(အတာ ကလေးတွင် အရွယ်နှင့်မလိုက်အောင် ရင်လေးသွားရှာတော့၏။ အမှန်ပင်။ မသိန်းမေ သည် နှစ်ကျပ်မျှသော ကျောင်းလခကို ယနေ့တိုင် မပေးခဲ့သေး။ မပေးနိုင်၍လည်း မဟုတ်။ စနေ့နေ့တိုင်း တစ်ဆယ်မှ နှစ်ဆယ်အစိတ်အထိ အရှုံးခံ၍ မြင်းကစားနိုင်သူ တစ်ယောက် အဖို့ နှစ်ကျပ် မျှသော ကျောင်းလခသည် ဘာမျှခဲယဉ်းစရာမရှိ။ သို့သော် မသိန်းမေ မပေး။ သို့ မပေးသေး သည်မှာ အဘယ့် ကြောင့်ဟူ၍ကား မသိန်းမေသာလျှင် အသိဆုံးဖြစ်ပါလိမ့်မည်။) ကို ဆက်ဖတ်ရန်...
ယခု အတာကလေး တွေးခဲ့သည့်အတိုင်းပင် အတန်းကြီးလာ၍ ကျောင်းလခပါမြင့်ပြီး စာအုပ်ဖိုးပါ တရင်း တနှီးပေးဝယ် ရမည့် အခြေမျိုးဆိုက်လာသော် သာ၍ပင် လက်ခက်ချေတော့မည်။
"ဟုတ်တယ်၊ ငါ ကျောင်းကထွက်ပြီး ပရုပ်လုံးတို့ ဘာတို့လည်ရောင်းတာပဲ ကောင်းမယ်၊ ဒီလိုဆို ကျောင်းလခလဲ မပူရဘူး၊ မုန့်ဖိုးတွေ ထမင်းဖိုးတွေလဲ အဆဲအဆိုခံပြီး ငါ မတောင်းတော့ဘူး၊ ငါ့ဟာငါ ဈေးရောင်းပြီး ငါ ရတဲ့အမြတ်နဲ့ပဲ ငါ ဝယ်စားမယ်၊ ငါ့အဝတ်အစား ငါ ဝယ်ဝတ်မယ်၊ ဒါပဲ ကောင်းတယ်၊ ငါ ကျောင်း မ နေ တော့"
အတာ သည် နောက်ဆုံးဖြစ်သော စကားငါးလုံးကိုရေရွတ်ရာ၌ သွက်သွက်လက်လက်မရှိ။ တစ်လုံး ချင်း လေးလေးကြီး ထွက်လာရုံသာမက "ဘူး"ဟူ၍ပင် မဆုံးမသတ်နိုင် ဖြစ်သွားရှာ၏။
ဤအတိုင်းပင် ဖြစ်ရပေမည်။ အကြောင်းသော်ကား အတာသည် ကျောင်းအလွန်ပျော်သူကလေးဖြစ်၏။ ပညာ ကိုလည်း မက်မက်မောမော လိုချင်သူဖြစ်သည့်အတိုင်း ကျောင်းမှ ထွက်ရန်မဆိုထားဘိ၊ ကျောင်း တစ်ရက်ပျက်မည် ကိုပင် သေရတော့မလောက် အတာကလေး ကြောက်၏။ တစ်ခါတစ်ရံ ကျောင်းရက် ရှည်ပိတ် လိုက်သည်ကိုပင်
"ကျောင်းတွေကလဲ ဘာပြုလို့ ဒီလောက်အများကြီး ပိတ်တာလဲ မသိပါဘူး မမသက်ရယ်၊ ခုလဲ ပိတ် လိုက်ပြန်ပြီ၊ ဆယ့်ခြောက်ရက်တောင်"ဟု အတာသည် သူ့မမသက်အား ညည်းညည်းညူညူ ပြောခဲ့ဖူး ၏။
"ဟဲ့ ကျောင်းပိတ်တာ မင်းက ဝမ်းမသာဘူးလား အတာ"
"မသာပါဘူး မမရယ်၊ အိမ်မှာ အလကားပဲ၊ အဲသလို ကျောင်းကို ခဏခဏ ပိတ်မဲ့အစား ကျောင်းဖွင့်ပြီး စာတွေ များများသင်၊ ဟော နောက်တော့ ခြောက်လတစ်ခါ စာမေးပွဲကြီးစစ်ပြီး အတန်းတင်ပေးရင် ဘယ်လောက်ကောင်း မလဲ၊ အဲသလိုဆို ခုနေ ကျွန်တော် စတုတ္ထတန်းရောက်နေပြီ၊ ကဲ"
ဤသို့ထိအောင် အတာသည် ပညာရေး၌လောဘကြီး၏။ ကျောက်တဲ့ကအစ အဝတ်အစားပါမကျန် ကိုယ့် မုန့်ဖိုး ကိုယ်စု၍ အငတ်အပြတ်ခံကာ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနေရသည့်တိုင် အတာ၌ စိတ်ငြို ငြင်ခြင်း မရှိခဲ့သော် လည်း ယနေ့ ကြုံခဲ့ရသော သူ့မေမေ၏အပြုအမူကြောင့် အတာတွင် စိတ်ကလေး နောက်သွားမတတ် ထိခိုက်ဝမ်းနည်းနေ၏။ ထို့ကြောင့်လည်း ကျောင်းတက်ရမည်ပင် အတာ စိတ်ပျက် သလို ဖြစ်သွားရှာသေး၏။
သို့သော်
"ဟဲ့ အတာ၊ စာမတတ် ဘာမတတ်နဲ့ အရောင်းအဝယ်လုပ်ရင် နလပိန်းတုံးဈေးသည်ပဲဖြစ်မှာပေါ့၊ ပညာ ကောင်းကောင်းသင်ပြီး တတ်ပြီး အရောင်းအဝယ်လုပ်မှ ပညာတတ် ကုန်သည်ကြီးဖြစ်မှာ"
တစ်ခါက သိမ်ကြီးဈေးအတွင်းရှိ အထည်ဆိုင်ရှင်တစ်ဦးသို့ ပြောခဲ့ဖူးသည်ကို အတာ ကြားယောင်လာ ၏။
တစ်ဖန် လည်း သူအလွန် သဘောကျသော ဝတ်လုံကြီးတစ်ယောက်ဖြစ်လာနိုင်ရေးမှာလည်း ပညာ တတ်ရန် သည်သာ အဓိကဟူ၍ ကိုထွန်းအောင် ဆုံးမပြောကြားခဲ့သည့် အားပေးစကားများကိုလည်း အတာ ကြားယောင်လာ၏။ အလွန်လျှင် ခံညားပြီး ကျက်သရေရှိလှသော ဝတ်လုံကြီးများကိုလည်း သူ့ မျက်စိထဲ တွင် မြင်ယောင်လာ၏။
သို့လျှင် ကြားယောင် မြင်ယောင်လာသည်နှင့်အမျှ အသိတရားလည်း ရလာ၏။ သတိတရား ဝင်လာ သည်နှင့်အမျှ အမြင်လည်း မှန်လာ၏။
"ငါ ကျောင်းကိုပဲ သွားမယ်၊ စာတတ်အောင် သင်မယ်၊ ဟုတ်တယ်၊ ဘကြီးညိုပြောတာ မှန်တယ်၊ စာမ တတ်ဘဲ နဲ့ ဈေးရောင်းရင် ပရုပ်လုံးသည်ပဲ ဖြစ်မှာပဲ၊ စာတတ်မှ ငါ ကုန်သည်ကြီးဖြစ်မှာ"
ဤဆုံးဖြတ်ချက်နှင့်အတူ ကျောင်းတက်ရန် ရည်ရွယ်ချက်ဖြင့် ခြေကလေးအသာလှမ်းလျက် မန်ကျည်း ပင်အောက် မှ ထွက်လာရင်း အတာသည် ရုတ်တရက်ပြုံးလိုက်၏။ သို့သော် ယခင်ကလောက် ဟက် ဟက် ပက် ပက်မရှိလှ။ ဤသည်မှာ ကျောင်းတက်ရန် စိတ်မပါ့တပါ့ ရှိနေသေးသောကြောင့် မဟုတ်။ သူ့ မေမေ ရိုက်သော ဒဏ်ချက်ကြောင့် ပေါက်သွားသည့်အတွင်းပါးစောင်နှင့် ရောင်နေသောပါးကလည်း တင်းနေ နာနေ၍ သာ အားရပါးရ မပြုံးနိုင်ဖြစ်နေဟန်တူ၏။
အတာ ကျောင်းရောက်ချိန်မှာ ၉ နာရီနှင့် မိနစ် ၂၀ မျှသာ ရှိသေးသဖြင့် သူ့တာဝန်ဖြစ်သော ကျောက် သင်ပုန်း သုတ်ရန် စားပွဲကုလားထိုင် ရှင်းလင်းရန် အစရှိသော ကိစ္စများ ဆောင်ရွက်ရန် အချိန် ရသေး သောကြောင့် စိတ်ညစ်ခဲ့ရသော ပြဿနာများပင် ကြက်ပျောက် ငှက်ပျောက် ပျောက် သွားတော့လျက် သွက်သွက်လက်လက်နှင့် ပျော်ရွှင်စွာပင် ခါတိုင်းနည်းတူ သူ့တာဝန်ကို သူ ကျေကျေ ပွန်ပွန် ထမ်း ဆောင်နေဆဲမှာပင် သူ့ဆရာမ ရောက်လာပြီး
"ဘယ့်နဲ့ ငါ့မောင်က ဒီနေ့ နောက်ကျတယ် ထင်ပါရဲ့၊ ဟုတ်လား အတာ"
အလွန်ဆုံး ကိုးနာရီဆိုလျှင် အတာ လုပ်ဆောင်ဖွယ်ရာဟူသမျှ ပြီးစီးနေတတ်သည်သာဖြစ်သော ကြောင့် ယနေ့ အတာ နောက်ကျသည်ကို ဆရာမက အတတ်သိလိုက်၏။
"ဟုတ်ကဲ့ ကျွန်တော် ဒီနေ့ နည်းနည်းနောက်ကျသွားတယ် မမ ဟို"
"ဟင် အတာ"
ဆရာမသည် အတာ့စကားကို မဆုံးသေးမီပင် သို့လျှင် အံ့သြသံနှင့် ရေရွတ်ရင်း အတာ့အနီးသို့ ကပ် လာကာ မေးကလေးကို အသာကိုင်၍ ပင့်တဲ့ပြီး
"မင့်ပါး ဘာဖြစ်တာလဲ အတာ၊ ကြည့်ရတာ ရောင်နေသလိုပါပဲလား၊ ပြီးတော့လဲ နီလို့"
ဆရာမ က သို့လျှင် တယုတယကို၍ မေးလိုက်သည်နှင့် ရွှင်နေသော အတာ့မျက်နှာကလေးမှာ သိသိ သာသာ ညှိုးသွားပြန်လျက် မေ့မေ့ပျောက်ပျောက် ဖြစ်နေသော သူ့မေမေ၏အပြုအမူကိုလည်း ချက်ချင်း ဆိုသလို မျက်စိထဲတွင် မြင်လာမိ၏။ မနက်က ကြုံရသော နောက်ကြောင်းကို ပြန်ပြောင်း၍ တွေးနေမိ သည်နှင့် ဆရာမ အမေးကို ရုတ်တရက် မဖြေနိုင်ရှိနေဆဲမှာပင်
"ကြည့်စမ်း၊ မင့်အင်္ကျီ ကော်လာမှာလဲ သွေးစက်ထင်ပါရဲ့၊ ဟုတ်လား အတာ၊ မင်း ဘယ်သူနဲ့ ရန်ဖြစ်သ လဲ"
"မဖြစ်ပါဘူး မမ"
အတာသည် ဆရာမ၏နောက်ဆုံးမေးခွန်းကို သို့လျှင် ခပ်သုတ်သုတ်ဖြေလိုက်၏။ ကျောင်းသားချင်း ရန် ဖြစ်သည်မှာ လူလိမ္မာတို့၏အလုပ်မဟုတ်ကြောင်းနှင့် ဆရာမက မကြာခဏ ဆုံးမခဲ့ဖူးသည်ဖြစ်၍ အတာ က ပျာပျာသလဲ ငြင်းဆိုလိုက်ခြင်းဖြစ်လျက် ရှေ့ဆက်ရမည့်စကားကမူ အလုအယက် ရှာနေဆဲ ပင် ရှိသေး၏။
"နို့ ဘာဖြစ်တာလဲ"
"မနက်က ဟို အိပ်ရာကထကာ နေမြင့်သွားတာနဲ့ ကျောင်းနောက်ကျမှာစိုးလို့ ကမန်းကတန်း ထွက် လာတာ လန်ခြား နဲ့တိုက်မိပြီး"
"ဖြစ်ရလေ အတာရယ်၊ ကျောင်းနောက်ကျတော့ကော ဘာပြုသလဲ"
အတာ က မဖြေ။ တွေတွေကလေး ငုံ့နေ၏။
"အေး နောက်ကို ဒီလို ဘယ်တော့မှမလုပ်နဲ့ သိလား၊ မင်းနဲ့ တိုးမိတာက လန်ခြားမို့ပေါ့၊ မော်တော်ကား သာဆို မခက်သေးဘူးလား ဟင်၊ ကျောင်းနောက်ကျချင် ကျပစေပေါ့ကွဲ့၊ နောက်ကို မှန်မှန်သာလာ၊ လမ်းတွေ ဘာတွေ သတိထားကူး ဟုတ်လား၊ နို့ ဒီကော်လာက သွေးက ဘယ်ကထွက်တာလဲ၊ ခေါင်း ကိုကော ထိသွားသေးသလား အတာ"
"ခေါင်းကိုမထိပါဘူး မမ၊ ပါးကိုပဲ ခိုက်မိပြီး ပါးစပ်ထဲမှာ နည်းနည်းပေါက်သွားတာပါ"
ထိုအခိုက် မှာပင် ကျောင်းတက်ခေါင်းလောင်း တီးလိုက်သဖြင့် ဆရာမ အမေးကို အဖြေပေးရင်း ရင် လေးနေသော အတာတွင် ခေါင်းလောင်းသံပေါ်လာမှ သူ သက်သာရာ ရသွားတော့၏။
အတာ ရင်လေးသည်မှာ အခြားမဟုတ်။ လိမ်လည် ပြောဆိုခြင်းသည် အပြစ်ဟူ၍ နားလည်ထားသော အတာ သည် ယခု ဆရာမအား ခပ်ပြောင်ပြောင်ပင် လိမ်ပြောနေမိသဖြင့် ထိုအတွက် အပြစ်ဖြစ်တော့ မည်ကို တွေး၍ ရင်လေးနေမိခြင်းဖြစ်၏။
မည်သည့်အခါကမျှ သူ ဆရာမကို အတာလိမ်လည်၍ မပြောခဲ့ဖူးပေ။ ယခုလည်း အမှန်အားဖြင့် သူ မလိမ်ချင်။ သို့သော် အတာ့တွင် အမှန်ကို ပြောရမည်ခက်နေ၏။ သူ့မေမေက ဤမျှလောက် ရက်ရက် စက်စက် ရိုက်လိုက်သည်ကို အမှန်အတိုင်း ဖွင့်ပြောလိုက်ချေက ဆရာမသည် သူ့မေမေအား မိန်းမဆိုး တစ်ယောက်အဖြစ် ယူဆ မုန်းတီးသွားမည်ကို အတာစိုးရိမ်၏။ တစ်ဖန် သူ့မေမေက သူ့အား မချစ်၍ သာ ဤမျှလောက် ပြင်းပြင်းထန်ထန် ရိုက်ခြင်းဖြစ်မည်ဟု ဆရာမ ထင်မှတ်သွားမည်ကိုလည်း အတာ မခံလို။ ထို့ကြောင့် ပင် အတာ လိမ်ပြောမိခြင်းဖြစ်လျက် ဤလို လိမ်ပြောမိသည့်အတွက်လည်း သူ့တွင် တစ်ဖက် က ဖြစ်လာမည့်အပြစ်ကို ကြောက်နေမိပြန်၏။
ထိုနေ့အဖို့ အတာကလေး စာသင်ရသည်မှာ ကြည်ကြည်လင်လင် လုံးဝမရှိ။ ဆရာမကို လိမ်မိသည့် အပြစ်နှင့် သူ့မေမေ၏အပြုအမူ၊ ထိုနှစ်ခုသည်သာ သူ့အတွေးထဲတွင် ချာချာလည်နေ၏။ မတွေးဘဲ နေ လည်းမရ၊ တစ်ခါတစ်ခါတွင်မူ စာထဲ၌ ဇွတ်မှိတ်၍ စိတ်ဝင်စားလိုက်သဖြင့် မေ့ပျောက်သလောက်ရှိသွား ပြီးမှ ပါးစပ်အတွင်းရှိ ဒဏ်ရာကလေးကို လျှာဖြင့် ထိလိုက်မိသည်ဆိုလျှင်ပင် သူ့မေမေကို သတိရလာ ၏။
သို့ သတိရမိသည်နှင့် အတာ ဆက်မတွေးဘဲ မနေနိုင်တော့ပေ။ မော်၍မျှ မကြည့် ဝံ့လောက်အောင် ကြောက်နေခဲ့သူဖြစ်ပါလျက် နံနက်ကမူ အတာသည် မပြောစဖူး သူ့မေမေအား ခွန်းတုံပြန် ၍ ပြောမိခဲ့ သည်ဖြစ်ရာ ဒေါသကြီးသော သူ့မေမေသည် ညနေကျောင်းမှ အပြန်၌ သူ့အား အခဲမကျေ ဘဲ အသေ အလဲ ထပ်၍ ရိုက်နေလေမည်လားဟု အတာလည်း စိတ် တလေးလေးနှင့် တွေးပူနေ၏။ မသိန်းမေ သည် စိတ်မထင်က အိမ်ပေါ်မှပင် နှင်ချချင် ချမည်ဖြစ်၏။
သို့လျှင် အမြှင့်တစ်တန်း တွေးနေခိုင် မုန့်စားလွှတ်ခေါင်းလောင်းတီးလိုက်သဖြင့် ထိုအတွေးပျောက် သွား ကာ အတာလည်း ဆရာမအနီးသို့ရောက်လာ၏။
"မင်း နေကောင်းရဲ့လား အတာ"
ကျောင်းတက်ချိန်မှစ၍ အတာ့အရိပ်အကဲကို မသိမသာ ဂရုစိုက်နေခဲ့သည်ဖြစ်သောကြောင့် အတာ၏ ငိုင်တွေတွေ အမူအရာကို ဆရာမသည် ကောင်းကောင်းကြီး သတိထားမိ၏။ သို့ကြောင့်လည်း ဤလို မေးလိုက်ခြင်း ဖြစ်ဟန်တူ၏။
"ကောင်းပါတယ် မမ၊ ကျွန်တော် ဘာမျှမဖြစ်ပါဘူး"
"အေး မင်းကသာ ဘာမှမဖြစ်ဘူး ပြောတယ်၊ မင့်ကြည့်ရတာတော့ တမှိုင်မှိုင် နဲ့ နေမကောင်း ရင်လဲ ပြန် လေ"
"ကိစ္စမရှိပါဘူး မမ၊ ဘာစားမလဲ ဟင်"
ဆရာမက ရုတ်တရက် ဘာမျှမပြောသေးဘဲ သနားကြင်နာသော အမူအရာဖြင့် အတာအား စိုက်ကြည့် နေပြီးမှ
"မင့်ကိုကြည့်ရတာ မမဖြင့် စိတ်မကောင်းပါဘူးကွယ်၊ ဒီနေ့တင်မဟုတ်ဘူး၊ နေ့တိုင်းလိုလိုပင်၊ မင်းဟာ တစ်ခုခုကို တွေးတွေးပြီး ပူနေတယ်လို့ မမ ထင်တယ်၊ ဟုတ်ကဲ့လား အတာ"
ထို စကားကြောင့် အတာတွင် မျက်ဆံတပြူး အံ့အားသင့်သွားတော့၏။ "မမ ဘယ်လိုသိနေပါလိမ့်"ဟူ၍ လည်း စိတ်ထဲ မှ ရေရွတ်မိလျက် ရုတ်တရက် ဘာမျှမဖြေတတ်အောင် ရှိနေစဉ်မှာပင်
"ဘာလဲ အတာ၊ မင့်ကျောင်းလခအတွက်ကို မင်း တွေးပူနေတယ် ထင်ပါရဲ့၊ ဟုတ်လား"
ထိုစကားမှာ သူ့အတွက် ဆရာမကပင် တမင်ဖြေပေးသလို ရှိသွားသောကြောင့် အတာလည်း သွက် သွက် ကလေး ခေါင်းညိတ်လိုက်မိ၏။
အတာလည်း ထိုစကားကို ကြားလိုက်ရသည်နှင့် အထူးဝမ်းမြောက်သွားကာ ကျေးဇူးတင်သော အမူအ ရာဖြင့် ဆရာမအား မော်ကြည့်မိရှာ၏။
"ကဲပါ အတာရယ်၊ ခုလို ငယ်ငယ်ရွယ်ရွယ်ကလေးနဲ့ ဒီလောက် ပူပင်သောကတွေ များနေရတယ်ဆို ဘယ်ကောင်းတော့ မလဲ၊ ဒီတော့ ခုလမှာ မပေးရသေးတဲ့ ကျောင်းလခကို မမပဲ စိုက်ပေးလိုက်မယ်၊ ဟုတ်လား အတာ"
အတာတွင် သိသိသာသာ ပြုံးလာသလောက် မျက်လုံးထဲတွင်လည်း မျက်ရည်ကလေး ဝေလာ၏။ သို့ မျက်ရည်ကလေး ဝေနေရာမှ တဖြည်းဖြည်း ဝဲယိုကျလာသည်မှာ ဝမ်းသာလွန်းမက ဝမ်းသာ သွားသော ကြောင့် ကျရသည့် မျက်ရည်မျိုးဖြစ်သည်ကို ဆရာမကလည်း သိ၏။ ပီတိလည်း ဖြစ်သွား၏။
"အေး အရင်တစ်ခါ မမပြောဖူးတဲ့အတိုင်းပဲ အတာ၊ မမတို့လဲ သိပ်ချောင်လည်တာမဟုတ်ဘူးကွဲ့၊ မမရဲ့ မောင်တစ်ယောက် ညီမတစ်ယောက်ရဲ့ ကျောင်းစရိတ်ကအစ မိဘတွေရဲ့ စားဝတ်နေရေးတာ ဝန်ကိုပါ မမတစ်ယောက်ထဲ ထမ်းနေရတယ် အတာ၊ ဒီတော့ ဒီတစ်လပဲ မမ စိုက်ပေးနိုင်တယ်၊ နောက် လတွေ ကျရင်တော့ မင့်မိဘဆီက ရအောင် တောင်းပေါ့ကွယ် နော်"
"ဟုတ်ကဲ့ မမ"
အတာလည်း ဝမ်းမြောက်လွန်းအားကြီး၍ ယိုစီးလာသော မျက်ရည်များကို လက်ခုံကလေးဖြင့် အလော တကြီး သုတ်ရင်းကပ် ပြုံးပြုံးကလေး ဖြေလိုက်ကာ
"ကျွန်တော် သိပ်ကျေးဇူးတင်တာပဲ မမရယ်၊ ခုဆို ကျောင်းလခအတွက် ကျွန်တော် စိတ်မညစ်ရတော့ ဘူး"
"အေး နောက်လကျရင်တော့ တောင်းခဲ့နော်"ဟု ဆရာမက ယခုလအတွက်သာ တာဝန်ယူနိုင်မည်ဟူ သည့် သဘောကို အတာ ပို၍နားရှင်းသွားအောင် ထပ်၍ ပြောလိုက်ပြီးမှ
"ကဲ အတာ မမ ဖို့ ပုစွန်ခွက်ကြော် တစ်ပန်းကန်ပဲ မှာပေးတော့၊ မင်းလဲ စားချင်တာ ယူစား"
ယနေ့အဖို့၌ အတာသည် သူ့စွပ်ကျယ်ကိစ္စနှင့် ဗျာများပြီး အိမ်မှကမန်းကတန်း ထွက်လာခဲ့ ရသော ကြောင့် ခြေစောင့် လက်စောင့်သဘောမျိုးဖြင့် ခါတိုင်းနည်းတူ သူ စုထားသော ပိုက်ဆံထဲမှ တစ်ပြား တစ်ချပ်ပင် ယူလာရန် သတိမရ။ သူ့မေမေကလည်း မုန့်ဖိုးမပေးလိုက်သောကြောင့် ဆရာမ ပိုက်ဆံနှင့် ပင် ခေါက်ဆွဲစားမည်ကြံပြီးမှ "ဒီလိုဆို ငါ ဘယ်တရားတော့မလဲ၊ မမက ကျောင်းလခ လဲ ငွေနှစ်ကျပ်တောင် စိုက်ပေးရဦးမယ်ဆို တော့ ရှုပ်ပါတယ်လေ၊ မမ ပိုက်ဆံနဲ့ ငါ မစားဘူး"ဟူသော ဆုံးဖြတ်ချက်ကလေးဖြင့် ခေါက်ဆွဲကြော် ဆိုင်ရှေ့တွင် ရပ်တဲ့ကာ
"ကြီးကြီး ကျွန်တော် ဒီနေ့ မုန့်ဖိုးမပါလာလို့ အဲဒါ ခေါက်ဆွဲနှစ်ပြားဖိုး အကြွေးရောင်းပါနော်"ဟု မပွင့် တပွင့် ကလေး ပြောလိုက်သည်ကို
"အကြွေး ဆိုရင်တော့ ကြီးကြီး မရောင်းဘူး အတာ၊ စားချင်ရင် စား ကြီးကြီး အလကားကျွေးမယ်" ဟု ပြောလိုက်သောကြောင့် အတာတွင် ရှက်အမ်းအမ်းကလေး ဖြစ်သွားတော့၏။
ဤတွင် ခေါက်ဆွဲဆိုင်နှင့် ကပ်လျက်ရှိသော လက်သုပ်သည်အဒေါ်ကြီးက "ဘာလဲ သားလေး၊ လာ သူ့ခေါက်ဆွဲ မစားနဲ့ မေမေ့ လက်သုပ်လာစားလှည့်၊ လာ"ဟု ပြောပြောဆိုဆို အတာ၏လက်တစ်ဖက်ကို ဆွဲခေါ်နေ သည်နှင့်
"အောင်မယ်၊ ဒီက ပြောင်ပြောနေတာကို ဘာလဲ ရှင်က လွှတ်ပါ၊ ဒါ ကျွန်မသားရှင့်"ဟု ခေါက်ဆွဲသည် ကြီးကပါ အားကျမခံ ထတဲ့ပြီး အပြန်အလှန်ဆွဲနေကြသောကြောင့် ဈေးတန်းတစ်ခုလုံး တရုန်းရုန်း ပွဲ ကျနေတော့၏။
ရိုးသားမှု လိမ္မာရေးခြာရှိမှု သွက်လက်ပေါ့ပါးမှု အလိုက်သိတတ်မှုကလေးများကြောင့် အတာဆိုလျှင် အလု အယက် ကျွေးချင်ကြ၏။ ယခုလည်း လက်သုပ်သည်နှင့် ခေါက်ဆွဲသည်တို့ သူကျွေးမည် ငါကျွေး မည်နှင့် သဲသဲမဲမဲ အတာကို ဆွဲကျွေးနေကြရာမှ နောက်ဆုံးတွင် ပုစွန်ခွက်ကြော်သည်၏ ဖြန်ဖြေချက် အရ ခေါက်ဆွဲတစ်ဝက် လက်သုပ်တစ်ဝက် စသည်ဖြင့် မျှ၍ ကျွေးကာ ထိုကိစ္စ ကို ပျော်စရာကြီး ကျေ အေးလိုက်ကြသောကြောင့် အတာတွင်လည်း တော်ကလေး မြက်သွားကာ ရှလပတ်ရည် ကုလားကပါ စေတနာထွက်လာပြီး ကျောက်ကျောတစ်ခွက်ပေးသွားသည်နှင့် အတာ ဗိုက်ကလေး နင့်သွားရပြန် သည်။
ကျောင်းတက်ခဲ့ပြီး၍ ဘာသာရပ်တစ်ခုသင်ချိန်ပင် ကုန်လွန်ခဲ့သည့်တိုင်အောင် ဆရာမသည် ဘာမျှမ သင်သေးဘဲ ထိုအချိန်နှင့်ဆိုင်သော ကျန်းမာခြင်းစာအုပ်ကိုသာ တစ်တန်းလုံး အဖတ်ခိုင်းထား၏။
စာအုပ် ပင် လှန်ထားသော်လည်း အတာသည် တွေးမိတွေးရာ တွေးနေသကဲ့သို့ ဆရာမသည်လည်း တစ်စုံတစ်ရာ ကို စဉ်းစားရင်း ငေးမိငေးရာ ငေးနေ၏။
ဆရာမနှင့် အတာတည်းဟူသော သူတို့နှစ်ယောက်တွေးနေသည့် အကြောင်းအရာမှ တစ်ခုနှင့်တစ်ခု တူပုံမပေါ်စေကာမူ ပူပင်သောကခြင်းကား ခြားနားဟန်မရှိ။
ဆရာမသည် အတာကလေးအား မကြာခဏဆိုသလို လှမ်း၍ ငဲ့၍ မသိမသာ အကဲခတ်သကဲ့သို့ပင် အတာကလေးကလည်း ကျောင်းလခ တစ်လတွက် စိုက်ပေးမည်ဆိုသော လတ်လတ် ဆတ်ဆတ် ကျေးဇူးကြောင့် ကြည်ညိုလေးစားသော အမူအရာကလေးဖြင့် ဆရာမအလစ်တွင် လှမ်း၍ မျှော်၍ ကြည့်မိ၏။
အတာတွေးနေမိသည်မှာ ညနေ ကျောင်းလွှတ်၍ အိမ်ပြန်လျှင် သူ့မေမေနှင့် အဘယ်ပုံ ရင်ဆိုင်ရပြီး အဘယ်သို့သော ပြဿနာမျိုးဖြင့် ကြုံရမည်ကိုတွေးရင်း ရင်ကလေး လေးနေရှာသော်လည်း သူ့ဆရာမ ဘာတွေတွေး၍ အဘယ်သောကကြောင့် တငေးငေးတငိုင်ငိုင် ဖြစ်နေသည်ကိုကား အတာ မသိ။
"ကဲ ကျန်းမာရေး စာအုပ်တွေ သိမ်းလိုက်ကြတော့"
စားပွဲတွင် တဖျတ်ဖျတ် ရိုက်လိုက်သော ကြိမ်လုံးသံနှင့်အတူ ဆရာမက အမိန့်ပေးလိုက်ပြီး
"ဟိုတစ်ပတ်က မမ ပြူစောထီးအကြောင်း ပြောခဲ့တယ်နော်၊ ဒီနေ့ တပင်ရွှေထီးအကြောင်း မမ ပြောပြ မယ်၊ သေသေချာချာ နားထောင်ကြ"
ဆရာမလည်း ပြောပြောဆိုဆို ထလာကာ အတန်းသားများဘက်သို့ မျက်နှာမူလျက် စားပွဲဘက်တွင် ခပ်မှေးမှေး မှီ၍ ရပ်လိုက်၏။
"တပင်ရွှေထီးဆိုတာ ကြားဖူးကြတယ် မဟုတ်လား ဟေ့"
"ကြားဖူးပါတယ် မမ"
"အေး၊ သူရသတ္တိနဲ့ပြည့်စုံတဲ့ မြန်မာရှင်ဘုရင်တွေထဲက တပင်ရွှေထီးလဲ တစ်ယောက် အပါအဝင်ပေါ့ ကွယ်၊ စစ်တိုက်တဲ့နေရာ မှာလဲ အင်မတန် ကျွမ်းကျင်တယ်"
ဆရာမသည် သို့ပြောရင်းကပင် အတန်းသားများဆီသို့ ဂရုတစိုက် နားထောင် မထောင် အကဲခတ် လျက်ရှိ၏။ စံဝင်းနှင့် ရာမာသည် ဆရာမသင်ကြားနေသည်ကို လုံးဝစိတ်ဝင်စားခြင်းမရှိဘဲ ရယ်ကာ မောကာဖြင့် ပြောနေကြသည်ကို တွေ့ရသည်နှင့် ဆရာမသည် ရာမာတို့နှစ်ယောက်ကို ကြည့်နေရာမှ မျက်နှာလွှဲရင်း ကြိမ်လုံးသံပေးလိုက်၏။ ဤတွင်မှ စံဝင်းတို့ နှစ်ယောက် ကြောက်လန့်တကြား ဆရာမ ဆီသို့ အာရုံစိုက်လာကြ၏။ သို့သော် ဆရာမက မမြင်ဟန်ဆောင် ကာ ဆက်လက်၍
"အဲဒီ ဘုရင်ကို မင်းတရားရွှေထီးလို့လဲ ခေါ်တယ်ကွဲ့၊ တပင်ရွှေထီးလို့ပဲ မှတ်ထားကြပေါ့ကွယ်၊ အဲဒါက မှတ် လို့ လွယ်တယ်နော်"
ဆရာမသည် စကားကို ခေတ္တဖြတ်၍ စံဝင်းတို့ဆီ မျက်လုံးကစားလိုက်ပြန်၏ ရာမာရော စံဝင်းပါ ငြိမ်ငြိမ် ဆိတ်ဆိတ် နားထောင်နေသည်ကို တွေ့ရမှ
"အဲဒါ တပင်ရွှေထီးမင်းမှာ ထူးခြားတာက ဘယ်လိုလဲဆိုရင် သူဟာ အသက်ငယ်ငယ်ကလေးနဲ့ ဘုရင် အဖြစ်ကို ရသတဲ့ကွဲ့၊ သူ ၁၅ နှစ်သားလောက်မှာ သူ့ရဲ့ခမည်းတော်ကြီး နတ်ရွာစံတော်မူသွားတာနဲ့ အဲ နတ်ရွာစံ တယ်ဆိုတာ သိကြတယ် မဟုတ်လား"
"သိပါတယ် မမ၊ ရှင်ဘုရင် သေတာကို နတ်ရွာစံတယ်လို့ ခေါ်ပါတယ်"
"အေး ခမည်းတော် ဆိုတာကော"
"အဖေ ပါ မမ"
"အေး အဲသလို ခမည်းတော်ကြီးက တပင်ရွှေထီး ၁၅ နှစ်သားအရွယ်လောက်မှာ နတ်ရွာစံသွားတာနဲ့ တပင်ရွှေထီးဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ နန်းတက်ရတာပေါ့၊ ဟေ့ ခင်ခင် ထစမ်း၊ မင်း မမပြောတာကို နား မထောင်ဘူး၊ အလကား စကားများနေတယ်"ဟု တစ်ဆက်တည်းပင် ခင်ခင်ဆိုသူကျောင်းသူကလေး တစ်ယောက် အား မတ်တတ်ရပ်ခိုင်းလိုက်ပြီးမှ
"ကဲ ပြောစမ်း၊ တပင်ရွှေထီး ဘယ်အရွယ်မှာ သူ့ခမည်းတော်ကြီး နတ်ရွာစံသလဲ"
ခင်ခင်တွင် ရုတ်တရက် ယောင်ချာချာလေး ဖြစ်သွား၏။ သို့သော် အနီးရှိ မစွမ်ကြည် က ခြေဖျားကလေး ဖြင့်တို့ရင်း အသံခပ်အုပ်အုပ်ထောက်ပေးလိုက်မှ
"၁၅ နှစ်အရွယ်ပါ မမ" "ဒါဖြင့် သူ ဘယ်နှစ်နှစ်သားအရွယ်မှာ နန်းတက်ရသလဲ"
ထိုမေးခွန်းကိုမူ ခင်ခင်အားထောက်ပေးသူ မစွမ်ကြည်ပင် မျက်စိလည်သွားတော့၏။ ခင်ခင်တွင်လည်း ပါးစပ် အဟောင်းသားဖြင့် ငေးနေမိရာမှ မစွမ်ကြည်အား ငုံ့ကြည့်ရင်း မျက်စပစ်၍ မေးလိုက်သည်။
"ကဲ ထိုင်တော့၊ မမ ပြောနေတာကို သေသေချာချာ နားထောင်၊ ဒီတစ်ခါ စကားများနေရင် ခုံပေါ်တက် ပြီး မတ်တတ်ရပ်နေရမယ်"ဟု အားလုံးကိုပါ သတိပေးလိုက်ပြီးမှ
"၁၅ နှစ်သားမှာ ခမည်းတော် နတ်ရွာစံတယ်ဆိုတော့ သူ ၁၅ နှစ်သားမှာပဲ နန်းတက်ရတာပေါ့ကွဲ့၊ ဘယ်လောက် ထိအောင် သူ သတ္တိကောင်းသလဲဆိုတော့ တပင်ရွှေထီးဟာ နန်းတက်ပြီး လို့ နှစ်နှစ် လောက်အကြာမှာ နားထွင်းဖို့ အချိန်တော်ပါပြီလို့ မှူးကြီးမတ်ကြီးတွေ က လျှောက်ထားကြတယ်ကွဲ့၊ နားထွင်းတယ်ဆိုတာက မမတို့ မင်းတို့ မိန်းကလေးတွေ နားဖောက်ကြ သလိုပေါ့"
ဤတွင် အတာက လက်ညှိုးကလေးထောင်၍ တစ်စုံတစ်ရာ မေးလိုသည့် အထိမ်းအမှတ်ပြ လိုက်သော ကြောင့် ဆရာမ က မေးခွင့်ပြုသည်နှင့်
"တပင်ရွှေထီး ဟာ ယောက်ျားမဟုတ်လား မမ၊ ဘာပြုလို့ မိန်းမတွေလို နားထွင်းရတာလဲ ဟင်"
"အေး ဒါက ဒီလိုကွဲ့၊ ရှေးတုန်းကဆိုရင် ယောက်ျားတွေလဲ နားထွင်းလေ့ရှိကြတယ်၊ နားဍောင်းလဲ ပန် ကြတာပဲ၊ ကြည့်ပါလား၊ အရင်လတုန်းက မမ သင်ခဲ့တဲ့ ဟို ပျိုလေးတို့အိမ်ဦး ဆပ်သွားဖူးက တစ်ရုံနှစ် ရုံ ဆိုတာလေ၊ မှတ်မိကြတယ် မဟုတ်လား"
"မှတ်မိပါတယ် မမ"
"ကဲ မသင်းရီ ထဆိုစမ်း"ဟု ဆရာမက ကြိမ်လုံးဖြင့် ညွှန်ပြရင်း ပြောလိုက်သည်နှင့်
ပျိုလေးတို့အိမ်ဦး၊
ဆပ်သွားဖူးက တစ်ရုံနှစ်ရုံ၊
ကျေးတွေကအုံ၊
မအုံပါနှင့် ကိုရွှေကျေး၊
ပျိုတို့မောင် ရှင်လိင်ပြန်တော့၊
နားပန်ဖို့လေး၊
ကျောင်းသူကလေး မသင်းရီက သို့လျှင် ခပ်သွက်သွက်လေး ဆို၍ အဆုံးသတ်လိုက်သည်တွင်
"အေး အဲဒီ အဓိပ္ပာယ်အားလုံးလဲ မမ ပြောပြခဲ့ဖူးပြီနော်၊ ကဲ မသင်းရီ ထိုင်၊ မဝေကင်း ထစမ်း"
တရုတ်ကပြားမ ကျောင်းသူကလေး ထရပ်လိုက်သည်နှင့်
"ရှင်လိင်ပြန်တော့ဆိုတာ ဘာလဲ"
"သင်္ကန်းဝတ်ပြီး လူထွက်လာတာကို ခေါ်ပါတယ် မမ"
"အေး၊ အဲဒီတေ့ ပျိုတို့မောင် ရှင်လိင်ပြန်တော့ နားပန်ဖို့လေး၊ ဆိုကတည်းက ရှင်းနေပြီမဟုတ်လား ကွယ်၊ ဘယ်သူ့နားမှ ပန်ဖို့လဲ မောင်ချစ်အောင်" ဟု ရှေ့ဆုံးတန်းမှ ကလေးတစ်ယောက်ကို လှမ်းမေး လိုက်သဖြင့် "အဲဒီ ရှင်လူထွက်က ပြန်လာတဲ့ ငတိလေး ပန်ဖို့ပေါ့"
ချစ်အောင် က တိုတိုပြတ်ပြတ်ပင် သို့ကလို ဖြေလိုက်သောကြောင့် တစ်တန်းလုံး ဝါးခနဲ ပွဲကျသွားတော့ ၏။ ဆရာမ တွင်လည်း ဣနြေ္ဒမဆည်နိုင်၊ နှစ်နှစ်ခြိုက်ခြိုက် ရယ်နေမိရာမှ
"ကဲပါကွယ်၊ မင်းပြောတဲ့ ငတိလေးပဲ ထားပါကွယ်၊ အဲဒါ ယောက်ျားလား မိန်းမလား"
"ယောက်ျားလေးပေါ့ မမရဲ့"
"ကဲ ဒီလောက်ဆို မင်းတို့ ရှင်းလောက်ရောပေါ့ကွယ်နော်၊ ရှေးတုန်းက ယောက်ျားလေးတွေလဲ နားထွင် တဲ့ အလေ့အထရှိပါတယ်၊ ဒါကြောင့် နားပန်ဖို့လေးလို့ စပ်ဆိုထားတာပေါ့၊ ပြီး မမပြောတာကို မမေ့ရ ဘူးနော်၊ ရေးတော့"
"အမှန်"
"ဖတ်တော့ကော"
"အသံ"
"အဲဒါ မှတ်ထားကြ၊ ဆိုတော့ ဆပ်သဖူး ဟုတ်လား၊ ရေးတဲ့အခါကျတော့ ဆပ်သွားဖူး လို့ ရေးရတယ်၊ သေသေချာချာ မှတ်ထားကြနော်၊ ကိုင်း ခုနအကြောင်း မမ ဆက်ပြောမယ်၊ ရှေးတုန်းက ရှင်ဘုရင်တွေ ဟာလဲ သူ့အချိန်ကျရင် နားထွင်းရတယ်ကွဲ့၊ ဥပမာ ဆိုပါတော့၊ ခုခေတ် အမှုဖြစ်ရင် အစိုးရရုံးတွေမှာ အမှုနိုင်အောင် ဆောင်ရွက်ရတဲ့ ဝတ်လုံတို့ ရှေ့နေတို့ဆိုတာ ရှိတယ်ကွဲ့၊ အဲ ဝတ်လုံဆိုရင် ဝတ်လုံ အဝတ်အစားကို ဝတ်ရတယ်၊ ဒါမှ သူဟာ ဝတ်လုံအင်္ဂါနဲ့ ညီညွတ်တယ်၊ ဒီသဘောမျိုးပေါ့၊ ရှေးတုန်းက ဘုရင်တွေဟာလဲ ဘုရင့်အင်္ဂါနဲ့ ညီညွတ်အောင် နားထွင်းရတယ်၊ ဦးသျှောင်ထုံး ရတယ်ဆိုတဲ့ စည်းကမ်း ထုံးစံတွေရှိတယ်"
ဆရာမပေးသော ဥပမာမှာ ဒုတိယတန်းကလေးများအဖို့ အတော်ကလေးမြင့်နေ၏။ ဝတ်လုံဟူသည်ကို လည်းကောင်း၊ အဝတ်အစားကိုလည်းကောင်း သိသူမြင်ဖူးသူမှာ အလွန်နည်းနေ၏။ မည်သို့ဖြစ်စေ၊ အတာတွင်သော်ကား အလွန့်အလွန် သဘောကျသွားတော့၏။
"ဝတ်လုံဆိုတာ မြင်ဖူးကြသလားဟေ့"
အတာနှင့်တကွ အခြားသော သုံးလေးယောက်ကသာ မြင်ဖူးကြောင်း အဖြေပေး၏။
"အေး မမြင်ဘူးသေးတဲ့ မင်းတို့အတွက် နက်ဖြန်မှ မမ ဓာတ်ပုံယူလာပြီး ပြမယ်၊ ဟုတ်လား"
သို့ ဆရာမက ပြောနေခိုက်တွင် အတာသည် သူ့ဘေးရှိ သူငယ်ချင်းအား သူ ကြီးလာက ဝတ်လုံလုပ် မည့်အကြောင်း ဝတ်လုံဆိုသူများ ဝတ်ဆင်သည့် အဝတ်အစားသည် မည်မျှခံ့ညား၍ မည်သို့မည်ပုံ လှ ကြောင်းများကို အားပါးတရ ပြောပြလျက်ရှိစဉ် ဆရာမက ကြိမ်သံပေးလိုက်မှ အတာ ငြိမ်သွားတော့၏။
"အေး၊ အဲသလို နားထွင်းဖို့ကိစ္စပေါ်လာတော့ တပင်ရွှေထီးဟာ ဘယ်လောက် သတ္တိကောင်း သလဲဆို တော့ မွန်ဘုရင်တစ်ပါးအုပ်စိုးနေတဲ့ ပဲခူးမြို့မှာရှိတဲ့ ရွှေမောဓောဘုရား ကုန်းတော်ပေါ်မှာ နားထွင်း မယ် လို့ မိန့်တော်မူသတဲ့။ အဲဒါကို မှူးတော် မတ်တော်တွေက သူတစ်ထူးရဲ့တိုင်းပြည်ထဲမှာဝင်ပြီး နားထွင်း လို့ မသင့်တော်တဲ့အကြောင်း တောင်းပန်ကြတာကို တပင်ရွှေထီးက နားမထောင်ဘဲ ငါကဲ့သို့သော ဘုန်းတစ်ခိုးနဲ့ ပြည့်စုံတဲ့မင်းကို သူတို့ ဘာလုပ်ဝံ့မှာလဲဆိုပြီး သတ္တရုဇေယျ ဆိုတဲ့ အင်မတန် အပြေး ကောင်းတဲ့ မြင်းကိုစီးပြီး လက်ရွေးစင် စစ်သည်တော် ငါးရာနဲ့ ပဲခူး ရွှေမော်ဓောဘုရားဆီသို့ ချီတက် ရောကွဲ့"
ထိုအချိန် တွင် မစွမ်ကြည်က လက်ညှိုးကလေးယမ်းရင်း ထရပ်တဲ့ကာ
"တပင်ရွှေထီးက ဘယ်တိုင်းပြည်က ဘုရင်လဲ မမ၊ ဟင်"
"သြော် အေး၊ မမ စကားကျန်သွားတယ်၊ ကေတုမတီ လို့ခေါ်တဲ့ တောင်ငူဘုရင်ပေါ့ ကွယ်၊ တောင်ငူက နေပြီး ရွှေမော်ဓောဘုရားမှာ လာပြီး နားထွင်းတယ်ပေါ့ကွယ်၊ အဲသလို တောင်ငူဘုရင် တပင်ရွှေထီး က ရွှေမော်ဓောကို ဘုရားရင်ပြင်တော်ပေါ်မှာ ဘုရားဖူးရင် နားထွင်းနေတယ်ဆိုတဲ့ သတင်း လဲကြားရော ပဲလူးဘုရင် သုရှင်တကာရွတ်ပိက သူရဲ့စစ်သည်တွေကို လွှတ်ပြီး တပင်ရွှေထီးကို ချက်ချင်း ဖမ်းစေ ဖို့ အမိန့်ထုတ်လိုက်သကွဲ့" စံဝင်းတို့လူစုနှင့် မိန်းကလေးတစ်သိုက်တို့ စကား များနေကြပြန်သောကြောင့် ကြိမ်လုံးဖြင့် စားပွဲကိုရိုက် ၍ သတိပေးလိုက်ပြီးမှ
"ဒါနဲ့ သုရှင်တကာရွတ်ပိ အိုကွယ် ဒီနာမည်က မင်းတို့ အမှတ်ရခက်ပါတယ်၊ ပဲခူးဘုရင်လို့လဲ မှတ်ထား ကြပါကွယ်၊ ဟံသာဝတီမင်းလို့လဲ ခေါ်နိုင်တယ်၊ ဒီဘုရင်အုပ်ချုပ်တဲ့ နယ်အားလုံးကို ဟံသာဝတီပြည်၊ ရုံးစိုက်တဲ့မြို့က ပဲခူး၊ အဲသလို မှတ်ထားပေါ့၊ အေး အဲဒီ ပဲခူးဘုရင်ရဲ့ အမိန့်အတိုင်းပဲ စစ်သည်သူရဲ ကောင်းတွေဟာ တပင်ရွှေထီးကို ဖမ်းမယ်ဆိုပြီး ရွှေမော်ဓောဘုရားခြေရင်းမှာ လာဝိုင်းထားကြတာကိုး၊ အဲဒါကို တပင်ရွှေထီးရဲ့ဘက်သာေးတွက သိတော့ ချက်ချင်းပဲ လာပြောကြတာ ကို တပင်ရွှေထီးက နည်းနည်းမှမတုန်လှုပ်ဘဲ ငါ့နားထောင်ကိုသာ တည့်အောင်ထွင်းကြ၊ ဒီကောင်တွေကို ငါတိုက်ပြမယ်လို့ ခပ်အေးအေးပဲ ပြောသတဲ့၊ ဘယ်လောက်သတ္တိကောင်းသလဲကွယ် နော်"
ရာမာနှင့် စံဝင်းမှလွဲ၍ အားလုံးပင် စိတ်ဝင်တစား နားစွင့်နေကြ၏။ ဆရာမလည်း ရာမာတို့အား ကြိမ်သံ ပေးလိုက်ပြီးမှ
"အဲ နားလဲထွင်းပြီးရော ဘာပြောကောင်းမလဲ၊ အင်မတန် ခွန်အားဗလနဲ့ ပြည့်စုံပြီး သိပ်အပြေးကောင်း တဲ့ သတ္တရုဇေယျမြင်းကိုစီးပြီး တပင်ရွှေထီးကွ၊ မင်းတို့ ငါ့ကို ယှဉ်ပြိုင်ဝံ့ကြသလားလို့ မေးပြီး ထွက်လာ တော့ ဘုရား ကိုဝိုင်းထားတဲံ ပဲခူးဘုရင်ရဲ့ စစ်သည်တော်တွေဟာ တပင်ရွှေထီးကို မြင်တာနဲ့ တစ်ခါ တည်း လမ်းဖယ်ပေးကြရသတဲ့၊ ကြောက်လို့ပေါ့ကွယ်၊ ဘယ်သူမှ အနားတောင်မကပ်ဝံ့ဘဲ အံ့သြ ပြီး ငေးကြည့်နေမိကြသတဲ့၊ တပင်ရွှေထီးက သတ္တိလဲရှိ ဘုန်းတန်ခိုးကလဲ ကြီးတာကိုးကွဲ့၊ ဓားခုတ်၊ လှံထိုး လဲတော်၊ မြင်းစီးကလဲ သိပ်ကောင်းဆိုပဲ၊ ဒါကြောင့်မို့လို့ ဟံသာဝတီမင်းရဲ့ စစ်သားတွေက မဖမ်းဝံ့ တာ ပေါ့"
စံဝင်းနှင့် ရာမာမှာမူ တစ်ယောက်နှင့်တစ်ယောက် ထိပ်ပုတ်ခါးထိုးဖြင့် အမျိုးမျိုးဆော့နေဆဲပင်ဖြစ်၏။ သို့သော် အခြားသောကလေးများ အာရုံပြတ်သွားမည်စိုး၍ ဆက်လက်ကာ
"အဲဒီ တပင်ရွှေထီးမင်းရဲ့ခမည်းတော်ဟာ မင်းကြီးညိုလို့လဲ ခေါ်တယ်၊ မဟာသီရိ ဇေယျသူရလို့လဲ ခေါ်တယ်၊ မင်းကြီးညိုဆိုတာက အမှတ်ရလွယ်တာပေါ့ကွယ်နော်၊ သူ့မယ်တော် ကတော့ မင်းမျိုးမင်း နွယ်ထဲကမဟုတ်ဘူး၊ သာမန်ဆင်းရဲသား ငနွယ်ကုန်းသူကြီးရဲ့ သမီး တဲ့ကွဲ့၊ ဒါပေမဲ့ အဆင်းအင်္ဂါ လက္ခ ဏာနဲ့ ပြည့်စုံတာနဲ့ မင်းကြီးညိုက သဘောကျပြီး ယူလိုက်တာကိုး၊ တစ်ခါတော့ တပင်ရွှေထီးကို မမွေး သေးခင်ပေါ့ကွယ်၊ သူ့မေမေက မင်းကြီးညိုက ဘာဖြစ်တာလဲ လို့ မေးတော့ တပင်ရွှေထီးရဲ့မေမေက သူ အိပ်ပျော်နေတုန်းမှာ ကောင်းကင်ပေါ်က နေမင်းကြီးက သူ့ဆီကို ဆင်းလာပြီး သူ့ဗိုက်ထဲခွဲဝင်သွား တယ်လို့ အိပ်မက်မက်တာနဲ့ လန့်အော်မိတာပါ လို့ လျှောက်ထားတော့ မင်းကြီးညိုက ဒါဖြင့် မင်းမွေးဖွား မဲ့ကလေးဟာ နေမင်း လမင်းလို ဘုန်းတန်ခိုး ထွန်းလင်း မှာ အမှန်ပဲဆိုပြီး သိပ်ဝမ်းသွားသတဲ့၊ နောက် မွေးဖွားလာတဲ့ကလေးဟာ ခုန မမပြောတဲ့ တပင်ရွှေထီး ပဲ ပေါ့ကွယ်၊ ဟေ့ စံဝင်း မတ်တပ်ရပ်၊ ရာမ လဲ ထ"
ဆရာမလည်း တစ်ချိန်လုံး စကားများ၍ ဆော့နေသော သူတို့နှစ်ယောက်အား ခပ်စပ်စပ်ကလေး ရိုက်တော့မည်ကဲ့ သို့သော အမူအရာဖြင့် စိုက်ကြည့်နေပြီးမှ
"စံဝင်း၊ တပင်ရွှေထီးရဲ့အဖေနာမည် ဘယ်သူလဲ ပြောစမ်း"
ဆရာမ လည်း ကြိမ်တဆတ်ဆတ်လှုပ်ကာ အနီးသို့လျှောက်သွားရင်း မေးလိုက်သည်ကို ကြောက်လန့် တုန်လှုပ်နေသော စံဝင်းက "လှမောင်ကြီး" သို့လျှင် လွှတ်ခနဲ ဖြေလိုက်သောကြောင့် တစ်တန်းလုံးပင် တဝုန်းဝုန်း ဆူသွားတော့၏။ ဆရာမလည်း ဟန်မဆောင်နိုင် ပါးစပ်တွင် လက်တစ်ဖက်အုပ်လျက် တစ်ကိုယ်လုံး လှုပ်ခါသွားသည်အထိ ရယ်နေမိ တော့၏။ အတန်ကြာမှပင် ဆူနေသော ရယ်သံများကို ကြိမ်ချက်ဖြင့် ငြိမ်သွားအောင် သတိပေးလိုက်ပြီး မှ စံဝင်း ဤလိုဖြေသည်မှာ သူ့အဖေနာမည် ကို မေးသည်ထင်၍ ဖြေလိုက်လေသလောဟု သံသယ ဖြစ် သွားသည်နှင့် ဆရာမက
"ဘာလဲ စံဝင်း၊ ကိုလှမောင်ကြီးဆိုတာ မင်းအဖေ နာမည်လား"
မျက်နှာကို ချိုချိုပင်ထား၍ အနားကပ် မေးလိုက်သည်တိုင်အောင် စံဝင်းတွင် အကြောက်မပြေသေးဘဲ
"မဟုတ် မဟုတ်ဘူး မမ၊ ရာမာတို့အဖေ"
စံဝင်းက သို့လျှင် အလန့်တကြားနှင့် အမှားမှားအယွင်းယွင်း ဖြေလိုက်သောကြောင့် ဤတွင်လည်း တစ် ဖန် ဝါးခနဲ ဆူသွားပြန်၏။
"အလကားပြောတာ မမ၊ ကျွန်တော့်အဖေနာမည် လှမောင်ကြီး မဟုတ်ဘူး စွပ်ပရား"
ရာမကပါ ကယောင်ကတမ်းနှင့် လှမ်း၍ ငြင်းဆိုလိုက်ပြန်သောကြောင့် ရယ်ကြောမှာ အတော မသတ် နိုင်အောင် ရှည်သွားတော့၏။
ဆရာမကိုယ်တိုင်ပင် ကြိမ်ရိုက်၍ သတိမပေးနိုင်။ ကိုယ်ကလေးနွဲ့ယိုင်နှင့် တခစ်ခစ်ရယ်နေမိတော့၏။ အတန်ကြီးကြာမှပင် ရယ်ရလွန်းသဖြင့် လည်၍ဝေနေသော မျက်ရည်ကို လက်ကိုင်ပဝါလေးဖြင့်တို့ရင်း ကြိမ်သံပြင်းပြင်းကလေး ဆတ်လိုက်ပြီးမှ
"တစ်ချိန်လုံး မမ ကြည့်နေတယ်၊ မင်းတို့နှစ်ယောက် အကဲဆုံးပဲ၊ စာသင်တာကို နားမထောင်ဘူး၊ ဘာ တွေပြောပြီး သဘောကျနေကြတာလဲ ဟင်"
နှစ်ယောက်လုံး မလှုပ်၊ ခေါင်းငုံ့လျက်သား ငြိမ်နေကြ၏။
"ပြောစမ်း ရာမာ၊ စံဝင်း ဘာတွေပြောနေသလဲ"
"သူ ဘိုင်စကုပ်အကြောင်း ပြောတယ် မမ၊ ကမ္ဘာ့ကြေးမုံဇာတ်ကားအကြောင်း သူကပြောတယ်"
"အင်း သူက ပြောတယ်၊ မင်းကတော့ ဘာမှမပြောဘူးလား"
"မပြောဘူး မမ၊ ကျွန်တော် နားထောင်နေတာပါ"
ဤတွင်တစ်ဖန် ခစ်ခစ်သံက ညံသွားပြန်၏။ ဆရာမတွင်ပါ ပြုံးမိလျက်။ ယခုမှ စံဝင်းပြောသည့် လှမောင်ကြီးမှာ အခြားမဟုတ်ဘဲ ထိုခေတ်က ရုပ်ရှင်လောကတွင် နာမည်ကြီးလှသည့် မင်းသား ဘတင့်နှင့် လူကြမ်း လှမောင်ကြီးတို့ ပါဝင်သောဇာတ်ကားအကြောင်း ပြောနေကြရာမှ အယောင် ယောင် အမှားမှားနှင့် စံဝင်းဖြေကြားခြင်းဖြစ်သည်ဟူ၍ ဆရာမ သဘောပေါက်သွားတော့၏။
ဆက်ရန်
.

1 comment:
thanks u.
Post a Comment