Sunday, March 11, 2012

မောင်တင်ဆင့် ၏ ရထားပေါ်က ကင်ဆာတစ္ဆေ, အပိုင်း (၂၃)

ရထားပေါ်ကလူများ-၆

ကျွန်တော်တို့ စကားကောင်းနေကြသည်။ ရာသီဥတုက အုံ့မှိုင်းမှုံရီနေသည်။ (၄၅)လမ်း အထက် ဘလောက်၊ မဂ္ဂဇင်းတိုက်မှာ ကျွန်တော် ရောက်နေသည်။ ကဗျာဆရာ၊ စာရေးဆရာ၊ အယ်ဒီတာ တွေ သည် ညနေမှ လူစုံနေသည်။ ကျွန်တော်တို့ စကားလုံးတွေထဲမှာ မျောနေသည်။

သို့ကြောင့်လည်း ထိုညနေက ကျွန်တော် အိမ်ပြန်ဖို့နောက်ကျသွားပါသည်။ ကျွန်တော့် အဖြူရောင်ဒိုင်ခွက် နှင့် အချိန် တွေကို ညွှန်ပြပေးသော ကြူအင်ကြူ နာရီလေးကို ကြည့်လိုက်တော့ ၁၆း၂၀ ကို ညွှန်ပြနေပါ သည်။ အိုကေ (၁၆း၄၅) နာရီ ရထားကို မီလောက်သေးသည်ဟု ကျွန်တော့် ဦးနှောက်ကွန်ပျူတာက စက္ကန့် တစ်ထောင်ပုံ တစ်ပုံအတွင်း တွက်ချက်ခါ ကျွန်တော့် သိစိတ်ကိုအကြောင်းပြန်ပါသည်။ စက္ခုနှင့် ဦးနှောက် ဆက်သွယ်မှု ပြီးတော့ သိစိတ်က စီမံခန့်ခွဲပါတော့သည်။

" ကျွန်တော် ပြန်မယ်၊ ရထားမီသေးတယ် "
ဖိုင်၊ စာရွက် စာတမ်းများကို စားပွဲအံဆွဲထဲ ထည့်သော့ပိတ်၊ အချိန်နှစ်မိနစ်၊ သုံးမိနစ်လောက် ဖြုန်းလိုက်ရ သေးသည်။ ဘယ်လို ဖြစ်တာလဲဟု ကဗျာဆရာတစ်ယောက်က ပြောသည်။
" မတတ်နိုင်ဘူးဗျာ။ ကျွန်တော်နေတာက မြို့သစ်ဆိုတော့ ကားခက အသွားအပြန် (၇၀၀)ကျပ်လောက် ကုန်တယ်။ လက်ဖက်ရည်ဖိုးမပါဘူး။ ကွမ်းဖိုးနဲ့တင် တစ်နေ့တစ်ထောင်။ နေ့စဉ် မတတ်နိုင်ဘူးဗျာ။ ရထား က ကြာပေမယ့် အရာရာသက်သာတယ်ဗျာ" ဟုသာ ပြန်ပြောမိသည်။ ကျွန်တော် ရေးကြီးသုတ်ပြာ။
သည်နောက် ကျွန်တော့် ခြေထောက်များက စတင်အလုပ်လုပ်ပါတော့သည်။ ဦးနောက်ရေဒါ ညွှန်ကြား သော ဘူတာကြီးဆီသို့။

ဘူတာကြီးနှင့် (၄၅)လမ်းမှာ သိပ်မဝေးလှ။ ယောက်ျားခြေလှမ်းသွက်သွက်လှမ်းမည်ဆို (၂၅)မိနစ်ထက် မပိုနိုင် ရောက်မည်။ ကောင်းကင်က ညို့မှိုင်းနေသည်။ မိုးရွာမလား။ မရွာဘူးလား။ မိုးနှင့်နွားသိုး အစိုးမရ တဲ့။ ရှေးစကားတစ်ခုရှိသည်။ ဆိုလိုတာက မိုးက ခန့်မှန်းရခက်သလို စိတ်ရူးပေါက်တတ်သော ပေါက် နေသော နွားသိုးကလည်း ခန့်မှန်းရခက်ပါသည်။
လူရောင်စုံတွေ ပလက်ဖောင်းပေါ် စီးဆင်းနေသည်။ ဗိုလ်အောင်ကျော်လမ်း ကျော်ဖြတ်ပြီးသည်နှင့် ပိုမိုရှုပ် ထွေးလာပါသည်။ လူတွေက ရှေ့နောက်လှိမ့်သွားနေသည်။ ကျွန်တော် ပလက်ဖောင်းပေါ်က လူရောင်စုံ ကြားမှ အတော်ကြိုးစား၍ ကူးခတ်လာရသည်။ လူအားလုံးလိုလိုက ကိုယ့်လိုပဲ အရေးကြီးနေကြသည်။ ညနေ ရုံးဆင်းချိန် အလုပ်ပြန်ချိန်အိပ်တန်းပြန်ချိန်။ အတောင်မကျိုးသေးသ၍တော့ ပျံသန်းကြ။

ပန်းဆိုးတန်း ကုန်းကျော်တံတားရောက်လာတော့ ကုန်းပေါ်ကို တစ်ဆစ်ချိုး ကွန်ကရိလှေခါးမှ တက်  ရသည်။ အသက်ကလေးရလာတော့ သည်ပေ (၃၀)အမြင့်လောက် လှေခါးတက်ရတာပင် နည်းနည်း ဟိုက်ချင်ပြီ။ ခြေထောက်ကြွက်သားတွေက အလုပ်ကောင်းကောင်း မလုပ်ချင်။
ကုန်းပေါ် ရောက်တော့ စင်္ကြန်တံတားအတိုင်း ကားမျိုးစုံက ကုန်းပေါ်တက်လာလိုက်၊ ဆင်းသွားလိုက်။ လူ့ဘ၀ကြီး နှင့် ဆင်ဆင်တူနေသည်။ ကုန်းပေါ်မှ လှမ်းကြည့်လျှင် အောက်မှ ဗိုလ်ချုပ်အောင်ဆန်း လမ်းမ ကြီး အနောက်မှ အရှေ့သို့ တစ်လမ်းမောင်း၊ ရုပ်ရှင်ရုံတွေ၊ မိုးမျှော်ဟော်တယ်ကြီးတွေ ဆိုင်းဘုတ်တွေက တန်းစီ နေသည်။ တကယ်တန်းက ထိုနေရာများကို အေးအေးဆေးဆေး၊ တစ်ခါတစ်လေ ငေးမော ကြည့်နေဖို့ ကောင်းသည်။ သို့သော် ထိုအခွင့်အရေးမျိုး ကျွန်တော်တို့မှာ မရပါ။ ယခုတော့ ရထားမီဖို့။

နာရီ ကို ကြည့်မိပြန်သည်။ လေးနာရီခွဲ။ ဒါဆို (၁၆း၃၅)ရထားကို မမီနိုင်။ (၁၆း၅၀)ကိုတော့ မီနိုင်ပါသေး။ သို့တိုင် ရထားဆိုတာက ပြောရခက်သည်။ နောက်ကျတာ စောတာရှိတတ်သည်။ အထူးသဖြင့် နောက်ကျ တတ် သည်။ ဘာပဲဖြစ်ဖြစ် မြို့သစ်ကို ရောက်သည်ဖြစ်စေ၊ မရောက်သည်ဖြစ်စေ အင်းစိန်ဘက်ထွက်မည့် ရထားဆိုလျှင် ကျွန်တော်တတ်လိုက်သွားနိုင်သည်။ အင်းစိန်ရောက်လျှင် သုံးပုံနှစ်ပုံ နီးသွားပြီ။ ပြီးတော့ ကား ဆက်စီး။ ကျွန်တော့် ဦးနှောက်ကဂီယာကို ပြောင်းကာ နံပါတ်သရီး၊ သို့မဟုတ် နံပါတ်ဖိုး ထိုး လိုက်တော့ ခြေထောက်က ပိုသွက်လာသည်။ ထိုအခါ ကျွန်တော့်အဆုတ်က ပိုအလုပ် လုပ်လာရပြီ ထင်သည်။ ကျွန်တော့် နှလုံးအင်ဂျင်ကလည်း ပစ်စတင်တွေ ပိုသွက်လာသည်။ အော် လူဆိုတာ စက်တစ်မျိုး များလား။ ဟုတ်တာပေါ့။ ဘ၀က စက်ဆန်လျှင် လူ့ခန္ဓာဖွဲ့စည်းပုံက စက်ဘက် ပိုရောက် သွားမည် ထင်သည်။

စင်္ကြန်တံတားလမ်းမှာ လူတွေက ကိုယ်လိုပင် အရေးကြီးနေပါသည်။ တချို့ ပြေးများပင် ပြေးလိုက်သေး သည်။ သူတို့ ဘယ်ရထားကို အမီလိုက်မှာလဲ။ တစ်ဦးနှင့်တစ်ဦး ကျော်တက်ဖို့က အတော်ခက်ခဲသည်။ လမ်းက ကျဉ်းသလို ပင်ဖြစ်သွားသည်။ လမ်းက လူငါးယောက်တန်းစီသွားနိုင်လောက်အောင် ကျယ် ပါသည်။ သို့တိုင် လူတွေက တန်းစီချီတက်နေသည်တော့မဟုတ်။ ကိုယ်အစီအစဉ်နှင့်ကိုယ် သွားနေကြ ပါသည်။

ရထားဥသြသံကြားရသည်။ ဘယ်ရထားက အော်လိုက်တာလဲ။ ဆင်ခြေဖုံးသွား လှော်ကားရထားလား၊ သင်္ဃန်းကျွန်း ရထားလား၊ မြို့ပတ်လား၊ လူအချို့အပြေးကလေးလှမ်းသွားသည်။
ကျွန်တော် နည်းနည်းပြေးလိုက်ရင် ကောင်းမလား။ မဖြစ်သေးပါဘူးလေ။ ကျွန်တော့်အသက်က ၆၀ ထဲ ခြေလှမ်း ၀င်နေခဲ့ပြီ။ ကျွန်တော့် ကျန်းမာရေးက ပြေးဖို့ ခွင့်ပြုကောင်းပြုပေးမယ့် ဇနီးနှင့်သားတွေက ခွင့်မပြု တော့ပါ။ ရှင်နော် ... ကိုယ့်ကိုယ်ကို ကလေးထင်မနေနဲ့။ အဖေ့အသက်က မငယ်တော့ဘူးနော်တဲ့။ ရယ် တော့ရယ်ရသည်။ မိခင်စကားနားမထောင် တတ်ခဲ့သော ကျွန်တော်က မယားနှင့်သားတွေ စကား ကျတော့ သွားနားထောင်မိပြီ။ ဇရာ၊ ဇရာက လူတစ်ယောက်၏ မာန်တွေကို ကျဆင်းသွားစေတာလား။ သို့မဟုတ် အသိတရား၊ မြင့်မားလာတာလား ကျွန်တော် ယခုအချိန်မှာ ထိုအကြောင်းကိုတွေးဖို့ အချိန် မရပါ။ ရထားမီရေး။

ကျွန်တော် ကြူအင်ကြူလေး ကို အားမနာတမ်းကြည့်မိပြန်သည်။ ကြူအင်ကြူလေးက ကျွန်တော့်ကို ပြုံးပြပြီး (၁၆း၃၇)ကို ညွှန်ပြနေသည်။
မီပါတော့ မလား။ ပထမဆုံး ၆/၇ စင်္ကြန်သွား ကွန်ကိရိလှေခါးမှ အပြေးကလေး ဆင်းလိုက်သည်။ ကိုယ်လို ပြေးဆင်းနေသူတွေနှင့်အပြိုင် ကျဲသလိုဖြစ်နေပါသည်။ ဒါဟာ လူ့ဘ၀ဆိုတာလား။ အားလုံး ပြိုင်နေကြ ရသည်။ ငွေကြေးပြိုင်ရသည်။ ကုန်ပစ္စည်းပြိုင်ရသည်။ လက်နက်ပြိုင်ကြသည်။ သတင်းပြိုင် ရသည်။ နိုင်ငံရေးပြိုင်ရသည်။ နောက်ဆုံးအနုပညာပင် အပြိုင်ပြေးလမ်းထဲ။
ကွန်ကရိလှေခါးဆုံးတော့ ပလက်ဖောင်းအနောက်ဘက်မှာ ရထားတင်ပါးကို လှမ်းမြင်ရသည်။ ရထားနှင့် ကျွန်တော်မှာ ကိုက် (၁၀၀)နီးပါးလောက် ဝေးမလားပဲ။ လက်မှတ်ရုံက ရထားနှင် ကျွန်တော့်ကြားမှာ။ ရထားက ထွက်တော့မှာလား။ မီးတော့ မ၀ါသေး။ အနီရောင်ပဲ ရှိသေးသည်။ မီးဝါလျှင် ရထားထွက်သည်။ (အစိမ်းမဟုတ်) ကျွန်တော် ခပ်သုတ်သုတ်ပြေးလျှောက်။ လက်မှတ်ဝယ်ရဦးမည်။ အကြွေ။ အဲ တစ်ဆယ်ကျပ် တန် သို့မဟုတ် နှစ်ဆယ်ကျပ်တန်၊ လူအချို့ကိုယ့်ကို ကျော်ဖြတ်ရန် ပြေးသွားသည်။

လှမ်းကြည့်လိုက်တော့ မီးက ၀ါနေပြီ။ ပြဿနာပဲ။ ပြာမှိုင်းမှိုင်းရထားက မလှုပ်သေးဘူးထင်သည်။ အမျိုးသမီး တစ်ယောက် ဆွဲခြင်းတစ်ဖက်နှင့် ပြေးသည်။ ကုလားလေးနှစ်ယောက်ပြေးသည်။ ဂျင်းဘောင်းဘီ နှင့် ဂျိုင်းပြတ်စွပ်ကျယ်အနက် နှင့် လူလတ်ပိုင်းတစ်ယောက်ပြေးသည်။
ကျွန်တော် လက်မှတ်ရုံနားအရောက် ရထားလှုပ်သွားတာ တွေ့သည်။ လက်ထဲမှာ နှစ်ဆယ်ကျပ်တန် တစ်ရွက် ကိုင်ထားလျက်။ ရထားထွက်နေပြီ။ အချိန်မရတော့ဘူး။ ဦးနှောက်က စက်က အပုံတစ်သိန်းပုံ တစ်ပုံ အတွင်း တွက်ချက်သည်။ လက်မှတ်ဝယ်မလား။ မမီတော့ဘူး။ ဒါဆို နောက်ရထားစောင့်မလား။ နောက်ရထား က ဘယ်လောက်ကြာမယ် မသိနိုင်။ နာရီဝက်လား။ လေးဆယ့်ငါးမိနစ်လား။ မသိ။ ရထား က ရွေ့စပြုနေပြီ။ မီသေးတယ်နော်။ ပြေးလိုက်ရင် မီသေးတယ်။ လက်မှတ်လည်း မယူရသေးဘူး။ ယူမနေ နဲ့။ ရှေ့ဘူတာကျမှ ဆင်းဝယ်ရတာပဲ။

ပြေး ... ပြေးလေ။ မီချင်ရင် ပြေးလိုက်။ ဖြစ်ပါ့မလား။ အသက်က မငယ်တော့ဘူးနော်။ ဖြစ်ပါတယ်။ မနက်တိုင်း လမ်းလျှောက်နေတာပဲ။ ပြေး ... ပြေးလိုက်။ မလုပ်နဲ့ မီမှာ မဟုတ်ဘူး။ မီတယ်။ မီတယ် ပြေးလိုက်။ ငယ်ငယ်က အားကစားလုပ်ခဲ့တာ ဘယ်သွားထားမလဲ။ ရပ်ကွက် ဘောလုံးစီလိုက်ရှင် တစ်ယောက် တောင် ဖြစ်ခဲ့တာ။ ဌာနဆိုင်ရာ စီလိုက်ရှင်။ ဒါပေမယ့် အဲဒါက အဝေးမှာ ကျန်ခဲပြီလေ။ ခုက တစ်ခေါင်းလုံး ကြာဇံဖြစ်နေတဲ့ အနေအထား။

ကျွန်တော်နှင့် ရထားက ကိုက်(၃၀)လောက်ပဲ။ ရထားအမြီးနဲ့လေ။ ရှုပ်တယ်ကွာ ပြေး ပြေးမီတယ်။ ကျွန်တော် ပြေးလိုက်သည်။ ရထားက တစ်နာရီ ၅ မိုင်နှုန်းလောက်ပံ ရွေ့နေသေးသည်။ နောက် (၆)မိုင်နှုန်း။ နောက် (၇)မိုင်နှုန်း။ ကျွန်တော် ရထားကို ပြေးလိုက်သည်။ ကျွန်တော့်အလျင်က တစ်နာရီ (၁၅)မိုင် နှုန်း လောက် ရှိမလားပဲ။
နောက်ဆုံးတွဲ နောက်ဆုံးပေါက် မီလုမီခင်။ မရတော့ဘူးထင်တယ်။ ရတယ်မီတယ်။ နည်းနည်းအားစိုက် လိုက်လေ။ လုပ်ပါ။ ပြေးရပြီးမှ မမီရင် သွားပြီနော်။ ဒါလောက် ကြိုးစားလာပြီးမှ ဂီယာထပ်ပြောင်း၊ အားထပ် ထည့်။ ဟုတ်ပြီ လက်ကိုင်တန်း၊ လက်ကိုင်တန်းဘယ်မှာလဲ။ ရပြီ။ လက်ကိုင်တန်းကို လှမ်းဆွဲပြီး ခုန်တက် လိုက်သည်။ ရထားပေါ် ရောက်သွားသည်။

သည်တော့မှ ကိုယ့်ကိုယ်ကို ပြန်သတိရသွားသည်။ မောနေသလား။ သိပ်အရမ်းကြီးမဟုတ်။ နှလုံး အင်ဂျင်ရော ကောင်းသေးရဲ့လား။ အဆုပ်ကတော့ အတော် အလုပ်လုပ်ခဲ့ရပုံပေါ်သည်။ သို့တိုင် ပေါက်ကွဲသွား လောက်တဲ့ထိတော့ မရောက်ဘူးထင်ပါရဲ့။ သွေးခုန်နှုန်း ကတော့ မြန်နေလိမ့်မည်။
ရထား က လူအချောင်ကြီး မဟုတ်တောင် ကျပ်ခြင်းမရှိ။ ထိုင်ခုံနေရာလွတ်တွေတောင် ရှိသေးသည်။ ရထားတွဲ အလယ်မှ ဖြတ်လျှောက်ရင်း ငါ့ရဲ့သည်ပြေးလိုက်တဲ့ အဖြစ်ကို ဇနီးနှင့်သားများမြင်လျှင် ဘယ်လို ဖြစ်သွားကြမလဲ။ ထိတ်လန့်သွားကြမှာ အမှန်ပင်။ အတင်းတားမြစ်ကြမည်။ ကန့်ကွက်ကြမည်။ စိတ်ဆိုး ကြ မည်။
အမှန်စင်စစ် ယခုအခါ ထုင်ခုံတန်းလျားလွတ် တစ်နေရာမှာထိုင်ပြီး ငြိမ်သက်စွာ အနားယူ အမော ဖြေလိုက်ရ မည်။ အသက် (၆၀)လူတစ်ယောက် ကိုက် (၃၀၀)လောက်ကို တစ်နာရီ (၁၅)မိုင်နှုန်းလောက် ပြေးခဲ့တာ မဟုတ်လား။

သို့တိုင် အနားမယူနိုင်သေးပါ။ ရှေ့ဘူတာမှာဆင်းပြီး ရထားလက်မှတ်ဝယ်ရဦးမယ်လေ။ အဲသည်သောက ချက်ခြင်းဝင်လာသည်။
ရှေ့ဘူတာ ဘုရားလမ်းမှာ လက်မှတ်ရုံဘယ်နားလောက်ရှိမလဲ။ ရထားဆိုက်သည့်အခါ ရထားနောက်ဆုံး တွဲ နှင့်ဆို သိပ်ကွာဝေးလှမယ် မထင်ဘူးဟု တွက်မိသည်။ ယခု ကျွန်တော် စီးနင်းနေတာက နောက်ဆုံး တွဲ။ လက်မှတ်ရုံကို စိတ်ကူးနှင့် မှန်းပြီး နောက်ဆုံးတွဲအလယ်ပေါက်မှာ ရပ်စောင့်နေလိုက်သည်။
ရထားခုံတန်းလျားမှာ ထိုင်နေသော ခရီးသည်တချို့က ကျွန်တော့်ကို လှမ်းကြည့်ကြသည်။ ခေါင်းဖြူ အဖိုးကြီး ထိုင်ခုံမှာ အေးအေးထိုင်မနေပဲ ရထားအဆင်းအတက်ပေါက်မှာ ဘာကြောင့် ဂေါ်လီလုပ် နေရတာလဲ ဟု တွေးကောင်းတွေးကြပါမည်။ ကိုယ်ကတော့ ကိုယ့်အကြောင်းနှင့်ကိုယ်။

ဘုရားလမ်းဘူတာရထားဝင်တော့ လက်မှတ်ရုံကို ပြူးပြဲရှကြည့်သည်။ ခါတိုင်း ဗိုလ်ချုပ်အောင်ဆန်း ဈေးထောင့် ဘူတာအစွန် မှာ ရှိသည်။ ယခုမတွေ့။ ရထားရပ်တော့ ရှာဖွေကြည့်သည်။ လက်မှတ်ရုံ ပြောင်း ထားတာ ကျွန်တော်မသိ။ ရထားက စက္ကန့်အစိပ်သုံးဆယ်အတွင်း ပြန်ထွက်သည်။ လက်မှတ်ဝယ် လို့ မရတော့။ ရပါတယ်။ နောက်တစ်ဘူတာပေါ့။ လမ်းမတော်ဘူတာမှာဝယ်မယ်။
ကျွန်တော် အဆင်းအတက်ပေါက်မှာပဲ တစ်ပိဿာလောက်လေးမည့် လွယ်အိတ်ကြီး တကားကားနှင့် ဆက်တွယ် ရပ်နေမိသည်။
လမ်းမတော် ဘူတာရောက်တော့ လက်မှတ်ရုံမတွေ့ပြန်၊လက်မှတ်ရုံက ကုန်းပေါ်မှာလို့ဆိုသည်။ အတက် အဆင်း ရထားပေါက်ဝမျာ ကျွန်တော် ဆက်ပါသွားပြန်သည်။ နောက် တစ်ဘူတာ။ လက်မှတ်ရုံက တစ်ဖက် ပလက်ဖောင်းရောက်နေပြန်၏။ ရထားပေါ်ကဆင်း ရထားသံလမ်းကျော်ပြီး သွားဝယ်ဖို့က မလွယ်။ ရထားက ခုမှရပ်တယ်ဆိုရုံလေး ဘူတာမှာရပ်သည်။ သည်လိုနှင့် တစ်ဘူတာပြီးတစ်ဘူတာ လက်မှတ် ၀ယ်ဖို့ စောင့်ဆိုင်းကြိုးစားရင်း ဆက်ပါသွားနေ၏။

ဘူတာတစ်ခုကျော်သည်နှင့် သောကမီးက ရင်ဘတ်ထဲမှာ ပူသည်ထက်ပူလာသည်။ စိတ်အတွေးက ခုနေများ လက်မှတ်စစ်တွေ တက်လာလို့ကတော့ သောက်ရှက်ကွဲပြီ။ ဒဏ်ရိုက်တာက ပြဿနာမဟုတ်။ ဂုဏ် သိက္ခာ။ စာရေးဆရာ၊ အယ်ဒီတာတစ်ယောက် ဥပဒေချိုးဖောက်ပြီး ရထားခိုးစီးတယ်ဆိုတာ လူကြားလို့ မှ မလျော်ကန်ပါ။ လူထုကို အသိဥာဏ်တွေ၊ စည်းကမ်းကျင့်ဝတ်တွေ ကောင်းမွန်ဖို့ ဖြန့်ဝေ ပေးနေသူ တစ်ဦးက ဘာမှမများလှတဲ့ ငွေနှစ်ဆယ်လေးကို ခိုးတယ်ဆိုတာ ယုံကြည်နိုင်စရာပင် ရှိမည် မဟုတ်။

အမှန်တကယ် က ကျွန်တော် ရထားလက်မှတ်မယူပဲ ခိုးစီးဖို့ ရည်ရွယ်ရင်း မရှိခဲ့တာ သေချာပါသည်။ သို့တိုင် မပြေးသော် ကန်ရာရှိ အခြေအနေက ထိုသို့တွန်းပို့သလို ဖြစ်သွားသည်။ သို့သော် ...
ရှေ့တွင် ပန်းလှိုင်ဘူတာဝင်တော့မည်။ လက်မှတ်ရုံဘယ်နားမှာ ရှိမလဲ။ ကွမ်းယာ ဆေးလိပ် ရောင်းသော ရထားဈေးသည်လူငယ်က ကျွန်တော့်ဘေး အပေါက်ဝလာရပ်သည်။ သူက ကျွန်တော့်ကို ကြည့်ကာ ...
" အဘ ခုံတွေ လွတ်နေတယ်လေ။ သွားထိုင်ပါလား "
" ငါကွာ၊ လက်မှတ်ဆင်းဝယ်မလို့ "
" ဟာ အဘကလည်း လက်မှတ်ရုံ က ကုန်းပေါ်မှာ ဒီလိုလုပ် ... ဆင်းဆယ့်သူတစ်ယောက်လောက်ဆီက လက်မှတ် တောင်းထားလိုက်ပေါ့ .... "
" အော် ... အင်း "
ဟုတ်ပေသားပဲ။ ဟိုယခင် ရထားစီစဉ်က ဘူတာအဆင်းတွင် သည်လိုလက်မှတ်မပါ၍ တောင်းသူအချို့ကို ကျွန်တော် ပေးခဲ့ဖူးသည်။ ယခု ကျွန်တော်တောင်းရမှာလား၊ ဂုဏ်သိက္ခာ၊ မာနတို့ကို ချရောင်း ရတော့ မှာပါလား။ သို့တိုင် ရထားဈေးသည်လေးကပဲ "အစ်မ ဆင်းမှာလား ... ဒီ အဘလက်မှတ် မ၀ယ်ခဲ့ရ လို့ လက်မှတ် ပေးခဲ့ပါလား"ဟု လျာသွက်အာသွက် ကျွန်တော့် ကိုယ်စား မိန်းကလေးတစ်ယောက်ထံမှ လက်မှတ် တောင်းပေးသည်။ ကျွန်တော့် မျက်နှာတစ်ပြင်လုံး၊ ရေနွေးနှင့် ပက်လိုက်သလို ပူကြွ သွား ပါသည်။

" ရတယ် ... ရတယ် ကကျွန်တော်ဆင်းတော့မှာ ရော့ရော့ "
ကျွန်တော် ရှက်ရွံ့အားနာ။ တစ်ခါတစ်ရံ ကိုယ်မသွားချင်သော အရပ်ပေမယ့် အခြေအနေက တွန်းပို့တာ ကို ခံရတတ်ပါလား ဟု ကျွန်တော် နားလည်သွားသည်။

၂၀၀၉၊ ဇူလိုင်၊
မြန်မာ့ဓနမဂ္ဂဇင်း။
.

1 comment:

Thu said...

I see Saya Mg Tin Sint's honesty and thin skin, same time remember to writer Ernest Hemingway's "Neglect to undesired things".