Sunday, March 11, 2012

တင်မောင်မြင့် ၏ နွေကန္တာ အပိုင်း (၁)

အခန်း (၁)

မြစ်ပြင်သည် ညနေဆည်းဆာတွင် ငြိမ့်ငြိမ့်ညင်ညင်ကလေး စီးသွင်းနေ၏။ နေရောင်ခြည်က ၀က်သစ်ချပင် များကို ဖြတ်သန်းပြီး ရွှေရောင်တန်းများ လွှတ်နေလေသည်။ ၀က်သစ်ချပင်ကြီးများတွင် ဟီးလေးခို နေကြသည့် ရေညှိမှော်ပင်များက လေအဝှေ့တွင် တီးတိုးစကားဆိုနေကြ၏။ လှေသမားတို့၏ အော်ဟစ်သံ ကို ပြန်လည် နှုတ်ခွန်းဆက်နေသည့်အလား။
ကမ်းခြေ တွင် လှေထိုးသားတစ်သိုက်က ပိန်းကောလှေကြီးကို ကျောက်ချဖို့ ပြင်ဆင်နေကြ၏။ ဂျူးဒစ် သည် လှေပေါ်တွင် အဖေ့အ၀တ်တွေ လျှော်ရင်း စိတ်ပျက်နေသည်။ ဘယ်လောက်လျှော် လှော် ဘယ်လောက် ဖွပ်ဖွပ် ဖြူသည်မရှိ။ ၀ါကြန့်ကြန့် မြစ်ရေနှင့် လျှော်နေရသည် မဟုတ်လား။

သိပ်စိတ်ညစ်ဖို့ ကောင်းတာပဲ။ သွားမယ့်နေရာ မြန်မြန်ရောက်ပါစေတော့။ ထမင်းဟင်းချက်ဖို့ မီးဖိုကြီးကြီး နဲ့၊ အ၀တ်လျှော်ဖို့ ရေတွင်း နဲ့ လူလို သူလို နေချင်လှပါပြီ။
လှေသမားအချို့က ကမ်းနားသစ်ပင်ကြီးများတွင် ဆိုင်းကြိုးများ ချည်နှောင်နေကြ၏။ ဂျူးဒစ်၏အစ်ကို ကာလက် က ကမ်းနဖူးတွင် မီးမွှေးနေသည်။ လှေသမားအချို့ကို အဖေက အမဲရှာ ဖို့ တောထဲ လွှတ် လိုက်သည်။

ပိန်းကောလှေကြီးသည် မြစ်ရေပြင်တွင် မသိမသာ လှုပ်ရှားနေ၏။ ဂျူးဒစ်သည် အ၀တ်များကို လှေပေါင်းမိုး နံဘေး အ၀တ်တန်းတွင် လှန်းလိုက်သည်။ ညစာအတွက် ချက်ရပြုတ်ရဦးမည်။ သေသေ သပ်သပ်ဖြစ်အောင် အ၀တ်အစားများကို ဆွဲဆန့်သည်။ ဆံပင်ကို ဖြီးသင်သည်။ ဆံပင်မှာ မြစ်ရေရောင် ပေါက်ကာ နီကြန့်ကြန့် ဖြစ်နေပြီ။ ဆံခွတစ်ချောင်း ကောက်ထိုးပြီး ပ၀ါကို ခြုံသည်။ အမေက ဖိုခုံလောက် ကိုင်ပြီး ကမ်းပေါ်တက်သွားနှင့်ပြီ။ ထမင်းအိုး၊ ဟင်းအိုးတောင်းကို ပွေ့ကာ နောက်မှ ဂျူးဒစ် လိုက်တက် သွားသည်။
လှေသမား တချို့က ပြောင်းဖူးဆန်၊ ပဲစေ့နှင့် ဒရယ်သားခြောက်တွေယူပြီး ဂျူးဒစ်နောက်မှ တက်လိုက် လာကြသည်။ ဂျူးဒစ်က ပဲနှင့်ပြောင်းရောပြုတ်ဖို့အိုးကို ဖိုခုံလောက်ပေါ် တင်မည်အပြု တွင် မြစ်ဘက်ဆီမှ အသံတစ်သံ ကြားလိုက်သည်။

" မိတ်ဆွေ ခရီးဖော်များ ခင်ဗျား၊ မင်္ဂလာပါ "
အသံလာရာဆီသို့ ဂျူးဒစ် ဆတ်ခနဲ လှည့်ကြည့်လိုက်သည်။ ဧရာမ ပိန်းကောကြီးတစ်စင်း ကွေ့ထဲသို့ ချိုးဝင်ကာ ကမ်းကပ်ဖို့ ပြင်ဆင်နေသည်။ ဟစ်အော် နှုတ်ဆက်သည့် ပိန်းကောပေါ်မှ လူရွယ်မှာ အရပ်မြင့်မြင့်၊ ပခုံးကျယ်ကျယ်နှင့် ဘယ်ဘက်ပါးတွင် ကန့်လန့်ဖြတ် ထင်ရှားနေသည့် အမာရွတ်ကြီးမှအပ မျက်နှာ တစ်ခုလုံး နေလောင်ထားသဖြင့် နီရဲနေသည်။ ၀တ်ထားသည့် ကုတ်အင်္ကျီရှည်က အနီရောင် သိုးမွေးအင်္ကျီ။ ကြယ်သီးတွေက ငွေရောင်တဖျတ်ဖျတ်။ ပိုးခြေအိတ်က အရောင်တလက်လက်။ ဂျူးဒစ် ငေးကြည့် နေမိသည်။ မစ္စစ်စပီ ကို စုန်ဆင်းလာသည့် တစ်လမ်းလုံး ရေကြည်ရာ မြက်နုရာ ရှာဖို့ ထွက်လာကြ သည့် လူအများအပြားကို ဂျူးဒစ်တို့ တွေ့ခဲ့ပြီးပြီ။ သူ့လို ကိုယ်ရောင်ကိုယ်ဝါ တောက်ပသည့် လူမျိုး တစ်ယောက် မှ မတွေ့ခဲ့။

" မင်္ဂလာပါဗျား၊ မင်္ဂလာပါ "
ဂျူးဒစ်တို့ အဖေက ကုန်းပေါ်မှ လှမ်းပြီး နှုတ်ဆက်လိုက်သည်။ ၀တ်ကျေဝတ်ကုံ သဘောမျိုးဖြင့် ဦးညွှတ် တုံ့ပြန် လိုက်သည်။ သဘာဝဘေးဒဏ်နှင့် တောရိုင်းမြေတွေကို အနိုင်ယူဖို့ မြစ်ညာက စုန်ဆင်းခဲ့သည့် ထိုလူအား သူ ၀တ်ထားသည့် အ၀တ်အစားတွေ ကြည့်ပြီး ဂျူးဒစ် တို့ အဖေအထင်မကြီးနိုင်အောင် ဖြစ် သွားကြောင်း သူ့လေသံ နှင့် သူ့ အမူအရာတွင် ပေါ်လွင်နေ၏။
သူစိမ်းလူရွယ် က ဣနြေ္ဒမပျက် ပြုံးလိုက်သည်။ သူ့ဆံပင်မှာ ရွှေရောင်ဖြစ်၏။ ၀င်လုလုနေရောင် တွင် တလက်လက် တောက်ပလျက်။
" ဦး တို့က လူဝီစီးယားနားအထိ စုန်ကြမှာပါလား ခင်ဗျ "
" ဟုတ်တယ် "

" အဆင်သင့်လိုက်တာ ခင်ဗျာ၊ ကျွန်တော်လည်း အဲဒီအရောက် ဆင်းမှာလေ။ ကျွန်တော့် ကိုယ် ကျွန်တော် မိတ်ဆက်ခွင့်ပြုပါဦး။ ကျွန်တော့် နာမည် ဖီးလစ်လန်းပါ၊ လေးစားပါတယ် ခင်ဗျာ "
" ၀မ်းသာ ပါတယ် မစ္စတာလန်း၊ ကျုပ်နာမည်က မတ်ရှာရမီပါ၊ ဟောဒါက ကျုပ်ဇနီး၊ ဒါက သား ကာလက်၊ ဟိုဘက်က သမီး ဂျူးဒစ်"
" အားလုံး ကို လေးစားပါတယ် ခင်ဗျာ၊ လူဝီစီးယားနား ရောက်ရင် ပြန်ဆုံဖို့ ကျွန်တော် မျှော်လင့် ပါတယ် "
မတ်ရှာရမီက လက်ခံသည့်သဘောဖြင့် ဦးညွှတ်အသိအမှတ်ပြုလိုက်သည်။ ဖီးလစ်လန်းက လက် ကလေး နှစ်ချောင်း ဖြင့် ဦးထုပ်ကို နောက်သို့ ပင့်ဟန်လုပ်သည်။ သူ့ခေါင်းပေါ်တွင် ဦးထုပ် ဆောင်း မထား သဖြင့် ကြောင် တောင်တောင် ဖြစ်သွားမလားဟု အားလုံး ၀ိုင်းကြည့်နေကြသည်။ သို့သော် သူက ခပ်တည်တည် ပင်။

အောက်နားမျှော်သွားပြီး ကြိမ်တောထဲတွင် သူ့ပိန်းကောလှေကြီး ကို ထိုးဆိုက်သည်။ ဖီးလစ်လန်းက ဂျူးဒစ် ကို တစ်ချက်ဝေ့ကြည့်ပြီး ပြုံးပြသည်။ ကြိမ်ရုံတွေထဲသို့ လှေတစ်စင်းလုံး တိုး ၀င်သွားသည်အထိ သူ ကြည့်နေဆဲ။ ဂျူးဒစ် ကျောရိုးထဲ စိမ့်သွားသည်။ ဣနြေ္ဒပျက်သွားသည်ကို လူကြီးတွေများ ရိပ်မိ သွားပြီလား ဟု အထိတ်တလန့် လှမ်းကြည့်လိုက်သည်။ တော်ပါသေး၏။ အဖေက ငုံ့ပြီး မီးဖိုထဲ ထင်း တွေ ထည့် နေသည်။ အမေက လှေသမားတွေ ပစ်ထားသည့် တောကြက်တွေကို အမွေးနုတ်ရင်း အလုပ်ရှုပ် နေသည်။
မြစ်ထဲသို့ ဂျူးဒစ် ရေတစ်အိုး ဆင်းခပ်သည်။ ဖီးလစ်လန်း စောင့်များကြည့်နေမလားပဲ။ စောင့်ကြည့် နေတယ်ဆိုရင် လှလို့နေမှာပေါ့နော်။

ဂျူးဒစ် ၁၅ နှစ်ပြည့်ပြီ။ လှချင်ပချင်သည့်အရွယ် ရောက်နေပြီ။ ဒါပေမဲ့ အဖေက ဒါတွေ စိတ်မကူး ရဘူးတဲ့လေ။ ခုထိ ဂျူးဒစ်တွင် ၆ လက်မခန့် ကြည့်မှန်ကလေးတစ်ချပ်ပဲရှိသည်။ ကိုယ့်ကိုယ်ကိုယ် ဘယ်ပုံသဏ္ဍာန် ရှိမှန်း ဂျူးဒစ် အားရပါးရ မကြည့်ဖူးသေးပေ။ ဆံပင်တွေ လှမှန်း တော့သိတယ်လေ။ အသားရေလည်း လှပါတယ်နော်။ နေလောင်ထားလို့ပါ။ သို့သော် ၀တ်ထားသည့် ချည်ကြမ်းအ၀တ်တွေကို ငုံ့ကြည့်ပြီး စိတ်ပျက်သွားသည်။ သည်လို စုတ်စုတ်ပြတ်ပြတ် တစ်ယောက်ကို သိုးမွေးဝတ်စုံနှင့် လူကြီးလူကောင်း တစ်ယောက် က အမြတ်တနိုး ကြည့်ပါ့မလား။
အစ်ကိုလုပ်သူ ကာလက်နှင့် အဖေ့ အ၀တ်အစားများကိုပါ ဂျူးဒစ်ငဲ့ကြည့်လိုက်သည်။ အရောင် လွင့်ပြယ် နေပြီဖြစ်သည့် ချည်ထည်တွေ။ ကနက်တီကပ် အိမ်မှာတုန်းက ဒီလို မဟုတ်ကြပါ။
ဖီးလစ်လန်း ဆိုသူ ဘယ်အရပ်က စုန်ဆင်းလာတာပါလိမ့်။ ဂျူးဒစ်က အစီအစဉ် မရှိဘဲ စကား စ လိုက်သည်။

" အမေ "
" ဘာလဲ သမီးလေး "
မစ္စက်ရှာရမီ တောကြက်တစ်ကောင်ကို ဘေးချပြီး မော်ကြည့်သည်။
" ဟို ... ဟို ... မစ္စတာလန်းဆိုတဲ့ လူကြီးလေ၊ သူ့ကြည့်ရတာ တစ်ယောက်တည်း ခရီးထွက်လာသလိုပဲ၊ သမီးတို့ကို စကားပြောချင်လို့ သူမိတ်ဆက်တာ ထင်တယ်။ သူ့လှေက ဟောဟိုအောက်နားက ကြိမ်တောထဲမှာဆိုက်ထားတယ်၊ ထမင်းဖိတ်ကျွေးရရင် မကောင်းဘူးလား ဟင်"
" အင်း၊ ကောင်းသားပဲ" ဟုပြောပြီးမှ မဝေခွဲတတ်သလို ဖြစ်သွားပြီး လင်တော်မောင်ဘက် လှည့်ကာ  -
" ရှင် ဘယ်လို သဘောရလဲဟင် မတ် "
မတ် က သေနတ်ကိုထောင်ပြီး မှီရပ်ရင်း ခပ်ဖြည်းဖြည်းပြန်ပြောသည်။

" မပြောတတ်ဘူးလေကွာ၊ ငါတော့ သူ့ကိုကြည့်ပြီး ပေါင်းလို့သင်းလို့ ရမယ် မထင်ပါဘူး "
" ဘာပြုလို့လဲ ဖေဖေရဲ့၊ သူ့ကြည့်ရတာ မင်းညီမင်းသားကျနေတာပဲ "
ဂျူးဒစ်က ခပ်သွက်သွက် ၀င်ပြောသည်။
မတ်က ပြုံးပြီး အငေါ်တူးတူး လေသံဖြင့် -
" ဆန်ကုန်မြေလေး မင်းညီမင်းသားမျိုး ဖြစ်မှာပါကွာ။ ဒါမျိုးတွေ ဖေဖေ တွေ့ဖူးပေါင်းများပြီ။ ဓားမဦးချ ကောင်းရောင်းကောင်းဝယ် လုပ်ကိုင်စားသောက်မယ့် လူတွေကို လိုက်ဒုက္ခပေးနေတဲ့ ကောင်မျိုးတွေ "
ဂျူးဒစ်က အပြုတ်အိုးထဲ ယောက်မထိုးမွှေရင်း -
" ၀တ်ကောင်းစားလှ ၀တ်ထားတာ နဲ့ လူတစ်ယောက်ကို ဒီလို မတရားပြောတာ ဖေဖေ ဘယ်တရားမလဲ "
" ဂျူးဒစ်၊ သမီးနားမလည်ပါဘူး၊ တိတ်တိတ်နေစမ်း "

" ဟုတ်ကဲ့ပါ ဖေဖေ "
ဂျူးဒစ် မကျေမနပ်နှင့် နှုတ်ခမ်းကို ကိုက်ထားသည်။ သို့သော် မမျှော်လင့်သည့် မေမေ့စကားကြောင့် အပျော်ကြီး ပျော်သွားသည်။
" သနားပါတယ် မတ်ရယ်၊ သူ့ခမျာ လှေသမားတွေ ချက်ကျွေးတာချည်း စာနေရမှာ။ တစ်ခါတလေ ကောင်းကောင်းစားချင်ရှာမှာပေါ့၊ ဖိတ်ကျွေးလိုက်ကြရအောင်နော် "
မတ်က ပခုံးတွန့်ပြီး -
" သဘောပဲလေ၊ သမီး သွားဖိတ်လိုက်ပေါ့ "
" ဟုတ်ကဲ့ ဖေဖေ "

ကြိမ်ပင်တွေကြားက လမ်းကလေးအတိုင်း ဂျူးဒစ် ပြေးချသွားသည်။ နေ၀င်စ ပြုနေပြီ။ သို့သော် အလင်းတန်း များ ဖြာထွက်နေဆဲ။ အနားရောက်မှ ရင်တွေတုန်ပြီး ရှက်စိတ်မွှန်လာသည်။ ဖီးလစ်လန်းက သစ်ငုတ်တို တစ်ခုပေါ်တွင် ထိုင်ကာ ကောင်းကင်ကို မော်ကြည့်နေ၏။ အမဲလိုက်ဖို့ အသင့် အနေအထား ဖြင့် သေနတ်ကို ပေါင်ပေါ်တင်လျက်။ သူ့လူတွေက မီးမွှေးနေကြသည်။
ဂျူးဒစ် ဘာမှ ပြောမထွက်ဘဲ ကြောင်ပြီး ရပ်နေသည်။ သူက အထက်တန်းစား။ ဖိတ်တာကို လက် ခံ ပါ့မလား။ တိတ်တိတ်ကလေး ပြန်လှည့်ပြေးရ ကောင်းမလားပဲ။ ဟော သူ မြင်သွားပြီ။ ဒုက္ခပါပဲ။ ဖီးလစ်လန်းက သေနတ်ကို သစ်ငုတ်တိုမှာ ထောင်ပြီး ခုန် ထ လိုက်သည်။

" ဟော ... အလှလေး ဂျူးဟစ်ပါလားကွယ် "
ခြေလှမ်းကျဲကြီးဖြင့် လျှောက်လာပြီး ဂျူးဒစ်၏လက်ကို နမ်းသည်။ သည်လို အဖြစ်မျိုးနှင့် ဂျူးဒစ် တစ်ခါမှ မကြုံဖူးသေးပါ။ ရှက်ရှက်နှင့် ဒူးတစ်ဖက်ညွှတ်ပြီး အရိုအသေ ပေးလိုက်သည်။
" အနှောင့်အယှက် ဖြစ်နေမလးပဲ၊ ဟို ... ဟိုလေ ... မေမေက ပြောတယ်၊ ညစာစားဖို့ ကြွပါတဲ့ "
မိန်းကလေး ကို ဖီးလစ် ခြေဆုံးခေါင်းဆုံး ကြည့်သည်။
" ကျွန်တော် ဂုဏ်ယူပါတယ် ခင်ဗျာ "
သူက လူကြီးလူကောင်း တစ်ယောက်၏ အမူအရာဖြင့် ပြောနေသော်လည်း ပျော်လွန်းသဖြင့် ဂျူးဒစ်၏ နှုတ်ခမ်း များ တဆတ်ဆတ်တုန်နေသည်။

" ဒါ ဒါဆို လာမယ်ပေါ့နော် "
ကတုန်ကယင်ဖြင့် မေးလိုက်၏။ ဖီးလစ်လန်း ရယ်သည်။ ကလေးမ၏ လက်မောင်းကို ကိုင်ပြီး -
" နေပါဦး မစ္စဂျူးဒစ် ... ဘာဖြစ်လို့ မင်း တုန်တုန်ယင်ယင် ဖြစ်နေရတာလဲ၊ ကိုယ်က လူရိုင်းတစ်ယောက် မဟုတ်ပါဘူးကွယ့်၊ မင်းဦးခေါင်းကို ဖြတ်မယူပါဘူး "
" ဟုတ် ... ဟုတ်ကဲ့ရှင့်၊ ကျွန်မ လူစိမ်း သူစိမ်းတွေနဲ့ စကားမပြောဖူးလို့ပါ "
ဖော်ရွေရင်းနှီးလှသော သူ့အမူအရာကြောင့် ဂျူးဒစ် ရယ်မောနိုင်လာသည်။

" ကဲ ... ဒါဆို မင်းအတွက် အခွင့်ကောင်းပဲ၊ ခုကစပြီး လေ့ကျင့်ပေတော့၊ လာထိုင်၊ စကားပြောကြ မယ်၊ နယ်သစ် ပယ်သစ်ကို မင်းရောက်တော့မှာ မဟုတ်လား၊ အားလုံး သူစိမ်းတွေချည်း တွေ့ရ တော့မှာလေ "
ဂျူးဒစ် ဇဝေဇ၀ါ ဖြစ်သွားသည်။
" ကျွန်မနဲ့ တစ်ခါတည်း လိုက်ခဲ့မယ် ထင်နေတာ "
" လိုက်ခဲ့ချင်ပါတယ်ကွယ်၊ ဒါပေမဲ့ ... "
မြစ်ဆိပ်ဘက်သို့လှည့်ပြီး သူ့လှေကြီးကို တစ်ချက် ကြည့်သည်။ ပိန်ကောကြီးမှာ ပေ ၆၀ ရှည်သည့် အကြီးစားလှေမျိုးကြီး ဖြစ်၏။ ဧရာမပဲ့စင်ကြီးနှင့်။ လှေတစ်စင်းလုံး၏ ပြတင်းပေါက်တွေအားလုံး ပိတ်  ထားသည်။ အိမ်သုံးပစ္စည်းတွေ အပြည့်အကျပ် တင်လာဟန်တူ၏။ နေစရာအိမ် မရှိသေးဘဲ အိမ်သုံး ပစ္စည်း တွေ ယူလာသည့်လူ။ အိမ်ထောင်လည်း ရှိဟန်မတူ။

" လှေကို ဒီအတိုင်း ထားသွားလို့ မဖြစ်ဘူးကွယ့် "
" လှေသမားတွေ ရှိတယ် မဟုတ်လား၊ သူတို့မှာ သေနတ်တွေရှိမှာပေါ့ "
" သူတို့က စောင့်ကြည့်နေတုန်းမှာသာ သစ္စာရှိကြတာကွယ့်၊ အဖိုးတန်ပစ္စည်းတွေ တင်လာတော့ ခုလို ရေလမ်း မှာ ပိုပြီး စိတ်မချရဘူး "
" အဖိုးတန်ပစ္စည်းတွေ ဟုတ်လား၊ အစ်ကိုက ကုန်သည်လားဟင်၊ ရောင်းစရာ ပစ္စည်းတွေလား "
ဂျူးဒစ် ၏ လက်မောင်း ကို ဖီးလစ် တင်းတင်းဆုပ်ကိုင်လိုက်သည်။

" ကိုယ် ... ဘာတွေ ယူလာတယ်လို့ မင်း ထင်သလဲ "
" အို ... ထွန်တွေ၊ ထယ်တွေ၊ ပရိဘောဂတွေ၊ ရက်ကန်းတွေ၊ ရစ်ဘီးတွေ နေမှာပေါ့၊ ကျွန်မတို့လိုလေ "
ဂျူးဒစ် အံ့သြခြင်းတစ်ဝက်၊ ထိတ်လန့်ခြင်းတစ်ဝက်ဖြင့် ပြန်ပြောသည်။ ခုထိ သူက လက်ကို လွှတ်မပေး တော့ ဂျူးဒစ် ကျွဲမြီးတိုလာသည်။
" အစ်ကို ဘာတွေ ယူလာတယ်ဆိုတာ ကျွန်မ မစဉ်းစားတတ်ပါဘူး။ ဒါပေမဲ့ ရဲက လူဆိုးကို ဖမ်းသလို ကိုင်ထား တဲ့ ကျွန်မ လက်မောင်းကို လွှတ်ပေးရင်တော့ သိပ်ကျေးဇူးတင်မိမှာပဲ "
" အို ... ကြည့်စမ်း၊ ကိုယ့်ကို ခွင့်လွှတ်ပါကွာ၊ လုံးဝ သတိမထားမိလိုက်ဘူး၊ မင်းပြောတဲ့ ပစ္စည်းတွေ တစ်ခု မှ ကိုယ့်လှေပေါ်မှာ မပါဘူး။ ကိုယ် ယူလာတာတွေက ... "
သူ စက္ကန့်ဝက်လောက် ဆိုင်းနေသည်။ ပြီး မှ -
" အားလုံး ရောင်းတဲ့ဝယ်တဲ့ ပစ္စည်းတွေချည်းပဲ "
ခပ်ရိုင်းရိုင်းကလေး ပြောလိုက်မိသည့်အတွက် ဂျူးဒစ် အားနာသွားသည်။ ဘာပြုလို့ သူ သွယ်ဝိုက် ပြောနေပါလိမ့်။ ၀ီစကီ သေတ္တာတွေ ပါလာတယ် ပြောလိုက်ရင် ပြီးနေတာပဲ။ သူ အလေးအနက် လေသံ ဖြင့် ထပ်ပြောပြန်သည်။

" ကိုယ် တကယ်ပြောတာ၊ လှေကို ထားသွားလို့ မဖြစ်ဘူး။ ဒါပေမဲ့ ဟောဒီ အဆုံးမရှိတဲ့ ရေလမ်းခရီးကို သွားနေရတာ စိတ်ကုန်နေပြီ၊ သိပ်အထီးကျန်နိုင်တာပဲ၊ ဒီလိုလုပ်၊ မင်း ကိုယ်နဲ့ ညစာစား "
သူက ဂျူးဒစ်၏လက်ကို လှမ်းဆွဲပြီး မီးဖိုဆီသို့ လျှောက်သွားသည်။
" နော်၊ နေမယ် မဟုတ်လား ဟင် "
ဂျူးဒစ် ဆုတ်ကန်ဆုန်ကန်နှင့် ပါသွားရင်း -
" အိုး ... မဟုတ်တာ၊ ကျွန်မ လူကြီးတွေကို ဘယ်လိုပြောရမလဲ "
ဖီးလစ်က ရယ်ပြီး -
" သူတို့ကို ပြောပေါ့၊ ကိုယ်က မင်းကို ပျားရည်နဲ့ ဖုတ်ထားတဲ့ ကိတ်မုန့်တွေ၊ သစ်ကြမ်းပိုးဆီထဲမှာ စိမ်ထား တဲ့ လိမ္မော်သီးတွေ၊ ဂူလာကမ်းခြေက လာတဲ့ တယ်သီးတွေ ကျွေးနေလို့လို့ ပြောပေါ့ "
သစ်မြစ်တစ်ခု ပေါ်တွင် ဂျူးဒစ် ထိုင်ချလိုက်မိသည်။

" မကြားဖူးပါဘူး၊ ဂူလာကမ်းခြေဆိုတာ "
" ကာရိုလိုင်နားတောင်ပိုင်းမှာ ရှိတယ်လေ "
" အစ်ကို က အဲဒီက လာခဲ့တာလား ဟင် "
သူ ခေါင်းညိတ်သည်။ မြက်ခင်းပေါ်တွင် ခြေဆန့်လက်ဆန့် လှဲချပြီး တံတောင်ဆစ်ကို အားပြုကာ ဂျူးဒစ်ကို မောကြည့်ရင်း -
" မင်းတို့ကကော၊ နယူးအင်္ဂလန်က မဟုတ်လား "
" ဟုတ်တယ်၊ ကနက်တီကပ်ကပါ၊ ဘယ်လိုလုပ် သိတာလဲဟင် "
ဂျူးဒစ် အမေးကို မဖြေဘဲ သူက -
" မင်းမျက်လုံးတွေ ရှန်ပိန်ရောင်ဆိုတာ မင်းကို ဘယ်သူကမှ မပြောဖူးဘူးလား "
ဂျူးဒစ်မျက်နှာ ဖြန်းခနဲ ဖြစ်သွားသည်။

" ဟင့်အင်း၊ မပြောဖူးဘူး၊ ရှန်ပိန်ဆိုတာ ဘာလဲဟင် "
" ရှန်ပိန်ဆိုတာ ပြင်သစ်ဝိုင်တစ်မျိုးလေ"
" ဟင်၊ ပြင်သစ်ကို အစ်ကို ရောက်ဖူးတယ် ဟုတ်လား "
ဂျူးဒစ် တအံ့တသြ မေးလိုက်သည်။

" အင်း ... ရောက်ဖူးတယ်၊ ကနက်တီကပ်မှာ ရှန်ပိန် မသောက်ကြဘူးလား "
" အသိဘူးလေ၊ ဘယ်သိနိုင်ပါ့မလဲ၊ ကနက်တီကပ်ကို ရောက်ဖူးလားဟင် "
" တစ်ခါ ရောက်ဖူးတယ်၊ ပြင်သစ်နဲ့ စစ်ဖြစ်ကြတုန်းက "
" သြော် အစ်ကိုက စစ်ထဲ လိုက်ဖူးတာကိုး "
ဂျူးဒစ် ကျေးဇူးတင်စွာ တလေးတစား ပြောလိုက်သည်။ ဘုရင့် တပ်မတော် အမှုထမ်းတစ်ဦးမှန်း သိရသဖြင့် ၀မ်းလည်းသာသွားသည်။ ဖေဖေ နှင့် ဆက်ဆံရေး ပြေလည်နိုင်ပြီ မဟုတ်လား။ ဖေဖေ လည်း ဒီစစ်ပွဲ တွင် ပါဝင်ဆင်နွှဲခဲ့သူလေ။

" သိပ်ဟုတ်တာပေါ့၊ ဗိုလ်ချုပ်ကြီး ဘရက်ဒေါ့နဲ့ ဗာဂျီးနီးယားက မစ္စတာဝါရှင်တန်ငယ်လေးရဲ့ လက်အောက် မှာ အမှုထမ်းခဲ့တာလေ "
သူက ခပ်ရွှင်ရွှင် ပြောနေခြင်းဖြစ်သည်။
" ဟုတ်လား၊ ဒါဆို အစ်ကို ဆုတွေအများကြီး ရခဲ့မှာပေါ့ "
ဂျူးဒစ် ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။ ဖေဖေ ထင်သလို လူပေါ်ကြော့ မဟုတ်ဘဲ မျိုးချစ် တစ်ယောက် ဖြစ်နေသည့်အတွက် ကျိတ်ဝမ်းသာနေသည်။
" သိပ်ဟုတ်တာပေါ့၊ မင်း ကြည့်မလား "
သူက အော်ရယ်ပြီး ပြောလိုက်ခြင်းဖြစ်၏။ တစ်ပြိုင်တည်းတွင် ခေါက်ရိုးမကျိုးသေးသည့် ရှပ်အင်္ကျီအိတ် ထဲမှ ဧရာမ စာအိတ်ကြီးတစ်လုံးဆွဲထုတ်လိုက်သည်။ စာအိတ်ထဲတွင် ပါသည်က တတိယမြောက် ဂျော့ဘုရင် ၏ စာချွန်တော်။ ပြင်သစ်တို့အား တိုက်သည့် စစ်ပွဲတွင် ဘုရင့်အမှုတော်ကို ဦးဆွေးဆံမြည့် ထမ်းရွက် ခဲ့သည့်အတွက် ဆုလာဘ်အဖြစ် ဖီးလစ်လန်းအား လူဝီစီးယားနားပြည်နယ် မစ္စစစ်ပီ အရှေ့ဘက်ကမ်း တွင် မြေဧကသုံးထောင်အပိုင်စား ပေးသနား လိုက်သည့် စာချွန်တော်။

ဂျူးဒစ်က စာချွန်ကိုဖတ်ပြီး ပြန်ပေးရင်း -
" ကျွန်မ အဖေလည်း ဒီလိုစာချွန်မျိုးတွေ ရလာတယ်အစ်ကို၊ နယူးအင်္ဂလန်က မခွာချင်လို့ စောစော မတောင်း ခဲ့တာတဲ့ "
မြက်ခင်းပေါ်တွင် ဖီးလစ် ထ ထိုင်သည်။ ဒူးနှစ်ဖက်ကို လက်နှင့် ပိုက်ကာ -
" ဟုတ်တယ်၊ ဒါ့ကြောင့် သူ့အကဲကို ခတ်နေတာ၊ သူ့ကြည့်ရတာ အခြေမဲ့အနေမဲ့ လူစားမျိုး မဟုတ်ပါဘူးလို့ "
" မဟုတ်ပါဘူး အစ်ကို၊ ကျွန်မတို့ စိုက်ခင်းတွေ သုံးနှစ်ဆက်တိုက် ပျက်စီးတယ်လေ။ မနှစ်က ဆောင်းမှာ နို့စားနွားမတွေ တစ်ဝက်လောက် သေကုန်တယ်။ နယူးအင်္ဂလန်မှာ လူတိုင်း လူတိုင်း လူဝီစီယားနားကို သွားဖို့ချည်း ပြောနေကြတယ်။

ဆုအဖြစ်နဲ့ မြေတွေ အများကြီးရတဲ့ အဖေ့ကို စစ်မှုမထမ်းဖူးသူတွေက အားကျကြတယ်။ တစ်နေ့တော့ ကျွန်မတို့ မြို့က ထွက်သွားတဲ့ လူတစ်ယောက်က အဖေ့ဆီကို စာလှမ်းရေးတယ်။ သူ့နာမည်က ဝေါ်လ်တာပါစယ်တဲ့။ သူလည်း ဆုတွေရတဲ့ စစ်ပြန်တစ်ယောက်ပဲ။ သူ့စာထဲမှာ လူဝီစီးယားနားဟာ မြေသြဇာ ကောင်းတဲ့ ဒေသဖြစ် ကြောင်း၊ တချို့နေရာတွေမှာဆိုရင် တစ်နှစ်ကို လေးသီးလောက် စိုက်နိုင်ကြောင်း တွေ ပါတယ် "
ဖီးလစ်က ပြုံးပြီး -
" မင်း အဲဒီမှာ ပျော်မယ် ထင်နေသလား "
" အင်း ၊ ပျော်မယ် ထင်ပါတယ် "
ဂျူးဒစ် မရေမရာ ပြောလိုက်သည်။ ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်၏။ တစ်ဖက်တွင် တောကြီး မျက်မည်း၊ တစ်ဖက်တွင်တော့ နွားရိုင်းသွင်းချိန်မို့ ခရမ်းပြာရောင် ပြေးနေသည့် မစ္စစ်စပီမြစ်ကြီး။ စီးဆင်းနေပုံက ပျင်းတိပျင်းတွဲ။ ရွေ့လျားသည်ပင် မထင်ရ။

" တစ်မျိုးပဲနော်၊ ကျွန်မအတွက် အားလုံး အသစ်အဆန်းချည်း ဖြစ်နေတယ်။ တကယ် မဟုတ်သလိုပဲ။ မြေပြင်က ပြန့်လွန်းမက ပြန့်ပြီး သစ်ပင်ကြီးတွေပေါ်မျာ ရေညှိပင်တွေ တွဲနေပုံက ကန့်လန့်ကာ ချထားတဲ့ အတိုင်းပဲ။ အစ်ကို့အတွက်တော့ ဘယ်ထူးဆန်းမလဲနော်၊ နေရာတွေ အများကြီး ရောက်ဖူးတာကိုး။ ကျွန်မတော့ ကိုယ့်မြို့က အပြီးထွက်လာခဲ့တဲ့အထိ ဘယ်မှ မရောက်ဖူးဘူး "
" ဒါဆို နယူးအင်္ဂလန်က မင်းအတွက် ကမ္ဘာကြီးပေါ့ ဟုတ်လား " ဖီးလစ်က ညင်ညင်သာသာ မေးလိုက်သည်။

" သေသေချာချာ မသိပါဘူး အစ်ကိုရယ်၊ တစ်ခုပဲ သိတယ်၊ စိတ်ထဲမှာ... "
" ဘာများလဲကွယ် "
ဂျူးဒစ် ရှိုးတိုးရှန့်တန့် ဖြစ်နေသည့်အတွက် ဖီးလစ် ၀င်ထောက်ပေးလိုက်သည်။
" ချက်ချင်း အသက်ပိုကြီးလာသလိုပဲ၊ အစ်ကို ပြင်သစ်ရောက်တုန်းကရော အဲဒီလို ဖြစ်ဖူးလားဟင် "
ဖီးလစ် ခပ်တိုးတိုးရယ်သည်။ ဂျူးဒစ် ခုမှ သတိရသည်။ သူစိမ်းတစ်ယောက်ကို ဘာလို့ တရင်းတနှီး ယုံယုံကြည်ကြည် ပြောနေမိပါလိမ့်။ သို့သော် သူ သိပ်စိတ်ဝင်စားနေပုံ။ ဖီးလစ်က ဂျူးဒစ်ရှေ့တွင် ဒူးတုပ်ထိုင်ပြီး ကလေးမ၏ လက်နှစ်ဖက်ပေါ်တွင် သူ့လက်တွေကို တင်လိုက်သည်။

" မင်းဟာ ကိုယ်တွေ့ဖူးသမျှထဲမှာ ချစ်ဖို့အကောင်းဆုံး ကလေးပဲ။ ဒါပေမဲ့ မင်း ကလေးမဟုတ်တော့ပါဘူးကွယ်"
" ကျွန်မ ၁၅ နှစ်ရှိပြီ၊ အဖေကတော့ ကလေးလို့ ခေါ်တုန်း "
" ဒါပေမဲ့ မင်း ကလေးမဟုတ်တော့ဘူး၊ သိပ်လှတဲ့ အမျိုးသမီးကလေးတစ်ယောက် ဖြစ်လာနေပြီ သိလား "
ဂျူးဒစ် အသက်ရှူဖို့ မေ့သွားသည်။ ဖီးလစ်က ထပ်မေးသည်။
" မင်းကို ဘယ်ယောက်ျားလေးကမှ အဲဒီလို မပြောဖူးဘူးလား "
ဂျူးဒစ် သူ့လက်တွေကို ငုံ့ကြည့်လိုက်သည်။ ပေါင်ပေါ်မှ မိမိလက်ပေါ်တွင် တင်ထားသည့် သူ့ လက်ချောင်း တွေကို သဲသဲကွဲကွဲ မမြင်ရတော့။ မှောင်စပြုပြီ။
" အစ်ကိုက ကျွန်မကို တောသူအလည်မကလေး အောက်မေ့နေလားဟင်၊ ကျွန်မဘ၀မှာ အမျိုးသား တစ်ယောက်နဲ့ ခုလို တစ်ခါမှ စကားမပြောဖူးဘူး "
" ဟေ၊ ဒုက္ခပါပဲ "
ဖီးလစ် ခပ်တိုးတိုး ညည်းသည်။

" ကျွန်မ ဘာပြုလို့ ဒါလောက်ကြာအောင် နေမိပါလိမ့်၊ အဖေ လိုက်လာတော့မယ် ထင်တယ်၊ ကျွန်မ သွားမယ်နော် အစ်ကို "
ထိုစဉ် တောထဲမှ ဟိန်းသံတစ်ခု ထွက်လာသည်။ ကြောက်မက်ဖွယ်အသံကြီး။ ဖီးလစ် သေနတ်ကို ဆတ်ခနဲ ကောက်ကိုင်တော့ ဂျူးဒစ် အလန့်တကြား အော်ပြီး ခုန်ထလိုက်သည်။ ခပ်လှမ်းလှမ်းမှ လှေသမား လည်း အိုးတွေခွက် တွေ ချကာ သေနတ်ကိုယ်စီ ပြေးဆွဲကြသည်။ မှောင်နှင့်မည်းမည်း သစ်ပင် တစ်ပင်အောက်ဆီ မှ မျက်လုံးနှစ်လုံးကို ဂျူးဒစ် လှမ်းမြင်လိုက်သည်။ အစိမ်းရောင်မျက်လုံးများက သူ့ကို စိုက်ကြည့်နေသည့်အလား။ မျက်လုံးနှစ်လုံးသာ ပါသည့် ခန္ဓာကိုယ်မဲ့ မကောင်းဆိုးဝါး သတ္တ၀ါ တစ်ကောင် နှင့် တူနေ၏။
သေနတ်သံတစ်ချက် နားနားတွင် ကပ်ကြားလိုက်ရသည်။ ဆက်တိုက် နောက်တစ်ချက်။ကြောက်စရာ မျက်လုံးစိမ်းကြီး နှစ်ခု ပျောက်ကွယ်သွားသည်။ ဖီးလစ်က ဂျူးဒစ်၏ ပခုံးနှစ်ဖက်ကို သိုင်းဖက်ပြီး -
" မကြောက်ပါနဲ့တော့နော်၊ ကိစ္စပြီးသွားပြီ "
ဂျူးဒစ်က အသက်မရှူနိုင်ဘဲ ပြန်မေးသည်။

" အဲဒါ ဘာလဲဟင်၊ ဘာကောင်ကြီးလဲ "
" ကျားသစ်ပါ၊ သူတို့ သွားကောက်လိမ့်မယ် "
" မှန်တာ သေချာရဲ့လား အစ်ကို "
" သေချာပါတယ် "
ကလေးမ အကြောက်ပြေအောင် ဖီးလစ်က ချော့မော့ ပြောနေသေးသည်။ သို့သော် ဂျူးဒစ် မကြားတော့။ ပို၍ ကြောက်စရာကောင်းသည့် အဖြစ်တစ်ခုနှင့် ကြုံလိုက်ရသလို မြစ်ဘက်သို့ ချာခနဲ လှည့်ကြည့် လိုက်သည်။

ပိန်းကောလှေကြီးပေါ်မှ လူသံတွေ ထုနှင့်ထည်နှင့် ထွက်လာသောကြောင့်ဖြစ်သည်။ လှောင်အိမ်နံရံကို တိုက်ခိုက် နေသည့် တိရစ္ဆာန်များ၏ အော်သံမျိုး။
" မင်း ဒီမှာနေ၊ ဘယ်မှ မသွားနဲ့ "
ဖီးလစ် ပြောပြောဆိုဆို လှေဆီသို့ ပြေးဆင်းသွားသည်။ ဂျူးဒစ် တစ်ယောက်တည်း မနေခဲ့ရဲသဖြင့် သူ့နောက် မှ ပြေးလိုက်သွား၏။ ဖီးလစ်လှေပေါ်သို့ လွှားခနဲ လွှားခနဲ ပြေးတက်သွားပြီး ပြတင်းပေါက် တစ်ပေါက် ကို ဆွဲဖွင့်လိုက်သည်။

အလင်းရောင်မှိန်မှိန်တွင် သစ်သားတန်းများကြားမှ မည်းမည်းအရိပ်များကို ဂျူးဒစ် လှမ်းမြင်လိုက် သည်။ လှောင်အိမ်နား ကပ်ပြီး ငြိမ်ငြိမ်နေဖို့ ဖီးလစ် အော်ဟစ် အမိန့်ပေးနေသည်။ ဂျူးဒစ် လှေပေါ် တက်လိုက် လာမှန်း သိလိုက်သည်နှင့် ဖီးလစ် တံခါးကို ဆွဲပိတ်လိုက်သည်။ သို့သော် သူ တင်ဆောင်လာသည့် ကုန်တွေ ကို ဂျူးဒစ် မြင်သွားပြီ။ ကလေးမ အံ့သြထိတ်လန့်စွာ အော်သည်။
ဖီးလစ် က သူ့ဘက် လှည့်ပြုံးလိုက်၏။ မထီမဲ့မြင် မပြုံးမျိုး။

" ကိုယ် ကျွန်အရောင်းအ၀ယ် လုပ်တာ တွေ့တော့ မင်းသိပ်အံ့သြသွားတယ်ပေါ့ ဟုတ်လား "
ဂျူးဒစ်က လက်ကိုင်ပ၀ါ အဖျားကို ဆွဲလိမ်ရင်း မရေမရာဖြေသည်။
" ဟင့်အင်း၊ ရေလမ်းတစ်လျှောက်မှာ ကျွန်ကုန်သည်တွေ အများကြီးတွေ့ခဲ့သားပဲ "
သို့သော် မသိမသာ နောက်ဆုတ်နေပြီ။ လှေပေါ်မှ ဆင်းပြေးမည်အပြုတွင် သူ အနားရောက်လာပြီး ပခုံး ကို သိုင်းဖက်လိုက်သည်။
" ဒါဖြင့် မင်း ဘာလို့ ထွက်ပြေးတာလဲ၊ ကနက်တိကပ် မှာ ကျွန်တွေ မရှိလို့လား "
ဂျူးဒစ် တွေနေသည်။

" ရှိတော့ရှိပါတယ်၊ ဒါပေမဲ့ သိပ်မများဘူး၊ ဆောင်းတွင်းတွေဆိုရင် သူတို့တစ်တွေ သိပ်ဒုက္ခပေးတာ၊ ကျွန်မတို့ မှာတော့ မရှိပါဘူး "
စိတ်ထဲ ဇဝေဇ၀ါ ဖြစ်နေဆဲ။ တွေ့ခဲ့သည့် ကျွန်ကုန်သည်တွေက သူ့လို မဟုတ်ကြပါ။ သူ့လို အလုံ ပိတ် ခေါ်လာခြင်း မျိုး မဟုတ်။ သူ့လှေကြီး ကြည့်ရတာ တစ်မျိုးကြီးပဲ။ ခေါင်းထဲကို အလင်းတန်းတစ်ခု ဖျတ်ခနဲ ၀င်လာသည်။ အထိတ်တလန့် နောက်ဆုတ်လိုက်သည်။
" လွှတ်၊ ကျွန်မကို လွှတ်၊ ရှင်ဟာ ပင်လယ်ဓားပြ၊ မှောင်ခိုသမား၊ လွှတ်နော် "
သူ ပြုံးပြန်သည်။

" ကိုယ်က ပင်လယ်ဓားပြနဲ့ တူနေလို့လား၊ မင်း တကယ် အဲဒီလို ထင်နေတယ် ဟုတ်လား "
" ပင်လယ်ဓားပြ ဘာနဲ့ တူတယ်ဆိုတာ ကျွန်မ မသိဘူး။ ဒါပေမဲ့ ဒီကျွန်တွေ ရှင် ၀ယ်လာတာ မဟုတ်ဘူး မဟုတ်လား၊ ရှင် ခိုးလာတာ မဟုတ်လား၊ ဒါကြောင့် ရှင် သူတို့ကို ၀ှက်လာတာပေါ့၊ လွှတ်ပါ၊ ကျွန်မကို လွှတ် လို့ ပြောနေတယ်နော် "
ဂျူးဒစ် ငိုချလိုက်၏။ မစ္စစ်စပီ မှောင်ခိုဓားပြများအကြောင်း ကြားဖူးသည်။ သူတို့လှေကို မြင်သွားသူ အားလုံးကို လည်ပင်းဖြတ်သည်တဲ့။ သို့သော် ကြောက်လွန်းလို့ ငိုခြင်းမဟုတ်။ စိတ်ရှုပ်ဝေခွဲမရခြင်းကြောင့် ငိုမိခြင်း ဖြစ်သည်။ သူက သိပ်ပြီး လူကြီးလူကောင်း ဆန်တဲ့ အထက်တန်းစား မဟုတ်လား။
" ဟေ့ အဓိပ္ပာယ် မရှိ မလုပ်စမ်းပါနဲ့ ဂျူးဒစ်ရယ် "
ဂျူးဒစ် က မျက်နှာကို လက်ဝါးနှင့်အုပ်ပြီး ငိုနေဆဲ။ ထိုစဉ် အဖေ့အသံကို ကြားလိုက်ရခြင်းဖြစ်သည်။

" သမီး ဂျူးဒစ်၊ ဗျို့ မစ္စတာလန်း၊ သေနတ်သံတွေ ကြားလို့။ ဘာဖြစ်ကြတာလဲ "
ဂျူးဒစ်က နံရံတွင်ကပ်ပြီး မျက်ရည်သုတ်နေသည်။ ဖီးလစ် ပြေးဆင်းသွားပြီး ရှင်းပြသည်။
" အနှောင့်အယှက်ဖြစ်သွားရင် ခွင့်လွှတ်ပါ မစ္စတာရှာရမီ၊ ကျားသစ်တစ်ကောင်လာလို့ ပစ်သတ် လိုက်တာပါ ခင်ဗျာ၊ ကလေးမ အဲဒါကို လန့်ပြီး လှေပေါ် ပြေးတက်သွားတာပါ၊ ကျွန်တော် ခုပဲ ခေါ်ဆင်း ခဲ့ပါ့မယ် "
သူ လှေပေါ်ပြန်ပြေးတက်လာသည်။ ဂျူးဒစ် လက်မောင်းကို ဆွဲပြီး -
" ကဲ ... လာ၊ ဘာမှ အန္တရာယ် မရှိတော့ပါဘူး မစ္စရှာရမီ၊ မင်းအဖေနဲ့ ပြန်လုက်သွားတော့နော် "
ပြီးမှ ခပ်တိုးတိုးကလေး ကပ်ပြောသည်။

" ကဲ မငိုနဲ့တော့ မချောလေး၊ မင်းလုပ်ပုံနဲ့ ကျုပ် ကြိုးပေးခံရလိမ့်မယ်၊ ကိုယ် အသတ်ခံရတာ မင်း မြင်ချင် လားဟင် "
လုံးဝ မှောင်သွားပြီ။ ကမ်းပေါ်မှာ အဖေရပ်နေပုံကို ၀ိုးတ၀ါးမျှသာ မြင်ရ၏။ နံဘေးတွင် နီးနီးကပ်ကပ် နေရသူက ဖီးလစ်လန်း။ သူ့လေသံက နွေးနွေးထွေးထွေး။
မော်ကြည့်လိုက်တော့ သူ့မျက်နှာက ပြုံးလို့။ ကလေးငယ်တစ်ဦးအား ကျီစယ်နေသလိုလိုနှင့် ကြင်နာခြင်း အပြည့် ပါသည့် အပြုံးမျိုး။
" မငိုတော့ပါဘူး၊ ဘယ်သူ့မှလည်း ပြန်မပြောပါဘူး၊ စိတ်ချပါ "
" ကျေးဇူးတင်ပါတယ်ကွယ် "

သူက ခပ်တိုးတိုးလေး ပြန်ပြောသည်။ သည်ထက်ပိုပြီး ဘာမှ ပြောချိန် မရတော့။ ကမ်းပေါ်သို့ ခေါ်တက်လာခဲ့ရသည်။ မစ္စတာရှာရမီဆီသို့ လျှောက်သွားပြီး ဦးညွှတ်ကာ -
" ဦးရဲ့ဇနီးကို ကျွန်တော် ကျေးဇူးတင်ကြောင်း တစ်ဆိတ်ပြောပေးပါ ခင်ဗျား၊ လှေမှာ လုပ်စရာ ကလေး တွေ ရှိနေလို့ ညစာ လိုက်မစားနိုင်တဲ့ အကြောင်းလည်း တောင်းပန်ပေးပါ၊ မင်္ဂလာ ညချမ်းပါ ခင်ဗျာ "
ဂျူးဒစ်ကို လက်ကမ်းပေးသည်။ ဂျူးဒစ်၏ လက်ကလေးကို ဆုပ်ထားရာမျ အညာညှစ်ပြီး လွှတ်ပေး လိုက်သည်။ မစ    စစ်စပီသည် နေရောင်ခြည်အောက်တွင် ပကတိရွှေအဆင်းဖြင့် ၀င်းဝါလျက်ရှိ၏။ ဟိုမှာ ဘက်ကမ်း တွင်ရော သည်မှာဘက်ကမ်းတွင်ပါ လိမ္မော်တွေ ဖွေးဖွေးလှုပ် ပွင့်နေကြပုံမှာ ရင်အေးစရာ ကောင်း လှသည့် မြင်ကွင်းဖြစ်ပါသည်။ ရှုမဆုံးတော့သည့် လိမ္မော်ခင်းကြီးကို ဇာပ၀ါဖြူဖြင့် လွှမ်းခြုံ ပေးထားသည့် အလား။ မွှေးပျံ့ပျံ့ရနံ့ကလေးသည် လေထုထဲတွင် လွင့်မျောနေလေသည်။

ဂျူးဒစ်သည် ရေစပ်တွင်ထိုင်ကာ ဖီးလစ်ပြောသမျှ နားထောင်လျက်ရှိ၏။ စတွေ့သည့်နေ့မှ ရေတွက်လျှင် ခုနစ်ရက် တိုင်ခဲ့ပြီ။ တစ်နေကုန်လို့ တစ်ထောက်နားသည့် အခါတိုင်း ကမ်းခြေတွင် ပိန်းကောနှစ်စင်း အတူတူ ကပ်ကြသည်။ ဖီးလစ်က ဂျူးဒစ်နှင့် စကားပြောခွင့်ရအောင် အမြဲနည်းလမ်းရှာသည်။
ဂျူးဒစ် ပထမ တင်းခံနေသေးသည်။ ကျွန် အရောင်းအ၀ယ် လုပ်သည့် မှောင်ခိုသမားနှင့် စကားမပြော လို ဟု ဇွတ်ငြင်းသည်။ သို့သော် ချိုလွန်သော အပြုံးနှင့် အညင်အသာ တိုးလျှိုးတောင်းပန်မှုဒဏ်ကို ဂျူးဒစ် ကြာရှည် မခံနိုင်ပါ။
သူပြောသမျှ ကို ရင်တမမ နားထောင်နေရ၏။

" ... ဘိုနီလက်က ၇ွက်တိုင်ပေါ် ဖက်တက်လိုက်လာတယ်။ ဓားမြှောင်ကို ပါးစပ်ထဲမှာ ကိုက်လို့၊ ခါး မှာလည်း ခြောက်လုံးပြူးနှစ်လက်နဲ့၊ အစ်ကို ဘ၀ဆုံးပြီလို့ ထင်လိုက်တယ်။ အဲဒီမှာ သူ့ပါးစပ်ထဲက ဓားကို အစ်ကို လှမ်းမြင်လိုက်တယ်။ ဓားက နှစ်ဖက်သွား ... "
" အင်း ... အင်း ... အဲဒီတော့ "
" နောက်ဆုံးကျည်ဆန်နဲ့ ပစ်ထည့်လိုက်တာပေါ့၊ အစ်ကို့ လက်တွေသေနတ်ကိုတောင် မနိုင်တော့ဘူးလေ၊ ဒါပေမဲ့ ဘုရားသခင် ကျေးဇူးတော်ကြောင့် သူ့ရင်ဘတ်ကို တည့်တည့်မှန်တယ်၊ အဲဒီမှာ ဘိုနီလက်ဟာ ကြယ်ကြွေသလို ရွက်တိုင်ပေါ်က လွင့်ကျသွားတာပဲ "
" လူစီဖာ" လိုပေါ့နော် အစ်ကို "
" ဘယ်သူ "
" ကျမ်းစာ ထဲကလေ "
" သြော် ... အင်း ... ဒါပေါ့၊ အဲဒီတော့မှ ကျန်တဲ့ကောင်တွေကို ထိန်းလို့ရတော့တယ်၊ အဲဒီမှာ တို့တစ်တွေ သူ့သင်္ဘော ကို ရလိုက်တာပဲ၊ အင်္ဂလိပ် သင်္ဘောတွေဆီက သူ ရထားတဲ့ ငွေတွေ၊ ပိုးချည်ထုပ်တွေနဲ့ ကျွန် တွေလည်း သင်္ဘော အပြည့်ပဲ "

ဂျူးဒစ်က ပါးစပ်အဟောင်းသားနှင့် -
" အဲဒါတွေ အစ်ကို ဘာလုပ်ပစ်သလဲဟင် "
" ဝေယူကြတာပေါ့၊ အစ်ကို့ဝေစုအားလုံး ဟောဒီ ပိန်းကောလှေကြီးထဲမှာလေ "
" ဟင် ... အဲဒါတွေ အစ်ကိုမှ မပိုင်တာဘဲ " ဂျူးဒစ်က အသံသေးသေးကလေးဖြင့် အထိတ်တလန့် ကန့်ကွက် သည်။
" ဒါတော့ ဒါပေါ့ ကလေးရယ်၊ ဒါပေမဲ့ ဘိုနီလက်သည်း ဒါတွေ မပိုင်ဘူးလေ "
သူက ရယ်ပြီး စကားဆက်သည်။

" သူ့ကို ရှင်းလိုက်ပြီးတဲ့နောက်ပိုင်း ကမ်းရိုးတန်းတစ်လျှောက် ဘယ်လောက် အေးချမ်းသွားသလဲ၊ အစ်ကိုတို့ ဒါလောက်တော့ ရသင့်တာပေါ့ကွာ "
" ဒါပေမဲ့ ပင်လယ်ဓားပြ သင်္ဘောတွေအတွက် ဥပဒေ ထုတ်ထားတာ ရှိတယ်လေ၊ သိမ်းရတဲ့ပစ္စည်းတွေကို ပြည်နယ်ဘုရင်ခံ လက်ထဲအပ်ရမယ်၊ ပြီးမှ ဘုရင်ခံက ဆုလာဘ် ပြန်ပေးမယ်လေ "
ဖီးလစ်က ခပ်ရွှင်ရွှင် ပြန်ပြောသည်။
" အဲဒါတော့ ကျွန်တော်မျိုး မသိဘူးခင်ဗျ၊ ဒါပေမဲ့ နံကြား ဓားနဲ့ အထိုးခံရပြီးမှ သက်စွန့်ဆံဖျား တိုက်ယူ လာခဲ့တဲ့ ပစ္စည်းတွေကို အမိရဲ့ ဘုရင်ခံနဲ့ ဝေမယူနိုင်ပါဘူးဗျာ၊ ပြီးတော့ ကျုပ်က လူဝီစီးယားနားကို လာချင်နေတာ၊ ဧကသုံးထောင်ကို တောရှင်းဖို့ ကျုပ်လက်နှစ်ထဲနဲ့ လာလို့ မရဘူးလေ "
" အင်း ... ဒါတော့ ဟုတ်တာပေါ့လေ "
ဂျူးဒစ်က မတ်တတ်ထရပ်သည်။ ထင်းခွေ ထွက်လာခြင်းဖြစ်၏။ ထင်းစည်းကို ပွေ့ပြီး -
" သွားမယ်အစ်ကို၊ လူကြီးတွေ စိတ်ပူနေကြလိမ့်မယ် "

" ဒါထက် အစ်ကို့ကို နောက်ထပ် ဘာလို့ ထမင်းစားမဖိတ်တော့တာလဲ၊ ကြိုသိရင် မလှမ်းမကမ်းမှာ လှေချင်း ယှဉ်ကပ်လို့ ရတာပဲ၊ ဒါဆို အစ်ကိုတို့ လှေကို စားရင်း သောက်ရင်း မျက်ခြည်မပြတ် လှမ်းကြည့် နေနိုင် တာပေါ့ "
ထင်းချောင်းတစ်ချောင်းမှ အခေါက်ကလေးကို ဆွဲခွာရင်း ဂျူးဒစ်ခပ်ညှိုးညှိုးကလေးပြောသည်။
" အဖေက နောက်ထပ် မဖိတ်ဖို့ အမေ့ကို ပြောထားတယ် အစ်ကို၊ အစ်ကို့ကို အဖေ သိပ်သဘောကျပုံ မရဘူး။ ကျွန်မတို့ မောင်နှမအပေါ် အစ်ကို့သြဇာ လွှမ်းသွားမှာ သူ စိုးတယ်တဲ့ "
ဖီးလစ်က ရယ်ပြီး -
" မင်း အစ်ကိုလောက် ခေါင်းမာတဲ့ချာတိတ်က ဘယ်လို လုပ်ပြီး အစ်ကို့သြဇာ ညောင်းမှာလဲ၊ အဲ မင်းနဲ့ ပတ်သက်လို့ ကတော့ ... "
" သွားမယ်နော် "
ပြောပြောဆိုဆို ဂျူးဒစ် လိမ္မော်ပင်တန်းထဲသို့ ပြေးဝင်ပျောက်ကွယ်သွားသည်။

မိးဖိုတွင် ထင်းထိုးနေရင်း ဖီးလစ် နောက်ဆုံးပြောလိုက်သည့် စကားလုံး ကလေးများကို ပြန်စဉ်းစား နေမိ၏။ သူ့လွှမ်းမိုးမှု ခံနေရသည်တော့ အမှန်။ ကြည့်လေ။ အဖေ့အလိုမတူဘဲ သူပြော တာတွေ ကို တိတ်တိတ်သွားနားထောင်နေမိတယ်။ ပြီးတော့ သွေးသံရဲရဲ ဇာတ်လမ်းတွေကိုလည်း တဖြည်းဖြည်း ကြောက်ရမှန်း မသိတော့ဘူး။ သူနဲ့မတွေ့ခင် လွန်ခဲ့တဲ့ တစ်ပတ်လောက်က ဆိုရင် ဂျူးဒစ်အတွက် ဒါမျိုး တွေဟာ မကြားဝံ့ မနာသာတွေလေ။
ဒါတောင် သူ့အကြောင်း သူ အကုန်ပြောသေးဟန် မတူဘူး။ သိရပြီးသလောက်နဲပပဲ သူ့အကြောင်း နားလည်ပါပြီလေ။ ဘုရားသခင်ကိုရော၊ ငရဲကိုရော ကြောက်မယ့်လူ မဟုတ်ပါဘူး။ သူနဲ့ဆိုရင် ကိုယ်တိုင် ဘုရားမေ့၊ တရားမေ့ ဖြစ်နေပြီ မဟုတ်လား။ သူ့အနားရောက်သွားရင် ခန့်ချောချောတဲ့ သူ့မျက်နှာကို ငေးကြည့်ပြီး သူပြောသမျှထဲမှာ မျောပါနေမိသွားရော။ တစ်ပြိုင်တည်းမှာ ကိုယ့်ဘ၀ကို ငြီးငွေ့လာတာ ကရော၊ သူနဲ့တွေ့မှ ဖြစ်လာတာ မဟုတ်လား။

လှေသမားများအတွက် ညစာ အဆင်သင့်ဖြစ်ကြောင်း အော်ခေါ်အပြီးတွင် အဖေက လှမ်းခေါ် သည်။ အဖေ့ နံဘေးက မြက်ခင်းပေါ်တွင် ၀င်ထိုင်လိုက်၏။ အဖေက သူ့ပန်းကန်ထဲ ထမင်းထည့်ရင်း -
" သမီး စောစော က မစ္စတာလန်းနဲ့ စကားပြောခဲ့တယ် မဟုတ်လား "
ဂျူးဒစ် မျက်လွှာချသည်။
" ဟုတ်ကဲ့ပါ ဖေဖေ "
" ဒါကြောင့် အသံကြားလိုက်ပါတယ်ထင်တာ၊ ဒီမယ် သမီး နောက်ကိုနှစ်ယောက်ထဲဆိုရင် သူနဲ့ စကား မပြောစေချင်ဘူး။ သူ့အကြောင်းလည်း ဘာမှသိတာ မဟုတ်ဘဲနဲ့ "
" ဘာလို့ မသိရမှာလဲ၊ သူ အကုန်ပြောပြတယ် ဖေဖေ၊ သူ့အဖေက ကာရိုလိုင်းနားကမ်းခြေမှာ လယ်ပိုင်ရှင်ကြီး တဲ့ "
ဖေဖေ ပခုံးတွန့်သည်။
" အလကားပါ၊ ပေါ့ပေါ့နေ ပေါ့ပေါ့စားတွေ၊ ပြင်သစ်ဝတ္ထုတွေဖက်ပြီး ဘုရားမသိ တရားမသိ လူမျိုးတွေ "
ဂျူးဒစ် က ဆက်လက်ကာကွယ်သည်။

" သူက အင်္ဂလန်မှာ ကျောင်းနေလာတာတဲ့၊ ပြီးတော့ ပြင်သစ်မှာလည်း အဆင့်မြင့် စကားပြော သင်တန်း သွားတက်ခဲ့ သေးတယ်တဲ့ "
" အင်း ၊ ပြင်သစ်မှာ အဆင့်မြင့်စကားပြောအပြင် တခြားကိစ္စတွေကလည်း အများကြီး တက်လာမှာပေါ့ "
မစ္စက်ရှာရမီ က ၀င်ဟန့်သည်။
" အို ... မက်ကလည်း၊ ကလေးက ၁၅ နှစ်သမီးပဲ ရှိသေးတယ်လေ "
သည်တော့မှ စကားဝိုင်း တိတ်သွားပြီး ငြိမ်ငြိမ်ကလေး ဆက်စားကြသည်။ ဂျူးဒစ်က တဖိတ်ဖိတ် တောက် နေသည့် ရေပြင်ကို ငေးကြည့်နေရင်း သူပြောသွားသည့် စကားတစ်ပိုင်းတစ်စ၏ အဓိပ္ပာယ်ကို ရှာဖွေ နေသည်။

လှေသမားတွေ စားသောက်ပြီးကြတော့ ပန်းကန်ခွက်ယောက်တွေ ဆေးကြောရန် ခပ်လှမ်းလှမ်းရှိ စမ်းချောင်း ကလေးဆီသို့ ဂျူးဒစ် ပွေ့ယူသွားသည်။ ဆေးကြောနေရင်း ဇက်ပိုးတွင် အေးခနဲဖြစ်သွား၏။ ပြီးတော့ အေးစက်စက် အရာတစ်ခု ရင်ဘတ်ထဲ လျှောကျသွားသည်။ လန့်ပြီး လက်ထဲမှ အိုး လွတ်ကျသွား၏။
စမ်းချောင်းနံဘေး ချုံပုတ်ထဲမှ သူ ဘွားခနဲ ပေါ်လာသည်။ ထုံးစံအတိုင်း စွဲမက်ချင်စရာ ခပ်ရွှင်ရွှင် အပြုံး ကို ဆင်မြန်းလျက်။
" လန့်သွားလား၊ အစ်ကို တောင်းပန်ပါတယ်ကွာ "
ပြောပြောဆိုဆို လွတ်ကျသွားသည့် အိုးကို ချောင်းထဲမှ လှမ်းဆယ်ပေးသည်။ ဂျူးဒစ်က ဆောင့်ကြောင့် ထိုင်ရင်း လက်နှစ်ဖက်ကို လိမ်နေသည်။
" သွားပါ အစ်ကိုရယ်၊ အဖေက အစ်ကိုနဲ့ စကားမပြောရဘူးတဲ့ "
" အင်း ... ဒီလိုပဲ ဖြစ်ရမှာပေါ့ "

သူက ပြောပြောဆိုဆို ၀င်ထိုင်သည်။ သူတို့နေရာကို ဂျူးဒစ်အလန့်တကြား လှမ်းကြည့်သည်။ ချုံတွေ ကွယ်နေ၍ လုံးဝ မမြင်နိုင်။
" ခုတင်က ဘာလဲဟင်၊ လန့်သွားတာပဲ အစ်ကိုရယ် "
ရင်ဘတ်ထဲမှာ တစ်ခုခုရှိနေမှန်း သိနေသလိုပဲ။ ရှက်လိုက်တာလေ။

" မင်းကို အစ်ကို မြင်မြင်ချင်း ပေးချင်နေတဲ့ လက်ဆောင်ကလေးပါ၊ ထုတ်ကြည့်လေ "
ဇက်ပိုးကို စမ်းပြီး ဖြုတ်ယူကြည့်သည်။ ရွှေဆွဲကြိုးကလေး၊ ဆွဲသီးကလေးနဲ့။
" အို ... လှလိုက်တာ အစ်ကိုရယ်၊ အဲဒါ ဘာကျောက်လဲဟင် "
" ဥဿဖရား လေ၊ ဒီကျောက်အရောင်မျိုးရှိတဲ့ မျက်လုံးတွေ မင်းဆီမှာပဲ ကိုယ် တွေ့ဖူးတယ် "
ဆွဲသီးကလေးကို နေရောင်တွင် ဂျူးဒစ် ထောင်ကြည့်သည်။ ဟုတ်ကော ဟုတ်ရဲ့လားကွယ်။ ကျောက်ကလေး က ရွှေရောင်တောက်နေတယ်လေ။ ဂျူးဒစ်မျက်လုံးတွေ ဒါလောက်လှလို့လား အစ်ကို ရယ်။ တစ်ပြိုင်တည်း အတွေးတစ်ခု ခေါင်းထဲ ၀င်လာသည်။

" အစ်ကို ဒါ ရိုးရိုးသားသားပေးတဲ့ လက်ဆောင်လား "
" မင်း မေးလို့ ပြောရရင်တော့ သိပ်မရိုးသားဘူး။ မင်းနဲ့ လိုက်ဖက်လွန်းလို့ အစ်ကိုပေးတာ တစ်ဆိတ် လက်ခံပါနော်။ ဒီမယ် ဂျူးဒစ်၊ အစ်ကို အသက်ရှင်နေသမျှ ကာလပတ်လုံး ဘယ်ပင်လယ်ဓားပြနဲ့မှ မပတ်သက် စေရဘူး။ အစ်ကို ကတိပေးတယ်။ လူဝီစီယားနားမှာ စိုက်ပျိုး ရေးသမားအဖြစ် တစ်သက်လုံး လုပ်ကိုင် စားသောက်သွားမယ်။ ပြီးတော့ ... "
ပြောပြောဆိုဆို ဂျူးဒစ်ကို သူ့ရင်ခွင်ထဲ ဆွဲယူပြီး ကလေးမလေး၏ နှုတ်ခမ်းအစုံကို ခပ်ကြမ်းကြမ်း နမ်းလေတော့၏။ ဂျူးဒစ် တစ်ခါတစ်ရံ စဉ်းစားကြည့်ဖူးသည်။ ယောက်ျားတစ်ယောက်က နမ်းရင် သိပ် ရှက်စရာ ကောင်းမှာပဲလို့။ သို့သော် လက်တွေ့တွင် ထင်သလိုမဟုတ်ဘဲ တိမ်တိုက်တွေထဲ လွင့်မျော လိုက်ပါ သွားရသလို ပါပဲလားကွယ်။

အတန်ကြီးကြာမှ အိပ်မက်က နိုးလာသလို သူ့ရင်ဘတ်ကို အလန့်တကြား တွန်းပြီး -
" အိုး ... ဒီလို မလုပ်ပါနဲ့၊ ဘာပြောပြော ပင်လယ်ဓားပြဟာ ပင်လယ်ဓားပြပဲ၊ ပြီးတော့ အစ်ကိုဟာ လူသတ်သမား "
ဖီးလစ် နောက်ဆုတ်လိုက်သည်။ အလန့်တကြား ဖြစ်သွားခြင်းမျိုး။ နှုတ်ခမ်းပေါ်မှ ပြုံးနေကျအပြုံးတွင် ရွှင်ပျ ကြည်လင်ခြင်းများ ပျောက်ကွယ်သွားကြ၏။ သို့သော် အကြင်နာခိုးတွေ ဝေနေဆဲ။
" မင်းပြောတာ ဟုတ်ပါတယ် ဂျူးဒစ်၊ ဒါပေမဲ့ မင်းကို အစ်ကို ချစ်သလောက် ချစ်တဲ့သူ၊ အစ်ကို့ အချစ်မျိုး နဲ့ ချစ်မယ့်လူတော့ မင်း ဘယ်တော့မှ တွေ့မှာ မဟုတ်ဘူး "
ဂျူးဒစ်ကလေး ၏ မျက်ဝန်းထဲတွင် မျက်ရည်တွေ ပြည့်လျှံလာသည်။

" သြော် ၊ ကလေးရယ် "
ဖီးလစ် က သူ့လက်ကလေးကို ဆွဲယူလိုက်သည်။ ဥဿဖရားဆွဲကြိုးကလေး တန်းလန်းနှင့်။ ခပ်တိုးတိုး မေးသည်။

ဆက်ရန်
.

No comments: