Monday, March 12, 2012

တင်မောင်မြင့် ၏ နွေကန္တာ, အပိုင်း (၂)

(ဖီးလစ်က သူ့လက်ကလေးကို ဆွဲယူလိုက်သည်။ ဥဿဖရားဆွဲကြိုးကလေး တန်းလန်းနှင့်။ ခပ်တိုးတိုး မေးသည်။) ကို ဆက်ဖတ်ရန်..........

" မင်းကော အစ်ကို့ကို မချစ်ဘူးလားဟင် "
" မသိဘူး အစ်ကိုရယ်၊ ဂျူးဒစ် တစ်ခုပဲသိတယ်၊ အစ်ကို့ကို ချစ်မိရင် မှားမှာပဲလို့၊ အစ်ကို လုပ်ခဲ့တာ တွေ က ကြောက်စရာတွေချည်းပဲ၊ အစ်ကိုက ပညတ်တော် ၁၀ ပါးကို အားလုံး ချိုးဖောက်ခဲ့တာ မဟုတ်လား "
" မင်း ပြောတာမှန်တယ်၊ မင်းအတွက် နောက်ထပ် ကျူးလွန်ဖို့လည်း အစ်ကို ၀န်မလေးဘူး၊ ပြီးတော့ မင်းအတွက် ပဲ အစ်ကို သူတော်ကောင်းဖြစ်အောင် လုပ်ယူနိုင်တယ်၊ အဲဒါက ပိုခက်ပါတယ်၊ ဒါပေမဲ့ အစ်ကို ဖြစ်အောင် လုပ်မယ်၊ အစအဆုံး အစ်ကို ပြောပြပါရစေလား ဂျူးဒစ်ရယ် "

နှစ်ယောက်သား မြက်ခင်းပေါ် ထိုင်ချလိုက်ကြသည်။ ဂျူးဒစ် စဉ်းစားနေ၏။ ဖီလစ်လန်းဆိုသူကို ဘုရားသခင် က အမွန်အမြတ်ဖန်ဆင်းပေးပြီးကာမှ ငရဲပြန်ပို့မည်ဆိုလျှင် သည့်ထက် ၀မ်းနည်းစရာ ဆုံးရှုံးမှုမျိုး ရှိတော့မည်မထင်။
" အချစ်ရယ်၊အစ်ကို မင်းကို လက်ထပ်ပါရစေနော်၊ တော်တော်တော့ ရယ်စရာကောင်းတယ်၊ ဘယ်တုန်း ကမှ အစ်ကို မိန်းမယူဖို့ စိတ်မကူးခဲ့ဘူးသိလား။ အစ်ကို ဆက်ပြောရမလားဟင် "
ဂျူးဒစ် ခေါင်းညိတ်သည်။ ဖီးလစ် ဒူးနှစ်ဖက်ပိုက်ပြီး ဆက်ပြောသည်။
" အစ်ကို ဟာ အလကားကောင်ပါ၊ အစ်ကိုတို့မှာ ညီအစ်ကိုနှစ်ယောက်ပဲရှိတယ်၊ အစ်ကိုက အငယ်၊ အစ်ကို တို့ အရပ်မှာ ဘုရားရှိခိုးကျောင်းရယ်၊ စစ်တပ်ရယ်၊ ဥပဒေရယ်၊ ဒီသုံးမျိုးပဲရှိတယ်။ အဲဒီသုံးမျိုး ထဲက တစ်မျိုးမျိုး နဲ့ မနီးစပ်ရင် ဘာမှ လုပ်စရာ မရှိတော့ဘူး။

" အစ်ကို အလုပ်ချင်ဆုံးက စိုက်ပျိုးရေးပဲ။ ဒါပေမဲ့ အဖေဆုံးတော့ မြေတွေကို အစ်ကို့ရဲ့ အစ်ကိုက ရလိုက်တယ်။ အစ်ကိုတို့ ညီအစ်ကို နှစ်ယောက်က ငယ်ငယ်ကတည်းက မတည့်ကြဘူးလေ။ အဲဒီမှာ အစ်ကို အရက်သမား၊ ဖဲသမား ဖြစ်သွားတာပဲ။ နောက်ဆုံး သူက အစ်ကို့ကို စစ်ဗိုလ်ဖြစ် အောင် လုပ်ပေးပြီး ပြင်သစ်နဲ့ တိုက်နေတဲ့ စစ်မြေပြင်ကို ပို့လိုက်တယ်၊ သူ့အတွက် တစ်ရန်ရှင်းသွားတာပေါ့ "
ဂျူးဒစ် ၏ မျက်လုံးများသည် မြစ်ပြင်ဆီတွင် စိုက်နေသည်။ မစ္စစ်စပီသည် သူ့လက်ထဲက ဥဿဖရား ဆွဲပြားကလေး နှင့် အရောင်တူနေပြန်သည်။ ဖီးလစ်က ပြော၏။
" ပထမတော့ စစ်ထဲမှာပျော်သလိုပဲ၊ နောက်တော့ ငြီးငွေ့လာတာပါပဲ။ စစ်ပြီးတော့ ကာရိုလိုင်းနား ကိုပဲ ပြန် လာတယ်၊ တစ်ညနေမှာ အရက်မူးကြပြီး ညီအစ်ကိုဝမ်းကွဲ တစ်ယောက်နဲ့ ရန်ဖြစ်ကြတယ်။ အစ်ကိုတို့ နှစ်ယောက် ကို ငါးရံ့နှစ်ကောင် လို သဘောထားနေတဲ့ မိန်းမတစ် ယောက်ကိစ္စနဲ့ ဖြစ်ကြတာလေ၊ နောက် တစ်နေ့ မှာ နှစ်ယောက် ဓားချင်းယှဉ်ခုတ်ကြတယ်၊ အစ်ကို့ မျက်နှာမှာ သူ့ဓားချက် မိသွားတာပဲ "

" သြော် ၊ အစ်ကို့ဒဏ်ရာက ချိန်းပွဲမှာ ရတာကိုး "
ဂျူးဒစ် စုတ်တသပ်သပ်နှင့် ပြောလိုက်သည်။
" ဟုတ်တယ် ကလေးရယ်၊ အစ်ကိုကသာ သူ့မျက်နှာကို ဒဏ်ရာရအောင် လုပ်ဖြစ်ခဲ့ရင် ခုနေမှာ မစ္စစပီမြစ်ထဲ အစ်ကို ရောက်နေမယ် မဟုတ်ဘူး။ အစ်ကို မင်းကို ၀န်ခံပါ့မယ် ဂျူးဒစ်ကလေးရယ်၊ အစ်ကို လေ သူ့ကို လည်ချောင်းကနေ ဗိုက်အထိ ခွဲချပစ်လိုက်မိတယ် "
" ဘုရား၊ ဘုရား "
" ဒီလိုနဲ့ အရပ်က ထွက်လာခဲ့ရတယ် ဆိုပါတော့၊ ဂျော့ဘုရင်က ပြင်သစ်စစ်ပွဲမှာပါတဲ့ စစ်သားတွေကို ဆုလာဘ်အဖြစ် လူဝီစီးယားနားမှာ ပိုင်စားမြေတွေ ပေးနေတယ် ကြားတာနဲ့ အစ်ကိုလည်း လျှောက် လိုက်တယ်။ ဒယ်လ်ရွိုင်းကုန်းမြင့်မှာ "
" ဒယ်လ်ရွိုင်းကုန်းမြင့်မှာ၊ ဟုတ်လား၊ အဖေ ရတာလည်း အဲဒီမှာပဲ အစ်ကို "

" ဒါဆို အစ်ကိုတို့ နှစ်ယောက်လုံး ကံကောင်းတာပဲ၊ အဲဒီနေရာက မြေသြဇာ အကောင်းဆုံးတဲ့။ ဒါပေမဲ့ အစ်ကို့ မှာ ထွန်တစ်တုံး ထယ်တစ်လက် မရှိဘဲ၊ ကျွန်တွေ ငွေတွေမရှိဘဲ အဲဒီမြေတွေကို ဘာသွား လုပ်မလဲ "
" အဲဒါကြောင့် "
ဂျူးဒစ်က ဖြတ်မေးမည် လုပ်ပြီးမှ ရပ်နေလိုက်သည်။
" ဟုတ်တယ်၊ အစ်ကို ထွက်ပြီး လိုတာတွေရအောင် လုပ်ယူလာခဲ့တယ်။ ကာရိုလိုင်းနားကမ်းခြေက နောင်တော့် နောင်တော် များလို အိမ်ဆောက်ဖို့ သင်္ဘောတွေကို ဓားပြထွက်တိုက်တာ မဟုတ်ဘူး။ ပင်လယ်ဓားပြ ဗိုလ်ဘိုနီ လက်ဆီက ပစ္စည်းတွေရအောင်ယူပြီး တစ်ခါတည်း ပင်လယ်ပြင်ကို စွန့် ခဲ့တာ၊ ပစ္စည်း တွေ ခွဲကြတော့လည်း အစ်ကို့လုပ်ငန်းအတွက် သုံးလောက်ရုံပဲ ခွဲယူခဲ့တယ်။ ဒီပြစ်မှု ကို ကျူးလွန် ရတာလည်း တခြားကြောင့်မဟုတ်ဘူး။ အစ်ကို့ရဲ့ အစ်ကိုထက် နောက်မှ မွေးလာလို့"
ရှေ့ကို ကိုင်းကာ ဂျူးဒစ်၏မျက်နှာကို သေသေချာချာ အကဲခတ်ပြီး -
" ကဲ ... အစ်ကို ဟာ ရွံစရာလူတစ်ယောက်လို့ မင်း ထင်လား " ဟု မေးလိုက်သည်။

ဂျူးဒစ် ဝေခွဲမရ ဖြစ်သွားသည်။ နဖူးကို လက်နှစ်ဖက်နှင့်အုပ်ပြီး -
" မသိဘူး အစ်ကို၊ ဂျူးဒစ်ထင်တာကတော့ လူတွေဟာ ဘုရားသခင်ရဲ့ အလိုတော်အရ လုပ်စရာ ရှိတာတွေ လုပ်ကြရမှာ၊ မစဉ်းစားတတ်တော့ဘူး အစ်ကို "
" ဒီမှာကြည့် "
ဖီးလစ်က မြေပုံတစ်ချပ် ဆွဲထုတ်ပြီး ဂျူးဒစ်၏ဒူးပေါ်တွင် ဖြန့်လိုက်သည်။
" ဟောဒါက မစ္စစ်စပီမြစ်၊ ဒါက နယူးအော်လီယန်း၊ အဲဒီကဆက်ပြီး လေးရက် စုန်ရင် ဒယ်လ်ရွိုင်းကို ရောက်ရော။ ဟောဒါ ဒယ်လ်ရွိုင်းကုန်းမြင့်ပဲ၊ ဟောဒီနယ်တစ်ခွင်မှာ မြေသြဇာအကောင်းဆုံး မြေဧက သုံးထောင် ဟာ အစ်ကိုနဲ့ မင်းအတွက် စောင့်နေတယ်၊ ဧရာမ ယာတောအိမ်ကြီး ဆောက်မယ်၊ ၀က်သစ်ချပင် တွေ အတန်းလိုက် စိုက်မယ်၊ အိမ်ကြီးကို "၀က်သစ်ချမြိုင်" လို့ နာမည်ပေးမယ်၊ ကြည့်စမ်း၊ အိမ်ကို နာမည်ပေးဖို့ တစ်လမ်းလုံး စဉ်းစားလာတာ၊ ခုမှ တွေ့တော့တယ်၊ မင်း သဘောကျရဲ့လားဟင် "
" အင်း၊ လှပါတယ် "
ဂျူးဒစ် မရေမရာ ဖြေလိုက်၏။ ဖီးလစ် စကားဆက်သည်။

" ပိုင်စားမြေတွေရဲ့ အချက်အချာနေရာမှာ နန်းတော်သမျှ ခမ်းနားတဲ့ အိမ်ကြီးဆောက်ပြီး ကျွန်တွေ အတွက် မြို့ကလေးတစ်မြို့နဲ့တူအောင် အိမ်ကလေးတွေ ဆောက်ပေးမယ်၊ ၀က်သစ်ချမြိုင်ကို သစ်နဲ့ မဆောက် ဘဲ အုတ်နဲ့ ဆောက်မယ်၊ ပိုလည်း ခိုင်တယ်၊ အပူရှိန်ကိုလည်း တားနိုင်တယ်၊ ၀က်သစ်ချပင် တွေကို အိမ်ရှေ့တံခါးမကြီးအရောက် တန်းစိုက်မယ်၊ တို့တစ်တွေ အိုမင်းမစွမ်းဖြစ်မလာခင် အဲဒီဝက်သစ်ချပင် တွေဟာ တောထဲက အပင်တွေနဲ့ တစ်ရွယ်တည်း ဖြစ်လာစေရမယ်။ အပင်အောက်ကို တို့များ မြင်းဖြတ်စီးသွားရင် ရေညှိပင်တွေက ခေါင်းနဲ့မလွတ်ဘဲ ရှိနေစေရမယ်။
" မင်းက ၀က်သစ်ချမြိုင်ရဲ့ မဟေသီလေ ဂျူးဒစ်ရဲ့၊ တို့နှစ်ယောက် မျိုးဆက်တစ်ခုကို တည် ထောင်မယ်။ နှစ်ရာပေါင်း များစွာ အဓွန့်ရှည်မယ့် မျိုးဆက်မျိုးလေ။ ၀က်သစ်ချမြိုင်ရဲ့ မျိုးဆက်သွေး အဆင့်ဆင့် အတွက် တို့နှစ်ယောက်ကို ဂုဏ်ယူမဆုံး ရှိနေစေရမယ်။ ပထမ ၀က်သစ်ချမြိုင်အိမ်ကြီး အတွက် ဂုဏ်ယူ ကြလိမ့်မယ်။ ပြီးတော့ မြစ်ညာက အတူ လက်တွဲပြီး စုန်ဆင်းခဲ့တဲ့ အစ်ကိုနဲ့ မင်း အတွက် သူတို့ ဂုဏ်ယူကြ လိမ့်မယ် "

ဂျူးဒစ်က ခပ်ဖြည်းဖြည်း ထ လိုက်သည်။ လက်ပိုက်ပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ လိမ္မော်ပင် တွေ၊ အုန်းပင်ပျိုတွေနှင် သလဲသီးပင်တွေ။ ပြီးတော့ တရွေ့ရွေ့ စီးဆင်းနေသည့် ချစ်စရာ့ မစ္စစ်ပီ မြစ်ရေပြင်။ အားလုံးကို ခုမှ စ တွေ့ဖူးသလို ငေးကြည့်နေသည်။
မြင်ကွင်း ထဲတွင် ပြောင်းခင်းများနောက်ခံနှင့် ယာတောအိမ် ဖြူဖြူကလေးပေါ်လာသည်။ ပြီးတော့ ဇာထိုး နေသည့် ကလေးမလေးက တစ်ယောက်၊ ဂျူးဒစ်ရှာရမီဆိုသည့် ကောင်မလေး။ လှေကား ထစ်တွင် ထိုင်ပြီး ဘုရားဗိတန်မှာ စာတန်းထိုးနေသည်။ သူထိုးနေသည့် စာတန်းက "အဘဘုရားသခင်၊ ကျွန်တော် မျိုးမ ဂျူးဒစ်ရှာရမီကလေးကို စောင့်ရှောက်တော်မူပါ " ဟူသည့် စာတန်း။ ပြီးတော့ နှင်းမုန်တိုင်းတွေ။ ကောင်းကင်တစ်ခွင်လုံး မှောင်မည်းနေသည့် မိုးသက်မုန်တိုင်း တွေ။ နယူးအင်္ဂလန်တွင် ကျရောက်ခဲ့သည့် သီးနှံ ဖျက် ကပ်ဘေးဆိုးများ။

ဖီးလစ်ကို ခပ်ဖြည်းဖြည်း မော့ကြည့်သည်။ ခုတော့ ဘုရင့်အမှုတော်ထမ်းဟောင်းတွေစုပြီး ဟိုအဝေးကြီး တစ်နေရာ မှာ နယူးအင်္ဂလန်တစ်ခုထပ်ပြီး တည်ဆောက်ကြမလို့တဲ့။
ဖီးလစ် က ဂျူးဒစ်ကို အသာကလေး စောင့်ကြည့်နေသည်။ ကလေးမ၏ အတွေးကမ္ဘာထဲသို့ ၀င်ကြည့်နေသည့် အလား။ ပြီး သူကလေး၏ လက်ကို ဆွဲယူပြီး ရိုးရိုးကလေး ပြောသည်။
" လှေသမား တွေ မခိုမကတ်ကြရင် မနက်ဖြန် နယူးရစ်ခ်ျမွန်ကို တို့ရောက်မယ်၊ ဒါက အင်္ဂလိပ်အခေါ်၊ ပြင်သစ် ကတော့ ဘာတွန်ရုဂ်လို့ ခေါ်တယ်။ မင်းတို့အဖေက အဲဒီမှာနားပြီး လှေသမားတွေကို အနားပေး လိမ့်မယ်။ အစ်ကိုလည်း ပထမ နားမလို့ပဲ။ ဒါပေမဲ့ မနားတော့ဘူး။ ဒယ်လ်ရွိုင်းအရောက် ဆက်စုန် တော့မယ်။ မင်းတို့ ရောက်လာလာချင်း အစ်ကို ဘာတွေ့မယ်၊ ဟုတ်ပြီလား "
" ဟုတ်ကဲ့ အစ်ကို "
ကတုန်ကယင် ဖြင့် ဂျူးဒစ် ပြန်ပြောလိုက်သည်။

" ကဲ သွားတော့၊ လူကြီးတွေ စိတ်ပူနေမယ်၊ မင်းကြိုက်သလို စဉ်းစားပြီး ဆုံးဖြတ်နော် "
" ဟုတ်ကဲ့ "
" သြော် ၊ အချစ်ကလေးရယ် "
ဂျူးဒစ်ကလေးကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။ သည်တစ်ခါ ဂျူးဒစ် မငြင်းတော့။ သူ့ကျောပြင်ကို ပြန်သိုင်းဖက် ထားလိုက်၏။ မျက်နှာကို သူ့ရင်ခွင်ထဲတွင် မြှုပ်ထားလိုက်သည်။ ရင်ခုန်သံကို အတိုင်း သား ကြားနေရသဖြင့် သူ့ကို ဖီးလစ် တကယ်ချစ်နေကြောင်း ဂျူးဒစ် သိလိုက်ပြီ။ ဘယ်လောက် ကြာအောင် တစ်ယောက် နှင့် တစ်ယောက် သိုင်းဖက်ထားကြသည်မသိ။ ဂျူးဒစ်၏ပခုံးကို လက်တစ်ဖက်က ကြမ်းတမ်း စွာ ဆွဲလှည့်လိုက်ရာ -
ဘုရား၊ ဘုရား၊ ဖေဖေပါလား။ ဂျးဒစ် လဲကျသွား မလို ဖြစ်သွားသည်။ ဒေါသအမျက် ခြောင်းခြောင်း ထွက် နေသည့် မျက်လုံးများဖြင့် စူးစူးရဲရဲကြည့်ကာ ဖီးလစ်ကို အပြင်းထန်ဆုံး စကားလုံးများဖြင့် ပစ် ပေါက်သည်။ ဂျူးဒစ်က ဆွဲကြိုးကလေးကို ရင်ဘတ်ထဲ အလန့်တကြား ထည့်လိုက်သည်။

" ကျွန်တော် တောင်းပန်ပါတယ် ဦး၊ ဂျူးဒစ် ထိခိုက်နစ်နာအောင် ကျွန်တော် ဘာတစ်ခုမှ မပြုမူမိပါ ဘူး "
မတ် က သေနတ်ကို တင်းတင်းဆုပ်ရင်း အံကြိတ်ကာ -
" ဒီမယ် မစ္စတာလန်း၊ နောက်တစ်ခါ ကျုပ်သမီးကို ထိရင် မောင်ရင့်ကို ကျုပ် ပစ်သတ်မယ် "
ဖီးလစ်က ဦးညွှတ်လိုက်ပြီး -
" ကျွန်တော် ဦးသမီးကို တကယ် လက်ထပ်ယူမှာပါ ခင်ဗျား၊ မိသားဖသားပီပီ တောင်းရမ်းယူဖို့ ကျွန်တော့် မှာ အစီအစဉ် ရှိပါတယ်၊ ခွင့်ပြုလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ် ခင်ဗျာ "
ပြောပြီး ဂျူးဒစ်ကို တစ်ချက်ကြည့်ပြုံးလိုက်သည်။ သူ့အဖေ ဘယ်လို ဖြေဖြေ အကြောင်းမဟုတ်ဟူ သည့် အပြုံးမျိုး။ ဂျူးဒစ်က ရင်ဘတ်ထဲက ဆွဲကြိုးကလေးကို စမ်းကြည့်နေသည်။
" လုံးဝမဖြစ်နိုင်ပါဘူး မစ္စတာလန်း၊ ဘယ်နည်းနဲ့မှ မစဉ်းစားနိုင်ပါဘူး၊ မင်္ဂလာပါ "

" မင်္ဂလာပါခင်ဗျာ "
ချာခနဲလှည့်ပြီး ဖီးလစ် တောထဲဝင်သွားသည်။ မတ်က သမီးလုပ်သူဆီ လျှောက်လာပြီး ပခုံးကို သိုင်းဖက် ကာ ညင်ညင်သာသာ ခေါ်သည်။
" လာ သမီး ၊ သွားကြစို့ "
ဒေါသဖြစ်ဟန် လုံးဝမရှိ။ ၀မ်းနည်းသည့်အသွင်တော့ ပေါ်နေသည်။ ဂျူးဒစ် ပိုပြီး စိတ်မကောင်းဖြစ် သွား၏။ ဘာမှမပြောဖြစ်ကြဘဲ သားအဖ နှစ်ယောက် ဆက်လျှောက်လာကြသည်။ စခန်းချထား သည့် နေရာ ရောက်ခါနီးမှ -
" သူတို့ဆီ ပြန်မသွားခင် သမီး ခဏ နေချင်သေးလား "
" ဟုတ် ၊ ဟုတ်ကဲ့ "
ပြောရင်း ၀မ်းနည်းလာပြီး ငိုချလိုက်သည်။ လဲကျနေသည့် သစ်ပင်ကြီး၏ ပင်စည်ပေါ်တွင် ဖအေက အရင် ထိုင်ပြီး နံဘေးတွင် သမီးကို ထိုင်ခိုင်းလိုက်သည်။ ကလေးတစ်ယောက်လို သိုင်းဖက်ပြီး ဆံပင်ကို သပ်ပေး နေ၏။ ခဏကြာမှ ဂျူးဒစ် မေးသည်။

" ဖေဖေ ဘာလို့ သူ့ကို သတ်မယ်လို့ ပြောတာလဲဟင် "
" သမီးကို သူ နောက်တစ်ခါထိရင် ဖေဖေက ပြောတဲ့အတိုင်း လုပ်မှာလေ "
မတ်ရှာရမီ ခဏ တွေနေပြီးမျ -
" သမိးကို ဖေဖေ သိပ်ချစ်တယ်၊ ဒီလိုလူစားမျိုး လက်ထဲ အရောက်မခံနိုင်ဘူး "
ဂျူးဒစ် ၏ ရင်ထဲမှ ပုန်ကန်ချင်စိတ်ကလေး အမောက်ထောင်လာသည်။

" သူ့အကြောင်း ဖေဖေ ဘာသလို့လဲ၊ သူ ဘယ်လို လူစားလဲဆိုတာ ဖေဖေ့ကို သူပြောပြလို့လား "
" မလိုဘူး သမီးလေးရဲ့၊ ဘုရားမရှိ တရားမရှိ လူစားမှန်း သမီး မသိဘူးလား၊ သူ့ကို မယုံစမ်းပါနဲ့ သမီး ရယ်၊ အချိန်တန်ရင် သမီးကိုသူပစ်သွားပြီး အချစ်သစ်ရှာမှာပါ၊ သမီး သူ့ကို နောက် လုံးဝမတွေ့ရဘူး၊ ကြားလား "
ဂျူးဒစ်က လဲကျနေသည့် ပင်စည်မှ အကိုင်းတစ်ခုကို လှမ်းကိုင်ရင်း -
" သူကတော့ သမီးကို သိပ်ချစ်တယ်လို့ ပြောတယ် ဖေဖေ "
" ဖေဖေ့ကိုယုံပါ သမီးရယ်၊ ဒီလိုလူစားမျိုးနဲ့ သမီး ဘယ်လိုမှ မပျော်နိုင်ပါဘူး၊ သမီးက သိပ်ငယ် သေးတော့ လောကအကြောင်း ဘာမှမသိသေးဘူး၊ လူတော်လူကောင်းတစ်ယောက်နဲ့ သမီး တွေ့မှာပါ၊ အဲဒီအခါ ဖေဖေ ချက်ချင်းလက်ထပ်ပေးမယ် သိလား၊ သမီးကို လင်ကောင်းသားကောင်း ရစေချင်လို့ပါ ကလေး ရယ် "

ဂျူးဒစ် ငြိမ်နေသည်။ လွန်ခဲ့သည့်တစ်ပတ်ကအထိ မိန်းကလေးတိုင်း ဖအေနှင့် ဆန့်ကျင်ပြီး အတိုက်အခံ မလုပ်သင့် ဟု ဂျူးဒစ် စွဲစွဲမြဲမြဲ ယုံကြည်ခဲ့၏။ ဖီးလစ်လန်းနှင့် တွေ့ဆုံခြင်းကြောင့် ဂျူးဒစ်ကလေး၏ အတွေးအခေါ် တွေ တိမ်းတိမ်းပွေပွေဖြစ်ကုန်၏။ ဘာရယ်လို့ တိတိကျကျ မသိဘဲ လှုပ်လှုပ်ရှားရှား ဖြစ်နေခြင်း မျိုး။
" အိမ်ထောင်မှုဆိုတာ တဒင်္ဂကိစ္စ မဟုတ်ဘူး သမီး။ တစ်ဘ၀ကိစ္စ၊ သိပ်လေးနက် မွန်မြတ်တဲ့ ကိစ္စ"
" ဟုတ်ကဲ့ပါ ဖေဖေ၊ သမီး မှန်တဲ့ ဆုံးဖြတ်ချက်ကိုပဲ ချချင်ပါတယ် "
စိတ်မသက်မသာနှင့် ဂျူးဒစ် ပြောလိုက်ခြင်းဖြစ်သည်။ ဖအေက သမီးလုပ်သူ၏ လက်ကို လှမ်းဆုပ်ပြီး -
" ဖေဖေ သိပါတယ်ကွယ်။ သမီးလိမ္မာတယ်ဆိုတာ ဖေဖေ သိပါတယ် "
ကာလက် က သူတို့သားအဖေကို လှမ်းခေါ်သည်။ လျေသမားတွေက ခရီးဆက်ဖို့ ကြိုးဖြုတ်သူ ဖြုတ် နေကြပြီ။

" ရှင်တို့ သားအဖနှစ်ယောက် ဘယ်ပျောက်နေကြတာလဲ "
မစ္စက်ရှာရမီ ရောက်ရောက်ချင်း ဆီးမေးသည်။
" ဟိုအနား မှာ စကားထိုင်ပြောနေတာပါကွာ၊ ကဲ ဘာတွန်ရုဂ်ကို မနက်ဖြန် ရောက်အောင် ထွက်ကြစို့ "
ပိန်းကောလှေကြီး ကမ်းကခွာမှ စမ်းချောင်းနံဘေးတွင် ကျန်ခဲ့သည့် အိုးတွေ ခွက်တွေကို ဂျူးဒစ် သတိ ရသည်။ မအေလုပ်သူက ဆူတော့ ဖအေကြီးက ၀င်တားသည်။

" မဆူပါနဲ့ကွာ၊ ဒီအရွယ်ဟာ ဒီလိုပဲပေါ့ "
ဂျူးဒစ် အသာထလာခဲ့သည်။ လှေဦးပိုင်းတွင်ထိုင်ပြီး ဟိုအဝေးအငူစွန်းတစ်ခုကို ကွေ့ပတ် စုန်ဆင်း သွားသော ဖီးလစ်၏ ပိန်းကောကြီးကို ငေးကြည့်နေသည်။
ဖေ့ဖေ့အနေဖြင့် ဖီးလစ်ကိစ္စကို ဆက်ပြောတော့မည်မဟုတ်။ တစ်သက်လုံး ဖအေ့စကားကို မြေ၀ယ်မကျ နားထောင်ခဲ့သည့် သမီးပီပီ ကဏကောစ မလုပ်တန်ရာဟု စိတ်ချထားပုံ။
အလီနွိုင်းမှ သစ်ထွင်းလှေတစ်စင်း သူတို့ကို ကျော်တက်သွားသည်။ ကုန်သည်တစ်သိုက်က ခပ်ကြမ်းကြမ်း ပြင်သစ်သီချင်းတွေ အော်ဆိုသွားကြသည်။ သူတို့နောက်မှ လူရိုင်းလှေတစ်စင်း ပါလာသည်။ လှေပေါ်တွင် ရောင်စုံ ပုတီးစေ့တွေ၊ စောင်တွေ တင်လာသည်။ လူနီရိုင်းတစ်စုသည် လှေကို ကျွမ်းကျင်စွာ လှော်သွား ကြသည်။

မကြာမီ အခြား ပိန်းကောလှေကြီးတစ်စင်းကို အဖေ အော်ဟစ်နှုတ်ဆက်နေသံ ကြားလိုက်သည်။ ပင်စီဗေးနီးယား က စိန်ကလဲယား မိသားစုများဖြစ်သည်။ ထိုစဉ် ဖီးလစ်၏လှေကြီးကို တစ်ချက်လှမ်း မြင်လိုက်ပြန်သည်။ ဝေးသည်ထက် ဝေးသွားပြီ။ ဖီးလစ်သည် သူ့ကတိအတိုင်း အမြန်ဆုံး ခရီးနှင် နေခြင်းဖြစ်ကြောင်း ဂျူးဒစ် သိလိုက်သည်။
ဒူးကိုပိုက်ပြီး အခန်းနံရံကို မှီထိုင်ရင်း စဉ်းစားနေသည်။ အဖေ ဘာပြောပြော သူ မတွေ့တွေ့အောင် ရှာလာမှာပါ။ ဘာဖြစ်ဖြစ် အားလုံးကို သူ ကျော်ဖြတ်မှာပါ။ တကယ်လို့များ သူ ရောက်လာရင် ဘယ်လို လုပ်ပါ့ မလဲ။

ဒီည လှေဆိုက်ရင် ခါတိုင်းလို သူနဲ့ မတွေ့ရတော့ဘူးပေါ့နော်။ ရင်ထဲ ဟာသွားသည်။ အောက်မေ့ တယ် အစ်ကိုရယ်။ ပင်လယ်ဓားပြတွေ အကြောင်း၊ နှစ်ဦးချင်း ယှဉ်သတ်တဲ့ပွဲတွေအကြောင်း ထပ် နားထောင်ချင် သေးတယ်လေ။ ပိုပြီး နားထောင်ချင်ဆုံးကတော့ ဂျူးဒစ်ကို အစ်ကို ချစ်တဲ့ အကြောင်း တွေပေါ့။ အစ်ကို့ရင်ခွင်ထဲမှာ တိုးဝင်ပြီးတော့လေ။ ဘယ်တုန်းကမှ ဒီလို မခံစားခဲ့ဖူးဘူး အစ်ကိုရယ်။ သိပ်သိပ် အောက်မေ့တာပဲ။ ကိုယ့်ကိုယ်ကိုယ်လည်း နားမလည်တော့ပါဘူး။

ယောက်ျားတွေက မိန်းမတွေကို ဘာအတွက် လိုချင်ကြတာပါလိမ့်။ ပျော်စရာကောင်းမလား၊ ကြောက်စရာကြီးများလား။ နှစ်မျိုးလုံး ပါမယ်ထင်တယ်နော်။ ဆန်းတော့ ဆန်းသည်။ သည်ကိစ္စ တွေကို သေသေ ချာချာ မသိပါဘဲ သူနှင့်သာဆိုလျှင် ပျော်စရာအတိဖြစ်မှာပဲဟု စိတ်ထဲ စွဲနေလေ သည်။ ရင်ထဲမှာ ပူလောင်ပြီး ငိုချင်လာသည်။ သည်လို အဓိပ္ပာယ်မရှိ စိတ်မလှုပ်ရှားချင်ပါ။ အခန်းထဲဝင်ပြီး အနားသတ် လက်စ ခေါင်းစည်းတဘက် တစ်ခုယူသည်။ စိတ်ပျက်သွား၏။ သူ့ အ၀တ်အစားတွေနဲ့ ယှဉ်လိုက်ရင် သိပ်အောက်တန်းကျတာပဲ။ အဖေ့စကား နားထောင်ရင် တစ်သက်လုံး ဒီလိုပဲ အောက်တန်း ကျနေမှာ။

နေဖို့အိမ် ဆောက်မပြီးမချင်း ဝေါ်လ်တာပါစယ်အိမ်တွင် ဧည့်သည်အဖြစ် နေကြရမည်တဲ့။ ဝေါ်လ်တာက အဖေ့ မိတ်ဆွေ ဟောင်းကြီး တစ်ယောက်ရဲ့ သားလေ။ သိပ်အလုပ်ကြိုးစားတာပဲတဲ့။ ဂျူးဒစ်က အပ်ချုပ်နေ ရင်း မကျေမနပ်နှင့် နှုတ်ခမ်းစူလိုက်သည်။
သူ့အိမ်က အသစ်ကျပ်ချွတ် နေမှာပေါ့လေ။ တစ်နေကုန် ထိုင်ချည်ငင်ရင်း လူပျိုစကားလာပြောတဲ့ ကိုယ်တော်ချော တွေကို ဧည့်ခံစကားပြောနေရမှာလား။ စိတ်ညစ်ဖို့ ကောင်းလိုက်တာ။ ဘာပြုလို့ များ ဘုရားသခင် က လူတိုင်းကို ဖီးလစ်လန်းလို ချစ်စရာ၊ ပျော်စရာ လူတွေအဖြစ် ဖန်ဆင်းပေး မထားပါလိမ့်။

နောက်ဆုံးတွင် ဒယ်လ်ရွိုင်းကုန်းမြင့်ဒေသသို့ သူတို့ ရောက်လာကြသည်။ ဘာတွန်ရုဂ်မြို့၏ အောက်ပိုင်းကို ရောက်လာကတည်းက ကမ်းပါးမြေမှာ နုလာသည်။ နိမ့်လည်း နိမ့်လာသည်။ သို့သော် တစ်နေရာအရောက်တွင် အရှေ့ဘက်ကမ်းသည် မတ်မတ်စောက်စောက်ကြီးတွေ ပြန်ဖြစ် လာပြီး မြစ်ပြင် ကို စီးမိုးနေတော့၏။ အပြေဆုံး တစ်နေရာတွင် ဆိပ်ကမ်းလုပ်ထားသည်။ ပိန်းကောလှေကြီးတွေ ကြက်တောင်စိုက် ဆိုက်ကပ်ထား၏။ သစ်ထွင်းလှေတွေ၊ လောင်းလှေတွေ လည်း ပြွတ်သိပ်နေသည်။ ဂျူးဒစ်တို့ ပိန်းကောလှေကြီးမှာ ကပ်ဖို့နေရာမရအောင် ဖြစ်နေသည်။ လှေသမားတွေ ဦးနှောက်ခြောက် နေကြ၏။ နေရာလွတ်ကလေးတစ်ခု တွေ့သည်နှင့် အတင်းထိုး၊ အတင်းဝင်ပြီး ဆိုက်ကပ်လိုက်ကြသည်။ အဖေ နှင့် အတူ ဂျူးဒစ် ကမ်းပေါ်တက်လိုက်သွားသည်။

သားအဖနှစ်ယောက် ဆိပ်ကမ်းပေါ်ရပ်ပြီးအခြေအနေကို အကဲခတ်နေကြသည်။ ဆိပ်ကမ်းတစ်ခုလုံး ရှုပ်ယှက်ခတ် ဆူညံနေ၏။ ကုန်တင်ကုန်ချလုပ်နေကြသည့် ကပ္ပီတွေက ကျွတ်ကျွတ်ညံလို့။ ဆိုက်ကပ် လာသည့် လှေတွေကို သီချင်းဆိုပြီး ကြိုနေကြသည့် အင်ဒီယန်များ သည် လှေတွေက သူတို့ကို ဖရဲသီး တွေ၊ ပိုက်ဆံ အကြွေတွေ ပစ်ပေး၍ ၀မ်းသာအားရ အော်ဟစ်နေကြ၏။
လက်တွန်းလှည်း ဘီးလှိမ့်သံတွေ၊ သစ်သီးသေတ္တာကြီးတွေ တွန်းချသံတွေကလည်း တဒုန်းဒုန်း တဒိုင်းဒိုင်း။ မကြာခင် လှေသမားတစ်သိုက် ပစ္စည်းတွေ၊ သေတ္တာတွေကို ထမ်းချလာသည်။ ဂျူးဒစ် ကျောထဲ စိမ့်သွား၏။ သည်မြေရိုင်းပေါ်တွင် နေရတော့မှာပါလား။

ဖလော်ရီဒါအနောက်ပိုင်း လူဝီစီးယားနားပြည်နယ် ဒယ်လ်ရွိုင်း မြို့ကလေး။ ဖီးလစ် သဘောကျသည့် ဒေသ။ ခုလို ကြောက်နေတာကို အစ်ကို သိရင် ရယ်နေမလားပဲ။ သူ့ကိုများ တွေ့ မလားဆိုပြီး ကျီးကန်း တောင်းမှောက် ရှာကြည့်မိသေး၏။ သို့သော် ဘယ်ကို ကြည့်လိုက် ကြည့်လိုက် အားလုံးမျက်နှာစိမ်း တွေချည်း။ သူ ဒီမျာ ဘယ်ရှိတော့မလဲ။ သူ့မြေတွေ ရှိရာကို တန်းပြေးရောပေါ့။
ထိုစဉ် စည်ပိုင်း တွေကို ကျော်လွှားပြီး နီဂရိုးတစ်သိုက်အား လမ်းရှင်းပေးဖို့ အော်ဟစ် အမိန့်ပေးနေ သည့် လူတစ်ယောက် ကို ဂျူးဒစ် ချက်ချင်း မှတ်မိလိုက်သည်။ ကနက်တီကပ်မှ ထွက်သွားသည့် ဝေါ်လ်တာပါစယ်။ အလွန်သိမ်မွေ့သည့် လူအေးတစ်ယောက်ဖြစ်သည်။

သူ့အသားအရောင် မှာ လူနီတွေလို ညိုနေပြီ။ ငှက်ပျောညွန့်ရောင် ကုတ်အင်္ကျီကို ၀တ်ထား၏။ လက်ကြယ်သီးများက ငွေ ရောင်တလက်လက်။ သူတို့သားအဖကို လက်မြှောက်ပြပြီး အော်ဟစ် နှုတ်ဆက် သည်။ တွန်းလှည်း တစ်ခုကို ခုန်ကျော်လိုက်ပြီး မတ်ရှာရမီ၏ လက်ကို တအား ဆုပ် ထားလိုက်သည်။
ဂျူးဒစ်က နောက်ဆုတ်ပြီး သူ့ကို စိုက်ကြည့်နေသည်။ သူ လုံးဝ ပြောင်းလဲသွားပါပြီ။ ကြမ်းတမ်း လာသည်။ သွက်လာပုံရသည်။ ကြားဖူးသည့် စကားပုံမှန်ပြီဟု သဘောပေါက်လိုက်၏။ နယူးအင်္ဂလန်ကို လူဝီစီးယားနားသို့ ဘယ်တော့မှ ယူလာ၍မရ ဟူသည့်စကားပုံ။ သူတို့အားလုံး နယူးအင်္ဂလန်ကို လမ်းတွင် ထားခဲ့ကြရပြီ။
အစ်ကိုနဲ့တော့ အံကိုက်နေမှာပါလေ။

သစ်တောထဲ ဖြတ်ဖောက်ထားသည့် လမ်းတစ်လျှောက်တွင် မြင်းရထားကြီး တဒုန်းဒုန်း တဒိုင်းဒိုင်း နှင့် ပြေးနေသည်။ ရံခါတွင် မဲနယ်ပင်စိုက်ခင်းများကို ဖြတ်သန်းရသည်။ စိုက်ခင်းတိုင်းတွင် ယာတဲ ငယ်ကလေး များကို တွေ့ရ၏။ အချို့ စိုက်ခင်းများတွင်မူ အတန်အသင့် ကြီးမားသော ယာတော အိမ်ကြီး တွေ ဆောက်ပြီးနေပြီ။ နောက်ဆုံး ဝေါ်လ်တာပါစယ်၏ အိမ်သို့ ရောက်လာကြသည်။
အိမ်ကြီးကို "သီရိမြိုင်"ဟု နာမည်ပေးထားပြီး ဖြစ်သည့်အတွက် ပိုင်စားမြေတွေကို "သီရိမြိုင်ယာတော" ဟုခေါ်နေကြ၏။ အိမ်ကြီးမှာ ပန်းရောင်တဖိတ်ဖိတ်တောက်နေ၏။ အလယ်ကောင်တွင် စင်္ကြထားပြီး တစ်ဖက်တစ်ချက်တွင် ငါးခန်းစီပါသည့် အဆောင်နှစ်ဆောင်ရှိ သည်။ ရှေ့ပိုင်းမှ ဆင်ဝင်နှင့် လသာဆောင်ကြီး ကို အဖြူရောင် သုတ်ထား၏။ အိမ်အနေအထားနှင့် ပြင်ဆင်ပုံမှာ ပြင်သစ်ဆန်သည်။ အဖေ က ဝေါလ်တာပါစယ်ကို စပ်စုလိုက်သည်။

" ဒီမှာ ပြင်သစ်တွေနဲ့ ဆက်ဆံရမှာပေါ့နော် ဝေါ်လ်တာ "
" မလွဲမသွေပေါ့ မတ်၊ ကျွန်တော့် မိန်းမလည်း နယူးအော်လီယန်းသူ ပြင်သစ်နွယ်ပဲလေ "
လူမည်း ဒါဇင်ဝက်ခန့် အိမ်ကြီးထဲမှ ပြေးထွက်လာပြီး သူတို့ကို ကြိုသည်။ သူတို့ သေတ္တာကြီးတွေကို သယ်ပိုးချနေတုန်း ဆံပင်နက်နက်နှင့် အမျိုးသမီးကလေး ဆင်ဝင်အောက်သို့ ထွက်လာသည်။ ဆံနွယ်ခွေ ကလေးတွေက လည်ကုပ်ပေါ် ၀ဲလို့။ ပန်းရောင်ဝတ်စုံကို ၀တ်ထားသည်။ ယမင်း ရုပ်ကလေးနှင့် တူနေသည်။ မစ္စတာပါစယ်က မိတ်ဆက်ပေးတော့မှ ဂျူးဒစ် ပါးစပ်အဟောင်းသား ဖြစ်သွား၏။
" မိတ်ဆွေ ဧည့်သည်များ ခင်ဗျား၊ ဒါ ကျွန်တော့် ဇနီးပါပဲ။ ဂျာဗာစီရေ ... ဟောဒါ ကနက်တီကပ်က ကိုယ့်မိတ်ဆွေ တွေလေ "
ဂျာဗာစီက ဂါဝန်ကြီးကို အသာမပြီး ဒူးညွှတ်အရိုအသေပေးကာ နှုတ်ဆက်သည်။ "အားလုံးကို သီရိမြိုင်က ကြိုဆိုပါတယ်ရှင် " ဟု နူးညံ့သည့် အသံခပ်ဝဲ၀ဲကလေးဖြင့် ပဋိသန္ဓာရပြုသည်။

" ကျွန်မ အမျိုးသားက တစ်မျှော်တည်း မျှော်နေတာလေ။ ဆိပ်မ်းကို နေ့တိုင်း ဆင်းကြိုနေတာ တစ်ပတ် ရှိပြီ ရှင့် "
ဦးခေါင်း ကို ညွှတ်ထားပြီး တံခါးမကြီး ဖွင့်ပေးထားသည့် နီဂရိုးတစ်ယောက်ကို ဂျာဗာစီက အချက်ပြ လိုက်ပြီး -
" အထဲကို ကြွကြပါရှင် "
အမေ့နောက်မှ ကပ်လိုက်သွားရင်း ပြင်သစ်မကလေးကို ဘေးတိုက်ကြည့်ပြီး အကဲခတ်လိုက်သည်။ ဒါလောက် ယဉ်ကျေးပြီး မြို့ဆန်သည့် မိန်းကလေးမျိုး တစ်ခါမှ မတွေ့ဖူးသေး။ အိမ်ကြီးရှင်မ အသွင်သဏ္ဍာန် လည်း အထင်းသားပေါ်နေ၏။ ဆံနွယ်ခွေကလေးတွေနဲ့ ခေါင်းစည်းဖဲကြိုးတွေ သူနေ့တိုင်း ဆင်မြန်းထားမယ် ထင်တယ်နော်။ ဟုတ်မှာပါ။ ဧည့်သည်တွေ လာမယ့်အချိန် သူမှ ကြို မသိတာ။ ကြိုဖို့အတွက် တမင်ဝတ်စားထားတာ မဖြစ်နိုင်ဘူး။ ဂျာဗာစီက သူ့ယောက်ျားဘက် လှည့်ပြီး -
" နောက်ပိုင်း အခန်းတွေကို မွန်စီယာရယ်၊ မဒမ်ရယ်၊ ဟောဒီ အစ်ကိုရယ်အတွက် စီစဉ်ထားတယ် ဝေါ်လ်တာ၊ ညီမလေးကိုတော့ ကျွန်မ ကြည့်ပြီး နေရာချပေးလိုက်မယ် "

ဂျာဗာစီက ဂျူးဒစ်နှင့် လက်မောင်းချင်းချိတ်ပြီး ပစ္စည်းတွေနှင့် အလုပ်ရှုပ်နေကြသည့် လူမည်းအိမ် စေတွေ ကို အင်္ဂလိပ်စကားတစ်ဝက်၊ ပြင်သစ် စကားတစ်ဝက်ဖြင့် အမိန့်ပေးနေသည်။ ပြီးမှ ဂျူးဒစ် ကို ပန်းရောင် အခန်းကြီးတစ်ခန်းထဲ ပို့ပေးသည်။ ကြမ်းပြင်အထိ ဖောက်ထားသည့် မတ်တတ် ပြတင်းပေါက်ကြီး တွေနှင့်။ တစ်ယောက်အိပ် ခုတင်တစ်လုံး ပြင်ထားပေးသည်။ သူတို့နောက်မှ နီဂရိုးမ ကလေး တစ်ယောက် သစ်သားရေနွေးစည်ပိုင်းပြတ်ကြီး မပြီး ၀င်လာသည်။ ကောင်မလေး နာမည် တီတီ တဲ့။ ဂျူးဒစ်က ဦးထုပ်သိုင်းကြိုး ဖြုတ်ရင်း အားနာစကားပြောသည်။
" အိမ်ရှင်က သိပ်ဧည့်ဝတ်ကျေလွန်းနေပြီ။ ဂျူးဒစ်တို့အတွက် ဒုက္ခများနေပြီပေါ့နော် "

ဂျာဗာစီက အံ့သြသွားသည့် အမူအရာဖြင့် တစ်ချက်ရယ်ပြီး -
" အို ... မဟုတ်တာ၊ တို့က ဧည့်သည်ပဲ မျှော်နေတာ၊ ဝေါ်လ်တာက တစ်နေကုန် အပြင်ထွက်နေတော့ အဖော် ဆိုလို့ သမီးလေးနဲ့ အစေခံတွေပဲရှိတယ်။ ကြာတော့ ငြီးငွေ့တာပေါ့ "
" ဟင် ၊ ကလေးရှိတယ် ဟုတ်လား "
" ဟုတ်တယ်လေ၊ သမီးလေးနာမည်က ဘာဘက်ကီတဲ့၊ ဘာလို့ အံ့သြနေတာလဲ "
" ဟင် ... ကြည့်ရတာ ငယ်ငယ်လေးလိုပဲ "
ဂျာဗာစီ ရယ်ပြန်သည်။

" လူကောင်သေးလို့ ထင်ပါတယ်ကွယ်။ ကိုယ့်အသက် ၁၇ နှစ်ရှိပြီလေ၊ အိမ်ထောင်ကျတာ သုံးနှစ် ရှိပြီ၊ ကဲ ကိုယ့်ကို ခွင့်ပြုဦးနော်၊ စားဖို့သောက်ဖို့ သွားစီစဉ်ချေဦးမယ်၊ ဘာလိုချင်လိုချင် တီတီ့ကို ပြောနော်၊ ဘာမှ ရှက်မနေနဲ့ သိလား၊ ကိုယ့်အိမ်လိုပဲ သဘောထားနော် "
ဂျာဗာစီ ထွက်သွားတော့ တီတီက အ၀တ်သေတ္တာကို ဖွင့်နေသည်။ ဂျာဗာစီဆိုသည့် အမျိုးသမီးကို ဂျူးဒစ် အံ့သြ နေ၏။ သူ့လှုပ်ရှားမှုအားလုံးဟာ အသားကျနေသလိုပဲ။ ဘာမှ အားမစိုက်ရဘဲ လုပ်ရိုး လုပ်စဉ်တွေ လုပ်နေသလိုပင်။ သူ့ဘ၀မှာ စိတ်အနှောင့်အယှက်ဖြစ်စရာ တစ်ခါမှ မတွေ့ဖူးခဲ့သလိုပဲ။ ဆင်ယင်ထုံးဖွဲ့ပုံ၊ အိမ်ကို စီမံပုံ၊ ကျွန်တွေကို အုပ်ချုပ်ပုံ၊ ဧည့်သည်တွေနဲ့ ဆက်ဆံပုံ အားလုံး အပိုအလိုမရှိ။ အားလုံး ကွက်တိ။ အိမ်ကြီးရှင်မပီသပါပေသည်။ မျက်နှာကလေးက အမြဲပြုံးလို့။ မိမိကို ဖီးလစ် ဖြစ်စေချင်သည်မှာ သည်လို ပုံစံမျိုး ထင်ရဲ့။

ဦးထုပ်ကို အိပ်ရာပေါ် ပစ်တင်လိုက်သည်။
အင်း ... ငါ့ဘ၀နဲ့များ ကွာလိုက်လေ။ ငါ့မှာတော့ မီးဖိုချောင်က ထွက်ရတယ်ကို မရှိဘူး။
" ရေချိုးဖို့ အသင့်ဖြစ်ပါပြီ မမလေး "
နောက်ဘက်မှအသံတိုးတိုးကလေး ထွက်လာသည်။ လှည့်ကြည့်လိုက်တော့ ရေချိုးခန်းတံခါးဝတါင် ယို့ယို့ကလေး ရပ်နေသည့် တီတီ့ကို တွေ့ရသည်။ ခပ်သွက်သွက် လူမည်းမကလေး။ ပွင့်ရိုက်ချည် ထည်အပြာရောင် အင်္ကျီနှင့်။ ခေါင်းတွင် အ၀ါရောင်ခေါင်းစည်းပ၀ါ ပတ်ထားသည်။

" သြော် ၊ အင်း အ၀တ်တွေ ချွတ်လိုက်ဦးမယ်လေ "
တီတီ ထွက်သွားမလားဟု ခဏစောင့်နေသည်။ သို့သော် ကောင်မလေးက ပေရပ်နေ၏။ သူ့ရှေ့မှာ ဘယ်လိုလုပ်ပြီး အ၀တ်တွေ ချွတ်ရဲပါ့မလဲ။ တီတီက လျှောက်လာပြီး နောက်မှရပ်ကာ ချိတ်တွေ ဖြုတ်၊ ကြိုးတွေဖြေ လုပ်ပါလေတော့၏။ ပြီးတော့ တစ်လွှာချင်း ချွတ်ပေးနေသည်လေ။
ထိတ်လန့် အံ့သြမှုကို မျိုသိပ်ထားလိုက်၏။ သူတို့ ဓလေ့ထုံးစံထင်ပါရဲ့။ ဒါပေမဲ့ လူမည်းမကလေးရှေ့မှာ မိမွေးတိုင်း ဖမွေးတိုင်း ပုံစံနဲ့ ရပ်နေရတာလောက် စိတ်ညစ်ဖို့ကောင်းတာ ဘယ်ရှိပါ့မလဲ။ ပြီးတော့ ကလေးတစ်ယောက် လို သူက ရေချိုးပေးဦးမယ်တဲ့။

သို့သော် မကြာမီ စိုးရိမ်ထိတ်လန့်စိတ်တို့ ပျောက်ကွယ်သွားကြလေသည်။ သိပ် သက်သောင့်သက် သာရှိလှ ပါကလား။ ရေချိုးသည့် ကိစ္စတွင် သည်မျှ ငြိမ့်ညောင်းလိမ့်မည်ဟု လုံးဝ တွေးမကြည့်ဖူးခဲ့။ အစ်ကို ပြောတဲ့ ၀က်သစ်ချမြိုင်ရဲ့ အရှင်သခင်မဘ၀ဆိုတာ ဒါမျိုးထင်တယ်နော်။
" ညစာဝိုင်းကို မလေး ဒါ ၀တ်သွားမလားဟင် "
ချမ်းသာသမျှ ကလေးထဲတွင် အကောင်းဆုံး အပြာရောင် ၀တ်စုံကို ကိုင်ပြီး တီတီ မေးနေခြင်းဖြစ် သည်။ သည်ဝတ်စုံ ၀တ်သွားသည့်တိုင် ဂျာဗာစီနံဘေးတွင် အရောင် မှိန်နေလိမ့်ဦးမည် ထင်၏။
" အင်း .. ကောင်းသားပဲ "

ခြေအိတ်နှင့် အတွင်းခံတွေပါ ထုတ်ပြီး တီတီက အိပ်ရာပေါ်တွင် စီတင်ပေးထားသည်။ ၀တ်စုံပြာကို အိပရာပေါ်တင်ပြီး ရှင်မီးအင်္ကျီကို ကောက်ယူသည်။ ၀တ်ပေးသည်။ အသာငြိမ်ပြီး သူပြုသမျှ နုနေ လိုက်တော့သည်။ တစ်ထည်ပြီး တစ်ထည် တစ်ထပ်ပြီးတစ်ထပ်။ ခြေအိတ်ကိုတော့ ကိုယ်တိုင် စွပ် ချင်သည်။ တစ်စုံတစ်ယောက်က ရှေ့မှထိုင်ပြီး စွပ်ပေးဖို့မှာ လွယ်သည့်အလုပ် မဟုတ်။ စွပ်ပြီး ဆွဲတင် ရဦးမည်။ ပြန့်ပြန့်ပြူးပြူး ဖြစ်အောင် လုပ်ရဦးမည်။ ဒါကိုတော့ သူ လုပ်ပေးနိုင်မည် မထင်။ သို့သော် တီတီ က သည်အလုပ်မျိုးသည် လူဖြူအမျိုးသမီးများနှင့် လားလားမျှ မအပ်စပ် သည့် အလုပ်ပမာ သူကိုယ်တိုင် ပင် စွပ်ပေးသည်။ ကျွမ်းကျင်လိုက်သည့် ဖြစ်ခြင်း။ ကိုယ်တိုင် စွပ်လျှင်တောင် သူ့လောက် မြန်မည်မထင်။ သူ့လောက်သေသပ်မည် မထင်။
ဂျူးဒစ်အတွက် အားလုံးအသစ်အဆန်းတွေချည်း ဖြစ်နေသည်။ သို့သော် ချက်ချင်း ကျင့်သားရရှိ သွား သည့် အသစ်အဆန်းမျိုး။

ပြီးတော့မှ ဖယောင်းတိုင်တစ်တိုင်နှင့် ဆံနွယ်ခွေသည် သံနန်းကြိုးကို ယူလာသည်။ လက်တစ် ဖက်တွင် ပန်းရောင်ဆီမွှေးပုလင်းကို ကိုင်လျက်။ သံနန်းကြိုးကို ဖယောင်းတိုင်မီးဖြင့် အပူပေးလိုက်၊ ဆံပင်ကို စည်းလိုက်၊ ကြိုးထည့်လိပ်လိုက်နှင့် တီတီ အလုပ်ရှုပ်နေ၏။ မကြာခင် ဆံခွေကလေးတွေ နဖူးတစ်ဝိုက်နှင့် လည်ကုပ်တစ်ဝိုက် တွင် တငြိမ့်ငြိမ့် လှုပ်ရှားနေပြီ။ အားလုံးပြီးတော့မှ တီတီက သူ့ကို မှန်ရှေ့တွင် ရပ်ခိုင်းသည်။

မှန်က ဗြက်ကျဉ်းသော်လည်း အလျားရှည်သည်။ တစ်ကိုယ်လုံးနီးပါး မြင်နိုင်သည့် မှန်မျိုး။ သို့သော် ရုတ်တရက် ဘာမှ မကြည့်နိုင်အားသေး။ ခေါင်းပေါ်တွင် ခြင်းတစ်လုံးကို လက်လွတ်ရွက်ထားရ သလို သတိထား နေရ၏။ တစ်ကိုယ်လုံး စည်းနှောင်းထားသည့် ချိတ်တွေ၊ ကြိုးတွေက တစ်မှောင့်။ အသက်ရှူ လို့ပင် မ၀တော့။ ဘေးဘီ အထက်အောက် တော်တော်နှင့် မကြည့်နိုင်။
ကြည့်နိုင်ချိန်တွင် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ ငါမှ ဟုတ်ရဲ့လားဟု ဇဝေဇ၀ါဖြစ်သွား၏။ ပခုံးအကျ သည်မျှ ကျက်သရေရှိလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ခဲ့။ ပြောပြမည့်သူလည်း မရှိခဲ့။ ဒါလောက် ခါးသေးမှန်းလည်း ခုမှ သိရတော့သည်။ ထိလျှင် ကြွေကျမည့် ပန်းကလေးတစ်ပွင့်၏ နုနု နယ်နယ် အလှမျိုး။

ဆက်ရန်
.

No comments: