("အတာ မင်း ဘာလို့ ငိုလာတာလဲ ဟင်၊ မသိန်းမေ ရိုက်လို့လား"
သို့ ကိုထွန်းအောင်က လက်မောင်းတစ်ဖက်ကို လှမ်းဆွဲထားရင်း မေးလိုက်မှပင် အတာမှာ ပို၍ ဝမ်းနည်း သွားသလို ရှိုက်ကြီးတငင် ဖြစ်လာတော့၏။) ကို ဆက်ဖတ်ရန်..............
"ပြောလေ ဘာဖြစ်လို့လဲ မင့်အမေ ရိုက်သလား"
အတာ က ခေါင်းကို သွက်သွက်ကလေး ခါပြလိုက်၏။
"နို့ ဘာကြောင့် ငိုလာတာလဲ"
"ဗိုက် ဗိုက်နာလို့ပါ"
သို့ပြောရင်းပင် အတာသည် ကိုထွန်းအောင် လက်ထဲမှ အားကလေးစိုက်၍ ရုန်းနေ၏။ နောက်ထပ်မေး ၍ လည်း ရတော့မည်မဟုတ်ဟု တွေးမိ၍လားမသိ၊ ကိုထွန်းအောင်လည်း အတာအား အလိုက်သင့်ပင် လွှတ် ပေးလိုက်၏။
ထိုအချိန်က ကိုထွန်းအောင်လည်း ဆပ်ပြာကိုင်စသာ ရှိသေး၏။ လောလောဆယ် ကြုံလိုက်ရသော အဖြစ် ကြောင့် ရင်နင့်သွား၍လော မပြောတတ် ရေကိုပင် အဆုံးသတ်အောင် မချိုးတော့ဘဲ ဆပ်ပြာတုံး ကို ဆတ်ခနဲ ပစ်ချထား ပျာပျာသလဲ ပြန်တက်လာခဲ့၏။
ကိုထွန်းအောင် တက်လာချိန်၌ မသိန်းမေတွင် ဆိုင်ထွက်ရန် ဖြီးလိမ်းပြင်ဆင်ပြီးနေပြီဖြစ်၏။ သကြား ကလေး ဖြူးထားသော နံပြားထောပတ်သုတ် နှင့် လက်ဖက်ရည်သည်လည်း အသင့်ရှိနေလျက်
"ကဲ လာ ကိုထွန်းအောင်"ဟု လှမ်းခေါ်လိုက်သည် နှင့် "ခင်ဗျား ကောင်လေးကို ဘာလုပ်လိုက်ပြန်တာလဲ မသိန်းမေ"
ထိုမေးခွန်းမှာ အသံအနေဖြင့် ထွက်မလာ၊ ကိုထွန်းအောင်၏ လည်ချောင်းထဲတွင်ပင် တိမ်မြုပ်ပျောက် ကွယ်သွားသည်သာဖြစ်၏။ မေးသော်က မေးလိုက်ချင်လှ၏။ သို့သော် မေး၍မဖြစ်။ အကယ်တိ အတာ ငိုသွားသည်မှာ အရိုက်ခံရ၍ဟု မှန်ခဲ့လျှင် အရေးမကြီး၊ အခြား ဝမ်းနည်းဖွယ်ရာသော အကြောင်းတစ်ခု ခုကြောင့် ငိုခြင်းဖြစ်မူ မသိန်းမေက "မရိုက်ဘဲနှင့် ငိုရကောင်းလား"ဟု အပြစ်ဖို့၍ ရိုက်ချေဦးမည်။ သို့ မဟုတ် အဘယ့်ကြောင့် ငိုသည် ကို မရမကမေး၍လည်း ရိုက်ချင်ရိုက်နေပေမည်။
ဤသည်ကို တွေးမိသောကြောင့်ပင် ကိုထွန်းအောင်လည်း ဘာမျှမေးလားမြန်းလား မလုပ်တော့ဘဲ လက်ဖက်ရည် နှင့် မုန့် ကိုပင် စားချင်စိတ်မရှိတော့ပါပဲလျက်
"ဒါက ဘာဖြစ်ရပြန်တာလဲ" ဟူသော မသိန်းမေ၏ခုနစ်အိမ်ကျော်က ကြားရမည့်အသံမျိုးဖြင့် အော် လိုက်မည် ကို လန့်၍သာ ခပ်သုတ်သုတ်စား၍ ထရပ်တဲ့ကာ
"ဒီမှာ မသိန်းမေ၊ ဒီနေ့ ကျုပ် ရုံးကို စောစောသွားရလိမ့်မယ်၊ အမှုသည်တစ်ယောက်နဲ့ချိန်းထားလို့ ကြားပေါက် ကလေး ဘာလေး အနည်းအကျဉ်းရမှာပဲ"
ဤလို ငွေရပေါက်မျိုးနှင့် အကြောင်းပြမှသာ ကိုထွန်းအောင်တွင် ရှောရှောရှူရှူ သွားခွင့်ရ၏။ သို့မ ဟုတ်ပါက "ဘယ်မယားငယ်နဲ့ ချိန်းထားပြန်ပလဲ"ဟူသော အပြောမျိုးဖြင့် စကားကြောရှည်နေဦးမည် ဖြစ် ၏။
အမှန်အားဖြင့် ကိုထွန်းအောင်သည် အတာနှင့်ပတ်သက်၍ စိတ်ထိခိုင်သွားသောကြောင့် မသိန်းမေ အား မကြည့်ချင် သလို အတာ အားလည်း မမြင်ရက်နိုင် ဖြစ်သွားသည့်အတိုင်း လွတ်ရာသို့ ထွက်သွား ခြင်း သည်သာ အကောင်းဆုံးဟု စိတ်ပိုင်းဖြတ်လိုက်ဟန်တူ၏။
သို့နှင့် အပေါ်အင်္ကျီဝတ်နေစဉ်မှာပင်
"ဘယ်ထွက်သွားပြန်မလဲ မသိဘူး၊ ဒီကောင်လေး"
"လာပါလိမ့်မယ်ဗျာ၊ အရမ်းကာရော အော်ခေါ်မနေပါနဲ့ဦး၊ ကောင်လေး ဗိုက်နာလို့တဲ့ အိမ်သာတက်နေ တယ်" "အင်း ခိုင်းမယ်မှမကြံရသေးဘူး၊ သေးပေါက်ရတာနဲ့ ချီးပါရတာနဲ့"
ကိုထွန်းအောင်တွင် ထိုစကားအတွက် အတော်ကလေး စိတ်ဆိုးသွားသည့်ပမာ အံတကြိတ်ကြိတ်ဖြင့် လှည့်ကြည့် နေပြီးမှ
"တယ်လဲ ခက်ပါလား မသိန်းမေ၊ ချီးက ပါတိုင်း ထွက်တာမဟုတ်ဘူးဗျ၊ ဘယ်သူက အိမ်သာနံ့ခံပြီး အလကား ထိုင်နေချင်မှာတုံး"
"ရှင် ဘာသိလဲ၊ ဒီကောင်လေး သောက်ကျင့်ကို မကောင်းဘူး"
မသိန်းမေက သူ နားလည်သောအသိဖြင့် မလျှော့တမ်း ပြောလိုက်ပြန်သောကြောင့်
"ကဲဗျာ ဒါတွေ ပြောမနေနဲ့တော့ အတာကို ဘာခိုင်းမလို့လဲ ပြော၊ ကျုပ်ပဲ လုပ်ပေးခဲ့မယ်"
"ရှင့်ဟာရှင် သွားမှာသာ သွားတော့၊ မနက်တိုင်း သေးအိုးသွန်ရတယ်ဆိုတာ သိရဲ့သားနဲ့ အိမ်သာသွား တာ တစ်ခါတည်း ယူမသွားလို့ မေးနေတာရှင့်"
ကိုထွန်းအောင် လည်း စိတ်မော်လူမောဖြစ်သွားကာ အတန်ကြာတွေနေမိပြီးမှ
"ကဲ ခင်ဗျားကော ဈေးသွားတော့မယ်မဟုတ်လား၊ လာလေ ကျုပ်နဲ့ပဲ လန်ခြားနဲ့လိုက်ခဲ့ပြီး ဈေးကြ တော့ ခင်ဗျား ဆင်းနေရစ်ပေါ့"
အတာ့အပေါ် ၌ မသိန်းမေ၏ ငြိုငြင်စကလေး ရှိနေသေးသည်နှင့်အမျှ ကိုထွန်းအောင်သည် အတာ့အ တွက် စိတ်မချနိုင်ဖြစ်နေသေး၏။ သို့အလျောက်လည်း မသိန်းမေအား တစ်ပါတည်းပါအောင် ပရိယာယ်ဖြင့် ခေါ်သည်ကို ကံအားလျော်စွာ မသိန်းမေက မငြင်းမပယ် အလွယ်နှင့်ထလိုက်သွားတော့ ၏။
ကိုထွန်းအောင်တို့ ဆင်းသွားကြသည့်အချိန်ထိ အတာသည် အိမ်သာထဲ၌ အူလှိုက်သည်းဖို ငို၍မဝနိုင် အောင် ရှိနေရှာသေး၏။
"ဟဲ့ အိမ်သာထဲမှာ ဘယ်သူလဲ"
ရုတ်တရက်သော် ထိုမေးသံကြောင့် အတာတွင် ထိတ်ထိတ်ပျာပျာဖြစ်သွား၏။ နောက် အသံကို ကျက်မိ လိုက်သည်တွင်မှ
"ကျွန်တော်ပါ မမသွယ်"ဟု ဖြေလိုက်ပြီးမှ ဆက်လက်၍
"မေမေတို့ သွားပြီလား မမသွယ်"ဟု အိမ်သာထဲမှပင် အသံအုပ်အုပ်ကလေးဖြင့် မေးလိုက်သောကြောင့်
"နင့်မိထွေးလား၊ သွားပြီ ကဲ ထွက်တော့"
သို့ပြောလိုက်သော မခင်သွယ်မှာ မခင်သက်၏အထွေးဆုံးညီမဖြစ်လျက် မသိန်းမေအား အတာနှင့်ပတ် သက်၍ နှလုံးနာနေသူဖြစ်၏။ ထို့ကြောင့်ပင် "နင့်မိထွေး"ဟူသော ဘွဲ့ထူးဖြင့် အငေါ့ကလေးတူး၍ ပြောလိုက်ခြင်း ဖြစ်ဟန်တူ၏။
တံခါးကို အသာဖွင့်၍ မရဲတရဲနှင့် ဆင်းလာသော အတာကလေးကို မြင်လိုက်ရသည်နှင့်
"အင်း နင့်မလဲ စောစောစီးစီး အရိုက်ခံရလား ခံရရဲ့၊ ဒုက္ခပဲ၊ မော်လမြိုင်မှာပဲ နင်အဘွားဆီ သွားနေပါ တော့ အတာ ရယ်၊ ဒီမိန်းမကြီးနဲ့နေ့လို့တော့ နင် ဒီလိုပဲ တစ်သက်လုံး ဒုက္ခရောက်နေမှာပဲ"
အိမ်သာဝမှ ဆီး၍ အတာ့ခေါင်းကလေးကို ပွတ်ရင်း ပြောလိုက်သောကြောင့်
"ကျွန်တော့်ကို ကျောင်းထားမယ်ဆိုပြီး ခေါ်လာတယ် မမရဲ့၊ ဒီနေ့ ကျောင်းအပ်ပေးမယ်ပြောပြီး မေမေက ဒီနေ့ မအပ်ဖြစ်ဘူးတဲ့"
အတာ တွင် မျက်ရည်ကလေး လည်လာပြန်၏။
"အေး နင့်အမေလား၊ သုံးဆယ့်ခြောက်ကောင် ထိုးဖို့တောင် ပိုက်ဆံမလောက်နိုင်ဘူး၊ နင့်ကို ကျောင်း ထားဖို့ ဆိုတာတော့ ဝေးပါသေးရဲ့"
ထိုအခိုက်တွင် အတာ့ မမသက် ရောက်လာပြီး
"မိခင်သွယ် ကလေးကို စိတ်ဆင်းရဲအောင် ပြောမနေပါနဲ့အေ၊ သူ့အမေ မထားလဲ သူ့အဖေက ထားပေး မှာပေါ့၊ ဟုတ်တယ် အတာ ကိုထွန်းအောင်က ပြောသွားတယ်၊ သုံးလေးရက်နေရင် မင့်ကို ကျောင်း အပ် ပေးမတဲ့"
သို့ ပြောနေရင်းကပ် မခင်သက်က သူ့ညီမအား မျက်စိမှိတ်ပြလိုက်၏။
ကိုထွန်းအောင်လည်း မသိန်းမေကို သိမ်ကြီးဈေးတွင် ချပေးခဲ့ပြီး လန်ချားကို ဆက်လက်စီးသွားရာ၌ လမ်းတစ်လျှောက်လုံး ပင် အတာ့ပြဿနာကိုသာတွေး၍ တငေးငေး လိုက်ပါသွားတော့၏။
အတာ ကလေး အိမ်သာတက်စဉ်က ငိုသည်မှာ ဗိုက်နာ၍ဟု အကြောင်းပြသော်လည်း ကိုထွန်းအောင် မယုံကြည်ခဲ့။ အကြောင်းတစ်ခုခုကား အမှန်ပင် ရှိလိမ့်မည်ဟု တွေးနေမိ၏။ သို့နှင့် သူစီးလာသော လန် ချားကို မဂိုလမ်း (ယခု ရွှေဘုံသာလမ်း)သို့ အရောက်တွင် ရုတ်တရက် ပြန်ကွေ့ခိုင်းလိုက်၏။
လန်ခြားခပေးပြီး အပြေးကလေးတက်လာ၍ အိမ်ပေါ်သို့ရောက်သည်နှင့် ဖတ်စာအုပ်ကလေးကိုင်ကာ လှေကားဘက်သို့ကျောခိုင်း၍ ငိုင်နေသော အတာကို တွေ့ရသည်တွင်
"ဟေ့ အတာ"
ကြင်နာမှုအပြည့်ပါသောအသံဖြင့် ခေါ်လိုက်သည်ကို ရုတ်တရက်ကြားလိုက်ရသည်နှင့် အတာလည်း ချာခနဲ လှည့်ကြည့်မိ၏။ ထိုအချိန်၌ ကိုထွန်းအောင်မှာ အတာ့အနီးသို့ ရောက်လာပြီဖြစ်လျက်
"ဒီမှာအတာ ငါမေးမယ်၊ မင်း မှန်တာကို ပြောနော်၊ မကြောက်နဲ့၊ မင့်အမေကို ငါ ပြန်မပြောဘူး၊ ဟုတ်လား"
ဤလို ကတိပေးရင်း မေးလိုက်သည်ကိုပင် အတာသည် သွက်သွက်လက်လက် မရှိလှဘဲ၊ အတော် ကြာအောင် စဉ်းစားသလို ငေးနေပြီးမှ လေးလေးကြီး ခေါင်းညိတ်လိုက်၏။ ထိုမျှနှင့်ပင် အတာသည် မသိန်းမေ အား အဘယ်မျှလောက် ကြောက်နေရသည်ကို အကဲခတ်နိုင်ပြီဖြစ်၏။
"စောစော မင်း ဘာဖြစ်လို့ ငိုတာလဲ အတာ၊ ဟင် ပြောစမ်း"
အတာသည် အင်းမလှုပ် အဲမလှုပ်နှင့် ငုတ်တုတ်ကြီးပင် ငြိမ်နေပြန်သောကြောင့်
"ပြောပါကွာ၊ ငါ မင့်အမကို မတိုင်ပါဘူး၊ ကဲ ပြောစမ်း အတာ"
ယခုမူ အတာသည် အသာအယာ မော့လာ၏။
"မင့်အမေက ဘာပြောသလဲ၊ ငါ မတိုင်ပါဘူးကွ၊ ရဲရဲသာ ပြောစမ်းပါ"
"ဟုတ်ကဲ့၊ မနက်က ကျွန်တော် လက်ဖက်ရည်ဝယ်ပြီး ပြန်လာတော့ မေမေက ပြောတယ်၊ ဒီနေ့ နင့်ကို ကျောင်းမအပ်ဖြစ်ဘူးတဲ့"
ဆက်ရန်
.

No comments:
Post a Comment