(အနန္တသူရိယအမတ်ကြီးရဲ့ သူတည်း တစ်ယောက် ကောင်းဖို့ရောက်မူ ကဗျာ။ ဘယ်တော့မှ မရိုးဘူး။ သူက နရသီဟပတေ့ကိုလည်း မကြည့်၊ ပုဂံကိုလည်း မကြည့် ဘူး။ သူကြည့်လိုက်တာက လောကတင်မကဘူး၊ သံသရာတစ်ခုလုံးကို ကြည့်တာ။) ကို ဆက်ဖတ်ရန်
“ကျေးဇူးတင်ပါတယ် ဆရာ၊ ဆရာ ပေးလိုက်တဲ့ ဥပမာတွေနဲ့ နားထောင်လိုက်ရတော့ တော်တော်လေး ရှင်းသွားပါပြီ။ ဆရာ ၀တ္ထုရေးတဲ့နေရာမှာ ဇာတ်ကွက်ကို ကြိုတင်ချထားလေ့ ရှိပါသလား ဆိုတာ သိပါရစေ”
“ဆရာက ဇာတ်ကွက်ကို ဘယ်တော့မှ ကြိုတင်ချမထားဘူး။ အဲ… တစ်ခုတော့ ရှိတယ်။ ကျွန်တော်တို့ တစ်တွေ က ဇာတ်ကွက်တို့၊ ဇာတ်လမ်းတို့၊ ဇာတ်ကြောင်းတို့ ဆိုတဲ့ စကားတွေ ရဲ့ အနက်အဓိပ္ပာယ်တွေ မပေးမိတာေ တွရှိတယ်၊ ကျွန်တော် ဟိုတလောက ၀တ္ထုရှည်ဆိုသည် မှာ ဆိုတဲ့ စာတမ်းတစ်ခု ပြုစု ဖူးတယ်။ Story ဆိုတဲ့ စကားရှိတယ်။ Plot ဆိုတဲ့စကားရှိတယ်။ မတူဘူး။ တချို့က Story less Story တွေ ဘာတွေ ကြိုးစားကြတယ်။ ဇာတ်လမ်းမရှိသော ၀တ္ထုများပေါ့။
Plot ကတော့ ရှိရမယ်။ Plot မရှိလို့ မရဘူး။ ဒါပေမဲ့ အခု ဆရာပြောတဲ့ plot ဆိုတာက အခုလူတွေ ပြော နေတာမျိုး မဆိုလိုဘူး။ ဆရာရဲ့ “၀တ္ထှုရှည်ဆိုသည်မှာ” ဆိုတဲ့ စာတမ်းမှာတော့ အကျယ်ရေးထားတယ်။ Plot ဆိုတာ အခုလူတွေ ပြောနေကြတဲ့ ၀တ္ထု မှာ ဇာတ်လမ်းဆင်တာမျိုး၊ ဇာတ်ကွက်ဆင်တာမျိုး၊ ဒါလောက်နဲ့တော့ မရဘူး။
အဲဒီတော့ အခုနက အမေးကို ပြန်ဆက်ရရင် စာရေးတဲ့နေရာမှာ ဇာတ်ကွက်ကို အရင် ဘယ်တော့မှ မချ ရဘူး။ ဒါပေမဲ့ ဘာကိုတော့ အသေအချာ ကြိုးစားသလဲဆိုရင် ငါ ဘာ ရေး ချင်သလဲ ဆိုတာ အရင် ပီပြင်အောင် ကြိုးစားတယ်။ ဆရာကတော့ အဲဒါကို “ဆောင်းပါး”လေး ခေါ်တယ်။ ပရိသတ်ကို ဆောင်ဖို့ ငါ ဘာပါးလိုက်ချင်သလဲ။ အဲဒါ မရေရာဘဲနဲ့တော့ ဆရာ မရေးဘူး။ ဇာတ်လိုက်မင်းသားအကြောင်း မစဉ်းစား သေးဘူး။ Character အကြောင်း မစဉ်း စားသေးဘူး။ Background အကြောင်း မစဉ်းစား သေးဘူး။ ငါ ပရိသတ်ကို ဆောင်ဖို့ ဘာပါး လိုက်ချင်တာလဲ၊ မင်းရေးချင်နေပြီဆို၊ မင်းပရိသတ်ကို ဘာပြောချင်တာလဲ။ အဲဒါ စဉ်းစား တာကိုပဲ ဆရာ တစ်ခါတ်လေ တစ်လ ကြာတယ်။ တစ်ခါတလေ နှစ်လ ကြာတယ်။ ဘာ့ကြောင့်လဲဆိုတော့ တစ်ခါတလေ ပြောချင်တာတွေက များနေတယ်။ ဘာပြောချင်တာလဲ ပီပြင် အောင် စဉ်းစားရတယ်။
“ခင်ဗျားတို့ လုပ်ကြပြန်ပြီ၊ ကျွန်ပြန်ဖြစ်ချင်ကြလို့လား၊ ဒီလိုလုပ်နေကြရင်တော့ ကျွန်ပြန်ဖြစ် ကြတော့ မယ်ဗျို့” ဆိုတာ ပီပီသသ ထွက်လာချိန်မှာ “သူ့ကျွန်မခံပြီ” ရေးဖြစ် သွားတာပဲ။ ဆရာ ပြောချင်တာက အဲဒါပဲ။ ဆရာ့ရင်ထဲမှာ မနေနိုင်အောင် ပြောင်တာက “ခင်ဗျားတို့ ကျွန်ပြန်ဖြစ်အောင် လုပ်ကြပြန်ပြီ၊ တစ်ခါ ဒီိလိုလုပ်ခဲ့လို့ ကျွန်ဖြစ်ခဲ့ကြပြီ မဟုတု လား” ဒါ ပြောတာပဲ။ အဲဒီစကားလေး ပရိသတ်ကို ဆောင်ဖို့ပါးစရာ ရတာနဲ့ တစ်ပြိုင်နက် ဇာတ်က အလိုလိုထွက်လာတာပဲ။
အဲဒီသဘောကို ဆရာက ၀တ္ထု ရဲ့ ဇီဝိတိနြေ္ဒ မရှိဘဲနဲ့ဆိုရင် ခန္ဒာ ကိုယ်ကြီးက ဖရိုဖရဲ ဖြစ်သွာမယ်။ ဇီဝိတိနြေ ရှိလို့သာ ခန္ဒာကိုယ်ကြီးက သက်တမ်းတလျှောက် သွားနေတာ။ အဲဒီလိုပဲ ၀တ္ထုမှာလည်း အစကနေ ပြီးပါပြီင်္အထိ သက်တမ်းကို ထိန်းပေးမယ့် ဇီဝိတိနြေ္ဒ ရှိတယ်။ အဲဒါက ခုနက ဆရာပြောတဲ့ ဆောင်းပါးပဲ။ သူက အကုန် လုပ်သွားတာပဲ။ ဇာတ်ကောင်ရဲ့ သဘော၊ ဇာတ်ကွက်ရဲ့သဘော၊ ဇာတ်ကြောင်းသဘော အားလုံး သူ လုပ်သွားတာပဲ.။ Background လည်း သူပဲ ရွေးသွားတာပဲ။ သူသာ မပီပြင် လိုက်ရင် ကျန်တာတွေလည်း ဝေး၀ါးကုန်တာပဲ။
“အဲဒါဆိုရင် ဆရာ ခိုင် ၀တ္ထု စရေးတုန်းက မောင့်ကို လှိုင်နဲ့  လက်ထပ်ပေးလုနီး အခြေအနေအထိ ဖန်တီးမယ် ဆိုတဲ့ ရည်ရွယ်ချက်ကော မရှိခဲ့ဘူးလား”
"မရှိဘူးဗျ။ အဲဒီကျတော့ တစ်ခု ရှိတယ်။ ဇီဝိတိနြေ္ဒလေး ရလာလို့ ၀တ္ထုစရေးပြီဆိုရင် ရေးရင်းရေးရင်းနဲ့ ဇာတ်ကောင် တွေက Develop ဖြစ်လာတယ်။ မူလကတည်းက ဇာတ်ကောင်တွေကို မင်း ဘာပြော၊ ဘယ်လို လှုပ်ရှား၊ ဘယ်ဟာ ကြိုက်၊ ဘယ်ဟာချစ်၊ ဘယ်ဟာမုန်းလို့ သွားလုပ်လို့ မရဘူး။
ကမ္ဘာ့စာရေးဆရာမကြီး တစ်ဦးက ပြောဖူးတယ်။ စာရေးဆရာနဲ့ ဇာတ်ကောင်က ဘာနဲ့ တူသလဲဆို တော့တဲ့ မနက် မိုးမလင်းခင် မီးရထားစီးသွးရတာနဲ့ တူတယ်တဲ့။ နှင်းတွေကလည်း မှုန်၊ မီးလေး ကလည်း မှိန်၊ ကိုယ်ကလည်း အိပ်ငိုက် နေတယ်။ ကိုယ့်ဘေးနားမှာ လူတွေ ရှိမှန်းတော့ သိတယ်။ ပီပီပြင်ပြင် သဲသဲ ကွဲကွဲတော့ မမြင်သေးဘူး။ ရထားကြီးထွက်လို့ အတော်ကြာတော့မှ ကိုယ့်ဘေးက လူတွေကို သဲသဲကွဲကွဲ မှတ်မိလာတယ်။ ဒီအတိုင်းပဲ ၀တ္ထု စရေးတဲ့အချိန်မှာ မိမိ ဇာတ်ကောင်တွေဟာ မှုန်မှုန်ဝါးဝါးပဲတဲ့။ ရေးရင်း ရေးရင်း မှ ပီပြင်လာတယ်တဲ့။
ဒီစကားဟာ အင်မတန် မှန်တဲ့ စကားပါ။
ဆရာတို့လည်း ၀တ္ထုရေးတဲ့ နေရာမှာ ရေးရင်းရေးရင်းနဲ့ ပီပြင်လာတယ်။ ပီပြင်လာတဲ့အခါမှာ ဇာတ်ကောင် ကို ကိုယ် ခိုင်းချင်တိုင်း ခိုင်းလို့ မရတော့ဘူး။ ဇာတ်ကောင်ရဲ့ Character Development ပီသ လာပြီဆိုရင် စာရေးဆရာ က လွှတ်သာပေးလိုက်၊ သွားပြီး မချုပ်ချယ်နဲ့။ ချုပ်ချယ်လိုက်ရင် ဇာတ်လမ်း ဇာတ်ကွက် တွေ ကမောက်ကမ ဖြစ်တတ်တယ်။ ဇာတ်သိမ်းတွေ မချောမမွေ့ ဖြစ်တတ် တယ်။ ဇွတ်လုပ် တဲ့ ဇာတ်သိမ်းတွေ အားကြီး ဖြစ်တတ်တယ်။ ဒါကြောင့် ခိုင် ၀တ္ထု စရေး စဉ်တုန်းက ဘယ်လို အဆုံးသတ်မယ်ဆိုတာ ဆရာ့မှာ ရည်ရွယ်ချက် မရှိခဲ့ဘူး။ ခိုင် သေတယ်ဆိုတာတော့ ရဲရဲကြီး ပြော ခဲ့တယ်။
အဲဒါနဲ့ ပတ်သက်ပြီး ဆရာ့ညီလိုချစ်တဲ့ စာရေးဆရာ ရောင်နီက ဝေဖန်ခဲ့ဖူးတယ်။ "ခိုင်" ၀တ္ထု ထွက်လာ တော့ သူက ပြောတယ်။ ဟာ ... ဆရာ၊ ကောင်းလိုက်တာ ဆရာ ဘယ်လိုလုပ်များ ရေးတာလဲ။ မင်းသမီး သေမယ်လည်း ပြောသေးတယ်။ ဒီကြားထဲက ၀တ္ထုစာအုပ် ကို လက်က မချနိုင်လောက် အောင်လည်း ရေး သွားသေးတယ်။ ကျွန်တော် စောစောက ဆရာ့ကို ဝေဖန်တာ မှားသွားတယ်တဲ့။ ဒါကတော့ အင်မတန် ပွင့်လင်းသော ၀န်ခံချက်ပေါ့"
"ဆရာက ကြိုတင်ရည်ရွယ်ချက် မရှိဘူးဆိုပေမယ့် ကျွန်တော် သတိရတာကလေး တစ်ခု မေးပါရစေ။ သန်လျင်မှာ ဘီအိုစီ မီးလောင်တဲ့နှစ် သီတင်းကျွတ်မှာ မောင်က ဆယ့်တစ်နှစ်သား၊ ခိုင်က ကိုးနှစ်၊ လှိုင်က သုံးနှစ်သမီးပဲ ရှိသေးတယ်။ သီတင်းကျွတ်မှာ မိသားစုနှစ်စု အပြန်အလှန် ကန်တော့ကြတယ်။ မောင်က ခိုင့်ကို ကန်တော့ခိုင်းတော့ ခိုင်က သူငယ်ချင်းမို့ မကန်တော့နိုင်ဘူးလို့ ပြောတယ်။ ဒီအချိန် သုံးနှစ်သမီး ကလေး လှိုင်က မောင့်ကို သွားကန်တော့လို့ မောင်က သူ့သံပတ်ရုပ်ကလေး တစ်ခု ပေး လိုက်တယ်။ ခိုင် မကျေနပ်တာ တွေ့တော့ ဘိုမရုပ်ကလေးတစ်ခု ယူပြီး ခိုင့်ကို ပေးတယ်။ ခိုင်က မယူဘူး။ လှိုင့် ကိုပဲ ပေးလိုက်ပါ ပြောလို့ လှိုင် ထပ်ရသွားတယ်။ ခိုင် ရရမယ့် အရုပ်ကို လှိုင် ရသွားတာ ပေါ့။
ဇာတ်သိမ်းခါနီး မှာ လှိုင်နဲ့မောင် လက်ထပ်မလို ဖြစ်သွားကြတယ်။ ခိုင့် မောင် က လှိုင့်မောင် ဖြစ်တော့ မလို ဖြစ်သွားတယ်။ ရှေ့ကအခန်းနဲ့ ဒီအခန်း ချိတ်ထားတာ တွေ့ရတယ်။ ဒါကော ရည်ရွယ်ချက် မရှိ ဘဲ ရေးခဲ့ တာပဲလား"
"ဒီအချိတ်အဆက်တွေက သူ့ဘာသာသူ ပေါ်လာတာပဲ။ ခုနက ပြောသလို ဇာတ်ကောင်တွေကလည်း အသက် ၀င်လာပြီဆိုရင် ဇာတ်လမ်းက သူ့ဘာသာသူ သွားတော့တာပဲ။ အဲဒီအခါမှာ စာရေးဆရာက Idea လေးတွေ သူ့ဘာသာသူ ပေါ်လာတယ်။ ပေါ်လာတဲ့ အခွင့်အရေးကို လက်မလွှတ်ဘဲ ဆုပ်ထား တာ၊ ဒါ စာရေးဆရာ သတိကြီးတာပဲ။
တချို့ဝတ္ထုတွေမှာ တွေ့ဖူးလိမ့်မယ်။ ရှေ့ပိုင်းက အရေးကြီးတာလေးတွေ တို့ထားပြီး နောက်ပိုင်းမှာ ဒါကို အသုံးမချ မိတော့ဘူး။ လွတ်သွားမယ်။ အခုကိစ္စကတော့ တမင်လုပ်ထားတာ မဟုတ်ဘူး။ ပေါ်လာသော အခွင့်အရေး လေးပဲ။ ဇာတ်လမ်းက ဒီလိုလည်း ဆုံးနိုင်တယ်။ ဟိုလိုလည်း ဆုံးနိုင်တယ်။ ဒါကြောင့် သူ့ကို မလွှတ်ဘူး။ ဆုပ်ကိုင်ထားတယ်။ ဆီဆိုင်လာတော့ သူ့ကို ချသုံးလိုက်တာပဲ။ သတိခေါ်မှာပေါ့။
တစ်နည်းအားဖြင့် ပြောရရင် ၀တ္ထုရေးရတာ စစ်သူကြီးတွေ စစ်မြေပြင်မှာ စစ်တိုက်ရသလိုပါပဲ။ စစ်တိုက်တယ် ဆိုတာက ငါက ဘယ်လို ချီမယ်၊ ဘယ်လို တက်မယ်ဆိုတဲ့ Planning တော့ ရှိတာပဲ။ ဒါပေမဲ့ ဘယ်စစ်သူကြီးကိုပဲ မေးမေး၊ အိုင်ဆင်ဟောင်းဝါးကိုပဲ မေးမေး၊ မောင့်ဂိုမာရီကိုပဲ မေးမေး ခင်ဗျားတို့ နိုင်လိုက်တဲ့ တိုက်ပွဲကြီးတွေဟာ Plan လုပ်ထားတဲ့အတိုင်း ဟုတ်ပါသလား မေးရင် မဟုတ်ဘူး လို့ ဖြေမှာပဲ။ အတတ်နိုင်ဆုံးတော့ ပြင်ဆင်ထားတာပဲ။ ဒါပေမဲ့ တိုက်တဲ့အခါမှာတော့ ကြုံသလို တိုက် သွားရတာပဲ။ တော်တဲ့ စစ်သူကြီးနဲ့ မတော်တဲ့ စစ်သူကြီး "သတိ" မှာ ကွာတာပဲ။ သူ့ရည်ရွယ်ချက်ကို Plan တော့ လုပ်တာပဲ။ ဒါပေမဲ့ Flexible ထားတယ်။ အဲဒီသဘောမျိုးပါပဲ။ ၀တ္ထုတစ်ပုဒ် ရေးတဲ့နေရာမှာလည်း အခြေအနေ ပေးရင် ပေးသလို အကုန်သုံးသွားရတာပဲ"
"ကျေးဇူးတင်ပါတယ် ဆရာ၊ "ခိုင်" အမှာစာ ရေးတဲ့နေရာမှာ ဆရာက "မူသေပုံစံများ" နဲ့ လျှို့ဝှက် နက်နဲသော လူစင်စစ်ပုံစံများ" ဆိုပြီး ဇာတ်ကောင်စရိုက် နှစ်မျိုး ခွဲပြသွားတာ တွေ့ရပါတယ်။
အဲဒါကလေး ရှင်းပြပေးပါဦး ဆရာ"
"အင်္ဂလိပ်လိုကတော့ ရှင်းပါတယ်။ Types နဲ့ Character လို့ ခွဲခြားလို့ ရပါတယ်။ Types ကို မူသေပုံစံ လို့ ပြောရတာက သူက ဆိုးတော့မယ်ဆိုရင် တောက်လျှောက်ဆိုးရတော့တာကိုး။ ကောင်းတော့မယ် ဆိုရင်လည်း တောက်လျှောက် ကောင်းတော့တာပဲ။
ရှေးဝတ္ထု တွေနဲ့ ရုပ်ရှင်တွေထဲမှာ ဗီလိန်ဟေ့ဆိုရင် အေးငွေကြီး ပေါ်လာတယ်။ သူက လူကြမ်း လုပ် ရတယ်။ သဘာဝကျလည်း လုပ်၊ မကျလည်း လုပ်။ လုပ်ချင်လည်း လုပ်၊ မလုပ်ချင်လည်း လုပ်ရ တော့တာပဲ။ သူ့အလုပ်က လူကြမ်း အလုပ်ကိုး။ ဇာတ်လိုက်ဟေ့ဆိုရင် တော်ရမယ်၊ ကောင်းရ မယ်၊ ချောရမယ်၊ အကုန် မူသေချထားတယ်။ စောစောပိုင်းက ၀တ္ထုတွေမှာ ကမ္ဘာမှာလည်း ဒီအတိုင်းပဲ။ Novel ဆိုတာ မပေါ်ခင် မူသေစရိုက်တွေနဲ့ပဲ ရေးကြတယ်။
Character ဆိုတဲ့ စကားက ဒီလို မဟုတ်ဘူး။ ဥပမာ-ဇာတ်ကကြမယ်ဆိုရင် မင်းကတော့ လူဆိုး Character လုပ်။ Character ဆိုတာ အကျင့်ကို ပြောတာကိုး။ မင်းက လူဆိုးအကျင့်အတိုင်း လုပ်ရမယ်။ မင်းကတော့ သူတော်ကောင်းလုပ်၊ မင်းကတော့ နှိပ်စက်သူလုပ်၊ မင်းကတော့ အနှိပ်စက်ခံ ရသူ လုပ်။ သူတို့က Black and White ကို a Bad Guys နဲ့ Bad Guys ပဲ ရှိတယ်။ မင်းကတော့ Good Guy၊ မင်းကတော့ Bad Guy ပုံသေရိုက်ပေးလိုက်တာပဲ။ နောက်တော့ လူက အဆိုးချည်းလည်း မဟုတ်ဘူး။ အကောင်းချည်းလည်း မဟုတ်ဘူး။ ချီးမွမ်းစရာလည်း မဟုတ်ဘူး၊ ကဲ့ရဲ့စရာချည်းလည်း မဟုတ်ဘူး။ အဆိုး၊ အကောင်း၊ အပြစ်၊ အနာ၊ အယုတ်၊ အမြတ် ဆိုတာ ရောရောထွေးထွေး ရှိတယ်။ အဲဒါကို တတ်နိုင်သလောက် ပြောရတယ်။ Types ကို ရေးရတာ လွယ်တယ်။ လူဆိုးဆို လူဆိုးပဲ၊ လူကောင်းဆို လူကောင်းပဲ။ ဒါပေမဲ့ ခုတော့ ဇာတ်ကောင်လို့ ခေါ်နေကြတဲ့ (ဆရာဇော်ဂျီကတော့ ဇာတ်ဆောင်လို့ သုံးပါ၊ ဇာတ်ကောင်လို့ မသုံးပါနဲ့လို့ ပြောတယ်) လူနဲ့တူအောင် လုပ်လာကြတယ်။
လူနဲ့တူအောင် ဆိုတော့ လူဆိုတာ ပုံသေ မလုပ်ဘူး။ လူ့သဘာဝအတိုင်း လုပ်ရမယ်။ လူဆိုတာ လျှို့ဝှက်တယ်၊ နက်နက်တယ်။ နက်နဲတယ်လို့ ဘာကြောင့် ပြောရသလဲဆိုတော့ သာမန်အားဖြင့် ဆိုရင်တော့ လူတွေဟာ အကြောင်းနဲ့ အကျိုးနဲ့ လုပ်နေကြတယ် ဆိုကြတယ်။ ဒါပေမဲ့ အကြောင်းနဲ့ အကျိုးနဲ့ချည်းပဲ သူသွားရဲလားဆိုတော့ မဟုတ်ဘူးဗျ။ တစ်ခါတစ်လေ ရုတ်တရက် သူ လုပ်လိုက်တာ က စဉ်းစားလို့ မရဘူး။ အဲဒါမျိုးတွေက လူ့သဘာဝမှာ အများကြီး ရှိတယ်။ အဲဒီဟာတွေကို နားလည်ဖို့ ဆိုတာကလည်း တစ်စုံတစ်ခုက ဖုံးထားသလို၊ ကွယ်ထားသလိုပဲ။ ရုတ်တရက် နားမလည်နိုင်ဘူး။ ဒါကြောင့် လျှို့ဝှက်နက်နဲဆိုတဲ့ စကားလုံး သုံးရတာပဲ။
သာမန်အားဖြင့် ပြောကြမယ်ဆိုရင် ဇာတ်လိုက်မင်းသားနဲ့ မင်းသမီး ချစ်ကြ ကြိုက်ကြတာပဲ။ ပကတိ အတိုင်း ပြောရရင် မိန်းကလေးတစ်ယောက်သည် ဘယ်လို ယောက်ျားလေးကို ကြိုက်မလဲ။ Reason နဲ့ ပြောရရင် ချောရမယ်၊ ကျန်းမာရေး ကောင်းရမယ်၊ ပညာတတ်ရမယ် ကောင်းတာတွေချည်း အဖြေထွက်မှာပဲ။ ဒါပေမဲ့ အင်မတန်ချောတဲ့ မိန်းကလေးတွေ အင်မတန် အကျည်းတန်တဲ့ ယောက်ျားလေးတွေ ယူထားတာ အများကြီး ရှိတာပဲ။ သဘာဝမကျသလို ဖြစ်နေတယ်။ မိဘလုပ်တဲ့ သူက အင်မတန် ချမ်းသာတယ်၊ ကြွယ်ဝတယ်။ ဒီကြားထဲ ကိုယ်နဲ့ ဘယ်လိုမှ မယှဉ်သာအောင် ဆင်းရဲ တဲ့သူကို ယူသွားတာတွေလည်း အများကြီး ရှိတာပဲ။ ဒါဘာကြောင့်လဲလို့ သွားမေးရင်း မေးခွန်းတွေ အများကြီး ရှိသလို အဖြေတွေလည်း အများကြီး ထွက်လာလိမ့်မယ်။ ဒါကြောင့် အကြောင်းနဲ့ အကျိုး၊ အကြောင်းနဲ့အကျိုးလို့ ပြောနေကြပေမယ့် လူမှာ နေရာတိုင်း ဒါ မရှိဘူး။ လူသည် စဉ်းစားတွေးခေါ် တတ်တဲ့ သတ္တ၀ါဖြစ်တဲ့အတွက် ယေဘုယျအားဖြင့်တော့ အကြောင်းအကျိုး ဆက်သွယ်တဲ့ သဘော တော့ ရှိတယ်။ ဒါပေမဲ့ လူ့အလုပ်မှန်သမျှဟာ အကြောင်းအကျိုး ဆက်သွယ်တဲ့ Rational Behaviour လို့ ပြောလို့ မရဘူး။ အကြောင်းတရားတွေ အများကြီး ၀င်လာတယ်။ ဒါကြောင့် ရုတ်တရက် နားလည်ဖို့ ခက်တယ်။
"ခိုင်" ၀တ္ထုမှာ ကြည့်ရင် မောင်က လှိုင့်ကို ယူလိုက်မှာပေါ့။ ဘာမှ ခိုင့် သံယောဇဉ်ကို ထည့်စဉ်းစားနေ မှာ မဟုတ်ဘူး။ ခိုင်က ကြောင်တောင်တောင် တစ်မျိုးပဲ။ လှိုင်ကတော့ Perfect ဖြစ်တယ်။ ရုပ်ရည် အားဖြင့် လည်း လှတယ်။ ပညာအားဖြင့်လည်း ပြောစရာ မရှိဘူး။ ဆက်ဆံရေးကလည်း ကောင်းတယ်။ ဒါဖြင့် မောင်က လှိုင့် ကို ယူလိုက်ပါလား။ မယူဘူးဗျ။
ခိုင်ကလည်း ရဲရဲတင်းတင်း မောင့်ကို ပြောလိုက်ပါလား။ မပြောပြန်ဘူး။ သူ့ကို ချစ်တဲ့ ငြိမ်းမောင်နဲ့ ကျပြန်တော့လည်း တစ်မျိုး ဖြစ်နေပြန်ရော။ အဲဒါမျိုးက လူ့လောကမှာ အများကြီး ရှိတယ်။ ဒါကြောင့် လည်း စိတ်ပညာရှင် တွေ ရှိနေရတယ်။ အဲဒါကြောင့်လည်း ဆရာဝန်တွေ ရှိနေရတယ်။ အဲဒါကြောင့် လည်း တရားရုံး တွေ ရှိနေရတယ်။ အဲဒါကြောင့်လည်း စာပေဆိုတာ ရှိနေရတယ်။ ပေါက်ပင် ဘာကြောင့် ကိုင်းရတယ်၊ ဗျိုင်းနားလို့ ကိုင်းရတယ် ဆိုတာလိုသာ ရှင်းလို့ရစတမ်းဆိုရင် စာပေဆိုတာ လည်း ရှိမှာ မဟုတ် တော့ဘူး။ အနုပညာဆိုတာလည်း ရှိမှာ မဟုတ်တော့ဘူး။ တရားသူကြီးလည်း မရှိတော့ဘူး။ ရှေ့နေ လည်း ရှိမှာ မဟုတ်တော့ဘူး"
"ငြိမ်းမောင်အပေါ်ထားတဲ့ ခိုင့်သဘောထား ဆရာ အစဖော်လိုက်တာနဲ့ ဆက်ဆွေးနွေးချင်တာလေး ပေါ်လာတယ် ဆရာ။ ခိုင်က ငြိမ်းမောင် ရဲ့ အချစ်ကို လက်ခံတာပဲ ရှိတယ်။ ပြန်ပြီးတော့ မတုံ့ပြန်နိုင်ဘူး လို့ မောင့်ကို ရှင်းပြတယ်။ ဒါက ၀တ္ထုထဲမှာကိုး။ အပြင်မှာ မိန်းကလေးတစ်ယောက်က ယောက်ျားလေး တစ်ယောက် ရဲ့ အချစ်ကို လက်ခံပါပြီလို့ ပြောလိုက်ရင် ဒီမိန်းကလေးက ကိုယ့် ချစ်ပြီလို့ပဲ ယူဆလိုက် ကြတယ်။ ဆရာ ခွဲခြားပြထားတဲ့အတိုင်းဆိုရင် လက်ခံပါပြီ ဆိုတာနဲ့ ချစ်ပါတယ်ဆိုတာ မတူနိုင်ဘူးပေါ့"
"အဲဒါကြောင့်ပဲ လူငယ်တော်တော်များများ ဒုက္ခရောက်နေကြတာပေါ့။ ယောက်ျားတစ်ယောက်က မိန်းကလေး တစ်ယောက် ကို ချစ်ပါတယ်လို့ ပြောလိုက်တဲ့အခါမှာ ကိစ္စတော်တော်များများမှာတော့ သဲကွဲပါတယ်။ မိန်းကလေးက ချစ်ကို မချစ်နိုင်ဘူး။ ချစ်ကို မချစ်နိုင်ဘူးလို့ ပြောလိုက်တယ်။ ဒါမျိုးက ရှင်းတယ်။ သူစိမ်းတစ်ယောက်က လာပြောတယ်။ ရုပ်ကလည်း ကိုယ်မကြိုက်တဲ့ရုပ်၊ ပညာအရည် အချင်းကလည်း ကိုယ် မကြိုက်ဘူး။ ဒါမျိုးကျတော့ အင်မတန် လွယ်တယ်။ မကြိုက်ပါဘူးရှင်လို့ ပြောလိုက်ရုံပဲ။ သို့သော် အခု ခိုင်တို့၊ ငြိမ်းမောင်တို့ အဖြစ်တွေက တော်တော်ခက်တယ်။ လူငယ်ချင်း ကလည်း သူငယ်ချင်းတွေ ရင်းနှီးကြတယ်။ မိဘတွေကလည်း ခင်ကြတယ်။ သံယောဇဉ်လည်း ရှိတယ်။ ငြိမ်းမောင် က ခိုင့်ကို ချစ်ပါတယ်။ ပြောလာတဲ့အချိန်မှာ ခိုင်က လက်တော့ ခံတယ်။ တစ်ခါတစ်လေ ဖြစ်တတ်တာက သူ ပေးတိုင်း ကိုယ် မယူနိုင်တာတွေ ရှိတယ်။ အခုဟာက သူ ပေးတာ ကိုတော့ ကိုယ်က လက်ခံ တယ်။ ကိုယ်က ပြန်ပေးရေး၊ မပေးရေး က တစ်ကဏ္ဍပဲ။
ချစ်တယ်လို့ ပြောလာတဲ့အချိန်မှာ အချစ်ကို လက်တော့ခံတယ်။ ပြန်ချစ်နိုင်၊ မချစ်နိုင် ဆိုတာက တခြား ပြဿနာ တွေ ရှိသေးတယ်။ ဒါကြောင့် တချို့ ဇွဲကောင်းတဲ့သူတွေ ရသွားကြတာ ရှိတာပေါ့။ ဒါကောင်ကွာ၊ မရဘူးထင်တာ ရသွားတယ် ဆိုတာမျိုး ပြောတာ ကြားဖူးမှာပေါ့။ ဒီလိုလူမျိုးတွေက Born Psychologist ခေါ်တယ်။ မိန်းကလေးက ရှင့်အချစ်ကို ကျွန်မ လက်ခံပါပြီလို့ ပြောလိုက်တာနဲ့ နားမလည် တဲ့ ယောက်ျားလေးက တောင်လုပ်၊ မြောက်လုပ် လုပ်တာနဲ့ ကွဲပြဲကုန်ကြတာတွေ အများကြီး ရှိတယ်။ မင်းပဲ အစက ငါ့အချစ်ကို လက်ခံပါတယ် ပြောပြီး ခုတော့ မျက်နှာများတယ်၊ ဘာညာနဲ့ စကားတွေ များကုန်ကြတယ်။
အမှန်က လက်ခံတယ်။ To some extent အတိုင်းအတာ တစ်ခုထိ လက်ခံတာပဲ ရှိတယ်။ ဟိုကောင်က အဟုတ်ကြီးမှတ်ပြီး သွားလုပ်တာကိုး။ ဒါကို ပါးတဲ့ကောင်ကျတော့ နားလည်တယ်။ လက်ခံပါတယ် ဆိုတဲ့ စကားလုံး ကို Stepping Stone အဖြစ် ထားပြီး သံယောဇဉ်ကြီးသထက်ကြီးအောင် ဆက်ကာဆက်ကာ ကြိုးစား တယ်။ ဒီလို လူမျိုးတွေက ဖိုးစွံတွေ ဖြစ်သွားတာပဲ။
အထူးသဖြင့် မိန်းကလေးတွေက ဒါမျိုးတွေ ရှိတယ်။ သူတို့က အိမ်ထောင်ဖက်ကို ရွေးရတာကိုး။ မြန်မာ ပီသသော မိန်းကလေးတွေကို ပြောတာနော်။ သူတို့က အချစ်ကို လက်ခံပြီးတဲ့နောက် အိမ်ထောင်ဖက် အဖြစ် ယူသင့်သလား၊ မယူသင့်ဘူးလား ဆိုတာကို တော်တော်စဉ်းစားရတယ်။ အထူးသဖြင့် ခိုင့် အခြေအနေမျိုးမှာ နှစ်ယောက် ဖြစ်နေတယ်။ ဒါမျိုးက သုံးယောက်လည်း ဖြစ်နိုင်တယ်၊ လေးယောက် လည်း ဖြစ်နိုင်တယ်နော်။ ခုခေတ် မိန်းကလေးတွေက ဒီပြဿနာမျိုး ပိုရှိတယ်။
ရှေးခေတ် မိန်းကလေး တွေက အိမ်ထဲမှာနေပြီးတွေ့တဲ့ ယောက်ျားတစ်ယောက်တည်းကိုပဲ Yes or No အဖြေပေးဖို့ ရှိတယ်။ အခုလို ယောက်ျားအများနဲ့ ဆက်ဆံနေရတဲ့ အလုပ်ခွင်က မိန်းကလေးတွေ၊ တက္ကသိုလ်ကျောင်းသူ တွေ အနေနဲ့ကျတော့ နှစ်သက်နိုင်တဲ့သူ (နှစ်သက်တဲ့သူ မဟုတ်ဘူးနော်) တစ်ယောက် မကဘူး၊ အများကြီး တွေ့နိုင်တယ်။ အဲဒီအခါမျိုးမှာ သူ့အနေနဲ့ အချစ်ကို လက်ခံတယ်။ ပြန်ချစ်တယ်၊ မချစ်ဘူး ဆိုတာက တစ်ကဏ္ဍ ဖြစ်သွားပြီ။ သူ ရွေးဦးမှာပဲ။ Society က Complex ဖြစ် လာတော့ ဒီသဘောမျိုး တွေ ၀င်လာတာပဲ။ အစကတည်းကလည်း ဒီသဘောကတော့ ရှိပါတယ်။ ဒါပေမဲ့ သိပ်မပေါ်လွင်ဘူး။ ခုတော့ မြို့ကြီးပြကြီး အလုပ်ခွင်ကြီးတွေ ကျယ်ပြန့်လာတော့ ဒီသဘော ပေါ် လာတာပဲ။
အမေရိကန်တို့၊ အင်္ဂလန်တို့မှာတော့ ဒီသဘောထားပေါ်တာ ကြာပါပြီ။ လက်တော့ လက်ခံနိုင်တယ်။ ချစ်တော့ ချစ်တာ မဟုတ်သေးဘူး။ သူတို့က စကားလုံးလည်း ခွဲထားတယ်။ အမေရိကန်မှာ မိန်းကလေး တစ်ယောက်ကို သွားပြီး I love you လို့ ပြောလိုက်ရင် မိန်းကလေးက ဆတ်ဆတ်တုန် အောင် လန့် သွားတယ်။ I love you ဆိုတာက လက်ထပ်ပါရစေဆိုတဲ့ အဆင့်ကို ရောက်သွားတယ်။ Love လို့ မသုံးဘူး။ I like you လို့ပဲ သုံးတယ်။ မိန်းကလေးလည်း I like you ဆိုရင် အဲဒီ like ဆိုတဲ့ အဆင့်နဲ့ပဲ နေကြတယ်။ ဒီအဆင့်ကနေ ကွဲချင်လည်း ကွဲသွားကြတယ်။ တချို့ကျတော့လည်း I like you ကနေ I love you အဆင့် ရောက်သွားကြတာပေါ့"
"ဆရာ ခွဲခြားပြတော့မှပဲ ရှင်းတော့တယ်။ အင်တာဗျူး ဖတ်နေတဲ့ အမျိုးသား၊ အမျိုးသမီးကလေးများ စကားလုံး အရွေးမမှားကြဖို့ သတိထားစရာ ဖြစ်သွားတာပေါ့ ဆရာ။ ဆရာက အချစ်ဝတ္ထု တော်တော် များများ ရေးခဲ့တာဆိုတော့ အချစ်နဲ့ ပတ်သက်တာလေး မေးချင်ပါသေးတယ်။ တချို့က အချစ်စစ် ဆိုတာ ပိုင်ဆိုင်ရယူခြင်းလို့ လက်ခံပြီး တချို့ကျတော့လည်း စွန့်လွှတ်အနစ်နာခံခြင်းလို့ ယူဆကြတယ်။ ဆရာကော အချစ်ကို ဘယ်လိုများ အဓိပ္ပာယ် ဖွင့်ဆိုချင်ပါသလဲ။
"ဒါက အချစ်ဆိုတာ စွန့်လွှတ်ခြင်းပဲ၊ အချစ်ဆိုတာ ရယူပိုင်ဆိုင်ခြင်းပဲလို့ ပြောကြတာ နှစ်ခုလုံးပဲ မှန်ပါ တယ်။ ဆရာကတော့ ဒီအသုံးကို တရားသေ မသုံးပါဘူး။ ဇာတ်ကောင်ရဲ့ Character ပေါ် မှီပြီး သုံးတယ်။ ၀တ္ထုပေါ်မှီပြီး သုံးတယ်။ တစ်သက်လုံး ဘ၀ဆောင်ပုဒ်အဖြစ်နဲ့ သုံးဖို့ ရည်ရွယ်ပြီးတော့ မရေးပါဘူး။ နှစ်ခုစလုံးက မှန်နေတယ်။ အချစ်ဆိုတာ ပိုင်ဆိုင်လိုခြင်းပဲ ဆိုတာ ဆရာတို့ခေတ်ကျမှ ပြောတာ မဟုတ်ပါဘူး။ "ပလေတို" ကိုယ်တိုင်က ပြောခဲ့တာပဲ။
ဗုဒ္ဓ တရားမှာလည်း တဏှာဆိုတာ ရှိတယ်။ တဏှာဆိုတာ "ချင်"တာပဲတဲ့။ လိုချင်တယ်၊ စားချင်တယ်၊ သောက်ချင်တယ်။ အဲဒါတွေ အကုန်လုံး ပိုင်ချင်တာကို ပြောတာပဲ။ နတ်ဖြစ်ချင်တယ်၊ သိကြား ဖြစ်ချင် တယ်၊ ရှင်ဘုရင် ဖြစ်ချင်တယ်။ "ချင်" တာမှန်သမျှ ပိုင်ချင်တာတွေချည်းပဲ။ "ချစ်တယ်" ဆိုတာလည်း ပိုင်ချင်တဲ့သဘော ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ချစ်တယ်ဆိုတာကို တဏှာမပါဘူးလို့ ပြောရင် မိုင်ရာကျသွားမယ်။ ချစ်တာမှန်သမျှကို ဗုဒ္ဓတရားနဲ့ ကြည့်ရင် တဏှာပဲ။ တဏှာမှန်သမျှက သုံးဆောင် နိုင်တာတွေချည်းပဲ။ သုံးဆောင်ချင်တယ်ဆိုတာ ဘယ်တော့မှ သုံးဆောင်နိုင်မှာလဲ။ ပိုင်မှ သုံးဆောင် နိုင်မှာပေါ့။ ဒါကြောင့် "ပလေတို" ပြောတာ မှန်တယ်။
သို့သော် ခက်တာက ခုနက ဆရာ ပြောခဲ့သလိုပဲ လူ့စိတ်က လျှို့ဝှက်နက်နဲတယ်။ အချစ်ဆိုတာက တစှာသက်သက်လား ဆိုတော့ မဟုတ်ဘူး။ ရောထွေးနေတယ်။ တဏှာသဘောသက်သက်ဆိုရင်ဖြင့် ကာမဂုဏ် ကိလေသာချည်း ဖြစ်သွားမယ်။ လူ့ဘောင်မှာ အချစ်ဆိုတာက ကာမဂုဏ်သက်သက်တော့ မဟုတ်ပါဘူး။ ကာမဂုဏ်သက်သက်ကြောင့်သာ ဆိုရင်လည်း ဘယ်မှာ အိမ်ထောင်တွေ မြဲတော့မလဲ။ အဘိုးကြီး၊ အဘွားကြီး ဖြစ်လာချိန်မှာ ဘယ်လိုလုပ်ပြီး ဘ၀မှာ သာယာမှု ရှိတော့မလဲ။ အချစ်ဆိုတဲ့ စကားက ယေဘုယျအားဖြင့်တော့ ပိုင်ဆိုင်ချင်တဲ့ တဏှာသဘော ပါလင့်ကစား မေတ္တာသဘောလေး ကလည်း လာရောတယ်။

အဲဒီတော့ သူပိုင်ချင်တာ မဟုတ်ဘူး။ မေတ္တာဆိုတာက စွန့်လွှတ်ဖို့လည်း ၀န်မလေးဘူး။ ခွင့်လွှတ်ဖို့လည်း ၀န်မလေးဘူး။ ဒါကြောင့် ခုနကမေးတဲ့ အချစ်ဆိုတာ ပိုင်ဆိုင်လိုခြင်း လား၊ စွန့်လွှတ်ခြင်းလား ဆိုတာ နှစ်ခုစလုံး မှန်နေတယ်။ ဘယ်ဘက် ကဲသလဲ ဆိုတာကတော့ ပုဂ္ဂိုလ် စိတ်ပေါ် မူတည်တယ်။ တချို့က တဏှာဘက် ကဲတဲ့အချစ် ရှိတယ်။ တချို့က မေတ္တာဘက် ကတဲ့စိတ် ရှိတယ်။ ဒါကြောင့် အချစ်ဆိုတာ ရယူပိုင်ဆိုင်လိုခြင်းလည်း မှန်တယ်။ စွန့်လွှတ်အနစ်နာခံခြင်းလည်း မှန်တယ်။
Relatively ပြောရရင် ဘယ်လိုအချစ်မျိုးက မြင့်မြတ်သလဲ ဆိုတော့ စွန့်လွှတ်သော အချစ်၊ ခွင့်လွှတ် သောအချစ်က ပိုပြီး မြင့်မြတ်တယ်။ သူက မေတ္တာစိတ် ကဲတယ်။ အဲဒီအချစ်မျိုးကို ရအောင် ရှာနိုင်တဲ့ သူက ကံကောင်းတာပဲ။ ရ၊ မရတော့ အာမခံချက် မရှိဘူး"
"ဆရာခွဲခြားပြလိုက်တော့ ကျွန်တော်က "ပိတောက်ပွင့်ဆဲ လသာဆဲ" ကို သွားသတိရတယ်။ အဲဒီဝတ္ထု ဆရာ ရေးခဲ့တာ သာမန်အချစ်ဝတ္ထုတစ်ပုဒ်ထက် ရည်ရွယ်ချက်တစ်ခုခုနဲ့ ရေးခဲ့ပုံရတယ်"
"ဟုတ်ပါတယ်"
"အဲဒီဝတ္ထု ထွက်လာပြီးတဲ့နောက် ပရိသတ်ဘက်က တုံ့ပြန်ချက် ဆရာ ဘယ်လိုများ ရခဲ့ဖူးပါသလဲ။
"ပိတောက်ပွင့်ဆဲ လသာဆဲကို ဘာကြောင့် ရေးရတာလဲ ဆိုတာ ပြောပြချင်တယ်။ ဆရာက အဲဒီအချိန် က ၀ိပဿနာ ကို တော်တော်လုပ်လာတဲ့ အချိန် ဖြစ်လာတယ်။ ဒီတော့ ၀ိပဿနာအရသာကို သွားတွေ့တယ်။ ပြီးတော့ လူ့လောက ငြိမ်းချမ်းရေးအတွက် ဒီတရားကြီး ရှိနေပါကလားဆိုတာ သွားတွေ့တယ်။ ဒီတော့ ငါ သိသမျှလေးတော့ ပြောပြချင်လိုက်တာ၊ ၀တ္ထုပုံစံလေးနဲ့ ပြောပြရင်တော့ ကောင်းမှာပဲလို့ စဉ်းစားမိတယ်။ ရှင်းရှင်းပြောရရင်တော့ ၀ိပဿနာအကြောင်း ရေးတာပဲ။ ၀ိပဿနာ ဆိုရင် လူတွေက တော်တော်ဝေးကြတယ်။ ၀ိပဿနာစခန်းကို ရောက်ဖို့ရာ လူကြီးတွေတောင် တော်တော် ဝေးကြတယ်။ ၀ိပဿနာစခန်းကို ရောက်ဖို့ရာ လူကြီးတွေတောင် တော်တော်ဝေးတယ်။ လူငယ်ဆိုတော့ ပြောမနေ နဲ့တော့။ အဲဒီဝိပဿနာဆိုတာ လူကြီးအတွက်ချည်းလည်း မဟုတ်ဘူး။ လူငယ်အတွက် ချည်း လည်း မဟုတ်ဘူး။ လူသားတိုင်း လုပ်လို့ ရပါတယ်။ အဲဒီ သဘောပေါက်အောင် ရေးရင်ကောင်းမှာပဲဆိုတဲ့ စေတနာလေး ပါလာတယ်။ အဲဒီစေတနာနဲ့ပဲ ပိတောက်ပွင့်ဆဲ လသာဆဲကို စလိုက်တယ်။
စလိုက်တော့ သူက ထင်တာထက် အောင်မြင်သွားတယ်။ လူငယ်တွေ တော်တော်များများက ဒီဝတ္ထုကို ဖတ်ပြီး ၀ိပဿနာကို စိတ်ဝင်စားလာကြတယ်။ ဆရာ့ဆီကို လှမ်းမေးတဲ့ သူတွေ ရှိတယ်။ လှမ်းဆွေးနွေး တဲ့ သူတွေ ရှိတယ်။ ဒါတွေကတော့ ဆရာ အလွယ်တကူ သက်သေသက္ကာယ ပြလို့ မရဘူး၊ တိတိကျကျ ပြနိုင်တာ နှစ်ခု ရှိတယ်။
မော်လမြိုင် မဟာစည်ရိပ်သာမှာ တရားပြတဲ့ ဦးပဉ္စင်းတစ်ပါး ရှိတယ်။ အဲဒီမှာ အဆင့်ဆင့်ရှိတဲ့အထဲက သူကတော့ အကြီးစားထဲကတော့ မဟုတ်ဘူး။ သူက အလတ်စားထဲက၊ စာတတ်ပေတတ် ပုဂ္ဂိုလ်ပဲ။ ဦးဓမ္မ တဲ့။ ဦးဓမ္မ ပြောပြချက်အရ Case နှစ်ခု တွေ့ရတယ်တဲ့။ တစ်ခုကတော့ ဆေးတက္ကသိုလ်က ကျောင်းသားလေး တစ်ယောက် ကျောင်းတက်နေရင်းက Mental Depression ၀င်လာတယ်။ ဘယ်လောက်ထိ ဆိုးလာသလဲဆိုတော့ သူ့ကိုယ်သူ သတ်သေဖို့ ကြိုးစားတဲ့အထိ ဆိုးလာတယ်။ အမျိုးစုံ ဆေးကု ကြတယ်၊ မရဘူး။ မမျှော်လင့်ဘဲ ဒီဝတ္ထု သွားဖတ်မိတော့ ငါ ဒါ ကြိုးစားဦးမယ်ဆိုပြီး မဟာစည်ရိပ်သာ ကို ရောက်လာတယ်။ ၀ိပဿနာ ကြိုးစားအားထုတ်တဲ့အတွက် အဲဒီရောဂါ ပျောက် သွားတယ်။
နောက်တစ်ခုကတော့ မဟာစည်ဆရာတော်ဘုရားများ ရုတ်တရက် နားမလည်တဲ့ ကိစ္စတစ်ခု ဖြစ်သွား တယ်။ မဟာစည် မှာက မေတ္တာကမ္မဌာန်း စီးဖြန်းရတာကိုး။ အမျိုးသမီးတစ်ဦးက မေတ္တာကမ္မဋ္ဌာန်း စီးဖြန်းဖို့ ပြောတယ်။ မေတ္တာကမ္မဋ္ဌာန်း စီးဖြန်းတယ် ဆိုတာက ပထမဆုံး ကိုယ် မေတ္တာအားကြီးလာတဲ့ အချိန်ကျတော့မှ ပုဂ္ဂိုလ်တွေပွားပြီး မေတ္တာပို့ရတာကိုး။ ဒါက Method ပဲ။ အဲဒီတော့ ကိုင်း ... ဒါယိကာမကြီး မေတ္တာအရှိဆုံး ပုဂ္ဂိုလ်တစ်ယောက်ကို ပြောပါ။ အဲဒီပုဂ္ဂိုလ်ကို စူးစိုက်ပြီး မေတ္တာပို့ပါ။ ပြီးတော့မှ ပွားပါလို့ ပြောတယ်ဆိုတော့ ကျွန်မ မေတ္တာအရှိဆုံး လူတော့ ရှိပါတယ်။ ဒါပေမဲ့ ဒီလူကို ကျွန်မ မမြင်ဖူးပါဘူးတဲ့။
ရုတ်တရက်ဆိုတော့ ဆရာတော်များက မမြင်ဖူးတဲ့လူကို ဘယ်လိုလုပ်ပြီး မေတ္တာအရှိဆုံးလူ ဖြစ်ရတာ လဲ လို့ မေးတယ်။ ဒီတော့မှ သူက ပြောပြတယ်။ ကျွန်မ စိတ်ဒုက္ခအကြီးအကျယ် ရောက်ပြီးသွားပါပြီ၊ ဘ၀ကြီး တော့ သွားပါပြီဆိုပြီး ညှိုးငယ်နေတဲ့ အချိန်မှာ ဆေးရုံတက်ရတယ်။ ဒီတော့ သူနာပြု ဆရာမလေး က သူ့ရောဂါ ကို သိတော့ "ပိတောက်ပွင့်ဆဲလသာဆဲ" ၀တ္ထုကို ဖတ်ကြည့်စမ်းပါဆိုပြီး ငှားလိုက်တယ်။ ၀တ္ထုဆုံး တဲ့ အချိန်မှာ သူ့စိတ်တွေ ငြိမ်းချမ်းသွားတယ်။ ၀တ္ထုထဲမှာ မောင်လေးလှိုင် က မမဝေကို ဆေးရုံပေါ် မှာ ထားခဲ့ရပြီး ရွှေတိဂုံကုန်းတော်ပေါ် ရောက်လာတဲ့အချိန် ခံစားရသလို သူ့စိတ်တွေ ငြိမ်းချမ်း သွားတယ်။
ဒီတော့မှ လောကမှာ ဒီတရားတွေ၊ ဒီနည်းတွေ ရှိသားပဲ။ ဘာကြောင့် ငါ့ဘ၀ကို အရှုံးခံရမှာလဲ ဆိုပြီးတော့ ဆရာဘုန်းနိုင်ရေးတဲ့ မဟာသတိပဋ္ဌာန် ဘယ်မှာ ရှိသလဲဆိုတာ ရှာတယ်။ သူက ရန်ကုန်မှာ နေတဲ့သူ ဆိုတော့ ထင်ရှားတဲ့ မဟာစည်ကို ရောက်လာတယ်။ ဒီတော့မှ သူ့ဘ၀ ငြိမ်းချမ်း သွားတယ်။ ဒီလို ငြိမ်းချမ်းသွားတဲ့ အတွက် သူ့ဘ၀မှာ အဖြူစင်ဆုံး၊ အသန့်ဆုံး မေတ္တာအရှိဆုံးသူဟာ ဆရာဘုန်းနိုင် ပဲလို့ မှတ်ယူထားတယ်။ အဲဒီတုန်းက ဆရာ့ကို သူ မမြင်ဖူးဘူး။ ဒါနဲ့ ဆရာတော်ဘုရား များက အဲဒီတုန်းက ဆရာ့ပုံပါပဲ ၀တ္ထုစာအုပ်တစ်အုပ် ရှာပေးလိုက်ရတယ်တဲ့။

ဆရာ ၀မ်းသာတာက ၀ိပဿနာ လို သိမ်မွေ့နက်နဲတဲ့ ဘာသာရပ်ကို ၀တ္ထုတစ်ပုဒ်အဖြစ်နဲ့ အောင်အောင် မြင်မြင် ရေးနိုင်တဲ့အတွက် ဆရာ ၀မ်းသာတယ်။ ဆရာတော်ဘုရားများရဲ့ အချီးအမွမ်း ကိုလည်း ခံရပါတယ်။ ဆရာနာမည်တော့ မတပ်လိုတော့ပါဘူး။ တချို့ကျောင်းကြီးတွေ ဓမ္မရိပ်သာတွေ မှာ ၀တ္ထု ဖတ်ခွင့် မပေးပါဘူး။ ဆရာ့ဝတ္ထုကိုတော့ ဖတ်ခွင့်ပေးပါတယ်။ အထူးသဖြင့် ဒီဝတ္ထုကို ဖတ်ခွင့် ပေးထား ပါတယ်။
ဆက်ရန်
.
No comments:
Post a Comment