Saturday, March 24, 2012

သာဓု ၏ အတာ, အပိုင်း (၁၆)

(နားရင်းတွင် ထူပူသွားသည်အထိ ဘယ်ပြန်ညာပြန် အရိုက်အနှက်ခံရဖူးသည်ကို အတာ မမေ့နိုင်။ ထို့ ကြောင့် စနေနေ့ဆိုလျှင် အထူး သတိထားရ၏။ မသိန်းမေသည် လူတစ်မျိုး လိုဖြစ်နေသည့် အတိုင်း တစ်ခါ တစ်ရံ သောကြာနေ့၌ပင်ဖြစ်စေ ပင်းမင်းဆိုင်က အကြွေးတောင်းခြင်း ပြောမိလျှင်ပင်
"နက်ဖြန် မြင်းပွဲသွားမဲ့နေ့ဆိုတာ နင် မသိဘူးလား ဟင်၊ အမျိုးယုတ်ကလေး") ကို ဆက်ဖတ် ရန်...


ဤသို့လည်း မေးမေးပြောပြောူနှင့် အတာ့ ကျောနုနုကို တအုန်းအုန်းထုတတ်သေး၏။ ထို့ ကြောင့်လည်း အတာ သည် သောကြာနေ့ကိုပင် မသိန်းမေ မြင်းပွဲသွားမည့် အကြိုနေ့အဖြစ် အပြောအဆို အထူးဆင်ခြင် ရ၏။
သို့ တွေးမမိသည့်အတိုင်းလည်း အတာသည် ကျောင်းလခကိစ္စ အကြံအစည်ကို ချက်ချင်းပင် ရုပ်သိမ်းလိုက်မိတော့၏။ သို့သော် မုန့်ဖိုးမရသေးသည့် ကိစ္စက ရှိနေသေးသည်နှင့် အတာ လည်း ခုနစ်နာရီခွဲလောက်တွင် အိမ်မှထွက်၍ ဈေးသို့ လျှောက်လာခဲ့။
လွန်ခဲ့သော တနင်္လာကနည်းတူပင် မသိန်းမေကို မတွေ့ရ။ သူ့ဆိုင်နေရာတွင် အညာစောင် တစ်ထည်ဖြင့် လွှမးအုပ်ထားသော သန့်စင်ပန်းများ ထည့်ထားသည့် ဗန်းကိုသာ မြင်ရသဖြင့် အတာလည်း အနီးရှိ လိပ်ခွံဘီးသည် တစ်ဦးအားမေးရတော့၏။

“နင့်အမေလား အတာ၊ အေး အခုပဲ လန်ခြားကုလာတစ်ယောက် ကားတိုက်ခံရလို့ ဆေးရုံသွား ပို့လေရဲ့“
ဤစကား ကြား လိုက်ရသည်နှင့် အတာတွင် စိတ်ပျက်လက်ပျက်နှင့် ကျောင်းသွာရန် ကိစ္စ အနှောင့် အယှက် ဖြစ်ရပြန်တော့၏။
မသိန်းမေသည် အတာ့အပေါ်၌ အတော်ဆိုး၏။ ဆိုးသည်မှာ သာမာန်ဆိုးပုံမျိုးမဟုတ်။ “တုတ် သည် မောင်ဘကို ရိုက်သည်“ ဟူသော ဝါကျကဲ့သို့ ဘာမျှ အဓိပါယ်ဆက်စပ်၍ မရလောက် အောင်ပင် မိဘဝတ္တရား ခေါင်းပါးစွာဆိုးခဲ့။
သို့သော် မသိန်းမေသည် အိမ်ကို အိမ်နှင့်တူအောင် သပ်သပ်ရပ်ရပ် နှင့် နေချင်စဖွယ် မထား တတ်စေကာမူ ဘုရားပန်းကိုကား အနွမ်းမခံဘဲ အမြဲတမ်း အသစ်လဲလေလေ့ရှိသည့် နည်းတူပင် သူ့၌ အခြားသော ချီးကျူးဖွယ်ရာကလေးလည်း ရှိချေသေး၏။

မသိန်းမေသည် အတာနှင့် ကိုထွန်းအောင်အပေါ်၌ ဆိုးသလောက် အခြားသောသူများအဖို့ တွင် အလွန်ကောင်းသော မိတ်ဆွေတစ်ယောက်ကဲ့သို့ အားကိုးရသူဖြစ်၏။ လူတစ်ဖက်သား ဒုက္ခရောက်လျှင် ကူညီတတ်၏။ တစ်ဦးတစ်ယောက်က တစ်စုံတစ်ဦးကို အနိုင်ကျင့်လျှင် အနိုင်ကျင့်ခံသူဘက်မှ ကူညီ ကာကွယ်လေ့ရှိ၏။ ယခု လန်ခြားကုလားတစ်ယောက် ကားတိုက် ခံရ၍ ဆေးရုံပို့လိုက်သည်ဆိုသည်မှာ အတာ့အဖို့ မဆန်းတော့ပေ။ ဤလို တစ်ဦးတစ်ယောက် ဒုက္ခနှင့်တွေ့နေ လျှင် မသိန်မေ ဤအတိုင်း ကူညီအကျိုးဆောင်တတ်သည်မှာ မသိန်းမေ၏ ဝါဒပငါ ဖြစ်သည်ကို အတာ သိ၏။ ထိုကဲ့သို့သော ကိစ္စမျိုါ်နှင့်ကြုံ၍ မသိန်းမေက ကိုယ်ထိ လက်ရောက် လိုက်ပါကူညီဆောင်ရွက်ပြီဆိုလျှင်လည်း အစအဆုံး ဆောင်ရွက်ပြီးစီးမှ ပြန်လာ တတ်သည်ဖြစ်သောကြောင့် အတာတွင် သူ့ကိုစောင့်ရအခက် မစောင့်ရ အခက်နှင့် စိတ်ပျက် သလို ရတက်ကလေး ပွေနေရှာတော့၏။

“နင့်အမေကတော့ ဒီအတိုင်ပဲ အတာ၊ ဘယ်လိုမှ ပြောလို့မရဘူး၊ ကိုယ်နဲ့မဆိုင်ဘဲနဲ့ ကိုယ့် အလုပ်ပျက်ခံပြီး ဒီလို သွားသွားနေတာ ဘယ်လိုဝါသနာလဲ မပြောတတ်ဘူး“
ခွေးခြေကလေးတစ်ခုတွင် ထိုင်၍ အငိုင်သားစောင့်နေသူ အတာကလေးအား လိပ်ခွံဘီးသည် က ပြောလိုက်ပြန်သဖြင့်
“ဟုတ်ပါရဲ့“ဟု အတာလည်း စိတ်ထဲမှာ ရေရွတ်မိပြီးမှ သူ တစ်စုံတစ်ရာကို သတိရလာ၏။

“မင်းတို့တစ်တွေ ကျောင်းကို လာတဲ့အခါမှာဖြစ်စေ၊ အိမ်ပြန်တဲ့အချန်မှာဖြစ်စေ ဘယ်လို အခါမျိုး မှာပဲဖြစ်ဖြစ် လူတစ်ဦးတစ်ယောက်မှာ အကူအညီလိုနေတာတွေ့ရင် အမြဲကူညီရမယ်၊ ဥပမာ ဈေးသည်တစ်ယောက်ဟာ သူ့ဈေးဗန်းကို မနိုင့်တနိုင် မနေတယ်ဆိုပါတော့ အဲ့သလို အခါမှာ ဝင်ပြီး ကူညီ ရမယ်၊ ဝိုင်းပင့်ပေးရမယ်၊ ပင့်ပေးတယ်ဆိုတာ သိကြသလား၊ ပင့်တယ် ဆိုတာ မပေးတာ ကို ခေါ်တယ်၊ နောက်ပြီး အဘိုးအို အဘွားအိုတို့ မျက်စိမမြင်တဲ့လူတို့ ချာချာ ဖြစ်နေရင် သူတို့ လမ်းဖြတ်မကူတတ်ဘူသးဆိုတာ နားလည်ရမယ်၊ အဲဒီအခါမှာ မင်းတို့က တတ်နိုင်သလောက် ကူညီရမယ်၊ မင်တို့က လမ်းဖြတ်ကူးတတ်ရင် မကူးတတ်တဲ့လူကို လက်တွဲပြီး လိုက်ပို့ပေးရမယ်၊ လူတစ်ဦးတစ်ယောက် မတော်တဆ ချော်လဲတာတွေ့ရင် ချက် ချင်း ဝိုင်းထူပေးရမယ်၊ ဖုတ်တွေ ဘာတွေပေရင် ခါပေးရမယ်၊ လူတစ်ယောက် ချော်လဲတာမြင် ရင် ဘယ်တော့မှ မရယ်ရဘူး၊ ကိုယ် မတော်တဆ လဲကျလို့ သူများတွေက ဝိုင်းရယ်ရင် ရှက် တယ်မဟုတ်လား၊ အဲသလိုပဲ သူများချော်လဲ ရင်ဖြစ်စေ၊ ခလုတ်တိုက်မိရင် ဖြစ်စေ၊ ဘယ်တော့ မှ မရယ်ရဘူး၊ ရယ်တဲ့လူဟာ လူလိမ္မာ မဟုတ်ဘူး၊ လူလိမ္မာ မဟုတ်ရင် ဘာလဲ သိကြလား“

“လူမိုက်ပါ မမ“
“အေး မှတ်ထားကြ၊ ခုန မမပြောတာမျိုးတွေ လူတစ်ဦးတစ်ယောက် အကူအညီလိုနေတာမျိုး တွေ မြင်ရင် ကိုယ်နဲ့ မဆိုင်ဘူး လို့ သဘောမထားရဘူး“
သို့လျှင် အခါအားလျော်စွာ ဆရာမက သင်ကြားဆုံးမ သြဝါဒပေးခဲ့ဖူးသည်ကို အတာ သတိရ လာ၏။ ထို့ကြောင့်လည်း “ကိုယ်နဲ့လဲမဆိုင်ဘဲနဲ့“ဟူသော လိပ်ခွံဘီးသည်အဒေါ်ကြီး၏ စကား ကို အတာသည် မကျေမနပ် ဖြစ်သွားမိ၏။
“တကယ်လို့ မေမေသာ လန်ခြားကုလားကြီးကို ဆေးရုံမပို့ရင် သေသွားမှာပေါ့“
မုန့်ဖိုးအတွက် ရတတ်မအေးနိုင်သော အတာလည်း ရုတ်ခြည်းပင် လူတစ်ဖက်သားအား ကူညီ တတ်သည့် သူ့မေမေ အပြုအမူကို သဘောကျသလို ပြုံးမိ၏။ သို့နှင့် ရှဏ်နာရီခွဲလျှင် ခွဲချင်း လန်ခြားတစ်စီးနှင့် မသိန်းမေ ရောက်လာသည်ကို တွေ့ရသည်နှင့် အတာလည်း ကြောက်ရ လန့်ရမည်ကိုပင် သတိ မရနိုင်တော့ဘဲ မသိန်းမေဆီသို့ အပြေးကလေး လှမ်းသွားကာ
“လန်ခြားကုလားကြီး သေဘူးဟုတ်လား မေမေ“ဟု စိုးရိမ်တကြီးဆီး၍ မေးလိုက်၏။

“ဒါ နင့်အရာလား“
ဤလိုစကားမျိုးဖြင့် ယခင့်ယခင် အခါများကဲ့သို့ မျက်နှာထား သုန်သုန်မှုန်မှုန်နှင့် ငေါက်လား ငမ်းလား မလုပ်ဘဲ ခပ်ပြုံးပြုံး အမူအရာနှင့်ပင်
“မသေပါဘူး“ ဟု ကြည်ကြည်လင်လင် ပြန်ဖြေလိုက်ပြီးမှ အနီးရှိ ရောင်းဖော်ရောင်းဖက် များဆီသို့ မျက်လုံး ကစားရင်း
“ဒဏ်ရာက အတော်ကြီးတယ်ရှင့်၊ ကျွန်မ သွားပို့ပေးလို့ သာပေါ့ ဆေးရုံကား ကို သာ စောင့် နေရင် သွေးလွန်တာနဲ့ ကုလားသေမှာပဲ၊ ဒါတောင် ခုထက်ထိ စကားမေး မရဘူး“
လူတစ်ဦးတစ်ယောက် အသက်ကို အောင်မြင်ထမြောက်စွာ ကယ်ဆယ်သည်နှင့်တန်းတူ ကူညီခဲ့ရသဖြင့် မသိန်းမေတွင် အတော်ကလေး ရွှင်နေ၏။ အတာအားလည်း ယခင်ကလို မှင် သေသေ မျက်နှာထား ကြီးဖြင့် မကြည့်တော့။

“ရော့ ကျောင်းသွားတော့“ ဟူသော  ချိုအေးသည့် အသံနှင့်အတူ အတာ့လက်ထဲသို့ မူးစေ့ ကလေးထည့်ပေးလိုက်၏။
အတာလည်း သူ ရနေကျမှာ ခြောက်ပြားမျှသာဖြစ်သောကြောင့် မူးစေ့ကို အမ်းရန်ဟူသော ရည်ရွယ် ချက်ဖြင့် မလှမ်မကမ်းရှိ ကွမ်းယာဗန်းကလေး လွယ်ထားသော ကုလားရှေ့တွင် ရပ် လိုက်သည်နှင့်  “အတာ မအမ်းနဲ့တော့လေ၊ အားလုံး ယူသွားတော့“

သူတစ်ထူးအတွက် ရက်ရက်ရောရော အကျိုးဆောင်ခဲ့ရသဖြင့် ခံစားနေရသော မသိန်းမေ၏။ ကြည်နူးမှုသည် အတာသို့ပင် ကူးစက်သွားတော့၏။ ယနေ့သည် အတာကလေးအဖို့ ကံကောင်းသောနေ့ဖြစ်၏။ မုန့်ဖိုးကို လွယ်လွယ်ကူကူသာ မဟုတ်ဘဲ နှစ်ပြားပင် အပိုရခဲ့သေး သည်ဖြစ်ရာ သူ့တစ်မျက်နှာလုံးမှာလည်း ကျောင်းရောက်သည်အထိ တပြုံးပြုံး ဖြစ်နေတော့၏။
ယခု တလောအတွင်း၌ အတာသည် နံနက်မုန့်ဖိုးကိုလည်း မှန်မှန်မရ။ ညစာအတွက်လည်း မပုလေး ဆိုင်တွင်သာ စားနေရသောကြောင့် သူ့တွင် စုမိသည်ဟူ၍ မရှိခဲ့။ ယနေ့မူ သူ၏ မေမေစိတ်လိုလက်ရ တစ်မူးလုံး ပေးလိုက်သခြင့် အားလုံးကိုပင် စုတော့မည်ဟု အတာ ဆုံး ဖြတ်ချက်ချလိုက်၏။ ယနေ့အဖို့တ၌ အတာသည်ပင် ပါတာနီသည်ကုလားလည်း ဈေးရောင်း ရန်အလာ ကျောင်းဝင်းတံခါးဝတွင် ဆုံမိသွားကြ။

ပါတာနီကုလားလည်း အတာအား မြင်သည်နှင့် အတာ့လွယ်အိတ်ကလေးကို လှမ်းပုတ်ရင်း ရယ်ပြသွားသဖြင့် အတာကလည်း ချစ်စဖွယ်ကလေး ပြုံးလိုက်၏။ နောက် အတန်းထဲရောက် ၍ လွယ်အိတ် ကို ပခုံးမှ ဖြုတ်ပြီး ခုံထဲထည့်မည်အလုပ်တွင်မှ လွယ်အိတ်ထဲတွင် ခိုးလိုးခုလု ဖြစ်နေသည်ကို သတိထား မိသည်နှင့် အတာလည်း လွယ်အိတ်နှုတ်ခမ်းဝကလေး ဟ၍ ကြည့် လိုက်မိ၏။ ချက်ချင်းပင် ထိုးခိုးလိုးခုလု ဖြစ်နေသော အရာဝတ္ထုကို ဆွဲထုတ်ဖြေကြည့်လိုက် သည်၌ စက္ကူကတော့ကလေးဖြင့် အပြည့်အကျပ် ထည့်ထားသော မြေပဲလှော်ထုပ်ကလေး ဖြစ် နေသည်ကို တွေ့ရ၏။
စောစောက ပါတာနီကုလား လွယ်အိတ်ကို ပုတ်သွားသည်ဟု အထင်ရှိခဲ့သည်မှာ လွယ်အိတ်ကို ပုတ်ခြင်းမဟုတ်ဘဲ မြေပဲလှော်ထုပ်ကလေး ထည့်သွားခြင်းဖြစ်သည်ကို ယခုမှ သိလိုက်ရတော့၏။ နံနက် အိပ်ရာ မှ နိုးကတည်းက ဘာမှ မစားရသေးသော အတာသည် မုန့်ဖိုးရခဲ့သော်လည်း မူးစေ့ ပျက်မည်စိုး၍ မစားတော့ ဟု ဆုံးဖြတ်ကာ အငတ်ခံရတော့မည် ကြံခဲ့ရာမှ ယခုကဲ့သို့ စားရကံကြုံလိုက်ရသဖြင့် အတာ လည်း အနင့်သား ပျော်သွားရှာတော့၏။

နေ့လယ် မုန့်စားလွှတ်သော အချိန်တွင်လည်း မမှန်သေး။
“ကဲ အတာရေ ရော့၊ ဟာဒီပေါင်မုန့်ထောပတ်သုတ် နှစ်ခုကို မင်းပဲစားလိုက်တော့ နော်၊ မမဖို့ လက်ဖက်သုပ် ပဲမှာပေး ဟုတ်လား၊ ကြက်သွန်ဖြူလေးတော့ မမေ့နဲ့ဟေ့“
နေ့လယ်ဘက်တွင်လည်း အတာသည် လျှာကလေးမြက်သွားသေး၏။ ပေါင်မုန့်သာမက ပိုသော ကော်ဖီတစ်ခွက်ကိုလည်း ပေါင်းမုန့်နှင့် မိတ်ဖက်၍ ဆိမ့်သက်သက်ကလေး သောက် လိုက်ရ၏။ ဆရာမ စားသောက်၍အပြီး လက်ဖက်သုပ်သည်ထံ ပန်းကန်များသွားအပို့တွင် လည်း “မင်း ငါ့သားလေး ပဲ ဖြစ်လိုက်ပါတော့“ ဟု အမြဲတမ်း ပြောလေ့ရှိသော အဆိုပါ လက်ဖက်သုပ်သည်က အတာ့ လက်တစ်ဖက်ကို ဆုပ်ဆွဲထားပြီး ပဲလုံးကြော်နှစ်ခုကို ပါးစပ်ထဲ အတင်းသွတ်၍ မစားမနေရ ခွံ့ လိုက်ပြန်သောကြောင့် ထိုနေ့အဖို့ အတာ့ကံကလေးမှာ ညွန့် သည်ထက် ညွန့်သွားပြန်တော့၏။

ညနေဘက်တွင် ကျောင်းလွှတ်ခေါင်းလောင်းတီး၍ လေးမိနစ်သာသာပင် ကျော်လွန်ခဲ့ပြီ ဖြစ် သောကြောင့် သူ၏ ဆရာမသည် အိမ်ပြန်ရန်အတွက် ဘာမှပြင်ပြင်ဆင်ဆင် မရှိသေးဘဲ စားပွဲတွင် ထိုင်မြဲ ထိုင်နေသောကြောင့် ကားဆိပ်အထိ လိုက်ပို့ရမည့်တာဝန် ရှိနေသေးသည့် အတာတွင်လည်း သူ့ခုံတွင်ပင် ထိုင်၍ ဆရာမ အရိပ်အကဲကို ကြည့်နေရရှာ၏။
ခါတိုင်းဆိုလျှင် ၃ နာရီခွဲရန် ၅မိနစ်အလိုလောက်ကစ၍ ဆရာမသည် လွယ်အိတ်၊ ကော်ဖီဘူး၊ ထီး စသည်တို့ကို အရံသင့် ပြင်ထားတတ်ပြီး ခေါင်းလောင်းထိုး၍ ကလေးများကုန်သည်နှင့် သူပါ ထွက်လေ့ ရှိခဲ့ပါလျက် ယနေ့မူ အဘယ့်ကြောင့် သူ့ဆရာမ ထိုင်ရာမှမထသေးသည်ကို အတာတွေးရ ကြပ်နေ၏။

“အတာရေ ခဏနေဦးနော်၊ မမ မိတ်ဆွေတစ်ယောက်နဲ့ ချိန်းထားလို့ သူလာမှ သွားကြရ အောင်“
“ဟုတ်ကဲ့ မမ“
သူ့ ဆရာမ မထသေးသည်မှာ “ဒါကြောင့်ကိုး“ ဟု ယခုမှ အတာရှင်းသွား၏။
အတာလည်း တောင်ငေးမြောက်ငေးနှင့် ငေးနေမိရာမှ စာအုပ်တစ်အုပ်ကို ဆွဲထုတ်ကာ ပါးစပ် တလှုပ်လှုပ် နှုတ်ခမ်းတရွရွဖြင့် တစ်ရွက်ပြီးတစ်ရွက်လှန်လှော ဖတ်ရှု့နေ၏။ စာအုပ်ကို သူ့ခုံ ပေါ်တင်၍ ဖတ်နေရာ မှ ရုတ်တရက် သူ့ကိုယ်လေးကို နောက်သို့မှီရင်း စာအုပ်ကြားထဲမှ စာရွက်ခေါက် ကလေးတစ်ခု သည် သူ့ပေါင်ပေါ်သို့ ကျသွား။
အတာလည်း ထိုစာရွက်ခေါက်ကလေးကို ပျာပျာသလဲ ကောက်ကာ “ဘာပါလိမ့်“ ဟူသော အမူအရာဖြင့် ဖြန့်၍ ကြည့်နေမိပြီးမှ နောက် အားပါးတရကလေး ရယ်လိုက်၏။
အတန်း ထဲတွင် သူတို့နှစ်ယောက်မှ လွဲ၍ အခြား မည်သူမျှမရှိ။ ဆရာမတွင်လည်း ချိန်းထား သည် ဆိုသော မိတ်ဆွေကို စောင့်ရင်း ပျင်းနေဟန်တူ၏။ သို့နှင့် တစ်ခုတည်းသော အာရုံစိုက် စရာ ရှုခင်းအဖြစ် ဆရာမ သည် အတာကိုသာလျှင် စိုက်ကြည့်နေမိလျက် အတာ၏ လှုပ်ရှားမှု ကို အစမှအဆုံး တပြုံးပြုံးနှင့် အကဲခတ်နေမိ၏။

နောက်ဆုံး လှုပ်ရှားမှုဖြစ်သော စာကလေးတစ်စောင်ကို ဖတ်၍ သဘောကျနေသည့်အတာ့ အမူအရာကို ဆရာမသည် မသင်္ကာအသွင်ဖြင့် ပြုံးရွင်နေရာမှ မှင်သေသေ မျက်နှာထားသို့ ပြောင်းလိုက်ပြီး
“အတာ လာဦး ခဏ“
သို့ ခေါ်လိုက်သော ဆရာမအသံကြားသည်နှင့် အတာလည်း စာရွက်ကလေးကို စာအုပ်ကြား တွင်ပင် ပြန်၍ ညှပ်ပြီး အထလိုက်တွင်
“ခုန မင်းဖတ်နေတဲ့ စာပါယူခဲ့“
ဆရာမသည် ကလေးကျောင်းသားနှင့် လားလားမျှမဆိုင်သင့်သော စာများဖြစ်နေလေမည် ဟူသည့် သံသယမျက်နှာထားဖြင့် ပြောလိုက်သောကြောင့် အတာလည်း ထိုးစာရွက်ခေါက် ကလေးကိုပါ စာအုပ်ကြေားမှ ယူ၍ သုတ်သုတ်ကလေး လှမ်းလာခဲ့၏။

“အဲဒါ ဘာစာလဲ“
“မဟုတ်ပါဘူး၊ ဟို“
သို့ပြောရင်း၊ အထစ်ထစ် အငေါ့ငေါ့ဖြင့် မသိမသာ မျက်နှာကလေးပျက်နေသောကြောင့်
“ပေး မမကို ပြေစမ်း“ ဟု ဆရာမလည်း အတာ့ဆီသို့ လက်ဖြန့်၍ တောင်းလိုက်သောကြောင့် အတာတွင် မငြင်းသား မပယ်သာတော့ဘဲ စာရွက်ခေါက်ကလးကို လှမ်းပေးလိုက်ရတော့၏။
စာရွက်မှာ ကျောင်းသုံးကော်ပီ စာအုပ်ထဲမှ ဆုတ်၍ ခဲတံဖြင့် ရေးသားထားသော စာဖြစ်လျက် စာမှ နည်းနည်းနှင့်ကျဲကျဲ ရေးထားသည်ကို တွေ့ရ၏။ လက်ရေးမှာလည်း အရေး တကြီး သော့ရေးထားဟန်ရှိသဖြင့် ဆရာမတွင် တစ်လုံးချင်း ဂရုစိုက်၍ ဖတ်နေရ၏။ သုံးလေးကြောင်း မျှသာ စာ ကို ဖတ်၍ဆုံးသည်နှင့် ဆရာမလည်း သိသိသာသာကြီး ပြုံးလာ၏။
“ဒါက ဘာလုပ်တာတုံး အတာ“ဟု ဆရာမက အတာအား သူ့အနီးသို့ ဆွဲယူရင်း  မေးလိုက် သည်နှင့် အတာ တွင် ရှက်အမ်းအမ်း အမူအရာကလေးဖြင့် မဝံ့တဝံ့ ပြုံးတဲ့ပြီးမှ
“ဟို တန်ဆောင်တိုင်ပွဲတော် တုန်းက ကျွန်တော်တို့ လမ်းထဲမှာ အငြိမ့်ခံတယ်ခင်ဗျ“

“အင်း ဘာအတွက်တဲ့လဲကွဲ့၊ မင်္ဂလာဆောင်လား အလှူလား၊ ဘာအငြိမ့်လဲ“
ဆရာမလည်း လိုက်လိုက်လျောလျော အမူအရာဖြင့် အတာ၏ ပုခုံးကလေးအပေါ် လက်တင် ထားရင်း သို့ မေးလိုက်သဖြင့်
“တရုတ်ဗုဒ္ဒဘာသာအသင်းက နှစ်တိုင်း ဒီလိုပဲ အငြိမ့်ခံတယ် မမ“
“သြသြ၊ ပွဲတော်အတွက် ဆိုပါတော့“
“ဟုတ်ကဲ့၊ အငြိမ့်က အိုင်စီအက်စ် မတင်ရွှေဆိုလား၊ ကျွန်တော်မေ့နေပြီ ခင်ဗျ လူပြက်တွေ တော့ သိတယ်၊ ဒန်ပေါက်နဲ့ ညပ်ကြီး“

“အေး၊ ပြောပါဦး၊ အဲဒီတော့“
ထိုအငြိမ့်ကသည့်နေ့က အတာသည် ထိုထွန်းအောင်၏ ဆုံးမစာအရ ညဥ့်နက်အောင် မကြည့် ဘဲ ပွဲဦးထွက် မင်းသမီးအသိမ်းတွင် အတာ အိမ်ပြန်အိပ်သည်ကို ဖော်ပြခဲ့ပြီး ဖြစ်၏။
 ထိုနေ့ကဆိုလျှင် သူ့မမသက်ကပါ အငြိမ့်ကြည့်ချင်သည်ဆို၍ အတာလည်း ရတတ်သမျှ သော ကုလားထိုင်နှင့် ခွေးခြေများကို သူကိုယ်တိုင်သယ်ပိုး၍ အကောင်းဆုံးနေရာတွင် အစီ အရီ ချထားခဲ့၏။
လက်ထောက် မင်းသမီး ထွက်လုလုအချိန် ရောက်သည်နှင့် မခင်သက်တို့ ညီအစ်မတစ်စု အပြင် ပွဲကတော်ကြီး သမီးနှစ်ယောက် ပါ ပွဲခင်းရှိ အတာယူထားသော နေရာသို့ ရောက်လာ ကြ၏။

ဆက်ရန်
.

No comments: