ရထားပေါ်ကလူများ-၇
မေးခွန်းအမှတ်လေး၊ ဆင်းရဲခြင်းကြောင့် ဖြစ်ရတဲ့ ဆိုးကျိုးတဲ့။ ကျွန်တော် ထိတ်လန့်သွားပါသည်။ ကျွန်တော့် လက်ထဲမှာ ဆရာမဂျူး ၏ "သူမင်းကိုဘယ်တော့မှ" ဆိုသော စာအုပ်ရှိနေသည်။ ဆရာမဂျူးက မေးခွန်း တွေကို ဖြေရင်း ၀တ္ထုကို ဖန်တီးသွားသည်။ ဆင်းရဲခြင်းကြောင့် ဖြစ်ရတဲ့ဆိုးကျိုးတဲ့။ ကျွန်တော် မောပမ်းနေသည်။
ယခုအခါ ကျွန်တော်သည် သာမန်လူတွေအများစု စီးနင်းလိုက်ပါသော ဆင်ခြေဖုံးသွား ရထားလမ်းပေါ်မှာ ရောက် နေပါသည်။ ရထားက ရန်ကုန်မြို့တွင်းမှ အခြေခံလူတန်းစားအများစုနေထိုင်ရာ ဆင်ခြေဖုံးမြို့သစ် ဘက်သို့ တရွေ့ရွေ့ ထွက်ခွာသွားနေသည်။ ညနေဆည်းဆာပန်းနုရောင်အလင်းက တဖြည်းဖြည်း မှိန်ဖျော့ သွားနေပါသည်။ လူနေထူထပ်ကာ လေးထောင့်စက္ကူပုံးများနှင့်တူသော တိုက်အိမ်ရပ်ကွက် များ ကို ဖြတ်သန်းလာသည်။
ဆင်ခြေဖုံး မြို့ဟောင်းများကို ဖြတ်သန်းလာလေ ရထားစီးခရီးသည်များက ထူထပ်လာလေ။ ချွေးနံ့၊ အပေါ စားပေါင်ဒါနံ့ လူနံ့တွေက ပူအိုက်စပ်လောင်သော ရထားတွဲအတွင်းမှာ ဝေ့အီနေလေသည်။ တိုက်ကြိုတိုက်ကြား မှ တိုးဝှေ့ဝင်ရောက်လာသော လေက ရထားတွဲတွင် ကောင်းကောင်းမွန်မွန် ၀င်ခွင့်မရ။ ရထားတွင်းမှာ လေပင်၀၀လင်လင် ရှူမရ။
ဆင်းရဲခြင်းကြောင့် ဖြစ်ရတဲ့ဆိုးကျိုး၊ ကျွန်တော် စာအုပ်ကို လက်မှာကိုင်ကာ အတွေးတွေဖြန့်ခင်း ကြည့်နေမိ သည်။ ဆင်းရဲခြင်းကြောင့် ဖြစ်ရသောဆိုးကျိုးတွေက အများသား။ ဆင်းရဲသောကြောင့် ပညာမသင်နိုင် ပညာမသင်နိုင်သောကြောင့် အသိအမြင် ဗဟုသုတနည်း။ ပညာနည်းသောကြောင့် အမှားအမှန် မခွဲခြားတတ်။ အမှားအမှန် မခွဲခြားတတ်သောကြောင့် အဆိုးအကောင်း မပိုင်းခြားနိုင်။ အဆိုး အကောင်းမပိုင်းခြားနိုင်သောကြောင့် လူကောင်းလား လူဆိုးလား မဝေခွဲတတ် စသည်စသည်ဖြင့် ပြဿနာ တွေက တသီကြီးရှိလာနိုင်ပါသည်။ သို့ကြောင့်လည်း ဖွံ့ဖြိုးပြီး ဖွံ့ဖြိုးဆဲနိုင်ငံများက အသိကြီးစွာ ပညာလူ့ အဖွဲ့အစည်းသည် အရေးတကာတွင် အရေးအပါဆုံးအဖြစ် ပြောနေဟောနေခြင်းဖြစ်သည်။
ရထားက မြို့သစ်ဘက်သို့ တရွေ့ရွေ့နှင်လျက်ရှိသည်။ ရထားတွဲဘေးထိုင်ခုံများနှင့်အတူ ၀၀လင်လင် စားသောက်နေရသော ၈ျို့းများနှင့်အတူ မောပန်းနွမ်းနယ်နေသော လက်လုပ်လက်စား ယောက်ျားမိန်းမ များနှင့်အတူ ၀မ်းရေးကို ဆယ်ယူနေကြသောရထားဈေးသည် ကလေးများနှင့်အတူ ကျွန်တော် သည် လည်း အမှုန်အမွှားလေးတစ်ခုအဖြစ် ၇ထားပေါ်ပါဝင်ပတ်သက်နေရပါသည်။
" ဆရာ ... လအတွက် စာမူကို စောစောပေးမှ ဖြစ်မယ်နော် ... ကျွန်တော်တို့ကြိုလုပ်ရမယ်။ ရှေ့အပတ်ပေးမှ ဖြစ်မယ် ... တဲ့။ ကျွန်တော်သည် မဂ္ဂဇင်းတစ်ခုနှစ်ခုတွင် ကလောင်ခွဲဖြင့် ကဏ္ဍတစ်ခုကို တာဝန်ယူရေးပေးနေရသည်။ ဂျာနယ်တစ်စောင်မှာလည်း ထို့အတူ။ မဂ္ဂဇင်းတစ်စောင်မှာလည်း လိုအပ် ချက်အရ အယ်ဒီတာစားပွဲမှာ ၀င်ပေးနေရသည်။
ကျွန်တော်သည် အခြေခံလူတန်းစား အများစုနေထိုင်သော မြို့သစ်တစ်ခုမှာနေထိုင်ရာ မဂ္ဂဇင်းတိုက်ရှိရာ မြို့တွင်းသို့ တစ်ပတ်မှာ အနည်းလေး ၅ ရက်တော့ သွားရောက်ရသည်။ မြို့သစ်မှ မြို့တွင်းသို့ ဘတ်စ်ကား စီးလျှင် အနည်းလေး ၁ နာရီ မိနစ် ၃၀ အထက်ကြာမြင့်တတ်သည်။ အနည်းလေး စရိတ်က သုံးရာ့ငါးဆယ် မှ ရှစ်ရာကျပ်ကျမည်။ လက်ဖက်ရည်သောက်တာ မုန့်စားတာမပါ။ ကွမ်းဖိုးနှင့်ဆို တစ်နေ့ တစ်ထောင် က ဘယ်နည်းနှင့်ဖြစ်ဖြစ် ကုန်သည်။ သည်တော့ ဆင်ခြေဖုံးသွားရထားကို ညနေဘက် တွေမှာတော့ အားကိုးအားထား ပြုလာရသည်။
တစ်နေ့ တစ်နေ့ လက်လုပ်လက်စား ဈေးသည်လက်သမားပန်းရံ အရောင်းစာရေး ရုံးစာရေး ကဗျာဆရာ စာရေးဆရာ စသည်ဖြင့် မြို့ပြင်မှာနေသူများအဖို့ သွားရေးလာရေးတွင် ရထားသည်မရှိမဖြစ် အားကိုးရာ ဖြစ်လာ ပါသည်။
ရတားသည် လှည်းတန်းကမာရွတ်ကျော်လာသည်နှင့် ပိုမိုပြည့်ကျပ်လာတော့သည်။ လူငွေ့များက မီးတံလျပ်တွေလို တဟိန်းဟိန်းရိုက်ခတ်လောင်ကျွမ်း။
ကျွန်တော် သည် ထိုရထားစီးရခြင်းဒုက္ခမှ ခေတ္တလွတ်မြောက်လို လွတ်မြောက်ငြား ဆရာမဂျူး၏ စာအုပ်ကို ဆက်ဖတ်ဖြစ်သည်။ စာအုပ်သည် ဒုက္ခအားလုံးမှ ထွက်ပြေးလွတ်မြောက်ရာမျိုးဖြစ်လာပါသည်။
ကျွန်တော်လေ... ရွာက မိန်းကလေးတွေကို ပညာတတ်စေချင်တယ်။အမှန်နဲ့ အမှားကို ခွဲခြား တတ်စေချင်တယ်။ အခု တင်တင်ဝင်းကြုံရတဲ့ အန္တရာယ်မျိုး ကျွန်တော်တို့ မိန်းကလေးတွေ ဘယ်သူမဆို ကြုံတွေ့ နိုင်တယ်။ အန္တရာယ်ကို ကြိုတင်ကာကွယ်ဖို့က အမှားအမှန်ကို ချင့်ချိန်ပိုင်းခြားတတ်ရမယ် မဟုတ် လား။ ပညာတတ်ရင် အမှန်တရားကို သိမယ်မဟုတ်လား။
ဆရာ့ရယ်သံကြားမှ စကားကြီးစကားကျယ်တွေ ပြောမိသွားပြီလို့သတိရပြီး ကျွန်မပါးစပ် ပိတ်ပစ်လိုက်မိ တော့တယ်။
" အေးငြိမ်းရေ ပညာတတ်တာတော့ ကောင်းပါတယ်ကွာ။ ဒါပေမယ့် ညည်းမသိတာရှိသေးတယ်။ တခါတလေကျတော့ ပညာကို လွှမ်းမိုးချုပ်ကိုင်လာတဲ့အခါ အဲဒီပညာရှင်ဟာ သတ္တိရှိဖို့ သိပ်လိုအပ်တယ်။ ရဲရင့်ဖို့ သိပ်လိုအပ်တာပဲ။ ငါကတော့ ညည်းကို ပညာလည်းတတ်စေချင်တယ်။ အမှန်တရားကို ဆုပ်ကိုင် ထားရဲ တဲ့ သတ္တိလည်း ရှိစေချင်တယ် ... "
ကျွန်တော် စာအုပ်ကို လက်ထဲကိုင်လျက် အတွေးနယ်ထဲ ရောက်သွားပြန်သည်။ အတွေးနယ်က ကျယ်ဝန်း နက်ရှိုင်းပါသည်။ ပညာတတ်ရုံနှင့်မပြီး သတ္တိရှိဖို့ ရဲရင့်ဖို့ အမှန်တရားကို ဆုပ်ကိုင်ထားဖို့။
ပညာရှင်တွေ ဘယ်လောက်သတ္တိရှိခဲ့ကြဖူးသလဲ။ ကျွန်တော် ကြားဖူးသော သတ္တိရှိရဲရင့် အမှန်တရားကို တွယ်ဖက်တတ်သော ပညာရှင်များအကြောင်းကို ရေတွက်နေမိသည်။ ကားစင်အတင်ခံရသည့် ယေရှုခရစ် တော်မှအစပြုကာ အဆိပ်ခွက်ကို ပညာအတွက် အမှန်တရားအတွက် ပျော်ပျော်ကြီးသောက်ခဲ့သော ဆော့ ခရေးတီး အပါအ၀င် ... စသည်စသည်ဖြင့် လက်ချိုးရေတွက်၍ မရလောက်အောင် များပြားတာကို တွေ့ ရသည်။
ကျွန်တော်သည် ခရီးသည်များကို ငေးမိသွား၏ မတ်တတ်ရပ်ခရီးသည်များက ရထားယိမ်း လှုပ်တိုး ၀င်သွားတိုင်း ယိမ်းကသလို ယိုင်ရွံ့သွားသည်။ ကောင်လေးနှင့် ကောင်မလေးစုံတွဲမှာ ပူလောင်အိုက်စပ် မှုကို လစ်လျူရှုကာ သို့မဟုတ် မေ့လျော့နေကာတစ်ဦးကို တစ်ဦး ဖက်တွယ်ထားသည်။ ကောင်လေးက ကောင်မလေးကို တိုးတိုးကပ်ကပ် ပြောလိုက်သောအခါကောင်းမလေးမှာ ဂုတ်ပေါ်ဝဲ မျက်နှာပေါ်ဝဲ ညိုဝါဖြူဖျော့ ဆံစများလှုပ်သွားအောင် တခစ်ခစ်ရယ်နေခဲ့သည်။ ကောင်မလေးက ဂျင်းဘောင်းဘီ စပို့ရှပ် အ၀ါရောင်၊ လက်ထဲမှာ ထမင်းချိုင့်၊ ဖန်စီလက်ကောက်။ ကောင်လေးက ပုဆိုးချက်ပြုတ် တီရှတ် လက်ပြတ် နားကပ်တစ်ဘက်တပ် ဆံပင်ထိုးထိုးထောင်ထောင် အသားခပ်ညစ်ညစ်။ ခေတ်ပေါ် ၀တ်စား ဆင်ယင်မှု က အောက်ခြေလူငယ်တွေထိ ကူးစက်နေပါသည်။ ခေတ်ပေါ်စတိုင်ဆိုမလား။
ရထားကြမ်းပြင်မှာ ဈေးသည်မအချို့ ဒန်အိုးတွေ ခံတောင်းတွေချထားကာ ပယ်ပယ် နယ်နယ်ဖြဲကား ထိုင်နေ၏။ အချင်းချင်းအော်ကြီးဟစ်ကျယ်စကားပြောနေသည်။ သူတို့ကို လမ်းပိတ်နေသဖြင့် ရေခဲရေသည် ကလေးများက ထိုပျံကျဈေးပြန်မိန်းမများကို ကျော်ခွကာသွားရသည်။ ကွမ်းယာ ဘန်း လည်ပင်း ဆွဲထားသော ဈေးသည်ကောင်လေးကတော့ ထိုမိန်းမများအားနောက်ပြောင်နေ သည်။ ခရီးသည်မိန်းမ၀၀ကြီးတစ်ဦးက ထိုင်ခုံလစ်လပ်မည့်နေရာကို မျက်လုံးလျင်လျင်ဖြင့် အသင့်စောင့် ကြည့်နေသည်။ ကလေးအမေတစ်ယောက်က ထိုင်ခုံနေရာလက်တစ်ဝါးစာတွင် တိုးဝှေ့ထိုင်ရင်း ကလေးငယ် ကို နို့လှန်တိုက်နေသည်။ အလုပ်ပြန်မိန်းကလေးတစ်စုက လက်ပံပင်ဇရက်ကျသလို တကျိကျိ တခစ်ခစ် အုပ်စုလိုက် ဆူညံစကားပြောနေသည်။ မျက်တွင်းကျ ပါးရိုးငေါနွမ်းဖက်နေသော လူပိန်ပိန် တစ်ဦးက ထိုင်ခုံ မှာ အစွမ်းကုန်ငိုက်နေသည်။ ထိုမြင်ကွင်းများ သို့မဟုတ် ခပ်ဆင်ဆင် မြင်ကွင်းများသည် ကျွန်တော် ၏ ရထားစီးကာလတွေမှာ အပြောင်းအလဲမရှိ သို့မဟုတ် အနည်းငယ်အပြောင်းအလဲနှင့် တွေ့မြင် နေကျရှုခင်းများဖြစ်ပါသည်။
ကျွန်တော်သည် ရထားပြတင်းမှ တဆင့်အပြင်သို့ လှမ်းငေးလိုက်၏။ တိုက်တာအိမ်ခြေများ၊ တဖြည်းဖြည်း ပျောက်ကွယ်သွားနေပြီ။ ထိုအစားကွင်းများ တဲအိမ်ကလေးများ အစားထိုးဝင်ရောက်လာသည်။ တဲအိမ် ရပ်ကွက်တစ်ခုကို ဖြတ်သန်းရာတွင် ယိုင်ရွံ့တဲ့အိမ် အနိမ့်အမြင့်နှင့် သံချေးစားသွပ်အချို့ တာလပတ် အပြာရောင် အပိုင်းအစအချို့ တဆက်တစပ်တည်းကျပ်ညပ်မှီတွယ်နေပြီး ဆည်းဆာ မြူနှင်းမီးခိုးမှိုင်း၊ ဖြူညိုညိုများရောယှက်နေတာ လှမ်းမြင်ရသည်။ အမှောင်ရိပ်များ တစ်စတစ်စ စွန်းထင်းလာနေပြီ။
ကျွန်တော့်အကြည့်က ကောင်လေး ကောင်းမလေးစုံတွဲစီ ရောက်ပြန်၏။ သူတို့က ကျွန်တော့် မြင်ကွင်းထဲ မှ မလွတ်မကင်းရှိနေသည်။ ကျွန်တော် ကောင်မလေးကို ငေးကြည့်ရင်း ရပ်ကွက်ထဲက မနီလာဆိုသူကို တွေး မိလာသည်။
မနီလာ မှာ ရထားပေါ်က ကောင်မလေးထက်စာလျှင် အသက်က ထက်ဝက်မကကြီးမည်။ ပါးပါးလှပ်လှပ် ကတော့တူသည်။ မနီလာ ဂျင်းဘောင်းဘီဝတ်လာလျှင် ကောင်မလေးနှင့် ညီအစ်မ (အမှန်က သားအမိ အရွယ်လောက်) လို့ ထင်သွားနိုင်သည်။
မနီလာမှာ ကြည့်လိုက်လျှင် ကလေး ၆ ယောက်အမေဟု မထင်ရ။ နှုတ်ခမ်းနီရဲ့ လက်သည်းနီ ပန်းရောင် ကိုရီးယားမင်းသမီး ဂန်ဆန်ယွန်ပုံစံဆံပင် စသည်တို့ကြောင့်သာ နုနယ်နေသည်မဟုတ်။ ပိန်ပိန်လှပ်လှပ် ကျစ်ကျစ်လျစ်လျစ် ခန္ဓာကိုယ်ကြောင့်လည်း မဟုတ်သေး။ ရဲရဲတင်းတင်း သွက်သွက်လက်လက် လူငယ် စတိုင် နေထိုင်ပြောဆိုတတ်တာကြောင့်လည်း အသက်ထက်ပိုနုနေနိုင်တာဖြစ်သည်။
သူမက ထီအရောင်းဈေးသည်များကြားတွင် စူပါစကားဖြစ်နေတာကလည်း ထိုရဲရင့်သွက်လက်မှုကြောင့် ဖြစ်သည်။ ထီရောင်းရာတွင် သူများထက်နှစ်ဆပိုအောင် ရောင်းပေးနိုင်တာ ဘာမှအံ့သြစရာမရှိ။ ထီကိုယ် စားလှယ်က ထီအရောင်းသမားများကို ခေါ်ရာတွင် သူမကို ကြိုတင်အသုံးပေး၍ခေါ်ရသည်။
ထီကိုယ်စားလှယ်က ဟိုင်းလတ်ကားတစ်စီးငှားကာ ရပ်ကွက်မြို့နယ်များကို လှည့်လည်ရောင်းချရာတွင် သူမတို့က တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် တစ်အိမ်ဝင် တစ်အိမ်တက် ရောင်းချကြရသည်။ သူမတို့ အရောင်း သမား များက ထီကိုယ်စားလှယ်ကို တစ်စောင် ၁၅၀ ကျပ်အချိန်က တစ်စောင် ၁၈၀ သို့မဟုတ် ၂၀၀ ပြန်သွင်းရသည်။ ရောင်းပေးသူက ပိုတာယူ။ တချို့ကတော့ ရောင်းရငွေပေါ် ကိုယ်စားလှယ်နှင့် ရောင်းသူ အမြတ်တစ်ယောက် တစ်ဝက်ခွဲယူတာမျိုးလည်းရှိသည်။
ထီ ၁၀ စောင် ၁၅၀၀ ကျပ်ကျတာကို သူမက ၂၅၀၀ သို့မဟုတ် ၃၀၀၀ ကျပ်ထိရအောင် ရောင်းနိုင်သည်။ အိမ်တိုင်ရာရောက် ရောင်းချရာတွင် သူမထီဝယ်လျှင် ယခုပဲ ထပေါက်တော့မည်။ ဧကန်လိုအပြောက ကောင်းလှသည်။ အပြောကောင်းသော ရွှေမန်းတင်မောင်ကို သနားသည်။ ဂျပိုးကို လိပ်ဖြစ်အောင်မက ဒိုင်နိုဆောဖြစ်အောင် ပြောတတ်သူမျိုးဆိုရမည်။
သို့တိုင် သူမကအကြောင်း အမျိုးမျိုးပြကာ အုံနာဆီက ငွေချေးတတ်ပြီး ပြန်မပေးတတ်သောကြောင့် မကြာခင်အုံနာ (ထီကိုယ်စားလှယ်)နှင့်လည်း ခေါင်းကွဲတတ်သည်။ ထီကိုယ်စားလှယ် မှိုလိုပေါက်ချိန်က တစ်ယောက်မသင့်လျှင် တစ်ယောက်ပြောင်းသည်။ သည်လိုနှင့် တိုင်ပတ်နေတော့၏။ သူအရောင်းတော် တာမှန်သည်။ နောက်တော့ သူ့ကိုခေါ်မည့်သူ မရှိတော့။
သူမ ကို ရွံ့သွားတတ်ကြတော့သည်။
သူ့ယောက်ျားက အလုပ်မယ်မယ်ရရမရှိ။ ထမင်းချက်ဟင်းချက် ကလေးရေမိုးချိုး သနပ်ခါးလိမ်း ကျောင်း သွားဖို့ပြင်ပေး ထမင်းကျွေးစသည်ဖြင့် အိမ်ဇာဟီရများကိုဒိုင်ခံလုပ်ရသည်။ သူမက အပြင်ထွက် ငွေရှာ။ တစ်ခါတစ်ရံ သူတို့ထီအရောင်းကားက နယ်ကိုထွက်တတ်သည်။ တစ်ပတ်ဆယ်ရက်၊ နယ်စပ်ပင် ရောက် တတ်သည်။ တစ်လကိုးသီတင်းသည်အခါ အုံနာက ဆယ့်လေးငါးသိန်းကျန်သလို သူမတို့လည်း နှစ်သိန်းသုံးသိန်း ကျန်သည်ဟုဆိုသည်။ သူမကျင့်ဆိုးတွေကြောင့် အုံနာနှင့်ရန်ဖြစ်ကွဲကျပြဲကျ။ နောက်ဆုံးသူမကိုခေါ်မည့်သူမရှိ။ သည်အခါ ရပ်ကွက်ထဲက လမ်းဘေးအသုတ်မုန့်ဟင်းခါးဆိုင်လေး ထွက်စား နေသော လင်မလယားနှစ်ယောက်ကို စည်းရုံးသည်။
အသုတ်မုန့်ဟင်းခါးရောင်းအားတွေကျနေတော့ သူမစကားကို ယုံကြည်ပြီး အသုတ် မုန့်ဟင်းခါး လင်မယားက အိမ်ဂရန်ကိုပေါင်ကာ ထီကိုယ်စားလှယ်ထလုပ်သည်။ ကားငှားအရောင်းသမားခေါ် မြို့နယ်တကာလှည့် ပထမကတော့ မဆိုး။ ဒုတိယကျတော့ အကြွေးကျကာ သိပ်မကိုက်တော့၊ အကြွေးကျပုံက ဖောက်သည်များဖြစ်သောဈေးသည် ပွဲစားကုန်သည်အချို့ကို ထီကြွေး ကျကာ သိပ်မကိုက် တော့၊ အကြွေးကျပုံက ဖောက်သည်များဖြစ်သောဈေးသည် ပွဲစားကုန်သည် အချို့ကို ထီကြွေးချ ရောင်းထားသည်။ လကုန်မှ ရှင်း။ ယူထားသူက အချို့လည်း ရှင်းပေးပြီး တချို့ရှောင်နေ၏။ သည်အခါ မနီလာက လာပွဲကြမ်းကာ အကြွေး တောင်းရသည်။ သို့တိုင် ရတာရှိ မရတာရှိ။ နောက်တော့ ကားပင် မငှားနိုင်တော့။ သည့်အခါ မနီလာက သူနှင့်မုန့်ဟင်းခါး ယောက်ျားတို့နှစ်ဦးတည်း နယ်ထွက်၍ ရောင်းမည်။ ခရမ်းဘက်မှာ သူ့ဆွေမျိုးသားချင်းရှိသည်။ ထိုမှာ တည်းခို၍ ထီရောင်းမည်။ ကျေးရွာတွေက ပိုရိုက်လို့ကောင်းသည်။ မုန့်ဟင်းခါးသည်ယောက်ျားလည်းဆုံးရှုံးထားသော ငွေကြေးလေးပြန်ရလိုရငြား သဘော တူကာ ထွက်ကြ သည်။ ထလက်မှတ်နှင့် အ၀တ်အစားအိတ်များဆွဲကာ ဘတ်စ်ကားနှင့် နယ်ထွက် သည်။
ပထမတစ်လတော့ အိုကေသည်။ တစ်ယောက် နှစ်သိန်းလောက်ကျန်သည်။ နယ်မှာ ဆယ့်လေးငါးရက် နေရ သည်။ အိမ်တစ်လုံးငှား နှစ်ယောက်တ်းနေ ချက်ပြုတ်စား၊ ခက်တာက လင်မယားမဟုတ်။ မောင်နှမ မဟုတ်။ အသက်ကလည်း သုံးဆယ်ကျော် လေးဆယ်ဝန်းကျင်အရွယ်တွေ။ သွေးသားက တောက်ပတုန်း။ တစ်ယောက် က လင်နှင့်ဝေး တစ်ယောက်က မယားနှင့် ကင်းကွာနေ။
ခြောက်လ လောက်ကြာတော့ သူတို့နှစ်ဦး ဇာတ်ခေါင်းကွဲသည်။ အမှုအခင်းပဲဖြစ်တော့မလိုလို ကြားသည်။ မနီလာ ကိုယ်ဝန်ဖျက်ချတယ် ဘာညာကြားသည်။ မုန့်ဟငးခါးလင်မယားရန်ဖြစ် မနီလာအိမ်အပြင် မထွက်။
အမှန်တော့ သူတို့ဇာတ်လမ်းက တိုင်ပတ်နေသည်။ မုန့်ဟင်းခါးမယားကလည်း သူ့လင်ကို ဘာကြောင့် လွှတ် သလဲ။ မနီလာယောက်ျားကရော မိန်းမကို ဒါလောက်ယုံကြည်ရသလား။ ပလပ်စတစ်နှင့် လုပ်ထားသော အရုပ်တွေ မဟုတ်ကြ။ သူတို့မျက်ဝန်းထဲမှာ ပိုက်ဆံကလွဲပြီး သူတို့ဦးနှောက်ထဲမှာ ငွေက လွဲပြီး ဘာမှမမြင်နိုင်ကြတာက အံ့သြစရာ။ ဘာမှမတွေးမိတာက ထိတ်လန့်စရာ။ နောက်ပိုင်း ဇာတ်လမ်း တွေက သည့်ထက်ရှုပ်သေးသည်။ ကလေးတွေနှင့် ကျန်ရစ်သော မနီလာယောက်ျားက သူ့မိန်းမကို ဘယ်ရှာရမှန်း မသိဖြစ်နေတာ သနားစရာလိုလို ရယ်ရမလို နားရင်းတီးရမလို။
အသိတရား ပညာဗဟုသုတတွေးခေါ် စဉ်းစားခြင်းဆိုတာတွေကို ကျွန်တော် တွေးတောနေမိပါသည်။
ရထားက လမ်းဆုံးဘူတာရောက်တော့ အမှောင်ကအတော်အားကြီးစပြုပြီ။ ဘူတာဈေးသည်များ ခရီးသည်များ တိုးတိုးဝှေ့ဝှေ့ လှုပ်လှုပ်ရှားရှားတို့သည် မှုန်ဝါးဝါး။ အသံတွေကတော့ အမှောင်ရိပ် အတွင်းမှ ပွင့်ကန်ထွက်နေသည်။
ရထားဆက်ထွက်လာတော့ ကွင်းပြင်တွေ ပိုများလာသည်။ ခပ်လှမ်းလှမ်းမှာ စက်ရုံအဆောက်အအုံတွေ၊ လျှပ်စစ်မီးရောင်လင်းလက်၊ အဆောက်အအုံတွေ တရွေ့ရွေ့ကျန်ရစ်တော့ကွင်း မြက်ရိုင်းတော၊ ဟိုးခပ်လှမ်းလှမ်း မှာ လူနေရပ်ကွက်တွေ ကောင်းကင်အလင်းအောက်မှာ ၀ိုးတ၀ါးဝါးအမှောင်ရိပ်တွေ။
ရထားတွင်း မှာ ချောင်ချိလာခဲ့ပြီ။ လေအေးအေးက လတ်လတ်ဆတ်ဆတ်ဖြင့် ခန္ဓာကိုယ်ရော အဆုပ်ကိုပါ ခွန်အားဖြစ်လာစေသည်။ အစောက ဂျင်းဘောင်းဘီကောင်လေး ကောင်မလေးစုံတွဲကို မတွေ့ရတော့။
" တချို့ကိစ္စတွေကျတော့ ကိုယ်ဖြေရှင်းပေးလို့မရဘူး သမီး။ အဲဒီအခါမျိုးမှာ လစ်လျူရှူနိုင်တဲ့ စိတ် မွေးရမယ် ... "တဲ့။
လောကတွင် ကိုယ်ဖြေရှင်းမပေးနိုင်သော ပြဿနာတွေက အများသား။ လစ်လျူရှူဖို့ဆိုတာလည်း ပြောတာသာ လွယ်သည် အတော်တော့ စိတ်ဆင်းရဲစရာကောင်းသား။ ဈေးနှုန်းတွေ တဖြည်းဖြည်း ကျဆင်း လာသလို အရောင်းအ၀ယ်တွေ တဖြည်းဖြည်း ကျဆင်းလာတာ ဘယ်လိုဖြေရှင်းမလဲ။ ကမ္ဘာမှာ လောင်စာဆီဈေးတွေ ကျဆင်းနေတယ်ဆိုသော်လည်း ဘတ်စ်ကားခတွေ မကျဆင်းတာ ဘယ်လိုဖြေရှင်းမလဲ။ မနက်စာညစာနပ်မှန်နေသော်လည်း ဖယောင်းတိုင်အတွက် စိတ်ပူနေရတာ ဘယ်လိုဖြေရှင်းမလဲ။ အကြွေးတွေတင်နေတာ ဘယ်လိုဖြေရှင်းမလဲ။
ရထားဘူတာစဉ် ရပ်လိုက်ထွက်လိုက်။ အမှောင်ကပိုကြီး ပိုနက်လာသည်။ ရပ်ကွက်တွေ ၀ိုးတ၀ါး အမှောင်တွင်း နက်နက်ထဲမှာ ငြိမ်သက်။ ရထားက ပိုမိုချောင်ချိလာသည်။ အသက်ရှူရသော လေက ပိုသန့်လာသည်။ လူတစ်ကိုယ်လုံး အေးမြနေသည်။ ဒါကို ကျွန်တော်အခွင့်ကောင်းယူကာ ၀တ္ထုရေးဖို့ ဆောင်းပါး ရေးဖို့ ဦးနှောက်ကို ပိုအလုပ်ပေးနေမိသည်။ မဂ္ဂဇင်းအတွက် လုပ်စရာတွေကလည်း ဆက် နေသည်။ သည်လထွက်ဖို့တင်ထားသည့် မဂ္ဂဇင်းအကြမ်းအဆင်မှ ပြေပါ့မလား။ နောက်လအတွက် ရှေ့ပိုင်းကဏ္ဍစာစုစာရင်းအတွက် ဘယ်ခုနှစ်တွေ ထပ်ရှာရမလဲ။ အယ်ဒီတိုရီရယ်ရေးဖို့ စဉ်းစား။ ပျံသန်း နေတဲ့ငှက်တွေ။ ကျွန်တော် ဆင်းသက်ဖို့ ဘူတာတဖြည်းဖြည်းနီးကပ်လာသည်။ ကျွန်တော့်အတွေးထဲက မထွက် နိုင်သေး။
ရထားက တုံ့ကနဲရပ်သွားသည်။ အမှောင်ထဲက ဘူတာရုံလေး။ ခရမ်းချဉ်သီး မီးလုံးလေးကလွဲလို့ လူတွေ ဆင်းသွားကြတဲ့ ပုံရိပ်တွေ။ ဘူတာလေးကို ကျွန်တော် ငေးနေမိသည်။ ကျွန်တော့်တွေ့တိုင်း ၀တ္ထုတောင်း တတ်သည့် အယ်ဒီတာဆရာမကို အားနာနေမိသည်။ ကျွန်တော့်တွင် ရေးစရာအချက်အလက်တွေက ပြည့်သိပ် နေသော်လည်း လက်တွေ့အကောင်အထည်မဖော်ဖြစ်တာများသည်။
ရထားက ဥသြသံတစ်ချက်ဆွဲပြီး သိမ့်ကနဲထွက်သည်။ တဖြည်းဖြည်းအရှိန်ရလာသည်။ အတွေးထဲက ကျွန်တော် ရုန်းထွက်လိုက်သည်။ ငါဆင်းရမည့် ဘူတာဆိုတာကို သတိရလေသည်။ ကျွန်တော် ဆင်းရမည့် ဘူတာကို စေ့စေ့ကြည့်ရင်း ကျွန်တော် ကျော်လာခဲ့ပြီ၊ ထိုအသိကြောင့် ကျွန်တော့်ကိုယ် ကျွန်တော် ထိတ်လန့်သွားလေသည်။ ရထားခေါ်ဆောင်ရာဝန်းကျင်စိမ်း ထဲ ကျွန်တော်ပါသွားသည်။
၂၀၀၉၊ နိုဝင်ဘာ၊
ရနံ့သစ်မဂ္ဂဇင်း။
.

No comments:
Post a Comment