ရထားပေါ်ကလူများ-၅
စင်္ကြန်ပေါ် မှာ အသံတို့က ငြိမ်သက်နေသည်။ လေကငြိမ်သက်နေသည်။ တစ်နေ့လုံး လောင်မြိုက်ခဲ့သော အပူ လည်း ခုတော့ ငြိမ်သက်သလို ရှိနေပြန်သည်။ အချိန်ကညသို့မဟုတ် မနက်သုံးနာရီ။
စင်္ကြန်ရှည်မျောကြီး တစ်ခုလုံးကို ကန္တာရထဲမှာ ပစ်ချခံထားရသလို အထီးကျန်ဆန်နေလေသည်။ ညက လွင့်မျောနေသည်။ ကျွန်တော်တို့သည် စင်္ကြန်အမှန် ၂-၃ သို့မဟုတ် ၃-၄ ပေါ်မှာ ချထားခြင်းခံနေရသည်။ လရောင် မရှိတဲ့ည။ စင်္ကြန်ခေါင်မိုးပေါ်က မီးချောင်းများက တာဝန်ကျေနေကြသည်။
ကျွန်တော် တို့သည် စင်္ကြန်ပေါ်ကို ည သို့မဟုတ် မနက် ၂း၃၀ နာရီကတည်းက ရောက်နေကြသည်။ တစ်နေ့လုံး ကျွန်တော် တို့ တောတောင်တွေကို ဖြတ်လာကြသည်။ သည်တုန်းကတော့ အပူရှိန်က ခပ်လျော့ လျော့ဖြစ်သည်။
ညအမှောင်နှင့်အတူ မြေပြန့်ရောက်လာတော့ အပူတွေက ရထားတွဲတွင်း ၀င်လာသည်။ ညအမှောင်ထဲမှာ ရထားတွဲ အမှောင်ထဲမှာ ရထားပေါ်က လူအများစုကတော့ ငြိမ်သက်ပါလာသည်။ လူအများစုက လေပူ တွေ ၀င်လာနေသည့် တွဲတွင်းမှာ ငိုက်မြည်း(သည်စကားလုံးက သည်နေရာတွင် ဒက်ထိမှန်သော ခံစားမှု ကို ပေး ပါသည်။ ငိုက်မြည်း) လို့နေသည်။
ယခုနှစ်တော့ (၂၀၁၀၊ မေ၊ (၉၊ ၁၀၊ ၁၁) ရှမ်းပြည်နယ် တောင်ပိုင်းလည်း ပူခဲ့ရပြီ။ မနေ့က တောင်ကြီးမြို့မှာ ရှိနေခဲ့သည်။ ကမ္ဘောဇ စာကြည့်တိုက်က ကိုရဲအောင်၊ မေနှင်းကျော်၊ ကိုအောင်သူ၊ ကိုသန်းနိုင် တို့၏ ဧည့်ဝတ် ကျေပွန်မှုဖြင့် မြစိမ်းတောင်ဘုရား၊ ရွှေ ဘုန်းပွင့်ဘုရားများသို့ ရောက်ရသည်။ ရွှေဘုန်းပွင့် စေတီ တည်ရာ၏ တောင်ထွဋ်က ပေငါးထောင်ကျော်မြင့်သည်။
ရွှေဘုန်းပွင့်စေတီရင်ပြင်မှ တောင်ကြီးမြို့ကို စီး ကြည့်လိုက်လျှင် မြူတွေသိုင်းကာ လွင်မှိုင်းနေသော တောင်ကြီးတစ်မြို့လုံးကို မြင်ရသည်။ တစ်နှစ်ထက် တစ်နှစ် အိမ်ယာတွေတိုးလာကာ လူဦးရည် ထူထပ် လာသော လှပသည့် တောင်ပေါ်မြို့သည် ယခုနှစ် အပူ ချိန်မြင့်မားလာမှုကြောင့် စမ်းပေါက်အချို့ ခန်းခဲ့ရပြီး သောက်ရေသုံးရေ အခက်အခဲရှိလာခဲ့ပြီဟု ဆိုပါသည်။ ဟိုးကမြင်နေရတဲ့ ပြာမှိုင်းမှိုင်း တောင်မြင့် ၏ ဟိုဘက်မှာ အင်းလေးကန်ရှိသည်။ လှပသော အင်းလေးလည်း ယခုတော့ ရေခန်း လာမှုကြောင့် အလှပျောက်မှာ စိုးကြောက်လာရပါပြီတဲ့။ သဘာဝပတ်ဝန်းကျင် ဂေဟစနစ် ပျက်ယွင်းယိုင်နဲ့ လာမှုကို ဘယ်လို ကာကွယ်ကြမည်လဲ။ ဘယ်လိုပြန်လည်ပြုပြင်ရမည်လဲ။ တောင်ပိုင်း ရှမ်းပြည်က ပုဂ္ဂိုလ်တွေလည်း စဉ်းစားတွေးတောလာခဲ့ရလေပြီ။ ကမ္ဘာကြီးသည် ကိုယ်နှင့်မဆိုင်ဟု ခင်ဗျား ပြော၍ မရတော့ပါ။ ကမ္ဘာကြီးပူနွေးလာမှုက ခင်ဗျားအိမ်ထဲထိ ၀င်ရောက်လာပါပြီ။ ခင်ဗျားလူမျိုးတွေ၏ ခန္ဓာကိုယ် ထဲ ၀င်ရောက်လာခဲ့ပြီ။
ကျွန်တော်တို့ရထားက ည ၂း၃၀ နာရီမှာ သည်ဘူတာဟောင်းစင်္ကြန်ကို။ ၀င်ရောက်လာခဲ့ပါသည်။ စင်္ကြန်တွေက အလျားလိုက် လဲလျောင်းကာ အိပ်မောကျ သို့မဟုတ် "ကိုမာ" ရနေကြသည်။ သူတို့ဘယ် တုန်း ကများ သည်လိုဖြစ်ခဲ့ကြသလဲ။
ကျွန်တော်တို့ သည်နေရာမှာ ရထားပြောင်းရမည်။ တောင်ပေါ်ရထားမှ မြေပြန့်သို့။ ကျွန်တော် လမ်းလျှောက်နေမိသည်။ အမှန်တကယ်တွင် ဒီလိုည မနက်၊ နှစ်ခွဲ သုံးနာရီဆိုတာ တစ်ညတာ၏ အိပ်စက် ဖို့ အကောင်းဆုံးအချိန်ဖြစ်သည်။ အထူးသဖြင့် အပူလွန်ကဲနေသော ယခုလိုနွေမျိုးမှာ တစ်ညတာ၏ အဖိုး အတန်ဆုံး အချိန်ကလေးဖြစ်သည်။ ယခုတော့ ကျွန်တော်တို့ ရထားစီးသူများ ငုတ်တုတ်။
အလျားလိုက် လဲလှောင်းနေသောခြေက်သွေ့ငိုက်မြည်းနေသော စင်္ကြန်များကြားတွင် သည်စင်္ကြန် တစ်ခု သာ လူသူဖြင့် အသက်ရှိနေသည်။ တောင်ပေါ်က ဆင်းလာသော ရထားစီးသူများသည် စင်္ကြန်ကွန်ကရစ် ပေါ်တွင် ကိုယ့်အစုလေးတွေနှင့်ကိုယ် ပြန့်ကြဲကာ စင်္ကြန်အလယ်မှာ မျောလွင့်နေသည်။ အချို့က အ၀တ်အထည် ပိုင်းလေး၊ အချို့က စောင်ပါးစ၊ အချို့က စက္ကူစများခင်းကာခရီးဆောင်အိတ်၊ ဆွဲခြင်းကို မှီကာ ငုတ်တုတ်။ တချို့တုံးလုံးပက်လက်။ တချို့ တီးတိုးစကားစမြည်။ မုန့်ဟင်းခါးသည်တစ်ဦး၊ ကော်ဖီမစ် လက်ဖက်ရည်ရောင်းသူနှစ်ဦး ကွမ်းယာ၊ ဆေးလိပ်၊ ရေဘူးရောင်းသူ သုံးလေးဦးမှအပ ဈေးသည် လည်း စိတ်သုဉ်းနေသည်။ ညက တစ်ရွေ့ရွေ့သွားတွားသွား။ ကျွန်တော်တို့အစုလေးသည် ခုံးကျော် တံတား ၏ လှေကားရင်းမှာ ငုတ်တုတ်ငိုက်မြည်း။
ကျွန်တော့်ရင်ထဲမှာ အိပ်စက်ခြင်းတွေ ရှိနေလည်း ကျွန်တော့် မျက်လုံးဆီ သူတို့ရောက်မလာကြပါ။ ကျွန်တော် လမ်းလျှောက်ရတာ ညောင်းလာလျှင် ထိုင်လျက်ခတ္တမျက်ခွံမှိတ်ထားလိုက်သည်။ အတွေးတွေ ကတော့ မရပ်မနားခုတ်မောင်းလို့။
ရွှေညောင်ဘူတာမှ ရထားထွက်လာတော့ ရထားပေါ်ကို လက်ဖက်ခြောက်ဈေးသည်မတစ်ဦး တက်လာ သည်။ သူ့ကြည့်ရတာ ပအို့ဝ်၊ တောင်သူ၊ လားဟု တိုင်းရင်းသူတစ်ဦးဦးနှင့် မတူပါ။ လက်ဖက်ခြောက်ထုပ် ပထမ ၆ ထုပ် တစ်ထောင်တဲ့။ နောက်ခုနှစ်ထုပ်၊ နောက်ဆုံးရှစ်ထုပ်။ သူမက ဈေးရောင်းမကောင်းလို့ပါ ယူကြပါ ဟု တစာစာအော်နေခဲ့သည်။ ဈေးသည်တွေ ဈေးရောင်းမကောင်းကြပါ။ နောက်တစ်ဦး၊ နောက်ထပ် ဈေးသည်တစ်ဦး။ ဈေးသည်ကို ကျွန်တော်သနား နေသော်လည်း ကျွန်တော်လည်း ဘာမျှ မတတ်နိုင်ပါ။ ဘူတာသစ်ကြီးကို ကျွန်တော်တို့ ရထားဖြတ်သည်။ နေ့လယ်ခင်းလို ဖန်ဆင်းထားသော ဘူတာ သစ်စင်္ကြန် အချို့ပေါ်မှာ ခရီးသည်အချို့ တုံးလုံးပက်လက် အိပ်နေတာကို မြင်ရတော့ ကျွန်တော့်မှာ ထူးဆန်းနေပါ တယ်။ သည်ကြား ခရီးသည် မိန်းမတစ်ဦးရထားပေါ်ကအဆင်း ပလက်ဖောင်း နှင့်တွဲကြား ပြုတ်ကျသွားရာ သည်းထိတ်ရင်ဖိုဖြစ်ခဲ့ရသေးသည်။ ကံကောင်းထောက်မ၍ ထိုမိန်းမ ဒဏ်ရာ မရခဲ့၊ အသက်မဆုံးရှုံးခဲ့။
ဘူတာဟောင်း၏ တောင်ဘက်စင်္ကြန်အဆုံးမှာ ရေအိမ်နှင့်တွဲလျက် ရေချိုခန်းရှိသည်။ ကျွန်တော်တို့ မနက် စောစော သုံးနာရီလောက်ကြီး ရေသွားချိုးကြသည်။ ခရီးသည်တွေ အပူငြိမ်းအောင် အလုအယက် ရေချိုး နေကြတာ ကျွန်တော်လည်း တိုးဝှေ့ချိုးခဲ့ရသည်။ သို့တိုင် ရေချိုးပြီး ပြန်ထွက်လာသည့်ခဏမှာပင် အပူက ခန္ဓာ ကိုယ်ထဲ ပြန်လည်ဝင်ရောက်လာပါသည်။
နံနက် ၄ နာရီတွင် တွဲထိုးပါသည်။ သည်တော့မှ တွဲပေါ်တက် ကိုယ်ခုံနံပါတ်မှာထိုင် သက်တောင့် သက်သာရှိလာသည်။ ၄း၃၀ နာရီတွင် ရထားထွက်မှ အအေးဓာတ်ကလေးရလာပြီး လူမှာ မှေးခနဲ အိပ်ပျော်နိုင်ပါတော့သည်။ နံနက်ခင်း နေထွက်လာတော့မှ အိပ်ယာမှနိုးသည်။ နံနက်ခင်းက သာသာ ယာယာ ရှိသည်။ တောင်ငူဘူတာမှာ ထမင်းထုပ် ၀ယ်စားတော့လည်း အပူရှိန်က မပြင်းသေး။
တောင်ငူဘူတာ ကျော်လာပြီးနောက်၊ အပူရှိန်က တဖြည်းဖြည်း ရထားတွဲတွင်း ခုန်ဝင်လာသည်။ ဆွာ၊ သာဂရ၊ အုတ်တွင်း၊ ဇေယျဝတီ၊ ဖြူး ရထားကြီးတစ်ရှိန်ထိုးပြေးနေပါသည်။ သည်အတိုင်းဆိုရန်ကုန်ကို စောစော ရောက်မည်။ ညနေ ၃း၀၀နာရီ၊ ၄း၀၀ နာရီထက် နောက်မကျဟု ခန့်မှန်းသည်။
ကျွန်တော် အိမ် နှင့် အလုပ်တိုက်နှင့် ဝေးနေတာ ၄/၅ ရက်ရှိပြီ။ လူလည်း ပင်ပန်းနွမ်းနယ်လှပြီ။ အလုပ် တွေကလည်း ကြိုဆိုနေလောက်ပြီ။ သည်ခရီးသွားသည့် တစ်လျှောက်လုံး စာလည်းမဖတ်။ စာလည်း မရေးဘဲ လုံးဝနားထားသဖြင့် စာရေး၊ စာဖတ်အလုပ်ကိုလည်း အရှိန်ယူရဦးမည်။ ဦးနှောက် တွေ နှလုံးသား တွေကို ပြန်လည်နှိုးရဦးမည်။ ပြီးတော့ထုံးစံအတိုင်း အရှိန်အဟုန်ဖြင့် လည်ပတ်ရ မည်။ ဘုရား သိကြား မလို့ ဦးနှောက်တွေ နှလုံးသားတွေ ချေးကပ်မနေပါစေနှင့်။
နေ့ခင်းအပူရှိန် ခေါင်းခိုက်နေချိန် ၁၂း၃၀ နာရီတွင် ပြွန်တန်ဆာဘူတာကို ရောက်သည်။ ဘူတာရောက် သည်နှင့် တွဲပေါ်က ဆင်းရသည်။ တွဲတွင်းမှာ ပေါင်းအိုးဖြစ်နေသည်။ ကျွန်တော်တို့ တွဲပေါ်ပါသော အမျိုး သမီးကြီး အချို့ ဦးပဉ္ဇင်း၊ ကိုရင်၊ မယ်သီလရှင်တွေသာ တွဲပေါ်မှ မဆင်းဘဲ ပေခံနေကြသည်။ ဘူတာ စတိုးဆိုင်လေး မှာ ရေသန့်ဘူးတွေ ရောင်းမလောက်။ ကျွန်တော် ဆာသလိုရှိသည်နှင့် ဘူတာထမင်းဆိုင် (လက်ဖက်ရည်ဆိုင်နှင့်တွဲလျက်) ၀င်ကာ ဈေးနှုန်းမေးတော့ ကြက်သားနှင့် ၈၀၀ ကျပ်၊ ငါးနှင့် ၅၀၀ ကျပ်၊ ငါးနှင့် တစ်ပွဲမှာတော့ ကြိုက်ရင် စားပါ။ ခေါင်းပိုင်းပဲရှိတော့တယ်ဆိုသဖြင့် မစားတော့။ နောက်တစ်နာရီ အကြာ ရထားပျက်တယ်လည်းကြားရော ထမင်းတစ်ခါပြင် ၁၅၀၀ ဖြစ်သွားလေသည်။လောဘ။ လဲရာ သူခိုးထောင်း။
ရထားက တော်တော်နှင့်မထွက်။ စုံစမ်းကြည့်တော့ ခေါင်းတွဲပျက်နေသတဲ့။ ခေါင်းတွဲစက်ရပ်သွားတာ နှိုးမရ တော့ လို့တဲ့။ ပထမကျွန်တော်တို့က ရထားမထွက်၊ မထွကနှင့် တွဲရှောင်တာ (အခြားမန္တလေးအမြန်၊ နေပြည်တော် အမြန်ရထားတွေကို ကျွန်တော်တို့ တောင်ပေါ်ရထားက သံလမ်းများရှိသော ဘူတာတွေမှာ ရှောင်ရ တတ်ပါသည်)ပဲဟု ထင်မှတ်ထားသော်လည်း ရထားရပ်နေတာ တစ်နာရီမကကြာမှ ခေါင်းတွဲ စက် ပျက်နေမှန်း သိရတော့သည်။
ပဲခူးဘူတာ က စက်ခေါင်းမှာထားသတဲ့။ ဘယ်နားရောက်နေပြီတဲ့။ မိနစ်တွေက နှေးကွေးစွာ၊ နာရီတွေက ထိုင်းမှိုင်းစွာ နေပူချိန်ကတော့ ငရဲအိုးမှောက်ကျသည့်ပမာ။ ကျွန်တော်တို့မှာ ဘူတာလေးထဲ ဟိုနား လျှောက် သည်နားထိုင်။ တွဲပေါ်တက်ကြည့်လိုက်တော့ ပေါင်းအိုး။
တချိုက ပြွန်တန်ဆာ၊ ရန်ကုန် (စော်ဘွားကြီးကုန်း) ဟိုက်လတ်ကားလေးတွေ ၂၀၀၀ ကျပ်ပေးစီးကာ ထွက်ခွာ သွားလေ၏။ ကျွန်တော်တို့အုပ်စုက ၅ ယောက်။ အခြားသူတွေ ပစ်ထားပြီး ကျွန်တော် တစ်ယောက်တည်း ထွက်ခွာသွားလို့လည်း မဖြစ်။ ငွေကလည်း အတော်ပြတ်လတ်နေပြီ။ အဆိုးဆုံးက အပူချိန် ၄၀ ဒီဂရီ စင်တီဂရိတ်ကျော်ကန္တာရထဲ ဖြတ်သန်းမသွားဝံ့ခြင်းဖြစ်သည်။
တစ်နေရာ ထိုင်ငိုက်မြည်းလိုက်၊ ရေသန့်ဘူးဝယ်သောက်လိုက်၊ လမ်းလျှောက်လိုက်၊ ဘာလုပ်ရင် ကောင်းမလဲ၊ ဘာမှ လုပ်စရာမရှိ။ ရထားကြီးက သည်ဘူတာမှာ တစ်ညအိပ်လိုက်လျှင် ကျွန်တော် တို့လည်း ညအိပ်လိုက်ရုံ။ ဧည့်စာရင်းတိုင်စရာတော့ လိုမည်မထင်။ ဘာမှမတတ်နိုင် ရထားစီးသူများ ရထား ပြုသမျှ ခံလိုက်ကြရရုံ။
ကျွန်တော်တို့ရထားက ဂါတ်ဗိုလ်ဟုထင်ရသူကို ကျွန်တော်မေးကြည့်သည်။ စက်ခေါင်းပျက်နေတာ ဒီလိုပဲ ကြည့်နေမလား။ ပဲခူး၊ ရန်ကုန် အကြောင်းမကြားဘူးလား။ ဒါက ဒီဘူတာနဲ့ဆိုင်တယ်။ သူတို့တစ်ခုခု လုပ် မျာပါဟု ဆိုသည်။ စက်ခေါင်းသမားများလည်း အပူလှိုင်းကြီးထဲမှာ အင်္ကျီချွတ် စက်တွေကို နှိုက်နေတာ သနားစရာ။ နားလိုက်၊ စက်ကို ဟိုနှိုက် သည်နှိုက် ကြိုးစားလုပ်ဆောင်နေကြပါသည်။
ရထားစီးသူများကတော့ တမျှော်မျှော်၊ စက်ခေါင်းဘယ်တော့ကောင်းမလဲ။ ရထားကြီးဘယ်တော့ ထွက်မလဲ။ ရန်ကုန်ဘယ်တော့ ပြန်ရောက်မလဲ။ ညနေ ၅ နာရီထိ ဘာမှ မသေချာသေး။ လူစီးတွဲတွေ၊ ကုန်ရထားတွေ၊ ရန်ကုန်ဘက်မှ မန္တလေး၊ ပျဉ်းမနားဘက်မှ ဘူတာလေး (ကျွန်တော်တို့ရထား)ကို ဖြတ်သန်း သွားကြသည်။ ကျွန်တော်တို့သည် ထိုရထားများကို ငေးမောရင်း စိတ်မောနွမ်းလျနေကြပြီ။
ညနေ ၅ နာရီကျော်တော့ အပူရှိန် လျော့တယ်ဆိုရုံ လျော့လာသည်။ တစ်နေ့လုံး ချွေးတလုံးလုံးနှင့် နေခဲ့ရ သည်မို့ ကျွန်တော့် တစ်ကိုယ်လုံးက အ၀တ်အစားတွေမှာ နံစော်နေသည်။ ကိုယ့်ဘာသာကိုယ်တောင် အနံ့ မခံနိုင်။ အ၀တ်ကလည်း လဲစရာမရှိ။ အိတ်ထဲပါတဲ့ အ၀တ်တွေက ၀တ်ထားပြီးသား အဟောင်းတွေ။
ဘူတာရုံလေး အနီးမှာ ရေတွင်းတစ်တွင်းရှိသည်။ အုတ်ဘောင်ခတ်ရေတွင်း။ ရေတွင်းကို သွပ်မိုးလေးလည်း မိုးထားသည်။ ရထားစီးသူများ ထိုရေတွင်းမှာ သောက်ရေသုံးရေ သွားငင်ယူကြ၊ ရေချိုးကြ၊ အ၀တ်လျှော်ကြ။ နေ့လယ်ထဲက ကျွန်တော် ထိုရေတွင်းကို သွားကြည့်ထားသည်။ ရေက ကြည်ပြီး အေးနေ သည်။ ယခုညနေ ၅ နာရီကျော်ပြီမို့ သတင်းစာမှာပါသော အပူဒဏ်ကာကွယ်ရေး သတိပေးချက် အတိုင်း ၅ နာရီနောက်ပိုင်းမို့ ရေချိုးလို့လည်း ၀ံ့ရဲပြီ။
သို့နှင့် အ၀တ်အစားအပို အဟောင်းတစ်စုံယူကာ ရေတွင်းဆီ ချီတက်သည်။ ကိုယ့်ရေငင်နိုင်အောင် ရေပုံး အလှည့် စောင့်ပြီး ရေငင်အ၀တ်လျှော်။ စွပ်ကျယ်တစ်၊ ရှပ်အင်္ကျီတစ်၊ လုံချည်း(၀တ်ချိုးပြီး) လျှော်လိုက် သည်။ သည်အ၀တ်တွေကို ရထားပေါင်းအိုးမှာ လှန်းလိုက်လျှင် မိနစ်ပိုင်းအတွင်း ခြောက်သွေ့မည်။ ခြောက်သွေ့ လျှင် နံစော်နေသော အ၀တ်များနှင့် လဲလှယ်ဝတ်ဆင်လိုက်မည်။ နေပါဦး။ ဒီကနေ့ အိမ်ပြန် ရောက်မလား။
ကျွန်တော်ဘာမှ စဉ်းစားမနေတော့ပါ။ လူ့ဘ၀ဆိုတာ သုခ၊ ဒုက္ခဆိုတာ ရှိစမြဲမဟုတ်လား။ စိတ်ဘယ်လို ထားမလဲ အပေါ်မှာပဲ မူတည်သည်။ ပန်းချီဆရာယဉ်မင်းပိုက် မကြာမကြာပြောသလို ခန္ဓာကိုယ်မှာ ငါ မကပ်လိုက်နဲ့၊ ငါကပ်လိုက်တာနဲ့ ဒုက္ခပဲဆိုတာလိုပင်။ ရောက်ရာ အခြေအနေအပေါ်မှာ အဆင်ပြေသလို လှုပ်ရှား သွားရမည်။ လုပ်စရာရှိတာ လုပ်ရမည်။ အခြေအနေပေးသလို လုပ်ရမည်။ လျှော်ဖွပ်ထားသော အ၀တ်တွေကို ရထားပေါ် (ပြတင်းပေါက်၊ ပစ္စည်းတင်စင်)မှာ လှန်းလိုက်သည်။ ရေလည်းချိုးပြီးပြီ။ အဆာပြေ ငါးမုန့် ကို ၀ါးလိုက်သည်။ ပြီးတော့ ရေသန့်တစ်ငုံနှစ်ငုံ သောက်လိုက်သည်။
ဓနိယ နွားကျောင်းသားဆို၏
ငါသည် ထမင်းချက်ပြီးပြီ
ဤမဟီ မြစ်ကမ်းပါး၌
အပေါင်းအသင်းတို့နှင့် ငါနေ၏
မီးကိုညှိပြီးပြီ
ရွာလိုရွာလော့ မိုးနတ်သား။
(ဆရာမင်းသုဝဏ်ကဗျာ ပထမပိုဒ်၊ ၁၉၇၁)
၂၀၁၀၊ သြဂုတ်၊
မြန်မာသစ်မဂ္ဂဇင်း။
.
No comments:
Post a Comment