းတို့ စကားပြောနေကြသည်မှာ မိနစ်လေးဆယ်နီးပါးခန့် ကြာ၏။
အတာသည် အခြားသော အတန်းသားများ လက်ရေးလှရေးနေစဉ် သူ ကိုယ်တိုင်က ရာမာနှင့် စံဝင်းတို့ အား တပင်ရွှေထီးအကြောင်း ပြန်၍ ပြောပြနေရသည်နှင့် လက်ရေးလှမရေနိုင်ရှိခဲ့ရသောကြောင့် ဆရာမနှင့် ဧည်သည့်တို့စကားပြောနေသည့်အချိန်၌ လက်ရေးလှစာအုပ်ကို ထုတ်၍ တကုတ် ကုတ် ရေးနေ၏။
အတာလည်း သို့ရေးနေရင်းကပင် ဆရာမတို့ စကားပြောနေသည်ကို မသိမသာ လှမ်း၍ ငဲ့၍ အကဲခတ် မိသည်၌ သူ့ဆရာမတွင် အသွင်အမျိုးမျိုးပြောင်းနေသည်ကို အတာ ကောင်းကောင်းသတိထားမိ၏။ သို့ ပြောင်းနေသော ဆရာမ၏အသွင်မှာ ကြည်လင်သည့် အမူအရာက နည်းလျက် စိတ်ထဲတွင် ရွှင်ရွှင်ပျပျ မရှိသော လက္ခဏာမျိုးသာလျှင် အမည်မည်ပြောင်းနေသည်ကို တွေ့ရ၏။ တစ်ခါတစ်ရံ ပြုံးလိုက်သော ဆရာမ၏ဟန်ကို ကြည့်ရသည်မှာလည်း မချိသောနှလုံးဖြင့် ရယ်လိုက်ရ၍လောမသိ။ ပြုံးသော်လည်း မရွှင်သလို ဖြစ်နေသည်ကို အတာ သတိထားမိလိုက်၏။
ဆိုခဲ့သည့်အတိုင်းပင် မိနစ်လေးဆယ်ခန့်ကြာသော် ဆရာမရော ဧည့်သည်ပါ ထိုင်ရာမှ ထရပ်လိုက်ကြ ၏။
"လာဟေ့ အတာ"
ဆရာမ ခေါ်လိုက်သဖြင့် အတာလည်း ရုတ်ခြည်းပင် အနီးသို့ရောက်လာ၏။
"လာပါ မြင့်မြင့် ရဲ့၊ ကိုယ် လိုက်ပို့ပါမယ်လို့ ပြောနေမှာပဲ"
"မလိုက်ပါရစေနဲ့ သူငယ်ချင်းရယ်၊ ဟိုဘက်ရက်တွေတုန်းကတော့ အရေးမကြီး၊ ခု ဆိုရင် ပြောစရာဖြစ် နေလိမ့်မယ်၊ မကောင်းဘူး"
သို့ အချီအချ ပြောနေသော စကားများကို အတာသည် ယောင်ချာချာဖြင့်သာ တစ်လှည့်စီကြည့်ရင်း နားစွင့်နေ မိ၏။ ဘာအဓိပ္ပာယ်ဟူ၍လည်း အတာ လုံးလုံးမသိ။
ပြောမရသည့်အဆုံး၌ ဧည့်သည်မိန်းမပျိုသည် ပြုံးကာရယ်ကာနှင့်ပင် ဆရာမအား နှုတ်ဆက်၍ ကားပေါ်တက် ထွက်ခွာသွားတော့၏။
"လာ သွားကြစို့ အတာ"
ဆရာမနှင့် အတာတို့လည်း ကျုံးကြီးလမ်းဘက်မှ စဥ့်အိုးတန်းလမ်းအတိုင်း ဒါလဟိုဇီလမ်း (ယခု မဟာ ဗန္ဓုလလမ်း)ဘက်သို့ လျှောက်လာခဲ့ကြရာမှ အတာသည် တစ်လမ်းလုံးတွေးလာ၏။ နေ့လည်ဘက်က လည်း ဆရာမ သည် ကြည်ကြည်လင်လင်မရှိ။ ဧည့်သည်နှင့် စကားပြောကြစဉ်ကလည်း မရွှင်မပျ။ ယခု တိုင်အောင် ဆရာ၏မျက်နှာထား အမူအရာ သာယာခြင်းမရှိသေးသောကြောင့် အတာ စိတ်မကောင်း ဖြစ်နေ၏။
သူ့ဆရာမ၌စိတ်လက် မကြည်မသာ ရှိနေသည်မှာ အဘယ်အတွက်ဟု အတာ သိလို၏။ သို့သော် မေး ရမည် ခက်နေရာ မှ တစ်စုံတစ်ခု စိတ်ကူးရသလိုဖြင့်
"မမ နေမကောင်းဘူးလား ဟင်"ဟု သွယ်ဝိုက်သောနည်းဖြင့် အတာက မေးလိုက်သောကြောင့် ဆရာမ ၏ မျက်နှာထား သည် ထူးထူးခြားခြား ကြည်လင်လာ၏။
"နေကောင်း ပါတယ်ကွယ်၊ ဘာပြုလို့ မေးတာလဲ အတာ"
"ဟုတ်ပါဘူး၊ ဒီနေ့ တစ်နေ့လုံး မမ မျက်နှာမကောင်းလို့။ နောက်ပြီး မမ မှိုင်နေတယ်"
ထိုစကားကြားလိုက်ရသည်နှင့် ဆရာမလည်း အတာ့ခေါင်းကလေးကို အသာကိုင်၍ ပွတ်နေရာမှ အားပါး တရ ပြုံးလိုက်ပြီး
"အဲဒါ မင်း ဘယ်လိုသိသလဲ အတာ"
"ကျွန်တော် မမကိုကြည့်တိုင်း မမဟာ စိတ်မကောင်းသလိုပဲ၊ မမ မှိုင်နေတယ်၊ ခုန မမသူငယ်ချင်း လာ တုန်းကလဲ ဒီလိုပဲ"
ဤတွင် ဆရာမ က အတာ့ပါးကလေးကို ကြင်နာယုယစွာ ဆွဲလိမ်လိုက်ပြီးမှ
"အေး အဲသလို မမ မှိုင်နေတာတွေ့တော့ မင့်စိတ်ထဲ ဘယ်လိုဖြစ်သွားသလဲ အတာ"
"ကျွန်တော် စိတ်မကောင်းဘူးပေါ့ မမရဲ့"
ဆရာမ လည်း နှစ်နှစ်ခြိုက်ခြိုက်ကလေး ပြုံးလိုက်ပြီးမှ
"ဒါဖြင့် နောက်ကို မမ မမှိုင်တော့ဘူးနော်"
အတာ့ပခုံးကလေးကိုဖက်၍ သူ့ပေါင်နှင့် ထိလုမတတ်ဆွဲကပ်ရင်းပြောလိုက်မှ အတာ သဘောကျသလို ငြိမ်သွားတော့၏။ လမ်းတစ်လျှောက်လုံးပင် ဆရာမလည်း အတာကလေးအား တငုံ့ကြည့်ကြည့်ဖြင့် သဘောကျ လျက် ရှိ၏။ အတာကလေး၏ အမှတ်တမဲ့မနေတတ်သော သဘောထားနှင့် အလိုက်သိ အကင်းပါး၍ ကြင်နာတတ်သောစိတ်ကို ဝမ်းထဲမှ ကြိတ်၍ ချီးမွမ်းရင်း အတာကလေး အား မေးဆွဲပါးဆွဲ နှင့် လျှောက်လာခဲ့ရာ၌ ပတ်ဝန်းကျင်က သဘောကျသလို ကြည့်၍ ပြုံးသွားသည်ကိုပင် ဆရာမက သတိမထားမိနိုင်ဘဲ စောစောကနှင့်စာရင် သာသာယာယာကြီး ကြည်နူးနေသည်ကို တွေ့ရ၏။
ထိုနေ့ညအဖို့၌ စိတ်လေးလေးနှင့် ပြန်လာခဲ့ရသော အတာသည် သူ့မေမေပင် ရောက်နေသည်နှင့်လေ မည်လောဟူသော အတွေးဖြင့် တထိတ်ထိတ် တက်လာခဲ့၏။ သို့သော် ထုံးစံအတိုင်း သူ့မေမေနှင့်တူ သည့် ဖြူဖြူအရိပ်ပင် မမြင်ရသည့်အတွက် အတာကလေး စိတ်သက်သာရာ ရသွားတော့၏။
သို့တိုင်အောင်လည်း အတာသည် ခါတိုင်းနည်းတူ ကျောင်းမှ အပြန် ရေမိုးချိုး ၍ ကျောင်းမှပေးလိုက် သောအိမ်စာကို သူ မလုပ်နိုင်။ သူ့မေမေနှင့် ရင်ဆိုင်ရမည် ကိုသာ တွေး၍ကြောက်နေ၏။ ယင်းသို့ပင် ရင်တဖိုဖိုနှင့် ရှိနေခဲ့ရာမှ အတာသည် သူ့မေမေနှင့် တွေ့ရမည်ကို စိုးရွံ့နေသည်နှင့်အမျှ ညစာကိုပင် မစားတော့ဘဲ စောစောပင် အိပ်လိုက် ရကောင်းလေ မည်လားဟု ခပ်သုတ်သုတ် စဉ်းစားလိုက်၏။
ထိုအကြံမှာ ကောင်းသည်မှန်သော်ည်း ဤတစ်ညမျှသာ စိတ်သက်သာရာရမည်ဖြစ်လျက် နံနက် မိုးလင်းခဲ့သော မုန့်ဖိုးကိစ္စနှင့် ရင်ဆိုင်ရဦးမည်ကို တွေးမိပြန်သည်နှင့် ထိုအကြံကို အတာ လက်လျှော့ လိုက်ရ၏။ အတန်ကလေး ကြာသည့်တိုင်အောင် အမျိုးမျိုးအထွေထွေ စဉ်းစားနေပြီးမှ
"ငါ အိမ်ပေါ်မှာမနေဘဲ မမသက်တို့နဲ့ ဆင်းပြီးထိုင်နေမယ်၊ ဆယ်နာရီအထိ စောင့်လို့ ပြန်မလာမှ ငါ တက် အိပ်မယ်"
ယခင့်ယခင်ရက်များက ညစာအတွက် သူ့မေမေကိုရှာ၍ ထမင်းဖိုးတောင်းတတ်သော အတာသည် ယနေ့ည အဖို့ ထွက်ရှာရန်မဆိုထားဘိ၊ သူ့မေမေ ရောက်လာမည်ကိုပင် ကြောက်နေရှာ၏။
သူ့အကြံနှင့် သူ အောက်ထပ်သို့ဆင်းလာကာ သူ့မမသက်တို့အနီးတွင် ထိုင်၍ စကားတွေလှိုင်နေစဉ်မှာ ပင် မသိန်းမေ ရောက်လာ၏။
"အမယ် ဒီနေ့တော့ ဒေါ်ဒေါ် ပြန်လာတာ တယ်စောပါလား"ဟု မခင်သက်က လှမ်း၍ပြောလိုက်၏။ အတာ တွင်မူ ယောင်၍မျှ မော်မကြည့်ဝံ့ဘဲ ကြောက်ရွံ့သောစိတ်ကလေးဖြင့် တထိတ်ထိတ်ရှိနေရှာ၏။
"အေး"
မသိန်းမေ လည်း မခင်သက်အား ထိုမျှသာမဖြေပေးလိုက်ပြီး အတာ့ဆီသို့ မျက်လုံးရောက်သွားကာ
"အတာ ရော့ ထမင်းသွားစားချည်"
အလွန်ချိုသာလှသော အသံဖြင့်ပြောရင်း မတ်စေ့ကလေးတစ်စေ့ကို ပစ်ပေးလိုက်သောကြောင့် အတာ တွင် တထိတ်ထိတ်ဖြစ်နေသော စိတ်ကလေး ပေါ့ပါးသွားကာ ပျာပျာသလဲ သူ့မေမေအား မော့ကြည့်မိ ၏။
"ပြန်မပေးနဲ့တော့ နင် အကုန်ယူ"
ဤတွင် တစ်ဖန် မယုံကြည်နိုင်လောက်အောင်ပင် အံ့သြသွားရပြန်။ ချိုသာသောစကားနှင့် မျက်နှာထား ကြည်ကြည် လင်လင်ကို အတာ မြင်ရခဲလှ၏။
"မနက်တုန်းက ငါ့ကို ရိုက်မိလို့ ခု မေမေ ငါ့ကိုသနားသွားတာ ထင်ပါရဲ့" ဟူ၍လည်း အတာသည် သွက်သွက်ကလေး စိတ်ထဲမှ တွက်လိုက်မိ၏။ မသိန်းမေလည်း အတာအား ပိုက်ဆံပေးပြီးသည်နှင့် အပေါ်ပင်မတက်တော့ဘဲ တစ်ခါတည်း လှည့်ဆင်းသွားပြန်၏။
ဆယ်နာရီ ထက်စော၍ ပြန်လာလေ့မရှိသော မသိန်းမေသည် ယခု ရှစ်နာရီပင် မထိုးသေးမီရောက်လာ ရာ၌ စင်စစ်သော် အပြီးသတ်ပြန်လာခြင်းမဟုတ်ဘဲ အတာအား ထမင်းဖိုးပေးရန်သာ ဖြစ်သည်ကို အတာ သိလိုက်သောကြောင့် အလွန်အမင်း ဝမ်းသာသွားရှာ၏။ ယခင်ကဆိုလျှင် အမောတပန်းလိုက် ရှာ၍ ထမင်းဖိုး တောင်းရသည်သာမက တွေ့ပြန်လျှင်လည်း အေးအေးဆေးဆေးထုတ်ပေးသည်ထက် ဆူဆူအောင့်အောင့် လုပ်တတ်သည်ကများသော မသိန်းမေသည် ယနေ့သော် အိမ်သို့ပင် အရောက် လာ၍ ချိုချို သာသာနှင့် ပိုက်ဆံပိုပေးသွားသည်မှာ အတာ ထင်သည့်အတိုင်းပင် နံနက်က ခြေလွန် လက်လွန် ရိုက်မိသည် ကို သနားသွား၍သာ ဖြစ်တန်ရာ၏။
နောက်နေ့နံနက်တွင်လည်း အတာသည် ထုံးစံအတိုင်း မုန့်ဖိုးတောင်းရန် ဈေးဘက်သို့ ထွက်ခဲ့၏။ ရောက်လျှင်ရောက်ခြင်း သူ့အတွက်ပင် ချန်ထားဟန်တူသော ပဲနှင့်ဆိတ်သားဟင်းကို နံပြား တစ်ခြမ်း နှင့်အတူ အတာအားချင ပေးရင်း
"ပြစမ်း အတာ၊ မနေ့က ဘယ်နေရာမှ ပေါက်သွားတာလဲ"
လုံးဝ မမျှော်လင့်ခဲ့သော မေးခွန်းမျိုးဖြင့် မသိန်းမေက အတာ့ပါးကလေးကို အသာကိုင်မှေးရင်း တယု တယ မေးလိုက်သောကြောင့် ချက်ချင်းဆိုသလိုပင် အတာ မျက်ရည်ကလေးလည်လာတော့၏။ သို့သော် ဝမ်းနည်း တစ်ဝက် ဝမ်းသာတစ်ဝက်ကြောင့် ထွက်လာသည့် မျက်ရည်ဖြစ်သည့်အတိုင်း ထို မျက်ရည် သည် ဝေကျလာခြင်းမရှိဘဲ အလိုအလျောက် မကြာမီပင် ပျောက်သွား၏။ ဤသည့်အဖြစ်ကို သူ့မေမေ ကလည်း ရိပ်မိလိုက်၏။
"ပါးစပ်ဟစမ်း"
"နည်းနည်းလေးပါ မေမေ"
သို့ပြောရင်းပင် အတာက ပါးစပ်ကလေး ဟပြလိုက်၏။ သူ့မေမေ စိတ်မကောင်းဖြစ် သွားမည်စိုးသော ကြောင့်လားမသိ၊ "နည်းနည်းလေးပါ"ဟု အတာ က ပြောလိုက်သော် လည်း ပေါက်သွားသောဒဏ်ရာမှာ လက်မဝက်ခန့်ရှိသည်ကို တွေ့ရသောကြောင့် မသိန်းမေ တွင် စိတ်မကောင်းဖြစ်သွားရသေး၏။
စားသောက်ပြီး သည်နှင့် မသိန်းမေသည် ကျေကျေနပ်နပ်ပင် ပဲစေ့တစ်စေ့ အကြွေလေးပြား ထုတ်၍ ပေး နေကျထက် နှစ်ပြားပိုပေးလိုက်သေး၏။
"နင့် ဆရာမကိုပြော၊ ကျောင်းလခကို နောက်လမှပဲ နှစ်လတွက် ပေါင်းပေးပါ့မယ်လို့၊ ဟုတ်လား"
"ဟုတ်ကဲ့ မေမေ"
ရုတ်တရက်သော် အတာသည် ယခုလအတွက် သူ့ဆရာမက စိုက်ပေးလိုက်ပြီဖြစ်ကြောင်းကို ပြောပါ ရန် ပါးစပ်ပြင်မိသေး၏။
"နေပစေ မပြောဘူး၊ နောက်လ မေမေ နှစ်လတွက်ပေးရင် မမ ပိုက်ဆံ နှစ်ကျပ် ပြန်ပေးလိုက်မယ်"
သို့လျှင် အတွေးပေါက်လာသည်နှင့် အတာလည်း ဘာမျှမပြောတော့ဘဲ ထွက်လာခဲ့၏။
ခါတိုင်းနှင့် အတူ ထိုနေ့တစ်နေ့လုံး အတာသည် တပြုံးပြုံးနှင့်ပျော်နေသောကြောင့် သူ့အား မသိမသာ အကဲခတ်နေ မိသော ဆရာမပင် တအံ့တသြဝမ်းသာနေမိ၏။ အတာကလည်း သူချစ်သောဆရာမသည် ယမန်နေ့ ကဲ့သို့ပင် တမှိုင်မှိုင်ရှိနေမည်လားဟု စိုးရိမ်မကင်းသော အမူအရာကလေးဖြင့် မကြာခဏ လှမ်းကြည့် မိ၏။
ဆရာမတွင်လည်း ယနေ့အဖို့၌ ချိုချိုပြုံးပြုံးဖြစ်နေသည်ကို တွေ့ရမှ အတာ သဘောကျသွား၏။ စင်စစ် အတာကလေး ရွှင်နေ၍ ဆရာမပါ ကြည်လင်နေသည့်အဖြစ်ကိုကား အတာ မသိ။
ဆရာမ သည် တစ်ချိန်ကလေးမျှမနားဘဲ ယနေ့ အားပါးတရ စာပြလျက်ရှိ၏။ ယနေ့ စာသင်ရသည်မှာ ဆရာမ ရွှင်သလောက် အတာလည်း ပျော်နေ၏။ အခြားသော ကလေးများတွင်မူကား ယနေ့အဖို့၌ ဆရာမ စာအသင် သွက်လာသည်ကိုလည်းကောင်း၊ ကြည်ကြည်လင်လင်ရှိနေသည်ကိုလည်းကောင်း ထူးထူးထွေထွေ သတိထားမိကြဟန်မတူ။ ကျောင်းသူကျောင်းသားပေါင်း လေးဆယ်ကျော်ရှိသော ထို အတန်း၏ ယနေ့အခြေအနေမှာ အတာနှင့် ဆရာမ ထိုနှစ်ဦးမျှနှင့် သာဆိုင်သော နေ့တစ်နေ့ လို ဖြစ်နေ တော့၏။
မုန့်စားလွှတ်ခဲ့လေပြီ။
"ဘယ့်နဲ့ ငါ့မောင်ကိုကြည့်ရတာ ဒီနေ့ တယ်ရွှင်ပါကလားကွဲ့၊ ဟေ"
ဝတ္တရားကျေပွန်စွာဖြင့် မုန့်မှာပေးရန် အသင့်ရောက်လာသော အတာအား ဆရာမက မေးလိုက်၏။
"မနေ့ ကလေ ကျွန်တော် မမကို လိမ်ပြောမိတယ်၊ ကျွန်တော့်ကို စိတ်မဆိုးပါနဲ့နော်"
အလွန် လျှင် ရွှင်နေသော မျက်နှာကလေးဖြင့် ပြောလိုက်ရင်း ရုတ်တရက် ဆောင့်ကြောင့်ထိုင်ကာ အတာ က ကန်တော့နေသည်နှင့် ဆရာမတွင် ဘာအဓိပ္ပာယ်ဟူ၍ စဉ်းစားမရအောင် အံ့အားသင့်သွား ရာမှ အတာ့လက်မောင်း ကလေးကို ဆွဲထူတဲ့ကာ
"မင်း ဘာတွေ ပြောနေတာလဲ အတာ၊ မမ နားမလည်ဘူး"
"ဒီလိုလေ မမ။ မနေ့တုန်းက မမကို ကျွန်တော်ပြောတယ်မဟုတ်လား၊ လန်ခြားအတိုက်ခံရတယ်လို့ အဲ ဒါ ကျွန်တော် လိမ်ပြောတာ၊ လန်ခြားတိုက်တာ မဟုတ်ဘူး မမ၊ ကျွန်တော့်မေမေက ရိုက်လိုက်လို့"
ထိုစကားကြောင့် ဆရာမတွင် "အို"ခနဲ စိတ်လက်မကောင်း ရေရွတ်မိသွား၏။
"အဲဒါလေ မနေ့ညက မေမေ ကျွန်တော့်ကိုရိုက်မိတာ သနားသွားလို့လား မသိဘူး၊ ပိုက်ဆံလဲ တစ်မတ် တောင်ပေး တယ်၊ ပြီးတေ့ ကျွန်တော့်ကို ဘယ်နေရာနာသွားသေးလဲတဲ့၊ ပါးကို ကိုင်ကြည့်ပြီး မေးတယ်၊ မေမေက ကျွန်တော့်ကို သိပ်ချစ်တာ မမရဲ့"
အတာ သည် အာလုတ်သံကလေးဖြင့် ဝမ်းသာအယ်လဲ ပြောပြနေ၏။ စင်စစ် ယနေ့နံနက် မသိန်းမေ ယုယလိုက်သော အပြုအမူမှာ အခြားသောကလေးများအဖို့၌ ရိုးနေလိမ့်မည်ပင်ဖြစ်သော်လည်း အတာ တွင်သော်ကား ဤသို့လျှင် ဂုဏ်ယူပြောကြားရမည့် ထူးခြားချက်လို ဖြစ်နေတော့၏။
အတာက တရွှင်ရွှင်တပြုံးပြုံး ပြောနေသောကြောင့် ဆရာမကပါ ပြုံးကာရယ်ကာ နားစွင့်နေရသော် လည်း ရင်ထဲတွင် မူ အတာကလေး စကားအတွက် စိက်လက်မကောင်းဖြစ်နေရရှာ၏။
"သြ သြ ဒါကြောင့် မင်း သိပ်ပျော်နေတာကိုး ဒီနေ့။ ဟုတ်လား အတာ"
"ဒါတင်မကသေးဘူး မမရဲ့။ နောက်လကျရင် ကျောင်းလခနှစ်လတွက်စလုံး မေမေကပေးမယ်တဲ့၊ အဲဒါ မမစိုက်ပေးထားတဲ့ ငွေနှစ်ကျပ်ကို ကျွန်တော် ပြန်ပေးမယ်နော် မမ"
ထိုစကားကြောင့် ဆရာမတွင် အတော်ကလေး စိတ်ထိခိုက်သွားကာ မျက်ရည်ပင် မသိမသာလည်လာ ရာမှ
"ပြန်ပေးစရာမလိုပါဘူး ငါ့မောင်ရယ်၊ မမက စေတနာနဲ့စိုက်ပေးတာပဲ ဟာ" ဟုပြောရင်း အတာ ၏ ခေါင်းကလေးကို အသာအယာပွတ်သပ်နေပြီးမှ
"အေး တကယ်လို့ မင့်မေမေက နှစ်လတွက်ပေးရင် ယူလာပါ့ကွယ်၊ တစ်ခါထဲ နှစ်လတွက်ပေးထား လိုက်ပေါ့ ဟုတ်လား၊ ကဲ မမ ဒီနေ့ ဘာစားရကောင်းမလဲ မသိဘူး"
ထိုစကား ကို ဤတွင်ဖြတ်၍ အစားအသောက်ဘက်သို့ အာရုံပြောင်းရင်း တွေးနေ၏။ အတာကလည်း ဆရာမ အတွက် အဆန်းဖြစ်သော စားသောက်ဖွယ်တစ်ခုခုကို ဝိုင်းကူစဉ်းစားနေရာမှ
"ကော်ပြန့်လိပ် စားမလား မမ၊ ကျွန်တော် သွားဝယ်မယ်လေ၊ ဟို ၁၆ လမ်းထိပ်မှာ ပူပူနွေးနွေးရတယ်"
"ဟေ ကောင်းသားပဲ၊ ကဲ အဲဒါပဲ သွားဝယ်ချည် အတာ၊ ငရုတ်ချဉ်ရည် များများတောင်းခဲ့နော်၊ မင်းလဲ ဝယ်စားခဲ့"ဟု ပြောရင်း ဆရာမက မူးစေ့ကလေးတစ်စေ့ ထုတ်ပေးလိုက်၏။
အတာ လည်း ပိုက်ဆံကို လက်တွင်ဆုပ်၍ ၁၆ လမ်းထိပ်သို့ သုတ်ခြေတင်ခဲ့၏။
"ဒီမှာ စားမယ်လား ကောင်လေး"
"မဟုတ်ဘူးလေ၊ ဆရာမစားဖို့ ကျောင်းကိုယူသွားမယ်၊ နှစ်ခုပေးပါ"
"မင်း ဘာနဲ့ယူသွားမလဲ"ဟု ကော်ပြန့်သည် တရုတ်မေးလိုက်မှ အတာတွင် ထည့်စရာပါမလာသည့် အဖြစ် ကို သတိရတော့၏။ "လက်သုပ်သည် အဒေါ်ကြီးဆီက ပန်းကန်တစ်ချပ်လောက် ငှားခဲ့ရ အကောင်းသား ဟု တွေးနေမိစဉ်
"ဖက်နဲ့ထုပ်ပေးမယ်လေ၊ ဟုတ်လား ကောင်လေး"ဟု ကော်ပြန့်သည်က မေးသည်နှင့် အတာက ခေါင်း သွက်သွက်ခါပြတဲ့ပြီး
"ပန်းကန်နဲ့ပဲ ထည့်ပေးပါ။ ကျွန်တော် အခု လာပြန်ပေးမှာပေါ့"
သို့သော် ကော်ပြန့်သည် က ပန်းကန်နှင့် မပေးနိုင်ကြောင်း ငြင်းဆန်လိုက်သဖြင့်
"ထောင်ကဲ မယုံဘူးလား၊ ရော့ ပိုက်ဆံတစ်မတ် ယူထားလေ၊ ပန်းကန် ယူလာမှ ပြန်ပေး"
သို့တိုင်အောင် တရုတ်က ခေါင်းခါနေပြန်သည်နှင့်
"ကဲဗျာ၊ ရော့ ကျွန်တော့်အင်္ကျီပါ ယူထားလိုက်"ဟု သူ့ရှပ်အင်္ကျီကိုချွတ်၍ အပေါင်သဘောမျိုးပေးလိုက် မှ တရုတ် လည်း တိုက်ပန်းကန်တစ်ချပ်နှင့် ကော်ပြန့်ကြော်နှစ်လိပ် ထည့်ပေးလိုက်တော့၏။
"ဟဲ့ အတာ၊ မင်း ဘယ်လိုဖြစ်လာတာလဲ"
အင်္ကျီ မပါ ပလာကိုယ်လုံးဖြင့် ဖြုန်းခနဲရောက်လာသော အတာအား ဆရာမက အံ့အားတသင့် မေး လိုက်သဖြင့် အတာက အလုံးစုံပြောပြကာ
"ဒါနဲ့ ကျွန်တော် က အင်္ကျီကိုချွတ်ပေးထားခဲ့တာပေါ့"
"ဖြစ်ရလေကွယ်၊ ဒီတိုင်း ဖက်နဲ့ထုပ်ယူလာရောပေါ့"
"ဟာ ဘယ်ကောင်းမလဲ မမရဲ့၊ ငရုတ်သီးရည်တွေနဲ့ စိုပြီး ပွကုန်မှာပေါ့"
အတာမှာ သူ့မမသက်တို့က စားစရာအမျိုးမျိုးကို ဝယ်ပုံဝယ်နည်းနှင့်တကွ သင်ပြဝယ်ခိုင်းလေ့ ရှိခဲ့သော ကြောင့် ဤကိစ္စတွင် အတော်ကလေး ကျွမ်းကျင်နေပြီဖြစ်၏။ မုန့်ဟင်းခါးဝယ်ခိုင်းလျှင် ငရုတ်သီးမှုန့် နဲ့ နံနံပင်ကို မုန့်နှင့်မရောဘဲ သီးခြားသတ်သတ် အထုပ်ခိုင်းရသည်ကအစ စနစ်တကျ နားလည်နေ သည် ဖြစ်၍လည်း အတာက ဤသို့ပြောလိုက်ခြင်းဖြစ်၏။
ဆရာမတွင်မူ ဘာတစ်ခွန်းမျှ ထပ်၍မပြောနိုင်တော့ဘဲ အတာ၏ကျွမ်းကျင်နှံ့စပ်မှုကိုသာ စိတ်ထဲမှ ချီးကျူး ရင်း အနူးအညွတ် သဘောကျနေတော့၏။
ကျောင်းပြန် တက်ခဲ့ပြီးသည့်နောက် နှစ်နာရီသာသာလောက်ကြာသော် ဆရာမသည် သင်လက်စ စာကို ရုတ်တ ရက် ရပ်နားလိုက်ပြီး အားလုံးသော ကျောင်းသူကျောင်းသားများကို သူ့စားပွဲတွင် ဝိုင်း၍ ရပ်စေ လျက်
"မနေ့တုန်းက မမသင်ခဲ့တဲ့ တပင်ရွှေထီးအကြောင်းကို မှတ်မိကြရဲ့ မဟုတ်လား"
"မှတ်မိပါတယ် မမ"
"အေး အဲဒါ မဆုံးသေးဘူး၊ နည်းနည်းကျန်တာ မမထပ်ပြောဦးမယ်၊ စံဝင်းနဲ့ ရာမာ သေသေချာချာနား ထောင်နော်၊ မနေ့ကလို လှမောင်ကြီးမလုပ်နဲ့ဦး"ဟု ဆရာမက အပြုံးနှင့် သတိပေး လိုက်သောကြောင့် အားလုံးပင် တရုန်းရုန်းဖြစ်သွားကြ၏။
"အေး အဲဒီတပင်ရွှေထီးမင်းဟာ အင်မတန် သတ္တိကောင်းတယ်၊ စစ်တိုက်ကျွမ်းကျင်တယ်၊ ဒါကြောင့် သူစစ်တိုက် ထွက်ပြီဆိုရင် နိုင်တာကများတာပဲကွဲ့၊ ဒီတော့ကာ ဘုန်းတန်ခိုးလဲ သိပ်ကြီးလာတာပေါ့၊ ဒါပေမဲ့ နောက်ဆုံးကျတော့ သူရဲကောင်းကြီး တပင်ရွှေထီးဟာ သေရည်သေရက်ကိုပဲ အမြဲသောက်စား မူးယစ်ပြီး ကိုယ်ကျင့်တရားတွေ ဖောက်ပြားလာပါလေရော့ကွဲ့၊ မင်းတို့လဲ မှတ်ထားကြနော်၊ အရက် သေစာဟာ လူကို ဘယ်တော့မှ ကောင်းကျိုးမပေးဘူး၊ မင်းတို့အားလုံး အရက်မူး သမားကို မြင်ဖူးကြ တယ်မဟုတ်လားကွယ်"
တစ်သံတည်း ပင် မြင်ဖူးကြောင်း ဝန်ခံကြ၏။
"ကဲ တချို့ အရက်သမားတွေဟာ ကျွတ်နေတဲ့လုံချည်တောင် မဝတ်နိုင်တော့ဘူးလေ့၊ ဒယိမ်းဒယိုင် နဲ့ လျှောက်သွားပြီး ဟိုနေရာလဲလိုက် ဒီနေရာလဲကျလိုက်နဲ့ ဘယ်လောက် ရှက်စရာကောင်းသလဲ ကွယ်၊ နော်"
"ဟုတ် မမ၊ အရက်မူးသမားတွေဟာ အားကြီးရန်ဖြစ်တာပဲ၊ တစ်ခါတုန်းက အရက်မူး သမားတစ် ယောက်ပေါ့ ကျွန်တော်တို့လမ်းထဲမှာ မိန်းမတစ်ယောက်ကို လိုက်ဆွဲလို့ ဝိုင်းရိုက် တာ သေရော"
"အေး အရက်သောက်မိပြီဆိုရင် ဘာမှမသိတော့ဘူး၊ အရူးလိုဖြစ်သွားတာပဲကွဲ့၊ နည်းနည်းမှ မကောင်း ဘူး၊ ဒါကြောင့်လဲ တပင်ရွှေထီးမင်းဟာ စွမ်းရည်သတ္တိနဲ့ပြည့်စုံပြီး အင်မတန် ဘုန်းတန်ခိုးကြီးတဲ့ သူရဲ ကောင်းဘုရင်ဖြစ်ပေမဲ့လဲ အရက်သောက်လွန်းအားကြီးတာနဲ့ ရန်သူတွေက သူအရက်မူးနေ တုန်း တောထဲကို လိမ်ခေါ်သွားပြီး သတ်ပစ်လိုက်ကြသတဲ့ကွဲ့၊ အဲဒါ အရက်သောက်လို့ တွေ့ရတဲ့ဒုက္ခပဲ၊ ကဲ မမရွတ်ပြမယ် လိုက်ဆိုကြနော်"ဟု ပြောလိုက်ပြီးမှ
"သေရည်သေရက် လူကိုဖျက် အရှက်ရမည်ကြောက်၊ ကိုင်း ဆိုကြစမ်း"
ဆရာမလည်း လေးကြိမ်တိတိ သံပြိုင်ဆိုခိုင်းလိုက်ပြီးမှ
"ကဲ တော်ပြီ၊ ဒါနဲ့ မနေ့တုန်းက မမပြောတယ်နော်၊ ဝတ်လုံဆိုတာ ဝတ်လုံအင်္ဂါနဲ့ညီညွတ်အောင် အဆောင် အယောင်ဖြစ်တဲ့ ဝတ်လုံအင်္ကျီဝတ်ရတယ်ဆိုတာ မှတ်မိကြရဲ့မဟုတ်လား၊ အေး ဝတ်လုံ အင်္ကျီဆိုတာကို မမ ပြမယ်၊ အတာ ရော့ ဒီဓာတ်ပုံကို တစ်ယောက်စီလိုက်ပြ"
ဆရာမ ၏အမိန့်အတိုင်း အတာလည်း လူအားလုံးစေ့သွားသည်အထိ ဆရာမပေးသည့်ဓာတ်ပုံကို လိုက် လံပြသရင်း အတာသည် သူမြင်ဖူးခဲ့သည့်ဝတ်လုံ၊ ကြားဖူးခဲ့သည့် ဝတ်လုံတို့၏လုပ်ငန်းဆောင်းတာများ ကိုပါ တတွတ်တွတ် ပြောပြလိုက်ချေသေး၏။
မကြာမီ ကျောင်းလွှတ်လိုက်၍ ဆရာမနှင့် အတာ နှစ်ယောက်တည်းသာ ကျန်ခဲ့သည်တွင် ကားဆိပ် လိုက်ပို့ရန် အသင့်စောင့်ရပ်နေသော အတာအား အမူအရာတစ်မျိုးဖြင့် စိုက်ကြည့်နေပြီးမှ စောစောက ဓာတ်ပံကိုထုတ်ကာ အတာအား လှမ်းပေးရင်း
"အဲ့ဒီဓာတ်ပုံထဲက လူဟာ ဘယ်သူနဲ့တူသလဲ သေသေချာချာ ကြည့်စမ်း"
ဆရာမ က သေသေချာချာ ကြည့်စမ်းဟုဆိုသော်လည်း အတာသည် ကြာကြာမကြည့်ရဘဲနှင့်ပင် ရုတ် တရက် သိလိုက်သလိုဖြင့်
"မနေ့လာတဲ့ မမသူငယ်ချင်း နဲ့ သိပ်တူတာပဲနော်၊ သူတို့မောင်နှမတော်သလား မမ ဟင်" ဟု ဖျတ်ခနဲ မေးလိုက်သောကြောင့်
"မင်းဟာ နေရာတကာ အကင်းပါးတဲ့ကောင်လေးပါပဲလား အတာ"
နှစ်ထောင်းအားရသံဖြင့် သဘောအကျကြီး ကျသွားသလို ပြောလိုက်ပြီးမှ
"မင်းပြောတာ မှန်တယ် အတာ၊ အဲဒါ မမ သူငယ်ချင်းရဲ့အစ်ကိုတော်တယ်၊ သူ"
ဆရာမသည် စကားကိုရုတ်တရက် ဆက်မပြောဘဲ အတန်ကြာအောင် တွေသွား၏။ အပြုံးနှင့်ပြောနေ ရာမှ အဘယ့်ကြောင့်ဟူ၍မသိ။ ချက်ချင်းဆိုသလို မျက်နှာထား အသွင်ပြောင်းသွားကာ အတာအား တွေကြည့်နေပြီးမှ
"အေးကွယ်၊ မင်းကိုတော့ မမ ပြောပြရမှာပဲ၊ မင်း ဝမ်းမနည်းနဲ့နော် အတာ"
"ဝမ်းမနည်းနဲ့နော်"ဟူသည့်စကားကြောင့် အတာ့မျက်နှာ၌ ဝမ်းနည်းသွားသည့် အရိပ်အယောင်ကလေး သန်းလာ၏။ ဤသည်ကို သူ့ဆရာမကလည်း အကဲခတ်မိသည့်တိုင်အောင် စကားက စမိနေပြီဖြစ် သည်နှင့်
"အဲဒါ ဒီလကုန်ရင် မမနဲ့ လက်ထပ်မယ့်လူပဲ အတာ"
ဆရာမသည် သို့ပြောသင့်သည် မပြောသင့်သည်ကိုပင် မချင့်နိုင်၊ သံယောဇဉ်ရင့်နေသည်နှင့်အမျှ အတာ့ အပေါ် တွင်လည်း လူကြီးတစ်ယောက်လို သိတတ်သူကလေးအဖြစ် ယူဆ၍လော မသိ။ ဆရာမ သည် သို့လျှင် တိတိကျကျကြီး ပြောချလိုက်သဖြင့် အတာတွင် ဘာပြန်ပြောရမည် ပင် တွေးမရအောင် ကြောင်အမ်းအမ်းကလေး ဖြစ်နေရှာ၏။
"မင်းက သဘောမတူဘူးလား၊ ဒီလူနဲ့ ဟင်၊ မမကိုပြောစမ်း"ဟု ဆရာမက ရယ်သွမ်းပေး၍ မေးလိုက်မှ ပင် အတာ လှုပ်လှုပ်ရှားရှားဖြစ်လာလျက်
"တူတာပေါ့၊ သူက ဝတ်လုံနော် မမ"
ဆရာမက ခပ်ပြုံးပြုံးပင် ခေါင်းညိတ်လိုက်၏။
"ဝတ်လုံဆိုရင် ကျွန်တော်က သိပ်သဘောကျတာ မမရဲ့၊ ကျွန်တော်လဲ ကြီးလာရင် ဝတ်လုံလုပ်မယ်၊ ဒီအင်္ကျီ မျိုး ကျွန်တော် သိပ်ဝတ်ချင်တာပဲ"
"ဒါဖြင့် မင်း စာကိုကြိုးစားသင်ပေါ့၊ ဟုတ်လား"
အတာက ပြုံးပြုံးကြီး ခေါင်းညိတ်လိုက်ပြီးမှ ရုတ်တရက် မျက်နှာကလေးညှိုးသွားကာ
"ဒီလကုန်ရင် မမတို့လက်ထပ်မယ် ဟုတ်လား မမ ဟင်"
"အေး၊ ဒီလကုန်ရင် မမ ကျောင်းက"
ဆရာမ လည်း တစ်စုံတစ်ရာကို ချက်ချင်း သတိရလိုက်သည့်ပမာ အတာအား စိုက်ကြည့်နေပြီးမှ
"မမလေ ဒီလကုန်ရင် ကျောင်းက ခွင့်ခဏယူမယ်၊ လေးငါးရက်ဆိုပါတော့ကွယ်"
ထိုစကာကြားလိုက်ရမှ အတာ့တွင် မျက်နှာထား ကြည်လာနိုင်တော့ကာ
"ကျောင်းမထွက်ဘူး ဟုတ်လား မမ ဟင်" ဟု အလောတကြီး မေးလိုက်သည်နှင့်
"မထွက်ပါဘူးကွဲ့"
သို့သော် ထိုအဖြေနှင့် ဆရာမ အမူအရာမှာ သိသိသာသာ ခြားနားနေ၏။ အမှန်အားဖြင့် ဆရာမသည် ယခုလကုန်တွင် ကျောင်းထွက်ရန် ရည်ရွယ်ပြီးဖြစ်နေပေမည်။ ထို့ကြောင့်ပင် သူ ချစ်မြတ်နိုးသော အတာ ကလေး အား ကြိုကြိုတင်တင် သတိပေးလိုသည့်ဆန္ဒဖြင့် ပြောပြရန် ကြံခဲ့ပြီးမှ အတာကလေး စိတ်မကောင်းဖြစ်သွားမည်စိုး၍သာ စကားကို အဖျားရှုးပစ်လိုက်ခြင်း ဖြစ်လိမ့်မည်။ သို့သာ် အတာကား ဤအချက် ကို တစ်စိတ်ကလေးမျှ မရိပ်မိလိုက်ဘဲ ရွှင်မြဲပင် ရွှင်နေတော့၏။
ထိုနေ့ညနေဘက် တွင်လည်း ဆရာမ၏သူငယ်ချင်းရောက်လာသေး၏။ သို့သော် ယမန်နေ့ကလောက် မကြာလှ ဘဲ ခဏမျှသော တီးတိုးပြောဆိုပြီး ပြန်ထွက်သွား၏။
ဆက်ရန်
.

1 comment:
ကျေးဇူးပါ
Post a Comment