(ဤအရွယ်ကလေးကစ၍ အတာသည် သူငယ်တန်းထက် ပထမတန်းကို မက်မောသော စိတ်မျိုး ရှိနေ၏။ ထို့နေမှစ၍ စာကိုချည့်ဖိ၍ ကျက်နေတတ်၏။ ယနေ့လည်း မသိန်းမေ ထွက်သွားသည် မှ စ၍ တကြော်ကြော် နှင့် စာကို အော်ဖတ်နေသည်မှာ အဘယ်မျှ ကြာသွားသည် ဟူ၍ သူပင် မသိ။) ကို ဆက်ဖတ်ရန်....
"ဟဲ့ကောင်လေး တိုးတိုးဖတ်၊ ဒီမှာ ကလေးအိပ်နေတယ်"
အောက်ထပ်မှ သံပြတ်နှင့် ငေါက်လိုက်သော အဒေါ်ကြီးတစ်ယောက်အသံကြားမှပင် သူ့အသံကလေး တိမ် သွားတော့၏။
အတာတို့ နေရသော အိမ်မှာ ပေအစိတ်ခန့်ရှိသော အိမ်တစ်ဆောင်၏အပေါ်ထပ်တွင် တစ်ဆင့်တင် ထားသော အထပ်ခိုးကလေးတွင်ဖြစ်၏။ ထိုအထပ်ခိုးမှာလည်း အိမ်၏အတွင်းပိုင်းကျကျတွင် အနံ ၁၀ ပေ သာသာ မျှသာရှိပြီး အလျားမှာမူ ပေအစိတ်ပြည့်ဖြစ်၏။ သို့သော် ထိုပေအစိတ်ကိုပင် နှစ်ခန်းဖွဲ့၍ ခွဲ ခြမ်းထားပြန် သောကြောင့် ကြားထရံနှင့် ဘေးအကာအကွယ် ပုပ်သွားသောနေရာများကို နုတ်လိုက် သော် တစ်ခန်း လျှင် ၁၀ ပေ ၁၁ ပေ ခန့်သာရှိ၏။ တစ်ခန်းတွင် အတာတို့နေ၍ အခြားတစ်ဖက်တွင် တရုတ် လင်မယား ရှိ၏။
ထိုအခန်းကို ခြုံ၍ ငှားထားသူမှာ ပေအစိတ် ပေခြောက်ဆယ်ရှိသော အောက်ထပ်၏တစ်ဝက်တွင်နေ၍ ကျန်တစ်ဝက်ကို ဆွေနီးမျိုးစပ် အပျိုညီအစ်မ တစ်စုကို လခဖြင့် ငှားထား၏။ လခပင်ဆိုသော်လည်း ထိုအတွက် ကျငွေ ကို နေ့စဉ်ပေးရ၏။
အိမ်ခန်း ကို ခြုံ၍ ငှားထားသူမှာ နေ့ပြန်တိုးနှင့် ငွေချေးစားသူ ပွဲစားကတော်တစ်ဦးဖြစ်သည့်အတိုင်း အလွန် စေ့စပ်၏။ ငွေကြေးနှင့်ပတ်သက်လာလျှင် မည်သူ့မျက်နှာမျှမထောက်ဘဲ ပက်ပက်စက်စက် ပြောတတ် သောကြောင့် သူ့ပါးစပ်ကို လူတိုင်းကြောက်၏။
အတာဆိုလျှင် ထိုပွဲစားကတော်အား မော်၍ပင် ကြည်ဝံ့သူ မဟုတ်သောကြောင့် စောစောက အော် ထားသည့် အရှိန်ဖြင့် အတာ မှာ အိမ်သာတက်ချင်သည်ကိုပင် အောက်ထပ်သို့ဆင်းအလာရဲဘဲ ရှိနေ ရှာ၏။
"သြ ငါ့မောင်လေး စာဖတ်နေသလား ဟေ့" လို့ ပြောရင်း တက်လာသူမှာ ပွဲစားကတော်ကြီး၏ ဆွေမျိုးစု တစ်သိုက် ထဲမှ တစ်ယောက်သော မိန်းမပျို ဖြစ်၏။
"ဟုတ်ကဲ့ ကျွန်တော် သူငယ်တန်းဖတ်စာတွေ ကျက်နေတယ်၊ လူကြီးက ကျွန်တော့်ကို တနင်းလာနေ့ ကျောင်းထားမယ် ဆိုလို့"
မိန်းမပျို လည်း ဘာတစ်ခွန်းမှ နောက်ထပ်မဆက်သေးဘဲ အတာကလေး၏ ဘိုကေကို တယုတယသပ် နေပြီးမှ
"အတာ၊ နင် ကိုထွန်းအောင် ကို လူကြီးလို့ခေါ်တယ် ဟုတ်လား"
"ဟုတ်ကဲ့၊ သူ့ရှေ့မှာတော့ ဒီလိုမခေါ်ပါဘူး"
"နို့ သူ့ရှေ့ကျတော့ ဘယ်လိုခေါ်သလဲ"
"ဒီမှာ လို့ ခေါ်တာပေါ့"
မိန်းမပျိုလည်း အတာ၏ပါးကလေးကိုဆွဲရင်း နှစ်နှစ်ခြိုက်ခြိုက် ရယ်နေပြီးမှ
"သူ မင်းအမေယောက်ျားဖြစ်နေပြီပဲဟာ မင်းအဖေပေါ့၊ အဖေလို့ပဲ ခေါ်ပါ့လား"
အတာ ရုတ်တရက် မဖြေ၊ ခေါင်းကလေးငုံ့၍ တွေနေပြီးမှ
"ကျွန်တော် ရှက်တယ်ဗျာ"
ဤတွင်တစ်ကြိမ်၊ မိန်းမပျိုလည်း ပါးကလေးခွက်လိမ်သွားသည်အထိ ရယ်နေရာမှ
"ဒါနဲ့ အတာ၊ မင်းစာဖတ်နေ တာ ၁၀ နာရီလောက်ကတည်းက မမသက် စပြီး ကြားနေရတယ်၊ အခု ၁၂ နာရီ ထိုးပြီး၊ ထမင်းကော စားပြီးပလား"
"ဟင့်အင်း မစားရသေးဘူး"
စာထဲတွင် စိတ်ဝင်စားနေမိသော အတာသည် မမသက်ဆိုသူက ယခုလို မေးလိုက်မှပင် ထမင်းမစားရ သေးသည့် အဖြစ် ကို သတိရလာ၏။ ဆာသလိုလိုလည်း ရင်ထဲတွင် ဟာသွား၏။
"ဘာဟင်းချက်သလဲ ကွဲ့၊ ထုံးစံအတိုင်း အမဲသားကြော်ပဲလား အတာ"
"ဒီနေ့ ဘာမှမချက်ဘူးလေ၊ မေမေ မြင်းပွဲသွားစရာရှိလို့ အဲဒါ ကျွန်တော့်ကို ပိုက်ဆံတစ်ပဲ ပေးသွား တယ်"
"ပိုက်ဆံတစ်ပဲ ဟုတ်လားအတာ၊ အဲဒါက ဘာလဲ၊ ထမင်းဖိုးလား"
"ဟုတ်ကဲ့"
မမသက်သည် မျက်စိမျက်နှာပျက်၍ စိတ်မသက်သာသလို တွေသွား၏။ ထိုခေတ် ထိုအချိန်က တစ်ပဲ ဆိုသော ပိုက်ဆံမှာ ကလေးတစ်ယောက်အဖို့ ထမင်းနှင့်တန်းတူ စားနိုင်သော မည်သည့်မုန့်ပဲသရေစာ မဆို စားနိုင်လောက်သော တန်ဖိုးရှိသည်မှန်သော်လည်း ထမင်းအနေဖြင့် အပေါဆုံးဆိုင်တွင် ဝင်၍ ထိုင် သည့် တိုင်အောင် ထမင်းနှစ်ပြား ဟင်းတစ်ပဲ သည် အနည်းဆုံးနှုန်းဖြစ်၏။
ဤသည်ကို သဘောပေါက်တွေးမိ၍လော မသိ၊ မမသက်က
"ဒီပိုက်ဆံတစ်ပဲ နဲ့ နင် ဘယ်လိုလုပ် ထမင်းစားမလဲ အတာ"
"မနေ့ညကတောင် ပိုက်ဆံတစ်ပဲနဲ့ပဲ သွားစားပြီးပြီလေ၊ ထိပ်ဝက နှစ်ပြားလက်ဖက်ရည်ဆိုင်မှာပေါ့၊ အစ တော့ ထမင်းနဲ့ပဲဟင်းပဲရမယ်တဲ့၊ ဒါနဲ့ ကျွန်တော်က ကာကာကြီးရယ် ဆလံပေးပါတယ်။ ထမင်းနဲ့ အမဲသားဟင်း နည်းနည်းပေးပါလို့ ပြောတော့မှ ကျွန်တော့်ကို သနားလို့ဆိုပြီး အသားဟင်းနဲ့ပဲ တစ်ပဲဖိုး ကျွေး လိုက်တယ်၊ ခုလဲ ဒီဆိုင်သွားစားမှာပေါ့"
အတာကမူ ပိုက်ဆံတစ်ပဲ နှင့် ထမင်းရောဟင်းပါရပြီး သူ့အစွမ်းအစကြောင့် ဝခဲ့သည့်အနေဖြင့် ဂုဏ်ယူ သလို ဟန်နှင့် ပန်နှင့် ရယ်ကာမောကာ ပြောနေနိုင်သလောက် မမသက်တွင်မူ မျက်ရည်ကလေးပင် ဝဲ လာသည် အထိ မချိတရိနှင့် အတာ အား ငေးကြည့်နေမိတော့၏။
ရွှံ့နှင့်လုပ်သည့် ကြောင်ပင်ဖြစ်စေ ကြွက်သေသည်သာ မူလဟူသော စကားသည် မြန်မာတွင်ရှိ၏။ သို့ သော် ထိုရွှံ့ နှင့် လုပ်ထားသော ကြောင်ရုပ်ကလည်း ရွှံ့ပုပ်စော်မနံဖို့ အရေးကြီး၏။
ထိုသဘောမျိုးပင် မည်သို့သောနည်းဖြင့် ထမင်းဝခဲ့သည်ဖြစ်စေ အတာလို လူမမယ်ကလေးတစ် ယောက် အဖို့ ဆိုင်သို့သွားပြီး ကုလားထည့်ပေးသမျှ စားရသည့်အဖြစ်မှာ အမြင်အားဖြင့် ရုပ်ပျက်ဆင်း ပျက် နိုင် လှတော့၏။ စင်စစ် အတာတို့မေမေမှာ ဤအခြေထို ဣနြေ္ဒပျက်လောက်အောင် နွမ်းပါးသူ မဟုတ်သေး။ မသိန်းမေ၏ ပြီးစလွယ်နိုင်မှု (ဝါ) သားသမီးအပေါ်၌ အကြင်နာကင်းမဲ့မှုကြောင့်သာလျှင် ထိုသို့ အထင်အမြင် သေးစရာ ဖြစ်နေတော့၏။
"မမသက် ဘာလို့ ဒီနေ့ဆိုင်မထွက်တာလဲ ဟင် နေမကောင်းလို့လား"
ထိုထိုဤဤ တသီကြီးတွေးနေသော မမသက်မှာ အတာ၏မေးသံပေါ်လာမှ ရုတ်တရက် လှုပ်ရှားလာ ပြီး
"အေး မမ နေမကောင်းလို့ ဆိုင်မထွက်တာပေါ့၊ လာ အတာ ထမင်းမစားရသေးရင် မမကျွေးမယ် အောက်ကို လိုက်ခဲ့"
ထိုစကားကြားလိုက်ရနှင့် အတာလည်း ဝမ်းသာအားရ ပြုံးလိုက်ပြီးမှ သူ့အိတ်ကိုနှိုက်၍ ပိုက်ဆံတစ်ပဲ ကို ထုတ် ကြည့်ရင်း ကြည်နူးနေသည်တွင်
"အေး အဲဒီပိုက်ဆံ ကို မင်း မုန့်ဝယ်စားပေါ့ ဟုတ်လား၊ ထမင်း မမကျွေးမယ်"
"ဟင့်အင်း ဒီပိုက်ဆံ ကျွန်တော် သိမ်းထားမယ်၊ တနင်းလာနေ့ ကျောင်းနေတော့ ကျောက်တံ တို့ ဘာတို့ ဝယ်ဖို့၊ ဟုတ်တယ်နော် မမ ကျွန်တော် စုထားမယ်"
ထို စကားကြောင့် မမသက်တွင် ရင်ထုမနာနှင့် အံတာအား ဖက်၍ပင် နမ်းနေမိပြန်တော့၏။
အတာ လည်း မမသက် ၏ ကောင်းမှုကြောင့် ထမင်းကောင်း ဟင်းကောင်းဖြင့် မြိန်မြိန်ရှက်ရှက်ကြီး နံနက်စာ အတွက် မြက်မြက်ကလေး ကိစ္စပြီးခဲ့၏။ ထိုနေ့မှာ ကျောင်းပိတ်ရက်ဖြစ်သည့်အတိုင်း ပွဲစားက တော်ကြီး ၏ သားများက ကစားရန်ခေါ်သည်ကိုပင် အတာသည် ခေါင်းတွင်တွင်ခါ၍ အိမ်ပေါ်သို့ပြန် တက် သွား၏။
သုံးလက်မခန့်သာ ရှိသော ခဲတံတိုကလေးဖြင့် အထည်ဆိုင်သုံး စာအိတ်တစ်ခု၏ ကျောဘက်တွင် ၁၊ ၂၊ ၃ အစ ရှိသော အင်္ဂလိပ်နှင့် မြန်မာ ဂဏန်းများကို တစ်လုံးချင်း အရေးကျင့်နေစဉ်မှာပင် ရုံးမှ နေ့တစ် ဝက် ဆင်း လာသော ကိုထွန်းအောင် ရောက်လာ၏။ မြင်လျှင် မြင်ချင်းပင် အတာသည် ကိုထွန်းအောင် အား အပြုံး နှင့် နှုတ်ဆက်လိုက်ရာမှ
"ကျွန်တော်ဖို့ အင်္ကျီဝယ်ပေးမယ်ဆို"
အတာသည် ဤသို့မေးလိုက်ချင်သည်မှာ ပါးစပ်တဟားဟားဖြစ်နေ၏။ လောလောဆယ်၌ တစ်မတ်နှစ် ပြားတန် စွပ်ကျယ်ဖြင့်သာ နေ့ရှိသလောက် အချိန်ကုန်ခဲ့ရပြီး အကောင်းဆုံးဆို၍ ငါးမူးတစ်ပဲတန် ဈေး ချုပ် ရှပ်အင်္ကျီတစ်ထည်သာ ရှိသော အတာသည် ကျောင်းသားတစ်ယောက်အနေဖြင့် ဝတ်ဆင်ရတော့ မည် ဖြစ်သော ဝတ်ကောင်းစားလှကလေးကို အဘယ်မှာလျှင် အတာသည် ငမ်းငမ်းတက် မလိုချင်ဘဲ ရှိပါလေ မည်နည်း။
သို့သော် သူ့မေမေမှာခဲ့သည့်စကားက ရှိနေသဖြင့် ထိုအကြောင်းနှင့်ပတ်သက်၍ ဘာတစ်ခွန်းမျှ မမေးဝံ စိတ်ထဲ မှာသာ "အင်္ကျီသွားဝယ်ဖို့ ခေါ်ပါစေတော့"ဟု ကြိတ်၍ ဆုတောင်းရင်း ကိုထွန်းအောင်၏လှုပ် ရှားမှု ကို အရိပ်တကြည့်ကြည့် ရှိနေရှာ၏။
အတာ့ တောင့်တချက်ကား လုံးဝ တွက်ခြေမကိုက်။ ကိုထွန်းအောင် အဝတ်အစားလဲ၍ ပက်လက် ကုလားထိုင် တွင် လှဲအိပ်ပြီး မျက်လုံးများပါ မှိတ်လိုက်သောကြောင့် အတာလည်း စိတ်ပျက်လက်လျှော့ ကာ မျက်တောင်ကော့ ကလေးဖြင့် တွေးရင်း ငေးကြည့်နေမိရှာတော့၏။
ကိုထွန်းအောင် ၏ မျက်လုံးများမှာလည်း မှိတ်မြဲ မှိတ်ထားသည်ကိုသာ တွေ့ရသောကြောင့် အတာသည် သူ့မျက်နှာ ကလေး ကို ဖြည်းဖြည်းချင်း လှည့်လာပြီး ရေးလက်စ ဂဏန်းများကို ဆက်လက်အရေးကျင့် နေပြန်၏။
စင်စစ် ကိုထွန်းအောင်မှာ ပျော်အောင် အိပ်တော့မည်ကဲ့သို့ မျက်လုံးကို မှိတ်ထားခြင်းမဟုတ်ဘဲ အမောပြေ မှိန်းနေသည်သာဖြစ်သောကြောင့်လောမသိ။ မကြာမီပင် မျက်လုံးများသည် ကြည်ကြည် လင်လင် ပွင့်လာသည် ကို တွေ့ရ၏။
သို့ မျက်လုံးများ ပွင့်မိလျှင် ဖွင့်မိခြင်း ကိုထွန်းအောင်သည် အတာဆီသို့ အာရုံစိုက်သွားတော့၏။ ခဲတံ လေး ကို ကျစ်ကျစ်ပါအောင် ကိုင်ဆုပ်၍ တလှုပ်လှုပ်နှင့် ရေးနေသော အတာ၏ကြိုးစားမှု၊ လုံ့လဝီရိယ ရှိမှု၊ ပညာ ကို လိုလားမှုအစရှိသော ချစ်စရာအရည်အချင်းကလေးများကို တွေးမိတိုင်း နှစ်ထောင်းအား ရ နှင့် သဘောကျနေမိသလောက် နံနက်ပိုင်းက မသိန်းမေအား ပေးအပ်လိုက်ရသည့် ငွေများကို တွေးမိ သည် နှင့် ကိုထွန်းအောင်တွင် စိတ်အမောကြီးမောကာ တဟောဟော သက်ပြင်းချနေမိတော့၏။
"ဘုရားသိကြားမလို့ မသိန်းမေ နိုင်လာပါစေ"
အလောင်းအစားကို လားလားမျှ ဝါသနာမပါသော ကိုထွန်းအောင်သည် မသိန်းမေအား ပြောမရနိုင်၍ သာ မြင်းပွဲသွားသည်ကို ကြည့်နေခဲ့ရသော်လည်း အဘယ်သောအခါကမျှ ဤလို "နိုင်လာပါစေ"ဟူ၍ ဆုတောင်း ဖူးသည်မရှိခဲ့။ လောင်းကစားမှုဖြင့် ရသောငွေဖြင့်လည်း သုံးလို စားလိုသူ မဟုတ်။ ယနေ့ သော် ထူးထူးခြားခြား ဆုတောင်းနေမိ၏။
သို့ ဆုတောင်းမိသည်မှာလည်း စင်စစ် သူ့အတွက်မဟုတ်၊ ကျောင်းနေရတော့မည်ဟု မျှော်လင့်တကြီး ဝမ်းသာ နေရှာသော အတာကလေးအတွက်သာလျှင် ဖြစ်၏။ နောက်ဆုံး အနိုင်မရှိသည်တိုင်အောင် ပါ သွားသော ငွေကလေး အရှုံးမရှိဘဲ ပြုံးပြုံးရွှင်ရွှင် ပြန်လာသော မသိန်းမေကို ကိုထွန်းအောင် အထူးတ လည် မျှော်နေမိ၏။
သို့နှင့် ၆ နာရီခွဲလောက်တွင် မသိန်းမေ ရောက်လာ၏။ ကိုထွန်းအောင် မျှော်လင့်သော အမူအရာမျိုး မတွေ့ရ။ မျက်နှာထားတင်းတင်း ခြေသံပြင်းပြင်းနှင့်တက်လာ၍ အပေါ်ထပ်သို့ရောက်သည်ဆိုလျှင်ပင်
"ရှင် ဘယ်အချိန် က ပြန်ရောက်သဲ ကိုထွန်းအောင်"
"တစ်ချက် တီးလောက်ကလေ"
"ထမင်းကော ချက်ထားသလား"
"ဘယ်ချက်ထားမလဲ၊ ခင်ဗျာ့အစီအစဉ် က ဘယ်လိုမှန်းမှမသိတာ"
ထိုအဖြေကို မကျေနပ်သလိုဖြင့် မသိန်းမေလည်း လုံချည်လဲနေရာမှ ဆတ်ခနဲ လှည့်လိုက်၏။
"ထမင်းချက်တာတောင် အစီအစဉ်ရှိရဦးမှာလားဟင်၊ ပြောစမ်းပါဦး"
"ဒီမှာ မသိန်းမေ၊ ဆူဆူပူပူတော့ မလုပ်နဲ့ဗျာ၊ ချက်ဆိုရင်လဲ ခုသွားပြီး"
"ဘာလဲ ခုမှချက်ပြီး ဘယ်အချိန်စားရမှာလဲ၊ ဟင်း သိပ်စိတ်ညစ်စရာ ကောင်းတယ်၊ အဟုတ်ပဲ"
ဤအပြောအဆိုနှင့် ဟန်အမူအရာကို မတွေ့ရသေးမီ မသိန်းမေ အိမ်ပေါ်ရောက်စကတည်းက မျက်နှာ ထားကြည့်ရုံ မျှဖြင့် မြင်းရှုံးလာပြီကို ကိုထွန်းအောင် အတပ်သိလိုက်၏။ ဤလို မြင်းရှုံးလာပြီဆိုလျှင် တစ်ခုခု ကိုရမယ်ရှာ၍ ဤအတိုင်း ဆူဆူပူပူ လုပ်တတ်သည်မှာ ကိုထွန်းအောင်အဖို့ ရိုးသလောက် ရှိနေ ပြီ ဖြစ်၏။
ယခု ထမင်းတစ်လုံးလောက်မှ ချက်မထားရကောင်းလား ဟူသော အကြောင်းပြချက်ဖြင့် အပြစ်ဖို့နေ သည် ၌ ကိုထွန်းအောင်တွင် နောက်ထပ် အဖြေပေးရန် အချက်အလက် အများပင် ရှိ၏။
မသိန်းမေ မှာ ထမင်းကို မှန်မှန်ချက်စားလေ့ရှိသူမဟုတ်။ စိတ်ပါသောနေ့တွင်သာ ချက်၍ ဆိုင်ထွက်စား တတ်သည်က များပြီး တစ်ခါတစ်ရံ ထမင်းချည့်ချက်၍ ဟင်းကိုဝယ်စားတတ်ပြန်သေး၏။ သူ့အလုပ်မှာ ဈေးသည် ဖြစ်သည့်အတိုင်း နံနက် ခြောက်နာရီလောက် ထွက်လာပြီး ညနေတွင် အစောဆုံးခြောက် နာရီလောက် မှ ပြန်လာတတ်၏။
"ကိုထွန်းအောင် ညနေရုံးကပြန်လာရင် ထမင်းတစ်လုံးချက်ထားနော်၊ ကျွန်မ ဈေးထဲက ဆိတ်ကလီစာ ဟင်း ဝယ်လာမယ်"
ကိုထွန်းအောင် တွင် ထမင်းချက်ရသောအလုပ်သည် ယောက်ျားအလုပ်မဟုတ်ဟူသော စိတ်မျိုးမထား၊ မသိန်းမေ ကို ချစ်မြတ်နိုးသည်နှင့်အမျှ အတတ်နိုင်ဆုံး အကူအညီပေးလေ့ရှိ၏။ ထမင်းချက်ရန်သာ မဟုတ်။ ငရုတ်သီးထောင်း ခိုင်းလျှင်လည်း သူ ငြင်းလေ့မရှိ။
သို့တိုင်အောင် ယနေ့ ထမင်းချက်ရန်မှာ၍ နောက်တစ်နေ့ပါဆက်ချက်ထားလျှင်ဖြစ်စေ၊ ယနေ့မခိုင်းသ ဖြင့် နောက်နေ့တွင်လည်း မချက်ဘဲနေလျှင်ဖြစ်စေ ထိုအခါမျိုးနှင့် မသိန်းမေ အရောင်းအဝယ် အပေါက် အလမ်းမတည့် သည့် အခိုက်အတန့် (ဝါ) မြင်းပွဲရှုံးလာသည့် အချိန်အခါမျိုးနှင့် တိုက်ဆိုင်နေခဲ့သော် ဤ အတိုင်း ပင် ရမယ်ရှာ၍ ဆူလားပူလား လုပ်တတ်၏။
ဤအချက်အလက်များကို အကြောင်းပြ၍ အဖြေပေးပြန်လျှင်လည်း ထိုထက်ကဲတော့မည်ကို သိထား သည့် အတိုင်း ကိုထွန်းအောင်တွင် နောက်ထပ်ဘာမျှမပြောဘဲ ငြိမ်နေလိုက်ရတော့၏။
"တစ်အိမ်လုံး လဲ ဖုန်တွေကို ပွနေတာပဲ၊ တံမြက်စည်းလေး ဘာလေး လှည်းထားတာမဟုတ်ဘူး၊ ဒီမအေလေး ကကော တစ်နေ့လုံး ဘာလုပ်နေသလဲ"
ကြောက်လွန်း သဖြင့် နံရံတွင်ကပ်၍ ပုမတတ် ငြိမ်နေသော အတာကလေးအား မေးမေးကန်ကန်ပင် ဆတ်ခနဲ ကန်လိုက်သောကြာင့်
"မသိန်းမေ၊ ခင်ဗျား ကောင်ကလေးကိုတော့ မလုပ်နဲ့ဗျာ၊ သူ ကလေးပဲ၊ အိမ်မှုရေးရာ ဘာသိမှာတုံး"
လုံးဝအဓိပ္ပာယ် မရှိသော မသိန်းမေ၏အပြုအမူကို သည်းမခံနိုင်တော့သည့်အတိုင်း ကိုထွန်းအောင် လည်း ရုတ်တရက် ထသွားကာ အတာ့ရှေ့မှ ဆီးကာ ပိတ်ရပ်လိုက်ပြီးမှ
"ဒါ သက်သက် အပြစ်ရှာတာပဲ၊ ခုနက ကျုပ် တစ်ခါလှည်းထားပြီးပြီ သိလား"
ဤတွင်မှပင် မသိန်းမေကလည်း အတာ့အနီးမှ လှည့်ထွက်သွားတော့၏။
"အရက်သမား ဟာ မူးလာရင် အေးအေးမနေဘူး၊ ဟိုရမ်း ဒီရမ်းလုပ်သလို ခင်ဗျားတို့ မြင်းသမားလဲ အတူတူပဲ၊ မြင်းရှုံးလာရင် ဟိုမဲ ဒီမာန်နဲ့"
ထိုစကားကြောင့် မသိန်းမေလည်း ထဘီတစ်ထည် လဲဝတ်နေရာမှ ကိုထွန်းအောင်အား မျက်စောင်းနှင့် လှည့်ကြည့် တဲ့ပြီး
"မြင်းရှုံး လာတယ်လို့ ရှင့် ဘယ်သူပြောသလဲ"
"ခင်ဗျား အိမ်ပေါ်တက်လာကတည်းက ကျုပ် သိတယ်၊ နို့ နိုင်ကော နိုင်လာသလား"
"ဒါ ရှင်နဲ့ မဆိုင်ဘူး"
ထိုအခိုက်တွင် အတာ၏မမသက် ရုတ်တရက် အိမ်ပေါ်သို့ရောက်လာပြီး
"လာ အတာ၊ မမနဲ့ ခဏလိုက်ခဲ့စမ်း ထပ်ဝကို"ဟု ပြောရင်း မမသက်ဆွဲခေါ်နေသည်ကို အတာ၏ကိုယ် ကလေး သည် ဆွဲရာသို့မပါ၊ မသိမသာ ရုန်းနေရာမှ မသိန်းမေအား မရဲတရဲလှမ်းကြည့်လိုက်၏။ ဤတွင် အကင်းပါး လှသော သူ့မမသက်က
"ဒီမှာ ဒေါ်ဒေါ်၊ အတာ့ကို ခဏခေါ်သွားမယ်၊ လမ်းထပ်မှာ မုန့်သွားစားချင်လို့နော်"
"အေး ခေါ်သွားလေ မခင်သက်"
မသိန်းမေ၏ခွင့်ပြုသံကြားလိုက်ရသည်နှင့် အတာလည်း မမသက်အဆွဲကိုပင် မစောင့်တော့ဘဲ ဆတ်ခ နဲ ထ၍ ဆင်းလိုက်သွားတော့၏။ အမှန်အားဖြင့် မခင်သက်က အတာအား တက်ခေါ်သွားသည်မှာ မသိန်းမေ အကြောင်းကို သိ၍ အတာကလေး အချောင်အရိုက်ခံရမည်စိုးသောကြောင့် ဉာဏ်ဆင်သွား ခြင်း ဖြစ်သည် ကို ကိုထွန်းအောင်ကမူ ကောင်းကောင်းရိပ်မိလိုက်၏။
နာရီဝက်သာသာခန့် အကြာ မခင်သက်တို့ပြန်လာ၍ အတာတစ်ယောက်တည်း အထပ်ခိုးပေါ်သို့ တက် လာသောအခါ တွင်မူ ကိုထွန်းအောင်ရော မသိန်းမေပါ မရှိတော့သည်ကို တွေ့ရသဖြင့် အတာလည်း သူ့ခဲတံတို ကလေးနှင့် စာအိတ်ကို တရိုတသေ သိမ်းဆည်းထားပြီးမှ သူ့ခေါင်းအုံး သူယူ၍ ဖျာကလေး တစ်ချပ် ဆွဲခင်းကာ အစင်းသား လှဲအိပ်လိုက်တော့၏။
ထမင်း လည်း မချက်၊ ဟင်းကလည်း မရှိ၊ မသိန်းမေတို့လည်း အဘယ်သို့ ထွက်သွားမှန်း မသိလေရာ အကယ်၍ မခင်သက်ကသာ သူ့အားခေါ်သွားပြီး ညဈေးတန်း၌ မုန့်ဟင်းခါး ဝယ်မကျွေးခဲ့လျှင် အတာ အတွက် ညစာအရေး သည် တွေးဝံ့စရာပင် မရှိတော့ပေ။
ကြီးစွာသော မျှော်လင့်ခြင်းဖြင့် စောင့်စားနေခဲ့သော တနင်းလာနေ့သည် ယခု ရောက်လာပြီဖြစ်၏။ ကျောင်းသွားအပ်မည်ဆိုသောနေ့ဖြစ်သည့်အတိုင်း အတာသည် နံနက် ၅ နာရီလောက်ကတည်းက ထ၍ ရေနံဆီမီးခွက် ကလေး ထွန်းကာ သူငယ်တန်းဖတ်စာကို တတွတ်တွတ်ရွတ်နေ၏။ ခြောက်နာရီထိုး သည် နှင့် ထိုစာအုပ်ကိုသိမ်းကာ ခဲတံကို စာအိတ်စုတ်ဖြင့် တလှုပ်လှုပ် ရေးခြစ်နေပြန်၏။
မကြာမီပင် မသိန်းမေတို့ နိုးလာ၏။ ကိုထွန်းအောင်လည်း တကုန်းကုန်းရေးနေသော အတာကို မြင်လိုက်ရသည် နှင့် စိတ်မကောင်းဖြစ်သွားတော့ကာ
"မင်း ဘယ်အချိန် က နိုးနေသလဲ အတာ"
"ကြာလှပြီ၊ ကျွန်တော်နိုးတော့ မိုးမလင်းသေးဘူး၊ စာအုပ်လဲ ကျွန်တော် ဖတ်ပြီးပြီ၊ ခု ကကြီး ခကွေး ရေးနေတယ်"
ကိုထွန်းအောင်တွင် အတော်ကလေး စိတ်ထိခိုက်သွားသည့်ပမာ ချာခနဲမျက်နှာ လွှဲပစ်လိုက်၏။
"ဟဲ့ကောင်၊ ရော့ လက်ဖက်ရည်သွားဝယ်"
မူးစေ့ကလေး တစ်စေ့ ပစ်ပေးရင်း ပြောလိုက်သော မသိန်းမေ၏အမူအရာမှာ ကိုထွန်းအောင်နှင့် အပြတ် အသတ် ကွာနေတော့၏။ ယနေ့သည် အတာကလေး ကျောင်းအပ်ရမည့်နေ့ဖြစ်သည်ကိုလည်းကောင်း၊ သို့လျှင် ကျောင်းနေရတော့မည့်အရေးကြောင့် မိုးမလင်းမီထ၍ စာကျက်နေသော ချစ်စရာအတာ့လုံ့လ ကို လည်းကောင်း၊ မသိန်းမေ သည် ဘာမျှထည့်သွင်းစဉ်းစားမိဟန်မတူ၊ ကိုထွန်းအောင် ရင်ထဲတွင် ပူ နေသလောက် မသိန်းမေ ကမူ ခပ်အေးအေးပင် လက်ဖက်ရည်ဝယ်ခိုင်းလိုက်၏။
လက်ဖက်ရည်ချိုင့်ကလေးဆွဲကာ အတာဆင်းသွားသည်နှင့် ကိုထွန်းအောင်လည်း သနပ်ခါးလိမ်းနေ သော မသိန်းမေ အနီး သို့ မလှမ်းချင်လှမ်းချင်နှင့် လျှောက်သွားကာ
"မသိန်းမေ၊ ဘယ့်နဲ့လဲ ကောင်လေး ကို ကျောင်းအပ်ဖို့ ပိုက်ဆံ ဒီနေ့ရမလား"
ကိုထွန်းအောင် ဤသို့မေးလိုက်သည်နှင့် မသိန်းမေလည်း သနပ်ခါးလိမ်းရင်းတန်းလန်းက ပါးတစ်ဖက် အပေါ် လက်တင်လျက်သား မော်ကြည့်ကာ
"ပေးနိုင်တဲ့နောက် ညကတည်းက ရှင့်ကိုပေးထားမှာပေါ့၊ ဘယ့်နဲ့လဲ စောစောစီးစီး ရှင် တော်တော် အလိုက်မသိ တဲ့လူပါလား ကိုထွန်းအောင်"
"သြ၊ ကျုပ်က အလိုက်မသိဘူး ဟုတ်လား၊ ကဲ ကဲ ရှိပါစေတော့၊ အမှန်က ကောင်လေးအတွက်မို့ ပြော တာပါ၊ ဘုရားစူးရစေရဲ့၊ ဒီပြင်ကိစ္စအတွက်ဆိုရင် ယောင်လို့တောင် ကျုပ် မတောင်းဘူး မသိန်းမေ၊ ယုံပါ"
"ဘယ်သူ့အတွက်ဖြစ်ဖြစ်လေ၊ ကျွန်မက ဈေးသည်ရှင့် နားလည်လား၊ ဈေးသည်ဆိုတာ စောစောစီးစီး အကြွေး တောင်းတာကို နည်းနည်းမှမကြိုက်ဘူး၊ နို့ နေပါဦး၊ ဒီလောက်တောင် ရှင်ဖြစ်နေရတာလဲ ဘယ်လိုလဲ၊ ဒီကျောင်းထားဖို့က ဒီလောက်ပဲ အရေးကြီးနေသလား၊ ဟင်"
ကိုထွန်းအောင် လည်း အသက်ရှူကျပ်သွားသလို မတ်တတ်က ထိုင်ချလိုက်ရင်း
"ကဲ တော်ပါတော့ဗျာ၊ ခင်ဗျား ပေးချင်မှပဲ ပေးတော့၊ ကျုပ် မတောင်းတော့ဘူး၊ ဟုတ်လား"
"ဘာလဲ ရှင် ကျွန်မကို ငေါ့တာလား၊ နို့ ဒီကျောင်းကကော ဒီနေ့ မအပ်ရင် မရတော့ဘူးတဲ့လား"
တစ်ယောက်က နံ့သာနီတောင်ဆိုနေပါလျက် တစ်ဖက်က ဘီလူးဆိုင်းတီးသလို စည်းဝါးမကိုက်ဖြစ်နေ သည်နှင့် ကိုထွန်းအောင် လည်း နောက်ထပ် ဘာတစ်ခွန်းမျှမပြောတော့ဘဲ မျက်နှာသုတ်ပဝါကိုဆွဲ၍ သက်ပြင်း ချရင်း ဆင်းသွားတော့၏။
မရှေးမနှောင်းမှာပင် လက်ဖက်ရည်ချိုင့်နှင့်အတူ အတာကလေး အိမ်ပေါ်ရောက်လာ၏။
"အတာ လာဦး ဒီကို"
အတာလည်း လက်ဖက်ရည်ချိုင့်ကို အသာချ၍ မသိန်းမေအနီးသို့ ခပ်ရို့ရို့ ကပ်လာ၏။
"နင့်ကို ဒီနေ့ ကျောင်းမအပ်ဖြစ်ဘူး ကြားလား၊ ကိုထွန်းအောင်ကို ဘာမှမမေးနဲ့နော်၊ ခုလဲ မမေးနဲ့၊ နောင်လဲ မမေးနဲ့၊ သူက ကျောင်းသွားအပ်မယ်လိုက်ခဲ့ဆိုမှ လိုက်သွား၊ နားလည်လား ငါပြောတာ"
အတာလည်း ခေါင်းတညိတ်ညိတ်နှင့် နားထောင်နေရာမှပင် "ဟုတ်ကဲ့ မေမေ"ဟု ဖြေရင်း ခေါင်းကလေး ငုံ့၍ တွေသွားရှာ၏။
စနေနေ့ နေ့တစ်ဝက် ရုံးမှပြန်လာလျှင် အင်္ကျီလိုက်ဝယ်ပေးမည်ဟု ကိုထွန်းအောင် ပြောခဲ့သဖြင့် အတာက သူ့ မေမေအား မေးမိရာတွင်လည်း ဤအတိုင်းပင် ပိတ်ပင်ခြင်းခံခဲ့ရ၏။ အင်္ကျီလည်း မရခဲ့။ ယခုတစ်ဖန် ကျောင်းအပ်မည့် ကိစ္စနှင့်လည်း ထိုနည်းနှင်နှင့် တားမြစ်လာပြန်ချေပြီ။
ဤတွင် အတာလည်း အင်္ကျီကိစ္စနှင့် ကြုံခဲ့ရသောအသိဖြင့် ယနေ့ကျောင်းအပ်မည်ဆိုသည့် အရေး လည်း ပျက်ကွက်ပေတော့မည်ဟု ဆက်စပ်တွေးဖြင့် တွေးမိရှာ၏။ အင်္ကျီမဝယ်ဖြစ်စဉ်က မျက်နှာက လေး ညိုရုံသာ ညိုသွားသော အတာသည် ယခုသော် မျက်ရည်များပင် တဝေဝေ လည်လာတော့၏။ ပါးပြင်ပေါ်သို့ ဒလဟော စီးကျမလာမီပင် အတာသည် သူ့မေမေအနီးမှခွာပြီး အိမ်သာတက်ချင်လိုဟန် ဖြင့် အောက်ထပ် သို့ ခပ်သုတ်သုတ် ပြေးဆင်းသွားတော့၏။
အောက်ထပ်ရှိ အိပ်သာမှာ ရပ်ကုန်ထုံးစံအတိုင်း ရေချိုးခန်းနှင့် တစ်ဆက်တည်းဖြစ်သောကြောင့် မူထား မမှန် ဟန်ပျက်လာသော အတာအား တွေ့လိုက်ရသည်နှင့် ကိုထွန်းအောင်လည်း ရေချိုးနေရာမှ အတာ ကလေး အိမ်သာပေါ်အတက်တွင် ရုတ်တရက် လှမ်းဆွဲလိုက်၏။
"အတာ မင်း ဘာလို့ ငိုလာတာလဲ ဟင်၊ မသိန်းမေ ရိုက်လို့လား"
သို့ ကိုထွန်းအောင် က လက်မောင်းတစ်ဖက်ကို လှမ်းဆွဲထားရင်း မေးလိုက်မှပင် အတာမှာ ပို၍ ဝမ်း နည်း သွားသလို ရှိုက်ကြီးတငင် ဖြစ်လာတော့၏။
ဆက်ရန်
.

1 comment:
ဒီစာအုပ်ကို ရိုက်တင်ပေးတဲ့အတွက် အထူးပဲ ကျေးဇူးတင်ပါတယ်။
Post a Comment