မသိန်းမေသည် ပြင်ပကိစ္စသွားစရာရှိသည့်တိုင်အောင် ဆယ်ကြိမ်တွင် ရှစ်ကြိမ်လောက်က အိမ်သို့ပြန် လာပြီးမှ ကိုထွန်းအောင်နှင့်အတူ ပြန်ထွက်သွားတတ်သော်လည်း ယခုမူ ကိုထွန်းအောင် မရှိတော့ သောနေ့မှစ၍ မသိန်းမေသည် ညနေ ဆိုင်သိမ်းပြီးသည့်တိုင်အောင် ညဦးပိုင်းတွင် အိမ်ပြန် လာလေ့ မရှိ တော့ဘဲ ည ဆယ်နာရီ ဆယ့်တစ်နာရီလောက်တွင်မှ အိပ်သည်ဆိုရုံ ပြန်အိမ်၏။
မသိန်းမေ သည် အိမ်ခင်တတ်သူ (ဝါ) အိမ်ကို ကိုယ့်လင်ကိုယ့်သားနှင့် ပျော်ပျော်ပါးပါး အပန်းဖြေရာ ရိပ်သာ တစ်ခုဟူ၍ သဘောထူးသူ မဟုတ်လေရော့သလား မသိ။ အိမ်ကို နေချင့်စဖွယ် တန်ဆာ ဆင် လေ့မရှိ၊ သူကိုယ်တိုင်လည်း အိမ်တွင် အချိန်ကြာကြာမနေဘဲ မိုးလင်းသည်နှင့် ဆိုင်ထွက်၍ ဆိုင်သိမ်း ပြီးသော်လည်း အိမ်သို့မပြန် ထမင်းကို ကြုံရာတွင်ဝယ်စား၏။ ညဆယ်နာရီ ဆယ့်တစ်နာရီ အထိသော အချိန်များကို လမ်းထိပ်ရှိ လက်ဖက်ချင်းသုပ်ဆိုင် ဆေးလိပ်ဆိုင် နနွင်းမကင်းဆိုင် ထမင်းဆိုင် စသည် တို့တွင် တစ်လှည့်စီထိုင်ရင်း စကားပြောရင်းနှင့် အချိန်ကုန်တတ်၏။
သို့ အိမ်ကိုမခင် အိမ်နှင့် တူအောင်လည်း မွမ်းမံလေ့မရှိစေကာမူ မသိန်းမေတွင် ထူးခြားချက်တစ်ရပ်ရှိ ၏။ မြင်သူတိုင်း ဓာတ်သိသူတိုင်းက လက်ဖျားတခါခါ ချီးကျူးရသော မသိန်းမေ၏ ထူးခြားချက်မှာ အိမ် ကိုသာ ယေယျာလကန် ထားသော်လည်း ဘုရားပန်းကိုမူ အဘယ်သောအခါမျှ အပြတ်မခံ အညှိုး အ နွမ်းမခံဘဲ သုံးရက်တစ်ကြိမ်ဆိုသလို ပန်းသစ်လဲ၍ အမြဲဆည်းကပ် ပူဇော်လေ့ရှိ၏။ မသိန်းမေ၏စိတ် ထား သဘောကား သြချယူရလောက်အောင်ပင် ဆန်းနေချေ၏။
အတာ ကျောင်းမှပြန်ရောက်၍ ရေမိုးလည်း ချိုးခဲ့ပြီးပြီ၊ ကျောင်းစာများလည်း ရေးသားလေ့ကျက်ပြီးခဲ့ပြီ၊ အချိန် သည် ခုနစ်နာရီပင် ကျော်ခဲ့ပြီဖြစ်သော်လည်း မသိန်းမေ ပေါ်မလာသေး။ လမ်းထိပ် မုန့်ဟင်းခါး ဆိုင် တွင်ပင် ထိုင်၍ စကားကောင်းနေသလောဟူသောအတွေးဖြင့် အတာသည် လမ်းထိပ်သို့ထွက်လာ ခဲ့၏။
ကံအားလျော်စွာပင် ရယ်ကာမောကာနှင့် စကားလက်ဆုံကျနေသော မသိန်းမေကို လက်သုပ်ဆိုင် တွင် တွေ့ရသောကြောင့် အတာလည်း မယောင်မလည်အနီးသို့ ချဉ်းကပ်သွား၏။
ရယ်လိုက်မောလိုက်နှင့် ဟားတိုက်ရင်း စကားပြောနေသော မသိန်းမေလည်း အတာကလေးကို မြင် လိုက် သည်နှင့် ရုတ်တရက် မျက်နှာထားပြောင်းသွားကာ
"ဘာလဲ ထမင်းမစားရသေးဘူးလား၊ သွားစားချည်း ဟိုဆိုင်မှာ"
မပြုံးမရယ် ထည်လှသောမျက်နှာပေးဖြင့် တစ်နေရာဆီသို့ မေးငေါ့ပြရင်း ပြောလိုက်ပြီးမှ
"မပုလေးရေ၊ ဒီကောင်ကို ထမင်းကျွေးလိုက်စမ်းပါ၊ ပိုက်ဆံ ကျွန်မပေးမယ်"ဟု ခပ်လှမ်းလှမ်းရှိ ထမင်း ဆိုင် သို့ လှမ်းအော်ပြောလိုက်ရင်း "သွားလေ သွားစားချေ"
သို့လျှင် မသိန်းမေက ထပ်၍ပြောလိုက်မှ အတာသည် ခပ်လောလောကလေး ထမင်းဆိုင်သို့လျှောက် သွားကာ ထောင့်တစ်နေရာ ခုံလွတ်တွင် ရွံ့နေသော အမူအရာကလေးဖြင့် ထိုင်ချလိုက်မိ၏။
"ဟဲ့ ဘာဟင်းနဲ့ စားမလဲ"
ထမင်းသည်က သို့မေးလိုက်သောကြောင့် အတာသည် ဟင်းထည့်ထားသော ဇလုံပန်းကန်များကို တစ်ခု စီကြည့်နေမိ၏။ အဆီတဝင်းဝင်းထနေသော ဝက်သားဟင်းကိုလည်း သူစားချင်၏။ ငါးမြင်းရင်း သား ချဉ်ရည် ကိုလည်း မျက်စိကျနေမိ၏။ "ကြက်သားဆီပြန်နဲ့များ စားလိုက်ရရင်" ဟူ၍လည်း စိတ်ထဲ မှ ရေရွတ်နေမိ၏။
သို့သော် သူစားလိုသော ထိုထိုဟင်းလျာများကား ဈေးကြီးလှဘိ၏။ ဟင်းချည်းသက်သက် တစ်ခါပြင် တစ်ပန်းကန် လျှင် တစ်မူးယူသည်ကို အတာသိ၏။ ထမင်းပါဆိုလျှင် တစ်ပွဲပြင် သုံးပဲကျသောကြောင့် အတာ သည် ဤဆိုင်မျိုးကို မကပ်နိုင်ခဲ့။ ကုလားဆိုင်တွင်သာ ထမင်းနှစ်ပြား ဟင်းနှစ်ပြားဖြင့် ကိစ္စပြီးခဲ့ ရ၏။
ယခု သူ့မေမေက သွားစားချည်ဟု ကန့်သတ်ချက်မပါဘဲ ခွင့်ပြုလိုက်သည်တိုင်အောင် အတာသည် ဘာနှင့် ဘယ်လောက်ဖိုးစားရမည်ကို မမှန်းဆတတ်အောင် ဖြစ်နေ၏။
"တစ်ခါတစ်လေမှ ဒီလိုစားရတာ၊ ငါ ကြက်သားဟင်းနဲ့ပဲ အဝတုတ်လိုက်မယ်"ဟု စိတ်ထဲမှ ရေရွတ် ဆုံး ဖြတ်မိပြီးမှ မတော်တဆ သုံးပဲတစ်မတ်လောက်ကျသွားရင် ဟူသော အတွေးက ပေါ်လာပြန်ကာ
"သုံးပဲ ဆို နှမြောစရာကြီး" ဟု ချီတုံချတုံ ရှိနေစဉ်မှာပင်
"ပြောရင်လဲ ပြောပါဟဲ့၊ ဘာဟင်းနဲ့ စားမှာလဲ" "ဟုတ်ကဲ့ အမဲနှပ်ဟင်းပဲ ပေးပါ"
ဆိုင်ရှင်လည်း အခြားသော ထမင်းစားသူများကဲ့သို့ ဟင်းကို သီးသန့်ပန်းကန်နှင့်ပင် မပေးတော့ဘဲ ထမင်းပေါ် တွင် ပုံထည့်လိုက်၏။
စားသောက်ပြီးစီး၍ အထတွင် အတာက
"ခု ကျွန်တော်စားတာ ဘယ်လောက်ကျသလဲ ဒေါ်ဒေါ်ပု၊ ဟင်"
"ထမင်းတစ်ပဲ ဟင်းတစ်ပဲ၊ တစ်မူးပေါ့"
အတာ၌ စိတ်ကလေးမောလောက်အောင် နှမြောသွားရှာ၏။ တစ်မူးဆိုသည်မှာ သူ့အဖို့ ထမင်းနှစ်နပ် စာဖြစ်၏။ ထိုနှစ်နစ်စာ ပိုက်ဆံသည် ယခု တစ်နပ်တည်းနှင့် ကုန်သွားသည်သာမက သူ့တွင်လည်း တစ်ပြား မှ မစုလိုက်ရသည့်အတွက် အတော်ကလေး စိတ်ပျက် ဝမ်းနည်းသွား၏။
ညစာ အတွက်ကား ပြီးစီးခဲ့ပြီဖြစ်သော်လည်း အတာတွင် အကြီးဆုံးသော ပြဿနာတစ်ခုရှိနေသေး၏။ ထိုသည်မှာ အခြားမဟုတ်၊ယနေ့အဖို့ တစ်နေ့လုံး စိတ်ညစ်ခဲ့ရသည့် ကျောင်းလခဖြစ်၏။ ထမင်းဆိုင်မှ မသိ မသာ ခွာထွက်လာသော အတာလည်း သူ့မေမေထိုင်နေရာ လက်သုပ်ဆိုင်ဆီသို့ မယောင် မလည် လျှောက်လာကာ ကျောင်းလခကိစ္စကို ပြောသင့် မပြောသင့် ချင့်နေသေး၏။ နောက်ဆုံးတွင်မူ "အိမ် ပြန်လာမှပဲ ငါ ပြောတော့မယ်"ဟူသော ဆုံးဖြတ်ချက်ကလေးဖြင့် ထိုကိစ္စကို မသိန်းမေအား ဘာမျှမ ပြောတော့ဘဲ "ကျွန်တော် ပြန်တော့မယ် မေမေ"ဟူသော စကားမျှဖြင့်သာ အတာ လှည့်ပြန်ခဲ့၏။
မသိန်းမေ ပြန်ရောက်လာသော ည ဆယ်နာရီခွဲလောက်တွင်မူ အတာ အိပ်ပျော်နေရှာ ပြီဖြစ်လျက် နောက်တစ်နေ့နံနက် အတာ အိပ်ရာမှနိုးသော အချိန်တွင်လည်း မသိန်းမေ အိမ်တွင် မရှိတော့သည်နှင့် မနေ့ကနည်းတူ ဈေးသို့ပင် လိုက်သွားရတော့၏။
မသိန်းမေကို အဆင်သင့်ပင် တွေ့ရ၏။ သူ့မုန့်ဖိုးလည်း အလွယ်တကူပင် ထုတ်ပေးသော်လည်း အတာ ဝမ်းမသာနိုင်သေး။ သူရင်လေးနေသော ကျောင်းလခအတွက်ကို မပြောလျှင်လည်း ပြီးတော့မည် မဟုတ် သည်နှင့် "မေမေ ကျွန်တော့်အတွက် ကျောင်းလခပေးရတော့မယ်၊ အဲဒါ"
တထိတ်ထိတ်နှင့်ပင် မသိန်းမေ၏အရိပ်အခြည်ကိုကြည့်ရင်း အတာက ပြောလိုက်သည်နှင့်
"ဒီနေ့မှ ဘယ်နှစ်ရက်ရှိသေးလို့လဲ"
"လဆန်း ၅ ရက်ရှိပြီ မေမေ" "သွား ၁၀ ရက်နေ့မှ ပေးမယ်လို့ပြော"
ရပင် မရသော်လည်း အော်လားငေါက်လား မလုပ်ဘဲ ဤလိုပြောဖော်ရသည်ကိုပင် အတာ့အဖို့ ဝမ်း သာ၍ မဆုံးနိုင် ရှိသွားတော့၏။ လဆန်း ၁၀ ရက်နေ့တွင် ပေးနိုင်လိမ့်မည်ဟူသော မျှော်လင့်ချက်က လေး ရသွားသည့်အတိုင်းလည်း ကျောင်းတက်သည်မှ ညနေ ကျောင်းပြန်လွှတ်သည်အထိ ယခင် စံ ချိန် အတိုင်းပင် သွက်လက်ချက်ချာနှင့် အတာကလေး ရွှင်နေပြန်တော့၏။
အတာ ပြောဖူးသည့်အတိုင်း သူပင် ကံဆိုး၍လော၊ သို့တည်းမဟုတ် မသိန်းမေသည်ပင် သားသမီးအ ပေါ်၌ အကြင်နာတရား ခေါင်းပါးလွန်း၍လောမသိ။ အတာကလေးတွင် တစ်ခုမဟုတ်လျှင် တစ်ခု စိတ် မချမ်းမြေ့ဖွယ်ရာသည် သူ့အလှည့်နှင့်သူ ဆိုသလို ပေါ်၍ပေါ်၍ လာတတ်၏။
ကျောင်းလခအရေးနှင့်ပတ်သက်၍ အတာသည် အလွန်အမင်း စိတ်ညစ်ခြင်းကြီးစွာဖြင့် ညစ်ခဲ့ရာမှ မသိန်းမေ ၁၀ ရက်နေ့ချိန်းသဖြင့် ထိုကိစ္စအတွက် နေသာထိုင်သာရှိသွားသော်လည်း ညစာထမင်းအ တွက် မသိန်းမေ ကို ရှာရသည်မှာ အတာ့အဖို့၌ ဒုက္ခတစ်ခုလို ဖြစ်လာပြန်တော့၏။
အိမ်သို့လည်း ရောက်မလာသေး၊ ညဈေးတန်းထွက်ရှာသော်လည်း မရှိ။ အဘယ်သို့သွားနေသည် လည်း မသိ။ နေ့ရှိသမျှလိုလိုပင် အတာသည် ညစာအတွက် မသိန်းမေကို မျှော်နေခဲ့ရ၏။
"ဘာလဲ ထမင်းလား၊ သွားစားချည်လေ မပုလေးဆိုင်မှာ၊ ပိုက်ဆံ ငါ ပေးလိမ့်မယ် ပြော"
ယနေ့ပါနှင့်ဆိုလျှင် မပုလေးဆိုင်သို့ ညွှန်ကြားအစားခိုင်းသည်မှာ လေးကြိမ်တိတိရှိပြီဖြစ်၏။ သို့သော် အတာ ထမင်းဆိုင်သို့ ဝင်ထိုင်လိုက်တိုင်း ဆိုင်ရှင်သည် သုန်သုန်မှုန်မှုန်နှင့် နှုတ်ခမ်းတစူစူ ဖြစ်နေတတ် သည်ကို အတာ အကဲခတ်မိ၏။
"ကဲ ပြော၊ ဘာဟင်းနဲ့ စားမှာလဲ"
"ချဉ်ပေါင်ကြော်ပဲ ပေးပါ မမ"
အတာသည် ပထမဆုံးအကြိမ် စားစဉ်ကကဲ့သို့ ဟင်းရွေးနေစရာမလိုတော့ပေ။ ထမင်းတစ်ပဲ ဟင်းတစ် ပဲနှင့် တစ်မူးဖိုးတိတိ စားခဲ့မိသည့်ညက အတာသည် တော်တော်နှင့်အိမ်မပျော်။ ထိုတစ်မူးကို နှမြော၍ မပြီးနိုင်လောက် တမျှော်တခေါ် တွေးနေခဲ့မိ၏။ နောက်တစ်နေ့ ထိုမပုလေးဆိုင်တွင်ပင် စားရန် အမိန့် ကျခဲ့စဉ်ကမူ အတာသည် ထမင်းကို နှစ်ပြားဖိုးမှစ၍ ထည့်ခိုင်ခဲ့၏။ အမဲနှပ်ဟင်း တစ်ပဲဖိုးတွင် လက်နှစ် လုံး ပတ်လည်ခန့် အတုံးကလေး နှစ်တုံးရသည်ကို အတာ မှတ်မိခဲ့သည်ဖြစ်ရာ ဒုတိယနေ့၌
"ဒေါ်ဒေါ် အမဲသားတစ်တုံးပဲ ပေးပါ"ဟု တစ်တုံးချွေတာလျှင် နှစ်ပြားသက်သာမည်ဟူသော ရည်ရွယ် ချက်ဖြင့် လျှော့စားမည်ကြံခဲ့ပါသော်လည်း။
"နှစ်ပြားဖိုး မရောင်းဘူး"ဟူသော ငြင်းချက်နှင့်အတူ တစ်ပဲဖိုးပင် ထည့်ပေးသောကြောင့် ပထမနေ့ ထက် ပိုက်ဆံနှစ်ပြားသာ သက်သာခဲ့၏။ သို့သော် နှစ်ပြားဖိုးသော ထမင်းမျှဖြင့် အတာမဝခဲ့။ ကုလား ဆိုင်မှ ထမင်း နှစ်ပြားဖိုးဆိုလျှင် တစ်ခါတစ်ရံ သူ ကုန်အောင်ပင် မစားနိုင်။ အတော်ကလေး များများရ ၏။ အမဲသားဟင်းနှစ်ပြားဖိုးသည်လည်း မပုလေးဆိုင်မှ တစ်ပဲဖိုးနှင့် တန်းတူလောက်ရ၏။ ကုလားဆိုင် မှ ဆန်ညံ့၍ အမဲသားကလည်း အရွတ်များသည်ကို အတာ မစဉ်းစား။ သူ့အဖို့ ဈေးပေါပေါနှင့် ဝဝစားရ သည် သာ အဓိကဖြစ်၏။
တတိယနေ့မှစ၍ အတာသည် ဟင်းပြေား၍စားခဲ့၏။ ထမင်းတစ်ပဲနှင့် ချဉ်ပေါင်ကြော်နှစ်ပြားဖိုးသည် ထမင်းနှစ်ပြား အမဲနှပ်တစ်ပဲဖိုးထက်ပို၍ ဝ၏။ သို့သော် ချဉ်ပေါင်ကြော်နှင့် စားရသည်မှာ ခြောက်ကပ် ကပ်ရှိလှ၍ မျိုမကျနိုင်သဖြင့် ထိုနေ့က ဟင်းချိုနည်းနည်းတောင်း၍ သောက်ရ၏။ ဟင်းချိုမှာ တစ်ခါ ပြင် သုံးပဲ ဖိုးလောက် အနည်းဆုံးစားသူများကိုသာ ထည့်ပေးလေ့ရှိသောကြောင့် အတာလို ကလေး လည်းဖြစ်လျက် ခြောက်ပြားဖိုးမျှသာစားသူကို ဟင်းချိုပေးချင်ဟန် မတူ။
"ဟင်းချိုက အကားပေးတာမဟုတ်ဘူးကွဲ့" ဟူသော မှတ်ချက်ဖြင့် မလွှဲသာ ၍ ပေးရသကဲ့ သို့ လေးဇွန်း လောက်မျှသာ ထည့်ပေး၏။
ယနေ့သော် အတာသည် ဟင်းချိုမတောင်းတော့ဘဲ ထမင်းကို ချဉ်ပေါင်ကြော်ဖြင့် အားပါးတရနယ်ကာ ဟင်းချို အစား ရေတစ်ခွက်ဘေးတွင် ချ၍ ထိုညအဖို့ ညစာပြီးလိုက်ရတော့၏။
"ကျွန်တော် သွားတော့မယ်နော် မမ"
လက်ဆေးသုတ်သင်ပြီးသည်နှင့် အတာက သို့ နှုတ်ဆက်လိုက်သည်ကို "ထမင်းဖိုးကော"
ဆိုင်ရှင်မိန်းမပျိုက ဣနြေ္ဒတင်းတင်းနှင့် မေးလိုက်သောကြောင့် အတာတွင် ရှက်ကိုးရှက်ကန်းနှင့် တစ် မျက်နှာလုံး အမ်းထူသွားကာ ရုတ်တရက် အဘယ်ပုံဖြေရမည်ပင် မသိတော့သလို တွေသွားရှာ၏။ အတန်ကြာမှပင် နင်နေသောတံတွေးကို မျိုချလိုက်ရင်း "မေမေက သူပေးမယ်တဲ့"
"အင်း သူကတော့ အမြဲတမ်း ပါးစပ်ကပေးနေတာပဲ၊ ခု မင်းသုံးလေးရက် စားတဲ့ပိုက်ဆံကို တစ်ပြားမှ ရသေးတာ မဟုတ်ဘူး၊ အရင် သူတို့စားထားတဲ့ အကြွေးတွေလဲ"
"ဟဲ့ ဘာတုံး မြမြ"
သို့ ပြောနေသူ ဆိုင်ထိုင်မိန်းမပျို၏စကားမဆုံးမီပင် ခပ်လှမ်းလှမ်းရှိ အဒေါ်ကြီးတစ်ယောက်က ဤလို မေးလိုက်သောကြောင့်
"ဟုတ်ဘူး မေမေ၊ ဒီကောင်လေး ထမင်းလာစားပြီး ပိုက်ဆံလဲမပေးဘူး၊ မေမေပေးလိမ့်မယ် မေမေပေး လိမ့်မယ် နဲ့ အရင်ပိုက်ဆံတွေလဲ ခုထိမရသေးဘူး"
"အို သမီးရယ် သူက ကလေးပဲ၊ သူ့ပြောလို့ အပိုပေါ့၊ ကဲ အတာ သွား သွား၊ နောက်တစ်ခါ လာစား ရင် တော့ ပိုက်ဆံပါယူခဲ့နော်"
ထမင်းစားနေသူ လူလေးငါးယောက်ကလည်း ဝိုင်းကြည့်နေကြသောကြောင့် အတာတွင် မျက်နှာမထား တတ်အောင် ဖြစ်နေရှာ၏။ တစ်သက်နှင့်တစ်ကိုယ် မကြုံဖူးလောက်အောင်လည်း သူ အရှက်ကြီးရှက် သွားမိ၏။ သူ့မေမေအကြွေးထူသည်မှာ အတာ့အဖို့ ဆန်းလှသည်မဟုတ်။ လမ်းထဲရှိ ကျူလယာ ဆိုင်မှ ရေနံဆီကြွေး၊ ဆီကြွေး၊ ဆန်ကြွေးနှင့် အခြားသော ဒိုဘီကြွေးများပါ အတာအာ မကြာ ခဏ ပြော၍ တောင်းခိုင်းတတ်ကြ၏။
ဤလို အကြွေးကိစ္စများ အတာ့အဖို့ ရိုးနေသလောက် ယခုကဲ့သို့ ထမင်းကြွေးကိစ္စနှင့်ပတ်သက်၍ အပြောခံရသည်တွင်မူ အတာသည် မျက်နှာပင် မမော်ဝံ့လောက်အောင် ရှက်သွားရှာ၏။ မျက်ရည်စက် လက်နှင့် လမ်းထဲသို့ ပြန်ဝင်ခဲ့သော အတာလည်း ခါတိုင်းကဲ့သို့ တအောင့်တနားထိုင်၍ သူ့ မမသက် တို့ နှင့်ပင် ထိုထိုဤဤ မပြောနိုင်တော့ဘဲ အထပ်ခိုးပေါ် ပြေးတက်ခေါင်းအုံးထက်တွင် မျက်နှာမြုပ်၍ တရှုံ့ရှုံ့ဖြစ်နေရှာတော့၏။
"သွာ မပုလေး ဆိုင် မှာ သွားစားချည်၊ ပိုက်ဆံ ငါပေးလိမ့်မယ်လို့ပြော"
ဤလို လွယ်လွယ်ကလေး ညွှန်ကြား အစားခိုင်းပြီး ပိုက်ဆံကိုမူ မပေးဘဲ ထားတတ်သော မသိန်းမေ ကား အဘယ် ဆီသို့ ရောက်နေသည်မသိ။
မသိန်းမေက ၁၀ ရက်နေ့တွင် ကျောင်းလခပေးမည်ဟု ပြောခဲ့သည့်နေ့မှစ၍ အတာ သည် ပြက္ခဒိန်ကို နေ့စဉ်ကြည့်၏။ ထိုနေ့မှ ၈ ရက်နေ့ သောကြာဖြစ်သောကြောင့် မသိန်းမေပြောသော ၁၀ ရက် သည် ကျောင်းပိတ်ရက်ဖြစ်သည့် တနင်္ဂနွေနေ့နှင့် ဆုံနေသောကြောင့် ကျောင်းလခကို ယနေ့ ပင် တောင်းရ ကောင်းလေမည်လားဟု စဉ်းစားနေမိ၏။
သို့သော် သူ မတောင်းဝံ့။ နက်ဖြန် စနေနေ့၊ သူ့မေမေ မြင်းပွဲသွားမည်ဖြစ်ရာ သူ့တွင် စောင့်စည်းရမည့် ဝတ္တရားက ရှိနေ၏။ ထိုဝတ္တရားသည်ကား အခြားမဟုတ်။ စနေနေ့တိုင်း သူ့ေ မမေ မြင်းပွဲသွားတတ် သောကြောင့် ထိုနေ့နံနက်တွင် ထမင်းဖိုးကို ပေးမှယူရ၏။ သတိမေ့၍ မပေးခဲ့စေကာမူ ဈေးသို့လိုက်၍ မတောင်းရ။
မြင်းပွဲသွားမည့်နေ့တွင်ဖြစ်သောကြောင့် ပိုက်ဆံတောင်းခြင်းသည် လာဘ်မကောင်းဟု မသိန်းမေက ယူဆ၏။ ဝါတွင်း၌ အတာတို့ကျောင်းသည် တနင်္ဂနွေနှင့် ဥပုသ်နေ့တွင် ကျောင်းပိတ်လေ့ ရှိသည်ဖြစ်ရာ စနေနေ့တွင် ကျောင်းသွားရမည့်နေ့နှင့် ကြုံစေကာမူ ကျောင်းသွားရမည့်နေ့တွင် စနေ့နေ့ နှင့် ကြုံသော်လည်း ထိုနေ့သည် မသိန်းမေ မြင်းပွဲသွားမည့်နေ့ဖြစ်သည့်အတိုင်း ကျောင်းမုန့်ဖိုးကိုပင် ပေးမှ ယူရ၏။ လိုက်မတောင်းရ။
တစ်ကြိမ်သော စနေနေ့ကမူ အတာသည် သူ့တွင် ပိုက်ဆံစုပြီးသားလည်းမရှိ၊ ခဲတံကလည်း ကုန်နေ သောကြောင့် မသိန်းမေ မုန့်ဖိုးမပေးဘဲ ဆင်းသွားမည်ကို စိုးရိမ်ပြီး ကြိုကြိုတင်တင်ကလေးပင်
"ဒီနေ့ ကျောင်းမပိတ်ဘူ မေမေ"ဟု သွယ်ဝိုက်သောနည်းဖြင့် သတိပေးလိုက်မိ၏။
စနေနေ့ဖြစ်သည့်အတိုင်း မုန့်ဖိုးအဖြစ် တိုက်ရိုက်တောင်းလျှင် မရသည်သာမက အကန်အကျောက်ပင် ခံရတတ်သောကြောင့် သို့ကလို ပရိယာယ်ကလေးဖြင့် ပြောလိုက်သည့်တိုင်အောင် အတာကလေး မသက်သာ
"မြင်းပွဲသွားမယ့်နေ့မှာ ပိုက်ဆံမတောင်းရဘူးဆိုတာ သိရက်သားနဲ့ ဟင်း၊ လက်မလောက်ရှိသေးတယ်၊ ပရိယာယ်တွေ မာယာတွေနဲ့ ဉာဏ်များချင်တဲ့ အကောင်၊ လာစမ်း ဒီနားကို"
နားရင်းတွင် ထူပူသွားသည်အထိ ဘယ်ပြန်ညာပြန် အရိုက်အနှက်ခံရဖူးသည်ကို အတာ မမေ့နိုင်။ ထို့ ကြောင့် စနေနေ့ဆိုလျှင် အထူး သတိထားရ၏။ မသိန်းမေသည် လူတစ်မျိုးလိုဖြစ်နေသည့်အတိုင်း တစ်ခါ တစ်ရံ သောကြာနေ့၌ပင်ဖြစ်စေ ပင်းမင်းဆိုင်က အကြွေးတောင်းခြင်း ပြောမိလျှင်ပင်
"နက်ဖြန် မြင်းပွဲသွားမဲ့နေ့ဆိုတာ နင် မသိဘူးလား ဟင်၊ အမျိုးယုတ်ကလေး"
ဆက်ရန်
.

No comments:
Post a Comment