(အားလုံးပြီးတော့ ဂျူးဒစ် လက်ကိုင်မှန်ကလေးကို ကောက်ယူပြီး ဆံပင်ကို ပတ်ပတ်လည်ကြည့် သည်။
" အေး ကောင်းတယ်၊ ၁၁ လက်မလောက်ရှိမယ်၊ အဲဒီလောက်မြင့်မှ၊ ငါကြားဖူးတာတစ်ခုရှိတယ်၊ ပါရီမှာ ဆံပင်အမြင့်တွေ ဘယ်လောက်ခေတ်စားသလဲဆိုရင် အမျိုးသမီးတွေ ရထားလုံးထဲဝင်ရင် ဒူးထောက်ဝင်ရသတဲ့ " ဘီးတွေကို သိမ်းဆည်းရင်း အိန်ဂျဲလစ် ရယ်သည်။) ကို ဆက်ဖတ်ရန်........
" ကိုလိုနီတွေမှာတော့ ၁၁ လက်မဆို တော်လောက်ပါပြီ မမလေးရယ် "
ဂျူးဒစ် ရင်ထဲတွင် ဒိုလားရက်စ်နှင့် ပတ်သက်၍ ယခုထိ မရှင်းသေး။ သစ်ဖြူတောရောက်တော့ ဒိုလား ရစ်စ် ပြေးထွက်လာပြီး ကြိုဆိုပုံက နောက်ခံအိမ်ကြီးနှင့်မလိုက်ဘဲ ဣနြေ္ဒမဲ့သည်ဟု ဂျူးဒစ် ထင်လိုက်၏။ ပုံပျက် ပန်းပျက် တအားပြေးချလာခြင်းဖြစ်သည်။
စွဲမက်စရာ ကောင်းသည်ကတော့ အမှန်၊ အဖေ၊ အမေ စည်းကမ်းအောက်တွင် စနစ်တကျ ကြီးပြင်း လာရသည့် လူရိုးလူအေး ကာလက် လို လူတစ်ယောက်ကို ကောင်းကောင်း ထိန်းထားနိုင် သည့် အလှမျိုး၊ ဂျူးဒစ် စိတ်ဖြေလိုက်သည်။ သူ့စကား ရှေ့နောက်မညီတာကလေးတွေက သိပ်ထိ ခိုက်နိုင်တဲ့ကိစ္စ မဟုတ်ပါဘူးလေ။ သူ့ယောက်ျားရဲ့ အသိုက်အ၀န်းကို သိက္ခာတင်ချင်တဲ့ သဘောနဲ့ ပြောတာမျိုး ထင်ပါရဲ့။ အပြစ် မယူထိုက်ပါဘူး။
ညစာဝိုင်းတွင် ဂျာဗာစီကို ဂျူးဒစ် အကဲခတ်နေသည်။ အမူအရာမှာ အေးစက်စက်နှင့်။ စကားဝိုင်းကို စိတ်မပါ သလို လုပ်နေ၏။ ဒိုလားရက်စ်ကို ငါထင်သလိုများ သူထင်နေသလားဟု ဂျူးဒစ် တွေးနေသည်။
အပြန်တွင် ဝေါ်လ်တာနှင့် ဖီးလစ်တို့နှစ်ယောက် စကားမပြတ်ကြသဖြင့် ရထားတစ်စီး တည်း ပေါင်းစီးကြသည်။ ဂျူးဒစ်ပါ ဂျာဗာစီနှင့် ယှဉ်ပြီး ထိုင်လိုက်ခဲ့၏။ လမ်းဆုံရောက်မှ နောက်က လိုက်လာသည့် ၀က်သစ်ချမြိုင်ရထားကို ပြောင်းစီးကြမည်ဖြစ်သည်။ ရထားထွက်လျှင်ထွက်ချင်း ဂျူးဟစ်က နိဒါန်းမပျိုးဘဲ မေးလိုက်သည်။
" ဂျူးဒစ်ယောက်မကို ဂျာဗာစီ ဘယ်လိုသဘောရသလဲ "
ဂျာဗာစီက ခြုံထည်အောက်က ပခုံးကလေး တစ်ဖက်သို့ နှိမ့်လိုက်ပြီး -
" ချစ်စရာကလေးပါ၊ စကားမပြောရင် ပိုချစ်စရာကောင်းမယ် "
" ဂျူးဒစ် ဆိုလိုတာက အဲဒါ မဟုတ်ဘူး ဂျာဗာစီ "
" ဂျူးဒစ် ဘာဆိုလိုတယ်ဆိုတာ သိပါတယ် "
ဂျာဗာစီ သရော်ပြုံးကလေး ပြုံးသည်။
" ကိုယ့်ကို သူ အင်္ဂလိပ်လိုပဲ ပြောစေချင်တယ်ကွာ၊ သူ့ပြင်သစ်စကားက သိပ်အောက်တန်းကျတာပဲ "
ဒါကိုတော့ ဂျူးဒစ် လက်ခံသည်။ ဒိုလားရက်စ်ပြောသည့် ပြင်သစ် စကားမှာ နားလည်ရခက်သည်။ ကိုယ်ကိုယ်တိုင် က သိပ်မတတ်လို့ဟု ပထမထင်ခဲ့၏။ ဂျာဗာစီက ဆက်ပြောသည်။
" သူပြောတဲ့ ပြင်သစ်စကားက လူမည်းအိမ်စေတွေပြောတဲ့ စကားဂျူးဒစ်ရဲ့၊ ဘယ်လို သူတတ်လာသလဲ မသိဘူး၊ တချို့စကားလုံးတွေက သိပ်ဆိုးတာ "
" သူပြောတဲ့ အင်္ဂလိပ်စကားထဲမှာလည်း မဖွယ်မရာတွေ ပါပါလာတယ် ဂျာဗာစီရဲ့၊ ကာလက်က လိုက် ထိန်းနေလို့၊ ဒါပေမဲ့ သူက ရိုင်းတဲ့စကားလုံးကို ရိုင်းတယ် မထင်ဘူး "
ဂျာဗာစီက ပခုံးကလေးတွန့်ပြီး ဂျူးဒစ်ကို လှမ်းကိုင်ရင်း -
" အေးလေ၊ သူက တို့ ဒီကလူတွေကို ကလေးကချေတွေ ထင်ပြီး သူ့ကိုယ်သူ အထက်တန်းကျတယ် ထင်ချင် ထင်နေမှာကိုး၊ ဘာပဲဖြစ်ဖြစ် ချစ်စရာတော့ ကောင်းပါတယ်ကွယ်၊ သူ့ကို ကိုယ်က မညှာမတာပြောမိတာ ဝေါ်လ်တာ မင်းကို ပြန်မပြောပြဘူးလား၊ သူက ဒီကောင်မလေးကို သိပ်ထင်နေတာကွာ "
ဂျူးဒစ် သတိထားမိပါသည်။ ဒိုလားရက်စ်ကို အမျိုးသမီးတွေထက် အမျိုးသားတွေက သဘောကျကြ၏။ ဖီးလစ်ကိုလည်း သေသေချာချာ မေးရဦးမည်။
ကလေးတွေ သိပ်အပြီးတွင် ဒိုလားရက်စ်ပြောသည့် ပြင်သစ်စကားများအကြောင်း ဖီးလစ် ကို မေးကြည့်သည်။ ထမင်းစားခန်းထဲတွင် ဘီစကစ်နှင့်ဝိုင်သောက်နေကြစဉ် ဖြစ်၏။
ဖီးလစ် မဲ့ပြုံးပြုံးရင်း နားထောင်နေသည်။ တော်တော်နှင့် ဝေဖန်ချက် မပေး။ အတန်ကြာမှ -
" ဂျူးဒစ်ရယ်၊ မင်း ဘာလို့ ဒိုလားရက်စ်ကို ဒါလောက် စိတ်ဝင်စားနေရတာလဲဟင် "
" သိပ်ချစ်စရာကောင်းတဲ့ ကောင်မလေးတစ်ယောက်ကြောင့် မဖြစ်သင့် မဖြစ်ထိုက် တာတွေ ဖြစ်ကုန်မှာ စိုးလို့ပါ "
" ဘယ်လို မဖြစ်သင့် မဖြစ်ထိုက်တာမျိုးလဲ "
" အဖေနဲ့ ကာလက်က ဘာသာရေးသမားတွေ၊ လှေကြီးထိုး ရိုးရိုးသမားတွေ၊ သူတို့တစ်တွေ တစ်စုံ တစ်ခုကြောင့် ပေါက်ကွဲရင် ဒုက္ခရောက်ကုန်မှာစိုးလို့ပါ "
ဖီးလစ်က ဖယောင်းတိုင်ခံ ငွေပန်းဆိုင်းကြီးကို တစ်ဖက်သို့ တွန်းရွှေ့လိုက်ပြီး ဂျူးဒစ်ကို တည့်တည့် ကြည့်လိုက်သည်။
" ဒီမယ် ဂျူးဒစ်၊ ပြောရမှာတော့ မကောင်းဘူး၊ အဲဒီကောင်မလေး စပိန်အထက်တန်းလွှာက လာတာ မှန်ရင် အစ်ကို ဇက်အဖြတ်ခံမယ် "
" အစ်ကို၊ အစ်ကို တကယ်ပြောတာလားဟင် "
" အစ်ကိုတော့ မြင်မြင်ချင်း သိလိုက်တယ် ထင်တာပဲ "
ဂျူးဒစ် လက်ထဲမှ ဘီစကစ်တစ်ချပ် ပန်းကန်ပြားထဲ လွတ်ကျသွားသည်။ သူထင်လျှင် မှားခဲလှ သည်။
" ဒါဖြင့် သူ ဘယ်သူလဲ "
" အို ဒါတော့ အစ်ကို ဘယ်သိပါ့မလဲ "
ခဏနေ မှ ဖီးလစ် ပြန်မေးသည်။
" သူ နှာဘူးကိုင်ပုံ ရှူပုံ မင်း သတိမထားမိဘူးလား "
အောက်နှုတ်ခမ်းကို ကိုက်ပြီး -
" ဂျူးဒစ် သတိထားမိတာတွေ အများကြီးပဲ အစ်ကို "
" ကောင်မလေးက လျင်တော့ လျင်တယ်၊ တို့တစ်တွေရဲ့ ယဉ်ကျေးမှုကို အမီလိုက်နေတယ်။ ဒါပေမဲ့ မင်း အစ်ကိုကိုတော့ ကောင်းကောင်း အရူးလုပ်ထားပြီးပြီ "
" အစ်ကို ဒါလောက်သေချာရင် ဘာလို့ ကာလက်ကို မပြောသလဲ "
" ဘာလို့ ပြောရမှာလဲ "
" ဟာ ဒုက္ခပါပဲ အစ်ကိုရာ "
" ဘာဒုက္ခလဲ ဂျူးဒစ်၊ သူ့ဘ၀ သူပျော်နေတာပဲ၊ မသိမချင်း ပျော်နေပေစေပေါ့၊ ကောင်မလေးကလည်း တတ်နိုင်သမျှ ကြိုးစားနေတာပဲဟာ၊ ပြီးတော့ သူတို့အချင်းချင်း အမှန် အတိုင်း နားလည် ထားပြီး ကောင်မလေးကို ကာလက်က ပြုပြင်နေတာကော မဖြစ်နိုင်ဘူးလား၊ နိုင်ငံခြားသူကို မကြည်ဖြူတဲ့ အဖေကြီး ကျေနပ်လာတဲ့ အထိလေ "
" ကာလက် အဲဒီလောက် မလျှို့ဝှက်တတ်ဘူး အစ်ကို၊ သူက သိပ်ရိုးတာ၊ လူတိုင်းကို သူယုံတာ၊ ပြီးတော့ သူ့မိန်းမကို သူ တုန်နေအောင် ချစ်တာ "
" အဲဒါကြောင့် သူတို့ကြားကို မ၀င်နဲ့လို့ ပြောတာပေါ့၊ ကာလက် အနေနဲ့ သိလျက်သားနဲ့ သူ့ဘ၀သူ ကျေနပ်နေတာလည်း ဖြစ်နိုင်တာပဲ၊ သူ့အနေနဲ့ ဘာမှမသိဘဲ အစ်ကို့အနေနဲ့ မှားနေတာ လည်း ဖြစ်နိုင်သေးတာပဲ၊ ဘယ်လိုပဲဖြစ်ဖြစ် ကြားမ၀င်တာ အကောင်းဆုံးပဲ ဂျူးဒစ် "
ဂျူးဒစ် စားပွဲမှ ထသွားပြီး ပြတင်းပေါက်တွင် သွားရပ်သည်။ နွေဦးလရောင်တွင် ငှက်ပျောပင်တန်းတွေကို ခပ်ဖျော့ဖျော့ လှမ်းမြင်နေရသည်။
" သူ ဘာလို့ ဒါလောက် တုံးရတာလဲဟင် အစ်ကို "
" သြော် အချစ်ရယ်၊ အချစ်စိတ် မွှန်လာပြီဆိုရင် ဘာမှ မမြင်ကြတော့ဘူးလေကွယ် "
ဖီးလစ် ထ လာသည်။ ဂျူးဒစ်ပခုံးကို သိုင်းဖက်ပြီး -
" မင်း အစ်ကို့ကို ချစ်တုန်းကလည်း ဒီလောက်တုံးရလားလို့ ၀ိုင်းပြောကြတာပဲ မဟုတ်လား "
" အင်း ... ပြောတယ်၊ ဒါပေမဲ့ တူမှ မတူတာ "
" ဟုတ်လား၊ ကျေးဇူးတင်ပါတယ်ကွယ် "
သူ့ခေါင်းကလေးကို ရင်ခွင်တွင် မှီစေပြီး -
" ကဲ ... အစ်ကိုပြောမယ်၊ ကာလက်နဲ့ ဒိုလားရက်စ်တို့နှစ်ယောက် သူတို့ဘ၀ သူတို့ ကျေနပ်နေသမျှ မင်းဘာမှ ကြားမ၀င်ရဘူး။ ဟုတ်ပြီလား "
ဂျူးဒစ် ခေါင်းညိတ်ပြီး ကတိပေးလိုက်သည်။ သို့သော် စိတ်ထဲတွင် သိနေ၏။ နိမိတ်ဆိုးကြီးတစ်ခု အစိုင် အခဲ ဖြစ်နေပြီ။ မကြာခင် ပေါက်ကွဲတော့မည်ဟူ၍။ ခုထိတော့ ဒိုလားရက်စ်အပေါ် ကာလက် သံသယ မ၀င်သေးပေ။ အရူးအမူး ဖြစ်နေဆဲ။ အဖေလုပ်သူကတော့ ဘာသာနေသည်။ ကောင်းသည်၊ ဆိုးသည် လုံးဝ မပြော။ သူ့ချွေးမအပေါ် အဖေ ဘယ်လို သဘောထားသည်ကို ဂျူးဒစ် သိချင်နေသည်။
တစ်နေ့ တွင် ၀က်သစ်ချမြိုင်သို့ ဒိုလားရက်စ် ရောက်လာသည်။ မြင်းတစ်စီးဖြင့် လှလှပပ ကြွားကြွား ၀င့်ဝင့် ရောက်လာခြင်းဖြစ်၏။ သူ့တွင် ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း လာရောက် သတင်းပေးခြင်းဖြစ် သည်။ ဂျူးဒစ် ၀မ်းမသာနိုင်ဘဲ ဖြစ်နေ၏။ လက်ထပ်ပြီး တစ်နှစ်အထိ ကိုယ်ဝန်မရတော့ ဒိုလားရက်စ်ကို အမြုံ ကလေးပင် ဖြစ်နေစေချင်သည်။ ပို၍ ရှုပ်ထွေးလာတော့မည်ကို တွေးမိပြီး ဂျူးဒစ် စိတ်တွေ လေးသည်ထက် လေးလာသည်။
တိုင်းရေးပြည်ရေးတွေ ပွက်လောရိုက်လာသဖြင့် အခြား အရေးအရာများ မှေးမှိန်နေသလို ဖြစ်သွား သည်။ ဟဒိုလားရက်စ်၏ ကိစ္စကိုလည်း ဘယ်သူမှ ရေးကြီးခွင်ကျယ် လုပ်ချိန် မရကြတော့ပေ။
နယူးအော်လီယန်းတွင် စပိန်ဘုရင်ခံ အန်ဇာဂါ၏နေရာ၌ ဂါလ်ဗက်ဇ် အစားဝင်လာသည်။ သူက ဖလော်ရီဒါ အနောက်ပိုင်း မှ အင်္ဂလိပ်တို့နှင့် ချစ်ကြည်စွာ ဆက်ဆံဖို့ ကြိုးစားသော်လည်း အင်္ဂလိပ်ကို ဆန့်ကျင်တော် လှန်နေကြသည့် အမေရိကန် သူပုန်များကို တစ်ဖက်က လက်နက်တွေ ပုံအောပြီး ပေးနေသည်။
အစင်းကြောင်းတွေ၊ ကြယ်တွေပါသည့် အလံများ တလူလူလွှင့်ကာ နယူးအော်လီယန်း ကို ဖြတ်သန်း နေကြသော လက်နက်ခဲယမ်းမီးကျောက်တွေ သယ်ပို့နေကြသည့် လှေကြီးလှေငယ် များကို မြစ်ရိုးတစ်လျှောက်တွင် မြင်နေကြရသည်။
ဖလော်ရီဒါ အနောက်ပိုင်းသားများ အနေဖြင့်မူ သူပုန်လှေသင်္ဘောတွေကို ကြည့်ပြီး ဒေါသဖြစ်လျက် ရှိကြသည်။ သူတို့ကြောင့် နယူးအော်လီယန်းသွားရာ တစ်ခုတည်းသော ရေကြောင်းလမ်းကို ပိတ်ဆို့ ခံရလျှင် မခက်ပါလား။ ဖီးလစ် အနေဖြင့်မူ အခြေအနေမှန်ကို သိချင် နေသည်။
အမေရိကန် သူပုန်တွေနှင့်ရော အင်္ဂလိပ်တို့နှင့်ပါ သူ ရန်မဖြစ်ချင်ပါ။ သို့သော် သူသာ ကာရိုလိုင်းနားမှာ ရှိနေလျှင် မြေကျွန်တွေ သူပုန်ထသည့် အထဲတွင် ပါကောင်းပါနေမည်ဟု ဂျူးဒစ်ကို ပြော၏။ မဟုတ် လျှင်လည်း သူပုန်တွေကို ထမင်းဖိတ်ကျွေးရင်း ပျော်စရာ စကားဝိုင်းတွေ ဖောင်ဖွဲ့ဖြစ်မည် ထင်ကြောင်းလည်း ပြော၏။
နယူးအော်လီယန်းမှ မစ္စတာသစ်ဆယ်ဝိတ်၏ မသင်္ကာစရာလှေကြီး ဒယ်လ်ရွိုင်းတွင် ဆိုက်တော့ ဖီးလစ်က ဆိပ်ကမ်းတွင် ဆင်းတွေ့ပြီး သူ့ကို ၀က်သစ်ချမြိုင်သို့ ညစာ စားဖိတ်လိုက်သည်။ မစ္စတာ သစ်ဆယ်ဝိတ်သည် ဒီလာဝဲမျ ထွက်လာခဲ့ခြင်းဖြစ်၏။ သူက လူထွားကြီးတစ်ယောက် ဖြစ်သည်။ မျက်နှာ နီနီ၊ ဗိုက်ရွှဲရွှဲနှင့် စကားပြောကောင်းသည်။ ဧည့်သည်ရောက်လာတော့ အိန်ဂျဲလစ်က ကလေးတွေကို အိမ်နောက်ဖေးသို့ ဆွဲခေါ်သွားသည်။
ရှာရမီ မိသားစုကိုလည်း ညစာဝိုင်းသို့ ဖိတ်လိုက်၏။ မတ်ရှာရမီနှင့် ကာလက်ရှာရမီတို့သားအဖ ခန်းမဆောင်ထဲ ရောက်တော့ ဖီးလစ်က ဧည့်သည်နှင့် သူတို့ကို မိတ်ဆက်ပေး၏။
" မစ္စက်လန်း လည်း မကြာခင် ရောက်လာပါလိမ့်မယ်ခင်ဗျ၊ သူ ပန်းခင်းထဲမှာ အလုပ်ရှုပ်နေသေးလို့ပါ"
" အမျိုးသမီး တစ်ယောက်ကို ပန်းခင်းထဲမှာ မြင်ရတာလောက် ကြည့်လို့ ကောင်းတဲ့ မြင်ကွင်းမျိုး မရှိဘူးဗျ "
မစ္စတာသစ်ဆယ်ဝိတ်က ပြောတော့ ဖီးလစ်နှင့် ကာလက်တို့ ရယ်ကြသည်။
သူက ဆက်ပြီး သူ့မိန်းမ ပန်းချစ်ကြောင်း ဆက်ပြော၏။
" ကျွန်တော့် မိန်းမလည်း ပန်းသရဲမပဲဗျ။ စိုက်လိုက်တဲ့ ခရမ်းရောင် ခေါင်းလောင်းပန်းတွေ လက်ညှိုးထိုးမလွဲပဲ။ ဒါပေမဲ့ အင်္ကျီနီနဲ့ ကောင်တွေက မြေလှန်နေချိန်မှာ ပန်းစိုက်ဖို့ မကောင်းပါဘူးဗျာ။ ဘယ်လို ခေတ်ကာလလည်း မသိပါဘူး။ တိုက်ချင်လိုက်တဲ့ စစ်၊ ရချင်လိုက်တဲ့ ရာထူး၊ တကယ်ပါပဲ မစ္စတာလန်းရယ် "
မတ်ရှရမီက ပြင်သစ်နှင့် တိုက်ရသည့် စစ်ပွဲတွင် သူ ပါခဲ့ပုံ၊ သည်အတိုင်း ဖြစ်ခဲ့ပုံများကို စားမြုံ့ပြန်ပြ သည်။
မစ္စတာသစ်ဆယ်ဝိတ်က အသံအောကြီးဖြင့် -
" ဟုတ်ပါတယ်ဗျ။ တိုင်းပြည်ကို တကယ်ချစ်တဲ့လူတွေ တော်တော်ရှားသွားပါပြီ။ ဒါပေမဲ့ အမေရိကန်မှာ အားလုံးတန်းတူ အခွင့်ရကြပြီ။ အားလုံးလွတ်လပ် .... "
သူတို့ စကားသံများကို အ၀တ်လဲဖို့ အိပ်ခန်းဆီသွားရင်း ဂျူးဒစ် ကြားလိုက်သည်။
" ဖီးလစ်ကလည်းကွယ် နိုင်ငံရေးစကားမပြောတဲ့ လူမျိုးကို ရွေးဖိတ်ရောပေါ့" ဟု အနားတွင် ရှိနေ သည့် ဒိုလားရက်စ် ကို လှမ်းပြောလိုက်၏။
" ဘယ်က လူကြီးလဲဟင် ဂျူးဒစ် "
ဒိုလားရက်စက မေးသည်။
" တစ်ခါတလေ ဆိပ်ကမ်းမှာ တွေ့ရတဲ့ ခပ်ရမ်းရမ်း အမေရိကန် ပုံစံမျိုးပါကွာ။ အရက်ကို စည်လိုက် သောက်မယ့် လူစားမျိုး ထင်ပါရဲ့။ ၀ီစကီက ပူလွန်းပါတယ်နော်။ သူ လိမ္မော်ဝိုင်မှ ကြိုက်ပါ့ မလား မသိဘူး "
" ကိုယ်က အ၀တ်လဲပြီးသားပဲ။ သူတို့ကို ၀ိုင် သွားချပေးလိုက်မယ် လေ "
" ကောင်းသားပဲ ဒိုလားရက်စ်၊ မီးဖိုထဲက ကောင်လေးတစ်ယောက် ခေါ်သွားပေါ့ "
ခန်းမဆောင်ကို ဂျူးဒစ် ဖြတ်သွားတော့ ဒိုလားရက်စ်နှင့် နောက်မှ ၀ိုင်လင်ပန်းကို သယ်သွား သည့် ကောင်လေးတစ်ယောက်ကို လှမ်းမြင်လိုက်သည်။ ဒိုလားရက်စ်တစ်ယောက်သည် ညပိုလှနေ၏။ ညိုစိမ့်စိမ့် အသားနှင့် အ၀ါရောင် ချည်သရက်ထည် ပွင့်ရိုက်ဝတ်စုံမှာ လိုက်ဖက်လှသည်။ ကိုယ်ဝန် ရှိနေမှန်း ဘယ်လိုမှ မသိနိုင်။
အခန်းဝရောက်တော့ ဒိုလားရက်စ် တစ်ချက် တုံ့သွားသည်။ မစ္စတာ သစ်ဆယ်ဝိတ်က အရွှန်းတွေဖောက်နေသဖြင့် အိမ်ရှင်တွေ တ၀ါးဝါး ပွဲကျနေ၏။ ဒိုလားရက်စ် ၀င်လာသည်ကို ဧည့် သည်လူကြီး တစ်ယောက်သာ သတိပြုမိသည်။ ပေါင်ကို ပုတ်ထည့်ပြီး -
" အလို ... ကြည့်စမ်း၊ ဒိုလားရက်စ်ပါလား၊ မင်း ... ဘယ်လို ... ဘယ်လို ... ဒီရောက်နေတာလဲဟင်" ဟု တအံ့ တသြ ပြောလိုက်သည်။
ဒိုလားရက်စ် တစ်ချက်တွေသွား၏။ ဂျူးဒစ် သူ့အနား ရောက်သွားတော့ ဖီးလစ်နှင့် အမျိုးသားနှစ် ယောက်စလုံး ပြိုင်တူ ထရပ်လိုက်ကြ၏။
" ကျွန်တော့်ကို မိတ်ဆက်ပေးခွင့် ..... "
" မလိုပါဘူး မစ္စတာလန်း၊ ကျွန်တော် ဒိုလားရက်စ်နဲ့ သောက်နေကျပါ" ဟုပြောရင်း ၀ိုင်တစ်ခွက်ကို လှမ်းယူ လိုက်သည်။
ကာလက်က တအံ့တသြ ဖြစ်နေသည့် အမူအရာဖြင့် -
" ခင်ဗျားတို့ အသိအကျွမ်းတွေပေါ့၊ ဟုတ်လား " ဟု မေးသည်။
" ဒီက လူကြီးမင်း ကို ကျွန်မ တစ်ခါမှ မမြင်ဖူးပါဘူး "
ဒိုလားရက်စ်က ပါးစပ်သိပ်မဟဘဲ ပြန်ပြောသည်။
မစ္စတာသစ်ဆယ်ဝိတ်၏ မျက်နှာကြီး နီသည်ထက် နီသွားသည်။ ဖီးလစ်က ကြားဝင်ပြီး -
" မစ္စတာ သစ်ဆယ်ဝိတ် လူမှားနေပြီ ထင်တယ်ခင်ဗျ။ အမျိုးသမီးက ဟောဒီ မစ္စတာကာလက်ရှာ၇မီရဲ့ ဇနီးပါ၊ ဟောဒါက ကျွန်တော့် ဇနီးပါခင်ဗျ"
မစ္စတာသစ်ဆယ်ဝိတ်က ဦးညွှတ်ပြီး -
" တွေ့ရတာ ၀မ်းသာပါတယ်ခင်ဗျာ" ဟု ပြောပြီး တစ်ချက် ရယ်သည်။
" ကျွန်တော့်ကို ခွင့်လွှတ်ကြပါခင်ဗျာ။ ထူးဆန်းလိုက်တာနော်၊ ဒါဆို နယူးအော်လီယန်းမှာ ကျွန်တော် သိတဲ့ မိန်းကလေးဟာ ဒီက မစ္စက်ရှာရမီနဲ့ အမြွှာဖြစ်ရမယ် "
သူက ပေါင်ပုတ်ပြီး ပြောကာ ရယ်ပြန်သည်။ သူနှင့် ဘယ်သူမှ လိုက်မရယ်တော့မှ စကားဆက် သည်။
" ကျွန်တော်သိတဲ့ အမျိုးသမီးလေး နာမည်က ဒိုလားရက်စ်ဘွန်းဒီယိုတဲ့ခင်ဗျ၊ ကျူးဘားကနေ အမေရိကန်ကို ရောက်လာတာ၊ မစ္စဂျွန်တာနီရဲ့ အရက်ခန်းမှာ ဧည့်သည်တွေကို အရက်ခွက် ဆက်ရတဲ့အလုပ်ကို လုပ်ပါတယ်၊ လှတာချင်းလည်း အတူတူပါပဲ၊ အဲ ... တစ်ခုပဲ ကွာတယ်၊ ကျွန်တော်သိတဲ့ ဒိုလားရက်စ်ကလေးက သွားကလေးတစ်ချောင်း ကျိုးနေတော့ ရယ်ရင်နှုတ်ခမ်းလေး စုစုပြီး ရယ်တတ်တယ်၊ ကျွန်တော့်ကို ခွင့်လွှတ်နော် မစ္စက်ရှာရမီ၊ တူလွန်းလို့ပါ ခင်ဗျာ "
ဒိုလားရက်စ်၏ နှုတ်ခမ်းကလေးတွေ တဆတ်ဆတ်တုန်နေသည်။ နေလောင်ထားသဖြင့် ညိုမောင်း နေသည့် ကာလက်၏ မျက်နှာမှာ ဖြူဖပ်ဖြူရော်ဖြစ်သွား၏။ အဖေလုပ်သူက ကုလားထိုင် လက်တန်း ကို တအားဆုပ်ထားသည်။
ဖီးလစ်က -
" ဟုတ်ကဲ့ခင်ဗျာ၊ မစ္စတာသစ်ဆယ်ဝိတ် တောင်းပန်တာကို ရိုးရိုးလူမှားတာ ဖြစ်တဲ့အတွက် မစ္စက်ရှာရမီက လက်ခံမှာပါ။ ကဲ ... ဘန်ကာတိုက်ပွဲ အကြောင်းလေး ဆက်ပါဦးခင်ဗျ "
ဒိုလားရက်စ်က ၀ိုင်ခွက်ကို တင်းတင်းဆုပ်ကိုင်လျက် အတောင့်သား ရပ်နေသည်။ ဖီးလစ် စကား ဆုံးသည်နှင့် "ခွေးသူတောင်းစားကြီး "ဟု အော်ပြီး ဧည့်သည်လူကြီး၏ မျက်နှာကို တအား ပတ်ထည့်လိုက်သည်။
မစ္စတာသစ်ဆယ်ဝိတ်၏ မျက်လုံးထဲမှ ၀ိုင်တွေ စီးကျမလာမီ ဒိုလားရက်စ်က အယုတ္တအနတ္တ စကားလုံး များဖြင့် ဆဲဆိုကာ တအားပြေးဝင်သွားသည်။ ဖီးလစ်က သူ့လက်ကို ဖမ်းဆုပ်ပြီး တား လိုက်သည်။
" ဒိုလားရက်စ် တော်တော့ "
ကာလက် က ဖီးလစ်လက်ထဲမှ သူ့ဇနီးကို ဆွဲယူလိုက်ပြီး -
" ဒီကိစ္စ ကျွန်တော် ရှင်းပါရစေ "
နှုတ်ခမ်းရွေ့လျားသည်ကို မမြင်ရဘဲ ကာလက် စကားဆက်သည်။
" သူ့ကို ကျွန်တော် အိမ်ပြန်ခေါ်သွားမယ်၊ မြင်းတွေသာ တစ်ဆိတ်စီစဉ်ခိုင်းလိုက်ပါ "
အခန်း (၈)
" ဆက်ပြောလေ၊ ဟာဗာနာမှာ မင်းအဖေ ဘာလုပ်သလဲ "
" မြင်းဇောင်းတစ်ခုမှာ အလုပ်လုပ်တယ် "
ဒိုလားရက်စ် ဆောင့်ကြီးအောင့်ကြီး ဖြေသည်။
" နယူးအော်လီယန်းကို မင်း ဘယ်တုန်းက ရောက်တာလဲ "
" သုံးလေးနှစ်ရှိပြီ၊ အတိအကျတော့ မမှတ်မိဘူး "
" အဲဒီ အရက်ဆိုင်မှာ အရက်ငှဲ့ပေးရတဲ့ အလုပ်အပြင် မင်း ဘာလုပ်သေးလဲ "
" အို ... တော်ပါတော့ "
ဒိုလားရက်စ် အော်ပြောသည်။ လက်နှစ်ဖက်နှင့် နားထင်ကို နှိပ်ထား၏။
" ရှင်နဲ့ တာပေါ်မှာ တွေ့တဲ့ မနက်က ကျွန်မ ဒီလိုဇာတ်လမ်းမျိုးကဖို့ လုံးဝ ရည်ရွယ်ချက် မရှိခဲ့ဘူး။ ကျွန်မက ယောက်ျားတွေကို ပေါက်တတ်ကရ ဇာတ်လမ်းတွေ ပြောနေကျလေ၊ သူတို့ သဘောကျ တာကိုး၊ အဲဒီမှာ ရှင့်အလှည့်ကျတော့ မြေပိုင်ရှင် ... "
ကာလက် ၀ုန်းခနဲ ထ ရပ်လိုက်သည်။
" အဲဒီမှာ မင်းက ငါ့ကို လွယ်လွယ်ကလေး ဖမ်းလိုက်တာပေါ့ ဟုတ်လား "
ဒိုလားရက်စ်က မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် တုံ့ပြန်သည်။
" ရှင်ဟာ တကယ့်ငတုံးပဲ၊ အဲဒီမြို့မှာ ကျွန်မနဲ့ တွေ့တာ ကံကောင်းတယ်မှတ်ပါ၊ ဒူးထောက်ပြီး ဘုရားသခင်ကိုကျေးဇူးတင်လိုက်ဖို့တောင်ကောင်းသေးတယ်။ မဟုတ်ရင် ကျွန်မထက် ဆိုးတဲ့ ဟာမတွေနဲ့ တွေ့မှာ သေချာတယ် "
ပြောပြောဆိုဆို အခန်းတစ်ဖက်စွန်းဆီသို့ လျှောက်သွားသည်။ ပြန်လာသည်။ လက်သီးကျစ်ကျစ်ပါ အောင် ဆုပ်ပြီး တစ်ဖက်နှင့် တစ်ဖက် ထိုးသည်။ နောက်ဆုံးတွင်မှ လက်နှစ်ဖက်ကို ဆန့်တန်းပြီး ကာလက် ကို တောင်းပန်သည်။
" ဒီလိုအဖြစ်မျိုးနဲ့ ကြုံရလိမ့်မယ်လို့ ကျွန်မ လုံးလုံး မထင်ခဲ့ပါဘူး ကာလက်ရယ်၊ ကျွန်မလေ ဘ၀ကို အကောင်းဆုံးဖြစ်အောင် လုပ်ချင်ပါတယ်၊ အဒေါ် ဂျွန်နီတာက မူးလာရင် ကျွန်မကို ရိုက် တယ်၊ အထက်တန်းစားဆန်လို့တဲ့လေ၊ တခြား ဘယ်မှလည်း သွားစရာမရှိဘူး၊ ယောက်ျားယူမယ် ဆိုရင်လည်း ဗရုတ်သုတ်ခ သင်္ဘောသား တစ်ယောက်ယောက်နဲ့ပဲ ရမှာ၊ အဲဒီမှာ ကျွန်မ ပြောသမျှ ယုံတဲ့ ရှင်နဲ့ တွေ့ပြီး .... "
" ဘုရားရှိခိုးကျောင်းမှာ ပါလာတဲ့ အထိန်းတော်ဆိုတဲ့ ကပ္ပလီမကြီးကကော "
" သူ့ကို ငှားလာတာပါ၊ သူက အင်္ဂလိပ်စာ လုံးဝမတတ်တတော့ အားလုံး အဆင်ပြေတာပေါ့၊ ရှင် ကျွန်မကို လက်ထပ်တဲ့အထိ ဖြစ်လာလိမ့်မယ်လို့ ကျွန်မ မမျှော်လင့်ပါဘူး၊ ကျွန်မဘာသာ ကျွန်မ ပျော်နေတာပါ၊ အဲဒီမှာ ကျွန်မကို ချစ်တဲ့အကြောင်း ရှင်က ဖွင့်ပြောတော့ ကျွန်မ ၀မ်းသာလိုက်တာလေ။ ရှင့်အတွက် ဇနီးကောင်းတစ်ယောက် ဖြစ်အောင် လုပ်မယ်ဆိုပြီး သစ္စာဆိုမိ ပါတယ်၊ တကယ်ကော ကျွန်မ ဖြစ်မလာဘူးလားဟင်၊ မနေ့ကအထိ ရှင် ကျွန်မကို သဘောကျခဲ့တာပဲ မဟုတ်လား၊ ကျွန်မဟာ ကျွန်မပါပဲ ကာလက်ရယ် "
" ကဲ ... သွားအိပ်တော့ကွာ "
မျက်လုံးထဲ သဲဝင်သကဲ့သို့ အနေခက်ပြီး တစ်ကိုယ်လုံး နာကျင်နေသလို ခံစားရသည်။ ဘယ်လို ဆုံးဖြတ်ရမှန်းလည်း မသိ။ နာရီများစွာ ကြာသွားသည်။
အိပ်ခန်းကြီးထဲ လှမ်းဝင်မည်အပြုတွင် ဒိုလားရက်စ် ရုတ်တရ် တန့်သွားသည်။ သူ့ကို တစ်ချက် လှည့်ကြည့်ပြီး ၀င်ခဲ့ကာ တံခါးကို အသာပိတ်သည်။
ကာလက် က အစေခံတစ်ယောက်နှင့် စောင်တွေ ခေါင်းအုံးတွေ ယူခိုင်းပြီး တခြားတစ်ခန်းမှာ အိပ် သည်။
နောက်နေ့များတွင်လည်း အခြေအနေက ကောင်းမလာဘဲ တင်းမာသည်ထက် တင်းမာလာသည်။ အဖေ က ပြောသည်။
" သားအတွက် ဖေဖေ စိတ်မကောင်းပါဘူး၊ သားနဲ့ ဒီကလေးမနဲ့ မတန်တာတော့ အမှန်ပဲ "
ခက်သည် က ဒိုလားရက်စ်ကို ကာလက် ရက်ရက်စက်စက် ပြောလို့ မထွက်ခြင်းပင်။ တစ်ခါတလေ ဒိုလားရက်စ် က တောင်းတောင်းပန်ပန် ပြောသည်။ ရံခါတွင် ခုနစ်သံချီတက်ပြီး ရန်တွေ့သည်။ အခန်းထဲ ၀င်ဖို့ အမိန့်မပေးမချင်း ရုန့်ရင်းကြမ်းတမ်းသည့် စကားလုံးများဖြင့် တရစပ် ပစ်ပေါက်သည်။ ထမင်းစားပွဲ တွင် ထိုင်မိလျှင် စကားတစ်ခွန်းမျှ မပြောဘဲ ခေါင်းမာစွာ ငြိမ်နေတတ်၏။ ကာလက်အဖို့ ထမင်းဝိုင်းသည် လုံးဝ အဓိပ္ပာယ် ကင်းမဲ့လျက်ရှိသည်။
ဖီးလစ်ထံမှ စာတိုကလေးတစ်စောင် ရောက်လာသည်။ တနင်္လာနေ့က ၀က်သစ်ချမြိုင်ခန်းမထဲတွင် ဖြစ်ခဲ့သည့် စိတ်မချမ်းမြေ့ဖွယ်ရာ အဖြစ်အပျက်အတွက် မိမိ အနေဖြင့် ဆောင်ရွက်ပေးနိုင်သည့် ကိစ္စများရှိလျှင် အကြောင်းကြားစေလိုကြောင်း၊ မိမိအား လိုသလို ခိုင်းစေနိုင်ကြောင်း စသည် စသည်။
ကာလက်က ယောက်ဖလုပ်သူကို ဒုက္ခမပေးဘဲ ကိုယ့်ကိစ္စကိုယ်ရှင်းဖို့ ဆုံးဖြတ်ထားသည်။ ဖီးလစ် အနေဖြင့် ၀တ္တရားရှိနေ၍ ရေးလိုက်ရသော်လည်း သည်လိုကိစ္စမျိုးတွင် လုံးဝ ပါဝင်လိုခြင်းမရှိပေ။ သို့သော် ဂျူးဒစ် ကတော့ လက်ပိုက် ကြည့်မနေနိုင်ပါ။
မစ္စတာသစ်ဆယ်ဝိတ်နှင့် ပြဿနာဖြစ်ပြီးနောက် ၁၀ ရက်အကြာတွင် သစ်ဖြူတောသို့ ဂျူးဒစ် ရောက် လာသည်။ ဒိုလားရက်စ်ကို ၀က်သစ်ချမြိုင် ခဏခေါ်သွားရန်ဖြစ်၏။ ဖီးလစ်နှင့် အတိုက်အခံ လုပ်ပြီး ထွက်လာခဲ့ခြင်းဖြစ်သည်။ ဖီးလစ် အမြင်ကပြတ်သည်။
ဆက်ရန်
.

No comments:
Post a Comment