ခင်ခင်ထူး
ကျာကျူး
ကျာကျူး
ကျာကျူး နဲ့ သူ့ဆိတ်နှစ်ကောင်ပြဿနာက ကျွန်မတို့အဖို့ရာ ခေါ်မကြား အော်မကြား ပြောမကောင်း ဆိုမရ ဖြစ်ရတာမျိုးတော့လည်း မဖြစ်လိုက်ရပါဘူး။ လည်ချောင်းကွဲအောင် တပဲပဲနဲ့ အော်နေတတ်တဲ့ ဆိတ်သံ တွေက တစ်ပတ်လောက်အတွင်းမှာ ထူးထူးဆန်းဆန်း တိတ်သွားခဲ့တယ်။ ကျာကျူးတို့ အိမ်ကလေး ရှေ့ ဆိတ်နှစ်ကောင်ချည်ထားတာ ကျွန်မတို့ အိမ်ပြတင်းပေါက်က လှမ်းမြင် နေရတုန်း ကတော့ ရေရှည်ဖြင့် ခက်ရချေရဲ့ အောက်မေ့မိသေးတာကိုး။ စိတ်အနှောင့်အယှက်ဖြစ်ရလောက်အောင် အော်ကြ ဆူကြဖြစ်မယ်ထင်ရာက ဆိတ်သံတွေ မကြားရတော့တဲ့အခါ ကျာကျူးကို ခေါ်မေးရတယ်။ ကျာကျူး က သည်အကြောင်း မေးတော့ မျက်နှာမကောင်းဘူး။ သူတို့အိမ်က ဆိတ်ရာဇ၀င်ကို မပြောချင် သလိုလို ပြောချင်သလိုလို ပြောချင်သလိုလို မျက်နှာနဲ့ ကျွန်မကို ပြောပြတယ်။
" ဆိတ်နှစ်ကောင်မရှိတော့ဘူး ဆရာမကြီး ... နီတိုးလည်း မရှိတော့ဘူး ... နီတူးလည်း မရှိတော့ဘူး ... အခုက သူတို့နာမည်ပြောင်းသွားပြီ ... ပေါက်စီနဲ့ အီကြာကွေး ဖြစ်သွားပြီ "
ကျွန်မ မေးတာက တခြား၊ ကျာကျူးဖြေတာက တခြား။ သို့ပေမယ့် နီတိုးနဲ့နီတူးဘ၀ကနေ ပေါက်စီနဲ့ အီကြာကွေး ဘ၀ ပြောင်းသွားပြီဆိုတာကလည်း စိတ်ဝင်စားစရာဆိုတော့ ဒါလည်း ဆက်မေးရမယ့် မေးခွန်း အဖြစ် ကျွန်မ မှတ်ထားလိုက်ရတယ်။ ဆိတ်ဇာတ်လမ်းကို အရင်မေးကြည့်တော့ ကျွန်မမှာ ရယ်လည်း ရယ် ချင်၊ သနားလည်းသနားဖြစ်မိပါရဲ့။
" ဆိတ်နှစ်ကောင်က သူတို့မသွားခင်ရက်တုန်းက အမေ့ကို အိပ်မက်ပေးတယ် ကျွန်မကိုလည်း အိပ်မက် ပေး တယ် ... သူတို့သည် အိမ်မှာနေရတာ ပျော်တာတော့ ပျော်ပါတယ်တဲ့ ... ဒါပေမဲ့ ကျွန်မနဲ့ ဓာတ်မတည့် ဘူးဖြစ်နေတယ်တဲ့ သူတို့ဆက်နေရင် ကျာကျူးဒုက္ခရောက်လိမ့်မယ်တဲ့"
" ဘယ်လို ဒုက္ခတုန်း ကျာကျူးရဲ့ ... ငါမရှင်းလိုက်တာအေ "
" ဆရာမကြီး စဉ်းစားကြည့်လေ ... ဒုက္ခဆိုတာ အမျိုးမျိုးရှိတယ်မှုတ်လား အဲဒီဒုက္ခတွေထဲက တစ်ခုခု ဖြစ်မှာပေါ့ ... ဘယ်ဟာရယ်လို့တော့ ကြိုပြီးတော့ ပြောလို့မရဘူးလေ "
" အေး ... သဘောပေါက်ပြီ ... ဆိတ်နှစ်ကောင် ဆက်မွေးရင် နေထိုင်မကောင်းဖြစ်မယ် ... အနာရောဂါ ဖြစ်မယ် ဈေးရောင်း မကောင်းတာမျိုးဖြစ်မယ် ... အဲသလို မဟုတ်လား "
" ဟုတ်တယ် ဟုတ်တယ် ... မကောင်းတာ ဖြစ်မယလို့ အိပ်မက်ပေးတာ ... အမေပြောတာတော့ ကျာကျူး က တနင်္လာ၊ ဆိတ်က အင်္ဂါ၊ ဓာတ်မတည့်ဘူးလို့ ပြောတာပဲ ... အမေ ပြောတာဟုတ်တယ် ... အမေ ဈေးရောင်း ရတာ အဆင်မပြေဘူး ဈေးသည်တွေ ဖမ်းလို့ ပြေးရတယ်၊ ခြေချော်ကျလို့ ခြေထောက် မျက် သွားတယ် ... ကျွန်မလည်း တစ်ရက်က ရင်ချောင်တယ် နောက်တစ်ရက်မှာ ရင်ကျပ်တယ် "
" အေးပါ ... ဓာတ်မတည့်လို့ဆိုတာထားပါတော့ ဆိတ်နှစ်ကောင်က ဘယ်ရောက်ပြန်ပြီလဲ "
" ကျွန်မတို့ အမေရဲ့အပေါ်က အစ်မရှိတယ်လေ ... ဆရာမကြီးတို့ အိမ်မှာ တစ်ခါက မြက်လာရှင်းပေး တယ်လေ ... ဆရာမကြီးတောင် မုန့်ဖိုးနှစ်ထောင်နဲ့ ကလေးတွေဖို့ဆိုပြီး ဖိနပ်တွေပေးသေးတယ်လေ ... အနီတစ်ရံ အပြာတစ်ရံလေ ... ဆူရာမကြီးက ဘီစကစ်နှစ်ထုပ်ပေးတာ အကြီးကောင်က အငယ်ကောင်ကို မပေးဘဲ ယူပြေးလို့ ဆရာမကြီး ဒေါသဖြစ်တယ်လေ "
" သေချာပါပြီ ကျာကျူးရယ် ... သက်သေတွေ တင်ပြမနေပါနဲ့တော့ ငါမှတ်မိပါတယ် ... ညည်း အဒေါ်က ဘာဖြစ် လို့တုံး "
ကျာကျူးအမေက ကျွန်မတို့အိမ်မှာ ကျွန်မတို့ မနိုင်တာတွေရှိတိုင်း ၀င်ထွက်လုပ်ကိုင်ပေးနေကျပါ။ ကျွန်မ ပြောခဲ့သလို သဘောမနော ကောင်းရှာပါရဲ့။ ဈေးရောင်း မထွက်တဲ့နေ့တွေဆိုရင် သနပ်ခါးဖုံးနေအောင် လိမ်းပြီး ကျွန်မတို့ အိမ်ဝိုင်းထဲက မြက်တွေရှင်းပေးတာမျိုး၊ သစ်ပင်တွေ မြေဆွပေးတာမျိုး၊ အိုးခွက် ပန်းကန် တွေ ဆေးကြောပြီး နေရာတကျ ထားပေးတာမျိုးတွေ လုပ်ပေးတတ်တယ်။ ရင်းရင်းနှီးနှီး ခင်ခင် မင်မင် ရှိ လာတော့ သူတို့ဘ၀၊ သူတို့အကြောင်း မိန်းမသားချင်းရယ်လို့ ကျွန်မ ကိုယ်တိုင် သိ သင့် သလောက် သိခွင့် ရခဲ့တယ်။ ကျာကျူးအနေတင်မကပါဘူး၊ ကျာကျူးအဒေါ်ကလည်း ၀ိုင်းကူတာမျိုး ရှိခဲ့ဖူးပါတယ်။ ကျာကျူးတို့အမေမှာ တစ်အူတုံဆင်းသားချင်းတွေ မနည်းဘူး။ မောင်နှမရင်းချာကချည်း ကိုးယောက် ဆိုလား ရှိသတဲ့။ ကျာကျူးအမေက မောင်နှမတွေ ကြားထဲက တစ်ယောက်ပြောပါတော့။
ကူမဲမြစ်သားဘက်မှာ မအေအိုကြီးရှိသေးတော့ မောင်နှမတော်တော်များများက ကူမဲမှာနေကြပြီး မအေနဲ့ မခွဲကြဘူး။ တစ်စုတစ်မြုံ ပလုံစီထိုးနေကြသတဲ့။ ကျာကျူးအမေက မန္တလေးသားနဲ့ အိမ်ထောင်ကျလို့ မန္တ လေးရောက်တာ အတော်ကြာပတဲ့။ ကျာကျူးအမေနဲ့ အထက်အောက် အစ်မမိသားစုကလည်း မန္တလေးမှာပဲ နေကြတယ်။ ကျာကျူးပြောတဲ့ "အမေ့ အပေါ်က အစ်မ" ဆိုတာ အမေ့အထက်က အစ်မလို့ ပြောတာပါ။ အဲသည်မိသားစုကလည်း မန္တလေးမှာ အနေကြာကြပါပြီ.။ ကျာကျူးတို့နဲ့ အိမ်ချင်းမဝေးတော့ ကျာကျူးတို့အိမ်ကို ၀င်ချည်ထွက်ချည် ရှိတဲ့အခါရှိတယ်။ ညီအစ်မချင်းမတည့်လို့ အမခေါ်မပြောရှိတဲ့အခါ လည်းရှိတယ်။ တစ်ခါက မြက်ရှင်းခိုင်းစရာရှိလို့ လာရှင်းတဲ့အခါ ကလေးတွေတသီကြီး ပါလာလို့ အိမ်က သမီးဖိနပ်ကလေးတွေ ကျွန်မကရော့ဟဲ့ အင့်ဟဲ့ ပေးဖူးတာကို ကျာကျူးက မှတ်မိလို့ သေချာအောင် ပြောနေ တာပါ။ ကျာကျူးနဲ့ စကားပြောရင် လိုရင်းမရောက်နိုင်လို့ ငေါက်ရတာများပါပြီ။ မရပါဘူး။
သူပြော တတ်သလို ပြောနေတာကိုပဲသည်းခံပြီး နားထောင်ရတာလည်း များလှပါပြီ။ ပြောသမျှစကားတွေ အထုံးပြေပြီဆိုမှ သည်လိုတော့ ဖြစ်တန်ကောင်းရဲ့၊ ဟိုလိုတော့ ဖြစ်တန်ကောင်းရဲ့လို့ ဆက်စပ်ပြီး ပုံဖော် ရတာများလှပေါ့။ အခုလည်း ဆိတ်တွေ ဘယ်ရောက်ကုန်ပြီလဲမေးတာကို လိုရင်းရောက်အောင် မဖြေ သေးဘူး။ သူ့အဒေါ်အကြောင်း အရင်ပြောနေလို့ ခေါင်းမခေါက်မိအောင် မနည်းစိတ်ကို ချိုးထားရ သေး တာ ပါ။
" အဒေါ်က ဘာမှ မဖြစ်ဘူး ... သူ့သားအကြီးကောင် စူနယားက ဖြစ်တာ ... ဒီကောင်က လူပျိုဖြစ်ပြီ မဟုတ်လား ... လူပျို လုပ်ချင်တာနဲ့ သူများဆိုင်ကယ်နဲ့ လျှောက်လိုက်တယ် ... ဆိုင်ကယ်လဲတော့ တံတောင်ဆစ် ပွန်းတယ် ... မျက်နှာတစ်ခြမ်းမည်းသွားတယ် ... သူ့အမေ ဆေးကုဖို့ ပိုက်ဆံရှာရတာပေါ့ ... ပေါက်တော့ မှ အိမ်ပေါ်က မောင်းချလိုက်တယ် .... သွားပစေကောင်းတယ် "
စကား လမ်းကြောင်းက တခြားဘက် ပြောင်းသွားပြန်လို့ ကျာကျူးပြန်တော့လို့ပဲ နှင်လိုက်ရ ကောင်းမလား၊ သည်းခံပြီး ဆက်နားထောင်ရကောင်းမလား စဉ်းစားနေတုန်းမှာပဲ ကျာကျူးပြောလိုက်တဲ့ စကား ကြောင့် ကျွန်မတောင် မျက်လုံးပြူးသွားခဲ့ရတယ်။
" ဆိတ်နှစ်ကောင်မှာ သရဲပါလာတာကိုး၊ ဆရာမကြီးရဲ့ ... ကျွန်မအဒေါ်က အိပ်မက်မက်လို့သိတာ ... ဟိုတစ်ရက် က ကျွန်မ အဒေါ်အိမ်လာတာ ဆရာမကြီးတွေ့မှာပေါ့ ... သူတို့ညီအစ်မချင်း မခေါ်တာကြာပြီ ... အရေးကြီး လို့လာတာဆိုပြီး အမေနဲ့ စကားတွေ ပြောကြတယ်။ ကျွန်မ အဒေါ်ပြောတာတော့ ဆိတ်နှစ် ကောင် ရဲ့ ကျောပေါ်မှာ သရဲနှစ်ကောင် ထိုင်နေတာ အိပ်မက်ထဲမှာမြင်ရတယ်တဲ့ "
" အဲဒါနဲ့ ... "
" အဲဒါနဲ့ အမေက ကြောက်ပြီလေ ... သရဲထိုင်နေတဲ့ ဆိတ်တွေဘယ်သူက အိမ်မှာထားရဲမှာတုန်း ... သရဲက ကျွန်မတို့ ကျောကုန်းပေါ် တက်စီးရင် ဘယ်လိုလုပ်မလဲ ... ကျွန်မ အဒေါ် အိပ်မက်မက် မက်တယ် ... ကျွန်မ လည်း အိပ်မက် မက်တယ် ... မကောင်းတော့ဘူးဆိုပြီး သူများကို ရောင်းလိုက်ရတယ် "
" ဘယ်သူ့ကို ရောင်းတာတုံး ကျာကျူး "
" ကျွန်မ အဒေါ်ကိုပဲ ရောင်းလိုက်တာလေ ... ချက်ချင်း ဆိတ်နှစ်ကောင် သူကိုယ်တိုင် ဆွဲသွားတယ် ယူပါ စေလေ သူတို့မကြောက်ဘူးနော် ... သူတို့ကျောကုန်းပေါ် သရဲတက်ထိုင်လိမ့်မယ် ... ဆရာမကြီး နားသာ ထောင်တော့ "
သည်ဇာတ်လမ်းက လုပ်ကြံထားတဲ့ ဇာတ်လမ်းမှန်း ကမန်မသိတာမကြာသေးဘူး။ တစ်ရက် ကျာကျူး အမေ အိမ်ကို ရောက်လာလို့ စကားရောက်ရာက နီတိုးနဲ့ နီတူး ဆိတ်နှစ်ကောင်အကြောင်း ကျွန်မ ကောင်းကောင်း သိရတာပါ။ ကျာကျူး အမေပြောတာက ကျာကျူးက အဲသည် ဆိတ်နှစ်ကောင်ကို ရပ်ကွက် ထဲက ကျောင်း ဆရာအိမ်က ခွေးက လိုက်ဆွဲလို့ ခဲနဲ့လိုက်ထုတာ ရပ်ကွက်ထဲ ပွက်ပွက် ရိုက်သွား တာပဲ ဆိုတာလည်း ပါရဲ့။ ဆိတ်တစ်ကောင် အစာမစားဘဲ နေမကောင်းသလိုလို ဖြစ်လို့ ဆိတ်နှာခေါင်းကို ပရုတ်ဆီတွေလူးလိုက်တာ ဆိတ်ခမျာ ထွန့်ထွန့်လူးလို့ ဆိုတာ ကြားရတော့ ဖြစ်ရလေအောက်မေ့မိတယ်။
" ဆိတ်တွေကို ကျာကျူးက လူလိုစကားပြောနေတာ ဆရာမကြီးရဲ့ ... မောင်ရယ် နှမရယ် မွေးချင်းလည်း မရှိတော့ ဆိတ်ကလေးနှစ်ကောင်ကို တော်တော် သံယောဇဉ်ကြီးတယ် ... သည်ဆိတ်နှစ်ကောင်ကို ရောင်း ပြီး ငွေဖော်ရမလိုဖြစ်လာတော့ ကျွန်မဖြင့် မျက်ရည်တောင် ကျမိတယ် ... ကျွန်မက တစ်ညတော့ ဆိတ်နှစ်ကောင် ရောင်းမှ ဖြစ်တော့မယ်သမီးရယ် သူများဈေးကြွေးတွေများလာလို့ မပေးရင် မကောင်းတော့ဘူး ဆိုတော့ တစ်ညလုံး ငိုတော့တာ ဆရာမကြီးရဲ့ ... ကျွန်မတို့မှာလည်း အထုပ်ရယ် အထည်ရယ် မရှိတော့ သည်နှစ်ကောင် မျက်စောင်းထိုးရတာကိုး "
သူတို့ဘ၀နဲ့သူတို့ အကြောင်းဆိုတော့ ကျွန်မလည်း ၀င်မပြောသာဘူးပေါ့လေ။ စိတ်ထဲမကောင်းပေမယ့် ကျာကျူး က ဆိတ်နှစ်ကောင်ကို သံယောဇဉ်ဖြစ်နေမှတော့ တခြားက ငွေရှာကြည့်ပါလားလို့ အကြံ ပေးမိတယ်။ မရပါဘူး ဆရာမကြီးရယ်တဲ့။ ခေါင်းရွက်ဈေးသည်ဆိုတော့ မြတ်တော့လည်း စားလိုက်ကြ၊ ရှုံးတော့လည်း အရင်းရှာရကိုး။ ဈေးဗန်း မပျောက်ပေသိအကြွေးပါ ထည့်ရွက်ရတာနဲ့ပဲ လေးလံနေကြရှာသူတွေ မဟုတ်လား။ နောက်ဆုံး ကြံရာမရတာနဲ့ ကျာကျူးအမေကိုယ်တိုင်က အစ်မ ဖြစ်သူနဲ့ တိုင်ပင်ပြီး ဆိတ်နှစ်ကောင် သရဲကပ်နေသလိုလို ကျာကျူးနဲ့ ဓာတ်မတည့်သလိုလို ဇာတ်လမ်း ဆင်ကြရသတဲ့။ ကျွန်မရင်ထဲ ကျင်ခနဲ နာမိတယ်။ ကျာကျူးရဲ့ သနားစရာ မျက်နှာကလေးကိုလည်း မြင်ယောင် နေမိတယ်။ ကျာကျူးခမျာ မအေနဲ့ အဒေါ်တို့ ကြံသမျှ ယုံရှာလို့ တော်ပါသေးရဲ့။ လိုလို လားလားပဲ ခွင့်ပြုလိုက်ရှာသတဲ့။ သူ့အဒေါ် ဆိတ်တွေ ဆွဲသွားတဲ့နေ့က ဆိတ်တွေကို မှာနေသေးတာတဲ့။
" သွားကြတော့ နီတိုးနဲ့ နီတူးတို့ရေ ... ငါက ချစ်ပေမယ့် နင်တို့က သရဲခေါ်လာကြတာကိုး ... နင်တို့က ငါနဲ့ ဓာတ်လည်း မတည့်ဘူး ... နင်တို့ရှိရင် ငါဒုက္ခရောက်လိမ့်မယ် ... သွားကြတော့ သွားကြတော့ နင်တို့ မျက်နှာလည်း ငါမကြည့်ချင်ဘူးတဲ့ ... ကျွန်မဖြင့် ကွယ်ရာမှာ မျက်ရည်ကျမိပါတယ် ဆရာမကြီးရယ် ... တကယ် ပြောတာပါ "
ကျကျူးအမေက ပြောရင်း မျက်ရည်တွေ စို့နေလို့ ကျွန်မတောင် ရင်ထဲနင့်မိတယ်။ ကျွန်မက မရှင်းတာလေးတွေ မေးကြည့်ချင်တာနဲ့ ဆိတ်တွေကို အပြီးရောင်းလိုက်တာလား၊ ဆိုတော့ အဲသလို မဟုတ်ဘူးတဲ့။ ကျာကျူးအဒေါ်က တစ်ကောင်ဖိုးပဲ ငွေချေနှင့်လို့ တစ်ကောင်ယူထားချင်ပေမယ့် တစ်လအတွင်း ငွေချေပါ့မယ်ဆိုလို့ နှစ်ကောင်စလုံး ရောင်းလိုက်ရသတဲ့။ ကျာကျူးကတော့ သည် ဇာတ်လမ်း ကို မသိရှာပါဘူး။ ကျွန်မက ပေါက်စီနဲ့ အီကြာကွေးဆိုတာကကော ဆိုတော့ သူ့တူလေးတွေက ပေးတဲ့ နာမည်တွေတဲ့လေ။
" ကျွန်မအစ်မက ဆိတ်တွေလည်း ဆွဲသွားရော သူ့သားအငယ်နှစ်ကောင်က ချက်ချင်းပဲ သူတို့ကြိုက်တဲ့ မုန့် နာမည်တွေ ပေးတော့တာ ဆရာမကြီးရေ ... တစ်ကောင်က ပေါပ်စီတဲ့ တစ်ကောင်က အီကြာကွေးတဲ့ "
ကျာကျူးအမေက သည်အကြောင်းတွေ ကျာကျူးမသိစေချင်ဘူးဆိုလို့ ကျွန်မပါရောပြီး သည် ဇာတ်လမ်းကို မျိုချထားရတာပါ။ တစ်ရက် ကျာကျူးကျွန်မတို့ အိမ်ရောက်လာလို့ ကျွန်မက မသိချင် ဟန်ဆောင်ပြီး မေးကြည့်တယ်။
" နေပါဦး ကျာကျူးရဲ့ ... ညည်းအဒေါ်က သည်ဆိတ်တွေမှာ သရဲစီးနေတယ်လို့လည်း အိပ်မက် မက် တယ် ပြောသေးရဲ့ ... သည်ဆိတ်တွေကိုလည်း ၀ယ်သေးရဲ့ ... သူတို့ကျတော့ ဘာမှမဖြစ်ဘူးလား ... မကြောက် ကြဘူးလား "
" သူတို့က သရဲထက် ဆိုးတယ် ဆရာမကြီးရဲ့ ... သရဲကတောင် သူတို့အိမ်ကို ကြောက်လိမ့်ဦးမယ် ... ညဘက်ကြီး လည်း မှောင်ကြီးထဲ လျှောက်သွားနေကြတာပဲ ... သရဲနဲ့တောင် ခင်နေလောက်ပြီ "
မျက်လုံးပြူးပြူး အသံစူးစူးကလေးနဲ့ ပြောနေတဲ့ ကျာကျူးကိုပဲ ကျွန်မ သနားနေမိတယ်။ သည်ကလေးမ သည် ဇာတ်ထုပ် အဟုတ်မသိတာ ခပ်ကောင်းကောင်းလို့လည်း တွေးမိပါရဲ့။ သိလို့ကတော့ မလွယ် လောက်ဘူ။ တစ်ခါတလေ ဘာရယ်ဘာအကြောင်းလို့သာ မသိရတယ်။ မအေနဲ့ ခွန်းကြီးခွန်းငယ် အပြန်အလှန် အော်ဟစ်နေတာတွေ ကြားဖူးထားတော့ ကျာကျူးရဲ့ ဇွဲကို ကျွန်မ သိတာကိုး။ ဗျစ်တောက် ဗျစ်တောက် နဲ့ ပြောနေတာ မပြီးဘဲ မပြီးနိုင်ဘူး။ မအေက ထရိုက်တာလည်း ကြားရတာပါပဲ။ ဒါမျိုးဆိုရင် ကျာကျူး က သံစူးသံခွန်နဲ့ အော်ပါလေရော။
" ရိုက်ကြဗျို့ ... မအေ ဆိုပြီး ရိုက်တာပေါ့ ... ရိုက်ကြ ရိုက်ကြ ... ကျာကျူး ခံကလဲ့မှာ ခံလိုက်မယ် ... ကျာကျူး ရိုက်ကလဲ့ကျမှ မငိုကြနဲ့ ... ကြိုးတုတ်ပြီးရိုက်မှာ ... ဘာမှတ်လို့လဲ "
သည်လို ပြန်ပြောတော့ မအေက မိဘကို သည်လိုပြန်ပြောရပါ့မလားရယ်လို့ ရိုက်ပြန်ရော။ ကျာကျူး ကလည်း ပြန်အော်တာပဲ။ သားအမိနှစ်ယောက်ရန်ဖြစ်ရင် ပွက်ပွက်ရိုက်လို့။ ခွန်းကြီးခွန်းငယ် ဖြစ်ကြ သခိုက် ကျာကျူးအိမ်ရောက်လာရင် ကျွန်မက ဆီးပြီး ဆုံးမရတယ်။ မိကို တစ်နေ့ပြန်ရိုက်ဦးမယ်လို့ မပြော ကောင်းဘူး ကျာကျူးရဲ့၊ မြေမျိုတတ်တယ်ဆိုတော့ မြေမျိုတာကမှ ကောင်းဦးမယ်တဲ့လေ။
" ကျာကျူးဆရာမကြီးပြောမယ် ... မိဘဆိုတာ ကိုယ့်သားသမီးကို ချစ်ကြတာချည်းပဲ ... ဆုံးမစရာရှိတော့ လည်း ပြောပြောဆိုဆို ဆုံးမရတာမျိုး၊ တုတ်ပြပြီး ဆုံးမရတာမျိုး ရှိတာပေါ့အေ ... ဆရာမကြီးတို့ ငယ်ငယ် ကလည်း အမေက ဆုံးမစရာရှိရင် သည်လိုဆူတာ ငေါက်တာ ရိုက်တာပုတ်တာ ရှိခဲ့တာပဲ ... မိဘကို ပြန် မအော်ရဘူး ... အခုက ဘာဖြစ်လို့ သားအမိချင်း ရန်ဖြစ်တာတုံး "
" သူ့ယောက်ျားကို ဦးစားပေးလို့လေ ... ဟင်းကောင်းဆိုလည်း သူ့ယောက်ျားဖို့ ... လက်ဖက်ရည် ၀ယ်တော့ လည်း သူ့ယောက်ျားဖို့၊ နံပြားဝယ်တော့လည်း သူ့ယောက်ျားဖို့၊ ထမင်းတစ်ဆုပ် လောက်ကျန်တော့လည်း သူ့ယောက်ျားဖို့"
" ဟဲ့ ... သူ့ယောက်ျားဖို့ဆိုတော့လည်း ညည်းအဖေပဲ မဟုတ်ဘူးလားဟဲ့ ... ကိုယ့်အဖေကြီး ခေါင့်ကြီးမား ကို ကျွေးတာ ကျာကျူးကတောင် ၀မ်းသာရဦးမယ် "
" အဖေတော့ အဖေပေါ့ ဆရာမကြီးရဲ့ ... ကျွန်မ ပြောလိုက်တယ်လေ အေး ကိုယ့်ယောက်ျားကိုယ် ဦးစား ပေးကြေးနော် ... လုပ်ကြလေ ... ကျွန်မ ယောက်ျားယူလို့ ဦးစားပေးမှ မပြောကြနဲပလို့ "
ကျွန်မဖြင့် ဆုံးမနေတဲ့ကြားက ရယ်လိုက်ရတာ။ မအိုးမအကလေးဆိုတော့ ကျွန်မမှာ ဆိုရခက် ပြောရခက် ကိုး။ ဆိတ်ပြဿနာကလည်း ကျွန်မ သိရသလောက် မပြီးပါဘူး။ ကျာကျူးအမေနဲ့ ကျာကျူးအဒေါ်တို့ အပေးအယူ ကတိပျက်ကြရာက ရန်ဖြစ်ကြရော၊ ရန်ဖြစ်ကြတော့ ကျာကျူးကို လိမ်ထားတာ တွေပေါ်ရော။ ပေါ်တော့ ကျာကျူးက အတိုးချပြီး အော်ပြန်ရော။ မကြာပါဘူး။ ဆိတ်နှစ်ကောင် ကျာကျူး တို့အိမ်ကို ဒရွတ် သိုးသီ ပြန်ရောက်လာလေရဲ့။ ကျာကျူးဆိုတာ အသံကလေးတစာစာနဲ့။ ဆိတ်နှစ်ကောင် နဲ့ စကားတွေပြော နေတာများ လူကို ပြောနေတဲ့ အတိုင်းပဲ။ ပြတင်းပေါက်မှာ ကျွန်မ ရပ်ကြည့် နေတာမြင်တော့ ကျွန်မကို လှမ်းပြောနေသေးတာပါ။
"နီတိုးနဲ့ နီတူးပြန်ဖြစ်သွားပြီ ဆရာမကြီး ... ပေါက်စီနဲ့ အီကြာကွေး မဟုတ်တော့ဘူး ... ကျွန်မကို လွမ်းလို့ နဲ့တူတယ် ... သည်နှစ်ကောင် နည်းနည်းတော့ ပိန်သွားတယ် ... မပူနဲ့ နင်တို့ကို ငါကျွေးသေးရဲ့ အောက်မေ့ မိတယ်။ သားအဖသုံးယောက် မန္တလေးလို မြို့ကြီးမှာ အိမ်လခမကုန်၊ မင်းတိုင်း ကြေးမကုန် နေခွင့် ရကြတာကလည်း ကံထူးတယ်ပြောရမှာပါ။ မြို့မှာ နေစရိတ်ကလည်း ကြီးတာ မဟုတ်လား။ သည်ကြားထဲ ကျာကျူးတို့ အိမ်ကုပ်ကုပ်ကလေးထဲကို ကူမဲမြစ်သားဘက်က အမျိုးတွေ ရောက် ရောက်လာတတ်ကြလို့ ဘယ်လိုများ အိပ်ကြပါလိမ့်လို့ တွေးမိတယ်။ လာကြပြန်တော့ မနေကြဘူး ဆိုရင် လေးငါးရက်တော့ နေကြတာချည်းပဲ။ ကျာကျူးတို့ အိမ်ဘေးမီးဖိုက မီးခိုးတအူအူနဲ့ ချက်လို့ပဲ မပြီးနိုင်ဘူး။
ဆွေမျိုးသားချင်းတွေက ၀င်လိုက်ထွက်လိုက်ကြ၊ ခူးလိုက်ခပ်လိုက်ကြ၊ စားလိုက်သောက်လိုက်ကြနဲ့ ပျော်စရာတောင် ကောင်းသေးတော့။ ကျာကျူးတို့ကလည်း စိတ်ထဲသွားချင်စိတ်ပေါက်လာရင် အိမ်တံခါး ပိတ်ပြီး ကူမဲ၊ မြစ်သားဘက် စုတ်ခနဲ ထသွားကြတာပါပဲ။ တစ်ခါတလေ ကျာကျူးတို့ တစ်ခါတည်းများ ပြောင်းသွားကြလေသလား အောက်မေ့မိတယ်။ ပြန်လာရင်တော့ ပြန်လာပုံ ပြန်လာနည်းကို အကဲခတ်ရုံနဲ့ ဘယ်လိုခံစားမှုနဲ့ ပြန်လကြသလဲဆိုတာ ကျွန်မသိနှင့်ပါပြီ။ ညကြီးမိုးချုပ် မှောင်ကြီးထဲ ကျာကျူးတို့ သားအဖ တစ်တွေ တိတ်တိတ်ကလေးပြန်လာကြပြီဆိုရင် ဆွေမျိုးထဲက တစ်ယောက်ယောက် နဲ့ ရန်ဖြစ်လာကြတာ သေချာတယ်။ ညနေစောင်းနေမ၀င်တ၀င် ပြန်လာပြီး ချက်ကြ ပြုတ်ကြ သောသောညံ နေပြီဆိုရင် အဆင်ပြေချိုတီးနဲ့ဖြစ်တာ ... သူက ကျွန်မကို နင်တို့က အမေကြီးအိမ်မှာ လာ ကပ်စား နေတာလို့ ပြောလို့ ကျွန်မနဲ့ ရန်ဖြစ်တာလေ ... အမေကြီးလည်း ငါတို့အိမ် လာကပ်စားတာပဲလို့ ပြောလိုက်တာ သူက ကျွန်မကို ကုတ်ဆွဲတယ် ဆရာမကြီးရဲ့ ... ကျွန်မကလည်း ပြန်ကုတ်တာပေါ့... ဘာရမလဲ ... ရန်ဖြစ်ကြရော "
အဲဒါမျိုးက ရန်ဖြစ်ပြန်လာတိုင်း ပြောနေကျပါ။ ရန်ဖြစ်တဲ့သူတော့ ကွဲပြားတာပေါ့လေ။ သည်တစ်ခေါက် လာလာနဲ့ဖြစ်ရင် နောက်တစ်ခေါက်က ချိုတီးနဲ့ဖြစ်တယ်။ နောက်တစ်ခေါက်ကျ အမေနဲ့ အဒေါ် တစ်ယောက်ယောက်နဲ့ ရန်ဖြစ်ကြတယ်ဆိုတာမျိုးပေါ့။ ကျာကျူးတို့သားအမိ ပျော်ပျော်ပါးပါး ပြန်လာ လို့ ချက်ပြုတ်စားသောက်နေကြရင် ကျွန်မက သည်တစ်ခေါက် ကျာကျူးရန်မဖြစ်ခဲ့ဘူးဟေ့၊ ဟန်ကျ ချက်တော့လို့ပြောရင် ကျာကျူးက အင်မတန် အံ့သြရှာတာပါ။ ဆရာမကြီးက မန္တလေးမှာ နေပြီး ကူမဲက အကြောင်းတွေသိတယ်နော်တဲ့။ ကျွန်မက ခပ်တည်တည်နဲ့"သိပါအေ တို့အိမ်မှာ စလောင်းတပ်ထားတာ မမြင်ဘူးလား စလောင်းကကြည့်ရင် ကျာကျူးတို့ ကူမဲက အိမ်ကို လှမ်းကြည့်လို့ရတယ်" လို့များဆိုရင် တကယ် ယုံရှာတာပါ။ ဒါပေမဲ့ သံသယတော့ ရှိတဲ့ပုံပါ။ ကျွန်မကို သေချာအောင် မေးနေသေးတာလေး။
" ကျွန်မ ကူမဲမှာ ဘာလုပ်သလဲ ... ဆရာမကြီး မြင်တာပြောပြပါ"
" ညည်းက မယုံလို့လား ... ညည်းအမေကြီးကို လက်ဖက်ရည် ၀ယ်ပေးတယ်အေ ... သန်းရှာ ပေး တယ်အေ ... ဒူးခေါင်းကို ဆေးလူးပေးတယ်အေ ကိုင်း "
" ဟုတ်တယ် ... ကျွန်မနဲ့ ဘယ်သူနဲ့ လုပ်ပေးတာလဲ "
" နာမည်တော့ ဘယ်သိပါ့မလဲအေ့ ... ကုလားမလေးပဲ "
" အဲဒါလည်း ဟုတ်တယ် ... အဲဒါက မာလာ"
" ဒါကြောင့် ပြောတာပေါ့ ... အကုန်မြင်ရပါတယ်ဆို "
" ဒါဆို ဆေးရုံကြီးရှေ့မယ် ... နင်တို့မှာ သူရဲလည်းမရှိဘူး ... ဓာတ်မတည့်တာလည်း မရှိဘူး ... ငါ့အါမေနဲ့ ငါ့ အဒေါ် က လူတွေဖြစ်ပြီး လက်ခံတာ ... နင်တို့က ဆိတ်ဖြစ်ပြီးတော့ မလိမ်ဘူး နင်တို့ ကုသိုလ်ရလိမ့်မယ် ကြားလား "
ကျွန်မ ကိုလည်း လှမ်းပြော၊ ဆိတ်တွေကိုလည်းပြော။ ကျွန်မရင်ထဲမှာ မှုန်တစ်လှည့် လင်းတစ်လှည့်။ ကျာကျူး ရယ် ... "
ဆက်ရန်
.
4 comments:
ကျာကျုးလေးဖတ်လို့ ကောင်းတယ်။နောက်တလပြန်စောင့် ရအုံးမယ်နော်။:(
lovely poor kyarkyuu.Nice to read it.
Gyidaw
ခုလောလောဆယ် ဒါလေး အရင်ဖတ်သွားတယ် မမရွှေစင်..ဖတ်စရာတွေ အကြွေးတင်နေပြီ..
အေးဆေးလာဖတ်အုံးမယ်..။
ကျာကျူးကိုစောင့်ဖတ်နေပါတယ်။
ဆရာမခင်ခင်ထူးရယ် စာရေးကောင်းလိုက်တာ..
ဖတ်နေရင်းနဲ့မျက်စေ့ထဲမှာဆရာမကြီးနဲ့ကျာကျူးတို့မိသားစုကိုမြင်ယောင်လာတယ်။
မပျက်မကွက်တင်ပေးတဲ့မရွှေစင်နဲ့သမီးများကိုကျေဇူး
တင်ပါတယ်။
Post a Comment