Monday, March 5, 2012

မောင်တင်ဆင့် ၏ ရထားပေါ်က ကင်ဆာတစ္ဆေ, အပိုင်း (၁၈)

ရထားပေါ်က လူများ (၁)

ကျွန်တော်ကုန်းကျော် တံတားပေါ်မှ ၆-၇ စင်္ကြံလှေခါးမှ ဆင်းသွားတော့ ညနေ ၄ နာရီ ၄၇မိနစ်လောက် ရှိပြီ၊ လူတွေက ကွန်ကရစ်ပေါ်က ဆင်းသွားနေကြသည်။ သည်စင်္ကြံမှာ မြို့တွင်းသွားရထားများ ကမ်းကပ်တတ်ကြသည်။ မင်္ဂလာဒုံ၊ ပုရွက်ဆိပ်ကုန်းမြို့ပတ်။ သင်္ဃန်းကျွန်း၊ တိုးကြောင်ကလေး၊ အင်းစိန်၊ လှော်ကား၊ ကွန်ပျူတာရထား၊ (ကွန်ပျူတာတက္ကသိုလ်ထိ ဒုတ်ဒုတ်ထိရောက်သော ရထားကို ကွန်ပျူတာရထား ဟု အရပ်ခေါ်ခေါ်နေကြသည်)။ အစပထမတော့ ကျွန်တော်က ကွန်ပျူတာ ထိန်းချုပ် မှု့ နှင့် မောင်းနှင်သော နောက်ဆုံးပေါ်ရထားဟု ထင်နေခဲ့သေးသည်။

နောက်မှ တရုတ်ပြည်လုပ် နှစ်စီးတွဲ (ခေါင်းတွဲမောင်းနှင်ခန်း နှင့် လူစီးတွဲဆက်လျက် ရထားမှန်း သိ တော့ သည်။) ကွန်ပျူတာရထားက ပထမတော့ ကွန်ပျူတာတက္ကသိုလ် ကျောင်သား/သူးတွေအတွက် သီးသန့် ဖြစ်သော်လည်း နောက်ပိုင်းတွင် အရပ်သားခရီးသည်တွေပါ စီးနင်းကြတော့သည်။

လူတွေ ကွန်ကရစ်လှေခါးမှ ဆင်းသွားနေကြသည်။ ကျွန်တော်လည်း လူတွေကြားမှ ခပ်သုတ်သုတ် ဆင်းချ သွားသည်။ ကွန်ကရစ်စင်္ကြံန်ခေါင်မိုးမှာ ချိတ်ဆွဲထားသော ဆန်ကောလောက် နာရီလုံးလုံးကြီးဆီ ဦးစွာ ကြည့်မိသည်။ ၄ နာရီ ၄၇ မိစ်။ နာရီလက်တံက ကြည့်လိုက်ချိန် တစ်ချက်ရွေ့သွားသည်။ ၄၈ မိနစ်။
အမှတ်(၇) စင်္ကြံန်၏ မြောက်ဘက်အစွန်မှာ ရထားတစ်စီး၏ နီညိုညိုတင်ပါးကို လှမ်းမြင်နေရသည်။

"ကျေးဇူးပြု၍ နားဆင်ပါ ခင်ဗျာ။ မကြာမီအချိန်အတွင်းမှာ အင်းစိန်မှတစ်ဆင့် မြို့ပတ် သွားမည့် လက်ယာရစ် မြို့ပတ်ရထားသည် အမှတ်(၇) စင်္ကြံန်မှ ထွက်ခွာပါလိမ့်မည်။
ဟို ရပ်ထား တဲ့ ရထား။ မကြာမီထွက်ခွာမယ်တဲ့။ ရထားနှင့် ကျွန်တော် ပေ ၂၀၀လောက်ရှိမည်။ အလယ် မှာ လက်မှတ်ရုံ ရှိသည်။ စင်္ကြံန်ဆင်းလှေခါးထိပ် ကုန်းပေါ်မှာတုန်းက လက်မှတ်ဝယ်မလာမိတာ နောင်တရသည်။ အဲသည်မှာ စားပွဲချထားပြီးရထားလက်မှတ်များရောင်းပေးသည်။ ၁၀ကျပ်-၂၀ ကျပ်။

ယခုတလော ရထားကို ကျွန်တော် အာရုံညွတ်နေမိ၏။ ဘာကြောင့်ဆို မြို့တွင်းမဂ္ဂဇင်းတိုက် အပြန် ရထားချည်း လိုလို စီးမိနေတာလည်းပါမည်။ ရထားခရီးသည်တွေ တစ်နေ့တစ်ခြာ်း များပြား နေတာလည်း ပါမည်။ ရထားပေါ်မှာက စိတ်ဝင်စားစရာတွေ ဒင်းကြမ်းပြည့်နေသည်။ အမှန်က လူတွေကို စိတ်ဝင်စား တာလည်းဖြစ်မည်။ ရထားပေါ်မှာက ယခုအခါ လူ့ဘဝမျိုးစုံ ရုပ်ရှင် ပိတ်ကားကြီးတစ်ခုဖြစ်နေသည်။ ကျွန်တော်ရထားကို စိတ်ညွှတ်မိသလို လူတွေကလည်း ကျွန်တော့်ကို စိတ်ညွှတ် မိတာဖြစ်မည်။

ကျွန်တော်လက်မှတ်ရုံလေးမှာ တိုးဝှေ့နေဆဲ လူတေါကို စောင့်ပြီးလက်မှတ်တစ်စောင် ၂၀ ကျပ် ပေး၍ ဝယ် လိုက်သည်။ ယခုအခါ လူတွေစာရိတ္တမြင့်မားလာတာလည်း၊ ရထားလက်မှတ် ခ နိုင်နင်းနေလို့ လားမသိ၊ ကျွန်တော်တို့ ငယ်စဉ်ကလို လက်မှတ်ခိုးစီးသူ မရှိသလောက်ဖြစ်သည်ဟု ထင်ပါသည်။
လက်မှတ် ရပြီးနောက် ရထားရှိရာ စင်္ကြံန်မြောက်ဘက်စွန်းသို့ ခပ်သုတ်သုတ် လျှောက်လာသည်။ ကျွန်တော့် လို ခပ်သုတ်သုတ်လျှောက်သူ၊ တစ်ချို့ ပြေးလွှားလို့ပင် သွားရောက်ကြသည်။ ရထားအချက်ပြ မီး ဆီ လှမ်းကြည့်တော့ နီနေဆဲ။

ရထားတွဲ တွေထဲမှာ လူအတော်ပြည့်နေပြီ။ စင်္ကြံန်ပေါ်လျှောက်ရင်း ရထားတွဲအတါင်း လှမ်းကြည့် နေရာရှာမိသည်။ ရှုထားတွဲတစ်ဝက်ကျော်လာပြီး သုံးပုံနှစ်ပုံခန့်ရောက်မှ နေရာလွတ်ကလေးတစ်ခုကို လှမ်း တွေ့သည်။
ကလေးငယ် တစ်ယောက် ဘေးသစ်သားခုံတန်းလျားကွက်လပ်ကလေးတစ်ခုမှာ မှေးထိုင်လိုက်သည်။
သွားရမည့် ခရီး မှာ ဂိတ်ဆုံးအထိ။ နှစ်နာရီနီးပါး ရထားပေါ်မှာ ရှိနေရမှာဖြစ်သည့်အတွက် တင်ပါး တစ်နေရာ စာတော့ အမှန်တကယ်လိုအပ်ပါမည်။ ကျွန်တော့်ခြေထောက်တွေက ကျွန်တော့်ခန္ဓာကိုယ်ကို အချိန်၂ နာရီကြီး ထမ်းမထားနိုင်တော့သောကြောင့်လည်း ဖြစ်သည်။

ကျွန်တော့်ခန္ဓာကိုယ်ကြီးကို ထမ်းထားရတာ နှစ်ပေါင်း ၆၀ နီးပါး ဘဝတာရှည်ခဲ့ပါပြီ။ ခြေထောက်တွေကို ကျွန်တော် သနားသည်။
လူဟာ တစ်နေ့ကို ခြေလှမ်းပေါင်း ၂၀၀၀ လျှောက်သည်တဲ့။ တစ်နှစ်ကို ခြေလှမ်းပေါင်း (၇)သန်း သွားသည် ဆိုပဲ။ သက်တမ်းတစ်လျှောက်မှာ လူဟာခြေလှမ်း သန်းပေါင်း ၅၀ လှမ်းသည်ဟု ဆိုသည်။ လူတစ်ယောက် ရဲ့ ခြေလှမ်းတွေကို ဆွဲဆန့်လိုက်လျှင် လကမ္ဘာကို ရောက်သည်တဲ့။ အီကွေတာ မျဉ်းအတိုင်း ကမ္ဘာကိုပတ်ရင် ၉ ကြိမ်တောင် ပတ်နိုင်သည်ဟု ဆိုသည်။ ဒါက စပွတ်နစ်မဂ္ဂဇင်း အဟောင်း ထဲမှာ ဖတ်ရခြင်းဖြစ်သည်။ လူ့သက်တမ်းကို သူက နှစ် ၇၀နှင့် တွက်ထားတာဖြစ်သည်။ ကျွန်တော့် အထင် အတိုးအလျှော့ ရှိမည်။ လမ်းမလျှောက်ပဲ ကားစီးနေတဲ့သူတွေ တစ်နေ့ခြေလှမ်း ၂၀၀၀ လျှောက်မယ် မထင်။ သည်တော့ထိုလူမျိုးကို ကမ္ဘာကြီးကိုလည်း ၉ ပတ် မပတ်နိုင်၊ လကမ္ဘာလည်း မရောက် နိုင်ဘူးပေါ့။

ကျွန်တော်တို့လို လူမျိုးတွေကျတော့ ခြေလှမ်းပေါင်း ၂၀၀၀ ကျော်သွားနိုင်ပါသည်။ အော်... သနားစရာ ခြေထောက် တွေရယ်။
ရထားက မကြာမတင် ထွက်ခွာသည်။ ရထားက ထွက်စမှာ ဒိုင်းကနဲ ရုန်းလိုက်ရသဖြင့် လူတွေကို ဆွဲဆောင့် သလိုဖြစ်သွားသည်။ ဘူတာရပ်သည့်နေရာ တစ်ချက်ဆွဲဆောင့်၊ ထွက်ရင် တစ်ချက်ဆွဲဆောင့်၊ ရထား ပေါ်က လူတွေကတော့ ရိုးဟိုးဟိုးနေပါပြီ။ ရထားကြီး အချိန်မမှန်တာလည်း လူတွေက ဘာမှ မဖြစ်။ တစ်ခါတစ်ရံ ဘူတာတစ်ခုခုမှာ ရထားကြီး လူကြောင်ကြောင်လုပ်နေလည်း လူတွေက သီးခံကြ ပါသည်။ သည်ရထားမှလွဲ၍ လူတွေ မှာ အခြား စီးစရာ မရှိတော့သလိုပင်။

မြို့တွင်းဘက် ဘူတာတွေ ဖြစ်သော ဘုရားလမ်း၊ လမ်းမတော်၊ ပြည်လမ်းစသည့် ဘူတာတွေမှာ စာရေး၊ စာချီ၊ ကျောင်းဆရာ ဆရာမ၊ ရုံးအုပ်၊ အင်ဂျင်နီယာ စသည့် အမှုထမ်းအရာထမ်းငယ်များ တက်ရောက် ကြတာ များသည်။ သူတို့က သန့်ပြန်သည်။ သေသပ်သည်။ အနြေ္ဒရသည်။ ပညာတတ်ပုံစံ အတိအကျ ပိုင်ဆိုင်ထားပါသည်။ အဲသည့်အလွှာတွေက လှည်းတိး၊ ကမာရွတ်၊ အလွန်ဆုံး အုပ်ကျင်း၊ သမိုင်း လောက် မှာ ဆင်းသွားသသတ်ကြသည်။

ကြည့်မြင်တိုင် ဘူတာလောက်မှစပြီး လက်လုပ်လက်စားနှင့် ပျံကျဈေးသည်အလွှားများ တက်ရောက် လာကြတာများသည်။ ကမာရွတ်၊ သမိုင်း အုပ်ကျင်းလောက်မှာ ပိုများလာကြသည်။ အင်းစိန်လွန်လျှင် လက်လုပ် လက်စား၊ ပျံကျဈေးသည်များသာ ရထားတွဲပေါ်မှာ အများစုဖြစ်လာတတ်သည်။ ကျွန်တော် သည် အကြိမ်ပေါင်းများစွာ ရထားကို စီးနင်းလာသောအခါ ထိုအလွှားမျာကို အလွယ်တကူခွဲခြား မြင်သိ လာပါတော့သည်။ လောကကြီးက လူတွေကို သူ့အကန့်နျင့် သူ ခဲါခြားထားသလို ဖြစ်ပါသည်။ အလို... ကျွန်တော် ကိုယ်တိုင်ကရော ဘယ်အကန့်ထဲ ပါဝင်နေပါသလဲ။
ဆင်ခြေဖုံးမြို့ တွေဘက်ကို ရထားက တိုးရွေ့သွားလေ လက်လုပ်လက်စားနှင့် ပျံကျဈေးသည်များ ရထား ပေါ် တက်ရောက်လေလေဖြစ်သည်။ ခြင်းတောင်းတွေ၊ အထပ်တွေ၊ အပိုးတေါ။ အလုပ်သမလေးများ စာရေးစာချီ မိန်းကလေးများကတော့ ပလပ်စတစ်လက်ဆွဲခြင်း( တစ်ပေခန့်အမြင်၊ အချင်းတစ်ပေ ခန့်အကျယ်) အဝိုင်းအပြာရောင်၊ အနီရောင်၊ စိမ်းပြာရောင်ကလေးတွေထဲမှာ ထမင်းချိုင့်၊ အပေါစား ပိုက်ဆံအိတ်၊ တိုလီမိုလီပစ္စည်းလေးတွေ။

တဖြည်းဖြည်း လူတွေ ကြပ်ညှပ်နေသည့်ကြား ကွမ်းယာ၊ ဆေးလိပ်၊ ရေခဲရေ၊ ငှက်ပျောသီ၊ လိမ္မော်သီး၊ ပန်းသီး၊ ဖရဲသီး၊ စာကလေးခွေ စသည့် ရထားဈေးသည်ကလေးများကလည်း တိုးဝှေ့သွားလာ အော်ဟစ် ရောင်းချနေတာ လက်ဝဲသမားတွေ စကားလုံးနဲ့ပြောရလျှင် ပစ္စည်းမဲ့တို့၏ ဈေးရောင်း ပွဲတော် ဖြစ်လေမလား။
မကြာမီ ကျွန်တော့်အနီးမှာ နေရာလွတ်သွားသောအခါ ထမင်းချိုင့်လေးကို တစ်ဖက်ကကိုင် တစ်ဖက်က စာကလေးခွေ ငါးခုတစ်ရာတန်အထုပ်ကလေးနှင့် ကလေးမတစ်ယောက်  ဝင်ထိုင်ပါသည်။ အဲတော့ သမိုင်း သို့မဟုတ် သမိုင်းကွက်သစ်လောက်ရထားက ရောက်နေပြီ။ ကျွန်တော်က ပြတင်း မှ အပြင် ငေးလိုက်၊ လူတွေ (ရထားစီးခရီသည်တွေ) ငေးလိုက်၊ ဈေးသည်တွေကို ကြည့်လိုက်နှင့် ကလေးမလေးကို သတိ မထားမိခဲ့။

ကလေးမလေးက ကျွန်တော့်ဘေးဝင်ထိုင်ပြီး စာကလေးခွေကို စိတ်မပါတပါ ချိုးဖဲ့စားနေခဲ့သည်။ ကြည့်ရတာ အသက် ၂၀ မကျော်လောက်သေး။ အဝတ်အစားက တစ်ပတ်နွမ်းဆိုပေမယ့် သပ်သပ်ရပ်ရပ်။ ဆံပင် ကလည်း ခုခေတ် ကလေးမ တွေလို ဂုတ်ပေါ်ဝဲ။ ပြတင်းပေါက်မှ လေတိုးလျှင်ဆံစများက လေတံခွန် လို တဖွားဖွား လွင့်နေ၏။ ကလေးမကြည့်ရတာ အဖော်အပေါင်းမပါ။ တစ်ချို့အလုပ်ရုံ၊ စက်ရုံ၊ ရုံးတစ်ရုံး၊ အရောင်းစာရေး ကွန်ပျူတာစာရိုက် စသည့်တို့မှာ အဖော်အပေါင်းပါတတ်သည်။ သူကတော့ တစ်ကိုယ်ရေ၊ ကလေးမက မျက်လုံးလေးမှိတ်ထားလိုက်၊ ဟိုငေးသည်ငေး ငေးလိုက်၊ စာကလေးခွေ ဝါးလိုက်။

"သမီး ဘယ်က တက်တာလဲ.. "
ကြည့်မြင်တိုက် ဘူတာက.. "
ကျွန်တော် စပ်စုမိပြန်သည်။ ကျွန်တော်က လူမှုဘဝတွေကို စိတ်ဝင်စားပါသည်။ လူတစ်ဦးနှင့်တစ်ဥိး တစ်အိမ်ထောင် တစ်မိသားစုနှင့် တစ်မိသားစုဘဝကို ဆယ်ယူနေရတာချင်းမတူ။ ဘဝကို ရုန်းကန် နေရတာ ချင်း မတူ၊ အသက်ရှင်မှ မတူညီတတ်ပါ။ ဒါကိုပဲ ကျွန်တော်စိတ်ဝင်စားနေမိတာ ဖြစ်သည်။
"အလုပ်ကပြန်လာတာလား"
"ဟုတ်တယ်"
"ဘာအလုပ်များလုပ်တာလဲ... "
"ပန်းရံ.. ကျွန်မက ပန်းရံသယ်တယ်"
"တစ်နေ့ ဘယ်လောက်ရလဲ... "
တစ်ထောင့်ငါးရာ၊ နှစ်ထောင်.. အလုပ်ပေါ်မူတည်တာပေါ့"
"ဟုတ်တာပေါ့၊ ဘတ်စ်ကားသာ စီး ရရင် ကိုယ်အတွက် သိပ်မကျန်ဘူးနော်"

"ဘယ်ကျန်မလဲ ဘကြီး၊ ဒါကြောင့် ကျွန်မနေ့တိုင်း ရထားစီးတယ်။ ဘူနာနဲ့က အလုပ်က အဝေးကြီး၊ ကျွန်မ အလုပ်သွားရတာက မဂိုလမ်းမှာ၊ အဲဒီမှာ တိုက်ဆောက်နေတာလေ။ အလုပ် သွား လမ်းလျှောက်ရတာက မပင်ပန်းဘူး။ တစ်နေ့လုံးလဲ လျှောက်နေရတာ၊ ဘိလပ်မြေဖျော်တဲ့ နေရာနဲ့လောင်းတဲ့နေရာ ခေါက်တုံ့ ခေါက်ပြန် လျှောက်နေရတာ။ အပေါ်ထပ် တက်ရပြီဆို မလွယ်ဘူး၊ အဲ.. ညနေ အလုပ် ကပြန်ရင် ငိုချင်တာပဲ။ အဲဒီအခါကျ ဘူတာ က မနက်ကထက် ပိုဝေးတယ်"
ကျွန်တော့် မှာ ကလေးမ အစား မောနေပါသည်။ ကြည့်မြင်တိုင်ဘူတာကနေ မဂိုလမ်း၊ မဝေးဘူးဆို တစ်မိုင် သာသာလောက် ဝေးမလားမသိ၊ မသိမသာကုန်းတက်လေးလည်း တက်သွားရပေဦးမည်။
"အဖေ က ဘာလုပ်သလဲ"

"အဖေ က မရှိတော့ဘူး အမေရယ် မောင်လေး တစ်ယောက်ရယ်၊ အစ်မက ယောက်ျားရသွားပြီ၊ သူ့ဟာသူ နေတယ်"
"အဖေ က ဆုံးသွားတာကိုး ဘာဖြစ်လို့ဆုံးတာလဲ... "
"တီဘီရောဂါလို့ပြောတာပဲ။ အဖေကလည်း အရင်က ပန်းရံလုပ်တယ်လေ။ ဘိလပ်မြေမှုန့်ကနေ တီဘီ ဖြစ်တာတဲ့... "
ကျွန်တော် ထိတ်လန့်သွားပါသည်။ အမှန်ဖြစ်သည်။ ကျွန်တော် တစ်ချိန်က ဘိလပ်မြေစက်ရုံမှာ အလုပ် လုပ်ဖူး ပါသည်။ ခုနှစ်နှစ်၊ ရှစ်နှစ်လောက် ကြာမည်။ နောက်တော့ ရန်ကုန်ရောက်လာသည်။ ကျွန်တော် နှင့် အတူတူ လုပ်ဖော်ကိုင်ဘက်တစ်ချို့ အဆုတ်ရောဂါနှင့် သေဆုံးသွားခဲ့ကြတာ မနည်းပါ။

"အဖေဆုံးသွားပြီး ကျွန်မ ကျောင်းထွက်ရတယ်၊ အဖေ့သူငယ်ချင်းတွေက အဖေတို့လုပ်တဲ့ အဖွဲ့လေ၊ ကျွန်မ ကို ဒီ အလုပ်ပေးတာ"
"ဘုရာ.. ဘုရား၊ မျိုးဆက်။ အဖေ့အမွေ လက်ငုတ်လက်ရင်းကို သားသမီးများက ဆက်ခံကြ ရသည် ဆိုသော်လည်း သည်လိုဆက်ခံရမှုမျိုး ကတော့ ကြေကွဲစရာပါ။
ရထားက တညင်းကုန်းဘူတာ နားရောက်လုပြီ။ သည်ရထားက မြို့ပတ်ဆိုတော့ ကျွန်တော် တညင်းကုန်း ဘူတာ မှာ ဆင်းရမည်။ လှော်ကားရထားစောင့်လိုလျှင်စောင့်၊ သို့မဟုတ်လျှင် ဘတ်စ်ကား ဆက်စီးသွား ရမည်။ အမှောင်ရိပ်များ က ပတ်ဝန်းကျင်မှာ မင်းမူနေပါပြီ။ စက်မှုဒေသက စက်ရုံများဆီမှ မီးရောင်များ တောက်ပ နေ၏။
"သမီး က ဘယ်ပြန်ရမှာလဲ... "

"တညင်းကုန်းဘူတာဆင်းမှာ ကျွန်မ က ဟိုး... တညင်းကုန်း... လှိုင်သာယာတံတားကြီးနားမှာ နေတာ... "
"ဟင်... လမ်းလျှောက်ရဦးမှာပေါ့... "
"ဟုတ်တယ်... "
ကျွန်တော်ပြတင်းပေါက်ဆီမှ တံတားကြီးဆီလှမ်းကြည့်မိသည်။ တံတားကြီးက အမှောင်ထဲတွင် ရိုးတိုး ရိပ်တိတ်။ ဒီကလေးမလေးဆို ဘဝတစ်သက်တာမှာ လကမ္ဘာကို လမ်းလျှောက်သွားလျှင် နှစ်ခေါက် လောက် ရောက်နိုင်မည်ထင်သည်။

ဆက်ရန်
.

No comments: