မဟာကျော် ၏
တိမ်လွှာကြား က လဝန်းငယ်ငယ်
တိမ်လွှာကြား က လဝန်းငယ်ငယ်
ညသည် မှောင်မိုက်၍နေ၏။ သို့သော် မဟူရာညဟု မဆိုနိုင်ပေ။ ကြယ်စင်တို့၏ အလင်းအားကြောင့် ၀ိုးတ၀ါး မြင်နိုင်ပေသည်။ တစ်နည်းပြောရလျှင် ကြယ်စုံညပင်တည်း။ ကောင်းကင်တစ်ခွင့်လုံး ဖျိုးဖျိုး ဖျတ်ဖျတ် လင်းလက်လို့။ ခုနစ်စဉ်ကြယ်ပင် အမြီးထောင်လျက် ဓူဝံကြယ်ဖြင့် ညခရီးနှင့်တတ်သူ အဖို့ ထိုည သည် လမ်းပျောက်ညမဖြစ်နိုင်။ ထိုကြယ်များ၏ အလင်းကြောင့် အရိပ်ထင်နေသော ကမ်းဘေး တစ်နေရာတွင် တရိပ်ရိပ်ပြေးလွှားနေသည့် စက်တပ်လေယာဉ်ငယ်တစ်စီးအတွင်း ခုနစ်ဦး သော အမျိုးသားများ ခြံရံလျက် သတ္တိသွေးအပြည့်နှင့် မိန်းမငယ်တစ်ဦး၊ သူမအမည်က ရို့စင်သီယာဒီနာ။ သို့သော် သူမတွင် ကြောက်စိတ် အလျဉ်းမရှိဟု မဆိုလိုပါ။
ထိုကြောက်စိတ်အားငယ် စိတ်တို့ကို မိသားစုဘ၀ ရှေ့ရေးဟူသော အတွေးဖြင့် အဝေးသို့ လွှင့်ထားရခြင်း သာ ဖြစ်သည်။ သမားရိုးကျအားဖြင့် ဒီခရီးသည် မိန်းမသားတစ်ဦးအတွက် မည်သို့မျှ မသင့်လျော်ပေ။ သို့သော် သူမအဖို့ ထိုဝေါဟာရအတွင်း နှောင်ဖွဲ့နေ၍ မဖြစ်၊ ကြောက်နေ၍လည်း မဖြစ်ပါ။ ထို အကြောက်တရား များနောက်တွင် ဆုံးရှုံးခြင်းဟူသည် ဆိုင်းမဆင့် ရောက်လာတတ်၏။ အမျိုးသမီးများက ယောက်ျားများ နှင့် ရင်ပေါင်တန်းနေသည့် ခေတ်ကြီးတွင် ယခုခရီးကို ကြောက်စရာဟု မဆိုနိုင်။ ဒါကို ကြောက်စရာ ဟု ဆိုလျှင် ဒီထက်မက တွေ့ကြုံခဲ့ရသော အဖြစ်အပျက်များသည် သူမဘ၀အတွက် ဟာသ ဆန်သော ကျီစယ်မှုများသာ ဖြစ်ပေလိမ့်မည်။
"ပထွေးဆိုတာ မကောင်းဘူး" ဟုဆိုလျှင် ဒီနာ၏ ပထွေးသည်လည်း လူတွေပြောနေကျ ပထွေးထဲက ပထွေးပင် ဖြစ်သည်။ သူမ အပျိုဖော်ဝင်စမှာပင် ဖခင်ဆုံးပါးသွားခဲ့သည်။ မိသားစု စားဝတ်နေရေး၊ သမီးနှစ်ယောက် ၏ ပညာရေးဟုဆိုသော အကြောင်းပြချက်နှင့်အတူ မိခင်ကြီးမှာ နောက်အိမ်ထောင်ပြု ပထွေး ဆိုသူကို အိမ်ပေါ်အရောက် တင်ခဲ့လေ၏။ ပထွေးတိုင်း အစပိုင်းမှာ ကောင်းတတ်လေသလား။ သို့တည်း မဟုတ် ကောင်းပြတတ်သည်လား။ ဒီနာတို့ ညီအစ်မနှစ်ယောက်အပေါ် အဖေနှင့်မခြား သမီး အရင်း တမျှ ချစ်ပြလေ၏ ပထွေး က အမေနှင့်အတူ ညဈေးတွေမှာ အသားကင်လိုက် ရောင်းရပေ မယ့် စိုးစဉ်း မျှ မငြိုငြင်ခဲ့။
ဒီနာတို့ ညီအစ်မနှစ်ယောက်စလုံး၏ ပညာရေးမှအစ ၀တ်စားဆင်ယင်မှု အဆုံး၊ လူပုံအလယ် မျက်နှာ မငယ်စေရ တတ်နိုင်သမျှ လိုလေသေးမရှိအောင် ဖြည့်ဆည်းပေးလေ၏။ သူမတို့ စာကျက်နေသော အချိန်များတွင် ပင် "သမီးတို့ စာကြိုးစားကြနော် စာတတ်မှ လူရာဝင်တာ။ ငါ့သမီးတွေ ပညာတတ်ကြီး ဖြစ်တာ မြင်ရရင် အဖေတို့ ပင်ပန်းရကျိုး နပ်ပါပြီကွယ်" ဆိုတာ ခေါင်းလေး ပုတ်လို့တစ်မျိုး၊ ပခုံးကလေး ဖက်လို့ တစ်သွယ် ပြောတတ်လေသည်။ ဒါကိုကြည့်ပြီး ပီတိဖြာနေတတ် သူမှာ ဒီနာ တို့ မေမေကလွဲလို့ မည်သူရှိဦး မည်နည်း။
"အသားမစားလျှင် ကျားမဟုတ်" တဲ့ မှန်ပါသည်။ သူမ၏ ပထွေးသည်လည်း ပထွေးရုပ်လုံး ပေါ်ခဲ့လေ ၏။ ညဈေး ထွက်ခါနီး တစ်ညနေမှာပေါ့။ ပထွေးနေမကောင်းဘူးဆို၍ မေမေက အငယ်မကို အဖော် အဖြစ် ခေါ်သွားသည်။ သူမကတော့ အိမ်မှုကိစ္စတွေ ရှိသေးသမို့ မလိုက်ဖြစ်ခဲ့ပေ။ ညခုနစ်နာရီခန့်တွင် အိမ်မှုကိစ္စပြီး၍ ရေမိုးချိုးရန်အတွက် ရင်ဘတ်အပေါ်ပိုင်းမှ ဒူးခေါင်းအထိရောက်သော တဘက်(ပ၀ါ)ကို ပတ်ပြီး ရေချိုးခန်းဘက် ထွက်ခဲ့သည်။ ထိုစဉ်မှာပင် ပထွေးအခန်းမှ တဟင်းဟင်းနှင့် ညည်းညူသံကြား ၍ အခန်းတံခါး ကို အသာအယာ တွန်းကြည့်လိုက်ရာ ပထွေးတစ်ယောက် သူ့ကိုယ်သူ နှိပ်နယ်ရင်း ညည်းညူ နေသည်ကို တွေ့ရလေ၏။ တစ်နှစ်ကျော်ကျော်မျှ အတူနေလာသော သံယောဇဉ်၊ သူမ အပေါ် သမီး တစ်ယောက်လို ကြင်နာခဲ့သော မေတ္တာတရားတို့ကြောင့် "အဖေဘာဖြစ်လို့လဲ" ဟု မေးပြီး အခန်းတွင်း ၀င်လိုက် မိရာ ထိုစဉ်မစ၍ သူမ၏ အပျိုစင်ဘ၀ ခ၀ါကျခဲ့ရသည်။
ပထမတော့ ထိုအကြောင်းကို ရှက်၍ မည်သူ့မျှ မပြောဘဲ ထားခဲ့သည်။ သို့သော် မိန်းမသားတို့အတွက် ဖုံးမရသော ထိုတစ်နေ့ ရောက်လာချိန်မှာတော့ မေမေ သိသွားလေ၏။ သမီးအတွက် ယူကျုံးမရ ဖြစ်ရ ရှာသော မေမေဟာ ပထွေးကို အိမ်ပေါ်မှ နှင်လွှတ်ပြီး ဒီနာ့ ကိုယ်ဝန်ကိုလည်း လူမသိအောင် ဖျက်ချခဲ့ သည်။ မေမေ့ခမျာမှာလည်း သူ့ကြောင့်ဆိုသော အတွေးနှင့် ရောဂါသည် ဘ၀ရောင်ချင်းမလှ ရောက်ခဲ့ ရလေ သည်။ ရောဂါသည် အမေကြီး၏အရေး၊ ညီမငယ်လေး ကျောင်းဆက်တတ်နိုင်ရေး၊ မိသားစု သုံးဦး စလုံး သူတစ်ပါး အနှိမ်ခံဘ၀ မရောက်ဖို့အရေး တွေး ရင်း မှ အစ်ကိုဝမ်းကွဲတော် "လသစ်" ၏ အကူအညီ ဖြင့် ဤခရီးကို ထွက်ခဲ့ရခြင်း ဖြစ်သည်။
လသစ် တို့ ငါးဖမ်းလှေပြန်ဝင်ပြီး နှစ်လခန့် အနားယူစဉ် သူမအား ယခုတစ်ခေါက် လှေပြန်ထွက်လျှင် စူမားကြားကျွန်း ဘက်သို့ ရောက်မည်၊ ထိုမှတစ်ဆင့် သူမထက်အရင် ရောက်နှင့်နေပြီဖြစ်သော ငယ်သူငယ်ချင်း ဖြစ်သူ ဟာသီကာရိုး ထံသို့ အလုပ်လုပ်ရန် ပို့ပေးမည်ဟုဆိုကာ မလေးရှားစကားကို လည်း ထိုနှစ်လအတွင်းမှာပင် သင်ကြားပေးလေ၏။ မလေးရှားစကားမှာ ဒီနာတို့ အင်ဒိုးနီးရှား စကားနှင့် ဆက်စပ်မှု ရှိလေရာ အနည်းငယ်မျှ လေ့လာရုံနှင့် တတ်မြောက်ခဲ့သည်။
"ဒီနာ ညီမလေးဘာတွေ တွေးနေတာလဲ"
လသစ်၏ အမေးစကားကြောင့် ဒီနာ အတွေး ကမ္ဘာလေးမှာ ရုတ်တရက် ချိတ်ပိတ်ခံလိုက်ရလေ၏။
"ဘာမှ မဟုတ်ပါဘူး။ ဟိုရောက်ရင် အဆင်ပြေပါ့မလားလို့"
"င့ါညီမ စိတ်အေးအေးထား။ ဟိုမှာ ကာရိုးတစ်ယောက်လုံး ရှိနေတာ။ ပြီးတော့ အစ်ကိုကိုယ်တိုင် လိုက်ပို့ ပေးနေတာပဲ။ ဘာမှတွေးမနေနဲ့။ မကြာခင် ရောက်တော့မယ့်ဟာကို"
အစ်ကိုလသစ် က နှစ်သိမ့်ပေးနေပေမယ့် တရားမ၀င် အိုဗာစတေးနဲ့ တစ်ဖက်နိုင်ငံသို့ ခိုးဝင်လာရသူ အဖို့ အဘယ်မှာ မစိုးရိမ်ဘဲ နေနိုင်ပါ့မည်နည်း။
ဂျိုဟိုးပြည်နယ် မွားမြို့ မွားမြစ်ကမ်းနားတစ်လျှောက် လှပသော ခေတ်မီအဆောက်အအုံကြီးများ၊ အပန်းဖြေစရာ ပန်းဥယျာဉ်များနှင့် ခမ်းနားလှသည်။ "မလက္ကာ" နှင့် မွားကို ပိုင်ခြားထားသော "မွား" မြစ်ပေါ်မှ မွားမြစ်ကူးကြိုးတံတားကြီးမှာလည်း ထည်ဝါလှပေသည်။ ဖြူ၊ ညို၊ နီစပ်၊ အသားရောင်စုံ၊ လူမျိုးစုံ တို့ လှုပ်လှုပ်ရွရွနှင့် မွားမြို့ အဝေးပြေးယာဉ်ဝင်းအတွင်း ခြေချင်းလိမ်နေကြသည်။ ညက မလက္ကာမြို့ ရောက်သည့်အချိန်မှာ သန်းခေါင်ယံနီးနီး ဖြစ်နေပြီမို့ အစ်ကို လသစ်၏ အသိတစ်ယောက် အိမ် မှာ ၀င်ရောက်တည်းခိုခဲ့ကြသည်။ နံနက်ရှစ်နာရီထိုးတော့ အိမ်ရှင်တွေကို နှုတ်ဆက်ပြီး တက္ကစီဖြင့် မွားမြို့ သို့ ထွက်ခဲ့ကြသည်။ မွားမြို့အဝေးပြေးဝင်း အနီးရောက်တော့ ကိုးနာရီခွဲလေပြီ။
တက္ကစီက အဝေးပြေးဝင်းတွင် မရပ်ဘဲ မွား-ဂျိုဟိုး ဟိုင်းဝေး လမ်းမကြီးမှာ ဆက်မောင်းလာရာ ပန်ချော် ဒေသ ရောက်တော့ စိမ်းလန်းသော ကော်ဖီခြံကြီးအနီးတွင် ရပ်လိုက်လေ၏။ တက္ကစီကားပေါ်မှ ဆင်းပြီး လူတစ်ရပ် သာသာမျှသာ ရှိသော စိမ်းဖန့်ဖန့် ကော်ဖီပင်လေးများ ခြံရံထားသည့် ခြံအ၀င်လမ်း မှတစ်ဆင့် ခြံကြီးအတွင်းသို့ ၀င်ခဲ့ကြရာ ကိုက်၃၀၀ကျော်မျှ လျှောက်လှမ်းခဲ့ပြီးချိန်မှာတော့ "ချိန်လီ" ကော်ဖီစက်ရုံနှင့် ၀န်ထမ်း တန်းလျားကို တွေ့ရလေ၏။ ကော်ဖီစက်ရုံဟု ဆိုသော်လည်း ခမ်းနားထည်ဝါ လှသည်တော့ မဟုတ်။ သွပ်မိုးသွပ်ကာ ပေ၄၀မျှသာ ကျယ်လိမ့်မည် ထင်သည်။ ၀န်ထမ်းတန်းလျား မှာလည်း ၁၀ပေ သာသာ အခန်းလေးခန်းသာ ရှိသည့် သွပ်မိုး၊ အထပ်သားကာ၊ အဆောက်အအုံ တစ်ခုရယ်သာ။ ၀န်ထမ်း တန်းလျားနားရောက်တော့ အလုပ်ဝင်ဖို့ တာစူနေကြသည် ထင်ပါရဲ့။ အလုပ်သမားအချို့ ထွက်လာ ကြသည်။ ထိုအထဲတွင် ရုတ်တရက် တွေ့လိုက်ရသူမှာ "ကာရိုး"။ ဒီနာဒ ကျောင်းနေဖက်အချစ်ဆုံး သူငယ်ချင်း ဟာသီကာရိုး ပါ။
"ကာရိုး ... ကာရိုး"
ကာရိုးကိုမြင်တော့ မနေနိုင်အောင်ဖြစ်ပြီး လှမ်းခေါ်လိုက်မိသည်။ ဒီနာ့ ခေါ်သံကြားတော့ ကာရိုးက လှည့်ကြည့်ပြီး ဒီနာကို တွေ့သွားတော့ "ဒီနာ" ဟု အော်ကာ ကလေးငယ်တစ်ယောက်ပမာ လိမ့်နေ အောင် ပြေးလာသည်။ သူမပုံသဏ္ဍာန်က လုံးတုံးတုံး၊ ပုတိုတိုဆိုတော့ လိမ့်နေသည်ပေါ့။
"ဒီနာ ... ဒီနာ၊ ၀မ်းသာလိုက်တာ။ လသစ် နင်ကလည်း နောက်ကျလိုက်တာ။ ညကတည်းက လာမယ် ထင် လို့ စောင့်နေတာ"
ကာရိုးက ဒီနာကို ဖတ်ပြီး အရမ်းပျော်နေသည်။ ဒီနာက ပိုပျော်သည်ပေါ့။ ကာရိုးရှိရာကို ချောချော မောမော ရောက်လာခဲ့သည်ကိုး။
"ညက မလက္ကာအ၀င် နောက်ကျသွားလို့။ ဒါနဲ့ အလုပ်ကိစ္စက"
လသစ် က ကာရိုးအမေးကို ဖြေရင်း၊ ဒီနာ့အလုပ်ကိစ္စကိုပါ မေးလိုက်သည်။
"အားလုံးအိုကေပဲ။ သူဌေးကို ပြောပြီးသား။ အခုတောင် အလုပ်ဝင်ချင် ၀င်လို့ရတယ်"
"ဟဲ့ ... ပိုင်လှချည်လား"
"ပိုင်ရမယ်လေ"
ကာရိုး ၏ အမူအရာနှင့် မျက်နှာပေးမှာ တစ်မူထူးခြားနေသလိုပင်။ မည်သို့ဆိုစေ ကာရိုး အကူအညီ ကြောင့် အနေအစား စရိတ်ငြိမ်းသည့် အလုပ်တစ်ခု ရခဲ့ပြီ မဟုတ်လော။ ဒီနာကိုပို့ပြီး ထိုနေ့ ညနေမှာပင် လသစ် ပြန်သွားသည်။ ထိုနေ့မှစ၍ ဒီနာသည်လည်း ကာရိုးနှင့်အတူ မလေးရှားရောက် အိုဗာစတေး အလုပ်သမား ဘ၀ ရောက်ချင်းမလှ ရောက်ခဲ့လေတော့သည်။
မိုးရွားပြီးစ နံနက်ခင်း။ တောက်ပသော နေမင်း၏ လင်းရောင်ခြည်အောက်ဝယ် စိမ်းစိုစို ကော်ဖီပင် အပု ကလေးများမှာ စိမ်းရာမှနီ၊ နီရာမှနက်ကာ မှည့်တတ်သော ကော်ဖီသီးကလေးများ စီခြယ်လို့ သူ့တို့ ဘာသာဘာဝ ငြိမ်းချမ်းစွာ လှပနေကြပေ၏။ လေပြည်သွေ့ဆောင်ခြင်းကြောင့် ကော်ဖီရနံ့ သင်းသင်း ကလေးကို မိန်းမောစွာ ရှူရှိုက်လိုက်ရချိန် ကျေးငှက်တို့၏ "ကျလိ ... ကျလိ" ဆိုသော သံသာညင်းရယ် က ရင်တွင်း ကို ကလိလိုကတော့ မောဟနှင့် အပူမီးတွေ ရုတ်ခြည်းငြိမ်းသွားရသလိုပင်။ ဗျာပါအတွေး တွေ လွင့်ပျောက်လို့ သဘာဝတရားကြီး၏ အေးချမ်းခြင်းအောက်မှာ ယစ်မူးနေမိသည်။
ဘာလိုလိုနှင့် ကော်ဖီခြံကို ရောက်ခဲ့သ်ညမှာ တစ်နှစ်နီးနီး ရှိလေပြီ။ ဒီနာက ကော်ဖီသီးကလေးများ ခူးရသည် ကို ပျော်၏။ သို့ပါသော်လည်း လုပ်ခွင့်က မရှိ။ ကော်ဖီသီးခူး၊ အစေ့ထုတ်၊ အခြောက်လှန်း၊ ခြောက်ပြီးသားတွေကို အနံ့မွှေးအောင်လှော်၊ ကြိတ်ခွဲစက်နှင့် ကြိတ်ပြီးမှသာ ဒီနာတို့ဘက်ကို ပို့သည်။ ဒီနာတို့က ထုပ်ပိုးသည့် အဖွဲ့ပေကိုး။ ဒီနာနှင့် ကာရိုးအပါအ၀င်ပေါင်းငါးဦး။ ဒီနာ၊ ကာရိုး၊ စူတြာနှင့် ဂျာက အင်ဒိုနီးရှားသူ လေးဦး။ ထိုအထဲတွင်မှ တစ်ဦးတည်းသော မြန်မာအမျိုးသား၊ ထိုအဖွဲ့၏ ခေါင်းဆောင် ဖြစ်သူ ကိုသန်းအောင်။ ဒီနာတို့က "အသန်း" ဟု သာခေါ်ကြသည်။ အသန်းက ဒီနာတို့လို အိုဗာစတေး မဟုတ်ပေ။ ဒါကြောင့်လည်း အပြင်ထွက်ရမည့်ကိစ္စ ဘာလေးပဲလိုလို အသန်းကိုသာ အကူအညီ တောင်းကြရသည်။
မိတ်ကပ်၊ အင်္ကျီကအစ ယုတ်စွအဆုံး မိန်းမသဘာဝလိုအပ်သည်က အစ အသန်းမပါဖြစ်။ ဒီနာတို့ လေးယောက် ၏ အတွင်းဆိုဒ်တွေကိုပင် အသန်းက အလွတ်ရနေလေပြီ။ ဒီနာတို့ အင်ဒိုနီးရှားသူ အိုဗာစတေး လေးဦးအတွက် အထူးအကျိုးဆောင် တစ်ဦးပေါ့။ အသားညိုညို ထောင်ထောင်မောင်းမောင်း မောင်ဒယ်ဘွိုင်း တစ်ယောက်လို ခန္ဓာကိုယ်အချိုးအစားနှင့် ယောက်ျားပီသ သည့် အင်္ဂါရုပ်ကြောင့် ဒီနာတို့ လေးယောက် အသန်းကို "ဘာလိုလို" ဆိုသော စကားသံများ မကြားတကြား နောက်တတ်သည်။ ထိုအသံ ကပင် ဒီနာ့စိတ်ကို ကလိလိုက်လေသလား။ တစ်ခါတစ်ရံ စိတ်ကူးယဉ်ဟန်ဆောင် အချစ် ဇာတ်လမ်း လေး တစ်ပုဒ်လို အာရုံထဲရစ်ဝဲမိသည်ဆိုလျှင် ကာမလောက သူ တစ်ဦးပေမို့ လွန်မည်မထင်။
အမှန်တကယ်လည်း ဒီနာတို့လေးယောက် အသန်းကို ကြိုက်နေကြ သည်ပဲ။ ဒီအထဲမှာ ကာရိုးက အဆိုးဆုံး။ သို့ပေမယ့် ပေါ်ပေါ်ထင်ထင်ကြီးတော့ မလုပ်။ သူနှင့်အသန်း ကို စနောက်မိလေတိုင်း "သူဌေး သိရင် ပြဿနာတက်မယ်" ဆိုသော စကားကို တွင်တွင်ပြောတတ် သည်။
အသန်း က ကြိတ်စက်ရုံနှင့် ပို့လိုက်သော ကော်ဖီစေ့ ခွဲခြမ်းများကို အော်တိုအိတ်သွတ်စက်ကြီးအတွင်း လောင်းထည့်ရသည်။ အသန်းထံမှ ထွက်လာသော ရေစိမ်ခံ တစ်ခါသုံးစက္ကူနှင့် ထုပ်သားသည့် တစ်ခါ သောက်စာ ကော်ဖီကြမ်း အထုပ်ကလေးများကို ဒီနာတို့ လေးယောက်က တံဆိပ်ရိုက်ပြီးသား စက္ကူဘူး အတွင်းသို့ ၂၀ထုပ်၊ ၅၀ထုပ် စသည်ဖြင့် ထုပ်ပိုးပြီး အရောင်းဌာနသို့ ပို့ရ၏။ ဒီနာတို့အလုပ်က ဤမျှ ရယ်သာ။ မပင်ပန်းသော်လည်း အိုဗာစတေး အလုပ်သမားဆိုသော အနှိမ်ခံဘ၀မို့ အဆင်မပြေလှ။ အလုပ် ကောင်းကောင်း ရှာဖို့ဆိုသည်ကလည်း အပြင်ထွက်ဖို့ပင် ခက်နေရသူမို့ "ဟင်း" ဆိုသော သက်ပြင်းကိုသာ တွင်တွင် ချခဲ့ရလေ၏။
"ဒီနာ ... ဘာတွေတွေးနေတာလဲ"
အလုပ်ပိတ်ရက်မို့ အလွမ်းပြေ ကော်ဖီခြံကြီး၏ နံနက်ခင်းအလှတွင် မိန်းမောနေမိသည်။ ကာရိုး ရောက် လာသည် ကိုပင် မသိလိုက်။
"သြော် ... ကာရိုး ... ဘာရယ်မဟုတ်ပါဘူး။ ဟိုဟိုဒီဒီ ပါပဲ"
"ဒီနာ ... ငါ နင်နဲ့စကားနည်းနည်းပြောချင်တယ်"
"အမလေး ဟယ် ... ဒီလူနဲ့ ဒီလူ။ နည်းနည်းမဟုတ်ဘူး အကြိုက်သာပြော"
"မဟုတ်ဘူး ... ဒီနာ ရဲ့ ငါပြောမယ့်စကား"
ကာရိုး ဤသို့ပြောပြီး ခေတ္တမျှ တွေဝေနေ၏။ တစ်ခါ ဒီနာ့မျက်နှာကို စေ့စေ့ကြည့်ပြီး ပြောသင့် မပြောသင့် ကို ပြန်ချင့်ချိန်နေပုံသည်။ ကာရိုးအနေအထားကို ကြည့်ပြီး ဒီနာပင် အနည်းငယ်မျှ တွေဝေ သွား၏။ ဒီနာက ပေါ့ပေါ့ကလေးပြောလိုက်ပေမယ့် ကာရိုး၏ ရှုခံအရ အဘယ်မျှ လေးနက်နေမည်ကို မသိနိုင် လေဘဲကိုး။
"ကာရိုးရယ် ပြောစရာရှိတာ ပွင့်ပွင့်လင်းလင်းသာ ပြောစမ်းပါ။ နင်နဲ့ ငါ့ကြားမှာ ၀ှက်ဖဲမလိုပါဘူး"
ဒီနာ့စကားကြောင့် ကာရိုးအနည်းငယ်မျှ အားရှိသွားပုံရသည်။ "ဒီလိုဟာ ... အဲနေဦး တစ်ခုတော့ ရှိတယ်။ ငါ့စကား တွေကို အစအဆုံး သေသေချာချာ နားထောင်ပြီးမှ စဉ်းစားဆုံးဖြတ်။ အခုပြောမယ့် စကား ကြောင့် နင်နဲ့ငါ့ကြားမှာ စည်းခြားသွားမှာ စိုးလို့ပါ။ တကယ်လို့ ငါ့စကားကို မနှစ်မြို့ဘူးဆိုရင် ဒီမှာတင် ဖျောက်လိုက်"
"ကဲ ... မိချောင်းမ။ ငါစိတ်မရှည်တော့ဘူးနော်။ ပြောပါဆိုနေမှ။ ငါ့အကြောင်း မသိတာလည်း မဟုတ် ဘဲနဲ့"
"ဒီလိုဟာ ... နင်အခုရတဲ့ လစာနဲ့ နင့်မိသားစုအတွက် မလုံလောက်ဘူး မှုတ်လား"
"အင်း ... ဘယ်လိုလုပ်လောက်မှာလဲ။ နင်ပဲ စဉ်းစားကြည့်လေ။ ရတာမှ ငါ့းရာ။ အိမ်ကိုပို့ဖို့ မလောက်ရ တဲ့အထဲ အသုံးစရိတ်က တစ်ရာ့ငါးဆယ်တောင် ဖယ်ရသေးတယ်။ ဒါတောင် မနည်းချွေတာထားလို့"
"အေး ... ဒါကြောင့် ငါ့အခုပြောမယ့် စကားကို သေသေချာချာ နားထောင်လို့ ပြောတာ။ ငါ့အိမ်ကို ဘယ်လောက် ပို့ပြီး ဘယ်လောက်သုံးနိုင်တယ်ဆိုတာ နင်သိတယ်နော်"
ကာရိုး ပြောမှ စဉ်းစားမိသည်။ ဟုတ်တာပေါ့။ ကာရိုးလစာက ဒီနာ့ထက် ရင်းကစ်နှစ်ရာလောက်တည်း ပိုတာ။ တစ်လတစ်လ သူ့အိမ်ကို ပို့သည့်တစ်လတစ်လသူ့အိမ်ကို ပို့သည်ငွေက ရင်းကစ်တစ်ထောင်နီး နီး။ ပြီးတော့ သူ့အသုံးစရိတ်၊ ဒီငွေတွေ ဘယ်ကဘယ်လို ရနေပါလိ့မ်။ ဒီနာ့ မျက်နှာပေါ်က အတွေးရိပ် တွေကို ကြည့်ပြီး ကာရိုးက သူ့စကားကို ဆက်လေ၏။
"ကဲ ... ကျေးဇူးရှင်။ ခုမှ ကြောင်စီစီ လုပ်မနေနဲ့ သေချာနားထောင်၊ အဲ ပြီးရင်တော့ နှုတ်လုံဖို့ လိုတယ် နော်"
"အင်းပါ"
"ငါ သူဌေးကို လပေးနဲ့ ပေါင်းနေတာ။ ရိုင်းရိုင်းပြောရရင် အငှားမယားပေါ့ဟာ။ တစ်လငါးရာနဲ့ သူခေါ်တဲ့ အချိန် သွားရတယ်"
"ဟင်"
ကာရိုး၏ လုပ်ရပ်မှာ အံ့သြစရာပင် မဟုတ်လော။ "ဖြစ်ရလေ ကာရိုးရယ်။ ယာယီ အငှားမယားတဲ့။ ဘာကြောင့် ဒီလိုလုပ်ရတာလဲ။ လူအတွက် ငွေအရေးကြီးတာ မှန်ပေမယ့် ဒီအလုပ်က ပြည့်တန်ဆာ အလုပ်ပဲကိုး။ တို့တစ်တွေရဲ့ဘ၀က ဒီလောက်အထိ လိုလို့လား။ မလိုပါဘူးကွယ်" ဒီနာ ကာရိုးကို စေ့စေ့ ကြည့်ပြီး ရင်တွင်းမှသာ ပြောလိုက်မိသည်။
"ဒီနာ ... ငါပြောတာ ကြားရဲ့လား"
"သြော် ... အေး ... ကြားပါတယ်။ ဘာဖြစ်လို့လဲ"
"ဘာမှမဖြစ်ပါဘူး။ ဒီလိုဟာ သူဌေးက အခုနင့်ကို မျက်စိကျနေတယ် သိလား။ ပြီးတော့ ငါ့ကို စည်းရုံး ပေးဖို့ ပြောတယ်။ နင့်ကိုသာဆိုရင် တစ်လတစ်ထောင်လည်း ပေးနိုင်တယ်တဲ့"
"ဘာလဲ"
ဒီနာ ... ရုတ်တရက် အော်လိုက်သော အသံကြောင့် ကာရိုးခမျာ ဇက်ကလေးပင် ကျုံ့ဝင်သွားသလား ထင်ရသည်။ ဒီနာ စိတ်မတို ခံနိုင်ရိုးလား။ ပထမတော့ ကာရိုး သူ့ဘသာသာလုပ်သည့်အလုပ်မို့ ကိုယ်နှင့် မဆိုင်ဆိုကာ နေသာနိုင်ခဲ့သည်။ ခုဟာက ဒီနာ့ကိုပါ လိုင်းသွင်းမည့် သဘောဆိုတော့။ ဒီနာ့ ပထွေးကြောင့် အပျိုရည်ပျက်ခဲ့ရသည် မှန်၏။ သို့သော်လည်း ဒီနာက မိန်းမပျက်မှ မဟုတ်လေဘဲ။ တစ်လ တစ်ထောင် ဆိုသော ငွေကြေးကို မဖြစ်စလောက်ဟု မဆိုသော်လည်း ချက်ချင်း သူဌေးဖြစ် လောက်မည့် ပမာဏမှ မဟုတ်တာ။ ဒီလောက်နှင့်တော့ ဒီနာ့ဘ၀ကို မလဲနိုင်။ လူမသိ သူမသိဆို သော်လည်း ဒါက မိန်းမပျက်တွေရဲ့ အလုပ်ပဲကို။ ဒီနာ ပြတ်ပြတ်ပင် ပြန်ပြောလိုက်သည်။
"ငါလုံးဝ မလုပ်နိုင်ဘူး"
"အေးပါ ဒီနာရယ်၊ ငါကလည်း မလုပ်စေချင်ပါဘူး။ ဒါပေမဲ့ နင့်အတွက် နင့်မိသားစုအတွက် သေချာ စဉ်းစားပြီးမှ ပြောတာပါ။ နင် မလုပ်ချင်မှန်းလည်း သိပါတယ်။ နင့်ကို စည်းရုံးတာတော့ မဟုတ်ပါဘူး။ ကိုယ့်မြေ ကိုယ့်ရေ မဟုတ်တဲ့ နေရာမှာဆိုတော့ တော်ရုံတန်ရုံ ဘယ်သူမှ မသိနိုင်ဘူးလေ။ ရွာပြန် ရောက်တော့လည်း နေမြဲအတိုင်း ဖြစ်သွားမှာပဲ။ ဘာပဲဖြစ်ဖြစ် နင့်အမေနဲ့ ညီမလေးအတွက်ဆိုတာကို ပိုပြီး ထည့်စဉ်းစားကြည့်ပေါ့။ လုပ်မယ် မလုပ်ဘူးဆိုတာတော့ နင့်သဘောပဲ။ တစ်ခုတော့ ရှိတယ်။ စိတ်ပါသော် ရှိ မပါသော် ရှိ ဒီစကားတွေကို ဒီမှာတင် ဖျောက်ပေးပါ"
"အေးပါ ... စိတ်ချ။ နင့်ဘ၀ နင့်အကြောင်း ကောင်းနေရင် ပြီးတာပဲ။ ဘာပဲဖြစ်ဖြစ် နင်က ငါ့ရဲ့အချစ် ဆုံး သူငယ်ချင်းပါပဲ။ အခုစကားတွေ အားလုံး ဒီနေရာမှာပဲ ဖျောက်လိုက်ကြတာပေါ့"
ထိုကိစ္စ ထိုစကားများကို ထိုနေ့ ထိုနေရာတွင်သာ အဆုံးသတ်ခဲ့ပါသော်လည်း ဒီနာ၏ အကြားအာရုံ မှာဖြင့် "ရွာပြန်ရောက်တော့လည်း နေမြဲအတိုင်း" ဆိုသည့် စကားတစ်ခွန်းက ပဲ့တင်ထပ်၍ နေပေ သည်။ ဖြစ်နိုင် ပါ့မည်လား။ "လူတစ်ယောက်၏အရိပ်မှာ စိတ်" ဟု ဆိုလျှင် မိမိစိတ်နှင့် ကပ်လာသည့် မိမိဘ၀၏ ပုံရိပ်တွေက မြင်ကွင်းကျယ် ပိတ်ကားမလိုဘဲ အာရုံအတွင်းမှာ ထင်းထင်းကြီး ဖြစ်နေပေ မည်။ အဆိုးဆုံး က လူရယ်လို့ဖြစ်လာလျှင် ချစ်ရသူဆိုသည်ကတော့ အနည်းနှင့်အများ တွေ့ကြမည် ပင်။ ဒီလိုအခါမျိုးတွင် နေမြဲအတိုင်း စိတ်သန့်သန့်နှင့် ထာဝရချစ်နေနိုင်ဖို့ဆိုတာ ဖြစ်နိုင်ပါ့မည်လော။ ကာရိုးအပေါ် အပြစ်မပုံချချင်ပေမယ့် လုပ်သင့် မလုပ်သင့်ဆိုသော ဒွိဟစိတ်ကို ချေဖျက်နိုင်ဖို့ ကာရိုး၏ ဖိအားတွေ အများကြီးပါခဲ့သည်ကိုး။ အမေနှင့် ညီမလေး၏ဘ၀၊ အိုဗာစတေးနှင့် သူမ၏ဘ၀အတွက် အခက်အခဲတွေ ကျော်ဖြတ်နိုင်ဖို့အရေး အပျိုမစစ်တော့သူ တစ်ဦးအတွက် ဒီလောက်က ပြဿနာ မဟုတ် လောက် တော့ဟူသော အတွေးကြောင့် ဒီနာတစ်ယောက် လခစား အငှားမယားဘ၀ ရောက်ခဲ့ လေ၏။
နှစ်နှစ်ဆိုသော အချိန်ကာလမှာ ပြီးဆုံးခဲ့ပြီးသော် တိုလွန်းလှသည် ထင်ရသော်လည်း စောင့်မျှော်နေရ မည်ဆိုလျှင်ဖြင့် နှစ်နှစ်ရာမက ကြာလွန်းလှပေသည်။
"အိုးချင်းထား အိုးချင်းထိ"တဲ့။ အိုးမလေး လေးလုံးက အိုးထီးကြီးတစ်လုံးကို ဟိုပွတ် ဒီပွတ် လုပ်နေကြ သည်။ အိုးထီးကြီး ကတော့ ဘယ်လိုပြန်ပွတ်ရမှန်းမသိ၍လော၊ အချိန်အခါနှင့် နေရာမသင့်သေး၍ လော၊ တစ်ခုခု ကို ပြန်ထိချင်နေပါလျက် ဟိုစောင်းငဲ့ငဲ့ ဒီစောင်းငဲ့ငဲ့ ဖြစ်နေသည်။
"ကြိုးချင်းထား ကြိုးချင်းငြိ" တဲ့။ ဒီနာတို့ လေးယောက်စလုံး အသန်းအပေါ် ငြိချင်နေကြသည်။ အသန်း ကလည်း ဒါကိုမသိ၍တော့ မဟုတ်၊ သိပါသည်။ တစ်ယောက်ယောက်အပေါ် သံယောဇဉ်တွယ်လို့ အချစ်ကြိုးလေး ငြိချင်နေလေပြီ။ ခက်နေသည်က သူငြိနေသော ကြိုးကလေးကို လွတ်လွတ်လပ်လပ် ငြိခွင့်မရ။ အခွင့်အရေးရမည် မကြံလေနှင့်။ တစ်ယောက်ယောက်က ၀င်ဖျက်သည်ကြီးပင်။ ကာရိုးက အဆိုးဆုံး။ စူတြာနှင့် ဂျာကတို့က တော်သေးသည်။ ကာရိုးက ခင်ဖို့တော့ ကောင်း၏။ သို့ပေမယ့် ဣနြေ္ဒ မရှိ၊ ရဲတင်းလွန်းသည်။ ယောက်ျားတကာနှင့် ပွတ်သီးပွတ်သပ်နေတတ်သည်။ အသန်း ဒီနာ့ အနီး ကပ်မည် ကြံသည် နှင့် ကာရိုးဘက်က အမြဲအသင့် ဖြစ်နေတတ်သည်။
သို့သော် အသန်းစောင့်မျှော်ခဲ့သော နေ့သို့ ဆိုက်မြိုက်စွာ ရောက်လာခဲ့လေ၏။ သူဌေးမိသားစု လန်ကာဝီကမ်းခြေကို အပန်းဖြေခရီးထွက်လို့ သူဌေး၏ အကူအညီဖြင့် ပတ်စ်ပို့ရကာ တရားဝင် အလုပ် သမား ဖြစ်ပြီး လေသော ကာရိုးကိုပါ ခေါ်သွားသည်။ တစ်ပတ်ခန့် ကြာပေလိမ့်မည်။ "တစ်သက်လုံး သာ သွားလိုက် ပါတော့လား" အသန်း ရင်ထဲက တွေးမိတာပါ။ ဘာပဲဖြစ်ဖြစ် အသန်းစောင့်မျှော်ခဲ့ရ သော ဤရက်ကို ပိုင်ပိုင်ကြီး အသုံးချဖို့ လိုပေသည်။ အသန်းအတွက် ပိုပြီးကံကောင်းသွားသည်မှာ ကာရိုးမရှိသော ပထမဦးဆုံးရက်မှာပင် ဒီနာက နေမကောင်း ဖြစ်လေ၏။ ပွဲကကောင်းလေပြီ။ အချစ်နှင့် ပဏာမ အကလှလှလေးတွေကဖို့ အသန်းခွင့်ယူလိုက်သည်။ သိပ်မများပါဘူး သုံးရက်ဆက်တိုက်။ ပိုင်လို့ ကတော့ သူဌေးမိသားစု ပြန်လာသည်အထိပင် ဖြစ်သွားပေလိမ့်မည်။
ဒီနာတို့ ၀န်ထမ်းတန်းလျားမှာ တန်းဆက်အခန်းလေးခန်းသာ ရှိသည်။ လက်ယာဘက် အစွန်ဆုံးအခ်တါး်င် ကော်ဖီ ကြိတ်ခွဲဘက် လင်မယားစုံတွ။ ဘေးချင်းကပ်လျက်က စူတြာနှင့် ဂျာက။ နောက်တစ်ခန်း က ဒီနာနှင့် ကာရိုး။ ဒီနာတို့နှင့် ကပ်လျက် လက်ဝဲအစွန်ခန်းမှာတော့ အသန်း တစ်ယောက် တည်း သာနေ၏။
ဒီဇင်ဘာလ "လေ" ရာသီ နံနက်ခင်း ဖြစ်သည်။ မိုးမရွာ၊ နှင်းမကျ၊ အရှေ့မြောက်ရာသီလေနှင့်အတူ မြူများလွင့်မျောလို့ ဆော့ကစားနေသည်။ မြူဆိုင်းနေသော စိမ်းဖျော့ဖျော့ ကော်ဖီခြံ နံနက်ခင်းမှာ အေးမြခြင်း၊ ငြိမ်းချမ်းခြင်း၊ လန်းဆန်းခြင်းတို့နှင့်အတူ ကြည်လင်သော စိတ်ကို ဖြစ်ပေါ်စေ၏။ ထိုအချိန် မျိုးတွင် တိကျသော ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပြီး ဆန်ပြုတ်တစ်ခွက်နှင့် ပါရာဒေါ့ ဆေးလုံး ကလေး ကို တင်၍ ဒီနာ့အခန်းဆီ လှမ်းလိုက်သည်။ တံခါးကို တွန်းလိုက်တော့ ချက်ချထား၏။ ဒီနာ့ကို လှမ်းခေါ် လိုက်သည်။
"ဒီနာ ... ဒီနာ"
"ဘယ်သူလဲ"
"အသန်းပါ ... တံခါးဖွင့်ပါဦး"
အသံကြားကတည်းက သိနေပေမယ့် ဟန်ကွန့်၍ မေးလိုက်ခြင်းသာ ဖြစ်သည်။
အသန်းအသံ ကြားလိုက်ရ၍လား မသိပေမယ့် ဒီနာ့ရောဂါ ပျောက်လုနီးနီး ဖြစ်သွားသလို ဦးခေါင်းထဲ နောက်ကျိကျိ ဖြစ်နေသည်များပင် ရှင်းသွားခဲ့ရသည်။ အသန်းကို အမြန်ဆုံး တွေ့လိုဇောနှင့် တံခါးကို ကမန်းကတန်း ထဖွင့်ပေးနေမိသည်။
"ဟင် ... ဘာတွေလဲ"
အသန်း လက်ထဲမှ ဆန်ပြုတ်ပန်းကန်ကို ကြည့်ပြီး ဒီနာက မေးလိုက်သည်။
"ဆန်ပြုတ် နဲ့ ဆေးလာပေးတာ။ ပေးမ၀င်တော့ဘူးလား"
"သြော် ... ဆောရီး မေ့လို့ ၀င်လေ"
"ဒီနာ နေမကောင်းဘူးဆိုလို့ ခွင့်ယူပြီး ဆန်ပြုတ်ကျိုပေးတာ။ ဒီမှာ ဆေးလည်း ပါတယ်"
အသန်း က အခန်းတွင်း ၀င်ရင်းမှ ပြောလိုက်သည်။
"ဟာ ... အသန်းကလည်း ဘာလို့ ခွင့်ယူလိုက်တာလဲ။ သူဌေးပြန်လာလို့သိရင် ဆူနေဦးမယ်"
"ဆူဆူပေါ့ ... မှန်စမ်း။ ဘယ်လိုနေသေးလဲ"
အသန်းက ပြောပြောဆိုဆိုနှင့် ဒီနာ့နဖူးကို လက်နှင့်လှမ်းစမ်းလိုက်တော့ ဒီနာတစ်ယောက် ရုတ်တရက်မို့ တွန့်သွားကာ ကြက်သီးမွေးညင်းပါ ထလာတော့သည်။ ပြီးတော့မှ တုန်ယင်သော အသံဖြင့် ...
"ဘာ ... ဘာမှမဖြစ်တော့ပါဘူး။ ဆေးသောက်ထားလို့ သက်သာနေပါပြီ"
"ကဲပါ ... ဘာပဲဖြစ်ဖြစ် အခုဘာမှ မစားရသေးဘူးမို့လား"
"အင်း"
"ဒါဆို ဆန်ပြုတ်အရင် သောက်လိုက်။ ပြီးရင် ပြောစရာ ရှိတယ်"
ဘယ်လိုကြီးပါလိမ့်။ ပြောလာမည့်စကားကို သိနေလေတော့ မခက်ပေလော။ ဆန်ပြုတ်ကလေး တစ်ခွက် တိုက်ပြီး ဒီနာ့နှလုံးသား တစ်ခုလုံးကို အပြတ်ရိုက်တော့မည် ထင်ပါရဲ့။
"ဘာပြောမလို့လဲ။ စားနေတုန်းလည်း ရတာပဲကို"
"ဒီနာ"
အသန်းက ဒီနာ့နာမည်ကို ခေါ်ပြီး ဒီနာ၏ မျက်ဝန်းအစုံကို ညှို့ယူဆွဲငင်ကာ စိုက်ကြည့်လေ၏။ ထိုမျက်ဝန်းမျိုးကို အလုပ်လုပ်နေရင်း မကြာခဏ ဆုံခဲ့ဖူးသည် ဆိုသော်ငြားလည်း နှစ်ဦးသား လွတ်လပ်မှု ရဂုံအတွင်း ခိုတွဲဆင်းနေသည့် ယခုအချိန်နှင့်တော့ မတူပေ။ ဒီနာ့ မျက်ဝန်းနယ်တစ်ခုလုံး အသန်း၏ စူးရှ သော အကြည့်အောက်မှ ရုန်းထွက်၍မရ။ ထိုမှတစ်ဆင့် ဖ်ြစတည်လာရပါသော ရင်ခုန် သံတို့သည် တဖြည်းဖြည်း နိုးကြွလို့ မသိစိတ်တစ်နေရာမှ ကာမရယ်က ပြိုကျလေပြီ။
"ဒီနာ"
"ရှင်"
အသန်း ဒုတိယအကြိမ် ခေါ်လိုက်သည်ကို ဒီနာ့နှုတ်ဖျားမှ တိုးညင်းစွာ ပြန်ထူးလေ၏။ ဒီနာ့အသားတွေ မသိမသာ တုန်နေသည်မှာ မစားဖြစ်သေးသည့် ဆန်ပြုတ်ပန်းကန်ပင် လှုပ်ယမ်းလို့။ ရှေ့ဆက် ဘာတွေ ဖြစ်လာမည်။ အသန်းဆီက ဘယ်လိုစကားမျိုးတွေ ထွက်လာမည်ကို ဒီနာ သိနေပါသော် လည်း ထိုစကားဒ နောက်တွင် ဒီနာဖြေရမည့် အဖြေသည်လည်း နှစ်နှစ်နီးနီးမျှပင် တိကျစွာရှိနှင့်ခဲ့ပြီဟု ဆိုရ လေသော် အညှာလွယ်သူဟုဆိုက ခံလိုက်ရုံသာ ရှိသည်။ ဒီနာ့ ခန္ဓာကိုယ်က မည်သို့ နွမ်းဖတ် နေပြီ ဆိုသော် ငြားလည်း နှလုံးသားမှာ အသစ်စက်စက်မို့ လတ်လတ်ဆတ်နေဆဲပင် ဖြစ်သည်။
"ဒီနာ့ ကို ကျွန်တော် ချစ်တယ်"
ဒီနာ မအံ့သြပါ။ လိုချင်သည်က ဒါပဲကို။ "ကျွန်တော်တဲ့လား အသန်းရယ် "ကို" လို့ ပြောလိုက်ပြီးတာ ပဲ။ ဒီနာ့ ရင်တွင်းမှ ပြောလိုက်မိခြင်းပါ။ အပြင်မှာဖြင့် မျက်လွှာကလေး အသာချလို့ "အပြစ်မဆိုပါ သူလိုရာသာ တွေးပါတော့" ဟု ပြောနေသည့်နှယ်။ ဒီနာ ငြိမ်နေသည်ကို ကြည့်ပြီး မရိုးမရွဖြစ်လာသည့် အသန်း ရယ် ဒီနာ့ ပခုံးနှစ်ဖက်ကိုကိုင်ရင်း ...
"ဒီနာ ... ကိုယ်ပြောတာ ကြားရဲ့လား"
ဟော ... အသန်းတစ်ဆင့်တက်လာပြီ။ "ကို"တဲ့။ ဒီနာ မျက်လွှာကလေး ပြန်ပင့်ပြီး အချစ်၏ သင်္ကေတ ဆန်သော အကြည့်များနှင့် စူးရှရှကလေး ပြန်ကြည့်နေလိုက်သည်။ သိသွားပြီ။ အသန်း သိသွားပြီ။ ဒီလိုဆို ကဲ လာထားပေါ့။ ဒီနာ့ခန္ဓာကိုယ်လေးကို အသန်းရင်ခွင်ထဲ ဆွဲသွင်းလိုကသည်။ ဒီမှာ မရုန်းပါ။ ပို၍ပင် တိုးဝင် နေသလား ထင်ရ၏။
ထိုနေ့မှစသော နှစ်ဦးသဘောတူ အချစ်ဖလှယ်ပွဲကြီးမှာ တစ်ပတ်တိတိ အလုပ်ခွင့်ယူရသည်အထိပင် ဖြစ်ခဲ့ကြလေသည်။
ဆက်ရန်
မဟေသီ မဂ္ဂဇင်း မတ်လ 2012
.
No comments:
Post a Comment