Monday, April 2, 2012

တင်မောင်မြင့် ၏ နွေကန္တာ, အပိုင်း (၁၇)

(" ကဲ ... တို့ သီရိမြိုင်ကိုသွားပြီး ဂျာဗာစိဆီမှာ ပြင်သစ်ယဉ်ကျေးမှုတွေ သင်ကြစို့၊ တို့အားလုံး အင်္ဂလိပ်တွေ မဟုတ်တောဘူး၊ စပိန်တွေ ဖြစ်ကုန်ကြပြီ၊ တို့ကိုယ်တို့ ဘရင်ဂျီတွေလား၊ ဒါမှမဟုတ် ဒိဋ္ဌိတွေ လား ဆိုတာ ဘယ်သူမှ မသိကြတော့ဘူး။ အမိန့်စာတွေက စပိန်ဘာသာနဲ့ ရေးထားတော့ ဘယ်သူ မှ မဖတ်တတ်ကြဘူး၊ ဒယ်လ်ရွိုင်းတစ်မြို့လုံး စပိန်စာ ဖတ်တတ်တဲ့လူက သုံးယောက် တောင်မပြည့်ဘူးလေ " ပြောပြော ဆိုဆို ဂျူးဒစ်ပါးကလေးကို မနာအောင် လိမ်ဆွဲ ရင်း အော်ရယ်နေသည်။) ကို ဆက်ဖတ်ရန်

" အစ်ကို အရက်မူးလာသလား၊ ဘာတွေ ဖြစ်နေတာလဲဟင် "
ဆေးတံကိုထုတ်ပြီး သူ ဆေးတစ်ဆုံဖြည့်သည်။
" အိန်ဂျဲလစ် ကို ခေါ်ပါဦး၊ မီးယူခဲ့လို့၊ ဖြစ်ချင်တိုင်း ဖြစ်ကုန်ပြီလေ၊ ဆီညော်ဂါလ်ဗက်ဇ်ရဲ့ စစ်တပ်တွေ ကာတွန်ရုဂ် ကို သိမ်းလိုက်ပြီ "
" ကိုယ့်ဘာသာကိုယ် ခေါ်ပါလား၊ ကဲ ဆက်ပြောပါဦး "
" အင်္ဂလိပ်ခံတပ်ကိုလည်း သိမ်းလိုက်တယ်၊ ကောင်းတာပေါ့၊ ဒီကောင်တွေ နှစ်ပေါင်းများစွာ အိပ် လိုက် စားလိုက်နဲ့၊ ၀ဋ်ကျွတ်သွားတာပေါ့ "
ဂျူးဒစ်က ခြေထောက်ဆောင့်ပြီး -
" ပီပီသသ ပြောစမ်းပါ၊ အဲဒီဆေးတံကြီးကို ကိုက်ပြီး မပြောစမ်းပါနဲ့၊ နောက်ပြီးတော့ကော .... "
" နောက်ပြီးတော့ ... "
ဖီလစ်က နံရံမှ ကြိုးကို လှမ်းဆွဲပြီး ဆက်ပြောသည်။

" ဘုရင်ခံက ဗိုလ်ကြီး ဒီလာဗီရီဗိုရီကို လွှတ်လိုက်တာ၊ ပြီးတော့ .... "
" ဗိုလ်ကြီး ဘယ်သူ "
" မိန်းမရယ်၊ အဲဒီနာမည် ခေါ်ရတာ ပင်ပန်းလွန်းလို့ ထားလိုက်ပါတော့၊ အဲဒီဗိုလ်ကြီးကို ဂါလ်ဗက်ဇ်က နက်ချက်မြို့ကို လွှတ်လိုက်သတဲ့၊ မြို့ကလေးက ဘာမှ အကာအကွယ် မရှိဘူး မဟုတ်လား၊ အဲဒီကနေပြီး ခုတင်က ပြောတဲ့ ဗိုလ်ကြီးက မန်းချက်ကို လှမ်းသိမ်းတာ၊ မန်းချက်က မြို့မိမြို့ဖတွေကို ခေါ်ပြီး မန်းချက်မြို့ဟာ ဘုန်းတော်ကြီးမြတ်လှစွာသော စပိန်ဘုရင်မင်းမြတ် ရဲ့ ခြေဖ၀ါးတော်အောက် ကို ရောက်သွားပြီဖြစ်ကြောင်း ကြေညာတယ်တဲ့လေ၊ အဲဒီတော့ ကျေးဇူးတင် ပါတယ် လို့ ပြောရ မလား၊ ပြန်ချရမလား၊ အိန်ဂျဲလစ် ... မီးယူခဲ့စမ်း "
" ဟုတ်ကဲ့ အစ်ကိုလေး "
အိန်ဂျဲလစ် ပြုံးပြီး ပြန်ထွက်သွားသည်။ နှစ်ယောက်သား ခုတင်ပေါ်တွင် ယှဉ်ထိုင်လိုက်ကြသည်။

ဂျူးဒစ်က - " အစ်ကို ကလည်း ဘာမှန်းမသိဘူး၊ ဆက်ပြောလေ၊ စစ်ဖြစ်ကြဦးမှာလားဟင် "
" မဖြစ်ပါဘူး၊ သူတို့က ကျေးဇူးတင်ပါတယ်လို့ ပြန်ပြောကြတယ်တဲ့၊ ကဲ ... ခု တို့ နေရင်းထိုင်ရင်း စပိန် လက်အောက် ရောက်သွားပြီ "
" ဒါထက် ဘုရားရှိခိုးကျောင်းက ဘာဖြစ်တယ် "
" ဒီမယ် မိန်းကလေး၊ စပိန်ပိုင်နက်အတွင်းမှာ နှစ်ခြင်းခရစ်ယာန် ဘုရားရှိခိုးကျောင်းရှိတယ် ကြားဖူးလား၊ ဆီလ်ဗီဂျူဟန်ကတော့ ဒါ တရားပါတယ်တဲ့၊ ပြင်စ်က စပိန်ကို အင်္ဂလိပ်လကထဲ ထိုးအပ်တုန်းကလည်း ဘရင်ဂျီ ဘုန်းကြီးကျောင်းတွေ အားလုံး ပိတ်ခိုင်းခဲ့ဖူးတာပဲတဲ့ "
ဖီးလစ် က ရယ်ပြီး အိန်ဂျဲလစ် ယူလာသည့် မီးဖြင့် ဆေးတံညှိသည်။

" ကဲ ... ၀ိုင်ယူခဲ့စမ်းဟေ့ အိန်ဂျဲလစ်၊ စပိန်ဘုရင် သက်တော်ရာကျော် ရှည်စေကြောင်း ဆုတောင်းပြီး တို့ သောက်ကြရအောင် "
" ဂျော့ဘုရင်က ဘာမျ ပြန်မလုပ်ဘူးလား "
" ဂျော့ဘုရင်ကလား၊ သူက အမေရိကန်မှာရှိတဲ့ သူ့ ကိုလိုနီတွေကို တစ်ခုခုလုပ်ဖို့ ကြိုးစားနေ တာ လေးနှစ်ရှိပြီလေ၊ ဘာမှလည်း အကြောင်းမထူးဘူး၊ ဟော ... ၀ိုင်ရောက်လာပြီ၊ ကဲ တို့တစ်တွေ စပိန်ဖြစ် တဲ့ အထိမ်းအမှတ်နဲ့ သောက်ကြရအောင် "
သူက ပုလင်းထဲမှ ၀ိုင်ကို ငှဲ့ပြီး -
" အောက်တိုဘာလ ငါးရက်၊ ၁၇၇၉ ခုနှစ်၊ ဘုရင် ... ဘာတဲ့ ... သူ့နာမည် ဘယ်သူ "
" အစ်ကို့နာမည်ပဲ မဟုတ်ဘူးလား၊ ဖီးလစ်လေ "
" မဟုတ်ဘူး၊ အဲဒါက အဲလီဇဘက်ဘုရင်မနဲ့ စစ်တိုက်တဲ့တစ်ယောက်၊ နေဦး ... ချားလ်(စ်) ထင်တယ်၊ ကိုယ်လည်း သေသေချာချာ သိတာ မဟုတ်ဘူး၊ အိန်ဂျဲလစ် ငါတို့ရဲ့ ရှင်ဘုရင်နာမည်ရှာဖို့ ငါ့ကို သတိပေးစမ်း ကြားလား "
" မမလေး၊ အစ်ကိုလေး ဘာတွေ ပြောနေတာလဲဟင် "
" ဘာမှ မဟုတ်ဘူးဟေ့၊ မူးနေတာ ... မူးနေတာ "

ဘုရားရှိခိုးကျောင်း မသွားရတော့ ဂျူးဒစ်တစ်ယောက် တနင်္ဂနွေနေ့များတွင် ဘာလုပ်ရမှန်း မသိဘဲ ယောင်တောင်တောင် ဖြစ်နေသည်။ ဥပုသ်နေ့တွင် အခြားကိစ္စများကို ဆောင်ရွက်ရန် မလျော်၍ အကောင်းဆုံးနည်းဖြင့် ဖြေရှင်းလိုက်သည်။ တနင်္ဂနွေနေ့တိုင်း ဧည့်သည်များအား ညစာကျွေးသည်။
အကျွေး အမွေးဖြင့် ဧည့်ခံခြင်းသည် အလှူအတန်းပေးခြင်း တစ်မျိုးဖြစ်၍ ဥပုသ်နေ့နှင့် ဆန့်ကျင်စရာ မရှိပေ။ ညစာ အတွက် တစ်နေကုန်ပြင်ဆင်ချိန်ရသဖြင့် ပိုအဆင်ပြေသည်။
စပိန် လက်အောက်သို့ ရောက်သွားခြင်းကြောင့် ဂျူးဒစ်အတွက် အပြောင်းအလဲမှာ ဤမျှသာပဲ ဖြစ်၏။ စပိန်ဘုရင်ခံက လူနပ်လူပါး။ လွတ်လပ်စွာ ကုန်သွယ်ခွင့်၊  ရောင်းဝယ်ဖောက်ကား ခွင့်ပေး ကြောင်း ကြေညာသဖြင့် ဆန့်ကျင်သူ များများစားစား မရှိလှပေ။ အင်္ဂလိပ်စကားပြော ဒေသများသို့ အင်္ဂလိပ်စာ တတ် အိုင်ယာလန်သား ဘုန်းတော်ကြီးတစ်ပါး စေလွှတ်ပြီး သာရေးနာရေး ကိစ္စများ ဆောင်ရွက်ပေးစေသည်။ သို့သော် နှစ်ခြင်း ခရစ်ယာန် ဘာသာဝင်များ ဘုရားကျောင်းကန် တွင် စုဝေး၀တ်ပြုခြင်းကိုမူ တရားမ၀င်သောနည်းဖြင့် ပိတ်ပင်ထားသည်။

နွေဦးမပေါက်ခင် ၀က်သစ်ချမြိုင်သို့ ဂျာဗာစီ ရောက်လာသည်။ နယူးအော်လီယန်းသို့ သူနှင့် လိုက်ခဲ့ရန် ခေါ်သည်။ နိုင်ငံရေး ရာသီဥတုလည်း ကောင်းနေပြီဖြစ်၍ လမ်းခရီး မှာ အေးအေးဆေးဆေး ဖြစ်နေပြီ။ ဂျာဗာစီ၏ အစ်ကို ကျွန်ကုန်သည် လှေကြုံလည်း ရှိနေသည်။
ပြည်နယ်မြို့တော်ကြီး ကို မြင်တွေ့ရတော့မည်။ ဂျူးဒစ် ပျော်နေသည်။ ကလေးတွေကို ထားခဲ့ရမှာ တစ်ခု ပဲ စိတ်ထဲ စနိုးစနောင့် ဖြစ်နေ၏။ ဖီးလစ်က အိန်ဂျဲလစ်နှင့် စိတ်ချလက်ချထားခဲ့ဖို့၊ အိမ်ကိစ္စ လည်း မပူ ဖို့ ပြောသည်။

အနားယူဖို့ လိုသည်ကိုလည်း ကိုယ့်ကိုယ်ကိုယ် သိနေ၏။ ကြောက်မက်ဖွယ် နွေဆိုးက ရောက်လာ ဦးတော့မည်။ စွတ်စွတ်စိုစို၊ ပူပူလောင်လောင်၊ ပြီးတော့ ခြင်တရုန်းရုန်းနှင့်။ အိမ်နံဘေး ပတ်ပတ် လည်တွင် မီးပုံရှို့ ရဦးမည်။ တံခါးတွေ ၂၄ နာရီ ဖွင့်ထားရသည့် ရာသီဖြစ်၍ အိမ်ထဲတွင် မီးခိုးတွေ လုံးပြီး မျက်ရည် တရွှဲရွှဲနှင့် နေရသည့်ကာလ။
မဲနယ်ပင်တွေ အတောင်အလက်စုံပြီ ဆိုသည်နှင့် နှစ်စဉ် လာနေကျ နှံကောင်တွေ တရုန်းရုန်း ရောက်လာကြတော့မည်။ ပိုးသတ်ဆေး ဘယ်လောက် သုံးသုံး သူတို့ကို အနိုင်မယူနိုင်။
" ဒီကောင်တွေ ကို နိုင်မည့်နည်းလမ်း မရှိတော့ဘူးလား အိန်ဂျဲလစ် "
နေရောင် စူးစူးဝါးဝါး ပူနေသည့် တစ်မနက်ခင်းတွင် ဂျူးဒစ် မေးလိုက်သည်။ အိန်ဂျဲလစ်က ရယ်ပြီး -
" သူတို့က တစ်ကောင်သေရင် တစ်ကမ္ဘာလုံးမှာရှိတဲ့ သူတို့အမျိုးတွေ အသုဘပို့ဖို့ ရောက်လာကြ သလိုပဲ မမလေးရဲ့ "
ချွေးတွေ စိုရွှဲနေသည့် ဆံပင်ကို ဂျူးဒစ် နောက်သို့ ပင့်တင်လိုက်သည်။ လသာဆောင်တွင် ကစား နေကြသည့် ကလေးသံတွေက ဆူလွန်းလှပါကလား။ တံခါးကို အသာခေါက်ပြီး တံခါးစောင့် ကောင်လေး စီဇာရို ခေါင်းပြူ ၀င်လာသည်။

" အမျိုးသမီးတစ်ယောက် မမလေးနဲ့ တွေ့ချင်လို့ပါတဲ့ခင်ဗျ"
" ငါ ဘယ်သူနဲ့မှ မတွေ့ချင်ဘူး၊ ဒါလောက် ပူလောင်နေတာ၊ ဘယ်လိုလုပ်ပြီး စကားပြောမလဲ၊ အိန်ဂျဲလစ် ... နင်သွားလိုက်ဟာ၊ ပိုက်ဆံတောင်းတဲ့ မိန်းမဆိုရင်လည်း ထည့်လိုက်၊ ငါ့အိတ်ထဲမှာ အကြွေတွေရှိတယ်၊ ယူသွား "
အိန်ဂျဲလစ် ထွက်သွားသည်။ ခဏနေတော့ ပြန်ဝင်လာသည်။
" မမလေး၊ မစ္စဒိုလားရက်စ်ရယ် "
ဂျူးဒစ် ခုန်ထသည်။
" ဘုရား ... ဘုရား၊ ခေါ်ခဲ့ ခေါ်ခဲ့၊ အထဲ ခေါ်ခဲ့ "
သြော် ... ဒိုလားရက်စ် ပြန်လာဖော်ရသားပဲ။ ဒါလောက် ကြင်ကြင်နာနာ ဆက်ဆံနေလျက်က ဘာလို့များ ပစ္စည်းတွေ ယူပြီး ထွက်ပြေးသွားပါလိမ့်။ အိန်ဂျဲလစ် ပြန်ထွက်သွားသည်။ တံခါးကို နောက်ပြန်ပိတ်ခဲ့၏။

တံခါးဝတွင် ဒိုလားရက်စ် ပေါ်လာသည်။ လက်နှစ်ဖက်ကို ရှေ့တွင် ပတ္တာဆက်လျက်။ ပန်းပွင့်တွေ လွင့်ပြယ်နေပြီဖြစ်သည့် ပွင့်ရိုက်ချည်ထည် ၀တ်စုံကို ၀တ်ထားသည်။ ဦးထုပ်မှာလည်း ဟောင်းနွမ်း စုတ်ပြတ်နေပြီ။ မေးသိုင်းကြိုးက ဖွာလန်ကြဲလျက်။ နှုတ်ခမ်းတစ်ဝိုက် ချွေးကလေးများ စို့နေသည်။
ဂျူးဒစ် က သူ့ဆီ လျှောက်သွားပြီး -
" လာလေ ဒိုလားရက်စ်၊ တံခါးမှူးကောင်လေး ကို ဘာလို့ မင်းနာမည် မပြောလိုက်တာလဲ၊ မင်းထွက် သွားပြီးမှ သူ့ကို ၀ယ်လိုက်တာ ဆိုတော့ မင်းကို သူ မသိဘူးလေ "
ဒိုလားရက်စ် ပြုံးသည်။ ခါတိုင်းလိုပင် သွားကျိုးကလေးကို ဖုံးပြီး ပြုံးသည့် အပြုံးမျိုး။

" ကျွန်မ ရောက်လာတာ ဂျူးဒစ် စိတ်မဆိုးပါဘူးနော် "
" အို ... မဆိုးပါဘူး ဒိုလားရက်စ်ရယ်၊ မင်းကို ကိုယ် အမြဲတမ်း သတိရနေတာပါ၊ ထိုင်လေ "
ကုလားထိုင် တစ်လုံးတွင် ဒိုလားရက်စ် ၀င်ထိုင်သည်။ လက်ကိုင်ပ၀ါ အစွန်းကလေးကို ခဏ လိမ်ကျစ်နေ သည်။ ပြီးမှ မော်ကြည့်ပြီး -
" သားကလေး နေကောင်းရဲ့လား ဂျူးဒစ် "
" ရော်ဂျာကလေးက သိပ်ကျန်းမာတာပဲ ဒိုလားရက်စ်ရယ် "
ဂျူးဒစ်စိတ်ထဲ မသက်မသာ ဖြစ်သွားသည်။ သူ့ကလေးကို မိမိကိုယ်တိုင် ခိုးယူထားသလို ခံစားလိုက် ရသည်။
" ဖျားတယ်နာတယ်ဆိုတာ မရှိသလောက်ပဲ ဒိုလားရက်စ်၊ အဲ ... သွားပေါက်တုန်းက ခဏပဲ နေမကောင်းဖြစ်လိုက်တယ်၊ သူတို့အားလုံး သိပ်ဂရုစိုက်ကြပါတယ် "

" ခုလော်ဆို လမ်းလျှောက်နေရောပေါ့နော်၊ စကားကော ပြောနေပြီလား ဟင် "
" ဟုတ်တယ်၊ တောက်တက်တောက်တက်နဲ့ လျှောက်သွားနေပြီ၊ စကားလည်း တစ်လုံး စ နှစ်လုံးစ ပြောတတ်နေပြီ "
" အဖေလို့ ခေါ်တတ်နေရောပေါ့ "
ဂျူးဒစ် ဘာဖြေရမှန်းမသိ ဖြစ်သွားသည်။ လည်ချောင်းထဲတွင် ချည်ထွေးကြီး တစ်နေသလို ဖြစ်သွား၏။ ဒိုလားရက်စ် ၏ ပခုံးကို သိုင်းဖက်လိုက်ပြီး -
" ကိုယ် လုံးဝ စိတ်မကောင်းပါဘူး ဒိုလားရက်စ်ရယ်၊ ကိုယ်လည်း ဘာမှမတတ်နိုင်ဘူး၊ ကာလက်က ကလေးနဲ့ ပတ်သက်ပြီး သူလုပ်တာ မှန်တယ်လို့ ဇွတ်ယုံနေတယ်၊ ကိုယ် တကယ် စိတ်မကောင်းပါဘူး ဒိုလားရက်စ် ရယ် "
ဒိုလားရက်စ်က ဂျူးဒစ်၏ လက်ကို တင်းတင်းပြန်ဆုပ်ပြီး -
" ဂျူးဒစ်ဟာ ကျွန်မအပေါ်မှာ သိတတ်လွန်းပါတယ်၊ တစ်ခါတလေ ကျွန်မ မြစ်မှားမိပါတယ်၊ ဒါပေမဲ့ ဂျူးဒစ် ကျွန်မ ကို ဘယ်တော့မှ ဗွေမယူဘူးနော်၊ ရော်ဂျာကလေးကို သူတို့ ဘာတွေကျွေးလဲဟင် "
" နို့ရယ်၊ ကြက်ဥရယ်၊ ပြီးတော့ ဆန်ပြုတ်တို့ ဘာတို့ပေါ့ "

" သူ ဇွန်းကိုင်တတ်ပြီလား ဂျူးဒစ် "
" မကိုင်တတ်သေးဘူး၊ ခဏခဏ လွတ်ကျတယ် "
" ဘယ်သူနဲ့ တူလဲဟင် "
ဂျူးဒစ်က ဒိုလားရက်စ်ကို သိုင်းဖက်ထားလျက်မှ -
" အများအားဖြင့်တော့ တို့ဘက်နဲ့တူတယ် ဒိုလားရက်စ်၊ မျက်လုံးနဲ့ ဆံပင်က ရှာရမီမျိုးဆက်အတိုင်းပဲ၊ ဒါပေမဲ့ နှာတံကျပုံ က မင်းနဲ့ တစ်ထေရာတည်း "
" ချောမှာပေါ့နော် "
ဒိုလားရက်စ် ခပ်တိုးတိုးပြောသည်။
ဂျူးဒစ် ထိုင်ချလိုက်၏။ ဒိုလားရက်စ်၏ လက်နှစ်ဖက်ကို ဆုပ်ထားရင်း ရော်ဂျာကလေးအကြောင်း မှတ်မိ သမျှ ပြောပြလိုက်သည်။ သွား စ ပေါက်ပုံ၊ စကားပြောပုံ၊ ကလေးကို ၀တ်စားဆင်ယင်ပေးပုံ စသည် စသည်။ ဒိုလားရက်စ် နှုတ်ခမ်းကလေး ခပ်ဟဟထားပြီး မျက်လုံးအ၀ိုင်းသားနှင့် နားထောင် နေသည်။
နောက်မှ မေးခွန်းတစ်ခု မေးသည်။

" ကလေးကို သူတို့ မနှိပ်စက်တာ သေချာပါတယ်နော် ဂျူးဒစ် "
" အို ... ဒိုလားရက်စ် ကလဲကွယ်၊ မဟုတ်တာ၊ သူ့အဖေက ဖူးဖူးမှုတ်ထားတာပဲ ဥစ္စာ "
" ရော်ဂျာကလေးနဲ့ ခဏခဏ တွေ့ဖြစ်လားဟင် "
" ရော်ဂျာကလေးနဲ့ ဂျူးဒစ်သားတွေ အမြဲလိုလို အတူတူကစားတာပဲ "
" သူ ဘယ်လောက် ကြီးနေပြီလဲဟင် "
" ဒါလောက်ရှိပြီ "
ဂျူးဒစ်က ကြမ်းပြင်နှင့် လက်ဝါးအကွာအဝေးကို ခန့်မှန်းပြသည်။ ဒိုလားရက်စ် ခေါင်းငုံ့ ထားသည်။ နှုတ်ခမ်း ကို တင်းတင်းကိုက်လျက်။
" ကျွန်မ သူ့ ကို မေ့နိုင်မယ်လို့ ထင်ခဲ့တယ်၊ မမေ့နိုင်တဲ့အပြင် သိပ်အောက်မေ့တာပဲ ဂျူးဒစ်ရယ်၊ သူ့အရွယ် ကလေးတွေကို တွေ့တိုင်းငါ့သားကလေးပဲ ဖြစ်လိုက်ပါတော့ဆိုပြီး ရူးမတတ် ခံစားရ တယ်။ သြော် .. .. ဒါထက် ကျွန်မ နောက်ထပ် ကလေးတစ်ယောက် ရသေးတယ် ဂျူးဒစ် "

" ဟုတ်လား၊ ကိုယ် ၀မ်းသာပါတယ် ဒိုလားရက်စ်ရယ် "
ဂျူးဒစ် ရင်ထဲမှ ပြောလိုက်ခြင်းဖြစ်သည်။ ဒိုလားရက်စ်အနေဖြင့် နားလည်နိုင်မလားတော့ မသိ။
" ဟုတ်တယ် ဂျူးဒစ်၊ မိန်းကလေး၊ ဒါပေမဲ့ ရော်ဂျာ့နေရာကို အစားမထိုးနိုင်ပါဘူး "
ဒိုလားရက်စ် က သူ့ခြေညှပ်ဖိနပ်ဦးကလေးနှင့် ကြမ်းပြင်စပ်ကြောင်းအတိုင်း ဆုတ်ချည်ဆန်ချည် ပွတ်တိုက်နေရင်း - " နောက်ကလေး ရတယ်ဆိုလို့ ဒိုလားရက်စ်ကို အထင်သေးသွားလားဟင် "
" အို ... မဟုတ်တာကွယ်၊ မင်း ဘယ်လောက် ကလေးအစားလိုချင်နေတယ်ဆိုတာ ကိုယ် နားလည် နိုင် ပါတယ် "
ဒိုလားရက်စ် သဲ့သဲ့မျှ ရယ်သည်။

" အဲဒီကလေးက ကျွန်မ မလိုချင်ဘဲ ရတဲ့ ကလေးပဲ ဂျူးဒစ် "
အင်္ကျီလက်ဖျား မှ အတွန့်ကလေးများကို စုနေရင်း -
" ကျွန်မ ပြောလို့ ကောင်း မကောင်း စဉ်းစားနေတာ။ ဂျူးဒစ်က ကာလက်ကို ပြန်ပြောမှာ မဟုတ်လား "
" မင်း မပြောစေချင် ရင် မပြောပါဘူးလေ "
" ထူးတော့ မထူးပါဘူးလေ၊ သူက ကျွန်မကို လုံးဝ အကောင်းမမြင်နိုင်တော့တဲ့နောက် သန်းခေါင်ထက် ညဥ့်မနက်နိုင်တော့ ပါဘူး၊ ပြေးစရာမြေမရှိဆိုသလို ဖြစ်နေတဲ့အချိန်မှာ လူတစ်ယောက်နဲ့ သွားတွေ့တယ် ဂျူးဒစ်၊ ကျွန်မအပေါ်မှာ တော်တော်လေး ကောင်းရှာတဲ့လူ ဆိုပါတော့၊ နယူးအော်လီယန်းကို မသွားနိုင်ခင် သူနဲ့ ခဏ အတူနေမယ် ဆိုပြီး .... "
ဒိုလားရက်စ် နာကြည်းစွာ ရယ်ပြန်သည်။

" သွားဖို့ ကြိုးစားတာနဲ့ ဒုက္ခတန်းတွေ့တာပဲ၊ အဲဒီလိုနဲ့ နယူးအော်လီယန်းကို မသွားဖြစ်တော့ဘူးဆိုပါတော့ "
" ခုကော သူနဲ့ပဲလားဟင် "
ဂျူးဒစ်က ကြင်ကြင်နာနာ မေးလိုက်သည်။
" ဟုတ်တယ်လေ၊ သူကျွန်မအပေါ်မှာ သိပ်ကောင်းရှာပါတယ်၊ ချစ်လည်း ချစ်ပါတယ်၊ ကျွန်မကလည်း သူ့ကို သဘောကျပါတယ်၊ ခုတော့ သူ့အလုပ်အကိုင်လေး မှန်လာပါပြီ၊ အရောင်း အ၀ယ်တွေ လည်း ပြန်ကောင်းလာပြီ မဟုတ်လား။ သူ့နာမည်က တက်အပ္ပဂျွန်းတဲ့ "
ဂျူးဒစ်က ခဏ တွေစဉ်းစားပြီး -
" ကာလက်မှာ မင်းအတွက် တာဝန်ယူချင်တဲ့ဆန္ဒ ခုထိရှိနေတုန်းပဲ ဒိုလားရက်စ်၊ မင်းသတင်းကို ကြားကြား ချင်း သူ့ကို ပြောလို့ မကြာမကြာ ပြောတယ်လေ " ဒိုလားရက်စ်က နာနာကြည်းကြည်း ရယ်ပြန်သည်။

" ရယ်စရာတော့ ကောင်းသားနော်၊ ကျွန်မ ဘယ်မှ ထွက်ပြေးဘဲ ဒယ်လ်ရွိုင်းမှာပဲနေတာ ဘယ်သူမှ မတွေ့ ကြဘူး၊ ဒါပေါ့လေ၊ ကြေးရတတ်တွေက ဆိပ်ကမ်းရပ်ကွက်ကို လာလေ့လာထမှ မရှိတာဘဲ၊ ကျွန်မ အဲဒီ မှာ နှစ်တစ်ရာလောက်နေလည်း ဂျူးဒစ်တို့ တွေ့မှာ မဟုတ်ပါဘူး "
နှုတ်ခမ်းအစုံ ကို တင်းတင်းစေ့လိုက်ပြီးမှ -
" ကာလက် ကို ပြောလိုက်ပါ၊ သူ့အကူအညီ တစ်ပြားတစ်ချပ်မှ မယူဘူးလို့၊ နောက်တစ်ဘ၀ ရှိတယ် ဆိုရင် လည်း အဲဒီဘ၀မှာလည်း မယူဘူး၊ ကျွန်မဘ၀ ကျွန်မ ဖန်တီးနိုင်ပါတယ် "
" ကောင်းပြီလေ "
ဒိုလားရက်စ်ကို ဂျူးဒစ် အပြစ်မတင်ရက်တော့ပေ။ ဒိုလားရက်စ်က ဦးထုပ်မှ ပန်းစည်းကြိုးကလေးကို လိမ်နေရာမှ -
" နယူးအော်လီယန်း ပြန်ဖို့လည်း လက်လျှော့လိုက်ပြီလေ၊ ကလေးတွဲလောင်းနဲ့ ဟိုမှာလည်း အဆင်ပြေမယ် မထင်တော့ဘူး၊ တက်ကလည်းလွှတ်မှာ မဟုတ်တော့ဘူးလေ၊ သူ့သမီးကို သူသိပ်ချစ်တာ၊ ကလေး ရှိနေတဲ့ အကြောင်းပြောတော့ အိုင်းရစ်ရှ် ဘုန်းကြီးတစ်ပါးပင့်ပြီး ချက်ချင်း လက်ထပ် လိုက်ကြတယ်လေ၊ အဲဒါ အပြစ်များ ဖြစ်နေမလားဟင် "
" အို ... ဘာလို့ အပြစ်ဖြစ်ရမှာလဲ "

အလိုက်အထိုက် ပြောလိုက်ရသော်လည်း မမှန်ကြောင်းတော့ သိနေသည်။ အင်္ဂလိပ်တရားရုံးမှ စီရင်ချက် တွင် သူတို့နှစ်ယောက်စလုံးကို နောက်အိမ်ထောင်ပြုခွင့် ပေးမထား။ ကွာရှင်းခြင်းလည်း မပြုရသေး။ ယခု စပိန်လက်အောက်သို့ ရောက်သွားကြသော်လည်း လက်ထပ်ကွာရှင်းရေး ဥပဒေမှာ ထူးမခြားနား ပင် ဖြစ်ပေလိမ့်မည်။ မည်သို့ဖြစ်စေ လောလောဆယ် ဒိုလားရက်စ် စိတ်သက်သာရာ ရအောင်တော့ နှစ်သိမ့် ရမည်သာ။ ထပ်ပြောလိုက်သည်။
" ဘုန်းကြီး က လက်ထပ်ပေးတာပဲ၊ ဘာအပြစ် ဖြစ်စရာရှိလဲ "
" အိမ်ထောင်ရှိခဲ့ဖူးတယ်လို့ ဘုန်းကြီးကို မပြောဘူးလေ "
ဒိုလားရက်စ် ရိုးရိုးကြီး ပြောချလိုက်သည်။

" ကျွန်မ ယောက်ျား ကတော့ အားလုံးသိတာပေါ့၊ သူက ပြောဖို့မလိုဘူးတဲ့လေ "
ဒိုလားရက်စ် ဒူးပေါ်သို့ လက်ထောက်ပြီး ရှေ့သို့ ကိုင်းကာ -
" ရော်ဂျာ့ကို ခဏလေး တွေ့ပါရစေ၊ စကားတစ်ခွန်းမှ မပြောပါဘူးလို့ ကတိပေးရင် ကာလက် တွေ့ခွင့်ပေးပါ့မလားဟင်၊ သားကလေးကို တွေ့ချင်လွန်းလို့ပါ ဂျူးဒစ်ရယ် "
ဂျူးဒစ် အမှတ်မထင် ထ ရပ်လိုက်သည်။ လက်သီးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
" မင်း ဒီမှာပဲ စောင့်နေ ဒိုလားရက်စ် "
ပြောပြော ဆိုဆို အခန်းနံရံဆိ လျှောက်သွားပြီး ကြိုးကို ဆွဲလိုက်သည်။ တံခါးဝတွင် အိန်ဂျဲလစ် ပေါ်လာတော့ -
" အိန်ဂျဲလစ် ဂျိုးကို သွားပြောစမ်း၊ ငါ့ဖို့ မြင်းတစ်စီး အဆင်သင့်ပြင်ထားစမ်းလို့၊ သစ်ဖြူတော သွား မယ်လို့ "
အိန်ဂျဲလစ်က ဒိုလားရက်စ်ကို တစ်ချက်ငဲ့ကြည့်ပြီး ထွက်သွားသည်။ ဒိုလားရက်စ်က ဘာမှ နားမလည် သလို ထ ရပ်ပြီး -
" ဘာအတွက်လဲဟင် ဂျူးဒစ် "

" ရော်ဂျာကို သွားခေါ်မယ်လေ၊ မင်းခဏတော့ သူနဲ့ ကစားချိန်ရမယ်၊ ကိုယ်ပြန်လာတဲ့အထိ စောင့် နော်၊ ကာလက်နဲ့ သတ်ချင် သတ်ရပစေ၊ ရော်ဂျာကို မပါ ပါအောင် ခေါ်ခဲ့မယ်၊ ဟုတ်လား "
ရုတ်ခြည်း ကျလာသည့် မျက်ရည်တွေကို ဒိုလားရက်စ် ကမန်းကတန်း သုတ်လိုက်သည်။ ရှရမီမျိုး ထဲက တစ်ယောက်ယောက် သူ့မျက်ရည်ကို မမြင်စေလိုသည့်အလား။ အတန်ကြာမှ ခေါင်းထောင် လာသည်။
" ဂျူးဒစ် ပစ္စည်းတွေ ယူသွားမိတဲ့အတွက် တောင်းပန်ပါတယ် ဂျူးဒစ်ရယ် "
" အို ... ထားလိုက်စမ်းပါ၊ ဒိုလားရက်စ် သုံးပေါ့ "
" အားလုံး ရောင်းစားလိုက်ရတယ် ဂျူးဒစ်၊ စောစောပိုင်းက တော်တော်ကသီတယ်၊ စပိန်ကုန်သည် တစ်ယောက်ဆီမှာ ရောင်းလိုက်တယ် "
" အို ကိစ္စမရှိပါဘူးဆို " ဂျူးဒစ်က ဒိုလားရက်စ်ခါးကို ဖက်ပြီး ဆက်ပြောသည်။

" ကာလက်ဆီက အကူအညီကို လက်မခံတဲ့အတွက် ကိုယ် မင်းကို အပြစ်မဆိုပါဘူး ဒိုလားရက်စ်၊ ဒါပေမဲ့ တစ်ခုခု လိုရင် ကိုယ့်ကို အကြောင်းကြားနော် "
" ဘာမှ မလိုပါဘူး ဂျူးဒစ် "
ဂျူးဟဒစ် ထပ်မတိုက်တွန်းတော့ပေ။ စီဇာရိုကို ခေါ်ပြီး ၀ိုင်၊ ဘီစက်စတို့ဖြင့် ဧည့်ခံထားရန် ပြော လိုက်သည်။

သားအမိနှစ်ယောက် တစ်နာရီကစားပြီးနောက် နှုတ်ဆက်ခွဲခွာခန်းမှာ ရင်ကွဲနာကျချင်စရာ ကောင်း လှသည်။ သည်မြင်ကွင်းမျိုးကို နောက်တစ်ခါ ဂျူးဒစ် ကြည့်နိုင်တော့မည် မထင်ပါ။ ဒိုလားရက်စ် လည်း နောက်တစ်ခါ လာရဲတော့မည်မထင်။ ပြန်ခါနီးတွင် ဂျူးဒစ်ကို ကျေးဇူးတင်စကား ပြောသည်။ ပြီးတော့ ဆို့နင့် အက်ကွဲသော အသံဖြင့် -
" နောက်တစ်ခါ ဆိုရင် ကျွန်မ ခံနိုင်ရည်ရှိတော့မှာ မဟုတ်ဘူး၊ မလာတော့ဘူးနော်၊ ဒါပေမဲ့ သူ့အကြောင်း အစေခံ တစ်ယောက်ယောက်နဲ့တော့ တစ်ခါတလေ ကျွန်မဆီ လွှတ်ပြီး အကြောင်း ကြားပေးပါနော် ဂျူးဒစ် "

သူ ထွက်သွားသည်ကို ကြည့်ပြီး ဂျူးဒစ် မျက်ရည်တွေတွေ စီးကျနေသည်။ ဖီးလစ် ရောက်လာတော့ အကျိုးအကြောင်း ပြောပြရင်း ကလေးတွေနဲ့ ခွဲပြီး နယူးအော်လီယနိးု မသွား လို တော့ကြောင်း ပြောပြသည်။ ဖီးလစ်က -
" သွားမှာကလည်း အနားယူရင်း ဈေးဝယ်ရင်းဆိုတော့ ကလေးတွေအတွက်ပဲပေါ့ ဂျူးဒစ်ရယ်၊ မင်း ကျန်းမာ မှ သားတွေအတွက် ပိုပြီး အားကိုးရမှာလေ " ဟုတိုက်တွန်းသည်။
ဤသို့ဖြင့် နယူးအော်လီယန်းသို့ ဂျူးဒစ် လာဖြစ်ခဲ့သည်။ အိမ်နှင့် မခွဲစဖူး ခွဲခွာရသည်မို့ မျက်ရည်ကျ ခဲ့သေးသော်လည်း နယူးအော်လီယန်းရောက်တော့ ပျော်နေမိသည်။ ဂျာဗာစီ၏အစ်ကို မိုက်ကယ်ဂျူရန်မှာ ဘိုးဘွားပိုင် အိမ်ကြီးတွင် နေသည်။ အိမ်ကြီးမှာ ရဲတိုက်ကြီးတစ်ခုပမာ ကြီးကျယ်လေသည်။ အဆောင်ဆောင် အခန်းခန်းနှင့်။ လေးထောင့်စပ်စပ်ပုံသဏ္ဍာန် ဖြစ်၏။ နောက်ဘက်တွင် ကပ္ပလီကျွန်တွေ ထားသည့် တန်းလျားတွေရှိသည်။

ပြင်သစ်ဆန်သည့် ဘ၀ကို ဂျူးဒစ် အရသာတွေ့နေသည်။ လူနှစ်ယောက်ထမ်း ဝေါဖြင့် ငြိမ့်ငြိမ့်ညောင်းညောင်း သွားရသည်ကို ဂျူးဒစ် တဖြည်းဖြည်း ကြည်နူးလာသည်။ အမျိုးသမီးတစ် သိုက် စုဝေးပြီး လေသာခန်းတွင် ကော်ဖီ သောက်ရင်း အ၀တ်အစား အကြောင်း၊ နိုင်ငံရေးအကြောင်းတွေ ပြောရသည်မှာလည်း အရသာတစ်မျိုးပင်။
ကျွန်ဈေး တွင် ကျွန်တွေဝယ်ရင်း ၀တ်ကောင်းစားလှဖြင့် အမျိုးသား အမျိုးသမီးတွေ စုဝေးပြီး ကော်ဖီ သောက်ကြသည်။ ကျွန်ဈေး ကော်ဖီဆိုင်သည် ကလပ်တစ်ခုပမာ ဖြစ်နေ၏။ ပြင်သစ်ပြည် ကလာသည့် လူကြီး လူကောင်းများနှင့် မဆုံးနိုင်သော ကပွဲများတွင် ဆုံစည်းရသည်။ သူတို့ ၏ နောက်ဆုံး နိုင်ငံရေးသတင်းများမှာ စိတ်ဝင်စားစရာ ကောင်းလှသည်။

ပြင်သစ်နှင့် စပိန်တို့မှလာသည့် ကုန်သည်လှေကြီးများဆီသို့ အလည်ရောက်ဖြစ်သည်။ တင်လာ သည့် ကုန်ပစ္စည်းတွေ မှာ ရင်သပ်ရှုမောစရာတွေချည်း။ ပိုးချည် ဘေထုပ်တွေ၊ ဖိနပ်အကောင်းစား တွေါ် ရှူဘူးတွေ၊ ဆေးတံသောက်ဆေးဘူးတွေ၊ ရေမွှေး၊ ၀ိုင်နှင့် ဖန်ထည် ကြွေထည် ပစ္စည်းတွေ၊ မေရီအင်တွိုင်းနက်၏ ပုံတူယမင်းရုပ်တွေ စုံနေသည်။
သူတို့မို့ သည်လူသုံးပစ္စည်းတွေကို ဆန်းဆန်းပြားပြား တီထွင်ထုတ်လုပ်တတ်ကြသည်။ ပြီးတော့ ကမ္ဘာပေါ် တွင် သူတို့လောက် ပျော်ပျော်နေတတ်သည့်လူမျိုးရှိမည်မထင်။ လူတိုင်းသည် ချစ်စရာ ကောင်းနေ၏။ ရွှင်ပျမြူးထူးနေ၏။

အမျိုးသားများက ဂျူးဒစ်၏အလှကို မနေတတ် မထိုင်တတ် ဖြစ်လာသည်အထိ ချီးကျူးကြသည်။ ဘ၀င်မြင့်ပြီး ရူးသွားမတတ်ပင်။ မှန်ဆီ ထပြေးပြီး ချို့ယွင်းချက်များကို ရေတွက်ရပေါင်းလည်း များလှပြီ။
မပီမသ ပြင်သစ်စကားပြောပုံကလေးက တစ်မျိုး နားဝင်ချိုသည်တဲ့လေ။ ဆံပင်နှင့် မျက်လုံးရောင် ကို လည်း သူတို့ ပြောမဆုံးပေါင် တောသုံးထောင် ဖြစ်နေကြ၏။ သူတို့အားလုံးက အနက်ရောင်တွေ ချည်း ဆိုတော့ ထူးခြားပေါ်လွင်နေသည်ကတော့ အမှန်။ ပြင်သစ်ပြည်မှ ပြန်ရောက်စအာမတ်ဘာဒိုး ဟူသည့် လူငယ်ပန်းချီဆရာတစ်ယောက်နှင့် ပုံတူကားတစ်ချပ် ရေးဆွဲနိုင်သည်။ အာမတ်ဘာဒိုးမှာ တစ်ဟုန် ထိုး နာမည်ကြီးနေသည့် ပန်းချီဆရာဖြစ်သည်။

ဦးခေါင်းနှင့် ပခုံးနောက်ခံကို အပြာရောင်ခံပြီး ရေးဆွဲသည်။ မျက်လုံးတွေက မစ္စစ်စပီရောင်ဟု ပန်းချီဆရာက ပြောတော့ ပိုပျော်သွားမိသည်။
ပန်းချီ ဆွဲခ ဆေးရွက်ကြီး ပေါင် ၂၀၀ ဖိုးကျသည်။ ဘယ်လောက်ကုန်ကုန် ဖီးလစ် တွန့်တိုမည် မဟုတ်ပါ။ နယူးအော်လီယန်း ရောက်ခိုက် ကြိုက်သလောက် သုံးဖို့၊ ဖြုန်းဖို့ မီးစိမ်းပြထားပြီးသား ဖြစ်သည်။ ဖီးလစ်က တောထဲတွင် နေရသည့် ဒုက္ခခံရက်တွေကို အတိုးချပြီး ဇနီးကလေးကို နယူး အော်လီယန်းတွင် ပျော်စေချင်သည်တဲ့လေ။
နှစ်ဆန်း သည်အထိ သူတို့ အပြန်ဖြစ်ကြသေး။ ဇန်န၀ါရီလထဲ ရောက်တော့ နှင်းငွေ့တွေ ပြယ်ပျောက်ကာ နယူးအော်လီယန်း သည် ပုလဲရောင်တောက်လာသည်။ နယူးအော်လီယန်း မြင်ကွင်းအားလုံးကို ဂျူးဒစ် ချစ်နေသည်။ ပန်းခြံကြီးတွေ၊ ရေကာတာကြီးတွေ။ တစ်ပြိုင်တည်းတွင် အိမ်ကိုလည်း ပြန်ချင်နေ၏။

ထွန်ချိန်၊ ယက်ချိန်မို့ အစ်ကိုတစ်ယောက် ကွင်းထဲမှာ ဘယ်လောက်ပင်ပန်းနေပြီလဲ။ လိမ္မော်တွေ တော့ ခုလောက်ဆို အခင်းထဲမှာ မှည့်ဝင်းနေလောက်ပြီ။
အစ်ကို့ကို အောက်မေ့လွန်းလျှင် ရင်ထဲ ဟာလာ၏။ အစ်ကိုနှင့် ယှဉ်လိုက်တော့ နယူးအော်လီယန်းမှ ပြင်သစ် အမျိုးသားတွေမှာ ပိုးဟပ်ဖြူကလေးတွေ ဖြစ်နေကြသည်။ ပြန်ချင်ပြီ ဖြစ်ကြောင်း ဂျာဗာစီကို ပူဆာလိုက်သည်။
သည်တော့မှ ဂျာဗာစီက မပြန်ချင့်ပြန်ချင်နှင့် ပြန်ဖို့စီစဉ် သည်။ မြောက်ပိုင်း က ရေခဲပျော်ချိန် ကို စောင့်နေခြင်းထက် ခုနေ ဆန်တက်ရခြင်းက ပိုပြီး လွယ်ကူမည်ဖြစ်သည်။ မိုက်ကယ်က ဒယ်လ်ရွိုင်းကို ပို့ဖို့ ကျွန်လှေတစ်စင်း စီစဉ်နေသည်။ မကြာခင် သူတို့ ပြန်ကြရတော့မည်။ ၀က်သစ်ချမြိုင် ကို ပြန်လာတော့မည့်အကြောင်း လူကြုံနှင့် အစ်ကို့ဆီ စာတစ်စောင် ရေးလိုက်သည်။
ဖေဖော်ဝါရီလ တွင် သူတို့ ပြန်ရောက်ကြသည်။ ၀က်သစ်ချမြိုင်မြေကြီးသည် ရှန်ပိန်ရောင် ကော်ဇော်ကြီး ခင်းထား သကဲ့သို့ လှနေသည်။ ၀က်သစ်ချမြိုင် သည်လောက်လှသည်ကို ဂျူးဒစ် တစ်ခါမှ မမြင်ဖူးပေ။ ဘယ်လောက် ချစ်စရာကောင်းတဲ့ ၀က်သစ်ချမြိုင်ပါလဲ။ ညတွင် ၀ိုင်သောက်ကြရင်း ဂျူးဒစ် ဘယ်လောက်ပျော်နေကြောင်း အစ်ကို့ကို ပြောပြနေမိ၏။

ဆက်ရန်
.

No comments: