ထိုနေ့ညနေဘက် တွင်လည်း ဆရာမ၏သူငယ်ချင်းရောက်လာသေး၏။ သို့သော် ယမန်နေ့ ကလောက် မကြာလှ ဘဲ ခဏမျှသော တီးတိုးပြောဆိုပြီး ပြန်ထွက်သွား၏။ ကို ဆက်ဖတ် ရန်.......
ထိုနေ့မှာ လဆန်း ၁ ရက်နေ့ဖြစ်သည့်အတိုင်း အတာသည် ကျောင်းလခအတွက် ရင် တလေး လေးနှင့်ပင် ကျောင်းသို့ထွက်လာခဲ့၏။ သို့စေကာမူလည်း ၁၀ ရက်နေ့လောက်အထိ ရက်ချိန်း ရွှေ့နိုင်သည် ကို တွေးမိသည်နှင့် ရင်လေးမှုပေါ့သွားကာ ခြေလှမ်းပါ သွက်လာ၏။ ရှစ်နာရီ သာသာလောက် တွင် ကျောင်းသို့ရောက်ခဲ့၍ အတန်းထဲဝင်ထိုင်လိုက်မိသည်နှင့်
"ဟာ ကျော်ကျော်၊ မင်း ဒီနေ့အစောကြီးရောက်နေတယ်"
အတာလည်း ကျောင်းသို့ဤလိုအချိန် ရောက်လေ့မရှိဘူးသူတစ်ယောက်ကို အံ့အားသင့်စွာ မြင်လိုက်ရ သလို အသံမျိုးဖြင့် မေးလိုက်သည်ကို ကျော်ကျော်ဆိုသူ ဖြူဖြူသေးသေး ကျောင်းသားကလေးက
"အေးပေါ့၊ ဒီနေ့ တို့မမ အလုပ် စဆင်းတဲ့နေ့မို့ စောစောလာတာကွ"
အတာ လည်း ကျော်ကျော်က ဘာဆိုလိုသည်ကို ကွဲကွဲပြားပြား နားမလည်လိုက်သောကြောင့်
"ဟေ့ ကျော်ကျော်၊ ဘာလဲကွ၊ မင်းတို့မမက ဘာအလုပ်ဆင်းတာလဲ"
"ဒီကျောင်း မှာ တို့မမ အလုပ်ရသွားပြီကွ၊ ကျောင်းဆရာမ အလုပ်ပေါ့၊ တို့အတန်းထဲမှာပဲ စာသင်ရလိမ့် မယ်လို့ ပြောတာ"
"ဟင်"
အတာလည်း သို့လျှင် ပါးစပ်အဟောင်းသားနှင့် ရေရွတ်လိုက်မိပြီးမှ
"တို့အတန်းမှာ မင်းတို့မမက စာသင်လိမ့်မယ် ဟုတ်လား၊ ဒါဖြင့် တို့အရင်မမကော"
"တို့မမ ကပြောတော့ အရင်ဆရာမက ကျောင်းထွက်သွားပြီတဲ့ကွ၊ ဒါကြောင့် ငါတို့မမ အလုပ်ရတာပေါ့၊ အရင်ဆရာမက ယောက်ျားယူသွားပြီလို့ ပြောတာပဲ"
ထိုစကား ကြားလိုက်ရသည်နှင့် အတာလည်း လွယ်အိတ်ကို ဝုန်းခနဲပစ်ချရင်း စိတ်ရောကိုယ်ပါ နုံးသွား သလို ကပိုကရိုကြီး ထိုင်ချလိုက်တော့၏။ အတန်ကြာသည့်တိုင်အောင် ကြက်သေသေနေသော အတာ တွင် မသိမသာ မျက်ရည်ဝေလာ၏။
"ငါချစ်တဲ့မမ ငါ့ကိုချစ်တဲ့ မမ"
အတာတွင် ထိုမျှသာ ရေရွတ်နိုင်၏။ ဝေနေသော မျက်ရည်များယိုကျမလာစေရန် သို့မြည်တမ်းရင်းက ပင် အံကလေးကြိတ်၍ စိတ်ကိုတင်ထားရှာ၏။ အတာတွင် ကျော်ကျော်ပြောလိုက်သော စကားကိုကြား ရသည့်အချိန် မှစ၍ အလွန်အမင်း ညှိုးငယ်နေ၏။ ဝတ္တရားရှိသည့်အတိုင်း ကျောက်သင်ပုန်းသုတ်၍ စားပွဲကုလားထိုင် ရှင်းရသည်ပင် စိတ်မပါတော့သလို ဖြစ်နေ၏။ နောက်ကျောင်းတက်၍ ဘုရားရှိခိုးပြီး သည်အထိ သူ့စိတ်တွင် မကြည်လင်နိုင်သေး။ အတွေးပေါင်းချုပ်ဖြင့် စိတ်ရှုပ်နေရှာ၏။
ဘုရားရှိခိုးပြီးကြ၍ ကိုယ့်အတန်းရှိရာ ကိုယ်အသီးသီးပြန်ခဲ့ကြသည်၌ အတာတို့လည်း အတန်းထဲဝင် လိုက်သည်နှင့် ကျော်ကျော်ပြောသည့်အတိုင်း သူ ချစ်သောမမကို မတွေ့ရတော့ဘဲ အခြားဆရာမ အသစ် တစ်ဦး ထိုင်နေသည်ကို မြင်လိုက်ရသဖြင့် အတာတွင် ပို၍ဝမ်းနည်းသွား၏။ မျက်ရည်လည်း ဝေ ကျလာ၏။
"ဒီအတန်းထဲက မော်နီတာ ဘယ်သူလဲ၊ လာစမ်းဟေ့၊ ဒီကိုခဏ"ဟု အတန်းသားများ ကိုယ့်နေရာကိုယ် မရောက်သေး မီပင် ကြိုကြိုတင်တင် ခေါ်လိုက်သောကြောင့် အတာကလေးတွင် ရုတ်တရက် မျက် ရည်သော် မျှ မသုတ်နိုင်ရှာဘဲ ပျာပျာသလဲ စားပွဲရှေ့တွင် ရပ်လိုက်ရတော့၏။
"မင်း မော်နီတာလား"
"ဟုတ်ကဲ့"
ယခုမှပင် အတာ ဤလိုဖြေရင်း မျက်ရည်သုတ်ရင် သတိရတော့၏။
"မင့်နာမည်က ဘယ်လိုခေါ်သလဲ"
"အတာ လို့ ခေါ်ပါတယ် မမ"
ဆရာမ၏အမူအရာတွင် ပြုံးပြုံးရွှင်ရွှင်မတွေ့ရ။ မေးပုံလေသံမှာလည်း ယခင်ဆရာမနှင့်စာသော် အနည်း ငယ် မာသည်ဟု ထင်ရ၏။
"မင်း ဘာပြုလို့ ငိုနေတာလဲ"
သို့ မေးလိုက်မှ အတာတွင် ပို၍ဝမ်းနည်းသွားသလို မျက်ရည်သည် ဒလဟော ယိုကျလာ။ ထိုဆရာမ ကလည်း အတာ ဘာ့ကြောင့်ငိုသည်ကို ရိပ်မိလိုက်၍လောမသိ။
"ဘာလဲ ကျောင်းထွက်သွားတဲ့ မင်းတို့ဆရာမဟောင်းကု သတိရလို့ ငိုတာလား"
အဖြေရ ခက်နေသော အတာသည ယခု ထိုစကားကိုကြားရမှ အသက်ရှု ကလေး ချောင်သွား သလိုဖြင့် ခေါင်းညိတ်ပြရင်း
"ကျွန်တော် ဟိုမမ ကို အောက်မေ့လို့ပါ ခင်ဗျာ"
ထိုစကားကို လားလားမျှ မကျေနပ်သလို အမူအရာမျိုးဖြင့် ဆရာမသည် အတာအား တွေစိုက်ကြည့်နေ ပြီးမှ
"ဒီမမ အသစ်ရောက်လာတာ မင်း သဘောမကျဘူးလား"
ထိုအမေးကြောင့် အတာ သုတ်သုတ်ကလေး မော်လာပြီး
"ဟုတ်ပါဘူး မမ၊ ကျွန်တော် မမကိုလဲ သဘောကျပါတယ်၊ ဟိုလေ ကျောင်းထွက်သွားတယ်ဆိုလို့ ဝမ်းနည်းပြီး"
"အေး နောက်ကိုမငိုနဲ့၊ အတန်းထဲမှာငိုတာ မမ မကြိုက်ဘူး"
မျက်နှာထားတင်းတင်းနှင့်ပင် ဆရာမသည် တစ်လုံးချင်းပြောလိုက်၏။ ဆရာမတို့မည်သည် ဤလို သဘောထားသေး ရန်မဟုတ်။ ဤလိုမေးခွန်းမျိုးလည်း ထုတ်ရန် မလိုလားအပ်ပါဘဲလျက် နှစ်သက်ဖွယ် မဟုတ်သော စကားအပြုအမူဖြင့် သူသည် ပွဲဦးထွက် နှုတ်ဆက်လိုက်ချေ၏။
တစ်နံနက်ခင်းတစ်ချိန်လုံးပင် ဆရာမသည် အတာကိုသာလျှင် တစ်ယောက်တည်းသော အာရုံစူးစိုက် စရာသဖွယ် မကြာခဏ အကဲခတ်လျက်ရှိတော့၏။ အတာတွင်လည်း ယနေ့အဖို့၌ မပျော်နိုင် မရွှင်နိုင် နှင့် တမှိုင်မှိုင် သာလျှင် ငေးနေမိ၏။
နေ့လယ် မုန့်စားလွှတ်ခဲ့လေပြီ။ အတာတွင်မူ အသစ်အဟောင်းမခွဲခြား၊ ဝတ္တရားရှိခဲ့သည့်အတိုင်းပင် ဆရာမ စားပွဲတွင်လာရပ်လျက်
"ဘာစားမလဲ မမ၊ ကျွန်တော် သွားမှာပေးမယ်လေ"
အလွန်ပင် မျက်နှာလိုချင်နေသော အမူအရာကလေးဖြင့် အတာက ပြောလိုက်သည်ကိုပင်
"နေပေ့စေ"ဟု ဣနြေ္ဒတည်တည်ဖြင့် ပြောရင်း သူ့မောင်ဖြစ်သူ ကျော်ကျော်အား လှမ်းခေါ်လိုက်၏။ ဆရာမ သည် သူ့ကို အလိုမရှိ။ သူ့မောင်ကျော်ကျော်ကိုသာ ခိုင်းမည်ဟူသော ဆရာမ၏ဆန္ဒကို ရိပ်မိ လိုက် သည်နှင့် စိတ်မကောင်းဖြစ်သွားကာ မသိမသာ ထွက်ခွာသွားရတော့၏။
သို့တိုင်အောင် မနေတတ်သော အတာသည် ကျော်ကျော် ထွက်သွားရာသို့ မလှမ်းမကမ်းမှ စောင့် ကြည့်နေ၏။ လက်သုပ်ပန်းကန်နှင့် ဟင်းခါးပန်းကန်၊ ထိုနှစ်ခုကို ကျော်ကျော်သည် မကိုင်တတ် မတွယ် တတ်နှင့် တုန်တုန်လှုပ်လှုပ်ရှိနေသောကြောင့် အပြေးကလေး လှမ်းသွားကာ
"ကျော်ကျော် ဟင်းခါးပန်းကန် ငါ့ကိုပေး၊ မတော်တို့ ဖိတ်ကျရင် အပူလောင်လိမ့်မယ်၊ ငါ့ကိုပေး၊ ငါကိုင် လာခဲ့မယ်" သို့နှင့် ရှေ့ဆင့်နောက်ဆင့် ဝင်လာခဲ့ကြ၍ ဆရာမစားပွဲပေါ် အသီးသီးချပေးပြီးသည်နှင့်
"ကျွန်တော်တစ်ယောက်ထဲ မနိုင်လို့ အတာပါ ဝိုင်းသယ်လာတယ် မမ"
အတာကလေးဆီသို့ တစ်မျိုးအမူအရာဖြင့် မော်ကြည့်နေသူ ဆရာမအား ကျော်ကျော်က သို့ လျှင် ပြောလိုက်ပြီးမှ
"မမ အတာလေ စာတွေဘာတွေ သိပ်တော်တာပဲ၊ နောက်ပြီး ဘာမဆို သူလုပ်တတ်တာပဲ၊ ဒါကြောင့် ဟိုဆရာမ က သူ့ကိုသိပ်ချစ်တာပဲ၊ သူကလဲ ချစ်တယ်၊ မနက်ကတောင် ကျွန်တော့်ကို ပြောသေးတယ်၊ ဟို ဆရာမ ကျောင်းထွက်သွားတာ သူ သိပ်ဝမ်းနည်းတာပဲတဲ့"
ကျော်ကျော့်စကားကြောင့် အတာတွင် အနေရခက်သွား၏။
"ပြီးတော့လေ ကျွန်တော်တို့ကိုလဲ အတာက အားကြီးချစ်တယ်၊ စာတွေ ဘာတွေ မရရင်လဲ သူ ပြပေး တယ်" "အေး သွားကြတော့"
ဆရာမက သို့လျှင် တိုတိုပြတ်ပြတ် ပြောလိုက်သောကြောင့် နှစ်ယောက်စလုံးပင် ဆရာမအနီးမှ ထွက် ခွာလာခဲ့ကြ၏။ အတာတွင် စိတ်လက်မကြည်မသာရှိနေသလောက် ကျော်ကျော်တွင်မူ အတော် က လေး ပျော်နေဟန်တူ၏။ အတာအား လည်ပင်းကလေးကိုဖက်၍ ထွက်လာကြရာမှ
"ဟေ့ အတာ၊ မင်း မုန့်စားပြီးပလား"
ကျော်ကျော်မေးသည်ကို အတာ ရုတ်တရက် မဖြေ။ စားချင်စိတ်လည်း မရှိတော့စေကာမူ ဗိုက်ထဲမှ ဆာဆာ ရှိသည်နှင့် သူအလွန်ကြိုက်သော ခေါက်ဆွဲကြော်ဆိုင်ရှေ့တွင်ပင် ရပ်တဲ့ကာ
"ငါတော့ ခေါက်ဆွဲကြော်ပဲစားမယ်၊ မင်းကော" "အေး ငါလဲ မင်းစားတာပဲ စားမှာပေါ့"
ခေါက်ဆွဲကြော်တစ်ထုပ်စီဝယ်၍ အတာ စားနေကျ နေရာဖြစ်သော ဆောင်တော်ကူး ပင်အောက် သို့ လျှောက်လာကြ၏။
"ဟေ့ အတာ၊ မင်း တို့မမ ကို သတိထားနော်၊ အားကြီးဆိုးတယ်ကွ၊ သိလား"
ခေါက်ဆွဲ စားနေရင်း ကျော်ကျော်က ဤသို့ သတိပေးနေသောကြောင့် အတာ စိတ်ဝင်စားလာပြီး
"ဟုတ်လားကွ ဟင်၊ သူက ဘယ်လိုဆိုးတာလဲ"
"တို့အိမ်မှာ ခု ဒီမမရယ်၊ သူ့ထက်အကြီး မမရယ်၊ ငါရယ်၊ ငါတို့ညီမလေးရယ် အားလုံးလေးယောက်ရှိ တယ်၊ ခု ဒီမမဟာ ဘယ်သူနဲ့မှမတည့်ဘူး၊ ငါနဲ့ပဲ တည့်တယ်ကွ၊ ငါ့ကိုတော့ သူ သိပ်ချစ်တာပဲ"
ကျော်ကျော့် စကားများမှာ ကျောင်းကိစ္စနှင့် ပတ်သတ်ခြင်းမရှိသောကြောင့် အတာ တွင် စောစော က လောက် စိတ်မဝင်စားတော့ဘဲ သာမန်အားဖြင့် သာ ခေါင်းညိတ် နားထောင်နေ လိုက်၏။
"ခု ဒီမမဟာ သိပ်ရယ်စရာကောင်းတာပဲကွ၊ ငါ့ညီမလေးနဲ့လဲ သူ ရန်ဖြစ်ချင်ဖြစ်တာကွ၊ ဒါကြောင့် ဖေဖေတို့ကလေ သူ့ကို နင်ဟာ ကလေးလိုပဲတဲ့၊ နင် ကျောင်းဆရာမ လုပ်လို့ ဖြစ်ပါ့မလားတဲ့၊ တော်ကြာ ကျောင်းက ကလေးတွေနဲ့ဖက်ပြီး ရန်ဖြစ်မနေနဲ့ဦးတဲ့၊ ခဏခဏ သူ အဆူခံ ရတယ်ကွ"
ဤတွင်တစ်ဖန် အတာကလေး စိတ်ဝင်စားလာပြန်၏။
"မင့်ကိုတော့ ချစ်တယ်ဆို"
"ဟား ဟား ငါက ညာပြီးတုပ်နေတာကွ၊ အိမ်မှာဆိုရင် ငါ့ညီမလေးနဲ့ ငါ့ကို အမြဲမေးတယ်ကွ၊ သူနဲ့ အစ်မကြီးကို ဘယ်သူ့ပိုချစ်သလဲတဲ့၊ ညီမလေးကတော့ အစ်မကြီးကို ပိုချစ်တယ်ပြောလို့ သူနဲ့ မတည့် ဘူး၊ ငါကတော့ ခု ဒီမမကို ပိုချစ်တယ်ဆိုပြီး ညာနေတာ၊ မုန့်တွေဘာတွေ ဝယ်ဝယ်ကျွေးတယ်ကွ၊ ဒါပေမဲ့ သူ စိတ်ဆိုး လာရင် အားကြီးရိုက်တာပဲကွ၊ ငါ မုန်းတယ်၊ ပြီးတော့ မေမေက သူ့ကိုမချစ်ဘူးလို့ ပြောရင် တစ်ခါ တည်း အော်ငိုတာပဲကွ၊ သိပ် ဒေါသကြီးတာပဲ"
အတာ ချက်ချင်း သတိရလာ၏။ နံနက် ကျောင်းတက်စက ယခင်ဆရာမအကြောင်းနှင့် ပတ်သက် ၍ ပြောခဲ့သည်တွင် ယခု ဆရာမ မျက်နှာထားမကြည်သည်မှာ ဤသို့သောအကြောင်းကြောင့်ပင်ဟု အတာ သည် ယခု သဘောပေါက်သွားပြီဖြစ်၏။
ညနေ ကျောင်းလွှတ်ရန် ဆယ်မိနစ်ခန့်သာလိုတော့သောအချိန်တွင် ဒရဝမ်အဘိုးကြီး စာလာပေးသ ဖြင့် ဆရာမသည် ကျောင်းအုပ်ကြီးရှိရာ အပေါ်ထပ်သို့တက်သွား၏။ ဆရာမကပင် မှာကြား တာဝန်မ ပေးခဲ့သော်လည်း အတာသည် ဆရာမထွက်သွားသည်နှင့် ထိုင်ရာမှထလာကာ စားပွဲအနီးတွင် ရပ် လျက် အတန်းမဆူအောင် ထိန်းနေ၏။
မကြာမီပင် ဆရာမ ပြန်ဆင်းလာသည်ကို တွေ့ရသည်နှင့် အတာလည်း သူ့နေရာသူပြန်ရန် ခြေလှမ်း ကလေး ပြင်လိုက်သည်နှင့် "ဟေ့ ဘာလာလုပ်သလဲ ဒီစားပွဲနားကို"
"မမ အပေါ်တက်သွားလို့ အတန်းကို စောင့်နေတာပါ" ဤတစ်ကြိမ်တွင်မူ ဆရာမ အမူအရာသည် ပျူပျူငှာငှာဖြစ်လာသည် ကို တွေ့ရသောကြောင့် အတာ ဝမ်းအသာကြီး သာသွား၏။
"အေး အေး သွား"
အပြုံးကလေးပါနှော ၍ ဆရာမက ပြောလိုက်သောကြောင့် အတာတွင်ပါ ရွှင်လျက် ကြည်ကြည်လင် လင် ဖြစ်သွားတော့၏။
ထိုနေ့သည် အသစ်ဖြစ်သော ဆရာမရောက်လာသည့် ၄ ရက်မြောက်နေ့ဖြစ်၏။ သွက်လက်ချက်ချာ၍ ပေါ့ပေါ့ပါးပါးရှိလှသော အတာ၏ အရည်အချင်း ကို ကောင်းကောင်းသိ သွားပြီဖြစ်သော ဆရာမလည်း တတိယမြောက်နေ့မှာပင် စတင်၍ အတာ့ကိုသာလျှင် စားသောက်ဖွယ်ရာ များ အမှာခိုင်းခဲ့၏။ ယနေ့ လည်း ကိစ္စဥဿုံ အကုန်ဆောင်ရွက်ပေးခဲ့ပြီး၍ အတာသည် ကျော်ကျော်၊ ရာမာ၊ ချစ်အောင် တို့နှင့် အတူ ကစားနေ၏။
ပထမသော် အေးအေးလူလူပင် ဆောင်တော်ကူးပင်အောင်၌ ခဲလုံးကြီးကြီးတစ်ခုကို ခဲလုံးသေးသေး ကလေး များဖြင့် သူထိငါထိပေါက်၍ ကစားနေရာမှ ကျော်ကျော်သည် ရုတ်တရက် ထသွား ကာ ဆောင် တော်ကူးပင်ပေါ်တက်၍ အကိုင်းတစ်လက်တွင် တွဲလောင်းခိုချ လိုက် သဖြင့် ကျော်ကျော့်ခြေဖျားသည် ထိုင်နေသော အတာ့ခေါင်းကို ခတ်မိသွား၏။
"ဟေ့ကောင်"
အတာလည်း သို့လျှင် ရေရွတ်လိုက်ပြီးမှ ဖိနပ်နှင့်ထိသွားသော သူ့ခေါင်းမှ ဖုန်များကိုခါရင်း နာပင် မနာ စေကာမူကလေးတို့ သဘာဝအတိုင်း ကလဲ့စားချောသည့်သဘောမျိုးဖြင့် တွဲလောင်း ကျနေသည့် ကျော်ကျော့်ခြေနှစ်ဖက်ကို နောက်ပိုင်းမှစု၍ကာ ရှေ့တိုးနောက်ငင်လုပ်ရင်း
"ဟေ့ ကျော်ကျော် ကြောက်ပလား မင်း ဟင်"
"ကြောက်ပါပြီကွ၊ လွှတ်ပါ ငါ လိမ့်ကျလိမ့်မယ်၊ ဟေ့ အတာ လွှတ်ပါကွ"
ကျော်ကျော်မှာ အတာဆွဲရာသို့ ယိမ်းထိုးပါနေရာမှပင် ကြောက်လန့်တကြားအော်၍ တောင်းပန်လျက် ရှိ၏။ အတာကလည်း ကစားသည့်သဘောမျိုးဖြင့် ရယ်ကာမောကာပင် ဆွဲ ထားသော ကျော်ကျော် ၏ ခြေနှစ်ဖက်ကို မလွှတ်သေးဘဲ ရှေ့တိုးနောက်ငင် ဆွဲလျက်ပင်ရှိနေရာမှ
"ကျော်ကျော် မင်း ငါ့ခေါင်း ကို ကန်ဦးမလား ပြော"
"မကန်ပါဘူးကွ၊ ငါ တမင်ကန်တာမဟုတ်ပါဘူး၊ မတော်လို့ပါကွာ လွှတ်ပါ၊ ငါ ကျလိမ့်မယ်"
သို့ပြောနေဆဲ မှာ ပင် တွဲလောင်းခိုနေရသည်မှာ ကြာပြီဖြစ်သည့်အတိုင်း ကျော်ကျော်တွင် လက်ကြာကြာ မမြဲနိုင်တော့ဘဲ အတာက နောက်သို့အဆွဲလိုက်တွင် ကျော်ကျော်မှာ တစ်ခါတည်း မှောက်လျက်သား လွတ်ကျ သွားတော့၏။
ဆက်ရန်
.

1 comment:
thanks u for ur post
Post a Comment